ဒကာကြီးထံ ပေးစာ...

ဦးပဉ္ဇင်း စာရေးလိုက်ပါတယ်။ ဒေလီမှာ ဆောင်းရာသီ ၀င်နေပြီ ဆိုတော့ ရာသီဥတုက အေးလာပြီ။ တချို့ ဦးပဉ္ဇင်းတွေတော့ နေမကောင်းလို့ ဆေးခန်း သွားနေကြရတယ်။ မြန်မာပြည်ရဲ့ ရာသီဥတုနဲ့ ဒေလီရဲ့ ရာသီဥတုက သိပ်မတူဘူး။ ဒေလီမှာက ပူရင်လည်း အရမ်းပူ။ အေးရင်လည်း အရမ်းအေးတာ။ ဦးပဉ္ဇင်းလည်း ဆေးကို ကြိုတင်ပြီး သောက်နေရတယ်။ အခန်းထဲမှာတော့ အပူပေးတဲ့စက် (Heater) ဖွင့်ပြီး နေနေရတယ်။
ဦးပဉ္ဇင်းကတော့ အမြဲတမ်းလိုလို တရားအားထုတ်ဖြစ်အောင် ကြိုးစားပါတယ်။ ရဟန်းဝတ်ရခြင်းရဲ့ ရည်ရွယ်ချက် က အဲဒါပါပဲ။ ဒုက္ခပေးလှတဲ့ သံသရာ ၀ဋ်ဆင်းရဲကို အမြန်ဖြတ်ဖို့ လိုတယ်။ တစ်ခါတလေ ကျောင်းအားလပ် ရက်တွေ ဆိုရင် ဦးပဉ္ဇင်းရဲ့ အခန်းထဲမှာပဲ တရားစခန်းလို့ သဘောထားပြီး တစ်နေကုန် တရားပဲ ထိုင်နေတော့တယ်။ ကိုယ်ပိုင် တရားစခန်းလို့ပဲ သတ်မှတ်ရမှာပေါ့။
ဘာသာရေး စာပေတွေ လေ့လာလိုက်စား နေသေးတာကလည်း သာသနာအတွက် နိုင်တဲ့ဘက်က အကျိုးပြုသွားချင်သေးလို့ပါ။ အများအကျိုးအတွက်လည်း လုပ်ရသလို မိမိအကျိုးအတွက်လည်း လုပ်ရတာပေါ့။ ရှေးဆရာတော်ကြီးတွေလည်း အများအကျိုးအတွက်ကို လုပ်ခဲ့လို့ ဗုဒ္ဓသာသနာတော်ဟာ အခုလက်ရှိ အချိန်ထိ ကျန်နေတာ။ အဲဒီ ကျေးဇူးတွေကြောင့် ဦးပဉ္ဇင်းတို့နဲ့ ဒကာ၊ ဒကာမတွေဟာ တရားတော်တွေကို လေ့လာနိုင်တာ။
မြတ်စွာဘုရားနဲ့ ရှေးဆရာတော်ကြီးတွေသာ နောင်လာနောင်သားတွေအတွက် မကြည့်ဘဲ သူတို့အတွက်ချည်းပဲ အားထုတ်သွားကြမယ် ဆိုရင် သာသနာတော်ဟာ အခုအချိန်ထိ ဘယ်ကျန်တော့မလဲ။ မြတ်စွာဘုရားကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုရားသာသနာတော်ကို အနာဂတ်အတွက် ကျန်ခဲ့အောင်လည်း လုပ်ရသလို မိမိအတွက်လည်း တရားအားထုတ် ရတာပေါ့။ ၃၁ ဘုံ အထဲက လူ့ပြည်မှာပဲ တရားအားထုတ်နိုင်တဲ့ အခွင့်အရေး အပြည့်အ၀ ရတာမို့ အဲဒီ အခွင့်အရေးကို ကောင်းကောင်း အသုံးချရမယ်။
ဒကာကြီးကတော့ အရင်တွေ့တုန်းကနဲ့ နှိုင်းစာရင် အခုက တရားအားထုတ်တဲ့ နေရာမှာ တော်တော် အားနည်းသွားတာကို တွေ့ရတယ်။ တရားအားထုတ်တယ် ဆိုတာက တရားထိုင်မှ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်က ကိလေသာ နည်းအောင် လုပ်နေတာဟာ တရားအားထုတ်တာပါပဲ။ ပုထုဇဉ်မှန်သမျှ ကိလေသာ ကျော့ကွင်းထဲကနေ ရုန်းမထွက်နိုင်သေး တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ပုထုဇဉ်ထဲမှာ အသိဉာဏ် ရှိတဲ့သူ မှန်သမျှဟာ အဲဒီ ကျော့ကွင်းထဲကနေ ရုန်းထွက်နေကြပါပြီ။
သေခြင်းတရားကို မဆင်ခြင်နိုင်သေးတဲ့ လူတွေကတော့ ကိလေသာ နယ်ထဲမှာပဲ ပျော်နေတတ်ပါတယ်။ သေခြင်းတရားကို နှလုံးမသွင်းနိုင်သေးတဲ့ လူတွေဟာ သေနေတာနဲ့ အတူတူပါပဲ။ ဒကာကြီးလည်း ဘ၀မှာ အသက်သေမယ့် အရေးနဲ့ ကြုံခဲ့တဲ့ အကြိမ်တွေလည်း တော်တော်များခဲ့မှာပါပဲ။ ကုသိုလ်ကံ ကောင်းခဲ့လို့သာ အခုအချိန်ထိ အသက်ရှင်နေသေးတာ။
အသက်ရှင်နေတုန်းလေးနဲ့ သွားနိုင်လာနိုင် ကျန်းမာရေး ကောင်းနေတုန်းမှာ တရားအလုပ်ကို ကောင်းကောင်းလုပ်နိုင်မှာ။ နောင်တစ်ချိန်ဆိုရင် ခန္ဓာကိုယ်က ဘာဖြစ်လာမယ် ဆိုတာ ဘယ်သူမှ အတပ် မပြောနိုင်ဘူး။ ကိုယ့်ဒူးကိုတောင် မယုံရတဲ့ ဘ၀တွေပါ။ ဒီနေ့ည မိုးချုပ်ရင် ဒီနေ့ အသက်ရှင်ခဲ့တယ် ဆိုတာကို ပြောနိုင်ပေမဲ့ မနက်ဖြန်မှာ အသက်ရှင်နေဦးမလား ဆိုတာ အာမခံချက် မပေးနိုင်ဘူး။
ဒကာကြီးလည်း အခုက ကျန်းမာရေး ကောင်းနေသေးလို့ ကိုယ်က ဘာပဲ လုပ်လုပ် ကိုယ့်ခန္ဓာက သည်းခံနိုင်နေသေးတယ်။ ကိုယ့်ခန္ဓာက မိမိကို သည်းမခံနိုင်တော့တဲ့ အချိန်ကျရင်တော့ ကိုယ်ပဲ ဒုက္ခရောက်တော့မှာ။ အခုဆိုရင် ဒကာကြီးက အရက်တွေ တော်တော် ပြန်သောက်လာပြီ။ အရက်သောက်ပြီးရင် ဒကာကြီးရဲ့ စိတ်ကို သိပ်မထိန်းနိုင်ဘဲ ဒေါသတွေ ပိုပြီး ကြီးလာတာ ဒကာကြီး သတိထားမိလားတော့ မသိဘူး။ အရက်မူးလာရင် အမှားတွေကို လုပ်မိအောင် စိတ်တွေ တက်ကြွလာတတ်တယ်။ အမှားတွေကိုလည်း လုပ်မိလိမ့်မယ်။ အရက်မူးနေတဲ့ လူတစ်ယောက်ဟာ ဘုရား ကျောင်းကန် သွားပြီး ဥပုသ် သီတင်း ဆောက်တည်ချင်တဲ့ စိတ်ဆိုတာ ဘယ်ရှိပါလိမ့်မလဲ။
ဒကာကြီး ဒေါသကြီးတတ်တာ ဦးပဉ္ဇင်း သိပါတယ်။ ဒါပေမဲ့ ဒေါသက အရင်ကထက် မနည်းလာသေးဘူး ဆိုရင်တော့ တရားသဘောမှာ အားနည်းနေသေးလို့ပေါ့။ ဒေါသက ကိုယ့်ကိုယ်ကိုလည်း ဒုက္ခရောက်တတ်သလို သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒေါသကြောင့် ဒုက္ခရောက်ကြရတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများကို ဦးပဉ္ဇင်းတွေ့ဖူးပါတယ်။ အဲဒီ အနောက်ကို မလိုက်မိဖို့ သတိထားရမှာက ကိုယ်ကိုယ်တိုင်ရဲ့ တာဝန်ပါ။ ကိုယ့်ဒေါသကြောင့် မိသားစု စိတ်ဆင်းရဲမှုတွေလည်း မဖြစ်စေနဲ့ပေါ့။ ကိုယ့်ကို သူတစ်ပါး ကဲ့ရဲ့မှာ ဆိုတာထက် ကိုယ့်ရဲ့ သားသမီး၊ ကိုယ့်မိသားစုက ကဲ့ရဲ့မှာကိုတော့ လုံးဝ မဖြစ်စေပါနဲ့။
သူတစ်ပါး ဆိုတာက အချိန်ကာလ အတိုင်းအတာ တစ်ခုအထိပဲ တွေ့ကြုံရတာ။ မိသားစုကတော့ မသေမချင်း တွေ့နေကြရမှာ။ ဒါကြောင့် သားသမီးတွေ မကဲ့ရဲ့ဖို့ အရေးကြီးတယ်။ ဒကာကြီးက စံပြအဖြစ် နေထိုင်တတ်မှ သားသမီးတွေရဲ့ စံနမူနာကောင်း ဖြစ်မှာပါ။ ဒါမှသာ သားသမီးတွေကိုလည်း ဒကာကြီးက ဆိုဆုံးမတဲ့အခါကျရင် အဓိပ္ပာယ် ရှိတော့မှာပါ။
ပြီးခဲ့တဲ့ နွေရာသီက ဒကာကြီးရဲ့အိမ်ကို ရောက်တုန်းက ဒကာကြီး အရက်မူးပြီး ဒေါသတွေ ဖြစ်တာကို ကြည့်ရင်း ဦးပဉ္ဇင်း တော်တော်လေးကို စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီ စိတ်မကောင်း ဖြစ်မိတာက ဦးပဉ္ဇင်းအတွက် မဟုတ်ပါဘူး။ ဒကာကြီးနဲ့ မိသားစုအတွက်ပါ။ ဒကာကြီးတို့ မိသားစုကို ပျော်ပျော်ရွှင်ရွင်နဲ့ အေးအေးချမ်းချမ်းလေး ဖြစ်စေချင်တာကတော့ ဦးပဉ္ဇင်း ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။
ဦးပဉ္ဇင်းက ဒကာကြီးကို ပြောပြနေတာတွေက ဆရာ လုပ်တာ မဟုတ်ပါဘူး။ ဖြစ်သင့်တာတွေကို ပြောပြနေတာပါ။ ရဟန်းနဲ့ ဒကာ ဆိုတာက အမှားအယွင်းတွေကို တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းပြီး ပြုပြင်ကြဖို့ ပါပဲ။ ရဟန်းက မှားတဲ့ အခါလည်း ရှိချင်ရှိမယ်။ ဒကာ မှားတဲ့ အခါလည်း ရှိချင်ရှိမယ်။ ရဟန်းမှားရင်လည်း ဒကာတွေက ရိုရိုသေသေနဲ့ လျှောက်ထား ပြုပြင်ပေးရသလို ဒကာမှားရင်လည်း ရဟန်းတွေက လေးလေးစားစားနဲ့ ဟောပြောပြရတာပဲ။ ဒါမှ သာသနာ ဆိုတာ ပိုပြီးတော့ ပီပြင်လာမှာပါ။ ဦးပဉ္ဇင်းဘက်က မှားရင်လည်း ဒကာကြီး လျှောက်ထား ပြုပြင်ပေးနိုင်ပါတယ်။ ဦးပဉ္ဇင်းဘက်က ပြုပြင်ပါ့မယ်။
တရားအားထုတ်တဲ့ အခါမှာ မာန်မာနကို ချထားဖို့ အရမ်းကို လိုအပ်ပါတယ်။ မာန ခံ နေရင် တရားမရနိုင်ပါဘူး။ ဘယ်သူပဲ ကိုယ့်ကို တရားဟောပြီး တရားကျအောင် ဘယ်လိုမှ လုပ်လို့ မရနိုင်အောင် တားဆီးထားတာက မာန ပါ။ မာနက တော်တော် ကြောက်ဖို့ ကောင်းပါတယ်။ ဒါကြောင့် ဦးပဉ္ဇင်းတို့လည်း မာနတွေကို ကျအောင် လုပ်ပြီး တရားအားထုတ်ရတာပါ။
လူတွေက ပြောတတ်ကြတယ် ဒီတရားတွေကို တို့က သိပြီးသားတွေပါကွာ တဲ့။ အမှန်တကယ်တော့ ဦးပဉ္ဇင်းတို့ ဒကာကြီးတို့တွေဟာ တရားတွေကို တကယ် မသိကြသေးပါဘူး။ တကယ် မသိကြသေးလို့သာ အကုသိုလ်ကို လုပ်နေကြသေးတာ။ တရားတွေကို တကယ်သာ သိသွားကြပြီ ဆိုရင် ဘယ်အကုသိုလ်ကိုမှ မလုပ်ကြတော့ဘူးလေ။ ဒါကြောင့် တရားတွေကို တကယ်သိအောင် လုပ်ကြရမှာပါ။ တကယ်သိအောင်လည်း ကျင့်ကြံအားထုတ်ကြရမှာပါ။
ကလေးတွေဟာ အကုသိုလ်ကို အကုသိုလ်မှန်း မသိကြတော့ ကျူးလွန်တတ်ပါတယ်။ လူကြီး ကျတော့ အသိဉာဏ် ရင့်ကျက်သွားပြီ ဖြစ်တဲ့အတွက် မကျူးလွန်ကြတော့ပါဘူး။ တကယ်လို့ ဦးပဉ္ဇင်းတို့၊ ဒကာကြီးတို့ဟာ အကုသိုလ်ကို ကျူးလွန်နေသေးတယ် ဆိုရင်တော့ လူကြီး မဖြစ်သေးပါဘူး။ ကလေး အဆင့်မှာပဲ ရှိနေပါသေးတယ်။ အသက်ကြီးတိုင်း လူကြီး အဆင့်လို့ သတ်မှတ်လို့မှ မရဘဲကိုး။ လူတစ်ယောက်ရဲ့ အသိပညာဉာဏ်နဲ့ ကျင့်ကြံအားထုတ်မှု အပိုင်းအပေါ်မှာ မူတည်ပြီး လူကြီးအဆင့် ကလေးအဆင့်ကို ခွဲခြားသတ်မှတ်ရတာပါ။ ဦးပဉ္ဇင်းတို့တွေ အသက်လည်းကြီး လူကြီးအဆင့်လည်း ဖြစ်ဖို့ လိုတယ်။
သံသရာမှာ ကိုယ့်အထုပ်ကိုယ်ပြင် ကိုယ့်ရိက္ခာကိုယ်ပိုးပြီး ကိုယ့်လမ်းကို သွားနေကြရတဲ့ ဘ၀လမ်းခရီးတွေမှာ ကိုယ့်ကုသိုလ်၊ အကုသိုလ်တွေနဲ့ ကိုယ်ကိုယ်တိုင်ပဲ လျှောက်လှမ်း နေကြရတာပါ။ ကိုယ်လုပ် ကိုယ်ဖြစ် ကိုယ်ခံ နေရတဲ့ လောကကြီးပါ။ တစ်ပါးသူ ဆိုတာက လမ်ညွှန်းပြဖို့၊ တိုက်တွန်းဖို့လောက်ပဲ ရပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ ကြုံရတာက ကိုယ်ကိုယ်တိုင်ပါပဲ။
မြတ်စွာဘုရား မရှိတော့တဲ့ နောက်ပိုင်း အခုလက်ရှိမှာ ဗုဒ္ဓရဲ့ တရားတော်တွေကို ထိန်းသိမ်း စောင့်ရှောက်ပေးနေကြတဲ့ ပုဂ္ဂိုလ်တွေက သံဃာတော်တွေပါပဲ။ သံဃာတော်တွေကိုလည်း တတ်နိုင်တဲ့ ဖက်ခြမ်းကနေ ထောက်ပံ့ပြီး စောင့်ရှောက်ပေးပါ။ ရတနာ သုံးပါးကို ကြည်ညိုတတ်မှ အရိယာဆိုတာ ဖြစ်လာမှာပါ။ ဒါကြောင့် တရားစာအုပ်တွေ များများ ဖတ်ပေးပါ။ ဆရာတော်တွေရဲ့ တရားခွေတွေကိုလည်း များများ နာယူပေးပါ။
ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတော်တွေကို အမြဲတမ်း စိတ်မှာမှန်းပြီး ပိုပြီး ပိုပြီး သဒ္ဓါတရားအား ကောင်းလာအောင်၊ ကြည်ညိုတဲ့စိတ်တွေ တိုးပွားလာအောင် လုပ်ပါ။ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါစိတ်တွေ တိုးလေလေ အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်ကို ပိုပြီး လုပ်လာလေလေ ဖြစ်လာပါလိမ့်မယ်။ နို့မို့ဆိုရင် မေ့မေ့လျော့လျော့နဲ့ နေမိတတ်တယ်။ မေ့ရင် လျော့တတ်တယ် ဆိုတာကို ဦးပဉ္ဇင်းတို့ အမြဲ သတိရှိနေရမယ်။
သတိလက်လွတ် မေ့လျော့နေတဲ့ အချိန်တွေမှာ ဆိုရင် လူတွေက အကုသိုလ်တွေကို ဟိရီ၊ သြတ္တပ္ပ ဆိုတဲ့ အရှက် အကြောက် ကင်းမဲ့စွာနဲ့ လုပ်နေမိတတ်တယ်။ ပညာရှိ သူတော်ကောင်းတွေကတော့ မကောင်းမှုတွေကို ရှက်တတ်၊ ကြောက်တတ်သွားလို့ ရှောင်ရှားကုန်ကြပြီ။ ဒါကြောင့် ဦးပဉ္ဇင်းတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးကို ပြန်ပြီးတော့ သုံးသပ်ကြည့်ရင် ကောင်းမှု၊ မကောင်းမှုတွေနဲ့ ရောပြွန်းနေခဲ့ရတယ်။
အခုအချိန်က စပြီးတော့ ၀ိပဿနာ ကျင့်စဉ်တွေနဲ့ မကောင်းမှုတွေကို စစ်ထုတ်ပြီး ကောင်းမှုတွေကို အရောင်တင် ချယ်မှုန်းသွားကြဖို့ပဲ လိုတော့တယ်။
ဒကာကြီးလည်း အတတ်နိုင်ဆုံး ငါးပါးသီလ လေးကိုပဲ ထိန်းနိုင်အောင် ကြိုးစားပေါ့။ ဘယ်အသက်အရွယ် အတိုင်းအတာအထိ ဦးပဉ္ဇင်းတို့ အသက်ရှင် နေကြရဦးမယ် ဆိုတာကို မသိနိုင်သေးဘူး။
သေခြင်းတရားက မိမိရဲ့ အနီးလေးမှာ ရှိနေတယ် ဆိုတာ ဦးပဉ္ဇင်းတို့ သတိထားရမယ်။ ဒီနေ့နဲ့ မနက်ဖြန် နှစ်ခုမှာ ဒီနေ့က ပိုနီးနေပေမဲ့ ဒီနေ့နဲ့ နောက်ဘ၀ နှစ်ခုမှာတော့ သေမင်း စောင့်နေတဲ့ နောက်ဘ၀က အနီးဆုံး ဖြစ်နေတယ် ဆိုတာကို အမြဲ နှလုံးသွင်းပြီး ရတနာသုံးပါးနဲ့ ကံ ကံရဲ့ အကျိုးကို ယုံကြည်စွာနဲ့ တရားတွေကို နေ့ညမပြတ် အားထုတ်နေနိုင်ပါစေလို့ ဒကာကြီးအတွက် အမြဲတမ်း ဆုတောင်းပေးနေပါတယ်။
အသေမဦးခင် ဉာဏ်ဦးဖို့ လိုတယ် ဒကာကြီး။
ဒကာကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မိမိအကျိုး၊ သာသနာရဲ့အကျိုး များစွာကို ထမ်းဆောင်နိုင်ပါစေ။
*** မသေခင်၊ ဉာဏ်ယှဉ် တရားမြင် ***
*** နိဗ္ဗာန် မသွေ၊ ရောက်ပါစေ….. ***
အရှင်ဉာဏဒီပ
ဒေလီတက္ကသိုလ်၊ အိန္ဒိယ
0 comments:
Post a Comment