* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 23, 2010

နယ်စပ်နာဂတောင်တန်းဒေသ သာသနာပြုဘဝ (အပိုင်း-၂)


လောကတွင် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးမှ တစ်ပါးအခြားကိုးကွယ် အားထားရာမရှိဘူး” ဟုဆိုသည့်အတိုင်းနယ်စပ်တောင်ပေါ်ဒေသတွင် သာသနာပြုနေကြသော ရဟန်းတော်များသည် ရတနာသုံးပါးကိုပဲ အားကိုး၍ နေကြရသည်။ဘဝတွင်ကျန်းမာရေးသည် အဓိကဖြစ်သလို ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရပါသည်။အစားအစာများကိုလည်းရွေးပြီးမှဘုန်းပေးသုံးဆောင်ရသည်။တောင်ပေါ်ဒေသသည် စားဝတ်နေရေး ခက်ခဲသည့်အတွက် စားရေးသောက်ရေးနှင့်အခက်အခဲများကြုံရသည်။ ကျေးရွာအတွင်း ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့လှူဒါန်းသည့် ဓလေ့ကလည်းမရှိသေး။ ဆွမ်းပို့လှူဒါန်းရမည့်အကြောင်းကို ပြောပြလျှင်လည်း အိမ်တွင်ဆွမ်းပို့မည့် ဆွမ်းအုပ်ကခက်ခဲနေသည်။
ကျောင်းကဆွမ်းအုပ်နှင့်ပို့ခိုင်းပင်လျှင်လည်း သူတို့ချက်သည့်ဟင်းကိုမစားနိုင်။ထို့ကြောင့် အရုဏ်ဆွမ်းနေ့ဆွမ်းကိုကျောင်းသားလေးနှစ်ယောက်ကိုချက်ခိုင်းပြီးမှ ဘုဉ်းပေးသုံးဆောင်ရသည်။ တစ်ခါတစ်ရံများမှာ ကျောင်းသားလေးနှစ်ယောက်ကလည်း မချက်တတ်၊ ကိုယ် ကိုယ်တိုင်ကလည်း ဟင်းချက်နည်းကိုမသိ အခက်အခဲကြုံရပါသည်။ ငါးပိ၊ ဆား၊ ငရုပ်သီး၊ ကြက်သွန်စသည်ကို အောက်သို့ စာမေးပွဲဖြေရန်ပြန်သည့်အခါ တစ်နှစ်စာ ရန်ကုန်က ဒကာ၊ ဒကာမများထံမှ အလှူခံလာရ၏။ ဆွမ်းဆန်များကိုကား နိုင်ငံတော်က ထောက်ပံ့လှူဒါန်းသည့်အတွက် တော်ပါသေးသည်။ ဝါတွင်းကာလ မိုးအရမ်းရွာသည့်အခါလစဉ်လဟယ်မြို့မှဆွမ်းဆန်များကို သွားမထုတ်ယူနိုင်သည့်အတွက် ဆွမ်းဆန်ပြတ်လပ်သွား၍ တစ်ခါတစ်ခါ ပြောင်းဆန်လူးဆန်များကို စားရသည့်အခါများလည်းရှိသေးသည်။ ဆွမ်းခံ၍ဘုဉ်းပေးမည်ဟု စဉ်းစားပြန်လျှင်လည်း သူတို့ချက်သည့်ဆွမ်းဟင်းကို မစားနိုင်တာကတစ်ကြောင်း ရွာသူရွာသားများမှာ မနက်မိုးလင်းကတည်းက တောင်ယာအလုပ်ခွင်သို့သွားကြ၍ ကျေးရွာအတွင်းမှာ လူမရှိတာကတစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆွမ်းခံမဖြစ်။
ရွာလူကြီးများက တစ်ခါတစ်ရံမှာ ကြက်ဥ၊ အသားခြောက်၊ ဟင်းသီးဟင်းရွက်များ လာပေးလေ့ရှိကြသည်။သူတို့ကိုပြန်ပြီး လက်ဆောင်အဖြစ် လက်ဖက်ခြောက်(သို့မဟုတ်) ဆေးလိပ် လိပ်သောက်သည့် ဆေးမှုန့်ထုပ်များပေးရသည်။ မပေးလျှင် သူတို့စိတ်မကောင်းကြဘဲ နောက်ထပ်လာမပို့ကြတော့။ ထို့ကြောင့်လက်ဖက်ခြောက်၊ ဆေးမှုန့်ထုပ်ကိုအမြဲဝယ်ထားရသည်။ ရွာသူ ရွာသားအများစုမှာ ဟင်းသီးဟင်းရွက်များ
နှင့် ကြက်ဥ၊ အသားခြောက်များကို လဖက်ခြောက်၊ ဆေးမှုန့်နှင့် လာလဲလေ့ရှိသည်။ကြက်ဥကိုကိုင်လာပြီး
(ဖလောက်ဂေမိုး) လက်ဖက်ခြောက်ရှိသလား။ (ဂေဟမ်း)ရှိတယ်လို့ ပြောလိုက်ပါမှ သူတို့ဆီကကြက်ဥကို
လာပေးသည်။ (အာဂေ)မရှိဘူးလို့ပြောလိုက်လျှင် ကြက်ဥကိုပြန်ယူသွားသည်။ နာဂတောင်ပေါ်ဒေသသည်
မြေပြန့်နှင့် အလုံးစုံကွဲပြားခြားနားနေသောကြောင့် မြန်မာနိုင်ငံအတွင်းမှာပင်နေရသော်လည်း ပြည်ပနိုင်ငံ
တစ်ခုသို့ ရောက်သွားသလိုမျိုးခံစားရသည်။ ဟင်းသီးဟင်းရွက်များ ကုန်သွားပြီဆိုလျှင် ကျောင်းသားလေး
နှစ်ယောက်ကိုကျေးရွာအတွင်းမှာ အိမ်စဉ်လှည့်၍ ဟင်းကောက်ခိုင်းရသည်။ ဟင်းသွားကောက်ခိုင်းလျှင်
လည်းဟင်းကအကောင်းမရ၊ ဖရုံရွက်နှင့် ငှက်ပျောဖူးပဲရလာတတ်သည်။ ကျေးရွာအတွင်းမှာ သားကောင်ရလာခဲ့လျှင်တော့ ကျောင်းကို အသားစိမ်းတစ်တုံး လာပေးလေ့ရှိသည်။
နေရေးမှာကား ကျောင်းလေးရှိ၍ နေသာထိုင်သာရှိ၏။ ဒါပေမဲ့ နေပူလာပြီဆိုလျှင် တောင်ဖြုတ်များက အလွန်ကိုက်သည်။ ခြင်ကောင်များရှိသော်လည်း အလွန်အကျွံမကိုက်၊ ခြင်ကိုက်လျှင် ငှက်ဖျားရောဂါဖြစ်မည်စိုး၍ ခြင်မကိုက်ရအောင် အလွန်သတိထားနေရသည်။ ကျောင်းထဲသို့ ဖြုတ်၊ ခြင်များမဝင်ရအောင် တစ်ကျောင်းလုံးကို တံခါးလိုက်ကာများတပ်ဆင်ပြီး ဘုရားမျက်နှာကြက်နှင့် ခန်းဆီးလိုက်ကာများတပ်ဆင်လိုက်သည့်အခါစာရေးသူ လက်ထက်ကျမှ ကျောင်းလေးမှာလည်း ယခင်နှစ်ကနှင့်မတူ တစ်မူထူးခြားလှပနေသည့်အတွက် ကျောင်းသို့လာရောက်သူတိုင်းက “စထေးလောင်မီးယမ်းနောင်း၊ စထေးလောင်းမီးယမ်းနောင်း” အရမ်းလှတယ်နော်၊ အရမ်းလှတယ်နော်ဟု ပြောဆိုနေကြလေရဲ့။
ကလေးများကို ဘုရားရှိခိုးလာတိုင်း“မင်းတို့အိမ်မှာ မင်းတို့ရဲ့မိဘများနှင့် ညီအစ်ကိုမောင်နှမများ နေမကောင်းသည်ဖြစ်စေ၊ မင်းတို့ကိုယ်တိုင် နေမကောင်းသည်ဖြစ်စေ၊ ဘုန်းကြီးကျောင်းမှာဆေးလာတောင်းကြ၊ နေမကောင်းဖြစ်ရင် နတ်မတင်ရဘူး။ ဆေးသောက်ရင် ပျောက်တယ်၊ နတ်တင်တယ်လို့ ပြောသံကြားရင်ဆေးလုံးဝမပေးဘူး” စသည်ဖြင့် ပြောပြထား၍ ကလေးအများစုမှာ ဆေးသောက်လျှင် ရောဂါပျောက်သည်ဟု သဘောပေါက်နားလည်ကြသည်။ ကလေးများကလည်း “နေမကောင်းရင် နတ်မတင်ရဘူး”ဟု သူတို့ရဲ့မိဘတွေကို ပြောပြထားသည် ထင်ပါရဲ့။နေမကောင်းဖြစ်လျှင် ကျေးရွာအတွင်းမှာ နတ်တင်သည်ဟု သိပ်မကြားရ၊ ကလေးများမှာ မိဘများနှင့် ညီအစ်ကိုမောင်နှမများ နေမကောင်းသော်လည်းကောင်း၊ သူတို့ကိုယ်တိုင် နေမကောင်းဖြစ်သော်လည်းကောင်း၊ ကျောင်းတွင် ဆေးအမြဲလာတောင်းကြသည်။ “ဆာရွေးမူဆိဂေမိုး”ငှက်ဖျားပျောက်ဆေးရှိသလား၊“ခေါဆက်မူဆိဂေမိုး”
ခေါင်းကိုက်ပျောက်ဆေးရှိလား၊“အက်ချန်မူဆိဂေမိုး”ချောင်းဆိုးပျောက်ဆေးရှိသလား စသည်ဖြင့်ကလေးလူကြီးမကျန်အမြဲလာတောင်းလေ့ရှိကြ၏။ စာရေးသူလည်း တောင်တန်းမြေမှာ သူတို့ရဲ့ကျန်းမာရေးကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ဆေးဆရာတစ်ယောက်လို ဖြစ်နေလေပြီ။
“ဘုန်းကြီးငှက်ဖျားဆေးက အလွန်ကောင်းတယ်”ဟုကျေးရွာအတွင်းမှာ ကောင်းသောသတင်းများကို ကြားရ၍လည်းဝမ်းသာမိသည်။ စာရေးသူကို သူတို့ရွာမှ ပြောင်းရွှေ့သွားမည်ကို အလွန်ပင်စိုးရိမ်ကြ၏။ ကလေးများက ချောင်းဆိုးပျောက်ဆေးထုပ်ကို ပေးလိုက်လျှင် ဆေးထုပ်ကလေးကလှ၍ ကလေးများမှာ ချောင်းမဆိုးသော်လည်း တစ်ယောက်ပြီးတစ်ယောက် နေ့တိုင်းလိုလို လာတောင်းနေကြ၏။ “အာဂေဂိုး၊အာဂေဂိုး”မရှိဘူးတော့ဘူးနော်၊ မရှိတော့ဘူးနော်ဟုပြောလိုက်ပါမှ အတောင်းရပ်သွားသည်။
ကျောင်းသူကျောင်းသားမရှိသည့်မိဘများမှာဘုန်းကြီးကျောင်းတွင်ဆေးမလာတောင်းရဲကြ။ ထိုပုဂ္ဂိုလ်များနေမကောင်းဘူးဟု ပြောသံကြား၍ဆေးသွားပေးလျှင် ဆေးသောက်မည့်အချိန်ကို အသေအချာပြောပြထားခဲ့သော်လည်း တစ်ရက်စာ သောက်မည့်ဆေးကို နှစ်ရက်သောက်လိုသောက်၊ နှစ်ရက်သောက်ရမည့်ဆေးကို တစ်ရက်တည်းသောက်လိုသောက်နှင့် အမျိုးမျိုးသောက်ကြသည်။ ဆေးသောက်မည့်အရေးကိုလည်း မနည်းပြောယူရ၏။ တစ်ခါတစ်ရံများမှာ သူတို့၏စိတ်ထဲတွင် အင်္ဂလိပ်ဆေးကသာ ကောင်းသည်။ ရောဂါပျောက်သည်ဟု မှတ်ထားကြ၍ ဗမာဆေးကိုပေးလျှင်မသောက်ပဲ လွင့်ပစ်လိုက်ကြသည်။ “ဆေးကိုမသောက်ဘဲ” လွင့်ပစ်လိုက်သည်ဟု ပြောသံကြားလျှင် နောက်ထပ်ဆေး မပေးတော့ဘူး”ဟုပြောပြထားရသည်။
ဓားနှင့်ခုတ်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့်ထိမိထိုးမိ၍သော်လည်ကောင်း ထိခိုက်အနာတရဖြစ်လျှင် ကျောင်းသို့ ဆေးထည့်ရန် ပြေးလာကြ၏။ တစ်နေ့ဝယ် ကလေးတစ်ယောက်မှာ သူ့အမေကရိုက်လို့ဆိုပြီး ခေါင်းကွဲသွား၍ သွေးများပန်းထွက်ကာ ကျောင်းသို့ရောက်လာသည်။ခေါင်းတွင် ဒဏ်ရာက တော်တော်ပြင်းထန်နေသည်။ သူ့အမေမှာကား သူ့သားခေါင်းရဲ့အနာကိုကြည့်ပြီး နောင်တရစွာ ကြောက်လန့်တကြားမျက်ရည်များယိုစီးကျေနေ၏။ အနာက လေးတန်ငါးတန်လောက်ပင်ချုပ်ရမည်။ သို့သော် အနာချုပ်အပ်ကလည်းမရှိ၍အခက်တွေ့နေရသည်။ ဆေးမှာလည်း အထူးအထွေကမရှိ၊ ရန်ကုန်မှ ဒကာမတစ်ယောက်က လှူဒါန်းလိုက်သော ထိခိုက်ဒဏ်ရာရ၍၊ သွေးထွက်သံယိုဖြစ်တဲ့အခါ ထည့်လျှင်ကောင်းသည့် တိုင်းရင်းဆေးမှုန့်ကိုသာ ရတနာသုံးပါးကိုအာရုံပြု၍ ထည့်ပေးလိုက်ရသည်။ ၁၀-ရက်လောက်အကြာတွင် ကံကောင်းထောက်မစွာ အနာကျက်ပြီး ကောင်းသွားပါသည်။ အော်…တော်ပါသေးတယ်။
“လောင်ကျန်းနောက်ကုန်းရွာက ဘုန်းကြီးမှာကား ကက်ဆက်တွေရှိတယ်။ ငါတို့ရွာက ဘုန်းကြီးမှာကား ကက်ဆက်လည်း မရှိ၊ ပျင်းစရာကြီး”ဟု ကလေးတွေ ပြောနေကြတယ်ဆိုပြီး ဗမာစကားပြောတတ်တဲ့ ကျောင်းသားလေးတစ်ယောက်က လာပြောပြ၍ ကလေးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမည်ဆိုပြီး ဒီတစ်ခါ ရန်ကုန်သို့ ဓမ္မာစရိယစာမေးပွဲဖြေဆိုရန် ပြန်တဲ့အခါ ကက်ဆက်နှင့်ဘက်ထရီအိုးကိုပါ သယ်ဆောင်လာမည်ဟု စိတ်ကူးလိုက်သည်။ အံ့ပေါ်ရွာမှာ သာသနာပြု တာဝန်ကျတဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ရဟန်းတော်များမှာ (၂)နှစ်တာဝန်နဲ့ သာသနာပြုရတာဆိုတော့ (၂)နှစ်ပြည့်ပြီဆိုလျှင် ပြန်ကြွသွားလိုက်၊ နောက်နှစ်တစ်ပါး ထပ်ရောက်လာလိုက်နဲ့ ကလေးများနှင့် ထိတွေ့နေရတဲ့ ရဟန်းတော်မှာ နှစ်တိုင်း အသစ်အသစ်ပဲဖြစ်နေလေတော့ သူတို့မှာ အားမလိုအားမရ ဖြစ်နေရရှာသည်။ အံ့ပေါ်ရွာနှင့်မနီးမဝေး လောင်းကျန်းနောက်ကုန်းရွာတွင် သီတင်းသုံးနေသည့်ဘုန်းကြီးမှာ (၁၀)နှစ်ပင်ရှိနေပြီဆိုပြီး ထိုရွာက ဘုန်းကြီးကိုအား
ကျ၍ သူတို့ရွာတွင်လည်း နှစ်အကြာကြီး အမြဲသီတင်းသုံးတဲ့ ဘုန်းကြီးကို လိုချင်နေကြသည်။ စာရေးသူကိုလည်း သူတို့ရွာတွင် အမြဲနေဖို့ရန်ခဏခဏပြောနေကြသည်။ ကျောင်းသူကျောင်းတွေကို နေ့တိုင်းကဗျာလေးတွေသင်ပေ။ စာ
တွေသင်ပေ။ မသိနားမလည်တဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးနေတော့ ငါတို့ရဲ့ဆရာပဲဆိုတဲ့ အသိစိတ်နဲ့ အလွန်ခင်မင်ရှာကြသည်။ ဗုဒ္ဓဘာသာမဝင်ခင်တုန်းက ရွာသို့ဘုန်းကြီးတစ်ပါးကြွလာပြီဆိုလျှင်ကလေးများမှာ မမြင်ဖူးကြ၍ ကြောက်လန့်ပြီးထွက်
ပြေးကြသည်ဟုဆိုသည်။ယခုအခါမှာကား ဘုန်းကြီးများနှင့်ရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်၍ ကြောက်စိတ်များပျောက်ကာခင်မင်စိတ်တွေ ဝေဖြာပွင့်လန်းနေကြပြီ။ကျောင်းနားက ကလေးတွေဆိုလျှင်နေ့စဉ်လိုလိုသကြားလုံးတွေကျွေးနေတော့စာရေးသူကိုတွေ့လျှင် ကလေးများက“ကြမင်းပူ န,ပွန်း ငေါ့ချိုချည်အာဘေ့ဝမ်း” ဘုန်းကြီးမဆိုးပါနဲ့၊ ငါတို့ကို သကြားလုံးကျွေးပါလား” ဟုအမြဲလိုလို နောက်ပြောင်နေတတ်သည်။ ကလေးများမှာ ညနေပိုင်းရောက်လျှင် ကျောင်းခြံဝင်းထဲသို့လာ၍ နေ့တိုင်းကစားကြသည်။
သီတင်းဝါလကျွတ်ပြီးလို့ ဆောင်းအကုန်နွေအကူး နွေဦးကာလ သုံးလပိုင်း၊ မတ်လမှာ စာရေးသူ ရန်ကုန်သို့ စာမေးပွဲဖြေဆိုရန် ကြွတော့မည်ဟု ပြောသံကြားတာနဲ့ မပြန်လာမှာကိုစိုး၍ ကျောင်းသူကျောင်းသားတိုင်းက “ကြမင်းပူန, ဘေလီဂိုး၊ ကြမင်းပူ-န, ဘေလီဂိုး” ဘုန်းကြီး မပြန်ပါနဲ့နော်၊ ဘုန်းကြီးမပြန်ပါနဲ့နော်”ဟု တတွတ်တတွတ် လာပြောနေကြ၏၊ စာရေးသူက “ကြမင်းပူ ကျငိုင်းယမ်းယွေဘူ” ကြမင်းပူ ပြန်လာဦးမှာပါ စသည်ဖြင့် ပြောပြသော်လည်း သူတို့ရဲ့ရင်ထဲမှာ ဘဝင်မကျ။ ရန်ကုန်သို့သွားခါနီး တစ်ရက်နှစ်ရက်အလိုတွင် သူတို့လေးတွေကို အမှတ်တရ လက်ဆောင်လေးတွေ ပေးလိုက်ပြီဆိုလျှင် ထိုပေးလိုက်တဲ့နေ့ကစပြီး သူတို့မျက်နှာလေးတွေက မရွှင်လန်းကြ။ သူတို့လေးတွေကလည်း စာရေးသူမနက်ဖြန်လိုသွားတော့မယ်ဆိုလျှင် ဒီနေ့လိုညနေမှာ လက်ဆောင်အဖြစ် ကြက်ဥလေးတွေ လာပေးကြသည်။ “မင်းတို့ လက်ဆောင်လေးတွေကို ကြမင်းပူ မယူပါရစေနဲ့”ဟု
ပြောပြလျှင် သူတို့လေးတွေမှာ စိတ်မကောင်းကြပါ။(ကြမင်းပူဆိုတာ နာဂလိုဘုန်းကြီးလို့ခေါ်တာပါ)
ရန်ကုန်ကိုပြန်တဲ့ရက်မှာ ကျောင်းသူကျောင်းသားတွေက ရွာထွက်ဝတောင်ကုန်းလေးပေါ်ထိ လိုက်ပို့ကြသည်။ အဲဒီတောင်ကုန်းလေးပေါ်ကနေ သူတို့တွေလည်း ရွာကိုပြန်ရမယ်၊စာရေးသူလည်း လယယ်သို့ခရီးဆက်ရမယ်ဆိုတော့
ကြမင်းပူ ဇဇွေးလျင်းမူဂိုး၊ မက်ညူရှန်ဟိုင်း မက်ပူရှန်ဟိုင်း မိမိနိုင်ယဂိုးကြမင်းပူသွားတော့မယ်နော်၊ ကျောင်းသူကျောင်းသားတွေ ကောင်းကောင်းနေလိုက်ကြနော်” စသည်ဖြင့် ပြောလိုက်တဲ့အခါ ဝမ်းနည်းအားငယ်စွာနဲ့သူတို့လေးတွေရဲ့ မျက်စိအစုံမှ ပါးပြင်နှစ်ဖက်ပေါ်သို့ အလုအယက်စီးကျနေသော မျက်ရည်စတွေကို တွေ့ရတော့ စာရေးသူမှာ အလွန်ပင်စိတ်မကောင်း၊ “ကြမင်းပူ ပြန်လာမှာပါ။ မင်းတို့တွေအတွက် လက်ဆောင်တွေအများကြီး ဝယ်လာခဲ့မယ်”ဟု ပြောပြ၍ ချော့သိပ်ပြီး ပြန်လွှတ်လိုက်ရသည်။တချို့ကလေးများမှာကား “ပြန်ကြတော့နော်”ဟုပြောပြသော်လည်း မပြန်ကြဘဲညှိုးငယ်သော မျက်နှာလေးတွေနဲ့ စာရေးသူအသွားကို ကြည့်နေကြလေရဲ့။
စာရေးသူသည် စာမေးပွဲဖြေပြီး၍ ငါးလပိုင်းလောက်မှာ တောင်ပေါ်သို့ ပြန်ကြွလာပြီး လဟယ်မြို့သို့ လာကြိုရန်ရွာမှ အထမ်းသမားများကို မှာလိုက်သည်။ ထိုသတင်းကိုကြားသည့်အခါ အံ့ပေါ်ကျေးရွာမှ ကျောင်းသူကျောင်းသား ကလေးသူငယ်များသည် လဟယ်မှ ရွာသို့စာရေးသူအလာကို ထိုလာသည့်ရက်ညနေပိုင်းမှာပင် စုရုံးပြီး ရွာအဝင်တောင်ကုန်းလေးပေါ်ကနေ ဝမ်းသာရွှင်လန်းစွာနဲ့ စာရေးသူရွာသို့ မရောက်မချင်း စောင့်နေကြ၏။ စာရေးသူလာသည်ကို တွေ့ပြီဆိုတာနဲ့ ဝမ်းသာအားရအော်ဟစ်ကြသည်။ စာရေးသူလက်ထဲတွင် ကိုင်လာသည့်ပစ္စည်း များကိုလည်း ကူထမ်းကြသည်။ကျောင်းသို့ရောက်၍ အောက်ကပါလာတဲ့ လက်ဆောင်ပစ္စည်းများနှင့် မုန့်များကိုပေးလိုက်သည့်အခါ မမြင်ဖူးတာကိုမြင်ဖူးရ၊ မစားဖူးတာကို စားဖူးရသည့်အတွက် သူတို့၏ကိုယ်တွင် ပီတိအဟုန်သည် လွှမ်းခြုံ၍နေပါ၏။ သူတို့တွေကလည်း“မိုးမီးယမ်းဂိုး-မိုးမီးယမ်းဂိုး=ကျေးဇူးတင်ပါတယ်နော်၊ ကျေးဇူးတင်ပါတယ်နော်”ဟု ပြန်လည်တုန့်ပြန်ကြသည်။ သူတို့လေးတွေကိုကြည့်ရသည်မှာ ဖူးပွင့်ဝေဆာနေသော ပန်းကလေးများသဖွယ် ဖြူစင်ရိုးသားကြသည်မို့ ချစ်ခင်စရာ အပြုံးများမှာ ချို မြလှပေသည်။
စာရေးသူသည် သူတို့လေးတွေရဲ့ ကျေးဇူးတုံ့ပြန်တဲ့ စကားသံများကို ကြားရ၍ ဝမ်းသာအားရမဆုံး။ “ဒီနှစ်တော့ မင်းတို့တွေအတွက် ကက်ဆက်နှင့် ဘက်ထရီအိုးလည်းပါလာတယ်။ ကြမင်းပူရဲ့ ဒကာ၊ဒကာမတွေက လှူဒါန်းလိုက်တဲ့ အဝတ်အထည်တွေလည်းပါလာတယ်။ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်ကအစ လက်ဆောင်ပစ္စည်းတွေအများကြီးပါလာခဲ့တယ်။ မင်းတို့တွေ စာကိုကြိုးစားရမယ်နော်”စသည်ဖြင့် ပြောပြလိုက်သည့်အခါ သူတို့တွေကလည်း “နူးနူး”မှန်ပါ၊မှန်ပါဟုပြန်ပြောကြ၏။ ကက်ဆက်ကိုဖွင့်ပြလိုက်သည်နှင့် ကလေးများပြေးလာကြပြီး ဝိုင်းအုံပြီးကြည့်ကြသည်။ သူတို့လေးတွေရဲ့ ဝိုင်းအုံဆူညံနေတဲ့အသံကို ကက်ဆက်နှင့်အသံဖမ်းပြီး ဖွင့်ပြပေးတဲ့အခါမှာ သူတို့ဘဝမှာ ပိုပြီးတော့မှ ထူးဆန်းမှုတစ်ခုဖြစ်ပြီး အံ့သြနေကြသည်။ “အလာ၊ အလာ”ဆိုတဲ့နာဂစကား၏ အံ့သြမှုအသံတွေဟာ ပဲ့တင်ထပ်၍ နေလေသည်။
ဘုရားရှိခိုးလာတိုင်း တရားခွေ၊ ဇာတ်လမ်းခွေ၊ သီချင်းခွေများကို ဖွင့်ပြပေးတဲ့အခါ ဘုရားရှိခိုးလာတဲ့ ကျောင်းသူ ကျောင်းသားကလေးများမှာ ယမန်နှစ်ကထက် ပိုပြီးများလာသည်။ငါးပါးသီလကဗျာများနှင့် မင်္ဂလာကဗျာစသည်ကို ဆိုခိုင်းပြီး အသံသွင်း၍ ပြန်ဖွင့်ပြတဲ့အခါ သူတို့လေးတွေမှာ ပိုပြီးကဗျာလေးတွေကို ရွတ်ဆိုချင်တဲ့စိတ်တွေ ပေါ်လာကြသည်။ သူတို့လေးတွေအတွက် TV(တီဗွီ)တစ်လုံး ဝယ်ယူသွားဖို့စိတ်ကူးမိသော်လည်း နာဂတောင်ပေါ်ဒေသတွင် ရုပ်မြင်သံကြားအသံလိုင်းက ဖမ်းလို့မမိသည့်အတွက် ဘယ်လိုမှယူသွားလို့မရပါ။ သူတို့လေးတွေခမျာမှာ တီဗွီကိုတွေ့ရလျှင်ကား အလွန်ပျော်ရွှင်ကြမည်မှာ ဧကန်မုချပင်။ ရွာသူရွာသားများလည်း တီဗွီရုပ်မြင်သံကြားကို မြင်ရမည်ဆိုလျှင် တအံ့တသြဖြစ်ကြရမည်မှာ သေချာပါသည်။ကျောင်းသူကျောင်းသားများအသိဥာဏ်တိုးတက်အောင်
ဗဟုသုတများရရှိအောင် လုပ်ပေးချင်သည့်ဆန္ဒတွေ အမှားကြီးရှိနေသော်လည်း စိတ်ကူးတိုင်း အကောင်အထည်မပေါ်နိုင်။ ရန်ကုန်က သယ်ယူလာတဲ့ အဝတ်အထည်များကို လှူဒါန်းတဲ့ပွဲပြုလုပ်ပြီး ဝေငှပေးတဲ့အခါမှာ သူတို့ဘဝမှာ မဝတ်ဖူးတာတွေကို ဝတ်ရလို့ပျော်လို့ပင်မဆုံးကြ။ ဗလာစာအုပ်များနှင့် ခဲတံ၊ ဘောပင်၊ ကွန်ပါဘူးများကို ဝေငှပေးတဲ့အခါမှာလည်း အတိုင်းထက်အလွန် ဝမ်းသာပျော်ရွှင်မှုများ ဝေဖြာနေကြ၏။ တချို့ကလေးများမှာ စာအုပ်စာတန်းမရှိ၍ ကျောင်းမနေရကြ။ မိဘများကလည်း မဝယ်ပေးနိုင်။ ကူညီထောက်ပံ့မည့်သူကလည်းမရှိ၊ ရွာလူကြီးများကလည်း ဗဟုသုတမရှိတဲ့အခါ ဦးဆောင်ဦးရွက် မလုပ်ပေးသည့်အတွက် သူတို့ဘဝလေးတွေဟာ ပညာအညွှန့်တုံးပြီး တောင်ယာအလုပ်နှင့်ပင် ဘဝဆုံးနေကြရရှာသည်။
နာဂတောင်ပေါ်ဒေသတွင် အနာဂတ်မျိုးဆက်သစ်နာဂလူငယ်များသည် အပွင့်တဝေဝေ ဖြစ်နေကြသော်လည်း မြေတောင်မြှောက်ပေးမည့်သူ၊ မြေသြဇာကျွေးမည့်သူများမရှိ၍ အသီးအဆင့်ထိ ဖြစ်မလာဘဲ အငုံဘဝမှာပင် အကြောင်းအမျိုးမျိုးကြောင့် ကြွေကျရသည်မှာ အလွန်ပင်သနားစရာကောင်းပါသည်။ ဤကဲ့သို့မဖြစ်ရအောင် ယခုအခါတောင်တန်းသာသနာပြုဆရာတော်များသည် တတ်အားသရွေ့ တောင်တန်းမြေမှာလူငယ်လေးများဖွံ့ဖြိုးတိုးတက်လာအောင် သာသနာပြုဆောင်ရွက်နေကြပါသည်။
စာရေးသူ-သစ္စာရောင်ခြည်
(၂၂-၉-၂၀၁၀)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP