နေတတ်ရင်တောင် မကျေနပ်နိုင်ပေါင်
ခုတလော အမြဲနေနေကျ ကျောင်းမှာ တာဝန်ကျရာ ဝေယျာဝစ္စ ကိစ္စအ၀၀တွေကို ကြိုးစားပြုပေးလိုက်၊ အင်္ဂလိပ်စာ သင်တန်းလေး ပြေးတက်လိုက်နဲ့ အချိန်တွေကတော့ ကုန် ကုန်နိုင်လွန်းပါပေ့။ အခြားအခြားသော နောလိပ်များ ရနိုင်ဖွယ်ရာ ဘုတ်အုပ်တွေကြားထဲမှာ ၀င်ခွေခွင့်ရတဲ့ ကာလလေးက အင်မတန် နည်းသွားဘိချေသပေါ့။ ပြောချင်တာက သင်တန်းနဲ့ပတ်သက်တဲ့ စာတွေကလွဲပြီး အခြားစာပေတွေ သိပ်မဖတ်ဖြစ်ဘူးဆိုတာပါပဲဗျာ။ မဖတ်ဖြစ်တော့ ပြန်ချရေးစရာ စာလေးတွေကလည်း ရှားပါးသွားပြန်ပါရော။ ဆန်ပေးမှ ဆီရသည်။ ရော့ပတ္တမြား၊ ရော့နဂါးပဲ ဖြစ်သင့်သည့်ခေတ်ဆိုတော့က အရာရာမှာ တန်ရာ၊တန်ကျေးတော့ ပေးဆပ်ပါမှ ရနိုင်တာချည်း။
ရွှေပြည်ကြီးဝယ် အင်တာနက်ဆိုသဟာလေးနဲ့ သည်ခေတ်၊ သည်ခါကြီးထဲမှာ နီးလျှက်နဲ့ ဝေးနေကြရတဲ့ ကျုပ်တို့ရဲ့ အဖြစ်သနစ် အကြောင်းစုံကိုတော့ဖြင့် အမျိုးကောင်းသား၊ မီးမီးအမျိုးကောင်းတို့ သိတော်မူကြတဲ့ အတိုင်းပါပဲ။ အဲသတော့ အင်တာနက် စာမျက်နှာတွေပေါ်က ဖတ်နေကျစာတွေကို ဖတ်ဖြစ်ဖို့ နေနေသာသာ၊ “ဟဲလို ဟောင်းအာယူ” စသဖြင့် တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်၊ စကားပြောလို့ရတဲ့ ချက်တင် ဆိုသဟာလေးတောင် ကော်နရှင်ဆိုတာလေးရယ်ကြောင့် အောင့်အီးသည်းခံ ပေတေလုပ်နိုင်မှ လိုရာပန်းတိုင် ရောက်နိုင်တယ်မို့လား။ ခက်ဘူးလားဗျာ၊ သည်ခေတ်၊ သည်ခါမှ ထွက်ကျလာတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဟု အဆိုပြုခေါ်တွင်နေတဲ့ စကားလုံးလေးက ကျုပ်တို့လို သူတော်ကောင်း မျက်နှာမွဲတသိုက်နဲ့ ဆိုင်တော်မမူလေဘူး ထင်ပါရဲ့၊ နော..။ ဂလိုဘယ်လိုက်ဇေးရှင်းကြီးကလည်း ခွဲခြား၊ ခွဲခြားနိုင်လွန်းပါဘိ။ ထား။
အခုပြောချင်တာ တခါတုန်းစီကအကြောင်းလေးပါ။ ရှင်လေးမော်တစ်ယောက် အင်္ဂလိပ်စာ သင်တန်းများ အစပြုကာ တက်နေတဲ့ ကာလတုန်းကရယ်။ အင်္ဂလိပ်စာသင်တန်း တက်မယ်လုပ်တော့ သူငယ်ချင်းတစ်ယောက်က ပြည်တွင်းဖြစ် သင်တန်း အကောင်းစားများအနက် အကောင်းတကာ့ အကောင်းဆုံး သင်တန်းများကို ကရုဏာကြီးမားစွာ ရှာပေးတော်မူပါသကောလား။ နောက်ဆုံး တောင်ဥက္ကလာမြို့နယ်အတွင်းမှာရှိတဲ့ သင်တန်းများစွာထဲက အကောင်းတကာ့ အကောင်းဆုံး သင်တန်းတစ်ခုကို သူငယ်ချင်း၏ ကူညီသမှုနဲ့ တက်ဖြစ်လိုက်တယ် ဆိုတာပါပဲ။
ကျောင်းတွေမှာ ရေးလေ့ရေးထရှိတဲ့ “ကျောင်းမှန်မှန်တတ်၊ စာမခက်၊ မပျက်မကွက်၊ စာကိုကျက်”တို့ “ကြိုးစားပါလေ၊ ကျောင်းသားတွေ၊ အံလေတသောသော”တို့ စသည်၊ စသည့် ဆိုသဟာမျိုးလု၊ိ အဲဒီသင်တန်းမှာ မင်းတို့အတွက်ဟုဆိုကာ အားပေးသမှုအနေနဲ့ရေးထားတဲ့ ဆောင်ပုဒ်တွေကိုလည်း လူတိုင်း၊ လူတိုင်း မြင်သာ၊ ထင်သာရှိနိုင်ရာ နေရာမျိုးမှာ ချိပ်ထား၊ ကပ်ထားပါရောလားဗျာ။ အဲသဟာလေးတွေထဲမှာမှ၊ တစ်ခုက အင်္ဂလိပ်လိုတတ်ချင်ရင် “ရဲရဲဖတ်၊ ရဲရဲပြော”ဆိုပဲ။ ရှက်တော်မမူကြဖို့လည်း တဖွဖွ ပြောပြန်ပါသေးတယ်။
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မှုလေးတွေ နိစ္စဓူဝဖြစ်ခဲ့ရတဲ့ ရှင်လေးမော်။ အင်္ဂလိပ်စာကို ပရော်ဖတ်ရှင်နယ်ဆန်စွာ တတ်မြောက်ချင်ခဲ့တဲ့ရှင်လေးမော်။ အင်္ဂလိပ်လိုရေးထားတဲ့ စာဆိုရင် ပေါက်ကရစာပါမကျန် အလုံးစုံ ဘာသာ ပြန်ပြချင်တဲ့ ရှင်လေးမော်။ စကားပြောရင် အီးလိုချည်း အရင်တွေးပြီးမှ မြန်မာလိုပြန်ပြောချင်တဲ့ ရှင်လေးမော်။ နောက်ဆုံး လူကြား၊ သူကြား မတော်တဆ လေလည်မိရင်တောင်မှ “အိုး မိုင် ဂေါ့” ဆိုတဲ့ အာမေဋိတ်အသံလေးရဲ့ နောက်ဝယ်၊ “အိုင်မမ် ဆောရီး” ဆိုတာမျိုးလေးနဲ့ တောင်းပန်လိုက်ချင်တဲ့ ရှင်လေးမော်တစ်ယောက် ဆရာ့ဆရာများရဲ့ ရဲရဲဖတ်၊ ရဲရဲပြောဆိုတဲ့ အားပေးသမှုလေးနဲ့ ဘုမသိ၊ ဘမသိ ဖတ်ခဲ့လို့ ဒီရုပ်၊ ဒီရည်နဲ့ ရှက်ဖွယ်လိလိဖြစ်စေခဲ့ရတဲ့ စကားလုံးလေးတွေ အကြောင်း ပြန်ပြောင်းအမှတ်ရမိသခိုက် ပြောပြချင်တာပါ။ အဲသဟာလေးတွေက…
Computer ဆိုသည့် စကားလုံးလေးထဲက Put ဆိုသဟာလေးကို ပွတ်ဟု ထင်ပြီးသကာလ “ကွန်ပွတ်တာ”ဟု ဖတ်၏။
Phoneဆိုတာလေးကိုလည်း pho,ကို ဖိုး၊ ne, ကို နီ ဟုထင်ပြီးသကာလ “ဖိုးနီ”ဟုဖတ်ခဲ့၏။
Champion(ချန်ပီယံ)ကို cham, ကိုချန် pion, ကို ပွန်ဟု ထင်ပြီးသကာလ “ချန်ပွန်”ဟု ဖတ်လိုက်၏။
Dialogue (ဒိုင်ယာလော့) ဆိုတာလေးကိုလည်း “ဒိုင်ရောလို့ကွ” ဟု ရဲရဲကြီး ဖတ်၊ ရဲရဲပြောခဲ့မိသည် ဟူသတည်း။
ဆရာ့ဆရာများကလည်း ရဲရဲဖတ်၊ ရဲရဲပြောလို့ ဆိုပေတာကိုး။ ဒါနဲ့ ဖော်ပြခဲ့ပြီး စကားလုံးတွေကို ထင်ရာ ဖတ်လိုက်မိကြောင်းပါပဲ။ တချို့က အင်္ဂလိပ်အသံကို ပီပီသသ ပြောတတ်ရန်အလို့ငှါ ယူကေ၊ ယူအက်စ် လူမျိုးအစစ်များတို့ရဲ့ ပါးစပ်များကို ဖြစ်နိုင်ရင် သူတို့ပါးစပ်မှာ ငှါးတပ်ချင်ကြသတဲ့၊ စိတ်ကူးယဉ်လိုက်ကြပုံများ။ တချို့မိဘတွေကလည်း သူတို့သားသား၊ မီးမီးတို့ရဲ့ လျှာတွေကို ဘိုစစ်စစ်အသံရစေဖို့အတွက် ပြုပြင်နေကြပါသတဲ့ဗျာ၊ စွမ်းပကားတွေနဲ့ မဖြစ်ဖြစ်အောင် လှမ်းကာတက်နိုင်တော်မူကြပါပေ့။
မော်ကွန်းတို့ကတော့ သူတကာတွေ လုပ်သလိုလည်း လုပ်လိုက်ချင်တယ်ဗျာ။ နောက်ပြီး..ဖြစ်နိုင်ရင်ပေါ့၊ နော….။ အခုနေတုန်းလေး သေပြီး၊ လူပြန်ဖြစ်မယ်ဆိုရင်ပေါ့။ “သေခြင်းတရားဆိုတာ ကြောက်စရာ ကောင်းတယ်”ဘာညာကွာစိ၊ စိတ်ဓာတ်ကျ၊ လူဖြစ်ရှုံးမယ့် စကားတွေ ဝေးဝေးမှာ ခဏအသာထား။ အဲသလိုသာ အကယ်တန္တု လူပြန်ဖြစ်မယ်ဆိုရင်တော့ အင်္ဂလိပ်စာအတွက်ရော၊ ပစ္စုပ္ပန်မှာ မဖြစ်မနေ ကြုံတွေ့နေရတဲ့ အခြား၊အခြားသော မကျေနပ်ချက်များအတွက်ပါ ရဲရဲကြီးပဲ၊ သေပစ်လိုက်မယ်လေဗျာ။
ပြီးတော့ အင်တာနက်လည်း ကြိုက်သလိုသုံးရ၊ ဖုန်းဆိုလည်း ရော့တစ်ကဒ်ပြီး၊တစ်ကဒ်ဝယ်၊ တစ်ပတ်လောက်ကြာသော် ဒီကဒ်က လိုင်းမကောင်းဘူး၊ ကဒ်နံပါတ်များကလည်း မှတ်ရတာ ခက်သဗျားဆိုပြီး ဟောတစ်ကဒ်ပြီးတစ်ကဒ်စွန့်နဲ့ ဟောသလို၊ အဲသလိုလည်း ပေါပေါသုံးရ၊ ကားဆိုရင်လည်း ပါဂျဲရိုး၊ မာစီးဒီး၊ လန်ခရူဇာတို့လောက်ကတော့ ထော်လာဂျီနဲ့ မော်ကွန်းတို့ရဲ့ ကြားမှာထားတဲ့ ယခုလက်ရှိ ဆက်ဆံရေးသဘောလောက်ပဲ ထားလို့လည်းရ၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးတစ်သိုက်များနဲ့လည်း ထပ်ကြပ်မကွာ နေလို့ရနိုင်။
အင်္ဂလိပ်ဘာသာဘက်မှာ ဆိုရင်လည်း အင်တာနေရှင်နယ် အင်္ဂလိပ်ဘာသာပြန် ဆရာတို့ရဲ့ အသည်းကျော်၊ ရုံးသုံး၊ ကျောင်းသုံး၊ ငါးစိမ်းသည်သုံး၊ ငါးပိ၊ ငါးပြာရည်၊ ငါးခြောက်သည်၊ ဆိုက်ကားသမား၊ စပါယ်ယာတို့ပါမကျန် စကြာဝဠာအတွင်းဝယ် မှီတင်းနေထိုင်ကြတဲ့ သက်ရှိ၊ သက်မဲ့ အထွေထွေသော သတ္တ၀ါများ အားကိုးသမှုပြုနေရရှာတဲ့ စပီကင်တကာတို့ရဲ့ ထွဋ်ခေါင် အမေရိကန်လူမျိုး၊ နယူးယောက် ဇာတိစစ်စစ် ဗုဒ္ဓဘာသာ သူတော်ကောင်း မျက်နှာချမ်းသာကြီး ဆိုသဟာမျိုးကို မော်ကွန်းသစ်ဆိုတဲ့ အမည်နာမလေးနဲ့ပါ တွဲဖတ်လို့ တောင် ဖြစ်ချင်ပါသေးသဗျား။ အခုတော့လည်းလေ…ဖြစ်နေရတဲ့ ဘ၀က စိတ်ဓာတ်မကျအောင် သဘောထားကြီးကြီးနဲ့ ကိုယ့်ဟာကိုယ် နှစ်သိမ့်ပြီး နေတတ်ရင်တောင်မှ မကျေနပ်နိုင်ပါဘူး အရပ်ကတို့။
မော်ကွန်းသစ်
၁၂.၉.၂၀၁၀
0 comments:
Post a Comment