* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Saturday, November 14, 2009

*ကမ္ဘာပျက်ခြင်းဆိုင်ရာအမေးအဖြေ*

Nov 9, 2009

ဒကာလေးရေ...
ဒကာလေးမေးတဲ့ကိစ္စက ဘုရားအရာသာ ဖြစ်ပါတယ်...
ဘုရားအရာကို ဗေဒင်ဆရာ လောကဓာတ်ဆရာ အဆင့်လောက်တွေက ပြောဆိုနေခြင်းမျှသာပါ...
ဘုန်းကြီးက ဗုဒ္ဓဘာသာအစစ်ဆိုတော့ ဘုရားစကားမှလွဲ၍ ဘယ်သူ့စကားမှ လက်မခံတတ်ပါဘူး...
ဒီတော့ မဟုတ်ဘူးလို့ပဲ ပြောပါရစေ...
ဒကာလေးတို့ သိထားတဲ့အတိုင်းပါပဲ ဒီဘဒ္ဒကမ္ဘာမှာ သဗ္ဗညုဘုရားအစစ်
ငါးဆူပွင့်ပြီးမှ ကမ္ဘာပျက်မှာပါ...
ယခုလက်ရှိ ပွင့်တော်မူနေတဲ့ဘုရားက လေးဆူမြောက် ဂေါတမဘုရားပါ...
နောက်ဆုံး ငါးဆူမြောက် ဘုရားကတော့ အရိမေတ္တေယျဘုရား ဖြစ်ပါတယ်...
အရိမေတ္တေယျဘုရား ပွင့်တော်မူပြီးမှသာ ဒီဘဒ္ဒကမ္ဘာက ပျက်ဆီးပါမယ်...
ကမ္ဘာပျက်ဖို့ရာ ၂၀၁၂ မပြောနဲ့ဦး ရေတွက်လို့ဖြင့် မရလောက်အောင် လိုလှပါသေးတယ်...
ကမ္ဘာပျက်ပုံကို ၃၁-ဘုံဇယား ထည့်ပေးလိုက်တယ်...
၁ အေ ကတော့ဖတ်ပုံဖတ်နည်း ဖြစ်ပါတယ်...
၁ ဘီ ကတော့ ဇယားပေါ့ ဒါလေးကို ကြည့်တတ်သွားရင်အများကြီး သိသွားပါမယ်...
စာအုပ်အညွှန်းတွေ ထည့်ပေးလိုက်ပါတယ် ဆက်လက်လေ့လာကြပါ...
ဂူးဂယ်မှာ ရှာကြည့်ရင်လည်း တွေ့ရပါတယ်...ဒါပေမဲ့ စာမှားတွေကလည်း အတော်များပါတယ်...
ပါဠိတော် မြန်မာပြန် မူရင်းနဲ့တိုက်ပြီး လေ့လာနိုင်ကြပါစေ...

စိတ်ချမ်းသာကြပါစေ
ဦးလောကနာထ
၁၀.၂၇.၂၀၀၉


ဒီပို့စ်လေးကိုကျွန်တော်ကမ္ဘာမပျက်ခင်တစ်လအလိုတက်ဂ်ကိုရေးသားမိရာမှထေရ၀ါဒဗုဒ္ဓဘာသာ
မှာကမ္ဘာပျက်ခြင်းနဲ့ဆိုင်တဲ့သိမှတ်ဖွယ်ရာလေးတွေကိုဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့
အားသိစေလို၍တင်လိုက်ခြင်းဖြစ်ပါတယ်။ အခုတလောForward mail တွေမှာပါနေတဲ့ကမ္ဘာကြီး
၂၀၁၂ ပျက်မယ်ဆိုတဲ့သတင်းများကိုလည်းဓမ္မမိတ်ဆွေသူတော်ကောင်းတို့ဤပိုစ်လေးကိုဖတ်ပြီး
တော့အမှန်တရားကိုသိရှိနိုင်ပါစေ။ဆင်ခြင်နိုင်ပါစေ။
ဆရာတော်ရဲ့အမေးအဖြေလေးကိုပို့ပေးတဲ့သူငယ်ချင်းကိုသက်နောင်ကိုလည်းကျေးဇူးတင်ရှိပါ
တယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အမှန်တရားကိုဆင်ခြင်စဉ်းစားနိုင်သောသူများဖြစ်ပါစေ။

Read more...

ဗြဟ္မာအလား မိဘနှစ်ပါး... ဖိုးပညော (သပိတ်ကျင်း)

Friday, November 13, 2009









Read more...

ဒါန လှူဒါန်းခြင်း၏ ထူးခြားချက်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုစဉ်အခါ၌ သုမနာမင်းသမီးသည် ရထားငါးရာ မင်းသမီးငါးရာ ခြံရံကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် ညီမျှသောသဒ္ဓါ၊ ညီမျှသော သီလ၊ ညီမျှသော ပညာရှိပါကုန်၏။ တစ်ဦးသည် ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ကုန်ရာ၏။ အသျှင်ဘုရား နတ်ဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြား ချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော'' ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း-
နတ်၌ ဖြစ်သော အသက်။
နတ်၌ ဖြစ်သော အဆင်း။
နတ်၌ ဖြစ်သော ချမ်းသာ။
နတ်၌ ဖြစ်သော အခြံအရံ အကျော်အစော။
နတ်၌ ဖြစ်သော အစိုးရခြင်း ဟူသော အကြောင်း ငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို နတ်ဖြစ်ခြင်းတူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ထိုနတ် အဖြစ်မှ ရွေ့လျော၍ ဤလူ အဖြစ်သို့ ရောက်လာကြပါမူ လူဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူဖြစ်ခြင်းတူသော်လည်း -
လူ၌ ဖြစ်သော အသက်။
လူ၌ ဖြစ်သော အဆင်း။
လူ၌ ဖြစ်သော ချမ်းသာ။
လူ၌ ဖြစ်သော အခြံအရံ အကျော်အစော။
လူ၌ ဖြစ်သော အစိုးရခြင်းဟူသော အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။
သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို လူဖြစ်ခြင်း တူသော်လည်း ဤအကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြုကြပါမူ ရဟန်းဖြစ်သူ ထိုနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါ၏လော၊ ခြားနားချက်သည် ဖြစ်ကောင်းပါ၏လော ဟု လျှောက်၏။

''သုမနာ ဖြစ်ကောင်း၏'' ဟု မိန့်တော်မူ၏။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ရဟန်းဖြစ်ခြင်း တူသော်လည်း ငါးပါးသော အကြောင်းတို့ဖြင့် လွှမ်းမိုးနိုင်၏။

၁...
အလှူခံတော်မူပါဟု တောင်းပန်ခံရသည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင် ရသည်က များ၏၊ တောင်းပန်မခံရဘဲ သုံးဆောင်ရသည်ကား အနည်းငယ် သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

တောင်းပန်ခံရသည် ဖြစ်၍သာလျှင် သူနာ၏ အထောက်အပံ့ ဖြစ်သော ဆေး အသုံးအဆောင်ကို သုံးဆောင်ရသည်က များ၏၊ တောင်းပန် မခံရမူ၍ သုံးဆောင်ရသည်ကား အနည်းငယ်သာတည်း။

၂...
အတူတကွ နေထိုင်ကြသော သီတင်းသုံးဖော်တို့သည် ထိုပေးလှူတတ်သော ရဟန်းအား နှစ်ခြိုက်ဖွယ် ကိုယ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ကိုယ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း။

၃...
နှစ်ခြိုက်ဖွယ် နှုတ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် နှုတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊

၎...
နှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့်သာ ပြုမူကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် စိတ်အမူအရာဖြင့် ပြုမူကြသည်ကား အနည်းငယ်သာတည်း၊

၅...
နှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်က များ၏၊ မနှစ်ခြိုက်ဖွယ် ပူဇော်မှုကို ပူဇော်ကြသည်ကား အနည်းငယ်သာတည်း။

သုမနာ ပေးလှူတတ်သူသည် မပေးလှူတတ်သူကို ရဟန်းဖြစ်ခြင်း တူကြသော်လည်း ဤအကြောင်း ငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား အကယ်၍ ထိုသူနှစ်ဦးတို့သည် ရဟန္တာအဖြစ်သို့ ရောက်ကြပါမူ ရဟန္တာအဖြစ်သို့ ရောက်ကုန်သော ထိုသူနှစ်ဦးတို့၏ ထူးခြားချက်သည် ဖြစ်ကောင်းပါသေးသလော၊ ခြားနားချက်သည် ဖြစ်ကောင်းပါသေးသလော ဟု လျှောက်၏။

သုမနာ ဤအရာ၌ စင်စစ်အားဖြင့် တစ်ပါး၏ ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် တစ်ပါး၏ ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်' ကို အနည်းငယ်မျှပင် ခြားနား၏ ဟု ငါမဆိုဟု မိန့်တော်မူ၏။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကို ပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူး ပြုတတ်ပါပေကုန်၏ ဟု လျှောက်၏။

သုမနာ ဤစကားသည် ဤအတိုင်း မှန်ပေ၏။

သုမနာ အလှူဒါနတို့ကို ပေးလှူရန် သင့်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူး ပြုတတ်ကုန်၏ ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤတရား စကားကို ဟောကြားတော် မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤတရား စကားကို ဟောကြားတော်မူပြီး၍ ထိုမှတစ်ပါး လူနတ် ဗြဟ္မာတို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူလေ၏။

''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေး ကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ် သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြော ဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန် တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ် တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကို လည်းကောင်း၊ ချိုင့်ဝှမ်းမြေကို လည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေ သကဲ့သို့။

ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏ တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ် ဥစ္စာတို့က တင်ပို့အပ်သည် ဖြစ်၍ အသက်ဖြင့် လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့် လည်းကောင်း၊ ရုပ်အဆင်းဖြင့် လည်းကောင်း၊ ချမ်းသာဖြင့် လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။ 31

၁ - သုမနသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

သစ္စာ (၄) ပါး

November 13th, 2009

သမုဒ္ဒယ ၊ ဒုက္ခ ၊မဂ္ဂ ၊နိရောဓ ဆိုတဲ့ သစ္စာလေးပါးကို နားလည်မှုဟာ ကိလေသာပါးမှုပေါ်မှာ

လုံးလုံးမူတည်နေပါတယ်။အရင်က ကိုယ်သိတဲ့ ကိုယ်ဖတ်ထားတဲ့ သုတအသိလေးပေါ်အခြေ

တည်ပြီး စဉ်းစားခဲ့ဖူးပါတယ်။စွဲလမ်းတာ ခင်တွယ်တာ သံယောစဉ်တွေ လောဘတွေ ဒေါသတွေ

စတဲ့ကိလေသာတရားတွေဟာ သမုဒယသစ္စာအနွယ်ဝင်တွေဆိုတာတော့ သိခဲ့ပါတယ်။ဒါတွေဖြစ်

ရင် ဒုက္ခဖြစ်တယ်ဆိုတာလည်း သိတန်သလောက်သိခဲ့ပါတယ်။သို့သော် ဒီအသိတွေက သုတ

ရှိတဲ့လူတိုင်းလိုလို သိနိုင်တာပဲ။ဆရာတော်ကြီးတွေ အရိယာတွေပြောချင်တဲ့ သမုဒယ ဒုက္ခသဘော

က ဒီထက်ပိုလေးနက်မယ်ဆိုတာ စဉ်းစားမိပါတယ်။တစ်ချို့ သမုဒယ ကိုကျွန်တော်တို့က ဒုက္ခလို့

ထင်ချင်မှ ထင်တာကိုး။သစ္စာလေးပါးထဲက သမုဒယ ဒုက္ခက အမြဲမှန်ကန်နေရမယ်လို့ပေါ့လေ။

အခုဟာက လူတိုင်းအတွက် ဒုက္ခဖြစ်ချင်မှဖြစ်တာပါ။ဥပမာ မိဘကလိမ္မာတဲ့သားသမီးလေးကိုကျ

တော့ ခင်တွယ်တာ သူစိတ်မှာဝမ်းသာနေတယ်။ဆိုးတဲ့သူကျတော့ မွေးရတာ ဒုက္ခရောက်တာပဲတဲ့။

နောင်မှသိလာရတဲ့သဘောက ပစ္စုပ္ပန်သဘောခန္ဓာစဉ်ပေါ်မှာ အထင်မှားပြီး ငြိတွယ်နေတဲ့သဘော

သက်သက်လေးကိုသမုဒယ လိုခေါ်ပြီး ၊ ဒီလိုငြိတွယ်တာနဲ့တပြိုင်နက် အကျိုးသဘောခန္ဓာလေးတွေ

ပေါ်ပြီး ငါထင်တဲ့သဘောနဲ့ ဆက်လက်အားစိုက်နေရတော့ ဒုက္ခသဘောဆောင်နေတယ်လို့ အထင်

လေးပေါ်လာတယ်လို့ ထင်ပါတယ်။ဒါပေမဲ့ ဒီသမုဒယသဘောအကြောင်းသက်သက်လေးကိုသာ

ဆက်တိုက် ဆင်ခြင်တဲ့ ပညာသဘောသက်သက်လေးနဲ့ ကြည့်တက်ပြန်ရင်လည်း ငြိမ်းတဲ့သဘော

သက်သက်လေးတွေဆိုတဲ့ မဂ္ဂနဲ့ နိရောဓ သဘောလို့ သုတအဆင့်ကနေ ၀ိပဿနာ အခြေခံနားလည်

မှုလေးတွေကိုသိလာခဲ့ပါတယ်။ဒါတောင် မပြောပလောက်တဲ့ အောက်ဆုံးအခြေခံသက်သက်လေးပါ။

အခုသိတဲ့အသိဟာ မှန်တယ် မှားတယ်ပြောလိုခြင်းမဟုတ်ပါ။သို့သော် သစ္စာသိမှုဟာ ပစ္စုပ္ပန်ခန္ဓာစဉ်

ပေါ်မှာ ဗိုလ်ငါးပါးတင်နိုင်ပြီး တရစပ် သိမှုအပေါ်မှာလုံးလုံးမူတည်တယ်ဆိုတာကို ပြောလိုခြင်းပါ။

သိင်္ခ

Read more...

မန္ဓာတုမင်းအကြောင်းသိချင်တယ်

အမေး။ ။အရှင်ဘုရား….မန္ဓာတုစကြာမင်းအကြောင်း သိချင်ပါတယ်။ အဖြေပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
Man sfield, England
အဖြေ။ ။ မန္ဓာတုစကြာမင်းအကြောင်းကို အမေးရှိတော့လည်း အဖြေရှိရမှာပေါ့။ နားလည်အောင် လိုရင်းပဲ ပြောသွားပ့ါမယ်။
မန္ဓာတုစကြာမင်းဆိုတာ ကမ္ဘာဦးက မဟာသမတမင်းရဲ့ မျိုးဆက်များ ဖြစ်ပါတယ်။ မန္ဓာတုမင်းဟာ ရတနာ(၇)ပါး၊ တန်ခိုး(၄)ပါးတို့နဲ့ ပြည့်စုံပြီး စကြာမင်းအဖြစ်နဲ့ မင်းပြုပါတယ်။ သူဟာ လက်ဝဲလက်ကို ခွေပြီး လက်ျာလက်နဲ့ ခတ်လိုက်တာနဲ့ ဒူးဆစ်ပမာဏရှိတဲ့ ရတနာ(၇)ပါးမိုးရွာချတဲ့အထိ ဘုန်းတန်းခိုးကြီးမားလှပါတယ်။

မန္ဓာတုမင်းရဲ့ သက်တမ်း
ပထမအရွယ်ဆိုတဲ့ သူငယ်ဘာဝ အဖေါ်များနဲ့ ကစားခဲ့ရတာက နှစ်ပေါင်း (၈၄၀၀၀)။
ဒုတိယအရွယ်မှာ အိမ်ရှေ့မင်းအဖြစ် နေခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။
တတိယအရွယ်မှာ စကြာဝတေးမင်းအဖြစ် မင်းပြုခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။
မန္ဓာတုစကြာဝတေးမင်းရဲ့ အသက်ပမာဏဟာ အသင်္ချေယ ဖြစ်တယ်လို့ သိရပါတယ်။
စကြာဝတေးမင်းဟာ ကာမမဂုဏ်များကို ခံစားရတာဟာ အားရတယ်လို့မရှိဘဲ စားပြီးရင်စားချင်ဆိုတာလို ကာမတဏှာ အလိုမပြည့်နိုင်တဲ့အတွက် ငြီးငွေ့လာတယ်။ ဒါကြောင့် အမတ်ကြီးများအား “လူ့ပြည်ထက် မွေ့လျော်ဘွယ်ကောင်းတဲ့ နေရာများ ရှိပါသလား” မေးပါတယ်။ အမတ်ကြီးများကလည်း လူ့ပြည်ထက် နတ်ပြည်ဟာ ပိုပြီး မွေ့လျော်ဖွယ်ရှိတယ် ဆိုတဲ့အကြောင်း ပြန်လည်ဖြေကြားပါတယ်။
မန္ဓာတုစကြ၀တေးမင်းဟာ ပရိသတ်များ ခြံရံပြီး စကြာရတနာရဲ့ အကူအညီဖြင့် စတုမဟာရာဇ်နတ်ပြည်ကို သွားခဲ့တယ်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကလည်း မန္ဓာတုစကြာဝတေးမင်းကို ခရီးဦးကြိုဆိုကာ စတုမဟာရာဇ်နတ်ပြည်မှာ မင်းအဖြစ်မင်းပြုနိုင်ပါ ကြောင်း ပြောတဲ့အခါ စကြ၀တေးမင်းလည်း နတ်ပြည်မှာ လူ့ခန္ဓာကိုယ်ဖြင့် မင်းပြုကာ ကာမဂုဏ်ခံစားလာခဲ့ပါတယ်။
ကာလကြာ ရှည်ကြာလာတဲ့အခါ့ တဖန်ငြီး ငွေ့လာပြန်တယ်။ ဒါနဲ့ မင်းကြီးက “စတုမဟာရာဇ်နတ်ပြည်ထက် ပျော်စရာကောင်းတဲ့နေရာ ရှိသေးလား” လို့ နတ်မင်းကြီးများအား မေးပါတယ်။ “ မြတ်သောမင်းကြီး ကျွန်ပ်တို့ဟာ သူတစ်ပါးရဲ့ အလုပ်အကျွေးများသာ ဖြစ်တယ်။ ဒီနတ်ပြည်ထက် တာဝတိံသာနတ်ပြည်ကို ပိုပြီး ပျော်စရာကောင်းပါတယ်” လို့ နတ်မင်းကြီးလေးပါးက ပြန်လည်ဖြေကြားပါတယ်။ သို့နှင့်
တာဝတိံသာနတ်ပြည်သို့ တဖန်သွားပြန်တယ်။ ရောက်တော့ သိကြားမင်းက ခရီးဦးကြိုဆိုပါတယ်။ သိကြားမင်းကလည်း မန္ဓာတုမင်း အား သူပိုင်ဆိုင်တဲ့ တာဝတိံနတ်ပြည်ကို ထက်ဝက်ခွဲပြီး မင်းအဖြစ်ကို ပေးပါတယ်။ ဒီလိုနဲ့ လူအဖြစ်နဲ့ တာဝတိံနတ်ပြည်ရဲ့တစ်ဝက်ကို နတ်မင်း အဖြစ် မင်းပြုပြီး ကာမဂုဏ်တရားများကို လိုသည်ထက်ပိုပြီး ခံစားခဲ့ပါတယ်။
နှစ်ပေါင်း သုံးကုဋေခြောက်သန်းကြာတဲ့အခါမှာ သိကြားမင်းလည်း စုတေမနေ သေလွန်ခဲ့တယ်။ နောက်သိကြားမင်းတစ်ဦး ရောက်လာတယ်။ နောက်သိကြားမင်းလည်း အသက်အတိုင်းနေလို့ စုတေမနေ သေလွန်ခဲ့ပါတယ်။ဒီလိုနဲ့ သိကြားမင်းဆက် (၃၆)ဆက်ဖြစ် တဲ့အခါ မန္ဓာတုမင်းဟာ ကာမတဏှာခံစားမှုများ အတိုင်းထက်အလွန်ဖြစ်လာတယ်။ သိကြားမင်း (၃၆)ယောက်တိုင်တိုင် ထက်ဝက်ကိုမင်းပြုခဲ့ပါတယ်။ နောက်ဆုံးမှာ ကာမတဏှာရဲ့ခိုင်းစေမှုကြောင့် တာဝတိံသာ နတ်ပြည်ရဲ့ ထက်ဝက်ကို ခံစားနေရာက နတ်ပြည် တစ်ခုလုံးကို လိုချင်လာပြန်တယ်၊ ဒါနဲ့ လက်ရှိသိကြားမင်းကို သတ်ပြီး မင်းပြုမယ်ဆိုပြီး ကြံပါတော့တယ်။
ဒါပေမဲ့ သိကြားမင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကမာတဏှာကြောင့် မင်းကြီးဟာ တဖြေးဖြေး အိုမင်းလာပါတော့တယ်။ လူခန္ဓာကိုယ်ဟာ နတ်ပြည်မှာ မပျက်စီးကောင်းပါ။ မင်းကြီးဟာ နတ်ပြည်ကနေလျှောကျပြီး လူ့ပြည်မှ မင်းဥယျာဉ်ကို ရောက်လာတယ်။ ဥယျာဉ်စောင့်ကလည်း မင်းမျိုးများအား အကြောင်းကြားတဲ့အတွက် မန္ဓာတုမင်းရှိရာ ရောက်လာကြကာ ဥယျာဉ်ထဲ အခင်းတွေခင်းပေးပြီး အနားယူစေပါတယ်။ အဲဒီမှာ မန္ဓာတုမင်းဟာ မထနိုင်တော့ဘဲ အိပ်ရာထဲလှဲတော့တာပဲ။
အခြေအနေကို အကဲခတ်မိတဲ့ မင်းမျိုးများက “နောက်ကာလအတွက် ဘယ်လိုမှာခဲ့ပါလဲ” လို့ မေးတဲ့အခါ မန္ဓာတုမင်းက “ မန္ဓာတုမင်းဟာ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိတဲ့ ကျွန်းကြီးလေးကျွန်းမှာ စကြ်ာဝတေးမင်းအဖြစ် မင်းပြုလာခဲ့တယ်၊ ဒါတင်မကာ စတုမဟာရာဇ်နတ်ပြည်မှာ လူ့ခန္ဓာကိုယ်နဲ့ နတ်မင်းအဖြစ်မင်းပြုခဲ့တယ်။ ဒါ့အပြင် တာဝတိံသာနတ်ပြည်မှာ နတ်မင်းအဖြစ် သိကြားမင်း (၃၆)ယောက်မြောက်တဲ့အထိ မင်းပြုခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ တဏှာအလိုကား မပြည့်နိုင်ဘဲ စုတေမနေ ကွယ်လွန်ခဲ့ရတယ်ဆိုတာကို လူတို့အား ပြောကြားလိုက်ပါ” လို့ ပြောပြီး မန္ဓာတုမင်းကြီးလည်း ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတော့တယ်။ (ဇာ၊ဋ္ဌ၊၂၊ ၂၈၁)


Read more...

မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၃)

Friday, November 13, 2009

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ
မကွေးဆရာတော်ကြီး၏ သြ၀ါဒ (၃)

ရက်စွဲ - (၀၇၊ ၁၁၊ ၂၀၀၉)

ဆရာတော်အရှင်မြတ်တို့ဘုရား . . .
ဘုရားတပည့်တော်တို့၏ ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ မြို့တိုင်းလိုလိုပင် ပရိယတ္တိ စာသင်တိုက် ကြီးများဖွင့်လှစ်၍ ပရိယတ်ကို ပို့ချသင်ကြားပေးနေခြင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၌လည်း ပရိယတ်ကျမ်းဂန်များကို ဘာသန္တရပါ တွဲဖက်၍ ခေတ်မီနည်းစနစ်ဖြင့် ပို့ချသင်ကြားပေးနေခြင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းနည်းပြ သာသနာ့ ရိပ်သာများ ဒေသအနှံ့အပြားဖွင့်လှစ်ပြသနေခြင်းတို့ကြောင့် ပရိယတ္တိ သာသနာတော် ပဋိပတ္တိ သာသနာတော် တည်တံ့ရေးမှာ အားရကျေနပ်ဖွယ်ရှိပါသည်။
ထို့ထက်တိုးတက် အောင်အားပေး ထောက်ပံ့ကူညီရန်သာ လိုအပ်ပါသည်ဘုရား။ သာသနာ တော်ပြန့်ပွားရေးအတွက် နယ်စပ်ဒေသနှင့် တောင်တန်းဒေသများ၌ သာသနာ ပြုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေပါသည်။ အားရကျေနပ်အောင်တော့ မအောင်မြင်သေးပါ။ မအောင်မြင်ရ သေးခြင်း မှာလည်း ပစ္စည်းလေးပါး အထောက်အပံ့နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး များသည် ငွေကျပ်သိန်းတစ်ထောင်ကုန်၊ သိန်းနှစ်ထောင်ကုန်၊ သုံးထောင်ကုန် ကျောင်းကန်စသည်များ ဆောက်လုပ်လှူဒါန်းနိုင်ကြသော်လည်း ဗုဒ္ဓသာသနာတော် မထွန်းကားသေးသော ဒေသများ၌ ဆင်းဆင်းရဲရဲ သာသနာပြုနေကြသော သံဃာတော်များအား ထောက်ပံ့ရန်ကိစ္စကိုမူ နှလုံးမသွင်းမိကြဘဲ ဖြစ်နေပါသည်။
နိုင်ငံခြား သာသနာပြုကျောင်းများမှာ ကျောထောက်နောက်ခံ အထောက်အပံ့က ပြည့်စုံလုံလောက်စွာ ရနေတဲ့ အတွက် သူတို့ သာသနာပြုတွေက အောင်မြင်ကြပါသည်။ တပည့်တော် တို့က သူတို့ကို မယှဉ်နိုင်ဘဲ ဖြစ်နေကြပါသည်။ ဒီသာသနာပြုကုသိုလ်၏ ထူးကဲမွန်မြတ်ပုံကို လူအများသိအောင် ဟောပြော ဆွဲဆောင်ဖို့လိုပါသည်။
ဒီကိစ္စကိုတော့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်များကို တရားဟောတဲ့အခါ သာသနာပြု ကုသိုလ်၏ မွန်မြတ်ပုံကို ထည့်သွင်းဟောပြောကြရန် တောင်းပန် တိုက်တွန်း သင့်ပါသည်။
ဟော ပြောရုံမက သာသနာပြုထောက်ပံ့ရေး အဖွဲ့များလည်း ဖွဲ့စည်းသင့်ပါသည်။ ဤသာသနာပြု ထောက်ပံ့ရေး အဖွဲ့များ ဖွဲ့စည်း၍ အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဓမ္မကထိက ဆရာတော်အချို့လည်း ရှိပါသည်။ ဤဓမ္မကထိက ဆရာတော်မျိုးများများ ပေါ်ထွက်လာအောင် တောင်းပန်တိုက်တွန်းဖို့ လိုအပ်ပါသည်ဘုရား။
ကမ္ဘာမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားဖို့ကတော့ ဘာသန္တရကျွမ်းကျင်သော သာသနာပြု ရဟန်းတော် များ အများအပြားပေါ်ပေါက်ဖို့လိုအပ်ပါသည်။ ပရိယတ် , ပဋိပတ် အခြေခံ လုံလောက်ပြီးသော ရဟန်းတော် များ ဘာသန္တရလေ့လာဆည်းပူရန် အားပေးချီးမြှောက် ထောက်ပံ့သင့်ပါသည်ဘုရား။
ဤသို့ ပရိယတ္တိ ပဋိပတ္တိနှစ်ပါး သန့်ရှင်းတည်တံ့ပြန့်ပွားလာလျှင် ပဋိဝေဓဟူသော မဂ်ဖိုလ်နိဗ္ဗာန်အသီးအပွင့်ကို ဧကန် သုံးဆောင်ခံစားရမည်ဖြစ်ပါသည်ဘုရား ။
ယခု ဘုရားတပည့်တော် လျှောက်ထားတင်ပြခဲ့သည့်အတိုင်း သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်၏ ဦးတည်ချက်ဖြစ်သော ``သာသနာတော် သန့်ရှင်း , တည်တံ့ , ပြန့်ပွားရေး´´ သုံးရပ် အကောင်အထည်ပေါ် လာအောင် တာဝန်အရှိဆုံးဖြစ်သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးက ဦးဆောင်၍ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်ဆရာတော်များ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် သာသနာတော်ကို ကြည်ညိုမြတ်နိုးကြသည့် ဥပါသကာ , ဥပါသိကာ များလက်တွဲ၍ ညီညီညာညာ အင်တိုက်အားတိုက် ဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သရဏီယဩ၀ါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား

(ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ န၀မအစည်းအဝေး)

မှတ်ချက်။ ။ အရှင်မြတ်တပါးပေးပို့လိုက်သော သြ၀ါဒများသည် ယနေ့မျက်မှောက်ခေတ်၌ အကျိုးများဖွယ်ရှိသဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။
သီတဂူစတား
၁၃-၁၁-၂၀၀၉
1 comments

Read more...

ရဟန္တာ စစ်တမ်း

Thursday, November 12, 2009

မေး။ ။ ယခုခေတ်တွင် ရဟန္တာဖြစ်နိုင်ပါသေးသလား၊ ကျမ်းအကိုးအကားဖြင့် ဖြေကြားပေးပါရန်နှင့် ရဟန္တာ ဟုတ်-မဟုတ်၊ ဘယ်လို စမ်းသပ်ရပါမည်နည်း၊ ပညာရှင်များ ဖြေကြားပေးတော်မူကြရန် ဖြစ်ပါသည်။

( သိလိုသူတဦး )

ဖြေ။ ။ ယခုခေတ်တွင် ရဟန္တာ ဖြစ်နိုင်သေးသလားဟူမူ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီး သုဘဒ္ဒပရိဗိုဇ် မေးမြန်းသဖြင့် ဖြေကြားတော်မူအပ်သော-ဣမေ စ သုဘဒ္ဒ ဘိက္ခူ သမ္မာဝိဟရေယျုံ၊ အသုညော လောကော အရဟန္တေဟိ အဿ။ (ဒီ-၂-၁၂၅) သုဘဒ်ပရိဗိုဇ် ဤရဟန်းအပေါင်းတို့သည်ကား ကောင်းစွာနေထိုင်ကုန်ငြားအံ့ ဤသို့နေထိုင်ကြမူ လောကသည် ရဟန္တာတို့မှ မဆိတ်သုဉ်းသည်ဖြစ်ရာ၏-ဟူသော ပဋိပတ်စွမ်းအင်ပြ နိပ္ပရိယာယ မုချစကားတော်အရ ယခုခေတ်တွင်လည်း ရဟန္တာများ ဖြစ်နိုင်ပေသေးသည်။

( ရဟန္တာ ဟုတ်-မဟုတ် စမ်းသပ်နည်း )
ယခုခေတ်တွင် ရဟန္တာများ ဖြစ်နိုင်သေးသည်ဆိုသော်လည်း ရဟန္တာစစ်-မစစ် စမ်းသပ်ဖို့ စုံစမ်းဖို့အရေးမှာ အလွန်မှ သိမ်မွေ့နက်နဲလှပါသည်။ အဘယ့်ကြောင့်ဆိုသော် ရဟန္တာအစစ်သည် စိန်ရွှေပတ္တမြား အပြည့်ထည့်ထားသော ရတနာအိုးကို ရရှိထားသော ယောက်ျားကဲ့သို့ သူတပါးအား ၀ါကြွားပလွှားရာ ကျမည်စိုး၍ မိမိရရှိထားသော အရဟတ္တဖိုလ် ဓမ္မရတနာကို မပြလို၊ မပြောလိုသောကြောင့်၎င်း၊ လူသာမဏေတို့အား ဈာန်မဂ်ဖိုလ်တရားတို့ကို မပြောကြားရဟု သိက္ခာပုဒ်ပညတ်ထားသောကြောင့်၎င်း ဤမျှသိမ်မွေ့နက်နဲခြင်း ဖြစ်ပါသည်။ ( ဒီ-ဋ္ဌ ၂-၂၇၀၊ ၀ိ-၂-၃၇ )။

ဤတွင် သိနိုင်ခဲပုံဝတ္ထုတပုဒ် ထုတ်ပြပါမည်။ တခါက စိတ္တလတောင်တွင် သီတင်းသုံးနေတော်မူသော ရဟန္တာမထေရ်ကြီးတပါးသည် အလုပ်အကျွေး တောထွက်ရဟန်းကြီးတပါးနှင့် အတူ ဆွမ်းခံထွက်ခိုက် မထေရ်ကြီး၏ သပိတ်သင်္ကန်းကို ယူလျက် နောက်ကလိုက်နေသော တောထွက်ရဟန်းကြီးက-အရိယာဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ-ဟု မထေရ်ကြီးကို မေးလေ၏။
မထေရ်ကြီးက တချို့ပုဂ္ဂိုလ်များသည် အရိယာနှင့် အတူနေ အရိယာတို့၏ သပိတ်သင်္ကန်းကို ယူလျက် အရိယာတို့ကို ၀တ်ကြီးဝတ်ငယ် ပြုနေရသော်လည်း အရိယာမှန်း မသိနိုင်လောက်အောင် အရိယာဆိုသည်မှာ အသိခက်လှပေ၏-ဟု မိန့်တော်မူ၏။ သိုပသော် တောထွက်ကိုယ်တော်ကြီးကား မသိရှာ၊ နီးကပ်စွာ နေရသော်လည်း ဉာဏ်ပညာရှိသူမှသာ သိနိုင်ပေမည်။( ဒီ-ဋ္ဌ ၂-၃၆၄၊ မ-ဋ္ဌ ၁-၂၃၊ သံ-ဋ္ဌ ၂-၂၃၂၊ စူဠနိ-ဋ္ဌ ၇၁)

ရဟန္တာစစ်-မစစ် သိဖို့က အရေးကြီးသလား မေးငြားအံ့၊ အရေးကြီးလှပေသည်။ နိန္ဒိယပသံသာယ ဟိ ပသံသိယ နိန္ဒာယ စ သမကောဝ ၀ိပါကော။( သံ-ဋ္ဌ ၁-၁၉၇ ) ဟူသည်နှင့်အညီ ကဲ့ရိုက်ထိုက်သူကို ချီးမွမ်းမိခြင်းနှင့် ချီးမွမ်းထိုက်သူကို ကဲ့ရဲ့မိခြင်းကား အပြစအတူတူပင် ဖြစ်ရကား အလဇ္ဇီရှင်ရဟန်းကို ရဟန္တာမှတ်ပြီး ပူဇော်လှူဒါန်းနေလျှင် သာသနာတော်ကို ကူ၍ ဖျက်ရာရောက်ပေမည်။ ရဟန္တာကို ကဲ့ရဲ့စွပ်စွဲမိလျှင်လည်း အရိယူပ၀ါဒကံကြီး ထိုက်ပေတော့မည်၊ သို့အတွက် ဗုဒ္ဓဘာသာဝင်များ ဉာဏ်နှင့်ယှဉ်၍ စဉ်းစားချဉ်းကပ်ကြမှ တော်ပေမည်။

ရဟန္တာ စစ်-မစစ် စမ်းသပ်စစ်ဆေးပုံကို ဆိုပါတော့မည်။ မိမိကိုယ်ကို ရဟန္တာဟု ၀န်ခံလာသူကို စမ်းသပ်စစ်ဆေးနည်းကို မြတ်ဗုဒ္ဓ အတိအကျ ညွှန်ကြားထားချက်ရှိပါသည်။
တရားထူးရသည်ဟု ၀န်ခံလာသူအား
(၁) ကိံ တေ အဓိကတံ-အဘယ်တရားထူးကို ရသနည်း၊ ဈန်ကိုရသလား၊ မဂ်ကို ရသလား၊ ဤသို့ ရအပ်သော တရားထူးကို၎င်း။
(၂) ကိန္တိ တေ အဓိဂတံ-အနိစ္စ စသော လက္ခဏာသုံးပါးတွင် ဘယ်လက္ခဏာကို ပဓာနပြု၍ ရသနည်း၊
တနည်း။ သမထ ၀ိပဿနာ နှစ်မျိုးတွင် အဘယ်ကိုနှလုံးသွင်း၍ ရသနည်း။
ဤသို့ ရခြင်း၏အကြောင်းကို၎င်း။
(၃) ကဒါ တေ အဓိကတံ-ဘယ်အချိန်မှာ ရသနည်း၊ နံနက်မှာလား၊ နေ့ခင်းအချိန်မှာလား၊
ဤသို့စသည်ဖြင့် အချိန်ကို၎င်း။
(၄) ကတ္ထ တေ အဓိကတံ-ဘယ်အရပ်မြှ ရသနည်း။ သစ်ပင်ရင်းမှာလား၊ မဏ္ဍပ်အတွင်းမှာလား၊
ဤသို့စသည်ဖြင့် အရပ်ကို၎င်း။
(၅) ကတမေ တေ ကိလေသာ ပဟီနာ-ဘယ်ကိလေသာတို့ကို ပယ်ပြီးဖြစ်သနည်း။
ဤသို့ ပယ်အပ်ပြီးသော ကိလေသာတို့ကို၎င်း။
(၆) ကတမေသံ တွံ ဓမ္မာနံ လာဘီ-ပထမမဂ် စသည်တို့တွင် အဘယ်ကိုရသနည်း။ ဤသို့ ရအပ်သော တရားထူးကို၎င်း၊ ခဲံခြား၍မေးရမည်ဟု ဆိုပါသည်။( ၀ိ-၁-၁၁၇၊ ၀ိ-ဋ္ဌ ၂-၈၁-၈၂ )

ဤနေရာ၌ အဋ္ဌကထာဆရာ ဋီကာဆရာတို့ ဆက်လက်ညွှန်ကြားထားးချက်ကို ဆိုပါဦးမည်။ အဋ္ဌကထာ ဋီကာဆရာတို့က အထက်ပါအတိုင်း စစ်စစ်ပေါက်ပေါက် မေးမြန်းရာ အဆင်ပြေပြေ ဖြေနိုင်ရုံမျှဖြင့် မယုံကြည်ထိုက်သေးကြောင်း။ ဗဟုသုတရှိသော ပါဠိ အဋ္ဌကထာ ကျွမ်းကျင်သော ရဟန်းများအနေဖြင့် ကောင်းစွာဖြေဆိုနိုင်ကြောင်း၊ ထိုပကြောင့် ထိုရဟန်းအား မဂ်မရမီ ရှေ့အဖို့၌ သိလစင်ကြယ်မှု၊ ကမ္မဋ္ဌာန်း အားထုတ်မှုအကျင့်များ ရှိ-မရှိ၊ ရှိလျှင်လည်း ရိုးရိုးသားသား လာဘကို မမျှော်ဘဲ စင်စင်ကြယ်ကြယ် ကျင့်ခြင်း ဟုတ်-မဟုတ် စဉ်းစားရမည်ဟု မိန့်ဆိုကြပါသည်။

ဤသို့စဉ်းစားနှိုင်းချိန်၍ သူ၏ဖြေဆိုပုံနှင့် သူ၏ကျင့်ပုံ ညီညွတ်ရုံမျှဖြင့်လည်း ရဟန္တာဟု ပူဇော်သက္ကာရအမှု မပြုထိုက်သေးပါ။ အဘယ်ကြောင့်ဆိုသော် အချို့သော ပုထုဇဉ်ရဟန်းတို့သည် ရဟန္တာနီးပါး အကျင့်ကောင်း ကြသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ဧကန်မသတ်မှတ်သေးဘဲ ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်သင့်သေးသည်ဟု မိန့်ဆိုကြပါသည်။

ဥပါယ်တံမျဉ်ဖြင့် စမ်းသပ်ပုံကို ၀တ္ထုသာဓကများ ထုတ်ပြ၍ ဆိုပါမည်။
တခါက ဒီဃဘာဏက အဘယဆိုသော မထေရ်ကြီးတပါးသည် ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတပါးကို ပုထုဇဉ်လော ရဟန္တာလောဟု မခွဲခြားမဆုံးဖြတ်နိုင်သည်ဖြစ်၍ သူငယ်တယောက်အား အမှတ်သညာပေးထား၏။ ထိုသူငယ်သည် ကလျာဏီမြစ်ဆိပ်၌ ငုပ်၍ ရေချိုးနေသော ထိုရဟန်း၏ ခြေထောက်ကို ဆွဲလေ၏။ ပိဏ္ဍပတ်ဓုတင်ဆောင် ရဟန်းသည် မိကျောင်းမှတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လေရာ ပုထုဇဉ်မှန်းသိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် ဦးထိပ်၌ မိုးကြိုးကျသော်လည်း ကြောက်တုန်လှုပ်ခြင်း မဖြစ်တော့ပါ။ အသက်ခန္ဓာ၌ တပ်မက်ခြင်း နိကန္တိကို ပယ်ထားပြီးဖြစ်ပါသည်။
( မ-ဋ္ဌ ၄-၆၆။ သာရတ္ထ-ဋီ ၂-၂၈၅ )

သို့သော် အချို့ ကြောက်ရွံ့ခြင်းကင်း ရဲတင်းသော ပုထုဇဉ်များလည်း ရှိတတ်သေးရာ နှစ်သက်ဖွယ် အာရုံများနှင့်လည်း စမ်းသပ်သင့်ပါသေးသည်။
တခါက ၀သဘမင်းသည် မထေရ်တပါးကို စုံစမ်းလိုသဖြင့် နန်းတော်သို့ ပင့်ဆောင်ပြီး မထေရ်၏ရှေ့တွင် ဆီးသီးမှုန့်ဖြင့် ဖျော်ထားသော မုန့်ကို နယ်ပြလေ၏။ ထိုအခိုက် မထေရ်၏ သွားရည်များ ယိုကျလာသဖြင့် ရသတဏှာ မပယ်နိုင်သေးပုံ၊ ရဟန္တာမဖြစ်သေးပုံကို သိရလေ၏။ မှန်ပါသည်။ ရဟန္တာမည်သည် နတ်သြဇာကိုသော်မှ တပ်မက်ခြင်း မရှိတော့ပါ။ ( မ-ဋ္ဌ ၄-၆၇။ သာရတ္ထ-ဋီ ၂-၂၈၅ )။

အချုပ်အားဖြင့်ဆိုရလျှင် ရဟန္တာဟူသည်မှာ ကိလေသာ ၁၀-ပါးလုံးကင်းကာ လောကဓ့တရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တွေဝေခြင်း မေ့လျော့ခြင်းမရှိ၊ အိပ်မက်မက်ခြင်းမရှိ၊ သုက်လွှတ်ခြင်းမရှိ၊ မာယာ-သာဌေယျ မရှိ၊ စသည်ဖြင့် ပုထုဇဉ်တို့၏ စရိုက်အကြိုက်တို့နှင့် များစွာ ကွာခြားရကား ရဟန္တာအရှင်တို့၏ ဂုဏ်ကို ပုထုဇဉ်တို့ ကုန်စင်အောင် မသိနိုင်ကြောင်း၊ ရဟန္တာအချင်းချင်းသာ သိနိုင်ကြောင်း။ ( သံ-၁-၁၅၀။ ) ဟောတော်မူထား ပါသည်။

ဤ၌ အနည်းငယ်ဖြည့်စွက်၍ ပြောချင်သည်မှာ ဘုရား ရဟန္တာ အရိယာပုဂ္ဂိုလ်တို့အား မျက်မြင်ဖူးတွေ့၍ ကိုယ်တွေ့ကြည်ညို ဘုန်းရိပ်ခုံလှုံလိုကြသည်မှာ ပုထုဇဉ်သူတော်ကောင်းတို့၏ ကောင်းမြတ်သော သဘာဝပင်ဖြစ်ပါသည်။

သို့သော် အရိယာတို့ကို ဖူးတွေ့ရခြင်းဟူသည် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်း၊ ဉာဏ်မျက်စိဖြင့် ဖူးတွေ့ရခြင်းဟု နှစ်မျိုးရှိပါသည်။ ထိုတွင် ပကတိမျက်စိဖြင့် ဖူးတွေ့ရခြင်းကို တိရစ္ဆာန်များပင် (သိသိ-မသိသိ) ဖူးတွေ့နိုင်၍ ဘုရားရှင် မချီးမွမ်းလှပေ။ ထို့ကြောင့်ပင် ဘုရားရှင်အား ဖူး၍မ၀ ကြည်ညိုလှသော ၀က္ကလိမထေရ်အား-၀က္ကလိ ဤကိုယ်ကောင်ပုပ်ကို ဖူးမြင်ရခြင်းဖြင့် သင်အား အဘယ်အကျိုးရှိအံ့နည်း၊ ၀က္ကလိ တရားကို မြင်သောသူသည် ငါဘုရားကို မြင်၏-ဟု မိန့်တော်မူခဲ့သည် မဟုတ်ပါလော။ ( သံ-၂-၉၈ ) ဓမ္မ-ဋ္ဌ ၂-၃၈၀ )

ထို့ကြောင့် ဘုရားရှင် အလိုတော်အားဖြင့် အရိယာပုဂ္ဂိုလ်ကို ပကတိမျက်စိဖြင့် ဖူးတွေ့ရသော်လည်း ဉာဏ်ဖြင့် အရိယာတို့မြင်အပ်သော လက္ခဏာရေးသုံးပါးကို မမြင်သော၊ အရိယာတို့ သိအပ်သောတရားတို့ကို မသိသောသူသည် အရိယာအဖြစ်ကို ပြုတတ်သောတရားကို၎င်း၊ အရိယာ၏အဖြစ်ကို၎င်း၊ မမြင်အပ်သည်၏ အဖြစ်ကြောင့် အရိယာနံ အဒဿာဝီ-အရိယာပုဂ္ဂိုလ်တို့ကို မဖူးမြင်ရသူပင်ဖြစ်၏-ဟု အဋ္ဌကထာဆရာတို့ မိန့်ဆိုကြပါသည်။( အဘိ-ဋ္ဌ-၁-၃၈၅ )။

ကိုယ်တိုင်ကိုယ်ကျ တရားရ၍ အရိယာအစစ်ကို ဖူးတွေ့နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
| | 0 comments Links to this post

Read more...

ဝိပဿနာရှုနည်း လိုရင်းအကျဉ်းချုပ်

Thursday, November 12, 2009

ဝိပဿနာရှုဖို့ မအားဘူးလို့ ပြောကြတဲ့ အသံကြားဘူးကြမှာပါ။ တကယ်တော့ ၀ိပဿနာအလုပ်ဆိုတာ အားမှ.. (ဒါမှမဟုတ်) ရိပ်သာဌာနကို သွားလုပ်မှ ရတဲ့ အလုပ်မဟုတ်ပါဘူး။ တရားရိပ်သာ.. တရားစခမ်းသွားတယ်ဆိုတာ ဘုရားရှင်လက်ထက်ကလို ဘုရားရှင်ထံ တရားရှုနည်း သွားတောင်းတဲ့ သဘောပါ၊ တရားရှုနည်း.. တရားမှတ်နည်း သိပြီးဆိုရင် မိမိတို့ရဲ့ ခန္ဓာဟာ တကယ့်အစစ်အမှန် တရားရှုရမည့် ရိပ်သာဌာနကြီးပါ။ တရားရှုမှတ်တယ်ဆိုတာ ဘုရားရှင်လက်ထက်က ဟင်းချက်ရင်း... ခြေဆေးရင်း.. စသည့် အလုပ်ခွင်ထဲမှာပဲ တရားထူး ရသွားတဲ့ ပုဂ္ဂိုလ်များလိုပဲ မိမိတို့လုပ်ငန်းခွင်းထဲမှာ လုပ်လို့ရအောင် ဗုဒ္ဓမြတ်စွာက နည်းလမ်းပေးခဲ့တာပါ။ ဘုရားရှင်လက်ထက်က တရားထူးရကြတယ်ဆိုတာ ပါရမီရင့်ကျက်လို့ ရတာ။ ဒို့က ပါရမီမရင့်ကျက်လို့ဆိုပြီး ပါရမီလွဲချစရာအကြောင်းတော့ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး မိုးကုတ် ဆရာတော်ဘုရားကြီး အလိုအရဆိုရင်တော့ “ခင်ဗျားတို့ ပါရမီကို လွဲချမနေနဲ့, ပါရမီရင့်ကျက်လို့ ဘုရားသာသနာနဲ့ ကြုံကြိုက်တဲ့ လူ့ဘ၀ရနေတာ”လို့ မိန့်ကြားဘူးပါတယ်။ တကယ်တော့ အလုပ်တခုကို လုပ်ဖြစ်ဖို့က အဓိက ပဓာနပါ။

ဝိပဿနာအလုပ်ဆိုတာ မည်သည့်နေရာမဆို ဥပမာ.... ရပ်နေစဉ် ...စားနေစဉ်...အိပ်နေစဉ်.. လမ်းလျောက်နေစဉ်... လုပ်ငန်းလုပ်နေစဉ်...ယုတ်စွအဆုံး အပေါ့အပါးသွားတဲ့ နေရာကအစ ၀ိပဿနာ အလုပ်လုပ်ရတဲ့ နည်းတွေ ဗုဒ္ဓမြတ်စွာက သင်ပေးခဲ့တာပါ။ ၀ိပဿနာဆိုတာ တကယ်တော့ နေ့စဉ်.. နေစဉ် (စားနေစဉ်.. သွားနေစဉ်..စသည့်အလုပ်ထဲမှာ) အသိ သတိ ၀ိရီယထည့်ပေးလိုက်တဲ့ သဘောကို ၀ိပဿနာ (ရုပ်တရား၊ နာမ်တရားတို့ သတိပညာတရားထည့်ကာ အထူးရှုမှတ်ခြင်း)လို့ခေါ်တာပါ။ အဓိကကတော့ သတိဦးစားပေးထည့်ပေးလိုက်တာပါ။ တဆင့်ချင်းပြီး တဆင့် ဒီလို ဆက်လက် ကျင့်ကြံရင်း ဉာဏ်အဆင့်ဟာ မြင့်သွားမှာပါ။
ဒီနေရာမှာ အဓိကမူတစ်ခု ပြောပြရမည်ဆိုလျှင် အာနာပါနလို့ခေါ်တဲ့.. မိမိတို့ရဲ့ ထွက်လေ ၀င်လေလေး မှတ်တဲ့ သဘောကို နမူအနေနဲ့ သိထားသင့်ပါတယ်။ ဒီနမူနာအတိုင်း ကျန်တာတွေ မှတ်တာကလည်း အတူတူပါဘဲ။ အဲဒီတော့ ကိုယ်ခန္ဓာကိုယ် (သို့) ကိုယ့်အလုပ်ထဲမှာ ငါ, ငါ့ဥစ္စာ, အတ္တစွဲ မပါဘဲ အမြဲထာဝရ တရားရှုမှတ်ဖို့ အထင်ရှားဆုံးနေရာဖြစ်တဲ့ မိမိတို့ရဲ့ နှားခေါင်းဖျား၊ နှာသီးများ၌ စိတ်ကို သတိတရားနဲ့ စောင့်ထားပြီး ထွက်လေ, ၀င်လေ, (ဖောဋ္ဌဗ္ဗာရုံ)လို့ ခေါ်တဲ့ အတွေ့အထိသဘော ၀ါယော(လေ)ဓာတ်က ထိထိသွားတဲ့ အဖြစ်+အပျက်ကို သိအောင် ရှုမှတ်နေရမှာပါ။ လေလေးထိထိသွားတဲ့ တွေ့ထိမှုသဘော (ဖောဋ္ဌဗ္ဗာရု)ထဲမှာလည်း ငါမပါ၊ ထိပြီးတော့ ပျက်သွားတဲ့တာပဲ၊ အထိခံရတဲ့ ကိုယ်(ကာယ)ရုပ်ထဲမှာလည်း ငါမပါဘူး၊ ထိပြီးတော့ ပျက်သွားတာပဲ။ ထိတာကို သိသိနေတဲ့ ထိ,သိ စိတ်ဆိုတာလည်း ငါမဟုတ်၊ ငါမပါဘူး၊ ထိ, သိပြီး ပျက်သွားတာပဲ။
((ဒီနေရာမှာ “ငါ”ဆိုတာ တရားသဘောအရ “ငါ” (အတ္တ) မရှိတဲ့ သဘောပါ။ အပြော “ငါ”၊ ခေါ်ဝေါ်ပြောဆိုမှု (သမ္မုတိ)အနေနဲ့ကတော့ ခေါ်ဝေါ်ပြောဆိုမှု “ငါ”ဆိုတာ ရှိပါတယ်။ ၄င်း “ငါ” ပယ်ရမယ် (ဒါမှမဟုတ်) အပြော “ငါ” မရှိဘူးလို့ ဘုရားရှင်ကလည်း မဟောခဲ့ပါဘူး၊ သမ္မုတိ“ငါ”ဆိုတာ ရှိပါတယ်။ အမှန်စင်စစ် (ပရမတ္ထ) သဘောအရ မိမိတို့ရဲ့ ရုပ်-နာမ်ခန္ဓာထဲမှာ “ငါ”ဆိုတဲ့ “အတ္တ”မရှိဘူးလို့ ပြောလိုတာပါ။))
အဲဒီလို ရုပ်တရား နာမ်တရားတို့ ဖြစ်ပျက်မှုကို ရုပ်နာမ်သက်သက် ငါ, ငါ့ဥစ္စာ, ငါ့ဟာဆိုတဲ့ အစွဲဥပါဒါန် မမှီ, မစွဲ, မပါဘဲ သတိ, ပညာ, သမာဓိတရားတို့ဖြင့် သန့်ရှင်းစင်ကြယ်စွာ ဂဃနဏ ပြတ်ပြတ်သားသားနဲ့ ရှုမှတ်ပွားများနေရင် ၀ိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ကာ ဒိဋ္ဌိ (အယူမှားမှု)၊ ၀ိစိကိစ္ဆာ (ဘုရား၊ တရား၊ သံဃာစသည် အပေါ်မှာယုံမှားမှု)ကင်းလျက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက် တွေ့မြင်ကာ အပါယ်တံခါးပိတ်လျက် အမြတ်ဆုံးချမ်းသာအစစ်ကို ရရှိခံစားရမှာပါ။
နိဗ္ဗာန်ကို ဒီဘ၀မှာ မရသည်ထားဦးတော့... မိမိတို့တတွေ နေ့စဉ်အလုပ်ထဲမှာ အထက်ပါနည်းအတိုင်း သတိလေးထည့်ပြီး လုပ်မယ်ဆိုရင် စိတ်ကြည်လင်မယ်၊ ကိုယ်လုပ်တဲ့ လုပ်ငန်း အစဉ်ပြေချောမွေ့မယ်၊ အန္တရာယ်ကင်းမယ် စတဲ့ အကျိုးတွေ ခံစားရမှာပါ။ သတိမပါတဲ့ သူရဲ့ အလုပ်ဟာ အမှားများတယ်၊ အန္တရာယ်များတယ်ဆိုတာကတော့ လူတိုင်း သိပြီးသား ဖြစ်ကြပါတယ်။ အဲဒီတော့ မိမိတို့တစ်တွေ နေ့စဉ်အလုပ်မှာ သတိပညာထည့်ကာ အဆင့်မြင့်တဲ့ ၀ိပဿနာအဆီအနှစ်ကို နေ့စဉ်အလုပ်ကနေ ထုတ်ယူနိုင်ကြပါစေ...


ကျမ်းကိုး---
သုတ်မဟာဝါ-မဟာသတိပဋ္ဌာနသုတ်

Read more...

မြွေဆိုးတစ်ကောင်နှင့် လမ်းလျှောက်ခြင်း


ပုဇွန်ဆီရောင်ညနေခင်းသည် သူနှင့်အတူ တွဲလျှောက်နေရာမှ ခပ်ခွာခွာသို့ တိမ်းစောင်းပစ်လိုက်သည်။ ညနေခင်း၏ ရင်ခွင်ထဲမှ နေတစ်စင်း၏ ထွက်သက်ကို ရှိုက်မိ၏။ သြော် တစ်နေကုန်ပြန်ပြီ။ သူကတော့ လျှောက်မြဲလမ်းပေါ်မှာ သူ့ခြေလှမ်းများကို မောင်းနှင်နေမိဆဲပင်။
ခြေလှမ်းထဲမှာ အကောင်းအဆိုးလောကဓံတို့ ငြိယှက်တတ်သည့်အခါ သူကျက်မှတ်ခဲ့ဖူးသော ဂါထာတစ်ပိုဒ်ကို အားယူဆုပ်ကိုင်ထားမိ၏။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ။

လောကဓံနဲ့ တွေ့ထိငြား
စိတ်ကား မတုန်လှုပ်။

တစ်ခါတစ်ရံမှာတော့ ပုထုဇဉ်ပီသသွားတတ်တာမျိုးလည်း ကြုံရပါသေးသည်။
သူလျှောက်နေသော လမ်းပေါ်မှာ
အမှားများစွာဖြင့် ဟု လက်မှတ်ရေးထိုးလေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ များမကြာမီက သာသနာ့ဘောင်စည်းအတွင်းမှာ မိတ်ဆွေရဟန်း ပါရမီနည်းသွားခဲ့ပြီ ဟူသောသတင်းကြားလိုက်ရ၏။
ရဟန်းဘ၀ဆိုတာကလည်း ပေခံနိုင်ပါမှ အဖတ်တင်နိုင်သည်။

သာသနာ့ထိပ်ခေါင်တင်ဆရာတော်ကြီးတစ်ပါး၏ မှတ်ချက်ပေးစကားလေးက ပြုံးချင်စရာကောင်းသည်။
ဒကာတစ်ဦးက ရင်းနှီးစွာ လျှောက်ထားသည်။ တပည့်ဒကာဒကာမတွေ အကျိုးများအောင် တစ်မဂ်တစ်ဖိုလ်ဆိုက်အောင် ကျင့်တော်မူပါဘုရား တဲ့။ ဆရာတော်ကြီးက တစ်မဂ်တစ်ဖိုလ်ရဖို့နေနေသာသာ လူမထွက်ဖြစ်အောင်ပဲ မနည်းအောင့်နေရသကွ တဲ့။

ယနေ့ခေတ်လို ရောင်စုံယှက်သန်းနေသော ယဉ်ကျေးမှုကြီးထဲ အာရုံမထွေပြားအောင် ဖြတ်သန်းရသည့် ရဟန်းတစ်ပါး၏ ဒိုင်ယာရီစာမျက်နှာတွင် စိတ်ကူးစိတ်သန်းများ နောက်ကျိနေတတ်ပါလေသည်။ နောက်ကျိညစ်နွမ်းမှုဆိုသည်က ကိလေသာဖြစ်သည်။
ကိလေသာဆိုသည်က မြွေးဆိုးတစ်ကောင်ဖြစ်သည်။

ရင်ဘတ်ထဲမှာ ခွေအိပ်နေသောမြွေဆိုးတစ်ကောင်သည် အနုသယကိလေသာဖြစ်သည်။
ငြိယှက်ဖွယ်အာရုံကို ထိရှတိမ်းညွတ်လိုက်သည့်အခါ ပါးပြင်းထောင်လာသော မြွေဆိုးတစ်ကောင်၏ မာန်ဖီသံသည် ဥပက္ကမကိလေသာ။ ကိုယ်ဖြင့် နှုတ်ဖြင့် မိုက်မဲစွာမှားယွင်းကျူးလွန်မိပြီဆိုလျှင်တော့ မြွေဆိုးတစ်ကောင်၏ အဆိပ်ပြင်းသောကိုက်ခဲမှုသည် ၀ီတိက္ကမကိလေသာ။
မြွေဆိုးတစ်ကောင်နှင့်အတူအိပ်စက်နေခဲ့ရတာ ဘယ်လောက်များ အန္တရာယ်များလိုက်ပါသလဲ။


ဆုံးမသွန်သင်ချက်သာသနာက လမ်းညွှန်ပေးထားသည်။
မြွေဆိုးမကိုက်အောင် သီလဆောင်
ပါးပြင်းထောင်မလာအောင်တော့ သမာဓိထူထောင်
ခွေအိပ်နေတာကို ကော်ထုတ်ပစ်ဖို့တော့ ပညာအရောင်တဲ့။
သိက္ခာသုံးပါးကတော့ မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓါးမြတ်ပင် ဖြစ်သည်။


သူဆက်လျှောက်နေသည်။
သူ့ရင်ဘတ်ထဲမှာတော့ မြွေဆိုးတစ်ကောင်က အသေအချာ အိပ်နေသည်။
သူက လမ်းဆက်လျှောက်ရင်း ဓါးတစ်လက်အကြောင်းကို စဉ်းစားနေလေသည်။

Read more...

သမန်းမြက်ကို ယူဆောင်တတ်တဲ့သူ

Thursday, November 12, 2009

မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိအပ်ပါသလော?

အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာ ရှိ၏။

မိလိန္ဒမင်း။ ။ အရှင်ဘုရားနာဂသေန … မြတ်စွာဘုရား ခဲယဉ်းစွာ ပြုခဲ့သော အရာသည် အဘယ်နည်း?

အရှင်နာဂသေန။ ။ မင်းမြတ် … မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း” ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်၏။

မိလိန္ဒမင်း။ ။ ဥပမာ ပြုတော်မူပါဦးလော့ ဘုရား။

အရှင်နာဂသေန။ ။ မင်းမြတ် … ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ယူပြီးလျှင် လျှာဖြင့် လျက်၍ “ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုန်နာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်း”ဟု သိနိုင်ရာသလော?

မိလိန္ဒမင်း။ ။ အရှင်ဘုရား သိနိုင်ရန် ခဲယဉ်းလှပါ၏။

အရှင်နာဂသေန။ ။ မင်းမြတ် … တစ်ခုသော အာရုံ၌ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်, စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း”ဟု ပိုင်းခြား ဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သော အရာဖြစ်၏။


မိလိန္ဒမင်း။ ။ အရှင်ဘုရား … ကောင်းလှပါပေ၏။


(မိလိန္ဒပဥှာ)

Read more...

အဖြည့်ခံနှလုံးသားပိုင်ရှင်

Wednesday, November 11, 2009

မိတ်ဆွေ…….. သင်က တစ်လောကလုံး သင့်လုပ်စာ စားနေရသည့် မျက်နှာထားနှင့် နေသောအခါ ကျွန်ုပ်သည် သင့်၏ ရှေ့၌ “ကြောင်ရှေ့ကြွက်လို” နေပါ့မည်။

မိတ်ဆွေ……. သင်က သင့်ကိုယ်သင် ထင်တစ်လုံးဖြင့် တစ်ဘက်သားကို အဘက်မတန်သလို မတူမတန် ဆက်ဆံလာသောအခါ ကျွန်ုပ်သည် “အညတရလို” နေပါ့မည်။

မိတ်ဆွေ……. သင်က အသိုင်းအ၀ိုင်းအင်အား ဂုဏ်အင်အားကို အသုံးပြုပြီး တိုက်ခိုက်လာသောအခါ ကျွန်ုပ်သည် “အပယ်ခံသုညလို” နေပါ့မည်။

မိတ်ဆွေ……. သင်က ဒေါသမာန်မာန အဆိပ်ပြည့်သော အတ္တအစွယ်ကို ထုတ်ပြသောအခါ ကျွန်ုပ်သည် “ ရေမြွေတစ်ကောင်လို” နေပါ့မည်။

မိတ်ဆွေ….. သင်စိတ်ကောက်၍ စကားမဆိုသောအခါ ကျွန်ုပ်သည် “ကျောက်ဖြစ်ရုပ်ကြွင်းလို” နေပါ့မည်။
မိတ်ဆွေ…… သင်က လက်တွဲဖြုပ်လျက် လမ်းခွဲထွက်သောအခါ ကျွန်ုပ်သည် “သစ်ငုတ်တိုလို” နေပါ့မည်။
မိတ်ဆွေ…… သင်က ဣဿာမျက်လုံးဖြင့် မလိုတမာ ကြည့်ရှုလာသောအခါ ကျွန်ုပ်သည် “မျက်မမြင် တစ်ယောက်လို” နေပါ့မည်။

မိတ်ဆွေ….. သင်က တစ်ဖက်သတ်တွေး၍ အထင်လွဲနေသည့်အခါ ကျွန်ုပ်သည် ပြေလည်အောင် ဖြေရှင်း တောင်ပန်၍ သင့်ကို ကျေနပ်စေပါ့မည်။

မိတ်ဆွေ….. သင်က စိတ်လိုလက်ရ စကားပြောလာသောအခါ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလာသောအခါ ပြန်လည်လက်တွဲလာသောအခါတို့၌ ကျွန်ုပ်သည် ဒဏ်ရာမဲ့ နှလုံးသားဖြင့် ကြည်ဖြူစွာ လက်ခံကြိုဆိုပါမည်။
တကယ်ဆိုလျှင် ကျွန်ုပ်သည် သင့်အတွက် သင်လိုရာ အသုံးပြုနိုင်သည့် “အဖြည့်ခံ နှလုံးသားပိုင်ရှင်” တစ်ဦးသာ ဖြစ်ပါသည်။
ဝီရသူ

အရှင်ကောဝိဒ(ယော) ဘလော့မှ ကူးယူတင်ပြသည်။


Read more...

ကျမနှင့် ဆုံနိုင်ခွင့်


ဒီပိုစ့်လေးကို ဆရာလေး မသိက္ခ၀တီ၊ မတိက္ခဥာဏီ ညီအစ်မနှစ်ပါးရဲ့ ဓမ္မရနံ ဘလော့လေးမှ ကူးယူ ဖော်ပြခြင်းဖြစ်ပါတယ်။ ကူးယူထားတာကြာပါပြီ...မတင်ဖြစ်သေးခြင်းပါ...အခု ကျမနဲ့ အိမ်ထောင်ရေး တက်ဂ်ပိုစ့်လေး ကို မပန်းကဗျာ က ရေးခိုင်းတာနဲ့...အကြောင်းအကျိုး ဆက်စပ်မယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ ကူးယူခွင့်ပေးတဲ့ ဆရာလေး နှစ်ပါးအားလည်း ကျေးဇူးတင်ပါတယ်။ ဦးချကန်တော့ပါတယ်။
ဆုံနိုင်ခွင့်

ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။ ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။

ဒီဘ၀တစ်ခုတည်းကိုပဲ ဘ၀ထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။ ''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့် ''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။ တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။ အတိတ်အတိတ်ဘ၀တွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြုံးရုံပဲ ပြုံးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။ သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။

သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူ စသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ ''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား'' ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။ သတ္တ၀ါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောက်ျားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။

တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘ၀ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။ နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။ တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။ တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။

ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။ ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။

(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဥာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။ ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။ ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။

ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာအရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသင်္ချေ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။

ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။ နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။ အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP