မေးကြည့်တာပါ၊ မဖြေပါနဲ့ဦး၊ ဖြေချင်လည်း ဖြေလို့ရတာပ၊ အိမ်ကလာတယ်လေ၊ အလုပ်သွားမှာပေါ့၊ ဈေးကပြန်လာတာ၊ အိမ်ကိုပဲပေါ့၊ ရုံးက ပြန်လာတာလေ၊ ခဏ၀င်စရာရှိသေးတယ်၊ အေးဗျာ ချိန်းထားလို့ဗျာ စသည် စသည်ဖြင့်ပေါ့…ဖြေကြတာပေါ့၊ ဖြေနေရတာပေါ့….
ဘယ်ကလာသလဲ၊ ဘယ်ကိုသွားမှာလဲ….
ပုထုဇဉ်တို့ဘ၀ကတော့ ဘာမှအတိအကျ မရှိပါဘူး၊ လမ်းဘေးမှာ အိမ်ခြေ ရာခြေမဲ့နေတဲ့ အခြေမဲ့ အနေမဲ့တွေလိုပါပဲ၊ လာချင်ရာကလာတယ်၊ ရောက်ချင်ရာကိုရောက်တယ်၊ သွားချင်ရာကို တော့ သွားလို့မရပါဘူး၊ သွားနေတာတောင် ရောက်ချင်မှရောက်လိမ့်မယ်၊ ကိုယ်ရောက်နေတဲ့ နေရာကိုတောင် အကောင်းလား အဆိုးလား မဝေခွဲတတ်သူတွေ အများကြီး၊ တိရိစ္ဆာန်တွေဘ၀ အကြောင်းတော့ မရေးပါဘူး၊ လူတွေအကြောင်းပဲ ရေးပါမယ်၊ လူတွေဟာ လူ့ဘ၀ကြီးရလာတာကို တန်ဘိုးမထားတတ်ဘူး၊ လူ့ဘ၀ဟာ တော်ရုံတန်ရုံ ကောင်းမှုကုသိုလ်ကံနဲ့ ရောက်တဲ့အရပ်ဒေသ မဟုတ်ပါဘူး၊ မနုဿတ္တဘာဝေါ ဒုလ္လဘော - လူ့ဘ၀ဟာ ရခဲတယ်၊ ရောက်ခဲတယ်တဲ့၊ ဘာလို့ရောက်ခဲလဲ ဆိုတာကိုလည်း အလေးမထားကြဘူး၊ ပြောကြသေးတယ်၊ တစ်နေ့ တစ်နေ့ လူတွေ ကလေးတွေ မွေးလိုက်တာမှ ပုံလို့တဲ့၊ ရောက်လွယ် ရလွယ်ပ-တဲ့လေ။
ကြည့်တတ်ရင် မြင်ပါလိမ့်မယ်၊ အိမ်ထဲမှာရှိနေတဲ့ ပုရွက်ဆိတ်တွင်း တစ်တွင်းကိုပဲ ကြည့်လိုက်ကြပါဦး၊ အဲဒီမှာ အကောင်ရေဘယ်လောက်ရှိမလဲ၊ ခြအိမ်တစ်ခု ခြတွင်းတစ်တွင်းကိုလည်း ၀င်ကြည့်လိုက်ဦး၊ အကောင်တွေ ဘယ်လောက်ရှိတယ် ရေကြည့်၊ ငါးဥတွဲတစ်ခုကိုကြည့်၊ အကောင်ရေတွေ ရေနိုင်ပါရဲ့လား၊ ခွေးတွေ နွားတွေ ၀က်တွေ၊ မိမိအနားမှာကပ်နေတဲ့ ယင်ကောင်တွေ၊ ခြင်ကောင်တွေ အများကြီးရယ်နော်၊ သူတို့တစ်နေ့ ဘယ်လောက်မွေးမလဲ၊ လူက အမွေးနိုင်ဆုံး နှစ်ယောက်၊ သုံးယောက်ပေါ့၊ ပြောချင်ပြောပါ၊ ခြောက်မွှာပူး ဘာညာတွေပေါ့၊ အဲဒါမျိုး ကမ္ဘာမှာ ဘယ်လောက်ရှိလို့တုန်း၊ သူတို့နဲ့စာကြည့်၊ လူက ဘယ်လောက်မွေးပြီး ဘယ်လောက် သေတုန်း၊ ဒါကြောင့် လူ့ဘ၀ဟာ ရခဲတယ်ပြောတာပါ။
ဘုရားဟောခဲ့တဲ့ထဲမှာလည်း လူ့ပြည်က အပ်တစ်ချောင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်ချောင်း ဆုံစရာရှိတယ်၊ လူ့ဘ၀ဖြစ်လာဘို့ အဲဒီလောက်တောင် မလွယ်ဘူးတဲ့၊ သမုဒ္ဒရာမှာ ရှိနေတဲ့ စုံလုံးကန်းလိပ်တစ်ကောင်ရဲ့ ဦးခေါင်းနဲ့ အဲဒီထဲမျောနေတဲ့ အပေါက်တစ်ပေါက်ထဲပါတဲ့ ထွန်တုန်း ထမ်းပိုးတုန်း စွပ်မိကောင်း စွပ်မိမယ်၊ လူ့ဘ၀ရဘို့ကတော့ အဲဒီလောက်ကို မလွယ်ပြန်ဘူးတဲ့၊ ကဲ လူ့ ဘယ်လိုများ ရဘို့လွယ်ကူပ။
ဒါပေမယ့် ခုရောက်လာတဲ့ဘ၀ ဘယ်ကနေလာလဲ၊ ခု ဒီလူ့ဘ၀ကနေ ဘယ်ကို သွားကြမလဲ၊ အဲဒါမေးကြည့်ချင်တာပါ။ သိဘို့ တိတိကျကျသိဘို့တော့ ဘယ်ဟုတ်မလဲ၊ ဘုရားကဟောခဲ့တယ်၊ ပေးခဲ့တယ်၊ မှန်းဆသိအောင်ပေါ့၊ ပုဂ္ဂိုလ်လေးမျိုး ဒီလောကမှာရှိပါတယ်တဲ့၊ အဲဒီလေးမျိုးကတော့-
၁။ အမှောင်ကလာပြီး အမှောင်ကို သွားမယ့်သူ
၂။ အမှောင်ကလာပြီး အလင်းကို သွားမယ့်သူ
၃။ အလင်းကလာပြီး အမှောင်ကို သွားမယ့်သူ
၎။ အလင်းကလာပြီး အလင်းကို သွားမယ့်သူတဲ့
အမှောင်ကလာပြီး အမှောင်ကို သွားမယ့်သူ
လမ်းဘေးမှာ အမှိုက်ပုံမှာ၊ လမ်းကြိုလမ်းကြား အိမ်ကြို အိမ်ကြားမှာ၊ လူတော့ လူပဲပေါ့၊ ဒါပေမယ့် လူပါဟုပြောယူရလောက်အောင် လူစင်မမီ၊ လူ့အဆင့်တန်းနဲ့ မကိုက်ညီစွာဘဲ လူဖြစ်နေရ တဲ့သူတွေ၊ လူ့အသိလည်း သူတို့မှာ မရှိကြပါဘူး၊ လူခေါ်ယုံလောက်ပေါ့၊ ဥပဓိသမ္ပတ္တိကိုကြည့်လည်း လူလို့ခေါ်ခံရရုံပါပဲ၊ ဆင်းရဲလွန်းတော့ ပေစုတ်နေတယ်၊ မနေတတ်တော့ ပိုပြီး ရုပ်ဆိုးနေကြ၊ ဘ၀ဆိုတဲ့ ဘ၀ထဲမှာ ဘ၀မပီ၊ စာမမှီပေါ့၊ ခါးကုန်း ခြေရှာ၊ ခြေခွံ၊ ခါးကိုင်း၊ ဘ၀တစ်ပိုင်းကတော့ မွေးလာတည်းက သေနေပြီးခဲ့ကြပါပြီ၊ အသက်ရှိနေသေးလို့သာ ရှင်လျက်ဖြစ်နေ ကြတာပါ၊ လူလို့ခေါ်နိုင်ရုံပါပဲ၊ အလွန်ဆင်းရဲ နုံချာ စုတ်ပြတ်လှတဲ့ဘ၀တွေပေါ့၊ ကိုယ်ကိုယ်တိုင် အလုပ်မလုပ်နိုင်ကြတဲ့တွက် သူများပေးတာ ကမ်းတာလေးတွေကို စား၊ သူများစွန့်ပစ်တာလေးတွေကို လိုက်လံရှာဖွေ စားသောက် ကြရ၊ နေစရာအိမ်မရှိ၊ ပိုင်တာဆိုလို့ ဒီလို မလှပတဲ့ ရုပ်ခန္ဓာကိုယ်ကြီးပါပဲ၊ သီလဝေး၊ ဒါနဝေး၊ ဘာဝနာကို ကြားပင်ကြားဘူးကြရဲ့လား မေးကြည့် မသိ၊ ရှေးကောင်းမှုကံနည်းပါးခဲ့ လေတော့ မရှိလေတော့ သူများတန်းတူ မစားနိုင်၊ မသောက်နိုင်၊ ဘ၀၏ခါးသီးစွာသော အရသာတို့ကို သာ စားသုံးလျက် သူများကောင်းကျိုးမသိ၊ ကိုယ်ကောင်းကျိုးကိုယ်ပင် မစွမ်းနိုင်၊ သံသရာရှည်သ၍ သံသရာကို ဒီလိုပဲ လည်နေစေဦးမည့်၊ ထူးမခြားနား လူတန်းစားပေါ့။
အမျိုးကိုကြည့်လိုက်ဦး၊ အမှိုက်ကျုံးရတဲ့အမျိုး၊ တောင်းစားတဲ့ ဒွန်းစဏ္ဍား သူတောင်းစားမျိုးရိုး၊ အိုးဖုတ်၊ တောင်းလုပ်ရတဲ့ အလုပ်မျိုးရိုး၊ အဲဒီလိုလူတွေကို ဘုရားက အမှောင်ကလာပြီး အမှောင်ကို သွားမည့်သူများတဲ့၊ ရှေးကောင်းမှု မရှိခဲ့လို့ ခုလိုဘ၀မျိုးရောက်၊ ခုလိုဘ၀မျိုးမှာ အသိဥာဏ်ပညာကမရှိ၊ ဘ၀ကို ဘာကြောင့် ဒီလိုဖြစ်နေ ရပါလိမ့်ဟု မဆင်ခြင်နိုင်၊ မဆင်ခြင်တတ်၊ သတိရမှုဆိုတာကတော့ ဝေလာဝေး၊ နောက်နောင် ဘ၀တွေလည်း ဒီလိုပဲပြေးနေ၊ ချမ်းသာနဲ့ ဝေးနေကြဦးမယ့်သူတွေတဲ့၊ ခုလည်း အမှောင်၊ နောင်လည်း အမှောင်၊ အမှောင်သံသရာရှည်မည့်သူတွေတဲ့။
ရှေးတုန်းက ကောကသုနခမုဆိုးလို့ခေါ်တဲ့ မုဆိုးကြီးတစ်ယောက်ရှိခဲ့ဘူးတယ်၊ ရှေးဘ၀ မကောင်းမှုတွေကြောင့် ဒီဘ၀မှာ ခွေးတွေနဲ့မုဆိုးအလုပ်လုပ်၊ တောထဲသွား ကြက်သတ် ငှက်သတ်၊ တိရစ္ဆာန်တွေကိုသတ်ပြီး အသားရောင်းစားလျက် အသက်မွေးဝမ်းကျောင်းရတယ်၊ နေ့စဉ် တောကောင်သတ်မှ အသက်မွေးလို့အဆင်ပြေသူပေါ့၊ ဘုရားမသိ၊ တရားမရှိ၊ သံဃာ မသိတဲ့ လူမျိုးပါပဲ၊ ဘုရား တရား သံဃာဆိုတဲ့ရတနာမြတ်သုံးဆိုတာ ဘာလို့မှ မသိလေတော့ … တစ်နေ့ တောလိုက်ဘို့ ရွာတံခါးကအထွက် လမ်းခရီးအကြား သင်္ကန်းကိုသတ်ပ္ပါယ်စွာရုံလျက် ဆွမ်းခံရန် မြို့တွင်းသို့ဦးတည်နေသည့် ရဟန်းမြတ်ကို မြင်သည့်ကာလ ဒီနေ့ နိမိတ်မကောင်း၊ သူယုတ်မာနှင့် တွေ့ရသည်၊ တောကောင်ရလိမ့်မည်မဟုတ် ဟု နှလုံးသွင်းလျက် တောသို့ဆက်သွား၊ တိုက်ဆိုင်စွာပဲ အဲဒီနေ့ တောလိုက်၍ အဆင်မပြေ၊ သားကောင် တစ်ကောင်မှ မရရှိခဲ့ဘဲ အိမ်ပြန်ခဲ့ရ၊ အိမ်အပြန်မှာ ဆွမ်းကိစ္စပြီး၍ ကျောင်းသို့ပြန်ကြွလာသည့် မနက်ခင်းက ဆွမ်းခံကြွ ရဟန်းတော်ကို တစ်ဖန် ပြန်တွေ့၊ ဒေါသအမြက်ချောင်းချောင်းထွက်၊ ထွက်လာသည့် ဒေါသကို မထိန်းနိုင်တော့ ရဟန်းကို တောလိုက်သူ့ခွေးတို့နဲ့ ရှူးတိုက်၊ မထေရ်လည်း ခွေးတို့၏ရန်ကို ကြောက်ရွံ့စွာဖြင့် ပြေးမိပြေးရာပြေး၊ သစ်ပင်တစ်ပင်အောက်ရောက်၊ သစ်ပင်ပေါ်တက်ရောက် ရှောင်၊ ခွေးတွေက ခုန်ကာ ဟောင်ကာ လှမ်းကာဟပ်၊ မုဆိုးက ပါလာသည့် မျှားချွန်တို့ဖြင့် ခြေဖ၀ါးကိုလှမ်းကာ လှမ်းကာဆက်ထိုး၊ မခံနိုင်၊ နောက်ဆုံး သပ်ယပ်စွာရုံထားသည့် သင်္ကန်းပြည်၍ အောက်သို့ လျှောကျ၊ လျှောကျလာတဲ့ သင်္ကန်းက မုဆိုး ကိုယ်ပေါ်သို့ကျရောက်ခဲ့၊ ခွေးများက သင်္ကန်းဖုံးထားသည့် မုဆိုးကို ရဟန်းဟုထင်မှတ်လျက် ကိုက်ကြခဲကြဖြင့် နောက်ဆုံး မုဆိုး၏အရိုးများသာ ကျန်ရစ်လေခဲ့၊ ခွေးများလည်း ရဟန်းမဟုတ်၊ သခင်မုဆိုးဟုသိပြီ်း တောတွင်းသို့ ပြေးရှောင်လေတော့သည်။
မထေရ်လည်း ကျောင်းပြန်ရောက်၊ မြတ်စွာဘုရားရှင်အား ဖြစ်ပျက်စုံကို လျှောက်ထား၊ မုဆိုးသေဆုံးမှုတွင် သူ့ပယောဂမကင်းကြောင်း ထိုအပြစ်သည် သူ့ထံရောက်မရောက် လျှောက်ထားရာ ရဟန်းတွင် အပြစ်မရှိကြောင်း၊ ထိုမုဆိုးသည် ယခုဘ၀တွင်သာ မဟုတ်သေး၊ ရှေးအတိတ် ဘ၀ကလည်း မကောင်းမှုတွေကိုပြုခဲ့သူဖြစ်ကြောင်း၊ ဆေးဆရာ ဖြစ်သည့်ကာလ ဆေးကု ရန်လူနာရှာသည့်အနေဖြင့် ကစားနေသည့်ကလေးများကို မြွေအောင်းနေသည့်သစ်ခေါင်းအားပြလျက် အတွင်းမှာ ငှက်ရှိသည်ပြောကာ နှိုက်စေသည်ရှိသော် ကလေးငယ်တစ်ဦး ငှက်ကိုဖမ်းရန် သစ်ခေါင်းတွင်းနှိုက်၊ မြွေကိုလည်ပင်းဆုပ်ဖမ်းမိ၊ မြွေဟုသိသည်နှင့် ဆွဲလွင့်ပစ်လိုက်ရာ မုဆိုးလောင်း ဆေးဆရာ၏လည်ပင်းကို ပတ်မိလျက် ဆေးဆရာလည်း မြွေကိုက်၍သေခဲ့လေသည်။ ထိုမကောင်းမှု ကံကြောင့်ပင် ဒီဘ၀ ဘုရားမသိ၊ တရားမသိ၊ သံဃာမရှိသည့် မုဆိုးဖြစ်ရလေသည်။ ယခုလည်း သေပြီးနောက်ဘ၀ ငရဲသို့ကျရောက်လေတော့သည်။ အမှောင်ကလာပြီး အမှောင်ကို ပြန်သွားသည့် လူမျိုးဖြစ်လေသည်။
အမှောင်ကလာပြီး အလင်းသွားမယ့်သူ
ညဆိုတာက နေ၀င်သွားတဲ့အခါမှာသာ ဖြစ်ရတာပါ၊ အလင်းမရှိတဲ့အချိန် နေ၀င်သွားအခါ သည် ညပါပဲ၊ သို့သော် ညတိုင်းတော့လည်း အလင်းမရှိသည်မဟုတ်၊ အမှောင်ကိုပဲ လျှပ်စစ်က အလင်း ဖြစ်စေပြန်သည်၊ ဖိုးရွှေလက အလင်းဖြာစေပြန်သည်၊ ကြယ်တာရာလေးတွေက အလင်းကို ဖန်ဆင်း ပေးပြန်သည်၊ ပိုးစုန်းကြူးလေးတွေကတောင် တတ်သလောက် မှတ်သလောက် လောကကို အလင်း ပေးလိုက်ပြန်သည်၊ အမြဲတော့လည်း ဘယ်ဟုတ်ပ၊ တစ်ခါတစ်ရံပေါ့၊ နေမင်းလောက်တော့ လည်း ဘယ်လင်းပ၊ သူ့အတိုင်းတာထိလောက်ပဲပေါ့၊ အစွမ်းရှိသလောက်ပဲပေါ့၊ ညအမှောင်ဟာ နံနက်ခင်း နေမင်းနဲ့တွေ့တဲ့အချိန်မှာတော့ စုန်းစုန်းနစ်ပြီးပျောက်သွားတော့တာပါပဲ၊ နေမင်းအလင်း ရောင်က တစ်လောကလုံး ဖြာကျလိုက်တာကိုး။
ရှေးကံအထောက်ပံ့က မလှတော့ ဒီဘ၀မှာ ဆင်းရဲတာပေါ့၊ အိမ်ကောင်းကောင်းကြီးနဲ့ ဘယ်နေနိုင်ပ၊ တိုက်တွေ ကားတွေတော့ မြင်ဘူးသည်ပေါ့၊ ဒါပေမယ့်လည်း ကိုယ့်ဟာတော့ဖြင့် ဘယ်ဟုတ်ပ၊ သူများပစ္စည်း သူများပိုင်ပေါ့၊ ရှေးကုသိုလ်ကံနည်းလို့ ရုပ်လှချင်မှလှမည်၊ ဘ၀ကလည်း မလှမပ ဖြစ်နေရသည်ပေါ့၊ သားသမီးတွေ ပွားစည်းချင်စည်းမည်၊ စားစရာတော့ ဘယ်လုံလောက်ပ၊ ရှေးကံက ဖန်လာတော့လည်း ဆင်းဆင်းရဲရဲနဲ့ ဘ၀ကို ရုန်းကန်ကြရသည်ပေါ့၊ ဒါပေမယ့် သူတို့က စိတ်လှကြသည်၊ ဘ၀မလှပေမယ့်လည်း စိတ်လှကြသည်၊ ဘ၀မှာ ပျော်စရာတွေ သူ့တို့အတွက် မရှိတဲ့ကြားက စိတ်ကပျော်နေကြသည်၊ ဒီဘ၀မလှပခြင်းဟာ ရှေးဘ၀ ကုသိုလ်ကံနည်းလို့ပါတဲ့၊ သူတို့က အဲဒီလို ဆင်ခြင်သည်၊ ဒီဘ၀ မချမ်းသာတာဟာ ရှေးဘ၀က ဒါနနည်းခဲ့လို့တဲ့၊ အသက်တွေ တိုကြ၊ အနာရောဂါတွေ ပေါများရတာဟာလည်း ရှေးဘ၀က သီလနည်းခဲ့လို့ပါတဲ့၊ အဲဒီလို ဆင်ခြင် ကြတယ်။
အဲဒီလိုဆင်ခြင်ပြီးတော့ ဘုရား တရား သံဃာ သရဏဂုံသုံးပါးကို ယုံကြည်စွာဆည်းကပ်သည်၊ သူများတွေလို အများကြီး အလှူမပေးနိုင်သော်လည်း အိမ်ဦးက ဘုရားကို သောက်တော်ရေချမ်းကို သပ်သပ်ယပ်ယပ် သန့်သန့်ရှင်းလေး ကပ်သည်၊ လမ်းဘေးက ခူးထားတဲ့ပန်းကလေးတွေကို လှလှလေးပြု ဘုရားကို တင်လှူသည်၊ အိမ်ရှေ့ဆွမ်းခံကြွလာသည့် ကိုရင်ငယ်ကလေးတွေကို စေတနာထက်သန်စွာဖြင့် ရိုရိုသေသေ လေးလေးစားစားနဲ့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ် စေ၊ ကိုယ်စားမည့် ထမင်းဦးလေးကို ဦးဦးဖျားဖျား ဆွမ်းအဖြစ် လောင်းလှူလေ့ရှိသည်၊ မရှိလို့ မလှူ၊ မလှူရင်တော့ဖြင့် နောင်လည်း ဘယ်တော့မှ ရှိတော့မည်မဟုတ်ဆိုတဲ့ စိတ်ထားလေးတွေနဲ့ အတတ်နိုင်ဆုံး ကုသိုလ်ပြုသည်၊ တစ်ခါတစ်ရံ အိမ်ရှေ့ရောက်လာတတ်သည့် သူတောင်းစားတို့ကို ဘယ်သောခါမှ ခွေးနဲ့ရှူးမတိုက်၊ ပေးနိုင်က ပေးသည်၊ မပေးနိုင်က သွားလိုက်ပါဦးဗျာ၊ သွားလိုက် ပါဦးရှင်လို့ ရိုးရိုးလေး၊ လေးလေးစားစားပြောပြီး လွတ်တတ်သည်၊ လူမလှ ဘ၀မလှသော်လည်း စိတ်ကလှသည်၊ စိတ်က ချစ်စရာကောင်းနေသည်။ ငါးပါးသီလမြဲအောင်ဆောက်တည်သည်၊ သရဏဂုံကို တစ်ကိုယ်လုံးခြုံ ထားသည်၊ သူတို့ကတော့ အမှောင်လာတာဟုတ်တယ်၊ ဒါပေမယ့် သေရင်ဖြင့် အလင်းကိုသွားကြလိမ့်မယ်။
ရှေးတုန်း ဧကသာဋကဆိုတဲ့ လင်ကိုယ်မယားနှစ်ယောက်ရှိဘူးတယ်၊ ဧကဆိုတာက - တစ်၊ သာဋက - က အ၀တ်၊ အ၀တ်တစ်ထည်သာ ရှိတဲ့လင်မယား၊ အ၀တ်တစ်ထည်ဆိုတာက အပေါ်ရုံ အ၀တ်၊ ပွဲသွားပွဲလာအ၀တ်ကိုပြောတာပါ၊ အိန္ဒိယယဉ်ကျေးမှုမှာက အဲဒီအပေါ်ရုံအ၀တ်က အရေးပါတယ်၊ ပွဲလမ်းသဘင် အခမ်းနားသွားရင် အဲဒီအပေါ်ရုံလေးပါရတယ်၊ ကိုဧကနဲ့ မယ်ဧကပေါ့ ခေါ်ကြတာက၊ ဆင်းရဲလိုက်တာကတော့ ပြောခဲ့သလိုပါပဲ လင်ကိုယ်မယားနှစ်ယောက်ပေါင်းမှ အပေါ်ရုံအ၀တ်တစ်ခုပဲ ချမ်းသာကြတယ်၊ လင်သားက ထင်းခုတ်ရောင်းတယ်၊ မယားက ဟင်းရွက် ကစွန်းရွက်စသည်ခူးရောင်းတယ်၊ အဲဒီလောက် ဆင်းရဲတယ်၊ အိမ်ကိုတော့လည်း မေးစရာမလို၊ နေမြင် လမြင် ကြယ်မြင်လေးနဲ့ပေါ့။
အဖြစ်က ဘ၀မလှသော်လည်း စိတ်ထားလေးက လှသည်၊ ရတနာသုံးပါးကြည်ညိုသည်၊ ဘုရားကို ကိုးကွယ်သည်၊ တရားကို လေးစားသည်၊ သံဃာကို အားထားသည်၊ တစ်နေ့ သာဝတ္ထိပြည် ဇေတ၀န်ရွှေကျောင်းတော်ကြီးမှာ မြတ်စွာဘုရားတရားဟောသည်၊ ထိုတရားပွဲမကျင်းပခင် နိဗ္ဗာန်ဆော်ကြီးက ရွာလုံး မြို့လုံးနံ့ ကြေငြာပေးသည်၊ ဒီည မြတ်စွာဘုရားတရားဟောကြားမည် ဆိုသည့်အကြောင်းပေါ့။ ကိုဧက တရားအလွန်နာချင်သည်၊ မဧကလည်း ကိုဧကလိုပဲ တရားနာလို သည်၊ ခက်တာက နှစ်ယောက်ပေါင်းမှ အပေါ်ရုံတစ်ခုတည်းရှိသည်၊ ဒီတော့ နှစ်ယောက်သား ဆွေးနွေးကြသည်၊ မဧက-ကပြောသည်၊ မောင်ကြီးက ယောကျားသားဆိုတော့ ညအခါကို သွားနာပါ၊ နှမက မိန်းမသားဖြစ်သည့်တွက် နေ့ခင်းတရားပွဲကိုပဲသွားနာပါမည် ပေါ့၊ ဒီလို သဘောတူစွာနဲ့ ကိုဧက တရားနာဖြစ်သည်၊ တရားနာရင်း ဘုရားရှင်ကို ကြည်ညိုစိတ်တွေ လွန်ကဲလာသည်၊ တရားတော်ကို နှလုံးသွင်းရင်း စိတ်ထဲမှာ သဒ္ဓါတရားတွေ တိုးပွားနေသည်၊ သံဃာတော်တွေရဲ့ ဂုဏ်တော်တွေကို အကြိမ်ကြိမ် ပွားများနေမိသည်၊ ကိုဧက စေတနာ သဒ္ဓါတရားတွေ တိုးပြီးရင်း တိုးရင်းနဲ့ ဘုရားရှင်ကို တစ်ခုခုလှူချင်လာသည်၊ လှူစရာပစ္စည်းကလည်း အပေါ်ရုံအ၀တ်လေးအပြင် အပိုမပါ၊ မရှိ၊ အပေါ်ရုံလေးလှူဖြစ်ဘို့အရေး ရင်တွင်းမစ္ဆရိယနဲ့ တိုက်ပွဲဝင်လိုက်ရသည်မှာ နံနက် ပစ္ဆိမယာမ် ရောက်သည်ထိပါပဲ၊ လှူမည် မလှူနိုင်၊ ငါ့မိန်းမ တရားနာစရာမရှိဖြစ်လိမ့်မည်၊ လှူမည် ငါတို့နှစ်ယောက် နောက်ထပ် ပွဲလမ်းသဘင် သွားဘို့မရှိဖြစ်လိမ့်မည် ……….စသည်ဖြင့် ကိုဧက စိတ်တွင်း တကယ့်စစ်ပွဲကြီးခင်းခဲ့ရသည်၊ သူများတွေအတွက် ဘာမှမဖြစ်သော်လည်း သူတို့ နှစ်ယောက်အတွက်ကတော့ တကယ့် အီရန် အီရတ် အရေးခင်းထက် ဆိုးပြီပေါ့၊ အာဖဂန်နစ္စတန်ထက် ခက်နေပြီပေါ့။
သို့သော် ကိုဧကရဲ့ စိတ်ကလှသည်၊ လှလိုက်တာများ နောက်ဆုံး ၀န်တိုမစ္ဆရိယကို နိုင်လိုက်ပြီး အောင်မြင်စွာ အ၀တ်လှူနိုင်သည်အထိ ဖြစ်သွားသည်၊ အောင်လိုက်သည်၊ အောင်သံ အော်သံကို ကောသလမင်းကြီးကြားတော့ သူ့နိုင်ငံ သူများသိမ်းပြီအထင်ရှိပြီး ကိုဧကကို ခေါ်စစ်မေးသည်၊ ကိုဧက က သူ့ရင်တွင်းက မစ္ဆရိယကို သူ့ရဲ့ သဒ္ဓါတရားက အနိုင်ယူကာ လင်မယားနှစ်ယောက်ပိုင် တစ်ခုတည်း သောပစ္စည်း အပေါ်ရုံကို ဘုရားလှူလိုက်နိုင်တာကို အောင်ပြီ…. အောင်ပြီ …အောင်ပြီ အော်ခြင်း ဖြစ်ကြောင်းပြောပြမှ ကောသလမင်းကပါ ကိုဧကကို ဆုတော်လာဘ်တော်တွေပေးသနားကာ သူဌေးတစ်ယောက် ဖြစ်သည်အထိ ချီးမြင့်လိုက်သည်၊ ကုသိုလ်ကံက တမလွန်ထိမရောက်သေး၊ ပစ္စုပ္ပန်မှာတင်ပဲ အကျိုးပေးခဲ့ပြီလေ၊ သေရင်တော့ရော ကောင်းရာသုဂတိပဲပေါ့၊ အဲဒီလို လူမျိုးတွေက ဖြင့် အမှောင်ကလာခဲ့ပင် လာခဲ့ငြား အလင်းကို သွားမည့်သူတွေပေါ့။
အလင်းကနေ အမှောင်ကို သွားမယ့်သူ
စက္ကူပန်းပင်ကြီး ပွင့်နေလိုက်တာ၊ တစ်ပင်လုံး အရွက်တောင်မမြင်ရတော့၊ လှလိုက်တာမှ အလွန်ပါပဲ၊ အဝေးက ကြည့်လေလေ လှလေပါပဲ၊ အနားကပ်ကြည့်တော့လည်း လှတာပါပဲ၊ ဒါပေမယ့် ဘာအနံ့မှ မရ၊ မထွက်၊ သင်းသင်းလေးလည်း မမွှေး၊ ပြင်းပြင်းကြီးလည်း မမွှေး၊ ဘာနံ့ဆို ဘာနံ့မှ မရတဲ့ပန်း၊ ပန်းဖြစ်ပြီး ပွင့်သာပွင့် ရနံ့မလှိုင်သည့်ပန်း၊ ဘုရားပန်းထိုးဘို့တောင် မကောင်းတဲ့ပန်း၊ လမ်းဘေးမှာ ပွင့်တဲ့ခွေးသေးပန်းလေးတွေတောင် သူ့ထက်စာရင် အနံ့ရှိကြသေးတယ်လေ။
ချမ်းသာလိုက်တာ ကျိကျိတက်ပါပဲ၊ တိုက်ကြီးက ဟီး၊ ကားကြီးတွေကလည်း တ၀ီးဝီးနဲ့ပေါ့၊ အိမ်တွင်း အိမ်ပြင်လိုလေသေးမရှိ ချမ်းသာကြ၊ ဒါပေမယ့် ဧည့်မရှိ၊ ဘုရားမရှိ၊ တရားမသိ၊ သံဃာ မမြင်၊ အဟောင်းတွေကိုသာစားနေကြတဲ့ အဟောင်းစားတွေပေါ့၊ အတိတ်က ပြုဘူးခဲ့တဲ့ ကုသိုလ် အရှိန်ဝါကောင်းခဲ့လေတော့ ပစ္စုပ္ပန်မှာ သူမတူအောင်တော့ ချမ်းသာပ၊ သို့သော် ပေးရမှန်း ကမ်းရမှန်း လှူရမှန်းမသိ၊ ကိုယ့်ရှိတာ သူများပေးဘို့ဖြင့် ဝေး၊ ကိုယ်တိုင်တောင် မစားရက်၊ မသောက်ရက်၊ ရှိသမျှ မီးခံသေတ္တာထဲထည့်၊ သေတော့ သူများစား၊ ကိုယ်မစားရ၊ ဘ၀ကလှသလိုလိုနဲ့ မလှ၊ အဆင်းသာရှိပြီး အနံ့မရှိတဲ့ စက္ကူပန်းလိုပါပဲ။
ရှေးတုန်းက အပုတ္တက (သားသမီးမမွေးသူ၊ မရှိသူ) လို့ခေါ်တဲ့ သူဌေးကြီးတစ်ယောက်ရှိခဲ့ ဘူးတယ်၊ ရွှေတွေချည်းကိုက ရှစ်သန်းချမ်းသာသတဲ့၊ ငွေတွေကတော့ ပြောလို့တောင်မရ၊ ရေတွက်လို့မနိုင်၊ အဲ စားတော့ဖြင့် ဆန်ကွဲထမင်း ပုန်းရည်ဟင်း၊ ၀တ်တာက သုံးလွှာစပ်ချုပ်ထားတဲ့ ပိုက်ဆံလျှော်ချည်အ၀တ်၊ ဆောင်းတဲ့ထီးက သစ်ရွက်၊ စီးတဲ့ယာဉ်က အိုဟောင်းဆွေးမြေ့နေတဲ့ ရထားအို၊ အသုံးအဆောင်မှန်သမျှ ဘာတစ်ခုမှ တင့်တင့်တယ်တယ်မရှိ၊ ကိုယ်တိုင်သာ မစားမသောက် မ၀တ် မဆင်သည်မဟုတ်၊ တပည့် သားမြေး နောက်လိုက်နောက်ပါတို့ကိုလည်း ပေးကမ်းခြင်း လုံးဝမပြု၊ အလုပ်သမား ဆွေမျိုး လုံးဝ ထောက်ပံ့ခြင်းမရှိ၊ သေသာ သေသွားရော၊ ပစ္စည်းတွေက အနေထားမပျက်၊ သုံးမှ မသုံးခဲ့ဘဲကိုး၊ သေပြီးတော့လည်း ငရဲကိုရောက်ရော၊ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကတော့ မင်းဘဏ္ဍာဖြစ်တော့တာပေါ့၊ အဲဒါ အလင်းကလာပြီး အမှောင်ကို သွားမယ့်သူပေါ့၊ အမှောင်ကို သွားတဲ့သူပေါ့။
အလင်းကနေ အလင်းကို သွားမယ့်သူ
စပယ်တွေက ပွင့်လိုက်တာဖွေးလို့၊ အဆင်းကလည်း လှပ၊ ယဉ်ပ၊ အနံ့ကလည်း သင်းပ၊ မွှေးပ၊ အာရုဏ်ဦးရဲ့အလင်းသစ်စ နေမင်းအောက်ကအလှ၊ ဘယ်သူပြိုင်လို့လှပ၊ အချင်းရော အဆင်း ရောပြည့်စုံပ၊ ဘ၀ဟာ အဲဒီလိုစပယ်လိုသင်းပြီး စပယ်လိုပဲ သန့်ပြန့်နေရင်ဖြင့် လိုလေသေး ဘယ်ရှိလိမ့်မလဲ။
သူတို့က လူလှသလိုစိတ်လည်း လှသည်၊ လူချမ်းသာသလို စိတ်လည်းချမ်းသာကြသည်၊ ကားလည်း စီး၊ တိုက်လည်း ဆောက်၊ လမ်းလည်း ဖောက်ဆိုသလိုပဲ ဘယ်ရပ်ဘယ်ဒေသ ဘယ်နေရာမှာနေနေ၊ သတင်းကလည်းမွှေးသည်၊ ဒါနအားကောင်းသည်၊ သီလအ၀တ်ထည်ကို မချွတ်တန်းဝတ်ဆင်သည်၊ ဘာဝနာကိုလည်း တတ်အားသ၍အားထုတ်လုပ်ကိုင်သည်၊ ဘုရားတည် သည်၊ ကျောင်းဆောက်လှူသည်၊ ရေတွင်းရေကန် တူးဖော်သည်၊ လုပ်သမျှအလုပ်တိုင်းသည် ကိုယ့်တွက်ချည်း မကြည့်၊ သူများအတွက်ပါ အမြဲတွဲလျက် လုပ်သည်၊ ကိုယ်ချမ်းသာရုံမျှ စိတ်မသွင်း၊ သူများတွေကိုလည်း ချမ်းသာစေချင်ကြသည်၊ သာသနာကို အဓွန့်ရှည်ကြာ တည်တန့်နိုင်အောင် ထောက်ပံ့သည်၊ ပစ္စည်းလေးပါးနဲ့ သာသနာကို ချီးမြောက်သည်၊ မိဘကိုလုပ်ကျွေးသည်၊ သားမယားကို လုပ်ကျွေးသည်၊ ခင်ပွန်းကြီးဆယ်ပါးကို မမေ့မလျော့ ပူဇော်ချီးမြောက်သည်၊ ဘ၀ကို ကျက်သရေရှိစွာ အမြဲအားထုတ်သည်၊ လှသည် သိပ်လှသည်၊ အရင်ကလည်း လှခဲ့သည်၊ ခုလည်း လှသည်၊ နောင်လည်း လှနေကြလိမ့်ဦးမည်၊ သူတို့ကိုတော့ အလင်းကလာပြီး အလင်းကို သွားမယ့်သူတွေတဲ့။
ရှေးက မြတ်စွာဘုရားရှင်၏ အကျောင်းအစ်မကြီး ၀ိသာခါ၊ ဇေတ၀န်ကျောင်းဒကာကြီး အနာထပိဏ်၊ သူတို့ဘ၀တစ်လျှောက်လုံး ကုဋေကြွယ်အောင် ချမ်းသာခဲ့သည်၊ ချမ်းသာသည့် အလျောက် အလှူအဒါန်း ရက်ရောသည်၊ စေတနာအား၊ သဒ္ဓါအား အားကြီးသည်၊ သာသနာ အတွက်ဆိုလျှင်ဖြင့် အသက်ပင်သေသေ၊ အရေပင်ခန်းခန်း မလျှော့တမ်းဆိုတဲ့ စိတ်က မွေးရာပါကဲ့သို့ ဖြစ်နေခဲ့ကြသည်။ ပစ္စုပ္ပန်မှာလည်း လိုတိုင်းရ၊ တောင့်တတိုင်းဖြစ်ဆိုသလို ချမ်းသာမှုက ကြီးလှသည်၊ စီးပွားချမ်းသာရုံမျှမက စေတနာကပါ ချမ်းသာသည်၊ စေတနာချမ်းသာရုံမျှသာ မဟုတ်၊ သဒ္ဓါတရားက ထက်လှသည်၊ သောတာပန်ဘ၀နဲ့သေလွန်ပြီး ဒါနအားတွေ ကြီးလွန်းတော့ ဘုံစဉ်စံဘ၀ကို ရောက်ကြသည်၊ အောက်သို့မဆင်း အထက်ထက်သို့သာ ဆက်တက်ပြီး ဘ၀အဆုံး နိဂုံးမှာ ရဟန္တာတွေ ဖြစ်၊ ပရိနိဗ္ဗာန်တွေ စံကြရလိမ့်မည်။ အလင်းကနေ အလင်းကို သွားကြသူတွေပေါ့။
ဘယ်ကလာလဲ၊ ဘယ်ကိုသွားမလဲ?
ဖြေကြည့်ပါတော့၊ ဒါဟာ မေးခွန်းပါ၊ ကြိုက်သလိုဖြေနိုင်ပါတယ်၊ ဒါပေမယ့် အောင်ခြင်း ကျရှုံးခြင်းဆိုတာကတော့ ကိုယ်တိုင်နဲ့ ကံကြမ္မာကလွဲလို့ တစ်ခြားသိမည့်သူမမြင်ပါဘူး၊ မှန်မှန်ဖြေပါ၊ မှန်အောင် ဖြေပါ၊ လိမ်လည်း ကိုယ့်အတွက်၊ မလိမ်လည်း ကိုယ့်အတွက်ပါပဲ ……ကံကြမ္မာကိုတော့ဖြင့် လိမ်လို့မရဘူးဆိုတာကို သဘောပေါက်ထားရမယ်လေ…..
16. 12. 2009
Read more...