* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Sunday, April 18, 2010

အားလုံးဟာ ဆွေမျိုးတွေပါ


“ဘ၀သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူ မရှိပါဘူး” ဒီစကားလေးက မြတ်ဗုဒ္ဓ မိန့်ကြားထားတဲ့ စကားလေးပါ။ ဒီစကားလေးက ဆင့်ပွါးလို့ “သွေးဟာ ရေထက် ပျစ်တယ်”လို့ ဆိုထားပြန်တော့ ဒါကို နားလည်ထားမိပြန်တာက ဒီလိုပါ။
စည်းလုံးညီညွတ်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ အစစအရာရာ ညှာတာထောက်ထားခြင်း၊ နားလည်းခွင့်လွှတ်နိုင်ခြင်းစသဖြင့်တွေမှာ သူစိမ်းဖြစ်သူထက် ကိုယ့်ဆွေမျိုးသားချင်းတွေမှာ ပိုလို့ အားသာတယ်လို့ ဆိုတာပါ။

ဒီနေရာမှာ ဆွေမျိုးဆိုတာလေးကို ခွဲခြားကြည့်ချင်ပါသေးတယ်။ ညီအကိုမောင်နှမအချင်းချင်း သားအမိ အချင်းချင်း သားအဖအချင်းချင်းစတာတွေကို ဆွေမျိုးသားချင်းလို့ ဆိုကြပါတယ်။ တကယ်တော့လည်း မြန်မာမြေပေါ်မှာ ပေါက်ဖွားတဲ့လူကလည်း တမြေတည်းမှာပေါက်ဖွားလို့ ဆွေမျိုးပါပဲ။ အဲဒီထက်ချဲ့ကား ကြည့်မယ်ဆို ယင် အရှေ့တောင်အာရှတစ်ခုလုံး။ နောက်ထပ် ချဲ့ကားကြည့်မယ်ဆိုယင် အာရှတိုက်တစ်တိုက်လုံးမှ တစ်ကမ္ဘာ လုံးအထိပါ။ အဆုံးစွန် ချဲ့ကားကြည့်မယ်ဆိုယင်တော့ ဟောဒီသတ္တလောကကြီး တစ်ခုလုံးလို့ ဆိုရမှာပါ။ ဟိုဘက်ဘ၀ ဒီဘက်ဘ၀တွေဆိုတာ ထားလိုက်ပါဦး။ နိုင်ငံတစ်ခုတည်းမှာ အတူတူ နေကြမယ်၊ တစ်ခုတည်း သောကမ္ဘာမှာ အတူတူ အသက်ရှင်နေကြမယ်၊ သတ္တလောကကြီးတစ်ခုအတွင်းမှာ အတူတူ ရပ်တည်နေကြ မယ်ဆိုယင် တစ်ခုတည်းသောအရာဌာနပေါ်မှာ ရပ်တည်နေကြလို့ တကယ်တော့ ဆွေမျိုးသားချင်းတွေချည်း ပါပဲ။ သုံးစွဲနေကျဖြစ်တဲ့စကားလေးကတော့ “တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတယ်” လို့ ဆိုရမှာပါ။

ဒီခရီဟား တစ်ဦးတည်း ချီတက်လာရတဲ့ ခရီးပါ။ စလုံးရောက်မှ သူငယ်ချင်းများနဲ့ စကားပြောဖြစ်ကြလို့ ဒီခရီးကို သွားဖြစ်ခြင်းပါ။ မလေးကနေ ဗီဇာယူရင် ဈေးသက်သာတယ်လို့ သိရှိပေမယ့် ဗီဇာကို စလုံးမှာပဲ ယူထားဖြစ်လိုက်တယ်။ ပထမကတော့ ကေလ်ကနေ တိုက်ရိုက် မြန်မာပြန်ဖို့အတွက် ကိုလံဘိုလ်ကတည်းက လေယာဉ်လက်မှတ် ဖြတ်လာတာပါ။ ကေလ်က သူငယ်ချင်းများက သီဟိုလ်မှာကတည်းက သူငယ်ချင်း တွေလည်းဖြစ်နေတော့ အစစအရာရာ ကူညီကြပါတယ်။ ည ၉-နာရီလောက် ကျောင်းက ထွက်တယ်ဆိုယင်ပဲ ကားနားထိ သူငယ်ချင်းနှစ်ပါးစလုံးက လိုက်ပို့ကြပါတယ်။ အဲဒီနောက်တော့ တစ်ဦးတည်းသောခရီးကို စတင်ခဲ့ ပါတယ်။ နာရီဝက်ကျော်ကျော်လောက်မှာ ကားဂိတ်ကို ရောက်လို့လာတယ်။ အဲဒီကား ဂိတ်က ၁၀-နာရီကားနဲ့ ထွက်ခွါလာတာပါ။ express ကားကြီးပေါ်မှာ မြန်မာများ ပါသလား မပါသလားတော့ မသိ။ သာသနာ့ဝန်တမ်း ဆိုလို့ စာရေးသူ တစ်ဦးတည်းပါ။

ညပိုင်း အင်မီဂရေးရှင်းဂိတ်နားရောက်တယ်ဆိုယင်ပဲ အားလုံးဆင်းပြီး တန်းစီ သွားကြရတယ်။ အဆင် ပြေစွာပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ ဟိုဘက်နိုင်ငံရဲ့ အ၀င်ဂိတ်မှာ ကိုယ်သွားမဲ့နေရာရဲ့ လိပ်စာမပါလို့ လိပ်စာကို ထပ်ဖြည့်ခိုင်းပါတယ်။ စာရေးသူက ဖုံးနံပါတ်ပဲ ရှိတယ်လို့ပြောတော့ မရဘူး ဖြည့်ပေးပါတဲ့။ လိပ်စာကို ဟိုရှာ ဒီရှာနဲ့ လုပ်နေတာ ၅-မီနစ်လောက်ကြာသွားလို့ နောက်မှာလဲ တန်းစီနေကြတဲ့သူတွေကို အားနာရပါတယ်။ နောက်ဆုံး ကြားဖူးထားတဲ့ လိပ်စာတပိုင်းတစကို မှန်းဖြည့်လိုက်တယ်ဆိုယင်ပဲ ၀န်ထမ်းအမျိုးသားက သိပုံပေါ် လို့ ပြုံးနေပါတယ်။

ကားဂိတ်တစ်ခုမှာ ၁၀-မီနစ်လောက်နားတာကို မှတ်မိနေတယ်။ ဒါပေမယ့် ဒီဘက်နိုင်ငံအင်မီဂရေးရှင်း မရောက်ခင်လား ဟိုဘက်နိုင်ငံအင်မီဂရေးရှင်မရောက်ခင်လားဆိုတာတော့ အိပ်ချင်နေသူဖြစ်တဲ့ စာရေးသူ အတွက် ၀ိုးတိုးဝါးတား နိုင်လှတယ်။ အဲဒီမှာ ပတ်စပို့တွေကို အကုန်လုံး ယူသွားတာကို သတိရနေတယ်။ ကားကလည်း ခရီးသည်တွေချပြီး ထွက်သွားတာနဲ့ ပတ်စပို့စစ်နေတဲ့သူတွေကို စာရေးသူက “ကား ဘယ်ကို ထွက်သွားတာလဲ”ပေါ့။ “မစိုးရိမ်နဲ့ ၁၀-မိနစ်ဆို ပြန်လာလိမ့်မယ်”တဲ့။ အဲဒီလို နားနေတဲ့အချိန်မှာ စလုံးမှာအလုပ် လုပ်နေတဲ့ ထိုင်းအမျိုးသမီးက “ ဘယ်ကလာတာလဲ၊ ဘယ်သွားမလို့လဲ” ဆိုပြီး မေးပါတယ်။ ဟိုဘက်နိုင်ငံ သွားမဲ့ လူတစ်ယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ၁၀-မီနစ်အကြာမှာ ကားပြန်လာတယ်ဆို ယင်ပဲ အားလုံးတက်ပြီး ဆက်လက်ထွက်ခွါလာတယ်။ ဟိုဘက်နိုင်ငံကို မနက် ခြောက်နာရီလောက်မှာ ရောက်ပါ တယ်။ အဲဒါကတော့ ထိုင်းနိုင်ငံနယ်စပ်က ဟိုက်ရန်မြို့ပါ။

ဒီနေရာမှာ ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေလေးတွေ ပြောကြည့်ချင်သေးတယ်။ ထိုင်းအစဉ်အလာအရ သောဏ မထေရ်နှင့် ဥတ္တရမထေရ်တို့က ဆိုင်း(Saim)ရှိ နခုန်ပထုန်(Nakorn Pathom)မှာ ပထမဆုံး ဗုဒ္ဓဘာသာ မျိုးစေ့ကို ချပေးခဲတယ်။ အသောကမင်းလက်ထပ် (300 B.E.) (244 B.C.)မှာပါ။ ခေဒ(Kedah)အရပ်မှာ တွေ့ရတဲ့ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး ၁၀-ရာစုနှစ်(fourth century A.D)ခန့် ကျောက်စာတစ်ခုက အဲဒီအချိန်မှာ ဗုဒ္ဓဘာသာရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ လေးရာစုနောက်ပိုင်း တရုတ်ခရီးသွား ချိအင်(Ching)ရဲ့ မှတ်တမ်းမှာလည်း စောစောပိုင်းကတည်းက ဗုဒ္ဓဘာသာ ပြန့်ပွါးခဲ့ပြီး ဒါပေမယ့် ဖျက်ဆီးခံခဲ့ ရတယ် လို့ ဆိုပါတယ်။

ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး ၁၉-ရာစု(A.D ၁၃-ရာစု) လက်ရှိတိုင်းပြည်တစ်ခုအဖြစ် မတည်ထောင်ခင်ကတည်းက ထိုင်းလို့ခေါ်တဲ့ Siamese များဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်တယ်လို့ အချို့က ယုံကြည်ကြတယ်။ အချို့သမိုင်း များအဆိုအရ ကမ္ဗောဒီးယားအုပ်ချုပ်မှုအောက်မှာ ရှိနေစဉ် မဟာယာနဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာက လွှမ်းမိုးခဲ့တယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ပြီး ၁၇-ရာစု(A.D ၁၁-ရာစု) မြန်မာများရဲ့အုပ်ချုပ်မှု အောက်မှာရှိတဲ့ ထိုင်းနယ်မြေများ မှာ ထေရ၀ါဒဗုဒ္ဓဘာသာကို ပြန်လည်လို့တည်ထောင်ခဲ့တယ်။ ဒါပေမယ့် ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး ၂၀-ရာစုနှစ်ရဲ့ အစ(A.D ၁၄-ရာစု အလယ်) အယုဒ္ဓယကို မတည်ထောင်မီကပင် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုဖြစ်တယ်လို့ အချို့က ဆိုထားပြန်တယ်။

အယုဒ္ဓယခေတ်ကောင်းချိန်မှာ ထိုင်းရဟန်းတော်တွေကို ထေရ၀ါဒနဲ့အညီ ရဟန်းခံဖို့နဲ့ ပိဋကတ် ကျွမ်းကျင်တဲ့ ပညာရှင်ရဟန်းတော်တွေကို ပင့်ဆောင်ဖို့အတွက် ဘုရင်က သာသနာပြုအဖွဲ့ကို သီဟိုလ်သို့ စေလွှတ်ခဲ့တယ်။ အဲဒီနောက် ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းများ တဖြည်းဖြည်း အရေအတွက် များလာပြီ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းများကို ဗုဒ္ဓဘာသာဝင်များအတွက် ပြန်လည်ပြုပြင်ခဲ့တယ်။ မဟာယာနအကြွင်းအကျန်များကိုတော့ ထေရ၀ါဒသို့ ပြောင်းလဲစေခဲ့တယ်။

သာသနာသက္ကရာဇ် -၂၂၉၄ (A.D- ၁၇၅၀) အယုဒ္ဓယကို တည်ထောင်ပြီး သုံးရာစုလောက်အကြာ သီဟိုလ်ဘုရင်ဟာ ဗုဒ္ဓဘာသာဆုတ်ယုတ်နေတဲ့ သူ့နိုင်ငံကို ပြန်လည်ထွန်းကားစေလိုတဲ့အတွက် ရဟန်းခံရန် ရဟန်းများကို ထိုင်းသို့ စေလွှတ်ခဲ့ပြန်တယ်။ ဒါ့ကြောင့် သီဟိုလ်မှာ ထိုင်းက ဆင်းသက်လာတဲ့ သာသနာဟာ ယခုအချိန်ထိ ရှိနေတာပါ။ ဒီသမိုင်းလေးတွေကိုတော့ (The path of the Buddha. Pp.121 Ananda Maitreya Nayaka Thera )မှာ ကြည့်နိုင်ပါတယ်။

ဒီလိုနဲ့ နယ်စပ်က ဟိုက်ရန်မြို့ရောက်တဲ့အခါ ကားက ဂိတ်ထဲမှာမရပ်ပဲ မြို့ထဲက လက်မှတ်တွေ ရောင်းတဲ့ဆိုင်မှာ ခရီးသည်တွေကို ချပေးခဲ့တယ်။ ဘန်ကောက်သွားဖို့ ကားစုံစမ်းတော့ ဆိုင်ကယ်သမားက ကားကြီးဂိတ်မပို့ပဲ ကားလေး ဂိတ်ပို့ပါတယ်။ စာရေးသူလည်း လိပ်စာအပြည့်အစုံမပါဘဲ ဖုံးနံပါတ် အားကိုးနဲ့ လာတာပါ။ ကားဂိတ်က အမျိုးသမီးကို ဖုံးဆက်ခွင့်ပြုဖို့ အကူအညီတောင်းရတယ်။ ပထမတစ်ကြိမ်တော့ လိုလို လားလားပါ။ ဒါပေမယ့် တွေ့ချင်တဲ့သူငယ်ချင်းကို မတွေ့ရလို့ နောက်တစ်ခါ ဖုံးဆက်ခွင့် ထပ်တောင်းတဲ့အခါ ပေးချင်တဲ့ပုံ မပေါ်။ ဒါနဲ့ စာရေးသူလဲ ဖုံးဖိုးပေးမယ်လို့ ပြောတော့မှ ဖုံးဆက်ခွင့်ပြုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ခွင့်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်နေရမှာပါ။ နှစ်နာရီလောက် ကားစောင့်လိုက်ရတဲ့အချိန်မှာ စကား အများကြီး ပြောခွင့်ရလိုက်တာကပဲ လမ်းတစ်လျောက်လုံးအတွက် စောင့်ရှောက်မယ့်သူ ဖြစ်လာခဲ့တယ်။

နံနက် ၉-နာရီ ကားလာတဲ့အခါကျတော့ အဲဒီအမျိုးသမီးက စာရေးသူကို နှုတ်ဆက်ပြီး ကားဆရာကို သေချာမှာနေတာပါ။ ဒါနဲ့ ကားထွက်တယ်ဆိုယင်ပဲ နှုတ်ဆက်လို့လာခဲ့တယ်။ ကားစီးနေစဉ် လမ်းတစ်လျောက် မှာတော့ ကားဆရာမှတဆင့် စာရေးသူဆီ သုံးလေးခါလောက် ဖုန်းဆက်ပြီး အဆင်ပြေ မပြေ မေးပါတယ်။ သူငယ်ချင်းဆီကို သူ့ဖုံးနဲ့ဆက်ထားတဲ့အတွက် သူ့ဖုန်းနံပါတ်က သူငယ်ချင်းဆီရောက်နေတာ။ အဲဒီမှာ သူငယ်ချင်းက သူဆီကို ထိုင်းလို ဖုံးဆက်လို့ “မင်းသူငယ်ချင်း ဖုံးဆက်လာတယ်”လို့ ဖုံးဆက်ပြီး သူပြော ပါတယ်။ ဒီလိုနဲ့ ဘန်ကောက်ကို ည ၁၁-နာရီလောက်မှာ ရောက်တယ်ဆိုယင်ပဲ မမြင်ဘူးသေးတဲ့ မဟာချူလာ လောင်ကွန်ကျောင်းသား သူငယ်ချင်းနှစ်ပါးက ကြိုဆိုလို့နေပါတယ်။ သူဟာ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)ဆင်းပါ။

ထိုင်းရောက်တယ်ဆိုယင်ပဲ အတွေးတွေက အမျိုးမျိုးပါ။ ဒီလမ်းခရီးတစ်လျောက်မှာ တစ်ခုထူးခြား တာက ထိုင်းဘုရင်မင်းမြတ်ရဲ့ ဓာတ်ပုံတွေ ပိုစတာပုံတွေ ရုပ်တုတွေ စသဖြင့် တွေ့မြင်နေရတာပါပဲ။ ဒါနဲ့စပ်ဆက် လို့ ပြောကြည့်ချင်တာတစ်ခု ရှိတယ်။ အဲဒါကတော့ အိန္ဒိယမှာလည်း ဇာတ်နိမ့်များကို ဗုဒ္ဓဘာသာ ၀င်အဖြစ်သို့ ပြောင်းလဲပေးခဲ့သူ ဒေါက်တာအမ်ဘေဒကာ(DR. BABASAHEB AMBEDKAR)ရဲ့ ဓာတ်ပုံတွေ၊ ပန်းချီတွေ၊ ရုပ်တုတွေကို အမြတ်တနိုးတန်ဖိုးထားခြင်းကိုပါ။ တစ်ခါတစ်ရံများမှာ မြတ်ဘုရားရှင်နဲ့ တန်းတူထားခြင်းပါ။ ဘုရားရှင်လက်ထပ်က အရှင်သာရိပုတ္တရာဟာ သူ့ဆရာဖြစ်တဲ့ အရှင်အဿဇိမထေရ်မြတ် ရောက်နေတဲ့အရပ် ရှိနေတဲ့အရပ်ကို ဦးခေါင်းပြုပြီး အိပ်လေ့ရှိတယ်ဆိုတာကို အမှတ်ရနေမယ်ဆိုယင် ကျေးဇူးရှိတဲ့သူများကို ဗုဒ္ဓဘာသာမှာ အမြတ်တနိုးတန်ဖိုးထားတာဟာ အစဉ်အလာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ယဉ်ကျေးမှုဆိုတဲ့ သူ့နိုင်ငံရဲ့ ဓလေ့ထုံးစံ ကလည်း ရှိသေးတာပါ။

ဒီခရီးစဉ်အတွင်း ကားပေါ်မှာပါလာတဲ့ ထိုင်းအမျိုးသားတစ်ဦးက စာရေးသူကို စကားပြောချင်နေတယ် ဆိုတာ သတိထားမိတယ်။ ဒါပေမယ့် လမ်းတစ်လမ်းလုံး စာရေးသူက စကားပြောမလာတာကို ဘယ်လို သဘောပေါက် နားလည်ထားသလဲ မသိ။ လမ်းခရီး တစ်ဝက်လောက်မှာ စာရေးသူကို ဘတ်ငွေတွေ လက်ထဲ ထည့်ပေးပါတယ်။ စာရေးသူလည်း ဘာလုပ်ရမှာလဲလို့ မေးတော့ သူက လက်အမူအရာနဲ့ပြောပါတယ်။ ဒါနဲ့ ယူထားလိုက်တယ်။ အဲဒီလို ပေးတဲ့အချိန်မှာ အခြားထိုင်းတွေလဲ မြင်ကြမှာပါ။ ဒါနဲ့ နေ့လည်စာစားဖို့ ဆိုင်ကြီး တစ်ခုမှာ ၀င်နားကြတယ်။ ဆိုင်က ကိုယ့်ဟာကိုယ်ယူ စနစ်နဲ့စားရတာပါ။ စာရေးသူလည်း စားပြီးလို့ ပိုက်ဆံပေး တော့ ပေးစရာမလိုဘူးတဲ့။ ကားလက်မှတ်ဝယ်ကတည်းက ဒီဝန်ဆောင်စရိတ်အတွက် ပါပြီးသားလို့ သိရတယ်။

စားပြီးလို့ မကြာခင် ခုနက ဘတ်လှုထားတဲ့အမျိုးသားက ထိုင်းစကားနဲ့ မေးပါတယ်။ စာရေးသူလည်း မပြောတတ်တော့ body language နဲ့ပဲ စကားပြောနေရတာပါ။ နောက်ပြီး ကားဆရာကို မေးပုံရပါတယ်။ ထိုင်းလား ဘာလားပေါ့။ မြန်မာမှန်းသိတော့ ခါတိုင်းလို့မဟုတ်တော့ဘဲ ဆက်ဆံရတာ တစ်မျိုးဖြစ်နေပုံပါ။ စာရေးသူလည်း ဒါကို သိတဲ့အခါ ဘာမှဆက်မပြောတော့ပါဘူး။ ကားပေါ်မှာ သူနဲ့ကိုယ်နဲ့ ဟိုဘက်ဒီဘက် ကပ်ပြီး ယှဉ်ထိုင်တာဆိုတော့ သူ့လှုထားတဲ့ဘတ်တွေကို ပြန်ပေးပြီး “ငါမြန်မာ” ပဲလို့ ပြောလိုက်တယ်။ ထိုင်းထင်လို့ လှုတာဆိုတော့လည်း ယူရတာ စိတ်မသန့်ပါ။ ယူကောင်းမယူကောင်းတော့ ပါဠိစာပေများမှာ ဘယ်လိုဖွင့်တယ်ဆိုတာ မသိရသေး။ ဒါ့ကြောင့် ချက်ချင်းပဲ အထင်မှားနေတာကို ဖြေရှင်းလိုက်တယ်။ ဒါပေမယ့် သူက ပြန်မယူဘဲ ကိစ္စမရှိဘူးဆိုတဲ့ သဘောနဲ့ အိတ်ထဲမရမက ပြန်ထည့်ပေးပါတယ်။

တကယ်တော့ သူက သတိမထားတာပါ။ ထိုင်းနဲ့မြန်မာ ထူးခြားတာက မျက်ခုံးမွေး ရိတ်တာ မရိတ်တာ ကို ကြည့်ယင် သိနိုင်ပါတယ်။ မျက်ခုံးမွေးရိတ်မှ ထိုင်းက ရဟန်းသာမဏေလို့ ထင်တာပါ။ မျက်ခုံးမွေးနဲ့ဆို ရဟန်းသာမဏေမဟုတ်တော့သလောက် ထင်နေကြတာပါ။ မျက်ခုံးမွေးတော်တော်ကောင်းတဲ့ သူငယ်ချင်း တစ်ပါးဆိုယင် သူ့ကိုတွေ့တဲ့ထိုင်းတွေက “ မင်း ရဟန်း မဟုတ်ဘူး” လို့ ပြောပါသတဲ့။

ဒါနဲ့ တစ်ဆက်ထဲ တွေးမိပြန်တာကကြတော့ မြန်မာနိုင်ငံ သမိုင်းများမှာ ဖော်ပြတဲ့ သူရဲကောင်းများ ဖြစ်တဲ့ အလောင်းဘုရား ဦးအောင်ဇေယျနဲ့ ဘုရင်နောင်တို့ကိုပါ။ ဒီနေရာမှာ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ ဦးသန်းထွန်းပြောထားတဲ့ စကားလေးက မှတ်သားစရာပါ။
သူပြောတာက “ သုတေသန (research) နယ်ပယ် မှာ ခံစားချက် ကင်းဖို့လိုတယ်” ဆိုတာပါ။ သုတေသနကို သုတေသန အမြင်သဘောနဲ့ သွားမှသာ စစ်မှန်တဲ့ ရလဒ်ကို ရရှိမှာပါ။ ခံစားမှုတွေ ရောစွက်လာပြီဆိုယင်တော့ သမိုင်းလမ်းကြောင်းဟာ အများကြီး ပြောင်းလဲသွား နိုင်ပါတယ်။ ဒ့ါကြောင့် ဒီစကားလေးကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မြန်မာနိုင်ငံသား ဦးသန့်ကလည်း “နိုင်ငံသမိုင်းကို သင်ကြားရာ၌ စစ်ပွဲများကို အရေးပေးခြင်းထက် ယဉ်ကျေးမှု တိုးတက်ပုံကို ပို၍ အရေးပေးသင့်သည်” လို့ ဆိုထားပါတယ်။ ဒါကို “ ဦးသန့် လက်ရွေးစင်စာများ” စာအုပ်မှာ ပါရှိတဲ့ “ ဗမာသစ်နှင့်ပညာသစ်” ဆောင်းပါးမှာ ကြည့်ရှု့နိုင်ပါတယ်။

မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးအတွက် သမိုင်းဆိုတာ လိုအပ်နေမှာပါ။ ဒါပေမယ့် အဲဒီသမိုင်းဆိုတဲ့ အတိတ်ကာလရဲ့ အဖြစ်အပျက်တွေထဲမှာ နစ်မြုပ်နေမယ်ဆိုယင် အချို့အရာတွေက ရှေ့ဆက်သွားမယ့်ခရီး အတွက် အဟန့်အတားတွေပါ။ မြန်မာသမိုင်းများမှာလည်း အခြားနိုင်ငံနဲ့ပတ်သက်လို့ အထက်စီးက ရေးသား ထားတာတွေ အများသား။ အခြားနိုင်ငံများမှာလည်း ထို့အတူဖြစ်ပါလိမ့်မယ်။ အမှားအမှန်ဆိုတာကတော့ သမိုင်းပြုစုသူတွေ တာဝန်ဝတ္တရားလို့ ယူဆမိတယ်။ အတိတ်ရဲ့အကြောင်းအရာတွေကို သင်ခန်းစာယူပြီး ပစ္စုန်ပ္ပန်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှသာ အနာဂတ်အတွက် ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်မှာပါ။
ဒီနေရာမှာ နိုင်ငံရေးစကားတစ်ခုကို ယူသုံးကြည့်ချင်ပါတယ်။ နိုင်ငံရေးစကားမှာတော့ “ထာဝရမိတ်ဆွေ ထာဝရရန်သူ မရှိ” လို့ ဆိုပါတယ်။ စာရေးသူအလိုဆန္ဒကတော့ ထာဝရမိတ်ဆွေ ဖြစ်ခြင်းကသာ အကောင်းဆုံးလို့ ဆိုလိုက်ချင်တယ်။ အခြားတစ်ဖက်မှာလည်း ထာဝရမိတ်ဆွေဖြစ်အောင် ကြိုးစားတည်ဆောက်ဖို့ လိုအပ် မယ်လို့ ယုံကြည်မိပြန်တယ်။

ဒါလေးတွေကတော့ မလေးရှားနဲ့ ထိုင်း ကားလမ်းတစ်လျှောက် တွေးမိ စဉ်းစားမိခဲ့တာလေးတွေပါ။ ဒီဖြတ်သန်းခဲ့တဲ့ ခရီးစဉ်ဟာ အခက်အခဲတွေ သိပ်မရှိလှပေမယ့် အတွေးများကို များစွားပဲ တွေးဖြစ်စေခဲ့တာ ကတော့ အမှန်ပါ။ ဒီအတွေးများနဲ့အတူ “ဘ၀သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးတဲ့သူ မရှိဘူး” ဆိုတဲ့ ဘုရား စကားတော်လေးက ကပ်လို့ပါလာတာပါ။ ဒီနေရာမှာတော့ ဘယ်တိုင်းရင်းသား ဘယ်နိုင်ငံသားမဆို ဒါမှမဟုတ် လူတိုင်းသာ အဲသလို့ “ဘ၀သံသရာမှာ ဆွေးမျိုးတွေ တော်စပ်ခဲ့ကြတာပါ” လားလို့ သိခဲ့ကြ နားလည်ခဲ့ကြမယ် ဆိုယင်-ဆို့တဲ့ ထပ်ဆင့်အတွေးလေးပါ။
…………………………………………………………………………………………………………………..
ညီအကို မောင်နှမ ဆွေမျိုးသားချင်းစိတ် မွေးမြူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း။















0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP