လင်္ကာမြေမှာတစ်နှစ်တာ (အပိုင်း ၃)
![]() | ![]() | ![]() |
Wednesday, 22 December 2010 10:00 |
လေယာဉ်မှဆင်းလျှင် လူဝင်မှုကြီးကြပ်ရေးဌာနသို့ဝင်ရ၏။ လူဝင်မှုကြီးကြပ်ရေးဟုဆိုသော်လည်း လူအများတန်းစီ စစ်ဆေးခံရသောနေရာမှ ဝင်ရောက်ရသည်ကားမဟုတ်ခဲ့ပါ။ ရဟန်းတော်များကို စစ်ဆေးရာနေရာသီးသန့် ရှိနေပြီး ဝန်ထမ်းတစ်ယောက်ကပင် ထိုနေသို့ ပို့ဆောင်ပေးပါသည်။ အရာရှိစားပွဲပေါ်တွင် စိုက်ထူထားသော သာသနာ့အလံငယ်ကလေးကို အမှတ်မထင် လှမ်းမြင်လိုက်ရသောအခါ အိပ်ချင်စိတ်တို့ပြေပျောက်၍ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော ဝမ်းမြောက်ခြင်းကြီးတစ်မျိုးကို ခံစားလိုက်ရပါသည်။ အလံငယ်ကလေးသည် "တပည့်တော်တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံတော်ပါဘုရား၊ အရှင်ဘုရားတို့ ကြွလာခြင်းသည် ကောင်းသော လာရောက်ခြင်းပါဘုရား၊ သီရိလင်္ကာနိုင်ငံသားများကိုယ်စား တပည့်တော်ကပင် ခရီးဦးကြိုဆိုပါသည်ဘုရား"ဟု လျှောက်ထားနေသယောင် ရှိလေသည်။
မှန်ပါ၏။ သာသနာ့အလံတော်သည် ဗုဒ္ဓသာသနာတော်ကိုကိုယ်စားပြုသော အထိမ်းအမှတ်ကြီးတစ်ခုဖြစ်၏။ ရောင်ခြည်တော် ခြောက်သွယ်ကိုဖော်ညွှန်းထားသည့် အဆိုပါသာသနာအလံတော်ကို သီရိလင်္ကာနိုင်ငံ၌ပင် တီထွင်နိုင်ခဲ့ကြပြီး (၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားကြီးတွင် စတင်လွှင့်ထူ နိုင်ခဲ့ကြလေသည်။ အလံတော်ကို ကနဦး တီထွင်ခဲ့သူမှာ စီ ပီ ဂုဏ၀ဍ္ဎန (ခေါ်) ကာရိုလစ် ပူဂျိသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အနည်းငယ်ရှည်လျားနေသောအလံတော်ကို အချိုးအစားကျနအောင် အကြံပေးခဲ့သူမှာ အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး ဟင်နရီ စတီးလ် အော်လ်ကော့ ( Henry Steele Olcott ) ဖြစ်ကြောင်း မှတ်သားရပါသည်။ (အကျယ်တဝင့်သိလိုပါက ဤနေရာကိုကလစ်၍ ဖတ်ရှုနိုင်ကြပါသည်)။
(ကိုလံဘိုလေဆိပ်၌ ကျောသပ်ရင်သပ် လုပ်နေကြသူအချို့) အရာရှိသည် လေယာဉ်ပေါ်မှပင် အသင့်ဖြည့်သွင်းလာခဲ့ရသော အချက်အလက်စာရွက်ကလေး (White Card)နှင့် နီရဲရဲ မြန်မာပတ်စပို့ကို ကြည့်ရှုစစ်ဆေးပြီးလျှင် ဖော်ရွေသောအပြုံးဖြင့် အဝင်တံဆိပ်တုံး ထုပေးလိုက်လေသည်။ ပစ္စည်းရွေးရာဌာန၌ အိတ်များကိုရွေးယူပြီးထွက်လာခဲ့ရာ ဧည့်ခန်းမကြီးသို့ရောက်လျှင် သူငယ်ချင်းဖြစ်သူအား လာကြိုနှင့်နေသော ဦးဝဏ္ဏသာမိ၏ ပီသကြည်မြသောအပြုံးကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်လိုက်ရ လေတော့သည်။ အခြားအခြားသော ခင်ရာမင်ရာ လာကြိုနှင့်နေကြသူတို့နှင့် ခရီးဝေးကွာတစ်နေရာမှ ရောက်ရောက်လာကြသူတို့၏ ကြည်နူးမှုပုံရိပ် အမျိုးမျိုးတို့သည်လည်း လေဆိပ်ခန်းမဆောင်အနှံ့ ကြဲပြန့်လျှက်ရှိလေသည်။ လက်ဆွဲနှုတ်ဆက်ခြင်းမျိုးတစ်ဖုံ၊ ပွေ့ဖက်နမ်းရှုပ်ခြင်းမျိုးတစ်ရပ်၊ ကျောသပ်ရင်သပ် လုပ်ကြ၍လည်းတစ်နည်း မငြီးငွေ့နိုင်လောက်အောင်ပင် ရှိနေကြလေသည်။
လေဆိပ်ခန်းမဆောင်မှ အပြင်သို့ထွက်လိုက်ကြသောအခါတွင်ကား ကွမ်းယာအသင့်ဖြင့် စောင့်ကြိုလင့်နေသော မိတ်ဆွေကြီး ဦးဣန္ဒက၊ "ဟာမူးသရူး"ဟူ၍အားပါးတရ လှမ်းနှုတ်ဆက်လိုက်သော စပွန်ဆာဆရာ ဦးဣန္ဒာစာရ၊ ဦးပညိန္ဒြိယ၊ ဦးဓမ္မသာရ၊ ဦးသုမန စသော မိတ်ဆွေများကို တွေ့မြင်လိုက်ရသောအခါ လွန်စွာပင် အားတက် ပျော်ရွှင်မိလေတော့၏။ (သီရိလင်္ကာတွင် ရဟန်းတော်များကို "ဟာမူးသရူး"ဟူ၍လည်းကောင်း၊ "ဆာဓု"ဟူ၍ လည်းကောင်းခေါ်လေ့ရှိကြပါသည်။
မှန်၏။ ရပ်ဝေးမြေခြား ခရီးသွားလာကြရသူများအဖို့ရာမှာ နွေးထွေးစွာ ကြိုဆိုလင့်သော လှမ်းလက်တစ်စုံ၊ အားပေးမှုပေါင်းစုံ ထုံမွှမ်းထားသော အပြုံးပန်းတစ်ပွင့်တို့၏ တန်ဖိုးသည် ကန္တာရခရီးတွင် တွေ့မြင်လိုက်ရသော ရေကြည်အိုင်ပမာ ရှိချေတော့သည်တည်း။ စာရှုသူတို့သည်လည်း တစ်ကြိမ်တစ်ခါ မျှပင်ဖြစ်စေ ထိုကဲ့သို့ပျော်ရွှင်ဖူးကြ၊ အတိုင်းထက်အလွန်ဝမ်းမြောက်ဖူးကြလိမ့်ဟု ထင်မှတ်ပါ၏။
(မကုဋာရာမမြန်မာကျောင်း၊ ကိုလံဘို) (ဓာတ်ပုံများကို မကုဋာရာမမြန်မာကျောင်း ဝက်ဆိုဒ်မှ ယူပါသည်)
မိတ်ဆွေတို့ ငှါးလာသောကားဖြင့် လေဆိပ်မှထွက်လာခဲ့ကြရာ၊ မြန်မာသက္ကရာဇ် ၁၂၈၆)ခုနှစ်တွင် မြန်မာဆရာတော်ကြီး ဘဒ္ဒန္တဝိနယာလင်္ကာရ မထေရ်မြတ် ဖန်ဆင်းတည်ထောင်ခဲ့သည့် ကိုလံဘို(၀၉)၊ မရဒါနရပ်ကွက်၊ ဒေမတဂေါတလမ်း၊ အမှတ် (၂၈၄) ရှိ မကုဋာရာမမြန်မာကျောင်းတိုက်သို့ နံနက် (၂း၀၀) နာရီထိုးခါနီးနီးတွင် ရောက်ရှိကြလေသည်။
(ဘဒ္ဒန္တဝိနယာလင်္ကာရမဟာထေရ်)
ဆရာတော်ဘုရားကြီးသည် မော်လမြိုင်ဇာတိဖွား ဖြစ်ကြောင်းသိရ၏။ သီရိလင်္ကာနိုင်ငံ၌ ဆရာတော်ကြီး တည်ထောင်တော်မူခဲ့သော ကျောင်းတိုက်တို့မှာ အစဉ်အားဖြင့်- (၁) ပေါက္ကုနုဝိတမြို့ ---- ဝိနယာလင်္ကာရကျောင်းတိုက် (၂) ကိုလံဘိုမြို့--------- မဟာမကုဋာရာမကျောင်းတိုက် (၃) ကန္ဒီမြို့ ------------ ကန္ဒီကျောင်းတိုက် (၄) အနုရာဓပူရမြို့----- အနုရာဓပူရကျောင်းတိုက် (၅) ကိုလံဘိုမြို့--------- ဝိနယာလင်္ကာရကျောင်းတိုက် တို့ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သိရှိရပါသည်။ ရှေးဆရာတော်ဘုရားကြီးများ စွမ်းတော်မူနိုင်ကြပါပေစွ။
ထိုတွင် မကုဋာရာမကျောင်းတိုက်သည်ကား သီရိလင်္ကာရောက် မြန်မာစာသင်သား ရဟန်းသံဃာတော်များ မှီခိုအားထားရာ ဘူမိနက်သန် နေရာမြတ်အမှန် အောင်မြေအမွန်ပင် ဖြစ်လေတော့၏။ ဥပမာပြရပါလျှင်--- ရဟန်းတော်များ ဘာသန္တရစာပေများ သင်ကြားနိုင်ရေးအတွက် ရှေ့ဆောင်လမ်းပြတော်မူခဲ့သော ဆရာတော် ဦးအာဒိစ္စဝံသ အရှင်မြတ်သည်လည်းကောင်း၊ မျက်မှောက်ခေတ်၌ ထင်ရှားတော်မူကြသော ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမေက္ခချုပ်ဆရာတော် ဘဒ္ဒန္တနန္ဒမာလာဘိဝံသ၊ မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင်ပဏ္ဍိတာဝရာဘိဝံသ စသောအရှင်မြတ်တို့သည်လည်းကောင်း ဤကျောင်းတိုက်ကြီးကိုအမှီပြု၍ပင် လင်္ကာမြေမှာ ပညာရှာဖွေတော်မူဖူးကြကြောင်း သိရှိရပါသည်။
(ဘဒ္ဒန္တသိဂ္ဂဝမဟာထေရ်) (သြဝါဒါစရိယ- ပီနန်ဆရာတော်)
ဘဒ္ဒန္တဝိနယာလင်္ကာရမထေရ် ပျံလွန်တော်မူသောအခါ ဘဒ္ဒန္တသိဂ္ဂဝမထေရ်မြတ်ဆက်ခံတော်မူ၏။ ယနေ့လက်ရှိ တွင်မူ သြဝါဒါစရိယ ပီနန်ဆရာတော်ကြီး၏ သြဝါဒကိုခံယူကာ သံဃာတော်များက ရွေးချယ်တင်မြှောက်ထားသော နာယကဆရာတော် (၄)ပါးတို့က စီမံအုပ်ချုပ်လျှက် ရှိလေသည်။ မကုဋာရာမကျောင်းတော်ကြီးသည် ရှေးဆရာတော်ကြီးများအပေါ် ထားရှိခဲ့သော နွေးထွေးမှုထက် မလျော့နည်းစေရဘဲ ယခုနှစ် (၂၀၁၀) တွင်လည်း မြန်မာရဟန်းတော် အပါး(၂၈၀) နှင့် သီလရှင်ဆရာလေး (၂)ပါးတို့အပေါ်တွင် ဖြူစင်သန့်ရှင်းလှသော နွေးထွေးမှုအပေါင်းတို့ဖြင့် ဆက်လက်ပိုက်ထွေး ဖေးမပေးလျှက်ရှိလေသည်။ (မကုဋာရာမကျောင်းတိုက်နှင့် ဒါနသီရိလင်္ကာအသင်းတို့အကြောင်းကို နောက်အခန်းများတွင် အလျဉ်းသင့်သလို ရေးသားသွားပါမည်။)
ထိုနေ့က အိပ်ပျော်သွားလိုက်သည်မှာ မနက်(၈း၀၀)နာရီထိုးမှ နိုးလေသည်။ သူငယ်ချင်းများအသင့် ဝယ်ယူထားသော သီရိလင်္ကာမုန့်များနှင့် မြန်မာပြည်မှလှူဒါန်းလိုက်ကြသော ကော်ဖီမစ်သည် ထိုနေ့အတွက် မနက်စာပင်ဖြစ်တော့၏။ စပ်လိုက်သည့်မုန့်၊ "စပ်လှချည်လား"ဟု မေးမိရာ ဝိုင်း၍ရယ်ကြလေသည်။ မှန်၏၊ လင်္ကာသားတို့ အစားအစာတွင် ငရုပ်သီးနှင့် အုန်းသီးစာတို့သည် ဇာတ်လိုက်ကျော်များပင်ဖြစ်ကြချေသည်တမုံ့။ ယုတ်စွအဆုံး ပေါင်မုန့်ကိုပင် ငရုပ်သီးနှင့်တို့စားကြသည်ဟု ဆိုပါမူ ရယ်များရယ်ကြလေမလားမဆိုနိုင်။ ပွဲဦးထွက် ထိုးနှက်မိတ်ဆက်လိုက်သော လင်္ကာမုန့်ကြောင့် ရှူးရှူးရှားရှားဖြစ်ခဲ့ရသည်ကတော့ အမှန်ပင်ဖြစ်တော့၏။
(အပိုင်း (၄)ကို ဆက်ရေးပါမည်) အရှင်ဝိသာရဒ (ရမ္မာဝတီ) |
Last Updated on Wednesday, 22 December 2010 16:10 |
0 comments:
Post a Comment