* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, September 23, 2010

ဇမ္ဗူတလူ အစွမ်းအစများ(အဓိပတိပစ္စည်း)

Wednesday, 22 September 2010 15:16 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

Resized_IMG_0838ဇမ္ဗူတလူ အစွမ်းအစများ

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

အတွင်းအဇ္ဈတ္တကို ကောင်းတဲ့ဘက် ပြောင်းလဲ သွားအောင် အလေးအနက် ထားရမယ့် အာရုံသုံးမျိုး ရှိတယ်တဲ့။ နံပါတ်(၁)က ကိုယ့်ကို ကိုယ်တန်ဖိုးထား အာရုံပြုခြင်း (အတ္တာဓိပတိ)ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် ဆိုတာ ကိုယ့်ရဲ့ အမျိုးအနွယ် မိဖ၊ သားသမီး၊ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ကိုယ်နဲ့ ပတ်သက်တဲ့ ထောက်ထား စရာတွေ အားလုံးကို ဆိုလိုတာပါ။ အဲဒါကို အလေးအနက် အာရုံပြုပြီး အာရမ္မဏာ ဓိပတိ တပ်လိုက်ရင် ကိုယ့်ရဲ့ အတွင်း အဇ္ဈတ္တမှာရှိတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ္တ ဝီမံသတွေ ဟာလည်း အကောင်းစား အထက်စား အဓိပတိတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောပါပဲ။

ဘုရားအလောင်း သုမေဓာရှင်ရသေ့က မိမိ လတ်တလောရရှိနိုင်တဲ့ “တစ်ကိုယ်တော် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ခွင့်”ဆိုတာကို စွန့်လွှတ်ပြီး သဗ္ဗညု ဘုရားဖြစ်လိုတဲ့ ဆန္ဒာဓိပတိ ဖြစ်ပေါ်လာတာဟာ “သဗ္ဗ ညုဘုရား ဖြစ်နိုင်စွမ်းရှိတဲ့ မိမိကိုယ်ကို အလေးအနက် အာရမ္မဏာဓိပတိ ပစ္စည်းတပ်လိုက်တဲ့ အတွက် အတွင်းအဇ္ဈတ္တ တရားပါ ပြောင်းလဲသွားတဲ့သဘောပါပဲ။

ခုခေတ်မှာလဲ တချို့ပြိုင်ပွဲတွေမှာ ပရိသတ်အားပေးမှု ထက်သန်တာကို အကြောင်းပြုပြီး အောင်မြင်အောင် ကြိုးစားချင်တဲ့ ဆန္ဒတွေ ထက်သန်လာလို့ အောင်ပွဲတွေ ရခဲ့ကြတယ်ဆိုတာ ရှိပါတယ်၊ ဒါတွေဟာ အမြင်အာရုံတွေက အဓိပတိ တပ်လောက်အောင် ဖြစ်လာလို့။ ကိုယ်က အာရမ္မဏာဓိပတိ တပ်လိုက်တဲ့အတွက် အတွင်း အဇ္ဈတ္တအဓိပတိ တရားတွေလဲ ဖြစ်ပေါ်လာပြီး အောင်ပွဲရသွားတာပါပဲ။

နံပါတ်(၂)က ပတ်ဝန်းကျင်ကို အလေးအနက် တန်ဖိုးထား အာရုံပြုခြင်း (လောကာဓိပတိ)တဲ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ မြင်အပ် မမြင်အပ်တဲ့ မဟိဒ္ဓိကပုဂ္ဂိုလ်များအပါအဝင် အားလုံးကို အလေးထားတာပါ။ ကိုယ်လုပ်သမျှ အကောင်း အဆိုးဆိုတာ ဆိတ်ကွယ်ရာမရှိဘူး၊ ကောင်းရင် ကောင်းသလို အသိအမှတ် ပြုသူရှိသလို မကောင်းရင်လဲ မကောင်းသလို ရှုတ်ချပြစ်တင်ကြမယ့် မြင်အပ် မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ပတ်ဝန်းကျင်မှာ အမြဲရှိတယ်လို့ အလေးအနက် အာရုံပြုပြီး “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်”တဲ့ အတွင်း အဇ္ဈတ္တက ဆန္ဒစတဲ့ အဓိပတိ အကောင်းစားတွေကို မွေးမြူ တည်ဆောက်ပေးရတာပါ။

ပတ်ဝန်းကျင်ကို အလေးအနက် ထားခြင်းနဲ့ ပတ်သက်လို့ မြင်အပ် မမြင်အပ်တဲ့ အာရုံတွေသာမက မိမိအပေါ်မှာ ကျေးဇူးရှိတဲ့ မိဖ ဆရာသမား ကျေးဇူးရှင်များရဲ့ ကျေးဇူးတရားတွေ၊ ရဟန်းတော်များ အနေနဲ့ နေ့စဉ် သုံးဆောင်နေတဲ့ ဆွမ်းစတဲ့ ပစ္စည်းလေးပါးတို့နဲ့ ပစ္စည်းလေးပါး အလှူရှင်တွေရဲ့ ကျေးဇူး တရားတွေကို အလေးအနက် အာရုံပြုပြီးတော့လည်း မိမိရဲ့အတွင်းအဇ္ဈတ္တမှာ ဆန္ဒ ဝီရိယစတဲ့ သဟဇာတာ ဓိပတိတရားတွေ ဖြစ်ပေါ်တိုးပွားအောင် ပြုလုပ်လို့ရပါတယ်။

ဟုတ်ပါတယ်၊ ပစ္စည်းလေးပါး အထူးသဖြင့်တော့ နေ့စဉ် လောင်းလှူနေတဲ့ ဆွမ်းဒကာ ဒကာမများနဲ့ ပတ်သက်လို့ ရှေးမထေရ် မြတ်ကြီးများကတော့ သူတို့ကို ဒကာ ဒကာမတို့လို့ ရိုးရိုး မသတ်မှတ်သင့်ဘူး၊ “ပဝတ္တိ မာတာပိတရော နာမေတေ = သူတို့ဟာ ပဝတ္တိ မိဖတွေ ဖြစ်တယ်”လို့ သဘောထားရမယ်လို့ မိန့်ကြားပါတယ်။

ပစ္စည်းလေးပါးနဲ့ ပစ္စည်းလေးပါး အလှူရှင်တို့ရဲ့ ကျေးဇူးတွေကို အလေးအမြတ် ထားပုံနဲ့ပတ်သက်လို့ အဋ္ဌကထာဆရာ မိန့်ဆို တာကတော့ -

သင်ရဲ့ ဆွေမျိုးလည်းမဟုတ်၊ အခိုင်း အစေလည်း မဟုတ်တဲ့ ဒီလူတွေက သင့်ကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပြုစု လုပ်ကျွေးကြ တာဟာ သင့်ဆီက လောကီပစ္စည်း ဥစ္စာတစ်ခုခု ရလိမ့်နိုးနဲ့ မျှော်ကိုးပြီး ပေးလှူနေကြတာ မဟုတ်ဘူး၊ တကယ်တော့ ကိုယ်လုပ်တဲ့ ကောင်းမှုရဲ့ ကြီးမား မြင့်မြတ်တဲ့ အကျိုးကို သိမြင်ပြီး ပေးလှူနေကြတာပါ။

မြတ်စွာဘုရားရှင်က ပစ္စည်းလေးပါးကို ခွင့်ပြုခဲ့တာဟာလဲ “သံဃာတွေဟာ ပစ္စည်းလေးပါးကို ဘုဉ်းပေးသုံးဆောင်ပြီး ချမ်းချမ်း သာသာ ဇိမ်နဲ့ နေနိုင်ကြလိမ့်မယ်” လို့ သဘောထားပြီး ခွင့်ပြုခဲ့တာ မဟုတ်ဘူး၊ “ပစ္စည်းလေးပါးကို ဘုဉ်းပေး သုံးဆောင်ပြီး သာသနာတော်လဲ တည်တန့်အောင် မိမိအတွက်လည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်ဆိုတဲ့ သာသနဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယကို ကျင့်နိုင် ကြလိမ့်မယ်၊ ကျင့်ပြီး ဝဋ်ဆင်းရဲကထွက်မြောက်လိမ့်မယ်”လို့ သိမြင်ပြီး ခွင့်ပြုခဲ့တာဖြစ်တယ်။ သင်ဟာ မြတ်စွာဘုရား နှလုံးသွင်း သိမြင်တဲ့အတိုင်း မကျင့်မကြံ ပျင်းရိ နေမယ်ဆိုရင် ပစ္စည်းလေးပါးကို မလေးမစား သုံးစွဲရာ ရောက်တယ်။ (ဒါဟာ“ ဣဏပရိဘောဂ” လို့ခေါ်တဲ့ သံသရာနဲ့ချီပြီး ပေးဆပ်မကုန်နိုင်တဲ့ြွေကးယူစားသောက်ခြင်းလည်းဖြစ်တယ်) လို့ အလေးအနက်ခံယူပြီး ကြိုးစား အားထုတ်ရမယ်၊ ဒါမှသာ ဆွမ်းနဲ့ဆွမ်းကို ခွင့်ပြုပေးတဲ့ ဘုရားရှင်ကိုရော ဆွမ်းလှူသူများကိုပါ လေးစားရာရောက်တယ်လို့ဆိုပါတယ်။

“ကဿက” အမည်ရှိတဲ့ လှိုဏ်ဂူမှာ သီတင်းသုံးနေတဲ့ အယျမိတ္တမထေရ်မြတ်ကို ဆွမ်းခံရွာမှာရှိတဲ့ ဒကာမကြီး တစ်ယောက်က သားအရင်းလို သဘောထားပြီး ပြုစုလုပ်ကျွေးပါတယ်။

တစ်နေ့မှာတော့ ဒကာမကြီးက တောထဲ အလုပ်ကိစ္စနဲ့သွားခါနီးမှာ သမီးကို “သမီးရေ . . ဟို နေရာမှာ ဆန်ဟောင်းလေးရှိတယ် (ဆန်ဟောင်းက ဆန်သစ်ထက် အစာကျေလွယ်တယ်)၊ ဟိုနေရာမှာ ထောပတ်တို့ နွားနိုတို့ တင်လဲတို့ရှိတယ်၊

ညီးအကိုကြီး အယျမိတ္တ ကြွလာတဲ့အခါ ဆွမ်းချက်ပြီး နွားနို့ ထောပတ် တင်လဲတွေနဲ့ လောင်းလှူလိုက်ပါ။ ကျန်တာကို ညီးလဲစားပေါ့၊ အမေတော့ မနေ့ကကျန် တဲ့ ထမင်းကြမ်းကို ပုံးရည်ဟင်းနဲ့ စားသွားတော့မယ်”လို့ မှာကြားတယ်။ “အမေ နေ့လည်ပြန်လာတော့ ဘာကိုစားမလဲ”လို့ သမီးကပြန်မေးတော့ “ဟိုနားမှာရှိတဲ့ ဆန်ကွဲလေးတွေနဲ့ ဟင်းရွက်ကိုထည့်ပြီး ယာဂုချဉ် ကျိုထားလိုက်ပေါ့သမီးရဲ့” လို့ ပြန်ပြောပါသတဲ့။

ဆွမ်းခံထွက်ဖို့ သပိတ် သင်္ကန်းကိုပြင်နေတဲ့ မထေရ်မြတ်က ဒကာမကြီး မှာနေတဲ့ အသံကိုလည်း ကြားလိုက်ရော “ကြည့်စမ်း ဒကာမကြီးက ပုံးရည်ဟင်းနဲ့ ထမင်းကြမ်းကို စားမှာတဲ့၊ နေ့လည်စာကိုလည်း ဟင်းရွက်စပ်ပြုတ် ယာဂုချဉ်ကိုစားမယ်တဲ့၊ ငါ့အတွက်ကိုတော့ စားသောက်ဖွယ် အကောင်းစားတွေ စီစဉ်မှာ ကြားနေတယ်၊ ဒီဒကာမကြီးဟာလောကီ စည်းစိမ် ဥစ္စာတွေကို တောင်းတပြီး ငါ့ကိုလှူဒါန်းနေတာ မဟုတ်ဘူး၊ နိဗ္ဗာန်အထိ ပြည့်စုံမှုကို ရည်မှန်းပြီး လှူဒါန်းနေရှာတာ။

ဒကာမကြီးရဲအလှူက အလွန်မြင့်မြတ်တဲ့ “ဒက္ခိဏ”ဆိုတဲ့ အလှူမျိုးဖြစ်တယ်။ ငါဟာ မြင့်မြတ်တဲ့အလှူ(ဒက္ခိဏ)ကို အလှူခံထိုက်တဲ့ (ဒက္ခိဏေယျ) ဂုဏ်နဲ့ ပြည့်စုံပါရဲ့လား”လို့ ကိုယ့်ကိုကိုယ်ဆုံးမပြီး “ငါဟာ ဒီလို ဂုဏ်မြောက်တဲ့ ဆွမ်းကို လောဘ ဒေါသ မောဟတွေရှိနေတဲ့ စိတ်နဲ့ခံဖို့ မသင့်ဘူး”လို့ ဆုံးဖြတ်ပြီးတော့မှ မိမိ သီတင်းသုံးနေတဲ့ ကဿက ဂူထဲပြန်ဝင်၊ သပိတ်သင်္ကန်း တို့ကို မူလနေရာမှာ ပြန်ထားပြီး “ငါဟာ အရဟတ္တဖိုလ်ပေါက် ဒက္ခိဏေယျဂုဏ် မမြောက်သမျှ လှိုဏ်ဂူထဲက မထွက်တော့” အဓိပတိတတ်တဲ့ စိတ်ဓာတ်နဲ့ အခိုင်အမာ ဆုံးဖြတ်ပြီး ဝီရိယာဓိပတိနဲ့ ကြိုးစား အားထုတ် လိုက်တာ အရင်ကလဲ နေ့ညဥ့်မပြတ် သတိပဋ္ဌာန် တရားနဲ့ ပွားများခဲ့တဲ့ ဓာတ်ခံရှိလေတော့ ဆွမ်းစားချိန် မတိုင်ခင်မှာပဲ အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်ရောက်သွားပါတယ်။

လှိုဏ်ဂူအနီးမှာရှိတဲ့ ရုက္ခစိုးနတ်က “ဆင်းရဲ ကင်းပျောက် ချမ်းသာ ရောက်တော်မူတဲ့ အရှင်မြတ်ဘုရား . . .အာသဝေါ ကင်းကွာတဲ့ အရှင်မြတ်ဟာ မြတ်သော အလှူကိုခံထိုက်တဲ့ ဒက္ခိဏေယျပုဂ္ဂိုလ်ပါဘုရား၊ ယောကျာ်း အာဇာနည် ပီသတော်မူတဲ့ အရှင်မြတ်ဘုရား . . . အရှင်မြတ်အား ရှိခိုးပါ၏”ဆိုပြီး ဥဒါန်း ကျူးရင့်တယ်။ ပြီးတော့မှ အရှင်မြတ်တို့လို ရဟန္တာဖြစ်တဲ့ ဆွမ်းခံပုဂ္ဂိုလ်ကို ဆွမ်းလှူ ဒါန်းရတဲ့အတွက် အလှူရှင် မိန်းမအိုကြီး ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ (ဆွမ်းခံကြွတော်မူပါဘုရား) လို့ လျှောက် ထားပါတယ်။

မထေရ်မြတ်လည်း လှိုဏ်ဂူက ထွက်ပြီး နေကိုကြည့်တဲ့အခါ အချိန်ရှိသေးတာကို သိတော့ ဆွမ်းခံကြွတယ်။ ကလေးမလေးက မအေမှာခဲ့တဲ့အတိုင်း မထေရ်မြတ်ကို ဆွမ်းလောင်းလှူတဲ့အခါမှာ “ချမ်းသာပါစေ”လို့ မိန့်ကြားပြီး ကြွသွားတော်မူပါတယ်။

ကလေးမလေးက မထေရ်မြတ်ရဲ့ ခါတိုင်းနဲ့ မတူအောင် ကြည်လင် တည်ငြိမ်တာကို သတိထား မိလိုက်တယ်။ အမေ ပြန်လာတဲ့အခါ တွေ့မြင်ရပုံကိုအကုန်ပြော ပြတော့ ဒကာမကြီးက “ငါ့သားကြီး ဒီနေ့ ရဟန်းကိစ္စ အထွတ် အထိပ်ရောက်ပြီ” လို့ သိလိုက်တဲ့အတွက် “သမီးရေ နင့်အကိုကြီးတော့ ဒီ ဘုရား သာသနာတော်မှာ အပျော်ကြီးနဲ့ ပျော်နေပြီ၊ လူ မထွက်တော့ဘူးဟဲ့”လို့ ဝမ်းမြောက် ဝမ်းသာ ပြောလိုက်ပါသတဲ့။

အပိုင်း ၂-ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP