* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, December 29, 2010

လင်္ကာမြေမှာတစ်နှစ်တာ အပိုင်း(၅)

Monday, 27 December 2010 12:57

နောက်တစ်နေ့ နံနက်စောစောတွင် ဆရာတော် ဦးဓမ္မဝံသ၏ ဦးဆောင်မှုဖြင့် သီရိလင်္ကာသံဃနာယက ဆရာတော် တစ်ပါးထံ ဗီဇာသက်တမ်းတိုးရန်အတွက် ထောက်ခံစာ သွားတောင်းကြရ၏။ ဆရာတော် ဘုရားရှိခိုးနေသေး၍ ခေတ္တစောင့်ဆိုင်းကြရ၏။ ပြီးလျှင် အခန်းပြင်သို့ထွက်လာ၍ စာရေးသူတို့ကို တစ်ချက်စောင်းငဲ့ ကြည့်ပြီးလျှင် အထဲသို့ပြန်ဝင်သွားပြန်၏။ မကြာမီ ဘောပင်နှင့် တံဆိပ်တုံးကို တစ်ပါတည်းယူ၍ ပြန်ထွက်လာလေရာ ရှိခိုးဦးချ ကြရလေသည်။

ဆရာတော်သည် ပတ်စပို့စသည်ကိုကြည့်ပြီး လက်မှတ်ထိုး တံဆိပ်ရိုက်ပေး လိုက်လေသည်။ အပိုစကားတစ်ခွန်းမှ မပြောပဲ ခပ်ပြုံးပြုံးဖြင့် လုပ်သင့်သည်များကို မြန်ဆန်သွက်လက်စွာ လုပ်ပေးလိုက်ရှာသော ဆရာတော်ကြီးကို ကြည့်၍ ရွှေပြည်ကြီး၌ ထောက်ခံစာကိစ္စများအတွက် ခက်ခဲစွာဆောင်ရွက်ခဲ့ရပုံများကို တရေးရေးမြင်ယောင်မိလေ တော့သည်။ နောက်ဆုံးထောက်ခံစာအနေဖြင့် သီရိလင်္ကာနိုင်ငံ သာသနာရေးရုံးကို သွားကြရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးသို့ သွားရောက်ကြရလေသည်။သို့ရာတွင် ပေါ်လဆီတစ်မျိုး ပြောင်းခိုက်နှင့်တိုးသဖြင့် ခါတိုင်းကဲ့သို့ Religious Residence Visa လျှောက်ထား၍ မရနိုင်ပဲ Student Visa သာလျှောက်ထားရနိုင်မည် ဆိုသဖြင့် ကျောင်းသွင်းရန် စီမံကြရလေသည်။

Post Graduate Institute of Pali and Buddhist Studies

နောက်တစ်နေ့တွင် University of Kelaniya ၏ Affiliated Institute တစ်ခုဖြစ်သော Post Graduate Institute of Pali and Buddhist Studies (PGIPBS) ၌ ကျောင်းသွင်းကြလေသည်။ ဤနေရာ၌ နောင်အခါ သီရိလင်္ကာသို့ ကြွရောက်၍ ပညာလေ့လာဆည်းပူးကြမည့် ညီတော်နောင်တော်များအတွက် ကေလနိယတက္ကသိုလ်နှင့် ပတ်သက်သော အချက်အလက်များကို အကျဉ်းရုံးဖော်ပြသင့်သည်ထင်ပါ၏။

(၁၈၇၅) ခုနှစ်၌တည်ထောင်ခဲ့သော ဝိဒျာလင်္ကာရစာသင်တိုက် (Vidyalankara Parivena) သည် ကေလနိယ တက္ကသိုလ်ကြီး၏ မူလအစပင်ဖြစ်တော့၏။ (ပရိဝေဏ=Parivena ဆိုသောစကားသည် ပရဝုဏ် နေရာကို ညွှန်းဆိုသောစကားဖြစ်၏။ ဤ၌ ဝိဒျာလင်္ကာရစာသင်တိုက်ပရဝုဏ် ကိုဆိုလိုသည်ဟု ယူဆရပါသည်။)

ဤစာသင်တိုက်ကြီးသည် နိုင်ငံ၏ လွတ်လွတ်ရေးနှိုးဆော်သံနှင့်အတူ အဆင့်မြင့်ရိုးရာစာပေများကို စတင် သင်ကြားပေးခဲ့ရာ သမိုင်းဝင် အမျိုးသားစင်တာကြီးနှစ်ခုအနက်တစ်ခုလည်းဖြစ်၏။ (၁၉၅၉)ခုနှစ်တွင်ဝိဒျာလင်္ကာရ တက္ကသိုလ်အဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်လာခဲ့ပြီး (၁၉၇၂) တွင် University of Ceylon ၏ တက္ကသိုလ်ခွဲ တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် (၁၉၇၈) သို့ရောက်သောအခါ University of Kelaniya အဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီး နိုင်ငံ၏အရေးပါသော တက္ကသိုလ်ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ လေသည်။

ယနေ့တွင် ပင်မကေလနိယတက္ကသိုလ်ကြီးအပြင် Affiliated Institutes များအဖြစ်-

(၁) Post Graduate Institute of Pali and Buddhist Studies

(၂) Post Graduate Institute of Archaeology

(၃) Grampaha Wikramarachchi Ayuveda Institute တို့ကိုတိုးချဲ့ဖွင့်လှစ်ပို့ချပေးလျှက် ရှိလေသည်။

ထိုတွင် စာရေးသူတို့ကျောင်းသွားသွင်းနေကြသည့် Post Graduade Institute of Pali and Buddhist Studies အကြောင်းအမြွက်မျှကို ကေလနိယတက္ကသိုလ်ဝက်ဆိုဒ်စာမျက်နှာ (http://www.kln.ac.lk/uok/index.php/institutes) ၌ အောက်ပါအတိုင်း ချီးကျူးရေးသားထားသည်ကိုတွေ့နိုင်ပေသည်။

Postgraduate Institute of Pali & Buddhist Studies

Sri Lanka is considered as a blessed land for protection and preserving Buddhism. Hence it is called as "Center of Theravada Buddhism". The Postgraduate Institute of Pali and Buddhist Studies was established as a centre of learning for the Theravada Buddhism through research and Buddhist scholarship.

ထိုတက္ကသိုလ်၌

(၁) Post Graduate Diploma Course (One year: 4 Examination Papers plus 3000-words essay)

(2) Master of Arts Degree Course (One year: 6 Examination Papers plus 5000-words essay)

(3) Master of Philosophy (Two year: Dissertation 2 written Papers and Viva Voce Examination)

(4) Doctor of Philosophy (Three years: Thesis with Viva Voce Examination) ဟူ၍ အတန်း (၄)မျိုး ခွဲခြားသတ်မှတ်ပို့ချပေး၏။ ထိုတွင် စာရေးသူတို့ မြန်မာကျောင်းသားရဟန်းတော်အများစုသည် (၂)နံပါတ်ပြ Master of Arts Degree Course တွင်တက်ရောက်ဆည်းပူးကြလေသည်။ ထိုအတန်းကို တက်ရောက်နိုင်ရန် အတွက်လိုအပ်သော အချက်အလက်များကို အနည်းငယ်ပြောပြလိုပါသေးသည်။

မြန်မာရဟန်းတော်များအနေဖြင့် (၂)နံပါတ်ပြ MAတန်းကိုတက်ရောက်နိုင်ရန်အတွက်-

(၁) အစိုးရဓမ္မာစရိယတန်း အောင်မြင်ပြီးသူ (သို့မဟုတ်) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်၊ သာဓုဗုဒ္ဓတက္ကသိုလ် စသည်တစ်ခုခုမှ B.A တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) ရန်ကုန်တက္ကသိုလ် စသော နိုင်ငံတော်အစိုးရတက္ကသိုလ်တစ်ခုခုမှ မြန်မာစာအဓိကဖြင့် (B.A)တန်းအောင်မြင်ပြီးသူ ဖြစ်ရပါမည်။ (မြန်မာစာအဓိကဘာသာရပ်ဖြင့် ကျောင်းပြီးလာသူများကိုလည်း ပါဠိဘာသာနှင့် ရင်းနှီးကျွမ်းဝင် ပြီးသားဟု သတ်မှတ်ပါသည်။)

(၂) ထိုပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ အောင်လက်မှတ်မူရင်း/မိတ္တူ၊ ဘာသာပြန်(Notary)၊ ပတ်စပို့စ် မိတ္တူများဖြင့် ဇန်နဝါရီလမှသည် ဖေဖော်ဝါရီလ မကုန်ခင်အထိ တက်ရောက်ခွင့် လျှောက်ထားနိုင်ကြပါသည်။

တစ်နှစ်တာသင်တန်းကြေး (School Fee) US$ 600၊ စာကြည့်တိုက်ကြေး (Library Fee) Sri Lanka Rupee-1000၊ မှတ်ပုံတင်ကြေး (Register Fee) Sri Lanka Rupee-1000 တို့ကိုပေးသွင်းရပါသည်။ (School Fee US$ (600)တွင် ကျောင်းအပ်နှံသည်နှင့် US$200 ပေးသွင်းကြရပြီး ကျန် (400)ကို စာမေးပွဲမဖြေမီ သတ်မှတ်ရက်အတွင်း ပေးသွင်းခွင့်ရှိပါသည်။) ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ကျောင်းတက်ကြရပြီး ဒီဇင်ဘာလတွင် စာမေးပွဲဖြေဆိုကြရပါသည်။ (ပျှမ်းမျှစာလုံးရေ (၅၀၀၀)ခန့်ရှိ စာတမ်းတစ်စောင်ကို စာမေးပွဲမဖြေမီ တင်သွင်းကြရပါသည်။) (မှတ်ချက်။ ။ယခုဖော်ပြချက်များသည် (၂၀၁၀) ပညာသင်နှစ် အတွက်သာဖြစ်ပြီး နှစ်စဉ် အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါသည်။)

စာရေးသူတို့အဖွဲ့သည် ကျောင်းသွင်းပြီးလျှင် ဗီဇာသက်တမ်းတိုးရန်အတွက် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ (recommendation Letter) တစ်စောင်ရေးသားပေးပါရန် ဒါရိုက်တာထံ လျှောက်လွှာတစ်စောင် သီးသန့်တင်ကြရပါသည်။ နောက် (၃) ရက်ခန့်အကြာတွင် လိုအပ်သော အချက်အလက်များပြည့်စုံပြီဖြစ်၍ Immigration သို့သွား၍ ဗီဇာသက်တမ်းတိုးခြင်းကိစ္စကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့လေတော့သည်။

စိတ်ရှုပ်စရာ ရုံးလုပ်ငန်းများပြီးစီးသွားသောအခါ New Comer ရဟန်းတော်များအဖို့ မလွဲမရှောင်သာ ကြုံတွေ့ရမြဲ ဖြစ်သည့် စိတ်ညစ်စရာ ဝါဆိုရန်နေရာ ရှာဖွေခြင်းလုပ်ငန်းကို ဆောင်ရွက်ကြရပေဦးမည်။ သို့သော်ကိစ္စမရှိပါ၊ စာရေးသူတွင် ဆရာတော် ဦးဓမ္မဝံသကဲ့သို့သော ပျော်ပျော်ရွှင်ရွှင် အပင်ပန်းခံ၍ ကူညီလိုက်လံဖြေရှင်း ပေးတတ်သည့် မိတ်ဆွေကောင်းများ ရှိနေပါသည်။ တကယ်တန်းဆိုရပါမူ ရှေးရှေးရောက်နှင့်နေကြသည့် နောင်တော်ရဟန်းတော်များ၏ နောက်နောက်ရောက်လာကြကုန်သော ညီတော်ရဟန်းတော်များအပေါ် ကူညီဖေးမ စောင့်ရှောက်ပေးတတ်ကြသည့် မွန်မြတ်လှသော မေတ္တာစေတနာ တရားတို့ကို သီရိလင်္ကာရောက် မြန်မာရဟန်းတော်များကြားထဲတွင် ထင်ထင်ရှားရှားကြီး မြင်တွေ့ခွင့်ရခဲ့ပါလေသည်။ ဝမ်းမြောက်ဂုဏ်ယူဖွယ် ကောင်းလေစွ။

အပိုင်း (၆)ကိုဆက်ရေးပါမည်။ အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Monday, 27 December 2010 14:40

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP