* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, June 26, 2010

မေတ္တာတရားခြုံကာထားရင်ဖြင့်



အချစ်ကံတွေဘာကြောင့်ဆိုးရတာလဲဆိုတဲ့ ပိုစ့်လေးရေးပြီးတော့ ဆရာတော်တစ်ပါးက ဟောပြဆုံးမပေးပါတယ်။ ဒကာလေးရေ.. များများချစ်ရင် များများစိတ်ဆင်းရဲရမယ်.. နည်းနည်းချစ်ရင် နည်းနည်း စိတ်ဆင်းရဲရမယ် ဆိုတဲ့ အဆုံးမစကားလေးပါပဲ။ ဆရာတော်ဘုရားဟောပြဆုံးမပေးတာဟာ အင်မတန်မှ မှတ်သားစရာပါ။ ဆရာတော်ဘုရားဟောပြဆုံးမသလို အချစ်နဲ့ကင်းနိုင်လေလေ သောကမီးတွေ အပူမီးတွေ ငြိမ်းအေးလေလေပါပဲ.. ဘယ်သူ့ကိုမှ မချစ်မမုန်းနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အချစ်နဲ့ကင်းနိုင်သမျှကင်းကွာအောင် နေနိုင်တဲ့သူတွေအတွက်တော့ အချစ်အကြောင်းနဲ့ပတ်သက်လို့ ကြားရတဲ့စကားတွေဟာ နားရှက်စရာ ဖြစ်နေမှာပါ.. ဒါပေမယ့် အချစ်နဲ့မကင်းကွာနိုင်တဲ့ လူအများစုအတွက်တော့ အချစ်နဲ့ပတ်သက်ပြီး တရားသဘောနဲ့သိမြင်ရတဲ့ အသိအမြင် အတွေးအခေါ်လေးတွေဟာ အချစ်ပြဿနာတွေအတွက်တော့ ဖြေဆေးတစ်ခွက် သောက်လိုက်ရသလိုပါပဲ.. ပေးလိုက်တဲ့ဖြေဆေးလေးဟာ အချစ်နဲ့ပတ်သက်ပြီး ခံစားနေရတဲ့ ပြဿနာလေးတွေအတွက် ရောဂါနဲ့ဆေးတည့်သွားမယ် ဆိုရင်တော့ အနည်းအကျဉ်းတော့ သက်သာသွားနိုင်ပါတယ်။ ပုထုဇဉ်ဖြစ်နေတဲ့အတွက် အချစ်ဆိုတဲ့ အဆိပ်အတောက်တွေတော့ အနည်းနဲ့အများ စားမိနေကြမှာပါပဲ.. စားမိနေတဲ့ အဆိပ်အတောက်လေးတွေအတွက် နည်းနိုင်သမျှနည်းပြီး အဆိပ်တွေလျော့သထက် လျော့စေဖို့ ဖြေဆေးလေးကလည်း မရှိမဖြစ်လိုနေအုံးမှာပါ။

အချစ်ဆိုတာပြောလိုက်မယ်ဆိုရင် သမီးရည်းစားအချင်းချင်း အပြန်အလှန်ချစ်ကြတဲ့ အချစ်ကိုပဲပြေးပြီး မြင်မိတတ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ချစ်တာတွေ အမျိုးမျိုးရှိပါတယ်.. ချစ်သူအချစ်၊ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ မောင်နှမအချစ်၊ မိဘနဲ့သားသမီးအချစ်ဆိုပြီးတော့ စသည်စသည် များစွာပါပဲ။ အချစ်နဲ့ပတ်သက်ပြီး ချစ်နေရတဲ့လူတွေအတွက် ချစ်တတ်ဖို့ဟာလည်း အရေးကြီးပါတယ်။ အချစ်နဲ့ပတ်သက်တဲ့ သဘောတွေကို သေချာနားလည်မှသာ မိသားစုချင်း အပြန်အလှန်ချစ်ခင်ကြတဲ့အချစ်၊ သူငယ်ချင်း အချင်းချင်း အပြန်အလှန်ချစ်ခင်ကြတဲ့အချစ်တွေနဲ့ သမီးရည်းစားအချစ်တွေဟာ အဆင်ပြေချောမွေ့လာမှာပါ။ တချို့မိသားစုတွေ သူငယ်ချင်းတွေ အပြန်အလှန်ချစ်ခင်ကြပါတယ်.. ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အပြစ်မြင်လာတတ်တာတွေ၊ အဆင်မပြေတာတွေ၊ နားလည်မှုမရှိတာတွေ ကြုံတွေ့လာရတတ်ပါတယ်။ တချို့တလေဆို အင်မတန်ချစ်ခင်ကြရာကနေ တစ်ဦးနဲ့တစ်ဦး အသေးအဖွဲလေးကအနေ ပြဿနာအကြီးတွေဖြစ်ပြီး လမ်းမှာတွေ့ရင် မခေါ်မပြောချင်လောက်အောင် ဖြစ်သွားတတ်တာတွေ၊ တစ်ဦးကတစ်ဦးကို ရန်ညှိုးထားပြီး လက်စားချေတုံ့ပြန်တာတွေတောင် ဖြစ်လာတတ်ပါသေးတယ်။ အစတုန်းကတော့ သူငယ်ချင်းအချင်းချင်း ညီအစ်ကိုမောင်နှမအချင်းချင်း သမီးရည်းစားအချင်းချင်း ချစ်လှပါတယ် ခင်လှပါတယ်ပြောပြီး နောက်ကျမှ ရန်သူတွေလိုဖြစ်သွားရလောက်အောင် ဘာတွေကများ နှောက်ယှက်ဖျက်ဆီး စေရတာလဲ။


သမီးရည်းစားချင်း ချစ်ကြတာပဲဖြစ်ဖြစ်၊ မောင်နှမအချင်းချင်း ချစ်ခင်ကြတာပဲဖြစ်ဖြစ်၊ မိသားစုအချင်းချင်း သူငယ်ချင်းအချင်း ချစ်ခင်ကြတာပဲဖြစ်ဖြစ်ပေါ့.. အဆင်မပြေဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကိုယ်ကောင်းသလောက် သူကပြန်မကောင်းတဲ့အခါ၊ ကိုယ်လုပ်တာ ကိုယ်ပြောတာပဲ အမှန်ထင်တဲ့အခါ၊ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်တွေ ၀င်နေတဲ့အခါတွေမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုတွေ စတင်ဖြစ်ရတော့တာပါပဲ။
အဓိကကတော့.. ငါ့အတွက်ဆိုတဲ့ ကိုယ့်အတ္တ ကိုယ့်အကျိုးကိုရှေ့တန်းတင်ပြီး တစ်ပါးသူကိုအပြစ်မြင်တတ်၊ ပြစ်တင်ပြောဆိုတတ်တာတွေက စမိတာပါပဲ။ တစ်ဦးနဲ့တစ်ဦး မေတ္တာတရားနဲ့လွှမ်းခြုံပြီး မဆက်ဆံမိကြတဲ့အခါ ငါဆိုတဲ့အတ္တတွေက ရှေ့ကနေရာယူပြီး အမုန်းတွေပွားကြရတာပါပဲ။ ဒါမို့လို့ ဆရာတော်အရှင်ဆန္ဒာဓိကက ဟောပြဆုံးမထားပါတယ်.. "တစ်ဦးနဲ့တစ်ဦး အေးချမ်းစွာ ချစ်ခင်နိုင်ဖို့အတွက် အဓိကအရေးကြီးဆုံးနဲ့ ချစ်တတ်ဖို့ကတော့ မေတ္တာတရား လက်ကိုင်ထားခြင်းပါပဲ" တဲ့။ တစ်ပါးသူအပေါ်မှာ စစ်မှန်သန့်စင်တဲ့ မေတ္တာတရားတွေ များများပေးနိုင်လေလေ တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြတဲ့နေရာတွေမှာ အဆင်ပြေချောမွေ့လေလေပါပဲ။ မစစ်မမှန်တဲ့မေတ္တာတွေ ရှိနေသ၍တော့ တစ်ဦးနဲ့တစ်ဦးဘယ်လောက်ချစ်ပါတယ် ခင်ပါတယ်ပြောပြော.. နောက်ကျရင် အဆင်မပြေတာတွေနဲ့ပဲ ကြုံတွေရအုံးမှာပါ။

တစ်ဦးနဲ့တစ်ဦး ချစ်လှပါပြီ ခင်လှပါပြီဆိုပြီး အဆင်မပြေဖြစ်ကြတာတွေဟာ မေတ္တာဓါတ်မပါကြလို့ပါ။ တစ်ဦးနဲ့တစ်ဦး ကြာလာရင်အပြစ်တွေ မြင်လာတတ်တာဟာ မေတ္တာဓါတ်တွေ ခမ်းခြောက်မှုကြောင့်ပါပဲ။ မေတ္တာအကြောင်းပြောမိတော့ မေတ္တာနဲ့ပတ်သတ်ပြီး မေတ္တာရဲ့သဘော၊ မေတ္တာရဲ့အဓိပ္ပါယ်တွေ သိဖို့လိုအပ်ပါတယ်။ အချို့ကထင်ကြပါတယ် ငါဒီလောက်သူ့အပေါ် မေတ္တာထားတာ ငါ့အပေါ်လည်း မေတ္တာပြန်မထားဘူးဆိုတာမျိုးတွေ တွေးတတ်ပါတယ်။ တကယ်တော့ မေတ္တာရဲ့သဘေတရားဟာ သူတစ်ပါးရဲ့အကျိုးစီးပွားကိုသာ လိုလားတောင့်တပါတယ်။ ကိုယ့်အကျိုးကို ဘယ်တော့မှ ပြန်လည်မတောင့်တတတ်ပါဘူး။ သူ့အပေါ်မေတ္တာထားတယ်ပြောပြီး ကိုယ့်အကျိုးကို ပြန်လည်တောင့်တနေတာဟာ မေတ္တာအစစ်အမှန် မဟုတ်သေးပါဘူးနော်။


နောက်မေတ္တာရဲ့သဘောတရားကတော့ မိမိအတွက်ရော တစ်ပါးသူအတွက်ပါ အမြဲတမ်းအေးချမ်းပါတယ် တစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့နေရာမှာ ပူလောင်တယ်ဆိုတာလည်း မရှိပြန်ပါဦး။ သူ့အကြောင်းစဉ်းစားရလို့ ပူပန်နေရရင် ကိုယ်သူ့အပေါ်ထားတဲ့မေတ္တာ မစစ်မှန်သေးပါဘူး။ မေတ္တာရဲ့သဘောတရားဟာ အမြဲတမ်းနူးညံ့သိမ်မွေ့သလို အင်မတန်မှလည်း အေးမြပါတယ်။ မေတ္တာရဲ့သဘောဟာ သူတစ်ပါးရဲ့ကောင်းကွက်ကိုသာ ကြည့်တတ်ပြီး တစ်ပါးသူကိုဘယ်တော့မှ အပြစ်မမြင်တတ် ခွင့်လွှတ်တတ်တဲ့သဘောတွေ ပါဝင်ပါတယ်။ သူငယ်ချင်းအချင်းချင်း၊ မိသားစုအချင်းချင်း၊ သမီးရည်းစားအချင်းချင်း မေတ္တာသန့်သန့်နဲ့သာ ချစ်ခင်တတ်သွားမယ်ဆိုရင် အချင်းချင်း စကားများတယ် ရန်ဖြစ်တယ် အညှိုးထားတယ် ဆိုတဲ့စကားလုံးတွေဟာ အိမ်မက်ထဲမှာတောင် ထည့်မက်လို့ရမှာ မဟုတ်ပါဘူးနော်။ တကယ်တော့ ကိုယ်စေတနာထားသလို ကိုယ်မေတ္တာထားသလို ရောင်ပြန်မဟတ်တာတွေဟာ ကိုယ့်မေတ္တာမစစ်သေးလို့ပါပဲ။ တပါးသူအပေါ်မှာ မေတ္တာစေတနာတကယ်ထားတတ်ရင် ကိုယ့်အပေါ်မှာလည်း မေတ္တာနဲ့တူတဲ့ တန်ပြန်အကျိုးတွေ ဧကန်ရောက်လာမှာပါ။


မေတ္တာတရားနဲ့ချစ်ဖို့ပြောလိုက်တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အောင်ခြင်းရှစ်ပါးကို မေတ္တာနဲ့လွှမ်းမိုးပြီး အောင်မြင်ခဲ့တာလေးမြင်မိပါတယ်။ ဘုရားရှင်ရဲ့မေတ္တာဓါတ် အားကောင်းမှုကြောင့် အင်မတန်ဆိုးဝါးပါတယ်ဆိုတဲ့ အသိဥာဏ်မရှိတဲ့ နာဠာဂီရိဆင်လိုမျိုး တိရိစ္ဆာန်တောင် မျက်ရည်ကျခဲ့ရပြီး ဘုရားရှင်ကို ဦးညွတ်ခဲ့ရပါတယ်။ အသိဥာဏ်မရှိပါဘူးဆိုတဲ့ တိရိစ္ဆာန်တစ်ကောင်တောင် မေတ္တာတရားရဲ့စစ်မှန်မှုကြောင့် ဒူးထောက်ဦးညွတ်ခဲ့ရတယ်ဆိုရင်.. အသိဥာဏ်ရှိတဲ့ လူသားအချင်းချင်းဆို မေတ္တာတရားရဲ့သက်ရောက်မှုဟာ ဆိုဖွယ်ရာရှိမယ် မထင်ပါဘူး။ ဘုရားရှင်ကို အမျိုးမျိုးဒုက္ခပေးတဲ့ အမျိုးမျိုးရန်မူပါတယ်ဆိုတဲ့ ဒေ၀ဒတ္တတောင် ဘုရားရှင်ရဲ့မေတ္တာတရားသန့်စင်မှုကို မြေမြိုခါနီးမှာ လက်အုပ်ချီပြီး ရှိခိုးတောင်းပန်ခဲ့ရတာပဲ မဟုတ်ပါလား။ ဒါတွေဟာ မေတ္တာတရားရဲ့စစ်မှန်မှုတွေပါပဲနော်။ ဘုရားရှင်ဟာ ရန်သူမိတ်ဆွေမရွေး သတ္တ၀ါအားလုံးကို သားတော်ရာဟုလာအပေါ်မှာ ထားရှိတဲ့မေတ္တာအတိုင်း သန့်စင်တဲ့မေတ္တာတွေပေးခဲ့တဲ့အတွက် ပေးခဲ့တဲ့မေတ္တာတွေအတိုင်း ပြန်လည်ရရှိခဲ့တာပါပဲ။ ဘုရားရှင်ရဲ့အဆုံးမတွေကို လက်ခံယုံကြည်တယ်ဆိုရင်ဖြင့် မေတ္တာတရားရဲ့သန့်စင်မြင့်မြတ်မှုကို ကျင့်သုံးလက်ကိုင်ထားသင့်ပါပေတယ်။


မေတ္တာထားတယ်ဆိုတာ မေတ္တာသုတ်ရွတ်နေရုံ၊ မေတ္တာပွားနေရုံနဲ့တင် ပြည့်စုံသွားနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ရွတ်နေတဲ့အတိုင်း ကိုယ်ပွားနေတဲ့အတိုင်း တစ်ပါးသူအပေါ်မှာထားရှိတဲ့မေတ္တာတရားတွေ သန့်စင်မှသာ မေတ္တာရဲ့တန်ပြန်တဲ့အကျိုးတွေကို ခံစားရမှာပါ။ ကိုယ်နဲ့ဆက်ဆံပတ်သက်နေတဲ့သူတွေ ဘယ်သူ့ကိုမဆို မေတ္တာသန့်သန့်လေးနဲ့ ချစ်ခင်တတ်သွားမယ်၊ ကိုယ်နဲ့နှုတ်နဲ့မေတ္တာတရားတွေရှေ့ထားပြီး ကောင်းကျိုးတွေ လုပ်ဆောင်ပေးနေမယ်၊ လူတိုင်းအပေါ် အကောင်းမြင်စိတ်ထားနဲ့ အကောင်းမြင်စကားတွေပဲ ပြောပြီး သူတစ်ပါးရော မိမိရောအေးချမ်းနေမယ်ဆိုရင်ဖြင့် မေတ္တာလေးနဲ့လွှမ်းခြုံထားတာပါပဲ။ ဒီလိုပါပဲနော်.. မိသားစုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ သမီးရည်းစားအချင်းချင်း နှစ်ဦးနှစ်ဖက်အေးချမ်းစေပြီး မေတ္တာတရားလေးနဲ့ ထွေးထွေးပိုက်ပိုက် ယုယမယ်ဆိုရင် တန်ပြန်တဲ့အေးချမ်းမှုမေတ္တာတွေ ကိုယ့်ဆီကို မခေါ်ပဲ ရောက်လာမှာပါ။ သမီးရည်းစာတွေအတွက် အချစ်ကံတွေကောင်းပြီး အကောင်းကံတွေဖြစ်ချင်တယ်ဆိုရင်လည်း မေတ္တာဓါတ်က အဓိကကျနေပါတယ်။ အဓိကကတော့ကိုယ့်မေတ္တာတွေ စစ်မှန်ဖို့ပါပဲ။ တူသောအကျိုးပေးတယ်ဆိုတဲ့ ဘုရားရဲ့အဆုံးမတွေကို ဘယ်အရာကများ ဟန့်တားနိုင်တာမှတ်လို့….။ ယုံကြည်တယ်ဆိုရင်ဖြင့် တကယ့်မေတ္တာစစ်နဲ့အားလုံးကို လွှမ်းခြုံနိုင်အောင် မေတ္တာစစ်တွေထားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP