ဓမ္မမှတ်ကျောက်(၂) (သို့) ကိုယ့်စိတ်ကိုယ်စစ်

(၁) ဓမ္မစစ် ဓမ္မမှန်ကို အမှန်တကယ်ကျင့်သုံးလိုက်နာနေတဲ့သူဟာ သံသရာဝဋ်ဆင်းရဲကနေ လွတ်ကင်းချင်လာတဲ့စိတ်တွေ ဖြစ်ပေါ်လာရပါမယ်။ သံသရာကြီးကိုလည်း ငြီးငွေ့လာရမယ်။ ငြီးငွေ့မှုမဖြစ်ပဲ သံသရာမှာ လည်ပတ်ရမှာကို ပျော်ရွှင်နေတယ်.. အားထုတ်နေတယ် ဆိုရင်တော့ ကိုယ်ကျင့်သုံးနေတာ တရားစစ်တရားမှန် မဟုတ်တော့ပါဘူး။ ကိုယ့်ကျင့်တဲ့ဓမ္မဟာ အမှန်တကယ် စစ်မှန်နေမယ်ဆိုရင် သံသရာကိုငြီးငွေ့မှု ဦးတည်နေရပါမယ်။ သံသရာကြီးကို ငြီးငွေ့မှုဦးမတည်ပဲ သံသရာလည်ဖို့အရေးတွေပဲ ပြုလုပ်နေမယ်ဆိုရင်ဖြင့် ကိုယ့်ကျင့်တဲ့တရားအသိဟာ အသိမှားအမှတ်မှားဖြစ်နေပါသေးတယ်။ သံသရာကြီးကို ငြီးငွေ့တယ်ဆိုတာလည်း စိတ်ဓါတ်ကျလာတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ စိတ်ဓါတ်ကျသွားတဲ့သူဟာ တရားကို အမှားသိမြင်တာမျိုး ဖြစ်သွားတာပါ။ တကယ်က သံသရာကြီးကို ငြီးငွေလာခြင်းဟာ.. သဘာဝတရားတွေရဲ့ မတည်မြဲမှုကို အမှန်အတိုင်းသိမြင်လာတဲ့အတွက် ငြီးငွေ့လာခြင်းဖြစ်ပြီး သံသရာကြီးအပေါ်မှာ တက်မက်မှုတွေလျော့နည်းလာကာ တွယ်တာမှုတွေ ကင်းသွားတာမျိုးဖြစ်ပေါ်လာတာပါ။ တွယ်တာမှုတွေ ကင်းသွားတဲ့အတွက် ငြိမ်းချမ်းမှုတွေရရှိလာရမှာဖြစ်ပါတယ်။ ဒီလို ငြိမ်းချမ်းမှုတွေမရရှိပဲ.. စိတ်ဓါတ်တွေကျနေမယ်ဆိုရင်ဖြင့် တရားအသိဟာ လွဲမှားနေပါသေးတယ်။
(၂) သံသရာဘ၀ကြီးကို တက်မက်တွယ်တာမှုတွေ လျော့နည်းလာရမယ်။ တရားအသိရှိလာလေလေ သံသရာဘ၀ကြီးကို တက်မက်တွယ်တာနေတဲ့ တဏှာတွေလျော့နည်းလာလေလေ ဖြစ်လာရပါမယ်။ နောက်ဆုံး သံသရာဘ၀ကြီးကို တက်မက်တွယ်တာတဲ့တဏှာတွေ ကင်းသွားချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာရမယ်။ ဒီလိုမှမဟုတ်ပဲ ဒီသား၊ ဒီသမီး၊ ဒီမြေးမြစ်တွေနဲ့ သေတူရှင်မကွာ ဘ၀ဆက်တိုင်း နေချင်လည်ချင်တုန်းပဲဆိုရင်တော့ သံသရာဘ၀ကြီးအပေါ်မှာ တက်မက်မှုတွေရှိနေပါသေးတယ်။ ဒီလိုတက်မက်မှုတွေရှိနေမယ်ဆိုရင်တော့ ကိုယ့်ကျင့်တဲ့တရားအသိဟာ ဘုရားရှင်သာဓုခေါ်တဲ့အသိမျိုး အကျင့်မျိုး မဟုတ်သေးပါဘူး။
(၃) လောဘ၊ ဒေါသ၊ မောဟ၊ မာန်၊ မာနစတဲ့ ကိလေသာ အပူမီးတွေ ဖြေးဖြေးခြင်း ပါးပါးလာရမယ်.. နည်းနည်းလာရပါမယ်။ နောက်ဆုံး ကိလေသာအပူမီးတွေ ချုပ်ငြိမ်းလာချင်တဲ့အထိ ဖြစ်လာရပါမယ်။ တရားအသိရှိလာလေလေ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူမီးတွေ နည်းလာလေလေ ဖြစ်လာရပါမယ်။ တရားရိပ်သာသွားအားထုတ်ပြီး အိမ်ပြန်လာခါမှ ငါမှတရားအားထုတ်နိုင်တာ တရားအလုပ် လုပ်နိုင်တာ.. သူတို့ကတော့ သံသရာလည်ဦးမှာဆိုတဲ့ မာန်မာနတွေတက်လာပြီး နှိုင်းယှဉ်တတ်လာပြီဆိုရင်လည်း ကိုယ်ကျင့်တဲ့တရားအကျင့်ဟာ မမှန်သေးပါဘူး။ တရားရိပ်သာဝင်ပြီး တရားအသိတွေတိုးလာလေလေ၊ ဘုရားရှင်ရဲ့အဆုံးမကို ကျင့်သုံးလာလေလေ.. ကိလေသာအပူမီးတွေ ငြိမ်းသထက်ငြိမ်းလေလေ မာန်မာနတွေ နည်းလေလေ ဖြစ်လာရပါမယ်။ ဒီလိုမှမဟုတ်ပဲ မာန်မာနတွေ၊ တဏှာလောဘတွေ၊ ဒေါသတွေ အားကြီးရင်း ကြီးလာမယ်နေမယ်ဆိုရင်တော့ ကိုယ်ကျင့်တဲ့တရားဟာ လွဲနေပြန်ပါသေးတယ်။
(၄) စိတ်နှလုံးတွေ ပိုပြီးငြိမ်းအေးလာရပါမယ်။ တရားအားထုတ်လာတာနဲ့အမျှ အရင်လို စိတ်ပူပန်မှုတွေ စိတ်ပူလောင်မှုတွေ မရှိတော့ပါဘူး။ တရားအသိရှိလေလေ ထိုစိတ်ပူပန်မှုအပေါ်မှာ ထိန်းချုပ်ထားနိုင်လေလေ ဖြစ်လာရပါမယ်။ နောက်ပြီး လောကဓံရှစ်ပါးရဲ့ ရိုက်ခတ်မှုတွေကိုလည်း မတုန်မလှုပ်ရင်ဆိုင်ရဲတဲ့ စိတ်ဓါတ်ကောင်းတွေ ရှိလာရပါမယ်။ လောကဓံရှစ်ပါးမှ ဘယ်ဟာပဲလာလာ.. ကိုယ့်စိတ်အပေါ်မှာ ချယ်လှယ်သွားနိုင်တာမျိုးတွေ မရှိရတော့ပါဘူး။ လောကဓံရှစ်ပါးကို မတုန်မလှုပ်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တဲ့စွမ်းအားတွေ တိုးလာရပါမယ်။ ချီးမွမ်းလို့လည်း မမြောက်.. ကဲ့ရဲ့လို့လည်း စိတ်ဆင်းရဲ စိတ်ပူလောင်တာမျိုးတွေ မရှိတော့ပါဘူး။ ကိုယ့်ကြောင့်လည်း သူတစ်ပါးတွေ စိတ်ပူပန်အောင်မလုပ်တော့သလို.. သူတစ်ပါးတွေကြောင့်လည်း ကိုယ့်စိတ်ကို အပူပန်မခံတော့ပါဘူး။ တရားတွေတော့ အားထုတ်နေပါရဲ့.. အရင်လိုပဲ ပူပန်မှုတွေ စိုးရိမ်မှုတွေ မလျော့သေးဘူးဆိုရင်တော့ ကိုယ့်ကျင့်တဲ့တရားဟာ ပြန်လည် စမ်းစစ်ကြည့်ဖို့ လိုအပ်ပြန်ပါသေးတယ်။
(၅) သစ္စာလေးပါးကို မှန်မှန်ကန်ကန် အသိဥာဏ်နဲ့ ထိုးထွင်းသိမြင်လာပါတယ်။ သစ္စာလေးပါးတရားကို အရင်လို အပေါ်ယံသိမဟုတ်တော့ပဲ တရားသဘောအတိုင်း ရှင်းရှင်းလင်းလင်းသိလာရပါမယ်။ တရားအသိရှိလာတာနဲ့အမျှ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး(၃)ပါး ဟာလည်း ပိုပြီးတော့ ထင်ရှားသိရှိလာရပါမယ်။ တရားတွေတော့ အားထုတ်နေပါရက်နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာ တရားတွေ ကိုယ့်သန္တန်မှာ ထင်မလာဘူး.. သံဝေဂတရားတွေ တိုးမလာဘူးဆိုရင်တော့ ကိုယ်ကျင့်တဲ့တရားအသိဟာ လွဲနေပြန်ပါသေးတယ်။ ဒါမလို့လည်း တရားအစ သံဝေဂကလို့ ဟောပြဆုံးမခဲ့တာဖြစ်ပါမယ်။
(၆) နောက်ဆုံးအချက်အနေနဲ့ကတော့ သူတော်စင်တွေ စိတ်ဝင်စားတဲ့နိဗ္ဗာန်မြတ်ကို စိတ်ဝင်စားလာခြင်းပါပဲ။ နိဗ္ဗာန်ကို မျက်မှောက်ပြုလာချင်တဲ့ စိတ်ထားမျိုးတွေ ရှိလာရပါမယ်။ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ သူတော်ကောင်းတွေရဲ့ စိတ်ထားမျိုးတွေ ကိုယ့်သန္တန်မှာ ဖြစ်ပေါ်လာချင်တာပါပဲ။ အဆင့်မြင့်ဆုံးစိတ်ထားမျိုးတွေ ကိုယ့်သန္တန်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ ဒီအချက်ကတော့ အဆင့်မြင့်ဆုံးပါပဲ။ နိဗ္ဗာန်ကိုလိုချင်တယ်ဆိုတာလည်း အပေါ်ယံလိုချင်မှုမျိုး မဟုတ်ပါဘူး..။ ရေထဲကို ခေါင်းအတင်းနှစ်ခံထားရတဲ့ လူတစ်ယောက်ဟာ လေကိုတအားတောင့်တ ရှုရှိုက်လိုနေတဲ့စိတ်ထားမျိုးနဲ့ နိဗ္ဗာန်ကို လိုချင်တောင့်တတဲ့စိတ်ထားမျိုးတွေ ဖြစ်လာရမှာပါ။ နောက်ဆုံးအနေဖြင့် ကိုယ့်ကျင့်တဲ့တရားဟာ နိဗ္ဗာန်ကို လက်ရှိတွေ့သွားတဲ့ အနေထားမျိုးထိရှိနေရပါမယ်။ ဒါမှသာ ကိုယ့်ကျင့်သုံးတဲ့တရားအကျင့်နဲ့ ကိုယ်သိရှိတဲ့ဓမ္မအသိဟာ မှန်ကန်နေမှာပါ။
ဒီဖော်ပြပါ အချက်(၆)ချက်ဟာ တရားတွေကျင့်ကြံအားထုတ်နေတဲ့သူတွေ အနေဖြင့် မိမိအားထုတ်နေတဲ့ တရားအသိဟာ မှန်မမှန်ဆိုတာ မိမိသန္တန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရနိုင်သလို.. ကိုယ့်ကိုဟောပြဆုံးမနေတဲ့ တရားအဆုံးမတွေမှန်မမှန်ကိုလည်း လိုက်နာကျင့်ကြံနေစဉ်အတွင်းမှာ ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ့်ကို ဆရာတော်တစ်ပါးက ဟောပြဆုံးမပေးလို့ ဒီလိုတရားအသိမျိုးတွေ ကိုယ့်သန္တန်မှာဖြစ်ပွားလာတယ်၊ တိုးလာတယ်ဆိုရင်ဖြင့် ဓမ္မစစ်ဓမ္မမှန်ကို ဆုံးမနာယူခွင့်ရရှိလိုက်တာပါပဲ။ ဆရာတော်က ဓမ္မစစ်ဓမ္မမှန်ကို ဆုံးမဟောပြပေးသော်လည်း မိမိကိုယ်တိုင်ခံယူကျင့်သုံးမှုလွဲနေခဲ့ပြန်ရင်လည်း ကိုယ့်ကျင့်ကြံနေတဲ့အကျင့်တရားကြောင့် ဒီသန္တန်တွေကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်မလာဘူးဆိုရင်ဖြင့် တရားလမ်းကြောင်း လွဲနေတယ်ဆိုတာလည်း ချက်ခြင်းသိလာနိုင်ပါတယ်။ လမ်းကြောင်းလွဲနေခဲ့မယ်ဆိုရင်လည်း မိမိကိုယ်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး အမှားသိကာ အမှန်သို့ရောက်အောင် ကျင့်ဆောင်နိုင်ဖို့ကိုလည်း အထက်ဖော်ပြပါ အချက်(၆)ချက်ဖြင့် တိုင်ဆိုင်စစ်ဆေးပါလို့ ပြောလိုက်ပါရစေ..။ ဘယ်တရားပဲအားထုတ်အားထုတ်၊ ဘယ်တရားပဲ နာကြားရနာကြားရ ဒီမှတ်ကျောက်လေးတွေနဲ့ ကိုယ့်သန္တန်မှာဖြစ်ပေါ်လာတဲ့စိတ်ထားလေးတွေ တိုက်ဆိုင်စစ်ဆေးကာ ဓမ္မစစ်ဓမ္မမှန်ကို ကျင့်ကြံနိုင်ကြတဲ့ သူတော်ကောင်းသူမြတ်လောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..။
0 comments:
Post a Comment