* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 12, 2010

မွန်းဘိုင်း (ဘုံဘေ) မြို့မှ ဒေဝါလီ ပွဲတော်

ဒီနှစ်ကတော့ ဘယ်လိုဖြစ်ရတယ် မသိပါဘူး။ နှစ်သစ်ကူးပွဲတွေ အတော် ဆင်နွဲခွင့် ရနေလို့လေ။ ၂၀၁၀ နှစ်စ ဖေဖော်ဝါရီလက မလေးရှား ဆစ်တီယာဝမ် မြို့လေးမှာ တရုပ် နှစ်သစ်ကူးပွဲတော်နှင့် ကြုံခဲ့တယ်။ အဲဒီပွဲမှာ ဘာသာရေး အပိုင်းကို ဦးဆောင် လုပ်ပေးခဲ့ရပါတယ်။ နောက် ဧပြီလ ရောက်တော့ စင်္ကာပူ ဆမ်ဘာဝမ်း မြန်မာ သင်္ကြန်နှင့် ကြုံဆုံပြန်ရော။ အခုတော့ မွန်ဘိုင်းမှာ ဒေဝါလီပွဲတော်နှင့် ပက်ပင်း တိုးပြန်ပြီ။

အော် နှစ်သစ်ကူးပွဲတော်တွေနှင့် ကြုံဆုံနေတယ် ဆိုတော့ ပျော်မြူးနေမယ်လို့လဲ ဖတ်ရင်း တွေးမနေနှင့်ဦး။ ဘုန်းကြီးဘဝ ဆိုတော့ ဘာမှ ထူးပြီး ပျော်ရတာမှ မဟုတ်တာ။ သိကြတဲ့အတိုင်းပေါ့။ ဒါပေမဲ့ ဒီပွဲတော် အကြောင်း နည်းနည်းတော့ ရေးပါဦးမယ်။

အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေကို ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ပါတယ်။ ဘုန်းကြီးဖြစ်နေ တာကြောင့် တက်ချင်စိတ် မရှိလှပါဘူး။ မလွတ်မလပ် ပုံစံမျိုးနှင့် သွားရတော့ မျက်နှာပေါ်မှာ ရှက်ရိပ် သန်းတဲ့ မျက်နှာထားက အလိုလို ပေါ်လာတတ်တယ်။ အဲဒါက သိပ် မကောင်းလှဘူးလို့ ထင်ပါ တယ်။

ဒါပေမဲ့ ထည့်သွင်း စဉ်းစားစရာလေးတွေက ရှိနေခဲ့ပြန်ပါတယ်။ ပထမတစ်ချက်က အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေ အတွက် လုပ်ပေးတာဆိုတာကို စဉ်းစား မိတာပါ။

နောက်တစ်ခု ပိုအရေးကြီးတာက အခြားသူများရဲ့ လောကထဲမှာ နေတယ်ဆိုရင် ယဉ်ကျေးမှု ပဋိပက္ခ (cultural clash) မဖြစ်ဖို့က အရေးကြီးပါတယ်။ အခြားယဉ်ကျေးမှုတစ်နှင့် ကွက်တိဖြစ်သွားဖို့က မလွယ်လှဘူး။ ဘီဘီစီ အင်္ဂလိပ်စာ သင်ခန်းစာ တစ်ခုမှာ ဆိုရင် တိုင်းခြားမှာ သွားနေမဲ့သူတွေကို သက်ဆိုင်တဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကောင်းကောင်း လေ့လာပါ (Do lots of research) လို့ အကြံပေးတာကို ကြားဖူးပါတယ်။ စိတ်ဝင်စားမှုတူညီတဲ့ လူ၊ ရိုးရာယဉ်ကျေးမှု တူတဲ့လူ၊ တူညီတဲ့ နောက်ခံရှိသူတွေ (like-minded people) နှင့် တွေ့ရဖို့ကလဲ အခက်သား။ သွားလိုက်ရင်တော့ သူများ ယဉ်ကျေးမှုကို လေ့လာခွင့်ရတယ်။ တစ်ခါ တစ်ခါမှာ ဆိုရင် တမင်တောင် လေ့လာကြ၊ သုတေသန သလောမျိုး လုပ်ယူကြရသေးတာ။ ဒီတော့ တက်သင့်တယ်လို့ အသိစိတ်က ပြောနေပြန်ပါတယ်။ အဲဒါနှင့် တက်ဖြစ်သွားပါရော။

သူငယ်ချင်း နိုင်ငံခြားကျောင်းသား အချို့နှင့်အတူ

သိပ်စည်စည်ကားကားကြီး မဟုတ်ပါဘူး။ နိုင်ငံခြားကျောင်းသားရေးရာက ဒါရိုက်တာနှင့် အခြားလူ အချို့၊ နောက် ကျောင်းအုပ်တစ်ယောက်နှင့် သူ့ဇနီး၊ အခြား ဖိတ်ကြားခံရတဲ့ လူတွေလာကြပါတယ်။ မွန်ဘိုင်း တက္ကသိုလ်မှာ ကျောင်းသား ငါးသိန်းခွဲ ရှိတယ် ဆိုတာနှင့် ဘယ်နှစ်က ယဉ်ကျေးမှုရေးရာ စသည်မှာ ဆုရတယ် စတာတွေကို အဲဒီ principle က ပြောသွားတယ်။ နောက် ဟိုလူ နည်းနည်း ဒီလူ နည်းနည်း စကားပြောကြတယ်။

ပြီးတော့ ရိုးရာ တီးဝိုင်းနှင့် ဧည့်ခံပါတယ်။ အိန္ဒယကျောင်းသား ကျောင်းသူ အချို့၊ ပွဲလာ အချို့ကတော့ ကလိုက်ကြတာ။ ကင်ညာနှင့် ဆူဒန်ကျောင်းသားတွေလဲ ကကြပေမဲ့ ခဏခဏ ပြောင်းပြောင်းသွားတဲ့ က-ကွက်ကို မသိလို့နှင့် တူပါတယ်။ ကလိုက် ရပ်လိုက်ပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံ မတွေ့ရတဲ့ အပြင် မဝန့်မရဲဟန်က ပိုပေါ်လွင်နေတယ်။ ကျောင်းသားသစ်တွေမို့ ထင်ပါရဲ့။ အိန္ဒယကျောင်းသားတွေက ခဏခဏ လာလာ ဆွဲခေါ်ကြပေမဲ့ ရဲရဲတင်းတင်း ကကြတာ မတွေ့ရပါဘူး။

နောက် ကျောင်းသူတစ်ချို့က ဗီယက်နမ်ဘုန်းကြီး တစ်ပါးကို ဘုန်းကြီးမှန်း မသိလို့ က-ဖို့ လာဆွဲခေါ်ကြလို့ အတော် ရီလိုက်ရသေးတယ်။ အဲဒီ ဘုန်းကြီးခမျာ Oh my God လို့ ငြီးငြူပြီး အတင်း ရုန်းကန် ငြင်းဆန်ရှာတယ်။ ဟုတ်တာပေါ့။ သူတို့ ဝတ်ရုံ (သင်္ကန်း)က လူဝတ်စုံ တစ်မျိုးအတိုင်းပဲပေကိုး။ သိမထားရင် တိုင်းရင်းသား တစ်မျိုး၊ ဒါမှ မဟုတ် နိုင်ငံခြားသား တိုင်းပြည်က ရိုးရာ အဝတ်လို့ပဲ ထင်မှာပေါ့။

ဒို့ကိုတော့ က-ဖို့ ဘယ်သူမှ လာဆွဲ မခေါ်ကြပါဘူး။ အန္ဒိယမှာ သာသနာ လုံးဝကွယ်မလောက် ဖြစ်သွားခဲ့ပေမဲ့ မဟာရဋ္ဌ ပြည်နယ်မှာတော့ ဒေါက်တာ အမ်ဘေဒကာရ် (Ambedkar) ရဲ့ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရှိနေသလို သိလဲ သိကြပါတယ်။ကြီးကျယ် ထင်ရှားခြင်း သိပ် မရှိလှပေမဲ့ ဘုံဘေမှာ ကျောင်းလေးတွေ တစ်သောင်းလောက် ရှိတယ်ဆိုပဲ။ (စာရင်း အတိအကျ မဟုတ်ပါ။)


ဒေဝါလီ အချိုပွဲ ပြင်ဆင်နေကြစဉ်

နောက်တော့ လက်ဖက်ရည်နှင့် ဒေဝါလီ အချိုပွဲ သွားရည်စာ ကျွေးမွေး ဧည့်ခံ၊ မီးရှူးမီးပန်းတွေ ထွန်းညှိ ပစ်ဖောက်ကြပြီး ပွဲတော်ကို အဆုံးသတ်လိုက်ကြပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် ပွဲစီစဉ်တာကတော့ ညံ့ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို ဖိတ်ကြားတဲ့ စေတနာကတော့ မြင့်မြတ် ကောင်းမွန်ပါတယ်။


ဒေဝါလီပွဲတော်မှာ တစ်မြို့လုံး မီးတွေ ထိန်ထိန်လင်းနေတယ်။ အိမ်တိုင်း အဆောင်တိုင်းနှင့် တစ်ချို့ သစ်ပင် ပန်းပင်တွေမှာ ရောင်စုံမီးတွေ လှပ နုယဉ်နေအောင် ထွန်းထားတာ မြင်မိတော့ အမိ မြန်မာပြည်ကို သတိယမိတယ်။ ကောင်းတာလေးတွေ ခံစားရတဲ့ အခါမှာ ကိုယ် ချစ်မြတ်နိုးသူတွေကို အရင် သတိယတတ်ကြတာ ဓမ္မတာပါပဲလို့ (သီလက္ခန္ဓအဋ္ဌကထာမှာ) ဖတ်ရဖူးပါတယ်။ မြေကြီးက ရွှေသီးပြီး၊ စပါးတောင်လိုပုံ၊ ဆီကို ရေချိုးဖြစ်ခဲ့တဲ့ တိုင်းပြည်မှာ အစစ အရာရာ ဆင်းရဲမွဲတေသွားပြီး ရန်ကုန်၊ မန္တလေးလို မြို့တော်ကြီးတွေမှာတောင် လျက်စစ်မီး မရနိုင်ဖြစ်နေကြကို ယှဉ်ပြီး သတိယမိလို့ အတော်ဝမ်းနည်းမိပါတယ်။ မကြာသေးခင်က ပြီးသွားတဲ့ သီတင်းကျွတ် မီးထွန်းပွဲတော်မှာ လှလှပပမှ ဖြစ်ခဲ့ပါလေစ။
နောက် ဒေဝါလီ ပွဲတော် တစ်ခု
၀၇၊ ၁၁၊ ၂၀၁၀ နေ့မှာလဲ ဒေဝါလီပွဲတော် တစ်ခု တက်ဖို့ ဖိတ်ကြားပြန်ပါတယ်။ ပွဲတော်က မွန်းဘိုင်း တက္ကသိုလ်ဝင်းထဲမှာပါ။ အမှန်ဝန်ခံရရင် အဲဒီနေ့က ကမ္ဘာကျော် မျက်လှည့်ပြပွဲ ရှိနေတာကြောင့် ဒီပွဲကို သိပ် မသွားချင်ပါဘူး။ မျက်လှည့်ပွဲကို ရုပ်သံ သို့မဟုတ် အင်တာနက်ကနေ တစ်နေကုန် အားရပါးရ ထိုင်စောင့်ကြည့်ချင်တယ်။ ဘာတွေ သိရ၊ မြင်ရ၊ ကြားရမလဲပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျမ်းကြီးကြပ်ရေးမှူး ကိုယ်တိုင် နှစ်ခါတောင် ဖိတ်တာမို့ သွားတော့ သွားရပါတယ်။ ဒဿနိကဗေဒဌာနက ကျင်းပတာလို့ နာမည်ခံပေမဲ့ ဆရာမ မိသားစုကပဲ ဦးစီးကျင်းပပေးတာပါ။ သူရယ်၊ သူ့ခင်ပွန်းရယ်၊ သူ့သမီးရယ် အစ အဆုံး နောက်ကွယ်ကနေ ကြိုးစား ပမ်းစားလုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့မိပါတယ်။


လူသားများရဲ့ ဖျက်ဆီးခြင်း ခံနေရတဲ့ မိခင် ကမ္ဘာမြေကြီုးရဲ့ အဖြစ်ကို ပုံဖော်နေစဉ်

Dhamma wisdom လို့ နာမည်ပေးထားမိလို့ ပွဲအကြောင်းကို သိပ်မရေးချင်ဘူး။ ဒီတော့ မြန်မာပြည်က ဗီဒီယိုခွေတွေ ကြည့်ကြသူတွေလို အစကို ကျော်လိုက်ကြတာပေါ့။ အဲဒီတင်ဆက်မှုတွေထဲက တစ်ခုက လူသားတွေ ဖျက်ဆီခံရလို့ အတော်ကို ပုံပျက် ပန်းပျက် ဖြစ်နေတဲ့ မိခင် ကမ္ဘာမြေကြီးပုံကို သရုပ်ဖော် တင်ပြတာကိုတော့ အတော် သဘောကျမိပါတယ်။

လူသားတွေရဲ့ နည်းမျိုးစုံနှင့် ဖျက်ဆီးတာကို ခံနေရတာများတော့ ကမ္ဘာမြေကြီးက ဖြစ်ချင်ရာ ဖြစ်စေတော့ရယ်လို့ လျစ်လျှူရှုတော့မယ်တဲ့။ အဲဒါကို သိတော့မှ လူသားတွေ (လူမျိုးစုံ၊ အရွယ်စုံက လျစ်လျှူမရှုဖို့၊ ကမ္ဘာမြေကို ဂရုတစ်စိုက် ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ဝိုင်းပြီး ဂတိပြု တောင်းပန်ကြပါတယ်။ ကမ္ဘာကြီးက ပြောတိုင်း မယုံပါဘူး။ “ဘာ!!!။ ဂတိစကား၊ ဟုတ်လား။ မင်းတို့ ဂတိပေးခဲ့တဲ့ အကြိမ်တွေ သိပ်များနေပြီ။ တစ်ခါမှ ဂတိမတည်ဖူးဘူး” တဲ့။ ကမ္ဘာကြီးက ပြန်ပြောတာလေ။ ကလေးတွေ အများစုက တင်ဆက်တာ ဆိုပေမဲ့ အိုက်ဒီယာကိုတော့ အရမ်းကို ကြိုက်ပါတယ်။ အရမ်း အရေးကြီးပြီး လက်ရှိ ဖြစ်ပျက်နေတာကို မီးမောင်းထိုးတင်ပြထားတာလေးပါ။ လက်ရှိ အခြေအနေကို ထင်ဟပ်စေပါတယ်။

မျက်လှည့်ပြကွက်များဖြင့် ဧည့်ခံတင်ဆက်နေသည့် ဆယ်နှစ်အရွယ် သမီးလေး

မျက်လှည့်ပွဲ ကြည့်ချင်နေတဲ့ ဆန္ဒက သိပ်ကြီးမားနေလို့လားတော့ မသိပါဘူး။ ဒီပွဲမှာလဲ မျက်လှည့်ပွဲ ပါလာပါတယ်။ မျက်လှည့်ဆရာက ဆယ်နှစ်သမီးလေးပါ။ သူလေးရဲ့ ပြကွက်တွေကို အင်္ဂလိပ်လိုပဲ ရှင်းလင်း ပြောဆိုတင်ဆက်သွားတာ ပရိတ်သတ်က လက်ခုပ်သံ တဝေါဝေါနှင့် အားပေးပါတယ်။


ပြကွက်တွေက သိပ် အမြင့်ကြီး၊ အဆန်းကြီး မဟုတ်ပေမဲ့ အရွယ်နှင့် စာလိုက်ရင် အရမ်းကောင်းတာကြောင့် ပရိတ်သတ်ကြီးရဲ့ စိတ်ဝင်စားမှု၊ မေတ္တာနှင့် အားပေးမှုတွေကို အားလုံး သိမ်းကြုံး ထွေးပိုက်သွားနိုင်တာ တွေ့ရပါတယ်။ ပြကွက်တွေက များလဲများ၊ ကောင်းလဲကောင်းပေမဲ့ ခမောက်ကို ခြင်္သေ့ဖြစ်အောင် လုပ်တာတို့၊ ကျားဖြူကြီးကို ခြင်္သေ့ဖြစ်အောင် လုပ်တာမျိုးတို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ကလေးမို့ ထင်ပါတယ်။ အင်း ... မတတ်အပ် မတတ်သင့်တာတွေတော့ မတတ်တာပဲ ကောင်းပါတယ်လေ။ လူကြီးဖြစ်လာလဲ မလုပ်တတ်ပါစေနှင့်လို့ ဆုတောင်းပေးရမှာပါပဲ။

နောက်ဆုံး အစီအစဉ်ကတော့ လာရောက်ကြသူတွေကို ညစာနှင့် ရေခဲမုန့်တို့နှင့် ဧည့်ခံပါတယ်။ ချောင်ကျကျ နေရာလေးမှာ ထိုင်ပြီး ရေခဲမုန့်စားနေပါတယ်။ ကလေးမလေး တစ်သိုက် အနားလာထိုင်ပြီး စားကြတယ်။

ခဏနေတော့ လူသုံးယောက်က ဦးထုပ်ဖြူလေး လိုက်ဆောင်းပေးပြီး စာအုပ် တစ်အုပ် လက်ဆောင် ပေးနေတာကို လှမ်းမြင်ရတယ်။ နောက်ဆုံးတော့ သူတို့တွေ ကိုယ့်ဆီ ရောက်လာပါလေရော။ သင်္ကန်း သေချာရုံပြီး ထိုင်နေတဲ့ ဒို့ကိုလဲ အဲဒီ ဦးထုပ် ဆောင်းပေးမယ် လုပ်လို့ ဒို့က “တောင်းပန်ပါတယ်။ ဘုန်းကြီးမို့ မဆောင်းပါရစေနှင်”့လို့ ပြောလိုက်တယ်။ သူက “(မဟတ္တမ) ဂန္ဓီကြီး ဦးထုပ်မို့ပါ။ ဆောင်ပြီးပြီးချင် ချွတ်ပစ် လို့ ရပါတယ်။ ဆောင်းပေးပါရစေ” လို့ အတင်းပြောနေတာနဲ့ ကိုယ်လဲ ပြန်မပြောတော့ဘူး။ သူကလဲ ဆောင်းဖြစ်အောင်ကို ဆောင်းပေးသွားတာ။ လူဖြင့် ငိုရမလို ရယ်ရမလို ရှိလိုက်တာ။ ဒါနှင့် မထူးပါဘူး ဆိုပြီး အနားလာထိုင်စားနေတဲ့ ကလေးမ ပေါက်စိကွေးလေး တစ်သိုက်ကို ပြောလိုက်တယ်။ “အခု ငါက ဂန္ဓီကြီး ဖြစ်သွားပြီး။ မင်းတို့က သူ့ရဲ့ မြေး မြစ်တွေပေါ့။ ငါ မင်းတို့နှင့်အတူ ဓာတ်ပုံ ရိုက်လို့ ရမလား” ဆိုတော့ သူတို့က “ရပါတယ်”လို့ ပြုံးပြီး ပြောတာနှင့် သူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး ဓာတ်ပုံ ရိုက်လိုက်သေးတယ်။ ပြီးတာနှင့် ဆွဲချွတ်ပစ်လိုက်ရတော့တယ်။

အခု ဒီနေရာမှာသာ အဲဒီပုံကို တင်လိုက်ရလို့ကတော့ စာဖတ်နေတဲ့ ဒကာ/ ဒကာမတွေ ဘုန်းဉာဏ်ကို စိတ်ပဲ အဆိုးကြီး ဆိုးမလား၊ အူတက်အောင်ပဲ ရယ်မလား မသိတော့ပါဘူး။ ဒါပေမဲ့ လက်ဆောင်ပေးတဲ့ An Autobiography or The Story of My Experiments with Truth စာအုပ်ကတော့ အသိ အလိမ္မာ ပွားမှာ သေချာပါတယ်။

အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP