*သူ*
(၁)
ဘာလိုလိုနဲ့ သူ ဒီကိုရောက်တာ၊ အမိမြေနဲ့ ဝေးနေခဲ့တာ ၁၀ နှစ်တောင် ပြည့်တော့မှာ ပါလား…။
(၂)
ဗဟုသုတ နည်းပါးလှသော၊ သွားရေးလာရေး ခက်ခဲလှသော ရွာလေးတစ်ရွာမှာ သူ့ကို မွေးဖွားခဲ့ပါသည်။ သူ သုံးတန်းအောင်တော့ သူ့နည်းတူ သူငယ်ချင်းတွေက ကျောင်း ဆက်မတက်ကြတော့။ မိဘ လက်ငုတ်လက်ရင်း လယ်ကွက်တွင်း ဆင်းကုန်ကြသည်။ လေးတန်း ဆက်တက်ဖို့အတွက် ကျောင်းတော်ကလည်း သူတို့ရွာနှင့် သုံးမိုင်သာသာ လမ်းလျှောက်နိုင်မှသာ ရောက်နိုင်လေ၏။ သို့သော် သူဇွဲမလျော့။ မာန်ကို ခဲရင်း၊ အားကိုတင်းရင်း တက်ရောက်ခဲ့၏။ ဒါပေမယ့်လည်း တက်တစ်ရက် ပျက်တစ်ရက်။ ဒီလိုနှင့် သူ အတန်းပညာ ငါးတန်း အောင်ခဲ့၏။
သို့သော် သူ့အား ကံကြမ္မာက ကြာကြာ မျက်နှာသာ မပေးခဲ့။ ငါးတန်း အောင်အပြီး သူ့မိဘတွေ အလိုအရ သူ လယ်တောတွင်း နွားနှင့်အပြိုင် ရုန်းခဲ့ရသည်။ သူ စဉ်းစားသည်။ သူ့ရှေ့မှာ မြင်တွေ့နေရသော သူ့မိဘ အပါအ၀င် ရွာကလူတွေလို သူ လယ်ကွင်းထဲမှာပဲ အချိန် ကုန်မသွားချင်။ သို့နှင့် သူ ၁၆ နှစ် အရွယ်မှာ တစ်မြေခြားမှ အလုပ်လုပ်ဖို့ ထွက်ခဲ့လိုက်သည်။
မြေခြား ရေခြားဒေသကား သူ့ရွာလို မဟုတ်။ ရွာမှာ တုန်းကတော့ လူရိုးတွေ အများသား။ ဒီရောက်တော့ စရိုက်ပေါင်းစုံ၊ အတွေ့အကြုံ ပေါင်းစုံ၊ အခက်အခဲ ပေါင်းစုံက သူ့ကို စိန်ခေါ်နေခဲ့သည်။ အဆိုးဆုံးက အကျင့် စာရိတ္တ ပိုင်းအနေနဲ့ စိန်ခေါ်မှုတွေပဲ ဖြစ်သည်။ သို့သော် သူ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်စွမ်း ရှိခဲ့သည်။ သူ အရက်သမား များစွာကြား ကျင်လည်ခဲ့ရသည်။ သို့သော် သူ အရက်သမား မဖြစ်ခဲ့။ ဖဲသမား များစွာနှင့် ဆက်ဆံ ပေါင်းသင်းခဲ့ရသည်။ သို့သော် သူ ဖဲသမားဘ၀ မရောက်ခဲ့။ မိန်းမ လိုက်စားသူ များစွာကြား ဖြတ်သန်းခဲ့ရသည်။ သို့သော် သူ့ဆီသို့ ထိုသူတွေရဲ့ အကျင့်တွေ မကူးခဲ့။ ဤသို့ သူ ရှောင်ကြဉ် ထိန်းသိမ်း နိုင်ခဲ့ခြင်းမှာ သူတော်လို့တော့ မဟုတ်။ သူ့စိတ်တွေကတော့ ယိမ်းယိုင်သွားချင် နေမိသည်။ ဒါပေမယ့်လည်း သူ ဒီရောက်ပြီး ဖတ်ရှုခဲ့၊ မှတ်သားခဲ့ရသည့် စာပေ ဗဟုသုတ၊ ဘာသာရေး အသိတရားများက သူ့ကိုယ်သူ ထိန်းသိမ်းနိုင်အောင် များစွာ သင်ကြားပေးခဲ့သည်။ မှတ်မှတ်ရရ သူပထမဆုံး ဖတ်မိသည်က ဆရာတော် ဦးဇောတိက၏ မေတ္တာနှင့်ပတ်သတ်၍ ရေးသားထားသော စာအုပ်ကလေး..။
ထို အသိတရားများနှင့် သူ့ကိုယ်သူ ထိန်းကျောင်းရင်း အလုပ်မှာ သူကြိုးစားခဲ့သည်။ သူ့မိဘ၊ သူ့မောင်နှမ သားချင်းတွေကိုလည်း သူလုပ်အားဖြင့် ထောက်ပံ့ ဖြည့်ဆည်း နိုင်ခဲ့သည်။ သို့သော်လည်း လူ့ဘုံသည် ဒုက္ခဘုံ ဖြစ်သည့် အားလျော်စွာ အဆင်မပြေမှု များစွာကို သူကြုံတွေ့ရသည်။ ထိုသို့ အဆင်မပြေမှုများကို လေလှိုင်းကြားကနေ သူ့အမေကို ပြောပြသောအခါ “အော် သား.. အဆင်မပြေဘူးလား.. အေးအေး အမေ ယတြာ ချေပေးမယ်နော်..” ဟူသည့် သူ့အမေ၏ ဘာသာရေးအသိ အားနည်းမှုများကို ကြုံရ ကြားရသောအခါ သူသိထားသော အသိများ သူ့အမေကို မျှဝေချင်စိတ်တွေ၊ ပြောပြချင်စိတ်တွေ ပေါ်ပေါက်နေမိ၏။
သူ အလုပ်နားချိန်များမှာ တစ်ခါတစ်ခါ သူ့မိဘ အကြောင်း သူတွေးမိ၏။ သူ့မိဘ နှစ်ပါးလုံး တောသူတောင်သား လယ်သမား မိဘများမှ ဆင်းသက်လာသူ များသာ။ သူ့အမေ ဆိုလျှင် သူတစ်ခုခု အဆင်မပြေလျှင် “အမေ ယတြာ ချေပေးမယ်” ဟူသည့် စကားမှလွဲ၍ သူ့အား ဆိုဆုံးမ သွန်သင်သည့် စကားများ တစ်ခွန်းမှ မပြောဖူးခဲ့။ သူ့အဖေ ဆိုလျှင်လည်း လူရိုးလူအေး။ တစ်နေ့လုံးနေမှ စကား တစ်ခွန်းတောင် ပြောသည်မဟုတ်…။ ဒီလို ပြောတာသည် သူ သူ့မိဘတွေကို အပြစ်တင်ခြင်း မဟုတ်။ မိမိဘ၀ကို ပြန်လည် သုံးသပ်မိခြင်းမျှသာ။
ထိုသို့ မိဘတွေထံမှ ဆိုဆုံးမ စကားတွေ မကြားခဲ့ရ သော်လည်း ဘာသာရေး စာပေများက ပေးသော အဆုံးအမ အသိများဖြင့် ရိုးရိုးသားသား အလုပ်လုပ်ရင်း သူ့ဘ၀သူ ပုံဖော်ခဲ့ပါ၏။ သို့သော် ထို ရိုးသားမှုများကို ပျက်ယွင်း သွားလောက်အောင် ပတ်ဝန်းကျင်၏ ထိုးနှက်မှုများကို သူကြုံတွေ့ခဲ့ ဖူးသေးသည်။ ရှင်းပါဦးမည်။ ယခု သူ အလုပ် လုပ်နေသည်က စားသောက်ဆိုင် တစ်ဆိုင်က ဆိုင်ဝန်ထမ်း စားပွဲထိုး သာသာ။ စားသောက်ဆိုင် ဆိုသည့်အတိုင်း လူပေါင်းစုံ လာ၏။ တစ်ခါ တစ်ရံ ထိုလူတွေ စားသောက်ပြီး ပြန်သွားသော အခါမျိုးတွင် ဟန်းဖုန်း၊ ပိုက်ဆံအိတ် စသော ပစ္စည်းများ မေ့ကျန်ခဲ့ကြ၏။ သူနှင့် လုပ်ဖော် ကိုင်ဘက်များက ထိုသို့ မေ့ကျန်သော ပစ္စည်းများကို ပြန်မပေးဘဲ ယူထားလေ့ ရှိသော်လည်း သူကတော့ သူနှင့်ကြုံသည့် မေ့ကျန် ပစ္စည်း မှန်သမျှကို ကောင်တာက အလုပ်ရှင်ကို အပ်၍ ပြန်ပေးခဲ့သည် ချည်းသာ။
ဤကဲ့သို့ သူ့ဘက်က ရိုးသားမှု အပြည့်ဖြင့် ပြန်ပေးခဲ့သော်လည်း သူနေထိုင်ရာ ဒေသမှ လူများသည် THANK YOU ဆိုသည့် ကျေးဇူးစကား တစ်ခွန်းသော်မှ ပြောပြီး အသိအမှတ် ပြုပေးဖော်မရ။ ဤသို့ သူ့ရဲ့ ရိုးသားမှုကို အသိအမှတ်ပြု မခံရပေါင်း များလာသောအခါ “နောက်နောင် ငါ အဲလို ပြန်ပေးနေတော့ကော ဘာထူးမှာလဲ” ဟူ၍ သူလုပ်နေသော လုပ်ရပ်များသည် အကျိုးကော ရှိရဲ့လား၊ အဓိပ္ပါယ်ကော ရှိပါရဲ့လား ဟူသည့် အတွေးမျိုး မကြာမကြာ ၀င်လာတော့၏။
တစ်နေ့… ထိုနေ့က သူ ပုံမှန် လုပ်နေကျအတိုင်း စားသောက်ပြီးသား စားပွဲဝိုင်း တစ်ဝိုင်းကို သွားသိမ်းရာ ဟန်းဖုန်း တစ်လုံးကို သူတွေ့မိ၏။ ဘယ်သူများ ကျန်ခဲ့ပါလိမ့် ဟူသည့် အတွေးနှင့်အတူ ငါပြန်ပေးလည်း ငါ့ကို အရင်တုန်းက ကြုံခဲ့ရတဲ့ သူတွေလိုပဲ အသိအမှတ်ပြုမှာ မဟုတ်ပါဘူးလေ ဆိုသည့် အတွေးက သူ့အတွေးထဲ ရောက်လာ၏။ သို့သော် ထိုအတွေးကို သူ ကြာကြာ လက်မခံဘဲ “အာ.. ဘာပဲဖြစ်ဖြစ် ပြန်ပေးမယ်” ဟု ဆုံးဖြတ်ကာ စားပွဲဝိုင်းအနီးက ဘောင်တန်းပေါ် ခဏ တင်ထားလိုက်မိ၏။ တိုက်တိုက် ဆိုင်ဆိုင်ပင် သူ အဲသလို ဟန်းဖုန်းကို လှမ်းတင်လိုက်သည့် အချိန်မှာမှ ဟန်းဖုန်းပိုင်ရှင် ရောက်လာကာ ဟန်းဖုန်းကို ယူပြီး ကောင်တာ သူဋ္ဌေးဆီသွားကာ မတိုးမကျယ် ပြောလိုက်သံ သူကြားလိုက်၏။ ပီပီသသ အကုန် မဟုတ်သော်လည်း ခင်ဗျားတို့ဆိုင်က အလုပ်သမားတွေ ခြေဆော့ လက်ဆော့နဲ့ ဟူသည့် စကားကိုတော့ သေသေချာချာ သူကြားလိုက်၏။ ထိုစကားမှာပင် လမ်းဆုံးလျှင် သူ ခံသာပါသေးသည်။ သို့သော် သူထင်သလို မဟုတ်ဘဲ ဟန်းဖုန်းပိုင်ရှင်က သူ့ဆီပြန်လာကာ ခပ်ထန်ထန် ခပ်ရင့်ရင့် အကြည့်မျိုးဖြင့် ကြည့်သွားသေး၏။ စကားတစ်ခွန်းမှ သူ့ကို မပြောသွားသော်လည်း ထိုအကြည့်ကို သူကောင်းကောင်း သဘော ပေါက်ပါသည်။ အထင်သေးသော၊ ယုံကြည်မှု ကင်းမဲ့သော၊ လူအချင်းချင်း တန်ဖိုး မထားသော၊ သူခိုး တေလေဂျပိုး သာသာ သဘောထားသော အထက်စီး ဆန်သည့် အကြည့်မျိုး။
ထိုနေ့က သူတော်တော် ခံပြင်း ဒေါသ ထွက်မိသည်။ စိတ်မကောင်းလည်း ဖြစ်မိသည်။ ထိုသို့ အဆင်မပြေမှုကို သူ့အမေအား ပြောပြလျှင် “အမေ ယတြာ ချေပေးမယ်” ဟု ပြောဦးမည်လား။
သူစဉ်းစားမိသည်။ ယခုဆိုလျှင် သူ့အသက် ၂၆ နှစ်ပင် ပြည့်တော့မည်။ သူ ဖြတ်သန်းခဲ့ရာ ဘ၀ တစ်လျှောက်တွင် ကြည်နူး ပျော်ရွှင် စရာများ၊ အဆင်ပြေမှု များထက် ၀မ်းနည်း နာကြည်းစရာ၊ အဆင်မပြေ မှုများသာ ရင်နှင့်မဆံ့ တွေ့ကြုံခဲ့ရသည်။ ထိုသို့ သူကြုံတွေ့ခဲ့ရသော ၀မ်းနည်း နာကြည်း စရာများကို စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့ချင်စိတ် မကြာမကြာ ဖြစ်ပေါ်မိ၏။ သို့သော် ဂုဏ်ရှိသူတို့ ရေးသော စာပေများသာ လူရာဝင်သော ဤ လောကကြီးတွင် သူ့လို အတန်းပညာ ငါးတန်းအောင် တစ်ယောက်အနေနဲ့ စာတစ်ကြောင်း ရေးဖို့ပင် မ၀ံ့။ ရေးလိုက်သည် ထားဦး၊ ဘွဲ့ရ ပညာတတ် ပုဂ္ဂိုလ် တစ်ယောက်က သူရေးထားသော စာအား အမှားထောက်လျှင် သူ့မှာ အတွေ့အကြုံမှ လွဲ၍ ပြန်လည် ဖြေရှင်းနိုင်သည့် စွမ်းအားမရှိ။ ဤအတွက်လည်း သူ့ကိုယ်သူ သိမ်ငယ်စိတ် မကြာမကြာ ၀င်မိ၏။ သို့သော်လည်း ငါ့ အတွေ့အကြုံတွေ သူတစ်ပါးကို တစ်ဖက်သားကို မဝေမျှနိုင် တောင်မှ ငါ့တစ်ကိုယ်စာ အတွက်တော့ အသုံးတည့်၊ တန်ဖိုးရှိတာ ပါပဲလေ ဆိုသည့် အတွေးမျိုးဖြင့် သူ့ရဲ့ သိမ်ငယ်စိတ်တွေကို ရိုက်ချိုးပစ်ခဲ့သည် ချည်းသာ။
(၃)
သူနှင့် ကျွန်တော် စကားပြော ကောင်းနေကြတာ ဘယ်လောက် ကြာသွားသည်မသိ၊ မိုးချုပ်နေပြီ ဖြစ်ကြောင်း၊ မနက် အလုပ်ဆင်းရဦးမှ မှတ်လား စသဖြင့် သတိပေးလိုက် တော့မှ သူ ကျွန်တော့်ကို နှုတ်ဆက်ကာ အွန်လိုင်းမှ ဆင်းသွားခဲ့သည်။
သူ့အကြောင်းကို နားထောင်အပြီး သူ ကျွန်တော့်ကို သိချင်တာ လေးတွေ မေးခဲ့သေး၏။
၁။ လောကမှာ အောင်မြင်တဲ့ ဘ၀ ဆိုတာ ဘယ်လိုဟာမျိုးလဲ။ အဲလို အောင်မြင်စေတဲ့ အချက်တွေကကော ဘာတွေလဲ။
၂။ ကိုဖိုးသား ဘ၀မှာ ဘာတွေ ပေးဆပ်ခဲ့ဖူးလဲ။ ရှေ့ဆက်ပြီးတော့ကော ကြီးကြီးမားမား ပေးဆပ်ချင်တာ၊ ပါရမီ ဖြည့်ချင်တာတွေ မရှိဘူးလား…။ ဥပမာ အိုမင်းမစွမ်း၊ အစောင့်အရှောက် မရှိတဲ့ သက်ကြီး ရွယ်အိုတွေအတွက် ရိပ်သာတွေ ထူထောင် ပေးချင်တာမျိုး တဲ့။ (သူဆိုလိုတာ ပရဟိတ လုပ်ငန်းတွေ ဖြစ်ပါလိမ့်မည်။)
၃။ ကိုဖိုးသား စိတ်ဆန္ဒထဲမှာ တကယ်တန်း လုပ်ရမယ်ဆို ဘာတွေ လုပ်ချင်နေလဲ၊ ဒီကအပြန် အိမ်ထောင်ပြုမယ့် ကိစ္စကော ဘာတွေ စဉ်းစားထားလဲတဲ့။
သူမေးသော အမေးတွေကို ကျွန်တော့် ဘ၀နှင့်ယှဉ်၍ စိတ်ထဲရှိသလိုတော့ ဖြေပေးခဲ့ပါသည်။ သူ့ အမေးလေးတွေကို စာရှုသူတို့အား ဆက်လက်၍ မေးလိုက်ပါဦးမည်။ တဖြေးဖြေး စဉ်းစား၍ ဖြေကြည့်ကြပါဦး။
ဘာပဲပြောပြော ထိုညသည် ကျွန်တော့် အတွက်တော့ တန်ဖိုးရှိသော ညတစ်ည ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် သူနှင့် စကားပြောပြီးမှ ကျွန်တော့်ဘ၀သည် ပို၍ လေးနက်လာခြင်းပင်။
လေးစားစွာဖြင့်
ဖိုးသား
11/11/2009, WED:, 11:44:38 PM
Read more...