* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 22, 2010

ရှင်သန်သူများသို့(ဒုတိယအကြိမ်)

အလှူမှတ်တမ်းများ - သီလရှင်များအား လစဉ်ထောက်ပံ့မှု

လယ်တွေ မြေတွေကို ပိုင်ဆိုင်သော သူကို လယ်ပိုင်ရှင် မြေပိုင်ရှင်လို့ ခေါ်ကြတယ်။ ဥစ္စာဓနတွေပိုင်ဆိုင်သူတွေကို ဓနရှင်၊ ခြံပိုင်ဆိုင်သူကို ခြံရှင်၊ အိမ်ပိုင်သူကိုတော့ အိမ်ရှင်စသဖြင့် ခေါ်ဆိုကြပါတယ်။ ထို့အတူ ဘိက္ခုနီသာသနာကွယ်ပြီး နောက်ပိုင်း အမျိုးသမီးများအနေဖြင့် သာသနာကို တတ်အားသရွေ့ အကျိုးပြုနိုင်စေရန် ဥပါသိကာထက်အဆင့်မြင့်သော သီလတရားတို့ကို စောင့်ထိန်းလာကျရာကနေ သီလရှင်ဟု ခေါ်တွင်လေသလားဟု တွေးမိပါတယ်။ သီလတွေ အမြဲရှင်သန် နေလို့လည်း သီလရှင်၊ သီလတရားတွေ ရင်တွင်းမှာ ကိန်းအောင်းအောင် ကြိုးစားကြလို့ သီလရင်၊ သီလတရားတွေနဲ့ ယှဉ်တွဲနေထိုင်ကြလို့ သီလယှဉ်လို့လည်း အသံထွက်ခေါ်ဆိုကြတာ မှတ်သားရပါတယ်။

ဖန်ရည်စွန်းအ၀တ်ကို မြတ်နိုးကြတဲ့ ထေရ၀ါဒနိုင်ငံက ဗုဒ္ဓ၀ါဒီအမျိုးသမီးတွေဟာ သံဃာတော်တွေကို အားကျပြီး အတုယူ ကျင့်သုံးရာကနေ သီလရှင်သာသနာ ထွန်းကာလာတာ ဖြစ်ဖွယ်ရှိပါတယ်။ မြတ်ဗုဒ္ဓလက်ထက်တော်က သီလရှင်ဆိုတာ မရှိပေမယ့် ဘိက္ခုနီဆိုတဲ့ ရဟန်းအမျိုးသမီးများ ရှိကြတယ်ဆိုတာ မှတ်သားခဲ့ဖူးပါတယ်။ သီလရှင်ဟာ ရှစ်ပါးသီလပဲ စောင့်ပေမယ့် ဒီထက်အများကြီး ပိုပြီးနက်ရှိုင်းပါတယ်။ သီလရှင်သမိုင်းကို သိသာထင်ရှားစေတာဟာ ကုန်းဘောင်ခေတ် မင်းတုန်းမင်း တရားကြီးလက်ထက် ဗန်းမော် ဆရာတော်ဘုရားကြီးတို့နှင့်အပြိုင် သီလရှင်မယ်ကင်းလက်ထက်က ထင်ရှားပေါ်လွင် လာတယ်လို့ ဆိုကြပါတယ်။ လက်ရှိ မျက်မှောက်ခေတ်မှာတော့ နိကယ်ငါးရပ်ဆောင်သီလရှင်များ၊ ဓမ္မာစရိယ အောင်မြင် ပြီးသီလရှင်များ၊ ဓမ္မာစရိယမှာပင် တစ်နိုင်ငံလုံး ပထမရရှိ၍ အဂ္ဂမဟာကျော်သီလရှင်များ၊ ပရဟိတလုပ်ငန်းများကို ဦးဆောင်ကြိုးစားသောသီလရှင်များ စသည်ဖြင့် သာသနာ့တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတာဟာ သံဃာ တော်အရှင်သူမြတ်များနှင့်အတူ သီလ ရှင်ဆရာလေးများပါ သာသနာ့နွယ်ဝင်အဖြစ် သာသနာကို စောင့်ရှောက်နေ ကြပြီ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် မိန်းကလေးအများစုဟာ အလှအပကို ခင်မင်တွယ်တာ မြတ်နိုးတတ်သူတွေချည်းပါပဲ။ ဆံပင်က အစပြု၍ မိမိခန္ဓာကိုယ်ကို လှသထက်လှအောင်သာ အနေထားမျိုးစုံဖြင့် ပြင်ဆင်ကြပါတယ်။ နည်းပညာတိုးတက်မှုနဲ့အတူ အလှအပပစ္စည်းမျိုးစုံနဲ့ နည်းစနစ်မျိုးစုံကလည်း လက်ရှိအနေထားမှာ အံ့မခန်းပါပဲ။ ဒီလိုအလှအပနဲ့ မာန်မာနတွေကို ခ၀ါချပြီး နိက္ခမပါရမီ ဖြည့်နိုင်ကြလို့ သီလရှင်တစ်ပါးရဲ့ ဘ၀ဟာ အင်မတန်ကြည်ညို လေးစားစရာ ကောင်းပါတယ်။ နိက္ခမဆိုတာကလည်း လူတောထွက်တာထက် စိတ်တောထွက်ဖို့သာ အခရာပါ။ ဆံပင်နှင့် ခန္ဓာကိုယ်အလှပတွေကို စက်ဆုပ်ရွံရှာဖွယ်အပြစ်လို့မြင်ကာ ပုထုဇဉ်တို့စောင့်ထိန်းအပ်သော နိစ္စသီလလို့ခေါ်တဲ့ ငါးပါးသော သီလတော်မြတ်ထက် ပို၍ ရှစ်ပါးသောသီလကို စောင့်ထိန်းကာဖြင့် ဗုဒ္ဓ၏အဆုံးအမ ပိဋကတ်ကျမ်းစာများကို လေ့လာရင်း သာသနာအတွက် ကြိုးစားအားထုတ်မှုတွေ၊ မိမိ၏ဘ၀ငြိမ်းချမ်းမှုအတွက် ကြိုးစားအားထုတ်မှုတွေ၊ သံသရာလွတ်မြောက်ကာ သန္တိသုခကို ရရှိရန် ကြိုးစားအားထုတ်မှုတွေဟာ အလွန်တရာ လေးစားကြည်ညိုဖွယ်ရာ ဂုဏ်အင်္ဂါတွေပါပဲ။

ထို့ကြောင့် ပုထုဇဉ်လူသားတို့ဟာလည်း သီလရှိသူအနေနဲ့ ရိုသေပူဇော် ရှိခိုးကြရာမှာ ကျားမ ခွဲခြားမှု မရှိသင့်ပါဘူး။ သီလဂုဏ်ရည်ကို မြတ်နိုး ဦးတင်ရမှာပါ။ သီလဆိုတာ စေတနာသည် သီလ၊ စေတသိက်သည် သီလ၊ စောင့်စည်းခြင်း သည် သီလ၊ မလွန်ကျူးခြင်းသည် သီလဆိုပြီး မှတ်သားရပါတယ်။ စေတနာသည် သီလဆိုခြင်းမှာ အရကောက်ရင် ၀ိရတီသီလကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၀ိရတီသီလမှာ သမ္မာဒါန ၀ိရတီသီလ၊ သမ္ပတ္တ ၀ိရတီသီလ၊ သမုစ္ဆေဒ ၀ိရတီသီလ ဆိုပြီး ရှိပါတယ်။ သမ္မာဒါန ၀ိရတီသီလဆိုသည်မှာ အာမဘန္တေဆောက်တည်ပြီး မလွန်ကျူးတဲ့သီကို ခေါ်ပါတယ်။ အချိန်ကာလ အပိုင်းခြားအားဖြင့် စောင့်စည်း မလွန်ကျူးတာပါ။ ဆေက်တည်ဝန်ခံပြီးမှ ရှောင်ကျဉ်တာပါ။ သမ္ပတ္တ ၀ိရတီသီလဆိုသည်မှာ ကွယ်ရာမှာဖြစ်ဖြစ် ရှေ့မှာဖြစ်ဖြစ် ကြုံလာရင် မလွန်ကျူးတဲ့သီလကို ခေါ်တာပါ။ လုပ်ခွင့်ရသော် လည်း မလုပ်ပါဘူး။ သမုစ္ဆေဒ ၀ီရတီ သီလဆိုသည်မှာ လွန်ကျူးချင်တဲ့ စိတ်ဓါတ်ကို အပြီးအပြတ် ပယ်လိုက်တဲ့သီလပါ။ ဘုရားကိုယ်တော်မြတ်ကြီးတို့ စိတ်ဓါတ်၊ ရဟန္တာကိုယ်တော်မြတ်ကြီးတို့စိတ်ဓါတ်ပါ။ အောက်နည်းနည်း နိမ့်ပြောရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်စသော အရိယာသူတော်ကောင်းတို့၏စိတ်ဓါတ်ကို ခေါ်တာပါ။ သောတာပန်ဆိုရင် ငါးပါးသောသီလကို မလွန်ကျူးတော့ဘူး၊ သကဒါဂါမ်ဆိုရင် ရှစ်ပါးသီလမလွန်ကျူးတော့ဘူး။ အနာဂါမ်ဆိုရင် ဆယ်ပါး သီလကို မလွန်ကျူးတော့ဘူး။ လွန်ကျူးချင်စိတ်ကို မရှိတော့ပါဘူး။ စိတ်ထဲမှာ မကောင်းတဲ့ စိတ်တွေ အပြီးသတ် မလွန် ကျူးတော့ပဲ စောင့်စည်းသွားပါပြီ။

သီလရှင်ဆရာလေးများဟာလည်း ရှေ့မှာဖြစ်စေ၊ ကွယ်ရာဖြစ်စေ ကြုံလာရင်ဖြစ်စေ မကြုံလာရင်ဖြစ်စေ မလွန်ကျူးပဲ သမ္ပတ္တ ၀ိရတီသီလကို ဖြည့်ကျင့်ရင်း အပြီးသတ်စွန့်ပယ်နိုင်သော သမုစ္ဆေဒ ၀ီရတီသီလကို ကြိုးစားအားထုတ်နေကြတာ ပါ။ ဒီလို ကြိုးစားအားထုတ်နေမယ်ဆိုရင် သီလ ၀ိသုဒ္ဓိလို့ခေါ်တဲ့ သီလ၏စင်ကြယ်ခြင်းနှင့် ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ သီလ၀ိသုဒိဖြစ်ရင် ပရိဝါပါဠိတော် စူဠသင်္ဂါမဒေသနာမှာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့အတိုင်း သီလရှိတော့ စိတ်ကြည်၊ စိတ်ကြည်တော့ နှစ်သက်၊ နှစ်သက်တော့ ၀မ်းမြောက်၊ ၀မ်းမြောက်တော့ ငြိမ်းအေး၊ ငြိမ်းအေးတော့ ချမ်းသာ၊ ချမ်းသာ တော့ တည်ကြည်၊ တည်ကြည်တော့ အမြင်မှန်၊ အမြင်မှန်တော့ ငြီးငွေ့၊ ငြီးငွေ့တော့ မဂ်မြင်၊ မဂ်မြင်တော့ ဖိုလ်ရောက်ဆိုပြီး သီလ၀ိသုဒ္ဓိ ပြည့်စုံမှု၏ နောက်ဖြစ်လာနိုင်သော အကျိုးတရားများပါပဲ။ သီလအကြောင်း ရှည်မည်ဆိုး၍ ဤမျှတွင် နားလည်နိုင်ကြမည်ဟု တွေးမိပါသည်။

အဓိကဆိုလိုရင်းမှာ မိန်းမသားတို့၏ အလှအပတရားတို့အပေါ်၌ စွဲလမ်းမှုတို့ကို စွန့်လွှတ်၍ ဖြည့်ကျင့်ကျသော သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ အစရှိသဖြင့် ဖြည့်ကျင့်ကျသော သီလရှင်တို့၏ ပါရမီ(၁၀)ပါး အစပြု၍ လေးစား စရာသော ဂုဏ်အင်တို့အား သီလတရားနှင့်တကွ လေးစားကြည်ညိုမိ၍ ဥာဏ်မှီသမျှ ကြိုးစား ပူဇော်ခြင်းသာ ဖြစ်ပါတယ်။ ဂုဏ်အင်္ဂါတို့မှာ ရေးသား၍ ကုန်နိုင်မည်မဟုတ်ပါ။ ထိုသို့ သီလတရားတို့ကို ထိန်းသိမ်းလျှက် ရင်တွင်း၌ ကိန်းအောင်းကာ ယှဉ်တွဲနေထိုင်ကြသော သီလရှင်ဆရာလေးများအား လောကီလူသားများအနေဖြင့် လေးစားကြည်ညိုရမှာ ဖြစ်ပါတယ်။ တစ်ချို့ မလေးစားတတ်ခြင်း၊ တန်းရည်တူဆက်ဆံကြခြင်း စသည့် အမြင်မတော်ဖွယ်ရာ အပြုမူတို့သည် မိမိအဆင့်တန်း ဘယ်လောက်ရှိသည်ကို ဖော်ပြခြင်းသာဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။

သစ်ပင်တွေဟာ အသီးတွေနဲ့ လူတွေကို အကျိုးပြုတယ်။ မြစ်ချောင်းတို့ဟာလည်း ရေ ရရှိစေခြင်းအားဖြင့် လူတွေကို အကျိုးပြုကြတယ်။ နွားမတွေဟာလည်း နွားနို့ ပေးခြင်းအားဖြင့် လူတွေကို အကျိုးပြုတယ်။ နွားထီးတွေဟာလည်း လယ်ယာကိုင်းကျွန်းတွေကို လုပ်ကိုင်ပေးပြီး ကောက်ပဲသီးနှံရစေခြင်းဖြင့်လည်း လူတွေကို အကျိုးပြုကြတယ်။ နေမင်း ကြီးဟာလည်း နွေးသောရောင်ခြည်တွေ အလင်းတွေဓါတ်တွေနဲ့ လူတွေကို အကျိုးပြုပါတယ်။ လဟာလည်း လောက ကြီးကို အေးမြသောရောင်ခြည်နဲ့ လူတွေကို အကျိုးပြုကြပါတယ်။ ကျွန်တော်တို့ လူသားတွေဟာလည်း မိမိတို့စွမ်းနိုင်သ လောက် လူသားတို့ရဲ့အကျိုးစီးပွားကို ဆောင်ရွက်ရမည်သာ ဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ့နွယ်ဝင်ဖြစ်သော သီလရှင် ဆရာလေးများအား ထောက်ပံ့လှူဒါန်းဖို့အတွက်ကတော့ ပြောစရာမလိုဘူးလို့ ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစုဟာ သာသနာတော်မှာ ထမ်းဆောင်ကြသော သံဃာ တော်အရှင်သူမြတ်တို့နှင့် သီလရှင်ဆရာလေးတို့အား ရိုသေစွာ ဆည်းကပ်ပူဇော် ထောက်ပံ့ခဲ့ကြည်သည်မှာ ဘိုးဘေး အစဉ် ဆက်ခဲ့ပါပြီ။ သို့သော် မေ့လျော့သူတွေ သတိရှိစေ၊ နောက်လူငယ်တို့ သိစေ ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တင်ပြရခြင်း ဖြစ်ပါတယ်။ မိမိတို့ ဂုဏ်သတင်းကျော်ဇော်ဖို့အတွက် ဘုရားတည်၊ ကျောင်းဆောက်တာတွေ၊ မလိုအပ်သည့်နေရာမှာ လှူဒါန်းမှုတွေစာရင် အခုလို လိုနေတဲ့နေရာလေးတွေ ဖြည့်လိုက်ရတာ ဘယ်လောက်သော မြင်ကွင်းကောင်းလေး ဖြစ်လိုက်မလည်း။ သာသနာအတွက် ကြိုးစားကြသော သီလရှင်ဆရာလေးများစွာ များစွာ ရှိနေသလို လိုအပ်နေသော သီလရှင်စာသင်တိုက်များ၊ ပရဟိတကျောင်းများလည်း အခက်ခဲများစွာနဲ့ ရှိနေပါတယ်။ ထိုသို့သောနေရာများမှာ ကျွန်တော်တို့ ဓမ္မမောင်နှမများအနေနဲ့ ကွက်လပ်ဖြည့် အကျိုးပြုတတ်စေဖို့ တိုက်တွန်းလိုပါတယ်။ လောကတွင်း လူသားဖြစ်လာရမှ တော့ လောကအကျိုးလည်း စွမ်းသရွေ့တော့ ဆောင်ရွက်စေလိုပါတယ်။ ကိုယ်စွမ်းသလောက် အစလေးတွေ ထုတ်ပေးစေချင်တယ်။ အစထုတ်ပေးမှသာလျှင် သူတို့၏ အစွမ်းသည်လည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

အစကို ထုတ်ပေးရာမှာ သီလဂုဏ်တစ်ခုတည်း ကြည့်ရင်ကိုပဲ လေးစားစရာ ကောင်းလှပါပြီ။ ထောက်ပံ့နိုင်ပါပြီ။ ထပ်၍ စိတ်ကောင်းလေးဖြင့် ကြည့်မယ်ဆိုရင် မိန်းမသားတို့၏ သဘာဝကို ဆန့်ကျင်ကာ နိက္ခမပါရမီကျင့်ကြံမှုကို မြင်ကြည့်ရင် ပိုလို့တောင် ထောက်ပံ့လှူဒါန်းနိုင်မယ် ထင်ပါတယ်။ ဒီလို စိတ်ကောင်းလေးတွေ ရှိနေတာဟာ ကုသိုလ်တရားတွေကို ဖြစ်နေစေတာပါ။ ကုသိုလ်တရားတွေလည်း ဆက်တိုက်ဖြစ်နေမယ်ဆိုရင် ချမ်းသာသုခကိုလည်း ရရှိခံစားရမှာပဲ ဖြစ်ပါတယ်။

ဤသည်မှာ သီလတရားတို့ဖြင့် အမြဲရှင်သန်နေသော သီလရှင်ဆရာလေးတို့အား မိမိတတ်စွမ်းသမျှဖြင့် ဂုဏ်ကိုမှန်းဆ၍ ပူဇော်မိတာပါ။ ဓမ္မညီအစ်ကို မောင်နှမများအနေဖြင့်လည်း သီလရှင်ဆရာလေးတို့၏ ဂုဏ်ကိုမှန်းဆ၍ လှူဒါန်း ထောက်ပံ့နိုင်သော ဥပါသကာ၊ ဥပါသိကာများ ဖြစ်ကြပါစေ။

အမောင်(ရေနံ့သာ)

မှတ်ချက်။ ။ဒုတိယအကြိမ် သီလရှင်စာသင်သားများအား လှူဒါန်းထောက်ပံ့မူအား ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်းမှ အလှူငွေ ၅ သောင်းနှင့် စင်္ကာပူမှအလှူရှင်တစ်ဦးမှ ၅ သောင်းလှူဒါန်း ပါသည်။အလှူငွေရှင်းတမ်းအား ဘောင်ချာတွင် ကြည့်ရှူနိုင်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP