ရွှေစကားတို့ရဲ့မြစ်ဖျား (၁၁)
“ဥပမာ ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်မှာနေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းလာတဲ့လူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေ ရှိပေမယ့်လဲ အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူကို ဘေးရန်အန္တရယ် မဖြစ်နိုင်ပါဘူး။”
( စံကင်းဆရာတော်)
စိတ်ဝင်စားလွန်းလို့ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ ထေရုပ္ပတ္တိစာအုပ်တွေထဲမှာ စံကင်းဆရာတော်ရဲ့ ထေရုပ္ပတ္တိစာအုပ်လည်း တစ်အုပ်အပါအ၀င်ပါ။ ရေးသားပြုစုတဲ့ ဆရာတော် ဦးမာနိတ သိရီနဲ့ ဦးနန္ဒမလာဘိဝံသ တို့ကလည်း အရေးကောင်းပါ။ ဒါကြောင့် ကိုယ်နဲ့နွယ်ရာနွယ်ရာတွေကိုတောင် ပေးဖတ်ဖြစ်ခဲ့ဖူးပါတယ်။ စာအုပ်က ထေရုပ္ပတ္တိစာအုပ်သက်သက်မဟုတ်ပါဘူး။ သာသနာ့သမိုင်းကြောင်းနဲ့ မြန်မာနိုင်ငံရေးကြောင်းတွေပါ ပူးတွဲနေပါတယ်။ ဘာသာရေး၊ သမိုင်းသုတေသီတွေအတွက် အဖိုးတန်စာအုပ်တစ်အုပ်ပါ။ သာသနာ့နယ်ပယ်က ထင်းရှားတဲ့ ဆရာတော်တွေ နိုင်ငံရေးနယ်ပယ်က ထင်ရှားတဲ့ခေါင်းဆောင်တွေ စသည်ဖြင့် နယ်ပယ်စုံကာ ပုဂ္ဂိုလ်မျိုးတွေ၊ ၄င်းပုဂ္ဂိုလ်တွေနဲ့နွယ်ပြီး စံကင်းဆရာတော် မိန်ခဲ့တဲ့ သြ၀ါဒတွေဟာ တစ်သက်သာ အမှတ်ရစရာတွေပါ။ အဲဒီအထဲက အချို့လောက်ကို ရွှေစကားအဖြစ် ဖော်ပြပါရစေ။
စံကင်းဆရာတော်ဆိုတာ န၀မမြောက် ရွှေကျင်သာသနာပိုင်ဆရာတော်ပါ။ ရွှေကျင်သာသနာပိုင် ဆရာတော် တွေဟာ သက်တော်ရှည်ကြတယ်လို့ အများပြောကြတဲ့အတိုင်း စံကင်းဆရာတော်ဟာလည်း သက်တော် (၁၀၂) အထိ သက်တော်ရှည်ခဲ့ပါတယ်။ သက်တော်ရှည်သလို အသိဥာဏ်လည်းရှည်တယ်လို့ ဆိုရပါမယ်။ ဆရာတော် ထေရုပ္ပတ္တိစာအုပ်ဖတ်လို့ ဆုံးသာသွားတယ်။ အသိဥာဏ်မဲ့တဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်မျိုး တစ်စက်မှ မတွေ့ရပါဘူး။ အမည်ဗျူပ္ပတ်နဲ့လိုက်အောင် စံကင်းဆရာတော်လို့သာ ခေါ်နေကြတာ စံကင်းရွာဇာတိမဟုတ်ပါဘူး။ ဆရာတော်ဇာတိက စစ်ကိုင်းတိုင်းလင်းယဉ်ရွာပါ။ စံကင်းဆရာတော်လို့ အမည်တွင်ရခြင်းကတော့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးရဲ့ အမိန့်အရ ဓနုဖြူမြို့နယ် စံကင်းရွာကိုသွားပြီး သီတင်းသုံးခဲ့လို့ စံကင်းဆရာတော်ရယ်လို့ အမည်တွင်ခဲ့တာပါ။ ပြီးတော့ ဆရာတော်က အသက် ၁၅နှစ် အရွယ်မှာ သီပေါမင်းပါတော်မူပုံမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ။ ဒါကတော့ စံကင်းဆရာတော်ရဲ့ ဘ၀ကောက်ကြောင်း အကျဉ်းကို အရင်ပြောပြထားတာပါ။
ဟိုဘက်ကာလဆရာတော်တွေကို ဘွဲ့တံဆိပ်ဆက်ကပ်တာ အဂ္ဂမဟာပဏ္ဍိတဘွဲ့နဲ့ အဘိဓဇမဟာရဠဂုရုဆိုတဲ့ ဘွဲ့နှစ်မျိုးပဲ ဆက်ကပ်ပါတယ်။ ပြီးတော့ ဆက်ကပ်ခံရသူ အပါးအရေအတွက်လည်း လွန်နည်းပါတယ်။ သမ္မတအိမ်တော်မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဆက်ကပ်တာဆိုတော့ တစ်ဘွဲ့ဆို ဆိုသလောက် ရဟန်းပရိသတ်၊ လူပရိသတ် အလွန်တန်ဖိုးထားကြပါတယ်။ ဒါကြောင့် ကိုယ်နယ်ဒေသက ဆရာတော်တစ်ပါးပါး ဘွဲ့ရပြီဆိုရင် ဂုဏ်ယူမဆုံးဖြစ်ပြီး ခြိမ့်ခြိမ့်သဲသဲ ပူဇော်ပွဲတွေလုပ်ကြတာ တော်တော်နဲ့ မပြီးနိုင်တော့ဘူးလို့ ဆိုပါတယ်။
(၁၉၅၃)ခုမှစ်မှာ စံကင်းဆရာတော် အဘိဓဇမဟာရဠဂုရုဘွဲ့ ရမယ့်အကြောင်း သတင်းရောက်လာပါတယ်။ ဆရာတော်ကို အဘိဓဇမဟာရဠဂုရုဘွဲကပ်ဖို့ အဆိုပြုသူမှာ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လို့ဆိုပါတယ်။ ဒါပေမယ့် အဘိဓဇမဟာရဠဂုရုဘွဲ့ ခံယူမယ့် ဆရာတော်ဟာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရှိပြီး ဖြစ်မယ်ဆိုတဲ့မူ ရှိပါတယ်။ စံကင်းဆရာတော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ မရသေးပါဘူး။ ဒါကြောင့် မူအရဘွဲပေးဖို့ ခက်နေပြန်ပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ သာသနာရေးဝန်ကြီးတို့ တိုင်ပင်ကြပါတယ်။ နောက်ဆုံးဘယ်လိုဆုံးဖြတ်ချက် ချလိုက်ကြသလဲဆိုတော့ ရွှေကျင်သာသနာပိုင်ဥက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ကပ်မထားပေမယ့် ဆက်ကပ်ထားသလို ပညာရှိတယ်။ ဒါကြောင့် ဆက်ကပ်သင့်တယ်ဆိုပြီး ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ အတည်ပြုလိုက်ပါတယ်။ ဆရာတော်ဆီကိုလည်း ဘွဲတံဆိပ်ဆက်ကပ်တာခံယူဖို့ လေယဉ်လက်မှတ် (၄) စောင်ကို တစ်ခါတည်း ပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။
အဘိဓဇပူဇော်ပွဲမှာ ဒကာ ဒကာမတွေ လှူဒါန်းကြတာ အချိန်တော်တော်လေးကြာသွားပါတယ်။ လှူဒါန်းမှုတွေပြီးသွားမှ နားနေခန်းမှာ ပြန်ပြီး အနားယူရပါတယ်။ ဒီလို အနားယူချိန်မှာ ရန်ကုန်ကျောင်းတော်ရာ သုံးထပ်ဆရာတော် ဦးသီလက္ခန္ဓ အနားရောက်လာပြီး ၀မ်းပန်းတသာနဲ့ အာလ္လပ သလ္လပစကားတွေပြောကြရင်း ရန်ကုန်မှာ ဆရာတော်ဘုရားကို အခုလို အများကသိလာကြ ကြည်ညိုလာကြတာ တပည့်တော်တို့ ဂိုဏ်းကြီးလည်း ပိုပြီး အရောက်ထွက်လာနိုင်ပါတယ်ဘုရား လို့ လျှောက်ထားပါတယ်။ ဒီတော့ ဆရာတော်က
သုံးထပ်ရယ် ကိုယ့်ဘုန်းဟုတ် မထင်ပါဘူး။ ဂိုဏ်းဘုန်းပါ။ ဂိုဏ်းက ပေးတဲ့ တံဆိပ်ပါ။ ဂိုဏ်းက ပေးတဲ့ ဂုဏ်ထူး၊ ဂိုဏ်းက ခိုင်းတဲ့တာဝန်၊ ဂိုဏ်းကပို့လို အခု ရန်ကုန်ရောက်လာရတာပါ။ သုံးထပ်ဆရာတော် မကြားဖူးဘူးဘူးလား၊ အညာဆီမှာ ကလေးတွေ ထန်းပလပ်ကို မြင်းသဏ္ဍန်လုပ်ပြီး စီးကြတာလေ။ မြင်းပြေးလေ ပင်ပန်းလေ၊ ဘုန်းကြီးတယ်ဆိုတာ ထန်းပလက်မြင်း စီးရတာလိုပါပဲ။ ဘုန်းကြီးလေ ပင်ပန်းလေပေါ့ လို့ ပြန်မိန့်တော်မူပါတယ်။
ဘုန်းကြီးတယ်ဆိုတာ ထန်းပလပ်မြင်းစီးရတာလိုပါပဲ ဆိုတဲ့စကားဟာ ဆရာတော်ရဲ့ ကိုယ့်ကိုယ်ကိုနှလုံးသွင်း မှန်မှန်နဲ့ အတွေးမှန်မှန် သုံးသပ်ပြတဲ့စကားပါ။ ဒီစကားဟာ အလွန်အတုယူစရာ သတိထားစရာပါ။ ဒီစကားကို သုံးထပ်ဆရာတော်က သဘောကျလွန်းလို့ အခွင့်သင့်တိုင်း တပည့်တွေကို ပြန်ပြန်ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ဟာ မန္တလေးရောက်တိုင်း ဆရာတော်ကို ၀င်ဝင်ဖူးလေ့ရှိပါတယ်။ ၁၃၂၃ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ၁၅ ရက်နေ့ ညနေ ၄ နာရီမထိုးမီ ၁၅ မိနစ်လောက် အလိုမှာ သာသနာရေးဝန်ကြီး ဦးဘစောနဲ့ လူထုဦးလှတို့ ဦးစွာရောက်လာပြီး သတင်းပို့ပါတယ်။ မကြာခင်မှာပဲ နိုင်ငံတော်အကြီးအကဲနဲ့အဖွဲ့ ရောက်လာကြပါတယ်။ ရောက်ရောက်ချင်းပဲ နိုင်ငံတော်အကြီးအကဲက ဆရာတော်ကို စကားစဆိုပါတယ်။
ဆရာတော်ဘုရားကြီး နေကောင်းပါရဲ့လား။
အင်း ကောင်းပါရဲ့၊ အခု ၉၂ နှစ်ထဲ ရောက်လာပြီ။ ဆရာဝန်မခေါ်ရဘူး။ နတ်တော်လက ၉၂ နှစ်ထဲ ရောက်လာတာ။ စားနေကျဆေးများလည်း စားနေတယ်။
ဗီတာမင်ဆေးများဟာ အဖျားရောဂါတို့ ဘာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်ဘုရား။ အဲဒါဘုန်းပေးရင် သင်တော်ပါတယ်ဘုရား။
အဲဒီ ဗီတာမင်ဆေးလည်း တစ်နေ့ ၂ လုံးစားပါရဲ့။ ကံ စိတ် ဥတု အဟာရ လေးမျိုးအနက် ကံဟောင်းကို မပြုပြင်နိုင်ပေမယ့် ကံသစ်ကိုတော့ ပြုပြင်ကြရတယ်။ စိတ်လည်း ထို့အတူပဲ၊ ငယ်ငယ်တုန်းက စိတ်တွေ အသက်ကြီးလာတော့ ကောင်းအောင် ပြုပြင်နိုင်တယ်။ ဥတု အဟာရတို့ က ပိုထင်ရှားတယ်။ ဒကာကြီးတို့ အမျိုးမျိုးဆောင်ရွက်နေနိုင်တာ ကျန်းမာလို့ဖြစ်မှာပေါ့။
တစ်ခါတစ်ခါ စဉ်းစားကြည့်မိတယ်။ ကံတရားဟာ တကမ္ဘာလုံးမှာရှိတဲ့လူတွေ တစ်ယောက်နဲ့ တစ်ယောက် မတူအောင် စီမံထားတယ်။ တူတဲ့နေရာ တူပေမယ့် မတူတဲ့အရာတွေကလည်း အများကြီးရှိတယ်။ ဒါကြောင့် မြတ်စွာဘုရားက (ကမ္မံသတ္တေ၀ိဘဇ္ဇတိ) လို့ ဟော်တော်မူတာပဲ။ မိမိကိုယ်ကို ကောင်းအောင်လုပ်တဲ့သူဟာ ဘယ်သူလဲ၊ မိမိအလုပ် ကိစ္စ မိမိကံပဲ။ ဘေးရန်အန္တဖြစ်အောင် ဘယ်သူလုပ်သလဲ မိမိကံလုပ်တာပဲ၊ ဥပမာ ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်မှာနေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းလာတဲ့လူကိုသာ ရေနစ်စေနိုင်တယ်။ ဒီအတိုင်းပဲ ဘေးရန်အန္တရာယ်တွေ ရှိပေမယ့်လဲ အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူကို ဘေးရန်အန္တရယ် မဖြစ်နိုင်ပါဘူး။” ဒါကြောင့် အကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့ကံညံ့ကံယုတ်သာ ကြောက်စရာလိုတယ်။ ဘေးရန်အန္တရယ်တွေကို ကြောက်စရာမလိုဘူး။
ဂြိုလ်တွေပူးတာနဲ့ ဘေးဥပါဒ်ဖြစ်ပါ သလားဘုရား။
ဂြိုလ်တွေပူးပူး မပူးပူး ဇာတိ ဇရာမရဏသစတဲ့ သံသရာ ဘေးရန်တွေ သတ္တ၀ါတိုင်း တွေ့နေကြရတယ်။ သံသရာကျင်လည်ခိုက်မှာ မကောင်းကံပါလာလို့ ကပ်ကြီးသုံးပါး တွေ့ကြရ သံသရာဒုက္ခ ခံကြရတယ်။
ဂြိုလ်ကြီးရှစ်လုံးပုးတာနဲ့ သတ္တ၀ါတွေ ဘေးဥပါဒ်ဖြစ်နိုင်တယ်ဆိုတာ မှန်ပါသလားဘုရား။
ခုနက ပြောခဲ့တဲ့အဓိပ္ပါယ်ပါပဲ။ ဘေးရန်တွေက မိမိမှာ လာဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့မကောင်းတဲံ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေ ဖြစ်ကြရတာ။ အမှန်ကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ။ အတိတ်နိမိတ်ဆိုတာကတော့ တစ်ခါ တစ်ရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ်ရှိပေမယ့် ငရဲကြီးရှစ်ထပ်က ဘယ်သူကိုမှ လာမခေါ်ပါဘူး။ ကိုယ်ရဲ့မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။
ဆရာတော်နဲ့ နိုင်ငံတော်အကြီးအကဲတို့ပြောခဲ့တဲ့ စကားတွေထဲက စကားတချို့ပါ။ တခြား ဘာသာရေး သာသနာရေး တိုင်းပြည်အရေးတွေကို ပြောပြီး ပြန်သွားကြပါတယ်။
ဆရာတော်အကြောင်းရေးရင် မဖြစ်မနေပါရမယ့် အဖြစ်အပျက်တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ဆရာတော့်ဇာတာကြည့်ပြီး အာယုဒသာဖြစ်ကြ တာပါ။ မန္တလေးက ဗေဒင်ကျော်ပညာရှိကြီးတွေ အောက်ပါအတိုင်း ဖြတ်ကြပါတယ်။
ညောင်ကန်နည်းအရ (၉၇) နှစ်၊ (၅)လ၊ (၂၅) ရက်၊ (၉) နာရီ ၊ ဂွေချိုနည်းအရ (၉၇) နှစ်၊ (၇)လ၊ (၁၃) ရက်၊ (၈) နာရီ၊ အပရေ၀ါဒအရ (၁၀၅) နှစ်၊ (၅)လ၊ (၂၅) ရက်၊ (၉) နာရီ။ ဒီလိုနဲ့ ဆရာတော် သက်တော် ၉၃ နှစ်ကျော်သွားပြီး အထက်နည်းတွေလွဲသွားချိန်မှာ ဆရာတော်က ဒီသတင်းကိုကြားတော့
သူတို့က ငယ်ငယ်တုန်းက ဇာတာကိုကြည့်ပြီး ဟောကြတာကိုး၊ တို့က ငယ်ငယ်တုန်းကလိုမှ မဟုတ်ပဲနဲ့။ အခုလုပ်နေတဲံ အလုပ်ကိုကြည့်ပြီး ဟောမှ မှန်တော့မယ်ပေါ့လို့ မိန့်တော်မူပါတယ်။ ဒါပေမယ့် ဗေဒင်သုံးနည်းလုံးလွဲသွားခဲ့ပါတယ်။ နီးစပ်မှုတောင် မရှိခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာတော်က သက်တော် (၁၀၂) နှစ်မှာ ပျံလွန်တော်မူသွားလို့ပါ။ ဒီအကြောင်းနဲ့ ပက်သက်ပြီး ရင်းလည်းရင်းနှီး၊ ဗေဒင်လည်း ကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်ပါးကိုမေးကြည့်တော့ သီလ ၊ သမာဓိ၊ ပညာ၊ စရဏတွေနဲ့ ပြည့်စုံနေတဲ့ ဘုန်းကြီးကို ဗေဒင်ဟောရင် မှန်ဖို့ ခဲယဉ်းတယ်ဆိုပါတယ်။ တကယ်တော့ ဆရာတော်ဖြစ်စဉ်ဟာ နှောင်းလူတွေအတွက် အသိပွားစရာနဲ့ သတိထားစရာတွေ ကောင်းလှတယ်လို့ပဲ ဆိုလိုက်ပါရစေတော့။
ကျမ်းကိုး
(၁) စံကင်းဆရာတော် ထေရုပ္ပတ္တိ
( ဦးမာနီတရသိရီ၊ ဦးနန္ဒမာလာဘိဝံသ)
သူရဇ္ဇ ၊ ဧပြီ ၂၀၀၁
0 comments:
Post a Comment