ရှင်တော်ဟောကြား ဓမ္မစကားတော်များ (ပုပ္ဖ၀ဂ္ဂ)
ဆောင်းပါအမှတ်စဉ်(၄)
ပုပ္ဖ၀ဂ်သည် ဓမ္မပဒပါဠိတော်၏ လေးခုမြောက်ဝဂ်ဖြစ်ပြီး အဋ္ဌကထာဆရာက ၀တ္ထု (၁၂) ခုဖြင့် ဖွင့်ဆို ပြထားပါသည်။ ထိုဝတ္ထုများကို စာမျက်နှာပေါင်း (၇၂) မျက်နှာဖြင့် ရှင်းလင်းစေရန် ရေးသား ထားပြီးလျှင်၊ ဖွင့်စရာ ဂါထာများမှာလည်း တစ်ဆယ့်ခြောက်ဂါထာ အထိပင် ရှိပါသည်။ ဇာတ်လမ်းအရှိထက် လေးဂါထာ ပိုနေပါသည်။ ထိုမျှသာမက ၀တ္ထုအသီးသီးတွင် ပါဝင်သော ဂါထာပေါင်းလည်း နှစ်ဆယ့်တစ်ဂါထာ အထိပင် ပါဝင်နေသေးရာ ဖွင့်စရာ ဂါထာများထက်ပင် အရေအတွက် ပိုနေသည်ကို တွေ့ရပါသည်။ ပုံမှန်အားဖြင့် ၀တ္ထုတစ်ခု၊ ဂါထာတစ်ပုဒ်နုန်းအားဖြင့် တွေ့ရလေ့ရှိပါသည်။ ၀ိဋဋူပ၀တ္ထုနှင့် ၀ိသာခါဝတ္ထုသည် ရှည်လျားပြီး မှတ်သားစရာများလည်း စုံလင်ပေသည်။ အဋ္ဌကထာဆရာသည် ထိုဝတ္ထုနှစ်ခုတွင် အင်္ဂုတ္တရနိကာယ် နှင့် ၀ိနည်းမဟာဝါပါဠိတော်မှ စကားပြေများကိုပါ သာဓက ပြထားပါသည်။ အဖွင့်ဂါထာမှ တစ်ပါး နှစ်ဆယ့် တစ်ဂါထာကိုမူ အင်္ဂုတ္တရနိကာယ်နှင့် ခုဒ္ဒကနိကာယ်တို့မှ ထုတ်ဆောင် ယူငင်သုံးစွဲ ထားပေသည်။
ပုပ္ဖ၀ဂ်ဟု အမည် ပေးထားသည်မှာ ကဗျာဆန်လှပါသည်။ ပေးထားသည့်အတိုင်းပင် ပန်းနှင့် ဥပမာပြ ဆိုပြီး တရားဓမ္မများကို ဟောတော်မူထားပါသည်။ ပန်းနှင့်တူအောင် ကျင့်တတ်သော သူများဖြစ်ကြပါလျင် အကျိုးများကြမည် ဖြစ်ပေသည်၊ ရှေးသူတော်ကောင်းကြီးများကမူ ဘုရားစကားတော်အတိုင်း လိုက်နာခဲ့ ကြပါသဖြင့် ပန်းလိုမွှေးပြီး ရေလိုအေးခဲ့ ကြပေပြီ၊ မိမိတို့ တစ်တွေရော ဘယ်လိုပါနည်း။ တစ်ချို့ ပန်းပွင့်များကဲ့သို့ အလှသက်သက်ဖြင့်သာ ယခုဘ၀ကို ဖြတ်သန်းကြမည်လော၊ သို့မဟုတ် အလှလည်းတင့် ရနံ့ဆင့်သည့် ပန်းပွင့်အနေအထားရှိ လူသားအသိနှင့် ယခုဘ၀ကို မိမိအတွက်သာလျှင် အသုံးပြုကြမည်လော၊ အဆင်းလဲလှ၊ ရနံ့ကိုလည်း တမ်းတနေစေသည် သာမက ချိုမြိန်ကောင်းမြတ်သော အသီးတို့ကိုလည်း သီးပေး လျှက်ရှိသော ပန်းများလည်း ရှိပေသည်။ လောကရှိ လူသားတွေအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက် ပေးကြသော နောက်ဆုံး အမျိုးအစား ပန်းပွင့်များလို ဘ၀ကိုဆုံးစေကြလျှက် အဖိုးတန်ဘ၀ကို ဖန်တီးကြကာ ဘ၀မှတ်တိုင်ကို စိုက်ထူကြမည်လော။ သို့မဟုတ် အဆင်းလဲကင်း၊ ရနံ့မှလည်းဝေး၊ အသီးကိုလည်း မပေးသည့် အကျိုးမဲ့ပန်းမျိုး ဘ၀မျိုးဖြင့်သာလျှင် အမျိုး၊ ဘာသာ၊ သာသနာအတွက် မဆောင်ရွက်ဘဲ နေမည်လော၊ အရာအားလုံးသည် သင်၏ လက်တွင်ရှိနေပါသေးသည်။
ယခုဖတ်ရမည့် ပုပ္ဖ၀ဂ်ကမူ လှပသောပန်း၊ မွှေကြိုင်သောပန်း၊ အသီးပေးသောပန်းတစ်ပွင့် ဖြစ်စေရန် လောက လူသားများအား လမ်းညန်ပြပေလိမ့်မည်။ ပန်းကို ရွေးချယ်တတ်သော ကျွမ်းကျင်သော လူသား၊ ပန်းသီကုံး နေသော လူသား၊ ရနံ့သင်းသောပန်းကို နှစ်သက်တတ်သော လူသား၊ တင့်တယ်လှပသော ပန်းကို ပန်ဆင်သောလူသား၊ ပန်းပွင့်ပုံကြီးကို ပြုလုပ်တတ်သောလူသား၊ ရနံ့သင်းသော ပန်းနှင့်တူသော လူသား၊ ရနံ့ မသင်းလှသော အလှပန်းမျှထက် သာလွန်သော ထူးခြားလူသား ဖြစ်စေရန် အားထုတ်တတ်ရပေမည်။
ပန်းကို ကောင်း၏၊ မကောင်း၏၊ လှ၏၊ မလှ၏ ရနံ့သင်း၏၊ ရနံ့ကင်း၏ စသည့်အရည် အသွေးများကို ရွေးချယ်တတ်သော သူမှာ အရိယာများသာ ဖြစ်သည်ဟု ဆိုထားပါသည်။ မှန်ပေသည်။ ပုထုဇဉ်တို့ကမူ မမြဲသည်ကို ထာဝရဟု ထင်တတ် ကြလျက်၊ မတင့်တယ်သည်ကိုလည်း မယ်ကမ္ဘာရွေးပွဲလုပ်၍ အလှဆုံးပါဟု ပြောနေတတ်ကြပေသည်။ အရိယာမျက်လုံး မတပ်သရွေ့ အရာအားလုံးသည် ပြောင်းပြန်တွေချည်း ဖြစ်နေ ပေမည်။ မစွဲလမ်းသင့်သည့် အရာများကိုလည်း အစွဲကို ချွတ်မရအောင်ပင် သန်မာလွန်းလှပေသည်။ ထို့ကြောင့်လည်း ပုထုဇဉ် ဖြစ်နေရပါသည်။ သို့ပေမင့် သူတော်ကောင်းတရားကို မြတ်နိုးရမှန်းသိကြပါလျှင် တစ်စတစ်စ အမြင်မှန် ရကြပါလိမ့်မည်။ ပန်းကောင်းပန်လိုလျှင် အရိယာစိတ်မွေးကြပါဟု တိုက်တွန်းရပေသည်။
ဒုတိယ၀တ္ထုတွင် ဖေါ်ပြထားသည်မှာ သံသရာ ၀ဋ်ဆင်းရဲကို ဇွတ်ဆွဲစရာမလိုပဲ ၀ဋ်ဆင်းရဲ ပျော်နေကြသည်မှာ မာရ်နတ်မင်း၏ ပန်းကုံးကို သဘောကျနေသူများ ဖြစ်ကြသည်။ ငရဲပန်းကို ရွှေပန်းဟု ထင်မြင်နေကြသူများ ဖြစ်သည်ဟုဆိုပါသည်။ သေမင်း၏ နယ်ပယ်မှ လွတ်မြောက်ရာ၊ သေမင်းမမြင်နိုင်ရာ နိဗ္ဗာန်လိုချင် သူများသည် အရိယာမဂ်ရစေရန် အားထုတ်ကြရပေမည်။
ရရှိထားသော စည်းစိမ်တွေအပေါ်မှာလဲ ယစ်မူး၊ မရသေးသော စည်းစိမ်အတွက်လဲ မျှော်လင့်ပြီး လောဘဇော တိုက်နေသူများကို ပန်းသီးကုံးနေသူများ တစ်နည်းအားဖြင့် တွယ်တာ လွန်းသူများဟု ဆိုထား ပါသည်။ ထိုပုဂ္ဂိုလ်များကို ငရဲပန်းကို ရွှေပန်းအမှတ်ဖြင့် သီကုံးနေကြသူများ ဖြစ်ကြသည်ဟု သိရပါသည်။ သူတို့ကို အိပ်ပျော်နေကြသူများ၊ ကာမဂုဏ်တွင် မရောင့်သူများဟုလည်း တတိယနှင့် စတုတ္ထ၀တ္ထုများ အလိုအရ ခေါ်ဆိုရပါသည်။ ထိုပုဂ္ဂိုလ်များ အိပ်ရေးမ၀မှီ၊ အလိုပြည့်ဝခြင်းမရှိမှီ သေမင်းက သူတို့ကို ခေါ်ဆောင်သွားပြီး ငရဲသို့ ပို့ပေးမည်ဖြစ်သည်ဟု ဆိုပါသည်။ ပန်းသီကုံးသည်ဟုဆိုပါလျှင် ကုသိုလ်နှင့်တူသော ရွှေပန်းကို သီကုံးသင့်ပါသည်။
ပန်းကို ချစ်တတ်သောသူသည် ပန်းပွင့်အရောင်၊ ပန်းပွင့်၏ အလှမျှသာမက ပန်းပွင့်လေးကိုပါ မပျက်စီးစေပဲ ၀တ်ရည်ကို သောက်သုံးတတ်သည့် ပျား၊ ပိတုန်းကောင်လေးများသဖွယ် ဖြစ်ရပေမည်။ လူ့ဘ၀တွင် ဖြစ်လာကြပြီဆိုပါက သူတစ်ပါးနှင့် ဆက်ဆံရာဝယ် မိမိသူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကို ဖြစ်စေပြီး နေထိုင်၊ စားသောက် တတ်ရပေမည်။ ရဟန်းတော် တစ်ပါး ဖြစ်ပါကလည်း ကြည်ညို ကြသူ အပေါင်း၏ သဒ္ဓါတရားကို ပျက်စီးမသွားစေရန် စောင့်ရှောက်တတ်သူ ဖြစ်ရပါမည်။ ထိုမျှသာမက မိမိ၏ အကျိုးဖြစ်သည့် မဂ်လေးပါးနှင့် ဖိုလ်လးပါးကို ကိုယ်ပိုင်ရအောင်ယူတတ်သူ ဖြစ်ကြရပါမည်။ ပျားကောင်လေးများ ပျားရည်ဖြစ်သည်အထိ ဆောင်ရွက်နိုင်သည်နှင့် အတူ အရိယာမဂ်ရရန် ဆောင်ရွက် နိုင်စွမ်း ရှိကြရပေမည်။ သို့မှသာလျှင် ရနံ့သင်းသောပန်းကို နှစ်သက်တတ်သော လူသားများ ဖြစ်ကြပေမည်။ တင့်တယ်လှပသော ပန်းကို ပန်ဆင်သော လူသားတစ်ဦး ဖြစ်ရန်မှာမူ သူတစ်ပါး၏အဖြစ်ကို ရှူမနေဘဲ မိမိ၏ လိုအပ်ချက်များကိုသာ အစဉ်ဖြည့်စွက် နေသင့်ပါသည်။ အကျိုးရှိသောစကားကိုပင် လိုအပ်သလို ပြောတတ်ပြီး ယင်းစကား များကိုလည်း ရိုရိုသေသေ နားထောင်တတ်သူဖြစ်ကာ ပိဋကတ်စာပေများကို လေးစားစွာ ဖတ်ရှုနေသူ ဖြစ်သင့်ပေသည်။ သို့မှသာလျှင် ပြောဆိုသောအခါတွင် ပါးစပ်မှ စကားကောင်းထွက်ပြီး အကျိုးရှိသောဘ၀ကို ပြည့်ပြည့်၀၀ရသူ တစ်ဦး ဖြစ်ပေမည်။ ဤသည်တို့မှာ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမတို့မှ ပေးလိုက်သော ပန်းလက်ဆောင် စကားများ ဖြစ်ကြပါသည်။
ပန်းပွင့်ပုံကြီးကို ပြုလုပ်တတ်သော လူသားဆိုသည်မှာ အဋ္ဌမမြောက် ၀ိသာခါကျောင်း အမကြီး၏ ၀တ္ထုအလိုအရ ကုသိုလ်များများ ဆည်းပူးတတ်သူများ ဖြစ်ကြပါဟု ဆိုလိုပေသည်။ ကုသိုလ်စုဆောင်းကြပါဟု တိုက်တွန်းရခြင်းမှာ လူသားသည် သေမျိုးဖြစ်ရာ အချိန်မရွေးလည်း သေနိုင်သဖြင့် အသေမဦးမှီ ကုသိုလ်ဦးစေရန် ရည်သန်၍ ပြောဆိုရပါသည်။ ကုသိုလ်ဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းကျိုးကို ပေးခြင်း၊ သိတတ်သူများ၏ ချီးမွမ်းခံရခြင်းဟူသော ဂုဏ်အထူးတို့နှင့် ပြည့်စုံသော အလုပ်ဖြစ်ပေသည်။ ကုသိုလ်ပြုပါလျက် အထက်ပါအတိုင်း မဖြစ်ဟုဆိုပါလျှင် အကုသိုလ်တွေခြံရံပြီး ဆောင်ရွက်မိသောကြောင့် ဖြစ်ပေသည်။ သို့မဟုတ် မိမိကပင် ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခွဲ ခြားခြား နားမလည်တတ်သေးသူ တစ်ဦး လည်း ဖြစ်နိုင်ပါသည်။ ကုသိုလ်များများ စုစည်းနိုင်ရန် အရေးကြီးသည့် အချက်နှစ်ရှိပါသည်။ များပြားသော သဒ္ဓါနှင့် မကုန်ခမ်းနိုင်သော ဥစ္စာဖြစ်ပေသည်။ သဒ္ဓါ နှင့် ဥစ္စာ တစ်ခုခုက နည်းသွားပါကလည်း ကုသိုလ်များများ စုစည်းနိုင်ရန် မဖြစ်ပေ၊ အဋ္ဌကထာ ဆရာကမူ ၀ိသာခါ ကျောင်းအမကြီးကို ဥပမာထုတ်ဆောင် ပြပါသည်။
အမြစ်၊ အနှစ်၊ အပွင့်သုံး မျိုးသည် အနံ့ဖြစ်စေရန် နေရာသုံးမျိုး ဖြစ်ပေသည်။ ထိုမွှေးသောရနံ့တို့သည် လေယူရာယိမ်းပြီး၊ လေတိုက်သည့် ဖက်သို့တိမ်း ကြပြီးလျင် လေစုန်သို့သာ ရနံ့ကို လွှတ်တတ်ကြပေသည်။ ရနံ့ကို လေညာသို့ ပြန်တက်စေသည့် ထုံးစံ မရှိပေ။ အရပ်လေးမျက်နှာသို့ ရနံ့သင်းအောင် စွမ်းဆောင်နိုင်သည် ဆိုပါလျှင် ပကတိရိုးရိုး သက်မဲ့ပန်းပွင့် မဖြစ်နိုင်ပေ။ ရနံ့သင်းသော ပန်းနှင့်တူသော လူသား၏ အစွမ်းသာလျှင် ဖြစ်ပေမည်။ အစွမ်းအစဟူသည် မိမိစွမ်းနိုင်သည့် အစလေးကို ထုတ်ပြီးသုံးတတ်ပါမှ ပေါ်ထွက်လာတတ် ပေသည်။ စွမ်းနိုင်ပါလျက် အစကို မထုတ်လျင်၊ ထုတ်မသုံးတတ်လျင် အစွမ်းလည်း မရှိနိုင်၊ အစလည်း မပေါ်နိုင်ပေ။ အစမှ မရှိလျှင် အဆုံးသည် မည်ကဲ့သို့ ဖြစ်လာချေမည်နည်း။ သို့အတွက် အစွမ်းအစရှိသူ တစ်ဦး ဖြစ်ရန် လိုပေသည်။ အမှန်ကို စောင့်ရှောက်တတ်သော သူသည် စွမ်းနိုင်သူ ဖြစ်ပေသည်။ အမှန်ဟူသည်မှာ သီလရှိသည်ကို ဆိုလိုပါသည်။ သီလလုံခြုံသူသည် မိမိစောင့်ရှောက်သည်ဟု ထင်ရသော်လည်း သူတစ်ပါးကို အလိုလို စောင့်ရှောက်ပြီးသား ဖြစ်သည်။ ပါဏာတိပါတ လုံခြုံသူသာ ဖြစ်ပါစေ သူတစ်ပါးအသက်ကို ကယ်သူ ဖြစ်သွားပေသည်။ အဒိန္နာဒါန လုံခြုံသူသည် သူတစ်ပါး၏ ဥစ္စာကို လုံခြုံစေသူ ဖြစ်ပေသည်။ ကာမေသု မိစ္ဆာစာရ လုံခြုံသူသည် မိမိသူတစ်ပါးတို့၏ မိသားစုကို ထိန်းသိမ်းပြီးသား ဖြစ်သွားပေသည်။ ဤသို့ဖြင့် သီလကို လုံခြုံသူများသည် စွမ်းနိုင်သူများ ဖြစ်ပေသည်။ သူတို့၏ ရနံ့သည် အမှန်တရား၏ ဘက်တော်သားများ ဖြစ်သဖြင့် ဂုဏ်သူဋ္ဌေးကြီးများဟု သူတို့ကို ခေါ်ဆိုရမည် ဖြစ်ပေသည်။ ပစ္စည်းဥစ္စာ ချမ်းသာသည်ထက် သီလဂုဏ်က အရေးကြီးပေသည်။ ပစ္စည်းဥစ္စာ ချမ်းသာမှုသည် လိုအပ်ချက်ဖြစ်သော်လည်း မရှိမဖြစ် မဟုတ်ပေ။ သို့သော် ဆင်းရဲမွဲတေသည်မှာလည်း မင်္ဂလာတော့ မဖြစ်ပေ။
အရှင်အာနန္ဒာမထရ်အကြောင်း ရေးထားသော ဤန၀မ၀တ္ထုတွင် ပါရှိသည့် သီလ အစွမ်းအစကိုပင် ဒသမ၀တ္ထုတွင် ဆက်လက် ဆွေးနွေးထားပါသည်။ အရှင်မဟာကဿပမထေရ်၏ အကြောင်းဖေါ်ပြထားသော ထိုဒသမ၀တ္ထုတွင် အဘယ်အတိုင်းအတာရှိသော သီလ၏ အစွမ်းသည် အရပ်မျက်နှာများသို့ ပြန့်နှံ့ပြီး ဖြန့်နိုင်စွမ်း ရှိလေသနည်းဟု မေးမြန်းသူအတွက် အဖြေပြထားပါသည်။ သီလ၏ အစွမ်းဟူသည် နည်းသည်ဟူ၍ မရှိပေ။ မွှေးတတ်သော ပန်းပွင့်သည် သေးငယ်သော်လည်း မွှေးသည့်အစွမ်း ရှိသည်သာ ဖြစ်ပေသည်။ သီလမှာမူ ကုသိုလ်ဖြစ်သဖြင့် သေးသည်၊ ငယ်သည်၊ နည်းသည်ဟု မဆိုသင့်ပဲ စင်ကြယ်သည်သာ ဖြစ်ပါစေ စွမ်းအားကြီးလှပါသည်။
ပုပ္ဖ၀ဂ် တစ်ဆယ့်နှစ်ဝတ္ထု အဖွင့်ခံ (၁၆) ဂါထာတို့တွင် ပန်းပွင့် (ပုပ္ဖ) ဟူသော အသုံးအနုန်းကို ၀တ္ထု ရှစ်ခုတွင်သာ သုံးစွဲပြီး ရနံ့သက်သက် (ဂန္ဓ) ဟူသော စကားလုံးကို နှစ်ဝတ္ထုတွင်သာ သုံးထားသည်ကို တွေ့ရပါသည်။ ကျန်သော ၀တ္ထုနှစ်ခု၏ ဂါထာများတွင်မူ ပန်းပွင့် (ပုပ္ဖ) ဟူ၍လည်း မပါ၊ ရနံ့သက်သက် (ဂန္ဓ) ဟူ၍လည်း မရှိဘဲ ဟောကြားထားသည်ကို လေ့လာ တွေ့ရှိရပါသည်။
ရနံ့ မသင်းလှသော အလှပန်းမျှထက် သာလွန်သော ထူးခြားလူသားဖြစ်ရန်မှာမူ ဘ၀ကို နွံမနစ်စေဘဲ ရုန်းထွက် တတ်ကြရပေမည်။ မစင်ကြယ်သော၊အနံ့ဆိုးလှသော အမှိုက်ပုံပေါ်တွင် ပေါက်ပြီး ပွင့်လာသော ပန်းတစ်ပွင့်သည် မည်သို့ပင် ဆိုစေကာမူ လူအများက နှစ်သက်စဖွယ် ဖြစ်ပေသည်။ ပုထုဇဉ် လောကသည်လည်း အမှိုက်ပုံစဖွယ် မစင်ကြယ်လှပေ၊ သီလ မဖက်ကြသဖြင့် အနံ့အသက်လည်း မကောင်း လှပေ။ သို့သော် ပုထုဇဉ်သည် အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ် ကြရပေမည်။ အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ်သူသည်သာ လူစွမ်းကောင်း ဖြစ်ပေသည်။ သူတော်ကောင်းများသည်လည်း အမှိုက်ဘ၀မှ ရွှေဖြစ်သွားသူများသာ ဖြစ်ပါသည်။ သူတို့သည်လည်း အရိယာအဖြစ် မွေးဖွားလာခဲ့ကြ ကတည်းက ဖြစ်ခဲ့သည် မဟုတ်ပေ။ မွေးဖွားနိုင်သည်ပင် ဖြစ်ပါစေဦး အရေအတွက် မျာများရှိမည် မဟုတ်ပါ။
ပထမနှစ်ဝတ္ထု နှင့် န၀မ၊ ဒသမ၊ ဧကာဒသမ ငါးဝတ္ထုတို့တွင် ရဟန်းတော်များအကြောင်း၊ တတိယတွင် ၀ိဋဋူပ၀တ္ထုနှင့် စတုတ္ထတွင် နတ်သားခင်းပွန်းဟောင်းကို တောင့်တပြီး ကုသိုလ်ပြုသူတစ်ဦး အကြောင်း၊ ပဉ္စမတွင် သူဋ္ဌေးကြီးဦးကပ်စီးအကြာင်း၊ ဆဋ္ဌတွင် တက္ကတွန်းအကြောင်း၊ သတ္တမတွင် ပိဋကတ်သုံးပုံ ဆောင် ဒကာတစ်ဦး အကြောင်း၊ အဋ္ဌမတွင် ရှည်လျားပြီး မှတ်သားစရာများလည်း စုံလင်သော ၀ိသာခါ ကျောင်း အစ်မ ကြီးဝတ္ထုတို့ဖြင့် ဤပုပ္ဖ၀ဂ်သည် ရဟန်း၊ မင်းသား၊ ဒါယကာ၊ ဒါယိကာမ၊ တက္ကတွန်း အကြောင်း စုံစုံလင်လင် ဖေါ်ပြသော ၀ဂ်တစ်ခု ဖြစ်ပါသည်။
ဝိဋဋူပ၀တ္ထုတွင် ရဟန်းတော်များ မကြွလိုသော နေရာ၏ ပြစ်ချက်ကိုးခုကို အင်္ဂုတ္တရနိကာယ န၀ကမှ သာဓပြု တင်ပြထားသည်ကို တွေ့ရပါသည်။ အမျိုးသား၊ အမျိုးသမီး မည်သူက ပဓာနဖြစ်သနည်းဟူသော ပြဿနာကိုလည်း ဖြေပြထားပါသည်။ ဤအဖြေကိုသိလိုပါက အနောက်တိုင်းသားများ၏ နာမည် မှည့်ခေါ်ပုံကို ကြည့်ပါက သိရပေမည်။ ၀ိသာခါဝတ္ထုတွင် အမျိုးသမီးများ၏ ကောင်းခြင်းငါးဖြာကို ဖေါ်ပြထာပြီး၊ မင်္ဂလာပွဲဆင်နွဲကြပြီးတွင် အိမ်ထောင်ဦးစီးအိမ်သို့ လိုက်ပါမည့် အမျိုးသမီးများအတွက် သြ၀ါဒ ဆယ်ချက်ကိုလည်း ဖတ်ရပါသည်။ အရိယာပုဂ္ဂိုလ်များ စိတ်မဖေါက်ပြန် နိုင်တော့ပုံကိုလည်း မှတ်သားဖွယ် ဆုံးဖြတ်ချက် အဖြစ် တွေ့ရပါသည်။ နိဗ္ဗာန်ရောက်သောသူ၏ ၀ိဥာဉ်ကိုရှာဖွေသော မာရ်နတ် အကြောင်းကိုလည်း ဖေါ်ပြထားပါသည်။ တစ်ဆယ့်နှစ်ခုမြောက် ၀တ္ထုတွင် ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကများ၏ ဂုဏ်ကျေးကို မသိတတ်သူများကို ပညာစက္ခုမရှိသူများဟု သုံးစွဲထားသည်ကို တွေ့ရပြီး ပညာစက္ခုရှိအောင် လက်တွေ့ ဆောင်ရွက်ကြည့်ကြပါဟု တိုက်တွန်းရေးသားရပါသည်။ ပုပ္ဖ၀ဂ်သည် ပန်းနှင့် ဥပမာပြဆိုပြီး တရားဓမ္မများကို ဟောတော်မူထားပါသည်။ ပန်းနှင့်တူအောင် ကျင့်တတ်သော သူများ ဖြစ်ကြပါလျင် အကျိုးများပေမည်။ ပွင့်သောပန်းတိုင်း မမွှေးနိုင်သော်လည်း မိမိတို့သည် မွှေးသော၊ လှသော ပန်းပမာ စွမ်းနိုင် သူများဖြစ်ရန် လိုပါသည်။
ဆောင်းပါးမှတ်စုများ
၁။ ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒ၀ဂ်
၂။ အင်္ဂုတ္တရနိကာယ၊န၀ကပါဠိ
၃။ ခုဒ္ဒကနိကာယ
စာရေးးသူ၏အာဘော်
ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။
ဆရာတော် ဒေါက်တာအရှင်နန္ဒက
ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်
အင်ချွန်းမြို၊တောင်ကိုရီးယား
0 comments:
Post a Comment