*မှတ်သားဖွယ်ရာအမေးအဖြေများ(၁၀)*
11/27/2010 တောသားလေး , Posted in အမေးအဖြေ , 1 Comment
တရားနာတာနဲ့တရားအားထုတ်တာဘယ်ဟာကကုသိုလ်ပိုရပါလဲ
အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့ မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော် သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ
အဖြေ။ ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော် အသံကို နားထောင်မိရုံပဲ ရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့် တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲ ပြောရပါမယ်။
အမှန်တော့ တရားနာတာနဲ့ တရားအားထုတ်တာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခါက ရဋ္ဌပါလသတို့သားဟာ ဘုရားရှင်ရဲ့တရားကို နာကြားရလို့ တရားတော်ကို မှန်မှန်ကန်ကန် နှလုံးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ သူဌေးသားဟာ ရဟန်းဘ၀ရောက်ရှိပြီး တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်တော် မူခဲ့ပါတယ်။ ဒါဟာ တရားနာခြင်းကြောင့် ရရှိလာတဲ့ အကျိုးတရားတွေပါပဲ၊ တရားအားထုတ်တဲ့သူဟာ “တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး”ဆိုတဲ့အတိုင်း တရားလဲနာရတယ်၊ တရားနာရတဲ့ အကျိုးတွေလဲ ဘုရားရှင် ဟောတော်မူထား တာရှိပါတယ်။
- မကြားဖူးသေးသော တရားစကားများကို ကြားနာရခြင်း။
- ကြားဖူးပြီးသားဆိုရင်ပိုပြီး နားလည်ခြင်း။
- ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။
- အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း။
- ယုံကြည်တဲ့စိတ် တိုးပွားခြင်း တို့ဖြစ်တယ်။ ဒါ့အပြင် တရားနာတာဟာ တရားအားထုတ်မှုအတွက် အထောက်အပံ့များစွာပေးပါတယ်။
ဒါနဲ့စပ်ပြီး ပါထေယျပါဠိတော်မှာ တရားရနိုင်တဲ့ အင်္ဂါလေးချက်ကို ဖေါ်ပြထားပါတယ်။ ဒါကိုသိရင် သဘောပေါက်သွားမှာပါ။ (၁)သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရမယ်။ (၂) သူတော်ကောင်းတရားကို နာကြားရမယ်။ (၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။ (၄)မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ကျင့်ဝတ်ရှိရမယ်။
(ပါထေယျပါဠိတော်၊နှာ၊၁၉၀)
ဒါကြောင့် ကုသိုလ်များအနက် မဂ်ကုသိုလ်တိုင်အောင် ရချင်တယ်ဆိုရင် အထက်ပါအင်္ဂါလေးချက်နဲ့အညီ နေထိုင်ကျင့်သုံးသွားပါမယ် ဆိုတာပြောရင်း………..။
0 comments:
Post a Comment