* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, January 5, 2010

နေရဉ္ဇရာမှတ်တမ်း(၈)

(၁)

ပညာရေးကော်မတီရဲ့ အစည်းအဝေးကို တက်ကြွအသက်ဝင်နေအောင် ကော်မတီဝင်ရဟန်းတော်တစ်ပါးဖြစ်သူ အရှင်နန္ဒသာရ (ဗာရာဏသီဟိန္ဒူ တက္ကသိုလ်)ကချိတ်ဆက်ပေးပါတယ်။ ကော်မတီဝင်ရဟန်းတော် များရဲ့ဘွဲ့များကို မိတ်ဆက်ကာ တစ်ပါးချင်းစီရဲ့ အမြင်တွေကို မေးမြန်းခဲ့တာပါ။


သူကတော့တင်ပြလာတဲ့အတွေးအမြင်တွေပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့ဥက္ကဋ္ဌနဲ့အတူ ထပ်ဖြည့်ဆွေးနွေးတာမျိုးပဲ ၀င်လုပ်ဖြစ်ပါတယ်။


ဆွေးနွေးချက်များကို နားစွင့်လိုက်ပါတယ်။


နာဂဇုနတက္ကသိုလ်ကိုယ်စားပြု အရှင်သီဟဉာဏာလင်္ကာရာဘိဝံသ(သကျသီဟသာမဏေကျော်၊စေတီယင်္ဂဏဂဏ၀ါစကဓမ္မာစရိယ၊သာသနဓဇဓမ္မာစရိယ၊M.A (Delhi), PhD (Thesis)က“ပညာရေးကိစ္စရပ်များဖော်ဆောင်သင်တန်းများဖွင့်သည့်အခါ ပညာသင်ယူကြမည့် အဖွဲ့ဝင်ရဟန်းတော်များ ပညာသင်ကြားရန်သင်လျော်သည့် နေရာများသတ်သတ်မှတ်မှတ်ရှိဖို့လိုကြောင်း။မိမိတို့အဖွဲ့ဝင်အချင်းချင်း ပညာရေးပံပိုးမှုပေးကြရုံသာမက နိုင်ငံခြားသားဆရာများကိုလည်း ဖိတ်ကြားကာ သင်ကြားစေမည်ဆိုလျှင်ဘာသာစကားအရည်အသွေးပိုမို တိုးတက်ပြည့်စုံဖွယ်ရှိကြောင်း၊အကယ်၍ထိုအစီအစဉ်ကိုသာ လက်ခံအတည်ပြုခဲ့ပါက သူကိုယ်တိုင် ကူညီစီစဉ်ကာ ဖိတ်ကြားပေးနိုင်ပါကြောင်း၊” ဆွေးနွေးသွားတာ စိတ်ဝင်စားစရာပါ။



ပူနေးတက္ကသိုလ်ကိုယ်စားပြု အရှင်ရေ၀တ (သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) ,M.A (Pali) M.A (Buddhism), PhD (Thesis) ကတော့ ပူနေးတက္ကသိုလ်အနေနဲ့ ပညာသင်ကြားပေးဖို့နေရာအခက်အခဲရှိတဲ့အတွက် အဖွဲ့ကြီးကစီစဉ်ပေးတဲ့အဓိကဌာနကြီးသုံးခု(ဗာရာဏသီ၊နာလန္ဒာ၊မဂဓ)မှာ ကျောင်းပိတ်ရက်များနဲညှိပြီး အင်္ဂလိပ်ဘာသာရပ်ကို လာရောက်သင်ကြားပေးနိုင်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။




(၂)


ဟုတ်ပေတာပဲ။

အားလုံးက ဓမ္မာစရိယဘွဲ့ရရဟန်းတော်တွေဆိုပေမယ့် နိုင်ငံခြားဘာသာစကားအခြေခံချင်းမတူကြပါဘူး။ ငယ်စဉ်ကတည်းက အဆင့်ဆင့်သင်ယူခဲ့ရသူကနည်းပါတယ်။ ဖုတ်ပူမီးတိုက်အင်္ဂလိပ်စာ(Intensive English)သမားတွေက အများစုပါ။ ဓမ္မာစရိယအောင်မှ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့တွေရဲ့ ဆွဲအားနဲ့ နိုင်ငံခြားသာသနာပြုဆိုတဲ့အိပ်မက်၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်သာသနာဘက်စုံပြန်လည်ဆန်းသစ်ပြုပြင်ရေးအတွေးအခေါ်သစ်တွေက အင်္ဂလိပ်စာသင်တန်းခန်းမတွေဆီကို တွန်းပို့လိုက်တာပါ။ ဓမ္မာစရိယတန်းအောင်ဖို့ဆိုတာကလည်း ကံမကောင်းအကြောင်းမလှရင် နောက်ဘုရားပွင့်တဲ့အထိဆက်ဖြေပေတော့ ဆိုတာမျိုးထိကြာတတ်ပါတယ်။



ဒီလိုနဲ့ ကိုယ်တော်လေးတွေ မြို့ပြမှာ သောင်တင်နေတော့တာပါ။ ဓမ္မာစရိယဘွဲ့မရဘဲ ရွာကိုလည်း မပြန်လိုကြပေပဲကိုး။ မျှော်တနေတဲ့အချိန်မှာ မောင်ဖုန်းလေးတွေက ရောက်မလာတော့ ရွာဦးကျောင်းသာသနာကို အရည်အသွေးမဲ့တဲ့ တောထွက်ဦးဇင်းကြီးတွေက နေရာယူလိုက်ကြပါပြီ။ တယ်မိတဲ့ဘုရားမှာ လင်းတနားမှတော့ ရွာလည်းနာတော့တာပါ။တစ်ချို့နေရာမှာတော့ အရည်အသွေးမရှိပေမယ့် သာသနာချစ်စိတ်လေးရှိတဲ့ ရှားရှားပါးပါးဦးဇင်းကြီးတွေလည်း တွေ့ရတတ်ပါရဲ့။ကျောင်းကန်ဘုရားလေးတွေ မပျက်စီးအောင် စောင့်ရှောက်ဖော်တော့ ရပေသေးသပလေ။



ငါ့ရှင်တို့ရေ ဓမ္မာစရိယမအောင်လည်း ရွာမှာ သာသနာပြုဖို့တော့ အရည်အသွေးမီပါတယ်။ ပျံသာ ပျံပါ ရွှေဟင်္သာ လို့သာ ပြောလိုက်ချင်မိရဲ့။ အော် ဓမ္မာစရိယကလည်း နတ်ကြီးသလိုလို ခက်သလိုလိုနဲ့(မခက်ခက်အောင်မေးပေသကိုး) သာသနာ့အင်အားစုလေးတွေ လွင့်ပါးစေပါသကော။ အလုပ်လုပ်ရမယ့်အချိန်တွေကို ဖဲ့နှုတ်ခဲ့ပါသကော။





ရွှေပြည်ကြီးက နာမည်ရဓမ္မကထိကစာရေးဆရာကိုယ်တော်လေးတစ်ပါးကတော့ သူထုတ်ဝေတဲ့ ဘုတ်အုပ်လေးတွေရဲ့ တစ်နေရာရာမှာ သူ့ကိုယ်ရေးအကျဉ်းကို ဖော်ပြရာမှာ “ဓမ္မာစရိယတန်းကို ဆယ်နှစ်ကြာအောင်ဖြေဆိုခဲ့ရသည်” ဆိုသဟာလေးကို တခုတ်တရထည့်ရေးလေ့ရှိတာအမှတ်ရပါရဲ့။ ချစ်လို့ပြောတာတော့ ဟုတ်ဟန်မတူ။



ဆိုကြပါစို့ များသောအားဖြင့် ဓမ္မာစရိယဘွဲ့ရရဟန်းတော်တစ်ပါးရဲ့ ပျမ်းမျှသက်တော်ဟာ သုံးဆယ်ဝန်းကျင်တွေများပါတယ်။သုံးဆယ်အရွယ်မှ ရေးရချွတ်ရ၊ ကျက်ရမှတ်ရတဲ့ အင်္ဂလိပ်စာဟာ မချောမွေ့နိုင်တာ သေချာလှပါတယ်။ဒါပေမယ့် ဓမ္မာစရိယရဟန်းတော်များအနေနဲ့ စာသွားစာလာနားလည်သူများပီပီ အချိန်တိုအတွင်းမှာအဓိပ္ပါယ်ပေါက်အောင်တော့ ဖတ်နိုင်ခဲ့ကြပါတယ်။ အရည်အသွေးလေးခုထဲမှာ ဖတ်တတ်ရုံနဲ့ မပြီးသေးတာ လူတိုင်းအသိ၊ အကြားစွမ်းရည်၊ အပြောစွမ်းရည်၊ အရေးစွမ်းရည်တွေလည်းလိုပေဦးမပေါ့၊





ဘာပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်က နိုင်ငံခြားတက္ကသိုလ်ကိုတော့ ရောက်လာခဲ့ကြပြီ။ တက္ကသိုလ်သင်ခန်းစာဆိုတာက မှတ်စုကောင်းကောင်းလေးရှိတာကို အာပူတိုက်လိုက်ရင် အောင်မှာတော့ အသေအချာ။နိုင်ငံခြားလာရခြင်းရဲ့ ပထမရည်ရွယ်ချက်ဖြစ်တဲ့ မဟာဝိဇ္ဇာကို့ မလွတ်တမ်းရမှာပါပဲ။ အာပူုတိုက်တာလွဲသွားလို့ တစ်နှစ်ကျရင်တောင် နောက်တစ်နှစ်ကတော့ အတည့်ဖြစ်ဖို့များပါတယ်။ ပါရဂူဘွဲ့ကတော့ အားစိုက်ရပါတယ်။ ဒါပေမယ့် ကျမ်းကြီးကြပ်သူတွေနဲ့ ပါမောက္ခတွေရဲ့ လမ်းညွှန်မှုနဲ့ ဖတ်သင့်တာတွေ ဖတ်၊ စုတုပြုနိုင်ရင်တော့ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်လာမှာပါ။



ဒုတိယ တတိယရည်ရွယ်ချက်တွေဖြစ်တဲ့နိုင်ငံခြားသာသနာပြုဖို့နဲ့ ပြည်တွင်းသာသနာမြှင့်တင်ရေးတွေအတွက်တော့ ပိုပြီးအားစိုက်ရမှာ အသေအချာပါပဲ။ အဲဒီအချိန်မှာ သက်တော်ကလည်း ဒုတိယအရွယ်ထဲ ထဲထဲဝင်ဝင်ရောက်နေခဲ့ပါပြီ။




(၃)



အင်္ဂလိပ်စကားပဲဖြစ်ဖြစ် အခြားနိုင်ငံခြားဘာသာစကားပဲဖြစ်ဖြစ် နိုင်ငံခြားသာသနာပြုခေါင်းစဉ်အောက်ကို ၀င်တော့မယ့်ရဟန်းတစ်ပါးဟာ မဖြစ်မနေ တတ်မြောက်ကြရတော့မှာပါ။ ရွာဘက်က အမျိုးဘုန်းကြီးတစ်ပါးကတော့ အိမ်နီးချင်းနိုင်ငံက အမျိုးတွေဆီ လိုက်လည်ပြီး အပြန်မှာ နိုင်ငံခြားသာသနာပြုစကားလုံးကြီးကို သူ့အတ္ထုပ္ပတ္တိတော်ကြီးထဲမှာ ဖော်ကျူးထားတာကို မော်ဖူးခဲ့ဖူးပါရဲ့။ အော် စွမ်းနိုင်သူကြီးပေပ။ သူကိုယ်တိုင်ရောက်လို့ ပရိတ်ကြီးနှစ်သုတ်လောက်ရွတ်ရုံနဲ့ အဆင်ပြေတာတွေ့ရလေမှ အော် ဒီလိုလည်း ဖြစ်သကိုးလို့ အလင်းပွင့်ရပါလေရော။
အော် အမျိုးတွေက သာသနာသက်ဝင်ပြီးသူတွေပဲ။ အချိုပေါ်သကာလောင်းဖွယ်မှ မလိုပေပဲကိုး။




ပရိယတ္တိသင်ရိုးညွှန်တမ်းထဲမှာ သင့်တော်ရာဘာသာရပ်တွေ မထည့်သွင်းခဲ့ရာက ကမောက်ကမပညာရေးနယ်ပယ်ကြီးထဲ သူကိုယ်တိုင်လည်း ၀ဲလည်ခဲ့ဖူးပါရဲ့။ နိမ့်သွားလိုက်မြင့်သွားလိုက်ပါ။ ရှင်းပြရတာကိုက ခက်ပါတယ်။ သူတို့ခေတ်မှာ သင်ရိုးညွှန်တမ်းက နည်းနည်းလေးအရောင်တက်လာပါသေးတယ်။ စနစ်သစ်ပရိယတ္တိပညာရေးဆိုတဲ့ အသံကြီးကျယ်ကျယ်လောင်လောင်ကြားလိုက်ရတာပါ။



နိုင်ငံတကာမှာ သင်နေတဲ့ပါဠိသင်နည်းစနစ်တွေကို က၀ိလက္ခဏာဘာသာဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ပိဋကတ်စာပေထဲက ကောင်းနိုးရာရာ သုတ်ဒေသနာတွေကိုလည်း စာသင်ပျိုနု သားရွှေဥလေးတွေရဲ့ ရင်ထဲရောက်အောင်ပို့ပေးခဲ့ပါသေးတယ်။ ပြည်တွင်းသာသနာကို ဦးဆောင်မယ်ဆိုရင်တော့ မြန်မာစာမဖြစ်မနေတတ်ကို တတ်ကြရမှာပါ။ ဖတ်ကို ဖတ်ကြရမှာပါ။ ဒါပေမယ့် စနစ်သစ်ပညာရေးဆိုတာ အိပ်မက်ယောင်ခြင်းမျှသာပါ။ ဆယ်စုနှစ်တစ်ခုတောင်မခံပဲ တခေါခေါ အိပ်မောကျသွားရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စနစ်သစ်ပညာရေးက မွေးပေးလိုက်တဲ့ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုကတော့ အဖတ်တင်ကျန်ခဲ့ပါသေးတယ်။



သူတို့တက်တဲ့နှစ်တွေတုန်းကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ၀ိနည်း၊ သဒ္ဒါ၊ အဘိဓမ္မာ၊ ပါဠိ၊ မြန်မာစာနဲ့ အထွေထွေဗဟုသုတဘာသာရပ်တွေ ဖြေခဲ့ရတာမှတ်မိနေပါသေးတယ်။ တက္ကသိုလ်ရောက်မှ အေဘီစီဒီတွေ သရဇ္ဈာယ်ရတာပါ။ ဒါပေမယ့် ခုဒီနှစ်ပိုင်းတွေမှာတော့ အဲဒီဘာသာရပ်တွေအပြင် ၀င်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်ဘာသာပါ ဖြေဆိုရနေရပြီ ကြားရပါတယ်။



အလယ်တန်းအင်္ဂလိပ်စာအဆင့်ရှိရမှာဆိုလားတက္ကသိုလ်ဝင်တန်းအဆင့်ရှိရမှာဆိုလားပဲ။ ကြိုဆိုရမှာလိုလို ဘာလိုလိုပေမယ့် ၀င်ခွင့်ဖြေမယ့်မောင်ရှင်လေးတွေကို ဘယ်သူက သင်ပေးလို့ ဘယ်မှာသင်ခွင့်ရလို့ဒီအလယ်တန်းအဆင့် တက္ကသိုလ်ဝင်တန်းအဆင့်ရောက်နေရသတုန်း။ ခက်ခက်ရချေသေးရဲ့။



ပြီးတော့ ပြဿနာက အင်္ဂလိပ်စာသင်ရမယ် ကွန်ပြူတာနဲ့ အင်တာနက်ကို နားလည်ရမယ် ဆိုတဲ့ ရောဂါက ရှင်ငယ်ရဟန်းငယ်လေးတွေရဲ့ ရာစုသစ်ဦးနှောက်ထဲမှာ ထုတ်ပယ်မရအောင်စွဲနေပါပြီ။ သူတို့မဖြစ်ဖြစ်အောင် သင်တော့မှာပါ။ ဒီတစ်ခေါက် သူရွှေပြည်ကြီးကို ပြန်တော့ ဟိုနားတစ်စ ဒီနားတစ်စ တပည့်မောင်ကိုရင် မောင်ပဉ္ဇင်းလေးတွေကို ပြန်တွေ့ရပါတယ်။



စာသင်တိုက်ထဲမှာ ရှိနေရမယ့်အရွယ်မှာ သူတို့ မြို့ထဲက သင်တန်းခန်းမတွေဆီ စုပြုံတိုးနေကြတာပါ။ ပရိယတ္တိကို ပြတ်ပြတ်သားကျောခိုင်းလိုက်တဲ့အထိ နားလည်မှုလွဲနေကြရှာပါပြီ။ သူတို့ဘာအတွက် ဘာတွေကို သင်ကြမှာပါလိမ့်။ ဘာလုပ်နေကြတာတုန်းလို့ မေးကြည့်တော့ ကွန်ပြူတာသင်တန်းတက်သူတက်။ အင်္ဂလိပ်စကားပြောသင်တန်းတက်သူတက်ပါ။ ဘာလုပ်ဖို့လဲလို့ ထပ်မေးကြည့်တော့ နိုင်ငံခြားသာသနာပြုဖို့ဆိုပဲ၊ တစ်ခုခုထက်မက နှစ်ခုသုံးခု လွဲလေပြီ။


အင်္ဂလိပ်စကားပြောတတ်ပါပြီတဲ့။ ကွန်ပြူတာအင်တာနက်ကြီးကို အသုံးချတတ်ပါပြီတဲ့။ အဘယ်တရားကို ဟောပြီး အဘယ်ဓမ္မကို ဖြန့်ကြကုန်မည်နည်း ငါ့ရှင်လေးတို့။ ဘယ်လိုတရားဓမ္မအသိဉာဏ်ကိုယ်ခံအားတွေနဲ့ သာသနာဝန်ကြီးကို ထမ်းကြမှာတုန်း။ အော် ဘုရား ဘုရား ။


တစ်ခုခုတော့ တစ်ခုခုလုပ်ရတော့မှာပါ။ ကျောင်းထဲမှာသင်မပေးရင်တော့ အပြင်ထွက်သင်မှာပါပဲ။ ရှင်ရဟန်းဆိုပေမယ့် အိုင်တီခေတ်ကြီးထဲက သင်္ကန်းဝတ်ထားတဲ့လူငယ်လေးတွေဆိုတာ မေ့ထားလို့မရပါဘူး။ ပေလေးပင်ရှင်လေးပါးတို့ခေတ်တုန်းကလည်း တောင်တွင်းကြီးက ကိုယ်တော်လေးတွေ အင်းဝကို ခေတ်ပညာသင်ဖို့ဆိုပြီး ထွက်ခွာသွားခဲ့ကြဖူးလေရဲ့။





(၄)


သူအနေနဲ့ ပညာရေးဝင်ပေါက်မှန်သမျှ တိုးဝင်ချင်တဲ့ညဉ်လေးရှိပြန်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြေခဲ့ဖူးအောင်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာက အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ပြောစရာက သူတို့လို ဓမ္မာစရိယအဆင့်ရှိတဲ့ရဟန်းတွေနဲ့ ခုမှ မေတ္တာပွားနည်းတို့ ပရမတ္ထတရားလေးပါးတို့ စသင်မယ့် သင်တန်းသားတွေကြား သင်ရိုးညွှန်းတမ်းမညီမျှမှုပါ။



ဒီပလိုမာက ပြန်စရပြန်ပါတယ်။ ငယ်ငယ်တုန်းက ကျက်ခဲ့တဲ့စာတွေပဲ ထပ်တလဲလဲ ရွတ်အံရပြန်တာပါ။ စာမေးပွဲခန်းထဲက ထွက်လိုက်တာနဲ့ “ ဖြေနိုင်လား”မေးရင် မျက်နှာပူပါတယ်။မူလတန်းတုန်းက ဖြေခဲ့တဲ့စာတွေ ဘွဲ့လွန်မှာ လာဖြေရတာကိုး။ သင်္ချာနဲ့ ဘွဲ့ရပြီးကာမှ (၂) အလီရေးပြရတာမျိုးပါ။ ဘာသာစုံဂုဏ်ထူးတွေထွက်တော့လည်း မပျော်ခဲ့ပေဘူး။


ဒီပလိုမာပြီးရင် ၀ိဇ္ဖာဘွဲ့၊ ပြီးတော့ မဟာဝိဇ္ဇာပေါ့လေ။ သာသနာ့တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့ရပြီးတဲ့ သူ့အတွက် နှစ်ထပ်ကွမ်းဝိဇ္ဇာဆိုတော့ ဂုဏ်ယူရမှာလိုလို ဘာလိုလိုကြီးပါ။ ဓမ္မာစရိယအဆင့်ရဟန်းတော်များကို ကြားခံအင်္ဂလိပ်စာဒီပလိုမာသင်တန်းတစ်ခုကို တစ်နှစ်တာ ဖိဖိစီးစီးသင်ပေးပြီး အရည်အချင်းစစ်ပြီးတာနဲ့ မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးလိုက်ရင် ဘွဲ့ထပ်တာ သင်ရိုးထပ်တာတွေ မရှိနိုင်တော့ဘူးပေါ့။ အမှန်တကယ်က အိန္ဒိယနဲ့ သီရိလင်္ကာတက္ကသိုလ်တွေမှာ ဓမ္မာစရိယဘွဲ့ရရဟန်းတစ်ပါးကို မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးပါတယ်။




(၅)


ကဲ အခု နာဂဇုနတက္ကသိုလ် အရှင်သီဟဉာဏာလင်္ကာရကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ ဘာသာစကားအရည်အသွေးမြင့်ဖို့ နိုင်ငံခြားဆရာများကို ဖိတ်ကြားပြီး သင်ကြားစေရမယ်တဲ့။ ဖိတ်လည်း ဖိတ်ပေးမယ်တဲ့။ ပူနေးအရှင်ရေ၀တကလည်း အင်္ဂလိပ်စာမြှင့်တင်ရေးအစီအစဉ်တွေမှာ သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါမယ်တဲ့။ သင်တန်းနေရာကိုတော့ အဖွဲ့ကြီးကသတ်မှတ်ပေးပါတဲ့။


အဖွဲ့ဝင်ရဟန်းတော်တွေဟာ အိုင်တီခေတ်ကြီးထဲက မျိုးဆက်သစ်ရှင်ငယ်ရဟန်းငယ်လေးတွေကို ပြန်လည်ငဲ့စောင်းကြည့်ကြဖို့ လိုနေပြီ။ သူတို့ကတော့ သူတို့လိုရာတိုးဝှေ့ယူသွားကြမှာပဲ။သူတို့လေးတွေရဲ့ အသိဉာဏ်ဆာလောင်မှုကို ပဲ့ထိမ်းပေးကြဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ သာသနာဟာ နောက်မျိုးဆက်ဘယ်နှစ်ဆက်ခံမလဲ။ စုလစ်မွန်းချွန်ကျောင်းတော်ကြီးတွေနဲ့ ရွှေရောင်စေတီကြီးတွေ ရှေးဟောင်းသုတေသနလက်အောက်ရောက်သွားမှာပါ။ သမိုင်းဆရာတွေလည်း အလုပ်တော့များသွားမှာပေါ့လေ။


ဘာပဲဖြစ်ဖြစ် ပရိယတ္တိသမားတွေဟာ သာသနာထိန်းတွေဆိုတာ မေ့မပစ်ဖို့ပါပဲ။

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်အိပ်မက်ကတော့ ပိုပြီးခိုင်မာလာပါတယ်။သစ်ပင်အောက်မှာတောင် သျှန္တိနိကေတန်တက္ကသိုလ်ကြီးအစပျိုးခဲ့သေးတာပဲ။


အစည်းအဝေးက မပြီးသေး။ နွေးနေတုန်းပင်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP