သံဃာ့ဒါနနှင့် ရဟန်း
အယ်ဒီတာရှင့်
ကျွန်မတို့ ရက်ကွက်တွင် နှစ်စဉ် သံယာ့ဒါဆွမ်းလောင်းရာ သံဃာ ၁၀၀ ကျော် ကြွရောက်လေ့ရှိပါသည်။ ကျွန်မက ဆွမ်းလောင်းလှူသူများ စေတနာ သဒ္ဓါတရားတိုးရန် ဆွမ်းလောင်းခါနီး၌ ကြိုးစားလောင်းကြပါ၊ ရဟန္တာအရှင်မြတ်ကြီးတွေ ဆွမ်းခံကြွနေကြပါတယ်။ ကြည်ညိုသဒ္ဓါတိုးကြပါ။ တကယ့် ရဟန္တာအရှင်မြတ်ကြီးတွေပါဟု ပြောဆိုတိုက်တွန်း စကားဆိုပါသည်။ ကိုယ်တိုင်ကလည်း အဲသည်လို နှလုံးသွင်းပါသည်။ အဲသည်အခါ အမှုဆောင်လူကြီးတစ်ဦးက ညီမ သည်လိုမဆိုပါနှင့်၊ ဆရာတော်တွေကြားလျှင် အလှူခံတော့မှာ မဟုတ်ဘူးဟု လာပြီးတားမြစ်ပါသည်။ စေတနာ သဒ္ဓါတရားတိုးရန် ဤလိုတိုက်တွန်းစကားပြောတာ မှားပါသလား၊ ဆရာတော်တွေ ကြားလျှင်ကော တကယ်အလှူမခံတော့ဘူးလား၊ ဘာသာရေး ပြဿနာအဖြေလွှာရေးတဲ့ ဆရာတော်ကို မေးလျှောက်ပေးပါရန် တောင်းပန်အပ်ပါသည်ရှင့်။
မခင်အုန်း( မြို့မ)
မြတ်သတိဝါဒီ အယ်ဒီတာထံမှ တစ်ဆင့်ရောက်လာသော ပြဿနာစာတစ်စောင်ကို ရရှီပါသည်။ ဒေါ်ခင်အုန်းက သူ၏တိုက်တွန်းစကားကိုကြားလျှင် ဆရာတော်များ ဆွမ်းမခံဘဲ ပြန်ကြွသွားနိုင်ပါသလားဟု မေး၏။ တားမြစ်သော အမှုဆောင်လူကြီး၏ အာဘောဂ နှလုံးသွင်းကလည်း မဆိုးပါ။ ရဟန်းတော်များသည် မိမိရဟန္တာမဟုတ်ပဲ ရဟန္တာဟုဆို၍ လှူသော ဆွမ်းအလှူခံလျှင် ရဟန္တာဟု ၀န်ခံရာရောက်သဖြင့် ပါရာဇိကအထိ အပြစ်ကြီးသည်ဟု ကြားသိထားဟန် တူပါသည်။ တစ်နည်းအားဖြင့် ရဟန္တာအယောင်ဆောင်၍ အလှူခံရာရောက်သဖြင့် အလှူမခံဘဲ နေကောင်းနေရာသည်ဟု နှလုံးသွင်းဖြင့် တားမြစ်ပုံရပါသည်။ ဤပြဿနာတွင် နှစ်ဦးလုံးပင် စေတနာကောင်း နှလုံးသွင်းကောင်း ရှိကြသဖြင့် ကုသိုလ်ဖြစ်ကြသည်ချည်းဟု ဆိုနိုင်ပါသည်။ အလှူရှင်များဘက်မှကြည့်၍ အထူးစိစစ်ရန် မလိုပါ။ အလှူခံမည့် ရဟန်းသံဃာတော်များဘက်မှ ဖြေဆိုသင့်သော ပြဿနာဖြစ်လေသည်။
ရဟန်းတော်များဘက်မှ စိစစ်စရာရှိသည်မှာ ရဟန္တာအရှင်မြတ်တို့အား လှူကပ်လေတော့ ၊ ရဟန္တာအရှင်မြတ်တို့သည် ဘုန်းပေးသုံးဆောင်ပါစေသတည်း။ ဤသို့ အဓိပ္ပါယ်ရှိသောစကားဖြင့် လှူဒါန်းရာ၌ သာမညပုထုဇဉ်ရဟန်းတို့ ခံယူသုံးဆောင်မူ ရဟန္တာဟူသော ပဋိညာဉ် ၀န်ခံမှုမြောက်၍ ပါရာဇိကအာပတ်သို့ ရောက်လိမ့်လော၊ အာပတ်သို့မရောက် အလှူခံမြောက်၍ လျောက်ပတ်အပ်စပ်ပါလိမ့်လော့ဟုမေးလျှင် အလှူခံနိုင်ပါသည်။
ထိုအကြောင်းကို ပါရာဇိကဏ်ပါဠိတော်တွင် တိုက်ရီုက်ပါရှိပါသည်။ ၄င်းမှာ ဘုရားလက်ထက်တော်က ပုဏ္ဏားကြီးတစ်ဦးသည် ရဟန်းသံဃာတော် တို့အား မိမိအိမ်သို့ ပင့်ဖိတ်၍ အိမ်သူအိမ်သား မိသားစုများအား အမောင်တို့ အမိတို့၊ ငါသည် ရဟန္တာပုဂ္ဂိုလ်များကို ပင့်ဖိတ်၍လာခဲ့ပြီ၊ ရဟန္တာပုဂ္ဂိုလ်များသည် ကြွရောက်၍ လာလေပြီ။ လှူကြကုန်လော့ လောင်းကြကုန်လော့၊ ရဟန္တာအရှင်မြတ်များသည် ဘုဉ်းပေးပါစေသတည်း၊ သုံးဆောင်ပါစေသတည်း စသည်ဖြင့် ဆိုလေရာ ရဟန္တာမဟုတ် ပုထုဇဉ်သာရှိသေးကုန်သော ရဟန်းတို့သည် ငါတို့သည် ရဟန္တာမဟုတ်သေး ကျင့်ဆဲံ့ ပုထုဇဉ်မျှသာ ဖြစ်သေးသည်။ ငါတို့ အဘယ်သို့ ကျင့်ရပါကုန်အံ့နည်း ဤ ပွဲတွင် ပါဝင်၍ အလှူခံလျှင် ရဟန္တာဟု ၀န်ခံရာရောက်သဖြင့် ပါရာဇိက ကျလေရာဟု အလိုလို( သံသယ) ဖြစ်၍ အချို့အလှူမခံဘဲ ပြန်ကြလေသည်။
ထိုအကြောင်းကို မြတ်စွာဘုရားသိ၍ ” အနာပတ္တိဘိက္ခဝေ ပသာဒဘညေ” ဟု မိန့်တော်မူသည်။ ” ဘိက္ခဝေ ရဟန်းတော်များ အိုချစ်သားတို့၊ ပသာဒ ဘညေ ကြည်ညို၍ဆိုခြင်း၌ အနာပတ္တိ အာပတ်မသင့်ပေ” အလှူဒကာ၊ ဒကာမတို့က သံဃာတော်တို့အား ကြည်ညို၍ ဆိုခြင်း၌ ရဟန်းတို့မှာ အာပတ်မသင့် အလှူခံနိုင်သည်ဟု မိန့်တော်မူသည်။
ဤခေတ်တွင် ပြဿနာရှင် ဒေါ်ခင်အုန်းကဲ့သို့ ဆွမ်းတော်ကြီးလောင်းပွဲ ဆွမ်းအလှူပွဲ ယုတ်စွအဆုံး မိမိအိမ်တွင် ဆွမ်းကျွေး ဆွမ်းကပ်လှူပွဲတို့တွင် မိမိကိုယ်တိုင်ကလည်း စေတနာ သဒ္ဓါတရား တိုး၍ အကျိုးကြီးသည်ထက် ကြီးစေရန် ကြွလာသော ရဟန်းတော်များကို ဖူးမြော်၍ ရဟန္တာပုဂ္ဂိုလ်ကြီးများ ကြွလာပြီဟု နှုတ်ကမြွက်ဆို၍ ကြိုဆိုရှိခိုးခြင်းမျိုး၊ အခြားသူများအားလည်း ကြည်ညိုသဒ္ဓါ ပွားစေရန် ထိုသို့ဆို၍ တိုက်တွန်းခြင်းမျိုးရှိကြပါသည်။ ဤသို့ဆို၍ တိုက်တွန်းခြင်း နိဗ္ဗာန်ဆော် ပြုလုပ်ခြင်းများကိုလည်း ကြားသိကြရပေသည်။ ထိုအခါ အလှူခံပုဂ္ဂိုလ်များအနေဖြင့် သြော် သူတို့ စေတနာ သဒ္ဓါတရား အားကြီးကြသောကြောင့် ငါတို့အား ရဟန္တာပုဂ္ဂိုလ်ကြီးတွေဟု ဆိုနေကြပါသည်။ ငါတို့အား အမှန်တကယ် အာသဝေါ ကင်းကွာ ရဟန္တာမဟုတ်ကြသေးပေ၊ သို့လင်ကစား ငါတို့သည် သူတို့ စေတနာ သဒ္ဓါတရားကို စောင့်ရှောက်သောအားဖြင့်လည်းကောင်း၊ ငါတို့သည်လည်း သူတို့ထင်သည့်အတိုင်း ရဟန္တာဖြစ်အောင် ကျင့်သုံးနေကြသူများပီပီ ကြိုးစားအားထုတ်၍ ကျင့်သုံးရပေမည်။ ကျင့်သုံးရန် တာဝန်ရှိပေသည်။ မဟာမိတ္တမထေရ်ကဲ့သို့ ဤကဲ့သို့သော စေတနာ သဒ္ဓါပန်းဖြင့် လှူဒါန်းသော ဆွမ်းကို ရဟန္တာအဖြစ်ဖြင့် သုံးဆောင်နိုင်သည်အထိ ကျင့်သုံးကြရမည်မှာ ငါတို့၏ တာဝန်ပေတကားဟု ဓမ္မသံဝေဂဖြင့် အလှူခံကြရတော့သည်။
ထို့ကြောင့် ထိုပါဠိတော်ကို ဖွင့်ဆိုသော အဠကထာဆရာကလည်း တံ ပနဿ ပသာဒဘညံ သဒ္ဓါစရိတတ္တာ အတ္တနော သဒ္ဓါဗလေန သမုဿာဟိတဿဝစနံ၊ တသ္မာဘဂ၀ါ အနာပတ္တိ ဘိက္ခဝေ ပသာဒဘညေတိအာဟ ဧ၀ံ ၀ုစ္စမာနေနပန ဘိက္ခုနာ အဠ တုဠေနေ၀ ပစ္စယာ ပရိဘုဉ္စိတဗ္ဗာ၊ အရဟတ္တာ သမ္ပာပကံ ပဋိပဒံပူရိဿာ မိတိဧ၀ံယောဂေါ ကရဏိယောတိ” ( ၀ိဠ ၂ ၊ ၉၄) ဟု ဖွင့်ဆိုထားလေသည်။
အဿဗြဟ္မဏဿ ထိုပုဏ္ဏား၏ တံ ပန ပသာဒညံ ထိုကြည်ညို၍ ဆိုသောစကားသည် သဒ္ဓါစရိတ္တာ သဒ္ဓါစရိုက် ပြောသောအဖြစ်ကြောင့် တတ္တနော မိမိ၏၊ သဒ္ဓါဗာလေနံ သဒ္ဓါခြင်း၏ အစွမ်းဖြင့်၊ သမုဿာဟိတဿ တိုက်တွန်းနှိုးဆော်သော ပုဏ္ဏား၏ ၀စနံ စကားတည်း၊ တသ္မာ ထို့ကြောင့် ဘဂ၀ါ မြတ်စွာဘုရားသည်အနာပတ္တိ ဘိက္ခဝေပသာဒ ဘညေတိ အနာပတ္တိဘိက္ခဝေ ပသာဒဘညေဟူ၍ ရဟန်းတို့ကြည်ညို၍ ဆိုခြင်း၌ အာပတ်မသင့် ဟူ၍ အာဟ အဝေါစ မိန့်တော်မူ၏။
ဧ၀ံ ဤသို့၊ ၀ုစ္စမာနေနေ ပန ဆိုအပ်သည်ရှိသော် ဘိက္ခုနာ ရဟန်းသည် ဆိုသည်ကို ကြားသိရသော ရဟန်းသည် အဠတုဠေ နေ၀ သြော် အလွန်ကြည်ညိုကြကုန်သော ဒကာ ဒကာမများပါ တကားဟူ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်၍သာလျှင်၊ ပစ္စယာ ၄င်းတို့လောင်းလှူသော ပစ္စည်းတို့ကို နပရိဘုဉ္စိတဗ္ဗာ ပေါ့ပေါ့ဆဆ ပမာဒတရားဖြင့် နေစားချောင်ချောင် မသုံးဆောင်သင့်ကုန်၊ အရဟတ္တ သမ္ပာပကံ ရဟန္တာအဖြစ်သို့ ရောက်စေတတ်သော၊ ပဋိပဒံ ၀ိပဿနာ ရူရာရူကြောင်း အကျင့်ကောင်းကို ၊ ပရိပူရဿာ မီတိ ကြိုးစားအားထုတ် ပြုလုပ်ဖြည့်ကျင့်ပေအံဟူ၍ ၊ ဧ၀ံ ဤသို့၊ ပယောဂေါ လုံ့လ၀ီရိယကို၊ ကရဏိယော ပြုကျင့်အပ်၏။
ထို့ကြောင့် ဆွမ်းလောင်းပွဲ ဆွမ်းကပ်ပွဲတို့၌ ရဟန္တာပုဂ္ဂိုလ်ကြီးများ ကြွလာပြီ လှူကြပါလောင်းကြပါဟူသော စကားမှာ မိမိတို့ အဖို့လည်း စေတနာ သဒ္ဓါတရားတက်ကြွ၍ ဒါန၏ အကျိုးတရားများ တိုးပွားလာနိုင်လျက် အလှူခံရဟန်းတော်များအဖို့လည်း ပရိယတ် ပဋိပတ် နှစ်ရပ်သော တရားတို့ကို ကြိုးစားအားထုတ်လိုသော လုံ့လ၀ီရိယများထက်သန်၍ နိဗ္ဗာန်တရားကို ဆတက်ထမ်းပိုးကြိုးစားလာနိုင်သဖြင့် ပြောဆိုထိုက် နှိုးဆော်တိုက် တွန်းထိုက်သော စကားပင်ဖြစ်ပါသည်။
မြတ်သတိဝါဒီမဂ္ဂဇင်း
နိုဝင်ဘာလ၊ ၂၀၀၀ ခုနှစ်
0 comments:
Post a Comment