* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, January 29, 2010

ဝူတန်းတောင်ထိပ်က ဥပေက္ခာတိုက်ကွက်

(၁)
ဟားဟား

ရယ်သည်။
ဟားဟားဟား
ထပ်ရယ်သည်။
ဟားဟားဟားဟား
ခွက်ထိုးခွက်လှန်ရယ်မောလိုက်လေသည်။

ဝူတန်းတောင်ထိပ်ရှိသိုင်းလောကတစ်ခုလုံး၏ အစည်းအဝေးညီမူရာခန်းမဆောင်ကြီးတွင် သူရောက်ရှိနေလေ သည်။ ရောင်စုံသိုင်းလောကသားတို့ကား ညီမူရာခန်းမဆောင်အလယ်ရှိ ပြင်ညီကွက်လပ်တွင် အသည်းအသန် တိုက်ခိုက်နေကြသော ၀ူတန်းတောင်ပိုင်ဘိုးဘိုးနှင့် ကျန်ဝူကျိတို့၏ တိုက်ပွဲကို ရင်သပ်ရှုမောနေကြသည်။ သူက ရှောင်လင်ဆရာတော်များကြားသို့တိုးဝှေ့ဝင်ရောက်လိုက်သည်။
“အော်မီတော်ဖော်(အမီတာဘာ)”
ရှောင်လင်ဆရာတော်တစ်ပါးက နှုတ်ဆက်နေရာပေး၍ သိုင်းလောကဥသျှောင်ရှောင်လင်ဆရာတော်များစင် မြင့်တွင် သူဝင်ထိုင်လိုက်သည်။တိုက်ပွဲဆီသို့ စိတ်ကိုညွတ်လိုက်၏။ သိုင်းလောကနှင့်စိမ်းလှသော သူ့အတွက် တစ်ခုမှ နားမလည်။ ကြည့်ကောင်းကောင်းနှင့်သာ ကြည့်နေမိသည်။

ဝူတန်းတောင်ပိုင်ဘိုးဘိုးသည် မြေးတပည့်ဖြစ်သူကျန်းဝူကျိအား ကျေနပ်ပီတိဖြစ်စွာ ဆွတ်ဆွတ်ဖြူသော မုတ် ဆိတ်ရှည်များကို ပွတ်သပ်လျက် ရယ်မောလိုက်လေသည်။ ကျန်းဝူကျိကား သိုင်းလောကတစ်ခုလုံး၏ အနာ ဂတ်ဖြစ်၏။ ဂန္ဓာလရာဇ်ပြည်ကြီးကို မန်းချူးရီးယားကျူးကျော်သူတို့၏ လက်မှကယ်တင်နိုင်သော သူရဲကောင်း ယောက်ျားမြတ်ဖြစ်တော့သည်။သိုင်းလောကသားတို့ မက်မောအားကျလောက်သော ကျောက်စိမ်းဧကရာဇ် သိုင်းကျမ်း၊ နေလစကြာအတွင်းအားနှင့် နဂါးနိုင်ဓါးတို့ကိုလည်း ပိုင်ဆိုင်ပြီးလေပြီ။ သို့သော် ၀ူတန်း တောင်ပိုင် ဘိုးဘိုးက မြေးတပည့်ကျန်းဝုကျိအား တစ်စုံတစ်ရာ သင်ပေးရန်လိုသေးသည် တဲ့ ။

သူ့အနားမှာထိုင်နေသည့်အသက်ကြီးကြီး ရှောင်လင်ဘုန်းတော်ကြီးကို “ကျန်းဝုကျိက ဒီလောက်တောင် ပြည့်စုံ နေမင့်ဟာ ဘာများသင်ပေးစရာလိုသေးတုန်း”ဟု စောကြောမိရာ တိတ်တိတ်နေစမ်းပါသဘောဖြင့် လှည့် မကြည့်ဘဲ လက်ကာပြလေသည်။ရှောင်လင်ဘုန်းတော်ကြီးကား တစ်ခါတစ်ရံလျှပ်စီးပြက်သလို မြန်ဆန်သွား လိုက်၊ တစ်ခါတစ်ခါ ရေလှိုင်းများလို နုအိပျော့ပျောင်းသွားလိုက် တိုက်ကွက်များတွင် နစ်မွန်းနေဟန်တူပါသည်။ သူလည်း ဘာမှမမေးတော့ဘဲ သိုင်းလောက၏ ကြုံတောင့်ကြုံခဲ ထိပ်တန်းလိုက်ဖ်ရှိုးသိုင်းကွက်များကို စိတ်နှစ် ကာ ကြည့်နေမိ တော့သည်။

သူအပါအ၀င် သိုင်းလောကတစ်ခုလုံးမသိသေးသော တစ်စုံတစ်ရာကို ၀ူတန်းဘိုးဘိုးက သင်ပေးနေချေပြီ။ ၀ိုင်း အုံကြည့်ရှုနေကြသော သိုင်းလောကသားတို့ကား သိုင်းလောက၏ ထိပ်တန်းသိုင်းအကျော်ဒေးယျမြေးအဘိုး တို့၏ အံ့မခန်းတိုက်ကွက်တို့ကို တဟင်ဟင်တဟာဟာဖြစ်နေကြသည်။ ဒိတ်ဒိတ်ကြဲသိုင်းဂုရုကြီးတို့ပင် မခန့် မှန်းနိုင်သော မဟာသိုင်းကွက်များ။မြေးအဘိုးနှစ်ယောက်တို့ ပူးကပ်သွားကြ၏။
ထို့နောက် နောက်သို့ ခြေခုနှစ်လှမ်းခန့် ကိုယ်စီ ဆုတ်လိုက်ကြပြန်သည်။
“ဘယ်လိုလဲ ငါ့မြေး၊”
“သုံးပုံတစ်ပုံလောက်မေ့သွားပြီ ဖိုးဖိုး”
“ဟုတ်ပြီ”
ထို့နောက် ဆက်လက်၍ တိုက်ကွက်ကို ပြန်စကြပြန်သည်။

“ ဟာ တစ်ဝက်မေ့သွားပြီ ဖိုးဖိုး”။
“သိပ်ကောင်းတယ်လူလေး၊ ကဲဆက်ကြိုးစားလိုက်ဦး ”
မြေးအဘိုးနှစ်ယောက်ကား မရပ်မနား အဆက်မပြတ်တိုက်ခိုက်ကြပြန်သည်။
“အကုန်မေ့သွားပြီ ဖိုးဖိုးရေ”
“ဟားဟား ဒါပဲ အဲဒါပဲ ” ၀ူတန်းဘိုးဘိုးက အားရနှစ်သက်စွာ ရယ်မောလိုက်လေသည်။

ထိုအခါမှ သိုင်းမြေးအဘိုးတို့ ရပ်နားလိုက်ကြသည်။
သိုင်းလောကသားတို့ကား နားမလည်နိုင်အောင် အံအား သင့်သွားကြသည်။ သိုင်းကွက်တွေအကုန်မေ့သွားပြီဆိုပါလား။ သူစိတ်ဝင်စားသွားသည်။ သိုင်းလောကထဲမှာ တစ်ခါမှ မကြားစဖူးသော သီဝရီတစ်ခုပါတကား။ သိုင်းလောကသားတို့ကား အကျော်ဒေးယျဆရာဂုရုများထံမှ သိုင်းကွက်လေးတစ်ကွက်ရဖို့ နှစ်ရှည်လများ ခြေသလုံးဖက်ကာသင်ကြရသည်။ တစ်ခါတစ်ရံ တွန့်တိုသော ဆရာနှင့် တွေ့လျှင် ဘယ်လောက်ပဲ ခယသည်ဖြစ်စေ သိုင်းအမွေခံဖို့ မဖြစ်နိုင်။

ခုတော့ ဒီမှာ ရှိပြီးသားသိုင်းကွက်တွေ မေ့သွားအောင် သင်ပေးလိုက်ပြီဆိုပါလား။ အဖြေက ဘာပါလိမ့် ။ သူ ဗာရာဏသီမပြန်ခင်တော့ သိသွားချင်သည်။ ပြင်ညီကွက်လပ်ထဲသို့ စွပ်ဝင်သွားခဲ့၏။ ၀ူတန်းတောင်ပိုင် ဘိုးဘိုးနှင့်ကျန်ဝုကျိတို့က အသွင်အပြင်ထူးခြားနေသောသူ့ကို အံ့အားသင့်စွာ ကြည့်နေသည်။ သူက သူ့ကိုယ် သူမိတ်ဆက်လိုက်သည့်အခါမှ “ အော်မီတော်ဖော်(အမီတာဘာ)” ဟု ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

“ ဘာများအလိုရှိပါသလဲ အလှူခံပုဂ္ဂိုလ်မှန်းတော့ သိပါတယ်။”

“ဒုက္ခပါပဲ ဘုန်းကြီးရဟန်းမြင်ရင် အလှူခံပုဂ္ဂိုလ်လို့ သိုင်းလောကမှာပါ သတင်းပေါက်နေပြီလား။”

“ ဒီလိုမဟုတ်ရပါဘူးဘုရား သိုင်းလောကထဲမှာရှိတဲ့ ခုံဂိုဏ်းက ဘုန်းတော်ကြီးတွေနဲ့ ၀ါမေဂိုဏ်းက သီလရှင် တွေတော့ သိုင်းကွက်အလှူခံကြွလာလေ့ရှိတာမို့ပါ။”

“ အင်း အလှူခံတော့ အလှူခံပါပဲ ၀ါးလုံးရှည်နဲ့ရမ်းတဲ့ ၀ါးရုံးသုံးကားအလှူခံမျိုးတော့မဟုတ်ပေဘူး။ ကဲ ထားပါ ခုလာတာက ဟိမ၀န္တာခိုပြီး တောရပ်မှီးဖို့ ဗာရာဏသီက ထွက်လာတာ၊လမ်းမှားသွားလို့ တိဘက်လွင်ပြင် ကိုကျော်လွန်ပြီး ၀ူတန်တောင်ကို ရောက်လာခဲ့တာပဲ။ သိုင်းလောကကို စိတ်မ၀င်စားပေမယ့် လူစုစုမြင်ရင် ၀င် ရောချင်တဲ့ ၀ါသနာကြောင့်ပါပဲ။ ဒါပေမယ့်
သိုင်းလောကရဲ့ အထွတ်အထိပ်သိုင်းကွက်တွေ ရှုစားခွင့်ရတဲ့ အတွက်လာရကျိုးနပ်တယ်ဆိုရမလားပဲ။အင်း အဲဒီမှာ သိချင်တာက ဆရာကြီးတို့ မြေးအဘိုးတို့ရဲ့“အကွက်မေ့” သိုင်းပါပဲ။

“အကွက်ပျောက်သိုင်းဆိုလည်း မမှားပါဘူးဆရာတော်။ကျန်းဝုကျိမှာ သိုင်းကျမ်းတွေ၊ အတွင်းအားတွေ။ နဂါးနိုင် ဓါးတွေပိုင်ဆိုင်လို့ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ၊ သူ့သိုင်းပညာမှာ အကွက်ရှိနေသေးတယ်။ အကွက် ရှိနေတာ ကိုက သူ့အားနည်းချက်ပါပဲ။ အကွက်ရှိတဲ့ သိုင်းပညာဟာ အန္တရာယ်သိပ်များပါတယ်။ ပြိုင်ဘက်ရန်သူက အဲဒီတိုက်ကွက်ရဲ့ ပျော့ကွက်မှားကွက်ဟာကွက်ကို သိသွားရင် အလွယ်တကူချေဖျက် အနိုင် ယူသွားနိုင်တာပေါ့။ အခု တပည့်တော်ရဲ့ မြေးတပည့်မှာ အကွက်မရှိတော့ဘူး။ အကွက်မရှိတော့ ပြိုင်ဘက် ရန်သူတွေက သူ့အား နည်းချက်ကို မရှာနိုင်တော့ဘူး။ သူကသာ ပြိုင်ဘက်ရန်သူတွေရဲ့ တိုက်ခိုက်မှုကို အလိုက်သင့်စီးမျော တိုက်ခိုက် သွားရုံပဲ။”

“ အကွက်မရှိတဲ့ အကွက်ပေါ့ ဟုတ်လား ဆရာကြီး”

“ သိပ်ကောင်းတဲ့ ဝေါဟာရပဲ ၊ သိုင်းလောကအဘိဓာန်ထဲမှာ ထည့်သွင်းရမယ်။
ကျေးဇူးကြီးလှပါတယ်ဆရာတော် နောက်ဘ၀မှ ဆပ်ပါရစေတော့”

သူနားလည်သလိုတော့ ရှိသွားသည်။ သို့သော် ရေရေရာရာတော့ မဟုတ်သေး။
ဘာပဲဖြစ်ဖြစ် သူ့အတွက် စဉ်းစားကွက်တစ်ခုရလာခဲ့သည်။ ၀ုတန်းတောင်ပိုင်မြေးအဘိုးနှင့် ရှောင်လင် ဆရာ တော်များပါမကျန် သိုင်းလောကသားတို့ကို လက်ဝှေ့ရမ်းပြကာ ၀ူတန်းတောင်ပေါ်မှ ဆင်းလာခဲ့
လေသည်။

(၂)

ဝူတန်းတောင်အဆင်းလမ်းတစ်နေရာတွင်။
“Excuse me”

နောက်မှ သိုးဆောင်းဘာသာစကားဖြင့် နှုတ်ဆက်လိုက်သံကြောင့် သူလှည့်ကြည့်လိုက်သည်။
အနောက်တိုင်းသားတစ်ဦးဖြစ်နေသည်။ “ဟလို” ဟု သူက ရိုးရိုးလေး ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် What did you say your name was?ဟု မေးခွန်းထုတ်လိုက်သည်။ ထိုအနောက်တိုင်းသားကြီးကို မြင်ဖူးသလို ရှိနေ၍ ဖြစ်သည်။

“ တပည့်တော်က ဂျိုးဇက် ဂိုးစတိန်းပါဘုရား”

“ အာ ဟုတ်ပြီ။ ဂုရုဂျီး အက်စ် အင်န် ဂိုအင်ကာရဲ့ သာဝကအရင်းအချာ မစ္စတာဂျိုးဇက်ကြီးပေပဲ။ ဒကာရေးတဲ့ “ကိုယ်တွေ့ဝိပဿနာ” ဆိုတဲ့ဘုတ်အုပ်လေးကို ရွှေပြည်ကြီးက စာရေးဆရာဦးဆန်းလွင်နဲ့ ဦးဟန်ဌေး (သုတေသန)တို့ဘာသာပြန်ဆိုကြလို့ဖတ်မှတ်ရဖူးရဲ့၊ ခုတော့ အဲဒီစာအုပ်လေးလည်း လက်ဆင့်ကမ်းလိုက်တဲ့ အထဲမှာပါသွားလို့ လက်ထဲမှာတော့ မရှိတော့ပေဘူး”

“မှန်ပါ တပည့်တော်ပြောချင်တာလည်း အဲဒီစာအုပ်နဲ့ပတ်သက်ပါတယ်ဘုရား၊ အရှင်ဘုရား ၀ူတန်းတောင် ပေါ်မှာ မြေးအဘိုးနှစ်ယောက်နဲ့ စကားပြောနေတုန်း တပည့်တော်လည်း နားထောင်နေတာဘုရာ့။ “အကွက် မရှိတဲ့အကွက်”လို့ အရှင်ဘုရားမိန့်လိုက်တော့ ဗုဒ္ဓအရှင်ရဲ့ “ဥပေက္ခာတရားတော်”ကို ပြေးသတိရလိုက်တာ ဘုရား။ ”

“ လင်းစမ်းပါဦး မစ္စတာဂျိုးဇက်ကြီးရဲ့”

“တပည့်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ လောကဓံဆိုတာ မလွဲမသွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ ပြိုက်ဘက်ပါပဲ။
သူ့မှာ အရှင်ဘုရားများသိတော်မူတဲ့ အတိုင်း တိုက်ကွက် (၈) ကွက်ပဲရှိတာပါ။
ပြည့်စုံကုံလုံမှု လာဘော၊
နွမ်းလျပါးရှားမှု အလာဘော၊
ပြည့်စုံနေချိန်မှာစိန်တစ်ရစ်မြတစ်ရစ်အပြုံးတွေဝိုင်းဝိုင်းလည်နေမှု ယသော၊
နွမ်းလျနိမ့်ပါးသွားတဲ့အခါ အမည်ခံမိတ်ဆွေတွေရဲ့ ကျောခိုင်းထွက်ခွာသွားမှု အယသော၊
မှားကွက်ကိုနင်းမိတဲ့အခါ(သို့မဟုတ်)မလိုလားသူတွေများလာတဲ့အခါ အပုပ်ချအတင်းအဖျင်းတွေကြားထဲမျောပါရမှု နိန္ဒာ၊
အောင်မြင်တဲ့အခါလက်ခုပ်သြဘာပေးခံရမှု ပသံသာ၊
အလိုဆန္ဒပြည့်ဝတဲ့ အခါကျေနပ်ပျော်ရွှင်မှု သုခ နဲ့
ဆုံးရှုံးထိခိုက်မှုတွေကိုခါးစည်းခံရတဲ့အခါအလိုမကျနာကျင်မှု ဒုက္ခ
ဒီလောကဓံတိုက်ကွက်(၈)ကွက်ပဲ ရင်ဆိုင်နေကြရတာပါပဲ။”

“ အိမ်း ဒီလိုဆိုတော့လည်း သိုင်းလောကကြီးအလယ်မှာ ကျွန်ုပ်တို့ရောက်နေကြပါပေါ့လား ဒကာဂျိုးဇက်ရေ”

“တပည့်တော်တို့က ပြိုင်ဘက်လောကဓံဆိုတာကိုလည်း ကောင်းကောင်းသိပါရဲ့၊လောကဓံမှာ အကွက်ဘယ် နှစ်ကွက်ရှိတယ်ဆိုတာကိုတောင် ဗုဒ္ဓအရှင်ကိုယ်တိုင် စာရင်းပြုစုပေးထားလို့ သိလည်း သိပြီးသားပဲ ဘုရား။”

“ဟုတ်ပ လောကဓံတရားဆိုတာ ခပ်ညံ့ညံ့ငနဲတစ်ကောင်လို့ကဗျာဆရာတွေနဲ့အတူ သံယောင်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်ပစ်ခဲ့ဖူးပါရဲ့။ တကယ့်တကယ်ကျတော့ လောကဓံကသာ ကျွန်ုပ် တို့ကို ခပ်ညံ့ညံ့တွေအဖြစ် ချန်ထားခဲ့ပါရောလား။ လောကဓံနဲ့ လက်ရည်တူတောင် မကစားနိုင်ဘဲကိုးဗျ ဒကာ ဂျိုးဇက်ရ”

“ အဲဒါ တပည့်တော်တို့ရဲ့ အားနည်းချက်ကို လောကဓံက ထိထိမိမိ ထိုးနှက်နိုင်ခဲ့တာဘုရား။ တပည့်တော်တို့ရဲ့ အညှာကို လောကဓံက ပိုင်ပိုင်နိုင်နိုင်သိနေခဲ့တာကိုးဘုရား။ အဲဒီပျော့ကွက်က “ငါ”ဆိုတဲ့ ဗဟိုချက်ပါပဲ ဆရာတော်။”ငါဆိုတဲ့ အတ္တဗဟိုချက်ကနေဖြာထွက်လာတဲ့ အကောင်းအဆိုးတိုက်ကွက်တွေမှာ ပျော့ကွက် တွေဟာကွက် တွေအများကြီးရှိတော့တာဘုရား။

“လောကဓံက အကောင်းအဆိုးဗျူဟာကွက်တွေနဲ့ တိုက်စစ်ဆင်လာတတ်တာကိုတော့ သိပါရဲ့ ဒကာ”

“မှန်ပါ ခံစစ်မှာ တပည့်တော်တို့ရဲ့ မဟာဗျူဟာဗဟိုချက်တိုက်ကွက်ကြီးက ထင်းထင်းကြီးပေါ်နေတော့ လောကဓံက အလွယ်တကူ ဒိုင်ပွဲရပ်တွေပဲ ကစားသွားတော့တာပါပဲ ဆရာတော်။အကောင်းလောကဓံက တိုက်ကွက်ပျော့ပေမယ့် အတွင်းအားပါတယ်ဘုရာ့။ “ ငါမို့ ဒါကိုလုပ်နိုင်တာ၊ ငါမို့ ဒီလောက်စွမ်းဆောင်နိုင်တာ၊ ငါမို့ ဒီနေရာကို ရောက်လာတာ၊ ငါမို့ ဒီအချိန်မှာ ဖြစ်ထွန်းတာ၊” အဲဒီ“ငါ”ဆိုတာကြီးကို ထိအောင် ရိုက်ချိုးပစ်နိုင်တာကိုး။ ဒဏ်ရာမပေါ်ပေမယ့် အတွင်းကြေသွားခဲ့တာဘုရား။ ဘေးကလူတွေတောင်မသိလိုက်ဘဲ အတွင်းဒဏ်ရာနဲ့ လုံးပါးပါးသွားရတဲ့ လူမှုဘ၀ပုံရိပ်တွေ အများကြီးပါပဲဘုရား။ ဒီလိုနဲ့ ရရှိထားတဲ့ စည်းစိမ်၊ ဆွတ်ခူးထားတဲ့ အောင်မြင်မှု၊ ရောက်ရှိနေတဲ့ နေရာတွေ လက်လွှတ်လိုက်ရသူတွေ မနည်းဘူး ဖြစ်နေကြ ရတာပါဆရာတော်၊ ”

“အိမ်းအိမ်း ဒီအကောင်းလောကဓံကိုတော့ “မေတ္တာဖြာဝေ အတွင်းကြေတိုက်ကွက်
” လို့ သိုင်းလောကထုံးစံ အမည်ပေးကြတာပေါ့။”

“သင့်မြတ်လှပါတယ်ဆရာတော်၊အဆိုးလောကဓံကတော့ တိုက်ကွက်ပြင်းသလို အဖြေရှာမရအောင် ကိုယ်ဖော့ ပညာကလည်းကောင်းပြန်တယ်ဘုရား။
“ငါ့မှ ဖြစ်ရလေခြင်း၊ ငါ့ကိုမှ လုပ်ရက်လေခြင်း” အဲဒီ“ငါ” ဆိုတဲ့ အရှိုက် တည့်တည့်ကိုပဲ အတွင်းအပြင် လူမြင်အောင် အလဲထိုးချလိုက်တာကိုး ဘုရား၊ မျက်ရည်တွေ၊ ကြေကွဲမှုတွေနဲ့ နှလုံးသွေးပျက်သွားရလောက်အောင်ထိ တစ်ချီတည်း ဘုန်းဘုန်းလဲသွားနိုင်တာပဲ ။

“အိမ်းအဆိုးလောကဓံကတော့ ထင်သာမြင်သာ ရှိပါရဲ့ ဒကာတော်။ “မျက်ရည်ပင်လယ် အပူသည်တိုက်ကွက်” ပေပဲပေါ့”

“သင့်လျော်သလိုသာ မှည့်ခေါ်ပါတော့ဘုရား။ တစ်ခါတစ်ရံမှာတော့ လောကဓံက အပူအအေး သိုင်းကျမ်းကို ရှာဖွေတွေ့ရှိထားတဲ့ အမည်မဲ့သိုင်းသမားလို ရောထွေးတိုက်ခိုက်တတ်ပြန်တယ်။ သေဒဏ်ကျလို့ ကြိုးစင် တက်ရခါနီးမှ ထီပေါက်သလိုမျိုးပေါ့ဘုရား။ ဘယ်လိုလောကဓံပဲ ဖြစ်ဖြစ်ဆရာတော် ၊တပည့်တော်တို့က အကွက်ဖျောက်ထားလိုက်ရင် လောကဓံက တပည့်တော်တို့ကို မတိုက်ခိုက်နိုင်ဘူးပေါ့ဘုရား၊ ဖြစ်နိုင်ရင်တော့ ငါဆိုတဲ့ အတ္တပျော့ကွက်ကြီးကို အပြီးသတ်ဖယ်ရှားလိုက်ရင်တော့ စိတ်အေးရပြီပေါ့ဘုရား၊ အပြီးသတ် မဖယ်ရှားနိုင်ရင်လည်း လောကဓံမမြင်အောင် ကွယ်ဝှက်ထားကြဖို့ပါပဲ။ ငါဆိုတဲ့ အတ္တကင်းတဲ့ တိုက်ကွက် ကတော့ ဥပေက္ခာပဲဘုရား၊ ဥပေက္ခာခံစစ်ကို ဘယ်လောကဓံမှ မတိုးနိုင်ဘူးဆရာတော်။”

“ အင်း ဒကာမစ္စတာဂျိုးဇက်ရှင်းလိုက်တော့လည်း လင်းပါပေရဲ့၊ ဒါနဲ့ ဥပေက္ခာနဲ့ပတ်သက်ပြီးတော့ ဒကာရေးတဲ့ ဘုတ်အုပ်လေးထဲမှာ တွေ့မိသလားလို့”

“မှန်ပါ တပည့်တော်ဆီမှာ ဘုတ်အုပ်လက်ကျန်မရှိတော့ဘူးဘုရား၊ ခုတော့ သီတဂူစတားကိုယ်တော်လေးရဲ့ ဘလော့တော်ကနေ ကော်ပီဆွဲခဲ့တယ်ဘုရား။ အဲဒီကိုယ်တော်လေးကလည်း အဖြူရောင်မေတ္တာမှ ကူယူဖြန့် ဝေဆိုလားဘုရား၊ တပည့်တော်လည်း ကိုယ်ရေးတဲ့စာလေးကို ကိုယ်တိုင်ပဲ ရှင်းချင်ပါရဲ့။ ဒါပေမယ့် ဓမ္မဂီရိကို ခရီးဆက်ရမှာမို့ ဒီကော်ပီစာရွက်လေးကိုသာ ဆက်လက်ဖတ်ရှုတော်မူပါဘုရား”

ပြောပြောဆိုဆိုပင် မစ္စတာဂျိုးဇက်ဂိုးစတိန်းသည် သူ့အား ၀ူတန်းတောင်ဆင်းလမ်းတစ်နေရာတွင် ကော်ပီ စာရွက်တစ်ရွက်နှင့်အတူ ချန်ထားခဲ့လေသည်။

(၃)

မစ္စတာဂျိုးဇက်ဂိုးစတိန်း၏ ကော်ပီစာရွက်မှ ဥပေက္ခာအကြောင်း၊
(“ဥပေက္ခာသဘောသည် စိတ်၏ မတိမ်းမစောင်း ညီညာသည့် သဘော၊ တည်ကြည်သည့် သဘောကို ဆိုလိုသည်။ အမှုခပ်သိမ်းတို့တွင် အဆင်ပြေအဆင်ချောနေသည့် အခါတွင်လည်း အရမ်းစိတ်တက်ကြွခြင်း၊ ပလွှားခြင်းမျိုးလည်း မဖြစ်၊ အမှုခပ်သိမ်း အဆင်မပြေ အဆင်မချောသည့် အခါမှာလည်း အရမ်း စိတ်ဓါတ်ကျခြင်း မရှိ၊ ပကတိ တည်ကြည်ခိုင်မြဲသော စိတ်ဖြင့် အမှုခပ်သိမ်းကို အညီအမျှ သဘောထား၍ ဆက်ဆံတတ်ခြင်းသည် ဥပေက္ခာ မည်ပါသည်။

ဥပေက္ခာကို ဥပမာအားဖြင့် ကမ္ဘာမြေကြီးပေါ်၌ ထွန်းပလျက်ရှိသော နေနှင့် နှိုင်းယှဉ်ပြလေ့ ရှိ၏။ နေသည် တစ်ချို့သော သူကိုသာ ထွန်းလင်းစေပြီး တခြားသောသူတို့ အပေါ်မှာမူ မထွန်းလင်းဟူသော သဘောမရှိ။ နေမင်းသည် အရာခပ်သိမ်းတို့အပေါ်ဝယ် အညီအမျှသာလျှင် ထွန်းလင်းသည်။ နေမင်းသည် ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့အပေါ်တွင် မခွဲမခြား တစ်သဘောတည်းထား၍သာ ဆက်ဆံသည်။ ဥပေက္ခာသည် အရာခပ်သိမ်းတို့အပေါ် သဘောထားတစ်မျိုးတည်းဖြင့် လက်ခံခြင်း၊ သိမ်းဆည်းခြင်း သဘောသာ ဖြစ်သည်။ ငြင်းဆန်သည့် သဘော၊ လက်မခံဘဲ မျက်နှာလွှဲသည့် သဘော မဟုတ်ချေ။


လျစ်လျူရှုသည် ဆိုသော မြန်မာစကားသည် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံခြင်း သဘောဖြစ်၏။ ဥပေက္ခာသဘောကို ဆင်ခြင်၍ ဆက်ဆံရာသည်။ ထို့ကြောင့် အလွန်ပျော်ရွှင် ချမ်းသာဖွယ် အခြေအနေ အခါအခွင့်နှင့် ရင်ဆိုင်ရသော အခါမှာလည်း ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ ထိုချမ်းသာ ပျော်ရွှင်ဖွယ် အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သည်။

သူတို့သည် သူတို့ အတိတ်က စိုက်ပျိုးသည့် ကံမျိုးစေ့တို့၏ အသီး အပွင့်များကို ရိတ်သိမ်း သုံးဆောင် နေကြရခြင်းသာ ဖြစ်သည်ဟု သဘောထားနိုင်သည်။ သို့မဟုတ်မူ၍ အကြင်သူသည် အတိဒုက္ခ ရောက်နေ သည်ကို ကြုံတွေ့ရသော အခါမှာလည်း ထိုသူတို့အပေါ် ကရုဏာစိတ် ပွားများခြင်းဖြင့် ကမ္မနိယာမ၏ အကျိုးပေး ခြင်း သဘောကို ဆင်ခြင်၍ စိတ်နှလုံး တုန်လှုပ်ခြင်း ကင်းစွာ နေနိုင်ပါတော့သည်။ ဥပေက္ခာသည် ဂရုမစိုက် အရေးမထားသည့် သဘော မဟုတ်ပါ။ ဥပေက္ခာသည် အရာရာကို ညီမျှသော ခိုင်ခံ့သော အင်အားကောင်းသော စိတ်ဖြင့် အသင့်အတင့် နှလုံးသွင်းလျက် ဆက်ဆံခြင်း၊ လက်ခံခြင်းမျိုးသာ ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရား အားထုတ်သော အခါ စိတ်သည် ပရမာဏုမြူအဆင့် ရုပ်နာမ်ခပ်သိမ်းတို့၏ ခဏမစဲ တသဲသဲ တလှုပ်လှုပ် တဖြုတ်ဖြုတ်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် အခြင်း အရာကို ထိုးထွင်းသိမြင်သောကာလ ဤဥပေက္ခာ သမ္ဗောဇ္ဈင်သည် စိတ်ကို ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်နေမှုကား ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ သူ့သဘောသူဆောင်၍သာ ဖြစ်ပျက်နေကြကုန်သည်ဟု အသင့်အတင့် နှလုံးသွင်း၍ ရှုနေနိုင်အောင် ထိန်းကျောင်းပေးပါသည်။)

(၃)

ဝူတန်းတောင်မှ တိဘက်လွင်ပြင်ကိုကျော်ဖြတ်၍ ဟိမ၀န္တာသို့ ချိုးအကွေ့တွင် ကဗျာဆရာလားမားကြီး၏ ကျောင်းသင်္ခန်းလေးသို့ ၀င်ခဲ့သေးသည်။ လာမားကြီး၏ ကျောင်းသင်္ခန်းနံရံပေါ်တွင် တိဘက်လက်ရေးဖြင့် တွန့်တွန့်ကွေးကွေး ယခုလိုမျိုး မှတ်ချက်လေးများ ရေးထားသည်ကို ဖတ်ခဲ့ရသေး၏။။

နံနက်ခင်းတွေဟာ လောကဓံတိုက်ကွက်တစ်ခုခုနဲ့စောင့်နေတတ်ပါပဲ။ ပုဂ္ဂလိက စာမျက်နှာတွေဆိုတာကျော် ဖတ်ပစ်လို့မရတာသေချာပါရဲ့။မကြိုက်တာတွေမျိုချရဦးမယ်။ဆူညံနေတာတွေနားထောင်ရဦးမယ်။ ပိတ်ဆို့ ပစ်လိုက်လို့မရတဲ့ မြင်ကွင်းတွေကလည်း တောထလို့။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ဧည့်ဆိုးတစ်မျိုးပဲ။ အဲဒီအနံ့ပုပ်အဲ့အဲ့တွေကို မုန်းတယ်။ လူတစ်ယောက်ကို လက်ဆွဲနှုတ် မဆက်ချင်ပေမယ့် မကင်းရာမကင်းကြောင်းအပြုံးတစ်ခြမ်းကို တွန့်ကွေးပြလိုက်ရတယ်။ ဆာလောင် မွတ်သိပ် နေတဲ့ ခါးတွင်းပျက်ညနေခင်းများ။ မိန်းမောနေမိတဲ့အပြုံးကတော့ တိုတောင်းလှချည်ရဲ့။ တစ်ခါတစ်ရံမှာတော့ ထုတိသြ ဘာသံတွေထဲမှာမျောသွားတတ်ပါရောလား၊ ”

(၄)

“အရှင်ဘုရား အရှင်ဘုရား” မိတ်ဆွေရဟန်းတစ်ပါးက တံခါးခေါက်လိုက်ချိန်တွင် သူ့လက်ထဲက ကော်ဖီခွက် ကား အေးစက်နေလေပြီ။ သတင်းစာကော်လံတစ်ခုပေါ်မှ အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးရရှိသည့် မင်းသမီးပရီယန်ကာချိုပရား၏ မုဒိတာစကားကို ဖတ်ရင်း မြန်နှုံးမြှင့် စိတ်စီးကြောင်း ထဲမျောသွားခဲ့ခြင်းဖြစ်သည်။ ပရီယန်ကာ ဒကာမလေးကား အကောင်းလောကဓံ၏ တိုက်ကွက်ကို မည်သို့သော ခံစစ်ဖြင့်ကာကွယ်လေမည်နည်း။လက်ခုပ်သံတွေက ညံလို့။ စိန်ရွှေရတနာရောင်တို့ကား ပြောင်လက် တောက် ပနေသည်။ မဇ္ဈိမတေးသွားများက ချိုလွင်နေတော့သည်။

ပျော်ရွင်ကြစေသော်။

ဝူတန်းတောင်ပေါ်က ဥပေက္ခာတိုက်ကွက်ကို လေ့ကျင့်ကြကုန်ရာသတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP