* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, December 29, 2010

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (သဟဿဝဂ္ဂ)

ဆောင်းပါအမှတ်စဉ်(၈)

ဤသဟဿဝဂ်တွင် စာမျက်နှာ ၄၃၊ ၀တ္ထု (၁၄) ခု၊ အဖွင့် (၁၆) ဂါထာ၊ ဖြည့်စွက် (၁၄) ဂါထာ၊ ရဟန်းယောင်္ကျား (၃) ၀တ္ထု၊ ရှင်သာမဏေ (၁) ၀တ္ထု၊ ရဟန်းမိန်းမ (၄) ၀တ္ထု၊ ပုဏ္ဏား (၄) ၀တ္ထု၊ သတို့သား (၁) ၀တ္ထု၊ သူခိုး (၁) ၀တ္ထု အားဖြင့် တစ်ဆယ့်လေးဝတ္ထု ဖြစ်ပါသည်။ သဟဿဝဂ်ဟု ဆိုသော်လည်း အဖွင့်တစ်ဆယ့်ခြောက် ဂါထာတို့တွင် သဟဿဟူသောပုဒ်ကို လေးနေရာ၌ သာလျှင် တွေ့ရပါသည်။ ဂါထာများ၏ တစ်ချို့နေရာတွင် သဟဿအစား သတ (တစ်ရာ) ဟူသော ပါဠိကိုမူ ခြောက်နေရာတွင် သုံးစွဲထားပါသည်။ သဟဿဟူသော ပါဠိ စကားလုံး၏ အဓိပ္ပါယ်မှာ တစ်ထောင်ဟု မူရင်း အဓိပ္ပါယ် ရှိသော်လည်း ဤ၀ဂ်တွင် ဟောကြားသော ဂါထာနေရာတို့တွင် သင်္ချာဖြင့် တန်ဖိုးတစ်ခုကို နိုင်းယှဉ် သတ်မှတ်ချက်ကို ချပြလိုခြင်းမျှသာ ဖြစ်ပါသည်။ တစ်ထောင်အရေအတွက်နှင့် တစ်ခုသင်္ချာတို့ကို ပမာဏ အားဖြင့် နိုင်းယှဉ်ပြထားသကဲ့သို့ တစ်ရာအရေအတွက်နှင့် တစ်ခုကိုလည်း နိုင်းယှဉ်ပြသထား ပါသည်။ တစ်ထောင်ပင် ရှိစေဦး၊ တစ်ရာပင် ရှိစေဦး အရေးမကြီးလှ၊ စွမ်းနိုင်ရည်ရှိသည်သာ လိုရင်းပဓာန ဖြစ်သည်။ ထိုတစ်ထောင်နှင့် တစ်ရာတွင် ပဓာနဖြစ်သည့် စွမ်းရည် မရှိပါက စွမ်းနိုင်သည့် တစ်ခုက ပိုပြီး အဓိပ္ပါယ် ပြည့်ဝ သည်ဟု ယှဉ်ပြလိုခြင်း ဖြစ်ပါသည်။ စွမ်းနိုင်လျှင် တစ်ကောင်းတည်း ကေသရာဇာခြင်္သေ့ ဟူသကဲ့သို့ တစ်ချက် တည်းနှင့် လိုရင်းသို့ရောက်အောင် ပို့ဆောင်နိုင်သည်။ သတ္တိအပြည့်အ၀ရှိသည့် အနေအထားမျိုးကို ဆိုလို ပါသည်။

တောတောင်နှင့် စပ်ပြီး ချီးမွမ်းဖွယ်ရာတွေကို နေ့စဉ် ရေးဖွဲ့သီကုံးနေပါစေဦး အနှစ်တစ်ထောင် အသက်ရှည်လျက်ပင် ထိုသူ၏ ဘ၀သည် အကျိုးမများလှပေ။ အင်းဝခေတ်က စပ်ဆိုခဲ့သော ရှင်ဥတ္တမကျော် တောလားစသည့် အဖွဲ့မျိုး၊ ထိုခေတ်ကပင် ရှင်မဟာရဋ္ဌသာရ၏ အိုဘယ့် သုဘဒ္ဒါ နတ်နှယ် ပုံမယွင်း စသည့် အချစ်ဖွဲ့မျိုးတို့ကို ဆိုလိုဟန်ရှိပါသည်။ ထို့ကြောင့်ပင် ကဗျာသီကုံးခြင်း စသည်ကို ပြုခဲ့ကြသော ထိုဆရာတော်များကို လောကုတ္တရာ စာပေတတ်သိ ပညာရှိကြီးများက အရေးတယူ မရှိခဲ့ကြပေ။ သဘင်သည်များဟုပင် ခေါ်ခဲ့ကြသည်ဟု အဆိုရှိပါသည်။ ရဟန်းစာဆိုတော်များ ဖြစ်ခဲ့ကြသောကြောင့်ပင် ဤကဲ့သို့ လောကဓံနှင့် တွေ့ခဲ့ကြရပါသည်။ ပုံဝတ္ထု စသည်များကို ရေးဖွဲ့ကြသော ဆရာတော်များကိုလည်း ညောင်ကန် ဆရာတော်ကြီး ဆရာတော်ဗုဒ် ကိုယ်တိုင်ကပင် ဇာတ်ဆရာကြီး အခု ဘာဇာတ်တွေ ကနေတာလဲ ဟု သရော်တော်တော်ဖြင့် မေးမြန်းခဲ့သည်ဟု မှတ်သားရ ဖူးပါသည်။ ဤဆရာတော်ကြီးသည်လည်း ဗုဒ်အစ၊ ဗုဒ်အလယ်၊ ဗုဒ်အဆုံး ဟု သိသူနှင့်စပ်ပြီး ဂုဏ်ပြုထားသည့် ဆိုရိုးတွင် နောက်ဆုံး ဗုဒ်တစ်ပါးဟု သတ်မှတ် ခံရသည့် ဆရာတော်ကြီး ဖြစ်ခဲ့ပါသည်။ ဗုဒ်ဆိုသည်မှာ ဗုဒ္ဓ (သိသူ) ၏ အတိုကောက် စကားလုံး ဖြစ်ပါသည်။

အင်းဝခေတ်၊ ကုန်းဘောင်ခေတ်က ထိုဆရာတော်များ၏ အရေးအဖွဲ့များသည် ယနေ့ခေတ်တိုင် မြန်မာ့စာပေ၏ မီးရှူးတန်ဆောင်ကြီးများ ဖြစ်ခဲ့သည်မှာ မှန်ပေသည်။ စာပေရှုထောင့်၊ အနုပညာရှုထောင့်မှ သုံးသပ်ခြင်း ဖြစ်ပါသည်။ လောကီအကျိုးစီးပွါးအတွက် သက်သက် ဖြစ်ပါသည်။ လောကအမြင်အရ မှားယွင်းမှု မရှိပါ။ မြတ်ဗုဒ္ဓ အလိုအရမူ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း မဟုတ်၊ လောကုတ္တရာ အကျိုး စီးပွါးအတွက် ကျေးဇူးမများလှဟု သတ်မှတ်လျက် ထိုဟိမ၀န္တာချီးမွမ်းခန်းများကို အနှစ်သာရပိုင်းမှ မှတ်ယူမည် မဟုတ်ပေ။ နိဗ္ဗာန်ကို ပို့ဆောင်ပေးတတ်သည့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ဗိုလ်၊ ဗောဇ္ဈင်၊ သတိပဋ္ဌာန် နှင့် စပ်သော တရားများကိုသာလျင် တစ်ပုဒ်၊ တစ်ဂါထာပင် ဖြစ်ပါစေဦး ကျေးဇူးများလှသည်ဟု သတ်မှတ်ပါသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဖြစ်သဖြင့် အဝေဖန်ခံနိုင်ရသည့်ပြင် ပိုပြီးဂရုစိုက်ရမည့် အနေအထား ဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း လူများစုကြားတွင် ထိုအယူအဆ ပျောက်ကွယ် မသွားသေးသည်ကို တွေ့ရပါသည်။

တရားတ်ာနှင့် စပ်၍လည်း ဂါထာများကို အထောင်အသိန်း ဟောပြောရွတ်ဖတ် နေကြပါစေဦး တရားကို ထိုးထွင်း၍ မသိပါမူ အကျိုး မများလှသေး၊ တစ်ပါဒမျှပင် ဖြစ်စေကာမူ တရားသိသူက ပို၍ အကျိုးများ သည်ဟု ဟောတော်မူပါသည်။ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿသည် စာလုံးရေးတစ်ဆယ့်ခြောက် လုံးမျှဖြင့် သောတာပန်ဖြစ်ခဲ့ပြီး ကောလိတမှာမူ သုံးဆယ့်နှစ်လုံးဖြင့် သောတာပန်ဖြစ်ခဲ့ပါသည်။ ရဟန္တာအဆင့် အနေဖြင့် မဟုတ်ခဲ့သည်ကို သတိပြုရပေမည်။ ထိုအရှင်များသည် နောက်ပိုင်းတွင်မှ ရဟန္တာများ ဖြစ်လာခဲ့ကြပြီးလျှင် အဂ္ဂသာဝက ရဟန်းတော်များ ဖြစ်လာခဲ့ပါသည်။ ဘုရားဟောကြား စကားလုံးများ၏ အနက်ကို နည်းပေါင်းများစွာဖြင့် နားလည်နိုင်သော ဥာဏ်သည် တရားထူး ရရှိရေးအတွက် အရေးပါသည်။ ထိုကြောင့်ပင် ပါဠိဘာသာရပ်သည် နိရုတ္တိပဋိသမ္ဘိဒါ ဥာဏ်ရရှိရေး အတွက် အထောက်အကူပြုသည်ဟု မှတ်သားရဘူးပါသည်။ အရှင်ဗာဟိယဒါရုစိယမှာမူ ဘုရားရှင်၏ ဒိဋ္ဌေဒိဋ္ဌမတ္တံဟူသော ဟောပြမှုဖြင့် ရဟန္တာဖြစ်ခဲ့လေရာ ဟောပြချက်သည် စာလုံးရေ တစ်ဆယ့်ခြောက်လုံး ကျော်မျှပင် မရှိခဲ့ပေ။ သို့အတွက် ကြောင့်ပင် အလွန်လျင်မြန်သော ဥာဏ်ထူးရှင်အဖြစ် ဧတဒဂ်ဘွဲ့ထူးကိုလည်း ရခဲ့ပေသည်။ ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိယ ဒါရုစိယောဟု အင်္ဂုတ္တရနိကာယ၊ ဧတဒ၀္ဂ၀၀်တွင် လာရှိပါသည်။ အလွန်ဆုံး အဆင့်အားဖြင့် ဟောပြထားသော တရားတော်များ ဖြစ်ပါသည်။ အနည်းငယ်သော အဆုံးအမဖြင့် လူတိုင်း တရားထူး မရနိုင်သည့်ပြင် ဂါထာစသည် ရွတ်ပွါးမှုကိုလည်း ပြုသင့်သမျှ ပြုကြရပါမည်။ လက်တွေ့ ကျင့်သုံးမှုကို ပြုလုပ်နိုင်ကြပါက ပို၍အကျိုးများမည်ဖြစ်သော်လည်း ရွတ်ဖတ်မှုများကို မလုပ်ရဟု ဆိုလိုသည် မဟုတ်ပေ။

အလွန်ကြီးကျယ်သော စစ်ပွဲကြီးတွင် တစ်သောင်းဗိုလ်ချေ ထောင်းထောင်းကြေအောင် အနိုင်ယူ နိုင်ခဲ့သည့် သတ္တိထူးနှင့် ပြည့်စုံသူ တစ်ဦးဖြစ်ပါစေဦး စစ်မှန်သော အောင်မြင်မှုကို ရရှိခဲ့သူဟု မသတ်မှတ်ပေ။ တစ်ဖန်ပြန်ပြီး ရှုံးနိုင်ချေ ရှိပါသည်။ မရှုံးသည်ပင်ရှိစေဦး မေတ္တာဖြင့် အောင်မြင်ခြင်း မဟုတ်သဖြင့် ကုသိုလ်ရှုံးသည်သာ ဖြစ်ပေသည်။ ကုသိုလ် ဆုံးရှုံးရုံတွင် မဟုတ်ဘဲ ရန်များလည်း တိုးပွါးနေမည်သာ ဖြစ်ပေသည်။ မိမိတို့၏ အဇ္ဈတ္တတွင်ရှိနေသော လောဘစသည် ကိလေသာများကို အောင်မှသာလျင် စစ်မှန်သောအောင်ပွဲဟု ခေါ်ရပေသည်။ သီဟိုဠ်ခေတ်က အဘယ ဂါမဏိ စစ်သူရဲကောင်းကြီးသည် တိုင်းပြည် စစ်ပွဲကြီးကို အနိုင်ကြဲနိုင်ခဲ့သဖြင့် ရှင်ဘုရင်က သူရဲကောင်းအဖြစ် ချီးမြောက်ခဲ့ပါသော်လည်း သူ့မှာတိုက်စရာ စစ်ပွဲက မပြီးသေးပါဘုရားဟု ရှင်ဘုရင်ကို ရဲရဲဝံ့ဝံ့ လျောက်ထားခဲ့ပြီး ရဟန်းပြုခွင့်တောင်းကာ ရဟန္တာတစ်ပါး ဖြစ်သည်အထိ လောဘစသည့် အတွင်းရန်ကို တွန်းလှန်နိုင်သူ ဖြစ်ခဲ့လေသည်။

လောကရှိလူသားတို့သည် ကုသိုလ်စိုက်ပျိုးရာတွင် လယ်ယာမြေကောင်းသဖွယ်ဖြစ်သည့် သံဃာတော် အပေါ်တွင် ပေးလှူဒါန်းမှုကို ဆောင်ရွက် စိုက်ပျိုးသင့်ပေသည်။ ထောင်သောင်းချီသည့် ပစ္စည်များကို လစဉ်လစဉ် ပေးလှူဒါန်းနေစေကာမူ ကုသိုလ်ရပါသော်လည်း ထူးထူးခြားခြား ကုသိုလ်မျိုးကို မရပေ။ ယခုခေတ် ရေဘေး ၊မီးဘေး စသည့် လောကီ အလှူမျိုးများ ဖြစ်ဖွယ်ရှိပေသည်။ အဘယ့်ကြောင့်ပါနည်း သနားသဖြင့် လှူဒါန်းသော အလှူမျိုး ဖြစ်သောကြောင့် ပေတည်း။ ဆင်းရဲဒုက္ခရောက်သည်ကို လှူသော အလှူသည် သနားသဖြင့် ပေးလှူသော အလှူဖြစ်သဖြင့် ကုသိုလ်ရသည်ကား မှန်ပါသည်။ သို့သော် ထူးထူးခြားခြား ကုသိုလ်မျိုး မဟုတ်ပေ။ အကျင့်သိက္ခာကို ရည်ရွယ်ပြီး လှူဒါန်းသော အလှူမျိုးသည်သာ ထူးခြားသော အလှူဒါနမျိုး ဖြစ်ပါသည်။ သီလစသော ဂုဏ်အထူးရှိသော သောတာပန်အစ ရဟန္တာအဆုံး သူတော်စဉ်များကို ပူဇော်မိသည်ရှိသော် အနည်းငယ်မျှသော ကုသိုလ်သည် တန်ခိုးထွားပြီး အကျိုးများ ပေသည်။ သနားသဖြင့် ပေးသော ထောင်သောင်းမကသော အလှူထက် သာလွန်သည် ဖြစ်ပေသည်။ ဤနေရာတွင် ကရုဏာစေတသိက်သည်လည်း သောဘနစေတသိက် ဖြစ်သဖြင့် ကောင်းသော အမှုကို ဆောင်ရွက်သည်ပင် မဟုတ်လောဟု မေးစရာ ရှိပါသည်။ မှန်ပါသည် လောကုတ္တရာနယ်ပယ် အတွက်မူ အကျိုးများသော အလုပ်မဟုတ် သည်ကိုသာ ဆိုလိုပါသည်။ လောကီနယ်တွင်မူ ကောင်းသော အမှုပင် ဖြစ်ပါသည်။ ကုသိုလ်အဆင့်လေးခုတွင် ထိပ်ဆုံးအဆင့် မရောက်သည်ကိုသာ ဆိုလိုပါသည်။ ဤလောကီ ကု သိုလ်များသည်လည်း မဖြစ်မနေ လုပ်ရမည့်၊ လုပ်သင့်သည့် ကုသိုလ်မျိုးများသာ ဖြစ်ကြပါသည်။ ဖြစ်ရမည်မှာ ဦးတည်ချက်ကို မှန်ကန်အောင်ပြုတတ်ဖို့ လိုနေခြင်းသာ ဖြစ်ပါသည်။

မီးပူဇော်ခြင်းဖြင့် အနှစ်တရာတိုင်အောင် အသက်ရှည်နေပါစေ တဏှာ မာန နှင့် ဒိဋ္ဌိဟူသော ပပဉ္စ တရားသုံးပါး (သံသရာကို ချဲ့ထွင်တတ်သော တရားသုံးပါး) ရှိနေပါက တန်ဖိုးမရှိသောဘ၀ဟု သတ်မှတ် ပါသည်။ ထိုတရားများကို ပယ်သတ်နိုင်အောင် အားထုတ်ပြီး ဘ၀ကို တန်ဖိုးရှိအောင် လုပ်ရပါမည်။၊

သီလလုံးဝ မရှိသူ၏အဖြစ် အနှစ်တရာတိုင်အောင် အသက်ရှည်နေပါစေ မြင့်မြတ်မှု မရှိဘဲ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည့် သီလများကို ဖြစ်နိုင်သမျှ ဖြည့်ကျင့်သူ၏ တစ်ရက်မျှ အသက်ရှည်ခြင်းသည်သာ မြင့်မြတ် သည်ဟုဆိုပါသည်။

ပညာမရှိသူ၏အဖြစ် အနှစ်တရာတိုင်အောင် အသက်ရှည်ပါစေ မြင့်မြတ်မှု မရှိဘဲ တည်ကြည်သော နှလုံးသားဖြင့် ပညာရှိသူ၏ ဘ၀သည် တစ်ရက်ပင် ဖြစ်စေကာမူ မြင့်မြတ်သည်ဟု ဟောတော် မူပါသည်။

ပျင်းရိခြင်း၊ ၀ီရိယယုတ်လျော့ခြင်းဖြင့် ခန္ဓာငါးပါးတို့ကို လက္ခဏာ နှစ်ဆယ့်ငါးပါးဖြင့် အဖြစ်အပျက်ကို မရှုမှတ်ဘဲ အနှစ်တရာ အသက်ရှင်နေခြင်းသည် ရှုမှတ်မှုရှိနေသူ၏ တစ်ရက်ကို မမှီဟု ဟောတော်မူပါသည်။

နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ဘဲ အနှစ်တရာ အသက်ရှည်နေခြင်းသည် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သူ၏ တစ်ရက် အသက်ရှင်နေခြင်းကို မမှီဟု ဟောတော်မူပါသည်။

လောကုတ္တရာတရားကိုးပါးကို မမြင်ဘဲ အနှစ်တရာ အသက်ရှည်နေခြင်းသည် လောကုတ္တရာတရားကို သိမြင်သူ၏ တစ်ရက် အသက်ရှင်နေခြင်းကို မမှီဟု ဟောတော်မူပါသည်။ ဤသည်တို့မှာ သဟဿဝဂ်လာ လိုရင်း ဆုံးမချက်များ ဖြစ်ပါသည်။

အောက်ဖေါ်ပြပါ အချက်အလက်များမှာမူ အထောက်အကူပြု ဇာတ်လမ်းများ ဖြစ်ပါသည်။ လူနှစ်ထောင်ကျော်ကို သတ်ဖြတ်ဖူးသည့် အရည်အချင်းကြောင့် ရာဇဂြိုဟ်မြိုက အကျဉ်းထောင်တွင် သူသတ်သမားရာထူးကို နှစ်ပေါင်း ငါးဆယ့်ငါးနှစ် တိုင်တိုင် ထမ်းဆောင်ခဲ့သော သူ၏ အကြောင်းဖြင့် သဟဿဝဂ်တွင် ပထမဆုံး ၀တ္ထုကို စတင်ထားပါသည်။ အရှင်သာရိပုတ္တရာမထေရ်အား ဆွမ်းကို သူက လှူဒါန်းခဲ့ရာတွင် မထေရ်က သူ့ကို ဟောကြားခဲ့သော တရားတော်ကို ကြီးမားခဲ့သော သူ၏ အကုသိုလ်များ ကြောင့် (လူသတ်သမားဖြစ်ခဲ့သော သူသည်) တည်တည် ငြိမ်ငြိမ်နာယူနိုင်စွမ်း မရှိခဲ့ပါ။ ထိုအကြောင်းကို သိသော အရှင်သာရိပုတ္တရာ မထေရ်က သူ့အား သင်၏ စိတ်ဆုံးဖြတ်နှင့် အများကို သတ်ခဲ့ရသလော သို့မ ဟုတ် သူတစ်ပါး၏ စေခိုင်းချက်ကြောင့်ပင် သတ်မှုကို ကျူးလွန်ခဲ့ရသလောဟု ပရိယာယ်ဖြင့် မေးခွန်း ထုတ်ခဲ့ ပါသည်။

ထိုအခါ သူသတ်သမားက နားလည်လိုက်သည်မှာ သူ့အပြစ် မဟုတ်ဟု ထင်ခဲ့ပြီး စိတ်ပေါ့ပါးသွားခဲ့ကာ တရားကို ဆက်ပြီး နာယူနိုင်ခဲ့ ပါသည်။ သူထင်ခဲ့သည်က သူ့မှာအပြစ်မရှိ သတ်ခိုင်းသူ ရှင်ဘုရင်မှာသာ အပြစ်ဖြစ်သည်ဟု နားလည်ခဲ့ပါသည်။ သူသတ်သမား၏ အသိဥာဏ် မရှင်းလင်းမှုကြောင့် (တစ်နည်းအားဖြင့်) သူထင်ချင်သလို ထင်မှတ်ခဲ့သောကြောင့် အရှင်၏ မေးခဲ့သည့် မေးခွန်း၏ အဖြေကို အပေါ်ယံ သုံးသပ်မှုဖြင့် သုံးသပ်ခဲ့သဖြင့် အပြစ်မရှိဟု မှတ်ထင်ပြီး စိတ်ပေါ့ပါးသွားကာ ဟောသည့်တရားတော်ကိုလည်း ခဏတစ်ဖြုတ် စိတ်ကိုနှစ်ကာ နာယူနိုင်ခဲ့ပါသည်။ ခဏတစ်ဖြုတ် နာယူသည့် ကောင်းမှုကြောင့်ပင် ဆင်းရဲပြည့်သော ဘ၀ဆိုး သို့ ရောက်ရန် တာစူနေခဲ့သော အဖြစ်ဆိုးမှ လွတ်ပြီး ကောင်းမှုရှိသော သုဂတိဘ၀သို့ ဦးတည်ချက် ပြောင်းလဲခဲ့ပါသည်။ ဤကဲ့သို့ အထင်ရောက်ပြီး တရားတော်ကို ဖြောင့်ဖြောင့် နာကြားနိုင်စေရန် ရည်ရွယ်ခဲ့ပြီး မထေရ်က သူ့ကို ပရိယာယ်သုံးပြီး တရားဟောခဲ့ခြင်းလည်း ဖြစ်ပါသည်။ သူသတ်သမား အကျိုးရှိစေရန် အတွက် သုံးစွဲခဲ့သည် စကားလုံးနှင့် ဟောကြားခဲ့သည် အချိန်သည် အရင်းအနှီးအနေဖြင့် မများခဲ့ပါ။ သို့သော် သူသတ်သမားသည် ဘ၀ကူးသွားသောအခါ အကျိုးရှိခဲ့ပါသည်။ ဘ၀တစ်ခုကို ပြောင်းလဲစေရန် မှတ်သားရသော စကားလုံးကောင်း တစ်ခုသည်ပင် စွမ်းနိုင်ရည်ရှိပါသည်။ ထိုစကားလုံးကို ကောင်းမှန်း သိတတ်ရန်နှင့် မှန်မှန်ကန်ကန် အသုံးချတတ်ရန်သာ လိုအပ်ပါ သည်။

ဘုရားရှင် ဆွမ်းခံကြွနေစဉ် သူ့ကို တရားဟောကြားခဲ့ပြီး ထိုတရားတိုတိုကို နာယူခဲ့ကာ အချိန်တိုတို အတွင်း တရားထူးရခဲ့သော အရှင်ဗာဟိယအကြောင်းကို ဒုတိယ၀တ္ထုတွင် တွေ့ရပါသည်။ အရှင်ဗာဟိယသည် ဘုရားရှင်နှင့် မတွေ့မှီ အချိန်က ရဟန္တာဟုအမည်ခံခဲ့ပြီး မိမိကိုယ်တိုင်နှင့် ၊ သူတစ်ပါးတို့ကို လှည့်စားလျက် လောကရှိ မသိနား မလည်သော လူအများ၏ အပူဇော်ကို ခံယူခဲ့ပါသည်။ သူ၏ဘ၀ဟောင်းမှ မိတ်ဆွေက သူ့ကို ရဟန္တာလည်းမဟုတ်၊ အရတ္တမဂ်သို့လည်းမရောက်၊ ထိုသို့ရောက်ရန် ကျင့်စဉ်မှန်လည်း သူ့တွင် မရှိကြောင်း ထောက်ပြခဲ့ပါသည်။ သူက ထောက်ပြသူကို ပြန်လှည်စပ်စုခဲ့သည့် အတွက် ဘုရားရှင်ကို တွေ့အောင်ရှာဖွေခဲ့ပြီး တရားနာယူခဲ့ကာ ရဟန္တာ ဖြစ်ခဲ့ရပါသည်။ သူတစ်ပါးက မိမိချွတ်ယွင်းချက်ကို အချိန်မှီ ထောက်ပြမှု၊ မိမိကိုယ်တိုင်က နာခံတတ်မှု နှင့် ဘုရားရှင်၏ တရားတော်ကို နာယူရမှု၊ ပြုပြင်နိုင်မှုတို့ကြောင့် အချိန်တိုတို အတွင်း ရဟန္တာတစ်ပါး ဖြစ်ခဲ့ပါသည်။

တတိယ၀တ္ထုတွင်မူ မိန်းမသား၏ ဘ၀သည် ယောင်္ကျားဘ၀နှင့် အသိဥာဏ်ပညာအရာတွင် မနိမ့်ကျကြောင်း ညွှန်းဆိုသည့် ဇာတ်လမ်းကို ဖေါ်ပြထားပါသည်။ ထို့ပြင် သာသနာ၏ အပြင်ပဖြစ်သော ၀ါဒများ တွင်လည်း ဈာန်ရနိုင်သည်ကျင့်စဉ်များ ရှိကြောင်းနှင့် ၀ါဒတစ်ထောင် သင်ပေးသည့် သင်တန်များ လည်း ရှိကြောင်းလည်း ဤတတိယမြောက်ဝတ္ထုဖြစ်သော ကုဏ္ဍလကေသီ ဇာတ်လမ်း၌ ဖေါ်ပြထားပါသည်။ ကုဏ္ဍလကေသီဇာတ်လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်နှင့် ကုဏ္ဍလကေသီတို့ အမေးအဖြေ ပြုလုပ်ကြောင်းဖေါ်ပြပြီး အရှင်သာရိပုတ္တရာက မေးသမျှကို ဖြေဆိုနိုင်ခဲ့၍ ပြန်လှန်မေးခဲ့သော အရှင်၏ မေးခွန်းတစ်ခုကိုမူ သူမက အဖြေ မပေးနိုင်ခဲ့ဟု ဆိုပါသည်။ အဆုံးတွင်မူ အဖြေသိချင်သဖြင့် သာသနာတော်သို့ ၀င်လာခဲ့ရာမှ ပဋိသမ္ဘိဒါဥာဏ်ရ ရဟန္တာဖြစ်ခဲ့ကြောင်း သိရပါသည်။ သူမ အဖြေ မပေးနိုင်ခဲ့သော မေးခွန်းမှာ တစ်ခုသော တရားဆိုသည်မှာ အဘယ်လဲဟူသော မေးခွန်းဖြစ်ပြီး အဖြေကို ဤအဋ္ဌကထာ တွင်လည်း ဖေါ်ပြမထားပေ။ အောက်ခြေ ကျမ်းညွှန်းတွင်မူ အဂုင်္တ္တရနိကာယ တတိယအုပ် စာမျက်နှာနံပါတ် ၂၉၇ မဟာဝဂ္ဂ၊ ပဋ္ဌမမဟာပဥှသုတ်နှင့် ခုဒ္ဒကနိကာယကို ကျမ်းညွှန်းပြထားပါသည်။ မေးခွန်း၏ အဖြေမှာ သတ္တ၀ါအားလုံးတို့သည် အာဟာရ၌ တည်မှီပြီး အသက်ရှင်နေခြင်းပင်ဖြစ်သည်ဟု ဖြေဆိုပြပါသည်။ ဒုက္ခမရှိရာကိုသာ လိုချင်ပါမူ အာဟာရပေါ်တွင် ငြိတွယ်လွန်းခြင်း ကင်းပြီး လွတ်မြောက် စိတ်ကို မွေးနိုင်မှ ဖြစ်သည်ဟု ဟောပြထားပါသည်။ တစ်ခုနှင့် ပတ်သက်သော မေးခွန်းကို အကြောင်းပြုပြီး ကုဏ္ဍလကေသီ အမျိုးသမီးသည် ရဟန္တာမကြီး ဖြစ်လာခဲ့ပါသည်။

စတုတ္ထ၀တ္ထုတွင်မူ အကျိုးမရှိသည်များကို သိလိုသော ပုဏ္ဏားတစ်ဦးအတွက် ပျင်းရိခြင်း၊ အိပ်ယာထ နောက်ကျခြင်း၊ ကြမ်းကြုတ်ခြင်း၊ အသောက် အစားများခြင်း၊ သူတစ်ပါး သားမယားကို ပြစ်မှားခြင်းနှင့် ခရီးရှည်ကြီး သွားခြင်းတို့သည် အကျိုးမဲ့ဖြစ်တတ်ကြောင်းညွှန်ပြထားပါသည်။

ပဉ္စမ၊ ဆဋ္ဌနှင့် သတ္တမ၀တ္ထုတို့တွင်မူ အရှင်သာရိပုတ္တရာ၏ ဦးကြီးအကြောင်း၊ တူတစ်ဦးအကြောင်းနှင့် မိတ်ဆွေတစ်ဦး အကြောင်းတို့ကို ဖေါ်ပြထားပါသည်။ သူတို့သုံးဦးသည် ဗြဟ္မဏ၀ါဒီများဖြစ်ကြပြီး ဗြဟ္မာ့ပြည်သို့ ရောက်ချင်ကြသူများ ဖြစ်ကြပါသည်။ သို့အတွက် ဦးကြီးဖြစ်သူက ငွေတစ်ထောင် လစဉ် အကုန်ခံပြီး နတ်များသို့ အလှူပေးသည်။ တူဖြစ်သူက သားကောင်သတ်ပြီး ယဇ်ကောင်ဖြင့် နတ်များသို့ လစဉ် ပူဇော်သည်၊ မိတ်ဆွေဖြစ်သူကမူ ငွေကုန် ကြေးကျ များများဖြင့် နတ်များသို့ ပူဇော်မှုပြုသည်။ မြတ်စွာဘုရားရှင်က လောကီ ကောင်းမှုများကို လောကုတ္တရာ ကောင်းကျိုး ရရှိရေးအတွက် ညွှန်ပြ ပေးခဲ့ပါသည်။ သုံးဦးသားတို့သည် နေရာ မတူ၊ အချိန်ကွဲပြားကြလျက် သောတာပန် ဖြစ်ခဲ့ကြပါသည်။ အရိုအသေ ပေးသူအတွက် ကောင်းကျိုးသရုပ်လေးပါးကို အဋ္ဌမ၀တ္ထု (ရှစ်ခုမြောက်) တွင် ဖေါ်ပြပါသည်။ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရပြီး ခွန်အားကြီးကာ အကျိုးများလှကြောင်း သရုပ်လေးပါး ဖြစ်ပါသည်။

န၀မ၀တ္ထုတွင်မူ သံကိစ္စသာမဏေ အကြောင်းပါရှိပြီး ရဟန္တာမထေရ်၏ ခန္ဓာအပေါ်တွင် မှတ်ယူသည့် သဘောထားကို ဖေါ်ပြရာတွင် မှတ်သားစရာ ကောင်းလှပါသည်။ ခန္ဓာကိုယ်ကို ဦးခေါင်းပေါ်တွင် တင်ထားရသကဲ့သို့ လေးလံလှသည်ဟု သဘောထားပြီး မိမိတို့၏ ခန္ဓာကိုယ်ကြီး ကွဲသည်ဖြစ်စေ၊ ပျက်ဆီးသည်ဖြစ်စေ သဘောကျနေပြီး ကြောက်စိတ်လုံးဝမရှိ၊ ဟူသော ရေးသားချက် ဖြစ်ပါသည်။ ဤ အချက်ကို မှတ်သားထားခြင်းဖြင့် ယနေ့ခေတ်တွင် ရဟန္တာအဖြစ်ကို သိလိုသောသူများအတွက် လေ့လာမှတ် သားနိုင်ရန် အထောက်အကူ တစ်ခု ဖြစ်ပေလိမ့်မည်။ တစ်ခြားအချက်များကိုလည်း ထည့်သွင်း စဉ်းစားရ ပါဦး မည်။ ဒသမ၀တ္ထုတွင်မူ ငြိမ်ငြိမ်သက်သက် ဈာန်ဝင်စားနေသဖြင့် သစ်ငုတ်နှင့်တူနေသောကြောင့် ခါဏုက မထေရ် ကောဏ္ဍညဟု အမည်ရသော ရဟန္တာ ရဟန်းတော်၏ အကြောင်းကိုဖေါ်ပြပါသည်။ အစွမ်း ထက်လှသော ဤရဟန်းတော်ကြောင့် ခိုးသားငါးရာဘ၀မှ ဂုဏ်ထူးနှင့်ပြည့်စုံသော ရဟန္တာများအဖြစ်သို့ ရောက်ခဲ့ရ ကြောင်းကို မှတ်တမ်း တင်ထားပါသည်။

ရဟန်းဘ၀ကို စိတ်ညစ်သဖြင့် မြွေကိုက်ခံပြီး သေလိုသော ရဟန်းတော်သည် မြွေ၏ ခံတွင်းသို့ သူ၏ လက်ကို သွင်းသော်လည်း မြွေဆိုးက မကိုက်သဖြင့် မသေခဲ့သည့် ဇာတ်လမ်းကို ဧကာဒသမ၀တ္ထုတွင် ဖတ်ရပါသည်။ ထိုရဟန်းတော်သည် ဓားဖြင့်လည်မျိုကို လှီး၍ မိမိကိုယ်ကို သတ်သေမည်ဟုလည်း စိတ်ကူးခဲ့ပါသည်။ သို့သော် ထိုစိတ်ကူးကို လက်တွေ့ အကောင်အထည် မဖေါ်မှီပင် ဆောက်တည်ဆဲ ဖြစ်သော သူ၏ သီလများကို ဆင်ခြင်မိသဖြင့် ၀မ်းသာစိတ် ပေါ်လာခဲ့ပြီးနောက် ၀ိပဿနာရှုစိတ်ဖြင့် ရဟန္တာ တစ်ပါး ဖြစ်လာခဲ့ပါသည်။ အဆိပ်ရှိသော မြွေကသူ့အား မကိုက်ခဲ့ခြင်းမှာ အတိတ်ဘ၀က အရှင်နှင့် သခင်အဖြစ် ဆက်စပ်ခဲ့ သောကြောင့်ဟု ဆိုပါသည်။ ရဟန္တာဖြစ်နိုင်သည့် အနေအထားရှိပါလျက် ရဟန်းဘ၀တွင် ချီတုန် ချတုန်ဖြင့် စိတ်ညစ်နေရခြင်းမှာ အတိတ်က မိတ်ဆွေရဟန်းတစ်ပါး၏ ပစ္စည်းကို ယူချင်စိတ်ဖြင့် ထိုမိတ်ဆွေကို သာသနာတော်တွင် စိတ်ပျက်ငြီးငွေ့သွားအောင် ဆောင်ရွက်ခဲ့မှု ကြောင့်ဟု ရှင်းပြထားပါသည်။ ရဟန္တာဖြစ်ရခြင်းမှာ ဘ၀များစွာက သီလပြည့်စုံမှုကြောင့်ဟု သိရပါသည်။

နောက်ဆုံး သုံးဝတ္ထုမှာ ရဟန်းမများ အကြောင်းဖြစ်ပြီး ပဋာစာရီထေရီမ (မြန်မာတို့က မပဋာဟု သိကြပါသည်) နှင့် ကိသာဂေါတမီထေရီမ နှင့် သားသမီးများသော ထေရီမ (သားခုနှစ်ဦး၊ သမီးခုနှစ်ဦးရှိသည်) သုံးပါးတို့၏ သုံးခုသော ဇာတ်လမ်းများ ဖြစ်ကြပါသည်။ ဘုရားရှင်၏ တရားနာကို နာယူခဲ့ပြီးသည့် အဆုံးတွင် ရဟန်းမ သုံးပါးတို့သည် ပဋိသမ္ဘိဒါပတ္တရဟန်းမများ ဖြစ်ခဲ့ကြပါသည်။ အဖြစ်အပျက်များကမူ တစ်ဦးနှင့် တစ်ဦး မတူခဲ့ကြပေ။

သုံးပါးစလုံး အိမ်ထောင်သည်များ ဖြစ်ခဲ့ကြပေသည်။ ပဋာစာရီထေရီက သားနှစ်ဦးနှင့် ခင်ပွန်း (ကိုဒါသ) ဆုံရှုံးခဲ့ပြီး အရူးမီးဝိုင်းဖြစ်ကာ အရူးမဘ၀မှ အထူးမဘ၀သို့ ပြောင်းခဲ့ပါသည်။ ကိသာဂေါတမီကမူ သားသေကို ဆေးကုခိုင်းရာမှ အသိထူး ရခဲ့သူ ဖြစ်ပါသည်။ ခင်ပွန်းဆုံးခဲ့ပြီး ပစ္စည်းများကို သာခုနှစ်ဦးအား အမွေပေးခဲ့ရာမှ သားတို့က တာဝန်မကျေသဖြင့် ဒုက္ခသည်ဘ၀ ရောက်ခဲ့ရသူ ရဟန်းမကြီး၏ ဇာတ်လမ်းမှာမူ ရင်နင့်စရာ ဖြစ်ပါသည်။ ဤတွင် သမီးခုနှစ်ယောက် အမွေရသည့်ကြောင်း မပါခဲ့ပါ။ ရှေးခေတ်က သမီးများ အမွေရ ခဲ့ ကြဟန် မတူပေ။ သူတို့ ခုနှစ်ဦးကလည်း သာခုနှစ်ဦးကဲ့သို့ပင် မိခင်အား ပြုစုလုပ်ကျွေးမှုကို ငြိုငြင်ခဲ့ကြပါသည်။ သောကရောက်ခဲ့ပြီး ရဟန်းမဘ၀သို့ ရောက်ခဲ့ပါသော်လည်း သောကပျောက်ပြီး ရဟန္တာမ ဘ၀သို့ ဖြစ်ခဲ့ရသည် မှာတော့ ကြည်ညိုစရာ ဖြစ်ခဲ့ပါသည်။ တစ်နည်းအားဖြင့် ဆိုရသော် ရဟန္တာဖြစ်ခဲ့ရသည့် တစ်ရက်တည်းဖြင့်ပင် ဘ၀ကို မြင်မြတ်အောင် ဆောင်ရွက် နိုင်ခဲ့ကြသော မိန်းမသား အာဇာနည်မများ၏ ဘ၀မှတ်တမ်း ကောင်းများသာ ဖြစ်ပေတော့သည်။ မိမိတို့ရော မည်သည့် မှတ်တမ်းကို ထိုးကြပါမည်နည်း၊ အကောင်းလား၊ အဆိုးလား မသေခင် စဉ်းစားသင့်ပေသည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ်၊

၂။ အင်္ဂုတ္တရ နိကာယ၊

၃။ ခုဒ္ဒက နိကာယ

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP