* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, November 11, 2009

ဒေါသ နည်းအောင် နေထိုင်နည်း ( တ)

Wednesday, November 11, 2009

အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။

ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုယ်သိတိုင်းလည်း မပြောသင့် ဘူး။ မေးတိုင်းလည်း မဖြေသင့်ဘူး။

အရေးမကြီးတဲ့ကိစ္စမှာသူများမှားနေလည်းသူ့အမှားကိုသူသိလာအောင်စောင့်သင့်တယ်။ ကိုယ်မှန်တိုင်းဝင် ပြောပြီး အနိုင်မယူသင့်ဘူး။နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊ သဘောထားကြီးတဲ့ စိတ်ထားမျိုးကို မွေးယူရမယ်။

ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှ ပြောရင်ပြင်ဆင်ချိန်မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တိုတတ်တယ်။

မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီး တာကို အရင်လုပ်ပါ။ အရေးကြီးတာကိုအရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကို လုပ်ဖို့ အားတက်လာမယ် ။


စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ်ရမလား၊ နောက်မှလုပ်ရမလားလို့တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲသက်သာပါတယ်။

ကိုယ်နေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင် ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာအလုပ်လုပ်ရရင်စိတ်ကြည်လင်မှာမဟုတ်ဘူး။


စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။

ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။


အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင် တော့ နဲနိုင်သမျှ နဲအောင်လုပ်ပါ။

ကိုယ်ကအောင်မြင်လေလေကိုယ့်ကိုတွေ့ချင်တဲ့သူ၊ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေ ဖြစ်တတ်တာသဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့က တွေ့ချင် အကူအညီ တောင်းချင်နေလို့ မရမကလုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ် ဘာတွေလုပ်ပေးမယ်၊ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။


ကိုယ်ကို အင်မတန် သဘောကောင်းတယ်လို့မြင်စေချင်လို့ ချက်ချင်း ၀မ်းသာသွားအောင် မပြောပါနဲ့။

ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီးတကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့် လည်းကိုယ့်စေတနာကိုတဖက်ကယုံမှာမဟုတ်ဘူး။အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကား ကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

လူတိုင်း စိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံးလုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့နည်းပါပဲ။ ဦးဇောတိက ( မဟာမြိုင်တောရဆရာတော် )ရဲ့ ဒေါသနည်းအောင်နေနည်းလေးတွေကို မျှဝေ လိုက်ပါတယ်။

Read more...

ပေါက်ပင်ကိုင်းတာသိပြီးရင်..

ဒီပိုစ့်လေးကတော့.. မိရိုးဖလာဗုဒ္ဓဘာသာတွေများလာရင် ဆိုတဲ့ပိုစ့်မှာ ဖော်ပြထားတဲ့ အနာဂတ်ရဲ့ လူငယ်တွေကို မိရိုးဖလာမှသည် အထက်တန်းစားဗုဒ္ဓဘာသာဖြစ်အောင် ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲဆိုတဲ့ အကြောင်းအရာလေးကို ဆွေးနွေး ဖော်ပြပေးလိုတဲ့ ပိုစ့်လေးပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ပြောမယ်ဆိုတော့.. ဦးဖိုးကျားရေးသားထားတဲ့ ပေါက်ပင်ဘာကြောင့်ကိုင်းရလဲ ဆိုတာလေး သတိရမိပါတယ်။ စာထဲမှာ.. ပေါက်ပင်ကိုင်းတာကို အပြစ်ရှာရင်းရှာရင်း.. နောက်ဆုံးတော့ ပေါက်ပင်ကိုင်းရတာ ကိုယ်ကအဓိကတရားခံ ဖြစ်နေတယ်ဆိုတာကို သိသွားတဲ့ အကြောင်းလေးပါပဲ။ အင်မတန်မှ မှတ်သားသင့်တဲ့ စကားလေးပါ။ ပေါက်ပင်ဘာကြောင့် ကိုင်းရလဲဆိုတဲ့ စကားလေးဟာ.. တကယ်တော့.. အရင်းစစ်တော့အမြစ်က ဟူသော စကားအတိုင်း.. တစ်ယောက်ချင်းကစ၍ တရားပျက်သောကြောင့် တစ်တိုင်းပြည်လုံး ပျက်ကြရခြင်း ဖြစ်တယ်ဆိုတာကို မြင်သာအောင် ဖော်ပြထားတာပါ။ အခုလည်းဒီလိုပါပဲ.. မိရိုးဖလာတွေဘာကြောင့် များလာရတာလည်း ဆိုတာလေး အကြောင်းအရင်း ရှာကြည့်တော့.. တစ်ဦးချင်းတစ်ယောက်ချင်းက မလိုက်နာ အကျင့်ကြံတဲ့အတွက် များလာရတယ် ဆိုတာလေးကို အရင်ဆုံး နှလုံးသွင်းစေချင်ပါတယ်။

ဒီအကြောင်းအရာလေး ပြောမိတော့.. ဆရာတော် ဦးသုမင်္ဂလရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်.. လောကကြီးမကောင်းဘူးပြောရအေင် မင်းကဘယ်လောက် ကောင်းပြီးလဲ ဆိုတဲ့ ဆုံးမစကားလေးပါ။ မိရိုးဖလာဗုဒ္ဓဘာတွေ များလာတယ်.. မကောင်းဘူးလို့ပြောနေတော့.. ကိုယ်ကိုတိုင်ရော ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ပြီလား.. ဗုဒ္ဓရဲ့အဆုံးအမတွေကို တကယ်လိုက်နာ ကျင့်ကြံနေတာလား.. ဆိုတာ အရင်ဆုံး ပြန်လည် ဆန်းစစ်ကြည့်ဖို့.. မေးကြည့်ဖို့.. လိုအပ်ပါတယ်။ ဒီလိုပါပဲ.. လူငယ်တွေကို မိရိုးဖလာကနေ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်အောင် ပြုပြင်ပေးမယ်ဆိုရင် မိမိကိုယ်တိုင်က ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ဖို့.. ဘုရားအဆုံးအမကို တကယ်လိုက်နာကျင့်ကြံနေတဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ လူငယ်တွေကို ပြုပြင်ပေးမယ်ဆိုရင် မိမိကိုယ်မိမိအရင်ဆုံး ပြုပြင်ပေးဖို့ လိုအပ်တယ်ဆိုတာလေးကို ဦးစွာပထမ ပြောလိုပါတယ်။

အရင်ဆုံး.. ကိုယ်ကိုတိုင်က ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ် ဖြစ်အောင်.. ဘုရားရှင်ဟောကြားခဲ့တဲ့ အဆုံးအမတွေကို ပြန်လည်ဟောကြားတဲ့.. ဘုရားတပည့်သားသံဃာတော်တွေရဲ့ ဆုံးမစကားတွေကို အရင်ဆုံးနာယူရပါမယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို ထဲထဲဝင်ဝင်သိအောင် လေ့လာဆည်းပူးဖို့ လိုအပ်ပါတယ်။ လေ့လာတာနဲ့တင် လမ်းဆုံးမနေပဲနဲ့.. လေ့လာသိရှိပြီးတဲ့အတိုင်း.. တကယ်လိုက်နာကျင့်ကြံဖို့ကလဲ အရေးကြီးပါတယ်။ အဲ့လိုမျိုး ဘုရားအဆုံးအမအတိုင်း ကိုယ်ကိုတိုင်က စံနမူနာပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး မိရိုးဖလာဗုဒ္ဓဘာသာတွေကို ဆွဲခေါ်ဖို့ ဦးစွာပြောလိုပါတယ်။ ကိုယ့်ကိုတိုင်က လူငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်အာင် နေထိုင်ပြပြီးတော့.. သူတို့ကိုပါ ဘုရား၊ တရား၊ သံဃာ အပေါ်မှာ ကြည်ညိုတတ်လာအောင်.. ယုံကြည်တတ်လာအောင် ပြုပြင်ဆုံးမသွန်သင်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ အဓိက လိုအပ်ချက်ပါ။ ကိုယ်ကိုတိုင် ဦးစွာကောင်းအောင်လုပ်ပြီး.. အများသူငါကိုလည်း ပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ကျင့်ကြံတတ်လာအောင် လုပ်ဆောင်ပေးဖို့ ပြောလိုပါတယ်။


နောက်တစ်ချက်အနေနဲ့ကတော့ မိဘတွေအပိုင်းပါ။ ယခုခေတ်အခါမှာ မိဘတွေအနေနဲ့ စီးပွားရေးကို နေ့စဉ်နဲ့အမျှ ရုန်းကန်ရှာဖွေ စားသောက်နေရတဲ့အတွက် ကိုယ့်ရဲ့သားသမီးတွေကို ဘုရားရှင်အဆုံးအမတွေနဲ့ ထိတွေ့ပေးနိုင်ဖို့ မလွယ်ကူပါဘူး။ မိဘတွေမိရိုးဖလာဖြစ်လာတဲ့အတွက် သားသမီးတွေဟာ မိရိုးဖလာဖြစ်လာရတာ များပါတယ်။ ဒါမလို့လည်း ရှေ့ဆောင်ဖြစ်နေတဲ့ လူတွေကို ဦးစွာမိမိကိုယ်ကို ကောင်းအောင်ပြင်ပေးဖို့ ကြိုတင်ပြောထားတာပါ။ မိဘတွေကိုယ်တိုင်က ဘာသာရေးနဲ့ဝေးခဲ့လို့ မိရိုးဖလာဖြစ်တယ်ထားဦး.. ကိုယ့်ရဲ့သားသမီးတွေကိုတော့ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ် တစ်ယောက်ဖြစ်ဖို့ လမ်းညွှန်ဆုံးမပေးနိုင်ရပါမယ်။ လက်ဦးဆရာမိဘတွေရဲ့ ဆုံးမသွင်သင်ထိန်းသိမ်းမှုဟာ အနာဂတ်လူငယ်တွေအတွက် အများကြီး အရေးကြီးပါတယ်။ ဒီတော့ ရှေ့ဆောင်လူကြီးတွေအနေနဲ့ လူငယ်တွေကို ဘယ်လိုတွေပြုပြင်ပေးမလဲ။

ဘုရားရှင်လက်ထက်တော်အခါတုန်းက အနာထပိဏ်သူဋ္ဌေးကြီးရဲ့ သူ့သားကို ဆုံးမသွင်သင်ပေးပုံလေးက ယခုခေတ်မိဘတွေ အတုယူစရာပါ။ လောင်းကစားမက်တဲ့ သားသမီးကို ပိုက်ဆံနဲ့မျှားပြီး တရားနာခိုင်းပါတယ်။ တပုဒ်နာရင် ဘယ်လောက်ပေးမယ်ဆိုပြီး ဦးစွာနာခိုင်းပါတယ်။ တရားနာခိုင်းတဲ့သားက ဘုရားကျောင်းသွားပြီး တနေရာမှာ ခွေအိပ်ပြီးပြန်လာပါတယ်။ ဒီအကြောင်းကို ဖခင်ကသိတော့ အကြံထပ်ထုတ်ပါတယ်။ တရားတပုဒ်ကို မှတ်မိအောင်နာ.. ပြန်ပြောပြနိုင်ရင် ပိုက်ဆံပိုပေးမယ်ဆိုပြီး ထပ်နာခိုင်းပါတယ်။ ဒီတော့.. လောင်းကစားမက်တဲ့သားက ပိုက်ဆံမက်တော့ သေချာမှတ်မိအောင် နာပါတယ်။ ဒီလိုမှတ်မိအောင်နာတဲ့အချိန်မှာပဲ.. ဘုရားအဆုံးအမကို တကယ်သက်ဝင်ယုံကြည်သွားပြီး အရိယာ ဖြစ်သွားတဲ့အထိကို အကျိုးရှိသွားတာပါနော်။ ကိုယ့်သားသမီးရဲ့ အခြေအနေကို အကဲခတ်ပြီး ဘယ်လိုပြုပြင်ထိန်းသိမ်းသင့်လည်း ဆိုတာလေးဟာ ယခုခေတ်မိဘတွေအနေနဲ့ အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အကြောင်းအရာလေးပါပဲ။


မိဘတွေ အကြောင်းနဲ့ပတ်သတ်လို့ ပြောမိတော့ စာရေးဆရာမ ဒေါက်တာမတင်ဝင်းရဲ့ အကြောင်းကိုပါတခါထဲ ဖော်ပြပေးလိုပါတယ်။ လူငယ်တွေဟာ ငယ်ရွယ်စဉ်အခါတုန်းမှာ ဘုရားအဆုံးအမတွေနဲ့ ထိတွေ့ခွင့်ရဖို့.. သူ့အဆင့်နဲ့လျော်စွာသိတတ်ဖို့ လိုအပ်တယ်ဆိုတာကို ဆရာမကြီး ဒေါက်တာမတင်ဝင်းကလည်း သူစာရေးတဲ့အခါတိုင်းမှာ အမြဲထည့်ရေးလေ့ရှိပါတယ်။ သူကိုယ်တိုင်ကလည်း ငယ်စဉ်ကစပြီး သူ့ရဲ့အဖွားနဲ့အမေက ညအိပ်ရာဝင်တိုင်း ဘုရားရှင်ရဲ့ဇတ်တော်ပါ အကြောင်းလေးတွေ ပုံပြောပြပြီး အိပ်စေခဲ့တဲ့အတွက် သူကိုယ်တိုင် ယဉ်ကျေးလာရတယ်.. နောက်ပြီး ဘာသာရေးကို စိတ်ပါဝင်စားစွာ လေ့လာမိတယ် ဆိုတာလေးကိုလည်း အမြဲတမ်း ပြောကြားပါတယ်။ ငယ်စဉ်ကလေးဘ၀တုန်းက ပေးခဲ့တဲ့ ဘာသာရေးအသိတန်ဖိုးတွေဟာ ယခုအခါမှာတော့ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ဖြစ်တယ်ဆိုတာ.. သူ့ရဲအဖွားနဲ့အမေရဲ့ ကျေးဇူးတွေပဲဆိုတာတွေလည်း အမြဲထည့်ရေးပါတယ်။ ဒါတွေဟာ တကယ်တော့ အခုခေတ်မိဘတွေ အတုယူသင့်တဲ့အရာပါ။ (၇)နာရီမှာပြမယ့် ကိုရီးယားကား(၁)နာရီ ကြည့်မယ့်အစား ကိုယ့်သားသမီးအတွက် ဘာသာရေးနဲ့ပတ်သက်တဲ့အသိလေး တနေ့ကို (၁)နာရီလောက် ပြောပြပေးမယ်ဆိုရင်ကို တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူးနော်။


မိဘတွေအကြောင်းနဲ့ပတ်သက်လို့.. ကျွန်တော့်အနေနဲ့ အဓိကပြောရတာ အကြောင်းအရင်းရှိပါတယ်။ မိဘဆိုတာ သားသမီးနဲ့ အနီးကပ်ဆုံးသူတွေပါ။ ပြီးပြီးရော ပြစ်ထားမယ်ဆိုရင်တော့ ဘာသာရေးအသိမရှိတဲ့ သားဟာ ကျားဖြစ်လာနိုင်သလို သမီးဟာလည်း မီးဖြစ်လာနိုင်ပါတယ်။ ဒါမလို့ လူငယ်တွေကို ဘာသာရေးနဲ့ မဝေးစေချင်တာပါ။ သူ့အရွယ်နဲ့တန်တဲ့ဘာသာရေးအသိ ပေးနိုင်အောင်တော့ ကြိုးစားဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက်မှာ သူ့ဥာဏ်နဲ့လျော်ညီမယ့် ဘာသာရေးအသိလေးတွေရှိလာအောင် ဒေါက်တာမတင်ဝင်းရဲ့ အဖွားနဲ့အမေလိုမျိုး လုပ်ဆောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဘာသာရေးအကြောင်းလေးတွေသိအောင် ကိုယ့်အိမ်မှာ မြတ်မင်္ဂလာတို့ မင်္ဂလာမောင်မယ်တို့လို စာအုပ်တွေ ထားပေးထားပြီး.. အဲ့အထဲကပုံပြင်လေးတွေ အကြောင်းအရာလေးတွေကို သူတို့နားလည်အောင် ပြောပြပေးမယ်.. သူ့အသက်ကိုသတ်ရင် ဘာဖြစ်မယ်.. ဘယ်လိုခံရမယ်.. သူ့ပစ္စည်းခိုးရင် ဘာဖြစ်မယ်ဆိုတဲ့ အရာလေးတွေကို သူတို့အရွယ်နဲ့နားလည်လွယ်အောင် ပြောဆိုဆုံးမပေးဖို့ဟာ အင်မတန် အရေးကြီးပါတယ်။


ယခုအချိန်အခါမှာ ဓမ္မကထိကဆရာတော်များအနေနဲ့လည်း ကလေးတရားပွဲတွေ လိုက်လံဟောပြ ဆုံးမပေးတာတွေရှိပါတယ်။ နောက်ပြီး ကလေးတရားစခန်းတွေ.. ဗုဒ္ဓဘာသာသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး သင်ကြားပို့ချနေတာတွေရှိပါတယ်။ ဒါတွေဟာ တကယ်တော့ အမျှော်မြင်ကြီးစွာ လုပ်ဆောင်ပေးနေကြတာပါ။ ဆရာတော်ဘုရားများရဲ့စေတနာဟာ အမြတ်တနိုး တန်ဖိုးထားစရာပါပဲ။ ဒီလိုမျိုးတရားပွဲတွေ.. တရားစခန်းတွေ.. ဗုဒ္ဓဘာသာသင်တန်းကျောင်းတွေမှာ မိဘတွေအနေနဲ့ သားသမီးတွေကို ခေါ်ယူဆုံးမပေးသင့်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးဆုံးမစကားနဲ့ ပြောရရင်တော့.. ဗုဒ္ဓတံဆိပ် ဘာသာစိတ်ကို ခတ်နှိတ်ပေးလိုက်တာပါပဲ။ အင်မတန်လိုအပ်တဲ့.. လုပ်သင့်တဲ့ အရာလေးပါ။ ဒါဟာ တကယ်တော့ လူငယ်တွေရဲ့ရင်ထဲမှာ ဘုရားတည်ပေးလိုက်တာပါ။ အပြင်မှာတည်တဲ့ဘုရားတွေဟာ လေဒဏ်မိုးဒဏ် တစ်ခုခုကြောင့် ပျက်စီးချင်ပျက်ဆီးမယ်.. နှလုံးသားမှာတည်ပေးတဲ့ ဘုရားအဆုံးအမကတော့ ဘယ်တော့မှ မပျက်စီးတော့ပါဘူး။ ဘယ်တော့မှ မပျက်စီးစေမယ့် ခိုင်မြဲတဲ့ ဘုရားအဆုံးအမတွေ တည်ပေးလိုက်တာဟာ လူငယ်တွေအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့် ဆရာတော်ဘုရားတွေရဲ့ စေတနာကို တန်ဖိုးထားတဲ့အနေနဲ့ ဒီလိုမျိုး တန်ဖိုးရှိတဲ့အလုပ်လေးတွေနဲ့ လူငယ်တွေကို မွေ့လျော်ပေးဖို့ တိုက်တွန်းလိုပါတယ်။


ကျွန်တော်အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာ အားလုံးဟာ ဗုဒ္ဓဘာသာဝင်စစ်စစ် တစ်ယောက်ဆိုရင် အမြတ်တနိုး တန်ဖိုးထား လုပ်ဆောင်သင့်တဲ့ အရာတွေပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး သတ္တ၀ါတွေကို ကယ်တင်ဖို့ အတွက် ပါရမီတွေကို မနားမနေဖြည့်ဆီးပေးပြီး တာဝန်ကျေသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘုရားရှင်ရဲ့ စေတနာမေတ္တာတွေကို အမြတ်တနိုးတန်ဖိုးထားတယ် ဆိုရင်တော့ ဘုရားရှင်ရဲ့သာသနာတော်ကို စောင့်ရှောက်ကာကွယ်ဖို့.. နောင်အနာဂတ်မျိုးဆက်သစ် လူငယ်တွေကို ဘုရားရှင်ရဲ့အဆုံးအမတွေ မပျောက်ပျက်အောင် လက်ဆင့်ကမ်းသယ်ဆောင်နိုင်ဖို့ ပြုပြင်ထိန်းသိမ်းသင့်တယ်ဆိုတာ လုပ်သင့်တဲ့ လုပ်ထိုက်တဲ့အရာတစ်ခုပါ။


အစမှာကျွန်တော်ဖော်ပြထားတဲ့ ပေါက်ပင်ဘာကြောင့်ကိုင်းရလဲဆိုတာလေးကို မှတ်မိမှာပါ။ ဒီအချက်လေးဟာ အရေးကြီးပါတယ်။ တစ်ယောက်ချင်းက စပြင်ပြီး မိမိကိုယ်တိုင် ပြုပြင်ထိန်းသိမ်းရမယ်ဆိုတဲ့ အကြောင်းအရာလေးပါ။ မိဘတွေမှ မဟုတ်ပါဘူးနော်.. ကိုယ့်အနေနဲ့ ဘယ်နေရာရောက်ရောက် ဘယ်အရွယ်ပဲဖြစ်ဖြစ်.. ဘယ်သူတွေနဲ့နေရနေရ.. ဘုရားရှင်ရဲ့အဆုံးအမတွေကို လိုက်နာကျင့်ကြံနိုင်အောင် ကိုယ်သိတဲ့အသိတရားလေးတွေ ဝေမျှပေးပါလို့လည်း တိုက်တွန်းလိုပါတယ်။ ကိုယ်ကိုတိုင်က ဘုရားအဆုံးအမအတိုင်း ကျင့်ကြံနေထိုင်ပြပြီးတော့ ကိုယ့်အနားမှာရှိတဲ့သူတွေကို မိရိုးဖလာထဲက ဆွဲထုတ်ပြီး ဗုဒ္ဓဘာသာစစ်စစ်တစ်ယောက်ဖြစ်အောင် ပြုပြင်ပေးစေလိုပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ တလောကလုံးက အတ္တလို့ထင်ထားတဲ့ လောကကြီးကို အနတ္တဆိုပြီး တစ်ပါးထဲ ကျွေးကြော်ပြီး အတိုက်အခံပေါင်းများစွာနဲ့ အဆုံးအမတွေကို ပေးဝေခဲ့တာပါ။ ကျွန်တော်တို့တွေဟာလည်း ဗုဒ္ဓဘာသာမှန်တယ်ဆိုရင်တော့ တစ်ယောက်ထဲဖြစ်ပါစေ.. တစ်ယောက်ထဲကစပြီး ကိုယ်စွမ်းရာအလုပ်ကို လုပ်ဆောင်ပြီး ဘုရားရှင်ရဲ့ကျေးဇူးတရားကိုဆပ်နိုင်ဖို့ ကြိုးစားပေးပါလို့ တိုက်တွန်းလိုပါတယ်။ ပေါက်ပင်ကိုင်းတဲ့အကြောင်းလေး သိပြီးရင်တော့.. ပေါက်ပင်လိုပဲ ကိုင်းနေတဲ့မိရိုးဖလာဗုဒ္ဓဘာသာတွေကို အပြစ်မတင်ပဲနဲ့.. တတ်နိုင်သလောက် ဆွဲခေါ်ပြီး ဘုရားအဆုံးအမတွေနဲ့ မွေ့လျော်တတ်တဲ့.. လိုက်နာတတ်တဲ့သူတွေဖြစ်အောင် ကြိုးစားပေးပါလို့ ဆန္ဒပြုလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။


Read more...

ကြွေး

မောင်ထွန်းဦးသည် ငါ့မှာ ဆပ်စရာကြွေးတွေ အများကြီး ရှိနေတယ်-ဟု သူ့ကိုယ်သူ ယူဆထား၏။ ထို့ကြောင့် သူ့စိတ်ထဲတွင် မလွတ်လပ်၊ မပေါ့ပါးသကဲ့သို့ ခံစားရ၏။ သူ့အပေါ် ကြွေးအများဆုံး ရှိနေသူ နှစ်ဦးရှိ၏။ တဦးကား လောကကြီးတွင် မရှိတော့။ မောင်ထွန်းဦး ၃-နှစ်သား အရွယ်ကပင် လူ့လောကကြီးမှ ထိုကြွေးရှင်သည် အပြီးအပိုင် ထွက်ခွါသွားခဲ့လေပြီ။ သို့သော် မောင်ထွန်းဦး၌ လူ့လောကကြီးမှ ထွက်ခွါသွားသော ထိုကြွေးရှင်၏ ကြွေးတို့ကို ဆပ်လိုသည့်စိတ်ကား အမြဲရှိနေ၏။ ထို့ကြောင့် ထိုသွားလေသော ကြွေးရှင်အစား ကျန်ရှိနေသော ကြွေးအများဆုံး ကြွေးရှင်၏ ကြွေးတို့ကို ကျေသွားအောင် အတိုးချကာ ဆပ်ပေးလိုစိတ် ပြင်းပြလျက်ရှိနေ၏။

မောင်ထွန်းဦးသည် ကြားနာမှတ်သားထားဖူးသော ဘုရားစကားတော်အရ ကြွေးအများဆုံး ထိုကြွေးရှင်နှစ်ဦး၏ ကြွေးတို့ကို အများဆပ်နေကျ ဆပ်နည်းဖြင့် ဆပ်၍ မကျေနိုင်ကြောင်းကို သိရှိထား၏။ ကြွေးယူသူက ထိုကြွေးရှင်နှစ်ဦးကို ပုခုံးနှစ်ဖက်ပေါ်တွင် တင်ပြီး အသက်တရာရှည်လျှင် အနှစ်တရာပတ်လုံး လိုလေသေးမရှိရအောင် အစွမ်းကုန် ပြုစု လုပ်ကျွေးကာ ကျေးဇူးကြွေးဆပ်ပေးစေဦးတော့ ထိုကြွေးရှင်နှစ်ဦး၏ ကြွေးကို ဆပ်လို့ မကုန်နိုင်သေး၊ မကျေသေးတဲ့။ မြတ်နိုးနှစ်သက်ဖွယ်ရာ ရတနာများစွာ တည်ရှိရာ ဤမဟာပထ၀ီ မြေပြင်ကြီးကို အုပ်စိုးရသည့် မင်းအဖြစ်ရောက်အောင် ထိုကြွေးရှင်နှစ်ဦးကို တင်ပေးစေဦးတော့ ထိုကြွေးရှင်နှစ်ဦး၏ ကြွေး မကျေသေးဘူးတဲ့။ ဤဘုရားစကားတော်တို့ကို မောင်ထွန်းဦး ကြားနာမှတ်သားထားဖူးသည်။

ထိုကြွေးရှင်တို့၏ ကြွေးတို့ကို ကျေအောင်ဆပ်နည်းကို မြတ်စွာဘုရားစကားတော်အရ သိရှိထား၏။ မြတ်စွာဘုရားက မိန့်ကြားထားသည်မှာ-
သဒ္ဓါ မရှိသေးလျှင် သဒ္ဓါရှိလာအောင်
သီလ မရှိသေးလျှင် သီလရှိလာအောင်
ဒါန မရှိသေးလျှင် ဒါနရှိလာအောင်
တရားအသိပညာ မရှိသေးလျှင် တရားအသိပညာ ရှိလာအောင် ဆောင်ရွက်ပေးပါတဲ့။
ဒါမှ ထိုကြွေးရှင်နှစ်ဦး၏ ကြွေးတွေ ကျေပါတယ်တဲ့။

မောင်ထွန်းဦး၏ ထိုကြွေးရှင်နှစ်ဦးမှာ သူ့မိခင် ဒေါ်ငြိမ်းယဉ်နှင့် ဖခင်ဦးထွန်းစတို့ ဖြစ်ပါသည်။ သူ့မိခင်မှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်၍ ကုသိုလ်အဖို့ဘာဂကို အမျှပေးဝေ၍ ကျေးဇူးကြွေးဆပ်ပေးရုံမှတပါး အခြားနည်းလမ်း မရှိတော့ပြီ၊ အသက်ထင်ရှား ရှိနေသေးသော သူ့ဖခင်ကိုကား သဒ္ဓါ၊ သီလ၊ ဒါန၊ ပညာ ရှိလာအောင် ကြိုးစားပေးရပေဦးမည်။ မည်သို့ ကြိုးစားရအံ့နည်း-ဟု မောင်ထွန်းဦး စဉ်းစား၏။ ထိုသို့စဉ်းစားသောအခါ သူရှုမှတ်ပွားများ အားထုတ်ခဲ့ဖူးသော သတိပဋ္ဌာန်တရားကို ရှုမှတ်ပွားများခွင့်သာအောင် ဆောင်ရွက်ပေးခြင်းသည်သာ သူ့ဖခင်၏ ကျေးဇူးကြွေးကို ကျေအောင်ဆပ်ပေးရာ ရောက်၏-ဟု အဖြေရလာ၏။

သို့သော် သူ့ဖခင်က တရားအားထုတ်ရန် စိတ်ပါဝင်စားမှု မရှိသေးသည်က ခက်နေ၏။ သူ့ဖခင်သည် အများအကျိုးဆောင်ရွက်ရန် စိတ်သန်သူတဦး ဖြစ်သည်။ အိမ်၏ကိစ္စထက် ရပ်ရွာကိစ္စက ပို၍ များနေ၏။ အိမ်၏ ကိစ္စတို့၌ လစ်ဟင်းသဖြင့် စီးပွားရေးလည်း ယိုင်စပြုလာ၏။ သူ့ကို ရပ်ရွာသူ၊ ရပ်ရွာသားတို့နှင့် ရပ်ရွာဝန်းကျင်မှ လူတို့က ကျေနပ်သဘောကျသော်လည်း သူ့အိမ်သူ အိမ်သားနှင့် ဆွေမျိုးတို့ကား အိမ်ကိစ္စတို့ လစ်ဟင်း၍ အားရကျေနပ်ကြပုံ မပေါ်။ သို့သော် အများအကျိုး သယ်ပိုးလိုသော သူ့ဝါသနာအရ သူကား နောက်မဆုတ်။ လောကီလူမှုရေးကိစ္စတို့နှင့်သာ အချိန်ကုန်ပြီး ဥပုသ်စောင့် တရားထိုင်ဖို့ဘက် ဦးမလှည့်နိုင်သေးသော သူ့ဖခင်ကို မောင်ထွန်းဦးက အားမရ။ တရားအားထုတ်ဖြစ်အောင် ကြိုးစားသော်လည်း အရာမထင်။ မအောင်မြင်။

တနေ့တွင် သူ့ဖခင် ရန်ကုန်သို့သွားဖို့ အခွင့်ကြုံလာ၏။ သူ့ဖခင်သည် မုံရွာခရိုင်၊ အရာတ်ာမြို့နယ်၊ စပါးတွင်းရွာသား ဖြစ်၍ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့သို့ အရောက်များ၏။ သို့သော် ရန်ကုန်မြို့သို့ကား တခေါက်မျှ မရောက်ဖူးသေး။ ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးချင်နေ၏။ ထို့ကြောင့် ရန်ကုန်သို့ သွားလေပြီ။ ရန်ကုန်သို့ သူ့ဖခင် ရောက်သွားသောအခါ မောင်ထွန်းဦး၏ ဆန္ဒ၊ မောင်ထွန်းဦး၏ ရည်ရွယ်ချက်တွေလည်း အထမြောက် အောင်မြင်ခဲ့လေပြီ။ သူ့ဖခင်သည် သူ့အစီအစဉ်အရ မဟာစည်သာသနာ့ရိပ်သာတွင် တရားဝင်၍ အားထုတ်လေသည်။

သစ်သီးသည် မှည့်ချိန် မတန်သေးဘဲ မည်မျှပင်မှည့်အောင် ကြိုးစားသော်လည်း မှည့်၍မရ။ မှည့်ချိန်တန်မှသာ မှည့်လာရ၏။ မောင်ထွန်းဦးသည် သူ့ဖခင်၏ အခြေအနေကို သစ်သီးပမာ နားလည်သွား၏။ မောင်ထွန်းဦးသည် သူခံစားခဲ့ရသည့် တရားအရသာကို သူ့ဖခင် ခံစားခွင့်သာနေပြီဖြစ်၍ သူ့ရင်မှာ ပီတိတွေ ဝေနေလေပြီ။ သူ့ဖခင်သည် ၂-လနီးပါး တရားအားထုတ်သွား၏။ သူ့ဖခင်၏ ကျေးဇူးကြွေးတွေ ကျေအောင်ဆပ်သောနည်းဖြင့် ကျေးဇူးကြွေး ပေးဆပ်လိုက်ရပေသည်။ တရားအားထုတ်ပြီး၍ ရွာသို့ပြန်လာသော သူ့ဖခင်၏ အသွင်အပြင်ကို မြင်တွေ့ကြရသူ ရွာသူရွာသားအပေါင်းနှင့် ရွာပတ်ဝန်းကျင်မှ လူတို့က သူ့ဖခင်ကို အံ့အားသင့်နေကြလေ၏။ အပြောအဆို အပြုအမူ သဘောထားတို့သည် အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။

သူ့ဖခင်သည် သာသနာရေးဆိုင်ရာ ကိစ္စတို့၌ အားသွန်ခွန်စိုက် ဆောင်ရွက်နေလေပြီ။ တရားရှုမှတ်၏။ တရားစာအုပ်တွေ ဖတ်၏။ တရားတိပ်ခွေတွေ နာ၏။ တရားဆွေးနွေး၏။ တရားအားထုတ်လိုသူတို့ကို အားပေး၏။ တိုက်တွန်း၏။ ကူညီ၏။ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်၏။ တရားပွဲတိုင်း တရားနာရန် ရောက်၏။ သူ့ဖခင်၌ သဒ္ဓါ သီလ ဒါ ပညာတရားတို့ တည်ရှိတိုးပွားလာအောင် ဆောင်ရွက်ပေးလိုက်ရသဖြင့် မောင်ထွန်းဦးမှာ ၀မ်းသာမဆုံး ရှိနေလေ၏။ သူ့အပေါ်၌ တင်ရှိသော ကျေးဇူးကြွေးတို့ကို ဆပ်လိုက်ရသောကြောင့် စိတ်ရော ကိုယ်ပါ ပေါ့ပါးလန်းဆန်းလာပေ၏။ လွတ်လပ်သကဲ့သို့လည်း ခံစားလာရပေ၏။

ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် ယုံကြည်မှု ကြည်ညိုမှု သဒ္ဓါ၊ သီလစောင့်လိုသည့် ဆန္ဒ၊ ဒါနပြုလိုသည့် စေတနာ၊ ၀ိပဿနာ အသိပညာတို့ကို သူ့ဖခင်အား ပေးလိုက်သော သတိပဋ္ဌာန်တရား၏ စွမ်းအားနှင့် ကျေးဇူးကား ကြီးမားလှပါပေစွဟုတွေးကာ သတိပဋ္ဌာန်တရားကို ဟောကြားတော်မူခဲ့သော မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ သတိပဋ္ဌာန်တရားတော်နှင့်အညီ ညွှန်ကြားပြသပေးသော မဟာစည် ဆရာတော်ကြီးအပါအ၀င် သံဃာတော် အရှင်မြတ်တို့ကိုလည်းကောင်း မောင်ထွန်းဦးသည် စိတ်ဖြင့်ရည်မှန်းကာ အခါခါ ဦးတိုက်နေမိလေသည်။ စိတ်ထားပြုပြင်ရေးမှာ သတိပဋ္ဌာန်တရားဟာ အလွန်အရေးပါတယ်-ဟူသော မဟာစည်ဆရာတော်ကြီး၏ စကားတော်ကိုလည်း များစွာ သဘောကျနေလေသည်။ စိတ်ထားပြုပြင်လိုသူတိုင်း မောင်ထွန်းဦး၏ ဖခင်ပမာ သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သင့်ကြပါသည်။ မိဘတို့၏ ကျေးဇူးကြွေးကို ကျေအောင်ဆပ်လိုသူတိုင်း မိဘတို့ကို တရားအားထုတ်ဖြစ်အောင် မောင်ထွန်းဦးပမာ ကြိုးစားပေးသင့်ကြပါသည်။

( သာမဏေကျော် )


Read more...

သာမဏေ ၁၅ ပါး သင်္ကန်းအလှူ

Wednesday, November 11, 2009

သင်္ကန်းအလှူခံယူတဲ့ ကိုရင်လေးတစ်ပါး

သင်္ကန်းသစ်ကိုပိုက်ထားတဲ့ သာမဏေငယ်

တစ်ပါးစီ ဆက်ကပ်စဉ်
တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် မနက်ခင်းက အောင်မြေဦး ကျောင်းတိုက်က သံဃာ သာမဏေ အပါး ၇၀ ကျော်အနက် သင်္ကန်းအလိုအပ်ဆုံး သာမဏေ ၁၅ ပါးကို သင်္ကန်းတစ်စုံစီ လှူဒါန်း ဆက်ကပ်ခဲ့ပါတယ်။ အဝေးရောက် အလှူရှင်တစ်ဦး ကောင်းမှု ဖြစ်ပါတယ်။
ဆောင်းတွင်းဆိုတော့ ကိုရင်တွေ နွေးနွေးထွေးထွေး ရုံရအောင်၊ အချမ်းသက်သာအောင် စကိတ်သင်္ကန်း ကပ်ပါတယ်။ ဆောင်းတွင်းမို့ ခြုံထည်၊ စောင် စတာတွေပါ လိုအပ်ပေမယ့် အရေးအကြီးဆုံး သင်္ကန်းကိုတောင် လိုသမျှ အပါးစေ့ မကပ်နိုင်သေးဘူး ဖြစ်နေတယ်။
သာမဏေတွေ တခြား လိုအပ်မယ့်အသုံးအဆောင်တွေ အောင်မြေဦးဆရာတော်ကို ဖုန်းနဲ့ မေးလျှောက်တုန်းက ဆရာတော်က အနီးဝန်းကျင် ကျောင်းတိုင်းက သံဃာထုအတွက် အရေးကြီးတဲ့ ဘုံဆွမ်းကို ဦးစားပေး လောင်းလှူကြဖို့၊ ရက်များများ လောင်းနိုင်လေ ကောင်းလေဖြစ်ကြောင်း အမိန့်ရှိပါတယ်။ ပင့်ကိုယ်တော်၊ ထိုင်ကိုယ်တော် သတ်မှတ်ဖိတ်ကြားတာ မဟုတ်ဘဲ ကြွလာသမျှ သံဃာသာမဏေတိုင်း ခံယူခွင့် ရှိတာမို့ ဒီဘုံဆွမ်းက အရေးပါပုံကိုလဲ ရှင်းပြပါတယ်။
ကိုရင်တွေ လွယ်အိတ်လိုပါသလားဆိုတော့ ကျောင်းမှာပဲကျိန်း၊ ကျောင်းမှာပဲ စာသင်ကြတာမို့ စာအုပ်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်သယ်လို့ ရကြောင်း၊ ဖိနပ်က ပိုလိုအပ်ကြောင်း အမိန့်ရှိပါတယ်။ ဖိနပ်လဲ ဈေးကြီးစရာမလို၊ ကျပ် ၈၀၀၊ ၁၀၀၀ တန် ကြက်ပေါင်ဖိနပ်ကလေးတွေ လှူရင် ကိုရင်တွေ စီးလို့ရတယ်တဲ့။

Read more...

HIV ဝေဒရှင်ရဲ့ အမှန်တရားကို ယုံကြည်ကိုးကွယ်လာပုံ နှင့် တခြား တရားများ

ဓမ္မမြတ်နိုးသူ kyawSein စီဘောက် မှာ ရေးပေးခဲ့တဲ့ လင့်ခ်လေးတွေကို ပြန်လည် မျှဝေလိုက်တာပါ ။

KyawSein: ဆရာတော်ဦးဇောတိက နှင့် ဆရာဦးဆန်းလွင် တို့ အမေးအဖြေ တရားဖိုင်လေးပါ
Download

KyawSein: တရား နှလုံးသွင်းပီးသေလျှင် နတ်ပြည်ရောက်ကြောင်း နတ်သမီးကိုယ်တိုင် မြေးဖြစ်သူအား ဓါတ်စီးပီး ပြောပြသော အမှန်တရား ။
Download

KyawSein: ဒါက HIV ဝေဒရှင်ရဲ့ အမှန်တရားကို ယုံကြည်ကိုးကွယ်လာပုံပြောပြထားတဲ့ တရားပါ
Download

စိတ်ဝင်စားသေးရင် နှိပ်လိုက်ပါ ခင်ဗျ >>------>

0 ဝေဖန်မှု



Read more...

ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင် ( ၁၁ )

အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ၊
++++++++++++++++++++++++++++++++++++
သူသည် ဘဝတစ်ခုလုံးပဲဆိုတာကိုလည်းနားလည် ရမယ်။ အာရုံမသိရင် အိပ်ပျော်နေတဲ့ ချိန်ကို ဘုရားက ဘဝမြုံတယ်လို့ အမိန့်ရှိတယ်။ အိပ်ပျော်ချိန်မသိဘူး။ ဘဝမြုံတယ်တဲ့။ သေခါစ ခန္ဓာ ကိုယ်လုံးကြီး ရှိတယ်။ စဉ်းစားပါ။ အာရုံတွေသိပါ့မလား။ (မသိပါဘူး ဘုရား…)။

ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်ကို ဘဝရှိတယ် ပြောမလား မရှိဘူးပြောမလား၊ မရှိပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာာရုံသိမလာတော့လို့ ဒီခန္ဓာ မရှိတော့ဘူး။ဒါမရှိရင် ကိုယ်လုံး ကြီး ရှိသော်လည်း ဘဝ မရှိဘူး။
ကိုယ်လုံးကြီး ကတော့ မသာဖြစ်ခါစ ဒီ အတိုင်းပဲ ။


အိပ်ပျော်လည်း ဒီ အတိုင်းပဲ သဘောပေါက်ရဲ့လား။သူ့ကို ဘဝ မယူ ဘူးနော်။ ဒီအာရုံသိကိုသာ ဘဝယူရမှာနော်။ ပြန်ပြောမယ်။ နည်းနည်းတော့ စဉ်းစားရမယ်။ ဘုရား တရားတော် ဟာ အလွန်နက်ရှိုင်းတယ်။
ဒီကိုယ်လုံးကြီးတွေ အိပ်ပျော်သွားပြီ ဆိုပါတော့။ ခြင်ကိုက်ရင် သိပါ့မလား။ (မသိပါဘူး ဘုရား)။ ဒါဖြင့် ဘဝဆိုတာ သည် ဒီကိုယ်လုံးကြီး လို့ယူတာ မဟုတ်တာတော့ သေချာသွားပြီ။ ဒီခန္ဓာ ငါးပါး အစုံကိုသာ
ဘဝလို့ယူရမှာ။ သဘောပေါက်ပြီလား။ အဲဒီ ငါးခုပေါင်းတော့ မှ အသိပေါ်လာတာကို ဘဝလို့ ယူရမှာနော်။ ဒါကိုသာ ဘုရားက ဒုက္ခသစ္စာလို့ခေါ်တာ။ လိုရင်းက အဲဒါပဲ။ ဘဝ အစစ် ကအဲဒါပဲ။
ဘဝဆိုတဲ့အသိပေါ်တာကို ဖွားမြင်တယ်ခေါ်တယ်။ အသိပျောက်သွားတာကို ဘဝသေတယ်လို့ခေါ်တယ်။ အဲဒါမှ ဖွားသေအစစ်၊ နားလည်ကြပြီလား။ အသိလေးဖြစ်ပေါ်တာကို ဘဝလို့ခေါ်တာ၊ ဇာတိဖြစ်လိုက်တာ၊ ပျောက်သွားတာက ဇရာ မရဏ ဖွားသေ ။ ဘဝရဲ့ဖွားသေဆိုတာ (သူ- သူ့ကိုတကယ်တွေ့နေရမှာ) အသံကြားလိုက်တယ်။

မနောပေါ်တယ်ဆိုရင် ဒီမှာလည်း ဖွားသေ ဒီမှာလည်း ဖွားသေပြီးရင်ပျောက်သွားတယ်။ ဒါဆို ဘဝ မရှိတော့ဘူး။ သိသဘော လေးပေါ်တာ ဖွားသေပဲ။ ဘဝတစ်ခုလုံးနော်။ အစိတ်အပိုင်းမယူနဲ့။

ဘဝ တစ်ခုလုံးယူရမှာ။ ကိုယ့်ဘဝ တစ်ခုလုံးရဲ့ ဖွားသေ ဟာ ကြားသိကြံသိ အသက်ရှူတယ်၊ ထိသိ မနောမှာ ကြံသိ၊ အဲဒီ အသိလေးပျောက်သွားတဲ့ ဖွားသေဟာ ဘဝတစ်ခုလုံးရဲ့ ဖွားသေဆိုတာကို ဆုံးဖြတ်ချက် ရဲရဲချ နားလည် ပြီနော်။

အဲဒီလို ဆုံးဖြတ်ချက် ကျပြီဆိုရင်တော့ ဘုန်းဘုန်း ရဲရဲအာမခံတယ်။ တရားရပြီလို့။ ဘုရားအလိုကျရောက်ပြီ။

Read more...

မရှိဆိုရာဝယ်...

6:25 AM | Author: Dhamma Yanant

ဒီတစ်ခါ ဂဏန်းနှစ်လုံးအကြောင်း ပြောကြရအောင်။ တစ်မျိုးမတွေးပါနဲ့။ လောကီသုညနဲ့ လောကုတ္တရာသုည အကြောင်းပါ။ စာမေးပွဲဖြေကြတဲ့အခါ ဘယ်သူများ သုညရချင်ကြပါသလဲ။ လောကီစာမေးပွဲတွေမှာ သုညများ ရလိုက်တယ်ဆိုရင် ရင်ဆိုင်ရတဲ့ ဆိုးကျိုးတွေ၊ စိတ်ဆင်းရဲရမှုတွေဆိုတာ ဖော်မပြနိုင်လောက်အောင်ကို တစ်ပုံကြီးပါ။ အဲ… လောကုတ္တရာစာမေးပွဲမှာများ သုညရလိုက်မယ်ဆိုရင်တော့ စိတ်အေးရပြီပေါ့။ အနှိုင်းမဲ့ချမ်းသာ ရပြီလေ။ လောကီနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ကြီးပါ။ ပိုရှင်းအောင် နဲနဲခွဲကြည့်ရအောင်။

လောကီသုည ဆိုတဲ့ သဘောက- လောကမှာ မရှိတော့ရင်၊ မကျန်တော့ရင်၊ ကုန်ဆုံးသွားရင် သုညနဲ့ ကိုယ်စားပြုပါတယ်။ “သုဉ်း” ဆိုတဲ့ စကားလုံးက လာပါတယ်။ လောကီမှာတော့ မရှိ၊ မကျန်၊ ကုန်ဆုံး၊ ဆိတ်သုဉ်း ဆိုတာတွေက အပျက်သဘောဆောင် ဝေါဟာရတွေပါ။ ဘယ်သူမှ မကြားလိုကြပါဘူး။ ဆုတောင်မှ တောင်းကြပါသေးတယ်။ “ဖြစ်လေရာဘ၀မှာ မရှိဆိုတဲ့စကား မကြားရပါလို၏” တဲ့။ မရှိမှ၊ ကုန်မှ ကောင်းတဲ့အရာတွေလည်း ရှိနေသေးတယ်ဆိုတာ ဘာလို့များ မတွေးမိကြပါလိမ့်။ ဥပမာ- ကိုယ်ရော စိတ်ပါ ပူပန် ပင်ပန်းစေတဲ့ အကုသိုလ် စိတ်၊ စေတသိက်မျိုးတွေပေါ့။ ဒါတွေကိုလည်း အဆင်းရဲခံပြီး ဖက်တွယ်ထားချင်၊ ရှိချင်ကြတာပဲလား။

ပြန်ဆက်ပါဦးမယ်။ လောကီသုညက သူ့ချည်းနေရင် ဘာတန်ဖိုးမှ မရှိပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ ရှေ့မှာ သွားနေပြန်ရင်လည်း တန်ဖိုးမတိုးပါဘူး။ ကိုယ်ပိုင်တန်ဖိုးရှိတဲ့ ဂဏန်းတွေရဲ့ နောက်မှာ နေမှသာ တန်ဖိုးတက်ပါတယ်။ ဒါကို ဥပမာထားပြီး လူတိုင်း လူတိုင်း မိမိတန်ဖိုးကို မိမိနားလည်သင့်ပါတယ်။ မိမိတန်ဖိုးက နည်းနေရင် တန်ဖိုးကြီးသူရဲ့နောက်မှာ နေပေးပြီးတော့ နှစ်ဦးနှစ်ဘက် တန်ဖိုးတက်စေရပါမယ်။ မိမိတန်ဖိုးက များနေရင်တော့ တန်ဖိုးနည်းသူ တန်ဖိုးမဲ့သူ လူသုညတွေရဲ့ ရှေ့ကနေ ရဲရဲဝံ့ဝံ့ကြီး ဦးဆောင်ကြိုးပမ်းပြီး မိမိ သူတစ်ပါး တန်ဖိုးများအောင် ပြုပေးရပါမယ်။ မိမိအနေနဲ့ သာတယ်၊ နာတယ် မတွက်ဘဲ အတ္တဟိတ၊ ပရဟိတ ပြီးစီးစေဖို့သာ အဓိကလို့ နှလုံးသွင်းမှန်ရပါမယ်။

လောကုတ္တရာသုည သဘောကတော့- ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ ဘာပဲတွေးတွေး “ငါဆိုတာလည်း မရှိ၊ ငါ့ဟာဆိုတာလည်း မရှိ” လို့ အရာရာကို နှလုံးသွင်း မှန်ကန်နေမှုပါ။ လောကုတ္တရာမှာတော့ ဘာပဲဖြစ်ဖြစ် များများမရှိလေ၊ များများသုဉ်းလေ ကောင်းလေပါပဲ။ လောကုတ္တရာစာမေးပွဲမှာ မေးခွန်း(၁၀)ပုဒ် မေးပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟီရိက၊ အနောတ္တပ္ပဆိုတဲ့ ကိလေသာ (၁၀)ပါးပါ။ အမှတ်မရအောင်၊ နည်းနိုင်သမျှနည်းအောင် ဖြေရပါမယ်။ ၇၅ မှတ်အထက် ဂုဏ်ထူးထွက်နေရင်တော့ တော်တော်ကြမ်းသေးတဲ့ အန္ဓဗာလပုထုဇဉ်ပါ။ ၇၅ နဲ့ ၅၀ ကြားဆိုရင်တော့ တရားနဲ့ ယဉ်ပါးစပြုလာတဲ့ ကလျာဏပုထုဇဉ်ပါ။ ၅၀ ဆိုရင် စူဠသောတာပန်၊ ၄၀ ဆိုရင် မဇ္ဈိမသောတာပန်၊ ၃၀ ဆိုရင် မဟာသောတာပန်၊ ၂၀ ဆိုရင် သကဒါဂါမ်၊ ၁၀ ဆိုရင် အနာဂါမ်၊ ၀ ဆိုရင်တော့ ရဟန္တာဖြစ်ပြီး ဒုက္ခငြိမ်းပါပြီ။ ပြန်မရှုံးတော့မယ့် စာမေးပွဲကို ၀ ရပြီး အမြင့်ဆုံးအဆင့်နဲ့ အောင်သွားပါပြီ။

ငါ ဆိုတဲ့ အတ္တ၊ ငါ့ဟာ ဆိုတဲ့ အတ္တနိယ ကနေ ဆိတ်သုဉ်းသွားရင် ကိလေသာ သံယောဇဉ်တွေကလွတ်ပြီး သုညတဝိမောက္ခ မည်တဲ့ မဂ်နဲ့ သုညတနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ ငါဆိုတဲ့ “ဒိဋ္ဌိ နဲ့ မာန”၊ ငါ့ဟာဆိုတဲ့ “တဏှာ” တွေကနေ ဆိတ်သုဉ်းနေပြီဖြစ်တဲ့အတွက် သုညတနိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာသုညရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ ဘာနဲ့မှ နှိုင်းမရ အမြင့်တကာ့ အမြင့်ဆုံးပါပဲ။

ဒါ့ကြောင့် မှတ်သားရမှာက-
လောကီ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက ဘာမှမရှိ။
လောကုတ္တရာ သုညရဲ့ ကိုယ်ပိုင်တန်ဖိုးက အနှိုင်းမဲ့ နိဗ္ဗာန်ဆိုတာပါပဲ။


လောကီစာမေးပွဲတွေမှာ သုညရပါစေလို့ ဆုတောင်းပေးရင် ကျိန်စာတိုက်တယ်ဆိုပြီး စိတ်အရမ်းဆိုးကြမှာပါ။ လောကုတ္တရာ စာမေးပွဲဝင်သူများကိုတော့ သုညရနိုင်ကြပါစေလို့ ဆုတောင်းပေးရင် နှစ်သက်ဝမ်းမြောက်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တောင်းလည်း တောင်းပေးလိုက်ပါတယ်။ သုညရအောင် ကြိုးစားကြဖို့ကတော့ မိမိတို့တာဝန်ပါပဲ…။




Read more...

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၈)

ပါရမီ ကောင်းသူ ဖြစ်ပါသတဲ့
တစ်နေ့ အသက်ငါးဆယ်ကျော်ခန့် လူတစ်ယောက် ကျောင်းသို့ ရောက်ရှိလာပါတယ်။ စာရေးသူထံ လာရောက်ဝတ်ပြုအပြီး
“အရှင်ဘုရား….တပည့်တော် ငယ်ငယ်ကတည်းက အတွေးအခေါ်ပိုင်းဆိုင်ရာမှာ အလွန်ဝါသနာ ပါတယ်ဘုရား။ အခုကြီးလာတဲ့ အခါမှာလည်း အားအားရှိ တွေးခေါ်ပြီးနေပါတော့တယ်ဘုရား။ ဒီလိုတွေးခေါ်တဲ့နေရာမှာ တပည့်တော်က တစ်ခြားဟာထက် ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးတွေကိုပဲ တွေးတာများပါတယ်ဘုရား၊ သဘာဝတရားတွေကို တွေးတော့ နက်နဲတဲ့တရားတွေကိုပဲ တွေးမိလာ ပါတယ်။ ဒီလိုတွေးတဲ့အတွက်လည်း တပည့်တော်ဟာ ပါရမီပါခဲ့သူလို့လည်း ယူဆမိပါတယ်ဘုရား၊ ခက်ခဲနက်နဲတဲ့ တရားတွေကို တွေးနိုင်ပါတယ်ဘုရား။ ဒါကြောင့် မကြာခင်မှာပဲ သဘာဝအမှန်တရား(နိဗ္ဗာန်)ကို လွယ်လွယ်ကူကူ နဲ့ တပည့်တော် မြင်နိုင်မယ်လို့ ယူဆ မိပါ တယ်ဘုရား”။သူ့ကိုယ်သူ ပါရမီရက်ကျက်သူ လို့ ထင်ကာ လာရောက်လျှောက်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာက………

လောကမှာ ကိုယ်ထင်တိုင်း ဖြစ်မလာတတ်တာ များပါတယ်။ ဖြစ်နိုင်တယ်လို့ ထင်မှတ်ထားတဲ့ အရာတစ်ခုဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာများဟာလည်း မမျှော်လင့်ပဲ ဖြစ်လာတတ်ကြတာလဲ ရှိပါတယ်။
တွေးသင့်သလောက်ပဲ တွေးရပါ့မယ်။ အမြဲတမ်းဖြစ်လာမဲ့အရာတွေကို ကြိုတင်တွေးပြီး အချိန်ကုန်ခံ မနေဖို့ပါ။ ဓမ္မရှုထောင့်ကနေကြည့်ရင်လဲ ဒီလိုပါပဲ၊ ငါဟာ ဒီဘ၀မဂ်ဖိုလ်မရနိုင်တော့ဘူး ဆိုပြီး စိတ်ပျက်အားငယ်တတ်ကြပါတယ်၊ အချို့က ဒီဘ၀တော့ မဂ်ဖိုလ်ရတော့မယ်၊ ငါဟာပါရမီ ပါသူဖြစ်တယ်ဆိုပြီး ကိုယ့်ဟာကို အထင်ကြီးနေတတ်ကြပါတယ်။ ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးအကြံကို အသာထားလို့ လက်ရှိကိုယ်လုပ်ရမဲ့ လုပ်သင့်တဲ့ အလုပ်ကို လက်တွေ့လုပ်လိုက်တာက အကောင်းဆုံးပါ။
ကိုယ့်ကိုယ်ကို အထင်ကြီးနေတာနဲ့ ပတ်သက်ပြီး၊ သီဟိုဠ်သာသနာထွန်းကားစဉ်က သီဟိုဠ်တောင်ဘက်စွန်းမှာ မဟာဂါမ ဆိုတဲ့ ရွာတရွာရှိတယ်။ အခုတာ့ မာဂမ လို့လည်း ခေါ်ကြတယ်။ မာဂမရွာရဲ့ မြောက်ဖက်မှာ တိဿမဟာစေတီ ဆိုတာရှိတယ်၊ ဒီတိဿမဟာစေတီ ရှိတဲ့နေရာမှာ တိဿမဟာဝီရ ဆိုတဲ့ ကျောင်းတစ်ကျေင်းရှိတယ်။ ဒီကျောင်း မဟာသီဝမထေရ် သီတင်းသုံးတော်မူပါတယ်။
ပိဋကတ်သုံးပုံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တော်မူပါတယ်။ တစ်နေ့တော့ သူ့ရဲ့ တပည့်ရဟန္တာတစ်ပါးက သူ့ဆရာ ဘယ်အခြေရောက်နေပီလဲ ဆိုတာကို ကြည့်တော့ ပုထုဇဉ်အဖြစ်နဲ့သာ ရှိသေးတာကို မြင်ရပါတယ်။ ဒါနဲ့ တပည့်ရဟန္တာက ဆရာကို တရားအားထုတ်ဖို့အတွက် သတိပေးတဲ့အနေနဲ့ ဆရာ့ထံ လာခဲ့ပါတယ်။
ရောက်တော့ ဆရာ့ထံမှာ စာတက်ချင်တယ်ဆိုတဲ့ အကြောင်းလျှောက်ထားတယ်။ ဆရာက သူ့ စာတက်စာမေးတဲ့ ပုဂ္ဂိုလ်တွေများ လွန်းလို့ စာမတက်ပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ ဒီမှာ တပည့်ရဟန္တာက “ဒီလိုဆို ကိုယ့်အတွက် တရားအလုပ်အားထုတ်မဲ့အချိန်ရပါအုံးမလား ဘုရား၊ အရှင်ဘုရားဟာ သူတစ်ပါးရဲ့ မှီရာ ပျဉ်ချပ် လို ဖြစ်နေပီ။ တော်ပါပီ အရှင်ဘုရားထံမှ ဘာအနုမောဒနာမှ မနာလိုတော့ပါ” လို့ဆိုကာ ကောင်းကင်ကို ပျံတက်သွားတယ်။
မဟာသီဝမထေရ်က ဒီတပည့်ဟာ သူ့ထံ စာသင်လို့ လာတာမဟုတ်၊ ငါ့ကို သတိပေးရအောင်လာတာပဲ ဆိုပီး ညဖက် နောက်ဆုံးစာလာတက်တဲ့ရဟန်းတစ်ပါးနဲ့အတူ သပိတ်ယူကာ တောထွက်သွားပါတယ်။ တောထဲရောက်တော့ “ ငါလိုပုဂ္ဂိုလ်မျိုး ရဟန္တာဖြစ်ဖို့ မခဲယဉ်းပါဘူး။ ရဟန္တာဖြစ်သို့ ရောက်အောင် အားထုတ်ပြီး နှစ်ရက် သုံးရက်အတွင်း ရောက်အောင် ပြန်လာမယ်” လို့ တွေးထင်ထားပါတယ်။ ဒါပေမဲ့ သူထင်ထားတဲ့ သုံးရက်မပြောနဲ့ သုံးနှစ်ကြာလည်း မရသေးဘူး၊ နောင်နှစ်ပေါင်းသုံးဆယ်ကြာမှ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားပါ တယ်။
ဆိုလိုတာက ကိုယ်ထင်သလို မဖြစ်နိုင်တာလည်းရှိတယ်၊ မထင်မှတ်ထားပေမဲ့ မမျှော်လင့်ဘဲ ဖြစ်လာတတ်တာလည်း ရှိတယ် ဆိုတာပါပဲ။
လောကမှာ အချို့လူတွေဟာ ကိုယ်ထင်ရာကို ကိုယ်လုပ် အဟုတ်ထင်တတ်ကြပါတယ်။ အမှားအမှန်ဆိုတာကို ခွဲခြားဘို့နေနေသာသာ ကိုယ့် လုပ်တာမှ အမှန် လို့ ထင်တတ်ကြပါတယ်။ ဒါဟာလည်း ပုထုဇဉ်တို့ရဲ့ သဘာဝပါ။ သတ္တ၀ါတွေမှာ စရိုက် အမျိုးမျိုး ရှိတတ်ကြပါတယ်။
လူများဟာ မွေးလာကတည်းက တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ ကွဲပြားကြပါတယ်။ မအေတစ်ယောက်ထဲက ရှေ့နောက်ဆိုသလို လောကကြီးထဲ ရောက်လာတဲ့ အမွှားပူးလေးများတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်း မတူကြပါ။ စာရေးသူရဲ့နှမ အငယ်ဆုံးဝမ်းမှာ ကလေးသုံးယောက် အမွှာပူးမွေးခဲ့တယ်။ ရှေ့ဆက်နောက်ဆက်ဆိုသလို လောကအလယ်သို့ ရောက်လာကြ သူတွေပါ။ ဒါပေမဲ့ သူတို့လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြပါဘူး။
ဒါကြောင့်လည်း ဘုရားရှင်က လူတွေမှာ ရာဂစရိတာ ၊ ဒေါသစရိတာ၊ မောဟစရိတာ၊ သဒ္ဓါစရိတာ၊ ဗုဒ္ဓိစရိတာ၊ ၀ိတက္ကစရိတာ၊ စရိုက် ခြောက်မျိုးရှိတယ်လို့ အဘိဓမ္မာမှာ ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မတ္ထသဂြိုလ်မှာပါတဲ့ စရိတ ကို အဋ္ဌကထာကြီးများမှာ ‘စရိယာ’ လို့ ပါရှိပါတယ်။ လူတို့ရဲ့ စရိုက်သဘောကို ဟောရာမှာ စရိယာ လို့ ပါတာက ပိုကောင်းပါတယ်လို့ မဟာဂန္ဓာရုံဆရာတော်က ဝေဖန်ပေးထားပါတယ်။ စရိုက်နဲ့ပတ်သက်ပြီး စာဖတ်သူများ နာလည်အောင် ပြော ရရင် စရိယာ(စရိုက်) ဆိုတာ “ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမိုပြီး အဖြစ်များခြင်းကို ‘စရိယာ’ လို့ ခေါ်ပါတယ်။
ရာဂစရိုက်ရှိသူဟာ ဒေါသ မောဟ ဖြစ်လောက်သော အာရုံမှာ မဖြစ်အောင် ချူပ်တည်းထားနိုင်သော်လည်း ရာဂ ဖြစ်လောက်တဲ့ အာရုံမှာတော့ လုံးဝမချူပ်တည်းနိုင်ပါ။ ထို့အတူပဲ ကျန်တဲ့ စရိုက်မျိုးရှိသူများမှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ သတ္တ၀ါတစ်ဦးမှာ စရိုက်တစ်ခုစီ ရှိရမယ်လို့ မှတ်ယူလို့မရပါ။ အချို့သူများဟာ ဘယ်စရိုက်မှလည်း အထင်အရှားမရှိ။ အချို့ကတော့ စရိုက် နှစ်မျိုး ၊ သုံးမျိုး ရောနှောပြီး ရှိနေကြတာလည်း ရှိကြပါတယ်။
ဒီနေရာမှာ စရိုက်ရှိသူများရဲ့ အနေအထားကို သိရှိအောင် ပြောပြပါအုံးမယ်။
(၁)ရာဂစရိုက်…
ရာဂစရိုက်ရှိသူဟာ ဣရိယာပုထ်အနေနဲ့ အသွားအလာ အနေအထိုင် ယဉ်ကျေး ပျပ်ဝပ်ကြတယ်။ ကိစ္စအနေနဲ့ တံမြက်လှည်းတာ၊ အ၀တ်လျှော်ဖွတ်တာ၊ အ၀တ်အစား ဆင်ယင်တာ ကျန သေသပ်ပါတယ်။ အစားအစာအနေနဲ့ အချိုအဆိမ့် အမွှေးအကြိုင် နူးညံ့တဲ့ အစားအစာ များကို နှစ်သက်ပါတယ်။ ဒဿနအနေနဲ့ကတော့ အတော်အတန်လှပသာယာတဲ့ ရူပါရုံ၊သဒ္ဒါရုံများနဲ့ တွေ့ရင် မခွါချင်လောက်အောင် ဖြစ်တတ်ပါ တယ်။ သဘာဝ စိတ်အနေအထားကိုပြောရရင်တော့ ပရိယာယ် မာယာများတယ်၊ ကောက်ကျစ်စဉ်းလဲမှု သာဌေယျများတယ်၊မာနကြီးတယ်၊ လောဘရမက်ကြီးတယ်။
(၂) သဒ္ဓါစရိုက်….
ရာဂစရိုက်ရှိသူမှာ ပြခဲ့တဲ့ ဣရိယာပုထ်စတဲ့ အထက် လေးမျိုးစလုံး တူညီပါတယ်။ တရားဖြစ်ပုံ စိတ်အနေအထားကတော့ မာယာစတဲ့ အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်လင် ရွှင်လန်းစွာနဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိပါတယ်။ ရဟန်းသံဃာကောင်းများကို ကိုးကွယ်ဆည်းကပ်ကာ တရားဒေသနာများ မှတ်သားနာယူလေ့ရှိကြပါတယ်။
(၃) ဒေါသစရိုက်..
ဣရိယာပုထ်အနေနဲ့ နွားရူးစူးထိုး နဖားကြိုးတင်းတဲ့ပုံဟန် လျင်မြန်မြန်ရှူးရှား ခြေဖျားနဲ့နင်းလျက် ရုန့်ရင်းကြမ်းတမ်းတေဲ့ အသွားအလာ အနေအထိုင်ရှိတယ်။ ကိစ္စ လုပ်ငန်းကို ပြုလုပ်တဲ့အခါမှာ တင့်တယ်သန့်ရပ်ခြင်းမရှိ၊ ချဉ် ငန် စပ် ခါး စူးရှတဲ့ အရသာများကိုပဲ နှစ်သက်တတ်တယ်။ မကောင်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါ ယမ်းပုံမှာ မီးကျသလို သည်းခံအောင်အည်း ချူပ်တည်းခြင်း ဆိုတာ မရှိ၊ဆဲဆိုငေါက်ငန်းတတ်ပြီး၊ စိတ်လဲတိုတတ်ပါတယ်။ သဘာဝစိတ်အနေအထားက ရန်ငြိုးဖွဲ့တဲ့ အာဃာတတရားတွေ ထားတတ်တယ်။ မနာလို ၀န်တိုမှု ရှိပါတယ်။ သူများဂုဏ်ကို ချေဖျက်လိုစိတ်ရှိတဲ့အတွက် ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်တတ်တယ်။ အပြောဆို ဆုံးမရခက်တတ် ပါတယ်။
(၄)ပညာစရိုက်ရှိသူ…
ပညာစရိုက်ရှိသူများမှာ ဒေါသစရိုက်ရှိသူများရဲ့ ဣရိယာပုထ်စတာတွေနဲ့ တူညီပြီး၊ စိတ်တိုခြင်းစတဲ့ အပြစ်များ မရောနှောဘဲ ဆိုးဆုံးမ လွယ်ကူတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်နဲ့ သင့်မသင့်ဆိုတာကို နှိုင်းချင့်ပြီး စားတတ်တယ်။ ကုသိုလ်ကောင်းမှုအစုစုတွေကို ၀ီရိယ သန်သန်ဖြင့် မှန်မှန်ကြီး ပြုလေ့ရှိပါတယ်။
(၅)မောဟစရိုက်…
ဣရိယာပုထ်အနေနဲ့ မယဉ်ကျေး တွေဝေထိုင်းမှိုင်းပြီး၊ ရှုပ်ရှက်ခတ် ပြာယိပြာယာနဲ့ သွားလာတတ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ ရုပ်ထွေးပေလိမ်လေ့ရှိတယ်။ အစားအသောက်မှာလည်း ဘယ်အရာကိုမှ တိတိပပ နှစ်သက်တာ မရှိ။ကိုယ့်အစွမ်းဖြင့် စုံစမ်းနှိုင်းချိန်ပြီး အဆိုးအကောင်း ကို မဆုံးဖြတ်တတ်။ နေရာတကာမှာ ကိုယ်က နောက်လိုက်ဖြစ်နေတတ်ပါတယ်။ အများကို ဘာဖြစ်တယ်ဆို သူကလဲ ဘာဖြစ် တယ် စတဲ့ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတတ်တယ်။ သတိပညာကင်းတယ်။ ထိုင်းမိုင်းပျင်းရိပြီး၊ ပျံ့လွင့်မှုများနဲ့သာ အချိန်ကုန်တတ်ပါတယ်။
(၆)၀ိတက်စရိုက်…
ဝိတက်စရိုက်ရှိသူများမှာ မောဟစရိုက်ရှိသူများနဲ့ မထူးခြား ၊ အကြံတွေများ စကားတွေ ပေါပြီး၊ ကိစ္စမချောဘဲ မျောနေတာက များပါ တယ်။ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လုပ်ငန်းတွေမှာ အစွမ်းအစမရှိ၊ ပျင်းရိပြီး နေတတ်ပါတယ်။ အတွေးများ အကြံများတဲ့ သူတွေနဲ့သာ ပေါင်းဖက်ပြီး၊ တွေးကြံတွေများနေတတ်တဲ့ လူအား လူပိုတွေသာဖြစ်တယ်။ (သဂြိုလ်ဘာသာဋီကာ၊နှာ-၆၃၀)
ဘယ်သူဟာ ဘယ်လိုစရိုက်မျိုးရှိလဲ ဆိုတာ မပြောလိုပါဘူး၊ ကိုယ့်မှာ ဘာစရိုက်မျိုး ရှိတယ်ဆိုတာကို ဘုရှင်ဟောတော်မူတဲ့ စရိုက်ခြောက်မျိုးနဲ့ တိုက်ဆိုင်ကြည့်ရမယ်။ ပြီးမှ ကိုယ့်မှာ ရှိတဲ့စရိုက်နဲ့ လျော်အောင် ဘယ်တရားကို ကျင့်သုံးရမယ်ဆိုတာကို လေ့လာရပါမယ်။
ဒီလို ကျင့်သုံးနိုင်အောင် ဘုရားရှင်ဟောထားတာရှိပါတယ်။
တစ်ခါက ဘုရားရှင်ဟာ ကပိလ၀တ်မြို့နယ် မဟာဝုန်တောအရပ်မှာ သီတင်းသုံး စုဝေးနေခိုက်၊ စကြ်ာဝဠာတစ်သောင်းမှ နတ်ဗြဟ္မ များ ဘုရားရှင်ကို လာရောက်ဖူးမျှော်ကြပါတယ်။ မရေမတွက်နိုင်တဲ့ နတ်ဗြဟ္မာများ လာရောက်ဖူးမျှော်ကြတဲ့ မဟာသမယအခါကြီးမှာ ဘုရားရှင်က နတ်ဗြဟ္မာများ တရားထူးရရေးအတွက် သူတို့နဲ့ သင့်လျော်တဲ့ တရား -၆ သုတ်ကို ဟောကြားတော်မူပါတယ်။
(၁) ရာဂအဖြစ်များသူတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်၊(၂) ဒေါသအဖြစ်များသူတို့အတွက် ကလဟ၀ိဝါဒသုတ်။(၃) မောဟအဖြစ်များသူတို့အတွက် မဟာဗျူဟ သုတ်။(၄) ၀ိတက်အဖြစ်များသူတို့အတွက် စူဠဗျူဟ သုတ်။ (၅) သဒ္ဓါအဖြစ်များသူတို့အတွက် တိဝဋက သုတ်။ (၆) ပညာများသူတို့အတွက် ပုရာဘေဒသုတ် တို့ကို အသီးသီးဟောတော်မူခဲ့ပါတယ်။
ဥပမာလေးတစ်ခု အိုင်တီ ခေတ်ကြီးနဲ့ အညီ အင်တာနက်သုံးကြတဲ့ သူများဟာ ကိုယ်လိုချင်တဲ့ အကြောင်းကို ရှာဖွေကြပါတယ်၊ ကျောင်းသားများဆိုရင်လည်း စာမေးပွဲနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တွေကို ရှာဖွေပြီး စာမေးပွဲဖြေဆိုကြသလို၊ သတင်းနဲ့ပတ်သက်လို့ သိချင်တဲ့ သူများက သတင်းဝက်ဆိုက်တွေကို ရှာဖွေကြည့်ရှုကြတယ်။ ထို့အတူ အိမ်ထောင်ရေး၊ကျန်းမာရေး၊ စီးပွားရေး ၊ ဘာသာရေး စတဲ့ ကဏ္ဍများကို လိုအပ်သလို ဆိုင်ရာဝက်ဆိုက်များမှာ ၀င်ဝင်ရောက်လေ့လာခြင်းဖြင့် ဘ၀တိုးတက်အောင် ပြုလုပ်ကြရပါတယ်။
ဒီလိုပါပဲ အထက်ဖေါ်ပြခဲ့တဲ့ စရိုက်ခြောက်ပါးမှာ ကိုယ်ဟာ ဘယ်စရိုက်ရှိသလဲဆိုတာကို သိပြီး ကိုယ့်စရိုက်နဲ့ ကိုက်ညီမဲ့ တရားတော်များ( စရိုက်ခြောက်ပါးနဲ့သင့်လျော်တဲ့ တရားတော်ခြောက်ပုဒ်)ကို နာယူလေ့လာမှတ်သားရပါမယ်။ နာယူတဲ့အတိုင်းလဲ လိုက်နာကျင့်သုံးအားထုတ်ကြမယ်ဆိုရင် ဘ၀တိုးတက်ပြီး အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိင်ပါလိမ့် လို့ ပြောရင်း သတ္တ၀ါမှန်သမျှ တရားတွေ့နိုင်ကြပါစေ…………..

« ပြန်ခေါက်ထားရန်



Read more...

*ပိုင်းလော့ဆရာတော် ဘုရား၏ ၀ိပဿနာသင်တန်း တရားစခန်းပွဲ သတင်း*

ဝိပဿနာသင်တန်း တရားစခန်းကို စင်္ကာပူတွင် နိုဝင်ဘာလ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆရာတော်ဘုရားမှ ဟောကြား ပို့ချသွားပါမည်။ စင်္ကာပူ စံတော်ချိန် မနက် (၀၉) နာရီမှ ညနေ (၀၆) နာရီအထိ တရားပွဲများကို ကြားတွင် အနားယူချိန် သတ်မှတ်ပေးပြီး ဟောကြား ပို့ချသွားပါမည်။ http://live.dhammathukha.com/ မှရုပ်သံ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ပါ၍ ကမ္ဘာ့နေရာအနှံ့မှ ဓမ္မမိတ်ဆွေများလည်း တရားတော်များအား အချိန်ကိုက် နာယူခွင့်ရကြပြီးလျှင် မိမိတို့အိမ်မှနေ၍ တရားစခန်း ဝင်ရောက်နိုင်ပါကြောင်း နှိုးဆော်တိုက်တွန်း၍ သတင်းကောင်း ပေးအပ်ပါသည် ခင်ဗျား။

နေ့စဉ်ထုတ်လွှင့်ခဲ့သော တရားအသံဖမ်းဖိုင်များကို အောက်ပါလိခ့်ရှိ ( http://www.ustream.tv/channel/dhamma-live ) video list မှ နေ့စွဲအလိုက် နာယူနိုင်ပါသည်။

***** ကုသိုလ်တရား၌ ဝီရိယ ပြဋ္ဌာန်း၍ ဒုက္ခချုပ်ငြိမ်း သုခကိန်းဖို့ ကြိုးစား အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးလေးစား တန်ဖိုးထားပါတယ်... *****


လေးစားရိုသေစွာဖြင့်
ဖိုးသား

09.11.2009, MON:, 07:31:33 PM

Read more...

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား

ဦးလွန်းဖေ၏မေးမြန်းချက်
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲ လုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည် မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။


မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်

ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြင်း တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတန ချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။


နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ

ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။


ကိလေသာမခြားတာကိုဆိုတယ်

ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု” ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား၊ ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ မှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့” ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။


ကိလေသာမခြားလို့သာ မြင်တာ

ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။

ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။

ကိလေသာခြားရင် မမြင်နိုင်ပါ
အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …

အဖြေ = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ မှောင်ခိုသွားပြီ၊ (တင်ပါ့) ကြားထဲ မှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။

အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့

ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်
အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့) ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။
၁။ ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး
၂။ ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။
အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။

ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်
အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)
အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။

မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာ တွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။

အိပ်ပျော်နေတာနဲ့ အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်မသိတဲ့အချိန်မရှိ

ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာံနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသော ကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။


သူပြောတာမှားတယ်

ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာ သည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလည်း နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။

နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ

ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိ တော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋ သဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။

အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုး တစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။
မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။

ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ

အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာ ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာ ပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။

ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။

အပူမီးငြိမ်းတာကို ဆိုတာပါ

မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေ သာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာ မှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။

မဆိုလိုပါဘူးတဲ့ ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိလေသာဟာနာမ်ဓမ္မ

ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ ကိလေသာဟာ နာမ်ဓမ္မပါပဲ နာမ်ဓမ္မ ပင် ဖြစ်လင့်ကစားမဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိ တယ်၊ ပျာယာ ခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။
တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတ် အေးတယ် ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။


ငြိမ်းမှုနဲ့အေးမှုတခြားစီ

ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာ ကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊ (တင်ပါ့ဘုရား)။
အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိ တယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်၊ အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တ ရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊ ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊ ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊ နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား


ပုဂ္ဂိုလ်ငဲ့ဟောရတာ

အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခု လွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။

အဲဒီ သံယုတ်ပါဠိတော် ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက အချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား
မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်

ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်

အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုး၊ ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က ဆေးကမတည့်တာ စားတာတစ်မျိုး ဒီလို ထူးခြား ပါတယ်။

ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။

သာဓု … သာဓု … သာဓု။


0 comments

Read more...

အလင်းတစ်လက်ဖြင့် နွေးစေချင်

လူတိုင်းမှာ အလင်းရောင်ဆိုတာ ကိုယ်စီရှိတတ်ကြပေမယ့် တစ်ချို့တစ်ချို့သော ဘ၀တွေမှာတော့ဖြင့် ကံဇာတ်ဆရာ၏ လှည့်ကွက်များအောက်မှာ ဘ၀တွေ ခါးသီးလှစွာ ဘ၀အမှောင်ကျနေကြပါတယ်။ ပန်းကလေးတွေလှသလို လူ့ဘ၀သည်လည်း လှပါတယ်။ ပန်းကလေးတွေမွှေးသလို လူ့ဘ၀သည်လည်း မွှေးပါတယ်။ တစ်ချို့တွေမှာတော့ မလှခင် မမွှေးခင်မှာပဲ အကျည်းတန်စွာ ဘ၀ကို ရုန်းကန်နေကြရတယ်။ မမွှေးခင် မလှခင်မှာပဲ ကြွေကျရရှာတယ်။ ဒီတရားတွေ အားလုံးဟာ ဘ၀ဖန်တီးရှင် ကံတရားအတိုင်း လည်ပတ်နေကြရသော်ငြားလည်း လက်ရှိ မှောင်မိုက်နေသော ဘ၀လေးတွေကို ကိုယ်စွမ်းအားရှိသော အလင်းဓါတ်တွေ ပေးစွမ်းသင့်လှပါတယ်။ မေတ္တာလက်များဖြင့် ကရုဏာလက်များဖြင့် နွေးထွေးစွာ ဖေးကူသင့်လှပါတယ်။ ဒီလို မေတ္တာ၊ ကရုဏာတရားတွေနဲ့အတူ အနာဂတ်အတွက် တပိုင်တနိုင် ကူညီဖေးမသူများမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများပင်ဖြစ်ပါတယ်။

ဘ၀ဒဏ်ရိုက်ချက်၏ ခံစားရသူများ အဆင်မပြေမှုများကို ကူညီစောင့်ရှောက်ကာ အနာဂတ်နိုင်ငံတော် အနာဂတ် သာသနာအတွက် ကိုယ်စီတာဝန်ယူကာ ဆောင်ရွက်ကြသော စေတနာရှင်စွမ်းဆောင်သူများကိုလည်း ကျွန်တော်တို့ အနေနဲ့ ၀ိုင်းဝန်းကူညီရမည်မှာ ဘ၀ကပေးသော တာဝန်ပင်ဖြစ်ပါတယ်။ ဘ၀လျှပ်စစ်မီး ထိန်ထိန်ငြီးစွာ အေးချမ်းစွာနေရသော ကလေးငယ်များအတွက် ကျွန်တော်တို့ရဲ့ ဖယောင်းတိုင်မျှသော အလင်းဟာ အဖိုးမတန်နိုင်ပေမယ့် ဘ၀ကံဆင်းရဲရှာတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ မိဘမဲ့ဂေဟာမှ ကလေးလူငယ်လေးများအတွက်တော့ အဖိုးမဖြတ်နိုင်သော အလင်းတန်းသဖွယ် ဖြစ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကိုယ့်မှာရှိတဲ့ အလင်းတွေကိုသာ သူတို့လေး တွေဆီ ဖြန့်ဝေပေးနိုင်ဖို့က အဓိကပါပဲ။

ဘာသာရေးအသိအလင်းတွေ၊ ခေတ်ပညာအလင်းတွေ၊ အထွေထွေဗဟုသုတ အလင်းတွေ စွမ်းအားရှိသရွေ့ ပေးစွမ်းသင့်ပါတယ်။ ဒီလိုပေးစွမ်းနိုင်ဖို့အတွက် သူတို့လေးတွေရဲ့ ပင်ကိုယ်သဘောသဘာဝကိုလည်း သိထားသင့်ပါတယ်။ ကလေးငယ်အားလုံး၊ ကျောင်းသူကျောင်းသားများအားလုံးမှာ စွမ်းရည်(၇)မျိုး ကိုယ်စီရှိနေကြတယ်လို့ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner က လေ့လာ တွေ့ရှိချက်များပေါ်တွင် အခြပြုထားတင်ပြထားသည်ကို မှတ်သားရပါတယ်။ (၇)မျိုးလုံး ရှိသည့်ထဲက တစ်မျိုးမျိုး၊ သို့မဟုတ် တစ်မျိုးထက်ပို၍ ပိုမိုထက်မြက် ထူးချွန်နေတတ်ကြပါတယ်။ အချို့မှာ စွမ်းရည်ဆိုင်ရာ အားနည်းချက်များ ရှိနေတတ်ပြီး ပြုပြင်မရနိုင်ဘူးလို့ ယူဆကြပေမယ့် အားပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းများဖြင့် လူတိုင်းပင် စွမ်းရည်အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိကြောင်း ဂါဒ်နာမှ အကြံပြုထားပါတယ်။

စွမ်းရည်တွေဟာလည်း အချင်းချင်းအပြန်အလှန် ဆက်နွယ်လျှက်ရှိနေပါတယ်။ လူတိုင်း မွေးရာပါ ဗီဇသဘာဝနဲ့ ကွဲပြားခြားနားသော ဉာဏ်ရည်၊ စွမ်းရည်များ၏ သဘောသဘာဝကို သိရှိနားလည်စေရန်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံ၏ စာသင်ကျောင်းများမှာ အဓိကအားဖြင့် လေ့ကျင့်သင်ကြားတဲ့

(၁) ယုတ္တိဗေဒ-သချာင်္စွမ်းရည် (logical-mathematical) နှင့်

(၂) ဘာသာစွမ်းရည် (Linguistic) အပြင်

(၃) တေးဂီတစွမ်းရည် (Musical)

(၄) ပုံဖော်မှုစွမ်းရည် (Spatial)

(၅) ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)

(၆) လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် (Interpersonal)

(၇) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည် (Intrapersonal)

(၈) သဘောသဘာဝတရားကို ချစ်မြတ်နိုးခံစားတတ်မှုစွမ်းရည် (Naturalistic)

(၉) ပြန်လှန်တွေးတောစဉ်းစားနိုင်မှုနှင့် ဒဿနိကဗေဒစွမ်းရည် (Existentialist) တို့ကိုလည်း ထည့်သွင်းသင်ကြားလျှက်ရှိပါတယ်။

ဒီစွမ်းရည်တွေကို ဖွံ့ဖြိုးတိုးတက်ဖို့ တစ်နေ့တာ စာသင်ချိန်တွေမှာ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီစွမ်းရည်တွေ ဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိရဲ့ အနာဂတ်လမ်းကို ထိုကလေးငယ်လေးများ လွယ်ကွယ်စွာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစွမ်းရည်တွေ မြင့်မားလာစေဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှလည်း ရည်ရွယ်ချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားရေးလုပ်ငန်း၏ရည်ရွယ်ချက်များမှာ

၁။ ဆင်းရဲချမ်းသာမရွေး အရေး အဖတ် အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်။

၂။ ပညာသင်ကြားရာ၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။

၃။ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။

၎။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်။

၅။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန် ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်။

၆။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။ တို့ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးများ၏ မေတ္တာတရားကြီးမားမှုနှင့် အနာဂတ်အတွက် မျှော်မှန်းမှုကို ဉာဏ်မှီသမျှ တင်ပြလိုပါတယ်။ ဆရာတော်ဘုရားကြီးများ၏ မေတ္တာတရားကို ကျွန်တော်မည်သို့မျှ မမှီနိုင်သလို အနာဂတ်အတွက် မျှော်မှန်းချက်ကိုလည်း ကျွန်တော်ဉာဏ်ဖြင့် ဘယ်လိုမှ မမှန်းဆနိုင်ပါ။ ယခုတင်ပြသည်မှာလည်း ကျွန်တော်လက်ရှိ ဉာဏ်စွမ်းရှိသမျှသော နွားခြေအိုင်မှ ရေဗွက်မျှသာဖြစ်ပါတယ်။ ဘ၀ဆိုတဲ့ ဇာတိကို ရလာလျှင် ဒုက္ခဆိုသော ဆင်းရဲခြင်းကို ရလာတာအမှန်ပါပဲ။ သို့ပေမယ့် လောကီပညတ်ချက်အရ အမျိုးဇာတ် ငွေကြေးဥစ္စာ စသဖြင့် မပြည့်စုံသော မိသားစုမှာ ကြီးပြင်းလာသူတွေကို ဘ၀ကံဆိုးတယ်လို့ ဆိုကြပါတယ်။ ဒီလို ဆင်းရဲသူတွေအဖို့ ခေတ်ပညာအစရှိသော ပညာရပ်တွေမှာ လွယ်ကူအဆင်ပြေစွာ တက်ရောက်သင်ကြားနိုင်ဖို့ဆိုသည်မှာ အင်မတန်မှပင် ခက်ခဲလှပါတယ်။ တံငါနားနီး တံငါဆိုတာ မဖြစ်တန်ကောင်းပါဘူး။ သို့အတွက် ဆင်းရဲချမ်းသာမရွေး အရေး အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာတတ်မြောက်စေရန်ဆိုသော ရည်ရွယ်ချက်ပါရှိနေတာပါ။

ဒီရည်ရွယ်ချက်ကို ကြည့်ခြင်းအားဖြင့် တသားတည်းဖြစ်သော မေတ္တာတရား ကရုဏာတရားကို မြင်နိုင်ပါတယ်။ အခြေခံ ပညာနှင့် ခေတ်ပညာတတ်မြောက်ရန်သင်ကြားပေးမှုဟာလည်း ယုတ္တိဗေဒ-သချာင်္စွမ်းရည် (logical-mathematical) နှင့် ဘာသာစွမ်းရည် (Linguistic)ကို မြှင့်တင်ပေးရာရောက်တာပါပဲ။ ဘာသာစွမ်းရည်ဆိုရာမှာ ဘာသာစကားတွေ၊ အနုပညာ၊ စကားပြော၊ အရေး၊ အဖတ်နှင့် နားထောင်နိုင်ခြင်း စွမ်းရည်တွေက အဓိက အချက်တွေပါပဲ။ ကိုယ့်ကျင့်တရား ကောင်းမွန် ပြီး အများအကျိုး နိုင်ငံအကျိုး သယ်ပိုးလိုသည့်သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက် အင်မတန်မှကို လေးနက်ကောင်းမွန်သော အချက်ပါ။ ကိုယ်ကိုတိုင် စွမ်းနိုင်ပြီးတော့ သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ဖို့ဆိုတာ ကိုယ်ကိုတိုင် သီလတရား ကိုယ်ကျင့်တရား ကောင်းဖို့လိုပါတယ်။

ဒီလို စိတ်ဓါတ်ကောင်းတွေ စွမ်းရည်ကောင်းတွေ ဖြစ်လာအောင် ဗုဒ္ဓအဆုံးမတွေနဲ့ အညီ သွန်သင်ဆုံးမ ပေးနေတာဟာ အင်မတန်မှကို ပီတိဖြစ်စရာ တစ်ခုပါပဲ။ ဒီလို သင်ကြား လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် လူမှုပေါင်းသင်းဆက်ဆံရေး စွမ်းရည်(Interpersonal) မိမိကိုယ်ကို ပြန်လည်ဆင်ခြင် တွေးတောနိုင်မှုစွမ်းရည် (Intrapersonal)တွေကို မြှင့်တင်ပေးတာ ထက်ပိုပါဦးမယ်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာ လိုက်နာခံယူတတ်စေရန်ဆိုတဲ့ နေရာမှာ ယဉ်ကျေးမှု တော်တော်များများဟာ ဗုဒ္ဓတရား၏ အဆုံးအမများနှင့် ဆက်နွယ်ပေါက်ဖွားလာတာပါ။ ထို့ပြင် ပန်းဆယ်မျိုး အစရှိသော အနုပညာ လက်ရာတွေကလည်း ကမ္ဘာမှာ လေးစားစရာ ဂုဏ်အင်လေးတွေပါ။ ဒီလို ယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်မှ နိုင်ငံနှင့်လူမျိုးကိုလည်း ချစ်မြတ်နိုးတတ်ပါလိမ့်မယ်။

ဒီလို လေ့ကျင့်ပျိုးထောင်ခြင်းအားဖြင့် တေးဂီတစွမ်းရည်(Musical)၊ ပုံဖော်မှုစွမ်းရည်(Spatial)၊ ကာယလှုပ်ရှားမှုစွမ်းရည် (Bodily kinaesthetic)တွေနဲ့ မြင့်မားလာမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာ မှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်စေရန်ဆိုတဲ့ ရည်ရွယ် ချက်မှာ ကြီးမားကျယ်ပြန့်လွန်းပါတယ်။ အနည်းငယ် ဖော်ပြရလျှင် ဗုဒ္ဓအဆုံးအမများလိုက်နာခြင်းဟာ နားလည်မှု စွမ်းရည်ကို အားကောင်းလာအောင် ကျင့်ကြံနေတာပါ။ မိဘနဲ့ သားသမီးကြား၊ ဆွေမျိုးမိတ်ဆွေကြား၊ ဆရာနှင့်တပည့်ကြား၊ လင်နှင့်မယား စတဲ့ သူ့အပိုင်းလိုက်တိုင်းမှာ နားလည်မှုစွမ်းအားရှိမှ နေရာတိုင်း အဆင်ပြေနိုင်ပါတယ်။ ဒီလို နားလည်နိုင် အောင် ဗုဒ္ဓတရားတော်တွေကို နှလုံးသွင်းပါမှ နားလည်မှုစွမ်းအားကောင်းနိုင်ပါတယ်။

ဆရာကောင်းကို ဆည်းကပ်ပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။ ကိုယ်တိုင်ကျင့်ကြံပါမှ နားလည်မှုစွမ်းအား တိုးနိုင်ပါတယ်။ နားလည်မှု စွမ်းအားတိုးတက်လာမှ အနာဂတ်သာသနာတော်ကို တာဝန်ယူလိုသော တာဝန်ယူရဲသော သားကောင်းသမီးကောင်း ဖြစ်လာနိုင်မှာပါ။ ဒါမှလည်း အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်လိုသော ထိန်းသိမ်း စောင့်ရှောက်နိုင်သော သားကောင်းများ ဖြစ်လာမှာပါ။ ဟားဗတ်တက္ကသိုလ်မှ သိမှုဖွံ့ဖြိုးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာရှင် ဟာဝါဒ်ဂါဒ်နာ Howard Gardner ၏ လေ့လာတွေ့ရှိချက်များထက် သာလွန်လှသော ဗုဒ္ဓတရားတော်များကို အခြခံကာ ပြုစု၊ ပျိုးထောင်၊ လေကျင့်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်း များ၊ မိဘမဲ့ကလေးကျောင်းများကို မိမိတို့အနေဖြင့် တတ်အားသရွေ့ထောက်ပံ့ကူညီရမည်မှာ တိုက်တွန်းစရာပင် လိုမည်မထင်ပါပေ။

ဤစာကို အနည်းကျဉ်းဖတ်ရုံမျှဖြင့် သိမည်ဟု ကျွန်တော် ထင်မိပါတယ်။ ဒီလိုကျောင်းများ ကိုယ်တိုင် ထူထောင်နိုင်လျှင်ကား ပို၍ပင် ကောင်းပါတယ်။ ဖယောင်းတိုင်အလင်းလည်း သူ့အလင်းစွမ်းအား ရှိသလောက်၊ ပိုးစုန်းကြုးဆိုလျှင်လည်း သူ၏အလင်းစွမ်းအားရှိသလောက် ဖြန့်ဝေဖို့သာ အဓိကကျပါတယ်

ရေးသားမှုကဏ္ဍတရားစာစောင်များ | 0 အကြံပြုစာ

Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP