* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, May 25, 2010

အသိတရားနဲ့ အဆင့်အတန်း

ဒေါက်တာအရှင်ဣန္ဒက
ဟိုတလောဆီက သတင်းစာတွေထဲမှာ သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယ နိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေတဲ့အကြောင်း၊ အိန္ဒိယလူမျိုးတွေ အနှိမ်ခံနေရကြောင်းနဲ့ (တကယ်တော့ နိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသားတွေကို နှိမ်နေတာပါ) ဒါကိုမကျေနပ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမှာရှိတဲ့ သြစတြေးးလျသံရုံးမှာ သွားဆန္ဒပြကြတဲ့ အကြောင်းတွေ နေ့တိုင်းနီးပါး ဖတ်နေရတယ်။ ဘာလို့ ဒီနေ့ခေတ်အထိ လူမျိုးရေး ခွဲခြားခွဲခြား ဆက်ဆံနေရတာလဲ။ စဉ်းစားကြည့်တော့……
၂၀၀၃ - ခုနစ်ကစလို့ သုံးနှစ်ကျော် လေးနှစ်နီးပါး အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း (ဘုံဘေ) မြို့မှာ ပညာရေး ကိစ္စနဲ့ နေခဲ့ရတယ်။ အလွှာပေါင်းစုံက လူပေါင်းစုံကို ထဲထဲဝင်ဝင် တရင်းတနှီးဆက်ဆံခွင့်ရခဲ့တယ်။
စာပို့သမား (Postman) နဲ့လဲ သိခဲ့ရတယ်ဆိုပါတော့။ တစ်နေ့ ဒီစာပို့သမား စာလာပို့ပြီး ပြူတင်းပေါက်ကနေ အမှိုက်တွေပစ်ချတယ်။ မပစ်ချဘို့ပြောတော့ “ဒီအမှိုက်ထဲမှာ လိပ်စာမပါဘူး။ အမှိုက်ပစ်ချသူနောက်ကို ဘယ်လိုမှ ခြေရာခံလိုက်လာနိုင်စရာအကြောင်းမရှိဘူး၊ ပြဿနာ မတက်နိုင်ပါဘူး” တဲ့။ ပြောပြောဆိုဆို အမှိုက်တွေကို ဆက်ပစ်ချတယ်။
အော်၊ အိန္ဒိယနိုင်ငံသားကုလားတွေကို ခွဲခြားဆက်ဆံနေတာ၊ နှိမ်နေတာ ဒါ့ကြောင့်ကိုး။
တကယ်တော့ အိန္ဒိယနိုင်ငံကြီးဟာ အကြီးကြီးပါ။ ပညာရှင်တွေလဲ ပေါမှပေါ။ ၀ိဇ္ဇာ၊ သိပံ္ပ၊ ကြိုက်တဲ့ဘက်ကစမ်း၊ ယှဉ်ဝံ့တဲ့ ယှဉ်နိုင်တဲ့နိုင်ငံကြီးပါ။ စီးပွါးရေးမှာရော၊ အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံထက် သန်းကြွယ်သူဌေးဦးရေပိုများဆိုပဲ။ ဘာသာရေးဘက် လှည့်ကြည့်အုံးမလား။ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံ အကုန်ရှိတယ်။ အမယ်၊ နိုင်ငံရေးမှာလဲ အထင်မသေးနဲ့။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုပီး ဂုဏ်ယူနေလေရဲ့။
ခြုံပြီးပြောရရင် အိန္ဒိယနိုင်ငံဟာ အစစအရာရာ ထိတ်တန်းကချည်းပဲ။ ဒါပေမဲ့ ကမ္ဘာ့အလည်မှာ အိန္ဒိယနိုင်ငံသားတွေ အနှိမ်ခံကြရတယ်။ မျက်နှာငယ်ကြရတယ်။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ အထက်ကပြောခဲ့တဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ရှိတဲ့သူတွေ များနေလို့ပါပဲ။
ဒို့နိုင်ငံသားတွေရဲ့ အခြေအနေကရော။
ဟိုနိုင်ငံ ဒီနိုင်ငံ အသွားအလာများလာပြီး နိုင်ငံခြားမှာ အနေများလာလေ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်တဲ့စိတ် (မျိုးချစ်စိတ်) ပိုပြင်းထန်လာလေပဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို နှိမ်တာ လုံးဝ မကြိုက်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်သေးစကားပြောလာရင် မခံနိုင်လွန်းလို့ ပြန်ပြောရတာ ဖြေရှင်းရတာလဲ အမောသား။ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးတွေကိုလဲ အသိတရားမြင့်မြင့် အဆင့်အတန်းရှိရှိ သိပ်နေစေချင်တာပဲ။
အိမ်တစ်အိမ်အနီးမှာ (သို့) တိုက်ခန်းအတက် လှေခါးဒေါင့်တစ်နေရာမှာ ကွမ်းတံထွေးတွေ့ရင် ဗမာရှိတာ သေချာတယ် လို့ မလေးရှားရောက် ဗမာလေးတစ်ယောက်က ပြောဘူးတယ်။ သာရေးနာရေးကိစ္စတစ်ခုခုနဲ့များ အိမ်တစ်အိမ်အိမ်ကို ကြွတဲ့အခါ လှေခါးဒေါင့်တွေမှာ ကွမ်းထွေးတွေ နီရဲနေရင် သူတို့အစား မျက်နှာပူရတော့တာပဲ။ တရားခံက ကိုယ့်လူတွေလေ။ ဒီလိုတွေ့ကရာနေရာတွေမှာ ကွမ်းထွေးတွေထွေးလို့ ဒို့လူမျိုးတွေကိုတော့ အထင်သေးတော့မှာပဲလို့ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ ကွမ်းထွေးကို စည်းမဲ့ကမ်းမဲ့ထွေးတာဟာ ကိုယ့်မှာ အသိတရားနဲ့ အဆင့်အတန်းဘယ်လောက်ရှိတယ်ဆိုတာ ဖော်ပြနေတာပဲမဟုတ်လား။
ဗမာတွေနဲ့စကားပြောရတာ အတော်ဖီးအောက်တယ်၊ စကားပြောရင်းလဲ ကွမ်းဝါးနေတာပဲ၊ ပါးစပ်တွေက ရဲပြီး သွားတွေက မဲလို့။ ဒီကြားထဲ ကွမ်းထွေးကို ပစ်ခနဲထွေးလိုက်သေးတယ်၊ အတော်မသတီစရာ ကောင်းတာပဲလို့ တရုတ်မကြီးတစ်ယောက်က ပြောဘူးတယ်။
ဒီတရုတ်မကြီးပြောတဲ့စကားကို အလေးအနက်ထား စဉ်းစားပြီး ဆင်ခြင်သင့်တယ်။ သူပြောတဲ့ စကားထဲမှာ “ဗမာတွေ” လို့ သုံးနှုန်းတဲ့အတွက် ကိုယ်တို့လူမျိုးအကုန်လုံး ရွံစရာလူမျိုးတွေဖြစ် ကုန်တယ်။ ငါးခုံးမ သုံးလေးကောင်ကြောင့် တစ်လှေလုံးပုတ်ရတယ်ဆိုတဲ့ သဘောပါပဲ။ (ငါးခုံးမ က တစ်ကောင်မကတော့ဘူး)။ ကွမ်းစားတဲ့သူကြောင့် ကိုယ့်လူမျိုးတစ်မျိုးလုံး အထင်သေးခံရတာကို သဘောပေါက်ရမယ်။
ငယ်ငယ်ကတည်းက ကွမ်းစားသူတွေနဲ့ ယဉ်ပါးလာတဲ့ ကိုယ်တို့အတွက် မထူးဆန်းပေမဲ့ တခြားနိုင်ငံသားအနေနဲ့ မသတီ ရွံရှာဖွယ်ရာ လူမျိုးဖြစ်သွား တယ်ဆိုတာ နားလည်ရမယ်။ ကိုယ်တောင် ကိုယ့်သူငယ်ချင်းဆရာတော်တွေ ကွမ်းဝါးပြီး ကွမ်းထွေးတွေကို ကွမ်းထုတ်အိပ်ခွံ သေးသေးလေးထဲ ထွေးထည့်နေတာကို မြင်ရရင် အတော်စိတ်မသက်မသာဖြစ်မိ သေးတယ်။
နိုင်ငံခြားကို အကြောင်းကြောင်းကြောင့် ရောက်လာတဲ့မြန်မာနိုင်ငံသားတိုင်းဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ကိုယ့်မိသားစုတစ်စုတည်းကိုသာ ကိုယ်စားပြုတော့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတာပါ။ ကိုယ်လုပ်တဲ့အပြုအမူ၊ ကိုယ်ပြောတဲ့အပြောအဆိုတွေဟာ မြန်မာနိုင်ငံသားပြုတဲ့ ပြောတဲ့ အပြုအမူ အပြောအဆိုတွေ ဖြစ်ကုန်တော့တာ။
သြစတြေးးလျနိုင်ငံမှာ သြစတြေးးလျနိုင်ငံသားတွေက အိန္ဒိယနိုင်ငံသားတွေကို ခွဲခြားဆက်ဆံနေ ပြီ။ အသိတရားနဲ့ အဆင့်အတန်း အင်မတန်နိမ့်ကျတဲ့ စာပို့သမားလို ဘယ်သူသေသေ ငတေမာပြီး ရော စိတ်ဓာတ်ရှိတဲ့ သူတွေ များနေလို့ပါပဲ။ ဒို့နိုင်ငံသားတွေကိုရော ရောက်လေရာနိုင်ငံတွေမှာ ခွဲခြားဆက်ဆံခံနေရပြီလား။ အနှိမ်ခံနေရပြီလား။
(ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ထည့်မစဉ်းစားပဲ အတ္တကြီးမားစွာ) စည်းမရှိ ကမ်းမရှိ တွေ့ရာနေရာမှာ
ကွမ်းထွေးတွေကို မဆင်မခြင် ထွေးနေ လို့ကတော့……

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP