*တူနှစ်ကိုယ်ကြား ကျင့်ဝတ်များ*
3 အကြံပြုပါသည်။ Posted in: လူငယ်ဆိုင်ရာ
ကျွန်တော်ဒီပို့စ်လေးကို တင်ဖြစ်တာမေးမှာ လာပြီးဆွေးနွေးထားလို့ပါ။ ကျွန်တော်လည်း အချစ်ဆိုတာကို နားလည်လို့တော့မဟုတ်ပါဘူး။ မိန်းကလေးနဲ့ယောင်္ကျားလေး ချစ်သူဖြစ်လာကြရင် ထားရှိရမယ့် စောင့်စည်းရမယ့် အချက်လေးတွေကို ဘလော့မှာတင်ပေးပါလားလို့ ဆွေးနွေးလာပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြားအနောက်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့မတူပါဘူး။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုက ကမ္ဘာမှာ အယဉ်ကျေး အသိမ့်မွေ့ဆုံးလို့ဆိုနိုင်ပါတယ်။ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် ဆက်ဆံရေးကိုဘဲကြည့်ကြပါ။ အနောက်နိုင်ငံတွေမှာက အသက်(၁၈) ပြည့်ရင် လူငယ်တွေဟာ မိဘအုပ်ထိန်းမှုကလွတ်ပြီး boy friend ဆိုပြီးထားကြပါတယ်။ Living together နေကြပါတယ်။ ကလေးတစ်ယောက်နှစ်ယောက်ရပြီးမှ လက်ထပ်မင်္ဂလာကိုပြုကြပါတယ်။ အဲဒီအချက်တွေဟာ ကျွန်တော်တို့အတွက် အတုမယူသင့် မယူထိုက်ပါဘူး။ မြန်မာယဉ်ကျေးမှုနဲ့ လုံးဝဆန့်ကျင်နေပါတယ်။ ခေတ်ကြီးဘယ်လိုဘဲ ပြောင်းလဲတိုးတက်နေပါစေ ယဉ်ကျေးမှုကတော့ ပြောင်းလဲမသွားသင့်ပါဘူး။ ကိုယ်ယဉ်ကျေးမှုကို ကိုယ်မှမထိန်းရင် ဘယ်သူကထိန်းပေးမှာလဲ။
ချစ်သူနှစ်ဦးဖြစ်လာရင် ဖြူစင်သောမေတ္တာနှင့် သစ္စာရှိစွာချစ်သွားနိုင်ဖို့ဘဲဖြစ်ပါတယ်။ ယောင်္ကျားလေး ဘက်မှလည်း ကိုယ့်ချစ်သူကို အမေလိုသဘောမထားနိုင်ရင်တောင်မှ အစ်မလို ညီမလို နှမလေးတစ်ယောက်လို သဘောထားပြီး ချစ်သွားနိုင်ရပါမယ်။ ကိုယ်ကြောင့်ကိုယ့်ရဲ့ချစ်သူ အများအမြင် ပတ်ဝန်းကျင်မှာ တန်းဖိုးနိမ့်မသွားစေချင်ပါဘူး။ကိုယ်ဘက်က စည်းမကျော်ဘဲ ဖြူစင်စွာနဲ့ချစ်သွားသင့်ပါတယ်။ ငါနှမ ငါသမီးလေးသာဆိုရင်တော့ ဆိုတဲ့အတွေးမျိုးလေးကို တွေးပြီးတန်ဖိုးထားသင့်ပါတယ်။ အဲဒီလိုစိတ်လေများနဲ့ ချစ်ခဲ့ကြရင် စိတ်သဘောထား မညီမညွတ်လို့ လမ်းခွဲခဲ့ကြရင်တောင်မှ နှစ်ဦးနှစ်ဖက်အတွက် ကောင်းသောလမ်းခွဲခြင်းဘဲဖြစ်ပါတယ်။ နောင်အခါ ပြန်လည်ဆုံတွေ့ကြသောအခါ အကောင်းဆုံး မိတ်ဆွေအဖြစ်ပြန်လည် ဆုံဆည်းနိုင်ပါတယ်။
မိန်းကလေးများ အနေဖြင့်လည်း ကိုယ့်ချစ်သူက တန်ဖိုးထားတာကို တန်ဖိုးရှိအောင် နေတတ်ရန်လိုပါတယ်။ “ခြေတလှမ်း ကုဋ္ဋေတစ်သန်းတန် ” “ မိန်းမတို့ကုနြေ္ဒ ရွေပေးလို့မရ” ဆိုတဲ့ စကားပုံတွေရှိပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်က ကျောင်းအစ်မကြီး ၀ိသာခါသည် မိန်းကလေးတို့အတွက် စံပြုထိုက်သူဖြစ်ပါတယ်။ ၀ိသာခါ (၁၆) နှစ်သမီး အရွယ်တုန်းက လှပပြီးအဖိုးတန်သော အဆင်တန်ဆာများကို ၀တ်စားဆင်ယင်ပြီး ရေချိုးဆိပ်သို့ အဖော်ငါးရာနဲ့အတူသွားစဉ် မိုးရွာသဖြင့် အဖော်မိန်းမငါးရာတို့က နီးရာဇရပ်သို့ပြေးလွား မိုးခိုခဲ့သော်လည်း သူမကား မပြေးမလွား ခြေလှမ်းများဖြင့်သာ လျောက်လှမ်းပြီးသွားခဲ့ပါသည်။ ၀ိသာခါက မိန်းမတို့ကုနြေ္ဒကို ကောင်းစွာသိထားလို့ဘဲ ဖြစ်ပါတယ်။
အဲဒါတွေက ၀ိသာခါခေတ် ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီ ခုကအိုင်တီခေတ် အနောက်နိုင်ငံတွေမှာ ဘယ်လိုဝတ်တယ် ဘယ်လိုနေတယ်လို့တော့ မပြောလိုက်ပါနဲ့။ သူတို့က သူတို့နိုင်ငံနဲ့ သူတို့ယဉ်ကျေးမှုဘဲဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာတောင်မှ မိန်းကလေးတွေရော ယောင်္ကျားလေးတွေရော သူနေရာနဲ့သူ ယဉ်ကျေးစွာ ၀တ်စားဆင်ယင်တာကို တွေ့ရပါတယ်။ ကလပ်တတ်တဲ့ ၀တ်စုံနဲ့ လမ်းမှာ ကျောင်းမှာမတွေ့ရပါဘူး။ အခြေအနေရ ခေတ်ရေစီးကြောင်း အတိုင်းပြောင်းလဲ နေထိုင်သင့်သော်လည်း ကိုယ့်ရဲ့ယဉ်ကျေးမှုကိုတော့ မမေ့သင့်ပါဘူး။ ယဉ်ကျေးမှုပျက်စီးရင် လူမျိုးပါပျက်စီးသွားနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်ဟာ ပန်းလေးတစ်ပွင့်လိုပါဘဲ။ ပန်းလေးက လှပစွာဖူးပွင့်နေတဲ့အချိန်မှာ ချူချင်သူတွေ ၀ိုင်းဝိုင်းလည်နေမှာဘဲဖြစ်ပါတယ်။ အဲဒီပန်းလေး ပိုးကိုက်လို့နွမ်းသွားရင်တော့ ဘယ်သူမှ တန်ဖိုးထားမြတ်နိုးကြမှာ မဟုတ်ပါဘူး။ စာရေးဆရာမဂူး ရေးခဲ့ပြောခဲ့တဲ့ စကားလေးပါ။“ မိန်းကလေးတွေက ယောင်္ကျားလေးတွေကို ယုံကြည်စိတ်ချစွာနဲ့ အချစ်ကိုယုံပြီး ကြိုးနဲ့ချည်နှောင်မိရင် အဲဒီကြိုးဟာ ချည်တဲ့သူကိုဘဲ ပြန်ပြီးအချည်ခံရတတ်ပါတယ်။” တဲ့ မှတ်သားစရာလေးဖြစ်ပါတယ်။
အိမ်ထောင်ပြုလို့ လင်ယောင်္ကျားအိမ်ကို လိုက်သွားသော ၀ိသာခါကို ဖခင်ကြီးက မှာလိုက်တဲ့ စကားဆယ်ခွန်းကလည်းမှတ်သားစရာဖြစ်ပါတယ်။ ဒါကတော့အိမ်ထောင်ပြုရင် သိမှတ်စရာလေးပါ။
၁။ အတွင်းမီးကိုအပြင်သို့ မထုတ်ဆောင်အပ်။
၂။ အပြင်ဘက်ဖြစ်သော မီးကိုအတွင်းဘက်သို့ မသွင်းအပ်။
၃။ ပေးကမ်းသောသူအားသာလျှင် ပေးကမ်းအပ်၏။
၎။ မပေးကမ်းသောသူအား မပေးကမ်းအပ်။
၅။ ပေးကမ်းသောသူအား လည်းကောင်း၊ မပေးကမ်းသောသူအားလည်းကောင်း၊ ပေးကမ်းအပ်၏။
၆။ ချမ်းသာစွာ နေထိုင်အပ်၏။
၇။ ချမ်းသာစွာ စားသောက်အပ်၏။
၈။ ချမ်းသာစွာအိပ်အပ်၏။
၉။ မီးကိုရိုသေစွာလုပ်ကျွေးအပ်၏။
၁၀။ အိမ်တွင်းနတ်ကို ရိုသေမြတ်နိုးစွာရှိခိုးအပ်၏။ ဟုမှားကြားလိုက်ပါတယ်။
ဆိုလိုချင်တဲ့အဓိပ္ပာယ်လေးကတော့-
နံပါတ်(၁) ကိုယ်ရဲ့ ယောက္ခမ ခင်ပွန်းတို့၏ အိမ်တွင်းရေးစကားများကို တစ်ဖက်အိမ်များသို့ မပြောဆိုအပ်။
နံပါတ်(၂) တစ်ခြားအိမ်နီးချင်းများက ကိုယ့်ယောက္ခမ ခင်ပွန်းအကြောင်း အတင်းစကားပြောဆိုလျှင် ထိုစကားကို ယောက္ခမ ခင်ပွန်းတို့အား ပြန်လည်၍မပြောဆိုအပ်။
နံပါတ်(၃) ဥစ္စာပစ္စည်းတို့ကို ပြန်လည်ပေးဆပ်နိုင်သော သူတို့ကိုသာ ပေးကမ်းအပ်၏။
နံပါတ်(၄) ဥစ္စာပစ္စည်းတို့ကို ချေးငှားပြီး ပြန်လည်တောင်းဆိုသောအခါ မပေးသောသူများကို မပေးကမ်းအပ်။
နံပါတ်(၅) ဆင်းရဲချို့တဲ့သော ဆွေမျိုးမိတ်ဆွေတို့ကို ပြန်လည်ပေးနိုင် မပေးနိုင် အထိုက်အလျောက် ချီးမြှင့်ပေးကမ်းအပ်၏။
နံပါတ်(၆) ထိုင်နေစဉ် ယောက္ခမ ခင်ပွန်းလာသည်ကိုမြင်လျှင် ဆက်လက်ထိုင်ခြင်းငှာမနေအပ်။
နံပါတ်(၇) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မစားသောက်အပ်။
နံပါတ်(၈) ယောက္ခမ ခင်ပွန်းတို့၏ ရှေးဦးစွာ မအိပ်အပ်။
နံပါတ်(၉) ယေက္ခမကို ကိုယ့်ရဲ့မိဘလို ချစ်ကြောက်ရိုသေရမည်။
နံပါတ်(၁၀) ခင်ပွန်း၏မိခင်ဖခင်နှင့် ခင်ပွန်းကို နတ်ကဲ့သို့ ရိုသေမြတ်နိုးစွာ ကြည့်ရှု့နေထိုင်ရမည် ဟုဆိုလိုပါသည်။ အဲဒီအချက်ဆယ်ချက်ကို ၀ိသာခါကျင့်ကြံနေထိုင်ခဲ့လို့ ယောက္ခမနှင့်ခင်ပွန်း၏ ချစ်ခင်လေးစားမှု ပတ်ဝန်းကျင်၏ချီးမွမ်းမှုကို ခံရသည်မှာ မြန်မာမိန်းကလေးတို့အတွက် စံထားစရာ အတုယူစရာပင်ဖြစ်ပါသည်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ကျွန်တော် ကာမေသုမိစ္ဆာစာရကံနှင့် စပ်လျဉ်း၍ ၀ိသုဒ္ဓါရုံ ဆရာတော်ဘုရားက ယောက်ျားများ မသွားလာအပ်သော ယောက်ျားတစ်ပါးနှင့် မစပ်သော ကျမ်းဂန်လာ အဂမနိယ မိန်းမအပြား နှစ်ဆယ်ကိုဖော်ပြထားတဲ့ လင်္ကာလေးကိုဖော်ပြလိုက်ပါတယ်။ လင်္ကာလေးကတော့ မာ၊ ပိ၊ မာပိ၊ ဘနှင့်ဘာ၊ ဉာ၊ ဂေါ၊ ဓမ်၊ သ၊ သာ ၊ ခ၊ ဆန်၊ ဘော၊ ပ၊ ဩ၊ ဩ၊ ခ၊ ကမ္မ၊ ဒါ၊ မုဟာ ဖြစ်ပြီး အဓိပ္ပာယ်မှာ-
မာ-မာတုရက္ခိတာ=မိခင်စောင့်ရှောက်သောမိန်းမ၊
ပိ- ပိတုရက္ခိတာ = ဖခင် စောင့်ရှောက်သေ မိန်းမ၊
မာပိ- မာတာပိတုရက္ခိတာ= မိဘနှစ်ပါးလုံး စောင့်ရှောက်သော မိန်းမ၊
ဘ- ဘဂိနီရက္ခိတာ = အစ်မ, ညီမ စောင့်ရှောက်သော မိန်းမ၊
ဘာ- ဘာတုရက္ခိတာ= မောင်ကြီး, မောင်ငယ် စောင့်ရှောက်သော မိန်းမ၊
ဉာ- ဉာတိရက္ခိတာ= ဆွေမျိုး စောင့်ရှောက်သော မိန်းမ၊
ဂေါ - ဂေါတ္တရက္ခိတ = အနွယ်တူ စောင့်ရှောက်သော မိန်းမ၊
ဓမ် - ဓမ္မရက္ခိတာ = တရားကျင့်ဖော် စောင့်ရှောက်သော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမများကား ကာမပိုင် လင်မရှိသော မိန်းမများတည်း၊ မိမိ၏ ကာမကို မိမိသည်သာပိုင်၏ ။
သ- သပရိဒဏ္ဍာ = မင်းပြစ်မင်းဒဏ် မကင်းသော မိန်းမ၊
သာ - သာရက္ခာ = အစောင့်အရှောက်ရှိသော မိန်းမ၊
ဓ - ဓနက္ကီတာ = ဥစ္စာဖြင့်ဝယ်ထားသော မယား၊
ဆန် - ဆန္ဒ၀ါသိနီ = အလိုတူ၍ သူ့အိမ်လိုက်နေသော မယား၊
ဘော - ဘောဂ၀ါသိနီ = အသုံးအဆောင်ဖြင့် အလိုတူသော မယား၊
ပ - ပဋ၀ါသိနီ = အ၀တ်တန်ဆာဖြင့် အလိုတူသော မယား၊
ဩ - ဩဒပတ္တကိနီ = ရေခွက်၌ လက်ဆုံချ ထိမ်းမြားသော မယား၊
ဩ - ဩဘတစုမ္ဗဋာ = ခေါင်းခု ချအပ်သော မယား၊
ဓ - ဓဇဟဋာ = သုံ့ပန်းမယား၊
ကမ္မ - ကမ္မကာရီဘရိယာ = အမှုလုပ် မယား၊
ဒါ - ဒါသီဘရိယာ = ကျွန်မယား၊
မုဟာ - မုဟုတ္တိကာ = ခဏမျှ ပေါင်းဖော်အပ်သော မယား ။
အခုဖော်ပြခဲ့တာက ယောက်ျားများ မသွားလာအပ် အကယ်၍ သွားလာသော် ကာမေသုမိစ္ဆာ စာရကံ ထိုက်တဲ့ မိန်းမ နှစ်ဆယ် ဖြစ်တယ်၊ အဂမနီယ ဆိုတဲ့ ပါဋ္ဌိက (မသွားမလာ အပ်) လို့ ဆိုလိုတယ်ကွယ့် လို့ရှင်းပြထားပါတယ်။
မိန်းမတို့၏ အပါယ်ကျကြောင်း ငါးပါးကိုလည်း-
“မိန်းမတို့အား၊ များယေဘုယျ၊ အပါယ်ကျသည့်၊ ပါပယုတ်မာ၊ တရားမှာလည်း၊ သဒ္ဒ္စါမရှိ၊ ဟီရိမကပ်၊ သြတ္တပ်ကင်းပ၊ ကောဓာကြီးစွာ ၊ ပညာမဲ့ငြား၊ ငါးပါးတည်း။” ဟု မာဃဒေ၀ လင်္ကာသစ်မှာ ယခုလို ဖွဲ့ဆိုထားပါတယ်။
အိမ်ထောင်ပြုရာတွင် တစ်သက်မှာ တစ်မင်္ဂလာသာ ဖြစ်တာမို့
နိဂုံးချုပ်အနေဖြင့် ကိုယ်တကယ် တန်ဖိုးထား ချစ်မြတ်နိုးသူကို တွေ့ခဲ့ရင် မြန်မာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ မိသားဖသားပီပီ တောင်းရမ်းလက်ထပ် ထိမ်းမြားပြီး တစ်အိုးတစ်အိမ် ထူထောင်၍ ရာသက်ပန် ရိုးမြေကျ သစ္စာရှိစွာဖြင့် ပေါင်းသင်းပြီး အကြင်လင်မယားနှစ်ယောက် အမျိုး၊ ဘာသာ၊ သာသနာနှင့် တိုင်းပြည်အကျိုးကို ထမ်းဆောင်ရင်း သာယာလှသော သီရိမင်္ဂလာအိမ်လေးကို တည်ဆောင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျွန်တော်ရေးသားရာတွင် အမှားများပါခဲ့ရင် ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမတို့ ခွင့်လွတ် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
0 comments:
Post a Comment