လူတိုင်းအတွက် ပဋ္ဌာန်း(ဥပနိဿယ)
Monday, 08 November 2010 11:56 | Written by Administrator | PDF | | Print | | E-mail
ပဋ္ဌာန်းကျမ်းကြီး သို့မဟုတ် ပဋ္ဌာန်း(၂၄)ပစ္စည်းတို့နဲ့ ပတ်သက်ပြီး လူတိုင်း သိသင့်တဲ့ အခြေခံ ကလေးတွေကို လူတိုင်း နားလည်လောက်တဲ့ အသုံးအနှုန်း စကားလုံးသုံးပြီး လူတိုင်းနဲ့ နီးစပ် လောက်တဲ့ သာဓက ကလေးတွေနဲ့ ရေးတဲ့စာဖြစ်လို့ ဒီကြောင်း အရာများကို “လူ့ပဋ္ဌာန်း”လို့ ခေါင်းစဉ် ပေးခဲ့ ပါတယ်။
ဒီလိုပေးရတာလဲ မိမိက တမင် ထွင် လိုက်တာတော့ မဟုတ်ပါဘူး၊ ပဋ္ဌာန်းဒေသနာတော်ကို လူတိုင်းနားလည်သင့်သလောက်
စတင်ဟောကြားပေးတော်မူခဲ့တဲ့ မိုးညှင်းဆရာတော်ဘုရားကြီးရဲ့ ဟောစဉ်များထဲမှာ ..သူသူငါငါက မြင်သမျှ ကြားသမျှတွေကို {ငါမြင်တယ်၊ ငါကြားတယ်}လို့ သုံးနေကြတာတွေက အကြောင်းအကျိုး အစစ်အမှန်တွေ ကွယ်ပျောက်နေတဲ့အတွက် အဲဒါက {ငါပဋ္ဌာန်း}တွေ။
စာသင်တိုက်ကြီးတွေမှာ သံဃာတော်အရှင်မြတ်တွေ ရွတ်ဖတ်သင်ကြားနေကြတဲ့ ‘ရူပါယတနံ စက္ခုဝိညာဏဿ အာရမ္မဏ ပစ္စယေန ပစ္စယော’ စတဲ့ ပါဠိတော်ကြီးတွေကတော့ ‘စာပဋ္ဌာန်း’တွေပေါ့။ အခု တို့ဟောမဲ့ပဋ္ဌာန်းကတော့ အဘိဓမ္မာ အကြောင်း အကျိုးနဲ့ရော ကျမ်းဂန်တွေနဲ့ရောလဲ လွတ်မသွားရအောင် ရပ်သူရွာသားတိုင်းလဲ နားလည်ရအောင်ဟောတာဖြစ်လို့ ‘ရွာပဋ္ဌာန်း’ ပေါ့လို့ ဟောကြားခဲ့တာကို တွေ့ရပါတယ်။
ဆရာတော်ကြီးကတော့ ကျေးလက်မှာပဲ သီတင်းသုံးတာဆိုတော့ ရပ်သူရွာသားကို အဓိကထားပြီး ‘ရွာပဋ္ဌာန်း’လို့ အမည်ပေးခဲ့တာ၊ အခုမိမိတို့ခေတ်မှာတော့ အဘိဓမ္မာတရားတွေဟာ ရပ်သူရွာသားများသာမကတော့ဘူး မြို့ပြတွေမှာအထိ အတော့်ကို တွင်ကျယ်လာပြီဖြစ်နေလို့ ရပ်ရွာမြို့ပြအားလုံးမှာရှိကြတဲ့ လူအားလုံးအတွက်ရည်ရွယ်ပြီး ‘လူ့ပဋ္ဌာန်း’လို့ အမည်ပေးခဲ့တာပါ၊
အခုတော့ တချို့က အဲဒီ ‘လူ့ပဋ္ဌာန်း’ဆိုတာ ကိုပဲ ဘုရားရှင်ပဋ္ဌာန်းမဟုတ်တဲ့ တခြားပဋ္ဌာန်းတစ်မျိုးဆိုတဲ့ အဓိပ္ပါယ် ပေါက်သလိုလိုထင်ပြီး တယ်ဘဝင်ကျပုံမရကြဘူး၊ ဒါနဲ့ .. ရိုးရိုးလေးပဲ ‘လူတိုင်းအတွက် ပဋ္ဌာန်း’လို့ ခေါင်းစီး ပြောင်းပေးလိုက်ရပါတယ်။
အခုဆိုရင် ဥပနိဿယပစ္စည်းအကြောင်းရောက်လာပါပြီ၊ ‘ဥပနိဿယ’ဆိုတာ မြန်မာလိုတော့ ‘အားကြီးသော မှီရာအကြောင်း’လို့
တိုက်ရိုက်ပြန်ဆိုရမှာပါ။ ‘အားကြီးသော အကြောင်း’ ဆိုတာ အကျိုးတရားတွေ မလွဲမသွေဖြစ်ပေါ်လာလောက်အောင်အထိ ကြီးမားတဲ့ အစွမ်းသတ္တိရှိတဲ့ အကြောင်းတရားလို့ ဆိုလိုပါတယ်။
ပဋ္ဌာန်း(၂၄)ပစ္စည်းထဲမှာတော့ ဒီ ‘ဥပနိဿယပစ္စည်း’ဟာ အတော်ကို အရာကျယ်ဝန်းတဲ့အတွက် ‘မဟာပစ္စယ’လို့ အဋ္ဌကထာ များက ဖွင့်ပြပါတယ်၊ ‘ဧရာမ အကြောင်းတရားကြီး’လို့ ဆိုလိုတာပေါ့။ ဘယ်လောက်ထိ အရာကျယ်သလဲဆိုရင်တော့ (၂၄) ပစ္စည်းထဲကကျန်တဲ့ ပစ္စည်းတရားတွေနဲ့ အကြောင်းအကျိုးဆက်လို့ မရနိုင်တဲ့ကိစ္စတွေ၊ ဖြစ်ရပ်တွေ မှန်သမျှဟာ ‘ဥပနိဿယ’ပစ္စည်းရဲ့ အကျိုးတရားတွေဖြစ်တယ်လို့ဆိုလိုက်ရင် မှားကိုမမှားနိုင်ပါဘူး၊ မိမိတို့ စာသင်သားဘဝမှာ စာမေးပွဲတွေဖြေစဉ်ကဆိုရင် ပဋ္ဌာန်းနည်းနဲ့ပတ်သက်လို့မေးသမျှပုစ္ဆာတွေကို တခြားပစ္စည်း စဉ်းစားလို့မရရင် ‘ဥပနိဿယ’ ပစ္စည်းဆိုပြီး လုံးတုတ်လိုက်တာ မှန်နေတာပဲ။
ဥပနိဿယဆိုတဲ့ အသံကိုကြားလိုက်ရတဲ့အခါ ဗုဒ္ဓဘာသာဝင်တော်တော်များများကြားဖူးနားဝရှိနေတဲ့ သပ္ပူရိသူပနိဿယ ဆိုတဲ့ စကားလေးကိုလဲ သတိရကောင်းရကြမလားပဲ၊ သမ္ပတ္တိစက်လေးပါးထဲမှာ ပါတာလေ၊ ဟုတ်ပါတယ်၊ သပ္ပူရိသူပနိဿယ ဆိုတာ သပ္ပူရိသ နဲ့ ဥပနိဿ ကို တွဲစပ်ထားတဲ့ပုဒ်ပါ။ အမှန်ကတော့ ‘သပ္ပူရိသူပနိဿယ’ သာမကပါဘူး သမ္ပတ္တိစက်လေးပါး လုံးဟာ ဥပနိဿယပစ္စည်း တွေချည်းပါပဲ။ (လယ်တီ- ဓာတ်ကမ္မဋ္ဌာန်းကျမ်း ပေါင်းချုပ် -ဒု ၄၄၃)
သမ္ပတ္တိစက်လေးပါးဆိုတာကိုလဲ ပြန်ပြီး နှလုံးသွင်းနိုင်အောင် နည်းနည်းထည့်ပြောပါဦးမယ်၊ သိပ်ပြီး ခက်ခက်ခဲခဲကြီး မှတ်စရာတော့ မဟုတ်လှပါဘူး၊ မင်္ဂလသုတ်မှာပါတဲ့ ‘ပတိရူဒေသဝါသ’စတဲ့ မင်္ဂလာသုံးပါးတည်းကို သပ္ပူရိသူပနိဿယဆိုတာတစ်ပါး ထည့် လိုက်ရုံပါပဲ၊ အစဉ်အတိုင်းရေတွက်ရင်တော့ ..
(၁) ပုဗ္ဗေကတ ပုညတာ = ကြိုတင်ပြုဖူးသော ကောင်းမှုရှိခြင်း။
(၂) ပတိရူပဒေသဝါသ = သင့်လျှော်တဲ့ အရပ်ဒေသမှာနေရခြင်း။
(၃) သပ္ပူရိသူပနိဿယ = သူတော်ကောင်းအမှီအခိုရရှိခြင်း။
(၄) အတ္တသမ္မာပဏိဓိ = မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ လေးပါးပါပဲ။
○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○ ○
ရှေးကပြုဖူးတဲ့ကံတွေ အားကြီးခြင်းဟာလဲ ဥပနိဿယပစ္စည်းပါပဲ၊ နတ်ပြည်မှာနတ်တွေဟာ ဘာမှအလုပ်အကိုင်မလုပ်ရဘဲ
နေစရာ ဘုံဗိမာန်တွေလဲ အသင့်၊ စားစရာဝတ်စရာတွေဆိုလဲ ပဒေသာပင်တွေပေါက်လို့ အသင့်ယူပြီးသုံးရုံပဲ ဆိုတာမျိုးတွေ၊ (ကံဟောင်းစားလူပျင်းကြိုက်အကျိုးတွေပေါ့လေ၊ ဒါကြောင့်လဲ လူပြည်မှာသာ လူစွမ်းကောင်းအာဇာနည်ဆိုတာရှိပြီး နတ်ပြည်မှာ နတ်စွမ်းကောင်းအာဇာနည်ရယ်လို့ မရှိတာဖြစ်မှာပေါ့) ငရဲဘုံသားတွေမှာ ချမ်းသာသုခဆိုတာ ကြားခွင့်တောင်မရ နိုင်လောက် အောင် ဘက်စုံဆင်းရဲမှုတွေ ခံစားနေရတာတို့ ဆိုတာတွေဟာ ရှေးကံဟောင်းက ဥပနိဿယသတ္တိနဲ့ ကျေးဇူးပြုပေးတဲ့ အကျိုးတွေပဲပေါ့၊ ဒါကို ကမ္မဥပနိဿယ (ကမ္မ+ဥပနိဿယ)လို့ ခေါ်ပါတယ်။
နေရာကောင်းတဲ့အတွက် အလုပ်အကိုင် အစစအဆင်ပြေနေတယ်ဆိုတွေဟာလဲ ဥပနိဿယပစ္စည်းတွေပါပဲ၊ နေရာကောင်းဆိုလို့ ကိုလိုနီခေတ်က မြန်မာပြည်မှာ တာဝန်ထမ်းဆောင်သွားဖူးတဲ့ အင်္ဂလိပ်အရာရှိတစ်ဦးက မြန်မာပြည်နဲ့ မြန်မာလူမျိုးတို့အပေါ် ချီးမွမ်းကန်ကျောက် လုပ်ထားတဲ့ မှတ်တမ်းတစ်ခုအကြောင်းလဲ ကြားရဖူးတယ်။ သူ့မှတ်ချက်က ကျေးဇူးတင်ချင်စရာလို့ ဆိုရမလား၊
ဆဲချင်စရာလို့ ဆိုရမလားတော့မသိဘူး၊ သူမှတ်ချက်ပြုပုံကတော့ ...
မြန်မာပြည်ရဲ့ မြေဆီဩဇာဟာ ဘယ်လောက်ကောင်းသလဲဆိုရင် မြန်မာတောင်သူလယ်သမားတွေဟာ ခေတ်မီစက်ယန္တရား
ဆိုတာ လုံးဝမပါဘဲ မိရိုးဖလာသစ်တုံးကို တုတ်ပြားလေးတွေတပ်ထားတဲ့ ထွန်တုံးဆိုတာကို နွားနဲ့ရုန်းခိုင်းပြီး ဟိုခြစ်ဒီဆွဲလုပ်တဲ့
စိုက်ပျိုးရေးနဲ့ပဲ စားနိုင်သောက်နိုင်ဖြစ်နေကြတာ၊ ယားတတ်တဲ့လူကိုလက်နဲ့ အသာအယာကလိထိုးလိုက်ရုံနဲ့ ရယ်မော လာသလိုပဲ၊ မြန်မာမြေကြီးကလဲ အဲသလို တုတ်ချောင်းကလေးတွေနဲ့ထိုးခြစ် စိုက်ပျိုးလိုက်တာနဲ့ပဲ အသီးအပွင့်တွေကို တခစ်ခစ်ရယ်မောပြီး ဖောဖောသီသီ သီးပွင့်ပေး နေတော့တာ။
သူတို့မြေနဲ့ သူတို့တတွေ လုပ်ကိုင်စားသောက်နေပုံကိုကြည့်ပြီး သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကျောင်းတွေက ဆွမ်းတော်တင်တဲ့
ပလ္လင်နားမှာ နေထိုင်စားသောက်နေတဲ့ ခွေးကြီးတွေကို သတိရစရာပဲ၊ အဲဒီခွေးကြီးတွေဟာ တခြားခွေးတွေလို ပင်ပင်ပန်းပန်း တောလိုက် ပြေးလွှား ဘာမှကြိုးစားစရာမလိုဘူး၊ ဘုရားကျောင်းနား တခြားတိရစ္ဆာန်ကပ်လာတဲ့အခါ ချောက်သလိုလှန့်သလို ဟောင်သံကလေးပေးလိုက်၊ ပြီးရင် ဇိမ်နဲ့ပြန်မှိန်းနေလိုက်၊ စားချိန်တန်တော့ ဆွမ်းတော်ကျ အကောင်းစားတွေစားလိုက်နဲ့ ဇိမ်ကိုကျလို့။
အဲဒီလိုပဲ မြန်မာပြည်စိုက်ပျိုးရေးသမားတွေဟာလဲ တခြားနိုင်ငံသားတွေလို အပင်ပန်းခံကြိုးစားစရာမလိုဘဲနဲ့ကို စားဝတ်နေရေးက ပြေလည်နေတာ တဲ့။ သူပေးတဲ့ ဥပမာကြီးက ကြမ်းလွန်း ရိုင်းလွန်းသလိုလိုဖြစ်နေတော့ သူ့စာကချီးမွမ်းတာလား၊ ကန်ကျောက်တာလားဆိုတာ ခွဲခြားရ ခက်နေတဲ့အတွက် မိတ်ဆွေလား ရန်သူလားဆိုတာလဲ ခွဲခြားရခက်ကောင်း ခက်နေမှာပေါ့နော ‘ဟုတ်တာဆို နာလိုခံခက်’ ဆိုတာမျိုးကြီးများ ဖြစ်နေကြမလားပဲ။
ဒါပေမယ့် ‘ချွတ်ယွင်းချက်များကို ထောက်ပြသူဟာ မြှောက်ချသူထက် မိတ်ဆွေကောင်းပီသတယ်’ဆိုတဲ့ ခံယူချက်မြင့်မြတ် သူတို့အနေနဲ့ကြည့်မယ်ဆိုရင် ‘ မြန်မာမြေဟာ ပထမတန်းစား ပတိရူပဒေသကြီးဖြစ်လို့ စီမံခန့်ခွဲမှုတွေ အသိပညာနဲ့ ဇွဲလုလ္လတွေသာ ကမ္ဘာ့အဆင့်မှီအောင် ကြိုးစားလိုက်မယ်ဆိုရင် မြန်မာဟာ ကမ္ဘာကိုလွှမ်းမိုးနိုင်လောက်တယ်’ လို့ ထောက်ပြလိုက်သလို ဖြစ်တဲ့အတွက် အပျင်းကြီးအလွယ်လိုက်ရင်း အသိÓဏ်ငိုက်မျဉ်းနေသူများကို လှုပ်နိုးပြီးလိုအပ်ချက် တွေကို မီးမောင်းထိုးပြလိုက်တာဖြစ်တဲ့အတွက် မိတ်ဆွေကောင်းတစ်ယောက်လို့ မှတ်ချက်ချနိုင်လိမ့်မယ်ထင်ပါတယ်။ ဒါကတော့ ကောင်းမှုçဆိုးမှု၊ ကောင်းကျိုးçဆိုးပြစ်တွေမှာ နေရာတစ်ခုရဲ့ အားကြီးတဲ့အကြောင်းတရားဖြစ်ပုံ ဒေသူပနိဿယ(ဒေသ+ဥပနိဿယ)ပါ။
သပ္ပူရိသူပနိဿယ ဆိုတာကတော့ သမ္ပတ္တိစက်လေးမျိုးထဲမှာ အရေးအကြီးဆုံးလို့ဆိုရင် မှားမယ်မထင်ပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒက မြတ်စွာဘုရားကို ] လောကမှာ .. အမျိုးကောင်း
သားသမီးတွေ ကောင်းကျိုးချမ်း သာအဖြာဖြာနဲ့ ပြည့်စုံဖို့အရေးမှာ မိတ်ကောင်းဆွေကောင်း (အပေါင်းအသင်း ဆရာသမား) တို့ဟာ
ထက်ဝက် (၅၀) ရာနှုန်းလောက်အရေး ကြီးတယ်လို့ ထင်ပါတယ်ဘုရား} ဆိုပြီး လျှောက်ထားတဲ့အခါ မြတ်စွာဘုရားရှင်က ..
“ အာနန္ဒာ ... ဒီလိုမပြောနဲ့ .. အာနန္ဒာ ... ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆင့် တားမြစ်ပြီးတော့မှ ]လောကမှာ ကောင်းကျိုးချမ်းသာနဲ့
ပြည့်စုံဖို့အတွက် ကလျာဏမိတ္တဟာ ရာနှုန်းပြည့်အရေးပါတယ်။်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
0 comments:
Post a Comment