* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, September 20, 2010

စစ်တပ်နှင့် ပါဏာတိပါတကံ



မေး။ ။ တပည့်တော် တစ်ခု မေးလျှောက်ပါရစေ..... ဗုဒ္ဓဘာသာတွင် ပါဏာတိပါတံ မကျူးလွန်ရဘူးလို့ နားလည်ထားပါတယ်... ဘယ်လိုနည်းလမ်းနှင့်မဆို ကျူးလွန်ခွင့်မရှိပါ...... ယနေ့ ကမ္ဘာစစ်တပ်များ၊ မြန်မာပြည်မှ စစ်တပ်များမှ စစ်သားများမည်သို့ ပြရပါမည်နည်း။ တိုင်းပြည်ကို မည်သို့ ကာကွယ်ရပါတော့မည်နည်း။ ဘာအရေးကိစ္စကိုမှ ဦးတည်ခြင်းမဟုတ်ပါ။ ဒီပုံစံအတိုင်းဆိုလျင် ဗုဒ္ဓဘာသာနိုင်ငံများ စစ်တပ်ထားခြင်းသည် ခုခံကာကွယ်သည်ပင် ဖြစ်စေကာမူ ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား။ ကျေးဇူးပြု၍ မည်သို့ ဖြစ်ရမည်၊ ဘုရားဟောအမှန်ဖြင့် မိန့်ကြားတော်မူပါရန် လေးစားစွာဖြင့် တင်လျှောက်အပ်ပါသည် ဘုရား.....
(အမှန်တကယ်သိလိုသူ)

မှတ်ချက်…..
မေးခွန်းမေးသူက ဤအမေး၊ အဖြေကို အင်တာနက်စာမျက်နှာပေါ်တွင် တင်ဖို့ မေးထားတာ မဟုတ်ပါ။ ဒါပေမယ့် မေးသူကိုယ်တိုင်ရဲ့ နာမည်လည်း အသုံးမပြုထားသည်ကတစ်ကြောင်း၊ ဦးဇင်းအနေနဲ့ အခြားဗုဒ္ဓဘာသာဝင်များအတွက်လည်း သိသင့်သိထိုက်တဲ့အရာတစ်ခု ဖြစ်နေတယ်လို့ ယူဆတာကတစ်ကြောင်းကြောင့် တင်ပေးလိုက်ပါတယ်….

ဖြေ။ ။ ဒီမေးခွန်းကို လေ့လာကြည့်ရင် အဓိက ပြဿနာက စစ်တပ်တည်ရှိခြင်းနဲ့ ပါဏာတိပါတကံ ဆန့်ကျင်မှုဖြစ်နေသယောင် ထင်မြင်စရာရှိနေတဲ့ အချက်ပါ။ ဗုဒ္ဓဘာသာဆိုရင် စစ်တပ်ဆိုတာ မရှိရဘူးလို့ ပြောချင်သလား။ သို့မဟုတ် စစ်တပ်ရှိနေခြင်းဟာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေတယ်လို့ ဆိုချင်သလား။ ဗုဒ္ဓဘာသာက သူ့အသက်မသတ်ရဘူးလို့ ပြောပြီး စစ်တပ်ရှိမှုကိုတော့ မငြင်းပယ်ထားဘူး၊ ဒါဟာ ရှေ့နောက်မညီဖြစ်နေတယ်လို့ ဆိုချင်သလား။ ဒီလို အတွေးမျိုးက ယေဘုယျ ကြည့်ရင် ဖြစ်သင့်တယ်။ မေးသင့်မေးထိုက်တယ်လို့ ဆိုရမှာပါ။ ဒါကို နားလည်ဖို့အတွက်ဆိုရင် သိထားသင့်တဲ့အကြောင်းအရာတွေက အများကြီး ရှိနေပါတယ်။ အဲဒီအထဲက အချို့ကို ဆွေးနွေးတင်ပြသွားပါမယ်။

ပထမဆုံး မေးခွန်းထဲက မေးသူရဲ့ စကားရပ်လေးတွေကို အရင်ဆုံး ပြောကြည့်ရအောင်….
“ဗုဒ္ဓဘာသာတွင် ပါဏာတိပါတကံ မကျူးလွန်ရဘူးလို့ နားလည်ထားပါတယ်”တဲ့။ သာမန်ကြည့်ရင် ရှင်းရှင်းလေးပါ။ ဒါပေမယ့် သူရဲ့ (အဲဒီစကားရပ်)ရဲ့ concept ကို သိဖို့ လိုပါတယ်။ Concept အရ ဆိုလိုချက်တွေ အများကြီး ကွဲသွားနိုင်ပါတယ်။ အဲဒီလို မကွဲပြားဘဲ၊ ဗုဒ္ဓဘာသာအလိုအရ အတိအကျဖြစ်အောင် ပြောရရင် “ဗုဒ္ဓဘာသာတွင် ပါဏာတိပါတကံကို ကျူးလွန်လျှင် ရရှိလာနိုင်သောအပြစ်တို့ကို အကြောင်း+အကျိုးပြလျှက် မကျူးလွန်သင့်ကြောင်း ညွှန်ပြထားတယ်လို့ နားလည်ထားပါတယ်”လို့ ဆိုမှသာ ဗုဒ္ဓဘာသာကို အတိအကျ ထင်ဟပ်မိပါလိမ့်မယ်။ အောက်မှာ ထပ်ရှင်းပြပါမယ်။

“သူ့အသတ်ကို မသတ်နဲ့”

ဒီစကားလေးကို စဉ်းစားကြည့်ရအောင်။ ခရစ်ယာန်ကျမ်းစာမှာ ပညတ်တော် (၁၀)ပါး ရှိတယ်။ အခြားဘာသာတွေမှာလည်း များသောအားဖြင့် အသက်မသတ်ရဆိုတာတွေ ပါတယ်။ လူ့(တိရစ္ဆာန်များ မပါ) အသတ်ကို မသတ်ရဘူးလို့ တားမြစ်ထားကြပါတယ်။ ဘာဖြစ်လို့ မသတ်ရတာလဲ။ သူတစ်ပါးအသတ်ကို ဘာကြောင့် မသတ်နဲ့လို့ ပြောတာလဲ။ လေ့လာကြည့်လိုက်ရင် ယေဘုယျအကြောင်း (၂)ချက်ကို တွေ့ရတယ်။ နံပါတ် (၁)က ထာဝရဘုရားရဲ့ နှုတ်မြွတ်စကားဖြစ်လို့။ နံပါတ် (၂)က ကိုယ်ချင်းစာတရားထားရှိခြင်းအားဖြင့် မသတ်သင့်ကြောင်း တွေ့ရတယ်။ သတ်ရင် ဘာဖြစ်သလဲ။ ထာဝရဘုရားရဲ့ ပညတ်တော်ကို ချိုးဖောက်လို့ အပြစ်ကြီးတယ်။ ယေဘုယျတော့ ဒီအဓိပ္ပာယ်ပဲ ထွက်ပါတယ်။ ထာဝရစကားကို ချိုးဖောက်ခြင်းဟာ ခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာ ရောက်တယ်။ သက်ဆိုင်ရာ ဘာသာတရားကို ဆန့်ကျင်ရာကျတယ်။

ဗုဒ္ဓဘာသာအလိုအရ စဉ်းစားကြည့်ရအောင်။ သူ့အသတ်ကို မသတ်ရ..လို့ ဂေါတမဗုဒ္ဓက ပညတ်ထားသလား။ အဖြေကတော့ “မဟုတ်ဘူး”။ ဂေါတမမြတ်စွာဘုရားက သူ့အသတ်မသတ်ရလို့ မပညတ်ထားဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းထူးဆန်းသွားမယ်ထင်တယ်။ ဦးဇင်းဆိုလိုတာကို အောက်မှာ ရှင်းသွားပါလိမ့်မယ်။ မြတ်စွာဘုရားက သူ့အသတ်(အသက်ရှိသတ္တ၀ါအားလုံး)ကို သတ်ရင် ဘာတွေ ဖြစ်တတ်တယ်၊ ဘာတွေ ခံစားရတတ်တယ်။ မသတ်ရင် ဘယ်လို အကျိုးထူးတွေ ရနိုင်တယ်။ ဒီလိုပဲ ပြောတယ်။

“သူတစ်ပါး(သက်ရှိသတ္တ၀ါအားလုံး)ရဲ့ အသက်ကို သတ်ဖြတ်ရင် အသက်တိုခြင်း၊ အနာရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ အားအင်ချိနဲ့ခြင်း၊ အကြောက်တရား အားကြီးခြင်း၊ မိတ်ဆွေ နည်းခြင်း၊ သူတစ်ပါးသတ်တာ ခံရခြင်း…..စတဲ့အကျိုးတရားတွေကို ခံစားရမယ်၊ ဒါကြောင့် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းဟာ မကောင်းတဲ့အကုသိုလ်ပဲ၊ အကုသိုလ်ဆိုတာ ပဟာတဗ္ဗ-ပယ်သင့်တဲ့အရာ၊ အကတ္တဗ္ဗ- မပြုသင့်တဲ့အရာဖြစ်တယ်”
လို့ ဟောပါတယ်။ “ပဟာတဗ္ဗ၊ အကတ္တဗ္ဗ”ဆိုတဲ့ ပါဠိလေးက “should eradicate, should not do” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အထက်ပါ အကျိုးတရားတွေကို မကြောက်ရင် မိမိဆန္ဒအရ လုပ်ချင်လည်း လုပ်ပေါ့ဆိုတဲ့ သဘောပါ။ ဒါက အရေးကြီးတယ်နော်။

ဂေါတမမြတ်စွာဘုရားက သူ့အသတ်မသတ်ရလို့ မပညတ်ထားဘူး။ ဗုဒ္ဓမြတ်စွာအလိုအရ သူပြောလိုက်တဲ့အတွက်ကြောင့် မှန်နေတဲ့အမှန်တရားဆိုတာ မရှိဘူး။ ဖန်ဆင်းရှင်ဝါဒတွေမှာတော့ ထာဝရက မှန်တယ်လို့ ပညတ်ထားလိုက်လို့ မှန်နေတဲ့အရာတွေ ရှိတယ်။ ဗုဒ္ဓဘာသာမှာ အဲ့ဒီလိုမျိုး မဟုတ်ဘူး။ ဂေါတမမြတ်စွာက မှန်တယ်လို့ ပြောလို့ မှန်တယ်ဆိုတာမျိုး မရှိဘူး။ သဘာဝအရကိုက မှန်နေလို့ မှန်နေတာ။ ဆိုလိုတာက အကြောင်း+အကျိုးကို ချပြတယ်။ အကြောင်း+အကျိုးကို သရုပ်ခွဲပြတယ်။ လုပ်သင့်မလုပ်သင့်က ကာယကံရှင်ရဲ့ တာဝန်ပါ။ ဒီကွဲပြားချက်ကို အသေအချာ စဉ်းစားစေလိုပါတယ်။

ပညတ်ပေးတယ်၊ သတ်မှတ်ပေးတယ်ဆိုတာမျိုးဟာ “မလုပ်နဲ့၊ လုပ်ရင် ပညတ်သူကို ဆန့်ကျင်တာပဲ”လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာတစ်ခု ပြောကြည့်ရအောင်။ အထက်လူကြီးတစ်ယောက်က “ဟေ့ကောင် ဒါကို လုပ်လိုက်စမ်း သို့မဟုတ် ဒါကို လုံးဝမလုပ်ပါနဲ့”လို့ ပြောတာဟာ လုပ်ကို လုပ်ရမယ်နဲ့ လုံးဝမလုပ်ရဆိုတဲ့ အမိန့်အာဏာသံ ရှိပါတယ်။ ပုံသေသတ်မှတ်ချက် အဓိပ္ပာယ်ရှိတယ်။ “မလုပ်ရင်တော့ မင်း အပြစ်ကျူးလွန်ရာ ရောက်ပါတယ် သို့မဟုတ် လုပ်ရင်တော့ မင်း ငါ့ကို ဆန့်ကျင်တာပဲ”လို့ သက်မှတ်ပေးရာကျပါတယ်။

ဒီလို မဟုတ်ဘဲ “ဒါလေးလုပ်ရင်တော့ ဒီလို အကျိုးတရားတွေ ရှိတယ်။ ဒါကို လုပ်ရင်တော့ မင်းလည်း မကောင်းဘူး၊ မင်းမိသားစုအတွက်လည်း မကောင်းဘူး။ မင်းပတ်ဝန်းကျင်လည်း မကောင်းဘူး၊ အဲဒီ မကောင်းတာတွေ မဖြစ်စေချင်ဘူးဆိုရင်တော့ အဲဒါကို မလုပ်ပါနဲ့လား။ မလုပ်စေချင်ဘူး”။ ဒါကျတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ တစ်ဦးချင်းပုဂ္ဂလိက လွတ်လပ်မှုကို ဦးစားပေးရာ ကျတယ်။ “မင်း ဒါကို မလုပ်သင့်ဘူး”လို့ ငါပြောတယ်။ လုပ်ရင်တော့ မင်းကို ငါကတော့ ဘာအရေးယူမှုမှ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းလုပ်တဲ့အလုပ်ရဲ့ အကျိုးသက်ရောက်မှုကိုတော့ မင်းပဲ ခံစားရမယ်။ ဒါက ဗုဒ္ဓ၀ါဒရဲ့ အကြောင်း+အကျိုးနိယာမနဲ့ လူသားအပေါ် ပေးတဲ့အကြံဉာဏ်ပဲ။ ဗုဒ္ဓ၀ါဒက လူသားကို အမိန့်မပေးပါဘူး။

ဗုဒ္ဓ၀ါဒက “လုပ်ခြင်းနဲ့ မလုပ်ခြင်း” နှစ်ခုစလုံးအတွက် ၀င်ရောက်ခြယ်လှယ်မှုမရှိဘူးဆိုတာကို အရင်ဆုံး နားလည်ထားရမယ်။ လုပ်သင့်ခြင်းနဲ့ မလုပ်သင့်ခြင်းဆိုတဲ့ ဒဿန၊ အမြင်၊ အတွေးအခေါ်တွေကိုပဲ လမ်းကြောင်းပေးပါတယ်။ လုပ်သင့်ရင် လုပ်သင့်တဲ့အကြောင်း၊ မလုပ်သင့်ရင်လည်း မလုပ်သင့်ကြောင်းကို အကျိုးနဲ့အကြောင်းကို ချပြရုံသာချပြပြီး လုပ်ဖို့၊ မလုပ်ဖို့ ဆုံးဖြတ်ရမယ့်တာဝန်ကိုတော့ ကာယကံရှင်ကိုပဲ အာဏာကုန် လွှဲအပ်ထားပါတယ်။ ဒီအချက်က ဖန်ဆင်းရှင်ဝါဒတွေနဲ့ ကွာဟနေတဲ့ အဓိကအချက်ပဲ။

“ကြိုက်ရာရွေး”

ဒီတော့ မေးခွန်းမေးသူရဲ့ “ဘယ်လိုနည်းလမ်းနှင့်မဆို ကျူးလွန်ခွင့်မရှိပါ”ဆိုတဲ့စကားကလည်း အရာမထင်တော့ဘူးပေါ့။ ကျူးလွန်ခွင့်ရှိပါတယ်။ ကျူးလွန်ချင် ကျူးလွန်ပေါ့။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ အထက်မှာပြောခဲ့သလိုပဲ “အကောင်း+အဆိုး လုပ်ပိုင်ခွင့်”အားလုံး လူသားမှာ အပြည့်ရှိပါတယ်။ ဒီတော့ “ကျူးလွန်ခွင့်၊ ထိန်းသိမ်းစောင့်ရှောက်ခွင့်”ဆိုတဲ့ ဘက်နှစ်ခုလည်း အပြည့်ရှိနေတာပဲပေါ့။ ဒါပေမယ့် အကောင်းအဆိုး လုပ်ရပ်တွေရဲ့ ကောင်းကျိုးဆိုးကျိုးကိုတော့ သင် တာဝန်ယူရမယ်။ ဘယ်ထာဝရ၊ ဘယ်ဖန်ဆင်းရှင်ကမှ ဥုံဖွဆိုပြီး လုပ်ပေးလိုက်လို့ မရဘူး။ ဒါက ဗုဒ္ဓ၀ါဒရဲ့ အဓိက သော့ချက်ပဲ။

“ဘုရားဟောနဲ့ ညီမညီ”

နောက်ပြီး မေးခွန်းရှင်က “တိုင်းပြည်ကို မည်သို့ ကာကွယ်ရပါတော့မည်နည်း။ ဗုဒ္ဓဘာသာနိုင်ငံများ စစ်တပ်ထားခြင်းသည် ခုခံကာကွယ်သည်ပင် ဖြစ်စေကာမူ ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား”
အထက်မှာ ပြောခဲ့တဲ့ ဗုဒ္ဓမြတ်စွာပေးခဲ့တဲ့ ဟောကြားချက် သို့မဟုတ် ဗုဒ္ဓ၀ါဒသော့ချက်ကို နားလည်ပြီဆိုရင်တော့ “ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား”လို့ မေးနေစရာပြောနေစရာလည်း မရှိတော့ပါ။ အခုပြောတဲ့အထိ နားလည်မိပြီလို့ ထင်ပါတယ်။ ဗုဒ္ဓ၀ါဒက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘုရားဟောနှင့် ညီခြင်းမညီခြင်းကို အဓိက မထားပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓ၀ါဒက ညွှန်ပြတဲ့ ကောင်းမှု၊ မကောင်းမှုလုပ်ရပ်တွေရဲ့ အကျိုးအကြောင်းရှင်းပြချက်တွေကို ရှင်းလင်းသေချာစွာ နားလည်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ဖြင့် အကောင်းဆုံး ဆုံးဖြတ်နိုင်အောင် ပံ့ပိုးပေးရေးကိုသာ ဂရုစိုက်ပါတယ်။

“လောကအရေး၊ ဓမ္မအရေး”

တစ်ခါ နောက်ထပ်သိသင့်တာ၊ သတိပြုစရာတစ်ခု ရှိသေးတယ်။ ဗုဒ္ဓ၀ါဒဆိုတာ လောကုတ္တရာရေးကိုသာ အဓိက ဟောကြားညွှန်ပြတဲ့ ဘာသာမဟုတ်ဘူး၊ လောကရေးကိုလည်း အဓိကအစိတ်အပိုင်းတစ်ရပ်အနေနဲ့ လက်ခံထားတယ်ဆိုတာပါပဲ။ လောကရေးက လောကရေးသက်သက်၊ ဘ၀လွတ်မြောက်ရေးက ဘ၀လွတ်မြောက်ရေး သီးသန့်ခွဲခြားထားပါတယ်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်ကလဲ “အရှင်မင်းကြီး… တိုင်းပြည်ကာကွယ်တဲ့စစ်တပ်မထားနဲ့၊ စစ်တပ်ဆိုတာ ငါနဲ့ ဆန့်ကျင်တယ်”လို့ မပြောခဲ့ပါဘူး။ စစ်တပ်ရှိမှုကို လက်ခံခဲ့တဲ့ သာဓကတွေ ဟောကြားချက်တွေ အများကြီးပါပဲ။ စစ်တိုက်တဲ့ ကောသလဘုရင်စတဲ့ ဘုရင်တွေ၊ စစ်သူကြီးတွေနဲ့ တွေ့ရင်လည်း စစ်တပ်မရှိသင့်ကြောင်း မဟောကြားပါဘူး။ ဘာဖြစ်လို့ မဟောတာလဲ။ လောကအရေးဆိုတာကို သို့မဟုတ် လောကနိယာမကို သိမြင်သဘောပေါက်ထားလို့ပါပဲ။

နောက်ပြီး စေတနာကိုလည်း ထည့်တွက်ရပါမယ်။ စစ်သားတစ်ယောက်ကို “မင်း ဘာဖြစ်လို့ စစ်သား လုပ်ချင်လဲ”လို့ မေးရင် (ယေဘုယျအားဖြင့်) “ငါ လူသတ်ချင်လို့ စစ်သားလုပ်တာ”လို့တော့ ဘယ်စစ်သားမှ ဖြေမယ်မထင်ပါဘူး။ ပါဏာတိပါတကံကို ကျူးလွန်ချင်တဲ့ စေတနာနဲ့ စစ်သားလုပ်သူရယ်လို့ မရှိပါဘူး။ ယေဘုယျလို့ ထပ်ဖြည့်ပါအုံးမယ်။ ဘာဖြစ်လို့ စစ်သားလုပ်သလဲဆိုတော့ မိမိနေထိုင်ရာ တိုင်းပြည်ကို ကာကွယ်ချင်လို့ပါ။ အမျိုးဘာသာသာသနာကို ကာကွယ်ချင်တဲ့ စေတနာ၊ စောင့်ရှောက်ချင်တဲ့ စေတနာက အရင်းခံပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အမျိုးမျိုးတော့ စေတနာတွေက ကွဲပြားနေမှာပဲ။ အဓိက ပြောချင်တာက စစ်သားလုပ်ခြင်းဟာ ပါဏာတိပါတကံကို ကျူးလွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်တာကိုပါပဲ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်က ဗိမ္ဗိသာရလို သောတာပန်ဘုရင်တွေ၊ အဇာတသတ်တို့လို ဘုရားရှင်အပေါ်မှာ လေးစားယုံကြည်သူဘုရင်တွေ အများကြီးပါပဲ။ သောတာပန်ဘုရင်တွေဟာ ဘုရားအပေါ်မှာ အကြွင်းမဲ့ ယုံကြည်တာကြောင့် ဘုရားခိုင်းတာ အကုန်လုပ်မယ့်သူတွေပါ။ ဒါပေမယ့် သူတို့ကို စစ်တပ်ဆိုတာ မရှိသင့်ကြောင်း၊ စစ်တပ်ကို ဖျက်သိမ်းသင့်ကြောင်း မဟောပြောခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖြေက ရှင်းပါတယ်။ လောကသဘာဝဓမ္မအရ လူဆိုးလူကောင်းဆိုတာ ရောနေတဲ့အတွက် အာဏာကို အသုံးပြုရတဲ့အခါ စစ်တပ်ဆိုတာ ရှိနေရမှာ ဖြစ်လို့ပါပဲ။ လောကရေးရာကို ခွဲခြားနားလည်တော်မူလို့ပါပဲ။

ဒီနေရာမှာ အများကောင်းကျိုးအတွက်ဆိုတဲ့ စေတနာနဲ့ ပတ်သက်ပြီး စတုတ္ထနိပါတ်၊ စူဠကာလိင်္ဂဇာတ်မှာ လာတဲ့ ဖြစ်ရပ်လေးကို အတိုချုံးပြောချင်ပါတယ်။ ကာလိင်္ဂတိုင်း၊ ဒန္တပူရမြို့က ဘုရင်ကာလိင်္ဂမင်းဟာ ဒဿကတိုင်း၊ ပါဋလိမြို့ကို လာရောက်တိုက်ခိုက်ပါတယ်။ အဲဒီအခါမှာ ဘုရားအလောင်း နန္ဒိသေနအမတ်ဟာ အဿကဘုရင်နဲ့ စစ်တပ်ကို ဦးဆောင်ပြီး ကာလိင်္ဂမင်းရဲ့ စစ်တပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုမျိုး အများစုကောင်းကျိုးအတွက် စစ်တိုက်ရတဲ့၊ သို့မဟုတ် အသက်သေမှုမျိုးတွေ ဖြစ်ပေါ်စေတဲ့ တိုက်ပွဲတွေ ဆင်နွှဲခဲ့တာကို တွေ့နိုင်ပါတယ်။ တစ်ဖက်လူတွေကို နေရင်းထိုင်ရင်း သေကြေကြပါစေ၊ နာကျင်ကြပါစေ၊ ပျက်စီးကြပါစေဆိုတဲ့ စေတနာထက် လောကလူသားများ ငြိမ်းချမ်းပါစေ၊ ချမ်းသာပါစေဆိုတဲ့ စေတနာက လွန်ကဲနေကြောင်း သတိပြုနိုင်ပါတယ်။ ဒီလိုပြောလိုက်လို့ စစ်ပွဲမှာ လူသတ်တာ အပြစ်မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အပြစ်တော့ရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်ရန်သူကို သတ်ဆဲအခါမှာ သေစေချင်စိတ်တော့ ရှိနေမှာပဲ။ ဒါပေမယ့် မူလစေတနာဖြစ်တဲ့ အများပြည်သူ အေးချမ်းပါစေ၊ ငြိမ်းချမ်းပါစေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါစေဆိုတဲ့ စေတနာက လွန်ကဲခဲ့တော့ သာမန်ဒေါသအလျှောက်သတ်တဲ့ အမှုလောက်တော့ အပြစ်မကြီးနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ (ဒါကလည်း လူအားလုံး(စစ်သားအားလုံး)ရဲ့ အဇ္ဈတ္တကို အကုန်ပြောလို့တော့ မဖြစ်နိုင်တဲ့အတွက် ယေဘုယျဆိုတဲ့စကားလုံးကိုပဲ ထပ်ပြောရအုံးမယ်။) အထက်ပါအကြောင်းအရာတွေက ဘုရားအလောင်းတော်ဘ၀က ဖြစ်ရပ်တွေပါ။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အဖြစ်အပျက်လေးတစ်ခုကိုလည်း ဆက်ပြောပါမယ်။ ဗိမ္ဗိသာရမင်း လက်ထက်မှာ ဖြစ်ပါတယ်။ တစ်နေ့မှာ မင်းကြီးက “တိုင်းပြည်အစွန်အဖျားမှာ လူအများ ဒုက္ခရောက်အောင် သောင်းကျန်းနေသူတွေ ရှိနေတယ်၊ အချင်းတို့ သွားကြပါ၊ အဲဒီဒေသကို စည်ပင်ဝပြောအောင် လုပ်ကြပါ”လို့ အမိန့်ရှိလိုက်ပါတယ်။ (ဒီနေရာမှာ စည်ပင်ဝပြောအောင် လုပ်ကြ၊ တိုးတက်အောင် လုပ်ကြ-ဆိုတဲ့ စကားကို သတိပြုစေချင်ပါတယ်။ သူပုန်ပြဿနာကို ရှင်းခိုင်းတာဖြစ်ပေမယ့် သူပုန်ကို သတ်ချင်တဲ့စေတနာ မပါဘူး။ သူပုန်ပြဿနာရှင်းခိုင်းတယ်ဆိုတော့ အသက်တွေ သေကြမှာဆိုတာ သိတာပေါ့။ ဒါပေမယ့် သူတို့တွေ သေပါစေဆိုတဲ့ စိတ်စေတနာကို ပြဓာန်းမထားဘူး။ အဲဒီဒေသမှာ တိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရစေလိုတဲ့ ကောင်းမွန်တဲ့စေတနာ၊ အများကောင်းကျိုးဖြစ်ထွန်းစေချင်တဲ့စေတနာက လွန်ကဲနေပါတယ်)။

အဲဒီအခါမှာ စစ်သားတွေက စဉ်းစားပါတယ်။ “စစ်တိုက်သွားရမှာဆိုတော့ ငါတို့ မကောင်းမှုအကုသိုလ်တွေ အများကြီး ဖြစ်တော့မယ်။ ဒီအကုသိုလ်တွေ မဖြစ်အောင် ငါတို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ”လို့ စဉ်းစားကြပါတယ်။ စဉ်းစားကြရင်းနဲ့ နောက်ဆုံးမှာ အဖြေတစ်ခု ရသွားကြတယ်။ “အချင်းတို့ သာကီဝင်မင်းသား ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းတွေဟာ သီလ၊ သမာဓိ၊ ပညာတွေကို ပွားစီးနေကြတယ်။ ငါတို့လည်း ရဟန်းဝတ်လိုက်ရင် အကုသိုလ်တွေ ရှောင်ပြီးသား ဖြစ်သလို ကောင်းမှုကုသိုလ်တွေလည်း ပြုနိုင်ပါလိမ့်မယ်”လို့ဆိုပြီး ရဟန်းဝတ်သွားခဲ့ကြပါတယ်။

တစ်နေ့တော့ စစ်သူကြီးချုပ်တွေက “ဟ…စစ်သားတွေ ဘယ်ရောက်ကုန်ပြီလဲ”လို့ မေးပါတယ်။ ရဟန်းဝတ်သွားကြကြောင်း သိသွားကြတော့ ဘုရင်ဗိမ္ဗိသာရကို သွားပြောကြတယ်။ အဲဒီအခါ ဘုရင်က တရားသူကြီးအမတ်တွေကို “မင်းခစားတွေကို ရဟန်းဝတ်ပေးရင် ဘယ်လို အပြစ်ဒဏ်ပေးသင့်လဲ”လို့ မေးလိုက်ပါတယ်။ အဲဒီအခါ တရားသူကြီးအချို့က “ရဟန်းခံပေးတဲ့ ကိုယ်တော်ကို ခေါင်းဖြတ်သတ်သင့်တယ်”လို့ ဖြေကြတယ်။ အချို့က “ကမ္မ၀ါစာဖတ်တဲ့ကိုယ်တော်တွေကို လျှာဖြတ်သင့်တယ်”လို့ ဖြေကြတယ်။ အချို့က “ရဟန်းခံတာမှာ ပါတဲ့ကိုယ်တော်တွေရဲ့ နံရိုးတွေကို ရိုက်ချိုးသင့်တယ်”လို့ ဖြေကြတယ်။

ဒါနဲ့ မင်းကြီးဟာ စိတ်မကောင်းဖြစ်ပြီး မြတ်စွာဘုရားထံ ရောက်သွားပါတယ်။ သဒ္ဓါတရားမရှိသူ၊ မြတ်စွာဘုရားကို မကိုးကွယ်မဆည်းကပ်သူတွေဟာ အရှင်ကောင်းအရှင်မြတ်တွေကို ပြစ်မှားနိုင်စရာရှိတဲ့အတွက် မင်းခစားများကို ရဟန်းပြုမပေးဖို့ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကလည်း “အရှင်မင်းကြီး စစ်တပ်ဆိုတာ သူများအသတ်ကို သတ်ဖြတ်နေရတာ၊ အကုသိုလ်ဖြစ်တယ်၊ သူပုန်တွေ သောင်းကျန်းပါစေ၊ ထားလိုက်၊ စစ်တပ်ကိုလည်း ထားမနေနဲ့၊ ဖျက်သိမ်းလိုက်”လို့ မိန့်တော်မမူခဲ့ပါဘူး။
မြတ်စွာဘုရား မိန့်တော်မူလိုက်တာက “ရဟန်းတို့ မင်းခစားများကို ရှင်ရဟန်းမပြုပေးရ၊ ပြုလျှင် ဒုက္ကဋ်အာပတ်သင့်စေ”လို့သာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဗုဒ္ဓ၀ါဒဟာ လောကအရေးကို မျက်ကွယ်မပြုဘူး၊ ရှဥ့်လည်းလျှောက်သာ ပျားလဲစွဲသာဆိုတဲ့ လောက၊ ဓမ္မ နှစ်ဘက်လုံးကို မျှတစွာ လက်ခံစဉ်းစားကြောင်း ထင်ရှားလောက်ပြီ ထင်ပါတယ်။

ဦးဇင်းရဲ့ အဖြေကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ မရှင်းတာရှိရင် ထပ်မေးလို့ ရပါတယ်။ မည်သည့်ဘာသာကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်မရှိပါ။ လက်ရှိအနေအထားကို ပိုမိုထင်ဟပ်စေလိုတဲ့အတွက် အခြားဘာသာများနဲ့ နှိုင်းယှဉ်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP