* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, December 24, 2009

Thursday Dhamma Programme



Read more...

ဧ၀ံ မေ စိန္တိတံ

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ မမျှော်လင့်သော အရာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်၏။ တောင်ယာခုတ်နေသော ကျေးတောသားတစ်ယောက်က သမ္မတ အိမ်ဖြူတော်ကို ရောက်သွားသကဲ့သို့တည်း။ (ဥပမာ- တောင်သူကြီးမင်း)။

တခါတရံ လုံးဝ မျှော်လင့်ထားသောအရာများကလည်း ရုတ်တရက် ပျောက်ကွယ်တတ်၏။ ပါးစပ်ပေါက်နား ရောက်နေသော အသားတုံး ပြုတ်ကျသွားသကဲ့သို့တည်း။ ထို့ကြောင့် ရှေးလူကြီးသူမ များက “ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံပါပဲ”ဟု ပြောကြခြင်း ဖြစ်ပေလိမ့်မည်။ မည်သည့်အရာမဆို မတည်မမြဲဖြစ်တတ်ပုံကို သင်ခန်းစာ ယူဖို့ပင်တည်း။

မိမိသည် ဤနှစ်၌ (၂၀၀၉) မလေးရှားသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သွားမည် ဟုလည်း စိတ်မကူးခဲ့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေ မလေးရှားကျောင်းထိုင် ဘုန်းကြီးနှင့် အမှတ်မထင် ဆုံတွေ့ရသောကြောင့် ၂၀- ၁၂- ၂၀၀၉- ရက်နေ့တွင် မလေးရှားသို့ အမှတ်တမဲ့ ရောက်ရှိလာခြင်းဖြစ်ပေသည်။

မိမိသည် ဒေါက်တာ အရှင်ဣန္ဒကနှင့် မတွေ့သည်မှာ ၁၀-နှစ်ကျော်သွားပေပြီ။ လူချင်းမတွေ့ သော်လည်း သူသည် သီရိလင်္ကာမှ M.A ဘွဲ့ရကြောင်းကိုလည်းကောင်း၊ ဘုံဘေတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရကြောင်းကိုလည်းကောင်း၊ ယခုလောလောဆယ်မှာ မလေးရှားမှာ ကျောင်းထိုင်နေ ကြောင်းကိုလည်းကောင်း သူနှင့်ပတ်သက်သည့်သတင်းကတော့ ကြားသိနေရ၏။

ယခုခေတ် မီဒီယာများက လူသားများအတွက် အလွန်ကျေးဇူးများလှပေသည်။ ခေတ္တခဏ ကွဲကွာနေသော မိတ်ဆွေများ၊ လုံးဝ မတွေ့လောက်တော့ဘူးဟု ထင်ရသော မိတ်ဆွေများကို အင်တာနက်၏ ကျေးဇူးကြောင့် ပြန်လည်ဆုံတွေ့ကြ၏။ ထို့ကြောင့် အင်တာနက်သည် မိတ်ဆွေများ ဆုံစည်းရာဋ္ဌာနလေးပင် ဖြစ်နေတော့သည်။ “အို အင်တာနက် thank you very much”ဟု ပြောရမလိုပင်။

ဒေါက်တာ အရှင်ဣန္ဒကနှင့်မိမိသည် အင်တာနက်အွန်လိုင်းပေါ်မှာပင် အမှတ်မထင် ဆုံဖြစ် ခဲ့ကြလေတော့သည်။ ထိုအခါကြမှ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ် လေတော့သည်။

သူသည် မလေးရှားရောက်သည်မှာ ၃-နှစ်ခန့်မျှ ရှိပြီ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တရုတ်မျိုးနွယ် ဒကာ, ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓမ္မပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တရုတ်ကလေးငယ်များ အတွက် ဆန်းဒေး စကူးလ် ဖွင့်လှစ်ထားကြောင်း၊ မြန်မာပြည်တွင်းမှာလည်း မိတ်ဆွေရဟန်းများနှင့် စုပေါင်း၍ ဓမ္မစင်တာ တစ်ခု ဖွင့်လှစ်ဖို့ စိုင်းပြင်းနေကြောင်း၊ အနာဂတ်ရဟန်းတော်လေးများအတွက် ပညာရေးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းစသည်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြလေသည်။

မိမိလည်း သူ့၏ ဘာသာ, သာသနာအပေါ်ထားရှိသော သဒ္ဓါတရားကို အတော်လေး အားရ ကျေနပ်မိလေသည်။ သူသည် ရံဖန်ရံခါ စာရေး၏။ မြန်မာလူမျိုးများအား မြန်မာဘာသာဖြင့် ဟောပြီး နိုင်ငံခြားးသားများးအား အင်္ဂလိပ်ဘာသာဖြင့် တရားဟော၏။ ခေတ်နှင့်လျော်ညီသောအမြင်, ခေတ်နှင့်အံဝင်ဂွင်ကျဖြစ်သောအတွေး ရှိ၏။ ဗုဒ္ဓသာသနာတိုးတက်ဖို့အတွက် စိတ်အားထက်သန်၏။ အနေအထိုင်ကောင်း၏။ လူကြီးလူကောင်းပီပီ ပြောတတ်ဆိုတတ်၏။ ထို့ကြောင့် တရုတ်မျိုးနွယ်ဒကာ, ဒကာများက သူ့ကို အထူးလေးစားကြည်ညို ကြပေသည်။

သူသည် မိမိအား မလေးရှားရှိ သူ့ကျောင်းကို လေ့လာဖို့ ဖိတ်ကြားလေသည်။ သို့နှင့် မိမိသည် ကေလနိယတက္ကသိုလ် (သီရိလင်္ကာ) စာမေးပွဲပြီးဆုံးသောအခါ ကွာလာလမ်ပူမြို့သို့ အမှတ်မထင် ရောက်ရှိခဲ့လေတော့သည်။

ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ရောက်သောအခါ မလေးရှားနိုင်ငံ၏ အာရှ၏ ကျားတစ်ကောင်ဖြစ်မှန်းကို ကောင်းကောင်းကြီး မြင်တွေ့ရလေတော့သည်။ ကွာလာလမ်ပူ၏ ကြီးကျယ် ခန်းနားမှုက မိမိ၏ မျိုးချစ်စိတ် (၀ံသာနု)ကို အမိမြန်မာပြည်သို့ ဆွဲခေါ်သွားလေတော့သည်။ “ငါတို့ မြန်မာ ပြည်ကြီးလည်း အခုလို ကြီးကျယ်ခန်းနားလျှင် ကောင်းမှာပဲ”ဟု။

လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံကိုချစ်၏။ ကိုယ့်ဘာသာကို မြတ်နိုး၏။ ကိုယ့်သာသနာကို တန်ဖိုးထား၏။ ထို့ကြောင့်မြန်မာလူမျိုးမှန်သမျှ ရွှေတိဂုံဘုရားကို တမ်းတခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ အလှဆုံး ဗိသုကာကို ပြပါဆိုလျှင် မိမိသည် ရွှေတိဂုံဘုရားကိုပဲ ညွှန်ပြပေမည်။ ရွှေတိဂုံကို ဖယ်ရှားလိုက်လျှင် မြန်မာပြည်၏အလှသည်လည်း နိဂုံးချုပ်သွားပေမည်။ ရွှေတိဂုံဖြင့်တန်ဆာဆင်ထား သော မြန်မာပြည်ကို စက်မှုနိုင်ငံအဖြစ်တည်ဆောက်နိုင်လျှင် အချိုပေါ်သကာလောင်းသကဲ့သို့ “အာရှ၏ ကျားဆိုမှကျား” ဖြစ်သွားပေလိမ့်မည်တကား။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မိမိနှင့်ရင်းနှီးသည့် မြန်မာလူငယ်များကို ပြောဆိုဆက်ဆံကြည့်သောအခါ သူတို့လေးများ၏ အလုပ်ကြိုးစားမှု, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အပေါ် ချစ်ခင်မှု, မြတ်ဘုရားသာသနာကို လေးလေးစားစား ရှိမှုကို သိမြင်ရခဲ့လေသည်။ အထူးအားဖြင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်ကို အတော်လေး သဘောကျမိ၏။

မိမိသည် စူးစမ်းလိုသဖြင့် “မင်းတို့မြန်မာပြည်ကို မပြန်ချင်ဘူးလား”ဟု လူငယ်လေးများကို မေးလိုက်၏။

လူငယ်လေး တစ်ယောက်က ပြော၏။ “ဘုန်းဘုန်းဘုရား ဘယ်လိုမေးလိုက်တာလဲ၊ ပြန်ချင်တာပေါ့၊ အတောင်ပံပါရင် အခုပဲ ချက်ချင်း ထပြီး မြန်မာပြည်ကို ပြန်လိုက်ချင်တယ်ဘုရား”တဲ့။

တချို့ကတော့“ကြီးကျယ်ခန်းနားတဲ့ အခန်းထဲမှာ အဲယားကွန်းလေကို ရှူရတာထက် ရွာရှေ့က တမာရိပ်မှာ သင်းပြန့်ပြန့် လေရနံ့လေးကို ရှူရတာက ပိုပြီးလန်းပါတယ်”တဲ့။ အများအားဖြင့် မြန်မာ လူငယ်လေးများသည် အခြေအနေ အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား၌ မနေချင်ဘဲနှင့် နေကြရခြင်း ဖြစ်ပေသည်။



အလုပ်အကိုင် အတော်အဆင်ပြင်နေသော ရန်ကုန်သား လူငယ်လေးတစ်ယောက်ကတော့ “မလေးရှားမှာ နေရတာကလည်း ကြီးကျယ်ပါတယ်၊ ၀င်ငွေကလည်း မီလျံနာသူဋ္ဌေးလောက် မဟုတ်တောင် တပည့်တော်အနေနဲ့ဆိုရင် တော်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွှေတိဂုံဘုရားကို မဖူးရလို့ မပျော်တစ်ဝက် ပျော်တစ်ဝက်ပါဘုရား”တဲ့။

မိမိသည် နိုင်ငံရပ်ခြားတိုင်းတပါး၌ ၃-နှစ် ၃-မိုး ၀ါဆိုဖူး၏။ သို့သော် ၁-နှစ်မှ မပျော်ရွှင်ခဲ့ပါ။ အခြေအနေအရသာ နေရခြင်းဖြစ်ပေသည်။ မိခင်မြန်မာပြည်က လွဲ၍ ဘယ်တိုင်းပြည်, ဘယ်နိုင်ငံမျှ မနေချင်။ ထို့ကြောင့် သူတို့လေးများ၏ အလွမ်းဓာတ်ကို မိမိ ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တိုင်းပြည်ကိုချစ်သောကြောင့် ကိုယ့်တိုင်းပြည်ကို လွမ်းကြခြင်းပင်တည်း။ ကိုယ်ချစ်သော အမိတိုင်းပြည်ကို တိုးတက်စေချင်သည်မှာလည်း မြန်မာလူမျိုးတိုင်းရဲ့တစ်ခုတည်းသော ဆန္ဒပင်။

ထို့ကြောင့် အာရှ၏ကျားတစ်ကောင်အဖြစ် ရပ်တည်နေသော မလေးရှားကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ စိန္တိတံ- ကြံစည်စဉ်းစား မိလေတော့သည်။

တနေ့သောအခါ …

“မြန်မာသည် အာရှ၏ ကျားဆိုမှကျား၊ ကိုးတောင်ပြည့် ကျား”

---------------

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၂၃၊ ၁၂၊ ၂၀၀၇)



Read more...

ပထမဆုံး ဗုဒ္ဓ FM ရေဒီယို Online မှ စတင်ထုတ်လွှင့်

ဝီရ / ၂၂ ဒီဇင်ဘာ ၂၀၀၉

ပြည်ပရောက် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓတရားတော်များနှင့် ဓမ္မပူဇာတေးများကို အချိန်ပြည့်နှလုံးသွင်း နာယူနိုင်ရန် ရည်ရွယ်၍ ဗုဒ္ဓ FM ရေဒီယိုက တရက် (၁၆) နာရီအထိ Online မှတဆင့် တိုက်ရိုက်အသံလွှင့်မှု စတင်နေကြောင်း တည်ထောင်သူ အရှင်မေတ္တာစာရက ပြောသည်။

၎င်းက “ဒီဇင်ဘာ (၁၉) ရက်နေ့မှာ စလွှင့်တာ။ ဗုဒ္ဓတရားတော်တွေ၊ ဓမ္မတေးသီချင်းတွေ အခု စမ်းသပ်လွှင့်ပေးနေပြီ။ ဦးဇင်းက Online မှ တိုက်ရိုက်နားထောင်နိုင်သူ အယောက် (၁၀၀) အတွက်ပဲ ဝယ်ထားတာ။ အခု ကမ္ဘာတလွှားက နားထောင်တဲ့သူတွေ အဲဒီထက်များလာတော့ လွှင့်တဲ့အား ထပ်တိုးရတော့မယ်။ မြန်မာနဲ့ အင်္ဂလိပ် (၂) ဘာသာ အသံလွှင့်သွားဖို့ရှိတယ်။ ဗုဒ္ဓဘာသာတရားနဲ့ပတ်သက်ပြီး လွှင့်တဲ့ပထမဆုံး FM ရေဒီယိုပေါ့” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

အရှင်မေတ္တာစာရသည် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အာဆီယံ ဘလော့ဒ်ဂါဆုနှင့် ၂၀၀၉ အတွက် အကောင်းဆုံး ဘလော့ဒ်ဂါသတင်းဆုကို ရရှိထားသူ မြန်မာသံဃာတော်တပါးဖြစ်ပြီး လက်ရှိသတင်းသုံးရာ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့မှ တဆင့် ဗုဒ္ဓ FM ရေဒီယိုကို ထုတ်လွှင့်နေခြင်းဖြစ်သည်။

ဗုဒ္ဓ FM ရေဒီယိုကို မြန်မာ့စံတော်ချိန် မနက်ပိုင်းမှစ၍ ညနက်ပိုင်းအထိ http://wma1.viastreaming.net/BDFM (သို့မဟုတ်) http://www.buddhafm.blogspot.com/ ဝက်ဆိုက်စာမျက်နှာမှတဆင့် နာယူနိုင်ပြီး မြန်မာဘာသာအပြင် အင်္ဂလိပ်၊ တရုတ်၊ ဆင်ဟာလီ (သီရိလင်္ကာ) စသည့် ဘာသာရပ်များဖြင့် သီဆိုထားသည့် ဓမ္မပူဇာတေးများကိုလည်း ထုတ်လွှင့်ပေးနေကြောင်း သိရသည်။

အရှင်မေတ္တာစာရက “ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာနဲ့ ကင်းကွာနေတဲ့ ဗမာပြည် ပြင်ပက မြန်မာတွေရယ်၊ မလေးရှားက တရုတ်တွေ၊ အင်ဒိုနီးရှားက ဗုဒ္ဓဘာသာဝင်တွေ အားလုံးအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအားလုံးကို တင်ဆက်နိုင်အောင် စီစဉ်နေပါတယ်။ ပြည်ပမှာ ရှိနေပေမယ့် တရားတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကိုလည်း တင်ဆက်သွားမှာပါ။ ပြီးတော့ တိုက်ရိုက်ဆွေးနွေးပွဲတွေ လွှင့်သွားဖို့ရှိတယ်” ဟု မိန့်ကြားသည်။

ဗုဒ္ဓ Online FM ရေဒီယိုကို အဖြူရောင်သံစဉ် Online ရေဒီယိုမှ ပညာရှင်တို့က နည်းပညာပိုင်းအတွက် ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကိုယ်ပိုင်ဝက်ဘ်ဆိုက် စာမျက်နှာ ဝက်ဘ်ဆိုက် www.buddhafm.com တွင် လာမည့် (၂) ပတ်အတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပြီဖြစ်ကြောင်း အရှင်မေတ္တာစာရက မိန့်ကြားသည်။

ထိုအစီအစဉ်သစ်နှင့် ပတ်သက်၍ စတင်ထုတ်လွှင့်ချိန်မှစ၍ (၄) ရက်အတွင်း ပရိသတ်များထံမှ အကြံပြုချက်ပေါင်းများစွာ လက်ခံရရှိထားပြီ ဖြစ်ကြောင်းနှင့် ဆက်လက် ကြိုဆိုလျက်ရှိကြောင်း ၎င်းက မိန့်ကြားသည်။


ဒီနေရာ မှ ကူးယူဖေါ်ပြပါတယ်။



Read more...

သင့်ခန္ဓာကိုယ်က သင့်အဘိဓမ္မာအခန်း ၁၁

အရင်နေ့တွေက ပြောခဲ့တာ.… လောကီအကုသိုလ်၊ ကုသိုလ်၊ ၀ိပါက်စိတ် ပြီးသွားပါပြီ။ ယနေ့နောက်ဆုံးဖြစ်တဲ့ လောကီ ကြိယာ (ကိရိယာ)စိတ် ဆက်လက်ပြောပေးပါမယ်။ ဒီစိတ်က အရင်အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကြိယာစိတ်များသည် ရဟန္တာပုဂ္ဂိုလ်တို့အနေနှင့် တံမြတ်လှဲခြင်း၊ ဘုရားရှင်အား ရှိခိုးပူဇော်ခြင်းစသည့် ကောင်းမှုများ ပြုသည့်အခါ ဤကြိယာစိတ်များဖြင့် ပြုလုပ်ကြပါတယ်။ ကုသိုလ်စိတ်အစား ကြိယာစိတ်များ ဖြစ်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့… ရဟန္တာတို့ ပြုလုပ်တဲ့ ကောင်းမှုကံသည် အကျိုးပေးစရာ ဘ၀မရှိတော့သဖြင့် အကျိုးပေးကံအနေနှင့် မဖြစ်တော့လို့ပါ။ ၀တ်အကျင့်တရားများကို ထိန်သိမ်းသော အနေအားဖြင့် ကောင်းမှုများကို ပြုကာမျှသာ ဖြစ်လို့ပါ။

ပုထုဇဉ်နှင့် ရဟန္တာမဖြစ်သေးတဲ့ အရိယာများ ကောင်းမှုပြုတဲ့အခါမှာတော့.. လူ့ဘုံမှာဆို မဟာကုသိုလ်၊ ရူပဘုံမှာဆို ရူပကုသိုလ်စသည်ဖြင့် အကျိုးပေးတဲ့ ကုသိုလ်စေတနာစိတ်များဖြင့် ကောင်းမှု ပြုကြပါတယ်။

ယနေ့ လောကီစိတ် (၈၁)ပါးထဲမှာ. ကြိယာစိတ်က -၂၀-ရှိပါတယ်။ ဘာတွေလဲဆိုတော့.. ..

အဟိတ်စိတ်ထဲက အဟိတ်ကြိယာစိတ် -၃-ပါး

ကာမာဝစရစိတ်ထဲက မဟာကြိယာစိတ် -၈-ပါး

ရူပါဝစရစိတ်ထဲက ရူပါဝစရကြိယာစိတ် -၅-ပါး

အရူပါဝစရစိတ်ထဲက အရူပါဝစရကြိယာစိတ် -၄-ပါး၊ ပေါင်း ကြိယာစိတ်-၂၀။

အဟိတ်စိတ်အကြောင်းတော့ ပြောပြီးပီနော်၊ (လောဘစသည့် ဟိတ်/မူလတရား -၆-ပါး မရှိလို့ အဟိတ်ခေါ်တယ်ဆိုတာ။)

အဟိတ်ကြိယာစိတ်-၃-ပါးဆိုတာ---

ပဉ္စဒွါရာဝဇ္ဇန်းစိတ် -၁-ပါး

မနောဒွါရာဝဇ္ဇန်းစိတ် -၁-ပါး

ဟသိတုပ္ပါဒ်စိတ် -၁-ပါး၊ ပေါင်း အဟိတ်ကြိယာစိတ် -၃-ပါး။

အထက်ပါ အဟိတ်ကြိယာစိတ် -၃-ပါးကို အဓိပ္ပါယ်နဲနဲ ပြောပြရရင်….

ဒီနေရာမှာ မှတ်သားစရာက ..အပေါ်မှာပြောခဲ့တဲ့ စကားကို ပြန်ကောက်ပြီး စောဒကဖြစ်စရာရှိပါတယ်။ ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့တာက ကြိယာစိတ်များသည် ရဟန္တာများသန္တာမှာသာ ကောင်းမှု ကုသိုလ်ပြုလုပ်တဲ့အခါ ကုသိုလ်စိတ် အစား ကြိယာစိတ်များနှင့် ဖြစ်တယ်လို့ ပြောခဲ့လို့ပါ။ ဒါပေမယ့် အဲဒီစကားသည် အများကို လိုက်ပြီး ပြောခဲ့တဲ့ စကားလို့ မှတ်ပါ။ (ပါဠိစကားလိုဆို.. “ယေဘုယျနည်း= အဖြစ်များ/အများစုကို လိုက်ပြီး ရေတွက် ပြောတဲ့ နည်းပါ”) လောကမှာလည်း ဒီလို များရာကို လိုက်ပြီး ပြောကြတာ ရှိပါတယ်။ ဥပမာ= ဒီအတန်းက ကျောင်းသားတွေက အကုန်တော်ကြတယ်လို့ ပြောရင် တစ်တန်းလုံးက ကျောင်းသားတွေ တော်ကြတာ မဟုတ်ပါဘူး၊ မတော်တဲ့ ကျောင်းသားလည်း အဲဒီအတန်းထဲမှာ ပါပါတယ်။ များရာလိုက်ပြီး ပြောတာပါ။ ဒီဥပမာလိုပဲ မှတ်ပါ။

တကယ်တော့ ဤအဟိတ်ကြိယာစိတ် -၃-ပါးသည် ရဟန္တာများ သန္တာန်မှာသာ ဖြစ်တာ မဟုတ်ပါဘူး။ ပုထုဇဉ်၊ အခြားသော သောတာပန်စတဲ့ အရိယာများ သန္တာန်မှာလည်း ဖြစ်ပါတယ်။ ကျန်တဲ့ ကြိယာစိတ်များကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ရဟန္တာများ ကောင်းမှုကုသိုလ်လုပ်တဲ့ အခါမှာ သူတို့သန္တာန်မှာ ကုသိုလ်အစား မဟာကြိယာစိတ်၊ ရူပါဝစရကြိယာစိတ်များ ဖြစ်တာ ဟုတ်ပါတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ… (ပဉ္စ+ဒွါရ+အာဝဇ္ဇန)

ပဉ္စဆိုတာ… ၅၊ ဒွါရဆိုတာ= တံခါး၊ အာဝဇ္ဇန်းဆိုတာ=ဆင်ခြင်ခြင်း၊ (သို့) နှလုံးသွင်းခြင်း။ စကားသုံး ပေါင်းပြီး အဖြောင့်ပြန်လိုက်တော့ (မျက်စိတံခါး၊ နားတံခါ၊ နှာခေါင်းတံခါး၊ လျှာတံခါ၊ ကိုယ်တံခါး) -ဟူသော ဒွါရ (တံခါ) ၅-ခုမှာ မြင်စိတ်၊ ကြားစိတ်စည် ဖြစ်လာဖို့ ဆင်ခြင်တဲ့ စိတ်လို့ဆိုလိုတာပါ။ ဒွါရနှင့်အာရုံ -၂-ခုကို ကြားကနေ ဆက်သွယ်ပေးတဲ့ တရားပါ။ မိမိတို့တစ်တွေ ဘယ်လောက်ပဲ မြင်နေ မြင်နေ… ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်မရှိရင်… ဘယ်ရယ်လို့ မသိလိုက်ပါဘူး။ မြင်လိုက်တယ်.. မြင်တဲ့အပေါ်မှာ အာရုံမရောက်လိုက်ရင် မသိလိုက်တဲ့ သဘောမျိုးပါ။ အဲဒီအချိန်မှာ ဒီအာဝဇ္ဇန်းစိတ်က ဆင်ခြင်မှု မရှိလို့ပါ။

နောက်တစ်ပါးက…

မနောဒွါရာဝဇ္ဇန်းစိတ်--- (မနော+ဒွါရ+အာဝဇ္ဇန)

မနောဆိုတာ=စိတ်။ ဒွါရနှင့် အာဝဇ္ဇနဆိုတာကတော့ အပေါ်မှာ ပြောခဲ့တာနှင့်အတူတူပါပဲ။ ဒါပေမယ့် ဒီမှာ ဒွါရက.. စိတ်တံခါးလို့ဆိုတဲ့ မနောဒွါရတစ်ပါးထဲပါ။

အဲဒီစကားသုံးလုံးပေါင်းလိုက်တော့ စိတ်အကြံအစီမှာ ဆင်ခြင်တဲ့ (သို့) နှလုံးသွင်းတဲ့ သဘောတရားပါ။ မိမိတို့တစ်တွေ ကြုံဘူးမှာပါ… တခါတရံစိတ်က ငေးမှိုင်ပြီးတော့ ဘယ်ရယ်လို့ မသိတဲ့ သဘောမျိုး.. အဲဒီအခါ အာဝဇ္ဇန်း( ဆင်ခြင်/နှလုံးသွင်းမှု) သဘောမရှိလို့ပါ၊ ဒီစိတ်က… စိတ်တံခါးနှင့် ဓမ္မာရုံ (ကြံစီမှု)-၂-ခုကို ကြားကနေ ဆင်ခြင်မှု (ဆက်စပ်ပေးတဲ့) သဘောတရားပါ။

နောက်ဆုံးစိတ်က….

ဟသိတုပ္ပါဒ် (ဟသိတုပ္ပါဒ ပါဠိစကားလုံးက လာပါတယ်။)

သူ့ရဲ့အဓိပ္ပါယ်က “ရယ်ရွှင်မှုကို ဖြစ်စေတတ်တဲ့”စိတ်ပါ။

မိမိတို့ တစ်တွေ ရယ်ရွှင်တဲ့အခါ ရယ်ရွှင်မှု ဖြစ်အောင် ဖြစ်စေတာသည် ဒီစိတ်ဖြစ်ပါတယ်။

ဒါပေမယ့် မိမိတို့တစ်တွေ တပ်မက်မှုကြောင့် ရယ်ရင် အကုသိုလ်စိတ်ထဲက လောဘမူသောမနဿဝေဒနာ (တပ်မက်တဲ့လောဘစိတ်ဝမ်းမြောက်မှု) နဲ့ ရယ်မယ်။

ကုသိုလ်ကြောင့် ၀မ်းမြောက်လို့ ရယ်ရင် ပုထုဇဉ်၊ ရဟန္တာမဖြစ်သေးသော ပုဂ္ဂိုလ်များက မိစ္ဆာဒိဋ္ဌိ (မှားယွင်းမပါတဲ့) လောဘမူ သောမနဿဝေဒနာ (၂)ပါး။ မဟာကုသိုလ် သောမနဿဝေဒနာ (ကုသိုလ်ကို ၀မ်းမြောက်တဲ့ခံစားမှု)နှင့် ရယ်မယ်။ (လောဘမူစိတ် (၈)ပါးမှာ သောမနဿ-၄-ပါးရှိတယ်ဆိုတာ ပြောခဲ့တယ်နော်။ အဲဒီ -၄-ပါးမှာမှ... မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်တဲ့သောမနဿဝေဒနာက -၂-ပါး၊ မိစ္ဆာဒိဋ္ဌိကင်းကွားပြီး ဖြစ်တဲ့ သောမနဿဝေဒနာက -၂-ပါး။ အဲဒီလို ရှိတယ်။)

ဘုရား, ရဟန္တာများကျတော့ မဟာကြိယာသောမနဿဝေဒနာစိတ်-၄ပါး၊ ဒီအဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ်-၁-ပါး ပေါင်း -၆-ပါး တပါးပါးဖြင့် ရယ်မယ်။ အဲဒီလိုတော့ ကိလေသာကင်းတဲ့ပုဂ္ဂိုလ်/ ကိလေသာမကင်းတဲ့ ပုဂ္ဂိုလ်အလိုက်၊ အမှုအရာအလိုက် ကွဲပြားမှုတော့ ရှိပါတယ်။

ရယ်တဲ့အခါ ဖြစ်တဲ့စိတ်တွေကို စုပေါင်းကြည့်မယ်ဆိုရင်.. အကုသိုလ်စိတ် -၁၂-ပါးထဲတွင် လောဘမူစိတ် -၈-ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး၊ ဒီအဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ် (၁)ပါး၊ မဟာကုသိုလ်စိတ် (၈)ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး၊ နောက် မဟာကြိယာစိတ် (၈)ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး။ ပေါင်း ရယ်ရွှင်တဲ့အခါ ဖြစ်တဲ့စိတ်က (၁၃)ပါးပဲ ဖြစ်ပါတယ်။

ဒီရယ်ရွှင်မှုသဘောနှင့်ပတ်သက်၍ အကျဉ်းစီထားတဲ့ ဆောင်ပုဒ် (သို့) ကဗျာလေးက…

ရှစ်ပုထုဇံ၊ ခြောက်သေက္ခံ၊ ငါးတန် ရဟန္တာ၊

ဟာသအကြောင်း၊ ထူးပြားပြောင်း၊ စိတ်ပေါင်း တေရသာ။

ရှစ်ပုထုဇံ=ဆိုတာ ပုထုဇဉ်ပုဂ္ဂိုလ်များ ရယ်ရွှင်ကြတဲ့အခါ လောဘမူ သောမနဿဝေဒနာ (၄)ပါး၊ မဟာကုသိုလ် သောမနဿဝေဒနာ (၄)ပါး ပေါင်း စိတ် (၈)ပါး တစ်ပါးပါးနှင့်ရယ်တယ်။

ခြောက်သေက္ခံ=ဆိုတာ သောတာပန်မဂ်ပုဂ္ဂိုလ်၊ သောတာပန်ဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမ်မဂ်ပုဂ္ဂိုလ်၊ သကဒါဂါမ်ဖိုလ်ပုဂ္ဂိုလ်၊ အနာဂါမ်မဂ်ပုဂ္ဂိုလ်၊ အနာဂါမ်ဖိုလ်ပုဂ္ဂိုလ်- ဤပုဂ္ဂိုလ် (၆)ယောက်ကို ရဟန္တာဖြစ်အောင် ကျင့်ဆဲဖြစ်လို့ (သေက္ခ)လို့ ခေါ်တယ်။ (သေက္ခဆိုတာ ကျင့်ဆဲ)။ ဒီသေက္ခပုဂ္ဂိုလ် (၆)ယောက်ရယ်တဲ့ အခါ လောဘမူမိစ္ဆာဒိဋ္ဌိ (မှားယွင်းမှုမပါတဲ့) သောမနဿဝေဒနာ (၂)ပါး၊ မဟာကုသိုလ်သောမနဿဝေဒနာ (၄)ပါး ပေါင်း (၆)ပါး တပါးပါးနှင့် ရယ်တယ်။

မှက်ချက်… သေက္ခပုဂ္ဂိုလ် (၆)ယောက်သည် ကိလေသာကို အကုန်မပယ်ရသေးသဖြင့် ထိုအရိယာများ ရယ်တဲ့အခါ မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့) အယူမဟုတ်တဲ့ လောဘမူသောမနဿဝေဒနာများဖြင့် တခါတရံ ရယ်ကြသေး၏။

ငါးတန် ရဟန္တာ=ဆိုတာက… ဘုရား၊ ရဟန္တာများ ပြုံးရယ်ကြတဲ့အခါ အခုပြောနေတဲ့ အဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ် (၁)ပါး၊ မဟာကြိယာသောမနဿဝေဒနာ (၄)ပါး ပေါင်း (၆)ပါး တစ်ပါးပါးနှင့် ပြုံးရယ်ကြပါတယ်။ ဘုရား၊ ရဟန္တာများ ရယ်တယ်ဆိုပေမယ့် မိမိတို့တစ်တွေလို သတိလက်လွတ်ပြီး ရယ်ခြင်းမျိုးတော့ မဖြစ်နိုပါဘူး။ ဘုရားရှင်ကတော့ ပြုံးယုံသာ ပြုံးတယ်လို့ပဲ မှတ်သားဘူးပါတယ်။ ဒီစိတ် (၁၃)ပါးကို ရည်ရွယ်၍ “ဟာသအကြောင်း ထူးပြားပြောင်း၊ စိတ်ပေါင်း တေရသာ” ရယ်တဲ့အခါ ဖြစ်တဲ့စိတ် (တေရသ=၁၃)ပါး ရှိတယ်လို့ ဆိုတာ။

ဒီနေရာမှာ မှတ်သားစရာက.. ရူပ/ အရူပ ဗြာဟ္မာဘုံက ဗြာဟ္မာကြီးများ ရယ်ကြသလားဆိုတော့ ရယ်ရွှယ်တဲ့စိတ်တွေထဲမှာ ရူပါဝစရစိတ်၊ အရူပါဝစရစိတ်များ မပါသဖြင့် ရူပဘုံကဗြာဟ္မာကြီးများ၊ အရူပဘုံက ဗြာဟ္မာကြီးများ ရယ်ရွှင်ခြင်း မရှိဘူးလို့ မှတ်သားနိုင်ပါတယ်။

စကားစပ်သဖြင့် ဟသိတုပ္ပါဒ် (ရယ်ရွှင်မှုကို ဖြစ်စေတတ်တဲ့) စိတ်နှင့် ပတ်သက်၍ မှတ်သားစရာကို ကြားချပ်ပြီး ပြောပြတာပါ။

ဗုဒ္ဓရဲ့ အဘိဓမ္မာက ဒီလောက်အထိ အသေးစိပ်တာပဲလို့ ဗုဒ္ဓရဲ့ဉာဏ်တော်အပေါ်မှာ ပိုမိုလေးစား ကြည်ညိုစိတ်များ မိမိတို့သန္တာန်မှာ ကိန်းဝပ်နိုင်ပါစေလို့ ဆုမွန်ချွေရင်း -----

ဒီနေ့ ဒီမှာတင် ရပ်ပါအုန်းမယ်..



Read more...

မေ့လျှင် လျော့မယ်...

သတ္တ၀ါတွေအားလုံးဟာ တစ်နေ့ကျရင် အမှန်တကယ် သေကြရမယ် ဆိုတာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ လူတွေဟာ သေခြင်းတရားကို မေ့မေ့လျော့လျော့ ဖြစ်နေတတ်ကြတယ်။ သေခြင်းတရားကို မေ့နေတာဟာ ကိုယ့်ကိုယ်ကို မသေတော့ဘူးလို့ ထင်နေတာပါပဲ။ ကိုယ့်ကိုယ်ကို မသေဘူးလို့ ထင်နေရင် ငါဟာ မြဲတယ် ဆိုတဲ့ အတ္တဟာ ကပ်နေပြီ။
သူများတွေ သေတာ တွေ့ပေမဲ့ ငါဟာလည်း သေမယ် ဆိုတာကို ကိုယ့်ကိုယ်ကို မယုံနိုင် ဖြစ်နေတတ်ပါတယ်။ ဒါဟာ သေခြင်းတရားကို မယုံလို့ပဲ။ သေခြင်းတရားကို မေ့နေလို့ပဲ။ အနတ္တကို ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ ပါပဲ။
သေခြင်းတရားကို မေ့နေတဲ့ အတွက် လောဘကိုလည်း အတောမသတ်နိုင်ဘူး။ ဒေါသကိုလည်း အလျှော့မပေးနိုင်ဘူး။ မောဟ ဆိုတဲ့ မသိမှုက လောဘ၊ ဒေါသကို ပိုပြီးဖြစ်လာအောင် အားပေးနေတာ ကိုလည်း ကိုယ့်ကိုယ်ကို ဟုတ်လှနေပြီ ထင်နေတယ်။
ကိလေသာနယ်ထဲကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေရတာကို မသိဘူး။ သတိ မရဘူး။ မေ့နေတယ်။
ကိလေသာက ဘာနဲ့တူသလဲ ဆိုတော့ ဆားငန်ရေလိုပါပဲ။ ဘယ်လောက်ပဲ သောက်သောက် ငတ်မပြေဘူးလေ။ လူတွေဟာ ကိလေသာတွေနဲ့ပဲ တစ်နေကုန် တစ်နေခန်း စိန်ပြေးတမ်း ကစားနေတော့တာပဲ။ ဒါပေမဲ့ ကိလေသာတွေနဲ့ပဲ ပျော်နေကြတဲ့ လူတွေကတော့ အဲဒီ ကိလေသာတွေနဲ့ပဲ စိန်ပြေတမ်း ကစားနေကြတာ မောတယ် လို့ကို မရှိကြဘူး။ ပျော်စရာ ကောင်းတယ်လို့ပဲ ထင်နေကြတယ်။
မိုးလင်းကနေ မိုးချုပ် ကုန်ဆုံးသွားတဲ့ စက္ကန့်တွေမှာ ကိလေသာ အငွေ့အသက်တွေနဲ့ လိမ်းကျံထားနေတာက များနေတယ်။
လောဘအားကြီးတဲ့ လူတွေကလည်း အလိုကို မပြည့်နိုင်ဘူး။ လောဘရဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်နေကြရတာ။ လိုချင်တာတွေက များလွန်းအားကြီးတော့ မရတဲ့အခါကျရင် ဒေါသက ထွက်လာရပါလေရော။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားတောင် ရှိသေးတယ် မဟုတ်လား။
ဒေါသအားကြီးတဲ့ လူတွေကလည်း ဘာလေးပဲ ဖြစ်ဖြစ် ဒေါသထွက်လိုက်ရမှ ထမင်းစားဝင်၊ အိပ်ပျော်သွား သလိုပါပဲ။ ဒေါသရဲ့ ခိုင်းတိုင်း လိုက်လုပ်နေကြတဲ့ လူတွေလေ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းနေရင်းနဲ့တောင် ဒေါသထွက်နေတတ်ကြတာ။ အဲဒါက အလိုမကျမှုတွေကြောင့် ပါပဲ။
သေခြင်းတရားကို မေ့လေလေ လောဘ၊ ဒေါသအားက ကြီးလေလေပါပဲ။ အပြန်အလှန် ပြန်ပြီးတော့ စဉ်းစားကြည့်ရင် သေခြင်းတရားကို သတိရလေလေ လောဘ၊ ဒေါသအား က နည်းလေလေပါပဲ။
သေခြင်းတရားကို မေ့နေရင် ကောင်းမှုကုသိုလ်တွေကို လုပ်ဖို့ မေ့နေတတ်တယ်။ သေခြင်းတရားကို သတိရနေရင် ကောင်းမှုကုသိုလ်တွေကို လုပ်ဖို့ သတိရနေတတ်တယ်။ သတိ ရနေတယ် ဆိုတာက မမေ့ဘူး လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။ မမေ့ဘူး ဆိုတော့ သတိရနေတာပေါ့။
သတိနဲ့ ပတ်သက်ပြီးတော့ အဇိတ ကနေ မြတ်စွာဘုရားကို မေးခွန်းများ မေးတဲ့အခါမှာ မြတ်စွာဘုရား ဖြေကြားတော်မူခဲ့ပုံမှာ အလွန်ပင် နှစ်ခြိုက်စရာ၊ မှတ်သားဖွယ်ရာ ကောင်းလှပါတယ်။
အဇိတ က
မြတ်စွာဘုရား… လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း။ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း။ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သော တရားဟု ဟောတော်မူပါ သနည်း။ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း
မြတ်စွာဘုရားက
အဇိတ… လောကကို မသိမှု ‘အ၀ိဇ္ဇာ’ က ဖုံးလွှမ်းထား၏။ မိမိအား ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု ‘မစ္ဆရိယ’ နှင့် မေ့လျော့မှု ‘ပမာဒ’ တရားကြောင့် လောကသည် မထင်ရှား။ မြည်တမ်းကြောင်း တဏှာကို လောကအား လိမ်ကျံ ကပ်ငြိကပ်တတ်သော တရားဟု ငါဆို၏။ သံသရာဝဋ် ဒုက္ခသည် ထိုလောက၏ ဘေးကြီး ဖြစ်၏
အဇိတက ဒုတယ မေးခွန်းများကို မေးပြန်သည်။
မြတ်စွာဘုရား… အာယတန အားလုံးတို့၌ တဏှာအလျဉ်တို့သည် စီးကုန်၏။ တဏှာအလျဉ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင် နိုင်ပါသနည်း။ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သော တရားကို ဟောတော်မူပါလော့။ အဘယ်တရားက တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့ နိုင်ပါသနည်း
မြတ်စွာဘုရားက ဖြေတော်မူသည်။
အဇိတ… လောက၌ စီးသွားကုန်သော တဏှာအလျဉ်တို့ကို အောက်မေ့မှု ‘သတိ’ သည် တားမြစ် ပိတ်ပင်နိုင်၏။ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သော တရားကို ငါဆိုအံ့။ ပညာ က ထိုတဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့ နိုင်၏
တတိယမြောက် မေးခွန်းများကို အဇိတ က မေးလျှောက်ပြန်သည်။
မြတ်စွာဘုရား… ပညာသည် လည်းကောင်း၊ သတိသည် လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏။ ဤ ပညာ၊ သတိ၊ နာမ်ရုပ် တရားသည် အဘယ်၌ ချုပ်ပါသနည်း။ ဤအကြောင်းကို ကျွန်ုပ်အား ဟောတော်မူပါ
တတိယမြောက် မေးခွန်းကို မြတ်စွာဘုရားက ဖြေတော်မူသည်။
အဇိတ… အကြင်နိဗ္ဗာန်၌ နာမ်သည် လည်းကောင်း၊ ရုပ်သည် လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရ၀ိညဉ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏
နောက်တစ်ဖန် အဇိတက မေးလျှောက်ပြန်သည်။
မြတ်စွာဘုရား… ဤလောက၌ အကြင်ပုဂ္ဂိုလ် တို့သည်ကား တရားကို သိပြီးသော ရဟန္တာ ပုဂ္ဂိုလ် ဖြစ်ကုန်၏။ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို ကျွန်ုပ်အား ဟောတော်မူပါ
မြတ်စွာဘုရားကလည်း ဖြေတော်မူလေသည်။
အဇိတ… ရဟန်းသည် ကာမတို့၍ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျူသူ မဖြစ်ရာ၊ တရားအားလုံး၌ လိမ္မာသည် သတိ ရှိသည် ဖြစ်၍ နေထိုင်ရာ၏
မြတ်စွာဘုရားက အဇိတ ကို ဖြေတော်မူထားတဲ့ အဖြေတွေမှာ သတိ ကို အဓိက ထားပြီး မိန့်ဆိုထားပါတယ်။ မြတ်စွာဘုရားရဲ့ နောက်ဆုံး စကားတော်မှာ တောင်မှ မမေ့မလျော့တဲ့ သတိနဲ့ နေကြဖို့ မှာကြားသွားသေးတယ် မဟုတ်လား။
သတိကြောင့်သာ ကောင်းမှုကုသိုလ်တွေ တိုးပွားလာပြီး နိဗ္ဗာန်အထိ အကျိုးပေးသွားတယ်။
ဆရာဝန်တွေက လူနာကို မေ့ဆေး ပေးထားရင် လူနာဟာ မေ့နေပြီး ဘာကိုမှ သတိမရတော့ဘူး။ သတိမရအောင် လုပ်ထားတော့ မေ့နေတယ်။ မေ့နေတော့ မျောနေတာပေါ့။ ဒါကြောင့် မေ့မျော ဆိုတဲ့ စကားက ရှိနေတာလေ။
သံသရာမှာလဲ အဲဒီ အတိုင်းပဲ သတိမရတော့ ကုသိုလ် လုပ်ဖို့ မေ့နေတယ်။ မေ့နေတော့ သံသရာမှာ မျောဖို့သာ ရှိတော့တယ်။
မမေ့မလျော့ ဆိုတော့ မေ့ရင် လျော့မယ် လို့ ဆိုလိုတာပါပဲ။ မမေ့ဖို့ ဆိုတာကလည်း သတိရှိနေဖို့ လိုတယ်။ သတိ ရှိနေမှ မမေ့မှာ။ မမေ့မှ မလျော့မှာ။
အဲဒါဆိုရင်တော့ မမေ့မလျော့အောင် သတိ ရှိနေကြဖို့ သတိပေးလိုက်ပါရစေ…..


Read more...

လူသေလူဖြစ် ဝိနိစ္ဆယကျမ်းကြီး

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရခေတ်၊ သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁+၁၂+၁၃+၁၄ ရက်၊ ခရစ်နှစ် ၁၉၈၀ ခုနှစ် မေလ ၂၄+၂၅+၂၆+၂၇ နေ့များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ရည်မှန်းချက် ထားရှိ၍ ပဲခူး-မြို့မဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (ထိုစဉ်က အဂ္ဂမဟာပဏ္ဍိတ၊ နောင်အခါ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်) ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ဖြစ်မြောက်ရေး သံဃာ့ဝန်ဆောင် ဆရာတော် ၆၆-ပါးတို့ ကြီးမှူးပြီး မြန်မာတစ်နိုင်ငံလုံးမှ သံဃာတော် တစ်သိန်းကျော် (ထိုစဉ်က သံဃာဦးရေ) တို့၏ ကိုယ်စား သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁၈၁၂)ပါး တက်ရောက်လျက် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တညီတညွတ်တည်း ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ကြသည်။


ဝိနည်းဓိုရ်အဖွဲ့ အဆင့်ဆင့်

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းခဲ့သော ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများအရ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို ဖြေရှင်း ဆုံးဖြတ်နိုင်ရန်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အထူးအစည်းအဝေးက “ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ”ကို ပြဋ္ဌာန်းပေးသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီအရ ဝိနည်းဓမ္မကံမှုခင်းများကို စစ်ဆေး ဆုံးဖြတ်ရာတွင် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၊ ပြည်နယ်/တိုင်း သံဃဝိနိစ္ဆအဖွဲ့နှင့် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ ဟူ၍ အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ထားရှိသည်။

ထိုကဲ့သို့ သံဃဝိနိစ္ဆယအဖွဲ့များကို အဆင့်ခွဲခြားထားခဲ့သော်လည်း ဝိနည်းဓိုရ်ဆရာတော်များကိုမူ အဆင့်ခွဲခြားမှု မပြုဘဲ တပြေးညီ တစ်မျိုးတစ်စားတည်းသာ ရွေးချယ်ခဲ့သည်။

ဖွဲ့စည်းပေးသည့် သံဃနာယကအဖွဲ့၏ အဆင့်ကို လိုက်၍ ခွဲခြား သတ်မှတ်ခဲ့သည်။
မြို့နယ်သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖြစ်သည်။
တဖန် ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့က ယင်းမြို့နယ်ဝိနည်းဓိုရ်များဖြင့်ပင် ဖွဲ့စည်းပေးလျှင် ပြည်နယ်/တိုင်း သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်ခဲ့သည်။

ထိုသို့ ဖွဲ့စည်း ဆောင်ရွက်ရာတွင် ဝိနည်းဓိုရ်များ၏ အရည်အချင်းကို လိုက်၍ အချို့သော နိုင်ငံတော် ဝိနိစ္ဆယ ဆုံးဖြတ်ချက်များမှာ နည်းယူ စံပြုထိုက်သော်လည်း အချို့သော နိုင်ငံတော် ဝိနိစ္ဆယဆုံးဖြတ်ချက်များမှာ မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့် ဝိနိစ္ဆယများလောက်ပင် အရည်အသွေး ပြည့်မှု မရှိသည်ကို တွေ့ခဲ့ကြသည်။

ယင်း ဟာကွက်ပျော့ကွက်များကို ဖြည့်စွက်နိုင်ရန်အတွက် ၁၃၄၇ ခုနှစ် နယုန်လတွင် ကျင်းပသော ဒုတိယအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးမှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမ အစည်းအဝေးကြီးက ဝိနည်း ဓမ္မကံ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင် ဖြည့်စွက်ခဲ့ကြသည်။

ယင်း ပြင်ဆင် ဖြည့်စွက်ချက်များအရ မြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များအဖြစ် ရှေးဦးစွာ ခွဲခြား၍ ရွေးချယ် သတ်မှတ်ပေးခဲ့သည်။


နိုင်ငံတော် ဝိနည်းဓိုရ်များ

ထိုမြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များ၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံ စောဒနာလွှာ တင်သွင်းလာသော ဝိနည်းဓမ္မကံမှုခင်းများ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်စေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် အပါး ၃၀၀ ထဲမှ ဝိနိစ္ဆယဆုံးဖြတ်မှု၌ လိမ္မာကျွမ်းကျင်ခြင်း၊ သိက္ခာဝါကြီးရင့်ခြင်း ဂုဏ်တို့နှင့် ပြည့်စုံသော ဆရာတော်ကြီးများကို နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြသည်။

ရွေးချယ်ထားသည့် ၎င်းနိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများထဲမှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာနကျောင်းဆောင်၌ လေးလတိုင်တိုင် သီတင်းသုံးနေထိုင်၍ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီး ၁၅-ပါးကို ၅-ပါးလျှင် တစ်ဖွဲ့စီ ဖွဲ့စည်းထားပြီး ယင်း ဆရာတော်ကြီးများက ဝိနည်း ဓမ္မကံ အဓိကရုဏ်း မှုခင်းများကို ဆုံးဖြတ်တော်မူခဲ့ကြသည်။


နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်များ

“နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် အဓိကရုဏ်း လေးမျိုးတို့အနက် သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မစသော အငြင်းပွားသည့် မှုခင်းများကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် သီးခြား ဝိနည်းဓိုရ်အဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းပေးရမည်”ဟု ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်၏ အခန်း (၆)၊ ပုဒ်မ (၅၇)၌ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဖွဲ့စည်းခြင်းနှင့် စပ်၍ စည်းမျဉ်းရေးဆွဲထားခဲ့ကြသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်ကြီးများကို ဆုံးဖြတ်ရမည့် ဝိနိစ္ဆယအားလျော်စွာ (၅)ပါးမှ (၇)ပါးအထိ ပါဝင်စေလျက် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်များအဖြစ် အဖွဲ့အမှတ် (၁)၊ အဖွဲ့အမှတ် (၂) စသည်ဖြင့် ဖွဲ့စည်း၍ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ၊ ကျောက်သင်္ဘောဝါဒ၊ ကြောင်ပန်းတောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ မိုးညိုဆရာတော်ဝါဒ၊ ရေတာရှည်အရှင်မာလာဝရဝါဒ၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ဦးထင်၏ ထွန်တုံးလက်ကျန်ဝါဒ၊ ဉာဏစာဂီဝါဒများကို ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် ဆန့်ကျင်လျှင် “အဓမ္မဝါဒ”ဟုလည်းကောင်း၊ ယင်းဝါဒများကို ရေးသား ဟောပြောကြသူ၊ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြသူနှင့် လိုလား နှစ်သက်စွာ ထောက်ခံ အားပေးကြသူ ရဟန်း ရှင် လူများကို “အဓမ္မဝါဒီ”တို့သာ မည်ကုန်၏ဟုလည်းကောင်း ဆုံးဖြတ်စေခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် မဆန့်ကျင်လျှင်မူ “ဓမ္မဝါဒ”ဟု ဆုံးဖြတ်စေခဲ့ကြသည်။


လူသေလူဖြစ်ဝါဒီ ရှင်ဥက္ကဋ္ဌ

ဗုဒ္ဓသာသနာတော်သမိုင်းတလျှောက်တွင် အဓမ္မဝါဒီ (ထေရဝါဒပိဋကတော်များနှင့် ဆန့်ကျင်ပြီး အခြားသော အယူအဆများကို လက်ခံကျင့်သုံးနေသည့် ဗုဒ္ဓမြတ်စွာ၏ တပည့်အမည်ခံပုဂ္ဂိုလ်)များသည် ခေတ်ကာလမျိုးစုံ၌ တခါတရံ ပေါ်ပေါက်လာကြစမြဲပင် ဖြစ်ခဲ့၏။

ထိုသို့သော ခေတ်များ၌ ဆရာတော် သံဃာတော်များနှင့် အာဏာပိုင်အစိုးရမင်းများ၏ ဓမ္မစက် အာဏာစက်တို့ဖြင့် ဖြိုဖျက် နှိပ်ကွပ်သောကြောင့် အဓမ္မဝါဒီများ ပပျောက်ခဲ့ကြလေသည်။

မြန်မာနိုင်ငံတော်တွင် ဆဋ္ဌသံဂါယနာတင်ပြီးနောက်ပိုင်း ၁၉၅၄-၅ ခုနှစ်၌ တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းတိုက်မှ ဆရာတော်ရှင်ဥက္ကဋ္ဌက “မနုနော အပစ္စံ၊ အကံသု ဝိဂ္ဂဟာ ပုရာ၊ တသ္မာ ပေါရာဏော မနု၊ မနုဝ ပုန ပစ္စတေ” ဟူသော ပါဠိဂါထာနှင့် “လူသေလျှင် လူမဖြစ် ဘာဖြစ်မှာတုန်း? ရွှေပျက်လျှင် မြေထွက်နွယ် အဝင်ပေမို့၊ တကယ်ပင် လူပြန်ဖြစ်တယ်ကွယ် လောကစံထုံး”ဟူသော ကဗျာကို မူထား၍ “လူသေလူဖြစ်” နာမည်ဖြင့် ကျမ်းစာအုပ်ကို ရေးသား ထုတ်ဝေခဲ့၏။

လူသေလူဖြစ်နာမည် တပ်ထားသော်လည်း ရှင်ဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ရှင်ဥက္ကဋ္ဌသည် ရုပ်ကြမ်းဝါဒီသာ ဖြစ်၏။

ထိုခေတ်က ရဟန်း ရှင်လူ ပြည်သူလူထုသည် ရှင်ဥက္ကဋ္ဌအား ကျမ်းစာအုပ်တွေ ရေးသား၍လည်းကောင်း၊ ပကာသနီယကံပြု၍လည်းကောင်း နည်းမျိုးစုံဖြင့် တုံ့ပြန် ခုခံခဲ့သော်လည်း အာဏာစက်နှင့် ဓမ္မစက် နှစ်မျိုးလုံး တညီတညွတ်တည်း မပါရှိခြင်း၊ နောက်လိုက် ရုပ်ကြမ်းဝါဒီများက အင်အားကောင်းခြင်းကြောင့် ရှင်ဥက္ကဋ္ဌတို့လူစု ပေါ်ပြူလာဖြစ်ပြီး မိုးကောင်းခဲ့ကြသည်။


ရှင်ဥက္ကဋ္ဌ၏ ပညာအရည်အချင်း

ဆရာတော်ရှင်ဥက္ကဋ္ဌသည် ကိုရင်ကြီးအရွယ်မှ စပြီး ရဟန်ငယ်အရွယ်အထိ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်ဂိုဏ်း၊ ဗဟိုဌာန)၊ ရွှေကျင်နိကာယ ဒုတိယမြောက် သာသနာပိုင်၊ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးအထံတော်တွင် နေထိုင်ခဲ့ပြီး၊ ယင်း ဆရာတော်ဘုရားကြီးနှင့် အဘယာရာမဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသတို့၏ထံမှာ စာပေ ပရိယတ်များကို သင်ကြားခဲ့ဖူးသည်။

အရှင်အာဒိစ္စဝံသ (နောင်တွင် - ဆရာကြီးဦးအောင်မြတ်ထွတ်) စသည့် အခြားသော ဆရာတော်များ၏အထံမှာလည်း လောကုတ္တရာပညာရပ်များကို သင်ကြားခဲ့ပြီး လောကီ အင်္ဂလိပ်စာများကိုပါ သင်ကြားခဲ့၏။

ထို့နောက် အိန္ဒိယနိုင်ငံသို့ ကြွ၍ အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေများကို သင်ကြားခဲ့၏။

အိန္ဒိယနိုင်ငံမှ ပြန်ကြွလာပြီးနောက် ဆရာတော်ရှင်ဥက္ကဋ္ဌသည် သာသနာ့ဘောင်မှာ ရဟန်းဝတ်ဖြင့် နေသော်လည်း ဗုဒ္ဓဘာသာကို အကြွင်းမဲ့ မယုံကြည်တော့ချေ။ သူ၏ ဆရာဖြစ်သော အရှင်အာဒိစ္စဝံသက ပိဋကသုံးပုံ နိကာယ်ငါးရပ် ပါဠိအဋ္ဌကထာ ဋီကာများတွင် ပါဠိတော်များကို ဘုရားဟောဟု လက်ခံ ယူဆခဲ့သော်လည်း ရှင်ဥက္ကဋ္ဌကမူ အဋ္ဌကထာ ဋီကာများတင်မက ပါဠိတော်များကိုပင် ဘုရားဟောဟု လက်မခံတော့ပါ။

ထေရဝါဒဗုဒ္ဓဘာသာဝင်များက ဘုရားဟော ပါဠိတော်ဟု ယုံကြည် လက်ခံထားသည့် ကျမ်းစာများက ဆဋ္ဌသံဂါယနာမူအားဖြင့် အုပ်ရေ ၄၀ ရှိရာ ရှင်ဥက္ကဋ္ဌက ဓမ္မစကြာ၊ အနတ္တလက္ခသုတ်နှင့် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်တို့ကိုသာ (စာမျက်နှာအားဖြင့် ၃၀ လောက်ကိုသာ) ဗုဒ္ဓဝစနပါဠိ (ဘုရားဟောပါဠိတော်)ဟု လက်ခံ ယူဆခဲ့၏။

ထိုသို့ လက်ခံသော်လည်း အားလုံးကို လက်မခံဘဲ သူ့အယူအဆနှင့် ကိုက်ညီသော စကားရပ်အချို့ကိုသာ လက်ခံပြီး၊ သူ့ အယူအဆနှင့် မကိုက်ညီလျှင် ဘုရားဟော မဟုတ်၊ ကုလားဟောဟုလည်းကောင်း၊ ဗြဟ္မဏဟောဟုလည်းကောင်း၊ ဟိန္ဒူဝါဒဟုလည်းကောင်း ရေးသား ဟောပြော၍ အားလုံးကို ပစ်ပယ်ခဲ့သည်။


ရှင်ဥက္ကဋ္ဌ၏ စွမ်းရည်

ရှင်ဥက္ကဋ္ဌသည် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေများကိုလည်း ကျွမ်းကျင် တတ်မြောက်ထားသဖြင့် အနောက်နိုင်ငံဖြစ် ဒါဝင်ဝါဒကို လက်ခံ ယုံကြည်ပြီး လူသေလူဖြစ်စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ခြင်း ဖြစ်၏။

ဒါဝင်ဝါဒအရ လူသည် အီဗော်လူးရှင်းဖြစ်စဉ်နှင့်အညီ မျောက်သတ္တဝါမှတဆင့် နောက်ဆုံးအဆင့်သို့ ရောက်နေသော သတ္တဝါတစ်မျိုး ဖြစ်သည်။ လူထက် နောက်တဆင့် တိုးတက် ဖြစ်စရာ မရှိတော့။ လူအဆင့်မှ ပြန်ပြီး လျှောကျရန်လည်း မဖြစ်နိုင်တော့ဟု ဆို၏။

ရှင်ဥက္ကဋ္ဌက ထိုအချက်တို့ကို အခြေခံပြီး အကယ်၍ လူသေပြီးနောက် ဖြစ်ဦးမည်ဆိုလျှင် လူပင် ပြန်ဖြစ်ရမည်ဟု ဆိုပေသည်။ “အကယ်၍”ဟု ဆိုသဖြင့် လူသေပြီးနောက် ဘာမှ မဖြစ်ဘဲလည်း နေချင် နေရပေမည်ဟု ဆိုရာရောက်ပေသည်။

ဒါဝင်ဝါဒကို မူတည်ပြီး ရွှေသည် အန္တိမဓာတ် ဖြစ်နေ၍ ရွှေပျက်လျှင် ရွှေသာ ပြန်ဖြစ်သည်။ ထို့ကြောင့် သတ္တဝါလောကတွင် အန္တိမနောက်ဆုံးအဆင့်သို့ ရောက်နေသော လူသည်လည်း အခြား ပြောင်းလဲဖြစ်စရာ မလိုဘဲ လူသာ ပြန်ဖြစ်ရမည်ဟု ဆို၏။

တဖန် မန်ကျည်းပင်မျိုးမှ တမာပင် ပေါက်ရိုး မရှိ။ မန်ကျည်းပင်သာ ပေါက်ရသည်။ ထိုနည်းတူစွာ လူမျိုးမှ လူပဲ ပြန်ဖြစ်ရမည်ဟု ရွှေနှင့် မန်ကျည်းပင်တည်းဟူသော သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတို့ကို လူတည်းဟူသော သက်ရှိသတ္တဝါနှင့် ထပ်တူပြု၍ ရေးသားခဲ့၏။

ပိဋကစာပေသက်သက်ကို ကျွမ်းကျင်သော ဆရာတော် သံဃာတော်များအား အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေ အထောက်အထား သာဓကတွေကို ပြ၍လည်းကောင်း၊ ပိဋကစာပေ မကျွမ်းကျင်သော လူဝတ်ကြောင် ပုဂ္ဂိုလ်များအား ပိဋကစာပေ အထောက်အထားတွေကို ပြ၍လည်းကောင်း မိမိဝါဒကို ယုံကြည် လက်ခံအောင် သမားဂုဏ်မျိုးစုံ ပြသခဲ့၏။


ရုပ်ကြမ်းဝါဒီ ရှင်ဥက္ကဋ္ဌ

ရှင်ဥက္ကဋ္ဌသည် လူသေလူဖြစ်ဝါဒကို တည်ထောင်သော်လည်း ယင်းလူသေလူဖြစ်ဝါဒက ဒုတိယ ဦးစားပေး ဝါဒသာ ဖြစ်၍ သူ၏ ပထမ ဦးစားပေး ဝါဒက “ဒိဋ္ဌ ဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော သန္ဒိဋ္ဌိကော အကာလိကော” စသော ပါဠိတော် အချို့အဝက်ကို အထောက်အထား ပြုပြီး ‘ပုခက်နှင့် ခေါင်းကြား’ ဟူသော ပစ္စုပ္ပန်တစ်ဘဝသာ ဖြစ်၏။

ထုံးအိုးထဲမှာ လက်ကို နှိုက်လျှင် နောက်တစ်ချိန် နောက်တစ်ရက် မဆိုင်းဘဲ လက်သည် ချက်ချင်း လက်ငင်း ဖြူသွားသကဲ့သို့လည်းကောင်း၊ ငရုတ်သီးစားလျှင် နောက်တစ်ချိန် နောက်တစ်ရက် မဆိုင်းဘဲ ချက်ချင်း လက်ငင်း စပ်သကဲ့သို့လည်းကောင်း၊ ယခု ဘဝမှာ ပြုလုပ်သော ကောင်းမှု မကောင်းမှုသည်လည်း (နောက်ဘဝ မရှိသောကြောင့်) ယခု ဘဝမှာပဲ အကျိုးပေးမည်၊ နောက်ဘဝကို စောင့်ဆိုင်းစရာ မလိုဟု ပစ္စုပ္ပန် တစ်ဘဝကိုသာ လက်ခံ၏။

စက္ခု=(မျက်စိ)၊ သောတ=(နား)၊ ဃာန=(နှာ)၊ ဇိဝှါ=(လျှာ)၊ ကာယ=(ကိုယ်) ငါးပါးကိုသာ ဆုပ်ကိုင်ထားပြီး ပကတိ မျက်စိဖြင့် မမြင်နိုင်၊ နားဖြင့် မကြားနိုင်၊ ကိုယ်ဖြင့် မတွေ့ထိနိုင်သော ရုပ်လွန်သဘာဝ ဖြစ်နေသည့် တမလွန်ဘဝကို လက်မခံဘဲ လက်ရှိ ပစ္စုပ္ပန်ဘဝကိုသာ လက်ခံသဖြင့် ရှင်ဥက္ကဋ္ဌသည် တကယ့် ရုပ်ကြမ်းဝါဒီကြီးပင် ဖြစ်၏။


လူသေလူဖြစ် ဝါဒနုဝါဒ ဝိနိစ္ဆယ

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၁၃၄၃ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် (၂၆-ဇွန်-၁၉၈၁)နေ့တွင် လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယအတွက် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်ကြီး အပါး ၃၀၀ ထဲမှ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)ကို အောက်ဖော်ပြပါ ဆရာတော်များဖြင့် ဖွဲ့စည်းပြီး တာဝန် ပေးအပ်တော်မူခဲ့ကြသည်။

၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ၊ ဃောသိတာရာမတိုက်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်း။ (သဘာပတိ)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်]

၂။ ဘဒ္ဒန္တဇဝနာဘိဝံသ၊ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့၊ ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[အဂ္ဂမဟာပဏ္ဍိတ]

၃။ ဘဒ္ဒန္တဓမ္မာဘိဝရ၊ ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊ ပြည်မြို့၊ ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ]

၎။ ဘဒ္ဒန္တကုမာရ၊ မဟာဝိသုတာရာမတိုက်၊ မကွေးမြို့၊ မကွေးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အကျိုးတော်ဆောင်ချုပ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့]

၅။ ဘဒ္ဒန္တဉာနိက၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့၊ ဧရာဝတီတိုင်း။ (အဖွဲ့ဝင်)
[နောင် - အဂ္ဂမဟာပဏ္ဍိတ၊ ပျံလွန်]

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့သည် စောဒက (တရားလို) ဆရာတော် လေးပါးတို့က တင်သွင်းသည့် သာမညစောဒနာလွှာ ၂၁ ချက်ကို (၃၀-ဇွန်-၁၉၈၁)နေ့တွင်လည်းကောင်း၊ ဝိသေသစောဒနာလွှာ ၂၁ ချက်ကို (၄-ဇူလိုင်-၁၉၈၁)နေ့တွင်လည်းကောင်း ကြားနာပြီး၊ စုဒိတက (တရားခံ) ပုဂ္ဂိုလ် သုံးဦးတို့က ပြန်လည် တင်သွင်းသည့် သောဓနာ (ချေပလွှာ)များကို ၁၉၈၁ ခုနှစ် ဇူလိုင်လ ၈ ရက်၊ ၉ ရက်နေ့များတွင် ကြားနာခဲ့ကြသည်။

တဖန် ယင်း စောဒနာ၊ သောဓနာ စာမူများနှင့်တကွ သက်ဆိုင်ရာ စာအုပ်စာတမ်း၊ တိတ်ခွေ၊ ဓာတ်ပုံများကို (၉-ဇူလိုင်-၁၉၈၁)နေ့ ညနေမှ စ၍ နေ့စဉ်နေ့တိုင်း ကြည့်ရှု နားထောင် သုံးသပ်ကြလျက် ဂန္ထန္တရစာပေများ အပါအဝင် ဆိုင်ရာ ပိဋကတ်တော်များနှင့် ညှိနှိုင်း တိုက်ဆိုင်ပြီး လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ စာတမ်းကို ရေးသားခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်များသည် ၁၃၄၃ ခု သီတင်းကျွတ်လပြည့်ကျော် (၁၁, ၁၂, ၁၃, ၁၄)ရက်များနှင့် တန်ဆောင်မုန်းလဆန်း (၁, ၂)ရက် (၁၉၈၁ ခု အောက်တိုဘာလ ၂၄ ရက်မှ ၂၉ ရက်)၊ ခြောက်ရက်တိုင်တိုင် စောဒက စုဒိတကပုဂ္ဂိုလ်များ၏ ရှေ့မှောက်မှာ ဆုံးဖြတ်ချက်ကို ဖတ်ကြား ချမှတ်ခဲ့ကြသည်။

ယင်းရက်များတွင် မြို့နယ်စုံမှ လာရောက် နားထောင်ကြသော ရဟန်း ရှင် လူ ပရိတ်သတ်တို့မှာ ဘုရားပွဲတော်ကြီးပမာ များပြားလှ၏။

လူသေလူဖြစ်ဝါဒသည် ပိဋကစာပေ၊ သိပ္ပံပညာရပ်၊ အနောက်တိုင်းအယူအဆ၊ ဘာသန္တရစာပေ စသည်တို့ဖြင့် ဆယ့်နှစ်မျိုးဂျင်းသုတ်ကဲ့သို့ ပေါင်းစပ် စုစည်းထားသောကြောင့် ယင်းလူသေလူဖြစ်ဝိနိစ္ဆယသည် အခြားသော ကျောက်သင်္ဘော၊ ကြောင်ပန်း၊ ကျောက်ပုံတောရ စသည့် ဝိနိစ္ဆယပေါင်း မြောက်မြားစွာတို့ထက် ကျယ်ဝန်း နက်နဲပြီး အခက်ခဲဆုံး ဖြစ်၏။

ပါဠိပိဋကစာပေ၊ မြန်မာစာပေ သက်သက် ကျွမ်းကျင်ရုံမျှဖြင့် လူသေလူဖြစ်ဝါဒကို ဆုံးဖြတ်နိုင်ရန် မလွယ်ကူပါ။
ထို့ကြောင့် လူသေလူဖြစ်ဝါဒကို ပထမဆုံး မဆုံးဖြတ်ဘဲ ကျောက်သင်္ဘောဝါဒကို ဆုံးဖြတ်ပြီးနောက် ဒုတိယမြောက်မှ လူသေလူဖြစ်ဝါဒကို ဝိနိစ္ဆယချခဲ့ကြရသည်။


ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ စွမ်းအင်

ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် သာသနာလောက၌ အထက်တန်းကျသော သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ ပါဠိပါရဂူဘွဲ့များ ရရှိပြီး စာသင်သား ရာကျော်ရှိသည့် စာသင်တိုက်ကြီးများ၏ ဦးစီး ပဓာနနာယကချုပ် ဆရာတော်ကြီးများ ဖြစ်ကြ၏။

၎င်းငါးပါးတွင် မြောင်းမြဆရာတော် ဘဒ္ဒန္တဉာနိကသည် ပါဠိပိဋကတင်မက အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသည့် ဘာသန္တရစာပေများပါ ကျွမ်းကျင် တတ်မြောက်၏။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီယူနီဗာစီတီမှ သက္ကတဂုဏ်ထူးဖြင့် ဘီအေဘွဲ့ကို ရရှိခဲ့၏။

မြောင်းမြဆရာတော်ဘုရား၏ အရည်အချင်းကို သိမြင်သဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဝိနည်းဓိုရ်အဖွဲ့တွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသော စာမျက်နှာ တစ်ထောင်ကျော်ရှိ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းစာအုပ်တွင် ဆရာတော်ဘုရား၏ ဓာတ်ပုံအောက်၌ “ဘာသန္တရ စွယ်စုံ တတ်ကျွမ်းတော်မူသော မြောင်းမြမြို့ ပဇ္ဇောတာရုံဆရာတော် ဦးဉာနိက သုံးသပ်ချက်ကို ဖတ်ကြားနေပုံ”ဟု ဘာသန္တရ စွယ်စုံ တတ်ကျွမ်းတော်မူပုံကို အထူးပြု၍ ဂုဏ်ပြု ရေးသားခဲ့သည်။

မြောင်းမြဆရာတော်ဘုရားသည် စုဒိတကပုဂ္ဂိုလ်တို့၏ သိပ္ပံပညာရပ်၊ အနောက်တိုင်း အယူအဆ၊ ဘာသန္တရစာပေနှင့် စပ်ဆိုင်သော ချေပလွှာများကို တစ်ပါးတည်း ဒိုင်ခံပြီး ဖြေရှင်းခဲ့၏။

လူသေလူဖြစ် ဝိနိစ္ဆယဆိုသော်လည်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များနှင့် ရွှေအဘိဓမ္မာဝါဒဆိုင်ရာ စာစောင်များ၏ ဝါဒရေးရာတို့ကိုပါ ဖြေရှင်း ဆုံးဖြတ်ရသောကြောင့် ကျမ်းစာအုပ်ကို နာမည်တပ်သောအခါ “လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ”ဟု အမည်ပေးခဲ့၏။

ထို့ပြင် အခြားသော ကျောက်သင်္ဘောဝိနိစ္ဆယ၊ ကျောက်ပုံတောရဝိနိစ္ဆယ စသော ဝိနိစ္ဆယကျမ်းများကိုမူ ထေရဝါဒ စွယ်စုံကျမ်းဟု အမည်မတပ်ဘဲ ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်သည် နိကာယ်ငါးရပ် ပိဋတ်သုံးသွယ်မှ ကျယ်ပြန့်သော ဗုဒ္ဓဝါဒ ဓမ္မဥဿုံ စုံစုံလင်လင် ရှိလှသဖြင့် လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းကိုသာ ၎င်းကျမ်းစာအမည်၏ အောက်တွင် “ထေရဝါဒစွယ်စုံကျမ်း”ဟု အထူးပြု၍ ကျမ်းစာနာမည်ကို မှည့်ခေါ်ခဲ့ကြ၏။


ကျမ်းစာအုပ်၏ စာမျက်နှာ

ယင်းဝိနိစ္ဆယတွင် စောဒကဆရာတော်လေးပါးက စောဒနာလွှာ ၂၁ ချက် တင်သော်လည်း စုဒိတကဆရာတော် ဦှးဆန္ဒာဓိက၊ နတ်မှီတောရကျောင်း၊ တောင်တွင်းကြီးမြို့က စောဒနာလွှာ အမှတ် (၅, ၁၁, ၁၄, ၂၁)ကိုသာ ဖြေရှင်း၍ သခင်မြတ်ဆိုင်က စောဒနာလွှာ အမှတ် (၈, ၂၀, ၂၁)တို့ကို မဖြေရှင်းဘဲ ကျန်သည့် စောဒနာလွှာ ၁၈ ချက်ကိုသာ ဖြေရှင်းသည်။

ဦးခင်ဟန်က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ကိုယ်စား စောဒနာလွှာ အမှတ် (၂, ၄, ၇, ၁၁, ၁၂, ၁၅, ၁၈, ၂၀, ၂၁)တို့ကို မဖြေရှင်းဘဲ ကျန်သည့် စောဒနာလွှာ (၁၁)ချက်ကိုသာ ဖြေရှင်းသည်။

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းသည် စာမျက်နှာပေါင်း (၁၁၁၂)ရှိရာ စောဒကများက တင်သွင်းသော စောဒနာလွှာ (၂၁)ချက်မှာ စာမျက်နှာပေါင်း (၂၁၅)မျှ ရှိ၍ စုဒိတကပုဂ္ဂိုလ် သုံးဦးက သောဓနာလွှာ မျိုးစုံကို စာမျက်နှာပေါင်း (၁၄၈)မျှ တင်သွင်းကြသည်။

ဝိနည်းဓိုရ်ဆရာတော်ကြီးများက စာမျက်နှာ (၇၄၉)ကျော်ကို ရေးသားပြီး သုံးသပ် ဖြေရှင်းတော်မူခဲ့ကြသည်။


လူသေလူဖြစ်ဝါဒသည် အဓမ္မဝါဒသာ ဖြစ်

ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် ၁၃၄၃ ခု သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက် (၂၄-အောက်တိုဘာ-၁၉၈၁)နေ့မှ တန်ဆောင်မုန်းလဆန်း ၂ ရက် (၂၉-အောက်တိုဘာ-၁၉၈၁)နေ့အထိ ခြောက်ရက်တိုင်တိုင် စောဒက စုဒိတက ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် စောဒနာ သောဓနာလွှာများကို အပြီးသတ် ဆုံးဖြတ် စစ်ဆေးခဲ့ကြ၏။

ဆရာတော်ကြီးများ၏ နောက်ဆုံး သုံးသပ်ချက်ကို အမြွက်မျှ ဖော်ပြလိုက်ပါသည်။

“ယင်း လူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ ၎င်း၏ နောက်လိုက်ဖြစ်သော သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ)သည် ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မ အာဂမယုတ္တိများနှင့်လည်းကောင်း၊ လေးနက် ကျယ်ပြန့်သော သဘာဝယုတ္တိများနှင့်လည်းကောင်း မလျော်ကန်အောင် ဖောက်ပြန် ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ရုံးတော်သို့ သက်သေခံ တင်ပြထားသော လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်း စာစောင် တိတ်ခွေများနှင့်တကွ ရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် ရောက်မလာသော ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်း စာစောင် တိတ်ခွေနှင့် ကျောက်စာ စသည်၌ ပါရှိသော ရေးသားချက်များသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့် ဆန့်ကျင်ဘက်များ ဖြစ်၍ ထိုစာအုပ်စာတမ်း စာစောင် တိတ်ခွေ ကျောက်စာ စသည်တို့သည် အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မပစ္စည်းများ ဖြစ်ကြောင်း နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

ထိုလူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ စသည်)ကို ရေးသား ဟောပြော ဖြန့်ဝေကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုက်နာ၍ ပြုလုပ်ကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုလား နှစ်သက်စွာ ထောက်ခံ အားပေးကြသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း အဓမ္မဝါဒီများသာ ဖြစ်ကြကုန်၏” ဟူ၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။


အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)က လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒဟူ၍ ဝိနိစ္ဆယ ချမှတ်ခဲ့ပြီး ဖြစ်ရာ ၎င်းဝါဒများကို မစိစစ်မီက ပဋိညာဉ်ပြုခဲ့သည့်အတိုင်း စုဒိတကဖြစ်သော ဆရာတော်ဦးဇဝန ဦးဆောင်သော သံဃာတော် လေးပါးနှင့် သခင်မြတ်ဆိုင် ဦးဆောင်သော ပုဂ္ဂိုလ် ၉ ဦးတို့က အဓမ္မဝါဒများကို စွန့်လွှတ်ကြောင်း၊ နောင် အနာဂတ်ကာလ၌လည်း ယင်းဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း စသည့် အမှုများကို ကိုယ်တိုင်လည်း မပြုလုပ်၊ အခြားသူများအားလည်း ပြုလုပ်စေမည် မဟုတ်ကြောင်း၊ မိမိတို့ ဝါဒဆိုင်ရာ စာအုပ်စာတမ်း စသည်တို့ကိုပါ ဖျက်ဆီးခြင်း၊ အပ်နှံခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ၎င်းအဓမ္မဝါဒနှင့် ပတ်သက်၍ သုံးစွဲခဲ့သော အသင်းအဖွဲ့ အမည်များ၊ အသင်းအဖွဲ့ စသည်တို့ကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ရှေ့မှောက်၌ အသီးသီး ပဋိညာဉ် လက်မှတ် ရေးထိုးခဲ့ကြသည်။


နိုင်ငံတော် အစိုးရက အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များက ၁၉၈၁ ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒဟု ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် နိုင်ငံတော်အစိုးရက ၁၃၄၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၃ ရက် (၁၉၈၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်) နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၂/၈၁ ကို (ထိုစဉ်က) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်စိန်လွင်က လက်မှတ်ရေးထိုး၍ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ အရလည်းကောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၆ အရလည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရလည်းကောင်း ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ၊ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒကို ဟောပြောခြင်း၊ သင်ကြား ပို့ချခြင်း၊ စာအုပ်အဖြစ် ရိုပ်နှိပ် ဖြန့်ချိခြင်း၊ ကူးယူ ဖြန့်ချိခြင်းနှင့် အသံဖမ်းတိတ်ခွေများဖြင့် အသံသွင်းခြင်း၊ ဖြန့်ချိခြင်းတို့ကို တားမြစ် ပိတ်ပင်ပြီး ၁၉၆၄ ခုနှစ် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅ အရ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ၊ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒ ပြန့်ပွားရေးအတွက် ဆောင်ရွက်လျက်ရှိသော အသင်း အဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သည်ဟု အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့သည်။


ဘာကြောင့် ဝိနိစ္ဆယရုံးသို့ ရောက်လာကြပါသလဲ

မြန်မာနိုင်ငံမှာ ရှိနေသော ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဝါဒီများနှင့် ကွန်မြူနစ်ဝါဒီများက နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်မလာကြဘဲ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒကို ယုံကြည် လက်ခံကြသော ဦးဆန္ဒာဓိက၊ သခင်မြတ်ဆိုင် စသည့် စုဒိတက (တရားခံ)များသည် ဗုဒ္ဓမြတ်စွာ၏ ဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သော လူသေလူဖြစ်ဝါဒနှင့် ရုပ်ကြမ်းဝါဒများကို လက်ခံ ယုံကြည်ရုံမျှဖြင့် အဘယ်ကြောင့် နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်လာကြပါသနည်း?

ယင်း စုဒိတက (တရားခံ)များသည် မိမိတို့ ယုံကြည် လက်ခံထားသော လူသေလူဖြစ်ဝါဒနှင့် ရုပ်ဝါဒအတွက် လမ်းရှင်းပေးလိုသည့်အနေဖြင့် ဘီစီ ၆၂၃ ခုနှစ်ခန့်က စတင် ပေါ်ပေါက်လာခဲ့သည့် ဗုဒ္ဓဝါဒနှင့် နှစ်ပေါင်း ၂၅၀၀ ကျော် ကာလတိုင်တိုင် အများ ပြည်သူ ရဟန်း ရှင်လူ သန်းပေါင်းများစွာတို့၏ ကိုးကွယ် အားထားရာဖြစ်သော ပိဋကကျမ်းဂန်များ၊ ပိဋကဆောင် ရဟန်းသံဃာများကို ဖျက်ဆီးရန် ကြိုးစား အားထုတ်ခြင်း၊ သူတပါးတို့၏ ယုံကြည် ကိုးစားချက်ကို ထိပါး စော်ကားခြင်းတို့ကြောင့် နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်လာကြရသည်။


ကျေးဇူးတော်ရှင် ဘာသန္တရဆေက မြောင်းမြဆရာတော်ဘုရားကြီး

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ရှင်ဥက္ကဋ္ဌက ကိုးကား၍ ရေးသားထားသော အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စာပေများကို ကျမ်းစာ အထောက်အထား ပြလျက် တစ်ပိုဒ်ချင်း ဖြေရှင်း သုံးသပ်ပြီး ဆုံးဖြတ်ချက် ချခဲ့၏။

ဘာသန္တရစာပေ များစွာပါရှိသည့် စောဒနာ သောဓနာလွှာတို့ကို တာဝန်ယူ၍ ဆုံးဖြတ်ရာတွင် ပညာရှင်များက လေးစားပြီး လက်ဖျားခါရလောက်အောင် ကျွမ်းကျင် ပိုင်နိုင်လှ၏။

စုဒိတကပုဂ္ဂိုလ်များကိုယ်တိုင် ဆရာတော်ဘုရားက မေးမြန်းသော အင်္ဂလိပ်ကျမ်းစာတို့ကို လုံးဝ မကြားဖူး၊ မဖတ်ဖူးကြောင်းကို ဝန်ခံစကား လျှောက်ထားခဲ့ကြရ၏။

ဆရာတော်ဘုရားကဲ့သို့ ဘာသန္တရစွယ်စုံ မကျွမ်းကျင် မတတ်မြောက်လျှင် ဘာသန္တရစာပေများနှင့် စပ်ဆိုင်သော ၎င်းစောဒနာ သောဓနာလွှာတို့ကို လုံးဝ ဖြေရှင်း ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။

နိုင်ငံတော်အစိုးရကလည်း အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်ပေးမှုကြောင့် ပိုမို ထိရောက် အောင်မြင်ခဲ့၏။

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကြီး အောင်မြင်စွာ ပြီးဆုံးမှု၌ ကျေးဇူးရှင် မြောင်းမြဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာနိက၏ စွမ်းအားသည် အံ့မခန်း ကြီးမားလှသည်ဖြစ်ရာ ၁၉၉၇ ခုနှစ် ဇွန်လ ၈ ရက်နေ့က ဘဝနတ်ထံ စံလွန်တော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရင် မြောင်းမြ ပဇ္ဇောတာရုံ ဆရာအရှင်၏ ဘာသန္တရဆေက ပဉ္စနိကာယ ပိဋကတ္တယပါရဂူ ဘာသန္တရဝိဒူ ဖြစ်ပုံကို ဖော်ပြရာဖြစ်သော ဤ“လူသေလူဖြစ် ဝိနိစ္ဆယကျမ်းကြီး”ဆောင်းပါးဖြင့် ဆရာမြတ် ထေရ်သခင် ကျေးဇူးရှင်အား ဦးနှိမ်ရိုကျိုး လက်စုံမိုးလျက် အကြိမ်ကြိမ် ရှိခိုးကော်ရော် ပူဇော်အပ်ပါသည်။

နောင်ရိုးဇာနည်

Read more...

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၃) - အရှင်သီလာနန္ဒာဘိဝံသ

သရဏဂမနကို နားလည်

‘သရဏဂမန’ဆိုတာ အမှန် နားလည်ရမယ်။

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏဂမန’ဆိုတာ ဘာလဲ?

‘သရဏ’ဆိုတာ ကိုးကွယ်ရာ ပုဂ္ဂိုလ်၊ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ်ကို ဖြစ်ဖြစ်၊ တရားကိုပဲ ဖြစ်ဖြစ်၊ အဲဒါကို သရဏလို့ ခေါ်တယ်။

‘သရဏဂမန’ဆိုတာက အဲဒီ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် တရားကို ကိုးကွယ်တာကို သရဏဂမနလို့ ခေါ်တယ်။ ဒါကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုတာမျိုးပေါ့။ အဲဒါဟာ သရဏဂမနပဲ။

သရဏဂုံအမျိုးမျိုး ရှိတယ်။

မိမိကိုယ်ကို စွန့်လှူပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။
အရှင်ဘုရားကိုသာ ကိုးကွယ်ရာရှိပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။
ဒါမှမဟုတ် အရှင်ဘုရားကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံ တည်တာပဲ။
ဘုရား တရား သံဃာမှတစ်ပါး ရှိခိုးမှု၊ ကိုးကွယ်မှု မပြုလုပ်တော့ပါဘူးလို့ ပြောလိုက်ရင်လည်း ဖြစ်တာပဲ။


သရဏဂုံယူတော့ ဘာအကျိုးရှိသလဲ

သရဏဂုံယူတော့ ဘာအကျိုးရှိသလဲလို့ မေးရင် လောကုတ္တရာသရဏဂုံ တည်လျှင် မဂ်ဖိုလ်ရတဲ့သူဟာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းကာ ရဟန္တာဖြစ်သွားပြီးတော့ ဘဝဇာတ်သိမ်းသွားရတယ်ဆိုတဲ့ အကျိုး ရှိတယ်။

လောကီသရဏဂုံကျတော့ ကောင်းရာမွန်ရာ ရောက်တာ။ ဒါဟာ လောကီသရဏဂုံရဲ့ အကျိုးပဲ။ ဖြစ်တဲ့ဘဝမှာ စည်းစိမ်ချမ်းသာ ကြွယ်ဝချမ်းသာမှုမျိုး စသည်တို့ဟာ လောကီသရဏဂုံရဲ့ အကျိုးပဲ။

အဲဒီမှာ ဘုရားဟောထားတဲ့ ဂါထာတစ်ပုဒ် ရှိတယ်။

ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ။

အဲဒီ ဂါထာကို တိုက်ရိုက် အဓိပ္ပာယ်ပြန်မယ်ဆိုရင် “မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်ဘုံသို့ မလား မရောက်ကြဘူး”တဲ့။ သေသည့်တိုင်အောင် သရဏဂုံမြဲနေရင်ပေါ့။

ဒီဂါထာအရ သရဏဂုံ တည်မြဲခြင်းရဲ့ အကျိုးက အပါယ်မကျဘူး။ နတ်ပြည်ရောက်မယ်။

အဲဒီ သရဏဂုံဟာ မပျက်ပေမယ့် သရဏဂုံကို ခံယူတဲ့အခါ နားမလည်ရင်၊ နောက် … သံသယဖြစ်နေရင် စသည်ဖြင့် သရဏဂုံ ညစ်နွမ်းတယ်။


စမ်းသပ်စစ်ဆေး လက်ခံကျင့်သုံး

ဘုရားဟောထားတာ တစ်ခုရှိတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းမယုံနဲ့။ ကိုယ်တိုင် တွေ့ရှိ နားလည်ပြီးတော့မှ ဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်ပြီး ကောင်းတာဆိုရင် လိုက်နာ ကျင့်သုံးမယ်။ မကောင်းတဲ့ဟာဆိုရင် ပယ်ရမယ်လို့။

အဲဒီတော့ တစ်ခါတလေကျရင် တို့ဗုဒ္ဓဘာသာမှာ တို့ကတော့ လက်မလေး ထောင်ထောင်ပြီး ပြောကြတယ်။

“ဗုဒ္ဓဘာသာမှာ Blind faith မျက်ကန်းယုံကြည်မှုဆိုတာ မရှိဘူး။ ကိုယ်ကိုယ်တိုင် နားလည်ပြီး ကိုယ်ကိုယ်တိုင် သိမှ။ မှန်တော့ မှန်တယ်။
ဒါပေမယ်လို့ တစ်ခါတလေကျတော့ Blind ဘလိုင်း မဟုတ်ဘူး ထင်တယ်။ ဒါပေမယ်လို့ Faith ဘုရားကို ယုံကြည်ပြီးတော့ … သူက … အမှန်လို့ ယူရတာတွေ အများကြီး ရှိတယ်။
မင်းတို့ အပြောလွန်မှာ စိုးလို့ ပြောတာ။ ကိုယ်က အပြောလွန်သွားတော့ သူများက ဝင်ပြီး ထိုးလိုက်ရင် မဖြေနိုင် ဖြစ်သွားမယ်။”

အဲဒီတော့ ကံ ကံရဲ့အကျိုးတဲ့။ ဒါလည်း တို့ဘုရားကို ယုံပြီးတော့ ယုံနေရတာ။ ကိုယ်ကိုယ်တိုင် သိလား၊ ကိုယ်ကိုယ်တိုင် မြင်လား၊ အကုသိုလ်ကံပြုလို့ အကုသိုလ်အကျိုး ရတယ်၊ ကုသိုလ်ကံပြုလို့ ကုသိုလ်အကျိုး ရတယ်ဆိုတာကို ကိုယ်တိုင် မမြင်ဘူး၊ မသိဘူး မဟုတ်လား။

ဒါပေမယ့် ဘုရားဟောထားတဲ့ ကျမ်းဂန်တွေ ရှိတယ်။ ဒါတွေကို ကြည့်ပြီး တို့က “ဘုရားဆိုတာ မဟုတ်မမှန်တဲ့ စကား ဘယ်တော့မှ မပြောဘူး”လို့ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်ပြီးတော့ တို့တတွေကလည်း ဒါကို အမှန်လို့ ယူဆပြီးတော့ သူများလက်ထဲ တစ်ဆင့်ရောက်ဖို့ ဟောပြောနေတာ ဟုတ်တယ် … မဟုတ်လား။

ကောင်းတာ လုပ်ရင် ကောင်းတဲ့ အကျိုး ရတယ်။ မကောင်းတာ လုပ်ရင် မကောင်းတဲ့ အကျိုး ရတယ်။ အတိအကျတော့ မြင်တာ မဟုတ်ဘူး။ ဒါပေမယ့် လောကမှာ ဒီလိုပဲ ဖြစ်ပျက်နေတယ်။ ဒီလောကီအလို Thinking တွေးတော ကြံဆခြင်း အနေနဲ့ သွားတာ။ Intuitive knowledge အနေနဲ့ မသိဘူး။

ထို့အတူပဲ နောက်ဘဝ ရှိတယ်ဆိုတာလည်းပဲ ဘုရားဟောတာကို လေးစား ယုံကြည်ပြီး တို့က ပြောနေတာ။


ယုံကြည်တယ်ဆိုတာ

နောက်ဘဝရှိတယ်ဆိုတာ တကယ်မြင်တဲ့လူ … တို့ကျောင်းမှာတောင် ရှိတယ်။ ဆရာတော် ဦးသောဘဏဆိုတာ … သူရဲ့ နောက်ဘဝကို မှတ်မိနေတယ်။ အဲဒီလို ဘုန်းကြီးမျိုးကျတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။

ဒါပေမယ့် တချို့ လူဝင်စားတွေကျပြန်တော့ များသောအားဖြင့် နောက်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ မသိကြဘူး။ ရှေ့ဘဝဆိုတာလည်း မသိကြဘူး။

ဒါပေမယ့် မြတ်စွာဘုရား ဟောထားတယ်လို့ လေးစား ယုံကြည်ပြီးတော့ “မြတ်စွာဘုရားက ဘယ်တော့မှ မဟုတ် မမှန်တဲ့ စကားကို မပြောဘူး။ မှန်ကန်တဲ့ စကားကိုပဲ ပြောတာ”လို့ ယုံကြည်ကြတာ။ အဲဒါတွေကျတော့ We have to take on faith.

တဖက်ကလည်း အမြဲတမ်း ဘုရားဟောတာပဲလို့ လက်ခံပြီး ယုံနေမလား ဆိုတော့ … ကိုယ်ကိုယ်တိုင် နားလည်အောင် ဘုရားက နည်းပေးထားတယ်။ အဘိညာဉ် (ဈာန်) ရအောင် အားထုတ်ရင် နောက်ဘဝတွေ မြင်နိုင်တယ်။ သတ္တဝါတွေ တစ်ဘဝက သေပြီး တစ်ဘဝ ဖြစ်နေတာလည်း မြင်မယ်။ ဒါဟာ ဘုရားမှ မြင်နိုင်တာ မဟုတ်ဘူး။ သာဝကတွေလည်း မြင်နိုင်တယ်။ အဲဒီလို အဘိညာဉ်ရအောင် အားထုတ်ပြီးတော့ ထားမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် သိသွားပြီ။

ဥပမာ - Atom အကြောင်း မင်းတို့ … ငါ့ကို ပြောပြတတ်လား။ မင်းတို့ … ပြောပြတတ်တယ် မဟုတ်လား။ ပရိုတွန်တို့ နျူထရွန်တို့ အီလက်ထရွန်တွေ ပတ်သွားနေတာပဲလို့ သူတို့ ပြောနေတာ မဟုတ်လား။ အဲဒါကိုကော တကယ်သိလို့ ပြောနေတာလား။ မဟုတ်ပါဘူး။ စာအုပ်ထဲ ဖတ်ပြီး သိထားလို့ ပြောနေတာပါ။ အဲဒီလိုပေါ့။


ဘုရားကို အားကိုးပြီး ယုံရတာ

မြတ်စွာဘုရားကို စိတ်ချပြီး ယုံကြည်ရတဲ့ ကိစ္စတွေလည်း တို့ဗုဒ္ဓဘာသာမှာ ရှိတယ်။

ဒါပေမယ်လို့ ဘာပဲပြောပြော တချို့ဟာတွေမှာကျတော့ ဟုတ်တယ်။ ‘ကိလေသာကင်းတယ်’ဆိုတဲ့ အဓိပ္ပာယ်ဆိုပါတော့။
ဒါကို ပုဏ္ဏားတစ်ယောက်က မေးလျှောက်တယ်။

သန္ဒိဋ္ဌိက = မျက်မှောက် တွေ့မြင်နိုင်တဲ့ အကျိုးဆိုတာ ဘယ်လိုဟာမျိုးလဲ? တဲ့။

ဥပမာ စဉ်းစားကြည့်စမ်းပါ။ တစ်ချိန်မှာ မင်း … ကုသိုလ်စိတ်တွေ ဖြစ်နေရင် အဲဒီအချိန်မှာ အကုသိုလ်စိတ်တွေ ရှိလားလို့ မေးရင် ဘယ်လို ဖြေမလဲ။ အကုသိုလ်စိတ်တွေ မရှိဘူး မဟုတ်လား။

ဒါဟာ ကိုယ်တွေ့တရားပဲ။ အဲဒါမျိုးကျတော့ သူများ သွားပြီး ယုံစရာ မလိုဘူး။ ကိုယ်ကိုယ်တိုင် သိနိုင်တယ်။

ကိုယ့်ဘာသာ ကိုယ်ပြန်ပြီး စဉ်းစားကြည့်လိုက်။ ငါ့ရဲ့စိတ်ဟာ ကောင်းတဲ့စိတ် ဖြစ်နေသလား။ မကောင်းတဲ့စိတ် ဖြစ်နေတာလား။
ကောင်းတဲ့စိတ် ဖြစ်နေရင် ကုသိုလ်ဖြစ်နေတယ်။ အကုသိုလ် မဖြစ်ဘူးပေါ့။
အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ် သူ့မှာ မရှိဘူး။ မဖြစ်ဘူးပေါ့။

ဒါတွေက ကိုယ်တိုင် သိနိုင်တာ။ သူများကို မေးစရာ မလိုဘူး။

ဒါကြောင့် တချို့ဟာတွေကျတော့ လက်လှမ်းမမီသေးလို့ပေါ့နော်။ သူတို့တတွေ ရေးကြတဲ့ ပြောကြတဲ့ အီလက်ထရွန်နစ်စကုပ် ခေါ်လား … အဲဒီဟာတွေနဲ့ မလုပ်နိုင်သေးလို့ သူတို့ ရေးထားတာနဲ့ပဲ တို့က ကျေနပ်ပြီးတော့ ယုံနေရတယ်။ တစ်နေ့ သူတို့လိုပဲ တတ်မြောက်ခဲ့လို့ လုပ်နိုင်ခဲ့ရင် အဲဒီအခါကျတော့ တို့လည်း သူတို့လိုပဲ လုပ်နိုင်မှာပေါ့။

အဲဒီလို အဘိညာဉ်ဆိုတာ ရအောင် မလုပ်နိုင်သေးလို့ မြတ်စွာဘုရား ဟောထားတာတွေပဲ တို့တတွေက ယုံနေတယ်။ တို့ကိုယ်တိုင် တကယ် အားထုတ်လို့ အဘိညာဉ်တွေရရင်တော့ ဘယ်သူပြောတာကိုမှ ယုံစရာ မလိုတော့ဘူး။ ကိုယ်တိုင် မြင်သွားပြီ၊ ဟုတ်ပြီလား။

ဒါကြောင့် ရှေးတုန်းက … မြတ်စွာဘုရားလက်ထက်က ရဟန္တာတွေကို ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ သုံးထားတဲ့ စကားလုံး တစ်လုံး ရှိတယ်။ ရုတ်တရက် အမှတ်တမဲ့ဆိုရင်တော့ အလွန်ရင့်သီးတဲ့ စကားလုံး တစ်လုံးပေါ့။ သဒ္ဓါ မရှိဘူး။ ယုံကြည်မှု မရှိဘူး။ ရဟန္တာပုဂ္ဂိုလ်တွေမှာ သဒ္ဓါတရား မရှိဘူးပေါ့။

ဆိုလိုတာကတော့ သူများကို ယုံကြည်နေတာမျိုး မရှိဘူး။ သူတစ်ပါး အပြောနဲ့ ယုံကြည်မှု မရှိဘူး။ ကိုယ်ကိုယ်တိုင် တရားသိပြီး နိဗ္ဗာန်ကို ကိုယ်တိုင် မြင်ထားလို့ပဲ။ သူများ စကားအရ ယုံစရာ မလိုတော့ဘူး။ သူကိုယ်တိုင် မြင်သွားပြီ။

ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်ကို တစ်ခါတလေ “အသဒ္ဓပုဂ္ဂိုလ်” – “ယုံကြည်မှု သဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်”လို့ ဘာသာပြန်ပြီး ခေါ်ကြတယ်။

အမှန်ကတော့ သူတစ်ပါးရဲ့ ယုံကြည်မှုနောက်ကို လိုက်ပြီး ယုံကြည်ရတာ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် သိပြီး ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး ကိုယ့်ယုံကြည်မှု အပြည့်အဝ ရှိနေတာကြောင့် သူတစ်ပါးကို အားကိုးစရာ မလိုတော့ဘူးပေါ့။


အကြောင်းအကျိုး အကောင်းအဆိုးမှ ကင်းသူ

မြတ်စွာဘုရားရှင်က “ရဟန္တာပုဂ္ဂိုလ်တို့မည်သည် ကုသိုလ် အကုသိုလ် မရှိကြသော်လည်း ပုထုဇဉ်လောကသားများကဲ့သို့ပင် ရတနာသုံးပါး၌ အလွန် ရိုသေ လေးစားမှု ကြီးမားတော်မူကြသည်”လို့ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာမှာ ဆိုထားတယ်။

ရဟန္တာပုဂ္ဂိုလ်များ ဒါန စသော ကောင်းမှု ကုသိုလ် ပြုကြသည်။ သို့သော် ဆန္ဒ ရာဂ ကင်းသည်၏ အဖြစ်ကြောင့် ရဟန္တာများ ပြုလုပ်သော ကောင်းမှုဒါန ကောင်းမှုကုသိုလ်တို့သည် ကုသိုလ်ဟု မခေါ်ဆိုထိုက်ဘဲ ကြိယာဟု ခေါ်ဆိုထိုက်ကြောင်း ဥပရိပဏ္ဏာသအဋ္ဌကထာမှာ ပြဆိုထားပါတယ်။ အကြောင်းရင်းမှာ နောက်ထပ် ဘဝသစ် မရှိကြတော့လို့ပါပဲ။

ရဟန္တာပုဂ္ဂိုလ်တို့တွင် အကုသိုလ် အပြုအမူမျိုး လုံးဝ မရှိတော့သဖြင့် အကုသိုလ်ကံ မရှိကြောင်း ထင်ရှားပါသည်။ ထို့အတူ ကုသိုလ်ပြုကြသော်လည်း ကုသိုလ်မဖြစ်တော့ပေ။ ပြုခြင်း ကြိယာမျှသာ ဖြစ်ပါသည်။
သို့သော် ကုသိုလ်ကောင်းမှုကား ပြုကြပါသည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက သီလဝန္တ သုတဝန္တသုတ္တန်ဒေသနာမှာ ရဟန္တာပုဂ္ဂိုလ်များ ကုသိုလ်မရှိဘူးဆိုတာ ကုသိုလ်အမှုကို ပြုကြပေမယ့် အဝိဇ္ဇာ မရှိတဲ့အတွက် အကျိုးပေးတဲ့ ကုသိုလ်ကံ မဖြစ်ဘဲ အကျိုးမပေးတဲ့ ကြိယာမျှသာ ဖြစ်တယ်။
ဒါပေမယ်လို့ ကောင်းမှုအမျိုးမျိုး ပြုတယ်။ ဘုရားကို ရိုသေတယ်။ တရားဟောတယ်။ တရားနာတယ်။ ဒုက္ခရောက်နေသူတွေကို ကယ်တယ်လို့ ဟောထားပါတယ်။

ဒါကြောင့် ဒီနေ့ သရဏဂုံနဲ့ ပတ်သက်ပြီး နားလည်စရာလေးတွေ ဒီလောက်ဆိုရင် အတော်လေး ပြည့်စုံသွားပါပြီ။


+++++
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

Read more...

ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၂) - အရှင်သီလာနန္ဒာဘိဝံသ

လောကုတ္တရာသရဏဂုံ

သရဏဂုံဟာ အကျဉ်းအားဖြင့် နှစ်မျိုးရှိတယ်။
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံဆိုပြီး နှစ်မျိုး ရှိတယ်။

လောကုတ္တရာသရဏဂုံဆိုတာက တရားထူးရတယ်၊ အရိယာဖြစ်တယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အသုံးရှိတယ်။ အဲဒီ တရားထူးရတဲ့ အခိုက်အတန့်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်ခု ဖြစ်တယ်။ အဲဒီစိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ မဂ်ရယ် ဖိုလ်ရယ်လို့ ရှိတယ်။ အဲဒါ တရားထူးရတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်၊ ဝိပဿနာရှုမှတ်တဲ့အခါ ဉာဏ်တွေ အဆင့်ဆင့် မြင့်တက်ပြီး အဲဒီ တရားထူး ပေါ်လာတာပေါ့လေ။

အဲဒီ တရားထူး ရတဲ့အချိန် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်မျိုး ဖြစ်တယ်။
ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ့ စိတ်တစ်မျိုး ဖြစ်တယ်။ အဲဒီ စိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ အဲဒီ မဂ်စိတ်က နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုတယ်။ အဲဒီ မဂ်စိတ်က ကိလေသာတွေကို ပယ်နိုင်တယ်။ နှစ်မျိုး ရှိတယ်။ မဂ်စိတ်က နိဗ္ဗာန်ကို အာရုံ ပြုပြီး၊ ကိလေသာတွေကို ပယ်တယ်။

အဲဒီ မဂ်စိတ် အခိုက်အတန့်မှာ ဖြစ်တဲ့ သရဏဂုံကို လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။

ဒါက အနည်းဆုံး သောတာပန်ဖြစ်မှ လောကုတ္တရာသရဏဂုံကို ရမယ်။

အဲဒီ မဂ်အခိုက်အတန့်မှာ သစ္စာကို မြင်ပြီးတော့ ကိလေသာကို ပယ်တဲ့ စိတ် ဖြစ်တယ်။ အဲဒီစိတ်ဖြစ်တဲ့အခါမှာ အဲဒီစိတ်နဲ့အတူတူ ဖြစ်တဲ့ ကိုးကွယ်မှု၊ ဘုရားအပေါ် ယုံကြည်မှု၊ အဲဒါကို လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။

ကိလေသာကို ပယ်တယ်ဆိုတာ ရိုးရိုး ကုသိုလ်နဲ့လည်း ကိလေသာကို ပယ်နိုင်တာပဲ။
ဘုရားရှိခိုးတဲ့အခါ ကိလေသာ မရှိဘူး။ ဒါလဲ ကိလေသာ ပယ်တာပဲ။

ဝိပဿနာနဲ့လည်းပဲ ကိလေသာကို ပယ်နိုင်တာပဲ။ တရားထိုင်တဲ့အခါ ကိလေသာ မရှိဘူး။
အဲဒါ ကိလေသာပယ်တယ် ခေါ်တယ်။
ဒါကတော့ ခေတ္တ ကိလေသာ ပယ်ထားတာ။

မဂ်နဲ့ပယ်တာကတော့ အပြီးသတ် ပယ်တယ်။
မဂ်နဲ့ပယ်ပြီး ကိလေသာက အဲဒီပုဂ္ဂိုလ်သန္တာန်မှာ ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။
မဂ်စိတ်နဲ့ ကိလေသာပယ်တယ်ဆိုတာ နောက် ဘယ်တော့မှ ပြန်မဖြစ်နိုင်အောင် ပယ်တာ။
အဲဒါ လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။


လောကီသရဏဂုံ

လောကီသရဏဂုံကတော့ ခုနက ပြောခဲ့တဲ့အတိုင်းပေါ့လေ။ ပုထုဇဉ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်တဲ့ စိတ်ပေါ့။
ဒီစိတ်ဖြစ်တဲ့အခါမှာ လောကီသရဏဂုံ ဖြစ်တယ်။

လောကီသရဏဂုံဖြစ်တဲ့အခါမှာလည်းပဲ ကိလေသာကိုတော့ ပယ်တာပဲ။ ဒါက ခေတ္တခဏ ပယ်တာ။

ကိလေသာပယ်ပုံ သုံးမျိုး ရှိတယ်။

၁။ တဒင်္ဂပဟာန် = တစ်ခဏ ပယ်တာကို တဒဂ်ပဟာန်လို့ ခေါ်တယ်။

အဲဒီ တဒင်္ဂပဟာန်နဲ့ ပယ်တာကျတော့ အစားထိုးလုပ်တဲ့ သဘော။ ကုသိုလ်လုပ်တဲ့အခါ အကုသိုလ် မဖြစ်ဘူးပေါ့။ တဒင်္ဂပယ်တာ။ အဲဒီ ကုသိုလ်ချုပ်သွားပြီးတဲ့နောက် အကုသိုလ် ပေါ်ချင် ပေါ်မှာပဲ။

၂။ ဝိက္ခမ္ဘနပဟာန် = ဒါကတော့ ခွာထားတယ်လို့ အဓိပ္ပာယ် ရှိတယ်။

တဒင်္ဂထက် ကြာကြာ ပယ်နိုင်တယ်။ အဲဒီ ဝိက္ခမ္ဘနပဟာန်က ဘာနဲ့ တူသလဲဆိုတော့ မှော်တောထဲ ကျွဲတိုးသွားသလိုပဲတဲ့။
ကျွဲတိုးသွားတဲ့အခါမှာ မှော်တွေ ကျဲသွားပြီးတော့ အဲဒီမှော်တွေက တော်တော်နဲ့ ပြန်မစေ့ဘူး။ နောက်တစ်ချိန်တော့ ပြန်စေ့သွားတာပေါ့။ အဲဒီလို ခပ်ကြာကြာလေး ပယ်ထားတာကို ဝိက္ခမ္ဘနပဟာန်နဲ့ ပယ်တယ်လို့ သုံးတယ်။

၃။ သမုစ္ဆေဒပဟာန် ဆိုတာကတော့ အကြွင်းမဲ့ ဖြတ်လိုက်တယ်။

အကြွင်းမဲ့ ဖြတ်တယ်ဆိုတော့ နောက်ဘယ်တော့မှ မပေါ်တော့ဘူး။ ဒါကြောင့် ဘုရား ရဟန္တာတွေဆီမှာ အဲဒီ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်ထားတာမို့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ လောဘ ဒေါသ မောဟ မဖြစ်တော့ဘူး။ ဘယ်လောက် လိုချင်စရာ နှစ်သက်စရာ အာရုံတွေနဲ့ တွေ့တွေ့ မလိုချင်တော့ဘူး၊ မစွဲလမ်းတော့ဘူး။
အဲဒါ ကိလေသာကို အပြီး ပယ်သတ်ထားလို့ပဲ။

ပယ်တာ သုံးမျိုးအနက် လောကီသရဏဂုံက ကိလေသာကို တဒင်္ဂအားဖြင့် ပယ်တယ်။ ဝိက္ခမ္ဘနပဟာန်လို့ ဆိုချင်လည်း ဆိုနိုင်တယ်။
တကယ်တော့ ဝိက္ခမ္ဘနပဟာန်ဆိုတာ ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပယ်ခြင်းမျိုးပဲ။ ဈာန်ရထားတော့ ကိလေသာ ရုတ်တရက် ပြန်မဖြစ်ဘူး။ ခပ်ကြာကြာလေး ဟန့်တားနိုင်တဲ့ သဘော ရှိတယ်။


လောကီသရဏဂုံ အမျိုးမျိုး

လောကီသရဏဂုံမှာ ဘုရား တရား သံဃာကို ယုံကြည်မှု ရတယ်။ အဲဒီ ယုံကြည်မှုကို အကြောင်းပြုပြီးတော့ မှန်ကန်သော အမြင်၊ မှန်ကန်သော အယူ ကိုယ့်မှာ ရတယ်။ ဒါ လောကီသရဏဂုံပဲ။

အဲဒီ သရဏဂုံကို ဖော်ပြတဲ့အခါမှာ နည်းအမျိုးမျိုး ရှိတယ်။

သိသာရုံမျှ ပြောကြပါစို့။

တို့ယူနေတာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တစ်မျိုးပဲ သုံးကြတယ်။

တစ်ခါတလေ ဘယ်လို ဖြစ်နိုင်သလဲဆိုရင် ‘ဘုရားကို ကိုးကွယ်ပါတယ်’လို့ ကိုယ်က မပြောဘူး။ မပြောဘဲနဲ့ “ဒီကနေ့က စပြီး တပည့်တော်၏ ရုပ်နာမ်ခန္ဓာကို ဘုရားကို စွန့်လှူပါ၏။ တရားကို စွန့်လှူပါ၏။ သံဃာကို စွန့်လှူပါ၏”လို့ ဆိုရင်လည်းပဲ ဒါသရဏဂုံ ခံယူတာ တစ်မျိုးပေါ့။

နောက်တစ်ခုကတော့ “တပည့်တော် မြတ်စွာဘုရားသာလျှင် ကိုးကွယ်ရာ ရှိပါတယ်။ တရားသာလျှင် အားထားမှီခိုရာ လဲလျောင်းရာ ရှိပါတယ်။ သံဃာသာလျှင် အားထားမှီခိုရာ လဲလျောင်းရာ ရှိပါတယ်”လို့ ဆိုရင်လည်းပဲ ခုနက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”နဲ့ အတူတူပဲ။

ဒီလိုမှ မဟုတ်လည်း “မြတ်စွာဘုရားရဲ့ တပည့်ဖြစ်ပါတယ်။ တရားတော်ရဲ့ တပည့်ဖြစ်ပါတယ်။ သံဃာတော်ရဲ့ တပည့်ဖြစ်ပါတယ်”လို့ ဒီလိုဆိုလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်တယ်။

နောက်တစ်မျိုးက “တပည့်တော်သည် ဒီကနေ့က စပြီးတော့ ဘုရား, တရား, သံဃာမှတပါး အခြား မည်သူ့ကိုမျှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မလုပ်တော့ပါဘူး”လို့ အဲဒီလို ဆိုရင်လည်းပဲ ဒါ သရဏဂုံယူပြီးသား ဖြစ်တာပဲ။

အဲဒီတော့ သရဏဂုံယူရာမှာ အမျိုးမျိုး ရှိတယ်။

ခု ဘုန်းကြီးပြောခဲ့တာ ၄-မျိုး ရှိပြီ။
၁။ ပထမတစ်မျိုးက ကိုယ့်ကိုယ်ကို စွန့်တာ။
၂။ ဒုတိယတစ်မျိုးက မြတ်စွာဘုရားသာ လဲလျောင်းရာ ရှိတယ်လို့ ဆိုတာ။
၃။ တတိယကတော့ တပည့်ခံတာပေါ့။
၎။ စတုတ္ထကတော့ ရတနာသုံးပါးမှတပါး ရှိခိုးခြင်း၊ အရိုအသေပြုခြင်းတွေ မလုပ်ပါဘူး လျှောက်တာ။
အဲဒီ လေးမျိုး ရှိတယ်။

ဒီလိုမှ မဟုတ်လည်း “တပည့်တော်သည် မြတ်စွာဘုရားကို အသက်ဆုံးသည့်တိုင်အောင် ခန္ဓာကိုယ်ကို စွန့်လှူပါ၏”လို့ ဒီလို ပြောတာတွေလည်း ရှိတယ်။

အဲဒီတော့ ဒီနေရာမှာ ပြောချင်တာလေး တစ်ခု ရှိတယ်။ ‘ဒီကနေ့က စပြီးတော့ ဘုရား တရား သံဃာကို ကိုးကွယ်ပါတယ်’ ဆိုပြီးတော့ လိုက်ဆိုခိုင်းတာ ရှိတယ်။ တောင်ပုလုဆရာတော်ကြီးက အဲဒီလို ချ,ချပေးတယ် မဟုတ်လား။

‘အဇ္ဇ အာဒိံ ကတွာ ...’ စသည်ဖြင့်ပေါ့လေ။ ဘုန်းကြီးကတော့ အဲဒါ သိပ်ပြီးတော့ စိတ်ထဲမှာ ဘဝင်မကျဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အဇ္ဇ အာဒိံ ကတွာ ... ဆိုတာက ‘ယနေ့ကို အစပြု၍’တဲ့။ ဒါက ဒီနေ့မှ ဘုရားနဲ့ တွေ့ပြီး ဘုရားကို ကြည်ညိုတဲ့လူအတွက်တော့ ဟုတ်တယ်။ ဗုဒ္ဓဘာသာ ဒီနေ့မှ စပြီး ဖြစ်တဲ့သူက ဒါကို ဆိုရင်တော့ အဓိပ္ပာယ် ရှိတယ်။
မွေးလာကတည်းက ဗုဒ္ဓဘာသာဖြစ်လာတဲ့သူက ဒီကနေ့မှ ဒါကို ဆိုတော့ ဟိုးအရင်က မင်းတို့ ... ဘုရားကို မကိုးကွယ်ရာ ကျတယ်။ ဒါကြောင့် ‘အဇ္ဇ အာဒိံ ကတွာ’ဆိုတာကို ဘုန်းကြီးတော့ သိပ်ပြီး ဘဝင် မကျဘူး။

ဘာကြောင့်လဲဆိုရင် ကိုယ်သရဏဂုံ မြဲခဲ့တာက ဒီကနေ့မှ မြဲခဲ့တာ မဟုတ်ပဲကိုး။
ဒီကနေ့ အထပ်ထပ် ဆိုတာကတော့ မြဲရာ သံပါတ်ဆိုတာလိုပေါ့ ... ဟုတ်လား။ ပိုမိုပြီး ခိုင်မြဲအောင်လို့ ဆိုတာပါ။ နေ့တိုင်း ဆိုနေတာကိုး။ တစ်ကြိမ်တစ်ခါတည်း ဆိုထားလည်းပဲ စိတ်ထဲ အမြဲရှိနေရင် သရဏဂုံတည်နေတာပဲ။ ဒါကြောင့် အဲဒီ ‘အဇ္ဇ အာဒိံ ကတွာ’ဆိုတာ ဘုန်းကြီးရဲ့ စိတ်ထဲမှာတော့ သိပ်ဘဝင် မကျချင်ဘူး။

စာထဲမှာ ပါတာတွေကျတော့ မြတ်စွာဘုရားနဲ့ တွေ့တယ်။ မြတ်စွာဘုရားက တရားဟောတဲ့အခါကျတော့ သဘောကျပြီး ‘တပည့်တော်ကို ယနေ့မှ စပြီး အသက်ဆုံးသည့်တိုင်အောင် ဘုရားကို ကိုးကွယ်တဲ့ ဥပါသကာအဖြစ် မှတ်တော်မူပါ ဘုရား’လို့ ဒီလို ရှိနေတာကိုး။

သူက အစက ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ခုမှ ဘုရားနဲ့ တွေ့ပြီး ကြည်ညိုလို့ ခုမှ ဖြစ်တာ။ ဒါက သဘာဝကျတယ်။
တို့က မွေးလာကတည်းက ဗုဒ္ဗဘာသာဖြစ်လာတာ။ အဲဒါ ခုမှ ဘုရားကိုးကွယ်ပါ၏ဆိုတော့ စကားကပ်စရာတွေ ဖြစ်လာတယ်။

ပြီးတော့ အခြားနည်းတွေလည်း ရှိသေးတယ်ပေါ့လေ။ ဒီ လေးနည်းပဲ မင်းတို့ မှတ်ထားကြ။ ဒီလေးနည်းက တစ်ခုခုနဲ့ ယူရင်လည်းပဲ သရဏဂုံယူပြီးသား ဖြစ်တာပဲ။ ဒါမှ မဟုတ်လို့ ဆိုနေကျအတိုင်း ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့ ဆိုရင်လည်း သရဏဂုံယူပြီး ဖြစ်တာပါပဲ။

သို့သော် ငါပြောသလို အဓိပ္ပာယ်လေး နားလည်အောင်တော့ လုပ်ပါ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ … လို့ ဆိုရင်

ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏ … လို့ အဲဒါလေးတွေကို သိနေပါစေ။

အဲဒါဆိုရင် သရဏဂုံစစ်စစ် မင်းတို့ ရမယ်။

သရဏဂုံတည်နေသမျှ ကာလပတ်လုံး မင်းတို့ကို ဗုဒ္ဓဘာသာလို့ မှတ်ရမယ်။

ဗုဒ္ဓဘာသာဆိုတာ ဘုရားလက်ထက်က မရှိခဲ့ဘူးပေါ့။
ဘုရားတပည့်ပဲ ရှိတယ်။ ဘုရား၏ ဥပါသက = ဥပါသကာ လို့ ခေါ်တယ်။

‘ဥပါသက’ဆိုတာ ‘ဘုရား တရား သံဃာကို ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်’ကို ‘ဥပါသက’လို့ ဆိုတယ်။
ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်။

သရဏဂုံ တည်နေသမျှ ကာလပတ်လုံး ဥပါသက = ဥပါသကာ လို့ ခေါ်တယ်။

အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ လို့ ဒီလို ခွဲခေါ်တယ်။


သရဏဂုံ ဘယ်ခါပျက်

သရဏဂုံ ယူထားလို့ ဥပါသကာ၊ ဥပါသိကာ ဖြစ်နေပြီ ဆိုပါစို့။ ဥပမာ - မင်းတို့မှာ ရှိတဲ့ ဆွေမျိုးထဲက အခြား ဘာသာဝင် ဘုန်းကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲဒီဘုန်းကြီးကို မင်းတို့ ရှိခိုးမယ်။ သူက ငါ့ဆွေမျိုးပဲဆိုပြီး ရှိခိုးတယ်။ အဲဒါ သရဏဂုံ မပျက်ဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီ ဘုန်းကြီးကို ရှိခိုးတယ် အရိုအသေပေးတယ် ဆိုပါစို့။ သူ့ကို ကိုးကွယ်တဲ့အနေနဲ့ ရှိခိုးတာ မဟုတ်ဘူး။ ဆွေမျိုးမို့ ရှိခိုးတာ သရဏဂုံ မပျက်ဘူး။

မင်းတို့ကို ပညာသင်ပေးဖူးတယ်။ ဒါကြောင့် သူ့ကို အရိုအသေ ပြုတယ်။ ရှိခိုးတယ်။ ဒါလဲ မပျက်ဘူး။

နောက် သူ့ကို အရိုအသေ မပေးရင် ငါ့ကို အန္တရာယ် ပြုချင် ပြုမှာ။ မဖြစ်ဘူး။ ရှိလေးတော့ ခိုးဦးမှ ဆိုပြီးတော့ ရှိခိုးတယ်။ ရှေးတုန်းက ဘုရင်တွေကို ရှိခိုးတာ အဲဒါပေါ့။ ဘယ်ရှိခိုးချင်မလဲ? လူလူချင်းပဲ။ ဒါပေမယ့် သူ့ကို ရှိမခိုးရင် ဒုက္ခပေးနိုင်တယ်။ ဒါကြောင့် ရှိခိုးရတာ။ အဲဒီလို ရှိခိုးရင်ကော ပျက်သလားဆိုတော့ မပျက်ဘူးနော်။

ဘယ်လို ရှိခိုးရင်တော့ ပျက်မလဲ?
ကိုးကွယ် ဆည်းကပ်တဲ့အနေနဲ့ ရှိခိုးရင်တော့ သရဏဂုံပျက်သွားမယ်။ ဟိုတစ်ဖက်ကို လက်ခံလိုက်တဲ့သဘော ဖြစ်သွားမယ်။ အဲဒါလည်း မင်းတို့ မှတ်ထား။

ဒါကြောင့် တခြား ဘာသာခြားဆရာတွေ ဘာတွေကို အရိုအသေပေးတာ ကိစ္စမရှိဘူး။ သူတို့ကို ကျေးဇူးတင်တဲ့ အနေနဲ့ ရှိခိုးတယ်။ ကြောက်လို့ ရှိခိုးတယ်။ ဆွေမျိုးဖြစ်လို့ ရှိခိုးတယ်။ ဒီလိုသာ လုပ်တာကိုး။

သူတို့ကို ကိုးကွယ်ရာ၊ သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ဒီလို ယူဆပြီးတော့ ရှိခိုးတာ မဟုတ်ဘူး။

အဲဒါကြောင့်မို့လို့ သရဏဂုံ ယူတယ်ဆိုရင်လည်းပဲ လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်ပဲ။ သို့မဟုတ် ငါ့ကို ကောင်းရာ ကောင်းကြောင်း လောကုတ္တရာနဲ့ ပတ်သက်ပြီးတော့ ညွှန်ပြတတ်တဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလို ယုံကြည်ပြီးတော့ ရှိခိုးတာမျိုးကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

တစ်နေ့က ကိစ္စတစ်ခု ရှိတယ်။ ပြောတော့ ပြောရမှာပေါ့နော်။ သားက ခရစ်ယာန်ဖြစ်နေတယ်။ အဖေကြီးဆုံးတော့ တို့ကို ပင့်လို့ သွားတော့ … မီးရှို့ခါနီးပေါ့လေ။ သယ်သွားခါနီးကျတော့ … ကဲ မင်းတို့အားလုံး ကန်တော့ကြ ကန်တော့ကြလို့ ဆိုတော့ သားနဲ့ မြေးက မကန်တော့ဘူးပေါ့ကွာ။ ရှိမခိုးဘူးပေါ့။ ဒူးထောက်တော့ ထိုင်နေကြတာပေါ့။

ဘုန်းကြီးကလည်း ရိပ်မိပါတယ်။ သြော် … သူတို့ ခရစ်ယာန်ဖြစ်လို့ ရှိမခိုးတာဘဲလို့။ ဘုန်းကြီးက ပြောချင်တယ်။ ဒါပေမယ့် အချိန်ကလည်း ပြောစရာ မဟုတ်တော့ …။

‘ကိုယ့်အဖေဖြစ်လို့ ရှိခိုးတယ်။ မင်းတို့ ခရစ်ယာန်ဘာသာ သရဏဂုံ မပျက်ပါဘူး’လို့ ဘုန်းကြီးက ပြောချင်တယ်။ ပျက်မယ် မထင်ပါဘူး နော်။

ခရစ်ယာန်မှာ ပညတ်တော် ၁၀ ပါးထဲမှာ ပါတယ် မဟုတ်လား။ ငါမှတစ်ပါး တခြားဘုရားကို မကိုးကွယ်ရဘူးလို့ ပါတယ်။ အဲဒါကြောင့်မို့ ခရစ်ယာန်တွေက ဘုရားမှတစ်ပါး ဘယ်သူ့ကိုမှ ရှိမခိုးရဘူး။ ဘုန်းကြီးလည်း ရှိမခိုးရဘူး။ မိဘလည်း ရှိမခိုးရဘူး။ အဲဒီလို ဘုန်းကြီး ထင်တယ်။

သူတို့ကို ကိုးကွယ်တဲ့အနေနဲ့ သူ့ဘာသာကို လိုက်နာကျင့်သုံးတဲ့အနေနဲ့ ရှိခိုးရင်တော့ ဟုတ်တာပေါ့။
ကိုယ့်အဖေကြီးတစ်ယောက် သေသွားတယ်။ ကိုယ့်ကျေးဇူးရှင်အဖေဆိုတာ ခရစ်ယာန်ဖြစ်ဖြစ်၊ မွတ်ဆလင်ဖြစ်ဖြစ်၊ သားနဲ့အမိ၊ မိဘနဲ့သားသမီး ဆိုတာကတော့ ကျေးဇူးများတာပဲ။ ဒီလောက် ကျေးဇူးများတဲ့ အဖေကို ဝတ်ချတာလေး မလုပ်နိုင်ဘူး။ မလုပ်ရဘူးဆိုရင် တော်တော်ကြီး ရိုင်းသွားတယ်။

ကိုယ် ခရစ်ယာန် ဖြစ်နေတာနဲ့ပဲ ကိုယ့်အပေါ် အလွန်ကျေးဇူးကြီးတဲ့ အဖေရင်းကို အရိုအသေ မပေးလိုက်ရဘူး။ ဝမ်းနည်းစရာကြီးလို့ အောက်မေ့တယ်။ ဒါ မှားတဲ့ အယူရှိတယ်လို့ ထင်တာပဲ။ ဒါဟာ မကောင်းတဲ့ အယူပဲလို့ ပြောလိုက်ချင်ပါတယ်။

ဒါကိုလည်းပဲ နားလည်ထားကြရမယ်။ တို့ ဗုဒ္ဓဘာသာဝင်တွေက တခြားဘာသာဝင် ဘုန်းကြီးတွေ တွေ့ရင် ပြေလည်အောင် ဆက်ဆံနိုင်တယ်။ ရှိခိုးစရာလည်း ရှိခိုးလိုက်တာပဲ။ ဘုရားနဲ့ … တပည့်တော်နဲ့ စသည်ဖြင့်လည်း အလိုက်အထိုက် ပြောလိုက်တာပဲ။
ခရစ်ယာန်တွေကျတော့ တစ်မျိုး။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ လုပ်တော့တာပဲ။ တပည့်တော် ဘာညာ … ပြောရမှာ သိတယ်။ မပြောဘူး။ သူတို့က မြန်မာပြည်မှာတောင် ရှိတယ်။ ဒါကတော့ လူ့ယဉ်ကျေးမှု တစ်ခုပဲ … ဟုတ်လား။ ဘုန်းကြီးတွေ့ရင် ဘုန်းကြီးကို အရှင်ဘုရားနဲ့၊ တပည့်တော်နဲ့ ပြောတယ် ဆိုပါတော့။ ဒါဟာ ဘာသာကို စွန့်တဲ့ သဘော မဟုတ်ဘူး။

လူမှာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု ရှိတယ် မဟုတ်လား။ ဒါကတော့ သူတို့ လွန်တယ် ထင်တာပဲ။ တစ်ခါတလေ ဘုရားနဲ့ တပည့်တော်နဲ့ မှားပြောသူတွေ၊ ကျွန်တော်နဲ့ ပြင်ပြောတဲ့သူတွေ တွေ့ဖူးတယ်။
တို့မြန်မာတွေကျတော့ ရိုမင်ကက်သလစ်ဘုန်းကြီးတွေနဲ့ တွေ့ရင် ချောနေတာပဲ။ တပည့်တော်နဲ့ ဘာနဲ့ ပြောတာပဲ။ ကိစ္စမရှိဘူးလေ။


သရဏဂုံ ဘယ်လိုပျက်

အဲ … သရဏဂုံအကြောင်း တော်တော်လေး သိသွားပြီ။

နောက် ဘာသိဖို့ လိုသေးသလဲဆိုတော့ သရဏဂုံ ဘယ်လိုပျက်သလဲ?
သရဏဂုံပျက်တာနဲ့ ပတ်သက်ပြီးတော့ နှစ်မျိုး ရှိတယ်။

အပြစ်ရှိသော ပျက်ခြင်းနဲ့ အပြစ်မရှိသော ပျက်ခြင်းတို့ ဖြစ်ပါတယ်။

အပြစ်ရှိသော ပျက်ခြင်းဆိုတာ ဘာလဲဆိုရင် အခြားဘာသာထဲ ဝင်လိုက်ရင်၊ ဒါ အပြစ်ရှိသော ပျက်ခြင်း ဖြစ်သွားတာပေါ့။ တို့ဘက်ကနေ ကြည့်ရင်ပေါ့လေ။ မှန်ကန်တဲ့ အယူကနေ မှားတဲ့ အယူသို့ သွားတာပဲ။ ဒါကို အပြစ်ရှိသော ပျက်စီးခြင်းလို့ ဆိုတာပဲ။

အပြစ်မရှိသော သရဏဂုံပျက်ခြင်းမျိုး ဆိုတာကတော့ သေတာလို့ ပြောတာ။ လူဟာ သေရင် သရဏဂုံ ပျက်တယ်။ သေပြီး သရဏဂုံဟာ နောက်ဘဝ ပါမသွားဘူးလို့ ဆိုလိုတယ်။

ဒါကတော့ သူ့ဟာသူ သဘာဝအလျောက် သေသွားတာကိုး။ အဲဒီ ပျက်ခြင်းက လောကီသရဏဂုံပေါ့လေ။

လောကုတ္တရာသရဏဂုံကတော့ ဒီလို ပျက်တာ မရှိပါဘူး။ လောကုတ္တရာသရဏဂုံကတော့ နောက်ဘဝထိ ပါသွားတယ်။
သောတာပန်ဆိုပါတော့။ ဒီဘဝသေပြီး နောက်ဘဝ လူသွားဖြစ်တယ်။ ကလေးဖြစ်ဦးတော့ သူက တခြားဘာသာ မပြောင်းတော့ဘူး။ ဆိုပါတော့ သောတာပန်တစ်ယောက် ခရစ်ယာန်ဗိုက်ထဲ သွားဝင်စားတယ်။ မွေးတဲ့အခါ သူဟာ ခရစ်ယာန် မဖြစ်တော့ဘူး။

ပုထုဇဉ်ဆိုတာတွေကတော့ ဒီလို မမြဲဘူး။ ဖြစ်ချင် ဖြစ်မယ်၊ မဖြစ်ချင် မဖြစ်ဘူး။
အရိယာပုဂ္ဂိုလ်တွေကတော့ ဒီလို မဟုတ်တော့ဘူး။ မသိတောင်မှ အခြားဘာသာ ဘယ်တော့မှ မသွားတော့ဘူး။ တခြားဘုရားကို ဘယ်တော့မှ မကိုးကွယ်တော့ဘူး။

အဲဒါကြောင့် လောကုတ္တရာသရဏဂုံက ခိုင်မြဲတယ်။


+++++
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

Read more...

နေမိဇာတ်တော်- ၆...

Cover (front)


Read more...

“အဲဒါရဟန်းတဲ့လား” နဲ့စတဲ့ နံနက်ခင်း

ဟာ အစောကြီးကို နိုးနေပါရောလား...။ နံနက် ၄း၀၀ နာရီစွန်းရုံလေးရှိသေး၊ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီးက အိပ်ရာစောစော ထဖြစ်အောင် အလေ့အကျင့်လုပ်ပေးခဲ့ဖူးပါတယ်။ အိပ်ရာထဘုရားရှိခိုး ပရိတ်ပဌာန်းရွတ်ကြရပါတယ်။ ရဟန်းဆိုတာ လူတွေထက် ပိုပြီး နိုးနိုးကြားကြား ဖြစ်နေရမယ်လို့လည်း သြ၀ါဒလည်း ပေးခဲ့ဖူးပါရော။ ဒကာ ဒကာမတွေက နံနက်အရုဏ်ဆွမ်းလာပို့တာပဲ ဖြစ်ဖြစ် အရုဏ်ဆွမ်းကပ်ဖို့ လာပင့်တာပဲ ဖြစ်ဖြစ် ရဟန်းဆိုတာက အဆင်သင့်ဖြစ်နေရမယ် တဲ့။ ဒကာ ဒကာမတွေက တံခါးခေါက်နှိုးရတာမျိုး ၊ ဒကာ ဒကာမတွေလာမှ ရဟန်းက အိပ်မှုံစုံမွှားနဲ့ မျက်နှာထသစ်တာမျိုးဘယ်တော့မှ မဖြစ်စေနဲ့ ဆိုတာမျိုးတွေလည်း “ ရဟန်းဟူက အိပ်ရာစောစောထရေး” ဆုံးမစာအဖြစ် နာခဲ့ရသေးသပေါ့။

ဒါပေမယ့် ဒါပေမယ့်ပါပဲ အိပ်ရာစောစောထခြင်း အလေ့အထဟာ ဆရာဘုန်းတော်ကြီးရဲ့ ကျေးလက်မြို့ကျောင်းလေးရဲ့ အရိပ်ကလွန်ပြီး မြို့ပြပညာရေးနယ်နိမိတ်ထဲ အ၀င်မှာ ပျယ်လွင့်စပြုခဲ့ပါတယ်။ မြို့ပြပညာရေးမှာ အချင်းချင်းပြုတ်မကျန်ရစ်ခဲ့ဖို့တို့ ရင်ဘောင်တန်းလျှောက်ဖို့တို့ဇွဲတွေနဲ့ စာတွေအလုအယက်ကျက်ခဲ့ရတော့ အိပ်ရာဝင်ညနက်တာမျိုးတွေ ရှိလာတာက စတာပါ။ ဒါပေမယ့် ပုထုဇဉ်ရဟန်းတွေအတွက်တော့ အခြားအကြောင်းတွေလည်း အများကြီးရှိခဲ့ဖူးသပေါ့။ ဒါပေမယ့် ညညစာဖတ်တာ အကြောင်းပြ ခုတော့ ကွန်ပြူတာနဲ့ အင်တာနက်ကသိုဏ်းပေါ့လေ ။

စင်ကာပူက ဒကာမကြီးတစ်ယောက်ကတော့ “ပရိယတ် ပဋိပတ်အပြင် ပရိချတ်(Chatting) တွေနဲ့ အရှင်ဘုရားတို့လည်း အလုပ်ရှုပ်ပေမပေါ့” လို့ ဆွမ်းပို့လာရင်း ခပ်လှောင်လှောင် လျှောက်ဖူးခဲ့သေးတာပဲ။ ဘာပဲဖြစ်ဖြစ် ရဟန်းကတော့ ရဟန်းပါပဲ။ ၀တ်ဖူး နေဖူးရင် သိပါတယ်။ ဒါကြောင့်မို့ပဲ ရွာဦးကျောင်းပုံပြင်တွေမှာ ဒကာက ဆရာဘုန်းကြီးအချိုးမကျတာတွေ ပြုပြင်ဖို့ လျှောက်လေတိုင်း “မင်းနဲ့ ငါ လဲမကွာ” လို့ ဆရာက ကြိမ်းလိုက်တာနဲ့ ဒကာက လစ်ထွက်ရတာမျိုး ခပ်သောသောပြောတတ်လေ့ရှိတာ ကြားဖူးပါရဲ့။ ဆရာ့မှာက ကျောင်းအိုနဲ့ ဇရပ်ပျက် အော်ဟစ်ငေါက်ငမ်း စာသင်နေရတဲ့ ဘုစုခရုကျောင်းသားကိုရင်တွေပဲ ပိုင်ဆိုင်ရှာတာကလား။ ဒကာမှာက ဇနီးကချောချော သမီးလေးပါ အဆစ်ပါလိုက်သေးတော့ ပြေးပေမပေါ့။

ဆရာဘုန်းတော်ကြီးတွေကတော့ တပည့်ရှင်ငယ် ရဟန်းငယ်တွေကို “ သာသနာနောက်ပိုင်းကာလမှာ ရဟန်းသံဃာအနေနဲ့ မင်းတို့မှ မကိုးကွယ်ရင် ကိုးကွယ်စရာမရှိတော့ဘူးပေါ့ကွာ။ မင်းတို့ ဘာလုပ်လုပ်ကိုးကွယ်ကြရတော့မှာပဲ။”တဲ့ ဒါပေမယ့် ဆက်ပြီးမိန့်တာက “ သူတို့ ရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းမှုကိုတော့ အားနာတတ်ကြပေါ့ကွာ”တဲ့။ မှတ်ဖွယ်မှတ်ရာပါပဲ။

အင်း ဗာရာဏသီ မိဂဒါဝုန်ဆောင်းကလည်း အေးစိမ့်စိမ့်မို့ မျက်နှာချက်ချင်းသစ်ဖို့ဆိုတာက မလွယ်။ အိပ်ရာက ထပြီး ရေနွေးတစ်အိုးကြိုလိုက်ပါတယ်။ ပြီးတော့ အင်တာနက်စာမျက်နှာထဲ ၀င်လိုက်မိပါတယ်။ နေ့စဉ်ပထမဆုံးဖွင့်ဖြစ်တဲ့ ဦးလောကနာထရဲ့ နေ့စဉ်ရေးသောတရားတော်များလင့်ခ်ကို ကလစ်ပြီး ဓမ္မမိတ်ဆွေများရဲ့ စာတွေ ဟိုတစ်ကွက်ဒီတစ်ကွက် လိုက်ဖွင့်မိတော့ ဒဿနခရီးစဉ် ဘလော့စာမျက်နှာပေါ်က “ အဲဒါ ရဟန်းတဲ့လား ” ဆိုတဲ့ စာလုံးတွေက ဖမ်းစားလိုက်ပါတယ်။ ဘာပါလိမ့် လို့လည်း ထိတ်သွားပါတယ်။ ဘယ်ရဟန်းတွေက ဘာတွေများ လုပ်နေကြပါလိမ့်လို့လည်း အတွေးပွားသွားရပြန်ပါတယ်။

အင်တာနက်ကွန်ရက်ကြီးထဲမှာ ငါလည်း ဖြစ်နိုင် သူလည်း ဖြစ်နိုင်နေတာကိုး။ ချက်ချင်းပဲ ကောက်ဖတ်မိတော့တယ်။ ဓမ္မရတနာမဂ္ဂဇင်းက အရှင်သုဇာတ( သရက်တောကျောင်း)ရဲ့ စာမူပါ။ မဂ္ဂဇင်းစာဖိုင်တွေကို တင်ထားတာမို့ တစ်ရွက်ချင်း ကလစ်ခ်ရတာပလေ။ ဖတ်ပြီးတဲ့အခါမှပဲ ပြုံးချင်သလို ရီချင်သလို သရော်တော်တော်ဖြစ်သွားရတာပါ။ တော်တော်နောက်တဲ့ ကိုယ်တော်။ ရေးလည်း ရေးတတ်ပလို့ ချီးမွမ်းမိပြန်တယ်။

အရှင်သုဇာတက သူ့ရဲ့ စာကို “ သားသမင်သည် မိမိသွားလိုရာသို့ ပေါ့ပါးလျင်မြန်စွာ သွားနိုင်သကဲ့သို့ ငှက်တို့သည် အလိုရှိရာ ပျံသန်းသောအခါ အတောင်သာလျှင် ၀န်ရှိသကဲ့သို့ ထို့အတူ ရဟန်းတို့သည် ပေါ့သောတာဝန်ရှိရာ၏၊ နည်းသောအမှုကိစ္စရှိရာ၏၊ အသက်မွေးမှု လွယ်ကူစေရာ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်နဲ့ ဖွင့်ပါတယ်။

ရဟန်းတစ်ပါးရဲ့ တကယ့်ဖြတ်သန်းရမှုကို ရိုးရိုးစင်းစင်းဖွဲ့ထားတာပါ။ လေးလေးပင်ပင်ကြီးတွေ မပြောဘဲနဲ့ လှအောင်ခြယ်သွားပါတယ်။ သူရေးပြတဲ့ ရဟန်းကလည်း ရွာကျောင်း မြို့ကျောင်းတွေနဲ့ မဆိုင်တဲ့ တောင်ပေါ်ကျောင်းလေးမှာ နေတဲ့ ရဟန်းတဲ့။ သမထအလုပ်လုပ်ဖို့ဆိုပြီး ရွာနီးချုပ်စပ်က တောင်ပေါ်ကျောင်းလေးဆီ ပေါ့ပေါ့ပါးပါး တက်သွားတဲ့ ရဟန်းတစ်ပါးတဲ့ ။

သင်္ကန်းလေးထည်( တိစီဝရိတ်သင်္ကန်းသုံးထည်အပြင် ရေလဲသင်္ကန်းလေးပါ ပါလို့ စတုစီဝရိတ်လို့ ရယ်သွမ်းသွေးလိုက်ပါသေးတယ်)သပိတ်တစ်လုံး။ ဖတ်စရာစာအုပ်တစ်အုပ်၊ ရေးဖို့ ကော်ပီစာရွက်အချို့၊ဘောလ်ပင်နှစ်ချောင်း၊ ရေချိုးခွက် ဆပ်ပြာ အခြားလိုအပ်တဲ့ ပစ္စည်းလေးအချို့တဲ့ ။ တကယ့်ပေါ့ပေါ့ပါးပါး ရဟန်းတစ်ပါးဘ၀။ ရပ်ရွာ မြို့ပြနဲ့ ကင်းလွတ်တဲ့ တောင်ပေါ်ကျောင်းရဟန်းတစ်ပါးရဲ့ ပုံရိပ်တဲ့။ကြည့် သူနေမယ့် ကျောင်းလေးက အင်ဖက်မိုး အင်ဖက်ကာကျောင်းလေးတဲ့။ အဲဒီတောင်ပေါ်မှာကလည်း ရေမရှိပြန်တော့ သောက်ရေ ချိုးရေအတွက် တောင်အောက်ကို ဆင်းရမယ်တဲ့။

တော်ပြီ တော်ပြီ၊ အရှင်သုဇာတစာကိုသာ ဆက်ဖတ်ကြည့်ကြပေတော့။ အော် ရဟန်းဆိုတာ ပေါ့ပေါ့ပါးပါး ရှိရမယ်ဆိုပါကလား။ ဒါပေမယ့် လေးလေးလာတာကိုးနော်။

ဒီက ပြန်ရင် သူ့နာမည်နောက်မှာ လေးလေးလာတဲ့ ဘွဲ့တွေနဲ့ လိုက်ဖက်အောင် လေးလေးပင်ပင် အလုပ်တွေလုပ်ရမယ်။ ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်ကြီး တည်ထောင်ရဦးမယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်သာသနာအတွက် သူ့ရဲ့ အတွေးသစ်တွေနဲ့ ပရိယတ္တိပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ချပြရမယ်။ ပင်မကျောင်းဆောင်ကြီးကိုတော့ ကိုးန၀င်းကြေအောင် ကိုးထပ်ဆောင်ကြီးဆောက်ရမယ်။ စင်ကာပူက အင်ဂျင်နီယာတွေ ခေါ်ပြီး အကြံဉာဏ်တောင်းရမယ်။ အော် တွေးတာတောင် လေးနေရသေးတယ်။ ဒုက္ခ။



Read more...

၂၃-၁၂-၀၉ ဦးဘိုနီ-ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု အလှူ

မုန့်ဟင်းခါးပူပူ ဘုဉ်းပေးစို့

ဆွမ်းနဲ့ ဆွမ်းဟင်းများ လောင်းလှူနေစဉ်


မနက်ဝေလီဝေလင်းမှာ ဆွမ်းခံယူလျက်
(ဦးဇင်း ဦးကောဝိဒ ဒီနေ့ စာမေးပွဲ ဖြေရတာကြောင့် ဓာတ်ပုံတွေ ပို့ရတာ အခက်အခဲ ဖြစ်သွားပါတယ်။ အားနည်းချက်ရှိရင် သည်းခံစေလိုပါတယ်။ )
ပြာသိုလဆန်း ၈ ရက်၊ သာသနာသက္ကရာဇ်၂၅၅၃ ခုနှစ် (၂၃-၁၂-၀၉) ဗုဒ္ဓဟူးနေ့

နေ့ဆွမ်း
ဝက်သား+အာလူးဟင်း၊ ပဲတီချဉ်+မုန်လာဥချဉ်၊ ဘာလချောင်ကြော်၊ ဆွမ်းထမင်း
အလှူရှင် - ဦးဘိုနီ-ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု(စင်ကာပူ)

အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် .........

ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးခေမိန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဒေါ်ဝိလာသီ (သိပ္ပမဉ္စရီချောင်)၊ ဒေါ်စန္ဒာသီရိ (ထီလာညွန့်ချောင်)၊ ဒေါ်စန္ဒာသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
-ဒေါ်အေးသန်း၊ ဒေါ်ကြည်ဌေး, သား ကိုဆန်းထွန်း ဇနီးမောင်နှံ၊ သမီး မပွေးနှင့် ငြိမ်းအိထွေး၊


မနက် ၅၀ နာ၇ီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်တယ်။ အရုဏ်ကပ်ပြီး ၁၀ မိနစ်ကြာတော့ နေ့ဆွမ်း စလောင်းပါတယ်။

အစောကြီး ကြိုရောက်နေတဲ့ ကိုရင်လေးတွေက မီးလှုံရင်း စောင့်ကြတယ်။ စောစောကြွလာတော့ အရုဏ်ဆွမ်းရော နေ့ဆွမ်းရော မစောင့်ရဘဲ စောစောဘုဉ်းပေးနိုင်၊ စောစော ခံယူနိုင်တာမို့ မနက် ၃ နာရီခွဲလောက်ကတည်းက ကိုရင်တွေက ဇွဲကောင်းကောင်းနဲ့ ရောက်နေကြတယ်။ ဆွမ်းမဘုဉ်းပေးခင် ကိုရင်လေးတွေက မေတ္တသုတ် ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါတယ်။

၆ နာရီ ၄၅ မှာ သံဃာတွေ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတယ်။ သံဃာတွေကို အရုဏ်ဆွမ်း ကပ်အပြီးမှာ သီလရှင် ဆရာလေးများကိုလည်း မုန့်ဟင်းခါးအရုဏ်ဆွမ်း ကပ်လှူပါတယ်။

''အရှင်ဘုရား... မုန့်ဟင်းခါး ဘုဉ်းပေးပါဦး''
မနက် ၇ နာရီလောက်မှာ ဆွမ်းခံသံဃာတော်တစ်ပါး ထပ်ကြွလာတော့ အရုဏ်ဆွမ်း ဘုဉ်းပေးဖို့ အထဲပင့်တယ်။ ''ကိုရင်လေးတွေ တော်တော် ဘုဉ်းပေးကြတယ်'' လို့ ဆွမ်းလောင်းစီမံပေးတဲ့ ဦးအာဒိစ္စက မိန့်ပါတယ်။ ''အပို မရှိဘူး။ အလိုပဲ ရှိတယ်'' လို့လဲ သံဃာတွေ လောင်းလှူရပုံကို အမိန့်ရှိတယ်။

ဦးဇင်း ဦးကောဝိဒက ဒီနေ့ သီတဂူမှာ စာမေးပွဲ စဖြေရမယ့်နေ့မှာ ဆွမ်းလောင်းနေရတာပါ။ ဖျာပုံကျောင်းက ဦးအာဒိစ္စက ဓမ္မာစရိယတန်းမို့ တပေါင်းမှ ဖြေရမယ်။

ဥပုသ်နေ့မှာ ကံကောင်းစွာပဲ အလှူရှင် ပေါ်လာတော့ သံဃာတွေ အဆင်ပြေမယ့် ဝက်သားနဲ့အာလူးဟင်းပဲ စီမံလိုက်တယ်။ အရိုးမပါတဲ့ အသားဆိုတော့ တစ်ပါးချင်း ဝတ်ခွက်ထဲ ကပ်ရတာလဲ မျှမျှတတရှိ၊ ဘုဉ်းပေးရတာလဲ အဆင်ပြေလို့ပါ။ ငါးပိကြော်ကလဲ သံဃာတွေ အကြိုက်ဆိုတော့ မပါမဖြစ် ထည့်ရတယ်။ ဆွမ်းရပ်တဲ့ သံဃာတန်းကတော့ ထုံးစံအတိုင်း အရှည်ကြီးပါပဲ။ ဒီနေ့ ဘောဇနသပ္ပာယ အဆင်ပြေစွာနဲ့ စာသင်စာချနိုင်၊ တရားအားထုတ်ကျင့်ကြံနိုင်ဖို့ရာ အားကြီးတဲ့ အထောက်အပံ့ဖြစ်တဲ့ အာဟာရကို လှူခဲ့ရပါပြီ။

အိမ်တွေမှာ ဆွမ်းခံဖို့ဆိုတာ ဆွမ်းခံကြွဖို့ ပင့်ထားတဲ့အိမ်မှ ရပ်ရတဲ့ထုံးစံဆိုတော့ ဒီဘုံဆွမ်းကို စာသင်သား သံဃာတွေနဲ့တကွ သံဃာအားလုံး ကြိုက်ကြပါတယ်။ အထူးသဖြင့် တစ်ရပ်တစ်ကျေးက စာဝါလာလိုက်နေတဲ့ကိုယ်တော်တွေ၊ ဆွမ်းခံအိမ် လောက်လောက်ငင မရတဲ့ သို့မဟုတ် လုံးဝ မရသေးတဲ့ သံဃာတွေ၊ သာမဏေတွေ ဘုံဆွမ်းကို အထူး အားထားကြတယ်။ အစိမ်းအကျက်မရွေး လာသမျှသံဃာ ခံယူခွင့် ရှိလို့ပါ။


Read more...

ဒါကြောင့် ဒီလိုပါ... ပြီးတော့ ဒီလိုဖြစ်စေချင်တာပါ…

“ငြင်းခုံမှုများ ရပ်ကြစို့“ ဆိုတဲ့ ပို့စ်လေးတစ်ခု ရေးတင်ပြီးနောက်မှာ ကွန့်မန့်တ်မှာရော စီဘောက်စ်မှာပါ မှတ်ချက်အမျိုးမျိုး ရေးလာကြပါတယ်။ အားလုံးကို တစ်ခုချင်း ပြန်မဖြေရှင်းခဲ့ပေမယ့် အသေအချာ ဖတ်ဖြစ်ပါတယ်။ မှတ်ချက်အားလုံးနီးပါးဟာ အမှန်သစ္စာတည်ရေး၊ အလွဲအမှား၊ အယူအဆအမှားများ မဖြစ်စေရေးဆိုတဲ့ ကောင်းတဲ့စိတ် စေတနာလေးတွေ ရှိနေကြတယ်ဆိုတာ တွေ့ရပါတယ်။ ဒီအတွက် ၀မ်းလည်းဝမ်းသာမိပါတယ်။ ဗုဒ္ဓဘာသာ မြန်မာအများရဲ့ စိတ်သဘောထား အမှန်လေးတွေကိုပါ တွေ့လိုက်ရတော့ ရင်ထဲမှာ တကယ့်ကိုပဲ ကြည့်နူးမိပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အပြုအမူလေးတွေ၊ ရန်တုံ့မူလိုတဲ့ သဘောတွေ၊ သူ့ဆရာမှန်တယ်၊ ကိုယ့်ဆရာမှန်တယ်ဆိုတဲ့ သဘောတွေ မတွေ့ရဘဲ ဗုဒ္ဓဓမ္မ အနှစ်သာရများ အမှန်တကယ် ရှိစေလိုရေးကို ဦးတည်နေတယ်ဆိုတာလည်း ခံစားမိပါတယ်။ တစ်ချို့ကလည်း ဘုန်းဘုန်းအမြင်ကို ဖော်ပြပြီး ဆုံးဖြတ်ပေးစေချင်တဲ့ သဘောလေးတွေ တွေ့ရပါတယ်။

အမှန်တော့ ဘုန်းဘုန်းကိုယ်တိုင်လည်း လက်ရှိဖြစ်ပျက်နေတဲ့ ဓမ္မအဓမ္မ အခြေအနေလေးတွေကို မသိလို့ မဟုတ်ပါဘူး။ သိနေပါတယ်။ ပိုလို့တောင် သိနေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းဘုန်းကိုယ်တိုင် ပြည်ပနိုင်ငံမှာနေပြီး တတ်နိုင်သမျှ အွန်လိုင်းသာသနာပြု လုပ်ငန်းလေးတွေ လုပ်နေ၊ အွန်လိုင်းစာမျက်နှာ အစုံကို ဖတ်နေတဲ့အပြင် မကြာသေးခင်ကမှ မြန်မာပြည်မှာ ၀ါဆိုပြီး ပြန်ကြွလာတာဆိုတော့ အတွင်းအပြင် အစုံသိနေရလို့ပဲ ဖြစ်ပါတယ်။ ဒီလို သိနေတဲ့အတွက်ကြောင့်လည်း ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတဲ့ မှတ်ချက်မပေးဘဲ အစွမ်းနှစ်ဘက်လွတ်အောင် စာရေးဖော်ပြ ဖြစ်တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပြီး အမှန်အမှား ခွဲခြားတတ်အောင် တရားဟော ဆရာများ၏ လက်ရှိအခြေအနေလေးတွေကို မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

ဘုန်းဘုန်းတစ်သီးပုဂ္ဂလ အမြင်ပြောရရင် လက်ရှိမြန်မာပြည် သာသနာရေးဟာ အလွန်အားနည်းနေတာကို တွေ့နေရပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်များရော ဗုဒ္ဓဘာသာဝင်များပါ မသိမှုတွေ များလာနေတာကို တွေ့ရပါတယ်။ မသိမှုများတဲ့အတွက်လည်း အမှားတွေ များလာတာ ဖြစ်ပါတယ်။ ရဟန်းတော်များဘက်က ကြည့်ရင် စာပေပရိယတ်ပိုင်းမှာ အားနည်းလာကြပြီး အကျင့်တရားပိုင်းမှာပါ ဆုတ်ယုတ်လာကြပါတယ်။ လူဒကာဒကာမများဆိုရင် ပိုလို့တောင်ဆိုးပါတယ်။ မသိဆို ဘာမှကို မသိကြတော့ပါဘူး။ အဲဒီလို မသိမှုတွေ များလာတော့ အခုလို ပြောသမျှယုံ ဖြစ်ကုန်တော့တာပါ။ လောကမှာ လိမ်လို့အကောင်းဆုံးက ဘာသာရေးကို ခုတုံးလုပ်ပြီးလိမ်တာပဲလို့ ဆိုရလောက်အောင် အလိမ်အကောက် အမျိုးမျိုးနဲ့ လိမ်နေကြတာကို တွေ့နေရပါတယ်။ ကိုယ်ကိုယ်တိုင်က မသိမှုတွေများပြီး စူးစမ်းဆင်ခြင်မှု မရှိတဲ့အခါ အဲဒီအလိမ် သမားများနောက် တကောက်ကောက်လိုက်မိ နေတတ်ကုန်ပါတယ်။

နောက်ဆုံးအရင်းစစ်တော့ မသိကြတာတွေပါ။ ဆရာလုပ်သူတွေလည်း မသိကြ၊ နောက်လိုက်တွေလည်း မသိကြဘဲ ကိုယ်သိတာလေးတွေနဲ့ သူတစ်လူငါတစ်မင်း လုပ်ကုန်ကြတော့တာပါပဲ။ အဆိုးဆုံးက ဆရာလုပ်သူတွေ မသိကြတာတွေပါ။ အရင်ရေးခဲ့သလို စာအသိနဲ့ ဆရာလုပ်သူတွေရော၊ ငါအသိနဲ့ ဆရာလုပ်သူတွေကိုယ်တိုင် လွဲနေကြလေတော့ နောက်လိုက်တွေလည်း လွဲကုန်ကြပြီပေါ့။ မသိတာချင်း အတူတူ စာအသိနဲ့ ဆရာလုပ်သူတွေဟာ စာပေအထောက်အထား အခိုင်အမာ ရှိနေတဲ့အတွက် ထင်သလောက် ဝေဖန်ပြစ်တင် ထောက်ပြစရာ မရှိပေမယ့် စာမသိဘဲ ငါအသိနဲ့ ဆရာလုပ်သူတွေမှာတော့ ပြဿနာတွေ ဖြစ်နေတာတွေ တွေ့မြင်ကြားသိနေရပါတယ်။ ဒါကြောင့်လည်း ခုနောက်ပိုင်း နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများမှ “တရားဟော ဓမ္မကထိကများသည် အနည်းဆုံး ဓမ္မာစရိယအဆင့် ရှိရမည်“လို့ ညွန်ကြားတော်မူခြင်း ဖြစ်ပါတယ်။ စာသိပြီး ငါစွဲမာနစွဲတွေ ရှိလာရင်လည်း အမှားတွေ ဖြစ်လာတတ်ပါတယ်။ ပညာတတ်များ မိုက်ပြီဆိုရင် ပိုပြီးကြောက်စရာ ကောင်းပါတယ်။ ပြီးတော့ ငါသိဆရာတွေရဲ့ ဟောပြောချက် အချို့ဟာ ထေရ၀ါဒ စာပေနဲ့ ညှိတဲ့အခါမှာ လွဲနေတာကို တွေ့ရပြန်ပါတယ်။ စာသိရော ငါသိပါ အရေးကြီးတယ် ဆိုပေမယ့် ငါသိဟာ စရိုက်အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်း အသိခြင်း မတူဘဲ အသိအမျိုးမျိုး ဖြစ်နေတဲ့အတွက် ပုံသေသတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် စာပေကိုတော့ အဓိကမှတ်ကျောက်အဖြစ် ထားရပါတယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတော်များနဲ့ ချိန်ပြီးသတ်မှတ် ဆုံးဖြတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ငါသိကိုလည်း စာသိနဲ့ ညှိယူရပါတယ်။ စာကိုတော့ ဘောင်ကျော်လို့ မရပါဘူး။ မြန်မာပြည်မှာ ထေရ၀ါဒ အားကောင်းနေတာဟာလည်း ဒီစာပေပရိယတ်အားကောင်း နေလို့ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားဟော ဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိဘဲ တစ်သွေမတိမ်း လက်ခံထားတဲ့ ထေရ၀ါဒ စာပေတွေ ရှိနေတဲ့အတွက် သာသနာ အားကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘာသာရေး အရှုတ်အရှင်းတွေ ဖြစ်လာရင် ဘုရားဟော စာပေနဲ့ပဲ ညှိနှိုင်းဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကိုတော့ ငါသိနဲ့ ဟောပြောနေသူများ အထူးသတိပြုသင့်လှပါတယ်။ ဖားအောက်ဆရာတော်ကြီးက “တို့က… တရားကမ္မဋ္ဌာန်းတွေ လက်တွေ့ကျင့်ကြံဖို့ ပြသနေပေမယ့် စာကိုတော့ ဘယ်တော့မှ မကျော်စေပါဘူး၊ စာနဲ့အမြဲညှိပြီးမှ လက်တွေ့ကျင့်ကြံစေပါတယ်..“ လို့ ဆရာတော်ကြီးရဲ့ တပည့်တစ်ပါးက ပြောဖူးပါတယ်။ ဆရာတော် အမိန့်ရှိတော်မူတဲ့အတိုင်း ငါသိသမားတွေလည်း စာနဲ့တော့ ညှိကြဖို့ လိုပါတယ်။ အထူးသဖြင့် ရဟန်းတော်များဆိုရင် ၀ိနည်းတော်ကိုတော့ အထူးအလေးပြုသင့်ပါတယ်။ ၀ိနည်းတော်ကို အလေးမထားဘဲ ပစ်ပယ်ထားလိုက်ရင် ထေရ၀ါဒမှ ယနေ့ဝိနည်းကွယ်ပျောက်နေတဲ့ မဟာယာနပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ငါတွေ့အားသန်သူများ အနေဖြင့် ငါ့တွေ့ကို စာတွေနဲ့ညှိပြီး ၀ိနည်းတော်ကို အလေးထားဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။

နောက်ပြီး ဆိုင်ရာဆိုင်ရာ ဆရာတော်များရဲ့ တရားတော်ကို နှစ်သက်လက်ခံ လိုက်နာကျင့်သုံးကြတဲ့ ပရိတ်သတ်များ အနေဖြင့်လည်း အထူးသတိထားသင့်တဲ့ အချက်တွေရှိပါတယ်။ ကိုယ်က ဘာမှမသိတဲ့အတွက် ကိုယ့်အတွက် အနည်းငယ်မျှ တိုက်ဆိုင်သွားတဲ့ ဆရာသမားရဲ့ တရားတော်ကိုပဲ တစ်သမှတ်တည်း အသေစွဲ မယူထားဖို့ လိုပါတယ်။ တကယ်တော့ ကိုယ်သိသွားတဲ့အချက် ကိုယ်နဲ့တိုက်ဆိုင်သွားတဲ့ ဟောပြောချက်ဟာလည်း ဘယ်အဆင့်အထိ ရှိတယ်ဆိုတာ ဆုံးဖြတ်ဖို့ ခက်လှပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့ ယောဂီတွေဟာ သမာဓိနိမိတ်တွေ အပေါ်မှာကိုပဲ ကိုယ့်ကိုယ်ကို တရားအစစ် ရပြီလို့ ထင်တတ်တာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့ အခါမှာ ကိုယ့်အနားမှာ စာပေပရိယတ်ရော လက်တွေ့အားထုတ်မှုပါ ပြည့်စုံတဲ့ ဆရာကောင်းလိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အဲဒီလို ဆရာကောင်းတွေလည်း မြန်မာပြည်မှာ ရှိပါတယ်။ ဒီလို ဆရာတွေထံမှာလည်း စမ်းသပ် အားထုတ်ကြည့်သင့်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောလိုတာက “ဓမ္မအဓမ္မ အဖြစ်မှန်တွေကို ဘုန်းဘုန်းကိုယ်တိုင် သိရဲ့သားနဲ့ ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာ ၀င်ရောက်မဆွေးနွေးတာလဲ…၊ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဘာကြောင့် သွေးအေးနေတာလဲ” ဆိုရင် ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကိုယ်ကို ဓမ္မအနှစ်သာရ အသိခိုင်အောင် အရင်လုပ်နေလို့ပါလို့ ပြောပါရစေ။ ကိုယ်ကိုယ်တိုင်က အသိမပြည့်စုံသေးလို့ပါလို့ အကြောင်းပြပါရစေ။ ခေါင်းရှောင်တာ မဟုတ်ပါဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကတော့ အချိန်တန်ရင် အမှန်သစ္စာက ဖြေရှင်းပေးသွားလိမ့်မယ်လို့လည်း ယုံကြည်နေလို့ပါ။ မဂ္ဂင်ရှစ်ပါးအကျင့်တရား ရှိနေသမျှ ရဟန္တာများ မဆိတ်သုဉ်းဘူးဆိုတဲ့အတိုင်း ဗုဒ္ဓဓမ္မကို အမှန်အတိုင်း လက်ခံလိုက်နာ ကျင့်သုံးနေကြတဲ့ သူတော်ကောင်းများ ရှိနေသမျှ ဓမ္မ၀ါဒ မကျရှုံးသေးဘူးလို့ ခံယူထားလို့ပါ။ ပြီးတော့ တစ်ချို့ကိစ္စတွေဟာ ပြန်လည်တုံ့ပြန်ရင် ပိုပြီးပွဲဆူကာ ပိုပြီးပြန့်နှံ့သွားတတ်ပြီး ကြေငြာပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဓမ္မဘက်က တိုက်ခိုက်မှုတွေ အားကောင်းနေပေမယ့် အဲဒီတိုက်ခိုက်မှုတွေဟာလည်း ပုဂ္ဂိုလ်ရေး အစွဲတရားကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက်ပြီး အချိန်တန်ရင် သူတို့ကိုယ်တိုင် သဘောပေါက်သွားလိမ့်မယ်လို့လည်း ခံယူထားတဲ့ အတွက်ကြောင့် ဘုန်းဘုန်းအနေနဲ့ ဘာမှမတုံ့ပြန်ဘဲ ဓမ္မစကား သက်သက်ကိုပဲ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။ အကယ်၍ သူတို့က သဘောမပေါက်ဘဲ အမှားအတိုင်းဆက်ပြီး လက်ခံလိုက်နာ ကျင့်သုံးနေရင်တော့ သဗ္ဗေသတ္တာ ကမ္မသကာထဲထည့်ပြီး ကိုယ်ကိုယ်တိုင် လွတ်အောင်ရုန်းကြဖို့ပဲ ရှိပါတယ်။ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ဓမ္မ၀ါဒ အသိရှိအောင် ကြိုးစားကြည့်ဖို့ပါပဲ။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာက အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဓမ္မအဓမ္မ ဖြေရှင်းချက်များတွင် ၀ိုင်းဝန်းအကြံပြု ပြောဆိုနေသူများ အနေဖြင့် တစ်ဦးနဲ့တစ်ဦး ပြေပြေလည်လည် ဖြစ်စေချင်ပါတယ်။ ကိုယ့်အမြင်ကို ကိုယ်ပြောတာဆိုပေမယ့် အပြောများရင်၊ အပြောကြမ်းရင် အမှားတွေ ပါလာတတ်ပါတယ်။ ပြောရင်းပြောရင်း မလိုလားအပ်တဲ့ အပြစ်တွေ စော်ကားမှုတွေ ၀င်လာတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ့်ကိုယ်ကို အရင်ကာကွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို ခိုင်မာအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ အမှန်တော့ အားလုံး သူ့ဘက်ကိုယ့်ဘက် ကာကွယ်ပြောဆိုနေကြတာဟာ မှန်တယ်ထင်လို့ ပြောနေကြတာတွေ ဖြစ်ပါတယ်။ အမှန်သစ္စာက ရှိနေပေမယ့် အမှားကို စွဲကိုင်ထားသူများကလည်း ကိုယ့်ကိုယ်ကို မှားနေတယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကလည်း အပြိုင်အဆိုင် ပြန်လည်တုံ့ပြန်ကြပါလိမ့်မယ်။ ဒီလိုဆိုရင် အမှန်ရောက်မှာ မဟုတ်ဘဲ ဓမ္မစာမျက်နှာတွေမှာ အယုတ်ဆိုးစေပါတယ်။ ဓမ္မအစစ်အမှန်ဆိုတာ ငြင်းချက်ထုတ်စရာ မလိုဘဲ လက်တွေ့ကျင့်ကြံ ရယူရမယ့် အရာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ပြီးသွားမှာပါလို့ သဘောထားပြီး ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုသာ လမ်းမလွဲစေဖို့ သဒ္ဓါပညာကို သတိနဲ့ယှဉ်ပြီး ကျင့်သုံးကြဖို့ အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ၊၊ အဓမ္မ၀ါဒရန်ကို ကာကွယ်နေကြသည့် သူများကို အထူးကျေးဇူးတင်ပါတယ်။ အားလည်းအားပေး နေပါတယ်။ လိုအပ်ရင်လည်း အမြဲအဆင်သင့် ရှိပါတယ်။ ပြီးတော့ အထက်ပါ ရေးသားချက်များဟာ ဘယ်သူ့ကိုမှ အပြစ်ပြောလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အားလုံးကို ပြေပြေလည်လည် ရှိစေချင်တဲ့ စေတနာ သက်သက်သာ ဖြစ်ပါကြောင်း ၀န်ခံပါတယ်။ ဒီပို့စ်လေးနဲ့ပဲ နောက်ဆုံးတင်ပြရင်း နောက်နောင်ပို့စ်များတွင် ဓမ္မရသ သက်သက်ကိုသာ တင်ပြပါမည့်အကြောင်း…



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP