* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, December 11, 2010

ဗုဒ္ဓဘာသာအပေါ် ထင်မြင်ချက်

တလောက စာအုပ်တစ်အုပ်ဖတ်မိရာ ထိုစာအုပ်တွင် ဗုဒ္ဓဘာသာနှင့်စပ်သည် ဝေဖန်မှု တော်တော်များများကို တွေ့ရပါသည်။ ဝေဖန်ကြသူများက ဘာသာအယူကွဲပြားသူများ ဖြစ်ကြပါသည်။ ဝေဖန်ခံနိုင်သော ဘာသာဖြစ်သဖြင့် ဝေဖန်ချက်ဟူသမျှကို ပြန်လည်ချေပစရာ များရှိသည်သာ ဖြစ်ပါသည်။ တစ်ချို့ ဝေဖန်ချက်များကိုမူ ချေပစရာ မလိုပါ။ တစ်ချို့က မိမိကို တိုက်ရိုက် မေးလာသည် များလည်းရှိပါသည်။ မှန်သည်ကို မှန်သည့်အတိုင်း လက်ခံပြီး မမှန်သည်ကို တရားနည်း လမ်းအတိုင်း ဖြေရှင်းပြရပါမည်။ တစ်ချို့က ဗုဒ္ဓဘာသာ၏ မေတ္တာဝါဒသည် ခရစ်တော်၏ မေတ္တာဝါဒနှင့် တူနေသည် ဟုလည်း ပြောကြပါသည်။ သူတို့ဆိုလိုသည်မှာ ဗုဒ္ဓဘာသာက သူတို့ထံမှ ခိုးယူသလိုမျိုး ယူဆကြပုံ ပေါ်နေပါသည်။ မေတ္တာချင်းသာ တူနေပါက ၀မ်းသာစရာသတင်း ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ တရားတော်သည် လောကချမ်းသာရေးအတွက် ပေါ်ပေါက်လာသည် ဖြစ်ပေရာ ခရစ်တော်၏ မေတ္တာ ၀ါဒနှင့်သာ ထပ်တူညီပါစေ ၀မ်းသာနေမည်သာ ဖြစ်ပါသည်။ မေတ္တာဝါဒသည် လူသားအားလုံး၏ အကျိုးစီးပွါး ဖြစ်သောကြောင့် သမိုင်းကြောင်းအရ အငြင်းပွါးစရာ မရှိပါပေ။ ဗုဒ္ဓ၀ါဒသည် ခရစ်တော် ထက် နှစ်များစွာ စောပြီးပေါ်ပေါက်လာခဲ့သည်ကိုလည်း သိကြသူ များပါသည်။ မေတ္တာဝါဒသည် မြတ်စွာဘုရားရှင်က တီထွင်ထားသော ၀ါဒလည်း မဟုတ်ချေ။ ရှိပြီးသား မေတ္တာဝါဒကို မြတ်စွာဘုရား ရှင်က ပြန်လည်ဟောပြောခဲ့ခြင်းသာ ဖြစ်ပါသည်။ ဘုရားအလောင်း ဘ၀တွင်လည်း မေတ္တာပါရမီကို ဖြည့်ဆည်းခဲ့ပေရာ ဘုရားအလောင်းသည် ကမ္ဘာတိုင်းတွင် ရှိနေပေသည်။

စာရေးသူ အိန္ဒိယတွင် နေခဲ့စဉ်က ကျောင်းက စီစဉ်ပေးခဲ့သော ခရီးတစ်ခုကို ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူသွားခဲ့ရာ အများအားဖြင့် ဟိန္ဒူဘာသာကိုးကွယ်ကြသူများ ဖြစ်ကြသော်လည်း ထိုအထဲတွင် အစ္စလာမ်ဘာသာဝင် ကျောင်းသူတစ်ဦးက ဗုဒ္ဓဘာသာသည် ရုပ်ထုကိုးကွယ်သော ဘာသာလားဟု မေးမြန်းခဲ့ဖူးပါသည်။ ထိုကျောင်းသူကိုမူ ပြည့်ပြည့်စုံစုံ မဖြေပြ နိုင်ခဲ့ပါ။ ဗုဒ္ဓဘာသာ ရိုးရာအယူအဆအရ စေတီပုထိုးများ၊ ဓာတ်တော်များကို ကိုးကွယ်ကြသည်မှာ အပြစ်မရှိသည့်ပြင် ကောင်းသော အကျိုးကိုလည်း ဆောင်ပါသည်။ ဘုရားအလိုတော်အရ အတိ အကျကို ဆိုရပါမူ လက်တွေ့ ကျင့်ကြံမှုသည်သာ လိုရင်းဖြစ်ပေသည်။ စေတီပုထိုးများကို ကိုးကွယ်မှု၊ ဓာတ်တ်ာကိုးကွယ်မှု များသည်လည်း ကုသိုလ်စိတ် ဖြစ်ပေါ်ရေးအတွက် အလွန်အရေးကြီးလှပါသည်။ ထိုမှတစ်ဆင့် တက်ရန် ကြံသေးသည်ကိုမူ နားလည်ထား ကြရပါမည်။ လမ်းဆုံးခရီးသို့ မသွား နိုင်ကြသေးသူများ၊ သွားရန် အတွက်စိတ် မပါကြသေးသူများ၊ မသွားချင်သေးသူများ၊ သွားရကောင်း မှန်း မသိသေးသူများ အတွက်မူ စေတီပုထိုးစသည် ကိုးကွယ်မှုသည် အမှန်ပင်လိုအပ်နေပါသေး သည်။ သစ်မရခင် ၀ါးကူဆိုသည့် သဘောပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်၏ ၀ါဒသည် အလယ်အလတ် လမ်းစဉ်တစ်ခု ဖြစ်ပေရာ ရုပ်ထုကို မကိုးကွယ်ရဟုလည်း အပြတ်မငြင်းပေ၊ ရုပ်ထုတွင်သာ လမ်းဆုံးဟု ထင်မှတ်နေသူများအတွက် လက်တွေ့ ကျင့်ကြံရေးသည် အဓိက နေရာတွင် ရှိနေသည်ကိုလည်း ဟောဖေါ် ညွှန်ပြထားပါသည်။ စေတီတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လူမှုရေး ဆောင်ရွက်ခြင်း၊ ဆေးရုံဆေးခန်း တည်ဆောက်ခြင်း၊ လောကီစာ သင်ပြပေးခြင်း စသည်တို့ကို ဗုဒ္ဓ၀ါဒ၏ အကာမဖက် အနှစ်သက်သက်ကို သဘောကျသော ၀ိပဿနာ တရားကို အားထုတ်သူနှင့် စာသင်တိုက် တည်ထောင်သူ ရဟန်းတော် အချိုတို့က သဘောမကျ တတ်ကြပေ။ ထိုအလုပ်များသည်လည်း ဗုဒ္ဓဘာသာ အရှည် တည်တံ့ရေးအတွက် အထောက်အကူ ကောင်းများ ဖြစ်သည်၊ မဖြစ်သည်ကို သေချာစွာ သုတေသန ပြုသင့်ပါသည်။ စာရေးသူ၏ ဆန္ဒအရမူ ဗုဒ္ဓမြတ်စွာ သာသနာသည် ဥယျာဉ်ကြီးတစ်ခုနှင့် အလားတူနေသဖြင့် ကောင်းသော အလုပ်များဖြစ်ပါမူ ဆန့်ကျင်မှုကို မပြုလိုပါ။ ဗုဒ္ဓသည် လူသားများ၏ ကောင်းကျိုး အတွက် ပေါ်လာခဲ့သည် ဖြစ်သော်လည်း လူသား အားလုံးကို နိဗ္ဗာန်ပို့ပေးနိုင်ခဲ့သည် မဟုတ်ပေ။ ပါရမီ ပြည့်ဝသူ၊ ဓာတ်ခံကောင်းရှိသူများသာ ကျွတ်တမ်းဝင်ခဲ့ကြပါသည်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာ အကျိုးအတွက် သည်ပိုး ဆောင်ရွက်ခဲ့သည်သာ ဖြစ်ပါသည်။ နိဗ္ဗာန် အဆင့်သည် အမြင့်ဆုံးဖြစ်ပေရာ အမြင့်ဆုံးသို့ မရောက်သေးမှီ ကျန်သော အဆင့်များအတွက်လည်း ဗုဒ္ဓ၏ ဆုံးမချက်များ ရှိရမည်သာ ဖြစ်ပေသည်။ အစ အလယ် အဆုံး ကောင်းခြင်း သုံးဖြာနှင့် ပြည့်စုံသော ဗုဒ္ဓတရားတော်ဟု ဆိုထားရာ အလွှာပေါင်းစုံအတွက် အကျိုးရှိစေရပါမည်။

တစ်ချို့က ဗုဒ္ဓ၀ါဒသည် ဟိန္ဒူဝါဒနှင့် တူနေသည်ဟုလည်း ဆိုကြပါသေးသည်။ အိန္ဒိယနိုင်ငံမှ ပေါ်ထွက်လာခဲ့သော ဗုဒ္ဓ၀ါဒတစ်ခု ဖြစ်ပေရာ တစ်ချို့အပိုင်းတွင် ဟိန္ဒူဝါဒ အခိုးအငွေ့များ မကင်း ရှိတတ်မည်မှာ သေချာပါသည်။ သို့သော် အနှစ်သာရကမူ ပြဒါးတစ်လမ်း သံတလမ်းဖြစ်သည်ကိုမူ လုံးဝ သိထားကြရပေမည်။ ဟိန္ဒူဝါဒသည် အမြဲတည်သည့် နိစ္စ၀ါဒ၊ သဿတ၀ါဒ၊ အတ္တ၀ါဒ ဗုဒ္ဓ၀ါဒသည် အစဉ်သဖြင့် ဖြစ်တည်ပျက်ဝါဒ၊ အနတ္တ၀ါဒ ဖြစ်သည်ကို သိထားကြ ရပေမည်။ ဥပမာ ရွှေတိဂုံစသည့် အထင်ကရနေရာတွင် တနင်္ဂနွေဂြိုဟ်စသည့် ဘာသာရေး သင်္ကေတများသည် ဟိန္ဒူ အရိပ် အငွေ့များ ဖြစ်ပါသည်။ သို့သော်လည်း ဗုဒ္ဓ၀ါဒီများက အသွင်သဏ္ဍန်ကိုသာယူထားပြီး အနှစ်သာရ ပိုင်းကို ပြောင်းလဲ ပစ်ကြပါသည်။ ဘုရားစောင်းတန်းတိုင်းတွင်ရှိနေသည့် ဗေဒင်ဆရာများ သည်လည်း ဟိန္ဒူဝါဒ၏ ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ သို့သော် မြန်မာတို့က ယတြာချေ သောအခါ ဗုဒ္ဓဘာသာအယူ ဖြစ်သွားစေရန် ဖန်တီးတတ်ကြပါသည်။ တစ်ချို့ရဟန်းတော်များက ဗေဒင်ကို ယုံကြည်သဖြင့် လှူဒါန်းသော အလှူသည် မစစ်မှန်ဟု ဟောပြောတတ်ကြပါသည်။ မြတ်စွာ ဘုရားရှင်က အလှူဒါန အမျိုးအစားပေါင်း (၂၀၀) ကျော်ကို ဟောပြထားပေရာ တစ်မျိုးမျိုးတွင် အကျုံးဝင်သွားမည်မှာ သေချာပါသည်။ မစစ်မှန်ဟု ဆိုခြင်းမှာ နိဗ္ဗာန်ကို တိုက်ရိုက် ရောက်စေ တတ်သည် မဟုတ်ဟု ဆိုလိုသည်လား၊ ကုသိုလ် လုံးဝမရဟု ပြောလိုသည်လား မသဲကွဲပါ။ ဗေဒင်အရ ပြုလုပ်သော ဒါနသည် အကျိုးမကြီးသော ဒါနကုသိုလ် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အကျိုးမဲ့ ဒါနတစ်ခု မဟုတ်သည်ကိုလည်း သိစေလိုပါသည်။ မြန်မာအများစုသည် လူများ သေဆုံးပြီးနောက် ခုနှစ်ရက် အတွင်း မိမိတို့၏ အိမ်နားမှမခွါပဲ ရှိနေတတ်ကြသည်ဟု ယုံကြည်ကြ သူမှာ အများစု ဖြစ်ပါသည်။ သို့အတွက် ခုနှစ်ရက်မြောက်နေ့တွင် ရက်လည်ဆွမ်းကို ကျွေးတတ် ကြပါသည်။ ထိုအယူအဆသည် ဗုဒ္ဓ၏ အယူအဆ မဟုတ်သည်ကို သိကြသူ ရှားပါသည်၊ တစ်ချို့က သိပါသော်လည်း အစဉ်အလာကြီးကို ဖျက်ဆီးပစ်ရန်မှာမူ လွယ်ကူသောအလုပ် မဟုတ်ပေ။ လူတစ်ဦး သည် သေဆုံးပြီးပါက နောက်ဘ၀တစ်ခုသို့ ချက်ချင်း ကူးပြောင်းသွားသည်ကို အဘိဓမ္မာ မသိသူ များက နားလည်ရန် ခက်ပေသည်။ ထို့ကြောင့် လွယ်ကူသော ဟိန္ဒူအစဉ်အလာကို လက်ခံလျက် မြန်မာလူမျိုးတို့က ကျင့်သုံးနေကြပါသည်။ ဆွမ်းသွပ်သည့် ကိစ္စမှာ ဆောင်ရွက်ထိုက်သည့်ကိစ္စ ဖြစ်သော်လည်း မဖြစ်မနေ ကိစ္စတစ်ခု မဟုတ်သည်ကိုမူ ရှင်းရှင်းလင်းလင်း သိထားရပါမည်။ မဖြစ် မနေ ကိစ္စတစ်ခုဟု ယူဆသူများသည် အစဉ်အလာ သမားများ ဖြစ်ကြပြီး လိုအပ်ပါက ကျင့်သုံးမည်ဟု ယူဆပါက ဗုဒ္ဓ၀ါဒီသမားများ ဖြစ်ပါသည်။ နှစ်ဦးစလုံးတို့၏ ယုံကြည် ဆောင်ရွက်ချက်များသည် အကျိုးမဲ့အနေဖြင့် မဖြစ်ကြပါ။ သေဆုံးပြီးနောက် ၀ိဥာဉ်သည် အိမ်နီးနားတွင် ခုနှစ်ရက် ပတ်လုံးတည် နေသည်ဟု ယူဆနေကြသည် မှာလည်း မဟုတ်မှန်သော အယူအဆပင်ဖြစ် ပါသည်။ လူတို့၏ အစွဲ အလမ်းမျှသာ ဖြစ်ပါသည်။

တဖန် နတ်ကိုးကွယ်မှုအပိုင်းကို ကြည့်ကြပါဦး၊ မြန်မာနိုင်ငံတွင် နတ်ကိုးကွယ်မှုသည် တားဆီးမရ နိုင်လောက်အောင်ပင် များလှပါသည်။ သံဃာတော်များကလည်း အခွင့်ရလျှင်ရသလို နတ်ကိုးကွယ်မှု မပြုကြရန် ဟောပြောပြတတ်ပါသည်။ သို့သော် အရှိန်အဟုန်ကား ကောင်းဆဲ ဖြစ်ပါ သည်။ နတ်ကို ပုံစံအမျိုးမျိုးဖြင့် ကိုးကွယ်တတ်ကြပါသည်။ တစ်ချို့က ကြောက်သဖြင့် ကိုးကွယ်ကြပြီး စီးပွါးရေးကောင်းစေရန် တစ်ချို့က ရည်ရွယ်ကြပါသည်။ ဤသည်မှာလည်း ဟိန္ဒူဝါဒ၏ လွှမ်းမိုးမှု ပြယုဂ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ထေရ၀ါဒ ရောက်လာသည်မှာ သမိုင်းအရ အလွန်ရှေးကျ သည်ဟု မဆိုသာပါချေ။ နတ်ကိုးကွယ်မှုသည်ကား ထေရ၀ါဒထက် စောနေသည်မှာ သေချာပါသည်။ မြတ်စွာဘုရားရှင်၏ တရားတော်များတွင်လည်း နတ်ဒေ၀တာ အမျိုးမျိုးကို အထက်နတ်၊ အောက်နတ် စသဖြင့် ဖေါ်ပြထားရာ နတ်အယူအဆနှင့် ပတ်သက်ပြီး မြန်မာတို့က စွဲနေသည်ကို ပယ်မြစ်ရန်မှာ ခက်လှပါသည်။ ထိုနတ်အယူအဆများမှ တစ်ဆင့် ယနေ့ခေတ် ကိုးကွယ်နေကြသော နတ်များကို ပုံဖေါ်ယူပြီး ကိုးကွယ်နေကြခြင်း ဖြစ်ပါသည်။ သို့အတွက် နတ်ကိုးကွယ်မှုကို ပပျောက်သွားရန် မဖြစ်နိုင်ပေ။ တစ်ခြားသော အာရှတိုက်ရှိ နိုင်ငံများတွင်လည်း နတ်ကိုးကွယ်မှုများ ရှိနေသည်ကို တွေ့ရပါသည်။ စာရေးသူငယ်စဉ်က မိခင်ကြီးသည် စိုက်ပျိုးထားသော လယ်စပါးများအတွက် ကွမ်းရွက်နှင့် ထန်းလျက်၊ ထမင်းဖြူ တို့ကို လယ်စောင့်နတ်ကို နှစ်စဉ်မပျက် တင်သည်ကို မှတ်မိ နေပါသည်။ သို့သော် စာရေးသူတို့၏ အိမ်တွင်မူ မည်သည့်နတ်ကိုမှ ပူဇော်ခြင်း မပြုပါ။ ဗုဒ္ဓရှင်တော်ကလည်း ရိုးရာဓလေ့ထုံးတမ်းများကို အပြစ်မဖြစ်ပါက မပြစ်ပယ်သင့်ကြောင်း ဟောကြား တော်မူထားပါသည်။ လိစ္ဆ၀ီမင်းသားတို့၏ ကြီးပွါးကြောင်း ခုနှစ်ချက်တွင် တစ်ချက် ပါဝင်ပါသည်။ အစွန်းရောက်သည့် ပုံစံဖြင့် မြန်မာပြည်သူတို့ နတ်ကိုးကွယ်မှုကို ပြုလုပ်နေကြသည်မှာဖြင့် ရင်လေး စရာ ကောင်းလှပါသည်။ တန်ခိုးနည်းသည့် နတ်များက မကယ်မနိုင်သည့်ပြင် ဒုက္ခကိုပင် ပေးတတ်ကြောင်း သိထားသင့်ပါသည်။ ဒုက္ခမရချင်ပါက မိမိတို့၏ ကုသိုလ်ကို သူတို့အား အမျှဝေပေး သင့်ပါသည်။ သူတို့ကိုယ်တိုင်ပင် တန်းခိုးနည်းသည့် နတ်များဖြစ်နေသဖြင့် မိမိတို့အား တစ်စုံတစ်ခုမျှ ပေးလိမ့်မည် မဟုတ်ကြောင်း မှတ်ထားကြစေလိုပါသည်။ တန်ခိုးကြီးသည့် နတ်များကမူ စောင့်ရှောက် ပေးပါလိမ့်မည်၊ သူတို့ကိုလည်း အမျှဝေပေးရပါမည်။

ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာသည် အခြားဘာသာများနှင့် နိုင်းစာလျှင် အင်အား မကောင်း လှတော့ပါ။ အင်အားနည်းသည့် အနေအထားတွင် ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရယာန စသည်ဖြင့် မတူကွဲပြားနေကြပါသည်၊ ထိုအကွဲအပြားကို ညှိနိုင်းပါကလည်း ညီညွတ်စရာ အကြောင်းမရှိပေ။ ယခုမှကွဲသော အကွဲမဟုတ်သည့်ပြင် တစ်ချို့ကွဲပြားချက်များကလည်း ထင်သာမြင်သာ လောက် အောင်ပင် ကွဲပြားမှုရှိနေရကား သည်အတိုင်းသာ ထားကြစေလိုပါသည်။ မြန်မာနိုင်ငံတွင် အားလုံးတူညီစွာ ကျင့်သုံးလျက်ပင် ဂိုဏ်းကြီး ကိုးဂိုဏ်းပေါင်း မရနိုင်သေးပေ။ သီရိလင်္ကာတွင်လည်း သုံးဂိုဏ်း ကွဲလျက်ပင် ရှိကြပါသည်။ တူညီသည့်ဂိုဏ်းများပင် တစ်စုတစ်စည်းဖြစ်ရန် အလှန်းကွာ နေသေးသည်ဟု ဆိုပါလျင် မဟာယာနနှင့် ထေရ၀ါဒတို့သည် အဘယ်မှာ ဆိုဖွယ်ရှိတော့ အံ့နည်း။ သို့သော် ဘယ်သူကမှန်သည် မှားသည်ကို ပြောဆိုနေပါလျှင် ဂျာအေး သူ့အမေရိုက်သာ ဖြစ်ချေမည်။ ဘယ်သူမှလည်း လက်ခံကြမည် မဟုတ်ပေ။ အဓိကပေတံဖြစ်သည့် မဂ္ဂင်ရှစ်ပါး နှစ်ဝါဒလုံးတွင်ရှိ နေသည်ဖြစ်ရာ သမဏော နတ္ထိ ဗာဟိရေ အရ ဗာဟိရမဟုတ်သည်ဟု ဆိုရပေမည်။ မဂ္ဂင်ကျင့်စဉ်မရှိ က ကိလေသာငြိမ်းကြောင်း အကျင့်မရှိဟု ဆိုလိုပါသည်။ ယခုမူ ကိလေသာငြိမ်းကြောင်းအကျင့်သည် နှစ်ဂိုဏ်းစလုံးတွင် ရှိနေပါသည်။ ကျင့်သည် မကျင့်သည်က အပိုင်းတစ်ပိုင်း ဖြစ်ပါသည်။ ဗုဒ္ဓအပေါ်ကြည်ညိုယုံကြည်မှုသည် နှစ်ဂိုဏ်းစလုံး အတူတူပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၏ အမွေအနှစ်များကို ထိန်းသိမ်းမှုတွင်လည်း တူညီသည့် စံနုန်းများ ရှိကြပါသည်။ သို့အတွက်ကြောင့်ပင် ဗုဒ္ဓဘာသာကွဲပြားမှုအပေါ် သူတစ်ပါးက မေးလာပါက သင့်တော်အောင် ဖြေတတ်ရန်လည်း လိုပါသည်။ တစ်ဖန် သက်သတ်လွတ်နှင့် ပတ်သက်၍လည်း ထေရ၀ါဒ၊မဟာယာန အထူးအထွေ ကွဲပြားမှု မရှိလှပါ၊ ကြုံသလိုပင် ဘုဉ်းပေးကြပြီး ထေရ၀ါဒတွင်လည်း သက်သတ်လွတ်ကျင့်သုံးသူ မရှားလှပါပေ။ အဆင်ပြေသလို ကျင့်သုံးနိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည်ကို သိထားရပါမည်။ တရားသေ၀ါဒ မှတ်သူများသည် အမှန်တရားကို သေသေချာချာ မလေ့လာမိသဖြင့် ကွဲပြားသည်ဟုထင်နေကြသူများဖြစ်ပါသည်။

ဗုဒ္ဓဘာသာအပေါ် ဝေဖန်ကြသူများရှိနေကြပါသော်လည်း ကျင့်စဉ်အပိုင်းတွင်မူ ဟာကွက် မရှိပါ။ ရိုးရာကျင့်သုံးမှုများတွင်မူ အကွဲအပြားများရှိလေသဖြင့် ထောက်ပြနိုင်ပါသည်။ သို့သော် ရိုးရာများသည် ကျင့်စဉ်ပေါ်တွင် ထိခိုက်မှု မရှိလေသဖြင့် စိတ်ဝင်စားစရာပင် ကောင်းလှပါသည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓဘာသာဝင်များသည် ဘာသာအယူဝါဒအပေါ်တွင် စိတ်ဝင်စားစွာ ရှိသင့် ပါကြောင်း ရေးသားရပါသည်။

စာရေးသူ၏အာဘော်

ဘာသာရေးအပေါ် အမှုမဲ့ အမှတ်မဲ့ မဖြစ်စေလိုဘဲ သတိပြု စေလိုပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP