လူတိုင်းသိထားသင့်တဲ့“ကံ”အကြောင်း အပိုင်း(၃)
Wednesday, 22 December 2010 19:57 | [IMG]/templates/ashinsirinda/images/PostAuthorIcon.png[/IMG]Written by မေတ္တာဥယျာဉ် | [LINK=/2009-07-18-17-32-10/dhamma-sarpay/696-2010-12-23-04-14-23.pdf]PDF [/LINK] | [LINK=/2009-07-18-17-32-10/dhamma-sarpay/696-2010-12-23-04-14-23.html?tmpl=component&print=1&page=]| Print |[/LINK] | [LINK=/component/mailto/?tmpl=component&link=aHR0cDovL2FzaGluc2lyaW5kYS5jb20vMjAwOS0wNy0xOC0xNy0zMi0xMC9kaGFtbWEtc2FycGF5LzY5Ni0yMDEwLTEyLTIzLTA0LTE0LTIzLmh0bWw%3D] အီးမေးလ်[/LINK]
ကမ္မပစ္စည်း အပိုင်း(၃)[IMG]/images/stories/U%20V%20R%20Y/T%20Z%20sayadaw%20%288%29.jpg[/IMG]
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဒိဋ္ဌဓမ္မဝေဒနိယကံ ခေါ်တဲ့ ယခုဘဝ လက်ငင်း ကျိုးရ ဖြစ်စေတဲ့ ကံတွေထဲမှာ ကုသိုလ်ကံ ဆိုလို့ရှိရင်၊ ကံပြုသူ (ပေးလှူသူ) ကိုယ်တိုင်လည်း (၁) အဓိပတိတပ်ပြီး အထက်သန်ဆုံး စေတနာတွေ သဒ္ဓါတရားတွေနဲ့ ပြည့်စုံခြင်း၊
(၂) လှူဖွယ်ဝတ္ထုကလည်း ဓမ္မိယလဒ္ဓဆိုတဲ့ တရားသဖြင့် ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ခြင်း၊ (၃) မိမိအမှန်တကယ် ပိုင်ဆိုင်တဲ့ ပစ္စည်းဖြစ်ခြင်း စတဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်ရမယ်။ အလှူခံပုဂ္ဂိုလ်တွေကလည်း (၁) အနာဂါမ်ရဟန္တာပုဂ္ဂိုလ်တို့ဖြစ်ခြင်း၊(၂) နိရောဓသမာပတ်ဝင်စားပြီး ထမြောက်ခါစ
ဖြစ်ခြင်း စတဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်ရမယ်လို့ ဆိုပါတယ်။ အများကြားသိ ဖူးတဲ့ မဟာဒုဂ်ရဲ့ အလှူမျိုးဖြစ်ရမယ်လို့ ဆိုလိုတာပါ။ အကုသိုလ်ကံ တွေထဲမှာလည်း ကြူးလွန်ပြစ်မှားသူကလည်း သူ့ကျေးဇူးကိုချေဖျက်ခြင်းလို အလွန်ရိုင်းစိုင်းတဲ့ ဒေါသနဲ့ယှဉ်တဲ့ စိတ်စေတနာမျိုးဖြစ်ခြင်း၊ အကျူးလွန်ခံရတဲ့ ပုဂ္ဂိုလ်များကလည်း ဘုရားရှင်တို့၊ သံဃာတို့၊ မိဖတို့၊ ဆရာတို့၊ အသက်သခင်တို့လို ကျေးဇူးရှင် ကြီးများဖြစ်ခြင်းစတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံရင် မထမဇောကံက ဒိဋ္ဌဓမ္မဝေဒနိယကံဖြစ်ပြီး မျက်မှောက်ဒိဋ္ဌဆိုးကျိုးကို ရပါတယ်။
ဇာတ်တော်တွေထဲမှာပါတဲ့ ချောက်ထဲကျနေတဲ့ မုဆိုးပုဏ္ဏားကြီးဟာ သူ့ကို ချောက်ထဲက ကယ်တင်ပေးတဲ့ မျောက်ကို ခဲနဲ့ထုပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်၊ မျောက်က မသေပါဘူး၊ ပုဏ္ဏားကြီးအပေါ်ဗွေလည်း မယူဘူး၊ ရွာလမ်းပြန်တတ်ဖို့ အတွက် သစ်တစ်ပင်နဲ့ တစ်ပင် ကူးပြီးတော့တောင် လမ်းပြပေးလိုက်သေးတယ်၊ ဒါပေမယ့် အဲဒီကျေးဇူးကန်းတဲ့ ပုဏ္ဏားကြီးဟာ မျောက်ကြီး ကြည့်နေတဲ့ မြင်ကွင်း မဆုံးခင်အထိပဲ ခရီးဆက်သွားနိုင်တယ်၊ မြင်ကွင်းကလည်း ကွယ်ရော မြေမျိုသေဆုံးပြီး အဝီစိအထိ ရောက်သွားပါတယ်။ အဲဒါ ချက်ချင်းမြေမျိုသွားစေတဲ့ ပထမဇောကံရဲ့ အကျိုးနဲ့ အဝီစိငရဲမှာ ပဋိသန္ဓေဖြစ်စေတဲ့ သတ္တမဇောကံတို့ရဲ့ အကျိုးပဲရှိသေးတယ်။ အလယ်ဇော (၅)ကြိမ်တို့ ကလည်း အဝီစိကလွတ်မြောက်လာပြီးတဲ့ တတိယဘဝက စပြီးအကျိုးတွေပေးနေဦးမှာပါပဲ။
ဟုတ်ပါတယ်။ အလယ်ဇော ကံတွေရဲ့ အကျိုးက ကံကြီးရင် ကြီးသလောက် အကျိုးပေး ကာလတွေလည်း များပြားတတ် ပါတယ်။ ရဟန္တာအရှင်မြတ် ကြီးအပေါ်မှာ လာဘမစ္ဆေရဖြစ်ပြီး ဒကာ ဒကာမတွေ လှူခဲ့တဲ့ ဆွမ်းခဲဖွယ် တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ လောသက တိဿရဟန်းကြီးရဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သူကျူးလွန်ခဲ့တဲ့ ကံကြီးက ကြီးလွန်းတဲ့အတွက် ပထမဇောကံက ချက်ချင်း နောင်တပူပန်မှုတွေနဲ့ လက်ငင်း ပူလောင်စေသလို သတ္တမဇောကလည်း ဒုတိယဘဝမှာ အပါယ်ငရဲကိုပို့ပြီးပေမယ့် အလယ်ဇောကံ(၅)ချက်တို့က ဘဝအဆက်ဆက်အထိ အစာငတ်ပြတ် မွဲတေ ဆင်းရဲစေခဲ့တာ နောက်ဆုံးဖြစ်တဲ့ ဂေါတမဘုရားရှင်လက် ထက်မှာ ရဟန္တာဖြစ်တဲ့အထိ အစာရေစာဝလင်အောင် မစားရတဲ့ ဆိုးကျိုးတွေကို ဘဝပေါင်းများစွာ ခံစားခဲ့ရပါတယ်။
ဒါကြောင့် ကံတွေဆိုတာ မသိသူတွေက မကြောက်တတ်ဘဲ လက်ရဲဇက်ရဲရှိနေကြပေမယ့်၊ သိသူတွေကတော့ အလွန်အလေး ထားကြပါတယ်။ ကုသိုလ်ကံချင်းအတူတူမှာ ရိုးရိုးကုသိုလ်ကံနဲ့ ပါရမီကုသိုလ်ကံတို့ ဘယ်လိုထူးခြားမှုရှိသလဲ ဆိုရင်တော့ ရိုးရိုးကုသိုလ်ကံက သုဂတိဘုံဘဝကို ပို့ဆောင် ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်၊ ပါရမီ ကုသိုလ်ကံကတော့ နိဗ္ဗာန်မရောက်မီ ကြားကာလမှာလည်း ဘုံဘဝကိုသာမက ဘဝရဲ့အဆင့်အတန်းကိုပါ ပို့ဆောင်ပေးနိုင်စွမ်းရှိပါတယ်။
ဘုရားလောင်းတော်တို့ရဲ့ ပါရမီဖြည့်စဉ် ကာလတစ်လျှောက် ဘဝဇာတ်ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ကုသိုလ်ကံတွေကြောင့် သုဂတိဘုံမှာဖြစ်ခွင့်ရပြီး ပါရမီကုသိုလ်ရဲ့ အစွမ်းသတ္တိကြောင့် လူဘုံမှာ ဖြစ်ရတဲ့အခါမျိုးတွေမှာ ရှင်ဘုရင်တို့၊ မင်းဆရာ ပညာရှိတို့၊ ဒိသာပါမောက္ခ ဆရာတို့ စတဲ့ မြင့်မြတ်တဲ့ အမျိုးဇာတ်တို့မှာ ဖြစ်ရပါတယ်။
နုစဉ်ကာလတွေမှာ ပုထုဇဉ်အလျှောက် အကုသိုလ်ကံ တွေပြုမိလို့ အပါယ်ဘုံမှာ အကျုံးဝင်တဲ့ တိရစ္ဆာန် ဘဝတွေမှာ ဖြစ်ရတယ် ဆိုရင်တောင် “ခို” ထက်သေးငယ်တဲ့ ဘဝမျိုးမှာ မဖြစ်ရဘူး၊ ဖြစ်လေရာ ဘဝတွေမှာလဲ၊ ခိုဖြစ်တဲ့ဘဝမှာခိုမင်း၊ မျောက်ဖြစ်ရင်လည်း မျောက်မင်း၊ ဆင်ဖြစ်ရင်လည်း ဆင်မင်း စသည်ဖြစ်ရပါတယ်။ အကုသိုလ်ကံက တိရစ္ဆာန်ဘဝကို အဆုံးအဖြတ်ပေးပြီး ပါရမီဓာတ်ခံက(၈) ပဝတ္တိဘဝရဲ့အဆင့်အတန်းကို အဆုံးအဖြတ်ပေးတယ်လို့ အကျဉ်းချုပ်သဘောပေါက်နိုင်ပါတယ်။
သာမန်ကုသိုလ်ပဲဖြစ်ဖြစ်၊ ပါရမီကုသိုလ်ကံတွေပဲ ဖြစ်ဖြစ် “ ကံ” ဆိုတာ “သစ်ပင်တို့အား၊ မျိုးစေ့လားသို့”ဆိုတဲ့အတိုင်း မျိုးစေ့မျှသာ ဖြစ်တယ် ဆိုတာကို အလေးအနက်သဘောပေါက် ခံယူယုံကြည်တတ်ဖို့အလွန်အရေးကြီးပါတယ်။ “အရာရာကို ကံကသာ လုံးလုံးလျားလျား ပိုင်ဆိုင်ချယ်လှယ် ဆုံးဖြတ်စီမံပေးတယ်” လို့ ကံကို ပုံပြီးယုံကြည်ရမှာ မဟုတ်ဘူးလို့ သတိပေးလို တာပါ။
“မျိုးစေ့” ဆိုတာကို စနစ်တကျလေ့လာဆန်းစစ်ပြီး ဝေဖန်သုံးသပ်တတ်ဖို့ ကိစ္စဟာ ကမ္မဝါဒီပုဂ္ဂိုလ်တို့အတွက် အယူအဆမှန်၊ ယုံကြည်ချက်မှန် ဖြစ်ရေးမှာ သိပ်ကိုမှ အရေးကြီးလို့ ဒီစကားကို အထပ်ထပ်ပြောနေရတာပါ။
မျိုးစေ့တစ်ခုရဲ့ အဓိကစွမ်းဆောင်ရည်က အပင်ပေါက်နိုင်စွမ်းပါပဲ။ ဒီစွမ်းဆောင်ရည် မလျှော့ပါး မချွတ်ယွင်းစေဖို့အတွက် မျိုးကောင်း မျိုးသန့်ဖြစ်တဲ့ မျိုးစေ့များကို ပိုးထိုးပုပ်ဆွေးစတဲ့ ဘေးတွေက ကင်းလွတ်အောင် ကာကွယ်သိမ်းဆည်းကြရပါတယ်။
ဘယ်လောက်ပဲ စွမ်းဆောင်ရည် ပြည့်ဝအောင်မြင်တဲ့ မျိုးစေ့ဖြစ်စေ၊ မျိုးစေ့ကို ဒီအတိုင်း သိမ်းဆည်း သိုမှီးထားရုံနဲ့တော့ အပင်မပေါက်ပါဘူး၊ သူ့ရာသီနဲ့သူ သင့်လျော်တဲ့ အချိန်မှာ မြေချစိုက်ပျိုး ပေးရပါတယ်။ မြေချပေးရတယ် ဆိုတာလည်း မြေပေါ်ကို ဒီအတိုင်း ချထားလို့ဖြစ်တာ မဟုတ်သေးဘူး၊ မျိုးစေ့ အမျိုးစား အလိုက် မြေကို သင့်လျော်သလို ထယ်နဲ့ထိုးဆွပေးခြင်း၊ မြေတုံးမြေခဲတွေကို ညက်အောင်ထွန်နဲ့ ဆွချေပေးခြင်းစတဲ့ လုံလောက်တဲ့ ပြုပြင်ပေးမှုတွေလည်း လုပ်ပေးရပါတယ်၊ အပင်ပေါက်ပြီးတဲ့ အခါမှာလည်း မလိုလားအပ်တဲ့ ပေါင်းမြက်တွေ ကင်းအောင်လည်း သုတ်သင်ဖယ်ရှားပေးရတယ်။ လိုအပ်သလိုရေသွင်း ရေလောင်းခြင်း၊ မြေဆီဩဇာ ဖြည့်စွက်ခြင်း စသည်ကိုလည်း လုပ်ပေးရပါတယ်။ အဲဒီလို အဘက်ဘက်က လိုလေသေးမရှိ အကြောင်း အပေါင်းစုံအောင် ကူညီပံ့ပိုး ပေးနိုင်မှသာ အောင်မြင် ဖြစ်ထွန်းတဲ့ အသီးအနှံတွေနဲ့ စုံညီစည်ပင်တဲ့ အပင်ဆိုတာ ဖြစ်လာနိုင်ပါတာပါ။
ကံနဲ့ကံရဲ့အကျိုးဆိုတာဟာလည်း မျိုးစေ့နဲ့ အပင်၊ အရွက်၊ အပွင့်၊ အသီးတို့ရဲ့ ဖြစ်စဉ်နဲ့ အလားတူပါတယ်၊ ဒါကြောင့်လည်း ကံကို မျိုးစေ့နဲ့ နှိုင်းရတာပါ။ ကံရဲ့အဓိက စွမ်းဆောင်ရည်က ထိုက်တန်တဲ့ ဘုံဘဝတစ်ခုကို ပို့ပေးနိုင်စွမ်းပါပဲ။ ဒါဟာ မျိုးစေ့ကို အချိန်မှီရာသီကိုက် ထွန်ယက်ပြီးတဲ့ မြေပေါ်မှာ ချပေးလိုက်တဲ့ သဘောပဲ ရှိပါတယ်။ မျိုးစေ့တွေမှာ အပင်ပေါက်ပြီးတဲ့အခါ သူ့ဗီဇသတ္တိအားလျှော်စွာ အရွက်၊အပွင့်၊ အဆံတို့ကို ဖြစ်စေတဲ့ စွမ်းရည်လည် ရှိသလို ကံတွေမှာလည်း ကံနဲ့ ထိုက်တန်တဲ့ ကံမွေတွေကို ပေးနိုင်စွမ်းတဲ့သတ္တိတွေရှိပါတယ်။
ကုသိုလ်ကံတစ်ခုခုက သူ့စွမ်းရည်သတ္တိအားလျှော်စွာ သတ္တဝါတစ်ဦးဦးကို သုဂတိဘုံသားအဖြစ်ပို့ပြီးတဲ့အခါ အဲဒီသတ္တဝါရဲ့ ရုပ်ပိုင်း နာမ်ပိုင်း နှစ်ပိုင်းလုံးမှာ ကံရဲ့အမွေတွေပါရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကံရဲ့အမွေများကတော့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဆိုတဲ့ အပြင်အာရုံတွေထင်လာနိုင်စွမ်း လက်ခံနိုင်စွမ်းဖြစ်တဲ့ မျက်စေ့၊ နား၊ နှာ၊ လျှာ၊ ကိုယ်လို့ ခေါ်တဲ့ ရုပ်အကြည်ဓာတ်ငါးမျိုးနဲ့ အတွေးအာရုံတွေ ထင်မြင်လက်ခံနိုင်စွမ်းဖြစ်တဲ့ ဟဒယဝတ္ထုခေါ်တဲ့ နှလုံးသားများဟာ အဓိကဖြစ်ပါတယ်။
ဒီရုပ်တွေ စနစ်တကျ ရှင်သန်ကြီးထွား ဖြစ်တည် နိုင်ရေးအတွက် စောင့်ရှောက် ပေးတတ်တဲ့ “ရုပ်သက်”ခေါ် ဇီဝိတိနြေ္ဒရုပ်လည်း ပါပါတယ်။ ဒီရုပ်တွေဟာ ကံရဲ့ အမွေတွေဖြစ်လို့ ကမ္မဇရုပ်များလို့ ခေါ်ပါတယ်။ နာမ်ပိုင်းဆိုင်ရာကံရဲ့ အမွေတွေထဲမှာ အဓိက ထင်ရှားပါရှိတာကတော့ “သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ“ ဆိုတဲ့ နာမ်စွမ်းအားဓာတ်ခံ ကောင်းတွေဖြစ်ပါတယ်။
သာမန် အားဖြင့်တော့ ဘယ်သူမဆို ကံပြုလုပ်စဉ် ကာလမှာ ပုဂ္ဂလဗျာပါရ အနေနဲ့ ဒီနာမ်စွမ်းအား ငါးခုကိုပဲ အခြေခံအားပြုပြီ ကြိုးစားအားထုတ်ကြရတာပါ။ ဒီငါးပါးထဲမှာ ဉာဏ်ပညာ စွမ်းအားအနေနဲ့ ကံနဲ့ကံရဲ့အကျိုးကို သိမြင်တဲ့ အဆင့်ထက် ပိုလွန်ပြီး “ရုပ်၊နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ”ဆိုတဲ့ တကယ့်အရှိ ပရမတ္ထသစ္စာတရားတွေအထိ အနည်းဆုံး နာယူမှတ်သားသိအနေနဲ့ သိမြင်ခဲ့မယ်၊ ပြီးတော့ ဒီပရမတ္ထသစ္စာမှာ ပါဝင်တဲ့ ရုပ်ဓာတ် နာမ်ဓာတ်တွေထဲက ရုပ်တို့ရဲ့ အခြေခံဖြစ်တဲ့ ဓာတ်ကြီးလေးပါးတို့၊ နာမ်တရားတွေထဲကလဲ သိမှုအစု(ဝိညာဏက္ခန္ဓာ)၊ ခံစားမှုအစု(ဝေဒနက္ခန္ဓာ)၊ မှတ်သားမှုအစု(သညာက္ခန္ဓာ)၊ စဉ်းစားကြံစည်ပြုပြင်မှု အစု(သင်္ခါရက္ခန္ဓာ)တို့ရဲ့ ခဏမစဲ တသဲသဲဖြစ်ပျက်ပြောင်းလဲတတ်တဲ့ အနိစ္စသဘောလက္ခဏာတို့အထိ တစ်အောင့်တစ်တခဏဖြစ်စေ ကိုယ်ပိုင်သိ အဖြစ်နှလုံးသွင်း ဆင်ခြင်ခဲ့ဖူးတဲ့ ဝိပဿနာ ဉာဏ်ပညာအဆင့်အထိပါ ရှိခဲ့ဖူးမယ်ဆိုရင်တော့ ဒီနာမ်စွမ်းအားငါးခုတို့ဟာ ကံရဲ့ အမွေသာမကဘဲ ပါရမီရဲ့အမွေအဖြစ်နဲ့ အလေ့အထုံ ပါရမီဓာတ်ခံ ကောင်းတွေအဆင့်အထိ မြင့်မားလာပါတယ်။
နာမ်စွမ်းအားတွေမှာ ကမ္မသတ္တိတွေသာမက ပါရမီ ဓာတ်ခံသတ္တိတွေပါ မွေးရာပါ အရည်အချင်း တစ်ရပ်အနေနဲ့ ပါရှိသူ ပါရမီရှင်တွေဟာ ဉာဏ်မျိုးစေ့ဓာတ်ခံ ပါတဲ့ တိဟိတ်ပုဂ္ဂိုလ် စစ်စစ်တွေဖြစ်ကြလို့ လောကီကောင်းကျိုး ချမ်းသာတွေသာမက သာသနာတော်နဲ့ ကြုံခွင့်ရ ကြမယ်ဆိုရင် လောကုတ္တရာ ကောင်းကျိုး ချမ်းသားဖြစ်တဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အထိ ပေါက်ရောက်အောင် စွမ်းဆောင်နိုင် တတ်ကြပါတယ်။ ဒါကြောင့် မျက်စေ့၊ နား၊ နှာ စတဲ့ ရုပ်စွမ်းအားတွေနဲ့ သာမန်နာမ်စွမ်းအားတွေ(လောကီကျိုးလောက်သာ ဆောင်ရွက် နိုင်တဲ့ စွမ်းအားတွေ)က ကံရဲ့အမွေအနှစ်တွေ၊ ထက်မြက်ထူးချွန်တဲ့ နာမ်စွမ်းအားတွေက ပါရမီရဲ့ အမွေအနှစ်တွေလို့လဲ ခွဲခြား သတ်မှတ် နိုင်လောက်ပါတယ်။ မူလဋီကာ ဆရာတော်ကတော့ “လောကမှာ ပြောဆိုနေကြတဲ့ “ကျက်သရေ“ သိရီ” ဆိုတာ ဒီပညာတွေ ကောင်းမှုတွေနဲ့ ကောင်းမှုရဲ့အကျိုး အဖြစ်နဲ့ ခန္ခာကိုယ်မှာ ပြည့်စုံရရှိထားတဲ့ ရုပ်စွမ်းအား နာမ်စွမ်းအား ပြည့်စုံတင့်တယ်မှုတွေ၊ ပိုင်ဆိုင်ရရှိထားတဲ့ ကောင်းကျိုး ချမ်းသာတွေကို ခေါ်တာပဲ” လို့ မိန့်ကြားပါတယ်။(မူလဋီ-၁၊ ၉)
ကံနဲ့ ပါရမီမျိုးစေ့တို့ရဲ့ တာဝန်ဟာ ဆိုင်ရာ သုဂတိဘုံဘဝကို ပို့ဆောင်ပေးပြီး လိုအပ်တဲ့ အခြေခံ ရုပ်စွမ်းအား နာမ်စွမ်းအားတွေနဲ့ ပြည့်စုံသူဖြစ်အောင် ဆောင်ရွက်ပြီးပြီဆိုရင် သူတို့ရဲ့ တာဝန်ဟာ ကျေပွန်ပြီလို့ပဲ သိမှတ်ကျေနပ်လောက်ပါတယ်။
တကယ်တန်းလိုအပ်တဲ့ အကျိုးစီးပွားတွေ အဆင့်ရောက်ဖို့ ဆိုတာကတော့ လယ်ယာသီးနှံ ဥယျာဉ်ပန်းမလ် စိုက်ပျိုးတဲ့ ဥယျာဉ်မှူးနဲ့တူတဲ့ သုဂတိဘုံသားတို့ရဲ့ ပစ္စုပ္ပန်မှာ ဖြည့်ဆည်း ဆောင်ရွက်ရမယ့် ပေါင်းသင်၊ ရေလောင်း၊ မြေဆီကျွေးသည့်ပမာ ဆက်ဆက်ကြိုးစားရမယ့် ပစ္စုပ္ပန်ပုဂ္ဂလဗျာပါရပိုင်းတာဝန်ပဲဖြစ်ပါတယ်။ ပုဂ္ဂလဗျာပါရတာဝန်က အတိတ်မှာ ကံပြုစဉ်ကလည်း တာဝန်ရှိခဲ့သလို ကံပင်တွေအဖြစ် ရောက်ရှိတဲ့ ပစ္စုပ္ပန်မှာလဲ တာဝန်သစ် တစ်ခုရှိနေသေးတယ် ဆိုတာကို သဘောပေါက်ကြဖို့ပါ။ ထပ်ပြီး ပြောလိုက်ပါရစေ ပုဂ္ဂလဗျာပါရ တာဝန်တွေ ရှေ့နောက် နှစ်ဘက်ညှပ်ပြီး ကျေပွန်မှ ကံတွေလဲ ကောင်းပြီး ကောင်းကျိုးချမ်းသာတွေနဲ့လဲ ပြည့်စုံတယ် ဆိုတာကို သဘောပေါက် ယုံကြည်သူမှသာ ကံနဲ့ကံရဲ့ အကျိုးကို တကယ်တမ်း သိမြင်ယုံကြည်သူ ဖြစ်မယ်ဆိုတာ အလေးအနက် သဘောပေါက်ကြစေလိုပါတယ်။
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာအနီးက ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းမှာ ပဋ္ဌာန်းအဘိ ဓမ္မာသင်တန်း ပေးခဲ့စဉ်က တစ်နာရီသင်တန်း ပေးပြီးတဲ့အခါ တစ်နာရီမေးလိုရာမေးဆိုတဲ့ ဟောသူနာသူ တရင်းတနှီးမေးမြန်းဆွေးနွေးပွဲ ကလေးကို ပူးတွဲအချိန်ပေးထားပါတယ်။ အဲဒီမှာ သင်တန်းသူမိန်းကလေးတစ်ယောက်က “ ဗုဒ္ဓဘာသာဝင်တို့ အခြေခံယုံကြည် လက်ခံထားတဲ့အတိုင်း “ကံ၊ ကံ၏အကျိုး” ဆိုတဲ့အထဲမှာ၊ လူတိုင်းလူတိုင်းဟာ အတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံတွေ ကိုယ်စီကိုယ်ငှပါကြ တယ်လို့ သိရပါတယ်။ အဲဒီကံတွေဟာ အကြောင်းအပေါင်းစုံညီတဲ့အခါ ကောင်းကျိုးတွေကို ပေးမယ်လို့လဲ သိရှိယုံကြည်ကြပါတယ်။
ကောင်းတဲ့ကံတွေ ကောင်းကျိုးပေးမည့် “အကြောင်း အပေါင်းစုံညီမှု”ဆိုတာ ဘယ်လိုအကြောင်းတွေနဲ့ ပေါင်းမိစုံညီရမှာလဲ၊ လူတို့ရဲ့ ကံကောင်း ထောက်မချိန်တွေဟာ ဘယ်အချိန်မျိုးလဲဆိုတာ သိနိုင်ဖို့အတွက် မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တာ ပိဋကတ်တွေမှာရှိပါသလား၊ ရှိလျင်သိလိုက်ပါတယ်”လို့ မေးလျှောက်ဖူးပါတယ်။ အဲဒီတုန်းက ပြန်လည် ဖြေကြားခဲ့တာ လေးတွေဟာလဲ ဗုဒ္ဓဘာသာဝင် တိုင်း၊ (ကမ္မဝါဒီအယူရှိသူတိုင်း) သိသင့်တယ်လို့ ယူဆတဲ့အတွက် အပြည့်အစုံပဲ ပြန်ပြောပြချင်ပါတယ်။ “ ကမ္မပစ္စည်းနဲ့ ပတ်သက်လို့ ဒီလောက်ထိ ကျယ်ကျယ် ဝန်းဝန်း ပြောနေရတာကတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံ ယုံကြည်ချက်ဖြစ်တဲ့အတွက် ပြည့်ပြည့်စုံစုံ ပီပီပြင်ပြင် ကြည်ကြည် လင်လင် ဖြစ်စေချင်လို့ပါ။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
[LINK=http://www.ashinsirinda.com/]http://www.ashinsirinda.com/[/LINK]
၂၀၁ဝ-ခု၊ ဒီဇင်ဘာလ ၂၂-ရက်၊ ဗုဒ္ဓဟူးနေ့။
0 comments:
Post a Comment