* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, October 17, 2010

မီးထွန်းပွဲနှင့် ဝါကျွတ်ကန်တော့ပွဲ - အရှင်မဟောသဓပဏ္ဍိတ

“သီတင်းကျွတ်လ”သည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အထွတ်အမြတ်ပြုအပ်သော ‘လ’ ဖြစ်သည်။

ဝါဆိုလမှ စ၍ ဝါတွင်းသုံးလတိုင်တိုင် သီတင်းသီလဆောက်တည်ကျင့်သုံးခဲ့ကြရာမှ ကျွတ်လွတ်ပြီဟူသော အထိမ်းအမှတ်ဖြင့် “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ကြဟန် တူပေ၏။

ထို့ပြင် ဗုဒ္ဓသားတော် ရှင်ရဟန်းတို့အနေဖြင့် ဝါတွင်းသုံးလ ဒေသစာရီ ကြွချီမှု မရှိဘဲ တမိုးခို တဝါဆို သီတင်းသုံးခဲ့ရာမှ ကျွတ်လွတ်သော ‘လ’ဖြစ်၍လည်း “သီတင်းကျွတ်လ”ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် တခြားသောလများ၌ ဥပုသ်သီလ မစောင့်သုံးနိုင်စေကာမူ ဝါတွင်းသုံးလ၌ကား လဆန်း-လဆုတ် ရှစ်ရက်၊ လပြည့်-လကွယ်နေ့များတွင် ကြိုးစား၍ ဥပုသ်စောင့်သုံးကြသည်က များပေသည်။

မြန်မာ့ကျေးလက်ဒေသများတွင် သာမန် နေ့ရက်များ၌ ဖြစ်သလို ချက်ပြုတ်စားကြ ရောင့်ရဲတင်းတိမ်ကြသော်လည်း ဥပုသ်နေ့မျိုးတွင်ကား ဘုရားရှင်နှင့် ရဟန်းသံဃာတော်များအား ဦးဦးဖျားဖျား ဆွမ်းကပ်လှူကြရမည်ဖြစ်၍ ပံ့သကူ အမဲသား ငါး ဟင်းလျာများကို ဆီရွှဲရွှဲနှင့် ချက်ပြုတ်လာလေ့ရှိကြသည်။ မန်ကျည်းသီးစိမ်းကို ညက်ညက်ထောင်း၍ လယ်ပုစွန်လုံးနိုင်နိုင်နှင့်၊ တခါတရံ ငါးခူနှင့် နှပ်၍လည်းကောင်း၊ ပဲကြီးနှပ်ဆီပြန်ချက်နှင့်လည်းကောင်း ဥပုသ်ထမင်းစားရသည်မှာ အရသာရှိလှပါဘိသည်။

ကျေးရွာမှ လုံမငယ် အပျိုချောတသိုက်တို့ကလည်း ကျောင်းသို့ လာလာသမျှ ဥပုသ်စောင့်သူရော ဥပုသ်မစောင့်သူများကိုပါ လဖက် ဆေးလိပ် ကမ်းခြင်း၊ ချိုချဉ် မုန့်ပဲသရေစာ ဝေငှခြင်း စသည်ဖြင့် ပကာသန မပါဘဲ တနိုင်ဒါန ပြုလုပ်လေ့ရှိကြရာ ရွာဦးကျောင်း၌ စည်ကားသိုက်မြိုက်လျက် ရှိသည်။

ဤလိုပွဲမျိုးတွင် အကိုကာလသားတို့ကလည်း လက်လွတ်မခံဘဲ လုံမငယ်အရှက်အိုးတို့ကို ကျိပ်ပိုး,ပိုးရန် ရောက်ရှိနေတတ်ကြပေသည်။

ဤကဲ့သို့လျှင် ဝါတွင်းသုံးလ၌ လူကြီးလူငယ်အားလုံး ကျောင်းကန်ဘုရားသွားခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းဖြင့် ဘဝပျော်ရွှင်မှု၊ စိတ်နှလုံး အေးချမ်းသာယာမှုကို ရရှိကြလေသည်။

သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ပြီဆိုလျှင်ကား “သီတင်းကျွတ်မီးထွန်းပွဲတော်”ကို ခြိမ့်ခြိမ့်သဲသဲ နွှဲပျော်ကြလေသည်။

ညနေရီ နေဝင်ဖြိုးဖျအချိန်တွင် ပန်းစည်းများ၊ ဖယောင်းတိုင်နှင့် ဆီမီးခွက်များကို ကျောင်းသား ကျောင်းသူကလေးများ၊ လုံမငယ်များက ကိုင်ဆောင်၍ ရှေ့မှ စီတန်း ထွက်လာသည်။
အပျိုခေါင်းလုပ်သူ အမျိုးသမီးများ၏ခေါင်းဆောင် အပျိုကြီးမမတဦးက အားလုံး စီစဉ် ညွှန်ကြားပေးသည်။

ထိုနောက် အိုးစည်ဝိုင်းအက၊ ဒိုးပတ်ဝိုင်းအကနှင့် ပတ်ခြောက်ဝိုင်းအကတို့က နောက်မှ တီးမှုတ် ကခုန် လိုက်ပါလာကြသည်။
ပတ်ခြောက်ဝိုင်းအကမှာ မင်းသားတလက်၊ မင်းသမီးတလက်၊ နှဲမှုတ်သူတယောက်၊ လင်းကွင်းတီးသူတယောက်၊ ဒိုးပတ်တီးသူနှင့် မောင်းဆိုင်းတီးသူနှစ်ယောက်၊ ဝါးလက်ခုပ်တီးသူ နှစ်ယောက်၊ အားလုံး ရှစ်ယောက် ပါဝင်သည်။
ဤတီးမှုတ်ကခုန်သူများကို ကာလသားခေါင်းလုပ်သူက ဦးဆောင် စီမံပေးသည်။

ရွာဦးကျောင်းတွင် သုံးပတ်မျှ စီတန်းလှည့်လည် ကခုန်ပြီးနောက် ပန်းဆီမီးများကို ကျောင်းတိုက်တွင်းရှိ စေတီတော်တွင် ညှိထွန်း ပူဇော်လိုက်ကြသည်။
လူငယ် ကာလသားတသိုက်က ဗျောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းများလွှတ်ခြင်းနှင့်အတူ သူတို့ ကြိုတင်ပြုလုပ်လာသည့် ဆင်ရုပ် မြင်းရုပ် ဘိုးသူတော်ရုပ်သဏ္ဌာန် မီးပုံးပျံများကို ကောင်းကင်သို့ အပြိုင်အဆိုင် လွှတ်တင်လိုက်ကြလေသည်။

ထိုနောက် လူကြီးလူငယ်အားလုံး ကျောင်းဘုန်းတော်ကြီးထံ ငါးပါးသီလခံယူ၍ “အဘိဓမ္မာအခါတော်နေ့”ကို ဆက်လက် ကျင်းပကြလေသည်။
သွက်လက်၍ ထက်မြက်ချက်ချာသော ကျောင်းသူကျောင်းသားကလေးများနှင့် အပျိုရွယ် လက်ရွေးစင်ကလေးမလေးများက အဘိဓမ္မာခုနစ်ကျမ်းအကျဉ်းချုပ်ကို ပြိုင်တူ ရွတ်ဖတ် ပူဇော်ကြလေသည်။
ကျန်လူများက ရိုသေစွာ နာယူကြ၍ သာဓုခေါ်ဆိုကြသည်။

ဤ “အဘိဓမ္မာအခါတော်နေ့” ကျင်းပရခြင်းသည်လည်း သီတင်းကျွတ်လ၏ ထူးခြားသော ဘာသာယဉ်ကျေးမှုပွဲတော်တရပ်ပင် ဖြစ်လေသည်။
မြန်မာ့ယဉ်ကျေးမှုပွဲတော်များ ကျင်းပနေခြင်းမှာ အဓိပ္ပာယ်မဲ့ မဟုတ်ချေ။
ဘာသာရေး၊ ယဉ်ကျေးမှုမှ ဆက်နွယ်လာသော ပွဲတော် အစဉ်အလာများ ဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် သက်တော်ထင်ရှားရှိစဉ်က ဝါတွင်းသုံးလမျှ တာဝတိံသာသို့ ကြွ၍ ‘မယ်တော်မိနတ်’ကို အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနစ်ကျမ်းဟောပြီး၍ မယ်တော်မိနတ်လည်း တရားထူးရကာ သောတာပန် အရိယာအဖြစ်သို့ ဆိုက်ရောက်ခဲ့လေသည်။
ဤသို့လျှင် ဗုဒ္ဓမြတ်စွာသည် ဓမ္မရေစင်တိုက်ကျွေး၍ မယ်တော်ကျေးဇူးကို ဆပ်ပြီးနောက် နေဝင်ဖြိုးဖျ အမှောင်ပျိုးစအချိန်တွင် တာဝတိံသာနတ်ပြည်မှ သင်္ကဿမြို့သို့ ပြန်လည် ကြွရောက်တော်မူခဲ့သည်။

နတ်ဗြဟ္မာတို့ ဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်အနက် ဝဲယာတွင် နတ်ဗြဟ္မာတို့ ခြံရံလျက် အလယ်ပတ္တမြားစောင်းတန်းမှ နေ၍ ဗုဒ္ဓမြတ်စွာ ပြန်လည် ဆင်းသက်တော်မူခဲ့ပါသည်။

သင်္ကဿမြို့သူမြို့သားတို့သည်လည်း မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်၊ နတ်ဗြဟ္မာတို့၏ တန်းဆာအရောင်တို့ဖြင့် ထွန်းပြောင်ဝင်းဝ အသရေစုံခသည့် ရှင်တော်မြတ်ဘုရားကို ဖူးမဝ ရှုမဆုံး ပီတိလုံးလှိုက်ဖိုကြွလျက် မြေပြင်မှ မီးတုတ် မီးပန်းတို့ဖြင့် ဝှေ့ရမ်းပူဇော်ကြကာ အားပါးတရ ကြိုဆိုခဲ့ကြလေသည်။
ဤသာဓကကို ထုံးမူ၍ “သီတင်းကျွတ်မီးထွန်းပွဲ”ကို အစဉ်ပင် ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်ပေသည်။

ဤ ဗုဒ္ဓမြတ်စွာ၏ မိဘကျေးဇူး တန်ဖိုးထား၍ ကျေပွန်အောင် ဆပ်တော်မူခဲ့ပုံ၊ အဘိဓမ္မာ နို့ဖိုးဆပ်ဒေသနာ ဟောကြားတော်မူခဲ့ပုံကို ထုံးသာဓကမူ၍ သီတင်းကျွတ်အခါသမယတွင် ရဟန်းသံဃာများ၊ မိဘဘိုးဘွားများနှင့် ဆရာသမားတို့အား ပူဇော်ကန်တော့ပွဲကို မြန်မာတိုင်းရင်းသားတို့ ဆင်နွှဲခဲ့ကြလေသည်။

သီတင်းကျွတ်ချိန်တွင် တရပ်တကျေး နယ်အဝေးသို့ သွားရောက် အမှုထမ်းနေရသူများပင် မိဘရပ်ထံ ခွင့်နှင့်ပြန်လာကာ အိမ်သူသက်ထား သမီးသားစုံစွာဖြင့် မိဘဘိုးဘွားတို့ကို ပူဇော် ကန်တော့ကြမြဲဖြစ်သည်။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ အကြောင်းကြောင်းတို့ကြောင့် ရောက်ရှိနေကြရသူတို့သည် ဤကဲ့သို့သော သီတင်းကျွတ်ပွဲတော် အချိန်အခါမျိုးတွင် အမိမြန်မာပြည်ကို တမ်းတ မှန်းဆ လွမ်းကြရစမြဲပင် ဖြစ်ပါသည်။

မြန်မာစာပေပညာရှင် ဆရာကြီးဦးဝန် (မင်းသုဝဏ်)သည် ပညာတော်သင်ဘဝဖြင့် ပြင်သစ်ပြည်သို့ ရောက်ခိုက်တွင် -

သူတကာ ကန်တော့ပွဲတွေနှင့်
ညီအကို မောင်နှံတွဲပါလို့
ရွာထဲမှာ လူရောက်ပြချိန်မို့
စာဆိုမှာ လာလိုလှသော်လည်း
မှန်းဆရုံသာ”ဟု ဝါကျွတ်ချိန် အမိမြန်မာပြည်သို့ ပြန်လာလိုပါလျက် မပြန်နိုင်သေး၍ မှန်းဆ လွမ်းတခဲ့ရပုံကို ဖော်ကျူးခဲ့ဖူးပါသည်။

နို့ချိုဖိုးအတွက် တဝါတချိ ရှာစုပြီးလျှင် ပြန်လာနိုင်မည်ဖြစ်၍ သားစာဆိုလူညိုလှကို လွမ်းစရာ ခန်းသာဝဆီက ဆီးကြိုဖို့ အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်း ဖွဲ့သီခဲ့ပါသည်။

ယနေ့ တိုင်းတပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည်လည်း ရောက်ရာဒေသတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများကို ထိန်းသိမ်းလျက် ဘာသာရေး ဓလေ့ထုံးများကို လိုက်နာ ကျင့်သုံးကာ နို့ချိုဖိုးအတွက် အမိမြန်မာပြည်သို့ ဝါကျွတ်ကန်တော့ပန်း ဆင်မြန်းနိုင်ရန် ရည်သန်ကြိုးစား အလေးထားလျက်ရှိကြောင်း ဆရာမင်းသုဝဏ်၏ ကဗျာပိုဒ်ကလေးဖြင့် နိဂုံးချုပ်လိုက်ရပေသည်။

မိမြန်မာ
နေရပ်ကို ငါခွာလို့
တရပ်ရွာ တမြေခြားမှာလ
ဖဝါးယာဉ်သာပြုပါလို့
ရှာစုသည် နို့ချိုဖိုးပါပဲ
သည်တဝါ သည်တမိုးကိုတော့
ကြိုးစားကာ စာဆိုခဲ့လျှင်ဖြင့်
သုံးမကုန် ကန်တော့ပွဲရယ်နှင့်
ရွာထဲမှာ လူရောင်ပြနိုင်လိမ့်
သားစာဆို လူညိုလှကိုလ
လွမ်းစရာ ခန်းသာဝဆီက
အပြန်ကို စရန်နှင့်တပေတော့
ဝေးက ပန်တောင်း။

(၁၉၉၂ ခုနှစ် နိုဝင်ဘာလထုတ် လောကချမ်းသာစာစောင် အတွဲ-၂ အမှတ်-၃တွင် ဆရာတော် အရှင်မဟောသဓပဏ္ဍိတ ရေးသားခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

(ဆရာတော် အရှင်မဟောသဓပဏ္ဍိတသည် ၂၀၁၀ ခုနှစ် ဧပြီလတွင် လေဖြတ်ရောဂါ ခံစားခဲ့ရပြီး၊ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာပြည်သို့ ပြန်လည် ကြွရောက်သွားခဲ့ကာ စစ်ကိုင်းမြို့ ဝေဇယန္တာကျောင်း၌ အနားယူ သီတင်းသုံးမည့်အကြောင်း သိရ၏။)

+++++

အမိမြန်မာပြည်အဖို့

ဝါကျွတ်ကန်တော့ပန်း

(ပြင်သစ်မှာ ရေး)

မလာဖြစ်နိုင်ဘု

ဝါခေတ် တခါကုန်တော့

မီးရောင်စုံ ကျွတ်သီတင်းကိုလ

ရင်တွင်းက ပူဆာဆာ။

သူတကာ ကန်တော့ပွဲတွေနှင့်

ညီအစ်ကို မောင်နှံတွဲပါလို့

ရွာထဲမှာ လူရောင်ပြချိန်မို့

နေညိုမှာ မေအို တရှာလိမ့်

စာဆို လာလိုလှသော်လည်း

မှန်းဆရုံသာ။

နတ်ညီနောင် စားဖိုကြားဆီက

မွန်းစာဆို ဘယ်ကိုသွားတယ်လို့

လှေကားကို သူတို့မေးပြန်တော့

ဆိုတေးသံ မကြားတာဖြင့်

တဝါ နှစ်ဝါသို့ လျားပေါ့လို့

လှေကားက အဖြေလာ

စာဆိုမောင့် ငယ်ပေါင်း။

မိမြန်မာ

နေရပ်ကို ငါခွာလို့

တရပ်ရွာ တမြေခြားမှာလ

ဖဝါးယာဉ်သာပြုပါလို့

ရှာစုသည် နို့ချိုဖိုးပါပဲ

သည်တခါ သည်တမိုးကိုတော့

ကြိုးစားကာ စာဆိုခဲလျှင်ဖြင့်

သုံးမကုန် ကန်တော့ပွဲရယ်နှင့်

ရွာထဲမှာ လူရောင်ပြနိုင်လိမ့်

သားစာဆို လူညိုလှကိုလ

လွမ်းရာ ခန်းသာဝဆီက

အပြန်ကို စရန်နှင့် တ,ပေတော့

ဝေးက ပန်တောင်း။

မင်းသုဝဏ်

(၁၉၃၈)
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP