ချိုပြုံးလည်း လွမ်းနေရတယ်
(၁)
ဗုဒ္ဓဂယာသို့ ကျမ၏ မွေးလနိုဝင်ဘာတွင် သွားဖို့ရန် စီစဉ်ထားဖြစ်သည်။ တကယ်တမ်း နိုင်ငံခြားခရီးများဆက်သွားကာ ခရီးမောပန်းနွမ်းနယ်သွားသည်မို့သွားဖြစ်မည်မထင်တော့ပါ။ နိုဝင်ဘာမှာ သွားဖြစ်ခဲ့လျှင် မွေးနေ့တွင် သီလရှင်ဝတ်ရန်ပင် စိတ်ကူးပြီးသားဖြစ်သည်။ ကျမအတွက် ကံမပေးသေးလို့ ဖြစ်မည်။ လေယာဉ်စီးရန် အင်အားမရှိတော့။ ဗုဒ္ဓဂယာသွားရန်လည်း မစီစဉ်ဖြစ်တော့။ ကျမ၏ အနုပညာအလုပ်များနှင့် ပြန်နစ်သွား တော့သည်။
ကံအကြောင်းတိုက်ဆိုင်သည် ဟု ပြောရမည်ပင်။ တစ်နေ့ မင်္ဂလာဆောင်တစ်ခု`၌ ကျောင်းအမကြီးဒေါ်မြရှင်တို့ ဇနီးမောင်နှံတို့နှင့် တွေ့၍ သူတို့ ဖေဖော်ဝါရီလဗုဒ္ဓဂယာသွားမည် လိုက်လိုပါက ခေါ်မည် ဟု ပြောပါသည်။
ပြည်ပခရီးများဆက်နေသည့် ကျမအတွက် အလုပ်ကြွေးတွေ များနေတာတော့ အမှန်ပင်။ ရိုက်လက်စ ဇာတ်ကားများကလည်း မပြတ်သေး။ တွေဝေနေမိသည့် ကျမကို အပြည်ပြည်ဆိုင်ရာ သံဃာတော်တွေ ပိဋကတ်သုံးပုံ ရွတ်ဖတ်တာကို ဖူးမြင်နာယူရမယ်လေ ဟု ပြောလိုက်သော ကျောင်းအမကြီး၏ စကားတစ်ခွန်းတည်းဖြင့်ပင် ဗုဒ္ဓဂယာခရီးစဉ်ကို ကျမတက်သုတ်ရိုက် စီစဉ်ဖြစ်ခဲ့သည်။ ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရိပ်မှာ ပိဋကတ်ရွတ်ဖတ်သံများကို နာယူပြီး တစ်ပတ်အတွင်း ပြန်မည် ဟု ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် ကျမဂယာသို့ ရောက်ခဲ့သည်။ အခက်အခဲများစွာ ကြုံပြီး ရောက်ရခြင်းပင်။ (၂၈-၂-၂၀၀၈)သောကြာနေ့ သွားမည်အတည်ပြုပြီးမှ (၇-၂-၂၀၀၈)ကြာသပတေးနေ့ ညနေခင်း နေပြည်တော်မှာ ကျင်းပသည့် အကယ်ဒမီပွဲသို့ တက်ရောက်ကာ အနုပညာထူးချွန်ဆု ဆွတ်ခူးကြသည့် အနုပညာမောင်နှမများကို မုဒိတာပွားခဲ့ရသေးသည်။ အကယ်ဒမီပွဲပြီးတော့ ည(၁၁) ထိုးပြီ၊ သားကြီးမောင်မောင်လာကြို၍ ရန်ကုန်ကို ညတွင်းချင်း ပြန်လာခဲ့သည်။ မနက် (၆) နာရီ ရန်ကုန်ရောက်၊ တစ်ပတ်စာ အ၀တ်အစားများပစ်ထည့်၊ နေပြည်တော် မသွားမီကပင် လှူဖွယ်ပစ္စည်းများစုပုံထားသည်မို့ ကောက်ထည့်လိုက်ရုံပင်၊ ဒေါ်မြရှင်အိမ် (၁၂) နာရီ ရောက်၊ လေယာဉ်ကွင်းသို့ နေ့ခင်း (၂) နာရီ ။
(၃) နာရီတွင် ကာလကတ္တားထွက်မည့် လေယာဉ်သည် ညနေ (၅) နာရီကျော်မှပင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ရောက်တော့သည်။ ရန်ကုန်မှ လေယာဉ်ကြီး ပြန်ထွက်တော့ (၆) နာရီ ရှိပြီ။ တစ်ညလုံး မအိပ်သေးသည့် ကျမ လေယာဉ်ပေါ်မှာ အိပ်မည်ဟု အားခဲထားသော်လည်း စိတ်ဆန္ဒစောနေကြသည့် ဘုရားဖူးခရီးသည်များ တ၀ုန်းဝုန်း ဆူညံနေ၍ အိပ်မရတော့ပါ။
(၁)နာရီ ကျော်ကျော်သာ စီးရပြီး ကာလကတ္တားမြို့ကို ည(၇) နာရီခန့်တွင် ဆိုက်ရောက်ပါသည်။ (၁) နာရီကျော်ခရီးသည် နိုင်ငံတကာခရီးရှည်များနှင့် ယဉ်ပါးနေသော ကျမအဖို့ ရီ(ရယ်)တာပေါ့ လို့ ပြောလိုက်ချင်သေးသည်။ လေယာဉ်ကွင်းမှ တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ရောက်သည်နှင့် အိပ်တော့မည် ဟု အားခဲထားသည့် ကျမ၏ စိတ်ကူးကို ယခုမှပင် ကျမပြန်ရီရပါသည်။
ကာလကတ္တားမှ မိုင်ရာချီဝေးကွာသော ဗုဒ္ဓဂယာသို့ တစ်ညလုံးကားစီးရပြန်သည်။ ကားဖြင့် ခရီးရှည်သွားရန် ကြောက်ရွံ့လေ့ရှိသော ကျမသည် ရန်ကုန်မှ နေပြည်တော်၊ နေပြည်တော်မှ ရန်ကုန်၊ ယခု ကာလကတ္တားမှ ဂယာ၊ ဂယာရောက်လျှင် ထနိုင်တောမည် ကျမမထင်တော့ပါ။
သို့သော် ကျမအတွေးမှားသွားခဲ့ပါသည်။ မနက် (၆) နာရီခန့် ဂယာရောက်ပြီး ရေမိုးချိုး နေ့လည်ခင်း ထမင်းစားပြီးသည်နှင့် ဗောဓိပင်နှင့် ရွှေပလ္လင်သို့ စိတ်လက်ကြည်သာစွာ အရောက်သွားနိုင်ခဲ့ပါသည်။
မြတ်စွာဘုရားပွင့်တော်မူရာ မဟာဗောဓိစေတီတော်မြတ်ကို ဖူးမြင်ရသည်နှင့် ကျမ၏ စိတ်တို့ လန်းဆန်းနေတော့သည်။ (၆) ရက်တိုင်တိုင် ဗောဓိညောင်ပင်ရိပ်မှာ တရားရှုမှတ်၊ နိုင်ငံတကာမှ ကြွရောက်လာသည့် သံဃာတော်အရှင်မြတ်တို့ ရွတ်ဖတ်သည့် ပိဋကတ်ဒေသနာကို နာယူရင်း ကြည်နူးနေမိတော့သည်။
(၁၀) ရက်တိုင်တိုင် ကျင်းပသည့် ဤပိဋကတ်တော်ရွတ်ဖတ်ပွဲကြီးတွင် အိန္ဒိယရဟန်းတော်များ အပါအ၀င်ထေရ၀ါဒ(၅) နိုင်ငံမှ သံဃာတော်အရှင်မြတ်တို့ ပါဝင်ဆင်နွှဲနေကြသည်ကို ကြည်ညိုခွင့်ရခဲ့ပါသည်။
ကျမဂယာရောက်ပြီး (၃) ရက်ကြာတွင် ရဟန်းသုံးပါးကို သိက္ခာထပ် ကုသိုလ်ယူပါသည်။ ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်ကြီးအပါအ၀င် ဗာရာဏသီသက္ကတတက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော ရဟန်းတော်နှစ်ပါးဖြစ်သည်။ သားရဟန်းနှစ်ပါးသည် ယခုလို ရေခြားမြေခြား မိဘများနှင့် ဝေးကွာနေချိန်တွင် ကျမအား မအေးရင်း ရသည်သို့ အမှန်တကယ် ၀မ်းသာနေကြောင်း ကျမသိပါသည်။
ကျမတည်းခိုရာကျောင်းသည် အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြား နေကြသည့် ရဟန်းတော်များစုပေါင်းတည်ထောင်ထားသော ကျောင်းဖြစ်သည်။ ဆောက်လက်စဖြစ်သော်လည်း ရဟန်းတော်များ သီတင်းသုံး၍ ရနေပြီဖြစ်သည်။ ကျမစပ်စုရပါတော့သည်။ ဦးဇင်းလေးများ ယခုကျေင်းအမကြီးဒေါ်မြရှင် လာရောက် ချက်ပြုတ်ကျွေးနေ၍ ဆွမ်းဟင်း ကောင်းကောင်းဘုန်းပေးရသော်လည်း ကျန်အချိန်များမှာ အလှည့်ကျချက်ပြုတ်စားရသည်ဟု သိရသည်။ ကျောင်းစာတစ်ဘက်နှင့်မို့ ဖွယ်ဖွယ်ရာရာ မစားရမှာ သေချာလှပါသည်။
ကျမစိတ်မကောင်းနိုင်တော့ပါ။ ကိုယ့်ဘာသာကိုယ့်သာသနာအတွက် ဆင်းရဲပင်ပန်းခံ နေကြရသည်မှာ ကြက်သီးထလောက်ဖွယ်ကြိုးစားမှုပင်။ ကျမတို့ လူဝတ်ကြောင်များသည် ထမင်းအနပ်ပေါင်းများစွာ စားပြီး သွားလိုရာ ကားတ၀ီဝီဖြင့် နေထိုင်စားသောက် ပျော်ရွှင်နေကြသည်။ စာသင်သား ကျောင်းသားဦးဇင်းလေးများသည် ယနေ့ခေတ် လူငယ်များကြားတွင် အရောင်ဖျော့မှုန်ဝါးစပြုလာသော သာသနာကို အရောင် ထွန်းတောက်စေရန် ဆင်းရဲ ပင်ပန်းခံ၍ ကြိုးစားအားထုတ်နေသည် ဟု မြင်မိပါသည်။
ကျမအတွက် သိက္ခာထပ်ကုသိုလ်ယူခြင်း၊ မဟာဗောဓိစေတီပရိဝုဏ်အရိပ်တွင် ပိဋကတ်ဒေသနာတော်နာယူခြင်း၊ တရားရှုမှတ်ခြင်းစသော ကုသိုလ်များအပြင် ထပ်ဆင့်တိုးကုသိုလ်တစ်ခုမှာ (၁၁-၂-၂၀၀၈) နေ့တွင် ကမ္ဘာ့သာသနာပြုအကျော်သီတဂူဆရာတော်ဘုရားကြီးကို ဖူးတွေ့ကြည်ညိုရ၊ တရားဓမ္မနာကြားခွင့် ရခဲ့ခြင်းပင် ဖြစ်ပါသည်။
ကျမတို့တည်းခိုရာ ကျောင်းသို့ ဆရာတော်ဘုရားကြီး ဦးဆောင်ကာ သီတဂူသာသနာပြုအဖွဲ့ ရောက်လာသည်။ ဆရာတော်ဘုရား၏ သာသနာပြုကုသိုလ်တော်၊ အလှူတော်များအခမ်းအနားများနှင့် ကျမ မစိမ်းပါ။ ရေအလှူတော်၊ ဆေးအလှူတော်စသည့် ကုသိုလ်တော်အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခွင့်အခါ ကြုံတိုင်း ကျမ အသံဒါနပြုခဲ့သည်ချည်းပင်။ သို့သော် ယခု အလှူတော်ကတော့ ကျမအတွက် အမှန်တကယ်စိမ်းနေသည်။ အိန္ဒိယတစ်နိုင်ငံလုံးမှာ ရှိသည့် ပတ်စ်ပို့တ်ကိုင်ဆောင်သော တက္ကသိုလ်ပညာသင်ရဟန်းတော် အပါး (၂၀၀) ကျော်ကို တစ်ပါးလျှင် အမေရိကန်ဒေါ်လာ (၁၀၀) လှူဒါန်းသည်တဲ့။
သည်လို လှူဒါန်းလာတာ (၇) နှစ်ရှိပြီ ဆိုတာ သိရပြန်တော့ ကျမကြည်နူးလိုက်တာ။ ဆရာတော်ဘုရားကြီးက ကျမတို့ ဦးဇင်းလေးများ၏ တစ်နှစ်အတွင်း အကောင်အထည်ပေါ်လာသော ဆောက်လက်စကျောင်းကို ချီးမွမ်းခန်း ဖွင့်ကာ ဦးဇင်းလေးများကိုလည်း '' Congratulation ငါ့ရှင်တို့ '' ဟု သြဘာပေးသည့်အခါတွင် ကျမ ခံစားရသည့် ပီတိကို ကျမကိုယ်တိုင်သာ နားလည်ပါသည်။ ဆရာတော်ဘုရားနှင့် သီတဂူသာသနာပြုအဖွဲ့က ကျောင်းတော်ကြီး ဆောက်လုပ်ရေး စီမံကိန်းအောင်မြင်စေရန်အတွက် ပဒေသာပင် အသီးသီး စိုက်ထူလှူဒါန်းကြသည့်အခါ ကျမရည်ရွယ်ထားပြီး ဖြစ်သည့် အလှူငွေများကို ကျမနှင့် သားသမီးများ၏ မိသားစုကုသိုလ်အဖြစ် ထည့်ဝင်လှူဒါန်းမိပါတော့သည်။
(၂)
ကျမသည် (၁၅-၂-၂၀၀၈) ရက်နေ့တွင် ပြန်ရန် စီစဉ်ထားသော်လည်း လေယာဉ်လက်မှတ်အခက်အခဲကြောင့် မပြန်ဖြစ်ခဲ့ပါ။ မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် မပြီးပြတ်သေးသော ကျမ၏ အနုပညာအလုပ်များအတွက် မတွေးမိတော့ပါ။ ကျောင်းအမကြီး ဒေါ်မြရှင် စီစဉ်ပေးမှုကြောင့် သံဝေဇနီယလေးဌာန ဘုရားဖူးရန် ဦးဇင်းလေးနှစ်ပါး၊ အခြားဘုရားဖူး ခရီးဖော်များနှင့်အတူ ကားတစ်စီးငှါးပြီး ခရီးထွက်ခဲ့ပါတော့သည်။
မနက် (၅) နာရီတွင် ကားစထွက်သည်။ အိန္ဒိယနိုင်ငံ၏ ဆောင်းသည် အေးစိမ့်နေသည်။ ဘုရားဖူးချင်လွန်း၍သာ စွန့်စားရသည်။ အေးသည်နှင့် နှာခေါင်းပိတ်ပြီး အဆက်မပြတ်နှာချေတတ်သော ကျမအတွက် ဘယ်လို ဒုက္ခဖြစ်မည်ကို မတွေးမိတော့။ ဒူးအနာသည်လည်း မြန်မာပြည်မှာ အအေးလေး နည်းနည်း ပိုလာလျှင်ပင် လမ်းလျှောက်၍ မရတတ်။ ကျမ၏ ကလေးများရှိရာ အင်္ဂလန်ကိုပင် နွေမှသာ သွားနိုင်ပါသည်။ နှာချေမိလျှင် တစ်နေ့လုံး မရပ်တော့ပါ။ မျက်လုံးလည်း မဖွင့်နိုင်လောက်အောင် ဆိုးပါသည်။ ကျမ၏ တစ်ကိုယ်လုံးမှာ နှာချေတတ်ခြင်းနှင့် ဒူးနာတတ်ခြင်းသည် အဆိုးဆုံးဖြစ်သည်။ ဒူးသည် ဆန့်ထားလျှင် ရုတ်တရက် ကွေးမရ၊ ကွေးထားလျှင်လည်း ချက်ချင်း ဆန့်၍ မရ။ ထိုင်ပြီးလျှင်လည်း ထ၍ မရပါ။
ဤဒုက္ခအားလုံးသည် ဘုရားဖူးခရီးဖော်များ၏ တွဲခေါ်ဖေးမမှု၊ ဘုရားဖူးလမ်းညွှန် ဦးဇင်းလေးများ၏ စိတ်ရှည်မှုကြောင့် လုံးဝ အခက်အခဲ မရှိတော့ပါ။ လမ်းလျှောက်ပါများ၍ ဒူးအလွန်နာသည့်အခါ ကျမ တကျွတ်ကျွတ်စုတ်သပ်မိပြီဆိုလျှင် '' ဘုရားဖူးသွားတဲ့ ခြေတစ်လှမ်းဟာ ကုဋေတစ်သန်း တန်တယ်။ ရအောင် လျှောက် မယ်တော် '' ဟု ပြောဆို အားပေးသည့် ဦးဇင်းလေးများ၏ အသံသည် ယခုတိုင် နားထဲတွင် ပြတ်သားစွာ ကြားနေဆဲဖြစ်သည်။ တကယ်ပင် ဦးဇင်းလေးများ၏ ကျေးဇူးကြီးမားလှပါသည်။
ဦးဇင်းလေးများသည် အင်္ဂလိပ်စကားပြောတင် မဟုတ်၊ ကုလားစကားကိုလည်း ကျွမ်းကျင်စွာ ပြောတတ်ကြသည်။ အလွန်ဥာဏ်ရည်ထက်သော ဘုန်းကြီးလေးများပါပေ။ ရောက်လေရာအရပ်မှာ မြတ်စွာဘုရားရှင်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သေချာစွာ ရှင်းပြကြသည်မှာ အားကျကြည်ညိုဖွယ် ကောင်းလှသည်။
ယခင် လွန်ခဲ့သော နှစ်များဆီက ဘုရားဖူးခရီးစဉ်တွင် အင်္ဂလန်မှ အပြန် သံရုံးချင်း ဆက်သွယ်ကူညီပေး၍ လာရသည်။ ယခု အခေါက်လောက် မှတ်မှတ်သားသားမရှိခဲ့။ ဘုရားဖူးရမည် ဟုမသိခဲ့ရသဖြင့် ဘုရားဖူးမည့် စိတ်ကို ကြိုတင် မထည့်သွင်းခဲ့၍လား မသိ၊ ယခု အခေါက်ကဲ့သို့ နှစ်နှစ်ကာကာ မရှိခဲ့ပါ။ မဇ္ဈိမဒေသမှ ပြန်ရမည်ကိုပင် လွမ်းနေရပါတော့သည်။
ဤဘုရားဖူးနေ့ရက်များတွင် မနက်လင်းသည်နှင့် ဒီနေ့ ဘယ်ဌာနမှာ ဘုရားဖူးမည်။ နောက်တစ်နေ့ မိုးသောက်သည်နှင့် ဘယ်နေရာကို ဘုရားဖူးထွက်မည်ဆိုသည့် စိတ်ကူးဖြင့်သာ နိုးထခဲ့ရသည် မို့ အပြစ်ကင်းဖြူစင်လှသော နေ့ရက်များကို ပိုင်ဆိုင်ခွင့်ရနေသည် ဟု ဆိုရမည်၊ ဤဘ၀မျိုးကိုသာ အမြဲတမ်း ပိုင်ဆိုင်လိုမိသည်။ ရန်ကုန်တွင် အလုပ် အလုပ်ဆိုသော အရာများသည် ကျမ၏ တစ်နေ့တာကို ချည်နှောင်ထားကြလေသည်။
ရံခါ အလုပ်ပင်ပန်းလွန်း၍ နံနက် (၆)နာရီလောက်အထိ အိပ်မိလျှင် အလုပ်ကိစ္စ ဖုန်းခေါ်သံများက အဆက်မပြတ်နှောက်ယှက်ကြလေသည်။ တရားဖြောင့်ဖြောင့် ထိုင်ခွင့်မရတော့ပါ။
သြော် ဗုဒ္ဓဂယာမှာ အေးချမ်းလိုက်တဲ့ ဘ၀ပါလား.....။
0 comments:
Post a Comment