* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, December 14, 2009

ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၁)

ရေးသားသူ ထူးပ တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၄၊ ၂၀၀၉


( စကြ၀ဠာနှင့်၃၁ဘုံ၊ ကမ္ဘာပျက်ပုံ တို့၏ အဆက် )

အချိန်ကာလ ဤ၍ ဤမျှဟု ရေတွက်ခြင်းမှာ မတတ်နိုင်သော မဟာကပ်ကမ္ဘာပေါင်း အသင်္ချေယျတို့အနက်မှ ခုနှစ်ခုသော အသင်္ချေအတွင်း၌ ပွင့်တော်မူကြကုန်သော ဗြဟ္မာဒေဝ အစရှိသည့် တစ်သိန်းရှစ်သောင်းငါးထောင် (၁၈၅,၀၀၀) ကုန်သော ဘုရားရှင်တို့ကို ဂေါတမ ဗုဒ္ဓဘုရားလောင်းလျာသည် ဖူးမြင်ကြုံတွေ့ခဲ့ရလေသည်။ ထိုဘုရားရှင်တို့၏ ဓမ္မဒေသနာကို ကြားနာရလေလျှင် ဘုရားဖြစ်လိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာ၍ ပါရမီ ၁၀ ပါး၊ ပရိစ္စာဂ ငါးပါးတို့ကို တစ်စတစ်စ ဖြည့်ဆည်းတော်မူလေသည်။

နောက်တစ်ဖန် ကိုးအသင်္ချေသော ကာလအတွင်းပွင့်တော်မူကြကုန်သော ပေါရဏသကျ ဂေါတမ အစရှိသည့် သုံးသိန်းရှစ်သောင်း ခုနှစ်ထောင် (၃၈၇,၀၀၀) ကုန်သော ဘုရားရှင်တို့နှင့် တွေ့ကြုံရပြန်သည်။ ထိုဘုရားရှင်တို့ကို ပစ္စည်းလေးပါးတို့ဖြင့် ပူဇော်မူကို ပြုလုပ်ရ၍ တရားတော်ကို နာရသဖြင့် နောင်သောအခါ ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စင် ဖြစ်ပါစေကြောင်းကို ဆုတောင်းပတ္ထနာ ပြုတော်မူလေ၏။

ဤသို့ဖြင့် ပါရမီ ဆယ်ပါး၊ ပရိစ္စာဂ ငါးပါး တို့ကို အမြဲကြိုးစား အားထုတ်လေ၍ ပါရမီအဆောက်အအုံ ရင့်မာလာသောအခါ ဤကမ္ဘာမှ စ၍ ပြန်ရေတွက်သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာ ရှင့်ရသေ့ အဖြစ်သို့ ရောက်ရှိတော်မူသည်။

ထို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်တွင် ပွင့်တော်မူခဲ့ပြီးသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် ဒီပင်္ကရာ ဘုရား လက်ထက်တွင် နီယတဗျာဒိတ် ကို ခံယူရရှိလေသည်။

ဘုရားဖြစ်ရန် ဆုတောင်းသော်လည်း ဆုတောင်းတိုင်းပြည့်စုံသည်မဟုတ်။ အင်္ဂါရှစ်ပါးနှင့် ညီညွတ်သူမှသာ တောင်းသည့်ဆုပြည့်စုံသည်။

ထိုအင်္ဂါရှစ်ပါးတို့မှာ.......

၁) လူသားဖြစ်ခြင်း၊

၂) ယောက်ျားဖြစ်ခြင်း၊

၃) ဆုတောင်းချိန်၌ ရဟန္တာဖြစ်နိုင်လောက်သည့် အကြောင်းပါရမီ ပြည့်စုံနေခြင်း၊

၎) သက်တော်ထင်ရှား ဘုရားတစ်ဆူဆူအထံတော်၌ ဘုရားဆုပန်ခြင်း၊

၅) ရသေ့ရဟန်း တစ်မျိုးမျိုးဖြစ်ခြင်း၊

၆) သမာပတ် ရှစ်ပါး ရသူဖြစ်ခြင်း၊

၇) မြတ်စွာဘုရားတို့အား အသက်ကို စွန့်လှုထားခြင်း၊

၈) ဘုရားဖြစ်ရန် ကြီးမားသော ဆန္ဒ၊ ဝီရိယရှိခြင်း၊ တို့ဖြစ်သည်။

သုမေဓာရသေ့သည် ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောကြောင့် ဘုရားဖြစ်လတ္တံ့ ဟူသော ဗျာဒိတ်စကားကို ဒီပင်္ကရာ ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်လေသည်။

ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ဒီပင်္ကရာမြတ်စွာဘုရား မှစ၍ ကဿပမြတ်စွာဘုရား တိုင်အောင် ၂၄ ဆူသော ဘုရားရှင်တို့ထံတွင် ဗျာဒိတ်တော် ခံယူခဲ့သည်။

ဗျာဒိတ်တော် ခံယူသည့်ဘဝတို့မှာ-

ရသေ့အဖြစ် (၅) ဘဝ

၁) ဒီပင်္ကရာမြတ်စွာဘုရားအထံတော်၌ သုမေဓာရှင်ရသေ့ အဖြစ်၊
၂) နာရဒမြတ်စွာဘုရားအထံတော်၌ ဇဋိလ ရှင်ရသေ့အဖြစ်၊
၃) အတ္ထဒဿီမြတ်စွာဘုရားအထံတော်၌ သုသီမ ရှင်ရသေ့အဖြစ်၊
၎) သိဒ္ဓတ္ထမြတ်စွာဘုရားအထံတော်၌ မင်္ဂလာ ရှင်ရသေ့အဖြစ်၊
၅) တိဿမြတ်စွာဘုရားအထံတော်၌ သုဇာတ ရှင်ရသေ့အဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။


ရဟန်းအဖြစ် (၉) ဘဝ

၁) ကောဏ္ဍညမြတ်စွာဘုရားအထံတော်၌ ဝိဇိတာ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်၊
၂) မင်္ဂလမြတ်စွာဘုရားအထံတော်၌ သုရုဝိ ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်၊
၃) သုမေဓာမြတ်စွာဘုရားအထံတော်၌ ဥတ္တရမည်သော ပုဏ္ဏားဖြစ်၍ ရဟန်းအဖြစ်၊
၎) သုဇာတမြတ်စွာဘုရားအထံတော်၌ စကြာမင်းဖြစ်၍ ရဟန်းအဖြစ်၊
၅) ဖုဿမြတ်စွာဘုရားအထံတော်၌ ဝိဇီတာဝီအမည်ရှိ မင်းဖြစ်၍ ရဟန်းအဖြစ်၊
၆) ဝေဿဘူမြတ်စွာဘုရားအထံတော်၌ သုဒဿနမင်းဖြစ်၍ ရဟန်းအဖြစ်၊
၇) ကကုသန်မြတ်စွာဘုရားအထံတော်၌ ခေမအမည်ရှိမင်းဖြစ်၍ ရဟန်းအဖြစ်၊
၈) ကောဏဂုံမြတ်စွာဘုရားအထံတော်၌ ပဗ္ဗတမင်းဖြစ်၍ ရဟန်းအဖြစ်၊
၉) ကဿပမြတ်စွာဘုရားအထံတော်၌ ဇောတိပါလ ပုဏ္ဏားလုလင်ဖြစ်၍ ရဟန်းအဖြစ် ဗျာဒိတ်ခံယူတော်မူ ခဲ့သည်။


လူအဖြစ် (၅) ဘဝ

၁) ရေဝတမြတ်စွာဘုရားအထံတော်၌ အတိဒေဝအမည်ရှိ ပုဏ္ဏားဖြစ်၍ လူအဖြစ်၊
၂) သောဘိတမြတ်စွာဘုရားအထံတော်၌ အဇိတအမည်ရှိ ပုဏ္ဏားဖြစ်၍ လူအဖြစ်၊
၃) ပဒုမမြတ်စွာဘုရားအထံတော်၌ ဇဋိလမည်သော သူဌေးဖြစ်၍ လူအဖြစ်၊
၎) ပိယဒဿီမြတ်စွာဘုရားအထံတော်၌ ကဿပအမည်ရှိ ပုဏ္ဏားလုလင်ဖြစ်၍ လူအဖြစ်၊
၅) သိခီမြတ်စွာဘုရားအထံတော်၌ အရိန္ဒမ အမည်ရှိသောမင်းဖြစ်၍ လူအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။


နဂါးအဖြစ် (၂) ဘဝ

၁) သုမန မြတ်စွာဘုရားအထံတော်၌ အတုလအမည်ရှိ နဂါးမင်းအဖြစ်၊
၂) ဝိပဿမြတ်စွာဘုရားအထံတော်၌ အတုလမည်သောနဂါးမင်းအဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။


အဖြစ်တစ်မျိုးစီဖြင့် (၃) ဘဝ


၁) ဓမ္မဒဿီမြတ်စွာဘုရားအထံတော်၌ သိကြားမင်းအဖြစ်၊
၂) အနောမဒဿီမြတ်စွာဘုရားအထံတော်၌ ဘီလူးစစ်သူကြီးအဖြစ်၊
၃) ပဒုမ မြတ်စွာဘုရားအထံတော်၌ ခြင်္သေ့မင်း အဖြစ် ဗျာဒိတ်ခံယူတော်မူခဲ့သည်။

နောက်ထပ်ဖတ်ရန်မှာ.....
ဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား (အပိုင်း-၂)

Read more...

ဘာသာရေး ပြဿနာ ( ၉၅ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )
(မေး) (စူဠသောတာပန်)
အရှင်ဘုရား၊ စူဠသောတာပန်ဖြစ်လျှင် အပါယ်မလားကြောင်း ပြောကြပါသည်။ စူဠသောတာပန်သည် ဒိဋ္ဌိ ၀ိစိကိစ္ဆာ မကင်းသေးဟု သိရပါသည်။ သို့ဖြစ်ပါလျက် အဘယ့်ကြောင့် အပါယ်မလားပါသနည်း။ မဟာသောတာပန် နှင့် မည်သည့်တူညီမှု ရှိနေပါသနည်း၊ တပည့်တော်များ နားလည်အောင် ဖြေကြားပြတော်မူပါဘုရား။
(၀င်းအောင်-တောင်ကြီး)

(ဖြေ)
ဤကင်္ခါဝိတရဏ ၀ိသုဒ္ဓိ-ရသော ပုဂ္ဂိုလ်သည် သီလ၀ိသုဒ္ဓိဖြင့် သီလစင်ကြယ်ပြီးဖြစ်ရကား အပါယ်ရောက်ကြောင်း မကောင်းမှုအကုသိုလ် အကြီးစားတွေကို မပြုတော့။ စိတ္တ၀ိသုဒ္ဓိဖြင့် သမာဓိရပြီးဖြစ်ရကား လောကီအာရုံ ကာမဂုဏ်အကြံ၊ သူတပါးပျက်စီးကြောင်း အကြံကိုလည်း မကြံစည်တော့။ ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ နှစ်ပါးကြောင့် ရုပ်နာမ်အပေါ်၌၄င်း၊ ဘုရား တရား အရိယာသံဃာတော်များ အပေါ်၌၄င်း ယုံမှားသံသယ မရှိတော့။ အ၀ိဇ္ဇာ၊ တဏှာ မကုန်သေးသမျှ ကံကလည်း ဘ၀သစ်အကျိုးကို ပေးမည်သာဟု ယုံကြည်ပြီးဖြစ်ရကား ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာလည်း ကင်းကွာလေတော့သည်။ ထို့ကြောင့် ရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ-ဟု ၀ိပဿနာမရှိသေးသောကြောင့် သောတာပန်အကြီးစား (သောတာပန်အစစ်၊ မဟာသောတာပန်) မဖြစ်သေးသော်လည်း လာမည့်ဘ၀၌ ဧကန်မုချ အပါယ်မကျဖို့ သေချာလှသောကြောင့် စူဠသောတာပန် (သောတာပန် နောင်တော်ကြီး၏ ညီငယ်၊ သောတာပန် အမတော်ကြီး၏ ညီမငယ် သောတာပန်ကား) ဧကန်ဖြစ်နေပြီ-ဟု မှတ်ပါ။
(ခုဒ္ဒသိက္ခာဘာသာဋီကာ ၆၀၂)
********************************************************************************

(မေး) ( ဥစ္စာသယန မဟာသယန)
အရှင်ဘုရား၊ ကိုးပါးသီလ ခံယူဆောက်တည်ရာတွင် ပါဝင်သော ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ-မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ကောင်းစွာဆောက်တည်ပါ၏-ဟုဆိုရာ၌ မြင့်သောနေရာ ဆိုသည်မှာ အမြင့်အတိုင်းအတာ မည်မျှရှိ၍ မြတ်သောနေရာ ဆိုသည်မှာ မည်သည့်နေရာမျိုးကို ဆိုလိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။
(မောင်အောင်နီုင်-နန်းချောင်း၊ သံတွဲမြို့)

(ဖြေ)
ဗုဒ္ဓဘာသာ လက်စွဲကျမ်း ၁-၄၆၁-တွင် ဥစ္စာသယန-မြင့်သောနေရာ၊ အခြေ တတောင့်ထွာထက် ရှည်သော အိပ်ရာ၊ ခုတင်၊ ကုလားထိုင်ကြီးများ၌ မထိုင်ကောင်း၊ မအိပ်ကောင်းပါ။
မဟာသယန-မြတ်သောနေရာ၊ စည်းစိမ်ခံစားလေ့ရှိသော လူချမ်းသာများ၏ အိမ်၌ လက်လေးသစ်မက အမွေးရှည်ကော်ဇော၊ သားမွေးအခင်း၊ ခြင်္သေ့၊ သစ်၊ ကျားအရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲမွေ့ရာ၊ ဂွမ်းမွေ့ရာများကို မသုံးကောင်းပါ။ အသုံးပြုလျှင် ဤသိက္ခာပုဒ် ပျက်သည်။ (အုန်းဆံမွေ့ရာများကိုကား သုံးကောင်းပါသည်၊ သင်ဖျူးဖျာ၊ ကော်ဇောအမွေးတို စသည်တို့ကို ဤသိက္ခာပုဒ်အရ မြတ်သောနေရာဟု မဆိုထိုက်ချေ။)
********************************************************************************

(မေး) (ဒါနပျက်စီးမှု)
အရှင်ဘုရား။ သီလဆောက်တည်ပြီး သီလကို ကောင်းကောင်း မွန်မွန် မထိန်းနိုင်ဘဲ သီလပျက်လျှင် အပြစ်ရှိသလို ဒါနပြုလုပ်ရာ၌လည်း ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ လူတို့သည် သီလခံယူပြီး သီလမပျက်အောင် ထိန်းသိမ်းရသလို ဒါနမပျက်စီးအောင် ထိန်းသိမ်းသင့်ကြောင်း ဆရာတော်များက ဟောပြောမှုမရှိပါသဖြင့် ဒါနပြုပြီး ပေါ့ပေါ့ဆဆ နေကြသူများ ရှိပါသည်။ ထို့ကြောင့် သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကိုလည်း မည်ကဲ့သို့ ထိန်းသိမ်းရမည်၊ ပျက်လျှင် မည်သို့အပြစ်ရှိသည်ဆိုသည်ကို သိလိုပါ၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်ခိုင်ဝင်း-သန်လျင်)

(ဖြေ)
ဒါနသည် ၀တ္ထုဒါန၊ စေတနာဒါန ဟူ၍ ရှိရာတွင် ၀တ္ထုဒါနမှာ ပျက်စီးမှုမရှိသော်လည်း စေတနာဒါနမှာ ပျက်စီးတတ်ပါသည်။
စေတနာသည် ပုဗ္ဗစတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟူ၍ သုံးမျိုးရှိရာတွင် တခုခုပျက်စီးလျှင် အပြစ်ရှိပုံကို ဖော်ပြလတံ့ မဃဒေ၀လင်္ကာပုဒ်ဖြင့် သိသာပါ၍ အကျယ်မရေးတော့ဘဲ ထိုလင်္ကာပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ အဓိပ္ပါယ် ရှင်းပြစရာမလိုအောင် ထင်ရှားလှပါသည်။

ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်၊ လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရုပလက္ခဏာ၊ ပျက်တတ်စွာ၏။(ပုဗ္ဗစေတနာ ပျက်မှု)

နောက်မှာတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏၊ ပဒုမ၀တီ၊ ဒေ၀ီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနိုင်းဆ၊ ထောက်အပ်စွရှင့်။(အပရစေတနာ ပျက်မှု)

မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရည်မည်ကိုကား။( မုဉ္စစေတနာ ပျက်မှု)
********************************************************************************

(မေး) ( ဘုရားရုပ်ပွားတော်)
အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးအများစုသည် မိမိ၏လည်ပင်း ပိုက်ဆံအိတ်နှင့် အင်္ကျီအိတ်ကပ်များတွင် ဘုရားစေတီ၊ ရဟန္တာနှင့် ဆရာတော် သံဃာတော်များ၏ ပုံများကို ချိတ်ဆွဲထည့်သွင်းပူဇော်လေ့ရှိပါသည်။ ထိုကဲ့သို့ ပုံတော်များ ထည့်သွင်းပူဇော်လျက် အိမ်သာတက်ခြင်း စသည်ပြုလျှင် အပြစ်ရှိ-မရှိ သိချင်ပါသည်ဘုရား။
(မောင်သန်းဇော်ဦး-ရွှေပြည်သာမြို့နယ်)

(ဖြေ)
ဘုရားစေတီ၊ ရဟန္တာရုပ်တု စသည်များကို မိမိတို့အိမ် ဘုရားခန်း၊ ဘုရားဆောင်၌သာ တရိုတသေ ကိုးကွယ် သင့်ပါတယ်။ လည်ပင်း ပိုက်ဆံအိတ်၊ အင်္ကျီအိတ်ကပ်များတွင် ချိတ်ဆွဲထည့်သွင်း၍ ဆောင်ယူခြင်း၊ အမြဲထည့်ထားခြင်းမျိုး မလုပ်အပ်ပါ။ အချို့ ရှင်သီဝလိပုံတော်များနှင့် ဘုရားပုံတော်ငယ်များကို လည်ပင်း၌ ချိတ်ဆွဲထားလေ့ရှိပါသည်။ မလုပ်ထိုက်ပါ။ ရိုသေမှု ဂါရ၀တရားကြောင့် ကုသိုလ်တရား တိုးပွားနိုင်သည်နှင့်အမျှ မရိသေမှု အဂါရ၀တရားကြောင့် အကုသိုလ်တရားများ လွန်စွာတိုးပွားနိုင်ပါသည်။
********************************************************************************

(မေး) (သကဒါဂါမ်ပုဂ္ဂိုလ်)
အရှင်ဘုရား၊ သောတာပန်သည် ဧကဗီဇိသောတာပန်၊ ကောလံကောလသောတာပန်၊ သတ္တက္ခတ္တုပရမ သောတာပန်-ဟု သုံးမျိုးရှိကြောင်း သိရပါသည်။ သကဒါဂါမ်၌ ဘယ်မျှ ရှိကြောင်း ဖြေကြားပေးတော်မူပါဘုရား
( ပေါ့စ်ချီ-တောင်ကြီး)

(ဖြေ) သကဒါဂါမ်သည်
(၁) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၂) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၃) လူ့ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ နတ်ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၄) နတ်ပြည်၌ သကဒါဂါမိဖိုလ်ကိုရ၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်။
(၅) လူ့ပြည်၌ သကဒါဂါမိုဖိုလ်ကိုရ၍ နတ်ပြည်၌ဖြစ်၍ လူ့ပြည်၌ ပရိနိဗ္ဗာန်စံသော သကဒါဂါမ်-ဟူ၍ ငါးမျိုးရှိပါသည်။ ထိုငါးမျိုးတွင် နံပါတ် ၅-ဖြစ်သော သကဒါဂါမ်ကို သကဒါဂါမိမဂ္ဂစိတ္တံ ၌ မုချအားဖြင့်ရ၍ ကြွင်းလေးမျိုးကို ဥပစာအားဖြင့် ရသည်ဟု ကျမ်းစာများ၌ ပြဆိုထားကြပါသည်။
********************************************************************************

(မေး) (ဗုဒ္ဓ၀င်သီချင်း)
အရှင်ဘုရား၊ ဗုဒ္ဓ၀င်သီချင်းများ၊ ဓမ္မတေးများ စသော ဘာသာရေးတေးများကို ဥပုသ်သည်များ နားဆင်ခွင့် ရှိ-မရှိ သိလိုပါသည်ဘုရား။
(မိုးညိုမြ-ကယားရိုးမ)

(ဖြေ)
ဓမ္မတေး-ဟူရာ၌ ဓမ္မဂီတ-ဂီတဓမ္မ ဟူ၍ နှစ်မျိုးရှိပါသည်။ ပြဿနာရှင် တင်ပြသော ဗုဒ္ဓ၀င်သီချင်း စသည်များမှာ ဓမ္မဂီတဖြစ်၍ ရတနာသုံးပါးအကြောင်းကိုပင် သာယာနာပျော်ဖွယ်ဖြစ်အောင် ရေးစပ်သီဆိုသော သီချင်းမျိုး ဖြစ်ပါသည်။ ငြိမ့်ညောင်းသော တီးလုံးများဖြင့် ညွတ်နူးစရာ သီချင်းမျိုးဖြစ်၍ ဆိုသူကလည်း အသံကို ဆွဲဆွဲငင်ငင်ဖြင့် နားထောင်ချင်စဖွယ် သီချင်းမျိုးဖြစ်ပါသည်။ ၄င်းကို ရဟန်းသာမဏေများ၊ ဥပုသ်သည်များ သီဆိုခြင်း၊ နားထောင်ခြင်း မပြုအပ်ပါ။ အချို့ ဓမ္မကထိကများ ပါဠိဂါထာများကိုပင် သီးချင်းဖြစ်အောင် ရွတ်ဆိုကြပါသည်။

ယင်းကိုလည်း ဂီတသရဖြစ်၍ နားမထောင်အပ်ပါ။ သီဆိုခြင်း၊ နားထောင်ခြင်းအတွက် အပြစ်မလွတ်ဟု ဆိုပါသည်။ သို့သော် တရားနှင့်စပ်သော သီချင်းမျိုးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးသီဆိုခြင်း၊ ဖတ်ကြားခြင်းမျိုး၌မူ သံဝေဂဖြစ်ဖွယ်ဖြစ်၍ ဂီတဓမ္မအနေဖြင့် အပြစ်မရှိဟု ဆိုပါသည်။ ဥပမာ-တေဘုမ္မာ သီချင်းကြီးကို ဂီတသံမဖြစ်စေဘဲ ရိုးရိုးဖတ်ရွတ်ခြင်းမျိုးကိုကား သံဝေဂဖြစ်ဖွယ်ရှိ၍ နားထောင်နိုင်ပါသည်။
********************************************************************************

(မေး) ( ကံကြမ္မာဝါဒ)
အရှင်ဘုရား၊ တပည့်တော်တို့၏ ပတ်ဝန်းကျင်တွင် လူ့ဘ၀ဆိုတာ ရေးပြီးသား ၀တ္ထုစာအုပ်တအုပ်လိုပဲ ဘယ်နေ့ ဘာဖြစ်မယ်၊ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ကံကြမ္မာက သူ့အလိုလို သတ်မှတ်ပြီးသား-လို့ ပြောတတ်ကြ သည်ကို တပည့်တော် ဘ၀င်မကျလှပါ။ အယူအဆ လွဲမှားနေမှန်းသိသော်လည်း မည်သူ၏ အယူအဆနှင့် လွဲမှားနေသည့်အကြောင်းတို့ကို ရှင်းပြပေးပါဘုရား။
(သိန်းဇော်ဦး-လောင်းလုံမြို့)

(ဖြေ) ဘာပဲဖြစ်ဖြစ် ကံကြမ္မာအလျောက် ဖြစ်တာပဲ-ဟူသော အယူမှာ ပုဗ္ဗေကမ္မဟေတု ဒိဋ္ဌိဝါဒ-တမျိုး ဖြစ်ပါသည်။ လူတိုင်းအဖို့ ရှေးကပြုခဲ့သော ကုသိုလ် ပုဗ္ဗေစ ကတပုညတာ ရှိသလို ယင်းရှေးကံကလည်း ဤယခု ပစ္စုပ္ပန်ပြုသောကံနှင့် တွေ့ကြုံ၍ ဥပထမ္ဘက အထောက်အပံ့ရမှသာ အကျိုးပေးပါသည်။

ကံသာမဟုတ် ဆိုင်ရာ ဉာဏ် ၀ီရိယတို့ကလည်း အထောက်အပံ့ပြုပါသည်။ ကံ ဉာဏ် ၀ီရိယ သုံးဌာန စုံလင်မှ ထိထိရောက်ရောက် အကျိုးပေးနိုင်သဖြင့် ရှေးကံတခုတည်းသာ ယုံကြည်စွဲမြဲထားမှုမှာ ဗုဒ္ဓ၀ါဒ မဟုတ်ကြောင်း သတိပြုသင့်ပါသည်။
********************************************************************************

(မေး) ( ပံ့သကူသင်္ကန်း)
ပံ့သကူလာ၊ စီဝရာ၊ ကောက်ရာပိတ်စများ။ အဖြူမဟုတ်၊ ရောင်စုံရုပ်၊ ဆိုးထုတ်မပျက်ငြား။
ကျားကျားကြောင်ကြောင်၊ စပ်ဖာရောင်၊ ပြိုးပြောင် အကွက်များ။
ချုပ်လုပ်ပြီးကာ၊ ဤတိုင်းသာ၊ သုံးပါ အပ်သလား။
( ဦးအာစိဏ္ဏ-ခင်ကြီး၊ ညောင်လေးပင်)

(ဖြေ)
ပံ့သကူမှာ၊ ရောင်စုံရာ၊ ဆိုးပါသစ်ခေါက်များ။ သစ်ခေါက်ဆိုးချက်၊ ရောင်စုံပျက်၊ ချုပ်လျက်ဝတ်ရုံထား။
ဆိုးမညီဘိ၊ နည်းငယ်ရှိ၊ ကင်း၏အပြစ်များ။ မကျားမကြောင်၊ ညိုမှိုင်းရောင်၊ သုံးဆောင်အပ်တကား။
ပံသုကူလ၊ ခုကာလ၊ ဆောင်ထ လွန်နည်းပါး။ အစုတ်အပြတ်၊ မချုပ်စပ်၊ ပစ်အပ်ကောက်ယူငြား။
သင်္ကန်းသစ်စုံ၊ ပစ်၍တုံ၊ လှူပုံအလွန်များ။ သင်္ကန်းပံသုကူ၊ ကောက်၍ဟူ၊ ၀တ်သူ နည်းအပါး။
ပံသုကူရှင်၊ ပြစ်ကင်းစင်၊ ဖူးမြင် ကြည်ညိုပွား။

( မြတ်မင်္ဂလာ ၂၀၀၂-ခု နိုဝင်ဘာလ )

Read more...

နာမ်ရုပ်ရှုလျှင် ရုပ်နာမ်ဖြစ်သလား... (အရှင်နာရဒ၊ (ဟိုပင်) )





Read more...

ဘ၀နဲ့ စိတ်ကောက်နေကြသူများ

Sunday, 13 December 2009 19:25 | စာရေးသူ Ashinsadhina | Print | E-mail
ဘယ်သူမှားတယ်ဆိုတာတော့ ကိုယ်ဟာကိုပဲစဉ်းစားကြည့်ကြပေါ့၊ နောက်ဆုံးမှ ဆုံးဖြတ်ချက် ချကြပါ၊ ဘ၀နဲ့ စိတ်ကောက်နေကြတဲ့သူတွေအကြောင်း နည်းနည်းပြောကြည့်ချင်ပါတယ်။

ဘ၀ဆိုတာ တိုက်ပွဲတဲ့၊ တိုက်ပွဲဆိုတာက အနိုင်ရှိသလို အရှုံးဆိုတာလည်း ရှိတာပဲလေ၊ အမြဲတမ်းနိုင်နေလို့ကတော့ ဘယ်တိုက်ပွဲခေါ်ပ၊ နိုင်ပွဲလို့ တစ်မျိုးတည်း ခေါ်မှာပေါ့၊ လောကမှာ တိုင်းပြည်အတွင်း အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တိုက်ပွဲ၊ နိုင်ငံရပ်ခြား တိုင်းတစ်ပါးတို့နဲ့ တိုက်ခိုက်ကြတဲ့ ပြည်ပစစ်ပွဲ စသည်စသည်ဖြင့် တိုက်ပွဲတွေအများကြီးပါပဲ၊ နောက် လူတွေပဲ ပြုလုပ်ကြတဲ့ လူတွေကပဲဖန်တီးပေးနေတဲ့ နွားချင်းတိုက်တဲ့ နွားတိုက်ပွဲ၊ လူချင်းတိုက်တဲ့ လက်ဝှေ့ပွဲ၊ ကြက်ချင်းတိုက်တဲ့ ကြက်တိုက်ပွဲ၊ ကုန်ကုန်ပြောရရင် တွင်းထဲမှာနေတဲ့ ပုရစ်ကလေးတွေကိုတောင် တိုက်ပွဲလုပ်ပေးကြတဲ့ တိုက်ပွဲတွေကို စိတ်ဝင်စားတတ်တဲ့ လူဆိုတဲ့ လူတွေ … လူသားတွေပေါ့…

အဲဒီလူသားတွေ သူများတွေကိုသာ တိုက်ပွဲတွေကို ဖန်တီးပေးနေကြတာ၊ ကိုယ်ကိုယ်တိုင် နေ့စဉ်နဲ့အမျှ နာရီနဲ့အမျှ မိနစ်နဲ့အမျှ စက္ကန့်နဲ့အမျှ တိုက်ပွဲဝင်တိုက်ခိုက်နေကြတဲ့ ကိုယ့်ဘ၀တိုက်ပွဲတွေ ကိုတော့ အမေ့ကြီးမေ့နေကြတယ်၊ ကိုယ့်ဟာကိုယ်ကိုပဲ တိုက်ပွဲဝင်နေကြရတယ်ဆိုတာကို မေ့နေကြတယ်၊ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်ခုအကြားက တိုက်ပွဲဟာ ကိုယ့်ဘက်က တစ်နေ့ သေမင်းကို အရှုံးပေးရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အရှုံးပေးရမယ်ဆိုတာကို သိသိကြီးနဲ့တစ်ချို့၊ တစ်ချို့ သိပင်သိငြား မသိချင်ယောင်ဆောင်လျက်၊ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ကင်းနေကြတယ်။

ဘ၀မှာ အရှုံးဆိုတာတစ်ခု ရင်ဆိုင်လိုက်ရရင်ပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားတော့သလောက် ခံစားနေကြတယ်၊ စာမေးပွဲရှုံးတဲ့ ကျောင်းသား/ကျောင်းသူလေးဟာ ဘ၀တစ်ခုလုံး ဆုံးသွားသလောက် စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘ၀ကိုစိတ်ကောက် ပစ်လိုက်တတ်ကြတယ်၊ လက်မြောက် အရှုံးပေးလိုက်တတ် ကြတယ်၊ အဲဒါလေးကြောင့်ပင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက် တတ်ကြတယ်၊ တစ်ချို့ အရွယ်ရောက်လာလို့ လူ့သဘာဝ အချစ်တိုက်ပွဲမှာ ဆုံးရှုံးသွားလို့ ဘ၀ကိုပါ စိတ်ကောက်ပြီး အရှုံးပေးကာ အသက်ကိုပါ အဆုံးသတ် ပစ်လိုက်တတ်ကြတယ်၊ စီးပွားရေးတွေလုပ် အရှုံးတွေပေါ်လာတဲ့အခါ ဘ၀ကိုစိတ်ကောက် လက်မြောက် အရှုံးပေးပြီး ကိုယ့်ဘ၀ကို ရေစုန်မျောလျက် ဘာတစ်ခုမှ ဆက်လက်ရုန်းကန်လိုစိတ်မရှိတော့ဘဲ အရက်သေစာ သောက်၊ မူးရစ်စေတတ်တဲ့ ဆေးဝါးတွေအသုံးပြုလျက် ကိုယ့်ဘ၀ကို ဖျက်ဆီးပစ်လိုက်တတ်ကြတယ်၊ အမျိုးမျိုး ပါပဲ၊ မအောင်မြင်ခဲ့တာတစ်ခုကို သင်ခန်းစာယူဘို့စိတ်မကူးတော့ဘဲ ဆက်လက်ပြုပြင်မှု မရှိကြတော့ ဘဲနဲ့ အရှုံးပေးတတ်ကြတယ်၊ ဘ၀ကိုစိတ်ကောက်ပြီး ဘာမှမလုပ်တော့ဘဲ မကြိုးစားတော့ဘဲ နေတတ်ကြတော့တယ်။

တိုက်ပွဲဆိုတာ အနိုင်ရှိသလို အရှုံးလည်း ရှိတာပေါ့၊ အနိုင်ကို အပြုံးနဲ့ရင်ဆိုင်တတ်ရင် အရှုံးဆိုတာကို လည်း အပြုံးမပျက် လက်ခံနိုင်ရမှာပေါ့၊ ရှုံးခါမှ ရှုံးရော၊ မသေမချင်းတော့ တိုက်ပွဲဝင် နေရဦးမှာပဲဆိုတာကို မကျင့်သုံးကြဘူး၊ စိတ်ခံစားမှုလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပစ်တတ် ကြတယ်၊ အပြစ်ရှိသူတွေကို လိုက်ကြည့်ရအောင်….

မိဘ

သားသမီးတွေကို သိပ်တတ်စေချင်၊ တော်ချင်စေချင်ကြတဲ့ မိဘများ ကိုယ့်သားသမီးရဲ့ မူလ ပင်ကိုယ်စရိုက်၊ ဗီဇ၊ ဥာဏ်ရည်ကို မကြည်ဘဲနဲ့ ဆရာဝန်ကြီးတွေ ဖြစ်စေချင်ကြတယ်၊ အင်ဂျင်နီယာ ကြီးတွေ ဖြစ်လိုကြတယ်၊ ကလေးရဲ့ ဥာဏ်ရည်ဟာ အဲဒီအဆင့်ကို မှီလားမမှီလား ထည့်မစဉ်းစားဘူး၊ ပိုက်ဆံရှိရင် အကုန်ဖြစ်တယ်ဆိုပြီး ဆရာမျိုးစုံကို ပိုက်ဆံနဲ့ငှါး၊ ကလေးကိုသင်ခိုင်း၊ ကလေးက စာမလိုက်နိုင်၊ ကလေးကလည်း ကိုယ့်စာကိုအလိုမကျဖြစ်၊ မိဘကလည်း သားသမီးကို အလိုမကျဖြစ်၊ တစ်နေ့တစ်နေ့ ကလေးတွေဟာ ကိုယ့်ဘ၀ကို မကျေမနပ်ဖြစ်လာ၊ စိတ်က စာထဲမရောက်၊ လွတ်ပေါက် ထွက်ပေါက်ကိုရှာ၊ စိတ်ညစ်ညူးတာပျောက်တယ်ဆိုပြီး ဆေးလိပ်စီးကရက်ခိုးသောက်၊ မကောင်းတဲ့ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုနဲ့ အရက်သေစာကိုပါ သောက်စားတတ်လာ၊ မိဘလည်း ဒုက္ခရောက်၊ ကလေးလည်း ဆင်းရဲ၊ ဘ၀နဲ့ နောက်ဆုံးစိတ်ကို၊ ဘ၀ကို အချဉ်ပေါက်ပြီး ပျက်စီးသွားခဲ့တာ ဘယ်လောက်များရှိနေပြီလဲ။

သိဘူးခဲ့တဲ့ မိဘသုံးဦးလောက်ရှိတယ်၊ တစ်ဦးရဲ့ သမီးလေးဟာ ပင်ကိုယ်ဥာဏ်ရည် အလွန်ကောင်း တယ်၊ ကလေးလေးဟာ အတန်းတိုင်းမှာလည်း ပထမတွေနဲ့ချည်း အောင်တယ်၊ ကလေးက သိစက လေးတန်း၊ အဲဒီကလေးဟာ ကျောင်းစာလည်း ကျက်ရတယ်၊ ၀ါသနာအရ ကလေးက သီချင်းဆိုလေးကလည်းကောင်းတယ်၊ အဲဒါကို အမေလုပ်တဲ့သူက ခေတ်ပေါ် ဆိုကရေးတီး မှာ သူ့သမီးလေးကို ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိ နည်းပြဆရာမ တွေနဲ့ စနစ်တကျသင်တယ်၊ ကလေးမှာ ကျောင်းအတွက် ကျူရှင်မျိုးစုံလည်း တက်ရတယ်၊ အကလည်း သင်၊ အဆိုလည်း သင်နဲ့ ကလေးလေးဟာ အရုပ်လေးလိုပဲ၊ နားချိန်ပင်မရတော့၊ နှစ်စဉ် ဆိုကရေးတီးကိုလည်း ပါဝင်ပြိုင်စေ သင်စေနဲ့ သမီးလေးဟာ ကလေးဘာသာဘာဝ ကစားချိန်ကို မရှိလောက်အောင် နေနေခဲ့ရတယ်၊ တဖြေးဖြေးနဲ့ကလေးဟာ စက်ရုပ်ဆန်လာတယ်၊ ငေးလာ ငိုင်လာ တွေလာ ဝေလာနဲ့ နောက်ဆုံး ကလေးဟာ အတန်းစာတွေမှာ အားနည်းလာခဲ့တယ်၊ ခုဆို ကလေးက ကိုးတန်း ဆယ်တန်းရောက်ရောပေါ။့

နောက်တစ်ဦးက ကလေးလေးက ခုမှ နှစ်တန်း၊ ကလေးက ပင်ကိုယ်ကကို ဥာဏ်က သိပ်ထက်မြက်လှသည်မဟုတ်ဘူး၊ သို့သော် မအေက သူ့ကလေးကို အရမ်းတော်စေချင် တတ်စေ ချင်တယ်၊ ကလေးလေးက သူငယ်တန်းတုန်းက အဆင့် ငါး/ခြောက်လောက်မှာ ရှိနေသေးတယ်၊ ပထမတန်းရောက်တော့ ဘာသာစုံသင်ပေးဘို့ ကျူရှင်ဆရာမကို အိမ်မှာခေါ်သင် တယ်၊ ကလေးဟာ ကျောင်းကပြီးတာနဲ့ အိမ်ရောက်တော့လည်း စာဆက်သင်ရတယ်၊ စနေ တနင်္ဂနွေမှာ ကလေးကို ကွန်ပြူတာပါ သင်စေပြန်တယ်၊ ကလေးကတော့ ပိုပြီးတိုးမလာတဲ့အပြင် စာက တဖြေးဖြေး ပိုပိုညံ့ညံ့လာတယ်၊ ဒုတိယတန်းရောက်တော့ ကျောင်းသားကျောင်းသူ ငါးဆယ်ရှိတဲ့ အတန်းထဲမှာ ကလေးဟာ အဆင့် လေးဆယ်ကျော်မှာပဲ အမြဲလိုရှိနေခဲ့တယ်။

နောက်တစ်ဦးကတော့ ပင်ကိုယ်ဥာဏ်က အသင့်အတင့်ရှိတယ်၊ ဒါပေမယ့် သူဖြစ်ချင်တာက ဆရာဝန်တဲ့၊ ဆယ်တန်းမှာတွေ့တာ၊ သူ့ဥာဏ်ရည်ကို ကိုယ်တိုင်တွေ့ရတာက အလယ်အလတ်အဆင့် ပဲ၊ လိုချင်စိတ်ကတော့ အားကြီးတယ်၊ ကြိုးစားတယ်၊ စာတွေလည်း တအားသင်တယ်၊ နောက် သူက သူများတွေ တော်သမျှ အကုန်လိုက်တော်ချင်တယ်၊ စီးပွားရေးဝါသနာပါတယ်တဲ့၊ ချမ်းသာချင်လွန်းက လည်း အားကြီးတယ်၊ ကွန်ပြူတာကို ဆရာကြီးတစ်ဆူ ဖြစ်ချင်ပြန်ရော၊ မိဘတွေကတော့ သူ့သား ဘာဖြစ်ဖြစ် ကျေနပ်ပါတယ်ဆိုတဲ့အတန်းစားထဲကပါ၊ ဆယ်တန်းအောင်တော့ ဂုဏ်ထူးတစ်ခုပဲပါတယ်၊ ဆရာဝန်လိုင်းမရလို့ဆိုပြီး နောက်ပိုင်း ရောင်ပေပေဖြစ်သွားတယ်။

ဒီနေရာမှာ ကလေးတွေရဲ့အပြစ်ဆိုတာထက် မိဘတွေမှာ ပိုပြီးအမှားများနေတယ်၊ မိဘတွေက ကိုယ့်သားသမီးကို တတ်စေချင်တယ်၊ တော်စေချင်တယ်၊ ကိုယ့်သားသမီး တော်တာတတ်တာထက် မိဘတွေ အချင်းချင်း ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာက ပိုများနေတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်၊ အဲဒီကလေးတွေ နောက်ပိုင်း ဘ၀ကိုမကျေမနပ်နဲ့ ဘ၀နဲ့စိတ်ကောက်ပြီး လေလွင့်သွားတတ်တာကို မိဘတွေက အလေးမပြုကြဘူး၊ ဒါဟာ အလွန်ပဲ ကြောက်စရာကောင်းတဲ့ ဒီနေ့ ပိုက်ဆံရှိ သားသမီးတွေရဲ့ဘ၀တွေပါပဲ။

ကျောင်းသား

ကိုယ့်ရဲ့ဥာဏ်ရည်ကို ကိုယ်ကိုယ်တိုင်မသိတတ်၊ ကိုယ့်ဝါသနာကို ကိုယ်မဆုံးဖြတ်ရဲ၊ သူများဆရာဝန်ဖြစ်တာကို ကိုယ်က လိုက်ဖြစ်ချင်၊ ကြိုးစားမှုတော့လည်းရှိပါရဲ့၊ သို့သော် အဲဒီကြိုးစားမှု က ပင်ကိုဗီဇ ၀ါသနာနဲ့ မတိုက်ဆိုင်၊ ပင်ကိုယ်ဥာဏ် အဲဒီလောက်ထိ အဆင့်မမီ၊ ကိုယ်လိုချင်တဲ့ လိုင်းဖြစ်တဲ့ ဆရာဝန်မရ၊ အင်ဂျင်နီယာမဖြစ်၊ လိုတာမရတော့ ဘ၀ကိုစိတ်ပျက်၊ ဘ၀နဲ့ မိတ်ပျက်၊ ဘ၀ကိုစိတ်ကောက်၊ နောက်ဆုံး ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး ဘ၀ကို ရေစုန်မျှောပစ်လိုက်ကြ၊ အရှုံးသံသရာမှာ နစ်မွန်း၊ လူဖြစ်လည်း ရှုံး၊ ဘ၀လည်း ဆုံးတဲ့ထိရောက်၊ ကိုယ့်ကိုယ်ကို မယုံမကြည် အောင် မိမိကိုယ်တိုင်လည်းလုပ်ခဲ့၊ ပတ်ဝန်းကျင်ရဲ့တွန်းအား၊ ဆွဲအားတွေကိုလည်း မတော်လှန်နိုင်ခဲ့၊ စိတ်ကောက်မိတဲ့ ဘ၀ကိုပဲ အပြစ်ပုံချခဲ့၊ စာမေးပွဲတစ်ခါရှုံး/ကျတာကိုပဲ ဘ၀ကြီးတစ်ခုလုံး ဆုံးသွားသယောင် အတွေးမှာထင်ခဲ့၊ အဲဒီခါမှာ အရင်းနှီးဆုံး ပတ်ဝန်းကျင်ဖြစ်တဲ့ မိဘတွေက ဆူကြ၊ မောင်းကြ၊ ကျေအေးအောင် မနှစ်သိမ့်တတ်ကြတော့ ကလေးဟာ ဘ၀ကို ထိခိုက်ရှနာတွေနဲ့သာ လူဖြစ်လာခဲ့တော့၊ ဘယ်သောအခါမှ မအောင်မြင်တဲ့ လူသားလေးအဖြစ် ရပ်တည်သွားခဲ့ကြရ။

စီးပွားရှာသူ

ရတာက တစ်နေ့ကို တစ်ရာကျပ်- ကွမ်းယာစားတာက ၂၅-ကျပ်၊ လဘက်ရည်သောက်တာက မနက်ည- ၅၀၊ ဆေးလိပ်ဘိုးက ၂၅-ကျပ်၊ အိမ်ပြန်လာတော့ အိပ်ကပ်က ဗလာဖြစ်၊ ဘယ်မှာလည်း သားကျွေးဘို့၊ ဘယ်မှာလည်း မယားအတွက်၊ ဘယ်မှာလည်း ထမင်းဘိုး၊ ဘယ်မှာလည်း ဟင်းဘိုး၊ မသုံးတတ်ဘဲ အဖြုန်းနဲ့ဘဲ သံသရာလည်၊ ဘယ်လိုလုပ်စီးပွားဖြစ် ချမ်းသာကြတော့မည်လဲ။ နောက်ထပ် အိမ်က မိန်းမဖြစ်သူ အိမ်ထောင်ရှင်၊ အိမ်ကြီးရှင်မ ကျပြန်တော့လည်း ပါသွားတဲ့ဟင်းဘိုး ကို ကလေးတွေမသိအောင် မုန့်ဟင်းခါးခိုးဝယ်စားတာက တစ်မျိုး၊ ခေတ်စားနေတဲ့ နှလုံး သုံးထိုးတာက တစ်ဖုံ၊ အိမ်ပြန်လာတော့ ကစွန်းရွက်စီးတောင်မှ အနိုင်နိုင်၊ ကိုယ့်ရှိတာကို မသုံးတတ်တာ ပြောပါတယ်၊ ဒီလို မိသားစုမျိုး လင်ကဘယ်လောက်ပဲရှာရှာ၊ ဘယ်လောက်ပဲ ငွေရရ၊ စီးပွား မဖြစ်တော့။ အိမ်ထောင်ဟာ ဘယ်သောအခါမှ မတိုးတက်တော့။

မတိုးတက်တော့ ဖြစ်လာတဲ့ဆိုးကျိုးတွေက အမျိုးမျိုးပေါ့၊ စားဝတ်နေရေး မပြေလည်ဘူးဆိုမှ ဖြင့် လောကကြီးဟာ ဖြစ်ချင်သလိုဖြစ်ကြတော့တာပါပဲ၊ သားသမီးက မိဘကို မရိုသေ၊ မိဘက သားသမီးတွေကို ဂရုမစိုက်နိုင်၊ ပညာသင်မပေးနိုင်၊ သူများဝတ်တာ စားတာတွေကိုမြင်ပြီး အားကျစိတ်ဝင်၊ မိရယ် ဖရယ်ဆိုတာတွေကို အရေးမထားတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငွေရအောင်ရှာကြရော၊ သမီးမိန်းကလေးက ခန္ဓာကိုယ်ကိုရောင်းပြီး ငွေရအောင်လုပ်တယ်၊ သားယောကျာ်းလေးက ခိုးဆိုးလုယက်လာတတ်တယ်၊ မိမနိုင် ဖမနိုင်လေးတွေဖြစ်လာတယ်၊ မအေက လည်း လင်ယောကျာ်းကို မယုံကြည်တော့၊ သူ့နည်းသူ့ဟန်နဲ့ စားဘို့ဝတ်ဘို့ ရှာလာတယ်၊ စရိုက်တွေ ပျက်၊ အကျင့်တွေဖောက်၊ နောက်ဆုံး အိမ်ထောင်ရေးပါ ပျက်ပြားကြ၊ ဘ၀ကို စိတ်နာ၊ စိတ်ကောက်၊ ဖြစ်ချင်ရာတွေ ဖြစ်တော့တာပါပဲ။

ဆရာနဲ့တပည့်

ဒီနေရာမှာတော့ ဆရာဆိုတာကို စာသင်ပေးတဲ့ ကျောင်းဆရာ/ဆရာမတို့ကိုပဲ ပြောပါမယ်၊ ဒီနေ့ခေတ်ကျောင်းသား ကျောင်းသူအများစုဟာ ဆရာဆိုတဲ့သူတွေကို ဆရာလိုမဆက်ဆံကြတော့ဘူး၊ သူငယ်ချင်းလိုဆက်ဆံနေကြတယ်၊ ဒို့များဖြင့် ဆရာဆိုတာကို ဒီနေ့တိုင်အောင် မြင်တာနဲ့ ကြောက်ရွံ့နေတုန်းပါပဲ၊ တောသားဆိုတော့ ကျွန်တော်ဆိုတဲ့အသုံးကို အဲဒီဆရာရှေ့ကလွဲပြီး မသုံးခဲ့ဘူးဘူး၊ ခုထိလည်း ဆရာနဲ့တွေ့ရင် ကျွန်တော်က သူ့အလိုလို ပါးစပ်ကနေ ခုန်ပေါက်ထွက်သွား တုန်းပါပဲ၊ ရွာမှာက တစ်ရွာလုံး ယောကျားလေးတွေ ကျုပ်ကျုပ်နဲ့ပဲ သုံးခဲ့ကြတာကိုး၊ ခုတော့လည်း ခေတ်တွေပြောင်း၊ နှစ်တွေဟောင်းလာတော့ တိုးတက်လာပြီပေါ့။

ဘာဖြစ်လို့ အဲဒီခေတ်ကလို ဆရာတွေကို တပည့်တွေက သူငယ်ချင်းလို ဆက်ဆံနေကြ တာလည်း ဆန်းစစ်ကြည့်တော့ ကျူရှင်ဆိုတာတွေက အရင်းအကျဆုံးဖြစ်နေတယ်၊ မိဘတွေက တတ်နိုင်ရင် တတ်နိုင်သလောက် ဆရာတွေအမျိုးမျိုးကို အိမ်ကိုခေါ်၊ ပိုက်ဆံကို မတန်တစ်ဆပေး၊ ကလေးကို စာသင်ခိုင်း၊ ကလေးက ဒီလူ (ဆရာကိုပြောပါသည်) ငါ့မိဘကပိုက်ဆံပေးပြီး ငါ့ကိုစာသင် ခိုင်းတဲ့ အခိုင်းအစေပါပဲလို့ အမြင်တွေဖြစ်၊ ဆရာဟာ ဆရာ့နေရာမှာ မရှိတော့ဘဲ၊ ငွေပေးပြီး ခိုင်းရတဲ့ အခိုင်းအလုပ်သမားဖြစ်သွားရော။ အဲဒီအခါ ဆရာကလည်း သူ့မှာ သူ့အာဏာပါဝါတွေကို ငွေနဲ့ရောင်း ထားသလိုဖြစ်နေလို့ ငွေမျက်နှာကိုကြည့်လျက် တပည့်ကို မဆုံးမရဲ၊ နောက်တော့ အို ငါက သူ့ကိုစာသင်ပေးရတာပဲ၊ သူ စာတတ်၊ ငါ စာသင်ခရ ပြီးတာပဲရယ်ဟု ဆုံးဖြတ်၊ ဆရာလည်း အကျင့်ပျက်၊ တပည့်လည်း အကျင့်ပျက်၊ ဘ၀တွေဟာ နေသားကျမဖြစ်တော့ဘဲ၊ ဖောက်ပြန်ပြီး ဆရာတပည့်ဆိုတဲ့ ဆက်ဆံရေးတွေ ပျောက်ဆုံးကုန်တော့တာပါပဲ။

အဲဒီမှာလည်း ဘ၀ကိုစိတ်ကောက်ပစ်လိုက်ကြတာမို့ ဆရာတပည့်ဆိုတဲ့ ချစ်စရာ ဆက်ဆံရေး ဘ၀လေး ပျက်စီးခဲ့ရ၊ ဆရာတွေ အားလုံးကို သိမ်းကြုံးပြောလိုက်ခြင်းမဟုတ်ပါ၊ ဘ၀ပျက်နေကြသော ဆရာနဲ့တပည့်တို့ကိုသာ ပြောလိုရင်းဖြစ်ပါသည်။

ဒီလောက်ဆိုရင် အရာရာကိုမြင်တတ်လောက်ပါပြီ၊ နေရာတိုင်းမှာ ဒါမျိုးတွေ အများကြီး ဖြစ်နေပါတယ်၊ ဘ၀ဆိုတာ ကံဇာတ်ဆရာ အကခိုင်းတဲ့အတိုင်း ကနေကြရတာပါ၊ အဲဒီဘ၀ထဲမှာ တစ်ခါ တစ်ခါ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတာတွေလည်း ရှိတတ်ပါတယ်၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာတွေလည်း အများကြီးပါပဲ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ က-ရတော့မှာ သေချာနေပြီဆိုမှဖြင့် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်ဘို့က အလိုအပ်ဆုံးလို့မြင်ပါတယ်၊ တစ်ခုရှုံးရင် တစ်ခုနိုင်ရမှာပေါ့၊ စာမေးပွဲကျရှုံးခြင်း၊ စီးပွားကျရှုံးခြင်းတွေက နောက်ထပ်တစ်ခါ ထပ်ပြီးတော့ ပြင်လို့ ကြိုးစားလို့ ရပါသေးတယ်၊ အဲ စိတ်ဓာတ်ကျရှုံးသွားပြီဆိုရင်ဖြင့် ပြင်လို့မရတော့ပါဘူး၊ ခဏခဏ ပြောဖြစ်ပါတယ်၊ ကျရှုံးတာကြီးကို ရင်ဝယ်ပိုက် နှလုံးသားမှာထွေးသိပ်ထားလို့ကတော့ဖြင့် မစားရတဲ့၊ စားလို့မရတော့တဲ့ ထမင်းထုပ်ကြီး ခေါင်းပေါ်ရွက်ပြီး ရွာရိုးလျှောက် ပစ်လည်း မပစ်ရက်၊ စားလည်း စားမရ၊ ဘာမှ အသုံးမကျတော့ပါဘူး၊ ဒီတော့ ဘ၀ဆိုတာရှိနေသေးရင် တိုက်ပွဲတွေကလည်း မပြတ်ရှိနေမှာပါ၊ အမြဲတန်းလည်း တိုက်ပွဲဝင်နေကြရမှာပါ၊ တိုက်ပွဲတော့ အမြဲတန်း ဘယ်နိုင်နေပ၊ အရှုံးဆိုတာလည်း ရှိမှာပေါ့၊ ရှိနေမှာပေါ့။

အနိုင်ကို အပြုံးနဲ့ဆီးကြိုနိုင်ရင်ဖြင့် အရှုံးကိုလည်း မတုန်မလှုပ်နဲ့ လက်ခံနိုင်အောင် ကြိုးစား ရမှာပေါ့၊ ဘ၀ကိုစိတ်ကောက်မနေကြပါနဲ့၊ ဘ၀ကို စိတ်လည်း ပျက်မနေကြပါနဲ့၊ မသေခင်လေးပဲ ကြိုးစားဘို့အခွင့် အချိန်ရှိတာပါ၊ သေသွားရင် ဘာမှလုပ်လို့မရတော့ပါဘူး၊ အခွင့်သာတုန်းလေးသာ ရုန်းထားလိုက်ကြစေချင်တာပါပဲ၊ လသာတုန်းလေး ဗိုင်းငင်ထားစေချင်တာပါ…….

ဒီလိုမှမဟုတ်ရင်ဖြင့်……. သံသရာက အရှည်ကြီး…. ဘ၀တွေက မဆုံးသေး … ဆက်လျှောက်ကြရပေဦးမှာ… ဘယ်လိုလျှောက်ပ….

13. 12. 2009

Read more...

ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….


ဘာမှ မလိုချင် မလုပ်ချင်တော့ပါ….

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

ကိုဖိုးသားလေး မေးလ်ပေးပို့လိုက်တဲ့ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ တရား(၂၉၂)ပုဒ်ကို ဒေါင်းလုပ်ဆွဲယူလိုက်ပါတယ်။ မသေခင် ဆရာတော်ဘုရားရဲ့တရားတွေကိုနာကြား နေပါ တယ်။ ဓမ္မက ပေးလိုက်တဲ့ အကြောင်းအသိတရားတွေက မကျင့်သေးမီမှာကို လက်တွေ့ အကျိုးထူးတွေရနေပါပြီ…။ ဆက်လက်ပြီး ၀ိပသနာကို ကျင့်မယ်ဆိုရင်ဖြင့်…..။ ယခုနည်းနည်း လေးတရားနာပြီး တရားထိုင်ကြည့်နေတာကိုပင် စိတ်ဓာတ်တွေ ထူးထူးခြားခြား နူးညံ့သိပ်မွေ့ သွားတာကို လက်တွေ့ခံစားလိုက်ရပါတယ်..။ ကိုယ်ရည်သွေးပြောဆိုခြင်းမဟုတ်ပါခင်ဗျာ..။

ကျွန်တော်ဟာ အလွန်ဒေါသကြီးသူတစ်ယောက်ပါ။ စာပေနှင့်စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုမှာ ဒုတိယခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ပါတယ်။ စာပေနဲ့ပတ်သက်ရင် ဘာမဆိုငွေကြေး ကအစ မမျှော်မြင်ဘဲ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ပေးခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ စာရေး ဆရာအဖွဲ့ဝင်ဖြစ်အောင်၊ စာအုပ်ထုတ်ချင်နေသူကို စာအုပ်ထုတ်ဖြစ်အောင် ကူညီပေး ခဲ့ပါတယ်။

တစ်နေ့မှာ..ကျွန်တော် အကူညီပေးခဲ့တဲ့ စာရေးဆရာတစ်ဦး(ရဲအုပ်)ကို သတင်းတစ်ပုဒ်အား ကျွနှ်တော်နှင့်အဆက်အသွယ်ရှိတဲ့ဂျာနယ်တိုက်သို့ အခမဲ့မေးလ်ပို့ကူညီဆောင်ရွက်ပေးလိုက် ပါတယ်..။သူက အသစ်ဆိုတော့ ကျွန်တော့်ဂျာနယ်တိုက်သို့ မိတ်ဆက်ပေးလိုက်တဲ့ စာတို လေးကို အောက်ကရေးလိုက်ပြီး ကျွန်တော့်ကလောင်အမည်ကို အောက်ဆုံးက ရေးပြီးပို့ လိုက်မိပါတယ်..။ သတင်းရဲ့ အဆုံးမှာတော့ သူ့ကလောင်အမည်ကို ထင်ထင်ရှားရှား (အနက်ရောင်)ဖြင့် စာရေးသူရုံးလိပ်စာပါတပ်ပေးထားပါတယ်..။(အဲဒီ သတင်းဟာ သူရေးတဲ့ သတင်းမဟုတ်ပါ..။သတင်းရေးသူမှာ စာနယ်ဇင်းအတွင်းရေးမှူး ရေးတာဖြစ်ပါတယ်။ သတင်း ရေးသားသူအတွင်းရေးမှူးနဲ့ တရားခံက အိမ်နီးခြင်းဖြစ်နေလို့ စာရေးဆရာ(ရဲအုပ်)နာမည် ခံစေပြီးပို့ပေးတာဖြစ်ပါတယ်။သတင်းမေးလ်ပို့စဉ်အချိန်မှာ စာနယ်ဇင်းအတွင်းရေးမှူး ကိုယ် တိုင်ယူလာတဲ့ စီဒီချပ်ကို ကော်ပီယူပြီး ပို့လိုက်တာပါ။)

ဂျာနယ်ထွက်လာတဲ့နေ့မှာ အဲဒီသတင်းက စာမျက်နှာတစ်မျက်နှာအပြည့် ခန်းခန်းနားနား ဖော်ပြ ပါလာပါတယ်။ အောက်က သတင်းရေးသူ ကလောင်အမည်မပါဘဲ မေးလ်ပို့ပေးတဲ့ ကျွန်တော့်ကလောင်(ရွှေလမ်းငွေလမ်းဝင်းကြည်) ဆိုပြီးပါလာခဲ့ပါတယ်။ ကျွန်တော်က ကြိုတင်မသိလိုက်ပါဘူး။

ကျွန်တော့်အလုပ်ခန်းအတွင်းသို့ အဲဒီစာရေးဆရာ(ရဲအုပ်) နှင့် စာနယ်ဇင်း အတွင်းရေးမှူး တို့ နှစ်ဦး ၀င်လာပါတယ်။ အမည်ခံ စာရေးဆရာ(ရဲအုပ်) က သူ့ရဲ့ကလောင်အမည်မပါဘဲ ကျွန်တော့်နာမည်ပါလာလို့ ဒေါသူပုန်ထပြီး ရိုင်းစိုင်းစွာ၊ ပြင်းထန်စွာ၊ ပေါက်ကွဲပြောဆို သွားပါတယ်။ ငမဲ၊ငဆနဲ့ စိမ်ခေါ်စကားများကိုလဲ ပြောပါတယ်။ ယင်းသတင်းဂျာနယ်ကို တစ်ဘက်ကကိုင်၍ ကျန်တစ်ဘက်က လက်ညှိးငေါက်ငေါက်ထိုးပြီးပြောဆို ကြိမ်းမောင်းနေ ပါတယ်..။ ရဲအုပ်တစ်ဦးက တရားခံတစ်ယောက်ကို ရိုက်တော့၊ထိုးတော့မဲ့ပုံနဲ့ အော်ဟစ်ပြော ဆိုနေပါတယ်..။

ဒေါသအလွန်ကြီးတတ်သော ကျွန်တော်သည်တရားဓမ္မများကိုနာကြား ကျင့်ကြံထားတဲ့ကျေးဇူး များကြောင့် စိတ်ဆိုးခြင်းမရှိခဲ့ပါ။ ပြုံးရယ်ခါဖြင့် သူ့ကို စိတ်မဆိုးအောင် အကြိမ်ကြိမ်အခါခါ တောင်းပန်နေခဲ့ပါတယ်။ ကျွန်တော်က ရိုးရိုးသားသားကူညီပေးခဲ့တာဖြစ်ကြောင်း ဒီကိစ္စမှာ ဂျာနယ်တိုက်က မှားတာဖြစ်ကြောင်းကို အေးအေးဆေးဆေးရှင်းပြတောင်းပန်ခဲ့ပါတယ်။ သူကပြင်းထန်းစွာပေါက်ကွဲနေသော်လည်း ကျွန်တော်က ရယ်ရယ်မောမောပြောဆိုနေမိ ပါတယ်။

““ခင်ဗျားက ဘာဒုဥက္ကဌ လဲ၊ ဘာလူကြီးလဲ၊ ခင်ဗျားတို့စာနယ်ဇင်းက ဒီလိုပဲ ကျော်၊ဖြတ်၊ ကျော်ခုတ်နေကြတာပဲလား?။သူများကိုသာ လုပ်လို့ရမယ်..ကျုပ်ကိုဒီလိုလုပ်လို့ မရဘူးမှတ်ပါ။ ဒီသတင်းနဲ့ပတ်သက်လို့ ပြသနာတက်လာခဲ့ရင်တော့ ခင်ဗျားရှင်းဖို့သာ ပြင်ထားလိုက်ပေတော့ ကျုပ်အကြောင်းသိစေရမယ်..”””

ကျွန်တော်က နေပါအုံးဗျာ သတင်းပို့ထားတဲ့ အီးမေးလ်ဖိုင်ကိုမှန်ကန်ကြောင်း ပြန်ဖွင့်ပြ ပါရစေ..။ဂျာနယ်တိုက်ကိုလဲ နောက်တစ်ပတ်မှာ ကလောင်နာမည်မှားနေကြောင်း ရှင်းလင်း ချက်ထည့်ပေးပါရန် အီးမေးလ်ပို့ပေးပါ့မယ်..။ ဘယ်လိုပဲပြော၍ တောင်းပန်သော်လည်း မရပါ။ သူနှင့်အတူပါလာသော ဤသတင်းကိုရေးသားပေးသူ အတွင်းရေးမှူးကို ဇွတ်ဆွဲခေါ်သွား ပါတယ်။

ဂျာနယ်တိုက်က သူတို့မှားသွားကြောင်း ဖုန်းဆက်တောင်းပန်သော်လဲ စာရေးဆရာ(ရဲအုပ်)က မကြေနပ်နိုင်ကြောင်း တင်းမာစွာနဲ့အကြောင်းပြန်ခဲ့ပါတယ်။ဂျာနယ်အယ်ဒီတာချုပ်ကလည်း “ကဲ ဒီလောက်မှ တောင်းပန်လို့မရတာ ရှင်းလင်းချက်ထည့်မနေတော့ပါဘူး” လို့ အပြတ်ပြောလိုက်ပါတော့တယ်။

ဒီနေ့အထိ စာရေးဆရာ(ရဲအုပ်) ကျွန်တော့်ကိုမကြေနပ်ပါ။ကျွန်တော့်ဆီကိုလုံးဝမလာတော့ပါ။ ဒါဘာကြောင့်လည်းဆိုတော့ သူကဒီသတင်းကို သူ့ကလောင်နာမည်နဲ့ပါလာတဲ့ဂျာနယ်ကို အထက်အရာရှိကိုပြပြီးမျက်နှာလုပ်၍ နေရာကောင်းတစ်ခုကိုတောင်းချင်နေကြောင်း စုံစမ်း သိရှိ လိုက်ရပါတယ်..။ သူများသားသမီးကို ကိုယ့်သားသမီးလုပ်ပြီး အခွင့်အရေးယူချင် တာပါလေ..။ ဖြစ်မှ ဖြစ်ရပလေကွယ်..။ အဲဒီအခွင့်အရေးဆုံးရှုံးသွားသော်လည်း ဒီနာမည်ကြီး အမှုသတင်းကြီးဟာ သူကစတင်ဖော်ဆောင်သူဆိုပြီး ၀န်ထမ်းကောင်းဆုရရှိရေး၊ ရာထူးတက် ရေး၊အတွက် အထက် ကို တင်ထားပါသေးသတဲ့ဗျာ..။သတင်းစတင်ပေးသူ၊နာမည်မဖော်ရဲတဲ့ တာဝန်သိသတင်းပေး သူ(အရပ်သား)ကိုတော့…..ဘာလုပ်ပေးကြမည်လဲမသိပါ..။

အင်း.. ကျွန်တော်လည်း ပုထုဇဉ်လူသားအဆင့်ပဲဆိုတော့ ဒီစာကိုရေးလိုက်မိတာကိုက ကျွန်တော့်ရင်ထဲမှ တစ်ငွေ့ငွေ့လောင်းကျွမ်းနေတဲ့ ဒေါသမီးခဲလေးများက ရဲတက်လာတာ ပါလား..။ မဖြစ်သေးပါဘူး..မဖြစ်သေးပါဘူး..။ သူ့အသံ နားထဲကကို မထွက်တော့ပါဘူး..။ သူ့ရဲ့ရိုင်းပြတဲ့အမူအယာတွေကိုလဲ မျက်စေ့ထဲကကို မထွက်တော့ပါဘူး…ဆိုတဲ့ မြင်စိတ်၊ ကြားစိတ်၊နံစိတ်၊စားစိတ်၊ ယားနာကောင်းစိတ်၊ ပြန်လည်တွေးတောစိတ်တွေကို ဖြစ်ပျက်ရှုနိုင် အောင်.. တရားနာလက်စ မြစိမ်းတောင်ဆရာတော်ဘုရားရဲ့ဝိပသနာတရာတော်များအား ဆက်လက်နာကြားပေရပါဦးမည်….။

တရားစစ်၊တရားမှန် သစ္စာတရားတွေကို နာကြားနေရယုံနဲ့ကို ရုပ်တွေ၊စိတ်တွေက နူးညံ့ ကြည်လင်လာပါတယ်။ လောကုတ္တရာတရားဘာဝနာများကိုပွားနေချိန်မှာ.. ဘာမှမလိုချင်၊ မလုပ် ချင်တော့ပါကလား…..။ သစ္စာတရားနာကြားထားတဲ့အသိတွေကိုသာ ဆက်လက် ကျင့်လိုက်ရ ရင်ဖြင့်…….

“ဆရာ.ဆရာ..စာနယ်ဇင်းရွေးချယ်ပွဲနီးလာပြီလေ..။ ဆရာအရွေးခံအုံးမှားလား..?။”

““ဟေး..ဘယ့်နဲ့မေးနေရတာလဲကွာ..၊ငါ့နာမည်စာရင်းကို ထိပ်ဆုံးကသာ ထားလိုက်ပါတော့ ကွာ…။ ဟဲဟဲ.. တရားထိုင်နေချိန်သာ ဘာမှ မလိုချင်၊မလုပ်ချင်တာပါ..။ လောကီရေးရာ စာနယ်ဇင်းအဖွဲ့မှာတော့ …..သေတစ်ဖန် အသက်တစ်ဆုံး..ဥက္ကဌ နေရာကိုဆက်လက် တာဝန်ယူထားပါရစေကွယ်..””


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၁၃)ရက်၊ည(၁၂းဝ)နာရီရေးပါသည်။

Read more...

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ


ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်သည်၊ ၂၈-၁၂-၂၀၀၉၊ နေ့တွင်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ကြွရောက်တော်မူ၍၊ ၃၀-၁၂-၂၀၀၉၊ နေ့တွင် မဟာချိုင်သို့ ကြွရောက်တော်မူပြီး။ ၃၁-၁၂-၂၀၀၉၊ နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းများကို ဝပ်တလုမ်ကျောင်းတိုက် အတွင်း၌၊ နေ့တရားပွဲအဖြစ် ဆင်ယင်ကျင်းပ ဟောကြားပေးတော်မူမည် ဖြစ်ပါသောကြောင့်၊ တရားနာလိုသူ မည်သူမဆို လာရောက်နာကြားနိုင်ကြစေရန်၊ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။

ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟ မထေရ်သည်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူကာ။ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် နှင့် အဘိဓမ္မာ ရွှေညဝါ ဆရာဖြစ်သင်တန်း များတွင်၊ အကျိုတော်ဆောင် ဆရာတော် တစ်ပါးအဖြစ်ဖြင့်၊ သာသနာ့အကျိုးကို သယ်ပို့ဆောင်ရွက်တော်မူနေကြောင်း သိရှိရပါသည်။

Read more...

ဆုံးမသြဝါဒလေးပါ။

စာအုပ်လေးတအုပ်လေးကို ဖတ်ဖြစ်ရင်းနဲ့ကိုယ်အတွေလေးကို ချရေးလိုက်တာပါ။ တကယ်လဲအားလုံးအတွက် အကျိုးရှိမယ်ထင်ပါတယ်။ ဖတ်ပြီးတော့ ဝေဖန်းပေးပါအုံး။
လောကသားတိုင်း လိုက်နာ ကျင့်ဆောင်သင့်တဲ့ ၀တ်နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက လောက၀တ်ဖြစ်ပြီး နောက်တစ်မျိုးက ဓမ္မ၀တ်ပါ။ လောက၀တ်ဆိုတာ လောကကြောင်းအရ သတ်မှတ်ထားတဲ့
မိဘနဲ့ သားသမီး ပြုကျင့်ရမယ့် ၀တ်များ၊ ဆရာနဲ့တပည့်၊ လင်နဲ့မယား၊ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများ အချင်းချင်း ကျင့်ရမယ့် ၀တ်များ စတာတွေကို ဆိုပါတယ်။ ဓမ္မ၀တ်ဆိုတာ ဘာသာတရားက သွန်သင်ဆုံးမ သတ်မှတ် ပေးထားတဲ့ ငါးပါးသီလကို လုံအောင်ထိန်းမှု၊ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်မှု၊ သီလ သမာဓိ ပညာ ပြည့်စုံအောင် အားထုတ်မှု စတာတွေပါ။ ဒီတော့ကာ လောက၀တ်ကို မလိုက်နာဘဲ ဖောက်ဖျက်ရင် ပစ္စုပ္ပန်မှာ ဆင်းရဲဒုက္ခ ရောက်ရတတ်ပြီး ဓမ္မ၀တ်ကို မလိုက်နာ မကျင့်သုံးရင် သံသရာမှာ ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။
ဒါကြောင့် အတိုချုပ် ပြောရရင် …
လောက၀တ်လည်း မချွတ်စေနဲ့ ဓမ္မ၀တ်လည်း မလွတ်စေနဲ့… ဆိုတာပါပဲကွယ်…။
မောင်သြ-ထီလား)


Read more...

မိဂဒါဝုန်တောလား

ဗာရာဏသီဆိုတာကို မိဂဒါဝုန်တောနဲ့တွဲပြီးသိလေ့ရှိပါတယ်။ ဗုဒ္ဓအရှင် ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဓမ္မစကြာ တရားဦး ဟောရာအဖြစ် မြတ်နိုးတသ အနုဿတိပွားကြတာပါ။ ဘုရားရှင်ကိုယ်တော်တိုင် နောက်ဆုံးထွက်သက် တော်နီးကပ်လာချိန်မှာ ရှင်အာနန္ဒာကို မှာကြားခဲ့တဲ့ သံဝေဇနိယလေးဌာန အပါအ၀င်နေရာ မြတ် တစ်ခုလည်း ဖြစ်ပါတယ်။ပြောရရင်တော့ ရတနာသုံးပါးမှာ သံဃာရတနာမွေးဖွားရာပါပဲ။ လုမ္ဗိနီကို ဘုရားရတနာ မွေးဖွားရာ(The birth place of the Buddha) သစ္စာလေးပါးသိမြင်ရာ ဗုဒ္ဓဂယာကိုတော့ တရားရတနာ မွေးဖွားရာ(The birth place of Dhamma)တဲ့။

ဒီတော့ ဗုဒ္ဓအရှင်ရဲ့ မဇ္ဈိမပဋိပဒါအကျင့်မြတ်ကို နှစ်ခြိုက်လက်ခံပြီး သာသနာတော်တွင်းဝင်ရောက်လိုတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကို “ဧဟိ ဘိက္ခု” ခေါ်ပြီး ရဟန်းအဖြစ်အသိအမှတ်ပြုတော်မူတဲ့ မိဂဒါဝုန်ဟာလည်း သံဃာရတနာ မွေး ဖွားရာ(The birth place of Samgha)မြင့်မြတ်တဲ့ သဘာဝသိမ်တော်ဖြစ်ပါတယ်။


ဆောင်းချမ်းမြမြ ဒီလိုဒီဇင်ဘာလမျိုးမှာ ရွှေပြည်ကြီးအပါအ၀င် ကမ္ဘာနဲ့အ၀ှမ်းက ဗုဒ္ဓဘာသာတွေဟာ သံဝေဇနိယလမ်းမှာ သကျမုနိဘုရားမြတ်ရဲ့ ခြေရာတော်နောက်ကို သစ္စာအငွေ့ ပြန်ကောက်ကြတာပါ။ ဗုဒ္ဓ ကျောင်းတော်ရာတွေမှာ ဘုရားဖူးတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဝတ်ပြုဟန်နဲ့ စည်းဝါးနရီအမျိုးမျိုး တရားဓမ္မ ရွတ်ဖတ်သံတွေနဲ့ စည်စည်ဝေေ၀ရှိနေပါတော့တယ်။

သူကိုယ်တိုင်လည်း သံဝေဇနိယလမ်းအတိုင်း သုံးကြိမ်တိတိလျှောက်ခဲ့ပြီးပြီ။ သူငှါးနေတဲ့ အိမ်လေးက မိဂဒါဝုန် တံတိုင်းနားမှာဆိုတော့ နေ့စဉ်ဓမ္မတေးတွေကိုလည်း အနီးကပ်ကြားနာခွင့်ရခဲ့ပြီ။ တစ်ခါတစ်ရံမှာတော့ သီးခြား ရောက်လာတတ်တဲ့ ဘုရားဖူးတစ်ဦးစနှစ်ဦးစကိုလည်း အမြိုက်လမ်းညွှန်အဖြစ် မိဂဒါဝုန်ထဲ အတူလျှောက်ကာ တစ်ရံရောအခါဆီက ၀ါဆိုလပြည့်တစ်ညဆီ ရောက်အောင်ပို့ဖြစ်ခဲ့ပါတယ်။

ညက အေးမြ လက ရွှန်းပလို့။
ရွှေသမင်လေးတွေက မြူးတူခုန်ပေါက်လို့၊
ဗုဒ္ဓအရှင့်ကို မယုံမရဲဖြစ်နေတဲ့ ဆာဒူးကြီးငါးဦး။
အစွန်းတရားနှစ်ပါးကို ရှောင်ကြလော့......ရာစုအဆက်ဆက်လက်ခံထားတဲ့ဒဿနများကို အမြစ်ကလှန်ပစ်ကြ။ ပဋိပဒါအကျင့်မှန်မှ ပန်းတိုင်မှန်ပေလိမ့်။
တရားအစစ်ဆိုတာ အရှုပ်ထွေးဆုံးထဲက ရုန်းထွက်ရမြဲ။
နွံထဲက ကြာပွင့်ရမြဲ။

မိဂဒါဝုန်ကအထွက်မှာတော့ သူ့အနေနဲ့ မဖြစ်မနေရှင်းပြရတာက ဂျိန်းဘုရားအကြောင်းပါပဲ။ အနတ္တလက္ခ ဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီတော်ကြီးနဲ့အပြိုင် ဂျိန်းဘုရားကျောင်းတစ်ခုနဲ့ ဂျိန်းဘုရားရုပ်တုကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဖူးတွေ့လိုက်ကြရတာကိုး။

ဂျိန်းဘုရားကျောင်းတွေက ဗုဒ္ဓဘုရားကျောင်းတွေရှိတဲ့နေရာတိုင်းမှာ အပြိုင်ဆောက်လေ့ရှိပါတယ်။အကုန်လုံးက ဆင်တူရိုးမှားတွေလည်း လုပ်လေ့ရှိတာမို့ ရုပ်တုမြင်တိုင်း ဦးချချင်တဲ့ အမျိုးတွေကို ဆွဲဆွဲ ထားရပါသေးတယ်။ ဟုတ်ပ သူရို့ကိုယ်တော်ကြီးကလည်း ဗုဒ္ဓနဲ့မတူတူအောင်ကို ထုဆစ်ထားတာကလား။ အဲ သင်္ကန်းမပါတာက လွဲလို့ပေါ့လေ...။

ဂျိန်းဆိုတာက ပါဠိဘာသာဇိန(Jina)ဆိုတဲ့စကားလုံးက ဆင်းသက်တာပါ။ နိုင်ငံတကာအသံနဲ့ဖတ်တော့ ဂျိန-ဂျိန်းလို့ဖြစ်သွားတာပါ။ အောင်နိုင်သူကြီးရယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူက ဗုဒ္ဓနဲ့ခေတ်ပြိုင်ဖြစ်သလို ခတ္တိယအမျိုးအနွယ်ချင်းလည်းတူ တောထွက်တာလည်း တူပါတယ်။ ဗုဒ္ဓက ကပိလ၀တ္ထုက သကျခတ္တိယဖြစ်ပြီး ဂျိန်းကိုယ်တော်ကြီးကတော့ ဝေသာလီက နာဋခတ္တိယမျိုးပါ။ ဗုဒ္ဓအရှင်က ဇနီးနဲ့သားကို စွန့်ခဲ့သလို ဂျိန်း ကိုယ်တော်ကြီးကလည်း ဇနီးနဲ့သမီးကို စွန့်ခဲ့တယ်လို့ ဆိုပါတယ်။ တောထွက်တာချင်းတူပေမယ့် တရား သိပုံချင်း တော့  ကွဲသွားခဲ့ပါတယ်။
အင်း လွဲသွားတာပေါ့လေ။ ကိုယ်ပေါ်က အ၀တ်ကိုပါ ချွတ်ပစ်လိုက်တော့ပါ။
ပိဋကတ်စာပေမှာတော့ နိဂဏ္ဍနာဋပုတ္တလို့ မှတ်တမ်းရှိပါတယ်။

နှစ်ဆယ့်တစ်ရာစုဆိုတာ ဘယ်အရေးအရာပဲဖြစ်ဖြစ် ပွင့်လင်းရာသီမို့ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာတို့ရဲ့ ဗဟိဒ္ဓ ကွဲလွဲချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။

အနှစ်သာရပိုင်းကွဲပြားမှုများကိုတော့ အချိန်ရတဲ့အခါ မျှော်ကြ ပေရော...။
အောက်ဖော်ပြပါပုံများအတွက် ဓမ္မဂင်္ဂါအား နားလည်ကြစေခလို...။







မိဂဒါဝုန်မှ အနတ္တလက္ခဏဒေသနာဟောကြားရာဓမ္မေခစေတီ(၀ဲ)နှင့် ဂျိန်းဘုရားကျောင်း(ယာ)


မိဂဒါဝုန်ပြတိုက်အတွင်းမှ ဗုဒ္ဓဆင်းတုတော်


ဗုဒ္ဓဘာသာအထိမ်းအမှတ်ဓမ္မစကြာတံဆိပ်


ဗုဒ္ဓဘာသာရဟန်းတော်များ





ဂျိန်းဘုရားရုပ်ပွားများ







ဂျိန်းဘာသာ၏ သင်္ကေတစကြာတံဆိပ်



ဂျိန်းဘုန်းကြီး


Read more...

မြတ်စွာဘုရား၏ အားတော်ဆယ်ပါး...

ဉာဏဝိဘင်္ဂင်္င်္


ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ် အရေအတွက်ကို အကျဉ်းပြဆိုခြင်း၊

ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည်ကား-

မြတ်စွာဘုရား၏ ဘုရား အားတော်ဆယ်ပါးတို့သည် ရှိကုန်၏။ ယင်းအားတော်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

အဘယ်ဆယ်ပါးတို့နည်း-

၁...
ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သော အားဖြင့် ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အကြောင်း ဟုတ်သည်ကိုလည်း အကြောင်း ဟုတ်သောအားဖြင့် အကြောင်း မဟုတ်သည်ကိုလည်း အကြောင်း မဟုတ်သောအားဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရားအားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၂...
ထို့ပြင်လည်း မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်း မှန်စွာ သိတော်မူ၏။ အတိတ်အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အကြောင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၃..
ထို့ပြင်လည်း မြတ်စွာဘုရားသည် ဂတိအမျိုးမျိုးသို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ဂတိအမျိုးမျိုးသို့ ရောက်ကြောင်း အကျင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သောအရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကိုြ>ွမက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၎...
ထို့ပြင်လည်း မြတ်စွာဘုရားသည် များသောဓာတ်, အမျိုးမျိုးသော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ များသောဓာတ် အမျိုးမျိုးသော ဓာတ်ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မ စကြာတရားကို လည်စေတော်မူ၏။

၅...
ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏၊ သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်းခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၆...
ထို့ပြင်လည်း မြတ်စွာဘုရားသည် တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ အနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ အနုအရင့်ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာ ဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၇...
ထို့ပြင်လည်း မြတ်စွာဘုရားသည် ဈာန်, လွတ်မြောက်မှု 'ဝိမောက္ခ', တည်ကြည်မှု 'သမာဓိ', ဝင်စားမှု 'သမာပတ်' တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ဈာန်, လွတ်မြောက်မှု 'ဝိမောက္ခ', တည်ကြည်မှု 'သမာဓိ', ဝင်စားမှု 'သမာပတ်' တို့၏ ညစ်နွမ်းခြင်း ဖြူစင်ခြင်း ထခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

၈...
ထို့ပြင်လည်း မြတ်စွာဘုရားသည် ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ခြင်း ကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေ တော်မူ၏။

၉...
ထို့ပြင်လည်း မြတ်စွာဘုရားသည် သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေနေခြင်းကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာဘုရား၏ ဘုရား အားတော်ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေ တော်မူ၏။

၁၀...
ထို့ပြင်လည်း မြတ်စွာဘုရားသည် အာသဝတို့၏ ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိတော်မူ၏။ အာသဝတို့၏ ကုန်ရာကို ဟုတ်တိုင်းမှန်စွာ သိခြင်းသည်လည်း မြတ်စွာ ဘုရား၏ ဘုရားအားတော် ဖြစ်၏။ ယင်းအားတော်ကို စွဲ၍ မြတ်စွာဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို တော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။ ဤသည်တို့ကား မြတ်စွာဘုရား ၏ ဘုရား အားတော်ဆယ်ပါးတို့တည်း။ ယင်းအားတော်တို့နှင့် ပြည့်စုံသော မြတ်စွာ ဘုရားသည် မြတ်သော အရာကို ဝန်ခံတော်မူ၏။ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆိုတော်မူ၏၊ ဓမ္မစကြာတရားကို လည်စေတော်မူ၏။

ဤသို့ ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ်၏ တည်ရာသည် ဖြစ်၏။ 760 - 10

၁ဝ - ဆယ်ခုသော အဖို့အစုအားဖြင့် ဉာဏ် အရေအတွက်ကို အကျဉ်းပြဆိုခြင်း၊ ဝိဘင်္ဂ၊ အဘိဓမ္မာ။
အားတော်ဆယ်ပါး

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

တရားတော်သည် အခါမလင့် အကျိုးပေ၏.....

အညရတဗြာဟ္မဏသုတ်


ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား-

အသျှင်ဂေါတမ ကိုယ်တိုင် သိမြင်ထိုက်သောတရား ကိုယ်တိုင် သိမြင်ထိုက်သော တရားဟု ဆိုအပ်ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားသည် ကိုယ်တိုင် သိမြင် ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေး ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြ ထိုက်ပါ သနည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက် ပါသနည်း၊ အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း ဟု လျှောက်ထား၏။

ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်...
ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။

ရာဂကို ပယ်ခွါလိုက်သော်...
မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ (ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့် ကို မကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ ရာဂဖြင့် တပ်စွန်းသော သူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်း ဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိ အကျိုးကိုလည်း ဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်း ဟုတ်တိုင်း မှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်း ဟုတ်တိုင်း မှန်စွာ သိ၏၊)၊

ပုဏ္ဏား ဤသို့လျှင်...
တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။
အခါမလင့် အကျိုးပေး၏၊
လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊
မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်၏၊
အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ ဟု မိန့်တော်မူ၏။

( ) ဤကွင်းအတွင်းရှိ စကားရပ်များသည် သီဟိုဋ် ယိုးဒယား ကမ္ဗောဒီးယား အင်္ဂလိပ်မူတို့၌ မပါ။

ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်...
ဒေါသနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ဒေါသဖြင့် သိမ်းကျုံးဆွဲ ဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲ ရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။

ဒေါသကို ပယ်ခွါလိုက်သော်...
မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာ ခြင်းကိုလည်း မခံစားရပေ။

ပုဏ္ဏား ဤသို့လျှင်...
တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။
အခါမလင့် အကျိုးပေး၏၊
လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊
မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်၏၊
အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ ဟု မိန့်တော်မူ၏။

ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည်...
မောဟနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။

မောဟကို ပယ်ခွါလိုက်သော်...
မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။

ပုဏ္ဏား ဤသို့လျှင်...
တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။
အခါမလင့် အကျိုးပေး၏၊
လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်၏၊
မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူ ထားထိုက်၏၊
အရိယာ ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ ဟု မိန့်တော်မူ၏။

အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထား သော ဝတ္ထုကို လှန်ပြဘိ သကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိ လည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်း တို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိ သကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်း အမျိုးမျိုးတို့ဖြင့် တရားတော်ကို ပြတော်မူ၏၊

ထို အကျွန်ုပ်သည်...
အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
ရဟန်းသံဃာတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊

အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်၏။ 54

၃ - အညရတဗြာဟ္မဏသုတ်၊ ဗြဟ္မဏဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Read more...

မက္ကဆင်း


Art Credit : Gogh,Vincent Van
Flower Beds in Holland
1883 (150 Kb); 48.9 x 66 cm
Photograph by Richard Darsie


ကျွန်တော်က မက္ကဆင်း၏ လက်ထဲ မှော်ကျောက်တံ တစ်ချောင်းကို ထည့်ပေးလိုက်သည်။ မက္ကဆင်းက သဘောင်္ဆေး အဖြူရောင် သုတ်ထားသော ကျောက်သင်ပုန်းပေါ် ပြတင်းပေါက် တစ်လုံးကို ရေးဆွဲချလိုက်သည်။ ထိုပြတင်းပေါက်သည် မှော်ကျောက်တံ၏ အစွမ်းကြောင့် ပြတင်းပေါက် အစစ်တစ်လုံး ဖြစ်သွားသည်။ ထိုပြတင်းပေါက်ကို ဖြတ်သန်းလျက် အဇဋာ အာကာသကို ထုတ်ချင်းခတ် မြင်ရသည်။ ငှက်တွေ နေရောင်ခြည်ကို ကိုက်ပြီး သယ်လာတာတောင် မြင်ရသည်။ အံ့ဖွယ်။

ကောင်ကလေးက "ဒေါက်တာ ကျွန်တော်နဲ့ လိုက်မှာလား" ဟု မေးသည်။

"ဘယ်ကိုလဲ"

မက္ကဆင်းက တွဲကျနေသော မျက်ခွံများ ပိတ်အောင် ပြုံးလျက် မြေသားလမ်းသွယ် တစ်ခုကို ရေးဆွဲလိုက်သည်။

"ဟောဒီကို"

ဂရိစ်ပုံပြင်ထဲကလို ကျွန်တော်တို့ ရှေ့မှောက်သို့ မြေသားလမ်းသွယ် တစ်ခု အမှန်တကယ်ပင် ရောက်ရှိလာသည်။ မြေကြီးတွေက ကွမ်းသွေးတွေ ထွေးထားသလိုပဲ ရဲရဲ နီတွတ်လို့။ နေရောင်ခြည်ကလည်း သဲမှုန်နုနုလေးတွေကို တမှုန်ချင်းအလင်းရောင် ထိုးပေးထားလို့။ မြေနီလမ်းလေးအပေါ်မှာ အ၀ါရောင် ကျွန်းရွက် အချို့ လဲလျောင်းနေကြသည်။ သူတို့က ကျွန်တော်တို့ ခြေတလှမ်းလှမ်းလိုက်တိုင်း တချွတ်ချွတ်နှင့် အော်ဟစ်ရန်တွေ့ နေကြသည်။ ကျွန်တော်တို့၏ ခြေဖမိုးများကို ဓားသေးသေးကလေးများဖြင့် ထိုးခုတ်ကြသည်။

ကျွန်တော်တို့ အဲဒီလမ်းလေးအတိုင်း လျှောက်သွားကြသည်။ မက္ကဆင်းက သူ၏ပိန်သေးသော လက်ကလေးကို ဝှေ့ယမ်းလိုက်သည်။ တဲပုတ်ကလေး တစ်လုံးထဲမှ ပိန်ညှော်နေသော ခွေးဝဲစားလေး တစ်ကောင် ပြေးထွက်လာသည်။ ၀ဲစားသဖြင့် ကွက်နေသော သူ့ခေါင်းက အကွက်လေးပေါ်မှာ တောပန်းနီနီ တစ်ပွင့်သည် တင်နေသည်။

ကျွန်တော်တို့သုံးဦး ပုဏ္ဍရိတ်ပင်တွေ တစ်ဖက်တစ်ချပ်စီ ညှပ်ထားသော လမ်းမြောင်လေးတစ်ခုထဲ ဖြတ်ချိုးကာ တစ်ယောက်တန်း လျှောက်သွားကြသည်။ စီတန်းရပ်နေသော ၀က်သစ်ချပင်တွေ နှုတ်ဆက်နေကြသည်ကို ဘယ်သူမှ အမှုထားမနေကြ။ ရှေ့ကို တွေ့လိုဇောနှင့် ခပ်မြန်မြန်လျှောက်သွားကြသည်။ မက္ကဆင်းက နေဇာမြက်မျိုးစေ့တွေကို ကြဲချလာတော့ လမ်းဘေးတစ်လျှောက်မှာ နေဇာမြက်တွေ တတောက်တောက် ပေါက်လာကြသည်။ နေဇာမြက်တွေပေါ်မှ ပန်းသေးသေးကလေးတွေ ပွင့်လာပြီး ပိတုန်းတွေက ၀တ်မှုန်ကူးနေကြသည်။

ပိတုန်းတွေသွားရာနောက်ကို ကျွန်တော်တို့ နောက်ယောင်ခံ လိုက်ကြရင်း ခဏနေတော့ ကောက်ရိုးထုံးတွေ ဟိုတစ်စု ဒီတစ်စု စုပုံနေသော ရိတ်သိမ်းပြီးစ လယ်ကွင်းထဲ ကျွန်တော်တို့ ရောက်ရှိသွားကြသည်။ လယ်ကွင်းထဲမှာ လယ်သမားတွေ ကောက်ရိတ်သမတွေ ဘယ်သူမှ မရှိ။ နွေဦးလေညင်း၏ ခပ်သာသာ ပုတ်နှိုးမှုကြောင့် လန့်နိုးလာကြသော ကောက်ရိုးခြောက် ရနံ့တစ်ချို့သာ ရှိသည်။

မက္ကဆင်းက ဟိုဟိုဒီဒီ မွှေနှောက်နေသော မုန်တိုင်းသေးသေးလေး အချို့ကို ဆွဲလိုက်ပြန်သည်။ မုန်တိုင်းငယ်လေးထဲမှာ ပုစဉ်းရင်ကွဲတွေ အုပ်စုလိုက် လွင့်ပါလာကြသည်။

"ပုစဉ်းရင်ကွဲတွေ လိုက်မဖမ်းဘူးလား"

မက္ကဆင်းက ဟီးဟီး ဟု ရယ်ပြီး ခေါင်းယမ်းပြသည်။ ပြီးတော့ ကောက်ရိုးထုံးတစ်ခုပေါ် ခြေပစ်လက်ပစ်လှဲချလိုက်သည်။ ပါးစပ်ကလည်း တွေ့ကရာ ပေါက်ကရ သီချင်းတစ်ပုဒ်ကို အော်ဟစ် သီဆိုနေသည်။

"ဆူတဲ့ကောင်တွေအဝေးပြေး
ကျွန်တော့်လက်က သေးသေးလေး
သခ်ာၤဆရာမ ပုကြကြ
ဆူသံပူသံမၾကားရ
အိမ်စာမလုပ် တကုပ်ကုပ်
လယ်ကွင်းထဲမယ် နှပ်ချေးသုတ်
ကျွန်တော် မက္ကဆင်းဗရုတ်"

ခွေးဝဲစားလေးက သီချင်းသံကို ကြားရတော့ တ၀ုတ်ဝုတ်နှင့် ဟောင်ကာ ပျော်နေသည်။

"မင်းကတော့ ဗရုတ်ပါပဲ မက္ကဆင်းရယ်၊ ကဲ ငါ့အတွက် ကျွဲကလေးတစ်ကောင်လောက် ဆွဲပေးပါဦး၊ ငါ ပင်လယ်နီဖက်ကို ပျော်ပွဲစားထွက်တဲ့အခါ စီးသွားချင်လို့"

"မြင်းစီးပါလား ဒေါက်တာရဲ့"

"မြင်းက မြန်လွန်းတယ်ကွယ်၊ ထုံထုံထိုင်းထိုင်း ပုပုကွကွ ကျွဲပေါက်ကလေး တစ်ကောင်လောက် ရရင် ငါ့အတွက် တော်ပါပြီ။"

မက္ကဆင်းက ကျွဲကလေးသုံးကောင်ကို ဆွဲလိုက်သည်။ " ဒေါက်တာ့အတွက်တစ်ကောင်၊ ကျွန်တော့်အတွက် တစ်ကောင်၊ ပြီးတော့" (ခွေးဝဲစားကလေးကို လက်ညှိုးထိုးပြလျက်) "ပါပီလေးအတွက် တစ်ကောင်"

ကျွဲကိုယ်စီ စီးလျက် ကျွန်တော်တို့ စကားပြောကြသည်။ အဖြူတစ်ကွက်၊ အနီတစ်ကွက်၊ အပြာရောင်တစ်ကွက်၊ ခရမ်းရောင် တစ်ကွက် သီးနှံခင်းများ ပန်းခင်းများကို ဖြတ်သွားကြသည်။ ဘေးနားမှာ ကုပ်ချောင်းချောင်း ၀ပ်နေသော လယ်တောအိမ်နှစ်ခုကို မြင်ရသည်။ မက္ကဆင်းက ပုံပြင်တွေ ပြောပြသည်။

"ဟိုးရှေးတုန်းက ဒီအရပ်မှာ ငပျင်းတစ်ကောင် ရှိသတဲ့။ အဲဒီငပျင်းက နန်းတော်ထဲက မင်းသမီးကို ရချင်လို့ ဆိတ်သိုးကြီး တစ်ကောင်ကို စီးပြီး မြို့ကို သွားတာတဲ့။ ဆိတ်ဆိုတာ ကျွန်တော်တို့ ကျွဲတွေထက် အပုံကြီး ငယ်တာပေါ့နော ဒေါက်တာ။ ဘုရင်ကြီးက အမိန့်ထုတ်ထားတာက မင်းသမီးကလေး စကားသုံးခွန်းပြည့်အောင် ကြံဆောင်နိုင်တဲ့လူကို မင်းသမီးရဲ့ ဖူးစာရှင်အဖြစ် လက်ထပ်ထိန်းမြားပေးမတဲ့။ ၀င်ပြိုင်လို့ အနိုင်မရရင်တော့ ထောင်သွင်း အကျဉ်းချထားမတဲ့။"

မှတ်ဥာဏ်ကောင်းဟန် မတူသော ကောင်ကလေးက ဆက်ပြောရမှာ ပျင်းသွားဟန်နှင့် တစ်ချက်သန်းလိုက်ပြီး

"နောက်တော့ ဒေါက်တာသိတဲ့အတိုင်းပဲ။ ငပျင်းနဲ့ မင်းသမီးလေးနဲ့ ညားသွားတာပေါ့"ဟု အဆုံးသတ်သည်။

နောက်တော့ ကျွန်တော်တို့ တခြားအကြောင်းတွေကို ပြောကြပြန်သည်။

"မင်းတို့အတန်းထဲမှာ ဘယ်သူက စာအတော်ဆုံးလဲ"

"ဂျွန် ထင်တာပဲ။ သူ့ကို ဘရစ်လစ်ယန့် ဂျွန်လို့ ခေါ်ကြတယ်။ ဥာဏ်ကောင်းလို့။ အကကောင်းတဲ့ ကောင်မတွေလည်း ရှိတယ်။ ဆုတွေ ခဏခဏရတဲ့ စံပြကျောင်းသားတွေရောပဲ။ သူတို့ကတော့ ကျွန်တော်တို့ကျောင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကျောင်းလို့ ပြောကြတာပဲ"

"မင်းရော ဆုလေးဘာလေး မရဘူးလား"

"တုတ်ဆုပဲ ရမယ်။ အားကြီး။ ကျွန်တော့်ကို သူတို့က ဖားပြုတ်ကလေးလို့ ခေါ်တာ။ ကျွန်တော်က မျက်ခွံတွေ တွဲကျနေလို့တဲ့။ ပြီးတော့ ကျွန်တော်က ထိုင်းတယ်လေ"

"အထိုင်းဧကရာဇ်ပေါ့"

"ဟုတ်တယ်။ အဲလို ခေါ်တဲ့ ဆရာမတစ်ယောက်လည်း ရှိတယ်။ ကျွန်တော်ကလည်း သူတို့ကို ပြန်ခေါ်တာပဲ။ ဒရက်ကူလာတွေလို့"

"အဲဒီလိုခေါ်တော့ အပြစ်ပေးမခံရဘူးလား"

"ဟီးဟီး။ စိတ်ထဲကခေါ်တာပေါ့ ဒေါက်တာရဲ့။ ၂ တန်းမှာ ဒီတစ်နှစ်ထပ်ကျရင် ပရင်စီပယ်က ကျောင်းထုတ်မယ်တဲ့။ အဲဒါကို အီဖေကိုယ်က ပိုတောင်ကြိုက်သေး။ ဝေး ဟေးဟေး... လာလေရော..."

မက္ကဆင်းက သူ့ကျွဲကို ဖနောင့်နှင့် ခပ်ဆတ်ဆတ် တို့လိုက်ပြီး ရှေ့မှ စီးသွားသည်။ ရဲတိုက်ရှည်မျောမျောကြီး တစ်ခု ပေါ်လာသည်။ ရဲတိုက်ရှေ့မှာ ကျုံးကြီးတစ်ခု။ ကျုံးကြီးကို မိုးထားလျက် ခေါက်တင်ရသည့် တံတားကြီးတစ်ခု ရှိနေသည်။ မက္ကဆင်းက ကျုံးကို ဖြတ်ကူးဖို့ ကြိုးတံတားကြီး တစ်ခုကို ဆွဲလိုက်ပြီး ကြိုးတံတားပေါ်မှာ ကျွဲခွာသံတဒေါက်ဒေါက်ပေးလျက် သုံးဦးသား ရဲတိုက်ထဲ ၀င်သွားကြသည်။ ရဲတိုက်၏ တံခါးဝရှေ့တွင် သံကွင်းတစ်ခု ချိတ်ဆွဲထားသည်။ ရဲတိုက်ကြီး တစ်ခုလုံးက ခြောက်သွေ့ တိတ်ဆိတ်လို့ နေသည်။ အစောင့်တွေ ဘာတွေလည်း ရှိပုံမရ။ မက္ကဆင်းက သံကွင်းကို ဆွဲလိုက်တော့ ရဲတိုက်တံခါးဝကြီးက တကျွီကျွီ မြည်ကာ ပွင့်သွားပြီး ၀တ်ရုံရှည်ကြီး ခြုံထားသော နတ်သမီးတစ်ပါး ပေါ်လာသည်။

"သြော်...ဧည့်သည်တွေ ကိုး။ ကြွပါကြွပါ။ ဒီမှာ တော်တော်တောင် လူစုံနေပြီ။ ဒီနေ့ အထုံအထိုင်းပြိုင်ပွဲနဲ့ အထုံအထိုင်း ကဗျာရွတ်ပွဲ ရှိတာနဲ့ အတော်ပဲ။ ပြိုင်ပွဲတစ်ခုခုမှာ အနိုင်ရရင် မှော်ကျောက်တံ တစ်ချောင်းဆုချပါမယ်။"

"ကျွန်တော်တို့က ပြိုင်ပွဲဝင်ကြမှာ မဟုတ်ပါဘူးခင်ဗျာ။ ပျင်းလို့ ကျွဲလျှောက်စီးနေတာပါ။ ကျွန်တော်က ငါးအလီတောင်ရတဲ့သူ မဟုတ်ပါဘူး" ဟု မက္ကဆင်းက ဖြေသည်။

"ငါးအလီတောင် မရဘူး။ ဟုတ်လား" နတ်သမီးက မျက်လုံးလေးကို ၀ိုင်းလျက် မေးသည်။

"အဲဒီလိုဆို ကလေးပဲ ပထမ ရမှာပါ။ လာပါ ၀င်ပြိုင်ပါ"

"ဟင့်အင်း ကျွန်တော် မပြိုင်ဘူး။ ပြိုင်နေဆိုင်နေရမှတော့ ဒီဘက်တောင် ထွက်မလာဘူး။ အတင်းပြိုင်ခိုင်းနေရင် ကျွန်တော်တော့ အရှုံးပေးချလိုက်မှာပဲ"

အထဲမှ အထုံအထိုင်း အချို့က မက္ကဆင်းကို အရိုအသေပေးကြသည်။ မက္ကဆင်းကို ကြည့်လျက် သူတို့အချင်းချင်း တီးတိုးပြောနေကြတာကို တွေ့ရသည်။

"အရှုံးပေးလိုက်ပြီ ဆိုတာနဲ့ ပထမ ရတာပဲ လို့ ပြောနေကြတာ" ဟု နတ်သမီးက ဘာသာပြန်ပြသည်။ မက္ကဆင်းကို သူတို့က စပျစ်ဝိုင်တွေ တိုက်ကြသည်။ ပြီးတော့ သူတို့အတွက် အဖွင့်မိန့်ခွန်းပြောပေးရန် တိုက်တွန်းကြသည်။ မက္ကဆင်းက ကျောက်တုံးလေး တစ်တုံးကို ရေးဆွဲလိုက်ပြီး ကျောက်တုံးပေါ် တက်ရပ်လိုက်သည်။

"ကျွန်တော်ဟာ ငါးအလီတောင် မရပါဘူး"

အောက်က သြဘာပေးကြသည်။

"ဝေး..ရွှီးရွှီး..ဖြောင်းဖြောင်း..."

"ကျွန်တော် ပြိုင်ပွဲကို အရှုံးပေးလိုက်ပါပြီ။ အခု ကျွန်တော် ကမ်းခြေကို သွားမယ်။ လိုက်ချင်တဲ့ သူတွေ တပျော်တပါး လိုက်ခဲ့ကြပါ။ တစ်ခုတော့ သတိပေးမယ်။ အိမ်စာတွေကို ယူလာခွင့်မရဘူး။"

"ဝေး.. လိုက်မယ်ကွ"

သူတို့တစ်သက်တာ ကြားဖူးသမျှမှာ အကောင်းဆုံးမိန့်ခွန်းနှင့် မင်္ဂလာအရှိဆုံး ကမ်းလှမ်းချက်ပဲဟု အထုံအထိုင်း ကြီးများက ကြိတ်ကြိတ်ကြိတ်ကြိတ် ပြောနေကြသည်။

မက္ကဆင်းက ကမ်းခြေပုံကို ဆွဲလိုက်သည်။ အားလုံး ကမ်းခြေပေါ် ရောက်သွားကြသည်။ ပင်လယ်လှိုင်းလုံးကြီးတွေက နပိုလီယံ၏ စစ်တပ်ကြီးလို ဝေါကနဲ ပြိုဆင်းလာလိုက်။ နောက်ပြန်ဆုတ်သွားလိုက်နှင့်။ နေရောင်ခြည်အောက်မှာ ဘဲငန်းတွေက အမွေးတွေဖွပြီး ရေတွေခါလိုက်၊ သူတို့ကိုယ်သူတို့ ရေမှန်ကြည့်လိုက် လုပ်နေကြသည်။ နောက်တော့ ကျွန်တော်တို့ အားလုံး သီချင်းတွေ တပျော်တပါး ဆိုကြသည်။ နေ့ခင်းကြီးတန်မဲ့ မီးပုံပွဲတွေ လုပ်ကြသည်။ "နေရောင်ခြည်က ၀င်းပပ မက္ကဆင်းကလေး လှတတ၊ ဘဲငန်းတွေက တဂတ်ဂတ် တို့အားလုံးက ခပ်ညံ့ညံ့"

ကျွန်တော်တို့ အသားကင်တွေ စားကြသည်။ မက္ကဆင်းက ဗျပ်စောင်းပုံကို ဆွဲလိုက်ပြီး ကောင်မလေးတစ်ယောက်ကို ပေးသည်။ ကောင်မလေးက ဗျပ်စောင်းကို လက်မ နှစ်ချောင်းတည်းနှင့် စမ်းတမ်းစမ်းတမ်း တီးနေသည်။ ကျွန်တော်တို့ လက်ခုပ်တွေ တီးကြသည်။ တစ်ယောက်မှ သီချင်းတစ်ပုဒ်ကို အမြီးအမောက်တည့်အောင် မရ။ အစကို ရသည့်သူနှင့်။ အလယ်ကိုသာ ရသည့်သူနှင့်။ အဆုံးကိုသာ ရသည့်သူနှင့်။ နောက်ဆုံး ကိုယ့်ပါးစပ်ထဲရှိတာတွေသာ အပြိုင်အဆိုင် အော်ဆိုကြသည်။


အိုင်းစတိုင်း၏ ရီလေတီဗီတီကို အဘိုးကြီးတစ်ယောက်က ဆီးသီးတစ်လုံးနှင့် နှိုင်းယှဉ်ပြသည်။ ရီလေတီဗီတီ သဘောဟာ ဆီးသီးလိုပဲတဲ့။ တစ်နေရာမှာ ချိုပေမဲ့ အခြားတနေရာမှာ ချိုချင်မှ ချိုတာဟု ပြောသည်။ ကျန်တဲ့သူတွေက ၀ိုင်းဝန်းဝေဖန်ကြသည်။ နောက်ဆုံးအဘိုးကြီး ဒေါသတွေထွက်ပြီး နင့်မေကလွှား နင့်မေကလွှားဟု အော်နေတော့သည်။

ကျွန်တော်က သဲသောင်ပြင်ပေါ်မှာ ဘုံခုနစ်ဆင့်ကို ဆောက်သည်။ ရဲတိုက်က လူတွေ အားလုံး ၀ိုင်းအုံကြည့်နေကြသည်။ ဘုံခုနစ်ဆင့်က တစ်ဆင့်ပြီး တစ်ဆင့် မြင့်လာသည်။ တစ်ဆင့်မြင့်လာတိုင်း တစ်ဆင့် ရင်ခုန်စရာ ကောင်းလာသည်။ အားလုံး အသက်မရှူရဲအောင် ရင်သပ်ရှုမော ဖြစ်နေကြသည်။ "ဒီအထဲမှာ ငါ့ဒေါက်တာတစ်ယောက်ပဲ အထုံအထိုင်း မပါတယ်" ဟု မက္ကဆင်းက ပြောသည်။

ခဏနေတော့ ဘုံခုနစ်ဆင့်ကို ပင်လယ်လှိုင်းလုံး တစ်လုံးက တိုက်ချသွားသည်။

"ဝေး."

သူ့တစ်သက်တာကြည့်ရသမျှ အကောင်းဆုံး ထုံထိုင်းမှုသရုပ်ပြပွဲပါပဲ ဟု အလွန်ထုံထိုင်းပုံရသော ရှေ့မီနောက်မီ အဘွားအို တစ်ယောက်က လာပြောသည်။ ကျွန်တော်က ကြောင်အမ်းအမ်းရပ်နေဆဲ မက္ကဆင်းက မျက်ခွံများကို ပိတ်လျက် အဘွားအိုကို အားရပါးရ ပြုံးပြလိုက်သည်။ ပါပီလေးက မက္ကဆင်းပါးကို လျှာနှင့် ရက်ပေးနေသည်။


....................................................................

"ကျွန်တော် ဒီနေ့ကို သဘောအကျဆုံးပဲ။ ဒေါက်တာ့ကိုလည်း သဘောကျတယ်။"

မက္ကဆင်းကို မိဘမဲ့ ဂေဟာမှ ပြန်လာခေါ်သည်။ သူ့ကို ဂေဟာမှ လာမခေါ်မီ လည်နေသည့် သွားပွတ်တံလေးနှင့် မှော်ကျောက်တံလေး တစ်ချောင်း ပေးဖို့ ကျွန်တော့်မှာ အချိန်ရလိုက်သည်။ မက္ကဆင်းမှာ ပါရမီတစ်မျိုးရှိတာ ကျွန်တော် သိရသည်။ သို့ရာတွင် ဂေဟာက လူများကို ကျွန်တော် မပြောပြလိုက်။ ပြောပြလို့ရော နားလည်မတဲ့လားနော်။ သူတို့ ဘာကို အရေးတယူ လုပ်နေကြသလဲ မသိအောင် ကျွန်တော်က ထုံထိုင်းလွန်းနေတာ။

မက္ကဆင်းကတော့ ဒရက်ကူလာလေး မဖြစ်အောင် ခုခံချင် ခုခံနေဦးမည်။ ဖြစ်သွားတော့ရော...

ကောင်းတာပါပဲ။

မဖြစ်တော့ရော။

အင်း... ကောင်းတာပါပဲ။

နည်းနည်းတော့ ခက်လိမ့်မည်။ အားလုံး နည်းနည်းစီတော့ ခက်ကြသည်။ ကျွန်တော်က ကျွန်တော့် မွေးစား သားလေးကို ထုံထိုင်းသူတစ်ဦး ဖြစ်စေချင်မတဲ့လား။ သို့သော် ဒရက်ကူလာ တစ်ဦးလည်း ဖြစ်စေချင်မည် မဟုတ်။ ဒီပြဿနာကို မဖြေရှင်းနိုင်လောက်အောင် ကျွန်တော့်ခေါင်းက ထုံထိုင်းနေပါသည်။ အကောင်းဆုံးကတော့ မျက်ခွံများ ပိတ်အောင် အားရပါးရ ပြုံးလိုက်ခြင်းသာ ဖြစ်တော့သည်။

(ခပ်ပျင်းပျင်းရှိသည်နှင့် မည်သည့် သင်္ခန်းစာ မပေးနိုင်သော ပုံပြင်ကလေးတစ်ပုဒ်ကို ပီတိအတွက် သက်သက် ပြောပြခြင်းသာ။)

Art Credit : Gogh,Vincent Van
Flower Beds in Holland
1883 (150 Kb); 48.9 x 66 cm
Photograph by Richard Darsie


Read more...

*တရားနာနည်း(၅)မျိုး*

သူတော်ကောင်းတရားနာကြားဖို့မြတ်စွာဘုရားရှင်က(၅)နည်းလမ်းညွန်ထားပါတယ်။
(၁) တရားစကားကိုရိုရိုသေသေလေးလေးစားစားနာကြားပါတဲ့။
ဒီစကားတွေဟာသိပြီးသားနားလည်ပြီးသားတွေပဲဆိုပြီး အဲသလို မထီမဲ့မြင် သဘောမထားဘဲ ရိုရိုသေ
သေသေလေးလေးစားစားတရားစကားကိုတန်ဖိုးထား၍နာကြားပါ။
မြတ်စွာဘုရားတရားဟောတဲ့အခါရဟန္တာဖြစ်ပြီးသားရှင်သာရိပုတ္တရာမထေရ်ကြီးလည်းနာကြားတာပါ
ပဲ၊အရှင်သာရိပုတ္တရာဟောကြားတဲ့အခါမှာလည်းရံဖန်ရံခါမြတ်စွာဘုရားကိုယ်တော်တိုင်နာကြားတာပါ
ပဲ၊ဒါကြောင်တရားစကားဆိုတာရိုသေလေးစားတန်ဖိုးထားပြီးနာရပါတယ်။
(၂) တရားဟောတဲ့ ပုဂ္ဂိုလ်ကိုလည်း(အမှန်တရားသာ ဟောမယ်ဆိုရင်ပေါ့၊ အမှန်တရား မဟောဘဲမ
တောက်တစ်ခေါက်ဟောတဲ့ပုဂ္ဂိုလ်မဆိုလိုပါဘူး)မည်သူဘဲဟောဟောဘုရားကိုယ်စားဟောနေတာပဲ
လို့ရိုသေလေးစားတန်ဖိုးထားပြီးနာယူပါတဲ့။
ရဟန်းပဲဟောဟော၊သာမဏေပဲဟောဟော၊အမျိုးသားပဲဟောဟော၊အမျိုးသမီးပဲဟောဟောလမ်းမှန်
အတိုင်းသာဟောပြောတယ်မယ်ဆိုရင်အဲဒီပုဂ္ဂိုလ်ကိုရိုသေလေးစားစွာဘုရားကိုယ်စားဟောနေတာပဲ
လေလို့အဲသလိုတန်ဖိုးထားပြီးနာတတ်ဖို့လိုပါတယ်။
(၃)မိမိကိုယ်မိမိလည်းရိုသေလေးစားတန်ဖိုးထားပြီးနာရပါတယ်။
“ဒီစကားတွေကမြင့်တယ်၊ငါနဲ့မတန်ဘူး၊ငါကအဆင့်နိမ့်သေးတယ်၊ပါရမီနည်းသေးတယ်၊ဒီတရားနဲ့
ငါနဲ့မတန်သေးဘူး”ဆိုပြီးကိုယ့်ကိုကိုယ်လျှော့မချပါနဲ့၊“တရားတွေကငါ့အတွက်ဟောခဲ့တာပဲလို့”
မိမိကိုယ်မိမိမြင့်တင်ပြီးတော့ကိုယ့်ကိုကိုယ်လည်းရိုသေလေးစားတန်ဖိုးထားလို့နာရပါတယ်။
(၄)တရားနာတဲ့နေရာမှာလူကတော့တရားဟောပုဂ္ဂိုလ်ရဲ့ရှေ့မှာငုတ်တုတ်ကြီးထိုင်လို့စိတ်ကအိမ်မှာ
အလုပ်ရှုပ်နေတယ်၊လူကတစ်ခြားစိတ်ကတစ်ခြားဒီလိုနာရမှာမျိုးမဟုတ်ပါဘူး။ကိုယ်ကိုကိုယ်ကယ်တင်
တဲ့အလုပ်ဆိုတော့ တရားအပေါ်မှာစိတ်ပါလက်ပါ၊ စူးစူးစိုက်စိုက်၊ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုချ၍နာ
ကြားပါ။
(၅) တရားကိုနှလုံးသွင်းရင်ဆင်ခြင်ရင်းနဲ့အဲသလိုတရားလမ်းကြောင်းပေါ်မှာစိတ်ကလေးကိုတင်ပြီးနာ
ကြားပါလို့တရားနာနည်း(၅)နည်းကိုမြတ်စွာဘုရားရှင်ညွန်ကြားထားပါတယ်။
ယောဆရာတော် ဗုဒ္ဓလမ်းညွှန် အကျင့်မှန်
သတ္တ၀ါအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP