* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, December 14, 2010

ကိုရင်လက္ခဏ

၁)
အော် ဖြစ်မှ ဖြစ်ရလေ ဟုသာ မြည်တမ်းမိတော့သည်။ ကိုရင်လက္ခဏ သို့မဟုတ် ဦးဇင်း ဦးလက္ခဏပျောက် ဆုံးမှုပေပဲ။

၂၀-၅-၂၀၁၀ နေ့တွင် ဗာရာဏသီ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၏ ကျောင်းတံခါးများ ပိတ်သွားသည်။ သူ့အတွက် ကိုယ်ပိုင်အားလပ်ရက် (၂၀-၀၅-၂၀၁၀ မှ ၁၀-၀၇-၂၀၁၀ အထိ) ရက်ပေါင်း (၅၀) ခန့် ရရှိမည်။ သူနေထိုင်ရာဓမ္မဂင်္ဂါမော်ဒန်တောရလေးတွင် သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်အချို့အတွက် ဖွင့်လှစ်ဖြစ်ခဲ့ သည့် စနစ်သစ်ပါဠိသဒ္ဒါသင်တန်းလေးကိုလည်း မိတ်ဆွေများဖြေဆိုရတော့မည့် မဟာဝိဇ္ဖာတန်း စာမေးပွဲနီး ကပ်လာသည့်အတွက် ၂၁-၅-၂၀၁၀ နေ့က ပိတ်လိုက်ရပြီ။ အချိန်တိုအတွင်းမှာပင် အနောက်တိုင်း နည်းစနစ်ဖြင့် ပါဠိသဒ္ဒါချဉ်းကပ်နည်းကို မိတ်ဆွေရဟန်းတော်များ သဘောပေါက်သွားခြင်းသည်ပင် သူပေး ချင်သည့် သတင်းစကား(Message)ဖြစ်သည်။



သူ့ပါရဂူကျမ်းပြုကိစ္စကလည်း အသည်းအသန်မဟုတ်လှချေသေး၊ ၂၀၁၁ ခုနှစ်ကုန်မှ ကျမ်းတင်ခွင့်ရမည်မို့ ဗာရာဏသီလမ်းမများပေါ်တွင် တွေ့ရမြဲဖြစ်သည့် နွားတစ်ကောင်ဆွဲသောဝန်တင်လှည်းတစ်စီးလိုပင် ခပ်အိအိ မောင်းနှင်နေလို့ရသေးသည်။ မည်သို့ဆိုစေ သူ့ကိုယ်ပိုင်အချိန်များကို အသုံးချရန် ဗုဒ္ဓဂယာမြေမြတ် မဟာကတော့ သူ့ကို ကြိုနေပါလေသည်။ အိန္ဒိယနိုင်ငံ ဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ ဖြိုးရေးအဖွဲ့၏ ဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် အဖွဲ့မှ ပေးအပ်သည့်တာဝန်ကို စွမ်းနိုင်သမျှ ထမ်းရပေလိမ့်မည်။ သို့နှင့် ဗာရာဏသီမှ ဗုဒ္ဓဂယာ သို့ ၂၃-၆-၂၀၁ တွင် ရောက်ရှိလာခဲ့တော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် မိတ်ဆွေရဟန်းတော်များ ငှားရမ်းထားသည့် ကားဖြင့် ခရီးကြုံလိုက်ပါခဲ့ခြင်းဖြစ်သည်။ ပါရဂူဘွဲ့ယူပြီး၍ သို့မဟုတ် စာမေးပွဲပြီး ကျောင်းပိတ်၍ ရွှေပြည်ကြီးသို့ ပြန်ကြလေမည့် ဗာရာဏသီ၊ နာလန္ဒာနှင့် မဂဓတက္ကသိုလ် အသီးသီးမှရဟန်းတော်များက ဗုဒ္ဓဂယာကို စုရပ်အဖြစ် ဦးတိုက်ကြသည်။ ဗုဒ္ဓဂယာမှတစ်ဆင့် ကားတစ်စီးစုပေါင်း ငှါးရမ်းကာ ကိုလ်ကတ္တားမြို့သို့ ဆက်လက်ထွက်ခွာကြမည်။ ဘုရားဖူးရာသီမဟုတ်၍ ဗုဒ္ဓဂယာလေယာဉ် ကွင်းမှာ လေယာဉ်အဆင်းအတက်မရှိတော့။ ကိုလ်ကတ္တားမှ ရွှေပြည်ကြီးသို့သာ တနင်္လာလေ ယာဉ်ခရီးစဉ်ရှိတော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် နာလန္ဒာနှင့် မဂဓတက္ကသိုလ်မှ ရဟန်းတော်များကို နှုတ်ဆက်စကားဆိုဖြစ်သည်။ မရင်းနှီးသေးသော အဖွဲ့ဝင်ရဟန်းတော်များကိုလည်း မိတ်ဖွဲ့ဖြစ်သည်။ ဤသည်တွင်မှ “ကိုရင်လက္ခဏ သို့မဟုတ် ဦးလက္ခဏ”ပျောက်ဆုံးနေသည့် ရဟန်းတော်လေးတစ်ပါးကို တွေ့ရလေခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်လေးပြန်မည့် ဇာတိမြို့ကို မေးမိသည့်အခါ သူရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော မြို့လေးဖြစ်နေသည်။ သို့နှင့် ထိုမြို့လေးတွင် သူကွန်းခိုခဲ့ဖူးသည့် စာသင်တိုက်လေးအကြောင်း ဆက်မေးမိသည့်အခါ ထိုရဟန်းတော် လေး၏ အရင်းအမြစ်မိခင်စာသင်တိုက်ဖြစ်နေခဲ့ပြန်သည်။

“ငါ့ရှင်တို့ရဲ့ကျောင်းမှာ ငယ်ငယ်တုန်းက နေခဲ့ဖူးတယ်” ဟု သူက ပြောဖြစ်တော့ “ အာ ဒါဆို အရှင်ဘုရားက ဦးလက္ခဏပေါ့”တဲ့။ သူပြုံးမိသွားသည်။ သူမေ့နေသော ဘွဲ့အမည်တစ်ခု ။ တိတိကျကျဆိုရသော် လွန်ခဲ့သော ၁၆ နှစ်ခန့်ဆီက ပျောက်ဆုံးသွားခဲ့သော ကိုရင်လေးတစ်ပါး ။ ထိုရဟန်းတော်လေးက ဆက်ပြောသည် “ ဆရာဘုန်းတော်ကြီးကတော့ တပည့်တော်ကို ရှာခိုင်းနေတာ၊ အိန္ဒိယမှာ ရောက်နေတယ်လို့တော့ ကြားတယ်၊ ငါ့တပည့်လက္ခဏရှိတယ်ကွတဲ့။အဖွဲ့ဝင်ရဟန်းတော်စာရင်းမှာ ကြည့်တော့လည်း ဦးလက္ခဏဆိုတာက တစ်ပါးမှ မရှိဘူးဖြစ်နေတယ်၊ အော် ဦးလက္ခဏဆိုတာ အရှင်ဘုရားဖြစ်နေတော့တာကိုး။ တပည့်တော်က အရှင်ဘုရားထွက်သွားမှ အဲဒီစာသင်တိုက်လေးကို ရောက်တာ၊ အရှင်ဘုရားအကြောင်းကိုတော့ တပည့်တော် သိနေတယ်။ ”

တက်ကြွကြည်နူးဖွယ်ရာ ရှေးဟောင်းနှောင်းဖြစ်ကာလများဆီ သူလွမ်းမိသွားသည်။ သူ့အတွက် လှေကားထစ်တစ်ခုဆီ ပို့ပေးလိုက်သော အညာမြို့လေးဆီက ဆရာဘုန်းတော်ကြီး၏ စာသင်တိုက်လေးကို ထဲထဲဝင်ဝင် အမှတ်ရသွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဘယ်သူဘယ်ဝါတွေ ရှိသေးလား၊ ဘာလုပ် နေကြပါလိမ့်စသောမေးခွန်းများနှင့် လိုက်လျောညီထွေသော ရဟန်းတော်လေး၏ အဖြေများက ထိုမြို့လေး ဆီသို့ သူ့ကို ရောက်အောင်ပို့လိုက်သည်။

သို့သော် ထိုရဟန်းတော်လေးနှင့် စကားတာရှည်ပြောခွင့်မရလိုက်ပါ။ ကိုလ်ကတ္တားသို့ ခရီးဆက်မည့် ကားက ဟွန်းသံပေးနေပြီ။ ရဟန်းတော်လေးနှင့်အတူ ဆရာဘုန်းတော်ကြီးအား လက်ဆောင်ပါးရန် သတင်းစကားတစ်ခု သာ ပေးလိုက်နိုင်ပါသည်။ ရွှေပြည်ကြီးကို ပြန်ရောက်သည်နှင့် ဆရာဘုန်းတော်ကြီးကို ဆက်ဆက် လာရောက် ကန်တော့ပါမည့်အကြောင်း။

(၂)

မန္တလေးတိုင်း မတ္တရာမြို့ရှိ မြို့သစ်စာသင်တိုက်လေးသို့ စာမေးပွဲတဘုန်းဘုန်းကျနေသော အော့ကြောလန် ကိုရင်လေး တစ်ပါးအဖြစ် သူရောက်ရှိသွားခဲ့သည်။ ထိုနှစ်က သူ့အသက် ၁၇ နှစ်ပြည့်ပြီ။ ပထမကြီးတန်းနှစ်ခါ ကျပြီးပြီ။

သူပထမကြီးတန်းရောက်တော့ အသက် ၁၅ နှစ်ပြည့်ရုံမျှသာ ရှိသေးသည်။ ပိဋကတ်စာပေသင်ရိုးညွှန်းတမ်းတွင် ပထမကြီးတန်းသည် ဓမ္မာစရိယတန်း၊ သာသနာ့တက္ကသိုလ်နှင့်၊ ပိဋကတ်သုံးပုံစာမေးပွဲများအတွက် ၀င်ခွင့်အတန်းဖြစ်၍ အရေးကြီးသည်။ ပါဠိပထမပြန်အခြေခံတန်းများ၏ အထက်တန်းအဆင့်စာမေးပွဲလည်း ဖြစ်၍ ပြဌာန်းကျမ်းစာများသလို ခက်ခဲသောမေးခွန်းများကိုလည်း မဆန့်မပြဲဖြေဆိုရသည်။

ထိုကာလများဆီက ကိုရင်ဘ၀ဖြင့် ပထမကြီးတန်းအောင်ခြင်း ပထမကြီးတန်းစာသင်သားဖြစ်ခြင်းဆိုသည်မှာ စကားဝိုင်းတွင် ထည့်ပြောရလောက်သော အကြောင်းအရာတစ်ခုဖြစ်သည်။ သူပထမကြီးတန်း ရောက်သည့် နှစ်က ၀န်းသိုမြို့လေးတွင် အငယ်ဆုံးပထမကြီးတန်း ကိုရင်လေးဖြစ်၍ ဆရာဘုန်းတော်ကြီး၏ မြှောက်စားခြင်းခံရသည်။ ဆရာဘုန်းတော်ကြီး၏ အလွန်အကျွံမြှောက်စားမှုကို ပြန်တွေးကြည့်မိသည့်အခါတိုင်း ပြုံးရသေးသည်။

ကျောင်းထိုင်ဆရာဘုန်းတော်ကြီးအချင်းချင်း တပည့်ပြိုင်သည့်အခါ ၊ဒကာ ဒကာမများနှင့် အလ္လာပစကား ဆိုသည့် အခါ သူ့ကို ပွဲထုတ်လေ့ရှိသည်။ “ ငါ့မောင်ရှင်တို့ ဉာဏ်ကောင်းပုံများ ကိုရင်ချာတူး ဘ၀နဲ့ ပထမကြီးတန်းရောက်နေတာ၊စာဆိုလည်း သူများလို ကျက်နေရတာမျိုးမဟုတ်ဘူး၊ အသံကြားနဲ့ရတဲ့ ကိုရင်” တဲ့။ အဟမ်း အဟမ်း ။ သူမှ မပျက် ဘယ်သူမှ ပျက်ဖွယ်မရှိပြီ။

ဆရာဘုန်းတော်ကြီးက ရိပ်သာကမ္မဋ္ဌာနာစရိယအဖြစ်တရားဓမ္မများသာ ဟောကြားနေပြီမို့ သူ့ကို စာချမပေး တော့ဘဲ ၀န်းသိုမြို့လေး၏ အနောက်ခြမ်းဆီမှာ ရှိသည့် ခန္တီးစာသင်တိုက်နာယက စာချဆရာတော်များထံ သူ့ကို အပ်နှံပေးခဲ့သည်။ သူနေထိုင်ရာ မြို့ရှေ့ရေ၀န်းကျောင်းမှ ခန္တီးစာသင်တိုက်သို့ နေ့စဉ်စာဝါ တက်သွားရသည်။ ဤသည်ပင် သူ့အတွက် လမ်းကြောင်းရွေ့သွားခဲ့သည်။

(၃)
အမှန်တကယ်ပင် ထိုနှစ်က ၀န်းသိုမြို့၊ခန္တီစာသင်တိုက်တွင် ပထမကြီးတန်းဆိုင်ရာစာဝါများကို တက်ကြွစွာ သင်ယူ လိုက်နာခဲ့ပါသည်။ ကိုရင်လေးငယ်ငယ် စာအုပ်ထူထူကိုထမ်း မြို့လေး၏ ဈေးလမ်းမကို ဖြတ်ကာ လျှောက်ခဲ့ရသော ခြေလှမ်းများက သွက်လက်ထက်ရှနေခဲ့ပါလေသည်။ခန္တီးစာသင်တိုက်၏ မဟာနာယက ဆရာတော် အရှင်ဇ၀နထံမှ ယမိုက် ပဋ္ဌာန်းကဲ့သို့သော အဘိဓမ္မာ ကျမ်းစာများ၊ နာယက ဆရာတော်အရှင်သြသဓထံမှ သဒ္ဒါရူပသိဒ္ဓိစာဝါများ၊ ထို့ထက်အလွန် သူ့အားဆွဲ ဆောင်နိုင်ခဲ့သော စာဝါမှာ အရှင်ဇ၀န(မြစေတီ)၏ သုဗောဓာလင်္ကာရ ဟုထင်ရှားသည့် ပါဠိစာပေအလင်္ကာ ကျမ်းပို့ ချချက်ဖြစ်သည်။

အရှင်ဇ၀န(မြစေတီ)က ခန္တီးစာသင်တိုက်မှာ ငယ်စဉ်က ပညာသင်ယူခဲ့ဖူးသူမို့ သီတင်းဝါလကျွတ်သည့် အခါတိုင်း မိခင်စာသင်တိုက်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်သည့် စာတစ်ဝါကို ရန်ကုန်မှ လာရောက်ပို့ချပေးခြင်းဖြစ်သည်။ အရှင်ဇ၀န(မြစေတီ)က မြန်မာစာပေကို အလွန် ချစ်မြတ်နိုးသည့် ရဟန်းစာဆိုပညာရှင်တစ်ဦးဖြစ်သည်။ မြန်မာစာပေ ပျို့ကဗျာလင်္ကာမှန်သမျှကို နှုတ်တက် အာဂုံ စွယ်စုံထိမိစွာ ပွဲကျအောင် ပြောနိုင်စွမ်း ပို့ချနိုင်စွမ်းရှိသည်။

သူတို့အား ပါဠိစာပေ အလင်္ကာ ကျမ်းကို ပို့ချသည့်နှစ်က မာန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာသစ် ခက်ဆစ်အဖြေကျမ်းကြီးကို ကြိုးစားပြုစုနေလေသည်။ “ဒီကျမ်းကြီးပြုစုပြီးရင်တော့ တပည့်တော် သေပျော်ပါပြီ” ဟု စာချတိုင်းပြောလေ့ရှိအောင်ပင် ထိုကျမ်းပြုစုရေးအတွက် အားစိုက်ခဲ့သည်။ မဃဒေ၀ လင်္ကာသစ် ကျမ်းတစ်ခုလုံးကို အာဂုံဆောင်ထားသည်ဟု ထင်ရလောက်အောင်လည်း နှုတ်တက်ရွရွ ရွတ် ဆိုနိုင်စွမ်းရှိလေသည်။ (အမှန်တကယ်လည်း ထိုမဃဒေ၀လင်္ကာသစ်ခက်ဆစ်အဖြေကျမ်းကြီး(နှစ်တွဲ)ကို မြန်မာစာပေ လောကအတွက် အမွေထားရစ်ခဲ့နိုင်သော မြစေတီ အရှင်ဇ၀နသည် ကျမ်းစာအုပ်ထုတ်ဝေပြီး မကြာမီမှာပင် ဆန္ဒတော်အတိုင်း သေပျော်ခဲ့သည်ထင်ပါ၏။)

(၄)
အရှင်ဇ၀န(မြစေတီ)၏ စာဝါက ပါဠိစာပေအလင်္ကာဖြစ်၍ ဂါထာ စုဏ္ဏိယ ဗန္ဓအမျိုးမျိုးအကြောင်း သင်ကြားပို့ချသည် ဆိုသော်လည်း မြန်မာစာပေကဗျာအလင်္ကာနှင့် စကားပြေရေးထုံးအသီးသီးကိုပါ သင်ယူရလေသည်။ အနန္တသူရိယ၏ မြက်ဖြေလင်္ကာ၊ စလေဦးပုညနှင့် ကြီးကန်ရှင်ကြီးတို့၏ မေတ္တာစာ၊ တွင်းသင်းမင်းကြီး၏ မုဒုလက္ခဏပျို့၊ မဃဒေ၀ကောက်နှုတ်ချက် ။ရှင်မဟာရဌသာရ၏ နှမလက် လျှော့နေလေတော့၊လယ်တီဆရာတော်ကြီး၏ မိုက်မလင်းနိုင်လို့ သံဝေဂလေးချိုး စသည့် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ခေတ်အဆက်ဆက် ဂန္ထ၀င်အချက်အခြာကဗျာအတိုအစ ကောက်နှုတ် ချက်မှန်သမျှကို လေ့လာဆည်းပူးခွင့်ရသလို သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဇော်ဂျီ၊ မင်းသုဝဏ် စသော ကိုလိုနီခေတ်စာဆိုကြီးများနှင့် ခေတ်စမ်းစာဆိုရှင်တို့၏ စာပေအနုအရွ အလှတရား ကိုလည်း ရှာဖွေခွင့်ပေးခဲ့ပြန်ပါသည်။

ငယ်စဉ်ကပင် စာအုပ်မှန်သမျှကို အဖုံးလေးလောက်လှန်လိုက်ရမှ အမှာစာနှင့် မာတိကာလောက်တော့ မြည်းစမ်းလိုက်ရမှ ကျေနပ်တတ်သော သူ့အတွက် မြန်မာစာပေချစ်စိတ်လေး ခိုင်မာသွားစေခဲ့သည့် အလင်္ကာစာပေပို့ချချက်ကို စိတ်လိုလက်ရဖြစ်စွာ နေ့စဉ် မပျက်ကွက်အောင် သူဆည်းပူးဖြစ်ခဲ့သည်။ မြစေတီအရှင်ကလည်း အလင်္ကာစာသင်သားများကို အဖိတ်နေ့ တိုင်း စာစီစာကုံးတစ်ပုဒ်ရေးခိုင်းသည်။ ဘုန်းတော်ကြီးကျောင်းပညာရေး၏ အားလပ်ရပ်ဖြစ်သည့် ဥပုသ်နေ့တွင် သူတို့ စာစီကုံးရေးကြရသည်။ ဥပုသ်ထွက်သည့်နေ့တွင် ရေးထားသည့် စာစီစာကုံးများကို ပြရသည်။

ရေးထားသည့် စာစီစာကုံး၏ အောက်တွင် မှတ်ချက်လေးတွေကို ဆရာအရှင်က ရေးပေးလေ့ရှိသည်။ အစပထမတွင် သင့်/ကောင်းကဲ့သို့သောမှတ်ချက်လေးမျှသာ ဖြစ်သော်လည်း စာရေးသားမှု အရှိန်လေးရ လာသည့် နောက်ပိုင်းရက်သတ္တပတ်များတွင်မူ “ ပါရမီရှိသောလက်ဖြစ်၍ ဆက်လက်ကြိုးစား စာများများဖတ်” ကဲ့သို့သောမှတ်ချက်လေးများကို မှတ်မှတ်ထင်ထင် ဖတ်လာရသည်။ ထိုမှတ်ချက်လေးများသည်ပင် သူ့နှလုံးသားနှင့် သူ့ညများကို စာပိုးကိုက်စေတော့သည်။ ဆရာအရှင်၏ အရူးထခွင့် လက်မှတ်လေးကိုင် လို့ပါပဲ။

သို့နှင့် ၀န်းသိုမြို့လေး၏ အလင်းရောင်စာပေ နွေဦးစာပေနှင့် အခြားစာအုပ်အငှါးဆိုင်လေးများဆီ သူ ပတ်လည်ဝေ့သီဖြစ်တော့သည်။ မနက်ခင်းတစ်ကြိမ် ညနေတစ်ကြိမ်စာဝါတက်ချိန်အမီ ခန္တီးစာသင်တိုက်သို့ သူထွက်သည်။ လမ်းတွင်တွေ့ရသည့် စာအုပ်အငှါးဆိုင်လေးများသို့ ၀င်ရောက်ကာ စာအုပ်များကို မွှေနှောက် သည်။ စာဝါပြီးသည်နှင့် ကျောင်းသို့ ပြန်လာကာ ငှါးလာသည့် မဂ္ဂဇင်းစာအုပ်များ၊၀တ္ထုစာအုပ်များကို ဆရာဘုန်းတော်ကြီးမသိအောင် ဖတ်သည်။

ပထမကြီးတန်းရောက်သည်နှင့် သူ့အတွက် အခန်းတစ်ခန်းပေးထားသည်မို့ လွတ်လပ်စွာ စာဖတ်ဖို့ အခွင့် အလမ်းပိုရသည်။ ဆရာဘုန်းတော်ကြီးက လစ်ရင်လစ်သလို သူစာကျက်မကျက်စူးစမ်းတတ်သည်မို့ စာကြည့် စားပွဲမှာတော့ သူတက်လက်စ ပြဌာန်းစာအုပ်ထူထူကြီးများသာ ဖွင့်လျက်ရှိနေမည်။ ၀တ္ထုစာအုပ်ကိုတော့ သတင်းစာစက္ကူဖြင့်ဖုံးအုပ်ကာ သူဖတ်မည်။ တစ်ခါတစ်ရံမှာတော့ တရားစာအုပ်ကြားတွင် ညှပ်ကာ သူဖတ်ခဲ့လေသည်။( ငယ်ငယ်တုန်းကပါ၊ )

(နောင်တစ်ချိန်မှာတော့ အကြောင်းသိသွားသည့်ဆရာဘုန်းတော်ကြီးက “မိုက်လိုက်တဲ့ ကိုရင်” ဟု ကရုဏာဒေါသောဖြင့် ဆိုသည်။ အော် ငယ်ဆရာဘုန်းတော်ကြီးက ပိဋကတ်စာပေမှ လွဲ၍ ဘာစာမှ မဖတ်စေလိုသော သာသနာချစ်ဆရာတော်တစ်ပါးပေပဲ။)

ဘာပဲဖြစ်ဖြစ် သူစာမကျက်တော့ပါ။
(၅)
ပထမကြီးတန်းဆိုင်ရာစာဝါများကိုတော့ သူက ဟန်မပျက် တက်နေသည်။ သို့သော် စာတော့ မကျက်ဖြစ်တော့၊ ဆရာဘုန်းတော်ကြီး၏ အရိပ်အကဲကို ကြည့်ကာ အသံပေးတာမျိုးလောက်သာလုပ်ဖြစ်သည်။ ကျောင်းသင်္ခန်း အပြင်ဘက်က ပြတင်းပေါက်ကို သူက ဖွင့်ချင်နေသည်။ သင်ရိုးညွှန်တမ်းအလွန်က စာများကို ရှာဖွေဖတ်ရှုရ သည့် အရသာကို ခုံမင်နေလေသည်။ အော် စာပေမြတ်နိုးသူကြီးရယ်ပေါ့။

စာကိုလည်း စနစ်တကျရွေးချယ်ဖတ်ခြင်းမျိုးတော့ မဟုတ်ပါ။ စာဆိုပြီးရော ဖတ်ဖြစ်သည်။မောင်သာပြည့် နွမ်ဂျာသိုင်းအစ မင်းသိင်္ခအဆုံး နေကျောက်ခဲရုပ်ပြစာအုပ်ပါမကျန် ဖတ်သည်။ လမ်းဘေး စာအုပ်ဆိုင်လေး များတွင် ၀ယ်ယူရရှိနိုင်သည့် ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တန်လို စာအုပ်သေးသေးလေး တွေကအစ ဆရာ ဘုန်းတော်ကြီး၏ စာအုပ် ဘီရိုကြီးများထဲမှ ဇာတ်တော်ငါးရာ့ငါးဆယ်၊ ပေတ၀တ္ထု၊နှင့် သံဝေဂ၀တ္ထုဒီပနီ အဆုံး သူဖတ်သည်။ ရပ်ကွက်ထဲမှ နိုင်ငံရေးသမားဟောင်းအဘိုးကြီးတစ်ယောက်၏ စာအုပ်ဘီရိုကိုလည်း သူမွှေ နှောက်ခွင့်ရသဖြင့် အတ္ထုပ္ပတ္တိ စာပေအချို့ကိုလည်း တို့ထိခွင့်ရသေးသည်။

ထိုနှစ်များဆီက မောင်စိန်ဝင်း(ပုတီးကုန်း)၏ သောကခြေရာကဗျာများက လူငယ်ထုထဲ ပြန့်နှံ့နေသည်။ သူ့ကော်ပီစာအုပ်ထဲတွင် မောင်စိန်ဝင်း၏ “အရိန္ဒမာသိပါသည်” လိုမျိုး ကဗျာများရှိနေသည်။ ပြီးတော့ လစဉ်ထုတ် ငွေတာရီ၊မြ၀တီ၊ သွေးသောက်၊စစ်ပြန်၊စန္ဒာ၊ပေဖူးလွှာစသောမဂ္ဂဇင်းများမှ သူနှစ်သက်ရာကဗျာ ဆရာအဆူဆူ၏ ကဗျာနှင့် စကားပြေအချို့လည်း ရှိသည်။ မော်ဒန်တို့ ဂန္ထ၀င်တို့ ဆိုသည်ကို သူနားမလည်၊ ကာရန်မဲ့ကဗျာဆိုသည်ကိုတော့ သူက ခပ်တည်တည်ပြောတတ်နေပြီ။ မည်သို့ဖြစ်စေ စုတုပြုလုပ်ထုံး လုပ်နည်း များအတိုင်း သူသည်လည်း ညညဆိုလျှင် ကိုယ်ပိုင်ကဗျာတိုကဗျာစများကို ဖယောင်းတိုင်မှိန်မှိန်လေးဖြင့် ထွန်းညှိမိလေသည်။

ခန္တီးစာသင်တိုက်သို့ စာဝါသွားလိုက်သည့်အခါတိုင်း စာဝါမစမီ မိတ်ဆွေရဟန်းတော်တစ်ပါး၏ နေရာသို့ သူက အရင်ဝင်ရောက်လေ့ရှိသည်။ထိုရဟန်းတော်၏ ဘွဲ့အမည်က ဦးကဉ္စနဖြစ်သည်။ စာသင်တိုက်တို့၏ ထုံးစံ အတိုင်း စာသင်သားတစ်ပါးအတွက် ဖျာတစ်ချပ်သာ နေစရာရှိသည်။ သူက အပြင်ကျောင်းကလာ တက်ခြင်း ဖြစ်သော်လည်း ကျောင်းခံစာတက်ဖော်များနှင့်လည်း ရင်းနှီးကျွမ်းဝင်နေသည်။ အမှန်တကယ်တော့ ထိုစဉ်က ၀န်းသိုမြို့လေးရှိ အခြားဗောဓိကျောင်း၊ မှန်ကျောင်း၊လေးထပ်ကျောင်း၊ လယ်ပြင်ကျောင်းတို့က စာသင်သား အားလုံးနှင့် သူက ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည်။ သူကလည်း လူမမြင်သေးခင်က ကြိုတင်ပြုံးစနစ်ကို လက်ခံ ကျင့်သုံးတတ်သည်ကိုး။

(ထိုနှစ်က ခန္တီးစာသင်တိုက်ရှိ ပထမကြီးတန်းစာဝါလိုက်သူများတွင် ကိုရင်သုံးပါးသာ ပါသည်ဟု မှတ်မိနေသည်။ တစ်ပါးကတော့ ယခုအင်္ဂလန်နိုင်ငံတွင် ကျောင်းတက်နေသည့် အရှင်ဇနကဖြစ်သည်။ )(ဆရာကြီးပါရဂူကို အားကျမိ၍ ဤ၀ါကျကို ရေးပါသည်။ဆရာကြီးပါရဂူက သပြေကန်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္ထိတွင် “ ထိုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် ကိုရင်ဘ၀ဖြင့် ပထမကြီးတန်းအောင်မြင်သူမှာ နှစ်ပါးသာ ရှိခဲ့သည်။ တစ်ပါးမှာ ရှင်ဝါသေဋ္ဌ(သပြေကန်ဆရာတော်လောင်းလျာ)ဖြစ်ပြီး အခြားတစ်ပါးကိုမူ မဖောပြလိုတော့ပေ” တဲ့။ အဟမ်း အဟမ်း ပိုင်လည်း ပိုင်ပါပေ့ ဆရာကြီး။ အမှန်တော့ ဆရာကြီးမဖော်ပြလိုသော ကိုရင်မှာ ဆရာကြီး အလောင်းအလျာ ကိုရင်ပါရဂူဖြစ်နေတော့သကိုး။)

(၆)
စာတက်ဖော်များတွင် ဦးကဉ္စနကတော့ အရင်းနှီးဆုံးဖြစ်သည်။ သူ့ကို ကိုရင်လေးဆိုသော်လည်း စာတက်ဖော်အဖြစ် သူငယ်ချင်းလိုပင် ပေါင်းသည်။ စာပေ၀ါသနာချင်းလည်း တူသည့်အတွက် ပို၍ ပေါင်း ဖြစ်သည်။ သူရေးသော ကဗျာများကို အသိအမှတ်ပြုသူမှာလည်း ဦးကဉ္စနပင်ဖြစ်သည်။ တစ်နေ့မှာ တော့ “ ငါ့ရှင် ကဗျာစာအုပ်ထုတ်ရအောင် ” ဟုလုပ်လာသည်။ ဘယ်လိုထုတ်မှာလဲ သူက မသိ၊ သို့သော် ဦးကဉ္စနက ချက်ချာမှုရှိသည်။ ပြီးတော့ ရဟန်းခံထားသည်မှာ မကြာသေး၍ ရဟန်းအမများလှူထားသည့် န၀ကမ္မ ငွေယားလေးများက လှုပ်နေဟန်ရှိသည်။

သို့နှင့် ဦးကဉ္စနက ထုတ်ဝေသူလုပ်သည်။ သူကိုတော့ ကဗျာအယ်ဒီတာအဖြစ်ခန့်ကာ ၀န်းသိုမြို့လေးတွင် ကဗျာစာစဉ်လေးတစ်ခု ဖန်တီးဖြစ်ခဲ့သည်။ ကဗျာစာအုပ်ထုတ်မည့်အကြောင်း နီးစပ်ရာဝါသနာပါသည့် ရဟန်းတော်များနှင့် အထက်တန်းကျောင်းသားအချို့ကို အသိပေးကာ ကဗျာများရေးဖို့ ဖိတ်ခေါ်ကြသည်။ ရောက်လာသည့် ကဗျာများကိုတော့ သူက တည်းဖြတ်သည်။ (ခုမှ ပြန်တွေးကြည့်မိတော့ ခပ်တည်တည်နဲ့ တော်တော်နောက်တဲ့ ကိုရင်ပဲ)

ပထမဆုံးထုတ်ဝေမည့် ကဗျာစာအုပ်ဆိုသော်လည်း ကဗျာစာမူများက ပြည့်စုံသည့်ထက်ပင် ပိုနေသည်။ နာမည်လေးပါလျှင် ပြီးရော၊ ကြိုက်သလောက်ပြင်ပါဆိုသည့် ၀ါသနာရှင်အထက်တန်းကျောင်းသား ဗောလံတီယာလူရင်းများ၏ ကဗျာစာမူများကိုတော့ သူက အမြီးဖြတ်ခေါင်းဖြတ်လုပ်ရသည်။ ကဗျာရန်ပုံငွေ ထည့်ဝင်ကြလေသဖြင့် အယ်ဒီတာမောင်ရှင်ခမျာ မငြင်းသာအောင် အတင်းကာရန်ညှိရပါလေသည်။ အနှီသ ကောင့်သား မောင်ကျောင်းသားတို့က ကဗျာစာအုပ်ထွက်လျှင် ဆိုင်ရာ ပိုင်ရာ လေးများဆီ ဆက်သရမည်ဟု ကြွေးကြော်နေကြသည်။သည်တော့လည်း ကဗျာစာအုပ်တွင် နာမည်လေးတော့ ပါချင်ကြရှာပေမည်ပေါ့။
(၇)
ကဗျာများကို စုစည်းပြီးတော့ စာအုပ်လေးဖြစ်အောင် သူလုပ်ဆောင်ရပါသည်။ ဦးကဉ္စနက လိုအပ် သည့်အရာများ ကို ပံ့ပိုးပေးသည်။ ထိုစဉ်က သူတို့မြို့လေးတွင် ကွန်ပြူတာမရှိသေး။ ပုံနှိပ်တိုက်လေးတော့ ရှိသည်။ ပုံနှိပ်ရန်အထိလည်း သူတို့က စဉ်းစားမထားပါ။ ၀ါသနာတွန်းအားနှင့် စိတ်အယားပြေရုံမျှ လက်ရေးစာအုပ်လေးအဖြစ်သာ ဖန်တီးကြမည်။

ဦကဉ္စနက သူ့ဆီကို ဂက်စတဲန်နာ(Getstetner)ဖယောင်းဖောက်စက္ကူများ နှင့် စတိုင်လပ်စ် (Stylus) စူးချွန်လေး ၀ယ်လာပေးသည်။ သူက တစ်ခါမှ မမြင်ဖူးသော အရာများကို ကြည့်နေသည်။ “ ငါ့ရှင် ကိုယ်တိုင် လက်ရေးနဲ့သာ ရေးပေတော့။ ငါ့ရှင်က ပန်းချီလည်း ဖြစ်တော့ သရုပ်ဖော်ပုံလေးတွေလည်း နည်းနည်းပါး ရေးခြစ်လိုက်ဦးပေါ့”။

ဘုန်းတော်ကြီးကျောင်းပညာရေးနှင့် ယဉ်ပါးခဲ့ရသည့် စဦးပိုင်း သူ့လက်ရေးမှာ ၀ိုင်းစက်နေသည်။ ဆရာအောင်သင်း၏ ကံ့ကူလက်လှည့် စာအုပ်ထဲက ဆရာစိန်လိုပင် သူ့ငယ်ဆရာဘုန်းတော်ကြီးက လက်ရေးဝိုင်းဝိုင်းရေးဖို့ အထူးဂရုစိုက်သင်ကြားပေးခဲ့သည်။ သူက ကာတွန်းရုပ်ပြစာအုပ်များထဲက လက်ရေး ချွန်ချွန်လေးများကို ချစ်နေခဲ့ပါသည်။ တစ်ခုသောနွေရာသီတွင် ဒုလ္လဘရဟန်းဝတ်လာသည့် ဆယ်တန်းကျ ကျောင်းသားကြီးတစ်ဦးက ထိုပန်းစာလုံးရေးနည်းကို သူ့အား သင်ပေးသွားခဲ့သည်။ ဘုန်းတော်ကြီးက သူ့လက်ရေးအသစ်ကို ကြည့်ရဟန်မတူပါ။

သို့သော် နွေရာသီကျောင်းပိတ်ရက်တိုင်း သူတို့ကျောင်းမှာ ဖွင့်လေ့ရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စီနီယာရဟန်းတော်များမရှိခိုက် တစ်ရက်နှစ်ရက်ခန့် သူဝင်သင်ခွင့်ကြုံလျှင် သင်တန်းသူများက “ ကိုရင် လက္ခဏ လက်ရေးမိုက်တယ်ဟေ့”တဲ့။ သူမို့ ရှေ့က သင်ပုန်းကြီးပေါ်မှာ သင်ခန်းစာရေးနေပြီဆိုလျှင် နောက်ကနေ “ဘယ်စာလုံးကတော့ ဘယ်လို” အော်ဟစ်နေကြသည်။ (အလယ်တန်းကျောင်းသူ အများစုဖြစ်သော ယဉ်ကျေးမှုသင်တန်းသူများက သူနှင့် သက်တူ ရွယ်တူများမို့ သူ့ကို မကြောက်ကြပါ။ သူကလည်း ဆရာဘုန်းတော်ကြီးကို ကြောက်၍သာ သင်နေရသည်။ မျက်နှာလည်းပူရုံမက နားရွက်များပါပူသော သင်တန်းခန်းမထဲသို့ ၀င်မလာချင်ပါ။ သို့သော် စာသင်သည့် ဗီဇကိုတော့ ထိုသင်တန်း လေးမှာပဲ အစပျိုးနိုင်ခဲ့ ပါသည်။ )

(၈)

သူသာ ရဟန်းတစ်ပါးဖြစ်မလာခဲ့လျှင် ပန်းချီဆရာတစ်ယောက်ဖြစ်လာလိမ့်မည်။ ငယ်စဉ်ကလေးဘ၀ ရွာဦးကျောင်းစာသင်ဇရပ်လေးတွင် ကျောက်သင်ပုန်းကို ကိုင်ခွင့်ရကတည်းကပင် သူက အရုပ်ကလေးများကို ရေးခြစ်နေတတ်ခဲ့သည်။ သူ့ဘေးမှာ အားပေးနေသည့် အတန်းဖော်များလည်း ရှိနေခဲ့ပါသည်။ အခြားအားကစားများတွင် အဖြစ်မရှိသော သူ့အတွက် ကျောင်းဆင်း ချိန်များတွင် ပန်းချီအရုပ်လေးများ ရေးခြစ်ကာ သူ့ပရိသတ်အခိုင်အမာကို ဖျော်ဖြေနေ တတ်ခဲ့သည်။ ကလေးဘ၀က ရေးခြစ်ခဲ့သော ပန်းချီအရုပ် ကလေးများက အလွန်ရယ်ဖွယ်ကောင်းမှာပါပဲ။ သူက ကြောင်လိုလို ကြွက်လိုလို ပုံလေးကို အောက်က “ကျား” ဟု ရေးလျှင် “ကျား”ဟု လိုက်အော်တတ်သော သူ့အမများနှင့် သူ့အတန်းဖော်များကို သတိရနေမိသေးသည်။

ကျောက်သင်ပုန်းမှ ဗလာစာအုပ်သို့ ကူးပြောင်းရသောအခါတွင်တော့ သူ့ပန်းချီဝါသနာက ဆရာဘုန်း တော်ကြီး၏ ကြိမ်လုံးနှင့် အလွန်နီးကပ်သွားသည်။ သူ့မှတ်စုစာအုပ်တွင် ပန်းချီတစ်ပုံတွေ့လေတိုင်း ကြိမ်လုံးဝင့်သံ တစ်ခါကြားရတော့သည်။ သူက သင်ရိုးစာအုပ်ထဲမှာပါ ရေးခြစ်မိတော့ ကျောစိမ့်အောင် အဆော်ခံ ရဖူးသည်။ အားပါးပါး ခုထိ နာဆဲ။ ဘာပဲဖြစ်ဖြစ် ဆရာဘုန်းတော်ကြီးမသိအောင် ဗလာ စာအုပ်အလွတ်များကို သိုဝှက်ကာ ရုပ်ပြပန်းချီများနှင့် မဂ္ဂဇင်းသရုပ်ဖော်ပုံများကို ကူးခြစ်သည်။ သင်ယူလေ့လာစရာမရှိဘဲ ဟိုခြစ်ဒီခြစ်ဖြင့် ပုံတူခဲပန်းချီများရေးတတ်ခဲ့သည်။

(သို့သော် ရဟန်းဖြစ်ပြီးသည့်နောက်ပိုင်းကာလများတွင်တော့ ပိဋကတ်သင်ရိုးညွှန်တန်းများနှင့် ဘာသာစကား သင်တန်းများဆီ ညွတ်ကိုင်းသက်ဝင်သွားသည့်အတွက် ပန်းချီရေးခြင်းကို စွန့်လွှတ်လိုက်ပါသည်။ ၀ါတော်ခြောက်ဆယ်ကျော်မှ ပန်းချီပြန်ရေးတော့မည်။ ၀ိမုတ္တိလစ်ဘရယ်ဆေးသားများ...း))

(၉)
ဖယောင်းဖောက်စက္ကူပေါ်တွင် စတိုင်းလပ်စ်စူးချွန်လေးကို ကလောင်သဖွယ်အသုံးပြုကာ ရေးခြစ်ဖို့ ဦးကဉ္စနက သူ့ကို သင်ပြသည်။ ပထမတစ်ရွက်တော့ သူဖြုံးပစ်လိုက်သည်။ နောက်စာရွက်များကိုတော့ ကလောင်စူး ချွန်လေးဖြင့် သူအသား ကျအောင် ရေးတတ်သွားသည်။ ကဗျာလေးများကို အကန့်အကန့် လက်ရေး အမျိုးမျိုးဖြင့် သူရေးသည်။ ပန်းချီသရုပ်ဖော်ပုံများကိုတော့ မဂ္ဂဇင်းစာမျက်နှာများပေါ်က ပန်းချီသိန်း ရွှေကြည်၊ရွှေစိုးဟန်နှင့် တဂိုးမျိုးတို့၏ ကောက်ကြောင်းများကို တုပကာ ကူးချသည်။ ဗဂျီအောင်စိုးကြီး၏ ပုံများကိုလည်း စိတ္တဇပန်းချီဆိုပြီး နည်းနည်းပါးပါးထိလိုက်သေးသည်။ ဘာမှတော့ နားမလည်။

သို့ဖြင့် သူ့ကဗျာစာအုပ်အကြမ်းထည်လေးပြီးသွားခဲ့ပါသည်။ ဘယ်မှာ ဘယ်လိုထုတ်ကြမည်နည်း။
(၁၀)
သူကိုယ်တိုင်ဖန်တီးရေးခြစ်ဖြစ်သော ကဗျာစာအုပ်လေးကို ဆယ်ကျော်သက်အတွေးဖြင့် “သံယောဇဉ် ပွင့်ကြွေများ”ဟု နာမည်ပေးလိုက်သည်။ ဒုက္ခသစ္စာကို စိန်ခေါ်ချင်သောအရွယ်တွင် ထိုနာမည်လေးက သဘာဝကျပါသည်။ အင်းဝမြို့ကြီး၏ လမ်းမများပေါ် ဆွမ်းခံကြွရင်း ကဗျာအတွေးများလက်နေခဲ့ဖူးသော ကိုရင်လေးရှင်မဟာရဋ္ဌသာရကို သူလည်း အားကျခွင့်ရှိသည်မဟုတ်လား။

ကဗျာလက်ရေးစာမူလေးကို စာအုပ်အဖြစ်ဖန်တီးဖို့ ဂက်စတင်နာ(Gestetner)ဖယောင်းစက္ကူပေါ်တွင် သူရေးခြစ်ပြီးပြီ။ ဦးကဉ္စနရောက်လာတော့ သူရေးထားသည့် စာအုပ်ပုံစံလေးကို သဘောကျနေ၏။ “ကဲ ငါ့ရှင်လေးရေ ဒီမှာ ဂက်စတင်နာစာကူးစက်သုံးဆေးဗူးလည်း ၀ယ်လာပြီးပြီ၊ စာကူးစက်လည်း ဘယ်မှာ ရှိတယ်ဆိုတာ လေ့လာပြီးပြီ။ အသုံးပြုခွင့်ရဖို့ပဲ ကြိုးစားကြစို့”။

သူကတော့ ဦးကဉ္စနပြသည့် ဆေးဗူးကို ငေးစိုက်ကြည့်ရုံမှလွဲ၍ စာကူးစက်ဆိုသည်ကို မသိပါ။ သို့သော် သူက နောက်ကလိုက်ရုံသာ ဖြစ်သည်။ ဦးကဉ္စန စီစဉ်ပါလိမ့်မည်။ စားကူးစက်က အထကကျောင်းကြီးနှင့် မ၀တရုံး(ယခု မယကရုံး)မှာသာ ရှိကြောင်း ဦးကဉ္စနက ပြောပြသည်။ သေချာသော စာကူးစက်ကိုပဲ ရွေးဖြစ်သည်။ သို့နှင့် အထကကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ သူတို့နှစ်ပါးရောက်သွားသည်။ စဉ်းစားကြည့်တော့ ကြိုတင်ပြင်ဆင်မှုမပါသော လုပ်ရပ်တစ်ခုပေပဲ။

အကယ်၍ ကျောင်းအုပ်ကြီးကသာ ခေါင်းခါပြလိုက်လျင် သူတို့အိပ်မက်လေး ပျက်သွားမှာ သေချာသည်။ ကျောင်းအုပ်ကြီးက သူတို့ပြသော ကဗျာစာမူလေးများရေးထားသည့် ဖယောင်းဖောက်စက္ကူများ ကို ကောက်ကြည့်ကာ ပြုံးပါသည်။ အော် သာသနာ့ဝန်ထမ်းမောင်ရှင်လေးများရဲ့ “သံယောဇဉ်ပွင့်ကြွေများ”ပေကိုး။ ထို့နောက် ရုံးခန်းထဲက စာကူးစက်ကိုင်သော ဆရာတစ်ယောက်ကို ခေါ်ကာ “ဆရာရေ ဟောဒီ ကဗျာစာဆို ကိုယ်တော်လေးတွေရဲ့ စာအုပ်လေး ကူးပေးလိုက်စမ်းပါ”တဲ့။ ခုထိ ထိုကျောင်းအုပ်ကြီးကို ကျေးဇူး တင်နေမိဆဲဖြစ်သည်။

(၁၁)

ထိုကဗျာစာအုပ်လေးက သူတို့မြို့လေး၏ ကဗျာနားလေးများတွင် ပဲ့တင်ထပ်သွားပါသည်။ သံယောဇဉ်ပွင့် ကြွေများ (၂)နှင့် (၃)သို့ပင် ရောက်သွားခဲ့သည်။ နောက်ထုတ်သော စာအုပ်လေးများတွင်တော့ ပိုမိုတက်ကြွ သောကာရန်များနှင့် အရောင်စိုသောကောက်ကြောင်းပန်းချီလေးများဖြင့် ဝေဆာခဲ့ပါသည်။ အမှန်တကယ်ရေး တတ်သည့် ပန်းချီဒီဇိုင်းနားလည်သည့် ကဗျာချစ်သူများကိုယ်တိုင် သူတို့အုပ်စုထဲ ၀င်ရောက်လာ သောကြောင့်ဖြစ်သည်။ ကဗျာဝါသနာပါသူများပေါင်းစည်းမိသွားသောအခါ သူ့အချိန်များသည် စာပေ ယောင်ခြောက်ဆယ်ထဲတွင် နစ်သွားခဲ့၏။

ဆရာဘုန်းတော်ကြီးသည်လည်း ရိပ်သာကြီးတစ်ခု၏ ခေါင်းစဉ်အရိပ်ကို မှီ၍ ကမ္မဋ္ဌာန်းဝိပဿနာတရားများကို ကိုယ်တိုင်လည်း အားထုတ်၊ ရိပ်သာစခန်းပွဲများလည်း ဖွင့်လှစ်ဟောပြောပြသနေသည့်အတွက် သူ့ကို စောင့်မကြည့်နိုင်တော့ပါ။ သူကလည်း ကျောင်းဝေယျာဝစ္စများကို တာဝန်ကြေအောင် ဆောင်ရွက်ပြီးသည်နှင့် မြို့လေး၏ ဘုန်းတော်ကြီး ကျောင်းများသို့ တစ်ကျောင်းဝင် တစ်ကျောင်းထွက် သွားနေခဲ့တော့သည်။ သူက စာကျက်ပျင်းသော်လည်း စာဝါတော့ ပုံမပျက်အောင် တက်ခဲ့သည်။

ခန္တီးစာသင်တိုက်မှ စာဝါများသာ မက၊ မှန်ကျောင်းဆရာတော်၏ စာဝါကိုလည်း ၀င်ရောက် တက်လိုက်သေး သည်။ အမှန်တကယ်တော့ မြို့လေး၏ ကျောင်းထိုင်ဆရာတော်များက တစ်ပါးနှင့်တစ်ပါး ရင်းနှီးကျွမ်း ၀င်ကြသည်မို့ သူစာဝါပုံမှန်တက်သည့် သတင်းက ဆရာဘုန်းတော်ကြီး၏ နားသို့တော့ ရောက်နေပါလိမ့်မည်။ ဗောဓိကျောင်းမှ မိတ်ဆွေရဟန်းတော်များဆီလည်း မှတ်စုစာအုပ်အပြန် အလှန်လှဲလှယ်ရေး အစီအစဉ်အရ သူရောက်သည်။ အစပထမတွင် စာဝါမှတ်စုများဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ ကဗျာအတိုအစများ၊ ထို့ထက်အလွန် သီချင်းစာသားများ၊ စိုင်းထီးဆိုင်၏ ရတနာနှင့် ခင်မောင်တိုးကြီး၏ မဟာဆန်သူ။

မည်သို့ဆိုစေ သူ၏ ပရိယတ္တိစာမျက်နှာများ မှိန်သွားခဲ့ပါသည်။ ထိုနှစ်က သူ စာမေးပွဲကျခဲ့သည်။ ဆရာဘုန်းတော်ကြီး၏ ချီးမွမ်းသံများလည်း တိုးတိတ်သွားခဲ့လေတော့သည်။

(၁၂)
ဆရာဘုန်းတော်ကြီး၏ မျက်နှာသာပေးမှု မခံရသော ကိုရင်ငယ်တစ်ပါး၏ အနေကျုံ့မှုမျိုးကို အသင်းခွဲခံ လိုက်ရသော သိုးမဲတစ်ကောင်လို သူခါးသီးခဲ့ဖူးသည်။ သို့သော် သူက နောင်တရခဲ့သည်တော့ မဟုတ်၊ စာရူးပေရူးဘ၀ကို ခုံမင်နေဆဲဖြစ်သည်။ ဖတ်လိုက်စ ဘုတ်အုပ်များကို သူက လွှတ်မချခဲ့။

ညဘက်တစ်ခုတွင် ဖယောင်းတိုင်များ တစ်တိုင်ပြီး တစ်တိုင်ထွန်းကာ ၀တ္ထုစာအုပ်တစ်အုပ်ကို ပြီးအောင် ဖတ်ပစ်လိုက်သည်။ ကျိန်းစက်ရာမှ တစ်ရေးနိုးထလာသော ဆရာဘုန်းတော်ကြီးက မီးယောင်ပျပျလင်းနေသော သူ့အခန်းကို သတိပြုမိ သွားသည်။ သူစာဖတ်နေသည်ကို ဆရာဘုန်းတော်ကြီး သိပါသည်။ သို့သော် သူဖတ်နေသည့်စာက ဆရာဘုန်းတော်ကြီးနှစ်ခြိုက်သော စာပေအမျိုးအစားတော့ မဟုတ်လေ။

နံနက်အရုဏ်ဆွမ်းစားချိန်မှာတော့ “ အင်း မောင်ရင်လက္ခဏတို့ ကိုယ့်စာကိုယ်သာ ညတုန်းကလို သန်းကောင်သန်းလွဲ ကြိုးစားရင် ငါတို့များတော့ တိပိဋကဓရ ဆရာဖြစ်ရချေသေးဗျား” တဲ့။ ဆရာဘုန်းတော်ကြီးက ယခုလိုမျိုးရယ်သွမ်းသွေးစကားနှင့် ထိမိစွာ ဆုံးမတတ်သော်လည်း အသိဉာဏ်တိုးတိမ်နေသေးသော သူက အဓိကနှင့် သာမညကို မကွဲပြားခဲ့ပါ။ ကိုယ့်အဖြေလွှာကိုသာ ကိုယ်အမှတ်ပြည့်ပေးခဲ့ပါသည်။ သူနှင့် ဆရာဘုန်းကြီး အကြားဆက်ဆံရေးက မနွေးထွေးလှတော့ပါ။

(၁၃)
ကမ္မဋ္ဌာန်းဘက်ကို မျက်နှာမူထားသော ဆရာဘုန်းကြီးက သူ့ကို အမျိုးသမီးယောဂီငယ်လေးများနှင့်လည်း စိတ်မချတတ်ပြန်ပါ။ ကဗျာယောင်ယောင် စာယောင်ယောင် စာမေးပွဲကျကာ စိတ်လေနေသည့် ရှင်ငယ်လေး တစ်ပါးနှင့် ပေါ်ပြူလာယောဂီမလေးများ ရောထွေးသွားမှာကို စိုးရိမ်ခဲ့ပါသည်။ နွေရာသီကျောင်း ပိတ်ရက်အတွင်းဆိုလျှင် ဆရာဘုန်းတော်ကြီး၏ ရိပ်သာတရားစခန်းပွဲများက ဆယ်ကျော်သက်ယောဂီမလေး များဖြင့် ပြည့်နေတတ်ပါသည်။

ကဗျာရေးသော၊ အဆင်သင့်မျက်နှာချိုနေတတ်သော(“မျက်နှာပြောင်၊မျက်နှာရူး ဆိုသော ဝေါဟာရများကို ဆင်ဆာဌာနသို့ ပို့လိုက်ပါသည်။) သူ့ကို ယောဂီမလေးများက ခရီးသွားဟန်လွှဲ ဓမ္မမိတ်ဆွေ လုပ်ပစ်လိုက်ကြသည်။ သူကလည်း ဆရာဘုန်းတော်ကြီး၏ “ သံသရာဆွေမျိုး ”ဆိုသည့်တရားကို ယောဂီမ လေးများနှင့် လိုက်ဖက်အောင် ဆက်ဟောခဲ့ပါသည်။

(၁၄)
အမှန်တကယ်တော့ အထက် အညာမြို့လေးများ၏ ထုံးစံအရ သာသနာ့ဝန်ထမ်းကို မိသားစုဝင်တစ်ယောက်လို ခင်မင်ကျွမ်းဝင်လိုကြခြင်းသာဖြစ်ပါသည်။ တကယ်လည်း မိသားစုဝင်လိုပင် သဘောထားကာ တံခါးမရှိ ဓါးမရှိ ၀င်စေ ထွက်စေဖြစ်ပါသည်။ ရထားပေါ် ကားပေါ်မျိုးမှာပင် သာသနာ့ဝန်ထမ်းရှင်ရဟန်းတစ်ပါးပါးနှင့် တွေ့ကြုံသည့် အခါ ဦအောင် မိတ်ဖွဲ့၍ ရပ်ရွာမြို့ရပ်သို့ လာလည်ဖို့ ဖိတ်ခေါ်တတ်ကြသည်။ ရောက်သွားသည့်အခါမျိုးတွင်လည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားကာ ဧည့်ဝတ်ကျေပွန်တတ်ကြပါလေသည်။

(အထက်ပိုင်းမြို့လေးတစ်မြို့မှ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ “ ရွာမှာ ပဌာန်းပွဲ သုံးနှစ်ကျင်းပလိုက်တာ ရဟန်းလူထွက် အယောက်နှစ်ဆယ်လောက် အဖတ်တင်သွားတယ် ”တဲ့။ “ငါတို့ရွာသူတွေက ရိုးရိုးခင်တာ ငါ့ရှင်တွေက တစ်မျိုးဘာသာပြန်ကြတာကိုး”တဲ့။ ဘာသာပြန်မှားသွားသည့်အခါမျိုးတွင်လည်း မိဘမောင်ဘွား နှင့် ရပ်ရွာက အလွယ်တကူပင် ခွင့်လွှတ်လိုက်ကြပြန်သည်။ ကမ္မဿကာတရားကို နှလုံးသွင်းရာတွင် အလွန်ငြိမ်းချမ်းသော လူများဖြစ်သည်။)

ဝန်းသိုမြို့လေးတွင် “နင်” “ငါ”ဆိုသော စကားလုံးများကို အင်္ဂလိပ်စကား “အိုင်နှင့် ယူ “ လိုပင် သုံးစွဲပြောဆိုတတ်ကြသည်။ ၀န်းသိုမြို့လေး၏ နာပျော်ဖွယ်ရာကောင်းသော အခြားအသုံးအနှုံးတစ်ခုက အောက်ပြည်အောက်ရွာတွင် ယဉ်ကျေးဖွယ်ရာစကားနောက်ဆက်တွဲဖြစ်သည့် “ဗျာ”နှင့် ”ရှင်” ကဲ့သို့သော အသုံးများနှင့် အဓိပ္ပါယ်တူသည့် “ ညယ်” ဆိုသော အသံချိုချိုလေးဖြစ်ပါသည်။ “ဘာလဲဗျာ” သည် “ဘာလဲ ညယ်” ။ “မသိပါဘူး ရှင်”သည် “သိပါဘူး ညယ်”။ သို့နှင့် ယောဂီမလေးများနှင့် သူပြောနေသော စကားကိုသာ အောက်ပြည်အောက်ရွာက လူများကြားလျှင် မယဉ်ကျေးဖွယ်ရာ ဟု မြင်ကောင်းမြင်ပေလိမ့်မည်။ “ ဒီမှာညယ့် ကိုရင် လက္ခဏ၊ နင့်အသက်ဘယ်လောက်ရှိပြီလဲညယ်” ဆိုတာမျိုးလေ။

မည်သို့ဖြစ်စေ ဆရာဘုန်းတော်ကြီး၏ ကရုဏာဒေါသောနှင့် သံသယရောယှက်သော မျက်လုံးများကို ရင်မဆိုင်နိုင်တော့သောအခါ ခင်မင်ရသော မိတ်ဆွေ သီတင်းသုံးဖော်နှင့် စာတက်ဖက်များ၊ တညယ်တည်း ညယ်ကြသော အနယ်နယ်အရပ်ရပ်က ယောဂီမလေးများ၊ ထုတ်ဝေလက်စ ကဗျာစာအုပ်အတွဲလေးများကို ချန်ထားကာ ပထမကြီးတန်းကို ဒုတိယအကြိမ်ကျရှုံးရန် ကောလင်းမြို့လေးသို့ သူပြောင်းရွှေ့ခဲ့ပါသည်။
ဒီလိုလေးရေးခဲ့မိသေးသည်ထင်၏။
“ထာဝရ”ဟု၊
ဘာမှ မချန်၊
နောက်ဆံမတင်း၊
အရှင်းပယ်ဖျက်၊
နှုတ်ဆက်ခဲ့သည်။
ဓမ္မဂင်္ဂါ
(တင်ခဲ့ပြီးသည့် ဘိနပ်စီးထားတဲ့ မြစ် နှင့် ဂင်္ဂါလမ်းတို့ကို ကိုရင်လက္ခဏ အဆက်အဖြစ် မှတ်ယူဖတ်ရှုရန်...)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP