*အနေကဇာတင်ခြင်း အဓိပ္ပာယ်*
11/04/2010 တောသားလေး , Posted in မှတ်သားဖွယ်ရာဓမ္မစာပေများ , 0 Comments
အဘိသေက (အဘိသိက်) မင်္ဂလာသည်-
(၁) ရှင်ဘုရင်အဖြစ် အဘိသိတ်သွန်းလောင်းခြင်း (မုဒ္ဓါဘိသေကမင်္ဂလာ)၊
(၂) သာသနာ့ဘောင်သို့ ရှင်ရဟန်းအဖြစ် သွတ်သွင်းခြင်း (ပဗ္ဗဇ္ဇာဘိသေကမင်္ဂလာ)၊
(၃) ရုပ်ပွားဆင်းတုတော် စသည်တို့ကို ဘုရားအဖြစ် အဘိသိတ်သွန်းခြင်း “ဗုဒ္ဓါဘိသေကမင်္ဂလာ”၊ ဟူ၍ “အဘိသေကမင်္ဂလာ” သုံးမျိုးရှိရာ စေတီရုပ်ပွား “ဒက္ခိဏသာခါ” စသော ဆင်းတုတော်များကို ပန်းနံ့သာ ဆီမီး အသီးသီးသော လှူဒါန်းဖွယ်တို့ဖြင့် ကပ်လှူပူဇော်၍ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းဂါထာတော်များကို ရွတ်ဖတ်ကြခြင်းသည် “ဗုဒ္ဓါဘိသေကမင်္ဂလာ” ဖြစ်၏၊ ဤသို့ ဗုဒ္ဓါဘိသေက မင်္ဂလာပွဲ ဆင်နွှဲကြရာဝယ် “အနေကဇာတိသံသာရံ” အစချီသော ဂါထာတော်ရွတ်ဆိုခြင်းကို အစွဲပြု၍ “အနေကဇာတင်” သည်ဟု မြန်မာတို့ ခေါ်ရိုးပြုခဲ့ကြသည်။ ရုပ်ပွားဆင်းတုတော်များအား ဤသို့ အနေကဇာတင်ခြင်းသည် ပူဇော်နည်းတစ်မျိုးဖြင့် ပူဇော်ခြင်းမျိုးသာဖြစ်၏။ အနေကဇာ မတင်ရသေးသမျှ ဘုရားမဖြစ်သေးဟူသော အယူအဆ အမြင်မျိုးဖြင့် ပြုလုပ်ကြရိုး မဟုတ်သည်ကို သတိပြုသင့်ကြပါသည်။
ကောက်နုတ်ချက်။ ။ မဏိဇောတ(ပရိတ်ကြီး ၁၁-သုတ် အသံထွက်ရွက်ဖတ်နည်းနှင့် မြန်မာပြန်) စာအုပ်မှ
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
0 comments:
Post a Comment