* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, November 19, 2010

ရဟန်းနှင့် နေကာမျက်မှန်

(၁)
ဗာရာဏသီမြို့ပြ၏ မွန်ထူလောင်မြိုက်သော နေပူကြဲကြဲထဲ လျှောက်မိတော့ ရွှေပြည်ကြီးဆီက ပုသိမ်ထီးလေးတစ်ချောင်းကို သတိရသည်။ အိန္ဒိယသားများကတော့ ထီးကို အလွယ်တကူ ဆောင်းလေ့ရှိသူများ မဟုတ်ကြပါ။ နေပူလေပူသည် မဇ္ဈိမသားများအတွက် အရေးတကြီးကာကွယ်ရမည့် အရာလည်း မဟုတ်။ ပိတ်သားစ အ၀တ်ဖြူဖြူလေးတစ်ထည်ကို ဦးခေါင်းလုံအောင် ခြုံလိုက်လျှင် ကန္တာရကိုလည်း မမှုပြီ။


အ၀တ်ဖြူဖြူကြီး ပတ်မထားချင်သော သူကတော့ နေကာမျက်မှန်တစ်လက်လောက်လိုချင်နေသည်။ သို့နှင့် “မျက်မှန်နှင့် အခြားအရာများ ”အရောင်းဆိုင်ထဲသို့ သူဝင်လိုက်သည်။ ပြင်သစ်နိုင်ငံလုပ် ကာတီယာ (Cartier)တံဆိပ် နေကာမျက်မှန်တစ်လက်ကို ကောက်ကိုင်လိုက်သည်။ ရူပီး လေးသောင်း သုံးထောင်(ဒေါ်လာတစ်ထောင်ခန့်) ဟူသော ဈေးနှုံးကို မြင်လိုက်သည်နှင့် မသိမသာချထား လိုက်ရ၏။ မိုက်ကယ် အဒမ် လီဆိုဆကီ နဲ့ တွေ့ဖို့မှ မဟုတ်လေပဲ ။ ဗာရာဏသီမြို့ရောက် ရဟန်းတစ်ပါးအတွက် နေပူသက်သာဖို့ ရိုးရိုးနေကာမျက်မှန်တစ်လက်သာ လိုအပ်သည်။

ကယ်လ်ဗင် ကလိန်း(Calven Klein) ဂူချီ (Gucci)နှင့် အခြားမျက်မှန်စိမ်းအမျိုးမျိုးကို ကောင်တာပေါ်မှာ ချပြသည်။ နောက်ဆုံးတော့ ရေဘင်မျက်မှန်အမျိုးအစားများထဲမှ ဈေးနှုံးအချိုဆုံးမျက်မှန်တစ်လက်ကို သူ ကောက်တပ်လိုက်သည်။ မျက်မှန်တစ်လက်တော့ လိုတာပဲ။

(၂)
သူငယ်စဉ် ကိုရင်လေးဘ၀က ၀န်းသိုမြို့ရှိ ခန္တီးဆရာတော်ဘုရားကြီးထံ တောင်ပုလု ဆရာတော်ကြီးကြွ လာစဉ်က ဆရာတော်ကြီးနှစ်ပါးလုံး မျက်မှန်အနက်များတပ်ထားသည်ကို အမှတ်ရနေသည်။ မျက်မှန်နက်များ တပ်ဆင်ထားသော်လည်း ဆရာတော်ကြီးနှစ်ပါးလုံး၏ ဗြဟ္မစိုရ်အပြုံး ထင်ဟတ်နေသည့် မျက်လုံးတော် အရိပ်ကို ဖူးမျှော်ခံစားခဲ့မိ၏။ (တောင်ပုလုဆရာတော်ကြီး၏ ပုံတော်များက အမြဲတမ်း မျက်မှန် အနက်တပ် ဆင်ထားသည်ကိုသာ ဖူးရလေ့ရှိပါသည်။ )

ရုပ်ရှင်ကားများတွင် မျက်မှန်နက်တပ်ဆင်ထားသည့် ယာကူဇာနှင့် မာဖီးယားဂိုဏ်းဝင်များကို တွေ့ရလေတိုင်း ချောက်ခြားဖွယ်ဘယာနကရသကို ခံစားရသော်လည်း မျက်မှန်နက်သည် သူတော်ကောင်းကြီးများ၏ နှလုံးသားကိုတော့ ဖုံးအုပ်ထား၍ မရပါ။ မျက်မှန်စိမ်းသည် သူတော်ကောင်းမျက်လုံးများအတွက် ၀ိပလ္လာသအမြင်ကို မွေးဖွားပေးနိုင်လိမ့်မည်မဟုတ်ပါ။ မျက်မှန်နက်တပ်ဆင်ထားသည့် ထိုဆရာတော်ကြီးနှစ်ပါး ကို ဖူးခွင့်ရပြီးနောက်တွင် သူလည်း မျက်မှန်နက်တစ်လက်လောက်တော့ တပ်ချင်စိတ် ပေါက်သွားသည်။

(၃)

အခြားမျက်မှန်တစ်လက်ကတော့ မင်းကွန်းဆရာတော်ကြီး၏ ကျွဲကော်ကိုင်းမျက်မှန်ရိုးရိုးကြီးဖြစ်သည်။ ပကာသနမပါသော အသွင်က စွဲဆောင်မှုရှိသည်။ တိပိဋကဂုဏ်ရည်များနှင့်အတူ အနေရိုးသားမှုကို မျက်မှန်တစ်လက်ဖြင့် ပုံဖော်ထားသလိုမျိုးဟု သူက တွေးမိသည်။ မဟာစည်ဆရာတော်ကြီး၏ မျက်မှန်သည်လည်း ခပ်ကြမ်းကြမ်းခပ်ရိုးရိုးကြီးပဲ ဖြစ်ဟန်တူသည်။

ထို့နောက်တော့ ပရိယတ္တိသူရဲကောင်းနှင့် ပဋိပတ္တိအကျော် ဆရာတော်ကြီးများ၏ မျက်မှန်များကို သူသတိထား မိလာသည်။ မျက်နှာထားခန့်ညားထူးခြားသည့် အဘိဓာန်ကျမ်းပြု အဘယာရာမဆရာတော်ကြီး၏ မျက်မှန်ဝိုင်းနှင့် တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ ၏ မ၀ိုင်း တစ်ဝိုင်းမျက်မှန်၊ ရှေးခေတ်က ရဟန်းတော်များ ရေးသားပြုစုသည့် ကျမ်းဦးစာမျက်နှာတိုင်းတွင် (“ကျမ်းပြုဆရာတော်၏ ဆာယာရူပံ(ဓါတ်ပုံ)” ဟု ရေးထိုးထားတတ်သော) မျက်မှန်တပ်ဆင်ထားသည့် ကျမ်းပြုဆရာတော်များကို ဖူးရလေ့ရှိသည်။

မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားရသည့်အခါ မစိုးရိမ်ဆရာတော်ကြီး အရှင်သီရိန္ဒာဘိဝံသ၏ မျက်မှန်ကိုင်းပေါ်မှ ကျော်ကြည့်ကာ စကားမြွက်ဆိုတတ်သော ပုံဟန်ကို စွဲထင်နေသည်။ အရှင်ရာဇဓမ္မာ ဘိဝံသကတော့ တစ်ခါတစ်ရံ မျက်မှန်ကို နဖူးပေါ်တင်ထားတတ်သည်။ ငယ်ဆရာဘုန်းတော်ကြီးတွင်လည်း စာချသည့်အခါတိုင်း တပ်ဆင်လေ့သည့် မျက်မှန်တစ်လက်ရှိသည်။

(၄)
သူ့အတွက် မျက်မှန်များသည် လွှမ်းမိုးမှုရှိသည်။ နောက်တော့ ကျေးလက်စာသင်တိုက်လေးမှ မြို့ပြစာသင်တိုက်ကြီးသို့ ရောက်လာသောအခါ မျက်မှန်ရောဂါသည် သူတစ်ပါးတည်း အရေးမဟုတ်ကြောင်း သိလာသည်။ သူနှင့် ရင်းနှီးကျွမ်းဝင်သော စာသင်သားအများစုတွင် မျက်မှန်တစ်လက်စီတော့ ရှိနေကြသည်ကို အံ့သြဖွယ်တွေ့ရသည်။ အမှန်တကယ်တော့ စာသင်သားရှင်ရဟန်းငယ်တစ်ပါးအတွက် ဈေးပေါပေါနှင့် ရသော ဖိုတိုဂရေးမျက်မှန်များကိုသာ တပ်ဆင်နိုင်ကြသည်။

နေပူထဲ လျှောက်သည့်အခါ (သို့မဟုတ်) မျက်မှန်တပ်ချင်သည့် ရောဂါကြောင့်သာ မျက်မှန်တပ်ဆင်ခြင်း မျိုးဖြစ်ပြီး အမှန်တကယ် မျက်စိမှုံဝါး၍ မျက်မှန်တပ်ဆင်ခြင်းမျိုးကတော့ အနည်းစုသာ ဖြစ်လေသည်။ ဆယ်ကျော်သက်အရွယ် စာသင်သားသာမဏေလေးများ၏ အမြင်တွင် အနီးကပ်အားကျသော ဆရာအရှင် တို့၏ အရိပ်အရောင်ကို ပုံတူကူးချရန် စိတ်အားထက်သန်ခြင်းလည်း ဖြစ်နိုင်သည်။ စာသင်သားတစ်ပါးတွင် ပိုင်ဆိုင်မှုဆို၍ မျက်မှန်တစ်လက်၊ သပိတ်တစ်လုံးနှင့် စာအုပ်သေတ္တာတစ်ခုသာ ရှိသည် ဟုဆိုရိုးစကားရှိသည်။

သူလည်း အများနည်းတူ ခပ်ကြောင်ကြောင်မျက်မှန်တစ်လက် ၀ယ်တပ်ခဲ့ဖူးသည်။ သူ့ပရိက္ခရာစာရင်းတွင် မျက်မှန်တစ်လက်ပါဝင်သွားသည်။ ရပ်ရွာမှ ဆရာဘုန်းတော်ကြီးနှင့် ရပ်မိရပ်ဖများက မြို့မှ စာမေးပွဲဖြေပြီး၍ မျက်မှန်တပ်ပြန်လာတတ်သည့် သားတပည့်များကို မျက်စိစပါးမွှေးစူးလေ့ရှိပါသည်။ “ရှိုးကိုယ်တော်” ဟု ကင်ပွန်းတပ်ကာ သာသနာမှာ ကြာကြာနေမည့်ကိုယ်တော်မဟုတ်ဟု စိတ်မသက်မသာ မှတ်ချက်ပြု လေ့ရှိကြသည်။ သူလည်း မျက်မှန်အားကိုးဖြင့် ရွာရိုး လျှောက်ခဲ့ဖူးသည်။ အချိုးမပြေကြောင်း အခုမှ ပြန်မြင်မိသည်။ နှစ်ပေါင်းများစွာကြာ၍ ရွာပြန်သွားသည့်အခါ “ဗရုတ်သုက္ခ မျက်မှန်တကားကား လမ်းသလားနေတဲ့ ကိုယ်တော် တစ်ပါးပဲ အားကိုးစရာ ကျန်တော့သကိုး” ဟု မှတ်ချက်ပေးကြသည့်အခါ သူပြုံးမိရသေးသည်။

သူ့ဖခင်ကတော့ “ကိုယ်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်ရအောင် မျက်လုံးတွေက မွဲနေတာကိုး”ဟု ရွဲ့ပြောသည်။ ဆရာဘုန်းတော်ကြီးကလည်း “အင်း မျက်စိမမွဲဘဲ ရှိုးမျက်မှန်တွေ တပ်၊ နောက်မှ ကန်းသွားမယ်ဗျ” ဟု ငေါက်ဆတ်ဆတ်ဆုံးမသည်။ ဘာပြောပြော လူငယ်စိတ်မွေးထားသော ကိုရင်တစ်ပါး သည်လည်း လူကြီးသူမများ၏ စကားနှင့် ခပ်ဝေးဝေးရောက်အောင် ပြေးလေ့ရှိပါသည်။ လူကြီးသူမများ ကွယ်ရာမှာတော့ သူမျက်မှန်ဆက်တပ်ခဲ့သေးသည်။

စာသင်တိုက်မှ တက္ကသိုလ်ရောက်သွားသည့်အချိန်မှာတော့ မျက်စိမမွဲဘဲ မျက်မှန်တတ်သည့် ရောဂါ အမြစ်ပြတ်သွားသည်။ သို့သော် မျက်မှန်တပ်ထားသည့် ဆရာတော်ကြီးများကိုတော့ မှတ်မှတ်ရရ သတိထားကြည့်မိနေဆဲဖြစ်သည်။ ၀ါသနာဆိုသည်က ဘုရားရှင်ကိုယ်တော်များသာ ပယ်စွန့်နိုင်သည်ဟု သိရသည်။

(၅)
သို့သော် တက္ကသိုလ်နေ့ရက်များတွင်တော့ နေကာမျက်မှန်လေးတစ်လက်ကို မိတ်ဆွေရဟန်းတော် တစ်ပါးက သူ့အား လှူဖူးသည်။ မိတ်ဆွေရဟန်းတော်ကို သူမှတ်မှတ်ရရဖြစ်သွားသည်။ မြတ်နိုးဖွယ်ပစ္စည်းတစ်ခုကို ပေးတတ်သည့်ပုဂ္ဂိုလ်ကို အမှတ်ရတတ်သည်မှာ သဘာဝဖြစ်သည်။ (မင်းကွန်းဆရာ တော်ကြီးသည်လည်း အကျွမ်းမ၀င်၊အပြစ်သာ မြင်တတ်သော ဆရာတော်တစ်ပါးကို မြတ်နိုး ဖွယ် လက်ဆောင် တစ်ခုပေးအပ်ကာ မိတ်ဖွဲ့ခဲ့ဖူးသည်။ မင်းကွန်းဆရာတော်ကြီးကို တစ်သက်လုံး အကောင်းမမြင်သော ထိုဆရာတော်သည် မင်းကွန်းဆရာတော်ကြီးကို အမှတ်တရ ခင်မင်သွားခဲ့သည် တဲ့။ )

သူနှင့် မိတ်ဆွေရဟန်းတော်ကြားတွင် နွေးထွေးမှုသာ ရှိခဲ့သော ဆက်ဆံရေးသည် ပိုမို ခိုင်မြဲသွားခဲ့သည်။ အမှန်တကယ်တော့ ထိုမိတ်ဆွေရဟန်း တော်သည်လည်း မျက်မှန်ချစ်သူဖြစ်ပါသည်။ မျက်မှန် အကြောင်းပြောတတ်သော သူ့အတွက်ပါ ပိုဝယ်လာခြင်းဖြစ်သည်။ အသစ်ရထားသော မျက်မှန်အနက်တပ်ပြီး တက္ကသိုလ်အဆောင်များကို တစ်ခန်းဝင်တစ်ခန်းထွက် လှည့်ပတ်ပစ်လိုက်သည့်အခါ “တောင်ပုလု ဆရာတော်ကြီး မရှိတော့ဘူးဆိုတော့ မြောက်ပုလုဆရာတော်တစ်ပါးတော့ ပေါ်ပြီဟေ့” တဲ့။ မိတ်ဆွေ ရဟန်းတော်များက ကောင်းချီးပေးကြလေသည်။

(၆)
လေးနှစ်တာသာသနာ့တက္ကသိုလ်နှစ်များနှင့် နှစ်နှစ်တာသာသနာပြုရဟန်းတစ်ပါးအဖြစ် တာဝန်များထမ်း ဆောင်ပြီးဆုံးသွားသောအခါ သူဘွဲ့တစ်ဘွဲ့ရပါသည်။ ထိုဘွဲ့ရပြီးသောအခါ ဒကာဝိမုတ္တိ၏ “ဒီလိုလေး လုပ်ရင် ကောင်းမလား” ဆောင်းပါးကို မဖတ်ရသေးပါ။ သူ့ထံမှ တစ်ခုခုကြားချင်နေသည့် အသိုင်းအ၀ိုင်းကို သူကျောခိုင်းပစ်လိုက်ပါသည်။ (ကံကောင်းထောက်မစွာပင် မန္တလေးစာသင်သားလောကတွင် ကျွမ်းဝင်ခဲ့ရ သည့် ( အတူငတ်ခဲ့ဖူးသည့်) မိတ်ဆွေရဟန်းတော်က ရန်ကုန်မြို့ပြတွင် ကျောင်းထိုင် ဆရာ တော်ကြီးဖြစ် နေလေသည်။ သို့နှင့် သူသည်လည်း ရှေးပုံပြင်များထဲကအတိုင်းပင် “သူငယ်ချင်းဘုရင်ဖြစ်၍ စစ်သူကြီးဖြစ်ရ” ဆိုသည်မျိုးနှင့် တူအောင် ဇာတ်ညွှန်းရေးဖြစ်ခဲ့လေတော့သည်။ သူက ထိုကျောင်းတိုက်၏ နာယကတစ်ပါးဖြစ်လာခဲ့ပါသည်။

နာယကတစ်ပါးဖြစ်လာသည်က သူပြောလိုသည့် မျက်မှန်နှင့်မဆိုင်ပါ။ သို့သော် ထိုကျောင်းတိုက်တွင် စာပေပို့ချရင်း ရန်ကုန်မြို့ရှိ၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရ အောင် ကြိုးစားခဲ့ပါသည်။ ထိုစဉ်က သူ့အတွေးတွင် ဘွဲ့ဒီဂရီများသည် အရေးပါသည်ဟု ထင်နေ၍ ဖြစ်သည်။(သို့သော် ဘွဲ့ဒီဂရီများသည် သူ့အတွက် အလုပ်ဖြစ်ဆဲဖြစ်သည်။ အမေကိုယ်တိုင်က သူ့သားရဟန်း ရထားသော ဘွဲ့များကို ဘာမှန်းမသိဘဲ ဂုဏ်ယူနေဆဲဖြစ်သည်။)(သူ့ဖခင်ကတော့ နိဗ္ဗာန်နှင့် နျူကလီးယား အကြောင်းပြောတတ်သေး၍ သူနှင့် ဆွေးနွေးနိုင်သည်၊)

ထေရ၀ါဒတက္ကသိုလ်သို့တက်ရောက်ဖြစ်သည့်အခါ သူ့မူဝါဒအတိုင်း စာသင်ခန်း၏ နောက်ဆုံးတန်းမှသာ တက်လေ့ရှိသည်။ အချိန်မရွေးထပြန်နိုင်သောကြောင့် နောက်ဆုံးခုံများသာ သူရွေးချယ်လေ့ရှိသည်။ (သူတက်ရောက်ပြီး နောက်နှစ်များတွင်တော့ ခုံနံပါတ်အစဉ်အတိုင်း ထိုင်ကြရန် စည်းကမ်းထုတ်ပြန်ခဲ့ပါသည်။)
သူ့ဘ၀တစ်လျောက်လုံး တက္ကသိုလ်များကို တက်မိသောအခါက ဆရာများပြောသော ပို့ချချက်ကို မှတ်စုရေး ခဲ့ခြင်းမရှိပါ။ သူက အလွန်ပျင်းသော ကျောင်းသားတစ်ယောက်ဖြစ်၍ မှတ်မိအောင်ပဲ နားထောင်ခဲ့သည်။ မမှတ်မိလျှင်လည်း နားလည်အောင် နားထောင်ခဲ့ပါသည်။

(စာမေးပွဲနီးပြီဆိုလျှင်တော့ သူကျောင်းတက်နေသောကာလအတွင်း ကျောင်းတက်မှန်၍ မှတ်စုရေးတတ်သော ကျောင်းသားတစ်ယောက်ကို ပစ်မှတ်ထားကာ ချဉ်းကပ်ပူဇော်လေ့ရှိပါသည်။ ကျောင်းတက်မှန်သော်လည်း မှတ်စုမရေးတတ်၊ မှတ်စုရေးတတ်သော်လည်း ကျောင်းတက်မမှန်သော ကျောင်းသားများလည်း အမှန် တကယ်ရှိပါသည်။ သူက ကျောင်းတက်လည်း မမှန်၊ မှတ်စုလည်း မရေးသော၊ ပျင်းရိသည်ဟု ကျော်ကြားသော ကျောင်းသားဖြစ်သည်။ သို့သော် ဂုဏ်ထူးများထွက်လေ့ရှိခြင်းက ဆရာများ၏ တပည့်များအား ငဲ့ညှာသော မေးခွန်းများက လွယ်၍ ဖြစ်နိုင်သည်။ ) သူနှင့် နီးစပ်သော သာသနာ့တက္ကသိုလ်အသိုင်းအ၀ိုင်းတွင် သူသည် စာမကျက်ဘဲ စာမေးပွဲအောင်သည် ဟုပြောကြသည်။ သို့သော် အရှင်ဇ၀န၏ ဘလော့တွင် ရေးထားသည့် ညဘက်စာခိုးကျက်သော ကျောင်းသားမှာ သူဖြစ်ပါသည်။)

(၇)
ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းအတွင်း နောက်ဆုံးခုံမှ ထိုင်မိသည့်အချိန်တိုင်း သူ့ဘေးမှ အတန်းဖော်ကျောင်းသားတစ်ယောက်က ၀ိုက်တ်ဘုဒ်ပေါ်မှ စာများကို တစ်လုံးမကျန်ကူးရေးနေသောအခါ သူအံ့သြရသည်။ သူ့အနေဖြင့် ဆရာတော်ဖြစ်စေ၊ဆရာလေး(သီလရှင်)ဖြစ်စေ၊ သို့မဟုတ် ဆရာ၊ ဆရာမဖြစ်စေ သင်ကြားပို့ချပေးနေသည့်အခါ နားထောင်ရုံမျှသာ ဖြစ်သည်။ ၀ိုက်တ်ဘုတ်ပေါ်မှ စာများကို မမြင်၊ နောက်ဆုံးခုံမှာ ထိုင်နေ၍ မမြင်ဟုပဲ ထင်မှတ်နေသည်။ ဘေးမှ အတန်းဖော်က တကူးတည်း ကူးနေသောအခါ သူ့ပင်ကိုယ်မျက်မှန်ရောဂါပြန်ထကာ ၀မ်းသာသွားလေသည်။ “ငါမျက်စိတကယ်မွဲနေပြီကိုး။”

မျက်မှန်တစ်လက်ကို တရားဝင်တပ်ခွင့်ရသွားသည်။ မျက်မှန်လှူမည့်သူကလည်း အဆင်သင့်ရှိနေသည်။ သူ့ကို ကြည်ညိုသော ဒကာကြီးတစ်ဦးက သူနှင့်တွေ့တိုင်း “ ဘာလိုပါသလဲ အရှင်ဘုရား” ဟု အမြဲတမ်း မေးလေ့ရှိသည်။ သူကလည်း အလိုအလျောက်ဖြေကြားသည့်စနစ်တပ်ဆင်ထားသလိုပင် “ ဘာမှ မလိုပါဘူး” ဟုသာ သူ့နှုတ်က အဖြေထွက်သွားတတ်သည်။ ထိုအဖြေကို သူ့ဒကာက အားမရသလို သူကိုယ်တိုင်ကလည်း ကျေနပ်လှသည်မဟုတ်ပါ။

သို့သော် “ဘာလိုသလဲ” နှုင့် ”ဘာမှ မလို” ဟူသော မေးခွန်းနှင့်အဖြေသာ အဆင်ပြေပါလိမ့်မည်။ ရဟန်းတစ်ပါးအတွက် ထိုကဲ့သို့သော မေးခွန်းမျိုးကို ခရီးသွားဟန်လွှဲမေးခွန်းမျိုးအဖြစ် ဖြစ်နိုင်ခြေကို တွက်ဆထားခြင်းက လုံခြုံမှုရှိပါသည်။ အလိုက်မသိအလှူခံခြင်းသည် အကြည်ညိုပျက်ဖွယ် သို့မဟုတ် ရဟန်းနှင့် ဒကာကြားဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည့်အခြေအနေသို့ ရောက်သွားနိုင်သည်။ အလှူခံပုဂ္ဂိုလ်များအတွက် အကောင်းဆုံးကတော့ “ ဘာလိုသလဲ ”မေးခွန်းမျိုးထက် ပိုမိုအဆင်ပြေသော သဒ္ဓါတရားထုထည်နှင့် ညီမျှပြီး လှူနိုင်စွမ်းကို ထမ်းထားနိုင်မည့် လှူဖွယ်ဝတ္ထုသာ ဖြစ်သည်။

သူ့ဒကာကြီးက သူ့ကို “ အရှင်ဘုရား ဘာလိုမှန်းလည်း မသိတော့ တပည့်တော်လည်း ဘာလှူရမှန်းမသိဘူး ဘုရား၊” တဲ့။ နောက်တော့ ဒကာကြီးက သူ့အတွက် အဆင်ပြေအောင် စီမံပေးလိုက်သည်။ သူနှင့် ဒကာကြားတွင် သံတမန်တစ်ယောက်ခန့်အပ်ထားလိုက်ခြင်းဖြစ်ပါသည်။ ကြားခံတစ်ယောက်နှင့် ဆက်သွယ် အလှူခံစေခြင်းဖြစ်ပါသည်။ သူ့အနေဖြင့် တိုက်ရိုက်အလှူခံစရာမလိုတော့ပါ။( မျက်နှာပူစရာ မလိုတော့ခြင်း ပင်ဖြစ်ပါသည်။)

ကြားခံဒကာက သူနှင့် ရင်းနှီးကျွမ်းဝင်သော ဂေါပကအဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ကျောင်းဝေယျာဝစ္စများကို နေ့စဉ်လာရောက်ဆောင်ရွက်နေသူဖြစ်သည်။ သို့သော် သူက နှုတ်ဆိတ်နေ ဆဲဖြစ်သည်။ ကြားခံဒကာခမျာ သူ့ကို တစ်ပတ်တစ်ခါလောက်တော့ မေးလေ့ရှိသည်။ ကြားခံဒကာကလည်း ရှေးခေတ်ဘုရင်များ၏ မဟာဒါန်ဝန်တစ်ယောက်လို ဒါနအကျိုးဆောင်လုပ်ရန် ထက်သန်လေ့ရှိသည်။ သူက ဘာမှမပြောသည့်အခါ အခက်အခဲတွေ့ဟန်တူသည်။ ဂေါပကဒကာသည် အလှူ့ရှင်ဒကာကြီး၏ “ ကျွန်တော့်ဦးဇင်း ဘာလိုသလဲ” ဟူသော မေးခွန်းကို ဖြေချင်နေသည်။

မျက်မှန်တစ်လက် လိုသည် ဟု သူပြောလိုက်သောအခါ သူ့ဒကာကြီးရော၊ သူ့မဟာဒါန်ဝန်ဒကာပါ အဆင်ပြေသွားသည်။ ရွှေပြည်ကြီး၏ မျက်မှန်ဆိုင်များတွင် မာတုဂါမလေးများကိုသာ ခန့်ထားသည် ဟုထင်ရသည်။ သူ မျက်မှန်တစ်လက်ဝယ်ရန် မျက်မှန်ဆိုင်များသို့ ရောက်သွားသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် “လူမျိုးဘာသာ မရွေး” ဟူသော ဝေါဟာရကို သူကျက်မိသွားသည်။ “ဘုန်းဘုန်းက ဘရုစ် ၀ီလီစ်( Bruce Willies) နဲ့ တူတယ်” တဲ့။


ဓမ္မဂင်္ဂါ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP