* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Thursday, October 15, 2009

အပြစ် ကျေအေးနိုင်ပါသလား -

မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးဆပ်နိုင်စေ။
မိဘစော်ကား၊ ပြစ်ကြီးမား၊ ဘုရားဟောမိန့်ခြွေ။
မိဘနှစ်ထွေ၊ ကိုယ့်ကြောင့်သေ၊ ရောက်လေ ငရဲပြေ
ဘုရားသော်မှ၊ ကယ်မရ မုချ မှတ်ပါလေ ၊

မေး။ ။ လူတစ်ယောက်သည် သူ အဖေ-အမေမှန်း မသိခင် အရွယ်ကပင် သူ့ဖခင်နှင့် ကွဲကွာခဲ့၏။ ထိုလူ အသက်ရလာသောအခါ သူ့အဖေနှင့် ဆန့်ကျင်ဘက်ရန်သူအဖြစ် ပြန်တွေ့ကြရ၏။ သူ့အဖေမှန်း မသိ၊ ရန်သူအဖြစ်သာ သတ်မှတ်ထား၏။ ထိုသူက ရန်သူဖြစ်သူ (အဖေ) အား အဖေမှန်းမသိဘဲ သတ်မိခဲ့သော် ပိတုဃာတက ကံကြီး ထိုက်/မထိုက် ဖြေကြားပေးတော်မူကြပါရန် ပန်ကြားအပ်ပါသည်။

သိလိုသူတစ်ဦး

ဖြေ။ ။ ထိုက်ပါသည်။ ဤမျှဖြင့်ပင် အထက်ပါ မေးခွန်း၏အဖြေ ပြီးပြည့်စုံပါ၏။ သို့သော် အကျယ်ဝေဘန်၍ ဖြေဆိုမှ စာဖတ်သူများ ဘဝင်ကျနိုင်ဖွယ်ရှိသောကြောင့် လေ့လာမိသမျှ ဖြေဆိုပြပါဦးမည်။
ရှေးဦးစွာ ပါဏာတိပါတကံထိုက်သော (ဝါ) သူ့အသက်သတ်မှု မြောက်သော အင်္ဂါအချက်အလက်တို့ကို သိထားသင့်ပါ၏။ အင်္ဂါတို့မှာ-

(၁) ပါဏော=သတ္တဝါလည်းမှန်စေ၊ (၂) ပါဏသညိတာ= သတ္တဝါမှန်း သိသည်လည်းဖြစ်စေ၊ (၃) ဝဓကစိတ္တံ= သတ်လိုသော စိတ်စေတနာ ရှိသည်လည်းဖြစ်စေ၊ (၄) ပယောဂေါ = သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုသည်လည်းဖြစ်စေ၊ (၅) တေန မရဏံ= ထို့လုံ့လကြောင့်ပင် သေသည်လည်းဖြစ်စေ၊ ဤအင်္ဂါ ၅-ချက်စုံမှ ပါဏာတိပါတကံ မြောက်၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၀)

အထက်ပါမေးခွန်းတွင် ဖခင်မှန်း မသိသည်မှတစ်ပါး ဤအင်္ဂါ ၅-ချက်နှင့်ကား ပြည့်စုံ၏။ ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်မှာတော့ သေချာ၏။ ဤတွင် သိလိုသည်က ပိတုဃာတက ကံ ထိုက်မထိုက်။ ဖခင်မှန်း မသိသည့်အတွက် မထိုက်လေသလား-ဟု ယုံမှားဖွယ်ရှိ၏။ သိသိ မသိသိ ထိုက်ပါသည်။ ထိုက်သည့်အကြောင်း ကိုလည်း ရှင်းပါမည်။
ပါဏာတိပါတအမှုပြုရာတွင် အကောင်သေးလျှင် အပြစ်ငယ်၏။ အကောင်ကြီးလျှင် အပြစ်ကြီး၏။ အဘယ့်ကြောင့်ဆိုသော် လုံ့လ ပယောဂ အနည်းအများကြောင့်တည်း။

( ဥပမာ- ခြင်ကိုသတ်လျှင် ဖြတ်ကနဲဆိုပြီး၏။ ဆင်ကိုသတ်လျှင် အားပါးစိုက်၍ အကြိမ်များစွာ ပြုရ၏။) လုံ့လပယောဂ အားထုတ်မှုတူလျှင် ဂုဏ်အကြီးအငယ်လိုက်၍ အပြစ်အကြီးအသေး ကွာခြား၏။ ဂုဏ်ကျေးဇူး ရှိ/မရှိခြင်း တူပြန်လျှင် သတ်သည့်အခါ၌ ဖြစ်သော ဒေါသ-မောဟ-စသော ကိလေသာ အနည်းအများ၊ အားထုတ်မှု အနုအရင့်လိုက်၍ အပြစ်အကြီးအသေး ကွဲပြား၏။ (အဘိ၊ဋ္ဌ။၁၊၁၄၀)

အထက်ပါ သဘောတရားတို့တွင် မိမိသတ်အပ်သူက ဂုဏ်ကျေးဇူး ကြီး/မကြီး မသိသော်လည်း ဂုဏ်ကျေးဇူးကြီးသူကို သတ်မိလျှင် အပြစ်ကြီးသကဲ့သို့ ဖခင်မှန်း မသိသော်လည်း ဖခင်ကို သတ်မိလျှင် ပိတုဃာတကကံ ထိုက်၏ဟု သိအပ်၏။

ဤတွင် ပို၍ သံသယရှင်းနိုင်ရန် ဝိနည်းဒေသနာတော်၌ လာသော အဆုံးအဖြတ်အချို့ကို ပြဆိုပါဦးမည်။
“ရဟန်းတစ်ပါးသည် တစ်ခုသောအရပ်၌ အိပ်နေသော သိုးတစ်ကောင်ကို မြင်၍ “ညအခါ လာ၍ သတ်အံ့”ဟု နေရာကို မှတ်သားထား၏။ ထိုသိုးအိပ်နေသောနေရာ၌ ထိုရဟန်း၏ ဖခင်သည် သိုးမွေးအဆင်းနှင့်တူသော ဖျော့တော့သောအဆင်းရှိသော သင်္ကန်းကို ဝတ်၍ အိပ်နေ၏။ ထိုရဟန်းသည် ညအချိန်တွင် “သိုးကိုသတ်အံ့”ဟု ကြံ၍ အဖကို သတ်မိလေ၏။ “ဤအိပ်နေသော သတ္တဝါကို သတ်အံ့” ဟူသော စေတနာ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် လူသတ်သမားလည်း ဟုတ်၏။ အာနန္တရိယ (ပိတုဃာတက) ကံလည်း ထိုက်၏။ ပါရာဇိကလည်း ကျ၏။ (ဝိ၊ဋ္ဌ၊ ၂၊ ၄၄)

အထက်ပါ အဆုံးအဖြတ်တွင် ရဟန်းနေရာ၌ လူကိုထည့်ကာ နောက်က ပါရာဇိကကို ဖြုတ်၍မှတ်လျှင် သံသယကင်း၍ ရှင်းလင်းသွားပါလိမ့်မည်။
ဗဟုသုတတိုးပွားပြီး မှတ်သားဆင်ခြင်နိုင်ရန် အမေး+အဖြေပုံစံ ဖြင့် ဆက်လက်ပြဆိုပါဦးမည်။

မေး။ ။ အမိသတ်ခြင်းနဲ့ အဖသတ်ခြင်း ဘယ်သင်းက ပို၍ အပြစ်ကြီးပါသလဲ။
ဖြေ။ ။ အမိက သီလရှိလျှင် အမိသတ်ကံ၊ အဖက သီလရှိလျှင် အဖသတ်ကံက ပို၍ အပြစ်ကြီးပါတယ်။

မေး။ ။ မိဘနှစ်ပါးလုံး သီလရှိ/မရှိအားဖြင့် တူမျှလျှင်ကော။
ဖြေ။ ။ အမိသတ်ကံက ပိုအပြစ်ကြီးပါတယ်။

မေး။ ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မိခင်က ပိုပြီး ကျေးဇူးများလို့ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၁၀)

မေး။ ။ ကိုယ့်မိဘက နဂါးစတဲ့ တိရစ္ဆာန်ဖြစ်နေရင်ကော ကံကြီးထိုက်ပါသလား။
ဖြေ။ ။ မထိုက်ပါဘူး။ သတ်သူ လူသားက လူသားစင်စစ် ဧကန်ဖြစ်တဲ့ မိဘအရင်းကို သတ်မိမှ ကံကြီးထိုက်ပါတယ်။ ကံကြီးမထိုက်ပေမဲ့ ကံကြီးနီးပါး အပြစ်ကြီးပါတယ်။

မေး။ ။ ဒီပိတုဃာတက ကံစတဲ့ ကံကြီးတွေရဲ့ သဘောသဘာဝနဲ့ အမည်နာမတွေကို ပြောပြပါဦး။
ဖြေ။ ။ ဒီ အဖသတ်ခြင်းစတဲ့ ကံကြီးတွေဟာ သေသည်၏ အခြားမဲ့မှာ အပါယ်ပဋိသန္ဓေအကျိုးကို ဧကန်ပေးတတ်တဲ့အတွက် အာနန္တရိယကံ လို့ ခေါ်ပါတယ်။ သေပြီးနောက် အဝီစိငရဲကို မုချရောက်ရမှာပါ။ ငါးမျိုး ရှိတဲ့အတွက် ငါးခုဟော ပဉ္စ-သဒ္ဒါနဲ့ပေါင်းပြီး ပဉ္စာနန္တရိယကံလို့ ခေါ်လေ့ရှိပါတယ်။ အားကြီးတဲ့အတွက် (တနည်း) အကျိုးကြီးမားတဲ့ အတွက် ဂရုက ကံလို့လည်း ခေါ်ပါတယ်။ အနီးဖြစ်တဲ့ ဒုတိယဘဝမှာ ခံစားရမှာ ဖြစ်တဲ့အတွက် ဥပပဇ္ဇဝေဒနီယကံလို့လည်း ခေါ်ပါတယ်။

မေး။ ။ ကုသိုလ်တွေ အများကြီးလုပ်ရင်ကော အပြစ်မကျေ နိုင်ဘူးလား။
ဖြေ။ ။ စကြဝဠာတစ်ခုလုံး မဟာစေတီလောက်ရှိသော ရွှေပုထိုးတော်ဖြင့် ပြည့်စေ၍သော်လည်းကောင်း၊ စကြဝဠာတစ်ခုလုံး အပြည့်ထိုင်နေသော ရဟန်းအပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူ၍သော်လည်းကောင်း၊ ဘုရားရှင်၏ သင်္ကန်းစွန်းကို မလွှတ်မူ၍ လှည့်လည်နေသော်လည်းကောင်း အပြစ်မကြေနိုင်။ သေသည်မှ နောက် ငရဲသို့ ရောက်ရသည်သာတဲ့။ (အဘိ၊ဋ္ဌ၊၂၊၄၀၇) (အဘိ၊ဋ္ဌ။၁၊၃၉၂-တွင် ဥပမာတစ်မျိုးပြ၏။)

မေး။ ။ ဈာန် မဂ် ဖိုလ် ရသည်အထိ အားထုတ်မယ် ဆိုရင်ကော မကျေနိုင်ဘူးလား။
ဖြေ။ ။ ရကို မရနိုင်တာပါ။ နတ်ရွာ- နိဗ္ဗာန်-မဂ်-ဖိုလ်-ဈာန်ကို ဧကန် တားမြစ်နိုင်တဲ့ အန္တရာယ် ၅-ပါးထဲမှာ ပဉ္စာနန္တရိယကံကို ကမ္မန္တရာယ် လို့ ခေါ်ပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၁၃၈)

အဇာတသတ်မင်းဟာ သာမညဖလ သုတ်တော်ကို နာကြားရတဲ့အချိန်မှာ ဖခင်ဗိမ္ဗိသာရကိုသာ မသတ်ခဲ့မိ ဘူးဆိုရင် တရားတော်အဆုံးမှာ သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။ (ဒီ၊ဋ္ဌ၊၁၊၂၁၂)

မေး။ ။ ကိုယ်တိုင်မသတ်ဘဲ လူငှါးသတ်ခိုင်းရင်ကော။
ဖြေ။ ။ အတူတူပါပဲ။ အင်္ဂါ ၅-ပါးထဲက (၄)နံပါတ်ဖြစ်တဲ့ ပယောဂေါ-အရ ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို အသတ်ခိုင်းခြင်း၊ သေချင်နေသူ အလွယ်တကူ သေလို့ရအောင် လက်နက်များ ရှာပေးထားခြင်း၊ ငြီးငွေ့နေတဲ့လူနာကို သေချင်လာအောင်ပြောခြင်း၊ အလွယ်တကူ သတ်သေတဲ့နည်းတွေ ပြောပြခြင်းစတဲ့ ကာယပယောဂ ဝစီပယောဂ တစ်ခုခုကို - သတ်ဖို့အားထုတ်ခြင်းလို့ ဆိုပါတယ်။ (ပါတိမောက်-ဘာဋီ)

(ဆေးရုံတွင် မျှော်လင့်ချက်မရှိတော့သော မိဘကို ကုသမှုများ ရပ်ဆိုင်းကာ ဆေးထိုး၍ ချမ်းသာစွာ အသက်ထွက်စေသော သားသမီး များ အာနန္တရိယ ကံကြီးထိုက်နိုင်သည်ကို သတိပြုပါ။)

အရှင်ကောဝိဒ(ယော)

Read more...

သာသနာတြော်မတ်ြကီး အရှည်တည်တံ့ံ့ခံခိုင်မြဲအောင်

သာသနာတြော်မတ်ြကီး အရှည်တည်တံ့ံ့ခံခိုင်မြဲအောင်၊
တိုးတက်ထွန်းကား ပြန့့််ပွါးအောင် ထမ်းဆောင်ကြရာတွင်
ရဟန်းသာမဏေသံဃာတော်များအားလုံး
အချင်းချင်းချစ်ခင်လေးစားတန်ဖိုးလျက် ညီညွတ်ပါမှ အောင်မြင်မည်။


ရန်ကုန် နိုဝင်ဘာ ၂၂


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေး၌ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးချုပ် သူရမြင့်မောင်၏ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါသည် -

နိုင်ငံတော် သံဃမဟာနာယဆရာတော် အရှင်သူမြတ်ကြီးများဘုရား ယနေ့ ကျင်းပအပ်သော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယအဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ ဆရာတော်အရှင်မြတ်ကြီးများ စုံစုံညီညီ ကြွရောက် ချီးမြှောက်တော်မူကြသဖြင့် ဘုရားတပည့်တော်သည် ဝမ်းမြောက် ဝမ်းသာ ပီတိဖြစ်ရပါသည်ဘုရား။ ဆရာတော်ကြီးများသည် သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွါးရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်တော်မူလျက် သက်တော်ရွယ်တော်အလျောက် ကျန်းမာရေး အနေအထား ကိုယ်စိတ်ပင်ပန်း နွမ်းနယ်မှုများကို နောက်ထားလျက် ပေးအပ်ထားသော သာသနာ့တာဝန်များကို ထမ်းဆောင်ကြပြီး စုံညီစည်းဝေး ဆွေးနွေးနှီနှော သဘောညီမျှ ဆုံးဖြတ်ချရေး အလေးဂရု အားပြုသန်စွာ ကြွရောက်လာကြသဖြင့် ဆရာတော်ကြီးများ၏ သာသနာတော်မြတ်ကြီးအပေါ် ထားရှိသော သဒ္ဓါအစ ဝီရိယတစ်ဖြာ ပညာဉာဏ်ထ ဆန္ဒထူးမြတ် စိတ်ဓာတ်အားနှင့် သတိဆင်မှုတို့ကို ဖူးမြင် ကိုယ်တွေ့ စေ့စေ့သိရှိရပါသဖြင့် ကြည်ညိုသဒ္ဓါ မင်္ဂလာကုသိုလ်တရားများ ရရှိ၍ အတိုင်းမသိ စိတ်ကြည်နူးချမ်းမြေ့ရပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။

၁၉၈ဝ-ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီးနောက် သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ ပြန့်ပွါးရေး အတွက် တာဝန်များ အသီးအသီး ထမ်းဆောင်တော်မူကြရာတွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ကြီးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေရသည်ကို ဆရာတော်ကြီးများ အသိပင် ဖြစ်ပါသည်ဘုရား။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ဝိနိစ္ဆယရေးရာ သာသနာ့ရေးရာ ပညာရေးရာတို့ကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာများ စသည်တို့နှင့် ညှိနှိုင်းဆုံးဖြတ်ကာ ဖြေရှင်း ဆောင်ရွက်ကြရပါသည် ဘုရား။ ငါးသိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့အစည်းဥပဒေ၊ လူမှုဥပဒေ စသည်များနှင့် အညီအညွတ် ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည် ဘုရား။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးသည် ဝိနိစ္စယရေးရာ အပိုင်းတွင် တရားရေးမဏ္ဍိုင်ကြီးအဖြစ်၊ သာသနာရေးရာအပိုင်းတွင် သာသနာ့မဏ္ဍိုင်ကြီး အဖြစ်၊ ပညာရေးရာအပိုင်းတွင် ပရိယတ္တိမဏ္ဍိုင်ကြီးအဖြစ် မားမားမတ်မတ် ရပ်လျက် ဖြေရှင်းဆောင်ရွက်လျက် ရှိပါသည်ဘုရား။

ကြီးသောအမှုသေးငယ်အောင်၊ သေးငယ်သောအမှုပပျောက်အောင်၊ အကုသိုလ် တရားများ ယုတ်လျော့ပပျောက်ပြီး ကုသိုလ်တရားများ တိုးပွါးလာအောင်၊ အဂတိတရားများ ကင်းစင်စွာ ကြိုးစားဖြေရှင်း အောင်မြင်စေသဖြင့်ခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်း၊ အများ၏သဘောထားနှင့်ဆန္ဒကို အနည်းစုက လိုက်နာခြင်း၊ အနည်းစု၏ သဘောထားနှင့်ဆန္ဒကို အများစုက လေးစားခြင်း စသည်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ကြရန် ဖြစ်ပါသည်ဘုရား။

ထိုနည်းအတူပင် နိုင်ငံတော်တစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်း အသီးသီးမှ ရဟန်းသံဃာဟူသမျှသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့ အစည်းအတွင်း၌ အလိုအလျောက် ပါဝင်ပြီးဖြစ်သဖြင့် ရဟန်းသာမဏေတိုင်း သည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုတို ခံယူကြရမည် ဖြစ်ပါသည်ဘုရား။ သာသနာတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲအောင်၊ တိုးတက်ထွန်းကား ပြန့်ပွါးအောင် ထမ်းဆောင်ကြရာတွင်လည်း ရဟန်းသာမဏေ
သံဃာတော်များ အားလုံးသည် အချင်းချင်း ချစ်ခင်လေးစားတန်ဖိုးထားလျက် စိတ်ဓာတ်ပြည့်စွာ ညီညွတ်ပါမှ လုပ်ငန်းရပ်များ အောင်မြင်နိုင်မည် ဖြစ်ပါသည်ဘုရား။

အင်္ဂုတ္တရနိကာယ် နိပ္ပိယသုတ်တွင်- ရဟန်းသံဃာအချင်းချင်း ချစ်ခင်အပ်၊ လေးစားအပ်၊ ချီးမွမ်းအပ်သူဖြစ်စေသော ကျင့်စဉ်တရားများကို ဗုဒ္ဓရှင်တော်မြတ် ဟောမိန့်ထားသည်ကို သိရှိရပါသည်ဘုရား - ဤတရားများမှာ .. အဓိကရုဏ်းကို မပြုတတ်ခြင်း။ သိက္ခာသုံးပါးကိုလိုလားခြင်း။ လောဘအလို ရမ္မက်နည်းပါးခြင်း။ အမျက်မထွက်တတ်ခြင်း။ သူတစ်ပါးဂုဏ်ကိုမချေဖျက်တတ်ခြင်း။ မစဉ်းလဲ မကောက်ကျစ်ခြင်း။ မိမိ၌မရှိသောဂုဏ်ကို အရှိလုပ်ကာ လွဲမှားစွာ မပြောဆိုတတ်ခြင်း။ မိမိအပြစ်ကိုဖုံးကွယ်လှည့်ပတ်လိုသည့်မာယာ မရှိခြင်း။ လောကုတ္တရာတရားတို့ကို ရှုမှတ်ဆင်ခြင်သိမြင်မှုရှိခြင်း။ ကမ္မဋ္ဌာန်းဖြင့် တပါးတည်းကိန်းအောင်းခြင်း။ သီတင်းသုံးဖေါ်တို့ကို အာမိသ၊ ဓမ္မ နှစ်ဌာနဖြင့် ချီးမြှောက်တတ်ခြင်း။ ဤသို့သဘောရှိသော ရဟန်းသာမဏေတို့ကို အချင်းချင်း သီတင်းသုံးဖေါ်တို့က အရိုအသေပေး အလေးဂရုပြုလျက် ဆက်ဆံကြပြီး သာသနာရေးကိစ္စများကို တိုင်ပင်ညှိနှိုင်းဆောင်ရွက်သဖြင့် ချောချောမောမော အောင်မြင်စေနိုင်မည် ဖြစ်ပါသည်ဘုရား။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးသည် တစ်ခုတည်းသော ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးအတွင်းရှိ ရဟန်းသာမဏေများနှင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့အား ညီညွတ်စေရေး၊ နိပ္ပိယသုတ်တော်လာ ချစ်ခင်လေးစား ကျင့်စဉ်တရားများနှင့်အညီ ရှိစေရေးတို့အတွက် ယခုထက်ပိုမို၍ လမ်းညွှန်ကြီးကြပ် ထိန်းမတ်ပေးတော်မူကြပါရန် ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်ကြီးဘုရား ဆရာတော် အရှင်မြတ်ကြီးက ဦးဆောင်လျက် သာသနာရေးကိစ္စအဝဝကို အားသစ်စုပေါင်း ထပ်လောင်းကြိုးပမ်း ထမ်းဆောင်ကြသကဲ့သို့ နိုင်ငံတော်အစိုးရ အမှူးရှိသော ဒကာပြည်သူတို့ကလည်း ကိုယ်စိတ်နှစ်ပါး အားအစွမ်းထားလျက် သာသနာရေးလုပ်ငန်းများကို ဆရာ့နည်းက သြဝါဒတော်များနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်လျက် ရှိပါသည်ဘုရား။

နိုင်ငံတော်ကထုတ်ပြန်ကြေညာထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အာဏာစက် အကူအညီ အထောက်အပံ့များကို တရားနှင့်လျှော်စွာပေးလျက် ရှိပါသည်ဘုရား။ ထိုကဲ့သို့ သာသနာရေးလုပ်ငန်းများကို ဆရာဒကာ ညီညာလက်တွဲ အားခဲနှိုင်းချင့် ကျွန်းနှင့်ကိုင်းမှီ ရှေ့သွားညီအောင် ရည်ရွယ်ပံ့ပိုး ကြိုးစားဆောင်ရွက်လျက် ရှိသည့်ပြင်၊ ဒကာ့တာဝန် ကြေပွန်ကြရ နုဂ္ဂဟနှစ်ဖြာ ဓမ္မာပစ္စယ ကုသိုလ် အဝဝကိုလည်း မဆုတ်မနစ် အားအသစ်သစ်ဖြင့် တိုးမြှင့်လှူဒါန်းလျက် ရှိပါသည်ဘုရား။ ပြည်သူအပေါင်း သူတော်ကောင်းတို့သည် သာသနာတော် မြတ်ကြီးအတွက် စေတနာသုံးတန် ပြဋ္ဌာန်းလျက် ဆပွါးထပ်ဆင့် ထောက်ပင့်ဝေဆာ ပူဇော်ကြမည်သာ ဖြစ်ပါကြောင်း လျှောက်ထားရင်း ဘုရားတပည့်တော်၏ လျှောက်ထားလွှာကို နိဂုံးချုပ်အပ်ပါသည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်အရှင်သူမြတ်တို့ဘုရား။


(သတင်းစဉ်)


အသိပေးချက်အမှတ်စဉ်(၄)

အထက်ပါသြဝါဒတော်များနှင့် အထက်ပါ လျှောက်ထားလွှာတို့သည် စာရေးသူတို့၏ အဓမ္မဝါဒဖေါ်ထုတ် တားဆီးဖယ်ရှားရေး နှိုးဆော်လွှာနှင့် နိုင်ငံတော်အတွင်း ဖြစ်ပေါ်ခဲ့ရသော ရဟန်းသံဃာအရေးတို့ကြောင့် ပေါ်ပေါက် လာကြသည့် ပြည်ပရောက် ရဟန်းများ၏ အဖွဲ့သစ်များ ဖွဲ့စည်းခြင်းဆိုင်ရာ ကြေညာချက်တို့ကို အစွဲပြုလျက် ဆုံးမအပ်သော အဆုံးအမများနှင့် ယင်းအဆုံးအမများအားလျှော်သော လျှောက်ထားချက်များ ဖြစ်ကြပါသည်။

စာရေးသူတို့ လျှောက်ထားလွှာများသည် အဓိကအားဖြင့် ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံ မိုးပြာဂိုဏ်းကြီးကို ရည်ရွယ်ခဲ့ရင်းသာ ဖြစ်ပါသော်လည်း ၄င်းနှိုးဆော်လွှာထဲတွင် ရှင်ဥက္ကဋ္ဌဝါဒဆိုင်ရာများလည်း အကျုံးဝင်သွားကြပါသည်။ ထို့ပြင် ရှင်ဥက္ကဋ္ဌကိုပင် ဓမ္မစကြာဆရာတော်ကြီးဟု ခေါ်ဆို၍ ဂုဏ်ပြုဦးတင် အစဉ်အောက်မေ့နေသည့် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ အဓမ္မဝါဒ ဂိုဏ်းဟောင်းကြီးကို ပြန်လည်ဖေါ်ထုတ်နေမှုများနှင့်လည်း သက်ဆိုင်ကာ အကျုံးဝင်သွားကြပါသည်။

''စောဒနာလွှာတို့ ဖြစ်ပေါ်လာခြင်း အကြောင်းရင်းများ''အစပိုင်းတွင် တင်ပြခဲ့သည့် အတိုင်းပင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒများသည် ယခုအခါတွင် နိုင်ငံတော်တစ်ဝန်းလုံး ပြန့်နှံ့လျက်ပင် ဖြစ်ပေါ်တိုးပွါး တန်ခိုးထွားလာကြပြီ ဖြစ်ကြောင်း သိမြင်ကြရပါသည်။ ၁၃၄၄-ခုနှစ်က အဓမ္မဝါဒ၊ အဝိနယဝါဒဟူ၍ သတ်မှတ်ခံရသော ဆူးလေ ဦးမြင့်သိန်း၏ ထေရဝါဒများသည် ၄င်းဆရာကြီး၏ တပည့်ကြီး(၄)ပါး (ဦးဥက္ကံသဗုဒ္ဓိ၊ ဦးနာရဒ) စသူတို့က ဆက်လက် သင်ပြ နေကြသောကြောင့် ၁၃၆၁-ခုနှစ်ခန့်မှစတင်၍ ပြန်လည်ဖြစ်ပေါ်လာကြပါသည်။

ယင်းသို့ဖြစ်ပေါ်လာအောင် ပြုလုပ်သူတို့တွင်
အဓိကခေါင်းဆောင်ပုဂ္ဂိုလ်မှာ ဓမ္မစေတီဦးကောသလ္လ ဖြစ်ပါသည်။

ဦးကောသလ္လသည်
အဆိုပါ ၁၃၆၁-(၁၉၉ဝ)ခုနှစ်မှ စတင်၍ တစ်နိုင်လုံးပင် တရားပွဲများ ဖြစ်ပေါ်အောင် အားထုတ်ခဲ့သူ ဖြစ်ပါသည်။ ၄င်းပုဂ္ဂိုလ်၏ ဟောတရားခွေများကို ကြည့်လျှင် ၄င်းအဓမ္မဝါဒများက မည်မျှလောက်အထိ ကျယ်ပြန့်သွားကြောင်းတို့ကို သေချာစွာ သိမြင်နိုင်ကြမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်၏ နောက်ဆုံးပိုင်းတွင် ၄င်းပုဂ္ဂိုလ်၏ တရားခွေးနာမည်များကို တရားအလှူတော် ပြုလုပ်နေရာ ဌာနတစ်ခုမှ အလွယ်တကူ ရရှိသလောက်မျှ တင်ပြပေးလိုက်ပါသည်။ ယခုဆက်လက်၍ တင်ပြပေးလိုသည်မှာ ၄င်းပုဂ္ဂိုလ်၏ ဟောတရားခွေ စာစီမှတ်တမ်းတစ်ခုထဲက အမှားတွေအကြောင်းပင် ဖြစ်ပါသည်။


ဝိဇ္ဇာမယဂမ္ဘီရနည်း မိစ္ဆာစက်ဖြတ်မန္တန်တော်ကြီး

ဗုဒ္ဓရှင်မြတ်၊ ဟောထားအပ်သော
ပိဋကတ်ကျမ်းစာ၊ မညီရာတို့ကို
မျက်နှာထောက်ထား၊ မသနားနှင့်
စာအားငွေအား၊ ဖြန့်ဝေအားဖြင့်
တစ်ပါး-ဆယ်ယောက်၊ တစ်ယောက်-ဆယ်ပါး
ပြန့်ပွါးနှံ့စပ်၊ လူ့ရပ်မြေကုန်
ဝိုင်းအုံ ပ ထုတ်၊ ဇွဲခတ်လုပ်၍
တောထုတ်ကြကုန်လော့။


Read more...

မေတ္ထာကမ္ဘာလူမှုကူညီရေးအသင်း၏ဒုတိယအကြိမ်မြောက်အလှူတော်အတွက် လှူဒါန်းကြသောအလှူရှင်များစာရင်း

မြန်မာပြည်သို့ အကူအညီပေးမည့် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ဒုတိယ အကြိမ်မြောက်အလှူတော်ကို အသင်း၏ အစည်းဝေးဆုံးဖြတ်ချက်အရ အမှန်တစ်ကယ် လိုအပ်လျှက်ရှိသော နေရာများထဲမှ အလိုအပ်ဆုံးနေရာလေးတစ်ခုအား လှူဒါန်းရန် အတည်ပြုသတ်မှတ်ခဲ့ကြသည့်အတိုင်း အောက်တိုဘာလကုန်၌ မန္ထလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိ မကြီးချိုကျေးရွာ အခြခံပညာမူလတန်းလွန်ကျောင်းလေးတွင် အရေးတကြီးလိုအပ်လျှက်ရှိသော စာသင်ဆောင် တစ်ဆောင်အား စတင်၍ အကောင်အထည်ဖော် ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ပါသည်။
အမြန်ဆုံးအကောင်အထည်ဖော်လှူဒါန်းနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များ အနေဖြင့် ကျမ တို့ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း နှင့် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုလုပ်နိုင်ကြရန် ကျမ မနှင်းဟေမာ ( စည်းရုံးရေးမှူး - စင်္ကာပူ ) မှ အသင်းအဖွဲ့တစ်ခုလုံး၏ ကိုယ်စား အားလုံးသော ဘလော့ဂါ မောင်နှမများ ၊ စာဖတ်သူမောင်နှမများ ၊ မေတ္တာကမ္ဘာ အသင်းသားများ နှင့် စေတနာထက်သန်ကြသော အလှူရှင်များထံသို့ အသိပေးနှိုးဆော်မှုအရ - ယနေ့ထိ ကျမ နှင်းဟေမာ ထံသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြသော အလှူရှင်များစာရင်းအား အများသူငါတို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေရန် ဖော်ပြအပ်ပါသည်...။

စာသင်ကျောင်းဆောင်အလှူရှင်များစာရင်း


၁) ကိုစိုင်းကျော်စိန်+မနန်းအေးစော
(သမီး) ခွန်းကြယ်စင် ၊ ခန့်ကြယ်စင် မိသားစု(စင်္ကာပူ ) - S$ 50


၂) ကျေးဇူးရှင်မိဘနှစ်ပါးအားအမှူးထားလျှက်
ကိုမျိုးမင်းဦး ( အင်ဒိုနီးရှားနိုင်ငံ ) - S$ 50


၃) ကိုလှိုင်းဇာခြည်အောင် + မချယ်ရီကျော်
မိသားစု ( စင်္ကာပူ ) - S$ 50


၎) ကိုဇော်ထက်အောင် နှင့် မအေးသီရိဇော်မျိုး
( စင်္ကာပူ ) - S$ 50


၅) ကိုဖြိုးမောင်မောင်ဖြိုး ( စင်္ကာပူ ) - S$ 70


၆) ကိုကျော်မိုးမင်း + မဇာခြည်မမ ( စင်္ကာပူ ) - S$ 30


ရ) ကိုကျော်ဇင်ဝင်း + မချိုသဲမွန် ( စင်္ကာပူ ) - S$ 50


၈) ကိုသန်းဇော်ဝင်း ( စင်္ကာပူ ) - S$ 50


၉) ကိုညီညီကျော်လတ် ( စင်္ကာပူ ) - S$ 30


၁၀) ဘလော့ဂါပူးတေ ( စင်္ကာပူ ) - S$ 20

၁၁) ဘလော့ဂါမယ်ကိုး (စင်္ကာပူ) - S$ 10

၁၂) ကိုစိုင်းအောင်သူစိုး နှင့် မသက်သက်အေးထွန်း
(စင်္ကာပူ) - S$ 40

တစ်ယောက်အားဖြင့်ယူသော်မရ တစ်သောင်းအားဖြင့်ယူမှ ရမည်ဟူသော စကားအတိုင်း အများ၏ ပူးပေါင်းမှုဖြင့် ပိုမိုကောင်းမွန် ခိုင်ခံ့သော စာသင်ကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာစေရန် နှင့် ကလေးငယ်လေးများ၏ အနာဂတ် ပညာရေးအခက်အခဲလေးများကို တစ်ဘက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးကြရန်အတွက် မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း အနေဖြင့် မိမိတို့၏ အလှူတော်တွင် ပူးပေါင်းပါဝင်လှူဒါန်းလိုကြသော အလှူရှင်အပေါင်းတို့အားလည်း ယခုအောက်တိုဘာ လကုန်ထိ ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း လှိုက်လှဲစွာဖြင့် ထပ်မံ ဖိတ်ခေါ်အပ်ပါသည်....။

အခြားနိုင်ငံများမှ လှူဒါန်းရန် ဆက်သွယ်ထားသူများအတွက် အခက်အခဲရှိနေပါသဖြင့် ယခု မနုနုယဉ် (ဘဏ္ဍာရေးမှူး - မြန်မာ) ထံသို့ တိုက်ရိုက်လှူဒါန်းနိုင်ရန် စီစဉ်ပြီး ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်.....။

“အစားအစာကို ပေးလှူတဲ့သူဟာ ခွန်အားကို ပေးလှူရာရောက်ပါတယ်၊ အ၀တ်အထည်ကို ပေးလှူတဲ့သူဟာ အဆင်းကို ပေးလှူရာရောက် ပါတယ်၊ ဆီမီးအလင်းရောင်ကို ပေးလှူတဲ့သူဟာ မျက်စိအမြင်ဓာတ်ကို ပေးလှူရာရောက်ပါတယ်၊ အိမ်ကျောင်း အဆောက်အအုံကို ပေးလှူတဲ့သူဟာ ကောင်းကျိုးအားလုံးကို ပေးလှူရာ ရောက်ပါတယ်” ........ လို့ ကျမတို့ရဲ့ မြတ်စွာဘုရားရှင် ဟောကြားဆုံးမတော် မူခဲ့တဲ့အတိုင်း အလွန်ကြီးကျယ်မြင့်မြတ်လှသော ကျောင်းအလှူတော်ကို အမှန်တစ်ကယ် ဖြည့်ဆည်းပေးရန်လဲ လိုအပ်နေသော နေရာလေးတစ်ခုကို မိမိတို့ချွေးနည်းစာများထဲမှ ရန်သူငါးပါးတို့ဘေးရန်မှ ကင်းလွတ်ရာအမှန်ဖြစ်သော ဒါနကုသိုလ်ကို တက်စွမ်းသလောက် ကူညီလှူဒါန်းမှုပြုကြပါရန် ကျမ၏ မောင်နှမ အားလုံးကို နိဗ္ဗာန် အကျိုးမျှော်ကာ ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်...။


လှူဒါန်းလိုသူများအနေဖြင့် ကျမ နှင်းဟေမာ mwf.hninhaymar@gmail.com ထံသို့ ဆက်သွယ်၍ မေးမြန်း၍ လှူဒါန်းနိုင်ကြပါသည်....။

“ငါကောင်းစားဖို့ဟူသော ရည်ရွယ်ချက်မပါပဲ...သူတစ်ပါးကောင်းစားဖို့ ဟူသော ရည်ရွယ်ချက်ဖြင့် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ အများအကျိုး (ပရဟိတ) ဆောင်ရွက်ခြင်းများသည် ၀ိပဿနာတရား နာကြားအားထုတ်သည့်နည်းတူ ငါစွဲတည်းဟူသော ဒိဌိကိလေသာ ၊ ငါကောင်းစားဖို့ တည်းဟူသော လောဘကိလေသာများကို ပါ အထိုက်အလျောက် လျော့ပါးကုန်ခမ်းစေသော အကျိုးကျေးဇူးများစွာကို ရရှိစေသည့် ပရဟိတအများအကျိုးပြုလုပ်ငန်းများကို စိတ်ပါဝင်စားစွာဖြင့် မိမိတို့ တတ်စွမ်းသလောက် ပူးပေါင်းပါဝင်လှူဒါန်းမှုများ ပြုနိုင်ကြရန် အတွက် ကျမ နှင်းဟေမာ မှ မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း၏ ကိုယ်စား တိုက်တွန်းနှိုးဆော်လိုက်ရခြင်းဖြစ်ပါသည်.....။


အားလုံးပဲ မေတ္တာစိတ်ဓါတ် ၊ တရားမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ကြပါစေ...

နှင်းဟေမာ ( စည်းရုံးရေးမှူး )
မေတ္တာကမ္ဘာလူမှုကူညီရေးအသင်း ( စင်္ကာပူ )
15 Oct 2009

Read more...

၁၅-၁၀-၀၉ မဇင်မွန်ထက် မိသားစု သံဃာ သီလရှင် အရုဏ်+နေ့ဆွမ်း အလှူ

အကြော်နဲ့ ဘုဉ်းပေးမယ်

ဆွမ်းခံယူပြီး ခံဆဲ ကိုရင်လေးတွေ


နေ့ဆွမ်းနဲ့ ဗလာစာအုပ် ဆက်ကပ်ခံနေတဲ့ သီလရှင် ဆရာလေးများ


အရုဏ်ဆွမ်း
ဆွမ်းဆီဆမ်း၊ စားတော်ပဲ+အကြော်စုံ
နေ့ဆွမ်း
ဆိတ်သား+အာလူး၊ အစိမ်းကြော်၊ သရက်ချဉ်+ ငရုတ်သီးကြော်
ဆွမ်းထမင်း

ဗလာစာအုပ် - သံဃာကုန်+ သီလရှင် အပါး ၁၀၀

အလှူရှင်
ကျေးဇူးရှင် မိဘနှစ်ပါး ဖြစ်ကြသော ဦးကြံအောင်+(ဒေါ်ခင်စီ) တို့အားအကြီးအမှူးထား၍ ကနေဒါနိုင်ငံနေ ကိုမြင့်သူ+ မမွှေးမွှေးကြူနှင့် သမီးလေး ဇင်မွန်ထက်တို့ ကောင်းမှု

ဝေယျာဝစ္စ ဒါနရှင်များ
ဦးသုဇာတ (သီတဂူ)
ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)၊ ဦးကဝိ (ဖျာပုံကျောင်း)
ဆရာလေးမစရဏမဉ္စရီ၊
ကိုမျက်မှန်၊ ကိုဂစ်တာ၊ ကိုဇော်၊ ကိုဝေ၊ ငြိမ်းအိထွေး

မနက် ၅ နာရီ ၁၅ မှ အရုဏ်ဆွမ်း စကပ်ပါတယ်။ သံဃာတွေ အရင်ထက် ပိုများလာတယ်။ ခုံတွေ မလောက်တော့ ကျောင်းထဲမှာပါ စားပွဲဝိုင်းတစ်ဝိုင်း ထပ်တိုးထားရတယ်။

မနက် ၆ နာရီ
ဆွမ်းဆီဆမ်းကို စားတော်ပဲပြုတ်နဲ့နယ်၊ တို့ဟူးကြော်၊ ပဲကြော်၊ ဗယာကြော်တွေကို ဆွမ်းပေါ် တင်ပြီး ဆက်ကပ်တယ်။ တစ်ပါး နှစ်ပန်းကန်လောက် နှစ်နှစ်ခြိုက်ခြိုက် ဘုဉ်းပေးကြတယ်။ သံဃာသာမဏေ အပါး ၂၀၀ ကျော် အရုဏ်ဆွမ်း ဘုဉ်းပေးပြီးပြီ။ နောက်ထပ်ထဲ ကြွလာနေဆဲ။ နေ့ဆွမ်း မလောင်းနိုင်သေးဘဲ အရုဏ်ဆွမ်းကိုပဲ ဝေယျာဝစ္စအားလုံး ကြွလာသမျှ သံဃာကုန်ကို ကပ်နေတယ်။
''ဆရာလေးတွေအတွက် ဆွမ်းထပ်ပေါင်းမယ်''

ဦးဇင်း ဦးသုဇာတက ဆရာလေးတွေ ကြွမလာခင် ဆွမ်းထပ်ချက်ဖို့ လုံးပန်းနေတယ်။ အားပါးတရ ဘုဉ်းပေးကြတာ များတော့ အကြော် မလောက်မှာစိုးလို့ ဒကာကိုဇော် အမြန်သွားဝယ်တယ်။

''မျက်မှန်...ဆွမ်းလောင်းမယ်''

မနက် ၅ နာရီ ၅၀ ကျော်မှ နေ့ဆွမ်းလောင်းဖို့ စ,ပြင်နိုင်တယ်။ အရုဏ်ဆွမ်း ကပ်ပေးနေတဲ့ ဖျာပုံကျောင်းက ဦးအာဒိစ္စနဲ့ ဦးကဝိလဲ နေ့ဆွမ်းလောင်းတာ ဝင်စီမံဖို့ ကျောင်းရှေ့ ထွက်လာရတယ်။ ၆ နာရီ ၁၁ မိနစ်မှာ နေ့ဆွမ်း စလောင်းတယ်။

''ဒေါက်တာ...ကိုယ်တော်တွေ နေရာလုပ်ပေးပါဦး''

ဒေါက်တာ ဆိုတာက မင်္ဂလာသိင်္ဂီကျောင်းက ဦးဇင်း ဦးပညာသာမိပါ။ သံဃာတွေ နေထိုင်မကောင်းရင် သွေးချိန်တာ၊ ဆေးတိုက်တာ အကုန်လုပ်ပေးရလို့ ''ဒေါက်တာ''လို့ ခေါ်ကြတာပါ။ နေ့ဆွမ်းအတွက် တန်းနေတဲ့ သံဃာနဲ့ သာမဏေ အပါး ၄၀၀ လောက် ရှိနေတော့ ကားတွေ ဆိုင်ကယ်တွေ ဖြတ်သွားဖြတ်လာ ပိတ်မှာစိုးတော့ ''ဒေါက်တာ''ဦးဇင်းက လမ်းရှင်းပေးနေရတယ်။

အရုဏ်ကို အပါး ၃၀၀ နီးပါး ဘုဉ်းပေးပြီးပြီ။ ဆက်လဲ ဘုဉ်းပေးနေကြတယ်။

မနက် ၇ နာရီ
သီလရှင် ဆရာလေးတွေ ကြွလာပြီ။ အရုဏ်ဆွမ်း ဘုဉ်းပေးနေတဲ့ ကိုယ်တော်တွေလဲ ရှိသေးတယ်။ ဆရာလေးတွေကို အရုဏ်ဆွမ်း ကပ်ပြီး နေ့ဆွမ်းကို ဖော့ဘူးများနဲ့ ဆက်ကပ်လောင်းလှူပါမယ်။ နေ့ဆွမ်းလဲ လောင်းရင်း သီလရှင် ဆရာလေးတွေလဲ အရုဏ်ဆွမ်း ကပ်ဖို့ ပြင်သူက ပြင်ရတယ်။

ဝတ်ခွက်တွေထဲကို တစ်ပါး ဆိတ်သားတစ်တုံး+အာလူးတစ်ခြမ်း ကပ်တယ်။ အစိမ်းကြော်၊ သရက်ချဉ်၊ ငရုတ်သီးကြော်တွေပါ လောင်းတယ်။ ဆိတ်သားက ပထမဆုံး စ,ကပ်ဖြစ်တဲ့ ဟင်းမယ်ဆိုတော့ ဆွမ်းဟင်းအပြောင်းအလဲလဲ ဖြစ်သွားတယ်။

အစိမ်းကြော်နဲ့ သရက်ချဉ်က မနက် ၆ နာရီခွဲလောက်မှာ ပြတ်သွားတယ်။ ဆိတ်သား+အာလူးဟင်းပဲ ဆက်လောင်းတယ်။ ဆိတ်သား+အာလူးက တုံးတဲ့ ဒကာက စေတနာနဲ့ အတုံး နည်းနည်းကြီး တုံးပေးခဲ့တော့
အပါး ၄၂၀ လောက် လောင်းပြီးချိန်မှာ ဆိတ်သား+အာလူးဟင်း ပြတ်သွားတယ်။ အကြော်စုံတွေနဲ့ ဆက်လောင်းတယ်။ မနက် ၆ နာရီ ၄၅ မှာ အပါး ၄၅၀ ကျော် လောင်းပြီးတော့ ဆွမ်းထမင်းပါ ကုန်သွားပါပြီ။ အရုဏ်ဆွမ်းကလဲ ဆွမ်းနဲ့ အကြော်စုံဆိုတော့ လိုက်ပွဲတွေနဲ့ မြိန်ရှည်ရှက်ရည် ဘုဉ်းကြတာကိုး။

သီလရှင် ဆရာလေးတွေကိုလဲ စားတော်ပဲပြုတ် နယ်ထားတဲ့ ဆွမ်းဆီဆမ်းကို အကြော်စုံနဲ့ ဆက်ကပ်တယ်။ ဗလာစာအုပ်တွေ သံဃာရော သီလရှင်ပါ လောင်းလှူတယ်။

''အန္တရာယ်ခပ်သိမ်း ကင်းလွတ်ငြိမ်း၍
ကိုယ်ကျင့်သီလ ဒါနစာဂီ
ပါရမီကုသိုလ် မငြိုငြင်ဘဲ
မဂ်ဖိုလ် နိဗ္ဗာန် လျင်အမြန် ဧကန်ရောက်နိုင်ကြပါစေ''

ဆရာကြီး ဆရာလေးများက အလှူရှင်များနဲ့တကွ အားလုံးသော သူတို့ ဘေးကင်း ချမ်းသာပါစေကြောင်း အေးချမ်းတဲ့ အသံတော်နဲ့ မေတ္တာပို့သရင်း ဗလာစာအုပ်တွေ အလှူခံယူနေပါတယ်။

သီလရှင်များကို ဆွမ်းထမင်း ဖော့ဘူးတွေနဲ့ ကပ်ပြီး ဆိတ်သား+အာလူးဟင်း၊ အစိမ်းကြော်၊ သရက်ချဉ်၊ ငရုတ်သီးကြော်တွေကို ပလတ်စတစ်အိတ်ငယ်များနဲ့ ထုပ်၊ ကြွပ်ကြွပ်အိတ်ထဲ ပေါင်းထည့်ပြီင်္း အပါးစေ့ ဆက်ကပ်တယ်။ ဆရာလေးတွေ ဒီမှာ ဘုဉ်းပေးဖို့နဲ့ နေ့ဆွမ်းလောင်းဖို့ ဆွမ်းထမင်းကို အမြန် ထပ်ချက်ထားတော့ အလျဉ်မီသွားတယ်။


''ယခုပြုရ ကုသလကြောင့်

လေးဝအပါယ် ရှစ်သွယ်ရပ်ပြစ် ကင်းတုန်လှစ်၍

ရှင်ချစ်ဗုဒ္ဓါ စောမြတ်စွာ၏ အဖြာဖြာ မဆုံး သာသနာဘုန်းကို

ခြိမ်းအုန်းကြေညာ ဝေေ၀ဆာသို့

စေတနာညွန့်ပြောင်း အိုသူတော်ကောင်းတို့…

နှစ်ထောင်းကြည်သာ ဘာဝနာကို

သေချာမယုတ် အားပါးထုတ်ရန်

ကြည်သာချမ်းမြ ထောက်ပံ့နိုင်ကြပါစေသား..

ဗျဿန ငါးကပ်၃ ပါးနှင့်

လေးပါးဝိပါတ် ဥပါဒါနှစ်ဆယ်ကျော် ကင်းလွတ်ငြိမ်း၍

ကောင်းသော စိတ်ဝမ်း ဖိတ်ဖိတ်လျှမ်း ထိပ်တန်းရောက်နိုင်ကြပါစေ''


သီလရှင် ဆရာကြီး ဆရာလေးများ မေတ္တာပို့သကြတာပါ။ ဒီနေ့အလှူမှာ နောက်ထပ် ထူးခြားတာ တစ်ခုက ဆွမ်းဟင်း ချက်ပြုတ်တဲ့ ဒကာမကြီး ဒေါ်ကြည်ဌေးရဲ့ သမီးကလေး ငြိမ်းအိထွေးအတွက် အလှူရှင် မိသားစုက ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ စာအုပ်ခဲတံဖိုး နှစ်သောင်းကျပ် လှူဒါန်းခြင်း ဖြစ်ပါတယ်။

သီလရှင် ဆရာလေးတွေအတွက် နေ့ဆွမ်းနဲ့ ဗလာစာအုပ်

မနှင်းပေါက်ပွင့် (ဒူဘိုင်း) လှူဒါန်းတဲ့ ဆွမ်းချက်အိုးနဲ့ ၅-၁၀-၀၉ မနက်မှာ ပဲနှပ်ပြီးစ

Read more...

ရှာမှီးခြင်းတရားသုံးပါး...




ဒုတိယဧသနာသုတ် -
(ဧသနာ= ရှာမှီးခြင်း)


ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤ သုံးပါးတို့တည်း။



အဘယ်သုံးပါးတို့နည်း-

၁... ကာမကို ရှာမှီးခြင်း၊
၂... ဘဝကို ရှာမှီးခြင်း၊
၃... အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။
ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်း သုံးပါးတို့တည်း။ ဤသည်သာမှန်၏ဟု အမှား သုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။ (ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။ ရာဂအားလုံးတို့မှ ကင်းသော တဏှာကုန်ရာ အရဟတ္တဖိုလ် 'ဝိမုတ္တိ' ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။ ဒိဋ္ဌိဟူသော တည်ရာ အကြောင်းတို့ကို ပယ်နုတ်၏။

ရဟန်းသည် ရှာမှီးခြင်းတို့၏ ကုန်ခြင်းကြောင့် အလိုအာသာမရှိသူ သို့လော သို့လော တွေးတောမှု မရှိသူဖြစ်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။55

၆ - ဒုတိယဧသနာသုတ်၊ ပဌမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

'မိမိကိုယ်ကိုယ်အားကိုးပါ' က ဘုရားစကားတော်လား

အမေး။ ။ အရှင်ဘုရား……တပည့်တော် တခါတရံ တရားအားထုတ်ဖြစ်ပါတယ်ဘုရား။ ဘုရားရှင်က မိမိကိုယ်ကို အားကိုးပါ ဆိုတာကို တပည့်တော် မယုံဘူးဆိုတာ တပည့်တော်သိနေတယ်။ မိမိကိုယ်ကို အားကိုးပါ ဆိုတာ ဘုရားပြောတဲ့စကား ဟုတ်မဟုတ် ဆို တပည့်တော် အမြင် မရှင်းဘူးပါ။ ဒီအတွက် အဖြေပေးတော်မူပါ အရှင်ဘုရား…..။
ကိုမျိုး
(Dhammaransi.net) Australia

အဖြေ။ ။ အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရော သိယာ၊
အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။
ဘုရားရှင်က ကုမာရကဿပမထေရ်ရဲ့ မယ်တော် ဘိက္ခုနီမကို အကြောင်းပြုပြီးတော့ အထက်ပါတရားတော်ကို ဟောကြားတော်မူ ခဲ့ပါတယ်။ (ဓမ္မပဒအဋ္ဌကထာ၊ အတ္တ၀ဂ်၊ ကုမာရကဿပမာတုထေရီဝတ္တု) အဓိပ္ပါယ်က..
မိမိကိုယ်ကိုသာ မိမိုအားကိုးရာ ဖြစ်ပါတယ်။ သူတစ်ပါးဟာ မိမိရဲ့ အားကိုးရာ ဘယ်မှာဖြစ်နိုင်တော့မှာလဲ။ ကိုယ်ကိုယ်တိုင် ကောင်းစွာ ယဉ်ကျေးပြီး အလွန်ရခဲလှတဲ့ အားကိုးရာအစစ် (အရဟတ္တဖိုလ်)ကို ရနိုင်ပါတယ်။
ရှင်းအောင်ပြောရရင် လူတစ်ယောက်ဟာ သူ့ရဲ့စား ၀တ် နေရေး အတွက် သူကိုယ်တိုင် ရှာဖွေစားသောက်ရမှာ ဖြစ်သလို တစ်နေရာ ကို ကိုယ်တိုင် ရောက်ချင်တယ်ဆိုရင်လည်း ကိုယ့်ကိုယ်တိုင်က မသွားဘဲနဲ့ ဘယ်လိုမှ မရောက်နိုင်ပါဘူး။ ဒါက လောကသဘာဝ ထင်ရှားတဲ့ အကြောင်းအရာတွေပါ။ ဓမ္မရှုထောင့်က ပြောရင်တော့ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့အရေး ကိုယ့်ကိုယ်တိုင်သာ အားထုတ်မှ ရမှာပါ။ ကိုယ် နိဗ္ဗာန်ရဖို့အတွက် သူတစ်ပါး အားထုတ်ပေးလို့ ရတဲ့ အရာမျိုးလည်း မဟုတ်ပါဘူး။ဒါကို ဆိုလိုတာပါ။
တဖန်……တုမှေဟိ ကိစ္စမာတဗ္ဗံ၊ အက္ခာတာရေ တထာဂတာ၊
ပဋိပန္နာ ပမောက္ခ န္တိ ၊ ဈာယိနော မာရ ဗန္ဓနာ။
သင်ချစ်သားတို့ တရားအလုပ်ကို အားထုတ်ကြပါကုန်လော့၊ အားထုတ်ဖို့အချိန်တန်နေပါပြီ၊ ငါဘုရားတို့ကတော့ နည်းပေးညွန်ပြရုံသာ ညွန်ပြနိုင်ပါတယ်။ ဒို့များနည်းပေးညွန်ပြတဲ့အတိုင်း သင်တို့က အားထုတ်ကျမယ်ဆိုပါရင် ကိလေသာနှောင်အဖွဲ့မှာ လွတ်မြောက်ကြမှာပါ။ ဆိုတဲ့ စကားတော်အတိုင်း ဘုရားရှင်အလိုတော်က ကိုယ့်ကိုယ်တိုင်သာ အားကိုးပြီး ကြိုးစားအားထုတ်ကြဖို့ လိုလားတော်မူတယ်ဆိုတာကို သတိပြုမိဖို့ပါပဲ။

Read more...

ပီတိကိုစား အားရှိပါ၏...


“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
သူငယ်တန်း သင်ရိုးညွန်းတမ်း စာအုပ်ထဲက မြန်မာသင်ပုန်းကြီး ဖတ်စာသင်ခန်းစာလေးကို ကျွန်ုပ်က ပထမ တစ်ခေါက် အရင်ဆိုပြ။ နောက်မှ ကလေးတွေကို လိုက်ဆိုခိုင်းရင်း စိတ်ပါလက်ပါ စာသင်ကြားနေစဉ်မှာ
“ဘုန်းဘုန်း၊ သမီးရဲ့နံဘေးက သူငယ်ချင်းလေ…ဘာဖြစ်လဲ မသိဘူး။ ငိုနေတယ်”
“ဟေ ဟုတ်လား၊ ဘယ်သူလဲ?”
“ချောစု ပါ ဘုန်းဘုန်း”
ကျွန်ုပ်လည်း ကမန်းကတန်း သွားကြည့်လိုက်တော့
“၀ါး…..၀ါး…..”
သမီးငယ် ချောစုက ကျွန်ုပ် သူ့အနီး ရောက်လာကာမှ ပိုပြီးတော့ ငိုချလိုက်ပါလေရော။ ဘယ်အချိန် ကတည်းက ၀မ်းနည်းနေပြီး မျိုသိပ်ထားလဲတော့ မသိ။ ကျိတ်ပြီးတော့ ငိုနေခဲ့တာ။
“သမီးချောစု၊ ဘာကြောင့်မို့ ၀မ်းနည်းပြီး ငိုနေရတာလဲ? ဘုန်းဘုန်းကို ပြောပြပါဦး”
“အင့်…..အင့်…..ဒီနေ့မနက်က သမီးရဲ့ သူငယ်ချင်းတွေဆီကို သူတို့ရဲ့ ဖေဖေနဲ့ မေမေ လာကြတယ်။ သမီးမှာကတော့…..”
သမီးငယ် ချောစုက ပြောရင်းနဲ့ ဆက်ပြီးတော့ ငိုပါလေရော။
အင်း ချောစု ငိုမယ်ဆိုရင်လည်း ငိုချင်စရာပါပဲ။ အဲဒီကလေးကို ဝေးလံတဲ့ ကျေးရွာတစ်ရွာက ပြီးခဲ့တဲ့ နှစ်ကပဲ ကျွန်ုပ်က ခေါ်ဆောင်လာခဲ့တာကိုး။ အဖေအမေကလည်းမရှိ။ အဘွားအိုကြီးနဲ့အတူ နေ နေရတာလေ။ အဲဒီရွာလေးကို ကျွန်ုပ် ရောက်သွားစဉ်မှာ ချောစုရဲ့ အဘွားအိုကလည်း ဆုံးပါးသွားခဲ့ပြီ။ အားကိုးရာမဲ့ ဖြစ်နေတဲ့ ကလေးကို ကျွန်ုပ်က ရွာလူကြီးတွေဆီမှာ ခွင့်ပန်ပြီး မြို့အစွန်နားက ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ခေါ်ဆောင်လာခဲ့ရတာ။
ဘုန်းကြီးကျောင်းနားက သီလရှင်ကျောင်းလေး တစ်ကျောင်းမှာ အပ်ထားပြီး အစစ အရာရာ ကျွန်ုပ်က တာဝန်ယူထားတာလေ။ မျှော်လင့်ချက်မဲ့နေတဲ့ ချောစု အပါအ၀င်ဆိုရင် မိဘမဲ့ ကလေးအားလုံးပေါင်း လေးဆယ်ကျော်ကို ကျွန်ုပ်က တာဝန် ယူထားတယ်။ လမ်းပျောက်နေတဲ့ ကလေးတွေရဲ့ ဘ၀အတွက် ရှေ့ဆက် လျှောက်လှမ်းရမယ့် လမ်းတွေကို ရှာပေးရဦးမယ်လေ။
ယောက်ျားလေးတွေကိုတော့ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းမှာ။ မိန်ကလေးတွေ ဆိုရင် အနီးနားက သီလရှင်ကျောင်းပေါ့။ မိဘ မစုံလင်တော့တဲ့ ကလေးတွေ ပါသလို၊ အမိဖြစ်ဖြစ် အဖဖြစ်ဖြစ် တစ်ဦးဦး ဆုံးပါးသွား တဲ့ ကလေးတွေလည်း ပါကြတယ်လေ။ ချောစုက သူငယ်တန်း တက်နေတယ်ဆိုပေမဲ့ အသက်က ကိုးနှစ်ရှိနေပြီ။ အရင်က သူနေခဲ့တဲ့ ရွာမှာ စာမသင်ခဲ့ရဘူး။ အခုမှ စာကို စသင်ရတာ။ အသိစိတ်ကလေး က အတော်အတန် ရှိနေပြီလေ။
“ကဲ တိတ်တော့နော် သမီး၊ မငိုနဲ့တော့၊ ဘုန်းဘုန်း သီချင်းဆိုပြမယ်နော်။ ကျောင်းဆင်းတဲ့ အခါကျရင် သမီးကို ဘုန်းဘုန်း မုန့်တွေအများကြီး ပေးလိုက်ဦးမယ်နော်၊ တိတ် တိတ်”
အင်း….. ကျွန်ုပ်ကလည်း ကလေးတော့ မချော့တတ်ဘူးပေါ့။ ဒါပေမဲ့ အရေးကြုံလာရင် သုံးဖို့ ကလေးချော့နည်းလေးတော့ သိထားရမယ်လေ။ ကလေးတွေအတွက် သီချင်းဆိုပြတာကိုလည်း ကျွန်ုပ်က လေ့ကျင့်ထားရ သေးတယ်။ သီချင်းဆို လေ့ကျင့်ထားရသေးတယ် ဆိုလို့ တခြားသီချင်းတော့ မထင်လိုက်နဲ့ဦး။ ကျောင်းသင်ခန်းစာနဲ့ ပတ်သက်တဲ့ လင်္ကာ၊ သံပေါက် သီချင်းလေးတွေပါ။
အင်္ဂလိပ် စကားပုံလေးတစ်ခု ကြားဖူးတယ်။
ဆရာဆိုတာ ကျောင်းသားတွေအတွက် စာသင်ရာမှာ ကောင်းစွာရှင်းပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမည် ဖြစ်သလို၊ မိမိရှင်းပြနေသော အကြောင်းအရာတွေ အတွက် ကောင်းစွာ သရုပ်ဆောင်ပြနိုင်သူ တစ်ယောက်လည်း ဖြစ်ရမယ်တဲ့။
Teacher means that not only a good-narrator but also a good-performer is.
အဲဒီ စကားပုံလိုပါပဲ။ ကျွန်ုပ်လည်း စာအသင်အပြကောင်းအောင် ကြိုးစားရတဲ့ အပြင် ကလေးတွေ မငြီးငွေ့အောင်လည်းပဲ ကိုယ်ဟန် အမူအယာနဲ့ပါ သီချင်းလေးတွေ သီဆိုပြီး သရုပ်ဆောင်ပြရသေးတယ်။
ချောစုလည်း ငိုနေရာကနေ တိတ်သွားရအောင် ကလေးတွေအားလုံးလည်း ပျော်ရွှင်သွားရအောင် ကျွန်ုပ်က လက်ခုပ်တီးပြီး ခါးနဲ့ ဦးခေါင်းကို ဘယ်ညာ ယိမ်းကာ A, B, C, D သီချင်းလေးကို သီဆိုပြနေစဉ်
“ဒုတ်…..”
“ခွပ်”
“အား”
အသံတွေကြားတဲ့နေရာကို ကျွန်ုပ်လှည့်ကြည့်လိုက်တော့
“ဟေ့ ဟိုကလေးတွေ၊ ရပ်လိုက်စမ်း!”
ကျွန်ုပ်ရဲ့ အသံကို ကြားလိုက်တော့ ရန်ဖြစ်နေတဲ့ ယောက်ျားလေး နှစ်ယောက် ငြိမ်သွားပါလေရော။
“ဘာဖြစ်လို့ ရန်ဖြစ်နေရတာလဲ?”
“သားရဲ့ လွယ်အိတ်ထဲက ဘုန်းဘုန်းပေးထားတဲ့ မုန့်ဖိုးကို သူက သားမသိခင် ယူထားတယ်။ သားက ပြန်တောင်းတော့ ပြန်မပေးဘူး ဘုန်းဘုန်း။ အဲဒါကြောင့် သား သူ့ကို လက်သီးနဲ့ ထိုးလိုက်တာပါ”
“သူများရဲ့ ပစ္စည်းကို ခွင့်ပြုချက် မရပဲနဲ့ မယူရဘူးလို့ ဘုန်းဘုန်း သင်ပေးထားတယ် မဟုတ်လား? ပြန်ပေးလိုက်စမ်း! ရန်မဖြစ်ရဘူးလို့လည်း ဘုန်းဘုန်း ပြောထားတယ် မဟုတ်လား?”
အင်း….. အရွယ်မရောက်သေးတဲ့ ကလေးတွေကို အကျင့်စာရိတ္တ ကောင်းမွန်ဖို့ သင်ကြားရေးမှာလည်း ကျွန်ုပ်တာဝန်ပဲလေ။ ကလေးတွေရဲ့ ပညာရေးသာမက အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးမှာလည်း ဘ၀အတွက် လိုအပ်ချက်ပဲ။ ဒီကြားထဲမှာ ကလေးတွေက စာသင်နေရင်း အီးအီးထွက်ကျတတ်လို့ မရွံ့မရှာ သန့်ရှင်းရေး ပြုလုပ်ပေးရတာကတော့ ကျွန်ုပ်အတွက် အကြိမ်ပေါင်း မရေနိုင်တော့ဘူး။
ကျွန်ုပ်ဘ၀ကလည်း အဖေဆိုလည်း ကျွန်ုပ်၊ အမေဆိုလည်း ကျွန်ုပ် ဖြစ်နေပါပေါ့လား။ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေး ကတော့ တဲကုပ်သာသာပါ။ တဲကုပ်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။ ကျွန်ုပ်က အားကိုးရာမဲ့နေတဲ့ မိဘမဲ့ ကလေးတွေကို အဲဒီ တဲကုပ်ထဲကနေပြီး သူတို့လေးတွေရဲ့ဘ၀ အာမခံချက်ရအောင် မြေတောင်မြှောက်ပေးမှာ။ လူနေခြုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားပုံလေးဟာ ကျွန်ုပ်အတွက်ပေလား မပြောတတ်။ ကျွန်ုပ်ကို ကျွန်ုပ် စိတ်ဓာတ်မြင့်တင်လိုက်တယ်။
အဲဒါက ဟိုး ရှေးရှေးတုန်းက မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေ၊ မင်းညီမင်းသားတွေဟာ ဘုန်းကြီး ကျောင်းသား၊ ဘုန်းကြီးကျောင်းထွက်တွေပဲလေ။ ဒါကြောင့် နောင်တစ်ချိန်မှာ ကျွန်ုပ်ရဲ့ ဘုန်းကြီးကျောင်းလေးက ပညာတတ်၊ ပညာရှိတွေ ပေါ်ထွန်းလာမယ် ဆိုတာ ကျွန်ုပ်က အခိုင်အမာ ယုံကြည်ထားတာ။ ကျွန်ုပ်ရဲ့ ကျောင်းကတော့ မြန်မာနိုင်ငံ အောက်ပိုင်း မြို့တစ်မြို့ အစွန်နားက ဆင်းရဲသား ရပ်ကွက်နားမှာလေ။
ကျွန်ုပ်ရဲ့ တဲကုပ်ကျောင်းလေးက စာသင်နေတဲ့ အချိန်မှာ ကလေးတွေကို လေတိုက်ပြီး နေမကောင်း ဖြစ်မှာ စိုးလို့ ဓနိဖက်ကလေးတွေနဲ့ ကာထားရသေးတယ်။ သူများတွေရဲ့ အမြင်မှာကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ တဲကုပ်ပေါ့။ အေးလေ ဘယ်သူတွေက ဘာတွေပဲပြောပြော ကျွန်ုပ်ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး ကြွားလိုက်ရမှာပဲ။ တစ်မျိုးတော့ မထင်လိုက်နဲ့နော်။ အဲဒီ တဲကုပ်က ကျွန်ုပ်ရဲ့ သီတင်းသုံးနေထိုင်ရာ၊ ကလေးတွေကို အသိပညာ၊ အတတ်ပညာတွေ မျှဝေပေးရာ ကျောင်းလေးပေါ့။ ကျွန်ုပ်ကတော့ ဒီကျောင်းလေးကို ပညာ့ဘုံဗိမာန် လို့ အမည်နာမ ကင်ပွန်းတပ်ထားလိုက်တယ်။
မိဘမရှိတဲ့ ကလေးတွေ၊ ဆင်းရဲသား ကလေးတွေ အတွက်ကတော့ ကျွန်ုပ်ရဲ့ ကျောင်းလေးဟာ သူတို့လေးတွေအတွက် ပညာနို့ရည်တွေကို တိုက်ကျွေးပေးနေတဲ့ ပညာ့ဘုံဗိမာန်လေး ဆိုရင် မမှားနိုင်ဘူးလေ။ အဲဒီလို မိဘမဲ့ ကလေးတွေကို ကြည့်ပြီး ဒီကလေးတွေဟာ တိုက်ကျောင်းကြီးနဲ့သာ စာသင်နေကြရရင် ဘယ်လောက်များ ပျော်ရွှင်နေလိုက်ကြမလဲ။ အဲဒါက ကျွန်ုပ်ရဲ့ စိတ်ကူး၊ အိပ်မက်လေး အဖြစ် တွေးကြည့်နေ မိတာပါ။
အဲဒီလို ပညာ့ဘုံဗိမာန်လေးကို တည်ဆောက်ထားတယ် ဆိုတော့ ကျွန်ုပ်ကို ငွေချမ်းသာတယ် လို့တော့ အထင်မကြီးလိုက်နဲ့ဦး။ တစ်ခါတလေ ကျွန်ုပ်ရဲ့ ဒကာ၊ ဒကာမအိမ်တွေက ဆွမ်းစား၊ ကွမ်းစားလေးတွေ ပင့်ဖိတ် တတ်တယ်လေ။ အဲဒီလို ဆွမ်းစား၊ ကွမ်းစားလေးတွေကို ကြွတော့ ၀တ္ထုငွေလေး၊ ဘာလေး အဆင်ပြေတာပေါ့။ ၀တ္ထုငွေလေး ကတော့ ရှင်းပါတယ်။ ဘာလေး ဆိုတာက ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန် ပေါ့ဗျာ။
ဆွမ်းစား၊ ကွမ်းစား ပင့်ဖိတ်တာလေး များတဲ့ အခါဆိုရင် ကျွန်ုပ် တာဝန်ယူ ကျွေးမွေးထားတဲ့ မိဘမဲ့ ကလေးတွေအတွက် အဆင်ပြေတယ်။ လူ့လောက စကားနဲ့ ပြောရရင် စီးပွားရေး တွက်ခြေကိုက်လို့ စားဝတ်နေရေး ပြေလည်တယ်ပေါ့။ တစ်ခါတလေများ အလှူအတန်းလေးတွေ ပင့်ဖိတ်မယ့် ဒကာ၊ ဒကာမ မရှိရင် ကျွန်ုပ်မှာ ရင်လေးနေရတယ်။ ရင်လေးနေရတယ် ဆိုတာက ကလေးတွေအတွက်ပါ။ ကျွန်ုပ်က ကလေးတွေ အားလုံးအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းတွေကအစ ၀ယ်ပေးနေရတာကိုး။ ကျွန်ုပ်အတွက် ဆိုရင်တော့ သပိတ်တစ်လုံး ရှိနေရင် အဆင်ပြေနေပြီးသား။
ကျောင်းစဖွင့်တဲ့ ရာသီက မိုးရာသီဆိုတော့ စာသင်နေတဲ့ ကလေးတွေကို မိုးမစိုအောင် ခေါင်မိုးကို ဓနိဖက်တွေနဲ့ လုံအောင် မိုးထားရသေးတယ်။ အကုန်အကျ သက်သာအောင်ဆိုပြီး ဓနိဖက်ကို ခပ်ကျဲကျဲလေး ပေါ့။ မြန်မာနိုင်ငံ အောက်ပိုင်းက ပင်လယ်နဲ့နီးတော့ မိုးဦးကျ ဆိုရင် လေရောမိုးရော သိပ်ကို ပြင်းထန်တာ။ လေက တိုက်ပြီဆိုရင် မုန်တိုင်းငယ် အဆင့်လောက်အထိ ရှိတတ်တယ်။
“ဝေါ…..ဝေါ…..”
“ဂျွတ်…..ဂျွတ်…..၀ုန်း”
ဟာ…..! ဘယ်လို ဖြစ်သွားပါလိမ့် ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်ကျောင်းလေး မိုးလေပြင်းထန်တဲ့ ဒဏ်ကို မခံနိုင်တော့ပါလား။ ကလေးတွေလည်း အော်တဲ့သူက အော်၊ ငိုတဲ့သူက ငို ဖြစ်ကုန်ပါပေါ့လား။ အားလုံးဟာ အလန့်တကြား ဖြစ်နေကြပြီ။ ဟုတ်တယ်။ ကျွန်ုပ်ရဲ့ ကျောင်းလေး ပြိုကျသွားပြီ။ တကယ်ကို ပြိုလဲကျသွားပြီ။ ကျွန်ုပ်ကိုယ်တိုင်လည်း ပြိုကျနေတဲ့ ကျောင်းရဲ့ အောက်ကို ရောက်နေပြီ။
မဖြစ်ဘူး။ ကျွန်ုပ်ရဲ့ ကလေးတွေကို ဆွဲထုတ်မှ ရတော့မယ်။ ကျွန်ုပ်လည်း ဘုန်းကြီးကျောင်း နံဘေးက လူတွေကို လှမ်းခေါ် အကူအညီတောင်းရင်း ကလေးတွေကို နိုင်သလောက် ကယ်ထုတ်နေရတော့တယ်။ လူတွေလည်း ရောက်လာပြီ။ ကလေးတွေမှာလည်း ဒဏ်ရာတွေနဲ့။ ကျွန်ုပ်မှာလည်း ထိခိုက်ပွန်းပဲ့တဲ့ ဒဏ်ရာတွေကြောင့် သွေးတွေ ထွက်နေတာပဲ။ သွေးတွေက မိုးရေတွေနဲ့ ရောသွားတော့ သွေးထွက်တာ ဘယ်လောက်များလဲ မပြောတတ်တော့ပြီ။
အောင်မလေး….. တော်တော် ရက်စက်လိုက်ပါဘိ မိုးမင်းကြီးရယ်။ အော်သာ ငိုလိုက်ချင်တော့တယ်။ ကျွန်ုပ်ရဲ့ ပညာ့ဘုံဗိမာန်လေးတော့ ပျက်စီးသွားပါပြီ။ ကျောင်းလေး ပျက်စီးသွားတာကို အသာထားလိုက်ပါဦး။ ကလေးတွေ တစ်ခုခုများ ဖြစ်ကုန်ကြ ပြီလား။ ကျွန်ုပ်လည်းပဲ ကိုယ့်ရဲ့ ခန္ဓာကို ထိခိုက်သွားတဲ့ ဒဏ်ရာတွေကို မကြည့်အား။
မိုးနဲ့ လေကလည်း ကျွန်ုပ်ကို မျက်နှာသာ မပေးသေး။ ဆက်ပြီးတော့ ရွာနေတုန်းပါပဲလား။ ကလေးတွေ တစ်ယောက်မှ အသက်မသေဘူးကြဘူး လို့ သိလိုက်ရတယ်။ ကျိုးပဲ့တာလည်း မရှိဘူး။ ထိခိုက်ဒဏ်ရာ ရသူပဲ ရှိတယ်တဲ့။ တော်ပါသေးရဲ့။ ဘုရား၊ သိကြားမလို့။ ၀မ်းသာလိုက်သည် ဖြစ်ခြင်း။ ပြိုကျသွားတဲ့ ကျောင်းရဲ့ အပြင်မှာ ထိုင်နေကြတဲ့ ကလေးတွေဟာ ကျိုးပဲ့နေတဲ့ ကျောင်းခေါင်မိုးအောက်က ကျွန်ုပ် ထွက်လာတာကိုသာ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတော့တယ်။ ကလေးတွေက ပြင်းထန်လှတဲ့ မိုးကို အန်တုပြီး ကျွန်ုပ်ကို စောင့်နေကြရှာတယ်။ မိဘမဲ့ ဖြစ်နေတဲ့ ကလေးတွေရဲ့ အားကိုးစရာ မိဘဆိုတာက ကျွန်ုပ်ပဲ မဟုတ်လား။ ကျွန်ုပ်ကို ကလေးတွေက တွေ့လိုက်တော့ အားလုံး ပြုံးပျော်နိုင်သွားကြပြီ။ သူတို့လေးတွေရဲ့ မျက်နှာလေးတွေ ကို ကြည့်ပြီး ကျွန်ုပ်ရဲ့ ဒဏ်ရာတွေဟာ သက်သာသွား ပါပြီ။
ဪ မေတ္တာရဲ့ အေးချမ်းမှုဟာ ကျွန်ုပ်ရင်ထဲမှာ အေးမြသွားစေပါလား။
ကျွန်ုပ် သတိပြုမိတဲ့ အချိန်မှာတော့ ချုပ်ကြောင်းများစွာနဲ့ ဆွေးမြေ့နေတဲ့ ကျွန်ုပ်ရဲ့ အပေါ်ရုံသင်္ကန်း ဧကသီလေးတောင် ဘယ်နားမှာ ညှပ်ကျန်နေခဲ့မှန်း မသိတော့ဘူး။ အနီးနား ရပ်ကွက်က လူတွေလည်း သူတို့ရဲ့ ကလေးတွေကို လာခေါ်သွားကြပြီ။ မိဘမဲ့ မိန်ကလေးတွေကိုလည်း သီလရှင်ကျောင်းက ဆရာကြီး လာခေါ်သွားပြီ။ ကျွန်ုပ်နဲ့ မိဘမဲ့ ယောက်ျားလေးတွေတော့ ကျန်ခဲ့တာပေါ့။ ဒဏ်ရာ ရတဲ့ ကလေးတွေကို ဆေးထည့်ပေးရင်း မိုးတိတ်အောင် စောင့်နေရတယ်။
မညှာမတာ ရက်စက်လှတဲ့ ကိုရွှေမိုးကတော့ ကျွန်ုပ်တို့ကို အားရအောင် နှိပ်စက်ပြီးလို့ မောသွားပြီနဲ့တူ တယ်။ ညနေရောက်တော့ ငြိမ်ချက်သား ကောင်းသွားပြီ။
အင်း….. ဒီနေ့ ညတော့ ကျွန်ုပ်နဲ့ ဒီကလေးတွေ ဘယ်လိုများ အိပ်ကြရပါတော့မလဲ။ ယောက်ျားလေး တွေပဲ ဘာဖြစ်လဲ။ ပြိုကျသွားတဲ့ တဲကုပ် အကျိုးအပဲ့အထဲက အကောင်းလေးတွေကို ရှာပြီး ယာယီတဲကလေး ဆောက်လိုက်ရုံပေါ့။ ဒီနေ့နဲ့ ဒီညတော့ ဒီလိုပဲ အဆင်ပြေအောင် ကလေးတွေနဲ့အတူ ကျွန်ုပ်က စက်တော်ခေါ်ရ တော့ မှာပဲလေ။
အောက် အီးအီး…….အွတ်။
မနေ့က ယာယီဆောက်ထားတဲ့ ကျောင်းနံရံ ဓနိဖက်စကာပေါက်လေးတွေ ကြားထဲမှ ကျိုးတိုးကျဲတဲ နေရောင်က ကျွန်ုပ် မျက်နှာပေါ်ကို ကျလာတယ်။ ကျွန်ုပ်ကို အိပ်ယာက ထခိုင်းနေပြီ။ ခေတ်မမီသော်လည်း အချိန်မှန်ကို ပြနေသေးတဲ့ ကျွန်ုပ်ရဲ့ စားပွဲတင် နာရီဟောင်းလေးတောင် မနေ့ကတည်းက ဘယ်နားရောက်သွား မှန်း မသိတော့။ ဘယ်အချိန်ရှိလို့ ရှိမှန်းကို မပြောတတ်တော့ဘူး။ ကိုကြက်ဖကြီးလည်း ဘယ်ချိန်ကတည်းက ကျွန်ုကို နှိုးနေသလဲ မသိ။ အော်နှိုးရလွန်းလို့ အာညောင်းနေပြီနဲ့ တူတယ်။
အိပ်ယာထဲမှာ လှဲနေရင်းက ကျွန်ုပ်ရဲ့ ဦးခေါင်းကို ထောင်ကြည့်လိုက်မိတယ်။ ကလေးတွေကတော့ မနေ့က ပင်ပန်းလွန်းအားကြီးလို့ အိပ်နေလိုက်ကြတာ။ အတုံးအရုံးပါပဲ။ ကျွန်ုပ်ရဲ့ အာရုံဆွမ်းလေးလည်း ဘယ်ဆီများ ခရီးလွန် နေမှန်းကို မတွေးနိုင်တော့ဘူး။
ဟင်….. ကျွန်ုပ်နားထဲ ဆူညံသံတွေ ကြားနေရပါလား။ စကားပြောသံတွေပဲ။ လူသံတွေ။ ထူးဆန်းလှ ချည်လား။ စောစောစီးစီး ဘာများဖြစ်ကြတာပါလိမ့်။ ကျွန်ုပ်လည်း ကမန်းကတန်း အပြင်ကို ထွက်လာခဲ့တော့ တယ်။
လူတွေပါလား။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေ ဖြစ်မှာပဲ။ မြင်ဖူးတဲ့ လူတွေရော မမြင်ဖူးသေးတဲ့ လူတွေရောပဲ။
“အရှင်ဘုရား နေကောင်းပါရဲ့လား ဘုရား”
နှုတ်ဆက်ရင်း ကျွန်ုပ်ဆီကို လာနေကြပါလား။ သေချာပါပြီ။ ကျွန်ုပ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။
“နေကောင်းပါတယ် ဒကာကြီးတို့”
“တပည့်တော်တို့က အရှင်ဘုရားရဲ့ ကျောင်းလေး မနေ့က မိုးရွာတုန်း လေတိုက်ပြီး ပြိုလဲသွားတယ် သတင်းရလို့ လာကြည့်တာပါ ဘုရား”
“ဟုတ်တယ် ဒကာကြီးတို့ရေ၊ ပျက်စီးသွားတာကတော့ ဒကာကြီးတို့ အခု မျက်မြင်ပဲ”
ကျွန်ုပ်လည်း မြေကြီးနဲ့ ပြားပြားဝပ် မိတ်ဆက်နေတဲ့ ကျောင်းလေးကို လက်ညှိး ထိုးပြရင်း မနေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အားလုံးကို မှတ်မိသမျှ အားကိုးတကြီး ပြောပြလိုက်တယ်။ ကျွန်ုပ်ကလည်း ဒုက္ခရောက်နေတော့ အားကိုးရာ ရှာနေမိတာကတော့ အမှန်ပဲလေ။
“တပည့်တော်တို့က အရှင်ဘုရားရဲ့ စာသင်ကျောင်းလေးအတွက် လိုအပ်တဲ့ အကူအညီတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လာတာပါ ဘုရား၊ အဓိက ကတော့ ပြိုကျသွားတဲ့ စာသင်ဆောင်ကို အသစ် တည်ဆောက် ပေးမလို့ပါ ဘုရား”
ကြားလိုက်ရတဲ့ စကားက ဟုတ်မှ ဟုတ်ပါလေစ။ ကျွန်ုပ်နားကိုတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမိတယ်။ အိပ်မက် မက်နေတာတော့ မဟုတ်တန်ပါဘူး။ အိပ်မက် ဟုတ် မဟုတ် ဆိုတာ ကိုယ့်ပေါင်ကို လက်သည်းနဲ့ ထိုးဆိတ်စရာတောင် မလိုပါဘူး။ သေချာပါတယ်။ ဘ၀မှာ ကံ ဘယ်လောက်ပဲ ဆိုးဆိုး တစ်ကြိမ် တစ်ခါမှာတော့ ကံကောင်းတတ်တယ် ဆိုတာ ဒါပဲလား မသိ။ သိန်းထီ ထောင်ပေါင်းများစွာဆုကြီး ပေါက်တာထက်တောင် ကို ကံကောင်းသေးတယ်။ ကျွန်ုပ်စိတ်ထဲမှာ ထခုန်မတတ် ဖြစ်သွားပြီ။
“တပည့်တော်တို့က စုပေါင်းပြီး အလှူငွေဝိုင်းထည့်ကြမှာလေ ဘုရား။ စာသင်ဆောင်ကို စိတ်ချသွားရ အောင် အုတ်နဲ့ သွပ်မိုး တိုက်ကျောင်း ဆောက်မှာပါ ဘုရား”
ကြားနေရတဲ့ စကားလုံးတွေကတော့ တန်ဘိုးရှိလှတဲ့ စကားလုံးတွေ ပါပဲလား။ တစ်ခုမှ လွှင့်ပစ်စရာကို မရှိဘူး။ ကျွန်ုပ်လည်း ဧည့်သည်တွေကို နေရာထိုင်ခင်း ပေးဖို့တောင်မှ မေ့နေတယ်။ မေ့လည်း မေ့လောက်ပါ တယ်။ ကျွန်ုပ်ကိုယ်တိုင်ကိုက မနေ့က မိုးလေကြောင့် နေစရာတောင် ကောင်းကောင်း မရှိတော့ပဲကိုး။
ဒါနဲ့ ဧည့်သည်တွေနဲ့ အတူ ကျွန်ုပ်လည်းပဲ မြေကြီးပေါ်မှာပဲ ဖျာခင်းပြီး ထိုင်လိုက်ရတော့တယ်။ ဧည့်သည်တွေကတော့ မြို့ထဲက ငွေကြေးချမ်းသာတဲ့ လူတွေပဲ။ သဒ္ဓါတရား တော်တော် ရှိကြပါလား။ ငွေကြေး ချမ်းသာတိုင်း သာသနာကို ကြည်ညိုတတ်တဲ့ သဒ္ဓါတရား ရှိချင်မှ ရှိကြတာလေ။ သဒ္ဓါတရား ရှိတဲ့လူတွေကသာ မိမိတို့ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကို သာသနာအတွက် လိုအပ်တဲ့ နေရာတွေ၊ တန်ဘိုးရှိတဲ့ နေရာတွေမှာ အသုံးချ လှူဒါန်းကြတာ။ သဒ္ဓါတရား ခေါင်းပါးတဲ့ လူတွေ ပိုင်ဆိုင်ကြတဲ့ ငွေကြေးတွေကျတော့ သူတို့ရဲ့ ကာမဂုဏ် ခံစားဖို့ကိုပဲ အသုံးချနေကြတယ်။ ငွေကြေးချင်း တူပေမယ့် တန်ဘိုး ရှိပုံချင်းကျတော့ မတူကြဘူးနော်။
ကျွန်ုပ်ဆီကို အခုလာတဲ့ ဧည့်သည်တွေကတော့ ပရဟိတ စိတ်ဓာတ် အပြည့်အ၀ ရှိကြတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာမှာ ရဟန်းသံဃာရော လူတွေမှာပါ ပရဟိတ စိတ်ဓာတ် ရှိသူတွေ များများ ရှိဖို့ လိုအပ်တယ်။ ဒကာဒကာမတွေကလည်း မိမိတို့ အပင်ပန်းခံ လုပ်ကိုင် ရှာဖွေထားကြတဲ ချွေးနှဲစာ ငွေကြေးတွေကို တကယ် လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းကြဖို့ လိုတာပေါ့။ ဒါမှသာ သာသနာကို ရေရှည် ထိန်းသိမ်းထားနိုင်မှာလေ။ ဒီလိုမှ မဟုတ်ရင် လူမှုရေး အခက်အခဲတွေကို ကူညီပေးတဲ့ ဘာသာခြားတွေရဲ့ ဆွဲဆောင်မှု နောက်ကိုပဲ ဗုဒ္ဓဘာသာဝင်တွေက ပါသွားကြမှာ။
ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးဟာ ကလေးတွေအတွက် ပညာရည်တိုးတက် အောင် ပြုလုပ်ပေးရုံသာ မကဘူး၊ သူတို့လေးတွေရဲ့ အကျင့်စာရိတ္တပိုင်း ဆိုင်ရာရော၊ ဗုဒ္ဓဘာသာရဲ့ အတွေး အခေါ်ပိုင်း အတွက်ပါ သင်ကြားပေးတဲ့ ကျောင်းလေးပါ။ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတာ လေ။ အဲဒါဟာ ကျွန်ုပ်ကျင့်သုံးနေတဲ့ သာသနာ ပြုတဲ့နည်းစနစ် တစ်ခုဖြစ်တယ်။ သာသနာဆိုတဲ့ အဓိပ္ပာယ်က မြတ်စွာဘုရားရဲ့ အဆုံးအမပဲ မဟုတ်လား။ အဲဒီ အဆုံးအမတွေကို ကျွန်ုပ်က ကလေးတွေရဲ့ နှလုံးသားထဲကို အုတ်မြစ်ချပေးနေတာပေါ့။ ကျွန်ုပ်ရဲ့ ကျောင်းက ကလေးတွေဟာ လိမ်မာယဉ်ကျေးလာကြပြီ ဆိုရင် မြန်မာနိုင်ငံ မှာ လူဆိုးတွေကို ထိန်းသိမ်းမယ့် ထောင် တစ်ထောင်ကို ပိတ်ပေး လိုက်နိုင်တာနဲ့ အတူတူပါပဲ။
ကလေးတွေဟာ အနာဂတ်ရဲ့ သားကောင်းရတနာတွေ ဖြစ်သလို သာသနာအတွက်လည်း ရေသောက် မြစ်တွေပါပဲ။
ကျွန်ုပ် စစ်ကိုင်းမှာ သီတင်းသုံးနေတုန်းကပေါ့။ ငွေကြေးချမ်းသာတဲ့ ဒကာတစ်ဦးက ယတြာချေတယ် ဆိုလားပဲ။ စစ်ကိုင်းတောင်မှာ ဘုရားစေတီ တစ်ဆူ လာတည်တယ်။ ကျွန်ုပ်ကတော့ ပြောလိုက်ပါတယ်။
“ဒကာကြီး ဘုရားစေတီ တည်ချင်ရင် စေတီတွေ ပေါများလှပြီ ဖြစ်တဲ့ စစ်ကိုင်းတောင်မှာ မတည်ပါနဲ့တော့လား။ စေတီ မရှိသေးတဲ့ ဝေးလံတဲ့ နေရာတွေမှာ လူတွေ ကြည်ညိုသဒ္ဓါ ပွားများနိုင်အောင် သွားတည်ပါလား ဒကာကြီး။ ဒါမှ မဟုတ်ရင်လည်း အခု စေတီတည်ဖို့ ကုန်ကျတဲ့စရိတ်တွေ အားလုံးကို ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို သွားပြီးတော့ လှူလိုက်ရင် ပိုကောင်းလိမ့်မယ်။ တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူတာဟာ တကယ်ကို အကျိုးကြီးလှပါတယ် ဒကာကြီး။ အဲဒါဟာ လူသားတွေရဲ့ နှလုံးသားထဲ ဘုရားတည်ပေးလိုက်တာပါပဲ”
အဲဒီ ဒကာကြီး ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ။ ကျွန်ုပ်ကတော့ ပြောလိုက်တာပဲ။ သာသနာ့ ခေါင်းဆောင် လုပ်နေတဲ့ ရဟန်းသံဃာ ပုဂ္ဂိလ်တွေဟာ သာသနာ အကျိုးအတွက် ဆိုရင် အမုန်းခံပြီး ပြောသင့် ရင်လည်း ပြောရမှာပဲလို့ ကျွန်ုပ်ကတော့ ခံယူထားတယ်။ မြန်မာနိုင်ငံမှာ မလိုအပ်တဲ့နေရာတွေမှာ စေတီတွေကများလာပြီး ဗုဒ္ဓဘာသာ ကလေးတွေက ဘာသာခြားတွေရဲ့ နောက်ကို ပါသွားလို့ လျော့လျော့ ကုန်တာကို ပြန်ပြီးတော့ ကယ်တင်ရမယ် ဆိုတာက ကျွန်ုပ်ရဲ့ တာဝန်တစ်ရပ်ပေပဲ ဗျ။
အခုဆိုရင် ကျွန်ုပ် ဂုဏ်ယူပြီး ပြောနေတဲ့ ပညာ့ဘုံဗိမာန် (တဲကုပ်) လေးဟာ ကျွန်ုပ်မက်ခဲ့တဲ့ အိပ်မက် ထဲက ပညာ့ဘုံဗိမာန် (တိုက်ကျောင်း) တကယ်ကို ဖြစ်သွားခဲ့ရပါပြီ။ တိုက်ကျောင်း စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကလေးတွေကို ကျွန်ုပ်ကြည့်ရင်း ရင်ထဲမှာ ၀မ်းသာကြည်နူးမိနေပါတယ်။ ပီတိတွေလည်း ဖြစ်နေမိပါတယ်။ လိုအပ်နေတဲ့ နေရာတွေကို အမှန်တကယ် လှူတတ်တဲ့ ငွေကြေးချမ်းသာ လူပုဂ္ဂိုလ်တွေကြောင့် မိဘမဲ့ ကလေးတွေ အပါအ၀င် ကလေးတွေ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ကွန်းခိုရာ၊ မှီခိုရာ အားကိုးရာ နေရာလေး ရရှိသွားခဲ့ရပြီ။
မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဆုံးမ သြ၀ါဒလေး တစ်ခုကို ကြားယောင်နေမိ တယ်။
စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ မုချ အောင်ပွဲစံ။
ပရဟိတ လုပ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကလည်းပဲ အတွင်းအားရော အပြင်အားပါ ဖြည့်တင်းထားဖို့တော့ လိုအပ်လိမ့်မယ်။ အတွင်းအားကတော့ သီလ၊ သမာဓိ၊ ပညာ။ အပြင်အားကတော့ ကျွန်ုပ်တို့ လေ့လာဆည်းပူးနေ တဲ့ ဘွဲ့တွေ၊ ဒီဂရီတွေပဲပေါ့။ အတွင်းအားနဲ့ အပြင်အား အတူတကွပေါင်းစည်း ကြိုးစားသွားမယ် ဆိုရင် ကျွန်ုပ်တို့ရဲ့ ပရဟိတ လုပ်ငန်းတွေဟာ အောင်မြင်မှာ မလွဲမသွေပဲ လို့ ပြောနိုင်ပါတယ်။ အတွင်းအားနဲ့ အပြင်အား တစ်ခုခု ချို့ယွင်းနေမယ် ဆိုရင်တော့ အခက်အခဲတွေ ရှိလာနိုင်တယ်။
အခုဆိုရင် ကျွန်ုပ်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာ့ဘုံဗိမာန် တိုက်ကျောင်းလေးကတော့ နှစ်စဉ် ကျောင်းသားပေါင်း ရာချီပြီးတော့ မွေးထုတ်ပေးနိုင်နေပြီ။ လောကီ အတတ်ပညာတွေကိုသာမက လောကုတ္တရာ အသိပညာတွေပါ သင်ကြားပေးနိုင်ပြီ။ လောကီ အတတ်ပညာတွေကတော့ ဒီဘ၀ တစ်ဘ၀စာ ပေါ့။ လောကုတ္တရာ အသိပညာကျတော့ သံသရာ တစ်လျှောက်လုံး အတွက်ပေါ့။ နိဗ္ဗာန် မရောက် မချင်းထိပါပဲ လေ။
ကျွန်ုပ်ရဲ့ ကျောင်းမှာ ကျောင်းဖွင့်ရက် တစ်ပတ်ကုန်ဆုံးတဲ့ သောကြာနေ့ ညနေတိုင်း မြတ်စွာဘုရား ဟောကြားထားတဲ့ (၃၈)ဖြာ မင်္ဂလာ တရားတော်ကို တစ်ခုချင်းစီ ဟောပြော သင်ကြားပေးနေတယ်။ ပညာသင်နှစ် တစ်နှစ် ပြည့်တာနဲ့ မင်္ဂလာ (၃၈)ခု စလုံး ကုန်သွားတော့တာပဲ။ ကျွန်ုပ်ဟာ ကလေးတွေရဲ့ နှလုံးသားမှာ ဗုဒ္ဓသာသနာ စေတီ တည်ပေးနေတာပါလား လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေမိတယ်။ ၀မ်းသာ ကြည်နူးလိုက်သည့် ဖြစ်ခြင်း။
ရက်ကို လစား။ လကို နှစ်စား။ အင်း….. ခုနှစ်သက္ကရာဇ်တွေတောင် တော်တော် ကုန်လွန်ခဲ့ကြပြီပဲ။ ကျွန်ုပ်ရဲ့ ဦးခေါင်းက ကျိုးတိုးကျဲတဲ ဆံကေသာတွေတောင် အဖြူရောင် သန်းနေကြပါပြီကော။
“ကလောင်….. ကလောင်….. ကလောင်…..”
ကျွန်ုပ်တွေးနေတာ ဘယ်လောက်ကြာသွားမှန်းကို မသိတော့ပါဘူး။ ညနေခင်း အိမ်ပြန်ကျောင်းဆင်းချိန် ခေါင်းလောင်းတောင် ထိုးနေပြီ။ ကလေးတွေဟာ ကမ္ဘာမကျေသီချင်းကို တက်တက်ကြွကြွ သံပြိုင်သီဆိုကြ တယ်။ ပြီးတော့ သားသမီးဝတ်တရားငါးပါး၊ တပည့်ဝတ်တရားငါးပါး အဲဒီလင်္ကာလေးတွေကို ညီညီညာညာ ရွတ်ဆိုနေကြတယ်။ မင်္ဂလာ ရှိလိုက်လေခြင်း။
ကလေးတွေဟာ စာသင်ဆောင် တိုက်ကျောင်း ပညာ့ဘုံဗိမာန်ခန်းမဆောင်ကနေ ပြေးထွက် လာကြပြီ။ ကျွန်ုပ်ရဲ့ ကျောင်းဝင်းထဲမှာ ပျော်ရွင်စွာ ပြေးလွှားနေကြတဲ့ ကလေးတွေဟာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ဖူးပွင့်လာမယ့် အဘိုးတန်ရတနာလေးတွေ ပါလား။ မျှော်လင့်ချက် အလင်း ရောင်စဉ်တန်းလေးတွေ သူတို့မှာ ထွန်းလင်းတောက်ပ နေကြပြီ။
နောင် နှစ်ပေါင်းများစွာ ကြာတဲ့ အချိန်အထိ ကျွန်ုပ်ရဲ့ အသက်ဝိညဉ် မရှိတော့တဲ့ အချိန်မှာလည်း အဲဒီ ပညာ့ဘုံဗိမာန်တိုက်ကျောင်းလေးဟာ ပညာတတ် သာသနာ့ သူရဲကောင်းလေးတွေ မွေးထုတ်ပေးနေဦးမှာပဲ။ သြော် သူတို့လေးတွေကို ကြည့်ပြီးတော့ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ စကားက ကျွန်ုပ်အတွက်တော့ တကယ်ကို မှန်တဲ့ စကားလေးပါပဲလား။
ကျောင်းဆင်းလို့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့ ကလေးတွေရဲ့ အမြင်အာရုံတွေနဲ့ အတူ …..
ဟိုး….. အဝေး တစ်ချိန်တုန်းက ဓနိဖက်မိုး၊ ဓနိဖက်ကာလေးနဲ့ ကလေးတွေကို ပညာသင်ပေးနေခဲ့တဲ့ ကျွန်ုပ်ရဲ့ ကိုယ်ဟန်အမူအယာ ရုပ်ပုံ ကျွန်ုပ်ရဲ့ အသံ၊ ပြီးတော့ ကလေးတွေရဲ့ ကိုယ်ဟန်အမူအရာ ရုပ်ပုံ ကလေးတွေရဲ့ အသံလေးတွေ အားလုံးကိုပဲ ပြန်ပြီးတော့ မြင်ယောင်နေမိ၊ ကြားယောင်နေမိ ပါတော့တယ်…..
“ကကြီး”
“ကကြီး”
“ခခွေး”
“ခခွေး”
“ဂငယ်”
“ဂငယ်”
“……..”
“……..”
(မှတ်ချက် - ကျွန်ုပ်၏ ဖြစ်ရပ်မှန်တစ်ခုကို တန်ဆာဆင်၍ ရေးဖွဲ့သီကုံးထားပါသည်)

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://www.ashinnyanadipa.com

Read more...

အမေနှင့် လျှပ်တစ်ပြက် မေတ္တာအကြောင်း... (အရှင်အာစာရာလင်္ကာရ)



အရှင်အာစာရာလင်္ကာရ...

အမေနှင့် လျှပ်တစ်ပြက် မေတ္တာအကြောင်း...










Read more...

Wednesday, October 14, 2009 အပြစ် ကျေအေးနိုင်ပါသလား -

မိဘကျေးဇူး၊ မြင့်မိုရ်ဦး၊ အထူးဆပ်နိုင်စေ။
မိဘစော်ကား၊ ပြစ်ကြီးမား၊ ဘုရားဟောမိန့်ခြွေ။
မိဘနှစ်ထွေ၊ ကိုယ့်ကြောင့်သေ၊ ရောက်လေ ငရဲပြေ
ဘုရားသော်မှ၊ ကယ်မရ မုချ မှတ်ပါလေ ၊

မေး။ ။ လူတစ်ယောက်သည် သူ အဖေ-အမေမှန်း မသိခင် အရွယ်ကပင် သူ့ဖခင်နှင့် ကွဲကွာခဲ့၏။ ထိုလူ အသက်ရလာသောအခါ သူ့အဖေနှင့် ဆန့်ကျင်ဘက်ရန်သူအဖြစ် ပြန်တွေ့ကြရ၏။ သူ့အဖေမှန်း မသိ၊ ရန်သူအဖြစ်သာ သတ်မှတ်ထား၏။ ထိုသူက ရန်သူဖြစ်သူ (အဖေ) အား အဖေမှန်းမသိဘဲ သတ်မိခဲ့သော် ပိတုဃာတက ကံကြီး ထိုက်/မထိုက် ဖြေကြားပေးတော်မူကြပါရန် ပန်ကြားအပ်ပါသည်။

သိလိုသူတစ်ဦး

ဖြေ။ ။ ထိုက်ပါသည်။ ဤမျှဖြင့်ပင် အထက်ပါ မေးခွန်း၏အဖြေ ပြီးပြည့်စုံပါ၏။ သို့သော် အကျယ်ဝေဘန်၍ ဖြေဆိုမှ စာဖတ်သူများ ဘဝင်ကျနိုင်ဖွယ်ရှိသောကြောင့် လေ့လာမိသမျှ ဖြေဆိုပြပါဦးမည်။
ရှေးဦးစွာ ပါဏာတိပါတကံထိုက်သော (ဝါ) သူ့အသက်သတ်မှု မြောက်သော အင်္ဂါအချက်အလက်တို့ကို သိထားသင့်ပါ၏။ အင်္ဂါတို့မှာ-
(၁) ပါဏော=သတ္တဝါလည်းမှန်စေ၊ (၂) ပါဏသညိတာ= သတ္တဝါမှန်း သိသည်လည်းဖြစ်စေ၊ (၃) ဝဓကစိတ္တံ= သတ်လိုသော စိတ်စေတနာ ရှိသည်လည်းဖြစ်စေ၊ (၄) ပယောဂေါ = သတ်ဖြတ်မှု လုံ့လတစ်ခုခုကို ပြုသည်လည်းဖြစ်စေ၊ (၅) တေန မရဏံ= ထို့လုံ့လကြောင့်ပင် သေသည်လည်းဖြစ်စေ၊ ဤအင်္ဂါ ၅-ချက်စုံမှ ပါဏာတိပါတကံ မြောက်၏။ (အဘိ၊ဋ္ဌ၊၁၊၁၄၀)

အထက်ပါမေးခွန်းတွင် ဖခင်မှန်း မသိသည်မှတစ်ပါး ဤအင်္ဂါ ၅-ချက်နှင့်ကား ပြည့်စုံ၏။ ထို့ကြောင့် ပါဏာတိပါတကံ ထိုက်သည်မှာတော့ သေချာ၏။ ဤတွင် သိလိုသည်က ပိတုဃာတက ကံ ထိုက်မထိုက်။ ဖခင်မှန်း မသိသည့်အတွက် မထိုက်လေသလား-ဟု ယုံမှားဖွယ်ရှိ၏။ သိသိ မသိသိ ထိုက်ပါသည်။ ထိုက်သည့်အကြောင်း ကိုလည်း ရှင်းပါမည်။
ပါဏာတိပါတအမှုပြုရာတွင် အကောင်သေးလျှင် အပြစ်ငယ်၏။ အကောင်ကြီးလျှင် အပြစ်ကြီး၏။ အဘယ့်ကြောင့်ဆိုသော် လုံ့လ ပယောဂ အနည်းအများကြောင့်တည်း။

( ဥပမာ- ခြင်ကိုသတ်လျှင် ဖြတ်ကနဲဆိုပြီး၏။ ဆင်ကိုသတ်လျှင် အားပါးစိုက်၍ အကြိမ်များစွာ ပြုရ၏။) လုံ့လပယောဂ အားထုတ်မှုတူလျှင် ဂုဏ်အကြီးအငယ်လိုက်၍ အပြစ်အကြီးအသေး ကွာခြား၏။ ဂုဏ်ကျေးဇူး ရှိ/မရှိခြင်း တူပြန်လျှင် သတ်သည့်အခါ၌ ဖြစ်သော ဒေါသ-မောဟ-စသော ကိလေသာ အနည်းအများ၊ အားထုတ်မှု အနုအရင့်လိုက်၍ အပြစ်အကြီးအသေး ကွဲပြား၏။ (အဘိ၊ဋ္ဌ။၁၊၁၄၀)

အထက်ပါ သဘောတရားတို့တွင် မိမိသတ်အပ်သူက ဂုဏ်ကျေးဇူး ကြီး/မကြီး မသိသော်လည်း ဂုဏ်ကျေးဇူးကြီးသူကို သတ်မိလျှင် အပြစ်ကြီးသကဲ့သို့ ဖခင်မှန်း မသိသော်လည်း ဖခင်ကို သတ်မိလျှင် ပိတုဃာတကကံ ထိုက်၏ဟု သိအပ်၏။
ဤတွင် ပို၍ သံသယရှင်းနိုင်ရန် ဝိနည်းဒေသနာတော်၌ လာသော အဆုံးအဖြတ်အချို့ကို ပြဆိုပါဦးမည်။
“ရဟန်းတစ်ပါးသည် တစ်ခုသောအရပ်၌ အိပ်နေသော သိုးတစ်ကောင်ကို မြင်၍ “ညအခါ လာ၍ သတ်အံ့”ဟု နေရာကို မှတ်သားထား၏။ ထိုသိုးအိပ်နေသောနေရာ၌ ထိုရဟန်း၏ ဖခင်သည် သိုးမွေးအဆင်းနှင့်တူသော ဖျော့တော့သောအဆင်းရှိသော သင်္ကန်းကို ဝတ်၍ အိပ်နေ၏။ ထိုရဟန်းသည် ညအချိန်တွင် “သိုးကိုသတ်အံ့”ဟု ကြံ၍ အဖကို သတ်မိလေ၏။ “ဤအိပ်နေသော သတ္တဝါကို သတ်အံ့” ဟူသော စေတနာ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် လူသတ်သမားလည်း ဟုတ်၏။ အာနန္တရိယ (ပိတုဃာတက) ကံလည်း ထိုက်၏။ ပါရာဇိကလည်း ကျ၏။ (ဝိ၊ဋ္ဌ၊ ၂၊ ၄၄)

အထက်ပါ အဆုံးအဖြတ်တွင် ရဟန်းနေရာ၌ လူကိုထည့်ကာ နောက်က ပါရာဇိကကို ဖြုတ်၍မှတ်လျှင် သံသယကင်း၍ ရှင်းလင်းသွားပါလိမ့်မည်။
ဗဟုသုတတိုးပွားပြီး မှတ်သားဆင်ခြင်နိုင်ရန် အမေး+အဖြေပုံစံ ဖြင့် ဆက်လက်ပြဆိုပါဦးမည်။

မေး။ ။ အမိသတ်ခြင်းနဲ့ အဖသတ်ခြင်း ဘယ်သင်းက ပို၍ အပြစ်ကြီးပါသလဲ။
ဖြေ။ ။ အမိက သီလရှိလျှင် အမိသတ်ကံ၊ အဖက သီလရှိလျှင် အဖသတ်ကံက ပို၍ အပြစ်ကြီးပါတယ်။

မေး။ ။ မိဘနှစ်ပါးလုံး သီလရှိ/မရှိအားဖြင့် တူမျှလျှင်ကော။
ဖြေ။ ။ အမိသတ်ကံက ပိုအပြစ်ကြီးပါတယ်။

မေး။ ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မိခင်က ပိုပြီး ကျေးဇူးများလို့ပါ။ (အဘိ၊ဋ္ဌ၊၂၊၄၁၀)

မေး။ ။ ကိုယ့်မိဘက နဂါးစတဲ့ တိရစ္ဆာန်ဖြစ်နေရင်ကော ကံကြီးထိုက်ပါသလား။
ဖြေ။ ။ မထိုက်ပါဘူး။ သတ်သူ လူသားက လူသားစင်စစ် ဧကန်ဖြစ်တဲ့ မိဘအရင်းကို သတ်မိမှ ကံကြီးထိုက်ပါတယ်။ ကံကြီးမထိုက်ပေမဲ့ ကံကြီးနီးပါး အပြစ်ကြီးပါတယ်။

မေး။ ။ ဒီပိတုဃာတက ကံစတဲ့ ကံကြီးတွေရဲ့ သဘောသဘာဝနဲ့ အမည်နာမတွေကို ပြောပြပါဦး။
ဖြေ။ ။ ဒီ အဖသတ်ခြင်းစတဲ့ ကံကြီးတွေဟာ သေသည်၏ အခြားမဲ့မှာ အပါယ်ပဋိသန္ဓေအကျိုးကို ဧကန်ပေးတတ်တဲ့အတွက် အာနန္တရိယကံ လို့ ခေါ်ပါတယ်။ သေပြီးနောက် အဝီစိငရဲကို မုချရောက်ရမှာပါ။ ငါးမျိုး ရှိတဲ့အတွက် ငါးခုဟော ပဉ္စ-သဒ္ဒါနဲ့ပေါင်းပြီး ပဉ္စာနန္တရိယကံလို့ ခေါ်လေ့ရှိပါတယ်။ အားကြီးတဲ့အတွက် (တနည်း) အကျိုးကြီးမားတဲ့ အတွက် ဂရုက ကံလို့လည်း ခေါ်ပါတယ်။ အနီးဖြစ်တဲ့ ဒုတိယဘဝမှာ ခံစားရမှာ ဖြစ်တဲ့အတွက် ဥပပဇ္ဇဝေဒနီယကံလို့လည်း ခေါ်ပါတယ်။

မေး။ ။ ကုသိုလ်တွေ အများကြီးလုပ်ရင်ကော အပြစ်မကျေ နိုင်ဘူးလား။
ဖြေ။ ။ စကြဝဠာတစ်ခုလုံး မဟာစေတီလောက်ရှိသော ရွှေပုထိုးတော်ဖြင့် ပြည့်စေ၍သော်လည်းကောင်း၊ စကြဝဠာတစ်ခုလုံး အပြည့်ထိုင်နေသော ရဟန်းအပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူ၍သော်လည်းကောင်း၊ ဘုရားရှင်၏ သင်္ကန်းစွန်းကို မလွှတ်မူ၍ လှည့်လည်နေသော်လည်းကောင်း အပြစ်မကြေနိုင်။ သေသည်မှ နောက် ငရဲသို့ ရောက်ရသည်သာတဲ့။ (အဘိ၊ဋ္ဌ၊၂၊၄၀၇) (အဘိ၊ဋ္ဌ။၁၊၃၉၂-တွင် ဥပမာတစ်မျိုးပြ၏။)

မေး။ ။ ဈာန် မဂ် ဖိုလ် ရသည်အထိ အားထုတ်မယ် ဆိုရင်ကော မကျေနိုင်ဘူးလား။
ဖြေ။ ။ ရကို မရနိုင်တာပါ။ နတ်ရွာ- နိဗ္ဗာန်-မဂ်-ဖိုလ်-ဈာန်ကို ဧကန် တားမြစ်နိုင်တဲ့ အန္တရာယ် ၅-ပါးထဲမှာ ပဉ္စာနန္တရိယကံကို ကမ္မန္တရာယ် လို့ ခေါ်ပါတယ်။ (ဝိ၊ဋ္ဌ၊၃၊၁၃၈)

အဇာတသတ်မင်းဟာ သာမညဖလ သုတ်တော်ကို နာကြားရတဲ့အချိန်မှာ ဖခင်ဗိမ္ဗိသာရကိုသာ မသတ်ခဲ့မိ ဘူးဆိုရင် တရားတော်အဆုံးမှာ သောတာပတ္တိမဂ်ဖိုလ်ကို ရနိုင်တယ်လို့ ဆိုပါတယ်။ (ဒီ၊ဋ္ဌ၊၁၊၂၁၂)

မေး။ ။ ကိုယ်တိုင်မသတ်ဘဲ လူငှါးသတ်ခိုင်းရင်ကော။
ဖြေ။ ။ အတူတူပါပဲ။ အင်္ဂါ ၅-ပါးထဲက (၄)နံပါတ်ဖြစ်တဲ့ ပယောဂေါ-အရ ကိုယ်တိုင်သတ်ခြင်း၊ သူတစ်ပါးကို အသတ်ခိုင်းခြင်း၊ သေချင်နေသူ အလွယ်တကူ သေလို့ရအောင် လက်နက်များ ရှာပေးထားခြင်း၊ ငြီးငွေ့နေတဲ့လူနာကို သေချင်လာအောင်ပြောခြင်း၊ အလွယ်တကူ သတ်သေတဲ့နည်းတွေ ပြောပြခြင်းစတဲ့ ကာယပယောဂ ဝစီပယောဂ တစ်ခုခုကို - သတ်ဖို့အားထုတ်ခြင်းလို့ ဆိုပါတယ်။ (ပါတိမောက်-ဘာဋီ)

(ဆေးရုံတွင် မျှော်လင့်ချက်မရှိတော့သော မိဘကို ကုသမှုများ ရပ်ဆိုင်းကာ ဆေးထိုး၍ ချမ်းသာစွာ အသက်ထွက်စေသော သားသမီး များ အာနန္တရိယ ကံကြီးထိုက်နိုင်သည်ကို သတိပြုပါ။)

အရှင်ကောဝိဒ(ယော)
| |

Read more...

နိဗဒ္ဓကုသိုလ် (၇) မျိုး



077-NIBADDHA.KUTHO.mp3 -

Read more...

ဘ၀အရေး စိတ်အေးကြောင်း

ဒီကနေ့ ဘဝအရေး စိတ်အေးရလေအောင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်၊ လူ တိုင်းလူတိုင်းဟာ ဘဝရထားလို့ ဘဝအရေးမှာ စိတ်အေးကြရပြီလား? ဘဝအရေး စိတ်အေးဖို့ ဘာတွေလို အပ်သလဲ? ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ-က ဟောကြားထားတဲ့ တရားဓမ္မတွေ ရှိတယ်၊ ဘဝ တစ်ခုရ ထားတဲ့ပုဂ္ဂိုလ်တွေ ဘဝအရေး စိတ်အေးဖို့ ဘာတွေလုပ်ရမလဲဆိုတာ မှန်ကန်တဲ့ နည်းလမ်းကို ချမှတ်ပြီးတော့ ဟောပြောထားတာရှိတယ်။
သို့သော် လောကမှာရှိတဲ့ လူသားတွေကတော့ ဘဝအရေးစိတ်အေးဖို့ဆိုတာ တခြားနည်းနဲ့ပဲ တွေးပြီး တော့ လုပ်ဆောင်ထားလေ့ရှိကြတယ်၊ စီးပွားဥစ္စာတွေ ပြည့်စုံတယ်၊ နေစရာထိုင်စရာတွေ အကုန်ပြည့်စုံတယ်၊ လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဘဝတစ်ခုရရှိထားပြီဆိုရင် လူတွေက ပြောကြတယ်၊ ဘဝအရေးတော့ စိတ် အေးရပြီတဲ့၊ တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား?။
မရှိတဲ့လူကလည်း စိတ်မအေးရဘူး၊ ရှိတဲ့လူကလည်း စိတ်မအေးရဘူး၊ ဒါဖြင့် စိတ်အေးရတယ်၊ စိတ်မ အေးရဘူးဆိုတာ ရှိ၊ မရှိနဲ့ သက်ဆိုင်ရဲ့လား၊ မသက်ဆိုင်ဘူး၊ ပိုက်ဆံချမ်းသာတဲ့လူကလည်း စိတ်အေးရတာ မဟုတ်ဘူး၊ ဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်း စိတ်အေးရတာ မဟုတ်ဘူး။
ဘဝသံသရာခရီးကို လျှောက်တဲ့အခါမှာ ဒီဘဝ နောင်ဘဝဆိုတာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ လူတွေဟာ မိမိတို့ ဒီဘဝမှာရှိနေကြတယ်၊ ဒါကိုတော့ လူတိုင်းလက်ခံကြတယ်၊ နောင်ဘဝ ရှိတယ်၊မရှိဘူး ဆိုတာကိုတော့ လူတိုင်းလက်မခံဘူးပေါ့၊ သို့သော်လည်း ဒီဘဝအရေးစိတ်အေးရတဲ့ ပုဂ္ဂိုလ်တွေကော ရှိရဲ့လား ဆိုလို့ရှိရင် မရှိနိုင်ဘူးပေါ့၊ လုံးဝစိတ်အေးရ ပြီလို့ပြောတဲ့ပုဂ္ဂိုလ်က တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား?၊ မဟုတ်ဘူး၊ သို့သော် လူတွေကတော့ ပြောကြတယ်၊ ဘဝအရေး စိတ်အေးရပြီတဲ့။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ဟောပြောချက်က လောကလူသားတွေရဲ့ အမြင်နဲ့ တလွဲစီပဲ ဖြစ်တာများတယ်၊ ဘဝအရေးစိတ်အေးဖို့ဆိုတဲ့ အကြောင်းအခြင်းအရာနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ''သံယုတ္တနိကာယ် အာဠဝကသုတ္တန်''မှာ ဟောထားတာရှိတယ်။

အာဠာဝကသုတ္တန်

အာဠဝကဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲ၊ ယက္ခလို့ခေါ်တဲ့ အင်မတန်ကြမ်းတမ်းတဲ့ ဘီလူးကြီး တစ်ကောင်၊ သို့သော် ဒီကနေ့အာဠဝကဟာ ထိုကဲ့သို့ ကြမ်းတမ်းတဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး၊ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မကို နာယူပြီးတဲ့အခါမှာ အင်မတန်မှ လိမ္မာယဉ်ကျေးတဲ့ သောတာပန်ပုဂ္ဂိုလ် ဖြစ်သွားပြီ၊ ပယောဂ ဆရာတွေက အာဠဝကမှော်သွင်းတယ် ဆိုပြီးတော့ ကြမ်းပြနေကြတုန်းပဲ ရှိသေးတယ်။
တကယ်တော့ စာလာပေလာ အာဠဝကဆိုရင် ကြမ်းစရာရှိပါဦးမလား၊ သောတာပန်ဖြစ်သွားရင် တော့ အာဠဝကဟာ ကြမ်းမဲ့ပုဂ္ဂိုလ် မဟုတ်တော့ဘူး၊ အင်မတန် လိမ္မာယဉ်ကျေးသွားပြီ၊ သူက ဘာပြောခဲ့ တုန်းဆိုရင်-
''သော အဟံ ဝိစရိဿာမိ၊
ဂါမာ ဂါမံ ပုရာ ပုရံ၊
နမဿမာနော သမ္ဗုဒ္ဓံ၊
ဓမ္မဿ စ သုဓမ္မတံ''
''တစ်ရွာကနေ တစ်ရွာ၊ တစ်နယ်ကနေ တစ်နယ်၊ တစ်မြို့ကနေ တစ်မြို့ မြတ်စွာဘုရားနှင့် တရားဓမ္မကို လက်အုပ်ချီမိုးရှိခိုးပြီး သွားလာပါ့မယ်''လို့ပြောတာ၊ ဘယ်လောက် ယဉ်ကျေးလဲဆိုတာသိသာတယ်၊ ဟိုရွာ ဟိုမြို့ ဟိုနယ် ဒီနယ် လျှောက်ပြီးသွားတဲ့အခါမှာ ဘုရားကိုသာလျှင် ဦးထိပ်ထားပြီးတော့ သူသွားပါ့မယ်လို့ ပြောတဲ့ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေပြီ၊ အင်မတန် လိမ္မာ ယဉ်ကျေးသွားပြီ၊ သို့သော် တစ်ချိန်တုန်းကတော့ အင်မတန်မှကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဟုတ်တယ်၊ စိတ်ကြမ်းကိုယ်ကြမ်း၊ အင်မတန်မှ ကြမ်းတမ်းပေမဲ့လို့ ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေကို နာလိုက်ရတဲ့အခါမှာ အလွန့်ကို သိမ်မွေ့ ယဉ်ကျေးသွားတဲ့ပုဂ္ဂိုလ် တစ်ဦး ဖြစ်သွားတယ်။

အနှစ်သာရ

အောင်ခြင်းရှစ်ပါးထဲမှာ တွေ့ကြလိမ့်မယ်ပေါ့၊ အာဠဝကဘီလူးချွတ်ခန်း ဆိုတာ၊ ဒီအာဠဝကကို မြတ်စွာဘုရားက အနိုင်ရလိုက်တာလေးကိုသာ ပြောကြတယ်၊ ထိုအာဠဝကက မေးလို့ မြတ်စွာဘုရားက ဖြေခဲ့တဲ့ တကယ့်အနှစ်သာရပိုင်းကို အသိနည်းနေကြသေးတယ်၊ ဒီကနေ့ အနှစ်သာရပိုင်းကို ကြည့်ကြရအောင်၊ ထိုအနှစ်သာရပိုင်းကသာလျှင် မိမိတို့အဖို့ တန်ဖိုးရှိတယ်လို့ မှတ်ထားရမယ်နော်။
တရားနာတဲ့အခါမှာ ဇာတ်လမ်း ဇာတ်ကွက်က အဓိကမဟုတ်ဘူး၊ တရားဓမ္မမှာလာတဲ့ လိုက်နာကျင့် သုံးစရာ သင်ခန်းစာတွေရဖို့က အရေးမကြီးဘူးလား?၊ ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ ဘယ်အရာတွေက အရေးကြီးသလဲဆိုတာ လူတိုင်း လူတိုင်း သိသင့်တာပေါ့၊ အရေးမကြီးတာတွေကို အရေးကြီးတယ်လို့ ထင်နေမယ် ဆိုရင် နောက်ဆုံးအချိန်ရောက်တဲ့အခါမှာ ဒုက္ခမရောက် ပေဘူးလား?။
ဒါ့ကြောင့်မို့ အရေးမကြီးတာကို အရေးကြီးတယ်လို့ မထင်မှားရလေအောင်, အရေးကြီးတာကိုလည်း အရေးမကြီးဘူးလို့ မထင်မှားရလေအောင် အရေးကြီးတာကို အရေးကြီးတယ်လို့ သိရမယ်၊ အရေးမကြီးတာကို အရေးမကြီးဘူးလို့ အမှန်အတိုင်းသိရမယ်။

နာယူရုံဖြင့်မပြီး

ထိုကဲ့သို့ အမှန်အတိုင်းသိဖို့အတွက် တရားဓမ္မ နာယူရတယ်၊ တရားက နာရုံ သက်သက်နဲ့အကျိုး ရှိမှာမဟုတ်ဘူး၊ ဆေးနဲ့အလားတူတယ်၊ ဆေးဆိုတာက သောက်မှ ရောဂါ ပျောက်မှာ၊ မိမိအိမ်မှာ အဆင်သင့် ဝယ်ထားပြီးတော့ ပုလင်းထဲထည့်, ထောင်ထားရုံနဲ့ ရောဂါ ပျောက်ပါ့မလား?၊ မပျောက်ဘူး။
ထို့အတူပဲ မြတ်စွာဘုရားတရားတော်ဟာ နာရုံ နာထားပြီး လိုက်နာကျင့်သုံးမှု မပြုဘူးဆိုရင် အကျိုး တရားကို အပြည့်အဝ ဖြစ်ထွန်းစေမှာ မဟုတ်ဘူး။
ဒါ့ကြောင့်မို့ မြတ်စွာဘုရားက လုပ်ငန်း-၂-ခု အမြဲတမ်းဟောခဲ့တယ်၊ နံပါတ်-၁-က ပရိယတ်တဲ့ သင်ရမယ်တဲ့၊ အခု နားထောင်တာဟာ သင်တာပဲ၊ နောက်တစ်ခုက ပဋိပတ်တဲ့ လက်တွေ့ကျင့်သုံးရမယ်တဲ့၊ ခေတ်စကားနဲ့ပြောရင် theoretical-နဲ့ practical-ပေါ့၊ theory-အနေနဲ့လည်းသိရမယ် လက်တွေ့လည်း ကျင့်သုံးနိုင်ရမယ်၊ theory-သာရှိပြီး လက်တွေ့ ကျင့်သုံးလို့ မရတဲ့တရားဆိုလည်း သိပ်တန်ဖိုးရှိမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် အသိဉာဏ်တစ်ခုဟာ လက်တွေ့ အသုံးချရတဲ့ အသိဉာဏ်မျိုးဖြစ်ဖို့လိုတယ်၊ ဒါကို apply-လုပ်တယ်လို့ ပြောကြတာပေါ့၊ လက်တွေ့ အသုံးချတဲ့ပညာဟာ အင်မတန်မှ တန်ဖိုးရှိတယ်။

အာဠဝကသုတ္တန်ဖြစ်ပေါ်လာပုံ

အာဠာဝက သုတ္တန်ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်းကို တိုတိုလေးပြောရအောင်၊ အာဠဝက ဇာတ်ကြောင်းက အားလုံး သိနေကြတယ်၊ တစ်ခါတုန်းက အာဠဝီပြည်နားမှာ အာဠဝကဘီလူးကြီး နေထိုင်ရာ ဘုံဗိမာန်ရှိတယ်၊ အဲဒီ ဘုံဗိမာန်ကြီးက ဘယ်နားရှိလဲ ဆိုတော့ အာဠဝီပြည်နဲ့ မလှမ်းမကမ်း တောစပ်ဝမှာ ညောင်ပင်ကြီးတစ်ပင် ရှိတယ်၊ အဲဒီညောင်ပင်ကြီး အောက်မှာ ရှိတယ်လို့ ပြောတယ်။
သူ့ရဲ့ဘုံဗိမာန်က မြင်ရလားလို့ဆိုတော့ မမြင်ရဘူး၊ လောကမှာ လူတွေပြောကြတယ်၊ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ်လို့ ပြောကြတယ်၊ ထို ရုက္ခစိုးနေတဲ့ ဗိမာန်ကို မြင်ရလားလို့ဆို မမြင်ရဘူး၊ လူတွေကတော့ ရုက္ခစိုးက သစ်ပင်ခွကြားမှာ တက်ထိုင်နေတယ်လို့ ထင်ကောင်းထင်မယ်၊ ကိုယ့်ဟာ ကိုယ်ထိုင်ကြည့်ပါလား၊ ဘယ်နှစ်ရက် ထိုင်နိုင်မှာတုန်း သစ်ပင်ခွကြား မထိုင်နိုင်ဘူးမဟုတ်လား?၊ တကယ်တော့လည်း ရုက္ခစိုးဆိုတာ သစ်ပင်မှာ နေတာမဟုတ်ဘူး၊ သစ်ပင်နဲ့ဆက်စပ်ပြီး သူ့ရဲ့ဘုံဗိမာန်ရှိတယ်။
အဲဒီဘုံဗိမာန်က သာခဋ္ဌဗိမာန်နဲ့ ရုက္ခဋ္ဌဗိမာန်လို့ နှစ်မျိုးရှိတယ်၊ သာခဋ္ဌဗိမာန်ဆိုတာက သစ်ကိုင်းနဲ့ဆက်ပြီးတော့ ဘုံဗိမာန်ကတည်နေတယ်၊ အဲဒီသစ်ကိုင်းတွေ ခုတ်လိုက်လို့ရှိရင် သူ့ရဲ့အဆောက်အဦး ပြိုကျသွားတယ်၊ ဒါက တစ်ခု။
တချို့ ရုက္ခစိုးတွေရဲ့ ဘုံဗိမာန်ကျတော့ ရုက္ခဋ္ဌလို့ခေါ်တယ်၊ သစ်ပင်ငုတ်တိုကြီး ရှိနေလည်း သူ့ ဗိမာန်မပျက်ဘူး၊ အဲဒါကြောင့်မို့ လူတွေကတော့ နတ်နေကိုင်းဆိုပြီးတော့ ချန်ချန်ထားကြတယ်လေ၊ အဲဒါနတ်ဗိမာန် မပြိုအောင်လို့ သစ်ခက်ကလေးကို ချန်ပြီးတော့ ခုတ်ကြတယ်၊ သာခဋ္ဌဗိမာန်မျိုးကို ပြောတာ၊ သာခဋ္ဌမှာ'သာခ'ဆိုတာ သစ်ခက်၊ 'ဋ္ဌ'ဆိုတာ တည်နေတာ၊ သစ်ခက်ပေါ်မှာ တည်ရှိနေတဲ့ ဘုံဗိမာန် လို့ပြောတာ၊ အဲတော့ သစ်ခက်တွေ ကုန်အောင်ခုတ်လိုက်လို့ ရှိရင်တော့ ဘုံဗိမာန်ကြီး ပြိုကျသွားပြီလို့သာ မှတ်ပေတော့၊ အဲဒီမှာ ရုက္ခစိုးက နေစရာ မရှိတော့ဘူး၊ လူတွေကမြင်ရလားဆိုတော့ မမြင်ရဘူး။
လောကမှာ လူတွေ မမြင်နိုင်ရတဲ့ အရာတွေ အများကြီးရှိတယ်၊ ရှိတော့ရှိတယ် မမြင်ရဘူး၊ မျက်စိနဲ့ မြင်လို့ရတာ တစ်ခုထဲပဲ ရှိတယ်၊ ဘာလဲဆိုတော့ ရူပါရုံ လို့ခေါ်တဲ့ အဆင်း တစ်ခုတည်းပဲမြင်လို့ရတယ်၊ ဒါဖြင့် ပုံပန်းသဏ္ဌာန်တွေကော မမြင်ရဘူးလားဆိုတော့ သဏ္ဌာန်က စဉ်းစားပြီး ယူတာ၊ မြင်တာက အဆင်း, ကျန်တဲ့ ပုံပန်းသဏ္ဌာန်က စိတ်ကူးပြီး ပုံဖော်ထားတာ၊ ဒါ့ကြောင့် မျက်စိက မြင်ရတယ်ဆိုတဲ့ ရူပါရုံကို အဆင်းလို့ ဒီလိုမြန်မာပြန်လေ့ရှိတယ်။
ဘုန်းကြီးတို့ သီဟိုဠ်မှာနေတုန်းက ဒကာကြီး တစ်ယောက်က မေးဖူးတယ်၊ မျက်စိနဲ့မြင်ရတာ colour-လား? Form-လား? လို့ သူကမေးတယ်၊ စာပေ ကျမ်းဂန်အရ ပြောမယ်ဆိုရင် colour-ကိုလည်း မြင်ရတယ်, form-ကိုလည်း မြင်ရတယ်လို့ ပြောရမယ်၊ သို့သော် colour- ကို မြင်ရတာ အဓိက၊ colour-လို့ ပြောပြန်လို့ရှိရင်လည်း colour-မဲ့တာတွေရှိနေတော့ တစ်မျိုးပြောရပြန်တယ်၊ အဲဒါကြောင့် မျက်စိနဲ့ မြင်ရတဲ့ ဟာကို visible object-လို့ပြန်တယ်၊ မျက်စိနှင့်မြင်ရတဲ့ အဆင်းလို့ ဒီလိုပဲ ပြန်ရတယ်၊ ဓမ္မသင်္ဂဏီပါဠိတော်မှာတော့ မျက်စိနဲ့ မြင်ပြီးသိရတဲ့ ပုံပန်းသဏ္ဌာန်တွေကိုပါ ထည့်ပြီး မြတ်စွာဘုရားက အဆင်းလို့ဟောတာ။
ရူပလို့ ခေါ်သော အရာသည် မျက်စိနဲ့ မြင်လို့ ရတဲ့အရာကို ပြောတာ၊ သို့သော် မျက်စိနဲ့ မြင်ပြီးတော့ စိတ်ကူးလို့ရတဲ့ အရာတွေကိုလည်း ထည့်သွင်းပြော တယ်လို့ မှတ်ပါ၊ မျက်စိနဲ့ မြင်လို့ရတဲ့အရာကို နားနဲ့ကြားရ ရဲ့လား၊ မကြားရဘူးနော်၊ သူ့ဟာနဲ့သူ တစ်ခုစီ၊ အဲဒီတော့ လူတွေရဲ့မျက်စိနဲ့ မြင်လို့မရတဲ့ အရာတွေဟာ လောကမှာ မြောက်မြားစွာရှိတယ်။
နတ်တို့၏ ဘုံဗိမာန်ကို လူတွေက မမြင်ကြရဘူးတဲ့၊ အဲဒီ သာခဋ္ဌဗိမာန်ဆိုတာ သစ်ခက်ပေါ်တည် နေသော ဗိမာန်၊ ထိုသစ်ခက်ကို ကုန်အောင်ခုတ်လိုက်ရင် ထိုရုက္ခစိုး၏ဘုံဗိမာန် ပျက်စီးသွားပြီး ရုက္ခဋ္ဌဗိမာန် ကတော့ သစ်ပင်သစ်ငုတ်ကျန်နေသေးသမျှ ကာလပတ်လုံး သူ့ဗိမာန် မပျက်စီးဘူးတဲ့ ဒီလိုပြောတာ၊ လူတွေလည်း ဘာထူးတုန်း- အိမ်ဆောက်ထားတဲ့နေရာ မြေပြို ကျသွားရင် အိမ်တွေ မပျက်စီးဘူးလား၊ အဲဒီသဘောပါပဲ၊ အဲတော့ လူတွေက မြေကြီးပေါ်မှာ အိမ်ဆောက်ပြီး နေတာ။
ရုက္ခစိုးဆိုတာလည်း သစ်ပင်ပေါ်မှာ သူ့ရဲ့ ဘုံဗိမာန် ပေါ်နေတာ, သူတို့ကျတော့ ကိုယ်တိုင်လုပ်လို့ ရတဲ့အရာ မဟုတ်ဘူး၊ သူတို့ဘဝက ကံပေါ်မှာ မှီတည် ပြီးနေရတယ်၊ ဒါကြောင့်မို့ နတ်တို့ရဲ့ဘဝကို ကံ၏ အကျိုးကိုမှီပြီး အသက်မွေးရတဲ့ ကမ္မဖလူပဇီဝီ၊ လူတွေနဲ့ အသက်မွေးပုံချင်း မတူဘူးတဲ၊့ လူတွေကျတော့ ဥဋ္ဌာနဖလူပဇီဝီ လုံ့လဝီရိယပေါ်မှီတည်ပြီး အသက်မွေးရတယ်တဲ့၊ ကြိုးစားရင် ကြိုးစားသလောက်ရတယ်၊ ကံတော့ ပါတာပေါ့၊ ဒါပေမဲ့ ကံကို ထိုင်စောင့်ပြီးနေလို့ လူ့ဘဝမှာ မရဘူး၊ လုံ့လဝီရိယကူရတယ်၊ နတ်ဘုံ နတ်ဘဝကျတော့ အဲလို မဟုတ်ဘူး၊ အားလုံးဟာ ကံပေးတဲ့အတိုင်း ထင်ရှားနေတယ်၊ ကံကုန်ရင်တော့ ဘာမှရှိမှာမဟုတ်ဘူး၊ ဒီလို ဆိုလိုတာနော်။
အဲဒီအာဠဝကဘီလူးကြီးရဲ့ ညောင်ပင်အောက်က ဗိမာန်ကြီးကို တောထဲသွားလာနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီညောင်ပင်ကြီးအောက် ဝင်နားနေကြပေမဲ့ မြင်ရတာ မဟုတ်ဘူး၊ သို့သော် ဗိမာန်ကြီးကရှိတယ်။
မြတ်စွာဘုရားက တစ်ရက်တော့ အဲဒီ ဗိမာန်ကြီး ထဲမှာသွားပြီး သီတင်းသုံးတယ်၊ အာဠဝက ဘီလူးကြီးက အစည်းအဝေးသွားနေတယ်၊ သူလည်း ပြန်ရောက်ရော ဘုရားကိုမြင်တော့ အလွန်စိတ်ဆိုးတယ်၊ သူက ဘုရားကို မကြည်ညိုဘူးလေ၊ သူတို့ စရိုက်နဲ့ ဘုရားဟောတဲ့ တရားက မကိုက်ဘူး၊ မကိုက်သည့်အတွက်ကြောင့် စိတ်တအားဆိုးတယ်၊ စိတ်ဆိုးပြီး မြတ်စွာဘုရားကို ဒုက္ခ အမျိုးမျိုးပေးတယ်ပေါ့။
မြတ်စွာဘုရားကို သူ့ဗိမာန်ထဲက ထွက်ခွာအောင် သူအစွမ်းကုန်လုပ်တယ် မရဘူး၊ နောက်ဆုံး ကျတော့ သူဘာလုပ်တုန်းဆိုရင် ''အရှင်ဂေါတမ၊ သူများခွင့်မပြုတဲ့ အဆောက်အဦးထဲ ဘာဖြစ်လို့ဝင် သလဲ?၊ အခုပဲ ထွက်သွားလိုက်ပါ''လို့ဆိုတယ်၊ အဲတော့ မြတ်စွာဘုရားက ''မင်း ထွက်စေချင် ထွက်တာပေါ''့ ဆိုပြီး ချက်ချင်းထပြီး ထွက်သွားလိုက်တယ်တဲ့၊ သူက အဲဒီတော့ စဉ်းစားတယ် ''အော် ဒီလိုတော့ လွယ်သားပဲ၊ ငါတစ်ညလုံး မောင်းထုတ်တာ မရဘူးပေါ့၊ ခုထွက်သွား လိုက်ပါဆိုတော့ လွယ်လွယ်ကူကူနဲ့ ထွက်သွားသားပဲ၊ တကယ်ပဲ သူ ငါပြောတာ လိုက်နာတာ ဟုတ်မဟုတ် စမ်းကြည့်ဦးမယ်'' ဆိုပြီး ''ကိုယ်တော် ပြန်ဝင်ခဲ့ဦး'' ဆိုတော့ ''အေး-မင်း ဝင်စေချင်ရင်လည်း ဝင်တာပေါ့'' လို့ဆိုပြီး ပြန်ဝင်လာခဲ့တယ်၊ အဲဒီလိုနဲ့ ထွက်လိုက်ဦးဆို ထွက်လိုက်၊ ဝင်လိုက်ဦးဆို ဝင်လိုက်၊ ၃-ခါ လောက်ရှိ အောင် သူက ခိုင်းတယ်။
ဒါဖြင့် ဒီဘီလူးခိုင်းတာ ဘာဖြစ်လို့ ဘုရားက လိုက်ပြီး လုပ်နေတာတုန်း ဆိုတော့၊ သူရဲ့စိတ်ဓာတ်ကို မြတ်စွာဘုရားက ကုစားနေတာ၊ အလကားလုပ်တာ မဟုတ်ဘူး၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ စိတ်ဆိုးနေတဲ့ လူတစ်ယောက်ကို ပိုစိတ်ဆိုးအောင်လုပ်ရင်ပိုပြီး စိတ်မဆိုးပေဘူးလား၊ အေး သူကျေနပ်အောင်လုပ်ပြ လိုက်တဲ့ အခါမှာ သူက ကျေနပ်သွားတယ်။
ကြည့်လေ ကလေးလေးတွေက တစ်ခုခုနဲ့ ခိုက်မိသွားလို့ ချော့တဲ့အခါမှာ လူကြီးတွေက လုပ်တယ် မဟုတ်လား၊ ဥပမာ- ကုလားထိုင်နဲ့ တိုက်မိလို့ ကလေးလေးက နာသွားလို့ငိုတယ်ဆိုရင် လူကြီးက ကုလားထိုင်ကို ''ကဲ တိုက်ဦးဟယ်၊ တိုက်ဦးဟယ်''လို့ ရိုက်လိုက်တဲ့အခါ ကလေးလေးက ကျေနပ်သွားတယ် မဟုတ်လား?၊ ကလေးမှာ တကယ်နာတာပျောက်ပါ့မလား?၊ မပျောက်ဘူး၊ ဘာလုပ်တာတုန်း စိတ်ကိုကုစားတာ။
ဆက်လက်ဖော်ပြပါမည်။

Read more...

သတိပဋ္ဌာန်နှင့် နိဗ္ဗာန်... (တည်တောဆရာတော် (မေး+ဖြေ))

တည်တောဆရာတော် (မေး+ဖြေ) ၃-မှ...

သတိပဋ္ဌာန်နှင့် နိဗ္ဗာန်...










Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၆)


အရင်းအတိုင်း ရှိသည်

အိပ်မက်လောကထဲ၌ မျောပါလျက်ရှိသော လူသည် အလိုကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ ကြည်နူးနှစ်သိမ့်ခြင်းဖြစ်၍ အလိုမကျသော အခြင်းအရာကို စိတ်ကူးမိသောအခါ မကျေမချမ်းဖြစ်ရ၏။ အထက်ပါဝန်ကြီးသည် အမျိုးသမီးများ ပန်းစည်းဆက်ခြင်းအကြောင်းကို “စားမြုံ့ ပြန်” သောအခါ ရွှင်မြူးကြည်နူး၍ ပမာမခန့် ရေးသားသော အယ်ဒီတာအကြောင်းကို စိတ်ကူးမိသောအခါ နှလုံးမသာယာမှု ဖြစ်ရတော့သည်။ ရွှင်မြူးကြည်နူးခြင်းသည် လည်းကောင်း၊ နှလုံးမသာယာခြင်းသည် လည်းကောင်း၊ သံသရာရှည်စေဖို့  အထုံးအဖွဲ့ များပင် ဖြစ်သည်။ တဖန် “ဒိဋ္ဌလောက” ထဲသို့  ပြောင်းရွှေ့ လိုက်သည့်အခါ အဆင်းသက်သက်၊ အသံသက်သက်၊ အနံ့ သက်သက်၊ အတွေ့ သက်သက် စသည်ဖြင့် တွေ့ ရမည်ဖြစ်၍ နှစ်သက်တပ်မက်စရာလည်း မဟုတ်၊ ဒေါသဖြစ်လောက်အောင် မုန်းတီးစရာလည်း မဟုတ်သည့်အဖြစ်ကို တဖြည်းဖြည်း ထိုးထွင်းသိမြင်လာဖို့  ရှိပေသည်။ ထို့ ကြောင့် “အိပ်မက်လောက” သည် အရှုံးအမြတ်ထွက်သော (အများအားဖြင့်) အရှုံးထွက်သော လောကဖြစ်၍ “ဒိဋ္ဌလောက” သည် အရှုံးအမြတ်မရှိ “အရင်းအတိုင်း” နေသော လောကဖြစ်သောကြောင့် အကြင်ယောဂီ၏ စိတ်သည် ငြိမ်သက်ကြည်လင်စွာ တည်နေနိုင်ခြင်း ဖြစ်လေသည်။

အပြန်အလှန် ပိုင်ခြင်း

ထိုမှတပါးလည်း “စိတ်” ၏ သဘာဝကို သိမြင်သည်ထက် သိမြင်လာသောအခါတွင် ပစ္စည်းဥစ္စာပိုင်ဆိုင်ရခြင်း၏ ၀န်လေးသောအဖြစ်ကို ရိပ်မိလာတတ်သည်။ ဥပမာ နွားကို ကြိုးဖြင့် ကိုင်ဖမ်းထားသော လူက “ငါသည် ဤနွားကို ချုပ်ကိုင်ထားမိပြီ။ ဤနွားကား ဘယ်မှထွက်မပြေးနိုင်တော့” ဟု မှတ်ထင်ပေလိမ့်မည်။ သို့ ရာတွင် နွားသာလျင် ထွက်မပြေးနိုင်သည်မဟုတ်၊ လူမှာလည်း ကြိုးစကို ဆုပ်ကိုင်ထားရသောကြောင့် နွားကလည်း လူကိုပိုင်လျက်ရှိသည်။ ထိုနည်းအတူ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မိသော လူများမှာလည်း ပစ္စည်းအတွက်ကြောင့် သွားချင်ရာမသွားရ၊ လာချင်ရာ မလာရ ရှိတတ်ပေရာ လူကသာပိုင်သည်မဟုတ်၊ ပစ္စည်းကလည်း လူကို အပြန်အလှန် ပိုင်လျက်ရှိတော့သည်။ သို့ သော် ပကတိလူများသည် ဤအချက်ကို မသိမြင်ဘဲ၊ မျက်စိလည်လျက်ရှိပေရာ “ဒိဋ္ဌလောက” ထဲ၌နေဖို့  အားထုတ်သော ယောဂီပုဂ္ဂိုလ်သည်သာလျင် တဖြည်းဖြည်း တရွေ့ ရွေ့  သဘောပေါက်ပြီး နောက်ဆုံးတွင် မျက်စိလည် ပျောက်နိုင်ပေသည်။

ထိုးထွင်းနိုင်အောင် အစဖော်ခြင်း

မာလုကျပုတ္တနှင့် ဘာဟိရသုတ်များတွင် ဗုဒ္ဓသည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” အစရှိသော သြ၀ါဒကို ပေးတော်မူရာ၌ သင်သည် တစ်ကြိမ်တစ်ခါမျှ မမြင်ဘူး၊ မကြားဘူး၊ အာရုံမပြုဘူးသော အခြင်းအရာတစ်ခုနှင့်ပတ်သက်၍ တပ်မက်နှစ်သက်ခြင်း၊ စက်ဆုပ်ရွံရှာခြင်း၊ (ချစ်ခြင်း၊ မုန်းခြင်း) ဖြစ်နိုင်ပါမည်လောဟု မေးတော်မူသည်။ ဤစကားမှာ ရိုးရိုးရှင်းရှင်းမျှသာ ထင်ရသော်လည်း၊ (ဒိဋ္ဌေဒိဋ္ဌမတ္တံ) ဟူသော သြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သူအဖို့ မှာ လွန်စွာ အရေးကြီး၍ “ကွဲ” စေလိုသောနေရာတွင် “အက်ကြောင်း” ပေးလိုက်ခြင်းပင်ဖြစ်သည်။ ၄င်းသြ၀ါဒအတိုင်း ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်သည် “စိတ်” သဘာဝကို တဖြည်းဖြည်းသဘောပေါက်လာ၍ လောက၌ အဟုတ်တကယ်ရှိသည်ဟု မိမိမှတ်ထင်လာခဲ့သော အခြင်းအရာဟူသမျှသည် အခံဓါတ်နှင့် အတိုက်ဓါတ် ဆုံစည်းမိသည့် အခိုက်အတန့် ကလေးမျှတွင် အသိစိတ်ကလေး ပေါ်လာခြင်းမျှသာ ဖြစ်ချေပြီတကား။ မတိုက်မိ၍ မဖြစ်ခဲ့လျှင် တပ်မက်စွဲလမ်းစရာဟူ၍ လည်းကောင်း၊ စက်ဆုပ်ရွံရှာဖွယ် ဟူ၍လည်းကောင်း၊ (ချစ်စရာ မုန်းစရာ) မရှိချေပြီတကား ဟူသော သဘာဝအစစ်အမှန်ကို မျက်ဝါးထင်ထင် ထိုးထွင်းသိမြင်နိုင်လိမ့်မည် ဖြစ်ပါသတည်း။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)

Read more...

ဓမ္မ ဆိုသည်မှာ

ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်ပါတယ်။
မြတ်စွာဘုရားမပွင့်ခင်ကတည်းက ရှိခဲ့ပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာလည်း ရှိခဲ့ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေခဲ့ပါတယ်။
အချိန်တိုင်း အမြဲ မှန်ကန်နေသော တရားသည် ဓမ္မပင်ဖြစ်ပါတော့တယ် ။
မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်၍ ဓမ္မကို သိခြင်းမဟုတ် ဓမ္မကို သိရှိ နားလည် ကျင့်သုံးနိုင်ခဲ့သဖြင့်သာ
ဘုရားအဖြစ်ကို ရတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။


ဓမ္မဆိုတဲ့ စကားလုံးဟာ လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နားလည်မှုတွေကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။
ဒါကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေကို အရင်ဦးဆုံး ပြောချင်ပါတယ် ။

၁ ။ ဓမ္မကို ပုဂ္ဂိုလ်မရွေး လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး အသားအရောင်မရွေး အချောအလှမရွေး ဆင်းရဲချမ်းသာမရွေး အယုတ်အလတ်အမြတ်မရွေး ကျင့်သုံးနိုင်ပါတယ်။
၂ ။ ဓမ္မကို နိုင်ငံတွေ မြို့တွေ ရွာတွေ အိမ်တွေ ရပ်ကွက်တွေ စတဲ့ နေရာတွေ မရွေးပဲ ကျင့်သုံးနိုင်ကြပါတယ်။
၃ ။ ဓမ္မကို မနက် နေ့လယ် ည နေ့ ရက် လ နှစ် စတဲ့ အချိန်တွေ မရွေးပဲ ကျင့်သုံးနိုင်ပါတယ်။

အဲ့ဒီလို လူမရွေး နေရာမရွေး အချိန်မရွေး ဓမ္မကို ကျင့်သုံးနိုင်ပြီးတော့ ကျင့်သုံးသူတိုင်းကိုလည်း အောက်ပါ အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းပါတယ် ။

၁ ။ ကာမရာဂ တဏှာရာဂ စတဲ့ စိတ်ရဲ့ ငမ်းငမ်းတက် လိုချင် ဆာလောင်မွတ်သိမ့်မှုတွေကို အငတ်ပြေစေနိုင်ပါတယ်။
၂ ။ စိတ်ဖြူစင်ပြီး ကုသိုလ်ကောင်းမှု တိုးပွားကာ ကောင်းကျိုးအဖြာဖြာ မိမိအပေါ်မှာ သက်ရောက်စေပါတယ်။
၃ ။ ကိုယ်အမူအယာ နဲ့ စိတ်အစဉ်ကို အမြဲ ကြည်လင်သန့် ရှင်း နေစေပါတယ်။
၎ ။ ကိုယ် စိတ် နှစ်ပါးလုံး အေးမြစေတဲ့အပြင် အငြိမ်းဓါတ်ကို စတင်တွေ့ရှိပြီး ထာဝရငြိမ်းချမ်းရာ နိဗ္ဗာန်သို့တိုင်အောင် အကျိုးပြုနိုင်ပါတယ်။

တစစနဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အညီ လူတွေရဲ့ လိုချင်မှု ရချင်မှု ဖြစ်ချင်မှုတွေ စတဲ့ အလိုဆန္ဒတွေများပြားလာတာနဲ့ အမျှ ဓမ္မရဲ့ ဂုဏ်သတ္တိ ဂုဏ်ကျေးဇူးတော်တို့ဟာလည်း ညှိးမှိန်လာခဲ့ပါတယ် ။

ဒါကြောင့် ဒီဘက်ခေတ်မှာ ရှိတဲ့ လူသားတော်တော်များများဟာ ဓမ္မကို ငါတို့နှင့် မဆိုင်သလိုလို နေလာကြတဲ့အတွက် ဓမ္မရဲ့ မြင့်မြတ်လှတဲ့ အကျင့်မြတ်တရားတွေကို ကျင့်သုံးသူ မြတ်နိုးသူ ရှားပါးလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ စကားလုံးကိုသာ သိပြီး ကျင့်သုံးသူ မြတ်နိုးသူ အလွန်အင်မတန် နည်းလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ အသံကြားတာနဲ့ တီကောင်ကို ဆားနဲ့ တို့သလိုပါပဲ ။ ဝေးဝေးကို ရှောင်ပြေးကြပါတော့တယ် ။

တစ်ကယ်တော့ ဓမ္မဟာ လူမရွေး နေရာမရွေး အချိန်မရွေး အခုကျင့်သုံးရင် အခုကောင်းကျိုးတွေ ရနိုင်တဲ့ ဆေးကြီးတစ်ခွက်ပါပဲ ။
ဒါကြောင့် ဘယ်ခေတ် ဘယ်အခါပဲ ဖြစ်ဖြစ် ဓမ္မဟာ အမြဲ မှန်ကန်စေတဲ့အတွက်

၁ ။ သစ္စ၀ါဒ( ထာဝရမှန်ကန်သောဝါဒ) Universal law , Universal Truth , Noble Truth ဖြစ်ပါတယ် ။

၂ ။ ၀ိဘဇ္ဇ၀ါဒ ( မည်သည့်လွှမ်းမိုးမှု မည်သည့်ချုပ်ကိုင်မှုမှ မပါပဲ လွတ်လပ်စွာ လေ့လာ ဆန်းစစ် ကျင့်သုံးနိုင်သော ၀ါဒ ) ဖြစ်ပါတယ် ။

၃ ။ ဓမ္မသည် သိပ္ပံနည်းကျလှခြင်း ဖြစ်ပါတယ် ။ အလွန်အင်မတန် တိကျ သေချာပါတယ် ။
သိပ္ပံနည်းကျလှခြင်း ဆိုတဲ့ နေရာမှာ အသေးစိတ် အချက်လေးချက် ရှိပါတယ်
----(၁) Practical System လက်တွေ့လေ့ကျင့်သော ပုဂ္ဂိုလ်များ လက်တွေ့ သိနိုင်ပါတယ် ။
----(၂) Ethical System ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး လုံးဝ ပြည့်စုံတဲ့ ဓမ္မဖြစ်ပါတယ် ။
----(၃) Spiritual System စိတ်ပိုင်းဆိုင်ရာမှာလည်း လုံးဝ ပြည့်စုံလှပါတယ် ။
----(၄) Philosophical System အတွေးအခေါ်ပိုင်းမှာလည်း အင်မတန်ပြည့်စုံလှပါတယ် ။
ဒါတွေကြောင့် ဓမ္မအစစ်သည် သိပ္ပံနည်းကျလှခြင်းဆိုတဲ့ အချက်နဲ့ အင်မတန် လိုက်ဖက်ပါတော့တယ် ။

၎ ။ ဓမ္မကို ကျင့်သုံးသူဟာ အကောင်း နှင့် အဆိုးကို ခွဲခြားသိနိုင်စွမ်း ရှိပါတယ် ။
ယနေ့ အတော်များများ ပုဂ္ဂိုလ်တို့ဟာ ဓမ္မကို ကျင့်သုံးမှု ရှားပါးလာသည်နှင့်အမျှ
လိုချင်မယ် ရှာမယ် စားမယ် ကာမဂုဏ်မှီဝဲမယ် အိပ်မယ် ဆိုတဲ့ စိတ်တွေနဲ့ ပဲ လုံးထွေးနေပြီးတော့
တိရစ္ဆာန်ကဲ့သို့ နီးစပ်လာကြပါတယ် ။
အကောင်းနဲ့ အဆိုးကိုပင် ခွဲခြားနိုင်မှုနည်းပါးလာကြပါတယ် ။
ဒီနေရာမှာ အလျင်းသင့်တုန်း အကောင်း (၃)မျိုးနဲ့ အဆိုး (၃)မျိုးကို ပြောပြချင်ပါတယ် ။

အကောင်းဆုံးကနေ စပြောရရင်
----(၁)အများမှာလည်း အကျိုးရှိ မိမိမှာလည်း အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။
----(၂)အများမှာ အကျိုးရှိပြီး မိမိမှာ ဘာမှ မဖြစ်တဲ့ အလုပ်ဖြစ်ပါတယ် ။
----(၃)အများမှာ ဘာမှမဖြစ်ပေမယ့် မိမိမှာ အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။

အဆိုးဆုံးကနေ စပြောရရင်တော့
----(၁)အများမှာလည်း ထိခိုက်ပါတယ် မိမိမှာလည်း ထိခိုက်ပါတယ် ။
----(၂)အများမှာ ထိခိုက်ပြီး မိမိမှာ ဘာမှမဖြစ်ပါဘူး ။
----(၃)အများမှာ ဘာမှ မဖြစ်ပေမယ့် မိမိမှာ ထိခိုက်ပါတယ် ။

ဓမ္မကို ကျင့်သုံးသူ ပုဂ္ဂိုလ်ဟာ အဆိုးတွေကို ရှောင်နိုင်ပြီး အကောင်းတွေကိုပဲ ပြုကျင့်နိုင်မှာ ဖြစ်ပါတယ် ။
နောက်ဆုံးမှာ ထာဝရ ငြိမ်းချမ်းရာ နိဗ္ဗာန်ထိတိုင်အောင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်
Noble Person အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။

မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။ အားလုံးပဲ ဓမ္မရဲ့ ဂုဏ်ကျေးဇူးတော်တို့ကို သိမြင် နားလည် ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေဗျာ ။
အပါယ်သို့ ကျရောက်ပုံကို ဆက်လက်ပြီး တင်ဆက်သွားပါ့မယ် ခင်ဗျ ။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP