* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, December 4, 2010

ရှင်တော်ဟောကြား ဓမ္မစကားတော်များ (အပ္ပမာဒ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၂)

ဓမ္မပဒအဋ္ဌကထာ ပထမတွဲ ဒုတိယကဏ္ဍတွင် အပ္ပမာဒအကြောင်းကို ဟောကြားထားပါသည်၊ အပ္ပ မာဒ၏ အဓိပ္ပါယ်မှာ ကြီးမားလွန်းသည့် အနက်ကို ဖေါ်ဆောင်နေပါသည်။ မည်မျှကြီးမားသည် ဆိုသည်ကို ဖေါ်ပြရပါလျှင် ပိဋကတ် သုံးပုံတွင်ရှိသော ဘုရားရှင်၏ တရားစကားတော်များကို ဆောင်ယူပြီး ဟောကြားလေသော် အပ္ပမာဒ အတွင်းတွင် အကျုံးဝင်ပါသည်။ ကုသိုလ်ကောင်းမှု ဟူသမျှသည် အပ္ပမာဒတွင် အကျုံးဝင်ပြီး၊ အပ္ပမာဒသည် ကုသိုလ်တွင် မြင့်မြတ်သော တရားဖြစ်သည်ဟု သံယုတ်ပါဠိတော် စာမျက်နှာ(၄၀) ကို ကိုးကားပြီး အဋ္ဌကထာဆရာက ဖေါ်ပြထားပါသည်။ ကုသိုလ်အညံ့စားလည်း ရှိနေသောကြောင့် ကုသိုလ်တွင် မြင့်မြတ်ဟု ဆိုလိုက်ပါသည်။ သတိသည် အပ္ပမာဒနှင့် အဓိပ္ပါယ်ဆင်တူ စကားလုံး ဖြစ်ပါသည်။

အပ္ပမာဒ၀ဂ်တွင် စာမျက်နှာ (၇၉) မျက်နှာရှိပြီး ဇာတ်လမ်းပေါင်း ကိုးခု ပါရှိပါသည်။ အဋ္ဌကထာ ဆရာက ဖွင့်ဆိုပြသည့် ဂါထာပေါင်း (၁၂) ဂါထာရှိပါသည်။ ပထမဆုံး ဇာတ်လမ်းတွင် ဂါထာသုံးပုဒ်၊ တတိယတွင် ဂါထာနှစ်ပုဒ်ပါရှိပြီး ကျန်သော ဇာတ်လမ်း (၇) ခုတွင် ဂါထာ တစ်ပုဒ်စီသာ ရှိပါသည်။ ပထမ ကဏ္ဍ၊ ယမက၀ဂ်တွင် တစ်စုံစီသော အကြောင်းအရာများကို ဟောကြားခဲ့သော်လည်း ဤကဏ္ဍတွင်မူ အပ္ပမာဒ (သတိ) တစ်လုံးတည်းကိုသာ မီးမောင်းထိုးပြပြီး အကျိုးရှိအောင် ဟောတော်မူခြင်း ဖြစ်ပါသည်။

ပထမဆုံးဝတ္ထုတွင် အပ္ပမာဒ၏ အဓိပ္ပါယ်နှင့် တိုက်ရိုက် မပတ်သက်သော တစ်ဆယ့် ခြောက်ဂါထာ နှင့် အပ္ပမာဒကို ဖွင့်ဆိုပြထားသော ဘုရားဟောဂါထာ သုံးဂါထာကို ဖေါ်ပြသည်။ တစ်ဆယ့်ခြောက် ဂါထာများတွင် လည်း ဘုရားဟောဂါထာ (၁၃) ဂါထာ အထိပါဝင်ပြီး ခုဒ္ဒကနိကာယ် ပါဠိတော်၊ ဒီဃနိကာယ်နှင့် အင်္ဂုတ္တရ နိကာယ် အဋ္ဌကထာတို့မှ ဂါထာများကို ကိုးကားပြီး ထည့်သွင်းထားပါသည်။ တစ်ချိုက ရှေးဟောင်း စကားများကို သုံးဂါထာဖြင့် စီကုံးထားခြင်း ဖြစ်ပါသည်။ အပ္ပမာဒနှင့်စပ်သော ဂါထာသုံး ဂါထာကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြထားပါသည်။ ဤပထမဆုံးဝတ္ထုသည် အရှည်ဆုံး ဇာတ်လမ်းရှိပါသည်။ အပ္ပမာဒဂါထာ သုံးဂါထာ၏ အဓိပ္ပါယ်မှာ အပ္ပမာဒသည် နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဖြစ်သည်။ အပ္ပမာဒ တရား လက်ကိုင် ထားသူသည် နိဗ္ဗာန်သို့ရောက်ရန် နီးစပ်သဖြင့် မသေသူနှင့် တူသည်ဟု ဟောတော်မူပါသည်။ အပ္ပမာဒ တရားသည် သူတော်ကောင်းများ၏ ပျော်မွေ့ရာ တရားဖြစ်သည့်ပြင် သူတို့က ၀မ်းမြောက်စွာ လက်ခံထားသော တရားလည်း ဖြစ်ပါသည်။ ဒါနပြုမည်၊ သီလဆောက်တည်မည်၊ ဘုရားစကားတော်နှင့်အညီ ကျင့်သုံးမည်ဟု စိတ်ကူး မထည့်သူများသည် အပ္ပမာဒတရားနှင့် ဝေးသူများ ဖြစ်သည်။ ရဟန်းတော်များ လောကတွင်လည်း ဆရာဝတ်များကို ချွတ်ယွင်းသူ၊ ဓုတင်အကျင့်ကို ကျင့်သုံးမည်၊ ၀ိပဿနာပွါးများမည်ဟု စိတ်ကူးမထည့် သူများသည် အပ္ပမာဒတရားနှင့် ဝေးနေသည့် ရဟန်းတော်များဟု ဆိုပါသည်။ ထိုလူသားများ၊ ရဟန်း တော်များသည် နိဗ္ဗာန်ရရန် အလှမ်း ဝေးနေသေးသဖြင့် မကြာမကြာ ဘ၀တွေ ရနေကြပါမည်။ ဘ၀များများစွာ ရနေကြလျှင် သေကြရမည်မှာ သေချာလှသဖြင့် သူတို့ကို အသက်ရှူနေကြလျက် သေနေကြသူများဟု ခေါ်ဆိုထားပါသည်။ အပ္ပမာဒကို ကျင့်သုံးသူများသည် အရိယာ သူတော်စဉ်များ ဖြစ်ကြပြီး သူတို့သည် အပ္ပမာဒကို အခြေခံပြီး သတိပဋ္ဌာန်တရားများ၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါး၊ လောကုတ္တရာ တရားကိုးပါးတို့တွင် ပျော်မွေ့ကြလေသည်ဟု အဋ္ဌကထာဆရာက ဖွင့်ပြထားပါသည်။

ဝတ္ထုမှာမူ ရှည်လှပါသည်၊ မေ့လျော့သဖြင့် မပြစ်မှားမိသူများကို ပြစ်မှားမိလျှင် ဘေးဒဏ်ဆယ်မျိုးသို့ ရောက်တတ်ကြောင်း သရုပ်များကို ရေတွက်ပြထားပါသည်။ ပြဿနာတစ်ခု ဖြစ်လာလျှင် ထွက်မပြေးဘဲ ပြေငြိမ်းအောင် ဖြေရှင်းပြီးမှ ဖြစ်သည့်နေရာမှ ပြောင်းလိုက ပြောင်းသွားသင့်ကြောင်းကိုလည်း တွေ့ရပါသည်။ သတိကင်းပြီးဆောင်ရွက်ခဲ့သော ရှင်ဘုရင် ဥတေနအကြောင်းလည်း ပါဝင်သည်။ ရဟန္တာများကို ပြောင်လှောင်ခဲ့၊ စေခိုင်းခဲ့သဖြင့် ပိဋကတ်စာပေ တတ်မြောက်သော်လည်း ခါးကုန်းပြီး သူတစ်ပါးထံ အစေအပါးဖြစ်ရသူ အကြောင်းကိုလည်း ဖတ်ရပါသည်။ အနှစ်ချုပ်မှာ ပေါပါ့ဆဆဖြင့် ဆောင်ရွက်ခဲ့သော အမှတ်တမဲ့ အကုသိုလ်ကံများသည် အမှတ်တရ ဖြစ်စေလောက်သော မကောင်းကျိုးများကို ဖြစ်စေတတ်သည် သို့အတွက် သတိထားပြီး ပြောဆို၊ ပြုမူသင့်ကြောင်း ဇာတ်လမ်းများက အသိပေးထားပါသည်။

ဒုတိယမြောက်ဖြစ်သော ဇာတ်လမ်းတွင် ၀ီရိယထားရမည်။ သတိရှိရမည်၊ စင်ကြယ်စွာနေရမည်၊ ဆင်ခြင်တုံတရားရှိရမည်၊ သိက္ခာရှိရမည်။ အပြစ်ကင်းသော စီးပွါးရေးကိုလုပ်ကိုင်ရမည်၊ အပ္ပမာဒတရား ရှိရမည်ဟု ဟောပြတော်မူပါသည်။ စီးပွါးရေးဆိုသည်မှာ လူသားများအတွက် လိမ်ညာပြီး စီးပွါးမရှာရေးနှင့် ရဟန်းတော်များဆိုပါက ကိုယ်တိုင် ဆေးကုသပေးခြင်း၊ သူတစ်ပါးစေခိုင်းရာသို့ သွားလာ ဆောင်ရွက်ပေးခြင်း တို့ကို ဆိုလိုပါသည်။ ဆေးရုံဖွင့်ပြီး အများအကျိုးအတွက် ဆောင်၇ွက်ပေးခြင်းကို မဆိုလိုပါ။ လူသားများ၏ စီးပွါးရေးအတွက် သက်သက် လောကီအလုပ်များကို ဆိုလိုပါသည်။ သာသနာတော်အတွက် လူသားများ၏ တာဝန်များကိုမူ ဆောင်ရွက် ပေးနိုင်ပါသည်။ ဤနေရာတွင် သတိရှိရမည်၊ အပ္ပမာဒတရားရှိရမည်ဟု နှစ်ခါထပ်ပြီး ဆိုထားသည်ဟု ယူဆရမည်ကဲ့သို့ ဖြစ်ပါသည်။ သို့သော် နားလည်ရမည်မှာ အပ္ပမာဒဟု ဆိုလိုက်သဖြင့် ပထမတွင် ဖေါ်ပြထားသော သတိကို ခဏလေးသာ ရှိနေစေရမည် မဟုတ်ပေ၊ ဘ၀တစ်ခုလုံး ရှိနေရမည်။ ဘ၀တွင်လည်း ရပ်နေသည်ဖြစ်စေ၊ သွား၊လာနေသည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ၊ အိပ်မပျော်မီ လျောင်းနေသည်ဖြစ်စေ သတိလေးဖြင့် နေပါဟု ဆိုလိုပါသည်။ ဤသို့နေထိုင်တတ်ပါလျှင် ဂုဏ်တက်ပါမည်၊ ဂုဏ်မက် သူများကလည်း ၀ိုင်းဝိုင်းလည် ဖြစ်လာပါမည်။ ဂုဏ်ကို လူတိုင်းမက်ပါသည်။

ဝတ္ထုမှာ သိုသိုသိပ်သိပ် နေတတ်သော သူဋ္ဌေးသား တစ်ယောက်၏ အကြောင်းကို ရေးထားပါသည်။ ဆင်းရဲသား အသွင်ဖြင့် ဟန်ဆောင်ပြောနေသော်လည်း သူ၏ အသံသည် သူဋ္ဌေး၏ အသံနှင့် တူနေပါသည်။ နောက်ဆုံးတွင် ရာဇဂြိုဟ်ဘုရင်က စေလွှတ်ထားသော နန်းတွင်းသူနှင့် အကြောင်းပါပြီး ဘုရားရှင်ထံသို့ ရောက်လာခဲ့ပါသည်။ တရားကို သိခဲ့ပြီးလျှင် သူဋ္ဌေးရာထူးကိုလည်း ရခဲ့သူ ဖြစ်လာပါသည်။

တတိယ၀တ္ထုတွင် ဂါထာခုနှစ်ပုဒ်ပါပြီး သံယုတ္တနိကာယနှင့် အင်္ဂုတ္တရနိကာယမှ ဂါထာတစ်ပုဒ်၊ ခုဒ္ဒကနိကာယမှ ဂါထာလေးပုဒ်၊ မထေရ် ရွတ်ဆိုသော ဂါထာတစ်ပုဒ်၊ အဋ္ဌကထာ ဆရာဖွင့် ဆိုပြမည့် ဂါထာ တစ်ပုဒ် ပါဝင်ပါသည်။ ဂါထာအားလုံးကို ဤနေရာတွင် ဖွင့်ဆိုမပြပါ။ ဓမ္မပဒပါဠိတော်၏ ဂါထာတစ်ခုကိုသာ ဖွင့်ပြထားပါသည်။ လူ့ဘ၀တွင် မိမိနှင့် အတူရှိနေရမည့် အရေးကြီးဆုံး အရာများမှာ ၀ီရိယ၊ သတိနှင့် စောင့်ရှောက် ထိန်းသိမ်းမှု တို့ဖြစ်ပါသည်။ ဤတရားမျာရှိသူသည် လူများနားခိုရာ ကျွန်းကြီးတစ်ခုကို တည်ဆောက်သူနှင့် တူပါသည်။

ဤ၀တ္ထုမှာ လမ်းခရီးတွင် မွေးဖွားခဲ့သဖြင့် ပန္ထက ဟု အမည်ရခဲ့ပြီး နောက်မွေးသည့် သား တစ်ယောက်ကိုလည်း ခရီးသွားတုန်း မွေးဖွားခဲ့ ပြန်သဖြင့် ပန္ထက ဟုပင် အမည်ပေးခဲ့ ပြန်သည်။ အကြီးကို မဟာတပ်ပြီး မဟာပန္ထက နောက်မွေးသည့်သားကိုမူ စူဠ ဟုတပ်လိုက်သောအခါ စူဠပန္ထကဖြစ်သွားပြီး ညီအကို နှစ်ယောက်၏ နာမည်ကွဲသွားကြပါသည်။ မဟာပန္ထကနှင့် စူဠပန္ထကတို့ ညီအကိုနှစ်ယောက်၏ နာမည်များကို ပေါ့ပေါ့ပါးပါးရွတ် ဆိုတတ်ကြသော မြန်မာလူမျိုးတို့က စူဠပန်၊ မဟာပန်ဟု မြန်မာမှုပြုလိုက်ကြပေသည်။ သူတို့နှစ်ဦး သာသနာ့ဘောင်သို့ ရောက်လာသောအခါ မြန်မာတို့ကပင် ရှင်စူဠပန်၊ ရှင်မဟာပန်ဟု သုံးစွဲ လိုက်ကြပေသည်။ ဧတဒဂ်ရသော ညီနောင် နှစ်ဦးပင် ဖြစ်ခဲ့ပါသည်။ ညီအငယ်က တန်းခိုးဖန်ဆင်းတတ်သည့်နေရာတွင် ဘွဲ့ရခဲ့ပြီး အကိုကြီးမထေရ်ကမူ သညာဝိ၀ဋ္ဋကုသလနေရာတွင် ဧတဒဂ် ဘွဲ့ရသည်ဟု ပြဆိုထားပါသည်။ မထေရ်ကြီးသည် ဥာဏ်ထိုင်းသော ညီငယ်ကိုကျောင်းမှ နှင်ထုတ်ခဲ့ပါသည်။ နှင်ထုတ်သည့် စိတ်မှာ ဒေါသမဟုတ် အကျိုးလိုသောကြောင့်ဟု ရှင်းပြထားပါသည်။ တန်ခိုးကြီးသည့် အရာတွင် ဧတဒဂ်ရသော အရှင်မောဂ္ဂလာန်မထေရ်နှင့် ရောထွေး မသွားပါနှင့် ဤနေရာက ဖန်ဆင်းသည့် နေရာ သက်သက် ဖြစ်သည်။ ဖန်ဆင်းသည်ဆိုရာမှာ တစ်ယောက်ကနေ အများကြီးဖြစ်အောင် ဖန်ဆင်းခြင်းမျိုး ဖြစ်ပေသည်။

စတုတ္ထမြောက် ၀တ္ထုတွင် ဂါထာနှစ်ပုဒ်ပါရှိပါသည်။ ပမာဒကို လူမိုက်များက သဘောကျသည်။ အပ္ပမာဒကို ပညာရှိများက နှစ်သက်သည်။ ပစ္စည်းဥစ္စာကို သူဋ္ဌေးများက စောင့်ရှောက်တတ်ပြီး သူဆင်းရဲများက စောင့်ရှောက်နိုင်စွမ်း မရှိဟု နားလည်ရပါသည်။ သူဋ္ဌေးများသည် ပစ္စည်းအပေါ်တွင် ပြည့်စုံမှုအတွက်၊ မိသားစုအတွက်၊ ဘ၀ရေရှည်ခရီးအတွက် အကျိုးမျှော်တတ် ကြပါသည်။ လူမိုက်များက သဘောကျသော ပမာဒကို နှစ်သက်သူဆိုပါက ကာမဂုဏ်ကို လိုက်စားသည် ကြံစည်သည်၊ ထိုသို့မဖြစ်သင့်ပါ။

ပညာရှိများက နှစ်သက်သော အပ္ပမာဒနှင့် နေပါက မွန်မြတ်သော နိဗ္ဗာန်သို့ ရောက်ရပါမည်။ ပညာရှိများသည် သူဋ္ဌေးများ ပစ္စည်းအပေါ်တွင် စောင့်ရှောက်သကဲ့သို့ပင် ဈာန်ရစေရန်၊ မဂ်ဖိုလ်ရစေရန်၊ ၀ိဇ္ဇာသုံးပါးနှင့် အဘိဥာဉ်ခြောက်ပါးကို ရစေရန် အပ္ပမာဒတရားကို နှစ်သက် လက်ခံကြပေသည်။ ဤ၀တ္ထုသည် အကောင်းနှင့် အဆိုးကို ခွဲခြားပြသော ဟောကြားချက် ဖြစ်ပါသည်။

ပဉ္စမမြောက်ဝတ္ထုသည် အရှင်မဟာပဿပ မထေရ်အကြောင်း ဟောပြချက်ဖြစ်ပါသည်။ လောကတွင် ပြသာဒ်နှင့်တူသော ပညာရှိရမည်။ သင်ကြားနေသော ပညာ၊ တတ်မြောက်ပြီးသော ပညာများကို စနစ်တကျ သင်ယူခဲ့သူဖြစ်ပြီး ကျွမ်းကျင်လိမ္မာရပေမည်။ တီထွင်ကြံဆတတ်ပြီး အဟောင်းနေရာတွင် အသစ်ကို အစားထိုး တတ်ရပေမည်။ အဆင့်မြင့် နည်းပညာများကို တတ်ကျွမ်းကြရပေမည်။ ရေကန်အတွင်းတွင်ရှိသော ရေဟောင်းများကို ရေသစ်အစားထိုပြီး လဲပေးရသကဲ့သို့ ဟောင်းနွမ်းနေသော အယူအဆ များကို ဖယ်ရှားနိုင်ရပြီး အသုံးတည့်သော အယူအဆများကို တွေးတောနိုင်ရပေမည်။ အသုံးမကျသော ဟောင်နွမ်း ပစ္စည်းနှင့်တူသော အကုသိုလ်ကို ပယ်ရှားနိုင်ရပြီး အသစ်နှင့် တူသော ကုသိုလ်ဖြင့် အစားထိုးနိုင်ရပေမည်။ ကုသိုလ် စိတ်ဓာတ်ကို တောင်ထိပ်တွင် နေသာသူကဲ့သို့ မြင့်မားစွာ ရှိနေစေရပြီး၊ ကုသိုလ်စိတ်ဓာတ်ကို ပြသာဒ်ကဲ့သို့ အထက်မှာ ရှိနေရပါမည်။ ပညာရှိမှ ပြသာဒ်ကဲ့သို့သော သူဖြစ်ပေမည်။ အဆိုးတရားတွေ မရှိပါမှ တောင်ထိပ်ပေါ်သို့ ရောက်နိုင်ပေမည်။ သောကတည်းဟူသော ငြောင့်စူးနေသောသူသည် ဝေးဝေး မပြေးနိုင်သကဲ့သို့ သောကကင်းဝေးနေသူ ဖြစ်အောင် ကျင့်တတ်ရပေမည်။ ထိုကဲ့သို့ စိတ်ဓာတ် မြင့်မားနေစေရန် လွယ်ကူအောင် ကျင့်တတ်ရမည့်နည်းမှာ ပညာတတ်ပါမှ ဖြစ်နိုင်ပေသည်။ ပညာဟူသည် ဤနေရာတွင် လောကီဘွဲ့၊ လောကုတ္တရာဘွဲ့များကို မဆိုလိုပေ၊ အပြစ်နှင့် အကျိုးကို ဘယ်နည်းဖြင့်သိသိ သိရန်လိုပေသည်။ သိပြီးလျှင် အပြစ်ကိုပယ်၊ အကျိုးရှိရာကို လက်တွေ့ကျကျ ပြုမူ၊ ပြောဆို၊ ကြံစီ တတ်ရပေမည်။ ဤသည်မှာ ပညာတတ် ဖြစ်ပေသည်။ အရှင်မဟာကဿပ မထေရ်သည် မွေးလိုက်၊ သေလိုက် ဖြစ်နေသော လောကကြီးကို ကြည့်ရှုနေသည်ကို မြတ်ဗုဒ္ဓက အပ္ပမာဒတရားနှင့် အစားထိုးပေး ခဲ့ပါသည်။ အစားထိုးပေးရခြင်းမှာ လိုအပ်တာကိုသာ လုပ်စေချင်သည့် သဘောကြောင့်ဖြစ်ပါသည်။

ဆဋ္ဌမမြောက် ၀တ္ထုတွင် ရိုးသားကြိုးစားသော သတိကောင်းသော ရဟန်းတော်နှင့် ဆန့်ကျင်ဘက် စရိုက်ရှိသော ရဟန်းတော် နှစ်ပါးအကြောင်းကို ဖေါ်ပြထားပါသည်။ ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းတရား ကိုနည်းယူပြီး တရားအားထုတ်ခဲ့သော ရိုးသား၊ ကြိုးစားသော ရဟန်းသည် အပ္ပမာဒဟု အမည်ရသည့် သတိနှင့် သတ္တိများ ကောင်းလာခဲ့ပြီး ပဋိသမ္ဘိဒါလေးပါးနှင့်ပြည့်စုံသော ရဟန္တာ မထေရ်ကြီး ဖြစ်လာခဲ့ပါသည်။ ဆန့်ကျင်ဘက် ရဟန်းတော်သည် ကိုရင်ငယ်များနှင့် စကားပြောနေခဲ့ပြီးလျှင် ပမာဒတရားတို့ဖြင့်သာ အချိန်ဖြုန်းလျှက် နေခဲ့သဖြင့် တရားထူးမရခဲ့ပေ။ မြတ်စွာဘုရားရှင်က ဥာဏ်ကောင်း၊ ဥာဏ်ထိုင်းသည် တရားထူးရရန်အတွက် လိုရင်းမဟုတ် ကြိုးစားအာထုတ်မှုနှင့် မမေ့လျော့မှုသည်သာ တရားထူးရခြင်း၏ အကြောင်းဟု ဟောတော်မူထားပါသည်။ ဥာဏ်ထိုင်းသူလည်း အချိန်ခြားနားလျက် တရားထူးရမည်သာ ဖြစ်ပါသည်။ ဥာဏ်ကောင်းလျှင်မူ လျင်မြန်ပြီး အားကောင်းသော မြင်းတစ်ကောင်ကဲ့သို့ အရာရာကို ကျော်လွန် သွားပေမည်ဟု ဟောတော်မူပါသည်။

နောက်ဆုံးဝတ္ထုသုံးခုတွင်မူ အပ္ပမာဒ ရှိသူသည် မြတ်သောနေရာဋ္ဌာနသို့ ရောက်ရသည်။ အပ္ပမာဒတရားသည် ချီးမွမ်းစရာကောင်းသည်။ အကြောင်းမှာ လောကစီးပွါး နှင့် လောကလွန်ချမ်းသာတို့ အတွက် ထူးခြားသော တရားဖြစ်သောကြောင့်ဟု ဆိုပါသည်။ ပမာဒတရားသည် ကဲ့ရဲ့စရာ ကောင်းပေသည်။ မြင့်မြတ်သော သူတို့ကသာလျှင် ကဲ့ရဲ့စရာဟုသိပါသည်။ သာမန်လူသားတို့က ပျော်စရာဟု ထင်မှတ် တတ်ကြပါသည်။ ပျက်စီးစရာအာလုံး၏ ရေသောက်မြစ်သဖွယ် ဖြစ်သောကြောင့် ပမာဒတရားကို ကဲ့ရဲ့ရခြင်း ဖြစ်ပါသည်။ လူ့ဘ၀တွင် အောက်တန်းကျရခြင်းနှင့် ချမ်းသာနည်းပါးရခြင်းသည် ပမာဒတရားကြောင့်ဖြစ်လေရာ တရားခံ ဖြစ်သော ပမာဒတရားကို အမြစ်ဖြတ်ရန်သာ အရေးကြီးလှပါသည်။

ထို့ကြောင့် အပ္ပမာဒမှာမွေ့လျော်ပါ၊ ပမာဒကို ဘေးအဖြစ်မြင်လိုက်ပါ။ ဆင်းရဲကြီး ဆင်းရဲငယ် အသွယ်သွယ်မှ လွတ်ပါမည်။ မီးသည် တောကြီး၊ တောငယ် အသွယ်သွယ်ကို လောင်မြိုက်တတ်သကဲ့သို့ပင် အပ္ပမာဒတွင် မွေ့လျော်သူသည် ဥာဏ်မီးဖြင့် ကိလေသာ တောကြီးများ၊ တောငယ်များကို ပြန်လည်မဖြစ်ပွါးစေဘဲ ချမ်းသာစေတတ်သည့် နိဗ္ဗာန်ဆီသို့ အရောက်ပို့ ပေးမည်ဖြစ်ပါသည်။ နောက်ဆုံး သုံးဝတ္ထုသည် မိဘကိုပြုစုလုပ်ကျွေးနေသော မဃလုလင် အပါဝင် အမျိုးကောင်းသား သုံးကျိပ်နှင့် သုံးယောက်တို့ ဇာတ်လမ်းနှင့် မထင်ရှားသော ရဟန်းတော်လေးတစ်ပါး အကြောင်းနှင့် မြို့ကြီး၊ ပြကြီးများသို့ သွားချင်စိတ်မရှိသော နိဂုံးနေ ရဟန်းတော်တစ်ပါး အကြောင်းများဖြစ်ပါသည်။ ရဟန်းတော်လေးဟုသာ စာအနေနှင့် ရေးလိုက်ရသည် ရဟန္တာမထရ်မြတ်ကြီး ဖြစ်သွားခဲ့သဖြင့် သာသနာ့ အာဇာနည်ပုဂ္ဂိုလ်ထူး အစစ်ကြီး တစ်ပါးဖြစ်ပါသည်။ စာရေးရင်း လက်တွန့်မိပါသည်။ နိဂုံးတွင် သီတင်းသုံးနေသော ရဟန်းတော် မြတ်ကြီးသည်လည်း ရဟန္တာမထေရ်ကြီး တစ်ပါးဖြစ်ခဲ့ပါသည်။ သာမည ရဟန္တာမျိုး မဟုတ်ခဲ့ကြပါ။ ပဋိသမ္ဘိဒါပတ္တရဟန္တာ မထေရ်ကြီးများ ဖြစ်ကြပါသည်။ ဤ၀တ္ထုသည် ဗဟုဿုတ ခပ်ညံ့ညံ့ ရှိနေသေးသည့်၊ နိုင်ငံခြားဆိုလျှင် အထင်ကြီးလျက်ပင် ရှိနေသေးသည့် လူအများစုကို ခပ်ကြွားကြွား ပြောနေတတ်ကြသည့် ကိလေသာအပြည့်နှင့် လူ၊ ရဟန်းတော်တို့အား သတိထားဟု ဆိုလိုက်သော အကောင်းဆုံး သင်ခန်းစာ တစ်ပုဒ်ပေလောဟု စဉ်းစားမိပါသည်။ အပ္ပမာဒ ဆောင်းပါးကို ဖတ်ရပြီး ပရိတ်သတ် တစ်ဦးတယောက်က အပ္ပမာဒတရားကို သဘောကျမိသည် ဆိုပါလျှင် သာသနာတော်အတွက် အားတက်ရပေမည်။

ဆောင်းပါးမှတ်စုများ

၁။ ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒ၀ဂ်

၂။ အင်္ဂုတ္တရနိကာယပါဠိ

စာရေးသူ၏အာဘော်

ဗုဒ္ဓဘာသာဝင်များ သိသင့်သည့် ဘုရားစကားတော်များကို သိစေရန်ဖြစ်ပါသည်။

ဆရာတော် ဒေါက်တာအရှင်နန္ဒက

ဓမ္မဒူတကျောင်း၊ ဘူဖျောင်းရပ်ကွက်

အင်ချွန်းမြို၊တောင်ကိုရီးယား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP