* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 9, 2010

ပစ္စုပ္ပန်တည့်တည့်မှာ နေပါ

ငယ်စဉ်ကစကလို့ ရင်းနှီးနေတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ Live now တဲ့။ “ပစ္စုပ္ပန်တည့်တည့်မှာ နေပါ” လို့ ပြန်ရင် နီးစပ်တန်ကောင်းပါရဲ့။ အချို့ လူတွေဟာ အတိတ်က အမှားတွေကို တွေးပြီး စိတ်မကောင်းဖြစ်နေတတ်တယ်။ အချို့ ကြပြန်တော့ မလုပ်လိုက်မိခဲ့တဲ့ အလုပ်တစ်ခုခုအတွက် ပြန်တွေးပြီး စိတ်ဆင်းရဲမှု ဖြစ်နေတတ်ပြန်တယ်။ အချို့ ကြပြန်တော့ လွတ်သွားတဲ့ ငါးက ကြီးနေတတ်ကြပြန်ရော။ ဒါပေမဲ့ ဘာ့ကြောင့်ပဲ အတိတ်ကို တွေးကာ ဆွေးနေ နောင်တရနေစေကာမူ အတိတ်ဆိုတာကြီးက ပြီးသွားပြီ။ သင်္ခန်းစာယူရုံကလွဲပြီး ပြန်ယူလို့မှ မရတော့တာ။ အတိတ်ကို တွေးတောလွမ်းမောနေရင် စိတ်ဆင်းရဲမှု၊ တွေဝေမှုဆိုတဲ့ မကောင်းကျိုးသာ ခံစားရမှာပေါ့။ ဒါကြောင့် အဲဒါကြီးကို မေ့ပစ်ဖို့လိုပါတယ်။ အခြားတစ်ဖက်မှာတော့ အနာဂတ်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုလုပ်မယ်ဆိုတာတွေကို စဉ်းစား၊ စိတ်ကူးတွေတစ်သီကြီးနှင့် ဟုတ်နေပါတယ်။ လက်ရှိအလုပ်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ မေ့နေတတ်ကြပြန်ပါရော။ ဒါတွေကြောင့်လား မသိ၊ ပစ္စုပ္ပန်တည့်တည့်ပဲ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ပါလို့ သတိပေးစကား ထွက်လာဟန် ရှိပါတယ်။

နောက်တော့ တရားပြဆရာတော်ကြီးတွေရဲ့
အတိတ်ကိုလဲ မပြန်နှင့်၊
အနာဂတ်ကိုလည်း မကြံနှင့်၊
ဖြစ်ဆဲ ရုပ် နာမ် ပစ္စုပ္ပန်
အမှန်ကိုက်အောင် ရှု ဆိုတဲ့ တရားလင်္ကာသံတွေကို နာကြားရ၊ မှတ်သားရ၊ ကျင့်ကြံရပြန်ပါတယ်။ ဖြစ်ပေါ်ဆဲ ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်ခိုက် တည့်တည့်မှာပဲ သတိကပ် အသိတပ်ပြီး ရှုမှတ်ဖို့ လမ်းညွန်ချက်ပေးတာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာတိုင်းသော အာရုံကို ဖြစ်ပေါ်ခိုက် တည့်တည့်မှာပဲ အာရုံနှင့် မှတ်သိစိတ်တို့ ကပ်နေအောင် ရှုမှတ်ဖို့ ညွန်ပြကြတာပါ။ ဒါကို မှတ်မိလွယ်အောင် လင်္ကာစီပေးထားတာပါ။ ဒီလင်္ကာကို စပ်ဆိုသူဟာ မဟာစည်ဆရာတော် ဖြစ်မယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ ဘယ်သူစပ်တယ်ဆိုတာ အခုစာရေးနေချိန်မှာတော့ (ကြည့်စရာ စာအုပ်မရှိလို့) အတပ်မပြောနိုင်တာကိုတော့ တောင်းပန်ပါတယ်။ (နောင်သိရချိန်မှာ ပြန်လည် အတည်ပြုပေးပါ့မယ်)။

နောင် အတော်လေးကြာတော့ “ဘဝတန်ဖိုး အရယူ” ဆိုတဲ့ ခေါင်းစီးနှင့်
“အတိတ်ကိုတွေး မဆွေးလေနှင့်၊
အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂတ်မှန်းဆ မလွမ်းတနှင့်၊
အနာဂတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာဝယ်၊
ပညာ လုံ့လ၊ အသုံးချလက်
ဘဝတန်ဖိုး၊ အားမာန်ကိုး၍၊
မြတ်နိုးကြည်ဖြူ၊ အရယူလော့” ဆိုတဲ့ ကဗျာလေးကို တွေ့ရပြန်ပါတယ်။ ရွှေမြင့်မိုရ် မိုးကုတ် တရားစခန်းတစ်ခုမှာ ဒါယကာတစ်ဦး ယူလာတဲ့ ဆရာတော် Dr. အရှင် နန္ဒမာလာဘိဝံသရဲ့ “အတ္ထုပ္ပတ္တိအကျဉ်း” စာအုပ်ပါးလေးရဲ့ ကျောဖုံးမှာ ရေးထားတဲ့ လင်္ကာလေးပါ။

ဒီလင်္ကာကို စာရေးသူက အောက်ပါအတိုင်း (ကိုယ့်အကြိုက်) ပြင်လိုက်မိပါတယ်။

ဘဝတန်ဖိုး တိုးထက်တိုးဖို့

အတိတ်ကိုတွေး၊ မဆွေးလေနှင့်
အတိတ်ဆိုတာ ပြန်မလာဘူး။


အနာဂတ်မျှော်တွေး၊ မပူဆွေးနှင့်
အနာဂတ်ဆိုတာ၊ မသေချာဘူး။


ပစ္စုပ္ပန်မှာ၊ လုပ်သင့်ရာကို
စဉ်းစား ချိန်ဆ၊ ဓိဋ္ဌာန်ချပြီး
ပညာ လုံ့လ၊ အသုံးချလျက်
ဘဝတန်ဖိုး၊ တိုးထက်တိုးအောင်
အားမာန်ဆောင်ကာ၊ ကြိုးစားပါလော့။

ဒီကဗျာတွေရဲ့ နောက်ခံ
ဘာပဲဖြစ်ဖြစ် ဒီကဗျာတွေရဲ့ အဓိပ္ပါယ်က ကောင်းသလို နောက်ခံကလဲ ကောင်းပါတယ်။ ဒီလင်္ကာကို မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ်မှာ ပါတဲ့ ဘဒ္ဒေကရတ္တသုတ်လာ ဂါထာတော်တွေထဲက အစနှစ်ဂါထာကို အခြေခံပြီး ရေးထားတယ်လို့ ယူဆတာပါပဲ။ အဲဒီသုတ်တော်မှာ ပါတဲ့ ဂါထာတွေက မကြာခဏ ဖတ်သင့်တဲ့ ဂါထာတွေပါ။ တကယ်တော့ အဲဒီကျမ်းမှာ (၁) ဘဒ္ဒေကရတ္တသုတ္တံ၊ (၂) အာနန္ဒဘဒ္ဒေကရတ္တသုတ္တံ၊ (၃) မဟာကစ္စာနဘဒ္ဒေကရတ္တသုတ္တံ၊ (၄) လောမသိင်္ဂိယသုတ္တံ ဆိုတဲ့ နာမည်တွေနဲ့ ဒီဂါထာတွေကို ဖော်ပြထားတာဟာ ဒီတရားတော် ဘယ်လောက် အရေးကြီးသလဲ ဆိုတာ ဖော်ပြနေတယ်လို့တောင် ပြောလို့ရပါတယ်။ အောက်မှာ ဖတ်ကြည့်ရအောင်နော်။

အတီတံ နာနွာဂမေယျ၊ နပ္ပတိကင်္ခေ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊ အပ္ပတဉ္စ အနာဂတံ။

ပစ္စုပ္ပနဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။
အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။

အဇ္ဇေဝ ကိစ္စ မာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။
တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။

အင်္ဂလိပ်ဘာသာပြန်။ ။ မဇ္ဈိမနိကာယ် သုံးကျမ်းကို I. B. Honer က ဘာသာပြန်ပြီး Pali Text Society (PTS) က ဖြန့်ချိထားတဲ့မူ ရှိပါတယ်။ နောက်တော့ ဒီကျမ်းတွေကို အင်္ဂလိပ် ဘုန်းတော်ကြီး ဘိက္ခု ဥာဏမောဠိ က ဘာသာပြန်၊ အမေရိကန်ဘုန်းတော်ကြီး ဘိက္ခု ဗောဓိက တည်းဖြတ်ပြီး Wisdom Publication, Boston ကနေ ဖြန့်ချိထားတာရှိပါတယ်။ ဘဒ္ဒေကရတ္တသုတ် သတ်သတ်ကိုတော့ Thanissaro Bhikkhu နှင့် Nyananda (ဥာဏာနန္ဒ) တို့က ဘာသာပြန်ထားတာလည်း ရှိပါသေးတယ်။ I. B. Honer ရဲ့ ဘာသာပြန်စာအုပ်က ရဖို့ခက်တာကြောင့် သူမရဲ့ ဘာသာပြန်ကိုပဲ ဒီမှာ ဖော်ပြလိုက်ပါတယ်။

The past should not be followed after, the future not desired.
What is past is got rid of and the future has not come.

But whoever has vision now here, now there, of a present thing,
Knowing that it is immovable, unshakable, let him cultivate it.

Swelter at the task this very day, who knows whether he will die tomorrow?
There is no bargaining with the great hosts of Death.

Thus abiding ardently, unwearied day and night,
He indeed is 'Auspicious' called, described as a sage at peace.

(Honer, I. B. (tr.), 1999, The Collection of the Middle Length Saying, vol. III, PTS, London, p. 233)

http://www.suttareadings.net/audio/index.html မှာ သွားရောက်ကြည့်မယ်ဆိုရင် Larry Rosenberg က ဒီဂါထာတွေကို ဖတ်ပြထားတာကို တွေ့ရပါလိမ့်မယ်။ အသံကို နားဆင်လိုရင်ပဲ ဖြစ်ဖြစ်၊ ဒေါင်းလုဒ် လုပ်လိုလို့ပဲ ဖြစ်ဖြစ်၊ ဘာသာပြန်ကို တိုက်ဆိုင်ကြည့်ချင်လို့ပဲ ဖြစ်ဖြစ် သွားရောက်ကြည့်ရှုနိုင်ပါကြောင်း မျှဝေလိုက် ရပါတယ်။

ဘုန်းဥာဏ်
Mumbai (Bombay), India
07/09/10

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP