* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, January 6, 2010

စိတ်၌ဖြစ်သော တရား။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂ ရက် စနေနေ့တွင် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၌ ဆယ်ပတ်မြောက်ဖြစ်သော ‘ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ သင်တန်း’ကို ဆက်လက် ပြုလုပ်ပါသည်။

ယခင် အပတ်များတွင် အကျဉ်းအားဖြင့် ၈၉ ပါး၊ အကျယ် ၁၂၁ ပါးသော စိတ်အကြောင်း အကျယ်ကို လေ့လာပြီးဖြစ်ရာ ယခုအပတ်တွင် စေတသိက်အကြောင်းကို သင်ယူကြရ၏။

+++++

ပထမဦးစွာ ‘စေတသိက်’ဆိုတာ ဘာလဲ?

ဟို အစတုန်းကလည်း ပြောခဲ့ပါတယ်။ စေတသိက်ဆိုတာ စိတ်ကို မှီပြီးတော့ ဖြစ်တဲ့တရား။ ဒါကိုပဲ စိတ်၌ ဖြစ်သောတရားလို့ ကျမ်းဂန်တွေမှာ သုံးတယ်။

ပရမတ္ထတရား ၄ ပါး - ‘စိတ်’၊ ‘စေတသိက်’၊ ‘ရုပ်’၊ ‘နိဗ္ဗာန်’ ဆိုပြီးတော့ ရှိတယ်။

‘စိတ်’ဆိုတာ အာရုံသိမှု သက်သက်ကလေးကို စိတ်လို့ ခေါ်တယ်။
စိတ်က ဘာနဲ့တူသလဲဆိုတော့ အရောင်မရှိတဲ့ ရေလိုပေါ့။

အဲဒီ အရောင်မရှိတဲ့ ရေထဲ အနီရောင်ထည့်လိုက်တဲ့အခါ ရေက အနီရောင်၊ အစိမ်းရောင်ထည့်လိုက်တဲ့အခါ ရေက အစိမ်းရောင် ဖြစ်သွားသလို စိတ်ကို မှီပြီး ဖြစ်တဲ့တရား၊ စိတ်ကို ခြယ်လှယ်တဲ့တရားကို စေတသိက်လို့ ခေါ်တယ်။ ခြယ်လှယ်တယ်ဆိုတာ ကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို ကောင်းတဲ့စိတ်လို့ ခေါ်လိုက်တယ်။ မကောင်းတဲ့ စေတသိက်တွေနဲ့ တွဲမိတဲ့အခါ ဒီစိတ်ကို မကောင်းတဲ့စိတ်လို့ ခေါ်တယ်။

ဒါကြောင့်မို့ လယ်တီဆရာတော်ဘုရားကြီးက -
“စိတ်ကို မှီတွယ်၊ စိတ်ကိုခြယ်
ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်”လို့ ဒီလို လင်္ကာလေး ရေးထားတယ်။

ဒွိတ်ဆိုတာ ၂ ပေါ့။ ငါးဆယ်နှင့်ဒွိတ်ဆိုတာ ၅၂ ပေါ့။

စိတ်ကို မှီပြီးတော့ စိတ်ကို ခြယ်လှယ်တဲ့ တရားတွေ ၅၂ ပါး ရှိတယ် တဲ့။

+++++

အဲဒီ စေတသိက် မှာ ဘယ်လို လက္ခဏာရှိသလဲ?

စေတသိက်မှာ လက္ခဏာ ၄ ပါး ရှိတယ်။

(၁) စိတ်နဲ့ အတူဖြစ်ခြင်း
စိတ်နဲ့ တပြိုင်နက် ဖြစ်တယ်။ အတူ ဖြစ်တယ်။ စိတ်ဖြစ်တဲ့ အခိုက်အတန့်မှာပဲ စေတသိက် လိုက်ဖြစ်တယ်။ စိတ်က အရင် ဖြစ်သွားပြီး စေတသိက်က နောက်က လိုက်ဖြစ်တာမျိုး မဟုတ်ဘူး။ တပြိုင်နက်သော ခဏမှာ ဖြစ်တယ်။

(၂) စိတ်နဲ့ အတူချုပ်ခြင်း

ပျောက်သွားတဲ့အခါမှာလည်း စိတ်နဲ့ အတူတူ ပျောက်သွားမယ်။ စိတ်က အရင်ပျောက်သွားပြီးတော့ စေတသိက်က နောက်မှ ပျောက်တာမျိုး မဟုတ်ဘူး။ စေတသိက်က အရင်ပျောက်ပြီးတော့ စိတ်က နောက်မှ ပျောက်တာမျိုးလဲ မဟုတ်ဘူး။
စိတ်ပျောက်တာနဲ့ တပြိုက်နက် စေတသိက်လည်း ပျောက်၊ စိတ်နဲ့ စေတသိက်ဟာ ပြိုင်တူ ချုပ်ရမယ်၊ ပြိုင်တူ ပျောက်ရမယ်။

(၃) စိတ်နဲ့ တူသော အာရုံ ရှိခြင်း

အာရုံဆိုတာ မြင်စရာ၊ ကြားစရာ၊ နံစရာ ဒါတွေကို အာရုံလို့ ခေါ်တယ်။ အခု ကြည့်လိုက်တဲ့အခါ တစ်စုံတစ်ခုကို မြင်တယ်ဆိုရင် ဒါဟာ မြင်စရာ အာရုံ၊ ပြောလို့ ကြားတဲ့ အသံဟာ ကြားစရာ အာရုံ။ အဲဒီလို အာရုံတွေရှိတော့ စိတ်က မြင်စရာတွေကို အာရုံပြုရင် စေတသိက်ကလည်း မြင်စရာကိုပဲ အာရုံပြုရမယ်။ စိတ်က အသံကို အာရုံပြုရင် စေတသိက်ကလည်း အသံကိုပဲ အာရုံပြုရမယ်။
စိတ်က အာရုံပြုတာ တစ်ခု၊ စေတသိက်က မတူတဲ့ တခြားအာရုံကို အာရုံပြုတာမျိုး မရှိရဘူး။ ဒါကြောင့်မို့ စေတသိက်ဟာ စိတ်ယူတဲ့ အာရုံကိုပဲ ယူရမယ်။

(၄) စိတ်နဲ့တူသော မှီရာ ရှိခြင်း

စိတ်ဆိုတာက အဘိဓမ္မာသဘောအရ မှီရာ မရှိဘဲ မဖြစ်ဘူး။ မှီရာဆိုတာ ရှိရတယ်။ မှီရာကို ပါဠိလို ဝတ္ထုလို့ ခေါ်တယ်။
အဲဒီ မှီရာဆိုတာက … ဆိုပါတော့၊ မျက်လုံးအကြည်ဓာတ်ကို မှီရာလို့ ခေါ်တယ်။ နားကို မှီရာလို့ ခေါ်တယ်။ နှာခေါင်းကို မှီရာလို့ ခေါ်တယ်။

မျက်လုံးကို အမှီပြုပြီး မြင်တဲ့စိတ် ဖြစ်ပေါ်တယ်။ မြင်တဲ့စိတ်ဟာ မျက်လုံး မရှိရင် မဖြစ်ပေါ်နိုင်ဘူး။
ကြားတဲ့စိတ်ဟာ နား(အကြည်ဓာတ်) မရှိရင် မဖြစ်ပေါ်နိုင်ဘူး။

အဲဒါကြောင့် စိတ်ဟာ ထိုထိုဝတ္ထုလို့ ခေါ်တဲ့ မျက်စိတ်အကြည်ဓာတ်၊ နားအကြည်ဓာတ် စသည်တို့ကို အမှီပြုရတယ်။

စိတ်က မျက်စိကို အမှီပြုတယ်ဆိုရင် စေတသိက်ကလည်း မျက်စိကိုပဲ အမှီပြုရတယ်။ အဲဒီလို အမှီပြုတာချင်းလည်း တူရမယ်။

စေတသိက်လက္ခဏာ ၄ ပါးက စိတ်နှင့်အတူဖြစ်ခြင်း၊ စိတ်နှင့်အတူ ချုပ်ခြင်း၊ စိတ်နှင့်တူသော အာရုံရှိခြင်း၊ စိတ်နှင့်တူသော မှီရာရှိခြင်း။ ဒီအင်္ဂါလက္ခဏာ ၄ ပါးနဲ့ ပြည့်စုံတဲ့ တရားကို စေတသိက်လို့ ခေါ်တယ်။

ဒါကြောင့် လယ်တီဆရာတော်ကြီးက -
“ဖြစ်, ပျက်, မှီ, အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်” တဲ့။ ဒီအင်္ဂါ လေးဖြာနဲ့ ပြည့်စုံတာပေါ့။

+++++

အဲဒီတော့ စေတသိက်ဟာ စိတ်မှ သီးခြားဖြစ်တဲ့ သဘာဝတရား တစ်ခု။ ပရမတ္ထတရားတစ်ခု အမှန်တရားတစ်ခုလို့ ဆိုလိုတယ်။

အဲဒီ စေတသိက်ပေါင်း ၅၂ ပါး ရှိတယ်။ ဒီနေ့ အဲဒီ ၅၂ ပါးကို တစ်ခုချင်း လေ့လာသွားရမယ်။

အဲဒီ စေတသိက် ၅၂ ပါးကို စိတ်မှာတုန်းကလိုပဲ အုပ်စု ခွဲထားတယ်။ စိတ်မှာတုန်းက လောကီစိတ်၊ လောကုတ္တရာစိတ်၊ ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ် စသည်ဖြင့် အုပ်စုခွဲထားသလို ဒီမှာလည်း အုပ်စုခွဲထားလိမ့်မယ်။

ပထမအုပ်စု အညသမန်း စေတသိက် ၁၃ ပါး။

အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ သဗ္ဗစိတ္တ သာဓာရဏ စေတသိက်က ၇ ပါး၊ ပကိဏ်းစေတသိက်က ၆ ပါး။ အဲသလို ခွဲတယ်။

အညသမန်းဆိုတာက ဘာလဲ?

ပါဠိလို ‘အညသမာန’၊ ‘အည’ဆိုတာက ‘တစ်ပါး’ ‘တခြား’၊ ‘သမာန’ ဆိုတာက ‘တူတာ’ ‘ဆက်ဆံတာ’။
ဒါကြောင့်မို့ ‘အညသမာန’ဆိုတာ ‘သူများနဲ့ တခြားတစ်ပါးနဲ့ ဆက်ဆံတာ’။ ဆိုလိုတာက ဒီစေတသိက်တွေဟာ ကောင်းတဲ့စိတ်နဲ့ရော မကောင်းတဲ့စိတ်နဲ့ရော ဆက်ဆံတယ်။

သူက စိတ်အားလုံးနဲ့ ယှဉ်မှာ။ စိတ်အားလုံးဖြစ်တိုင်း သူက ပါမှာဆိုတော့ ကောင်းတဲ့ စိတ်နဲ့လည်း သူက လိုက်လျောလို့ ရတယ်။ မကောင်းတဲ့စိတ်နဲ့လည်း လိုက်လျောလို့ ရတယ်။

အဲဒီ အညသမန်းစေတသိက် ၁၃ ပါးမှာမှ ‘သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး’နဲ့ ‘ပကိဏ်းစေတသိက် ၆ ပါး’ ဆိုပြီး ၂-မျိုး ထပ်ခွဲတယ်။

+++++

သဗ္ဗစိတ္တသာဓာရဏစေတသိက် ၇ ပါး

‘သဗ္ဗ’ဆိုတာက ‘အလုံးစုံ’၊ ‘စိတ္တ’ဆိုတာက ‘စိတ်’၊ ‘သာဓာရဏ’ဆိုတာက ‘ဆက်ဆံတာ’။

စိတ်အားလုံးနဲ့ ဆက်ဆံတာ၊ အလုံးစုံသောစိတ်တို့နှင့် ဆက်ဆံတာ။ ဆက်ဆံတယ်ဆိုတာ အတူတူဖြစ်တာ၊ ယှဉ်တာကို ပြောတာ။ အဲဒီတော့ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့စေတသိက်ဆိုတာ စိတ်အားလုံးနဲ့ အတူတူဖြစ်တဲ့ စေတသိက်။

အဲဒီတော့ စိတ်ဖြစ်တိုင်း ဒီစေတသိက် ၇ ခုဟာ အမြဲတမ်း ပါရတယ်လို့ ဆိုလိုတယ်။ စိတ်တိုင်း စိတ်တိုင်းနဲ့ သူက ယှဉ်တယ်။
စိတ်ပေါင်း ၈၉ သို့မဟုတ် ၁၂၁ မှာ တစ်ခုတစ်ခုသော စိတ်နဲ့ ဒီ ၇ ခုလုံးက ယှဉ်လိမ့်မယ်။ အဲဒီစိတ် တစ်ခုတစ်ခုဖြစ်တိုင်း ဒီ ၇ ခုက ပါပြီးသားပဲ။ ဒီ ၇ ခုအပြင် တခြားဟာတွေလည်း ပါဦးမယ်။ သူကတော့ မပါမနေ, ပါပြီးသားပဲ။


ဖဿ

ကောင်းပြီ။ ပထမဆုံးစေတသိက်က ဖဿစေတသိက်တဲ့။ ဒါကိုတော့ ပါဠိလို မှတ်မိအောင် ကျက်ရမယ်။ မြန်မာလို နားလည်အောင် လုပ်ရမယ်။

ဖဿဆိုတာ အာရုံကို တွေ့ထိခြင်းသဘောတဲ့။ ဒီနေရာမျာ တွေ့ထိခြင်းဆိုတာ နာမ်ချင်း တွေ့ထိတာ။ Physical contact မဟုတ်ဘူး။ မြင်လိုက်တယ်ဆိုပါတော့ မြင်စရာအာရုံနဲ့ မြင်တတ်တဲ့မျက်စိ ဆုံသွားတာ။ ဆုံသွားတဲ့အခါမှာ ဖဿစိတ်ကလေး ပေါ်လာတယ်။

အဲဒီလို နာမ်တွေ့ထိမှုကို ဖဿလို့ ခေါ်တယ်။ ရုပ်တွေ့ထိမှုကို ဆဋ္ဌမပိုင်းကျတော့ လာလိမ့်မယ်။ ဖောဋ္ဌပ္ဖလို့ ခေါ်တယ်။

ဖဿသဘောဟာ ဘယ်လိုနေရာတွေမှာ ထင်ရှားသလဲ?

ကျမ်းဂန်ထဲမှာလာတဲ့အတိုင်း ပြောရရင် တစ်စုံတစ်ယောက်က အချဉ်စားနေရင် ကိုယ်က သွားရည်ကျနေတယ်။ အဲဒါ ဖဿပဲ။ အာရုံချင်း ထိခိုက်တာ၊ အာရုံချင်း တွေ့သွားတာ။
အဲဒီလို နာမ်တရားချင်း တွေ့ထိမှုသဘောကို ဖဿလို့ ခေါ်တယ်။

ဒီနေရာမှာ သဘောလို့ ဆိုရတာက အဘိဓမ္မာတရား ပရမတ္ထတရားကို လေ့လာတဲ့အခါ ဒီလိုပုဒ်တွေကို အဓိပ္ပာယ်ဖွင့်ပြတဲ့အခါ အသုံးပြုရတာ ဖြစ်တယ်။

သူ့ကို “ပြုတတ်တဲ့ တရားအနေနဲ့”၊ “ပြုကြောင်းဖြစ်တဲ့ တရားအနေနဲ့”၊ “ပြုခြင်းအနေနဲ့” ၃ မျိုး အဓိပ္ပာယ်ဖွင့်လို့ရတယ်။

‘ဖဿ’ဆိုတာ ‘အာရုံကို တွေ့တတ်တဲ့ သဘောတရား’ပဲလို့ ဒီလို ပြောလို့ ရတယ်။ (သူဟာ ဒါလုပ်တတ်တယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။)

တစ်နည်း ‘အာရုံကို တွေ့ကြောင်းဖြစ်တဲ့တရား’လို့ ဒီလိုလည်း ပြောလို့ ရတယ်။ (အာရုံကို တွေ့တဲ့အခါ သူမပါရင် မပြီးဘူးဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ အာရုံကို တွေ့ကြောင်းဖြစ်တဲ့ တရားဆိုတာ အာရုံကို တွေ့တဲ့အခါမှာ စိတ်လည်း ပါတယ်၊ တခြား စေတသိက်တွေလည်း ရှိသေးတယ်။ အဲဒီ စိတ်တွေနဲ့ တခြား စေတသိက်တွေ အာရုံကို တွေ့တဲ့အခါမှာ သူမပါရင် မဖြစ်ဘူး။ သူပါမှ ဖြစ်တယ်။ အဲဒါကိုပဲ ပါဠိလို ဘုန်းကြီးစကားနဲ့ ပြောရင် တွေ့ကြောင်းတရားလို့ သုံးတယ်။ အဲဒါကြောင့် ဘုန်းကြီးတွေ တရားဟောရင် လူဝတ်ကြောင်တွေ ပြည့်ပြည့်စုံစုံ နားလည်ဖို့ မလွယ်ဘူးဆိုတာ အဲဒါ ပြောတာ။ ဘုန်းကြီးကတော့ သူနားလည်သလို လူတွေ နားလည်မယ် ထင်ပြီး ပြောသွားတာ။ တကယ်ကျတော့ လူဝတ်ကြောင်တွေက နားမလည်ဘူး။)

ဒါမှမဟုတ် ‘အာရုံကို တွေ့ခြင်းမျှလေးပဲ’၊ ‘အာရုံကို တွေ့ခြင်းသဘောပဲ’။ ဒီလိုလည်း ပြောလို့ ရတယ်။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တကယ်ကို သဘောထိမိတဲ့ ဖွင့်ဆိုချက် ဖြစ်တယ်။

တခြား ၂-ခုကတော့ အတ္တစွဲရှိတဲ့သူတွေကို ကန့်ကွက်ဖို့ ချေပဖို့ဆိုတဲ့ အနေနဲ့ အဓိပ္ပာယ်ပေးတာ။ တကယ့်တကယ်ကတော့ သဘောအထိမိဆုံး အဓိပ္ပာယ်ကတော့ တွေ့ခြင်းသဘောမျှပဲလို့ဆိုတဲ့ ‘ခြင်း’ပါတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာအပြင်ဘက်က လူတွေက မြင်တယ်ဆိုတာ ဒီထဲမှာ အတ္တဆိုတာလေး ရှိတယ်။ ဝိညာဉ်လေး လိပ်ပြာလေး စသည်ဖြင့်ပေါ့ … မြန်မာမှာလည်း အယူအဆ ရှိတယ်။ အဲဒီ အတ္တဆိုတာလေးက မြင်တယ်။ အာရုံကို တွေ့တယ်ဆိုတာ အတ္တလေးက တွေ့တာ … ဒီလို သူတို့က ထင်ထားတယ်။

ဒီလိုထင်ထားတဲ့ ပုဂ္ဂိုလ်တွေကို “မင်းတို့ ထင်ထားတာ မဟုတ်ဘူး။ ဒါဟာ ဖဿကွ။ တွေ့လား” အဲသလို အဓိပ္ပာယ်မျိုးနဲ့ ဖဿဟာ ‘တွေ့တတ်တဲ့သဘောတရား’။ ဒီလို ဆိုတယ်။ ရှေးတုန်းက ဒီဝါဒတွေက ရှိတော့ ဒါတွေနဲ့ အမြဲတမ်း တိုက်နေရတာ။

တချို့ကျတော့လည်း “အာရုံကို တွေ့ထိတဲ့အခါမှာ မရှိမဖြစ်တဲ့ အတ္တက ဒို့သန္တာန်တိုင်းမှာ ရှိတယ်။ အဲဒီအတ္တလေးကြောင့် ဒို့တွေက တွေ့နေတာ” ဒီလို ယူဆတဲ့ ပုဂ္ဂိုလ်တွေကို “မဟုတ်ဘူး။ တွေ့ကြောင်းဆိုတာ ဟောဒီ ဖဿပဲ။ မင်းတို့ ထင်တဲ့ အတ္တမဟုတ်ဘူး။ အတ္တဆိုတာ ရှိကို မရှိဘူး။ ဖဿကြောင့် ဒို့က တွေ့ရတာ” အဲသလို ပြောဖို့ရာ အဲဒီလို သူတို့ရဲ့ ဝါဒကို ပယ်ဖို့ရာ ဒုတိယအဓိပ္ပာယ်မျိုးလဲ သုံးရတယ်။

တတိယအဓိပ္ပာယ်ကတော့ ပြုတတ်တယ်ဆိုတာလည်း မရှိဘူး၊ ပြုကြောင်းဆိုတာလည်း မရှိဘူး၊ ပြုခြင်းမျှပဲဆိုတဲ့ အဓိပ္ပာယ်။ သဘော အထိမိဆုံးပဲ။ အဲဒါကြောင့်မို့ အာရုံကို တွေ့ခြင်းသဘောဆိုရင် ဒါဟာ အကောင်းဆုံး အဓိပ္ပာယ်ပဲ။

ဒီလိုပဲ တခြား စေတသိက်တွေကျရင်လဲ ၃-မျိုး ၃-မျိုး အဓိပ္ပာယ် ဖွင့်သွားနိုင်တယ်။


ဝေဒနာ

ဝေဒနာဆိုတာ အာရု့၏ အရသာကို ခံစားခြင်းသဘော။ အာရုံကို အရသာခံတယ်၊ ကောင်းတဲ့ အာရုံပဲ၊ မကောင်းတဲ့ အာရုံပဲ။ ဒါဟာ ဝေဒနာက ခံစားသွားတာ။

ဒီမှာလည်း ခံစားတတ်တဲ့သဘော၊ ခံစားကြောင်းဖြစ်တဲ့ သဘော၊ ခံစားခြင်းသဘော သုံးမျိုး ဖွင့်ဆိုနိုင်တယ်။

ဒီနေရာမှာ နားလည်ရမှာက ဝေဒနာဆိုတာ စိတ်ထဲမှာ ဖြစ်တာ။ အခုခေတ်က ခန္ဓာကိုယ်ထဲမှာ နာကျင်ခံစားရတာကို ဝေဒနာလို့ ပြော,ပြောနေတယ်။ အမှန်ကတော့ နာတဲ့ ရုပ်က ဝေဒနာ မဟုတ်ဘူး။ နာတဲ့ ရုပ်ကို စိတ်က ခံစားမှုလုပ်တယ်။ စိတ်မှာ ဖြစ်တာကို ဝေဒနာ ခေါ်တယ်။ အဲဒီ ဝေဒနာစေတသိက်က အာရုံရဲ့ အရသာကို ခံစားခြင်းသဘော ရှိတယ်။

သူ့ကို ဘာနဲ့နှိုင်းသလဲဆိုတော့ ပွဲတော်တည်တဲ့ ရှင်ဘုရင်နဲ့ နှိုင်းတယ်။

ထမင်းရဲ့ အရသာကို တကယ်ခံစားတာက ရှင်ဘုရင်၊ ချက်တဲ့ ပြုတ်တဲ့ စားတော်ကဲက ချက်ပြုတ် … နည်းနည်းပါးပါး မြည်းပြီး ဘုရင်ကို သွားဆက်ရတာ။ တကယ် ကျကျနန ထိုင်စားတာက ရှင်ဘုရင်က စားတာ။

ဒီနည်းတူ တခြားတရားတွေ အာရုံခံစားတာက မစို့မပို့လေး နည်းနည်းလေးဆိုပါတော့။ ဝေဒနာစေတသိက်ကသာ ပိုင်ပိုင်နိုင်နိုင် အာရုံကို ခံစားတယ်။

စိတ်ပိုင်းတုန်းက ဝေဒနာ ဘယ်နှမျိုး တွေ့ခဲ့သလဲ?
၅-မျိုးတောင် တွေ့ခဲ့ပြီ။ သောမနဿဝေဒနာ-ဝမ်းမြောက်တဲ့ ဝေဒနာပေါ့။ ဒေါမနဿဝေဒနာ-စိတ်ဆိုးတဲ့ ဝေဒနာပေါ့။ ဥပေက္ခာဝေဒနာ-အလယ်အလတ်ဝေဒနာ။ ပြီးတော့ သုခဝေဒနာ-ဒါက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အတွေ့ကောင်းတဲ့အခါမှာ ချမ်းသာတာ။ ပြီးတော့ ဒုက္ခဝေဒနာ-ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး နာကျင်တဲ့အခါမှာ ဖြစ်တဲ့ ဝေဒနာ။ အဲဒီ ဝေဒနာ ၅-မျိုး ရှိတယ်။ ဝေဒနာရဲ့သဘောက အာရုံရဲ့ အရသာကို ခံစားခြင်းသဘော။


သညာ

သညာဆိုတာ အာရုံကို မှတ်ခြင်းသဘော။ အမှတ်ပြုပြီး သိခြင်းသဘောကို သညာလို့ ခေါ်တယ်။

အာရုံတစ်ခုနဲ့ တွေ့လိုက်ပြီဆိုရင် သညာလေးက မှတ်တော့တာပဲ။ အဲဒီသညာရဲ့အမှတ် အမှန်အမှားပေါ် မူတည်ပြီး နောက်ပိုင်းမှာ ကိုယ့်ရဲ့ အယူအဆတွေ အမှန်အမှားဖြစ်ကုန်တာပဲ။ တစ်ခါတလေ အမှားမှတ်ထားမိရင် တော်တော်နဲ့ ဖျောက်လို့ မရဘူး။ ဒါကြောင့်မို့ သညာဟာ အလွန်ကြောက်စရာကောင်းတယ်။

အာရုံတစ်ခုကို တွေ့တဲ့အခါမှာ ဒီသညာက မှတ်သားထားတဲ့အတွက်ကြောင့် နောက်တစ်ခါ ထပ်ပြီး ဒီအာရုံမျိုး တွေ့တဲ့အခါကျတော့ ဒါပဲဆိုတာ ဆုံးဖြတ်ပြီး သိနိုင်တယ်။

ဒါကြောင့် သညာကို ဘာနဲ့ ဥပမာ ပေးသလဲဆိုတော့ လက်သမားတွေ မျဉ်းသား အမှတ်အသားပြုတဲ့အခါ ဒီနေရာက ဆက်စပ်ဖို့၊ ဒီနေရာက ပယ်ပစ်ဖို့ ဖြတ်ပစ်ဖို့ ဒါကယူဖို့ စသည်ဖြင့် အဲဒီအမှတ်အသားလေး၊ နောက် ပြန်မြင်တဲ့အခါကျတော့ သိတယ်။ အဲသလို သိအောင် မှတ်တာမျိုးကို သညာလို့ ခေါ်တယ်။

သညာဟာ အမှန်လည်း မှတ်တတ်တယ်။ အမှားလည်း မှတ်တတ်တယ်။ စာခြောက်ရုပ်ကို တိရစ္ဆာန်တွေက တကယ့်လူ ထင်ပြီး ကြောက်နေကြတာ သညာဝိပ္ပလာသ ခေါ်တယ်။ သညာအမှတ်မှားထားတာ။ သူက တကယ်လူ ထင်ပြီး မြင်လိုက်တာနဲ့ ကြောက်လန့်ပြီး ပြေးတော့တာပဲ။


စေတနာ

စေတနာဆိုတာ အာရုံ၌ သမ္ပယုတ်တရား (အတူတူဖြစ်တဲ့ တရား၊ ယှဉ်ဘက်တရား)တို့ကို စေ့ဆော်ခြင်းသဘောတဲ့။
အဲဒီစေတနာကို တပည့်ကြီး၊ ကျောင်းမှာ အတန်းခေါင်းဆောင် မော်နီတာလိုပေါ့ … နဲ့ ဥပမာပေးတယ်။

တပည့်ကြီးဟာ သူကိုယ်တိုင်လဲ စာကို ကြိုးစား အားထုတ်တယ်။ တခြား သူ့အောက်ငယ်တဲ့ တပည့်တွေကိုလည်း စာကြိုးစားအောင် လုပ်သလိုပဲ စေတနာက သူကိုယ်တိုင်လည်း အားထုတ်တယ်။ သူများကိုလည်း အားထုတ်ဖို့ တိုက်တွန်း နှိုးဆော်တယ်။ အဲဒီတရားမျိုးကို စေတနာလို့ ခေါ်တယ်။

မြန်မာစကားမှာ စေတနာဆိုရင် ကောင်းတဲ့ဘက်မှာပဲ သုံးတယ်။ အမှန်အတိုင်းကတော့ ကောင်းတဲ့ စေတနာ ရှိတယ်၊ မကောင်းတဲ့ စေတနာ ရှိတယ်။

အဲဒီ စေတနာဟာ ဦးဇင်းတို့ နားလည်နေတဲ့ ကံဆိုတာပါပဲ။ ကုသိုလ်ကံ၊ အကုသိုလ်ကံ၊ ကံကောင်းတယ်၊ ကံမကောင်းဘူး ဆိုတာတွေ။ စေတနာကို ကံလို့ မြတ်စွာဘုရားဟောခဲ့တယ်။ တိုက်ရိုက်ပါဠိစကားက “စေတနာ ဟံ ဘိက္ခဝေ ကမ္မာဝဒါမိ”။


ဧကဂ္ဂတာ

ဧကဂ္ဂတာရဲ့ အဓိပ္ပာယ်က အာရုံ၌ တည်တံ့ခြင်းသဘော။

ဧက=တစ်၊ အဂ္ဂ=အာရုံ။ တစ်ခုတည်းသော အာရုံမှာ တည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

သမာဓိဆိုတာလည်း ဧကဂ္ဂတာကို ခေါ်တာပဲ။

ဧကဂ္ဂတာမှာလည်း ကောင်းတာရော မကောင်းတာရော နှစ်မျိုးလုံး ရှိတယ်။ တရားအားထုတ်တဲ့အခါ သမာဓိတည်နေတာက ကောင်းတဲ့ ဧကဂ္ဂတာ၊ ငါးမျှားတဲ့အခါ စိတ်တည်တံ့မှုက မကောင်းတဲ့ မိစ္ဆာဧကဂ္ဂတာပေါ့။


ဇီဝိတိနြေ္ဒ

မြန်မာလိုက သဟဇာတ်တရား (အတူဖြစ်တဲ့တရား) တို့ကို စောင့်ထိန်းခြင်းသဘောတဲ့။

စောင့်ထိန်းတယ်ဆိုတာ ပျက်မသွားအောင်၊ သေမသွားအောင်၊ တည်နေအောင် စောင့်ထိန်းတဲ့သဘောကို ဒီမှာ ဇီဝိတိနြေ္ဒလို့ ခေါ်တယ်။

ဘာနဲ့ဥပမာပေးသလဲဆိုတော့ ကြာရိုးထဲမှာ ရှိတဲ့ရေနဲ့ ဥပမာပေးတယ်။ ကြာရိုးထဲမှာ ရေလေး ရှိနေလို့ ရေကစောင့်ရှောက်ထားလို့ ကြာတွေ လန်းဆန်းနေတယ်။ ညှိုးမသွားဘူး။

ထို့အတူပဲ ဇီဝိတဆိုတဲ့ နာမ်သဘောတရားက ဖြစ်တဲ့နာမ်တွေ အားလုံးကို သူက စောင့်ရှောက်တယ်။ ရုပ်တွေထဲမှာလည်း ဇီဝိတတစ်ခု ရှိတယ်။ နာမ်မှာလည်း ဇီဝိတတစ်ခု ရှိတယ်။ နာမ်ဇီဝိတက နာမ်တရားတွေကို စောင့်ရှောက်တယ်။ ရုပ်ဇီဝိတက ရုပ်တရားတွေကို စောင့်ရှောက်တယ်။

ဒီနေရာမှာ ဇီဝိတိနြေ္ဒက သဟဇာတ်တရားတွေကို စောင့်ထိန်းတယ်။ သဟဇာတ်တရားတွေကို ပျောက်ပျက်မသွားအောင် ထောက်ပံ့ထားတယ်။ ထိန်းထားတယ်။ ဒါဖြင့် သူ့(ဇီဝိတိနြေ္ဒ)ကိုကော ဘယ်သူက စောင့်ရှောက်လို့ ဘယ်သူက ထိန်းသလဲ?
ဒါတွေက ကျမ်းဂန်လာတွေချည်းပဲ။ သူများထိန်းရင်း သူ့ကိုသူလည်း ထိန်းသွားတာတဲ့။ လှေသမားနဲ့ ဥပမာပေးတယ်။ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်း သူများကို လှော်ပို့ရင်းနဲ့ သူပါရောက်သွားသလိုပဲတဲ့။


မနသိကာရ

မနသိကာရဆိုတာ အာရုံ၌ နှလုံးသွင်းခြင်း သဘော။

မနသိ=စိတ်၌၊ ကာရ=ပြုခြင်း။ စိတ်၌ ပြုခြင်းဆိုတာ စိတ်ထဲကို အာရုံရောက်နေအောင် ဒါမှမဟုတ် အာရုံထဲ စိတ်ရောက်နေအောင် ပြုလုပ်ပေးတဲ့ သဘောတရားမျိုး။

ဒီမနသိကာရ ရှိမှ အာရုံကို တကယ်သိတာ။ မနသိကာရ မရှိရင် အာရုံကို မသိဘူး။ ဝီထိပိုင်းကျတော့ လေ့လာရလိမ့်မယ်။
မြင်တဲ့စိတ် ဖြစ်ဖို့ရာ အကြောင်း ၄-မျိုး ရှိတယ်။ မြင်စရာ အာရုံ၊ မျက်လုံး၊ အရောင်အလင်း၊ နှလုံးသွင်းမှု။ တစ်ခါတလေ ကိုယ်က နှလုံးမသွင်းရင် ဂရုမစိုက်လိုက်ရင် မမြင်လိုက်ဘူး မကြားလိုက်ဘူး မဟုတ်လား။

ဒီမနသိကာရကို ရှေးတုန်းက ဘုရင်တွေ စီးတဲ့ မြင်း လေး ငါး ခြောက်ကောင်ဆွဲတဲ့ ရထားမှာ မြင်းတွေကို အညီအမျှသွားအောင် ထိန်းပေးတဲ့ ရထားထိန်းနဲ့ ဥပမာပေးတယ်။

ကောင်းပြီ … ဒီစေတသိက် ၇-ပါးက သဗ္ဗစိတ္တသာဓာရဏစေတသိက်။ စိတ်အားလုံးနဲ့ ဆက်ဆံတဲ့ စေတသိက်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဒီ ၇-ခုကတော့ ပါမှာချည်းပဲ။ မပါလို့ မရဘူး။


+++++

ပကိဏ်းစေတသိက် ၆-ပါး

ပကိဏ်းဆိုတာ ရောရောနှောနှော ယှဉ်တာ၊ ပြိုးပြွမ်းယှဉ်တာကို ခေါ်တယ်။ ဆိုလိုတာက သူတို့ဟာ ကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ မကောင်းတဲ့စိတ်နဲ့လည်း ယှဉ်မယ်။ သို့သော် အကုန်လုံးနဲ့ မယှဉ်ဘူး။ တချို့နဲ့ ယှဉ်မယ်။ တချို့နဲ့ မယှဉ်ဘူး။ အဲဒီလို စေတသိက်ကို ပကိဏ်းစေတသိက်လို့ ခေါ်တယ်။ ပါဠိလိုကျတော့ ပကိဏ္ဏက လို့ ရှိတယ်။


ဝိတက်

ဝိတက်ဆိုတာ သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်း သဘော။
စိတ်ကို အာရုံရောက်အောင် ဒီဝိတက်က ခေါ်,ခေါ်သွားတာ။

ကျမ်းဂန်ထဲမှာ ပါတဲ့ ဥပမာက ရှင်ဘုရင်ဆီ မရောက်ဖူးတဲ့ တောသားကို ရောက်ဖူးတဲ့ မြို့သားက ခေါ်သွားမှ တောသားက ရှင်ဘုရင်ဆီ ရောက်ရတယ်။ အဲဒီ မြို့သားကို ဝိတက်ရဲ့ ဥပမာအဖြစ် ပေးတယ်။


ဝိစာရ

အာရုံ၌ သမ္ပယုတ်တရားတို့ကို သုံးသပ်စေခြင်း သဘော။ သုံးသပ်စေခြင်းသဘောဆိုတာ အဲဒီအာရုံပေါ်မှာပဲ ထပ်ကာ ထပ်ကာ ဖြစ်စေခြင်းသဘောလို့ ဆိုလိုတယ်။

ဝိတက်က အဲဒီစိတ်ကို အာရုံပေါ်မှာ ရစ်ဝဲနေအောင် တင်ပေးလိုက်တယ်။ အာရုံနဲ့ စပ်ဟပ်နေအောင် ဝိစာရက လုပ်ပေးတယ်။
ဝိတက်နဲ့ ဝိစာရဟာ တစ်ပြိုင်နက် ဖြစ်တယ်။

သူတို့ဖြစ်ပုံ အထူးကို နားလည်အောင် ပေးတဲ့ ဥပမာတွေက -

ခေါင်းလောင်းတစ်ခုကို တီးလိုက်တဲ့အခါ ပထမတီးလို့ ဒေါင်ကနဲ ထွက်လာတဲ့ မြည်သံက ဝိတက်၊ နောက်ကလိုက်ညည်းတဲ့အသံက ဝိစာရ။

တစ်နည်းအားဖြင့် - ငှက်ဟာ ကောင်းကင်ကို ပျံတက်ချင်တဲ့အခါ အတောင်ခတ်ပြီး ထပျံတာက ဝိတက်၊ ကောင်းကင်မှာ ဝဲနေတာက ဝိစာရ။

နောက်တစ်နည်းအားဖြင့် - ပျားပိတုန်းဟာ ပဒုမ္မာကြာဆီ စိုက်ထိုးသွားတာက ဝိတက်၊ ကြာပွင့်ပေါ်မှာ ရစ်ဝဲနေတာက ဝိစာရ။

နောက်တစ်နည်းအားဖြင့် - ခွက်တစ်ခု မည်းနေလို့ ပွတ်တိုက် ဆေးကြောချင်တာ ခွက်ကို ကျကျနန ဆုပ်ကိုင်တဲ့ လက်က ဝိတက်၊ ပွတ်တိုက်ဆေးကြောတဲ့ နောက်လက်တစ်ဖက်က ဝိစာရ။

ဝိတက်ဟာ ပကိဏ်းစေတသိက်ဖြစ်တော့ တချို့စိတ်တွေမှာ မယှဉ်ဘူး။ အဟိတ်စိတ်ထဲက မြင်စိတ် ကြားစိတ်တွေ စသည်ဟာ အာရုံနဲ့ အခံ ထိခိုက်မှု အားကြီးလို့ အာရုံပေါ်တင်ပေးစရာ မလိုဘူး။ ဒါကြောင့် ဝိတက်က အဲဒီမှာ မယှဉ်ဘူး။ ဒုတိယဈာန်၊ တတိယဈာန်စိတ်တွေကျတော့ ဘာဝနာရဲ့အစွမ်းကြောင့် ဝိတက် မယှဉ်ဘူး။


အဓိမောက္ခ

အဓိမောက္ခဆိုတာ အာရုံကို ဆုံးဖြတ်ခြင်း သဘော။ အာရုံကို ဒီအာရုံပဲလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်းသဘောကို အဓိမောက္ခလို့ ခေါ်တယ်။

ရှေးတုန်းက မြို့တံခါးကို ခိုင်ခိုင်မာမာ ခပ်ကြီးကြီး လုပ်ရတယ်။ အဲဒီလို တံခါးတိုင်ကြီး ခိုင်မြဲသလို အဓိမောက္ခကို တံခါးတိုင်ကြီးနဲ့ ဥပမာပေးတယ်။


ဝီရိယ

သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခိုင်စေခြင်းသဘော။ ဝီရိယရှိလို့ သမ္ပယုတ်တရားတွေက တည်တည်တံ့တံ့ ဖြစ်နေတာ။ ဝီရိယလျော့သွားတာနဲ့ တစ်ပြိုင်နက် အလုပ်မလုပ်ချင်တော့ဘူး။

ဒီဝီရိယမပါရင် ဘာမှ လုပ်လို့ မဖြစ်ဘူး။ တရားထိုင်တဲ့အခါ ဝီရိယလေးနဲ့ လုပ်မှ စိတ်ဟာ အာရုံပေါ် ရှိတာ။ ဒီလို မဟုတ်ရင် စိတ်က ဟိုရောက် ဒီရောက် ရောက်နေတာ။ နည်းနည်းလေး ဂရုစိုက်လိုက်မှ စိတ်က အာရုံပေါ် ပြန်ရောက်လာတာ။ ဝီရိယလေး လျော့ရင် သွားပြန်ရော၊ အဲဒီလိုပေါ့။


ပီတိ

ပီတိဆိုတာ အာရုံကို နှစ်သက်ခြင်းသဘော။ သူက အာရုံကို မခံစားဘူးနော်။ ခံစားတာက ဝေဒနာ။ ပီတိက နှစ်သက်တာ။

ပီတိနဲ့ သုခဆိုတာ မတူဘူး။ ထူးခြား ကွဲပြားတယ်။
စိတ်ပိုင်းတုန်းက ပြောခဲ့ဖူးတယ်။ သဲကန္တာရခရီးသွား ဥပမာ။ မောပန်းနေတဲ့ သဲကန္တာရခရီးသွားဟာ လူတစ်ယောက်နဲ့ တွေ့လို့ မေးမြန်းတဲ့အခါ ရှေ့တစ်မိုင်လောက်မှာ အိုအေစစ်ရှိတယ်ဆိုတာ ကြားသိရတဲ့အချိန်က စပြီး အိုအေစစ်ဆီ ရောက်သည်တိုင်အောင် နှစ်သက်မှု ဖြစ်တာက ပီတိ။ ရေတွေသောက် ချိုးသုံးပြီး သစ်ပင်အောက်မှာ အေးအေးလူလူ အနားယူတာက သုခ ခံစားမှု။

ခံစားမှု မရောက်သေးခင်ဟာ ပီတိ၊ ခံစားတဲ့အခါကျတော့ သုခ။ ဒါပေမယ့် ပီတိနဲ့ သုခဟာ တစ်ပြိုင်နက်ထဲ ဖြစ်တဲ့ စိတ်တွေ အများကြီး ရှိတယ်။

အဲဒီ ပီတိဟာ ၅-မျိုး ရှိတယ်။

ပထမပီတိက အသေးစားပီတိ၊ တရားထိုင်တဲ့အခါ တွေ့တတ်တယ်။ တစ်ခါတလေ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်တယ်။ ကြက်သီးမွေးညင်း ထသလို ဟိုနားကဖြစ် ဒီနားကဖြစ်။ ကြက်သီးမွေးညင်းထရုံလောက်ဖြစ်တဲ့ ပီတိ (ခုဒ္ဒကာပီတိ)။

ပြီးတော့ နောက်တစ်ခု သူ့ထက် နည်းနည်း ပိုအားကြီးတဲ့ ပီတိ။ တစ်ခဏမျှ သိမ့်ကနဲ သိမ့်ကနဲ ဖြစ်သွားတာမျိုးရှိတယ်။ (ခဏိကာပီတိ)

နောက်ပီတိတစ်ခုက လှိုင်းကြီးများ ဝုန်းကနဲ ဝုန်းကနဲ ရိုက်နေတာမျိုးဖြစ်နေတဲ့ ပီတိ (သြက္ကန္တိကာပီတိ)။

နောက်ပီတိတစ်ခုကတော့ ထပျံနိုင်တဲ့ ပီတိမျိုး။ အဲဒီပီတိဖြစ်ရင် လူထခုန်နိုင်တယ်။ ရွေ့သွားနိုင်တယ်။ ဥဗ္ဗေဂါပီတိလို့ ခေါ်တယ်။

နောက်တစ်ခုကတော့ ဝါဂွမ်းဆီထိသလို တစ်ကိုယ်လုံး ပျံ့နှံ့သွားတဲ့ ပီတိမျိုး။ ဖရဏာပီတိလို့ ခေါ်တယ်။

ပီတိ ၅-မျိုး။ ဒီ ၅ မျိုးစလုံးလိုပဲ တရားထိုင်ရင် တွေ့ရမယ်။ အစပိုင်းတော့ မရသေးဘူးပေါ့။ ကြာလာတော့ တွေ့လာမယ်။


ဆန္ဒ

ဆန္ဒဆိုတာ ပါဠိစကား။ လိုလားခြင်းသဘော၊ ပြုလိုကာမျှသဘောလေးပဲ။ သူက လောဘနဲ့ နီးစပ်တယ်။ သို့သော် မတူဘူး။
လောဘကျတော့ တွယ်တာ ငြိကပ်မှု ပါသွားပြီ။ လိုချင်သွားပြီ။

ဆန္ဒကို ဥပမာပေးတာက လေးသမား လေးပစ်တဲ့အခါကျတော့ မြားကောက်ဆွဲယူတယ်။ မြားယူတာဟာ ယူချင်ရုံမျှပဲ။ မြားအပေါ်မှာ ဘာမှ တွယ်တာမှု မရှိဘူး။ ပစ်တော့ ပစ်မှာပဲ။ အဲဒါလိုဟာမျိုးကို ဆန္ဒလို့ ခေါ်တယ်။

ဆန္ဒဟာ ကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ အကုသိုလ်ဆန္ဒလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက အကုသိုလ်စိတ်မှာလည်း ယှဉ်နိုင်တယ်။

ပါဠိမှာ ဆန္ဒဆိုတဲ့ စကားလုံးဟာ တစ်ခါတလေ ဒီဆန္ဒကိုပဲ ဆိုလိုတယ်။ တစ်ခါတလေ ကာမစ္ဆန္ဒလို့ ခေါ်တာ ရှိတယ်။ ကာမဆန္ဒကို ကာမစ္ဆန္ဒလို့ ခေါ်တဲ့အခါကျတော့ လောဘ။

တရားလိုလားတာမျိုး၊ တရားကို အလိုရှိတယ်ဆိုရင်တော့ ဓမ္မစ္ဆန္ဒပေါ့။ ဓမ္မဆန္ဒ သို့မဟုတ် ကုသလဆန္ဒ။

ကုသိုလ်ဘက်ကဆို ကောင်းတဲ့ အလို၊ ကာမဂုဏ်ဘက်က ပြောရင် ကာမစ္ဆန္ဒ။

ကောင်းပြီ … ဒီ ‘ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ’ စေတသိက် ၆-ပါးကို ပကိဏ်းစေတသိက် ၆ ပါးလို့ ခေါ်တယ်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇ ပါးနဲ့ ပကိဏ်းစေတသိက် ၆ ပါး နှစ်ခုပေါင်းလိုက်တဲ့ ၁၃ ပါးကို အညသမာန်းစေတသိက်လို့ ခေါ်တယ်။


+++++


အဘိဓမ္မာသင်တန်း ပြီး၍ ခေတ္တ အနားယူချိန်ပေးသောအခါ နောက်တစ်ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် အေဘီဘီအေ နှစ်သစ်ပွဲတော်၏ အလှူရှင်မိသားစုက မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဒါနပြုသဖြင့် သင်တန်းသူ သင်တန်းသားများ အဆာပြေ စားသောက်ကြရ၏။

လောကချမ်းသာ စနေနေ့ တရားပွဲကို ရှေးဦး ပြုမြဲဖြစ်သော ဘုရားကန်တော့ခြင်း၊ သီလယူခြင်း၊ မေတ္တာဘာဝနာပွားများခြင်းများ ပြုလုပ်ပြီး အရှင်ဝဏ္ဏိတက အထူးတရားပွဲအဖြစ် “အမေသေလျှင်”ဟူသော တရားတော်ကို ဓမ္မဒါန ပြုသွားလေသည်။







အရှင်ဝဏ္ဏိတ၏ မယ်တော်ဖြစ်သူ ဒေါ်တင်အေး (အသက် ၇၆ နှစ်)သည် ၂၀၀၉ ခု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာပြည် ရန်ကုန်မြို့၌ ကွယ်လွန် အနိစ္စရောက်သွားခဲ့ရာ အရှင်ဝဏ္ဏိတက အထူးတလည် ဓမ္မဒါန ပြုခြင်း ဖြစ်၏။

နံနက်ပိုင်းတွင်လည်း အရှင်ဝဏ္ဏိတသည် ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်း၊



နယူးဂျာစီ မဟာစည်သတိပဋ္ဌာန်ရိပ်သာရှိ လောကချမ်းသာစေတီတော်နှင့် ဆောက်လုပ်မည့် လောကချမ်းသာ ဓမ္မာရုံ ယောဂီဆောင် ကျောင်းဆောင်တော်ကြီးအတွက် ဝတ္ထုငွေများ လှူဒါန်းခြင်း၊ သံဃာတော်များအား သင်္ကန်းနှင့် နဝကမ္မများ လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား နေ့လယ်စာ ကျွေးမွေးခြင်း စသည့် ဒါနကောင်းမှု အစုစုတို့ကိုလည်း ဆည်းပူး ပြုလုပ်ခဲ့၏။

စိန်စီဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ပြီး အရှင်ဝဏ္ဏိတက ရေစက်သွန်းချကာ ကုသိုလ်အစုစုတို့ကို အထူးအားဖြင့် မယ်တော်ကြီးအား ရည်ညွှန်း၍ အားလုံးသော သတွာတို့ကို အမျှပေးဝေခဲ့လေသည်။



“အမေသေလျှင်တရားတော်”တွင် အလောင်းလှဖို့ထက် ဘဝလှရန် မအို မနာ မသေမီ ဒါန သီလ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို စုဆောင်း ရယူထားရန်နှင့် သင်္ဂြိုဟ်လာ အာစိဏ္ဏကံနှင့် အာသန္နကံ အကြောင်းများ ရှင်းလင်း ဟောကြားသွားပြီး လောကဝတ် ဓမ္မဝတ် ကျေပွန်အောင် ထမ်းဆောင်သော သားကောင်း သမီးမွန်များ ဖြစ်ကြစေရန် အထူး တိုက်တွန်းသွား၏။

တရားပွဲပြီးသောအခါ ဆယ်မိနစ်ခန့် ဝိပဿနာ ဘာဝနာ ပွားများကြပြီး ကောင်းမှုအစုစုတို့ကို သတ္တဝါအားလုံးတို့အား အမျှပေးဝေကြပြန်လေသည်။

သာဓု … သာဓု … သာဓု။ 0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP