12/15/2010
တောသားလေး , Posted in ဓမ္မအတွေးစာစုလေးများ , 0 Comments
ကျွန်တော် ဒီရက် မအားတာနဲ့ စာတွေကိုကောင်းကောင်း မတင်ဖြစ်သလို သူငယ်ချင်းများဆီကိုလည်း မရောက်ဖြစ်ပါဘူး။ ဒီပိုစ်လေးကိုလည်း ဆရာမဒေါက်တာမတင်ဝင်း ရေးတဲ့ “မေမေပြောတဲ့ ရှေးရှေးစကား” စာအုပ်ကို ဖတ်ရင်းနဲ့ စာအုပ်ထဲမှ ပုံပြင်လေးတစ်ပုဒ်ကို နှစ်သက်သဖြင့် ကောက်နုတ်ပြီး စာဖတ်သူ ဓမ္မမိတ်ဆွေများကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပုံပြင်လေးက ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာ ယူစရာတွေ အများကြီးပေးပါတယ်။
ပုံပြင်လေးက ဒီလိုပါခင်ဗျာ…..
တောထဲမှာ ပဒုမ္မာကြာပန်းတွေ အများကြီးပွင့်တဲ့ ရေကန်ကြီး တစ်ကန်ရှိပါတယ်။ အဲဒီရေကန်ကြီး အနီးအနားကို ရောက်လာကြတဲ့သူတိုင်းဟာ အလွန်လှပဝေဆာတဲ့ ကြာပန်းတွေကို မြင်တော့ လိုချင်ဇောကြီးကြီးနဲ့ ရေကန်ထဲကို ဆင်းပြီး ခူးကြ၊ချိုးကြ ပါတယ်။ မိန်းမရော ယောင်္ကျားရော လူငယ်ရော၊ လူကြီးပါ ၀မ်းမြောက်ဝမ်းသာ ကြာပန်းတွေ ခူးနေကြတာကို ခရီးလမ်းကဖြတ်သွားတဲ့ ရသေ့ကြီးတစ်ပါးက လှမ်းမြင်သောအခါ “ဟေ…အဆင့်သင့်လိုက်လေ၊ ငါ့မှာလည်း ဘုရားပန်းလိုနေတာနဲ့ အတော်ပဲကွယ့်” လို့ဆိုပြီး ရေကန်ထဲကို ဆင်းပြီး ဘုရားလှူဖို့ ပန်းချိုးပါတယ်။ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးလေးပွင့် စသည်ဖြင့် ချိုးလာလိုက်တာ ငါးပွင့်လည်းရရော ရေကန်စောင့် နတ်သမီး ပေါ်လာပါတယ်။
နတ်သမီးက ရသေ့ကြီးကို “အသင်ရသေ့၊ အသင်ဟာ သူတော်ကောင်းယောင် ဆောင်နေတဲ့ ရသေ့ပဲ” လို့ ပြောတဲ့အခါမှာ ရသေ့ကြီးက “ဟဲ့…ဘာပြုလို့တုန်း” လို့ ပြန်မေးပါတယ်။ နတ်သမီးက “အသင်က ကြာပန်းတွေကို ခိုးနေတာကိုး” လို့ ပြောတော့ “ဟဲ့…ခိုးတယ်လို့ ပြောရအောင် ဒီကန်က ပိုင်ရှင်မှ မရှိဘဲပဲ” လို့ ပြန်ပြောသောအခါ ရေကန်စောင့် နတ်သမီးက “ဒီရေကန်မှာ ပိုင်ရှင်ရှိပါတယ်။ အဲဒီပိုင်ရှင်ကတော့ ကျွန်ုပ်ပါပဲ” လို့ ဆိုသတဲ့။ အဲဒီတော့လည်း ရသေ့ကြီးခမျာမှာ ခိုးထုတ်ခိုးထည်နဲ့ မိနေသလို ခပ်ကြောင်ကြောင် ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ ရသေ့ကြီးက ဘေးဘက်ကို လှမ်းကြည့်တော့ တခြားသူတွေ ကြာပန်းတွေ ချိုးနေတုန်းကို မြင်ပါတယ်။
အဲဒီလိုမြင်သောအခါ ရသေ့ကြီးက “ဟဲ့…နတ်သမီးရဲ့ နင်က ငါ့ကိုပဲ ပြောနေတယ်။ ဟောဟိုမှာ တခြားသူတွေ ပန်းတွေ လိုသလို ချိုးနေတာကိုတော့ မပြောဘူး” လို့ ဆိုပါတယ်။
နတ်သမီးက “သူတို့ကိုလည်း ကျွန်ုပ်မြင်ပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ ဘာမှမပြောတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အကျင့်သီလက လက်နှီးစုတ်လို ဖြစ်နေပြီ၊ ညစ်ပေစွန်းထင်းထားတာ များလွန်းတော့ သူတို့အဖို့ နောက်ထပ်မကောင်းမှု ပြုရင်လည်း ထပ်ပြီး ညစ်ပေစရာ မလိုတော့ပါဘူး။ အသင်ရသေ့ကြီးကတော့ အ၀တ်ဖြူစလို သန့်ရှင်းတဲ့ သီလရှိပါပေတယ်။ အဲဒါကြောင့် ကျွန်ုပ်က သတိပေးရတာပါ” လို့ ပြောပြီး နတ်သမီး ကွယ်သွားပါတယ်။
အထက်ဖော်ပြပါ ပုံပြင်လေးက ကျွန်တော်တို့ အားလုံးအတွက် သင်ခန်းစာတွေ၊ အတွေးလေးတွေ အများကြီး ၀င်လာပါတယ်။ ကျွန်တော်တို့တွေရော လက်နှီးစုတ်တွေလား ဖြူစင်တဲ့ အ၀တ်ဖြူစတွေလားလို့ ကိုယ်ကိုကိုယ် ပြန်ပြီးသုံးသပ် သင့်လာပါတယ်။ ကိုယ်ကိုတိုင် လက်နှီးစုတ်ဖြစ်နေရင်လည်း အခုချိန်မှာ သိပြီး ဖြူစင်သန့်ရှင်းသွားအောင် လျှော်ဖွတ် လိုက်သင့်ပါတယ်။ အထက်ပုံပြင်ထဲက ရသေ့ကြီးကို ပြောသလို ဖြူစင်သန့်ရှင်းနေတဲ့ အ၀တ်ဖြူစလေးလို ဖြစ်နေရင်လည်း အဲဒီဖြူစင်နေတဲ့ အရောင်လေးကို မည်းညစ်ပြီး လက်နှီးစုတ်လို ဖြစ်မသွားအောင် ဆက်လက်ကြိုးစား အားထုတ်သင့်ပါတယ်။ လက်နှီးစုတ်ကိုလည်း ဒါက လက်နှီးစုတ်ကြီးဆိုပြီး မလျှော်ဖွတ်ဘဲ ပစ်ပယ်ထားလိုက်ရင် ကြာရင် လုံးဝသုံးမရတဲ့ အခြေအနေ ရောက်သွားပြီး စွန့်ပစ်လိုက်ရမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြူစင်တဲ့ အကျင့်သီလ ပိုင်ရှင်များကလည်း လက်နှီးစုတ်ကို ဖြူစင်လာအောင် လျှော်ဖွတ်ပေးပြီး ကိုယ်ရဲ့ ဖြူစင်တဲ့ အ၀တ်ဖြူစလေးကို မညစ်နွမ်းသွားအောင် ကြိုးစားသင့်ပါတယ်။
မည်းညစ်နေတဲ့ လက်နှီးစုတ်ကလည်း ဘယ်တော့မှ ဖြူလာမှာ မဟုတ်ဘူးဆိုပြီး ဆက်လက်ပြီးတော့ ညစ်နွမ်းမနေသင့်ပါဘူး။ အမှားဆိုတာရှိရင် အဲဒီအမှားကို ပြင်နိုင်တဲ့ အမှန်ဆိုတဲ့ အဖြေဆိုတာရှိပါတယ်။ ဒါကြောင့် အားလုံးဘဲ အကျင့်သီလ ဖြူစင်သော အ၀တ်ဖြူစလေးလို ဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး
0 comments:
Post a Comment