* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, December 7, 2009

ဒေါသနည်းအောင်နေနည်း။


http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ယခုတလောမှာ ဘ၀ရဲ့အဆင်မပြေမူများကြောင့် ဒေါသ၊သောကတွေဖြစ်ခဲ့မိပါတယ်။ အဲဒီအချိန်မှာ ယခုစာပေတရား အားဆေးတစ်ခွက်ကို သောက်လိုက်ရပါတယ်။ ရင်တွင်းက ဒေါသ၊သောကမီးတွေ အေးငြိမ်းသွားလို့ တဆင့်မျှဝေပေးလိုက်မိပါတယ်။
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


“ဒေါသနည်းအောင်နေနည်း"
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက
http://refineplace.myanmarbloggers.info/
ကိုငယ် ဘလော့မှ ကူးယူဖော်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဒီဇင်ဘာလ(၇)ရက်၊ည(၆း၂၀)နာရီ တင်ပါသည်။

Read more...

မစိုးရိမ်အလွမ်း(၃)

တကယ်တော့ သူက မစိုးရိမ်တိုက်သစ်တံခါးဝကြီးကို သုံးကြိမ်တိတိ ၀င်လိုက်ထွက်လိုက် လုပ်ခဲ့တာပါ။ ၁၉၈၈။ ၁၉၉၀။ ၁၉၉၃။ ခုနှစ်တွေမှာပါ။ ဘယ်အကြိမ်ကြိမ်ပဲဖြစ်ဖြစ် ဆရာတော်အရှင်ရာဇဓမ္မရဲ့ ပုံရိပ်က မပြောင်းလဲ ခဲ့ပါဘူး။ စာအုပ်ထူထူကြီးတွေထမ်းလို့..၊ ကျွဲကော်မျက်မှန်ထူထူကြီးတပ်လို့…၊ တစ်ဝက်တစ်ပျက်ဖွင့်ထားတဲ့ ပုသိမ်းထီးကို ဆောင်းလို့ ပါပဲ။

ရာသီအကန့်တွေသာ ပြောင်းမယ် ။ ဆရာတော်ကတော့ မစိုးရိမ်တိုက်သစ်ရဲ့ မင်းလမ်းမကြီးအတိုင်း အမြဲသီတင်းသုံးရာ ဓမ္မဒါယာဒကျောင်းဆောင်ကနေ နေ့သန့်စင်ရာ ဓမ္မသီတဂူကျောင်းဆောင်ဆီကို နေ့စဉ်မပျက်လျှောက်လာတတ်တာပါ။

ပထမတစ်ခေါက်တွေကတော့ ဆရာတော်ကြီးထမ်းလာတတ်တဲ့ စာအုပ်ကြီးတွေက အလှမ်းဝေးလွန်းလှပါတယ်။ ဆရာတော်ကြီးက သူထမ်းလာတဲ့ စာအုပ်ထူထူကြီးတွေကို ဓမ္မသီတဂူအဆောင်အလယ်ထပ်က စာကြည့်စားပွဲမှာ ထိုင်ပြီး ဖတ်လေ့ရှိပါတယ် ။

နောက်ဆုံးအခေါက်ဝင်ဖြစ်တဲ့နှစ်မှာတော့ ဆရာတော်ကြီးဖတ်နေတဲ့ စာအုပ်ထူထူကြီတွေရဲ့ ခေါင်းစဉ်လောက်ကိုတော့ သူက စောကြောမိပါပြီ။ ချိန်းဘားအင်္ဂလိမ်အဘိဓာန်စာအုပ်ကြီးနဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကြီး မစ္စတာနေရူးရဲ့ ကမ္ဘာ့သမိုင်းစောင်းငဲ့ကြည့်ခြင်းဆိုတဲ့ စာအုပ်ထူထူကြီးနှစ်အုပ်ကိုတော့ မှတ်မှတ်ရရရှိနေခဲ့တာပါ။

သူကိုယ်တိုင်လည်း အဲဒီနှစ်တွေမှာ စာကြမ်းပိုး(ဂျပိုး)လိုလို ဂိုက်ဖမ်းပြီး အင်္ဂလိပ်စာကိုလည်း ထော့နဲ့ထော့နဲ့ လေ့လာတဲ့အပိုင်းကို ရောက်နေခဲ့ပါပြီ။ ဂရမ်မာစာအုပ်တွေ ကောင်းတယ်ဆိုသမျှ ၀ယ်ဖတ် သင်တန်းတွေ ကောင်းတယ်ဆိုသမျှ ၀င်တက်လုပ်နေခဲ့တာပါ။ မြတောင်ကျောင်းက ဘုန်းတော်ကြီးထံမှာ နှစ်ရက်ခန့်၊ ငွေတောင်တိုက်က ဘုန်းကြီးအိုကြီးဆီမှာ တစ်ပတ်ခန့်။ ၃၅ အေလမ်းပေါ်က ဖားသားလဖုန်းကျောင်းက ခရစ်ယန်ဘုန်းတော်ကြီးထံမှာ တစ်လခန့် စသည်စသည်..။

သင်တန်းတွေကို သူက အကြာကြီးမတက်ဖြစ်ခဲ့တာက ရွာဦးဘုန်းတော်ကြိးသင်ပေးလိုက်တဲ့ အင်္ဂလိပ်စာဓါတ်ခံလေးကို အားပြုပြီး အခြေခံအင်္ဂလိပ်စာအုပ်လေးများကို အကူမပါပဲ ဖတ်နိုင်ခဲ့တာကြောင့်ပါ။ တက်မိတဲ့ သင်တန်းတွေကလည်း အင်္ဂလိပ်စာအခြေခံအားနည်းကြတဲ့ သာသနာ့ဝန်းထမ်းအများစုအတွက် ရည်ရွယ်တာဖြစ်လေတော့ အခြေခံကို ကျော်ခွချင်တဲ့ သူ့အတွက် ဖားသားလဖုန်းကျောင်းက ဘုန်းတော်ကြီးရဲ့ သင်ပြမှုကတော့ အဆင်ပြေခဲ့ပါသေးတယ်။ ဒါပေမယ့် သာသနာ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်စာရင်းမှာ သူ့အမည်ပါလာလေတော့ နန်းတော်ရှေ့ဇာတ်လမ်းဇာတ်ကွက်တွေဆီ ပညာသင်နှစ်အသစ်တွေဆီ ဆက်လက်ခုတ်မောင်းခွင့်ရခဲ့ပြီးနောက်ပိုင်း ခရစ်ယန်ဘုန်းတော်ကြီးရဲ့ စေတနာစာသင်ခန်းလေးနဲ့ ဝေးခဲ့ရတော့တာပါ။ ကျေးဇူးတင်ပါတယ် ဖာသာ။

ဘာသန္တရ(နိုင်ငံခြားဘာသာစကား) ကို အရူးအမူးဖြစ်စွာ.. စာပေမှန်သမျှ အထူးအားဖြင့် မော်ဒန်စာပေလှုပ်ရှားမှုမှန်သမျှ စောင့်ကြည့်ကာ ဓမ္မသီတဂူကျောင်းရှေ့က ပိတောက်ပင်လေးအောက်မှာ ကဗျာတွေအကြောင်းပြောဖြစ်ခဲ့ဖူးပါတယ်။ တကယ်တော့ သူနဲ့ စာပေအကြောင်း စာအုပ်တွေအကြောင်း ကြုံတိုင်းပြောဖြစ်ခဲ့တဲ့ မိတ်ဆွေစီနီယာရဟန်းတော်တစ်ပါးတော့ ရှိခဲ့ဖူးပါရဲ့။ သူ့မိတ်ဆွေရဟန်းတော်ကို မိုက်ကယ်လ်ကြီးလို့ ခေါ်ခဲ့ကြသလို သူ့ကိုလည်း မော်ဒန်တွေ ဒန်လွန်းလို့ မော်ဒန်ကြီးလို့ နစ်ခ်နိမ်းပေးခဲ့ကြပြန်ပါတယ်။ဒါပေမယ့် မော်ဒန်ဆိုတာ ဘာလဲအမေးကိုတော့ သူမဖြေနိုင်ခဲ့ပါလေ။

တကယ်တော့ အဲဒါဟာ ကိုယ့်ကိုယ့်ကို ဟုတ်လှပြီထင်ပေမယ့် မစိုးရိမ်တိုက်သစ်ကြီးရဲ့ စည်းမျဉ်းတွေအပေါ်မှာ သစ္စာဖောက်ခဲ့သလို ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကိုယ့်ပညာရေးလမ်းကြောင်းကိုလည်း မရိုးမသားလုပ်ခဲ့တာပါပဲ..။ သူက အဲဒီနှစ်တွေမှာ သကျသီဟစာသင်တန်းမှာ စာရင်းသွင်းထားတာပါ ။ ကမ္ဘာ့သာသနာပြုအကျော် ဆရာတော်ကြီး အရှင်သေဋ္ဌိလရဲ့ ဆရာဖြစ်တဲ့ နာမည်ကျော်အရှင်အာဒိစ္စ၀ံသ( နောင်ဆရာကြီး ဦးအောင်မြတ်ထွဋ် ) မျှော်မှန်းခဲ့ဖူးသလို မစိုးရိမ်အ၀န်းအ၀ိုင်းမှာ နာယကစာချဖြစ်ရေးအိပ်မက်တွေ မက်ခဲ့သေးတာပါ။ ဒါပေမယ့် သူက မရိုးသားခဲ့ပါဘူး။

တကယ်တော့ ကိုယ်ဘာလိုတယ်ဆိုတာ အကဲမဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မင်းတို့ခေတ်က ကိုယ့်ပညာရေးကိုတောင် မင်းတို့ အလေးမထားဘူး။ ပညာသင်တဲ့ပုဂ္ဂိုလ်ဆိုတာ ဗောဓိရာဇကုမာရသုတ်(မ၊၂၊၂၂၇)မှာ ဘုရားရှင်က ဟောထားတယ်။

ဗောဓိရာဇကုမာရက ပထမမေးတယ်ပေါ့ကွာ။ အရှင်ဘုရား မဂ်ဖိုလ်ရချင်ရင် ဘယ်နှစ်ရက်လောက် နေရင်ရမှာတုန်း။ ကတ်သီးကတ်သတ်မေးတဲ့မေးခွန်းပါကွ၊ ဒီတော့ သူက ရိုးသားမှုရှိတယ်ဆိုရင်ကတော့ (၇)နှစ်ပေါ့။ (၇)လပေါ့။သို့မဟုတ် (၇) ရက်ပေါ့ကွာ။ ရိုးသားမှုရှိဖို့တော့ လိုတယ်။ ဒီအားထုတ်တဲ့ပုဂ္ဂိုလ်က ရိုးသားမှုရှိရင်ကတော့ ဒါ မြန်မြန်ရတာပဲပေါ့။

ဗောဓိမင်းသားကို ဘုရားရှင်က ပြန်မေးတယ်၊ မင်းလည်းကွာ ဆင်အတတ်တွေ မြင်းအတတ်တွေ သူများသင်ပေးနေတာပဲ။ ကဲ အဲဒီသင်ပေးနေတော့ မင်းမှာလဲ တပည့်တွေ အများကြီးရှိတာပဲကွ။ အဲဒီတပည့်တွေထဲမှာ မရိုးသားတဲ့တပည့်ကို မင်းပညာတတ်အောင် သင်နိုင်ရဲ့လား။ ဟာ အရှင်ဘုရားမရဘူး။ မရိုးသားရင်တော့ ဘာပညာမှ သင်လို့မရဘူး။

အေးအဲဒါမှတ်ထား။ ဒါကြောင့် ပညာသင်တယ်ဆိုတာ မင်းတို့လောကီပညာပဲသင်သင် လောကုတ္တရာပညာပဲသင်သင် ရိုးသားမှုက အင်မတန်လိုတာ၊ ခုမင်းတို့က အဲဒီအင်္ဂါရပ်သိပ်ချို့တဲ့နေကြတာ။ နေရာတကာလျှောက်ညာနေကြတယ်။”

“ဟိုတစ်နေ့က ပြောခဲ့တဲ့ ဟဲလင်ကဲလားဆိုတဲ့အမျိုးသမီးလေးဆိုတာ မျက်စိကန်းနေတာပဲ။ ဒါပေမယ့် မျက်မမြင်စာနဲ့ စိတ်ဝင်စားမှုရှိတော့ကို ပညာသင်တော့ တတ်သွားတာပဲ။ ဘီအေတွေ ဘာတွေ အောင်သည်အထိ ---ပညာတတ်သွားတယ်။ သူက မျက်စိမမြင်ပေမယ့် ပညာရေးမှာ စိတ်ဝင်စားတယ်။ ရိုးသားတယ်။ တကယ်ပညာတတ်ချင်တဲ့ အဲဒီစိတ်ထားရှိတယ်။ ….မင်းတို့အခြေအနေက သူ့ထက်အများကြီးသာတယ်၊ ဒါပေမယ့် မရိုးသားတော့ ပညာအတတ်နည်းတာပဲ။”

“ဒို့ခေတ်တုန်းက ဗောဓိရာဇကုမာရသုတ်မှာ ဟောတဲ့အတိုင်း ရိုးသားကြတယ်။ ကိုယ့်ပညာကိုယ်သင်မှ ရမယ်။ အဲသလို ရိုးသားတယ်။ ----ဒို့ခေတ်မှာ ဘုရားဝတ်တက် စည်းမျဉ်းလုပ်ဖို့မလိုဘူး။ စာအံကျောင်းတက်ရမယ်ဆိုတဲ့ စည်းမျဉ်းလိုပ်ဖို့မလိုဘူး။ သူစာနဲ့သူအံနေကြတာပဲ။ မင်းတို့ခေတ်မှာ အဲလိုဖြစ်ဖို့လိုတယ်။ အဲသလို ဖြစ်မှ မင်းတို့သာသနာလည်း တိုးတက်မှာ။ တိုင်းပြည်လည်းတိုးတက်မှာ ။ ဒီအတိုင်းသာ လူပျင်းတွေချည်းသာ ဖြစ်နေရင်တော့ ဒို့သာသနာလည်း မတိုးတက်ပါဘူး။ တိုင်းပြည်လည်း မတိုးတက်ပါဘူး။”( ၁၃၆၆ ခု ၊ ဒုတိယ၀ါဆိုလပြည့်နေ့ သြ၀ါဒ)

သကျသီဟစာမေးပွဲဆိုတာက နေ့နေ့ညည သင်ခန်းစာတွေနဲ့ လုံးနေရတာပါ။ စာတွေခက်လွန်းလို့ ပုစ္ဆာထုတ်တဲ့ဆရာတော်တွေရဲ့ အာဘော်တွေက နက်လွန်းလို့ အောင်မြင်သူရာခိုင်နှုံးအနည်းဆုံးစာမေးပွဲမို့ ရှေးဆရာတော်ကြီးတွေက လူသတ်ပွဲလို့တောင် ပြောပြီး ကန့်ကွက်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ပါရမီနဲ့ ကံဉာဏ်ဝီရိယပြည့်စုံတဲ့ သူ့မိတ်ဆွေအချို့ကတော့ အဲဒီတောင်ကို ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

သူကတော့ သကျသီဟခေါင်းစဉ်အောက်မှာ မဖြစ်မနေတက်ရမယ့် စာဝါတွေ တာဝန်ကြေတက်၊ အပတ်စဉ်စာမေးပွဲတွေကို တစ်ပွဲထိုးကျက်ကာ ဒဏ်မကျအောင် ဖြေဆိုလို့ တကယ့်တကယ်တော့ သူက အေဘီစီတွေနဲ့ ဂန္ထ၀င်တွေ မော်ဒန်တွေနဲ့ …….ရောထွေးပျော်မွေ့နေခဲ့တာပါ။

ဒီလိုနဲ့ မစိုးရိမ်မှာ လေးနှစ်ကြာခဲ့ပေမယ့် စာမေးပွဲဆိုလို့ ဘာတစ်ပွဲမှ မအောင်ခဲ့ပါဘူး..။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်တဲ့လမ်းကိုတော့ လွမ်းလောက်အောင် လျှောက်ဖြစ်ခဲ့ပါတယ်။ သကျသီဟစာဖြေခန်းကိုတော့ နောက်ထပ်နှစ်တွေ အများကြီးကျန်သေးပေမယ့် ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့အချိန်မီခဲ့ပါတယ်။ သူနဲ့သဟဇာတကျမယ့် တက္ကသိုလ်စာသင်ခန်းတွေကို ရွေးချယ်လိုက်တာပါ။

သြော်မော်ဒန်လွန်နေ့ရက်များ....။
0 comments

Read more...

သြ၀ါဒခံယူ


ပူနေးတက္ကသိုလ်ရှိ ဌာနအသီးသီးတွင် ပညာသင်ကြားနေသော ကျောင်းသားများသည် ဆရာတော်ကြီး တည်းခိုသည့် Season Hotel သို့သွားရောက်ကာ ဖူးမျှော်ကြသည်၊ ဆရာတော် ခဏအနားယူစဉ် သီတဂူစတားတို့အဖွဲ့သည် သြ၀ါဒခံယူရန် ခန်းမဆောင်တစ်ခုတွင် နေရာယူကြသည်။ ထိုခန်းမဆောင်သည် တစ်နာရီအတွက် ဒေါ်လာ ၁၀၀ နီးပါးပေးရပါသည်။ ဆရာတော်အား ပြိုင်တူကန်တော့ပြီး ဆရာတော်ကြီးက သြ၀ါဒချီးမြင့်သည်။ Missionary and Ministry (သာသာနပြု)အတွက် မင်းတို့တတွေ ရင်းနှီးမြုတ်နှံရမှာက Education and character (ပညာနှင့် သီလ)ဖြစ်သည်ဆိုတဲ့အကြောင်း အမိန့်ရှိပါသည်။

(အသေးစိတ်ကိုတော့ သီတဂူစတား စာမေးပွဲအပြီးမှာ တင်ပါဦးမည်)
သီတဂူစတား စာမေးပွဲသည် ဒီဇင်ဘာ ၁၀ ရက်နေ့စမည်။

သီတဂူစတား
၇-၁၂-၂၀၀၉




Read more...

သားလိမ်မာလေး မိုက်သောအခါ... ဖိုးပညော (သပိတ်ကျင်း)















Sunday, December 6, 2009

သားလိမ်မာလေး မိုက်သောအခါ... (ဖိုးပညော (သပိတ်ကျင်း))

အရှင်ပညောဘာသ- ဖိုးပညော (သပိတ်ကျင်း)

သားလိမ်မာလေး မိုက်သောအခါ...














Read more...

အဖော်မပါ တစ်ယောက်တည်း နေရပါမူ ကောင်းလေစွ...

နာဂသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာ မိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် ယခုအခါ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း မင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ပရိသတ် အပေါင်းမှ ထွက်၍ တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု အကြံသည် ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီ ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြွလျက် ကိုယ်တိုင် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်း၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် အလုပ်အကျွေးကိုလည်း မခေါ် ရဟန်းသံဃာကိုလည်း မပန်ကြားဘဲ အဖော်မပါ တစ်ပါးတည်း ပါလိလေယျက တောအုပ်သို့ ဒေသစာရီ ကြွတော်မူ၏။ အစဉ်သဖြင့် ဒေသစာရီ ကြွတော်မူလတ်သော် ပါလိလေယျက တောအုပ်သို့ ဆိုက်ရောက် တော်မူ၏။

မြတ်စွာဘုရားသည် ထိုပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ နေတော်မူ၏။ ဆင်ပြောင်ကြီး တစ်ကောင်သည်လည်း ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းသည် ဖြစ်၍ အညွန့် ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ထိုဆင်ပြောင်ကြီး ချိုး၍ ချိုး၍ ချသော သစ်ခက် သစ်ကိုင်းကိုလည်း အခြား ဆင်တို့ စားကုန်၏။ ထိုဆင်ပြောင်ကြီးသည် နောက်ကျုကုန်သော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှ တက်သော ထိုဆင်ပြောင်ကြီး၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည် ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာ စွာ မနေရ။

ထိုအခါ ထိုဆင်ပြောင်ကြီးအား ''ငါသည် ယခုအခါ၌ ဆင်ထီး ဆင်မ ဆင်ပေါက် ဆင်ငယ်တို့နှင့် ရောပြွမ်း၍ နေရ၏။ အဖျားပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ ချသော အကိုင်းအခက်ကိုလည်း ဆင်ပေါက် ဆင်ငယ်တို့သည် စားကုန်၏။ နောက်ကျုသော ရေကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။

ငါသည် ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ငါသည် ဆင်အုပ် မှ ထွက်၍ တစ်ကောင်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် နေရပါမူ ကောင်းလေစွ'' ဟု ဤအကြံသည် ဖြစ်၏။

ထို့နောက် ထိုဆင်ပြောင်ကြီးသည် ဆင်အုပ်မှ ဖဲ၍ ပါလိလေယျကရွာ ရက္ခိတတောအုပ် အင်ကြင်းပင်ပျို အနီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နေ၏။ ထိုအခါ ထိုဆင်ပြောင်ကြီးသည် မြတ်စွာဘုရား နေတော်မူရာ အရပ်ကိုလည်း စိမ်းစိုသော မြက်သစ်ပင် မရှိအောင် ပြု၏။ နှာမောင်း ဖြင့်လည်း မြတ်စွာဘုရား၏ သောက်ရေ သုံးဆောင်ရေကို တည်ထား၏။

ထို့နောက် ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းတော်မူသော မြတ်စွာဘုရားအား ''ငါသည် ရှေးအခါက ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်း အမတ် တိတ္ထိ တိတ္ထိတပည့်တို့ နှင့် ရောပြွမ်းလျက် နေရသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ၊ ''ထိုငါသည် ယခုအခါ၌ ရဟန်းယောက်ျား ရဟန်း မိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမ မင်းမင်းအမတ် တိတ္ထိ တိတ္ထိတပည့်တို့နှင့် မရောပြွမ်းဘဲ နေသောကြောင့် ချမ်းသာစွာ နေရ၏'' ဟု စိတ်အကြံ ဖြစ်၏။

ထိုဆင်ပြောင်ကြီးအားလည်း ''ငါသည် ရှေးအခါက ဆင်ပေါက် ဆင်မ ဆင်ရွေ နို့စို့ဆင်ငယ်တို့နှင့် ရောပြွမ်းလျက် နေရသည် ဖြစ်၍ အညွန့်ပြတ်ပြီးသော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းကိုလည်း ဆင်ငယ်တို့သည် စားကုန်၏။ ငါသည် နောက်ကျုသော ရေတို့ကိုလည်း သောက်ရ၏။ ရေဆိပ်မှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် သွားကုန်၏။ ရောပြွမ်းသည်ဖြစ်၍ ဆင်းရဲ၏။ ချမ်းသာစွာ မနေရ။ ထိုငါသည် ယခုအခါ ဆင်ထီး ဆင်မ ဆင်ပေါက်ဆင်ငယ်တို့နှင့် မရောပြွမ်းဘဲ နေရ၏။ အဖျားမပြတ်သော မြက်တို့ကိုလည်း စားရ၏။ ငါ ချိုး၍ ချိုး၍ချသော သစ်ခက် သစ်ကိုင်းတို့ကိုလည်း ဆင်ငယ်တို့သည် မစားကုန်။ ကြည်လင်သော ရေတို့ကိုလည်း သောက်ရ၏။ ဆိပ်ကမ်းမှတက်သော ငါ၏ ကိုယ်ကိုလည်း ဆင်မတို့သည် တိုးဝှေ့လျက် မသွားကုန်။ မရောပြွမ်းသောကြောင့် ချမ်းသာစွာ နေရ၏''ဟု ဤသို့ စိတ်အကြံ ဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် မိမိ၏ ကာယဝိဝေကကို သိ၍ ထိုဆင်ပြောင်ကြီး၏ စိတ်အကြံကိုလည်း မိမိစိတ်ဖြင့် သိတော်မူ၍ ထိုသိသော အချိန်၌- ''ဘုရားတည်း ဟူသော ဆင်ပြောင်ကြီးသည် တစ်ပါးတည်း တော၌ မွေ့လျော်ကုန် သကဲ့သို့ ဤဆင်ပြောင်ကြီးသည်လည်း တစ်စီးတည်း တော၌ မွေ့လျော်၏။ ထို့ကြောင့် မြတ်စွာဘုရားတည်းဟူသော ဆင်ပြောင်ကြီး၏ ထိုတစ်ပါးတည်း မွေ့လျော်သော စိတ်သည် လှည်းစွယ်ရန်းနှင့် တူသော အစွယ်ရှိသော ဆင်ပြောင်ကြီး၏ တစ်စီးတည်း မွေ့လျော်သော စိတ်နှင့်တူမျှ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 35

၅ - နာဂသုတ်၊ မေဃိယဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



Read more...

ဖခင်စိတ်နှင့် မိခင်စိတ်...

မိဘတိုင်းသည် စိတ်ဓာတ်ကိုယ်စီဖြင့် သားသမီးများကို ပြုစုစောင့်ရှောက်နေကြပေသည်။ သို့ရာတွင် ဖခင်တို့၏ စိတ်ဓာတ်နှင့် မိခင်တို့၏ စိတ်ဓာတ်တို့သည် ဆောင်ရွက်ပုံချင်း အနည်းငယ်စီ ကွဲပြားခြားနားမှု ရှိနေတတ်ပေသည်။
ဖခင်တို့၏ စိတ်ဓာတ်သည် မိမိတို့၏ သားသမီးများကို ကျရောက်လာမည့် ဘေးအန္တရာယ် ရန်စွယ် အပေါင်းမှ လွတ်ငြိမ်းချမ်းသာစေရေး၊ ဘေးကင်းလုံခြုံစေရေး အတွက် အသက်ကိုပင် စွန့်ကာ အကာအကွယ် အပြည့်အ၀ ပေးလေသည်။ သားသမီးတို့၏ အရေးကိစ္စများတွင်လည်း ရှေ့တန်းမှနေ၍ မားမားမတ်မတ် ရပ်တည်ကာ အစစ အရာရာ စီမံ ဆောင်ရွက် ပေးတတ်ကြသည်။
ဖခင်တို့သည် မိသားစု စီးပွားရေးအတွက် အသက်နှင့် ရင်းနှီးကာ စီးပွားရှာရသည် အလုပ်များလည်း ရှိပေသည်။ သားသမီးများအတွက် ဘ၀တိုးတက်ရေး၊ စားဝတ်နေရေး လိုအပ်ချက်မှန်သမျှ စွမ်းဆောင်ပေးတတ်သည်မှာ ဖခင်တို့၏ စိတ်ဓာတ်သည် အထင်အရှားပင် ဖြစ်သည်။
မိခင်တို့၏ စိတ်ဓာတ်သည်လည်း မိမိတို့၏ သားသမီးများ အနာရောဂါ ကင်းရှင်းရေး၊ ကျွေးမွေးစီမံရေး၊ အ၀တ်အစားများအတွက် စီမံဆောင်ရွက်ပေးရေး စသည်စသည် များစွာတို့ကို မေတ္တာတရားဖြင့် စောင့်ရှောက်ပေးသည်။
မမွေးဖွားမီ သန္ဓေတည်စဉ် ကာလမှာပင် မမြင်ရသေးသော သားသမီးများကိုပင်လျှင် နေ့စဉ်မေတ္တာပို့လျှက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ မိခင်သည် မွေးဖွားစဉ်တွင်လည်း မိမိ၏အသက်ကိုပင် သားသမီးအတွက် ပေးစွန့်ထားကာ မွေးဖွားကြရပေသည်။ မိခင်တို့၏ မြင့်မြတ်သော စိတ်ဓာတ်သည်လည်း ငြင်း၍မရနိုင်ပေ။
မိဘတို့၏ သားသမီးများအပေါ် ထားရှိသော မေတ္တာတရားသည် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် များပြားလွန်းပေသည်။
ထိုနည်းတူစွာပင် …
သာသနာ့နယ်ပယ်ကို ကြည့်မည်ဆိုလျှင် ဖခင်စိတ်ထားများသည် သာသနာ့ အာဇာနည် ရဟန်းတော်များထံတွင် ကိန်းအောင်းနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ ရဟန်းတော်များသည် မိမိတို့၏ ဒကာ၊ ဒကာမများထံသို့ ကျရောက်လာမည့် ဘေးအန္တရယ်ကိုလည်း တားဆီးပေးတတ်ကြပေသည်။ ဘေးအန္တရယ် ဆိုသည်မှာ အပါယ်လေးပါးကို ဆိုလိုခြင်းသာ ဖြစ်သည်။
ဒကာ၊ ဒကာမများ အပါယ်လေးပါးသို့ မကျရောက်ရလေအောင် တရားဓမ္မများဖြင့် တားဆီးကာကွယ် ပေးနေကြသည်မှာ ရဟန်းတော်များပင် ဖြစ်သည်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ပြည့်စုံအောင် ကျင့်ကြံအားထုတ်ရင်း ဒကာ၊ ဒကာမများ၏ ကောင်းမှုကုသိုလ် အကျိုးစီးပွားများကိုလည်း ဆောင်ကြဉ်းပေးတတ် ကြပေသည်။
အသွေး၊ အသား၊ ကိုယ်လက်အင်္ဂါများကို စွန့်လွှတ် လှူဒါန်းနေကြသော ပုဂ္ဂိုလ်များတွင်လည်း ရဟန်းတော်များသည် စံပြပုဂ္ဂိုလ်များ စာရင်းတွင် ထိပ်ဆုံးနေရာ၌ ပါဝင်နေပါသည်။
မြန်မာနိုင်ငံရှိ ဆေးရုံများတွင် သွေးသွင်းရန် လိုအပ်နေသော လူနာရှင်များအတွက် လိုအပ်နေသော သွေးကို စာသင်တိုက်များရှိ ရဟန်းတော်များသည် အလွယ်တကူ လှူဒါန်းလေ့ရှိသည်။ ထိုမျှမကသေး အသည်း၊ ကျောက်ကပ် စသည့်ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကိုလည်း ရဟန်းတော်များက လှူဒါန်းနေကြသည်မှာ ဘုရားအလောင်းတော်တို့၏ စိတ်ဓာတ်ကို ထင်ဟပ်ပေါ်လွင်စေသည့် အလား အလွန် ကြည်ညိုလေးစားဖွယ် ကောင်းလှပေသည်။
ရဟန်းတော်များ၏ ဤကဲ့သို့သော အသက်ပေးဆောင်ရွက်မှုများသည် ဖခင်တစ်ဦး၏ မေတ္တာနှင့် မခြား မြင့်မြတ်သည့် စိတ်ဓာတ်များကို မီးမောင်းထိုးပြနေသကဲ့သို့ ဖြစ်နေပါသည်။
မိခင်စိတ်နှင့် နှိုင်းယှဉ်ရမည့် ပုဂ္ဂိုလ်များကို ညွှန်ပြပါ ဟု ဆိုလာလျှင် သာသနာတော်ကို လှူဒါန်း ထောက်ပံနေကြသော ဒကာ၊ ဒကာမများကိုသာ ညွှန်ပြရပါလိမ့်မည်။
ဗုဒ္ဓသာသနာတော်တွင် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းနေကြသော ဒကာ၊ ဒကာမများသည် မိခင်စိတ်များရှိကြသော ပုဂ္ဂိုလ်များဟု ရည်ညွှန်းချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော ဒကာ၊ ဒကာမများသည် မိခင်စိတ်များနှင့် ထပ်တူ ပြုနိုင်ပါသောကြောင့်တည်း။
မိခင်တို့၏ စိတ်သည် မိမိ၏ သားသမီးများကို ကျွေးချင်မွေးချင်စိတ် ရှိကြသည်။ သားသမီးများ ဆာလောင်ငိုကြွေးနေသည်ကို မိခင်တို့သည် မရှုစိမ့်နိုင်အား။ သားသမီးများ မျက်နှာငယ် ညိုးနွမ်းနေမည်ကိုလည်း မလိုလား။ ထို့အတူ ဒကာ၊ ဒကာမများသည်လည်း ရဟန်းသံဃာများကို ပစ္စည်းလေးပါးများဖြင့် ကျွေးမွေး စောင့်ရှောက်ကြသည်။ ရဟန်းတော်များ၏ ကျန်းမာရေးက အစ ပြည့်စုံအောင် ဆောင်ရွက်ပေးကြသည်။
အမှန်အားဖြင့် ရဟန်းများ၏ ဘ၀များသည် မိဘ ညီအစ်ကို မောင်နှမများ ရှိသော်လည်း သာသနာတော်၏ အလုပ်တာဝန်များကို ထမ်းဆောင်နေကြရသောကြောင့် မိမိတို့၏ ဆွေမျိုးသားချင်းများနှင့် အတူတကွ မနေကြရ။ ထို့အတွက်ကြောင့် ရဟန်းတော်များ၏ ဆွေတော်မျိုးတော်များကို ပြပါ ဟု ဆိုလျှင် မိမိတို့အား ကျွေးမွေး စောင့်ရှောက်နေကြသော ဒကာ၊ ဒကာမများကိုပင် ညွှန်ပြရပေလိမ့်မည်။
တိုင်းတစ်ပါးသား တစ်ဦး မေးဖူးသည့် မေးခွန်းလေး တစ်ခုသည်
အရှင်ဘုရားတို့မှာ ဇနီးမယားနဲ့ သားသမီး ကိုယ်ပိုင်မိသားစုလည်း မရှိဘူး။ တစ်ကိုယ်တည်း အထီးကျန်နေတယ် လို့ ပြောလို့ မရနိုင်ဘူးလား
မေးခွန်းကို မှားသည်ဟု မဆိုနိုင်သော်လည်း အမှန်ကိုတော့ အဖြေပေးလိုက်မိသည်။
ဟုတ်ပါတယ်။ ဒကာကြီးပြောတဲ့ ကိုယ်ပိုင် မိသားစုတော့ မရှိပါဘူး။ ဒါပေမဲ့ ဘုန်းကြီးတို့ကို ထောက်ပံ့နေတဲ့ ဒကာ၊ ဒကာမတွေဟာ ဘုန်းကြီးတို့ရဲ့ ဆွေမျိုးမိသားစုတွေပါပဲ
ရဟန်းဆိုသည်မှာ ဒကာ၊ ဒကာမများ၏ ဖြူစင်စွာ လှူဒါန်းကြသော ပစ္စည်းလေးပါးကို မျှတစွာ သုံးဆောင်နေရသည်ပင်။
အမိသည် သားသမီးများ အစားအစာကျွေးမွေးရာတွင် ဖြူစင်သော စေတနာ မေတ္တာအပြည့်ဖြင့် ကြည်နူးစွာ ကျွေးမွေးပြီး သားသမီးများ အစာစားနေသည်ကို ကြည့်နေရသည်ကိုပင်လျှင် ကြည်နူးနေတတ်သည်။ ဒကာ၊ ဒကာမများသည်လည်း ရဟန်းတော်များကို ဆွမ်းဆက်ကပ်ရာတွင် ဆွမ်းဘုဉ်းပေးနေသည့် ရဟန်းတော်များကို ကြည့်ပြီး ကြည်နူးမှုဖြင့် ပီတိ ဖြစ်နေတတ်ကြသည်။ မိမိတို့၏ အိမ်ရှေ့ ဆွမ်းခံကြွလာသော ရဟန်းတော်များကို ဆွမ်းလောင်းလိုက်ပြီး ခြေလှမ်းမှန်မှန် ကြွချီသွားသော ရဟန်းများကို ဖူးမျှော်ရင်း ကြည်ညို သဒ္ဓါတရားများ ပွားနေတတ်သည်။
ဤစိတ်ဓာတ်များသည် မိခင်တို့၏ စိတ်ဓာတ်များပင် မဟုတ်ပါလော။
သာသနာတော်ကို တည်ဆောက်ထားသည်မှာ ရဟန်းတော်များမှလည်း ဖခင်စိတ်ဖြင့်လည်းကောင်း၊ ဒကာ၊ ဒကာမများမှလည်း မိခင်စိတ်များဖြင့် လည်းကောင်း အသီးသီး စိတ်ဓာတ်ကိုယ်စီဖြင့် မွန်မြတ်သော စေတနာ မေတ္တာဓာတ်များဖြင့်သာ ဖွဲ့စည်းထားသည်။ သို့ဖြစ်သောကြောင့် ဗုဒ္ဓမြတ်စွာဘုရား တည်ထောင်ထားသော သာသနာတော်သည် နှစ်ပေါင်း ၂၅၅၀ ကျော် သက်တမ်းကို ကြံ့ကြံ့ခံ လျှောက်လှမ်းနိုင်နေခြင်း ဖြစ်သည်။
ဖခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း၊ မိခင်စိတ်တို့၏ စွမ်းအားများဖြင့်လည်းကောင်း စိတ်ဓာတ်ကိုယ်စီဖြင့် အားမာန်ပြုသွားမည် ဆိုလျှင် ဤကမ္ဘာကြီးတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်ပြီး ဆက်လက် တည်တံ့နေဦးမည်မှာ သက်သေပြစရာ လိုအံ့မည်မထင်တော့ပေ…..



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP