* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 19, 2010

လူတိုင်းအတွက် ပဋ္ဌာန်း ဥပနိဿယ အပိုင်း(၃)

Wednesday, 17 November 2010 15:53 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

ဥပနိဿယပစ္စည်း(၃)Resized_IMG_0828

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ဥပနိဿယပစ္စည်းမှာ ...

(၁) အာရမ္မဏူပနိဿယ

(၂) အနန္တရူပနိဿယ

(၃) ပကတူပနိဿယ ဆိုပြီး ဥပနိဿယ သုံးမျိုး ရှိပါတယ်။

(၁) အာရမ္မဏူပ နိဿယ ဆိုတာ အာရမ္မဏ+ဥပနိဿယ= အာရုံသည်ပင် အားကြီးသော မှီရာ အကြောင်း(သို့) အားကြီးတဲ့ မှီရာ အကြောင်း တရား ဖြစ်လောက်အောင် အားကောင်းတဲ့ အာရုံ တရားမျိုးပါ။

ဥပမာ ရှင်ဒေဝဒတ်ဟာ မြတ်စွာ ဘုရားရှင်ကို လုပ်ကြံဖို့ လွှတ်လိုက်တဲ့ လေးသမား များဟာ မြတ်စွာ ဘုရားရှင်ရဲ့ အသရေတော်ကို ဖူးမြင် လိုက်ရတဲ့ အခါ ပြစ်မှား ချင်စိတ်တွေ အားလုံး ပျောက်ပြီး ကြည်ညို သွားကြတာတို့၊ အမ္ဗပါလီ ဆိုတဲ့ ပြည့်တန်ဆာမဟာ အသက်အရွယ် အတော်ကြီးလာတဲ့ အခါ သူ့ရဲ့တစ်ဦးတည်းသော သားကို သိပ်ပြီး သတိရလာတယ်၊

ဒီသားက သူ့နိုင်ငံ ဝေသာလီ ဥပဒေအရ သူ့ကိုပြည်တန်ဆာမ အဖြစ် သတ်မှတ်ခြင်း မခံရမီ ရာဇဂြိုဟ်မင်းသား ဗိမ္ဗိသာရနဲ့ နှစ်ဦးသဘောတူ ရထားတဲ့သားပါ၊ ဒီသားကိုယ်ဝန် ရစအချိန်လောက်မှာပဲ ဝေသာလီမင်းသား အများအပြားကလဲ အမ္ဗပါလီကို သူရမှ ငါရမှဆိုတဲ့ပြဿနာက ကြီးထွားလာတယ်၊ “ဝေသာလီနဲ့ ရာဇဂဟက အစဉ်အလာ ရန်ငြိုး ရန်ဘက် ဖြစ်နေကြတာ ဆိုတော့ ရာဇဂဟ မင်းသားနဲ့ ရည်ငံနေတာကို သိလို့ ဒီပြဿနာက တက်လာတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့” ဒါနဲ့ ဝေသာလီ တရားရုံး ရောက်တော့ “ မိန်းမ တစ်ယောက်ကြောင့် ယောကျာ်းအများ ခိုက်ရန်ဖြစ်ပွားမည့် အခြေအနေ ရောက်ခဲ့သော် ထိုမိန်းမကို အများပိုင် (ပြည်တန်ဆာ) အဖြစ်သတ်မှတ်စေ ” ဆိုတဲ့ဥပဒေအရ အမ္ဗပါလီကို ပြည်တန်ဆာအဖြစ် သတ်မှတ်လိုက်တယ်။

အမ္ဗပါလီက သူ့ကိုယ်ရေးကိုယ်တာကို သိတဲ့အတွက် တစ်နှစ်ခန့်ရွှေ့ဆိုင်းပြီးမှ ဒီတာဝန်ကို ယူခွင့်ပြုဖို့ အယူခံရာမှာ ခွင့်ပြုချက်ရတယ်၊ နောက်တော့ သားကလေး မွေးဖွားတယ်၊ ကလေးဖွားတဲ့ သတင်းကို ကြားသိရတဲ့အခါ မကြာမီ ပြည့်တန်ဆာ တာဝန် ထမ်းဆောင်ရမှာဖြစ်လို့ နှမကိုပြည်တန်ဆာအဖြစ် သတ်မှတ် ခံရချိန်ကစပြီး သာသနာဘောင် ဝင်ရောက်သွားတဲ့ အစ်ကိုရဟန်းက လာရောက် ယူဆောင်ပြီး ပြုစုစောင့်ရှောက်ရင်း အဲဒီသားကလေးလဲ အရွယ်ရောက်တဲ့အခါ သာသနာဘောင်ရောက်သွားတယ်ဆိုတဲ့ သတင်းကိုတော့ အမ္ဗပါလီ ကြားသိပြီးသား။ အရွယ်ကလေး ရလာလို့ လောကီအာရုံတွေကို ငြီးငွေ့လာချိန်မှာ ပြည်တန်ဆာအဖြစ်က အနားယူလိုက်တဲ့ အမ္ဗပါလီဟာ အထီးကျန် ဖြစ်လာတာနဲ့အမျှ သားကို သတိရ လာတယ်။ ဒါပေမယ့် သားကမြတ်စွာဘုရား ရဲ့သာသနာဘောင်မှာ ရဟန်းဖြစ်နေပြီဆိုတော့ ပြန်ခေါ်ဖို့က မဖြစ်နိုင်တော့တဲ့ အတွက် တအုံနွေးနွေး ခံစားနေရတယ်။

တစ်ခါတော့ မြတ်စွာဘုရားရှင် နောက်ပါရဟန်းများနဲ့အတူ ဝေသာလီပြည်ကို ကြွလာတယ်၊ သူ့ရဲ့ သရက်ဥယျာဉ်ထဲမှာပဲ သီတင်းသုံး(စခန်းချ) နားနေတယ် ဆိုတဲ့သတင်းကို အမ္ဗပါလီ ကြားသိရတဲ့အခါ ကြောင်းကျိုးဖြစ်စဉ်တွေကို မစဉ်းစားနိုင်ဘဲ သားအပေါ် စွဲလန်း တမ်းတစိတ်က လွှမ်းမိုးနေတဲ့ အမ္ဗပါလီဟာ ဘာမှစဉ်းစား မနေတော့ဘဲ “ လောကမှာ အလွန် တွယ်တာကြတဲ့ သားသမီးနဲ့ မိဖတို့ကို တကွဲတပြားစီဖြစ်စေမယ့် အဖွဲ့အစည်း(သံဃာ)ကို ဦးဆောင် တည်ထောင်တဲ့ ဒီရဟန်း ဂေါတမ(သူ့ခေတ်သုံးဝေါဟာရ)ကို ငါသွားပြီး ရန်တွေ့မယ်ဆိုပြီး မြင်းရထားနဲ့ ဘုရားရှိရာကို ရောက်သွားတယ်။

ဘုရားရှင် ထံတော်မှောက်ရောက်လို့ ဘုရားရှင်က “ချစ်သမီး အမ္ဗပါလီ” လို့လဲ ခေါ်ပြီး နှုတ်ခွန်းဆက်လိုက်ရော သူ့မှာရှိထားနှင့်တဲ့ ဒေါသပူတွေဟာ တစ်ခါတည်း အငွေ့ပျံပျက်ပြယ်ကုန်ပြီး ဘုရားရှင်ကိ ဒူးထောက်ဦးညွတ်အရို အသေ ပြုမိရက်သား ဖြစ်သွားတော့တယ်။ ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဖူးမျှော်လိုက်ရချိန်မှာတော့ ကြည်ညိုတဲ့ သဒ္ဓါတရားစိတ်တွေ တိုးပွားဖြစ်ပေါ်လာပြီး မိမိပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံကြီးကို ဘုရားရှင်နဲ့ တပည့်သံဃာတော်များ သီတင်းသုံး နေဖို့အတွက်လှူဒါန်းပြီး နောက်ဆုံး ဘိက္ခုနီပြုလုပ်သွားတဲ့ အခါမှာတော့ အမ္ဗပါလီ ရဟန္တာထေရ်ရီမကြီး ဖြစ်သွားပါတယ်။ ဒါတွေကတော့ ဘုရားရှင်ရဲ့ မျက်နှာတော် အသံတော်စတဲ့ အာရုံတွေက သာမန်ထက် ထူးခြားလွန်ကဲတဲ့ အတွက် ကြုံတွေ့ရသူများရဲ့သန္တာန်မှာ အမှတ်တမဲ့ သဘောမ ထားနိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ သတ္တိနဲ့ ပြည့်စုံနေတာပါ။ အဲဒီလို အာရုံမျိုးကို အာရမ္မဏာဓိပတိလို့ခေါ် ပါတယ်၊

အာရမ္မဏာဓိပတိဖြစ်တဲ့ တရားမျိုးဟာ အာရမ္မဏူပနိဿယလဲ ဖြစ်ပါတယ်၊ လွှမ်းမိုး အစိုးရနိုင်စွမ်းအားအနေနဲ့ အဓိပတိဆိုတဲ့အမည်ရပြီး မုချအကျိုးတရား ဖြစ်ပေါ်စေနိုင်စွမ်းအားအနေနဲ့ ဥပနိဿယဆိုတဲ့ အမည်ရတာပါ၊ အာရမ္မဏာဓိပတိနဲ့ အာရမ္မဏူပနိဿယျ သံကွဲကြောင်းတူ ပစ္စည်းဖြစ်ပါတယ်။

အာရမ္မဏူပနိဿယ တရားဆိုတာ ကောင်းတဲ့ဘက်မှာချည်း ဖြစ်တာတော့ မဟုတ်ပါဘူး၊ ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ မုချဖြစ်ပေါ်အောင် စွမ်းဆောင်နိုင်တဲ့ အာရုံဟူသမျှဟာ အာရမ္မဏူပနိဿယ ပစ္စည်းတရားချည်းပါပဲ။ ဥမ္မဒန္တီရဲ့အဆင်းကို မြင်ပြီး လာရောက်စုံစမ်းတဲ့ မှူးမတ်တွေ ငေးငိုင်ယိုင်လဲ ဖြစ်ကုန်ကြတယ်၊ သိဝိဆိုတဲ့ ဘုရားအလောင်းတော် ရှင်ဘုရင်ကြီး မေ့မော ရူးယောင်ဖြစ်သွားတယ် ဆိုတာတွေဟာလဲ ဥမ္မာဒန္တီရဲ့ အဆင်းရူပါရုံက အာရမ္မဏူပနိဿယ ပစ္စယသတ္တိရှိလို့ပဲဖြစ်ပါတယ်။ အဆင်းအာရုံသာမကပါဘူး အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အတွေးဆိုတဲ့ အာရုံခြောက်ပါးလုံးပဲ၊ အားကြီးတဲ့ အစွမ်းသတ္တိ လွန်ကဲရင် အာရမ္မဏူပနိဿယဖြစ်ပါတယ်။ တေလပတ္တဇာတ်မှာ ဘုရားအလောင်းရဲ့ နောက်လိုက်များကို ဘီးလူးမများက အာရုံအမျိုးမျိုးနဲ့ တပ်မက်အောင် ဖြားယောင်း သွေးဆောင်တယ်ဆိုတာ သာမန်အာရုံထက် ထူးကဲတဲ့ အာရမ္မဏူပနိဿယဖြစ် လို့ပါပဲ။ အယူဝါဒတွေကို အကြောင်းပြုပြီး စစ်ပွဲကြီးတွေအထိ ဖြစ်ခဲ့ရတာတွေကို ကြည့်ရင် အတွေးအာရုံများဟာလည်း အရမ္မဏူပနိဿယ သတ္တိရှိတယ်ဆိုတာ ထင်ရှားပါတယ်။

အနန္တရူပနိဿယဆိုတာကလဲ အထွေအထူး မဟုတ်ပါဘူး၊ အနန္တရပစ္စည်းကိုပဲ ခေါ်တာပါ၊ ရဟန္တာတို့ရဲ့ စုတိစိတ်ကလွဲပြီး ရှေးရှေးသောစိတ္တုပ္ပါဒ်တို့ရဲ့ ချုပ်ပျောက်ခြင်းဟာ နောက်နောက် စိတ္တုပ္ပါဒ်တွေကို မုချဖြစ်ပေါ်စေတဲ့အတွက် အကြောင်းတရားတွေအားလုံးထဲမှာ အနန္တရူပပစ္စည်းဟာ ဥပနိဿယ အစစ်ဆုံး တရားပဲဖြစ်ပါတယ်။

“အစစ်ဆုံး”လို့ ပြောရတာကတော့ အာရမ္မဏူနိဿယတို့ နောက်ထပ်ပြောမယ့် ပကတူပနိဿယတို့ ဆိုတာတွေက အကျိုးကို ဖြစ်စေနိုင်စွမ်း အားကြီးရုံပဲရှိတာ၊ ရာနှုန်းပြည့်အကျိုးကို ဖြစ်စေတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ကာလနဂါးကြီး ဘုရားဆိုတဲ့ အသံကိုကြားပေမယ့် ဘာမှအကျိုးမထူးဘဲ “လူပြည်ကလဲ ဘုရားတွေ ခဏ ခဏ တယ်ပွင့်သကိုး”လို့ တစ်ချက်ပဲ ညည်းညူပြီး ပြန်အိပ်ပျော်သွားတာ မျိုးလဲ ရှိပါတယ်။ ပကတူပနိဿယ မှာဆိုရင်လဲ သဒ္ဓါတရားတွေ ဘယ်လောက် ကောင်းနေပေမယ့် အခါခပ်သိမ်း ကုသိုလ်မပြုဖြစ်တာတွေရှိတာပါပဲ။ ဒီအနန္တရပစ္စည်းကတော့(ရဟန္တာတို့ စုတိစိတ်ကလွဲရင်) ရှေးရှေးစိတ်တွေ ချုပ်ပျောက်ခြင်းဟာ နောက်နောက်စိတ်တွေကို မုချဖြစ်ပေါ်စေတဲ့အတွက် ဥပနိဿယအစစ်လို့ ဆိုရတာပါ။ ဒါနဲ့ပတ်သက်လို့ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဥပနိဿယပစ္စည်းပါဠိတော်ကို လေ့လာကြည့်ရင်တော့ ပိုပြီးသဘောပေါက်နိုင်ပါတယ်၊ အနန္တရူပနိဿယ မရတဲ့နေရာမှာ ကျန်တဲ့ဥပနိဿယနှစ်မျိုးကို “ကေသဉ္စိ”ဆိုတဲ့ ပုဒ်ကလေးထည့်ပြီး ဟောထားပါတယ်။ “ကေသဉ္စိ”ဆိုတာ “အကြွင်းမဲ့မဟုတ်ဘူး”လို့ အဓိပ္ပါယ်ရပါတယ်။

ဥပနိဿယ သုံးမျိုးထဲမှာ အကျယ် အဝန်းဆုံးနဲ့ လူတိုင်း မဖြစ်မနေ သဘောပေါက် ထားဖို့ အကောင်းဆုံး ကတော့“ပကတူပနိဿယ”ပဲဖြစ်ပါတယ်။ “ပကတူပနိဿယ”ကို ပကတိ+ဥပနိဿယလို့ နှစ်ပုဒ်ခွဲမယ်ဆိုရင် ပင်ကိုယ် ပြကတေ့အားဖြင့် အားကြီးတဲ့ အကြောင်းတရားလို့ အဓိပ္ပါယ်ရပါတယ်။ တခြားအကြောင်း တရားတွေနဲ့ မရောမနှောရဘဲ သူ့ချည်း သက်သက်နဲ့ကို အကျိုးတရားကို ဖြစ်စေနိုင်စွမ်း ရှိတယ်လို့ ဆိုတဲ့ သဘောပါ။

တနည်းအားဖြင့်တော့ ပကတ+ဥပနိဿလို့ နှစ်ပုဒ်ခွဲပါတယ်။ “ပကတ”ဆိုတာ ဖြစ်စေအပ်တဲ့သဘော၊ မှီဝဲသုံးဆောင်အပ်တဲ့ သဘောလို့ အဓိပ္ပါယ် ရပါတယ်။ ဟုတ်ပါတယ်၊ “ပကတ” တရားဆိုတာ “ဥပ္ပါဒိတ ပကတ၊ ဥပသေဝိတ ပကတ ”ဆိုပြီးနှစ်မျိုးရှိပါတယ်။ မိမိတို့သန္တာန်မှာ ကောင်းမှု၊ မကောင်းမှုတွရဲ့ အခြေခံ အကြောင်းတရားအနေနဲ့ တင်ကြိုဖြစ်ပေါ်ပေးရတဲ့ သဒ္ဓါသီလစတဲ့ သူတော်ကောင်း တရားများနဲ့ ရာဂ၊ ဒေါသစတဲ့ တရားဆိုးများကို “ဥပ္ပါဒိတ ပကတ= ဖြစ်စေအပ်တဲ့ ပကတတရားများ”လို့ခေါ်ဆိုပြီး အစားအစာ၊ ရာသီဥတု၊ မိတ်ဆွေသင်္ဂဟ၊ နေရာဒေသစတဲ့ တရားတွေကိုတော့ ]ဥပသေဝိတ ပကတ=သုံးဆောင်မှီဝဲဆည်းကပ်တဲ့ ပကတတရားများ}လို့ ခေါ်ပါတယ်။ ဒါတွေက အကျဉ်းချုပ်လောက်သာ နမူနာထုတ်ပြတာပါ။

တကယ်တော့ လောကထဲမှာ ကိုယ်ပြုလုပ်သမျှ အလုပ်တွေ၊ ကံတွေနဲ့ သဘာဝအရ ထင်ရှားရှိနေကြတဲ့ သတ္တလောက သင်္ခါရလောကကြီး တစ်ခုလုံးမှာ ပကတူပနိဿယ မဖြစ်တဲ့ တရားရယ်လို့ ရှိကိုမရှိဘူးလို့ ဆိုရလောက်အောင် ဒီပစ္စည်းတရားကြီးကကျယ်ဝန်းလှပါတယ်။

သာမန်အားဖြင့် ဗုဒ္ဓဘာသာဝင် အများစုတို့ သဘောပေါက် လက်ခံထားကြတာကတော့ “သဒ္ဓါ သီလ၊ သုတ၊ စာဂ၊ပညာစတဲ့ တရားကောင်းတွေ အခြေခံရှိရင် ကုသိုလ်တရားတွေဖြစ်တယ်၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ပတ္ထနာစတဲ့ တရားဆိုးတွေ အခြေခံရှိရင် အကုသိုလ် တရားတွေဖြစ်တယ်လို့ မှတ်ထင်ကြပါတယ်။ ဒီပကတူပနိဿယ ဒေသနာတော်ရဲ့ အကျယ်ဖြစ်တဲ့ ပဥှာဝါရ ပဋ္ဌာန်းဒေသနာတော်ကြီးကို အသေအချာ လေ့လာကြည့်တဲ့ အခါကျမှ အခြေခံတရား ကောင်းတွေကြောင့်လဲ ဖြစ်ရပ်တွေ အကောင်း အဆိုး နှစ်မျိုးလုံးဖြစ်နိုင်သလို အခြေခံ တရားဆိုး တွေကြောင့်လည်း ဖြစ်ရပ်တွေ အဆိုးရော-အကောင်းပါ နှစ်မျိုးလုံး ဖြစ်စေနိုင်တယ် ဆိုတာကို သဘောပေါက်လာမှာပါ။

ဒီတရားတွေထဲက “သဒ္ဓါ”တရားအကြောင်းကို အထိုက်အလျှောက် ပြည့်ပြည့်စုံစုံလေး သိထားသင့်ပါတယ်။

“သဒ္ဓါ”ကို ယုံကြည်မှုလို့ မြန်မာပြန်ကြပါတယ်။ အဘိဓမ္မာအဋ္ဌကထာ များမှာတော့ သဒ္ဓါတရားကို စကြာမင်းရဲ့ ပတ္တမြားရတနာနဲ့ တူတဲ့တရားလို့ ဥပမာပြုပါတယ်။ စကြာမင်းရဲ့ ပတ္တမြားရတနာဆိုတာ ဘယ်လောက် နောက်ကျိနေတဲ့ ရေထဲပဲဖြစ်ဖြစ် ပတ္တမြားရတနာကို ထည့်လိုက်ရင် ရှိသမျှ အနည်မှုံတွေ အောက်ခြေကို ထိုင်ကျသွားပြီး ရေကလုံးဝသန့်စင်ကြည်လင်သွားစေပါသတဲ့။

သဒ္ဓါတရားဆိုတာကလဲ အဲဒီအတိုင်းပါပဲ၊ စိတ်ထဲမှာ အမြင်မကြည်လင်အောင်၊ တားဆီးပိတ်ပင်ထားတဲ့ စိတ်ကြမ်းစိတ်ထိုင်းတွေ စိတ်လေစိတ်လွှင့်တွေ တွေဝေယိမ်းယိုင်မှုတွေစတဲ့ အနှောက်အယှက် အပိတ်အပင် အတားအဆီးတွေ အားလုံးဟာ သဒ္ဓါတရားဖြစ်ပေါ် လာလိုက်တာနဲ့တစ်ပြိုင်နက် အနယ်ထိုင် သင့်တာထိုင်၊ လွင့်ပျောက်သင့်တာ လွင့်ပျောက်ပြီး တစ်ခါတည်းစိတ်ကို ကြည်လင်အေးမြသွားစေပါတယ်။

သဒ္ဓါတရားဟာ မကောင်းတဲ့ တရားတွေကင်းကွာပြီး စိတ်ကိုကောင်းတဲ့အာရုံ၊ ကောင်းတဲ့အလုပ်ဆီ ရောက်အောင် စည်းရုံး ဆွဲဆောင်နိုင်စွမ်း အားရှိတဲ့အတွက် စိတ်ရဲ့စွမ်းအား ဗလငါးပါးထဲမှာ ပထမဆုံးနေရာက သတ်မှတ်ခံရတာပါ၊ဘဝတိုးတက်မှု စိတ်ဓာတ်မြင့်မားမှုကို လိုလားတဲ့ ပုဂ္ဂိုလ်တိုင်း အတွက် မိမိကိုယ်မိမိပြီးရင် ဒုတိယအရေးအကြီးဆုံး မိတ်ဆွေကြီးနဲ့တူတယ်၊ သဒ္ဓါတရားရှိသူကိုသာ အမြင့်ဆုံးဖြစ်တဲ့ ပညာတရားကမြှင့်တင်ပေးတယ် (သဒ္ဓါဒုတိယာ ပုရိသဿ ဟောတိ၊ပညာစေနံ ပသာသတိ)လို့လဲ ဘုရားရှင်ကဟောကြားထားပါတယ်။

လောကနယ်ပယ်မှာဖြစ်စေ၊ ဓမ္မနယ်ပယ်မှာဖြစ်စေ ဘဝကိုမြင့်တက်သွားစေဖို့ စိတ်ဓာတ်တွေ မြင့်မြတ်သွားစေဖို့ဆိုရင် သဒ္ဓါတရားနဲ့ စိတ်ကိုစည်းရုံးပြီး ပညာတရားက မြှင့်တင်ပေးရတာချည်းပါပဲ။

ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်မှာ ...

“သဒ္ဓံ ဥပနိဿာယ ဒါနံဒေတိ၊ သီလ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ပါဒေတိ၊ ဝိပဿနံ ဥပ္ပါဒေတိ၊ မဂ္ဂံ ဥပ္ပါဒေတိ၊ အဘိညံ ဥပ္ပါဒေတိ၊ သမာပတ္တိံ ဥပ္ပါဒေတိ}လို့ ဟောတော်မူထားတဲ့အတွက် ...

စစ်မှန်တဲ့ သဒ္ဓါတရားဆိုတဲ့ ဥပနိဿယ တရားတစ်မျိုးလောက် မိမိသန္တာန်မှာ ဖြစ်ပေါ်စေနိုင်ပြီဆိုရင် ဒါန သီလကစပြီး ဈာန်၊ မင်္ဂ၊ ဖိုလ် အဘိညာဉ် သမာပတ်အထိ အားလုံးပြီးပြည့်စုံနိုင်ပါတယ်။ သဒ္ဓါတရားကလေးတစ်ခု ဖြစ်ပေါ်လာရုံနဲ့ ဒီကိစ္စတွေအားလုံး ပြီးပြည့်စုံနိုင်တယ် ဆိုတာဖြစ် ဖြစ်နိုင်ပါမလားလို့ သံသယဝင်သူလဲ ရှိကောင်းရှိနိုင်ပါတယ်၊ ဒီပုဂ္ဂိုလ်များက “တရားအားထုတ်တယ်” ဆိုတာကို “တရားထိုင်တယ်”ဆိုတာနဲ့ရောထွေး စဉ်းစားနေကြလို့ ခုလိုသံသယဖြစ်ကြတာပါ။

အမှန်ကတော့ တရားအားထုတ်တယ်ဆိုတာ သူစကားသံထဲမှာ အဓိပ္ပါယ်အပြည့်အဝပါပြီးသားပါ၊ သဒ္ဓါ၊ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ တရားအားတွေ ထွက်ပေါ်လာအောင် ထုတ်ရတာပါ၊ ဒီတရား အားတွေ ထွက်ပေါ်ဖို့ဆိုတာ လုပ်ငန်းပုံစံမျိုးစုံနဲ့ ထုတ်ယူနိုင်ပါတယ်၊ အများ နားလည်ထားတဲ့ အတိုင်း တရားထိုင်တဲ့ လုပ်ငန်းနဲ့လဲ ထုတ်ယူနိုင်သလို ဒါနçသီလစတဲ့ ပုံစံနဲ့လဲ ထုတ်လို့ရပါတယ်၊ ဂုဏ်တော်ပွား ဆွမ်းပန်းရေချမ်းကပ်လှူခြင်းစတဲ့ လုပ်ငန်းပုံစံမျိုးစုံနဲ့ ထုတ်လို့ရပါတယ်၊ တရားအားပြည့်ဝ လာပြီဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တာချည်းပါပဲ၊ ဒါကြောင့် ပဋ္ဌာန်း ဒေသနာတော်မှာ သဒ္ဓါစွမ်းအားတစ်ခု ဖြစ်ပေါ်စေနိုင်ရင် ဓမ္မကိစ္စအားလုံးကို ပြည့်စုံစေနိုင်တယ်လို့ ဟောတော်မူတာပါ။

ဒါကြောင့် “တရားအားတွေ ထွက်ဖို့အတွက် တရားကို ဘယ်လိုအားထုတ်ရမလဲ”ဆိုတဲ့ကိစ္စဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရောက် မျက်မှောက်ပြုနိုင်ရေး အတွက် အလွန်အရေးကြီးတယ်ဆိုတာကို သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတ်၊ ဒဋ္ဌဗ္ဗသုတ်ပါဠိတော်မှာ ဘုရားရှင် ဟောတော်ထားတာကတော့ လူတိုင်း လူတိုင်းမှာ မိမိတို့ရဲ့ကံပါရမီအလျှောက် “သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ” ဆိုတဲ့ စိတ်စွမ်းအား ဓမ္မစွမ်းအား ဓာတ်ခံများရှိကြတယ်၊ ဒီစွမ်းအားတွေဟာ တစ်ဦးနဲ့တစ်ဦးတော့ မတူညီကြဘူး၊ တချို့က သဒ္ဓါစွမ်းအားသာပြီး ကျန်စွမ်းအားလျှော့တယ်၊ တချို့ကျတော့ ဝီရိယစွမ်းအားသာတယ်စသည်ဖြင့်ပေါ့။

အဲဒီလို အခြေခံစွမ်းအားချင်း အားသာအားနည်း မတူကြတဲ့အတွက်ကြောင့်ပဲ၊ တရားအားထုတ်ရာမှာလဲ လူတိုင်းအတွက်

ဒီနည်းတနည်းကိုသာ အားထုတ်နေလို့မရနိုင်ပါဘူး၊ ဒါဖြင့် ဘယ်အားသာရင် ဘယ်အလုပ်မျိုးကစပြီး အားထုတ်ရမလဲဆိုတော့ ..

(၁) သဒ္ဓါစွမ်းအားသာလွန်တဲ့ပုဂ္ဂိုလ်များဟာ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့ကို ပွားများခြင်း၊ ကိုယ်ကျင့် သီလမြဲအောင် စောင့်ထိန်းခြင်းဆိုတဲ့ အလုပ်လေးမျိုးကစပြီး အားထုတ်ပါတဲ့၊ ဘုရားဂုဏ်ပွားများခြင်းဆိုတဲ့ အထဲမှာ ဘုရားဂုဏ်ကို အာရုံပြုပြီး ဆွမ်းပန်းရေချမ်း ကပ်လှူမှုများလဲ အကျုံးဝင်ပါတယ်။

(၂) ဝီရိယစွမ်းအားသာလွန်သူများကတော့ အကုသိုလ်ကင်းရေး၊ ကုသိုလ်တိုးပွားရေးဆိုတဲ့ သမ္မပ္ပဒါန်လေးမျိုးကစပြီးအားထုတ်ရမယ်။

(၃) သတိစွမ်းအားသာလွန်သူများကတော့ သတိပဋ္ဌာန်းတရားလေးပါးကစပြီး အားထုတ်သင့်ပါတယ်တဲ့၊ လူတိုင်းတရားအားထုတ်တယ်လို့ သိထားတဲ့ အာနာပါနစတဲ့ကမ္မဋ္ဌာန်းအလုပ်တွေပေါ့။

(၄) သမာဓိစွမ်းအားသာလွန်တဲ့ ပုဂ္ဂိုလ်များကတော့ ကံလမ်း ဥာဏ်လမ်းတွေကိုစမလုပ်ဘဲ ဈာန်လမ်းကစပြီး အားထုတ်သင့်ပါတယ်။

(၅) ပညာစွမ်းအားသာလွန်တဲ့ ပုဂ္ဂိုလ်များကျတော့ သစ္စာလေးပါးကို တိုက်ရိုက်စတင်ပွားများရပါမယ်။ (ပဉ္စဝဂ္ဂီတို့ဟာ ပညာစွမ်းအား သာလွန် သူတွေဖြစ်လို့ တရားဦးဓမ္မစကြာမှာ သစ္စာလေးပါးကိုပဲ တိုက်ရိုက်ဟောတော်မူတာပေါ့)

မြန်မာစကားလုံးတွဲများထဲက “အစွမ်းအစ”ဆိုတာလိုပေါ့၊ ကိုယ်စွမ်းရာကစပြီးအားထုတ်ရမယ်၊ စွမ်းရာကစမှသာ အစွမ်းကုန် ပေါ်ထွက် လာမယ်လို့ ဆိုလိုတာပါ။

သဒ္ဓါစွမ်းအားက သာလွန်လို့ ဂုဏ်တော်ပွားများတာတို့၊ သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းတာတို့၊ သီလဆိုတဲ့ နေရာမှာ ငါးပါး၊ ရှစ်ပါးစသဖြင့် ရှောင်ကြဉ်သင့်တာ တွေကို ရှောင်ကြဉ်တာက ဝါရိတ္တသီလလို့ခေါ်ပြီး၊ သူတစ်ပါးကို ကူညီတာပေးကမ်းလှူဒါန်းတာတို့က စာရိတ္တသီလခေါ်ပါတယ်၊ အဲဒီ သီလနှစ်မျိုးလုံးပါပဲ၊ အဲဒါတွေကို တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေအာလုံးဖြစ်စေ ကိုယ်စွမ်းနိုင်သမျှကြိုးစားနေတာဟာ တရားအားထုတ်နေတာပဲ။ နိဗ္ဗာန်ရောက်ကြောင်းအလုပ်နေတာပါပဲ။

တရားဆိုတာ ထိုင်မှ၊ မှတ်မှလို့ လောက်သာ သိရှိ လက်ခံထားသူများ အနေနဲ့တော့ ဒီလောက်ကလေးကို “နိဗ္ဗာန်ရောက်ကြောင်း လုပ်ငန်းကြီး တစ်ခုဖြစ်ပြီ၊ တရားအားထုတ် နေသူဖြစ်ပြီ” ဆိုတဲ့ စကားကို လက်ခံလိုကြမယ် မဟုတ်ပါဘူး။ ဒါကြောင့်လဲ အဋ္ဌကထာ ဆရာကြီးက ဒီနေရာမှာ ဥပမာတွေနဲ့ အကျယ်တဝင့် ရှင်းပြပါတယ်။

မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP