* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, November 19, 2009

ဆုတောင်း ၆မျိုး (အပိုင်း-၄)

Thursday, November 19, 2009


စာဖက်ပရိသတ်များ--- ဆုတောင်း ၆မျိုးတရားတော်ကို အောက်တိုဘာလမှာ အပိုင်း ၁ မှ ၃ အထိ တင်ပြီးဖြစ်၍ ပြန်ဖက်စေလိုပါသည်။

ကဏှအမည်ရ သူဋ္ဌေးဘဝ
အာနန္ဒ-ချစ်သားအာနန္ဒာ၊ အတိတ်ဝေးစွာ ဟိုရှေး အခါတုန်းက၊ အဟံ-ငါဘုရားရှင်ကိုယ်တော်မြတ်သည်၊ အသီတိဝိဘဝကောဋိယံ-ကုဋေ(၈ဝ) ကြွယ်ဝတဲ့သူဌေး မျိုးမှာ၊ နိဗ္ဗတ္တော-ဖြစ်ခဲ့ဖူးတယ်။
အသားအရေက အလွန်မည်းလွန်းတဲ့အတွက် ကြောင့် 'ကဏှ' လို့ခေါ်တယ်၊ 'မောင်မည်း'လို့ ခေါ်ကြပါစို့။ အင်္ဂလိပ်လိုတော့ Mr Black ပေါ့။

ပစ္စည်းတွေမြင်ပေမယ့် စိတ်ကူးတွေမယဉ်

ဗာရာဏသီသူဌေးသား မိဘတွေအကုန်သေသွားတော့ တစ်ယောက်တည်းသောမောင်ကဏှ အဖေ့အမွေ ဘိုးဘွားအမွေတွေ အကုန်ရလိုက်တယ်၊ ကုဋေ(၈ဝ)။ အဲဒါတွေကို ကြည့်ပြီးတော့တွေးတယ်၊ ''ဒို့အမေ ဒို့အဖေ ဒို့အဘိုး အဖွားတွေ ပစ္စည်းတွေရှာခဲ့လိုက်ကြတာ ပင်ပင်ပန်းပန်းနဲ့၊ အခုတော့ သေသွားပြီ၊ တစ်ခုမှ ယူမသွားနိုင်ဘူး၊ အားလုံး ထားပစ်ခဲ့တယ်၊ ပစ္စည်းတွေရှာတဲ့လူတွေ ရှာပြီးရင် သေတဲ့အခါ ယူမသွားနိုင်ဘူး၊ ထားပစ်ခဲ့ရတယ်''။
စိန်ရောရွှေရော အကုန်လုံး အထုပ်ထုပ်ပြီး ''ငါ သေတော့မယ်ဟေ့ ငါ့အထုပ်တွေကို ငါ့လည်ပင်းချိတ်၊ ငါ့ အခေါင်းထဲထည့်'' ဆိုလို့ မရဘူး။
ကဏှကတော့ ''ဒါ အမေတွေ အဘိုးအဖွားတွေက ရှာရုံသာ ရှာထားခဲ့ကြတယ်၊ ပြီးတော့သေတဲ့အခါ ယူမသွား ကြဘူး၊ ငါ့လက်ထက်မှာတော့ အကုန်ယူသွားမယ်''ဆိုပြီး အိမ်တံခါးဖွင့်ပြီးတော့ ဘဏ္ဍာတိုက်တွေ, သေတ္တာတွေ, ဗီရိုတွေထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့ စစ်ဆေးတယ်။ တန်းစီပြီးတော့ အဝတ်ရော ရွှေရော စိန်ရော ထုတ်ပြီး အကုန်ပုံထားတယ်။
အဲဒီနောက် မြို့ထဲကို မောင်းခတ်ပြီးတော့ ကြေငြာ တယ်။ ''ပစ္စည်းလိုတဲ့ပုဂ္ဂိုလ်များ လိုတဲ့ပစ္စည်း ကျုပ်အိမ်ကို လာယူကြပါ''လို့ ကြေငြာလိုက်တော့ လူတွေ လာလိုက်ကြ တာ၊ အိမ်ပေါ်တက်ပြီး ယူသွားကြတယ်။
ဥပမာ - ဆွဲကြိုးလိုချင်တဲ့လူတွေ ဆွဲကြိုးပဲယူတယ်၊ လက်ကောက်ယူမသွားကြဘူး၊ လက်ကောက်လေးယူချင် တယ်ဆိုတဲ့လူ လက်ကောက်ပဲယူသွားတယ်၊ နားဋောင်း ယူမသွားဘူး၊ အဝတ်လိုချင်တဲ့လူ အဝတ်ပဲယူသွားတယ်၊ ရွှေမယူဘူး၊ အဲဒီခေတ်ကလူတွေရဲ့ လောဘက စည်းကမ်းတကျရှိတဲ့လောဘ။

လောဘမသတ်နိုင်ပေမယ့် စည်းမပျက်စေနဲ့
ဘယ်သူ့သန္တာန်မဆို ရဟန္တာမဖြစ်သေးသရွေ့ တော့ လောဘတော့ရှိနေမှာပဲ။ အဲဒီလောဘလည်း မကုန်သေး သရွေ့ အဲဒီလောဘရှိတဲ့သူတွေ လောဘကို စည်းလေး ကမ်းလေးနဲ့ သတ်ပေးလိုက်ပါ။
လိုချင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက စည်းနဲ့ကမ်းနဲ့ လိုချင်တယ်ဆိုရင် သိပ်ကောင်းမယ်၊ စည်းမဲ့ကမ်းမဲ့ လိုချင် ရင် အဲဒါ တိုင်းပြည်ပျက်မယ်။
စည်းလေးကမ်းလေးနဲ့ လိုချင်တယ်ဆိုရင် အဲဒါ တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့ လိုချင်ပြီဆိုရင်တော့ ဒုဗ္ဘိက္ခန္တရကပ် သတ္ထန္တရကပ်ဆီကို သူတို့အား မကြာခင်ပို့လိမ့်မယ်။
စည်းမဲ့ကမ်းမဲ့ လောဘကိုရှောင်ရင် ကပ်သုံးပါးမှ လွတ်တယ်။ ပြီးတော့ စည်းမဲ့ကမ်းမဲ့ဒေါသကို လွတ်အောင် ရှောင်၊ စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ မောဟကို လွတ်အောင် ရှောင်။ အဲဒီလို ရှောင်နိုင်ရင် ကပ်သုံးပါးမှလွတ်တယ်။
အဲဒါ ကပ်သုံးပါးမှလွတ်ဖို့ ဆိုပြီးတော့ ဘုရားတည် အင်းချလို့ ဓာတ်ရိုက်ဓာတ်ဆင်လုပ်လို့ရှိရင် ဘယ်တော့မှ မရဘူး၊ ကိုယ့်သန္တာန်ကလောဘကို စည်းကမ်းနဲ့ မထိန်း နိုင်ရင် အဲဒီပုဂ္ဂိုလ်လည်ပင်းမှာ လက်ဖွဲ့တွေ ၁ဝ၈-ခုမက ဘူး၊ ၁ဝဝ၈-ခုလောက် ဆွဲထားစေကာမူ ဒီလူမလွတ်ဘူး၊ လောဘကို စည်းကမ်းသတ်ပေးဖို့ အဲဒါအရေးကြီးတယ်။

ပစ္စည်းတွေမြင် ဒုက္ခထင်
ကဏှရဲ့စိတ်ကသိပ်ရှင်းတယ်၊ ဘာစိတ်ရှင်းသလဲ ဆိုတော့ ဒီပစ္စည်းတွေကို စောင့်နေရတာ ထိန်းနေရတာဟာ ဒုက္ခဘဲလို့ တွေးလာတယ်၊ ဒီပစ္စည်းတွေ စောင့်ရှောက်ရခြင်းသည် ဒုက္ခပေတကား, ထိန်းသိမ်း၍နေရခြင်းသည် ဒုက္ခ ပေတကားလို့ တွေးမိတယ်။
ထိန်းနေရတာ ဒုက္ခပဲဆိုပြီး အကုန်စွန့်ပစ်သွားတယ်၊ ဒါကိုဘာခေါ်လဲ 'စာဂ'၊ ဘဝသံသရာကောင်းကျိုး ကိုမျှော်ပြီးပေးနေတာကဒါန၊ ဒါနကနေပြီး အခုသူဘာ လုပ်လဲ စာဂ၊ အိမ်ပေါက်ဝကနေ စာတန်းကြီးချိတ်ပြီးတော့ အားလုံးအတွက် ကျုပ်ပစ္စည်းတွေ လှူပြီးသား၊ ယူချင်တဲ့သူတွေ ယူချင်သလောက်သာ ယူကြပေတော့လို့ အိမ်ပေါက်ဝမှာ စာချိတ်ပြီးတော့ ခေါင်းကဆံပင်ဖြတ်၊ ပုဆိုးအင်္ကျီကနေပြီးတော့ သစ်ခေါက်ဆိုးတဲ့ လျှော်တေအဝတ်ကို ဝတ်ပြီးတော့ ဟိမဝန္တာဝင်တယ်။
ပရိသတ်ကြီး...ကုဋေ(၈ဝ)သော ပစ္စည်းတွေကို ရှေးဦးစွာ ဘဝသံသရာမှာ ကောင်းကျိုးကိုမျှော်ပြီးတော့ ပေးနေတာက ဒါနဘဲ၊ ဒါတွေကို စောင့်ရှောက်ထိန်းသိမ်း ရတာဟာ 'ဒုက္ခပေတကား'လို့ ဆိုပြီးတော့ စွန့်လွှတ်တာကို 'စာဂ'လို့ ခေါ်တယ်။
စွန့်လွှတ်ခြင်းသည် လွတ်မြောက်ခြင်းပဲ၊ ဒါ အကြံ ကောင်းဘဲ၊ စွန့်လွှတ်တာ ဘာဖြစ်လဲ? စွန့်လွှတ်တဲ့ပုဂ္ဂိုလ် ဟာ လွတ်မြောက်တယ်နော်။
ပရိတ်သတ်ကြီး... ကဏှသူဌေးသားကနေ ဘာ ဖြစ်သွားသလဲဆိုရင် ကဏှရသေ့ဖြစ်သွားတယ်၊ ဘာကြောင့် ကဏှခေါ်သလဲဆိုတော့ အသားမည်းလို့တဲ့။
အဲဒီကဏှရှင်ရသေ့ဟာ ဟိမဝန္တာတောထဲသို့ ဝင်ပြီး ရသေ့ရဟန်းအဖြစ်နှင့် တရားအားထုတ်တယ်၊ အပြင်း အထန်ကျင့်တယ်၊ ဈာန်သမာပတ်တွေရတယ်၊ ရှေ့ဘဝနောက်ဘဝတွေ ပြန်ကြည့်ရင် သိတယ်၊ အဘိညာဉ် တွေပါရတယ်။

ဈာန်နဲ့ဉာဏ်
ဒါပေမဲ့ အဲဒီဈာန်သည် ကိလေသာအပေါ်ယံ လောက်ကိုဘဲ ဖယ်ရှားနိုင်တယ်၊ ဝိပဿနာဉာဏ်နဲ့ မဂ် ဉာဏ် ဖိုလ်ဉာဏ်မှသာလျှင် အတွင်းကိလေသာ အတွင်းမီး ကို ဖယ်ရှားနိုင်တယ်၊ ဈာန်သည် အပေါ်ယံကိလေသာကို သာ ဖယ်ရှားတယ်၊ အတွင်းထဲစွဲနေတဲ့ ကိလေသာကျတော့ ဉာဏ်ကမှဖယ်ရှားနိုင်တယ်၊ ဈာန်နဲ့ဉာဏ် နှစ်မျိုးစလုံးကို ပေါင်းပြီးတော့ ဈာန်(၈)ပါးအကြောင်းကို မပြောဘူး၊ ဉာဏ် စဉ်(၁ဝ)ပါးအကြောင်းကို မပြောဘူး၊ တစ်လုံးပဲ ပြောမယ်၊ ဈာန်နဲ့ဉာဏ်။
ဒီကနေ့ ဂျပန်ပြည် ဂျပန်ဘုန်းကြီးတွေမှာ ခေတ်စားတာက ဈာန်၊ တိဘက်တွေမှာ ခေတ်စားတာလည်း ဈာန်ဘဲ၊ ဘုန်းကြီးတို့ မြန်မာနိုင်ငံက ဈာန်ကိုပဓာနမထား ဘူး၊ ဉာဏ်ကိုပဓာနထားတယ်၊ အဲဒါကြောင့် ဈာန်က ဘယ် ဘက်ကို သွားသလဲဆိုရင် တန်ခိုးဘက်ကိုသွားတယ်။
ဉာဏ်ကတော့ ဘယ်ကိုသွားသလဲဆိုတော့ ဝိသုဒ္ဓိနဲ့ ဝိမုတ္တိ၊ ဝိသုဒ္ဓိဆိုတာ ကိလေသာအားလုံး၏ သန့်ရှင်းစင် ကြယ်ခြင်း၊ ဝိမုတ္တိဆိုတာက ဝဋ်သုံးပါးမှ လွတ်မြောက်ခြင်း၊ ဈာန်ကတော့ အဲဒီဝိသုဒ္ဓိတောင်မှ အပေါ်ယံ အညစ် အကြေးလောက်ဘဲ သန့်ရှင်းတဲ့ဝိသုဒ္ဓိ။
ဒကာကြီးတွေ ဒကာမကြီးတွေ ပုဆိုးတွေ လုံချည် တွေလျှော်တဲ့အခါမှာ ဆပ်ပြာမပါဘဲ ရေနဲ့ချည်းလျှော် ကြည့် မယ်ဆိုရင်အပေါ်ယံလောက်ပဲဖြူတယ်နော်၊ ဆပ်ပြာပါ ထည့်လိုက်တော့မှ ချည်မျှင်တစ်ချောင်းချင်းဆီမှာ စွဲနေတဲ့ ဂျီးတွေ အကုန်ထွက်တယ်၊ ဒီလိုမဟုတ်လား?
ဈာန်ကဘာနဲ့တူလဲ? အဝတ်ကိုရေနဲ့ လျှော်တာ နှင့်တူတယ်၊ ဉာဏ်ကဘာနဲ့တူသလဲ? အဝတ်ကို ဆပ်ပြာ သွင်းပြီး လျှော်တာနှင့်တူတယ်၊ အဲဒါကြောင့် ဈာန်တွေရ ပြီးတော့နောက်ပိုင်း အလောင်းတော် ကဏှရသေ့က ဘာလိုချင်ပြန်သလဲ? ဉာဏ်လိုချင်တာ။
ဉာဏ်လိုချင်တော့ကျင့်တယ်၊ ထိုင်လိုက်တဲ့ဖြစ်ခြင်း၊ အိပ်ရာဆိုလို့ လုံးလုံးမရှိဘူး၊ အစားအစာ ဆိုလဲဆုံးဖြတ် လိုက်တယ်၊ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မီးနဲ့ချက်တဲ့အစား အစာဆိုရင် ငါဘာမှမစားတော့ဘူး။ တောထဲမှာအလိုလိုပွင့် လာတဲ့အပွင့်ကိုစားကောင်း ရင်စားမယ်၊ အလိုလိုသီးလာတဲ့ အသီးကိုလည်းဘဲ စားကောင်းရင်စားမယ်၊ အလိုလိုဖြစ် လာတဲ့အရွက်ကိုလည်းဘဲ စားကောင်းရင် စားမယ်ဆိုပြီး အဲဒီလို တောထဲကအသီးတွေကို ရှာဖွေစားပြီးတော့ တရားကျင့်တယ်။
ညဉ့်(၃)ယံမှာ တစ်ယံဘဲအိပ်တယ်၊ တစ်ည ကို(၃)ပုံပုံ တစ်ပုံဘဲအိပ်တယ်၊ ဒို့ပရိသတ်က တစ်ညဘယ် နှစ်ပုံအိပ်လဲ? နေ့လဲအိပ်လိုက်သေးတယ်၊ သွားရင်းလာ ရင်းနဲ့ငိုက်သေးတယ်၊ ဒီလိုမဟုတ်လား၊ အခုဘုန်းကြီးတောင်မှ ကားပေါ်မှာ အိပ်ခဲ့သေးတယ်၊ အုန်းတောကို ဝင်တာကိုပင် ကောင်းကောင်းမသိလိုက်ဘူး၊ ကားထွက်ပြီးတော့မှ အုန်းတောကို ကျော်လာတယ်ဆိုတာကို သိရတယ်၊ အုန်းတောပျောက်သွားတယ်။

(အပိုင်း-၅) ဆက်ဦးမည်။
0 comments

Read more...

မိခင်မေတ္တာ ရွှေထုပ်တဲ့မြပ၀ါ….





ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

အခန်း(၁)

“သမီးလေး မစံပယ်ကို သူတို့လက်ထဲ မအပ်ပါရစေနဲ့ ကိုထွန်းကြိုင်ရယ်..ကျမ…သေရင် သေ ပါစေတော့..”
““ခက်တာပဲ မိတင်ရယ်..မင်းကျန်းးမာရေးအတွက်ဆေးကုဖို့က ဒီတစ်လမ်းပဲ ရှိတော့တာ ကိုကွာ..””

အမေကြီးရဲ့နားထဲမှာ ဒီအသံတွေကိုပဲ ထပ်ခါတလဲလဲ ပြန်လည်ကြားယောင် နေပါ တယ်.. လူကလေး ရယ်..။အမေကြီးတို့မှာ ဒို့လင်မယားနှစ်ယောက်နဲ့ မစံပယ်ဆိုတဲ့ သမီးလေးရှိပါတယ်..။ မစံပယ်လေးက အမေကြီးတို့ အိမ်ဘေးမှာနေသွားတဲ့ ကရင်မ လင်မယားက မွေးစားဖို့ နီတာရဲ ပေါက်စနကလေးအရွယ်က ပေးခဲ့တာပါ။ မစံပယ်လေး အမေက သူ့ကိုမွေးပြီးပြီးခြင်း မီးတွင်းထဲမှာတင် သေဆုံးသွားခဲ့တာပါ..။ ကရင်မ လင်မယားလည်း မစံပယ်လေးကိုပေးပြီး သူတို့ကရင်ပြည်နယ် ကိုပြောင်းသွားကြတယ် လေ။ ကလေးမရလို့ ကလေးရူးထနေကြတဲ့ ဒို့လင်မယားကတော့ သိပ်ကို ၀မ်းသာ ပျော်ရွင်သွားတာပေါ့ကွယ်။ မင်းတို့အဘ ကိုထွန်းကြိုင်ကဆို ဆိုက်ကားနင်းနေရင်း နံနက် စောစောတစ်ခေါက်၊ နေ့လည်ထမင်းစားပြန်ချိန်တစ်ခေါက်၊ ညဆိုက်ကား သိမ်းပြန် လာရင်တစ်ခေါက်၊ တစ်နေ့ကိုသုံးခေါက် ဆိတ်ခြံကိုသွားပြီး ဆိတ်နို့တွေညှစ်ညှစ်ယူလာရ တယ်။ မစံပယ်လေး က ဆိတ်နို့နဲ့အသက်ရှင်လာရတာပါကွယ်..။ သူငယ်ငယ်ကတော့ ချစ်စနိုးနာမည် “ဆိတ်မ”လို့ခေါ်ကြ ပါတယ်။ အမေကတော့ သူအရွယ်လေးရောက်လာ တော့ရှက်မှာစိုးလို့“မစံပယ်”ဆိုတဲ့ နာမည် လှလှ ကလေးကို ပေးခဲ့တာပါ။ မစံပယ်လေးအိမ်ကိုရောက်လာကထဲက အမေဈေးရောင်းမထွက်ဖြစ် တော့ဘူး။ အချိန်ရှိသရွေ မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ မစံပယ်လေးရဲ့ဝေယျာဝစ္စကိစ္စတွေနဲ့ ညမိုးချုပ်ခဲ့ရတာပါ။ သူ့ကို အမေ့မျက်နှာသုပ်ပ၀ါတဘက်ကလေးနဲ့ခြုံထားပြီး ဆိတ်နို့ကို နို့ဗူးနဲ့တိုက်ခဲ့ရ တာပါ ကွယ်။ သူကလေး မကျန်းမမာဖြစ်ရင် ဒို့လင်မယားပြာပြာသလဲဖြစ်နေရပါတယ်။ ကိုထွန်းကြိုင် ဆိုရင် ဆိုက်ကားကိုမထွက်နိုင်ခဲ့ပါဘူးကွယ်..။ နေ့မအိပ်ရ၊ ညမအိပ်ရပါ။ ဆရာဝန်သွားပြ ဖို့နေနေသာသာ စားဖို့တောင် တစ်နေ့လုပ်မှစားရတဲ့ အမေတို့ဘ၀ပါ။ အိမ်နီးချင်း တွေကဆိုရင် စားစရာမရှိရတဲ့အထဲ ကလေးရူးထ နေကြတယ်..။ မွေးနိုင် ကြွေးနိုင်မဲ့သူကို ပေးခိုင်းကြတာကွဲ့။ အမေကြီးက လုံးဝလက်မခံပါဘူး၊ မစံပယ်လေး အရွယ်ရောက်လာ အောင် ကိုထွန်းကြိုင်ရဲ့ဝင်ငွေနဲ့ မလောက်ခဲ့ရင် မရှိ ရှိတာကို ရောင်းချ ပေါင်နှံ မွေးလာ ခဲ့တာပါ..။“မိသိန်းတင်တို့က မရှိလို့ မွဲလို့သာ ငတ်ချင်ငတ်သေသွား ပါစေ..၊ မိခင်မေတ္တာကိုတော့ လုံးဝ မပျက်ကွက်စေရဘူးမှတ်ထားကြပါ၊ နောက်ကို မစံပယ်လေးကို တစ်ခြားသူပေးဖို့ လာမပြောကြပါနဲ့ဟေ့..” လို့ရန်တွေ့လွတ်ရပါတယ်။

အခန်း(၂)

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ ထားခဲ့ကြလို့လား မပြောတတ်တော့ ပါဘူးကွယ်..။ မေတ္တာဆိုတာ တကယ်ရောင်ပြန်ဟပ်ပါတယ်။အမေကြီးနဲ့ အဘထွန်းကြိုင်တို့ အသက်(၆၀)တန်း တွေကိုရောက်နေကြပါပြီ..။ ဘ၀ ဘ၀အဆက်ဆက်က ပဌာန်းဆက် ဆိုတာကိုလဲ မယုံမရှိကြပါနဲ့…။ ဟော..ယခုကြည့်စမ်းပါ..သမီးလေး မစံပယ်က အရွယ်ရောက်လာခဲ့ပါပြီ..။ သူက အမေကြီးတို့ လင်မယားကို တစ်လှည့်လုပ်ကြွေးနေ ပါပြီ..။ မစံပယ်တစ်ဦးထဲမဟုတ်တော့ပါဘူး။သူ့သား နှစ်ကောင် က တစ်နှစ်ကြီး တစ်နှစ်ငယ် ဆိုတော့ ရွယ်တူတွေပဲ ထင်မှတ်ရပါတယ်။ သူတို့ညီအကိုရဲ့ တစ်မနက် ၀င်ငွေ ကိုက (၅၀၀၀ိ)ရနေပါပြီကွယ်။ သူတို့ညီအကို ငယ်ငယ် လေးက ဖေဖော်ဝါရီလ ကလေးများနေ့ ပြိုင်ပွဲတွေမှာ နှစ်တိုင်းအလှပြတာ ပထမဆု အမြဲရခဲ့ကြပါတယ်။ ဟိုလူက ဆုတွေချ ၊ ဒီလူကဆုတွေချနဲ့ အဖိုးကြီးကဆိုရင် ၀မ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျရှာတယ်. တဲ့။ ပြီးတော့ သူကပြောနေ သေးတယ်…။
““မိတင်ရေ..မင်းစကားသာ ငါနားမထောင်ခဲ့မိပဲ..မစံပယ်လေးကိုသာ မင်းအသဲ အသန် ဖြစ်နေတုံး က ရောင်းခဲ့ မိရင် ဒို့မှားသွားတာ သေချာပေါ့။ဒို့ဘ၀မှာ အတိတ်က ကုသိုလ်ကံမကောင်းခဲ့လို့ ဆင်းရဲ ခဲ့တယ်..။ အတိတ်က ကုသိုလ်ကောင်းမှု အလှူဒါန နည်းခဲ့လို့ ယခုဘ၀မှာ သားသမီးရတနာနဲ့ အခြွေရံသင်းပင်းနည်းခဲ့၊ မရခဲ့ကြတာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရဘူးတယ်..။အင်း..ခုတော့လဲ ဘ၀ ဘ၀က ပဌာန်းဆက် ကြောင့်ပဲထင်ပါရဲ့ကွယ်.. ဆင်းရဲမွဲတေနေတဲ့ သားထောက်သမီးခံမရှိတဲ့ ငါတို့ လင်မယားကို… သမီး မစံပယ်တို့ နွားသားအမိသုံးကောင်က လူတွေထက်တောင်မှ မယုံကြည်နိုင် လောက်အောင် တာဝန်ကျေပွန်စွာနဲ့ အလုပ်အကျွေးပြုနေ ပါပြီပကော လား…ကွယ်…””

“သြော်..ရှင်က ယခုမှ ဒီစကားကိုလာပြောနေတာ..ကျမ အမြဲပုခုံးမှာတင်ပြီး ဘုရားရှစ်ခိုးနေတဲ့ ပ၀ါတဘက် အစွန်းထဲက အထုပ်ကလေးကိုဖြည်ကြည့်စမ်း ..ဒီမှာ..ရွှေတို၊ ရွှေစကလေးတွေ လေ..။ အဲဒါ သမီးမစံပယ်ရဲ့ သားနှစ်ကောင်နဲ့ ယာခင်းတွေသွားပြီးတစ်မနက် ထွန်ယှဉ်းဌါးလိုက်လို့ ရတဲ့(၅၀၀၀ိ)ငွေတွေကို ရှင်ပေးသမျှ ရွှေတိုရွှေစတွေဝယ်စုထားတာပါ..။ ဒီသားနှစ်ကောင်ကို ရှင်ပြုရမဲ့ အရွယ် ရောက်လာရင် သမီးကြီးမစံပယ်နဲ့ အတူ ရွာဦးကျောင်းဆရာတော် ထံ ရေစက်ချ အလှူ တော်ပေးရအောင်လို့ပေါ့တော်..၊ နောက်ဘ၀မှာ ဒီနွားသားအမိတွေ လူပြန်ဖြစ်ကြပါစေ..။ ကျမတို့ လင်မယားကလဲ နိဗ္ဗာန်ကိုမရမီစပ်ကြား လူဘ၀မှာ လူပြန်ဖြစ်လာကြမဲ့ သမီးမစံပယ်တို့သားအမိ သုံးယောက်ရဲ့ အမိ၊အဖ တွေဖြစ်ရပါလို၏လို့ အဲဒီအလှူမှာ ဆုတောင်းပြီးရေစက်ချလိုက်မယ် ..ကိုထွန်းကြိုင်ရေ”။

မှတ်ချက်။ ။ အဘဦးထွန်းမြိုင်+အမေကြီးဒေါ်တင်သိန်းတို့၏ပြောပြသော အဖြစ်မှန်အား ရေးသားပါ၏။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊နိုဝင်ဘာလ(၁၉)ရက်၊ညနေ(၄)နာရီ ရေးတင်၏

Read more...

ကြားခဲ့ရတဲ့ စကားတစ်ခွန်း

| 0 ယောက်မှတ်ချက်ရေးခဲ့တယ်
ကြာခဲ့ပါပြီ၊ ဒါပေမဲ့ ယနေ့အထိ ကြားယောင်နေဆဲပါ၊ စာရေးသူဟာ ငယ်စဉ်က တောရွာမှာ ကြီးပျင်းခဲ့ရသူပါ။ ငယ်စဉ်က ခလေးသဘာဝ သူငယ်ချင်းများနဲ့ ဟိုဟိုဒီဒီသွားကာ ဆော့ကစားလေ့ရှိတယ်။ တစ်ခါခါ တောထဲသွားပီးတော့လဲ ဆော့ကစားကြသလို ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ၀င်ကာ ဆော့ကြတာလဲ ရှိတယ်။
တစ်နေ့ စာရေးသူတို့ သူငယ်ချင်းတစ်သိုက် မြစ်ချောင်းထဲဆင်းကာ ရေချိုးကြပါတယ်၊ ရေချိုးပြီးတဲ့အခါ အိမ်မပြန်ကြသေးဘဲ၊ ထိုမြစ်ကမ်းနံဘေးမှာပဲ ဟိုဟိုဒီဒီ သွားကာ ဆော့ကစားကြပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းနား ၀ါးဖေါင်ပေါ်မှာ လူကြီး တစ်ယေက် ငါးမျှားနေတာကို တွေ့ရပါတယ်။ လူငယ်သဘာဝ ၀ါးဖေါင်ပေါ်တက်ပြီး အချင်းချင်း စကြနောက်ကြရင်း ၀ါးလုံးကွဲအသံကြီးနဲ့ ရယ်ကြ ပျော်ရွှင်နေကြပါတယ်။
ထိုအခိုက် ၀ါးဖေါင်ပေါ်မှာ ၀မ်းစာရေးအတွက် ငါးမျှားနေတဲ့ အဖိုးကြီးက သူ့ကို ပျက်ရယ်ပြုတယ်လို့ ထင်မှတ်ပြီး

“ မင်းတို့က ငါ့ကို လှောင်ကြတာလား….အေး…ငါအဖိုးကြီးဖြစ်သလို မင်းတို့လဲ တစ်နေ့ အဖိုးကြီးဖြစ်လာလိမ့်မယ်၊ သတိထား ကြ၊ ဒါ နောက်စရာမဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်။ ဒီအချိန်တုန်းက ခလေးသဘာဝ မတွေးတတ်ပါ။ ဒီအဖိုးကြီး ငါတို့ကို စိတ်ဆိုးပီး ပြောတာပဲ လို့ ထင်မှတ်ခဲ့တယ်။
အသက်တွေကြီးလာတော့မှ အဖိုးအိုရဲ့စကားဟာ တကယ်မှန်နေတာတွေ့ရတယ်၊ အချိန်ကြာလာတော့ စကားရဲ့ အနက် အဓိပ္ပါယ် ပိုပြီး ထင်ရှားလာသလို ကြာလေလေ နားထဲက မထွက်လေလေပါပဲ။
ငယ်စဉ်က အဖိုးအိုရဲ့စကားကို ဝေဖန်နိုင်တဲ့ စွမ်းအားမရှိပါ။ ယခုအသက်ကြီးလာတဲ့အချိန်ရောက်တော့ ဝေဖန်မိပါတယ်။ ဘာ့ကြောင့်ဆိုရင် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှဟာ ဓမ္မချည်း ဖြစ်နေလို့ပါပဲ။
ဒီအချိန်တုန်းက အဖိုးအိုဟာ သုဿန်နှုတ်ခမ်းတဖက် နင်းနေပြီ။ သေခြင်းတရားကို သတိမှ ရပါလေစ၊ ဘ၀ပေးအရ စားဝတ် နေရေးအတွက် ငါးမျှားနေရတာကို ကြည့်ပြီး အဖိုးအိုကို သနားမိတာပါ၊ ကြာခဲ့ပြီဆိုတော့ အခုအချိန်မှာ အဖိုးအိုဟာ လောကထဲ ရှိနေမယ် မထင်တော့ဘူး။ လောကမှာ ဒီလိုအဖိုးအိုမျိုး ဘယ်နှစ်ဦးရှိလေမလဲ၊ အသက်ကြီးလာရင် ဒါန သီလ ဘာဝနာ ကုသိုလ် တရားနဲ့ နေရမဲ့အချိန်မှာ အကုသိုလ်အလုပ် လုပ်နေရတာဟာ မချစ်သော်လည်း အောက်ကာနမ်းဆိုသလိုပဲ မလုပ်ချင်လဲ လုပ်နေရတာပဲလား၊ ဒါမှမဟုတ် အပျော်သဘောနဲ့ ငါးမျှားတာလား ဆိုတာ မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ ဒီအသက်အရွယ်ရောက်လာရင် ဘ၀နေ၀င်ချိန်လည်း နီးကပ်လာပါပြီ။ အပူအရှိန်အားနည်းလာတဲ့ နေ၀န်း နီနီကြီးပမာ မကြာခင် တောင်စွယ်အောက်ရောက်လို့ ကွယ်တော့မှာဖြစ်တယ်။
လူတွေဟာ ငယ်ရွယ်တဲ့အချိန်ကစလို့ လက်မှတ်တွေ အသီးသီးရခဲ့ကြတယ်။ လက်မှတ်က အောင်လက်မှတ်တွေပါ။ မူလတန်း အောင်လက်မှတ်။ အလယ်တန်းအောင်လက်မှတ်။ အထက်တန်း တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်။ တက္ကသိုလ်မှ ဆိုင်ရာဘွဲ့အောင် လက်မှတ်။ ဘွဲ့လွန်အောင်လက်မှတ် ၊ ဂုဏ်ထူးဆောင်လက်မှတ် စတဲ့ အောင်လက်မှတ်တွေ အဆင့် ဆင့် ရရှိခဲ့ကြတယ်။
များပြားလှတဲ့ အောင်လက်မှတ်များနဲ့အတူ ဂုဏ်ယူဝင့်ကြွားပြီး အရှေ့တန်းက နေနိုင်လာခဲ့ပေမဲ့ တစ်နေ့ကျရင် ထိုလက်မှတ် များကို ထားခဲ့ကာ သချိုင်း လက်မှတ် ယူရမဲ့ သူချည်းပါပဲ။
အဖိုးအိုဟာ သချိုင်းလက်မှတ်ယူရမှာကို မေ့နေတာလား မပြောတတ်။ လူတိုင်းလူတိုင်း သချိုင်းလက်မှတ် ယူရမဲ့သူချည်းပါ။ စာဖတ်သူများလည်း တဖြေးဖြေး ကြီးရင့်လာနေပါပြီ။ သချိုင်းလက်မှတ်ကို ဘယ်အချိန် ယူရမယ်ဆိုတာသာ မသိတာ။ တစ်နေ့နေ့ တချိန်ချိန်မှာ ယူရတော့မှာပါ။ ပစ္စုပ္ပန် ၊ အနာဂါတ် ကာလ တစ်ခုခုမှာပေါ့။
ဘ၀မှာ အောင်လက်မှတ် ဂုဏ်ထူးဆောင်လက်မှတ်တွေနဲ့ အောက်ခြေလွတ်နေကြတယ်။ မာန်မာနဆိုတဲ့ မျက်မှန်စိမ်း တတ်ထားကြတော့ အပြင်လောကရဲ့ ဘ၀အခြေအနေမှန်ကို မသိဖြစ်နေကြတယ်။ ဒီလိုပါပဲ လူ့လောကမှာ ပစ္စည်းဥစ္စာ၊ ပညာ၊ ရုပ်ရည် စတာတွေကို အခြေတည်လို့ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ မာန်မာနတွေ တက်နေကြတယ်။ု တစ်ချို့ ရဟန်းလောက မှာလည်း ကိုယ့်မှာရှိတဲ့ ပညာ၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာများ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တပည့် အခြံအရံများစတဲ့ အခြေအနေအပေါ် မူတည်ပြီး မာန်တက်နေကြတာ ရှိတတ်ကြပါတယ်။ ဒါဟာ မျက်မှန်စိမ်းတတ် နေကြ တာပါ။ တစ်နေ့ သချိုင်းလက်မှတ်ရမယ်ဆိုတာကို ဆင်ခြင်မိကြမယ်ဆိုပါရင် ကိုယ်တတ်ထားတဲ့ မျက်မှန်ဟာ အစိမ်းရောင်ကနေ အဖြူရောင် ပြောင်းလဲလာမှာပါ။
စာရေးသူအပါအ၀င် စာဖတ်သူများပါ မျက်မှန်စိမ်း မတတ်မိဖို့နဲ့ လောကသဘ၀အမှန်ကို မြင်နိုင်တဲ့ အဖြူရောင် မျက်မှန်ကို တတ်နိုင်တဲ့သူများ ဖြစ်ဖို့ပါ။ ငယ်စဉ်က အဖိုးအိုအကြောင်း ပြန်ပြောပါမယ်။
အဖိုးအိုဟာ Fisherman ပီပီ ငါးမျှားနေတဲ့အခိုက် ငါးများ မိနေလေမလား၊ မိရင်ကောင်းမယ်၊့  ဘာလုပ်လိုက်မယ် ဆိုတဲ့ အကုသိုလ်အတွေး နယ်ချဲ့မိမှာပါ။ ဒီလိုသာ တွေးဖြစ်ခဲ့ရင်တော့ အကုသိုလ်အရင်းအနှီးဖြစ်တဲ့အတွက် သချိုင်းလက်မှတ် သာမက အပါယ်လက်မှတ်ပါ ၀ယ်ပီးသားဖြစ်သွားမှာပါ။
ငယ်စဉ်ကအဖိုးအိုရဲ့ အဖြစ်မျိုးကို အတွေးနဲ့ ပြေးမြင်ကာ ကိုယ်လည်း ဒီလိုမျိုးများ ဖြစ်နေပီလား၊ ကိုယ့်ဟာ ကိုယ် သုံးသပ် ကြည့်မိပါတယ်။ စာဖတ်သူများလည်း သုံးသပ်ကြည့်မိဖို့ မိမိကိုယ်ကို လေ့လာရင်း သုတေသနပြုဖို့ လိုအပ်လိမ့်မယ် ဆိုတာ ပြောရင်း…………………..ကုသိုလ်ဆိုတဲ့ အရင်းအနှီးဖြင့် အဖြူရောင်မျက်မှန်များ တတ်နိင်ကြပါစေ………….



Read more...

ဂျပန်ပြည်မှ ဗုဒ္ဓဘုရားကျောင်းများသို့အလည်တစ်ခေါက်

Thursday, November 19, 2009
မင်္ဂလာပါရှင်။
ဒီနေ့တော့ ဂျပန်နိုင်ငံမှ ဗုဒ္ဓဘုရားကျောင်းများသို့ အလည်တစ်ခေါက်ရောက်ရှိခဲ့တဲ့အကြောင်းလေးကို စာဖတ်သူများကိုမျှဝေလိုပါတယ်ရှင်။ကျွန်မတို့မိသားစုကို သူ့ရဲ့ကားနဲ့ ဂျပန်မှာနေရာတကာအလည်လိုက်ပို့ပေးတတ်တဲ့ Dr.Miyahara က ဒီတစ်ခေါက်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်ဆောက်ခဲ့တဲ့ ဗုဒ္ဓဘုရားကျောင်းများရှိရာ NIKKO မြို့သို့အလည်တစ်ခေါက်ပို့ပေးခဲ့ပါတယ်ရှင်။

NIKKO မြို့ဆိုတာ မြန်မာပြည်က မေမြို့ ၊တောင်ကြီးတို့လိုမျိုး ဂျပန်မှာ နာမည်ကြီးတဲ့ မြို့လေးဖြစ်ပါတယ်ရှင်။ နစ်ကိုးမြို့အ၀င်ဟာ မေမြို့နဲ့တော်တော်လေးတူသလိုပဲ တောင်ပေါ်တက်ပြီး လည်ကြတော့ တောင်ကြီးသွားတဲ့ ကားလမ်းတွေနဲ့ တော်တော်လေးဆင်တူပါတယ်ရှင်။

Dr.Miyahara က ပထမဦးဆုံး World Heritase (ကမ္ဘာ့အမွေအနှစ်) တစ်ခုဖြစ်တဲ့ Shrine and Temples of Nikko ကို အရင်လိုက်ပို့ပေးခဲ့ပါတယ်ရှင်။Shrine and Temples of Nikko (နတ်ဘုရားကျောင်းများ နဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ)တည်ရှိရာShrine and Temples of Nikko ကိုရောက်တော့ အမှတ်တရ ဓါတ်ပုံလေးတွေကိုရိုက်ဖြစ်ရင်း တောင်ပေါ်ကို လှေခါးလေးတွေနဲ့ အဆင့်ဆင့် တက်ခဲ့ရပါတယ်ရှင်။Shrine and Temples of Nikko မှာ ၀င်ကြေးအဖြစ် လူကြီး ယန်း ၁၀၀၀ ၊ ကလေး ယန်း ၄၀၀ သတ်မှတ်ထားပြီး Shrine and Temples of Nikko မှာရှိတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၅၀ ကျော်ကတည်ထားခဲ့တဲ့ တောင်ပေါ် ဘုန်းကြီးကျောင်း ၅ ကျောင်းကို လည်ပတ်ခွင့်ရခဲ့ပါတယ်။









ပထမဦးဆုံး ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်းကို အရင်ဆုံးသွားရောက်ခဲ့ပြီး အဲဒီဘုန်းကြီးကျောင်းကြီးမှာ ထူးဆန်းအံ့သြဘွယ်ကောင်းတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်ရှင်။အဲဒီဘုန်းကြီးကျောင်းကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၇၁ ခုကတည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ကျောင်းထဲမှာဗုဒ္ဓဆင်းတုတော်များစွာကို တအံ့တသြပဲ ဖူးတွေ့ခွင့်ရတာကြောင့် ဓါတ်ပုံရိုက်ပြီး မောင်နှမတွေကို ဝေမျှလိုပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုကြောင်း ၊ ပြင်းထန်စွာ တားမြစ်ထားတာမို့ ဓါတ်ပုံရိုက်မလာနိုင်ခဲ့ပါဘူး။ဘုန်းကြီးကျောင်းကြီးတစ်ခုလုံးဟာ သစ်သားများနဲ့သာတည်ဆောက်ထားတာဖြစ်ပြီးတော့ မြန်မာဘုရားတွေမှာတွေ့ရတဲ့ လှပလွန်းတဲ့လက်မှုပညာတွေကို ထူးထူးခြားခြားပဲတွေ့ရပါတယ်။
ဘုန်းကြီးကျောင်းရဲ့ အတွင်းဘက်မျက်နှာကျက်မှာ နဂါးပုံ ပန်းချီ အကြီးကြီးဆွဲထားပါတယ်။ကျောင်းထဲရောက်တာနဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းနဲ့ ပတ်သက်တာတွေကို ရှင်းပြပေးပါတယ်ရှင်။

ဒီနဂါးကြီးဟာဆိုရင်အလွန်ထူးဆန်းပါကြောင်းနဲ့ နဂါးရဲ့ခြေရင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကို ခေါက်ရင် ရိုးရိုးအသံသာကြားရပါကြောင်းနဲ့ နဂါးကြီးရဲ့ဦးခေါင်းပိုင်းကနေ သစ်သားချောင်း ၂ချောင်းကိုခေါက်ရင် ကံကောင်းတဲ့သူတွေဆိုရင် ထူးဆန်းတဲ့အသံတွေကြားရပါကြောင်းရှင်းပြပေးပြီး နဂါးကြီးရဲ့ခြေရင်းပိုင်းမှာရော ၊ဦးခေါင်းပိုင်းမှာပါ သစ်သားချောင်း ၂ချောင်းကို ခေါက်ပြပါတယ်ရှင်။ ဟုတ်ပါတယ် နဂါးကြီးရဲ့ ခြေရင်းပိုင်းမှာ ခေါက်တဲ့သစ်စားချောင်းနှစ်ချောင်းရဲ့အသံက ရိုးရိုးသစ်သားချောင်းခေါက်တဲ့အသံသာဖြစ်ပြီး နဂါးကြီးရဲ့ဦးခေါင်းဘက်မှာ ခေါက်တဲ့သစ်သားချောင်း၂ချောင်းရဲ့အသံက ပဲ့တင်သံတွေနဲ့ထပ်နေပြီး အလွန်ထူးခြားလှပါတယ်။ ကျွန်မတို့ ၄ ဦးစလုံး ထူးခြားတဲ့ အသံကိုကြားရပြီး တချို့ဘုရားဖူးဂျပန်အမျိုးသမီးတွေက ဘာမှမကြားရကြောင်းပြောနေသံကြားရတော့ ကိုယ့်ကိုကိုယ်ကံကောင်းတဲ့သူတွေလို့ သတ်မှတ်လိုက်ပါတယ်ရှင်။း)









ဘုန်းကြီးကျောင်းတွေအားလုံးဟာ ကျွန်မတို့မြန်မာဘုန်းကြီးကျောင်းတွေလိုပဲ ဖိနပ်ကို အပြင်မှာချွတ်ထားရပါတယ်။နေရာတကာမှာ အဆောင်လက်ဖွဲ့တွေကို ယုံကြည်စွာရောင်းနေကြတာကြောင့် သမီးလေးကတော့ သူ့သူငယ်ချင်းတွေအတွက် လက်ဆောင်တွေ စိတ်တိုင်းကျဝယ်နေပါတော့တယ်။ခရီးမသွားခင် သူ့ဖေဖေက သူလိုတာဝယ်ဘို့ မုန့်ဘိုး ပေးထားတာကြောင့် သူလိုချင်တာမှန်သမျှကို သူငယ်ချင်းတွေအတွက်ဆိုပြီး တစ်ခုပြီးတစ်ခုဝယ်နေတော့တာပါပဲ။သမီးလေးက ခရီးတစ်ခုခုသွားတိုင်း သူငယ်ချင်းတွေအတွက် အမြဲတမ်းမမေ့ပဲ လက်ဆောင်ဝယ်တတ်သလို သူ့သူငယ်ချင်းတွေကလည်း သူ့ကိုချစ်ခင်ကြပြီး လက်ဆောင်တွေပြန်ပေးတတ်ကြပါတယ်ရှင်။သမီးလေးတို့ အတန်းပိုင်ဆရာမက ခိုင်ကျန်ကို အကုန်ချစ်ကြကြောင်း ခိုင်ကျန်က အားလုံးကို အမြဲ အော်ဂနိုက်လုပ်ကြောင်းနဲ့ ခိုင်ကျန်က ခေါ်ရင် အကုန်ပါသွားကြကြောင်းပြောပြခဲ့တာမို့ အသက်ငယ်ပေမယ့် အပေါင်းအသင်းဆန့်တဲ့ သမီးလေးအတွက် ကျွန်မတို့ ၀မ်းသာ ဂုဏ်ယူနေမိပါတယ်။





တောင်ပေါ်မှာပဲ ဘုန်းကြီးကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်းကူးကြတဲ့လမ်းကလေးတွေမှာ ဂျပန်လူမျိုးတွေလည်းထူးထူးခြားခြား အယူအဆလေးတွေရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။တစ်နေရာမှာ ရေကန်လေးနဲ့ ငွေအကြွေတွေကိုရေကန်ထဲကရေနဲ့ဆေးရင် ငွေတွေတိုးပွားလာမယ်ဆိုလို့ ရှိသမျှပိုက်ဆံလေးတွေထုတ်ပြီး စကာလေးနဲ့ရေဆေးဖြစ်ကြပါတယ်ရှင်။နောက်ပြီး ရှိရင်းစွဲအသက်ထက်ပိုငယ်အောင် သောက်ရတဲ့ Waka Mizu ဆိုတာကိုလည်း ကြုံတုန်းဝင်သောက်ဖြစ်ခဲ့ပါသေးတယ်။အသက်ပိုငယ်ချင်လို့တော့ မဟုတ်ပါဘူးရှင်။ကြုံလို့ သောက်ဖြစ်လိုက်တာပါ။









ရှေ့နှစ်ပေါင်း ၃၅၀ ကျော်က ထူးခြားလှတဲ့ ဂျပန်ရိုးရာ လက်ရာများပဲ ဖြစ်ပါတယ်ရှင်။
ဂျပန်မှာ ၄ ဂဏန်းဟာ မကောင်းဘူးလို့အယူရှိကြတဲ့အတွက် ဘုရားအ၀င်မုဒ်ဦးက ဒီတိုင်အဖြူ ၄တိုင်မှာ တိုင်တစ်တိုင်ကို ဇောက်ထိုး ထားထားတာဖြစ်ကြောင်း မီယဟရစံ က ရှင်းပြပေးပါတယ်ရှင်။


ဒီတိုင် ၂တိုင်ကိုသေခြာကြည့်ရင် မတူတာကိုတွေ့နိုင်ပါတယ်ရှင်။

နောက်ဆုံးရောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းကတော့ ပထမ ကျောင်းလေးကျောင်းထက်ကို လှေခါးအထစ်ပေါင်း ၁၃၇ ခုတက်ပြီးမှရောက်သွားကြလို့ တောင်ပေါ်ဘုန်းကြီးကျောင်းရောက်တော့ ဗိုက်ကလည်းဆာ မောကလည်းမောနေကြပါပြီရှင်။ကျောင်းပေါ်ရောက်တာနဲ့ ဘုန်းကြီးကထိုင်ပြီးအနားယူကြဘို့နဲ့ လှေခါးထစ်ပေါင်း ၁၃၇ ခုတက်ခဲ့ကြရတာမို့ အေးအေးဆေးဆေးနားကြပါလို့ပြောပြတော့မှ ကိုယ်တက်လာခဲ့တဲ့လှေခါးထစ်က ၁၃၇ ခုရှိမှန်းသိလိုက်ရတာပါရှင်။ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေရောက်ရလို့ မောနေပေမယ့် အလွန်ပျော်နေခဲ့မိပါတယ်။




ဗုဒ္ဓုဘုရားကျောင်းဝင်းကြီးထဲမှာ နေရာတကာ ဘုရားဖူးများနဲ့ စည်ကားနေခဲ့ပြီး နိုင်ငံခြားသား ဘုရားဖူးများလည်း စည်ကားစွာလာရောက်ကြတာကို တွေ့ရှိခဲ့ရပါတယ်ရှင်။




တောင်ပေါ်ကနေ စီးကျလာတဲ့ တောင်ကျစမ်းရေလေးနဲ့ ဘုရားဖူးတွေအတွက် လက်ဆေးကန်လေးလုပ်ထားပေးပါတယ်ရှင်။






ဗုဒ္ဓရာဇ၀င်ထဲက မျောက်ပုံလေးတွေကိုပါတွေ့ရပါတယ်ရှင်။ဘုရားဝင်းကြီးထဲက အဆောက်အဦး အားလုံးလိုလိုဟာ သစ်သားတွေနဲ့ တည်ဆောက်ထားတာဖြစ်ကြောင်း ဘုန်းကြီးတစ်ပါးမှ ရှင်းပြပေးခဲ့ပါတယ်ရှင်။





အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။

ဝါ၀ါခိုင်မင်း

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP