* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Wednesday, October 7, 2009

ဓမ္မစေတီ၏ ဟောတရားအမှားများနှင့် သူ၏ ဆရာများ(အဆက် -အပိုင်း-၄)

သြစတြေးလျနိုင်ငံတွင် ဟောပြထားသည့် ဒဿနသမ္ပဒါ ၈-ချပ်တို့ထဲက အမှတ်(၅)၌ ဤသို့ ပါရှိကြသည်။

(က) ကျွန်ုပ်က ဆရာညွန့်ရဲ့တပည့်ဖြစ်ခြင်းကြောင့် ကျွန်ုပ်က
ဂိုအင်ကာတို့ရဲ့ တတိယဆရာ။ (မာစတာအော့ဖမာစတာ)။ ပါဠိလို
ဆိုရင် အာစရိယပါစရိယပါ။ မြန်မာလိုကျတော့-ဆရာ့-ဆရာရဲ့
ဆရာ။ ဒါပေသိ ကံမကောင်း အကြောင်းမသင့်ခဲ့တော့...။
ဗမာပြည်မှာ အဲသလိုမျိုးတွေ ရှိပါတယ်။

(ခ) ဓမ္မစေတီတရားက လွယ်လွယ်နဲ့ မဖြစ်ခဲ့ဘူး။ ကျွန်ုပ်က
လွယ်လွယ်နဲ့ မပေးဘူး။ ပေါသွားမှာစိုးလို့။ မြန်မာပြည်မှာ တန်ဖိုးရှိ
တဲ့ အရာတွေဟာ ဒီလိုပဲ ပျောက်ကွယ်တတ်ပါတယ်။ အခု ဟော
တော့မယ့် ဒဿနသမ္ပဒါနည်းဟာလဲ ဒီလို ခက်ခက်ခခဲ ရှာရှာဖွေဖွေ
ရှာရပါတယ်။ ရှာလိုက်တဲ့အခါမှာ အဲဒီဆရာကြီး ဦးညွန့်။ ဦးညွန့်ရဲ့
တပည့်က ဆရာသက်ပါ။
ဓမ္မာစရိယဦးဌေးလှိုင်က “ဦးညွန်ဆိုတာ ဖိုဝင်တောင် လူသူတော်
ဆရာကြီး ။
(သူက ပုတီး ဆရာကြီး မျှသာ ဖြစ်ခြင်းကြောင်-” လို့ ရေးလိုက်
တဲ့အတွက်ကြောင့် တိုင်းပြည် ဒုက္ခရောက်သွားပါတယ်။ အဲသလိုနဲ့
ဆရာညွန့် မြုပ်သွားတယ်။
ဖိုဝင်တောင်နားမှာ ဆရာကြီးဦးညွန့်က လူဝတ်ကြောင်နဲ့
ဓာတ်တော် ကျခဲ့ ပါတယ်။ ဓာတ်တော်စေတီ တည်ခဲ့ ပါတယ် ။
“ထဘီပုဆိုးဝတ်၍ ဓာတ်တော်ကျနိုင်ပါတယ်” ဆိုတာကို
ဒီ ဆစ်ဒနီ မြို့မှာ ဓမ္မစေတီ ဦးကောသလ္လ’ ဟောခဲ့ ပါတယ် ။
(ဆရာကြီးဦးညွန့်ရဲ့ ပုတီးစိပ်နည်းအတိုင်း)သာကေတမှာ
ကျုပ်က တစ်ရက်- ပုတီးပတ်ရေ ၂၀၀-ကျော်လောက် စိပ်ခဲ့ပါတယ်။

(ဂ) အဲဒီနည်းနဲ့ ဘိုးတော်သန်းလှဆိုတာ ဖိုဝင်တောင်မှာ
ပုတီးစိတ်ပြီး အောင်မြင်ပါတယ် ။ သူ့ကို န၀တက လက်ထဲ
ထည့်သွားပါတယ်။ အဲဒီကနေ သူက ဆရာညွန့်ရဲ့ ရုပ်တုတော်ကြီး ကို
ဘိုးတော်အောင်မင်းခေါင် အဖြစ်ပြောင်းထည့် လိုက်တယ်။
ဆရာညွှန့်ပျောက်သွားပါတယ်။ ပြီးတော့ ဆရာညွှန့်ရဲ့
ဓာတ်တော်စေတီကိုလဲ “ဘိုးတော်သန်းလှ-နေလစေတီတော်”
လို့ဆိုပြီးတော့ ပြင်ထည့်လိုက်ပါတယ်။ ဒါက ပထမတစ်ယောက်
ရဲ့ မှားယွင်းချက်ပါ။

(ဃ) ဒုတိယတစ်ယောက် မင်းသိင်္ခရောက်လာပြီး အဲဒီမှာ
အဓိဋ္ဌာန် ၀င်ပါတယ် ။ အောင်မြင်သွားပါတယ် ။ အောင် မြင်
သွားပြီးတော့ သူက “ဧကံ သ ဗျာကရဏစေတီ”လို့  ထပ်လုပ်လိုက်ပါတယ်။
ဆရာကြီး ဦးညွန့်ရဲ့ ဓာတ်တော်စေတီက တတိယ
နာမည် ရသွားပါတယ်။
အဲဒါတွေကို အဲဒီနားက ကျောင်းဆရာတော်အား လျှောက်ထား
ခဲ့ပါတယ်။ “အရှင်ဘုရား-အဲဒီစေတီကို ဖျက်ပစ်လိုက်ပါဘုရား။
အရိယာသူတော်စင်ကြီးတစ်ပါး-ပရိနဗ္ဗာန်စံပြီးတော့ဓာတ်တော်ကျတဲ့
ဒီလိုနေရာမှာ မဟာယာနတွေကနေ အပိုလုပ်တာတော့ ရင်နာ
စရာကောင်းတယ်”လို့ ဘုန်းကြီးက ပြောခဲ့ပါတယ်။ ဖျက်တာ
မဖျက်တာက အရှင်ဘုရားတို့ရဲ့ တာဝန်။ သမိုင်းအမှန်ကို ပြောတာ
က တပည့်တော်ရဲ့တာဝန်။

(င) ဒီလိုဆိုရင် အဲဒီဆရာကြီး ဦးညွန်က (ယခုအသက်-၉၉ နှစ်)-
ဘုန်းကြီးကို တွေ့ချင်တယ်-တဲ။ ပင့်ပါတယ်။ သူက မုံရွာမှာနေတာ။
ကျွန်ုပ်က နောက်ဆုံးတပည်ပါ။ ကောသလ္လ’က ဒီတရားတွေဟောနေ
တယ်ဆိုတော့... ငါဟာ ဆရာကြီးဦးညွန့်ရဲ့တပည့်ပါ။
လယ်တီဆရာတော်ဘရားကတောင်မှ တစ်ခါတစ်ရံ ကိုညွန့်ကလဲကွာ-ဆိုပြီး
သြချလောက်ပါတယ်။ ဦးညွန့်ဟာ အဲသလောက်အထိ ၀ိပဿနာ
ထိပ်တန်းရောက်ပါတယ်။
အခု(၂၀၀၇ ခုနှစ်)မှာ ရှိပါသေးတယ်။ ဘုန်းကြီး(ကောသလ္လ’)နဲ့
၁၉၉၆-ခုနှစ်မှာတွေ့တော့ ဦးညွန့်က ၉၇-နှစ် ပါ။ အဲဒီမုံရွာနယ်
တစ်နယ်လုံးမှာ ဘု န်းကြီးကျောင်းလဲ မသွားဘဲ ဘုရားလဲ
မသွားဘဲ ဆရာညွန့် ဘက်လှည့်ပြီး “ဒီနေ့ ဥပုသ်ဆောက်တည်
ထားပါတယ်” ဆိုရင် အဲဒီမုံရွာနယ်မှာ တစ်နယ်လုံး ...။

(စ) ကျွန်ုပ်-ဘယ်သူလဲဆိုတာ ဒီလောက်ဆိုရင် သဘောပေါက်
လောက်ပါပြီ။ အဲဒီဆရာကြီးဦးညွန့်ရဲ့ ၀ိပဿနာတွေပါ။
အဲဒီဆရာကြီးရဲ့ နည်းစနစ်တွေပါ။
ကျမ်းအနေနဲ့ကတော့ “ပညာနေတ္တိ ၀ိပဿနာကျမ်း”လို့ ဆိုပါတယ်။
အဲဒီကနေ ဒဿနသမ္ပဒါနည်း-
လာတာပါ။

(ဆ) ဦးသြဘာတိုဦးဖိုးရှမ်းတို့ဦးစန္ဒိမာတို့ဆိုတဲ့ ဆရာတွေဟာ
ဘုန်းကြီး(ဦးကောသလ္လ’)နဲ့ ပညာသင်ဖက်တွေပါ။ သူတို့က အခု
၂၀၀၇ ခုနှစ်မှာ အသက် ၇၅၊ ၇၄-တွေ ဖြစ်နေပါပြီ။ ၁၃၄၁-
၁၃၄၅-မှာ ကျွန်ုပ် ၀ိပဿနာလုပ်တဲ့အခါမှာ သူတို့က အနိမ့်ဆုံး
ဘုန်းကြီးက ၂၈-၀ါ၊ ၅၈-နှစ်ပါ။ အခု ဦးစန္ဒိမာက-၆၉။
ဒီ ဦးကောသလ္လ’က သူတို့သင်ပြသမျှ အကုန်မှတ်မိတယ်။ အခုလဲ မြန်မာနိုင်ငံ
မှာ ဒီဒဿနသမ္ပဒါနည်းဆိုတာက ကျွန်ုပ်သည် နောက်ဆုံးကျည်
ဆန်ပါ။ ကျွန်ုပ်သေပြီးရင် အဲဒီနည်းတွေက ပျောက်သွားမှာပါ။
ဘာလို့လဲဆိုတော့ ကျွန်ုပ်နဲ့အတူ ၀ိပဿနာသင်တန်းတက်ခဲ့
သော အနိမ့်ဆုံးဘုန်းကြီးက-၇၀။ ဖိုးရှမ်းဆိုရင်-၈၀။ ကျွန်ုပ် မရှိပြီး
ရင် “ဤဒဿနသမ္ပဒါနည်းသည် ဤမြန်မာပြည်မှ လွယ်လွယ်
ကူကူပဲ ပျောက်ကွယ်သွားမယ်”။ ဒါကြောင့်မို့ ခင်ဗျားတို့ သေသေ
ချာချာ နားထောင်ပါ။


(ဇ) ၀ိပဿနာအားလုံးကိုယ် ကြားဖူးထားတဲအရာအားလုံး
အဲဒါတွေကို ခဏဖယ်ထားလိုက်ပါ။
အခု ဒဿနသမ္ပဒါနည်းကို ဟောပါ့မယ်။ (ပ)ကျုပ်ဆရာတော်ကြီး ဦးဥက္ကံသဗုဒ္ဓိ ပြောတာကတော့
“ဘုန်းကြီးတွေက-ကွ။ သူများလှူတာတန်းတာတွေ စားပြီး သိပ်နှမြောတာပဲ။
သူခိုးက နွားကြားကြီးကို နှမြောတယ် ဆိုတာ အဲဒါပဲ”တဲ။

“..သူများကိစ္စထဲ ၀င်မရှုပ်နဲ့။ သီလရှင်ကျေနပ်ရင် ဇရပ်ပဲ
ကျိုးကျိုး ဗန်းပဲ ပျောက်ပျောက် . ..”တဲ့  ။
“ဟေ့ကောင် ကောသလ္လ’တဲ့။
ဒီနေ့ဝိပဿနာလုပ်တယ်ဆိုတဲ့လူတွေက
ခါးတောင်းကျိုက်-တလွဲ၊ တင်တလွဲ” တဲ့။

တတိယနည်းကတော့ ယုဂနဒ္ဓနည်း
ဖြစ်ပါတယ်။ အစုံနည်း၊ တစ်ပြိုင်နက်နည်းပါပဲ။


အထက်ပါ
(က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ)အမှတ်ပြတို့သည်
ဓမ္မစေတီဦးကောသလ္လ’၏
နှုတ်ထွက်စကား စစ်စစ်များ ဖြစ်ပါသတည်း။


အနည်းငယ်ဝေဖန်ကြည့်ကြပါစို့။
(က)ကို ပြန်ဖတ်ရပါဦး။ ယင်း(က)ဖြင့်ဓမ္မစေတီဥိးကောသလ္လ’သည်
(ဂိုအင်ကာရဲ့ ဆရာက ဦးဘခင်၊ ဦးဘခင်ရဲ့ဆရာက ဦးသက်။ ဦးသက်ရဲ့
ဆရာက ဦးညွန့်ဖြစ်၍)အနာဂါမ်ဆရာသက်ကြီးနှင့် အဆင့်တူဖြစ်သည်။
ဤကား(၁)ချက်။

(ဦးညွန့်ရဲ့တပည့်က ဦးသက်။ ဦးသက်ရဲ့တပည့်က ဦးဘခင်။
ဦးဘခင်ရဲ့တပည့်က ဂိုအင်ကာဖြစ်၍) ဦးကောသလ’သည် ဂိုအင်ကာ၏
အဘိုးအဆင့်မှာ ရပ်တည်သူဖြစ်သည်။ ဤကား (၁)ချက်။

ဦးကောသလ’သည် ဦးဘခင်၏ ဆရာအဆင့်မှာ ရပ်တည်သူ
ဖြစ်သည်။ ဤကား(၁)ချက်။
ဤအချက်ကြီး(၃)ချက်တို့ကို ပြပါသည်။
မှန်-မမှန် အဖြေရှာသင့်ပါသည်။ ပြောတိုင်း မယုံသင့်ပါ။

မှန်လှ၏။ အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး
ဦးဂိုအင်ကာတို့သည် အတ္ထုပ္ပတ်အားဖြင့် ထင်ရှားကြသူများဖြစ်၍ လေ့လာ
လျှင် လက်လှမ်းမီသူများ ဖြစ်ကြပါသည်။ စာရေးသူ နားလည်သည့် 
အတိုင်း ဆိုရလျှင် “ဦးညွန့်၏ တပည့်  ဦးသက် ”ဟူေ သာအချက်သည်
အမှားကြီးသာတည်း။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ဘဝ
ဖြစ်စဉ်ကျမ်းကြီး ၌ ရှုကြပါလေ။
ဦးသက်သည် ( မသိသေးသူ - နားမလည်သေးသူ -
ငယ်စဉ်ကာလအတွင်းမှာ) ဦးညွန့်ထံ တပည့်ခံဖူးကောင်း-ခံဖူးပါလိမ့်မည်။ သို့သော်
ဦးသက်က ဦးညွန့်ကို သူ၏ဆရာဟူ၍ အသိအမှတ်မပြုကြောင်း ထင်ရှား
လှပါသည်။
အချုပ်ကတော့ ဦးညွန့်သည် အနာဂါမ်ဆရာသက်ကြီး၏ ဆရာ
မဟုတ်။ ဦးဘခင်၏ ဆရာ့ဆရာ-မဟုတ်။ ဦးဂိုအင်ကာ၏ ဆရာ၏ ဆရာ့-
ဆရာ(တတိယဆရာ)မဟုတ်ပါ ဟူသတည်း။
ဦးကောသလ’သည် ဆရာသက်ကြီးနှင့်ဆရာတူဖြစ်သော အဆင့်တူ
မဟုတ်ပါဟူသတည်း။

(က) အမှတ်ပြမှာပါသော ကံမကောင်းပုံ၊ အကြောင်းမသင့်ပုံ၊
ဗမာပြည်မှာ အဲသလိုမျိုးတွေရှိပုံများကို စဉ်းစားကြည့်ကြပါ။

ထြို့ပင်(ခ)ကို ပြန်၍ဖတ်ပါဦး။
ယင်း(ခ)ဖြင့် ဦးညွန့်သည် ပုတီးဆရာကြီး ဖြစ်သည်။
ဦးကောသလ္လ’သည် ပုတီးဆရာဖြစ်ခဲ့သည်ဟူ၍ ပြပါသည်။

ရှေ့ပိုင်း ဆောင်းပါးများအရ အဆိုပါဦးညွန့်၊ ဦးကောသလ္လ’တို့၏ ထေရ၀ါဒ
အယူဝါဒများသည် တန်ဖိုးရှိသောအရာများ မဟုတ်ကြောင်း ထင်ရှားပြီး
ဖြစ်ပါသည်။

ယင်း(ခ)၌ပါသော မှတ်တမ်းကိုကြည့်လျှင်
ဓမ္မာစရိယ ဦးဌေးလှိုင်
သည် ဤကိစ္စအတွက် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင်တို့ကို
ကျေးဇူးပြုခဲ့သူဖြစ်ပါသည်။
သူ့စကားအတိုင်းဆိုရလျှင် တိုင်းပြည်ကို ကယ်တင်ခဲ့သူပါတကား။


(ခ)အမှတ်ပြဒုတိယပိုင်းတွင် ဦးညွန်သေပြီး ဓာတ်တော်ကျဟုဆိုကာ

(ဃ)အမှတ်ပြထဲတွင် ဦးညွန့် ပရိနိဗ္ဗာန်စံ-ဟုဆိုထားသည့်အတွက် ဦးညွန့်
သည် လူဝတ်ဖြင့်ရဟန္တာ ဖြစ်နေသူတည်းဟု ဆိုပါသည်။
ရဟန္တာဖြစ်ကြောင်းမဂ္ဂသစ္စာသည် ပုတီး စိပ် မဟုတ်ပါ။
ပုတီးစိပ်၍ ရဟန္တာ မဖြစ်ပါ။
ဦးညွန်သည်ပုတီးသမားသာဖြစ်ကြောင်းမှာ သေချာပါသည်။ ဦးကောသလ္လ’ကိုယ်တိုင်ပင်
လျှင် ဦးညွန့်နည်းအတိုင်းလိုက်၍ ပုတီးသမားပင်တည်း။
ဒွယနိဿိတ ပကာသနီကျမ်းနောက်ပိုင်းင်းမှာလည်း
ဤပုတီးဂိုဏ်း၏ သမိုင်းများ ပါရှိကြသည်။ အကယ်၍ ပုတီးစိပ်မှုဖြင့် ရဟန္တာ
ဖြစ်လျှင် ယင်းရဟန္တာ(ဦးညွန့်)သည် မဟာယာနလာ ရှင်ဥပဂုတ်၏
ညီကလေးသာ ဖြစ်ပါသည်။ မဟာယာနလာ ရှင်ဥပဂုတ်သည်လည်း
ဝိပဿနာမဂ္ဂသစ္စာ မရှိသူဖြစ်၍ ရဟန္တာမဟုတ်သာတည်း။ မဟာယာနဂိုဏ်းဝင် မောင်ညွန့်သည်လည်း ၀ိပဿနာမဂ္ဂသစ္စာ မရှိသူ(၀ါ) ပုတီးသိဒ္ဓိ ဖြည့်ကျင့်နေသူ
ဖြစ်၍ ရဟန္တာမဟုတ်သူပေတည်း။


ထေရ၀ါဒအစစ်မှာမူ လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ဖြစ်သည့်နေ့
မှာပင် ပရိနိဗ္ဗာန်စံဝင်ရမြဲ ဖြစ်ပါသည်။
ထို့ကြောင့် ဦးညွန့်သည် ရဟန္တာဟု ဆိုလျှင် ဦးညွန့်သည် (၁၉၉၆)တိုင်အောင် အသက်ရှင်နေသူဖြစ်ခြင်း
ကြောင့် မဟာယာနရဟန္တာ(၀ါ) မဟာယာန ရှင်ဥပဂုတ်၏ညီကလေး
ရဟန္တာ(၀ါ) မဂ္ဂသစ္စာမရှိဘဲ ကိုယ့်ဘာသာကိုယ် ဖြစ်နေသော ရဟန္တာ-
ဖြစ်ပါတော့သည်။

ဆရာစဉ်ဆက်မှာ

“ဦးညွန့်၊
၎င်းမှ ဆူးလေဦးမြင့်သိန်း၊
အမရပူရဦးကြိုင်။
၎င်းတို့မှ ဦးဥက္ကံသဗုဒ္ဓိ၊
ဦးဧသိက၊
ဦးနာရဒစသူများ၊
၎င်းတို့မှဦးကောသလ္လ’၊
ဦးဖိုးရှမ်း၊
ဦးစန္ဒောဘာသစသူများ။
၎င်းတို့မှ ယနေ့ခေတ်
ဦးကောသလ’၀ါဒီ(အဓမ္မ၀ါဒီဖြစ်သော)ထေရ၀ါဒ ဆိုင်းဘုတ်တင်တရား
လိုက်စားသက်ဝင်သူများ”ဟူ၍ ဖြစ်လာကြပါသည်။

ဦးညွန့်၊ ဦးမြင့်သိန်း၊ ဦးကြိုင်တို့၏ ဆရာများမှာ

“ဒီပဲယင်းကျောက်စာတုင်ရွာက ကျောက်စာတိုင်ဆရာတော်၊
ဓမ္မစေတီဆရာတော်၊
ဓမ္မစကြာဆရာတော်အမည်ခံ လူသေလူဖြစ်ရှင်ဥက္ကဋ္ဌ၊
ဂျပန်နိုင်ငံက မဟာယာနဆရာကြီး ဒီ-တီ-ဆူဇူးကီး၊
ဆိုဟာကူအိုဂါတာ၊
အင်္ဂလန်နိုင်ငံက မဟာယာနဆရာကြီး စရခ်မတ်ဟန့်ဖရေး၊
ဆရာကြီး အယ်လင်ဝက်၊
ဘယ်ဂျီယံနိုင်ငံကမဟာယာနဆရာကြီး ရောဘတ်လက်ဆင်၊
အိန္ဒိယနိုင်ငံက မဟာယာနဆရာ
ကြီး ခရစ်ရှနမူသီး-စသူများ” ဖြစ်ကြပါသည်။

ဤနာမည်စဉ်များကို “အရိယသစ္စာလမ်းစဉ် ၀ိပဿနာတရား
မှတ်ချက်ပေါင်းချုပ်” အစ ပန်ကြားလွှာမှာ အပြည့်အစုံ တွေ့ရပါသည်။
အချုပ် ကိုဆိုရလျှင် ဦးကောသလ္လ’ သည် မဟာယာန၀ါဒီသာတည်း။



အမှတ်(ဂ)(ဃ)တို့မှာ သတင်းပေးမှုသက်သက်သာ ဖြစ်ပါသည်။
သို့သော် အံ့ဖွယ်တစ်ခုမှာ မဟာယာန၀ါဒီဖြစ်သော ဦးကောသလ္လ’က
ဘိုးတော်သန်းလှ၊
ဘိုးတော်မင်းသိင်္ခ တို့ကို မဟာယာနတွေဟုဆိုကာ ပယ်ချထားချက်
ပင်တည်း။
ဤ၌လည်း အောင်မြင်သူတို့ကိုပြ၍ နာမည်ယူခြင်းသာဖြစ်
ကြောင်း ထင်ရှားပါသည်။
ထင်ရှားပုံမှာ ဘိုးတော်သန်းလှသည် ဆရာညွန့်ကို ဆရာမထားဘဲ
အောင်မင်းခေါင်ကို ဆရာထားသူဖြစ်သွားသည်။

မင်းသိင်္ခကတော့ ဗေဒင်ဆရာပင်။
ထို့ကြောင့် နာမည်ယူမှုသာဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ပြင် (င)ကို ပြန်၍ဖတ်ရှုပါ။
ယင်း(င)ဖြင့် ဦးကောသလ္လ’သည်
ဆရာကြီးဦးညွန့်၏ နောက်ဆုံးတပည့် ဖြစ်သည်(၀ါ) ဦးကောသလ္လ’၏
ထေရ၀ါဒဆိုသည်မှာ ဆရာကြီးဦးညွန့်၏ ၀ါဒဖြစ်သည်ဟူ၍ သိစေပါသည်။

ထေရ=ပုဆိုးဝတ် ဆရာကြီးဦးညွန့်၏။ ၀ါဒ=မြတ်ဗုဒ္ဓ ၏ တရား
တို့ကို ပျက်အောင်ဖျက်သော ၀ိပဿနာအတု တရားစုပေတည်း။

ဤသို့ သာလျှင် ထေရ၀ါဒပုဒ်က အဓိပ္ပာယ်ရနေပြီ ဖြစ်သော
ကြောင့် ဦးကောသလ္လ’၏ ထေရ၀ါဒသည် ပုဆိုးဝတ်မထေရ် ဦးညွန့်၊
ဦး မြင့်သိန်းတို့၏ ၀ါဒဖြစ်သည် ဟူ၍ ဆိုခဲ့ခြင်းပင် ဖြစ်ပါသည် ။

ဤ(င)၌လည်း
နာမည်ကြီးလှသော လယ်တီဆရာတော်ကြီးကို
အသုံးပြု၍ နာမည်ကောင်း-ယူထားပါသည်။
မုံရွာနယ်မှာ ဘုန်းကြီးကျောင်းလဲ မသွားရဘဲ
ဘုရားထံမှလဲ မခံယူရဘဲ ဥပုသ်စောင့်၍ ရနိုင်သော
ထေရ၀ါဒ် ရှိနေသည်ဆိုတာ အံ့သြစရာ ကောင်းလှပါသည်။
ယင်းဥပုသ်မျိုးသည်
ထေရ၀ါဒအစစ်တို့ ကျင့်သုံးခံယူသော ဥပုသ်မျိုး မဟုတ်ဟူ၍ မှတ်ကြရမည်။

ဓမ္မစေတီဦးကောသလ္လ’၏ ဆိုလိုရင်းမှာ ဤသို့ပင် ဖြစ်ပါသည်။
ဥပုသ်စောင့်မှုဟူသည် ဘုရားထံမှ၊ သို့မဟုတ် ဘုန်းကြီးထံမှ ခံယူရစမြဲသာ
တည်း။
သို့ဖြစ်၍ ဦးညွန့်ရှိရာ မျက်နှာမူလိုက်ပြီး ဥပုသ်ခံယူလျှင် ဦးညွန့်
သည်ပင်လျှင် ဘုရားဖြစ်ပေသတည်း၊ သို့မဟုတ် ဦးညွန့်သည်ပင်လျှင်
ဘုန်းကြီးရဟန်းဖြစ်ပေသတည်းဟူ၍ ဆိုလိုပါသည်။

အလွန်ကြောက်စရာကောင်းလှသော စကားပေတည်း။
ဗုဒ္ဓသာဝက၊ ထေရ၀ါဒီအစစ်တို့အနေဖြင့်
လုံးဝ မဆိုဝံ့သောစကား ဖြစ်ပါသည်။

မဟာယာနတို့ကတော့ ဘုရားချည်းဖြစ်ကြသကိုး။
ထို့ပြင်(စ)ကို ပြန်၍ဖတ်ရှုပါ။
(စ)ဖြင့် ဓမ္မစေတီဦးကောသလ္လ’က
သူက ဘယ်သူလဲတဲ့။

ဖြေလိုက်ကြပါတော့နော်။
“ပညာနေတ္တိဝိပဿနာကျမ်း ဆို တာ
ဤနေရာတွင် ပညာနေတ္တိဝိပဿ
နာကျမ်း၏ မာတိကာမျှကိုသော်မှ ဖော်ပြနိုင်ခြင်း မရှိသေးပါ။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တော်မူသော မကွေး
ဆရာတော်ကြီး အား လျှောက်ထားဖူးရာ ဆရာတော်ကြိးက ဤသိုမိန့်ပါသည်။
“အဲဒီစာအုပ်ကြီးကို တို့လဲ ဖတ်ဖူးပါတယ်။ တစ်လုံးမှ နားမ
လည်ပါဘူး။ ဘာတွေ ရေးထားမှန်းကို မသိဘူး။ တစ်ချက်မှ မှန်တာမပါ
ဘူး”ဟူ ၍ ဖြစ်ပါသည်။

ဆရာတော်ကြီးက နားမလည်သော စာအုပ်ကြီးသည် မှန်သော
စာအုပ်ကြီး ဖြစ်ပါမည်လား...။ အမှားကြီး ဖြစ်ပါမည်လား...။ စဉ်းစား
ကြည့်တော်မူကြပါ။

မကွေးဆရာတော်ကြီးသည် အစစ်ဖြစ်သော ထေရ၀ါဒပိဋကသုံးပုံ
တို့၌ လိမ္မာကျွမ်းကျင် သိမြင်တော်မူပါသည်။
လူသေလူဖြစ်ရှင်ဥက္ကဋ္ဌ၀ါဒ
တွေကို အမှားအမှန် ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့တာဝန်ဆောင် ၀ိနည်းဓိုရ်
ဆရာတော်လည်း ဖြစ်တော်မူပါသည်။

ထို့ကြောင့် ပုတီးသမားကြီးဦးညွန့်၏ မဟာယာန၀ါဒဖြစ်သော
ဝိပဿနာအမည်ခံ ထေရ၀ါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံ-တရားတို့၏
အနေအထားနှင့်ဦးညွန့်၏ တပည့်ဖြစ်သော ဓမ္မစေတီဦးကောသလ္လ’၏
ဝိပဿနာအမည်ခံ၊ ထေရ၀ါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံတရားတို့၏
အခြေအနေတို့ကို စာဖတ်သူကိုယ်တိုင် ကြိုက်သလိုသာ ဆုံးဖြတ်ချက်ချကြ
ပါလေ။

သမိုင်းအမှန်တွေကို လုံလောက်အောင် တင်ပြပေးမှုသည်သာလျှင်
ဝေဖန်ရေးဆရာတို့ ဆောင်ရကရမည်ကစ္စ ဖြစ်ပါသည်။ «သမိင်း အမှားတွေကို
ယုံလောက်အောင် တင်ပြပေးမှုသည်ကား လူလိမ်တို့၏ ကိစ္စပါပေ။»

ထို့ပြင် (ဆ)ကို ဆက်ကြရအောင်။
(ဆ)ကိုပြန်၍ ဖတ်ပါဦး။
ယင်း(ဆ)ဖြင့် ဦးကောသလ္လ’ မရှိတော့လျှင် ဒဿနသမ္ပဒါနည်း ပျောက်ကွယ်
သွားမှာ ဟူ၍ပြပါသည်။ သာဓု-သာဓု။ သုရာတွင် သာဓုခေါ်ရပါသော်လည်း
(ဦးကောသလ’သည် နောက်ဆုံးကျည်ဆန်)ဟုဆိုသဖြင့်
ကြောက်မိပါသေးသည်။
ကျည်ဆန်ထဲမှာ ပေါက်ကြွဲခင်းသဘော၊ မီးလောင်ကျွမ်း ခြင်းသဘော၊
သက်ရှိတွေကို သေစေနိုင်ခြင်းသဘော၊ ခြေပြတ်လက်ပြတ်ဖြစ်အောင် ပြုနိုင်
ခြင်းသဘော၊ သက်မဲ့တွေကို ပျက်စီးစေခြင်းသဘော စသည်များက အပြည့်
ရှိနေကြပေသည်။

ဘုရားရှင်၏ သာသနာမှာနေ၍ ဦးညွန့်၏၀ါဒတို့ကို
ပျောက်သွားမှာစိုးရိမ် နေသူနှင့် 
ဘုရားရှင်၏ သာသနာမှာ နေ၍ ဘုရားရှင်၏၀ါဒတို့
ကို ထိခိုက်ခံရမှာစိုးရိမ်နေသူတို့ မိမိတို့ ရပ်တည်ချက်အတိုင်း
မိမိတို့လုပ်ငန်းတွေကိုပြုလုပ်နေကြရပါလိမ့်ဦးမည် ။

မှာ ထားချက်။ ။ တစ်ကျော့ပြန် ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒ
သည် ၁၃၄၁-(၁၉၈၀)ခု မှာ စတင် ၍ မွေး ဖွားလာသတည်း။
၁၃၅၁-(၁၉၉၀)မှာ အရွယ်ရောက်လာပါသည်။
၁၃၆၆-(၂၀၀၅)မှာ အကြီးအကျယ်
အောင်မြင်၍ ထင်ရှားလာပါသည်။
၁၃၆၉-(၂၀၀၈)မှာ တစ်နိုင်ငံလုံးလွှမ်းမိုးအောင်
ကျယ်ပြန့်လာ၍ ပရိသတ်အင်အား အလွန် ကြီးထွားလာပါသည်။
ထိုအခါကျမှ ပရိသတ်အားကိုးဖြင့် ပို၍ပေါ်တင်ကျလာပါသည်။
၁၃၇၁-(၂၀၁၀)လောက်ကျရင်တော့ တိုင်းသူပြည်သားအားလုံး
တို့က “ငါတို့က အစစ်ဖြစ်သောထေရ၀ါဒ-ဗုဒ္ဓ၀ါဒတို့ကို လိုက်နာသူများ
ပေတည်း။
သူတို့ကတော့ အတုဖြစ်သောထေရ၀ါဒ-ဦးညွန့်ဝါဒ-ဦးမြင့်သိန်း
ဝါဒ-တို့ကို လိုက်နာသူများပေတည်း”ဟူ၍
ကွဲပြားကာ ခြားနားလာပြီး-
“သြော် အစစ်ဖြစ်သော ထေရ၀ါဒ-ဗုဒ္ဓ၀ါဒါတို့ကို နာမည်ယူသုံးပြီး
အတုဖြစ်သောထေရ၀ါဒ-ဦးညွန့်ဝါဒတို့ထဲသို့ ၀င်ရောက်လာအောင် ငါတို့ကို
မလိမ့်တစ်ပတ်-လှိမ့်-အပတ်ပတ်တို့ဖြင့် ချာချာလည်အောင် သူတို့က
လှည့်ထားလျက် စားနေကြတာပါကလား”ဟူ၍ သိမြင်လာကြပေတော့မည်။
ထိုအခါမှာတော့ မည်သို့ရှိပါတော့အံ့နည်း။ (မသိနိုင်သေးပါ။)
“ဤဒဿနသမ္ပဒါနည်းသည် လွယ်လွယ်ကူကူပဲ ကွယ်ပျောက် သွား
ပါလိမ့်မယ်”ဟူသော အဆိုသည်(ဆိုသည့်အတိုင်း) မှန်ကန်ပါစေသတည်း
ဟူ၍သာလျှင်...။

ထို့ပြင်(ဇ)ကို ဆက်ကြည့်ရအောင်။
(ဇ)မှာ ဓမ္မစေတီက-”ကြားဖူးထားသောဗုဒ္ဓ၏ ၀ိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည်အတိုင်းလိုက်နေကြသော မဟာစည်ဝိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည့်အတိုင်း လိုက်နေကြသော မိုးကုတ်ဝိပဿနာနည်း
တွေ...နည်းတွေ...နည်းတွေ။ အဲဒါတွေအားလုံးကို ဖယ်ပစ်
လိုက်ကြ-ပယ်ပစ်ကြ”ဟူ၍ အမိန့်ပေးထားပါသည်။

ဤအမိန့်ကို အဘယ်ကြောင့် ပေးရသနည်း။
အခုထေရ၀ါဒ ဒဿနသမ္ပဒါနည်းကို ဟောပြတော့မှာ ဖြစ်သောကြောင့်တည်း။
(၀ါ) ထေရ၀ါဒ ဒဿနသမ္ပဒါနည်းသည်
မြတ်ဗုဒ္ဓဟောသော တရားနည်း မဟုတ်သောကြောင့်တည်း။


ဤ(ဇ)အမှတ်ပြတွင်
ကောက်ယူပြထားသည့် ဥက္ကံသဗုဒ္ဓိ-သြ၀ါဒတော်သည်
“အစစ်ဖြစ်သော ထေရ၀ါဒီဘုန်းကြီး ရဟန်းသံဃာတော်တို့သည်
နွားသူခိုးတို့ပေတည်း”ဟူ၍ စွပ်စွဲထားသည့် ရန်စစကားကြီးသာ ဖြစ်နေ
ပါသည်။

ဤသို့သောစကားဖြင့် သံဃာတို့ကိုစွပ်စွဲသူသည် ဘယ်လို သတ္တ၀ါ
ဖြစ်သနည်းဟူ၍ ဆင်ခြင်ကြည့်လိုက်သောအခါ-”သူများကိစ္စထဲ ၀င်မရှုပ်နဲ့။
သီလရှင် ကျေနပ်ရင် ဇရပ်ပဲ ကျိုးကျိုး-ဗန်းပဲ ပျောက်ပျောက်” ဟူ၍ အယူ
ဝါဒရှိသူဖြစ်သတည်း။


“ဇရပ်ကျိုးကျိုး ဗန်းပဲပျောက်ပျောက်”ဟူ၍ အယူဝါဒရှိသူ
ဥက္ကံသဗုဒ္ဓိသည်
သံဃာတော်တို့ကို စွပ်စွဲရုံမျှဖြင့် အားမရသေးခြင်းကြောင့်
လူတို့ကိုလည်း ဤသို့ စွပ်စွဲလိုက်ပါသေးသည်။
“ဒီနေ့ ၀ိပဿနာလုပ်တယ်ဆိုတဲ့
လူတွေက ခါးတောင်းကျိုက်-တလွဲ...”ဟူ၏။


Read more...

အမှောင်ထဲကအရိပ်များ

လုံးဝ လှည့်မကြည့်ချင်လောက်အောင်
ပြန်လှည့် ကြည့်နေရတဲ့အခါ
ရင်ဘတ်ထဲ ဆွဲစုတ်ပစ်ချင်လောက်အောင်ကို ဖြစ်လို့
(လူကို လူလို မဆက်ဆံတော့တဲ့နောက်)

လင်းအောင်လို့ မီးထွန်းကာမှ
မီးလောင်ကာ ပြာကျသွားတဲ့အခါ
ရင်ထဲ အရိပ်တုတွေဆောင်ကြဉ်းလို့
(အမှောင်ထဲ အမှောင်တွေနဲ့ပဲ လင်းခဲ့တဲ့နောက်)

မဖြစ်သင့်တဲ့ အရာတွေမို့
ဖြစ်သလို ပစ်တင်ခဲ့ရတဲ့အခါ
ရင်ဘတ်တွေ ကျင်စက် တို့ခံရသလို
(ဆန္ဒတွေ ခွေးကျွေးလိုက်ရတဲ့နောက်)

ရုပ်အဆင်း မလှပေမယ့်
စိတ်အလင်းတွေ လှပပေးခဲ့ခြင်းမှာ
မနက်ဖြန်တွေ ပေပွလို့
(အိပ်မက်တွေ မလှပတော့တဲ့နောက်)

အိပ်မက်တွေ အသတ်ခံရခြင်းမှာ
မနေ့ကမှ လတ်ဆတ်နေသေးတယ်
ဒီနေ့ကျတော့ ကြွပ်ဆတ်နေပြီ
(နေ့ညတွေ ဇက်ပြတ်ခဲ့တဲ့နောက်)

စိတ်တွေ ညစ်ထပ်နေပေမယ့်
မနက်ဖြန်တွေ ညစ်ပတ်မနေစေဖို့
စိတ်ကို စိတ်နဲ့ပဲ သန့်စင်စေခဲ့တယ်
(မတရားသမျှ တရားဓမ္မနဲ့ ငြှိမ်းသတ်ခဲ့တဲ့နောက်)

လေပြည် (၅-၁၀-၂၀၀၉၊ နေ့လည် ၁း၁၅)


Read more...

ဆရာ့မှာတမ်း

( ရွှေကျင်ဆရာတော် အစဉ်အဆက် ဆောင်ရွက်ခဲ့ကြသည် )

၁။ ဝိညာဉ်ကွေကွင်း၊ ငါ့ရုပ်ကြွင်း၊ ချက်ချင်း ခေါင်းထဲထည့်။
၂။ ခုတင်မှာပြောင်၊ အထည်ရှောင်၊ လှအောင်မပြင်နဲ့။
၃။ မီးပုံသို့သွင်း၊ တနေ့ချင်း၊ ချက်ချင်းမီးရှို့ဟဲ့။
၎။ မလောင်ပါလား၊ ပြောကြငြား၊ နင်နားမယောင်နဲ့။
၅။ ကုသိုလ်လိုလို၊ ဘာလိုလို၊ အပိုမလုပ်နဲ့။
၆။ တပါးနှစ်ပါး၊ သံဃာအား၊ တတ်အားသလောက်နဲ့။
၇။ သံဃာအားမူ၊ လှူသာလှူ၊ အကူမခံနဲ့။
၈။ ဤစာအရ၊ ပြုလုပ်ကြ၊ မုချချမ်းသာမကွဲ့။
၉။ နောင်လာနောက်သား၊ တပည့်များ၊ မှတ်သားလေကွဲ့ မမေ့နဲ့။

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၅ )

( ယခင်လမှ အဆက် )
( ဘုရားမရှိတော့ဘူး လွတ်လပ်ပြီ၊ ဝမ်းသာလိုက်တာ )
အဲဒီလို သောကပရိဒေဝတွေနဲ့ ထောက်တည်ရာမရဘဲ ဖြစ်နေတဲ့ချိန် ဝမ်းမြောက်ဝမ်းသာဖြစ်နေတာက တပါးရှိနေပါတယ်။ သူ့နာမည်က သုဘဒ္ဒခေါ်တဲ့ တောထွက်ရဟန်းကြီး။ အခြား သုဘဒ္ဒအမည်နဲ့ ပရိဗိုဇ်ကြီးလဲ ရှိတယ်။ ဒီသုဘဒ္ဒနဲ့ တခြားစီဖြစ်တာ သတိပြုပါ။ သုဘဒ္ဒတောထွက်ကြီးက ငိုမဆုံးတဲ့ ပရိသတ်ကြားမှာ ကြွေးကြော်တယ်။ အရှင်ဘုရားတို့-မငိုကြနဲ့တော့၊ ငိုဖို့ မလိုတော့ဘူး။ အခု တို့အားလုံး လွပ်လပ်ကုန်ပြီ။ ဝမ်းမြောက်စရာ အလွန်ကောင်းတဲ့အချိန်ပဲ။ ကိုယ်တော်ကြီး ရှိတုန်းက ဒီဟာ မလုပ်ရ၊ ဟိုဟာမလုပ်ရနဲ့ နေရာတကာ ချုပ်ချယ်တယ်။ အခု နေချင်တိုင်း နေလို့ရပြီ။ စည်းကမ်းတွေ ဖျက်သိမ်းလို့ ရပြီ။ အဲဒီအချိန်မှာ ရှင်တော်ဘုရား ပရိနိဗ္ဗာန်ပြုတာ ခုနစ်ရက်ပဲကြာသေးတာ။ ဒီလိုပြောတဲ့ပုဂ္ဂိုလ် ပေါ်လာတယ်။ ဒါ ဝိနည်းတွေ ပြင်ဖို့လိုတယ်ဆိုတာမျိုး ဖြစ်လာတော့ ရှင်မဟာကဿပ-က ထေရဝါဒ သာသနာအတွက် စိုးရိမ်တွေးတောမိတယ်။

ဒါက ထေရဝါဒရဲ့ အခြေခံပဲ။ အချို့ ပြုပြင်ပြောင်းလဲရေးကြိုက်တဲ့ ကိုယ်တော်တွေလဲ ပေါ်ပေါက်လာတယ်။ ပြုပြင်ပြောင်းလဲတယ်။ ဒီဝါဒကလဲ တဖြည်းဖြည်း ကြီးထွားတဲ့ဂိုဏ်း ဖြစ်လာတယ်။ ဒီဝါဒကြိုက်ရင် ဟိမဝန္တာလွန်ပြီး မြောက်ပိုင်းသွားကြ။ ဒီဝါဒဟာ တိဘက်၊ ကိုရီးယား၊ ဂျပန် စသည်အထိ ကျယ်ပြန့်လာတယ်။

( ပူနွေးအောင် အရက်သောက်ကြသော ရဟန်းများ )
ဥပမာ-ပါကစ္စတန်မြောက်ပိုင်း ကန္တာရဆိုတဲ့ နေရာဆိုပါစို့။ အလွန်အေးချမ်းတဲ့ ရာသီမှာ နှင်းတွေ အများကြီးကျ၊ ရေတွေခဲ၊ ဘာသစ်ပင်မှလဲ မပေါက်နိုင်ဘူး။ ဒီလိုနေရာမျိုး ရောက်သွားတဲ့ သံဃာများက အလွန်အေးတဲ့ဒဏ် ခံနိုင်အောင် အရက်သောက်ပြီး ကာကွယ်ဖို့ လိုတယ်လို့ သဘောတူကြပြီး သုရာမေရယ သိက္ခာပုဒ်ကို ဖောက်ဖျက်ကြတယ်။ ဒါတွေ သောက်တော့ ရင်ခေါင်းတွေ၊ ဘာတွေ ပူလာပြီး နေကောင်းတယ်ပေါ့။ အစားလေး ပါရင် ပိုကောင်းတယ်ဆိုပြီး သောက်ရင်းနဲ့ အစာစားတာပါ ပါလာရော။ အဲဒီမှာ ဝိကာလဘောဇနသိက္ခာပုဒ် ပျက်သွားပြန်ရော။

ဒီလို နည်းနည်းပြင်တာ၊ ဥပမာပြရရင်-လယ်သမားရဲ့ ပုဆိုးစုတ်လို ဖြစ်သွားတယ်။ လယ်သမားက လုံချည်ဟောင်းဝတ်ပြီးတော့ လယ်လုပ်ငန်းလုပ်တယ်။ ကြာတော့ စုတ်ပေါက်လာတယ်။ ဒါကို အခြားအဝတ်စလေးယူပြီး ဖာထေးဝတ်တယ်။ နောက်တခေါက် တနေရာက စုတ်ပြန်တယ်။ အဲဒါလေး ဖာထေးပြီး ဝတ်ပြန်တယ်။ ကြာတော့ နဂိုဝတ်က မကျန်တော့ဘဲ အဖာအဝတ်စ အမျိုးမျိုးတွေပဲ ရှိနေတော့တယ်။

မြောက်ပိုင်းရောက်သွားတဲ့ ဗုဒ္ဓဘာသာဝါဒကလဲ ဒီလိုဖြစ်သွားတော့တာပေါ့။ ဒါက ပြောင်းလဲလာပုံကို ထင်ရှားအောင် ဘုန်းကြီးက ပြတဲ့ ဥပမာ။ ကျမ်းဂန်က ပြတာကတော့ အလွန်ကြီးမားတဲ့ ပုစွန်ကြီးက လက်မကိုယူပြီး အထဲက အသားတွေဖယ်၊ အပေါ်ယံအခွံကိုယူ၊ ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက် ညီအောင်လုပ်ပြီး သားရေနဲ့ကျက်၊ ပြီးရင် စည်ကြီးလုပ်ပြီးတီးတော့ အလွန်မြည်တယ်တဲ့။ အဲဒါ သုံးသုံးနေရင်း ချို့ယွင်းလာတော့ ဟိုနားကဖာ၊ ဒီနားကဖာနဲ့ နောက်ဆုံး အဖာတွေက ဖုံးလွှမ်းပြီး နဂိုစည်ဟာ တီးလိုက်ရင် မူလကလို ဒိန်း-ဆိုပြီး မမြည်တော့ဘဲ ဘတ်-ဆိုပြီး အသံပဲရတော့တယ်တဲ့။

( ဘုရားကို အညှိုးထားသော သုဘဒ္ဒ တောထွက် ရဟန်းကြီး )
ဖြစ်ပုံက ဒီလို။ သူ့မိန်းမ ဆုံးသွားတော့ သားလေးနှစ်ယောက်နဲ့ ကျန်ရစ်တယ်။ သူကသင်္ကန်းဝတ်ပြီး ရဟန်းပြုလိုက်တယ်။ သူ့သားနှစ်ယောက်ကိုလည်း ရှင်သာမဏေဝတ်ပြီး သူနဲ့အတူနေတယ်။ သုဘဒ္ဒက လူ့ဘဝက ဆတ္တာသည် (ခေါင်းရိတ်သမား) ဖြစ်တယ်။ သူ့သား ကိုရင်နှစ်ပါးကို ခေါင်းရိတ်ပညာသင်ပေးပြီး အရပ်ထဲ လှည့်လည်၍ အိမ်တွေဝင်ကာ ခေါင်းရိတ်တတ်ကြောင်း ကြေညာပြီး ငွေရှာတယ်။ ချစ်စရာအရွယ် ကိုရင်သန့်သန့်ပြန့်ပြန့် လေးတွေဆိုတော့ လူတွေကလဲ ခေါင်းရိတ်ကြတယ်။ ဒီလိုနဲ့ ငွေစုမိတယ်။ ရဟန်းကြီးကတော့ အရွယ်က ခြောက်ဆယ်ကျော်မှ ဝတ်တာဆိုတော့ ပရိယတ်စာပေ မသင်ဖူးဘူး။ အထူးသဖြင့် ဝိနည်းမသင်ဖူးဘူး။ အဲဒီတော့ ပရိသတ်က မေးစရာရှိတယ်။ တပည့်တော်တို့ တောထွက်ရဟန်းတွေ တရားအားထုတ်ပြီး ရဟန္တာဖြစ်ရင် ပြီးရော့ပေါ့။ ဝိနည်းသင်ဖို့ လိုသေးသလားလို့ မေးစရာရှိတယ်။ အဲဒါကို အဖြေက ကင်္ခါဝိတရဏီအဋ္ဌကထာမှာ ပါတယ်။

( ဝိနည်းမသိ၍ အပြစ်လုပ်မိသော ရဟန္တာ )
ရဟန္တာတပါးဟာ သူ့အဖေနဲ့အမေ ရန်ဖြစ်လို့ ကွဲကြတယ်။ သားရဟန္တာကတော့ အဖေ့အိမ်သွားလိုက်၊ အမေ့အိမ်သွားလိုက်နဲ့နေတာပေါ့။ အဖေလုပ်တဲ့သူက သူနဲ့ကွဲနေတဲ့ ဇနီးကို သံယောဇဉ်မပြတ်ဘူး။ အဲဒီတော့ သားရဟန္တာကိုပြောတယ်။ အရှင်ဘုရား-တပည့်တော်လဲ အနေအထိုင်ဆင်းရဲ၊ မိခင်ဖြစ်သူလဲ အဆင်မပြေ ဖြစ်နေတယ်။ ပြန်လည်ပြီး အတူတူနေကြဖို့ အရှင်ဘုရားပြောရင်တော့ ရကောင်းစရာရှိပါရဲ့-လို့ဆိုတော့ သားရဟန္တာက ဒါ-ကောင်းတဲ့ အကြံဉာဏ်ပဲ၊ အဖေ-အမေအတွက် ဆောင်ရွက်တဲ့ကိစ္စပဲ သဘောထားပြီး သွားပြောတော့ အဖေနဲ့အမေ ပြန်ပေါင်းကြတယ်။

အဲဒါကို သိတဲ့ အခြားသံဃာတော်များက အရှင်ဘုရား-မလုပ်သင့်တာ လုပ်တယ်။ ဝိနည်းဆုံးမချက်နဲ့ မညီဘူး။ အရှင်ဘုရား အာပတ်သင့်တယ်-လို့ပြောကြတယ်။ အဲဒီတော့ ရဟန္တာက ဒါ-ဘာဖြစ်လဲ၊ အမိနှင့်အဖ သင့်တင့်အောင် ပြန်ပြောပေးတာပဲ။ ကွဲကွာနေတဲ့ ရန်ဘက်နှစ်ယောက် သင့်မြတ်သွားအောင် ကူညီပေးတဲ့ ကိစ္စဖြစ်တယ်။ အဲဒီတော့ ရဟန်းများက မဟုတ်ဘူးကိုယ်တော်၊ အရှင်ဘုရား-က မိန်းမနှင့်ယောက်ျား တယောက်ကိုတယောက် အောင်သွယ်လုပ်ပေးတဲ့ ကိစ္စမျိုးဖြစ်နေတယ်။ အပြစ်ကတော့ ရှိတာအမှန်ပဲ။ အဲဒါ ရဟန္တာ-နော်။ ဝိနည်းမသင်ခဲ့ဖူးလို့ ဝိနည်းမတတ်တော့ ကိုယ်အပြစ်လုပ်တာကို အပြစ်မှန်း မသိဘူး။ မသိပေမယ့် အာပတ်ကတော့ သင့်ပြီးဖြစ်နေပြီ။ မသိဘဲနဲ့ အာပတ်သင့်တယ်။ အဲဒါကို ထားလိုက်ဦး။

( မအပ်စပ်သော ပစ္စည်းကို မြတ်စွာဘုရား လက်မခံ )
သုဘဒ္ဒရဟန်းကြီးက ဘုရားရှင် ကြွလာတော်မူတဲ့အခါတုန်းက ကြိုတင်ကြားသိရတော့ မွန်မြတ်တဲ့ ခဲဘွယ်ဘောဇဉ်တွေနဲ့ ဘုရားနဲ့တကွ သံဃာတော်များကို ဆွမ်းကပ်ချင်တယ်။ သား ကိုရင်နှစ်ပါးက တအိမ်ဆင်း တအိမ်တက် ဆတ္တာသည်လုပ်ထားတဲ့ ငွေကလဲ ပြည့်စုံနေတယ်။ အဲဒီငွေတွေနဲ့ လိုအပ်တဲ့ ဆန်၊ ဆီ၊ အသား၊ ငါးအပြည့်အစုံစုပြီးတဲ့အခါ သုဘဒ္ဒက ဧကသီဘေးချထားပြီး သင်္ကန်းညိုကြီး တိုတိုဝတ်ပြီး သားအဖသုံးယောက် အားကြိုးမာန်တက် ချက်ပြုတ်ကြတယ်။

နောက်နေ့နံနက် မြတ်စွာဘုရားနှင့်တကွ သံဃာတော်များ ကြွလာတော့ သူတို့သားအဖသုံးယောက် ချက်ထားတဲ့ဆွမ်းဘောဇဉ်တွေ ကပ်လှူတော်မူတယ်။ မြတ်စွာဘုရားက လက်ကာပြီး ပယ်တော်မူတယ်။ သံဃာတော်များကိုလည်း မယူကြနဲ့၊ မစားကြနဲ့-လို့ မိန့်ကြားတော်မူတယ်။ ဒီအစားအစာတွေဟာ မအပ်စပ်ဘဲ တောင်းခံရထားတဲ့ပစ္စည်းတွေနဲ့ ချပ်ပြုတ်ထားတာ။ စားရင်အပြစ်ရှိတယ်။ ဒီအစာ စားမည့်အစား အဆိပ်စားတာက ဒီဘဝပဲ သေရမှာ၊ တော်သေးတယ်။ သာသနာအဆုံးအမကို ပယ်ပြီး မအပ်စပ်တဲ့နည်းတွေနဲ့ ရထားတဲ့ပစ္စည်းတွေနဲ့ ချက်ထားတဲ့ ဒီအစားအစာဟာ သံသရာမှာ အပြစ်ကြီးလို့ ပယ်တယ်။

အဲဒီအချိန်ကစပြီး သုဘဒ္ဒက ဘုရားဟာ ငါ့ကို ပရိသတ်အလယ်မှာ အရှက်ကွဲအောင်လုပ်တယ် ဆိုပြီး မကျေမချမ်းဖြစ်နေတယ်။ ရန်ညှိုးထားတော့တာပဲ။ အဲဒါနဲ့စပ်ပြီး မကျေမချမ်း သူ့စိတ်ထဲထားရှိတာတွေ ပေါ်လာတော့တာပဲ။ စိတ်မပူကြနဲ့တော့၊ အခု တို့ကို နေရာတကာချုပ်ချယ်တဲ့ဆရာ လွတ်သွားပြီ။ လုပ်ချင်တာ လုပ်၊ စားချင်တဲ့အချိန် စား၊ အိပ်ချင်တဲ့အချိန် အိပ်၊ အချုပ်အချယ် မရှိတော့ဘူး-လို့ ဆိုပြောနေတော့ ရှင်မဟာကဿပ ကြားသိတဲ့အခါ ဘုရားပရိနိဗ္ဗာန်စံပြီး ခုနစ်ရက်ပဲ ရှိသေးတယ်၊ ဒီစကားတွေပေါ်လာတယ်။ ဒီလိုရဟန်းမျိုးကို ဒါလောက်ဆိုးဝါးတဲ့ ရဟန်းမျိုးကို ခေါင်းကွက်ကြားရိတ်၊ ကျောတရာ၊ ရင်တရာ ရိုက်နှက်ပြီး သာသနာက နှင်ထုတ်လိုက်ဖို့ တော်တော့တာပဲ။ ဒီလိုစဉ်းစားမိပြီး အတော်သံဝေဂ ရတော်မူတယ်။

တချိန်တည်းမှာပဲ စဉ်းစားမိပြန်တယ်။ ဒီလိုလုပ်လိုက်ရင် သာသနာတော်တော့ သန့်ရှင်းသွားမယ်။ ဒါပေမယ့် တိတ္ထိဂိုဏ်းဝင်များက ရှင်ဂေါတမတပည့်တွေ ကြည့်၊ ပျံတော်မူလို့ တပတ်အတွင်းမှာ သဘောကွဲလွဲကြပြီး ဆူပူကုန်ကြပြီ၊ ကွဲကုန်ကြပြီဆိုပြီး ကဲ့ရဲ့လို့မဆုံး ဖြစ်ကုန်မယ်။ အဲဒီတော့ ငါသည်းခံပြီး နေဦးမယ်။ သူများသပ်လျှိုဖို့ ငါကစပြီး အက်ကြောင်းလေးဖော်လိုက်ရင် ပိုဆိုးဝါးသွားလိမ့်မယ်။ ဗုဒ္ဓမြတ်စွာ ၄၅-ဝါပတ်လုံး ဟောကြားထားတော်မူခဲ့တဲ့ တရားတွေ သန့်ရှင်းစင်ကြယ်စွာ အစဉ်တည်အောင် ကြိုးစားဖို့ကိစ္စကို ငါ့ပခုံးပေါ် တင်ပေးခဲ့တယ်ဆိုတာကို သတိပြုတော်မူမိတယ်။ အယူကွဲတဲ့သတင်းတွေကြားရင် တိတ္ထိဂိုဏ်းက ကဲ့ရဲ့ကြမှာ သေချာတယ်။ ဒါကို သိတော်မူတယ်။ အဲဒီအချိန်မှာ တိတ္ထိဂိုဏ်းက အပြိုင်အဆိုင် ခြောက်ဂိုဏ်းရှိတယ်။ ဒါကို သတိပြုမိတဲ့ အရှင်မဟာကဿပ-က ဒီကိစ္စ ငါ့တာဝန်ပဲဆိုပြီးတော့ သည်းခံစောင့်ဆိုင်းပြီး နေတယ်။

( ရှင်မဟာကဿပ တိတ္ထိများ ရန်မရှာနိုင်အောင် သည်းခံတော်မူပုံ )
အဲဒီမှာ မြတ်စွာဘုရားထံရောက်အောင် ခရီးဆက်တော့ ကုသိနာရုံရောက်၊ ဘုရားရှင်ရဲ့ ရုပ်ကလာပ် ရွှေဖလားထဲမှာ ထည့်ထားတာ လှည့်ပတ်ကြည့်ပြီးတော့ ဘာမှမမြင်၊ မတွေ့ရဘူး။ ခြေရင်းဘက်ရောက်လိုက်၊ ခြေတော်အစုံကို ရည်မှန်းပြီးကန်တော့လိုက်တော့ ဘုရားရှင်ရဲ့ ခြေတော်နှစ်ဖက်ဟာ အပြင်ဘက်ရှည်ထွက်လာပြီး အပူဇော်ခံတော်မူတယ်။ အဲဒီလို အလောင်းတော် ဖူးမြော်ပြီးတော့ ခြေတော်ပြန်ဝင်သွားပြီးတဲ့အခါ မီးပူဇော်တဲ့ ထင်းပုံကြီးဟာ ဘာမျှမလုပ်ရဘဲ အလိုလို တေဇောဓာတ်နဲ့ လောင်ကျွမ်းသွားတယ်။ (ဒါတွေကို နတ်တွေက သိမြင်လို့ အရေးတကြီး မီးတင်မရှို့ပါနဲ့ဦး၊ ပခုံးပြောင်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီး နောက်ဆုံး ဖူးမြော်ပါစေဦးဆိုပြီး နတ်တွေက တန်ခိုးနဲ့ တားထားကြတယ်)။ တေဇောဓာတ် လောင်ပြီးတော့ ဓာတ်တော်တွေကိုရှစ်ပြည်ထောင်ဝေပြီး ပူဇော်ကြတယ်။ ဒေါနပုဏ္ဏားကလဲ ဓာတ်တော်တွေရ၊ မောရိယမင်းတွေက မီးသွေးတွေရ၊ အဲဒီနောက် ဇမ္ဗူဒီပ ကျွန်းပေါ်မှာ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် စေတီ ရှစ်ဆူတည်ကြတယ်။

ဓာတ်တော်စေတီက နှစ်ဆူ။ ပြည်တော်စေတီက နှစ်ဆူ။ မောရိယမင်းတွေက မီးသွေးစေတီ လေးဆူ။ ပြီးတော့ ရှင်မဟာကဿပ ကြွရောက်လာတဲ့ ရဟန္တာ ၇-သိန်း စည်းဝေးမိတဲ့နေရာမှာ တခါတည်း အမိန့်တော်ရှိတော်မူတယ်။ ယခုအခါ ဘုရား ၄၅-ဝါ ဟောတော်မူခဲ့တဲ့ ဓမ္မတွေ သန့်စင်ခွဲခြားရအောင် သင်္ဂါယနာတင်ကြစို့ရဲ့။ ရဟန္တာအရှင်မြတ်များက အရှင်ဘုရားကို မြတ်ဗုဒ္ဓကိုယ်တိုင် ပခုံးပြောင်းပြီး တာဝန်ပေးခဲ့ပါတယ်ဘုရား။ အရှင်ဘုရား စိတ်ကြိုက် ဆောင်ရွက်တော်မူပါ။

( ရဟန္တာ ငါးရာ စုစည်းပြီး ပထမသင်္ဂါယနာတင်ခဲ့သော အရှင်မဟာကဿပ )
အရှင်ဘုရားက သင့်တော်မည့်သံဃာများ ရွေးချယ်ပြီး သံဃာ ၅ဝဝ-စုပြီး စည်းဝေးတော်မူပါ-လို့ လျှောက်ထားကြတယ်။ ဒီအခါမှာ ရှင်မဟာကဿပ ရွေးတာပဲ။ ရဟန္တာ ၄၉၉-ပါး ရတယ်။ သံဃာများက ၅ဝဝ ပြည့်အောင် တပါးလိုနေသေးတယ်ဘုရား။ အရှင်အာနန္ဒာ ပါဖို့သင့်ပါတယ်။ သုဘဒ္ဒဆိုတာကတော့ အသက်သာကြီးပြီး ဘာမှ တတ်သိနားလည်ခြင်း မရှိပါဘူးလို့-လျှောက်ကြတယ်။ အဲဒီတော့ အရှင်မဟာကဿပ-က အရှင်အာနန္ဒာဟာ သောတာပန်မျှသာဖြစ်သေးတယ်။ ရဟန္တာမဖြစ်သေးဘူး။ အရှင်အာနန္ဒာထည့်ရင် သံဃာတွေ အပြစ်တင်ကြလိမ့်မယ်။ ရဟန်းတော်များက ဘာပဲဖြစ်ဖြစ် အရှင်အာနန္ဒာမပါရင်တော့ မဖြစ်ပါဘူးဘုရား။ အရှင်အာနန္ဒာဟာ ဘုရားနဲ့အတူတူ ၂၅-နှစ်ပတ်လုံး အတူတူလိုက်ပါပြီး သုတ်၊ ဝိနည်း၊ အဘိဓမ္မာ အားလုံးသော တရားများကို သူ့ရင်ထဲမှာ အမြဲသိုလှောင်ပြီးရှိသူ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီတော့ ရွေးဖြစ်အောင် ရွေးတော်မူပါဘုရား။ အဲဒီလို ဆန္ဒပေးကြတော့ အရှင်အာနန္ဒာကို ထည့်တော်မူတယ်။ ၅ဝဝ-ပြည့်သွားရော။ ဒါကို အရှင်အာနန္ဒာ သိတော်မူတော့ အခြားသော သံဃာတွေက အားလုံး ရဟန္တာချည်းပဲ။ ငါတပါးတည်းသာ ပုထုဇဉ်ပါတော့ ရှက်စရာကောင်းလိုက်တာ-လို့ စဉ်းစားပြီး အစွမ်းကုန် ကျင့်ဆောင်ဖို့လိုတယ်ဆိုတာ သိတော်မူတယ်။
( ရှေ့လ ဆက်ရန် )

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဧပြီလ )


Read more...

ကာလာမသုတ် - ပွင့်လင်းသော နှလုံးသားဖြင့် ထောက်တည်ရာ ရှာမှီးခြင်း

ကာလာမသုတ် (ကေသမုတ္တိသုတ်) သည် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တို့ မကြာခဏ ကိုးကားလေ့ရှိကြသော ဒေသနာတစ်ပုဒ် ဖြစ်သည်။ ဤဒေသနာအား မြတ်ဗုဒ္ဓ၏ လွတ်လပ်စွာ စူးစမ်းတွေးခေါ်မှု ပဋိညာဉ်စာတမ်း (Buddha’s Charter of Free Inquiry) အဖြစ် ပညာရှင်တို့က သတ်မှတ်ကြသည်။ ဤဒေသနာတော်က မျက်ကန်းယုံကြည်မှုအား ဆန့်ကျင်၍ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှု, ကိုယ်တွေ့အသိဉာဏ်တို့ကို နှိုးဆော်ထားသည်။ သို့သော်လည်း စာတစ်ပိုဒ်မျှကို ကိုးကားကာ ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုအားလုံးတို့အား ငြင်းပယ်သော ပစ္စုပ္ပန်ဝါဒမျိုး, လက်တွေ့အတွေ့အကြုံဝါဒမျိုး (pragmatic empiricism) အဖြစ် ကောက်ချက်ဆွဲရန်ကား မသင့်။ ကာလာမသုတ်သည် အယူဝါဒကွန်ယက်တို့ အလယ်တွင် တွေဝေနေသူတို့အား “ပွင့်လင်းသော နှလုံးသားကို အခြေတည်ကာ ထောက်တည်ရာ ရှာမှီးရန်” လမ်းညွှန်ထားသော ဒေသနာဖြစ်သည်။ မိမိ၏ အယူဝါဒအပေါ် တရားသေဆုပ်ကိုင်ထားသော ကာပဋိကလုလင်အား ဟောကြားသည့် မဇ္ဈိမနိကာယ်မှ စင်္ကီသုတ်ဖြင့် တွဲဖက်လေ့လာကြည့်ပါက သစ္စာတရား ရှာပုံတော်ခရီးတွင် “ပွင့်လင်းသော နှလုံးသား” ဖြင့် စတင်ရန် မည်မျှအရေးပါကြောင်း သိနိုင်ပါသည်။ ထို့ကြောင့် ကာလာမသုတ် ခေါ် ကေသမုတ္တိသုတ်၏ ဆိုလိုရင်း အဓိပ္ပါယ် ပေါ်လွင်စေရန် စင်္ကီသုတ်အပါအ၀င် အခြားသော နိကာယ်ကြီးများတွင် ဟောကြားထားသည့် သုတ္တန်ဒေသနာတော်များနှင့် ဆက်စပ်၍ တင်ပြပါမည်။

ဒေသနာနိဒါန်း

မြတ်စွာဘုရားသည် ကေသမုတ္တိ မည်သောအရပ်မှ ကာလာမနွယ်ဖွားတို့အား ဟောကြားခဲ့၍ ကေသမုတ္တိသုတ် (တနည်း) ကာလာမသုတ်ဟု အမည်ရသည်။ ကေသမုတ္တိသည် တောအုပ်အစပ်တွင်တည်ရှိ၍ တောရိပ်ခိုသည့် ရသေ့ရဟန်းတို့ တစ်ထောက်တနား စတည်းချရာ နေရာဖြစ်သည်။ ထိုရသေ့ရဟန်းတို့သည် မိမိတို့၏ အယူဝါဒများကို ဟောပြောကြ၍ အခြားသူတို့၏ အယူဝါဒများကို အပြစ်တင် ရှုတ်ချကြသည်။ ဤသို့ဖြင့် တစ်ယောက်တစ်မျိုး ပြောဟောနေကြသောအခါ ကာလာမတို့သည် အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်စွမ်း မရှိတော့ပဲ ရှုတ်ထွေးတွေဝေ နေကြသည်။ ယုံမှားသံသယတို့ ပြည့်နေကြသည်။ ကေသမုတ္တိသို့ မြတ်စွာဘုရားရှင် ကြွရောက်လာသောအခါ ကာလာမတို့သည် မိမိတို့၏ ရှုတ်ထွေးတွေဝေနေမှုကို လျှောက်ထားကြ၏။ ဘုရားရှင်က “ကာလာမတို့… သင်တို့၏ ယုံမှားခြင်းသည် သင့်ပေ၏။ သင်တို့၏ မဝေခွဲနိုင်ခြင်းသည် သင့်ပေ၏။ သင်တို့သည် ယုံမှားသင့်သောအရာ၌ ယုံမှားခြင်းသာ ဖြစ်ပေ၏” ဟု အစချီ၍ ကာလာမသုတ်ဒေသနာကို ဟောကြားခဲ့သည်။

ယုံမှားသံသယဖြစ်ဖွယ် အချက် ၁၀-ချက်

ကာလာမတို့… သင်တို့သည်
(၁) တစ်ဆင့်စကားကြားကာမျှဖြင့် မယူလင့်ဦး (မာ အနုဿဝေန)၊
(၂) အစဉ်အဆက်စကားမျှဖြင့်လည်း မယူလင့်ဦး (မာ ပရမ္ပရာယ)၊
(၃) ဤအရာသည် ဤသို့ ဖြစ်ဖူးသတဲ့ဟူသော စကားမျှဖြင့်လည်း မယူလင့်ဦး (မာ ဣတိကိရာယ)၊
(၄) စာပေကျမ်းဂန်များနှင့် ညီညွတ်သည်ဟူ၍လည်း မယူလင့်ဦး (မာ ပိဋကသမ္ပဒါနေန)၊
(၅) တွေးတောကြံစည်ခြင်းဟူသော အကြောင်းမျှဖြင့်လည်း မယူလင့်ဦး (မာ တက္ကဟေတု)၊
(၆) နည်းယူဆင်ခြင်ခြင်းဟူသော အကြောင်းမျှဖြင့်လည်း မယူလင့်ဦး (မာ နယဟေတု)၊
(၇) အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း မယူလင့်ဦး (မာ အာကာရ ပရိဝိတက္ကေန)၊
(၈) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံရုံမျှဖြင့်လည်း မယူလင့်ဦး (မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ)၊
(၉) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူလင့်ဦး (မာ ဘဗ္ဗရူပတာယ)
(၁၀) မိမိတို့ လေးစားသော ရဟန်း၏စကားဖြစ်ကာမျှဖြင့် မယူလင့်ဦး (မာ သမဏော နော ဂရု)၊
(အံ-၃-၆၆၊ အဂုင်္တ္တရနိကာယ်၊ တိကနိပါတ်၊ မဟာဝဂ်၊ ကေသမုတ္တိသုတ်)


လူအများစုတို့သည် မိမိတို့၏ စရိုက်အလိုက် “တစ်ဆင့်စကား, အစဉ်အဆက်စကား” စသည့် အချက်များမှ တစ်ချက်ချက်နှင့် ပြည့်စုံပါက အမှန်ဟု ယူဆတတ်ကြသည်။ အယူအဆတစ်ခု၏ အမှားအမှန်ကို ဤအချက်များဖြင့် ထောက်ဆတိုင်းထွာလေ့ ရှိကြသည်။ မှန်ကန်သော အသိပညာရရာ ရကြောင်း အထောက်အထားတို့အား အရှေ့တိုင်းဒဿနစာပေတွင် “ပမာဏ” ဟုခေါ်သည်။ အထက်တွင် ဖော်ပြခဲ့သည့် အချက် ၁၀-ချက်, ပမာဏ ၁၀-မျိုးတို့အား ယုံမှားသံသယဖြစ်ဖွယ် (ကင်္ခနီယ) အဖြစ်သတ်မှတ်၍ ထိုအချက်တို့ ပြည့်စုံရုံမျှဖြင့် အမှန်ဟု “မယူလင့်ဦး” ဟုဟောကြားခြင်း ဖြစ်သည်။ သို့သော် ယင်းပမာဏများအား ငြင်းပယ်လိုက်ခြင်း မဟုတ်ပါ။

ကာလာမသုတ်တွင် ဟောကြားခဲ့သော ယုံမှားသံသယဖြစ်ဖွယ် ပမာဏ ၁၀-ချက်အား အခြားသော သုတ္တန်များတွင် အယူဝါဒတို့၏ အခြေခံပမာဏ ၅-ချက်အဖြစ် အကျဉ်းခြုံး၍ တွေ့ရသည်။ ထိုအချက်များသည် အမှန်ဟု တထစ်ချ ဆုံးဖြတ်နိုင်လောက်အောင် ခိုင်လုံသော ပမာဏများ မဟုတ်။ မှန်လျှင်မှန်၍ မှားလျှင်မှားနိုင်သော အကျိုးနှစ်မျိုး (ဒွေဓာ ၀ိပါကာ) ရှိသည့် ပမာဏများဖြစ်ကြောင်း ဗုဒ္ဓက စင်္ကီသုတ်တွင် ဘာရဒွါဇနွယ်ဖွား ကာပဋိကလုလင်အား ဟောကြားခဲ့သည်။

ဘာရဒွါဇ… ဤငါးပါးတို့သည် မျက်မှောက်၌ပင် (အမှန် အမှားဟူသော) အကျိုးနှစ်မျိုးရှိသည်။ အဘယ်ငါးပါးနည်း?
(၁) ယုံကြည်ခြင်း (သဒ္ဓါ)
(၂) နှစ်သက်ခြင်း (ရုစိ)
(၃) တစ်ဆင့်ကြားခြင်း(အနုဿဝ)
(၄) အခြင်းအရာကို ကြံစည်ခြင်း (အာကာရပရိဝိတက္က)
(၅) အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ) တို့တည်း။

ဘာရဒွါဇ… ကောင်းစွာ ယုံကြည်ထားသော်လည်း အချည်းနှီး အမှားဖြစ်တတ်သည်။ ကောင်းစွာ ယုံကြည်မထားသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။ […] ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားသော်လည်း အချည်းနှီး အမှား ဖြစ်တတ်သည်။ ကောင်းစွာ စူးစိုက်ဆင်ခြင်၍ နှစ်သက်လက်ခံထားခြင်း မရှိသော်လည်း အဟုတ်အမှန် ဖြစ်တတ်သည်။

[…] ဘာရဒွါဇ… ယောက်ျားအား ယုံကြည်ခြင်းသည်ဖြစ်စေကာမူ၊ နှစ်သက်ခြင်းသည် ဖြစ်စေကာမူ၊ တစ်ဆင့်စကား ကြားနာရသည် ဖြစ်စေကာမူ၊ အခြင်းအရာကို ကြံစည်ထားသည် ဖြစ်စေကာမူ၊ အယူကို စူးစိုက်ဆင်ခြင်၍ နှစ်သက် လက်ခံထားစေကာမူ ... “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညန္တိ) ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်သေး။ ဤသူအား သစ္စာစောင့်သူဟုဆိုရ၏။ ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) ကို သတ်မှတ်၏။ (မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏ၀ဂ်၊ စင်္ကီသုတ်)

[…] ဘာရဒွါဇ… ယောက်ျားအား ယုံကြည်ခြင်းဖြစ်သော်လည်း “ဤသည်သာမှန်၏။ အခြားသည် အချည်းအနှီးတည်း” (ဣဒမေ၀ သစ္စံ, မောဃမညန္တိ) ဟု တစ်ဖက်သတ် ဆုံးဖြတ်ခြင်းသို့ မရောက်။ “ငါသည် ဤသို့ ယုံကြည်၏” ဟုသာ ပြောဆို၍ သစ္စာစောင့်၏။ […] ဘာရဒွါဇ… ဤမျှဖြင့် ငါတို့သည် သစ္စာစောင့်ခြင်း (သစ္စာနုရက္ခဏာ) ကို သတ်မှတ်၏။ (မ-၂-၄၂၈၊ မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဗြာဟ္မဏ၀ဂ်၊ စင်္ကီသုတ်)

ကာလာမသုတ်လာ ပမာဏ-၁၀ ချက်, (အကျဉ်းခြုံး၍ စင်္ကီသုတ်လာ ပမာဏ-၅ ချက်) တို့သည် မှန်လျှင်မှန်၍ မှားလျှင်မှားနိုင်သောကြောင့် ထိုအချက်တို့နှင့် ပြည့်စုံရုံမျှဖြင့် အမှန်ဟု အခိုင်အမာယူ၍ မရနိုင်သေး။ ဤသို့ လှေနံဓားထစ် တရားသေ စွဲယူမှု မရှိခြင်းအား အမှန်တရားအား ထိမ်းသိမ်းစောင့်ရှောက်ခြင်း, သစ္စာစောင့်ခြင်းဟု ဗုဒ္ဓက မိန့်ကြားခဲ့သည်။ ထိုပမာဏများကို အကြောင်းပြု၍ “ငါ့အမြင်သာ အမှန်, ငါ့အမြင်မှကွဲလျှင် အမှား” ဟု တစ်ဖက်သတ် ယူလိုက်ပါက အမှန်တရား အစစ်နှင့် ကင်းဝေးသွားပေမည်။ ထို့ကြောင့် ကာလာမသုတ်လာ အချက် ၁၀-ချက်တို့သည် ငြင်းပယ်ရမည်ဟု မဆို၊ အမှန်တရားအတွက် မိမိတို့၏ နှလုံးသားအား တံခါးဖွင့်ထားရန် နှိုးဆော်လိုက်ခြင်းသာ ဖြစ်သည်။ သစ္စာတရား ရှာပုံတော်ခရီး၏ အစဖြစ်သော သစ္စာစောင့်ခြင်းအတွက်ဖြစ်သည်။ (စင်္ကီသုတ်တွင် အမှန်တရားအား လျှော်စွာသိခြင်း (သစ္စာနုဗောဓာ), အမှန်တရားသို့ ဆိုက်ရောက်ခြင်း (သစ္စာနုပ္ပတ္တိ) ဟူသော အဆင့် ၂-ဆင့်ကို ဗုဒ္ဓက ဆက်လက် ဟောကြားထားပါသည်။)
ဆက်ရန်

ဧရာ(မန္တလေး)



Read more...

ကောင်းမှုနှင့် မကောင်းမှု... (မစိုးရိမ်စာသင်သား)



အမှားနှင့်အမှန် (မစိုးရိမ်စာသင်သား)

ကောင်းမှုနှင့် မကောင်းမှု...










သားသမီးတစ်ယောက် လူလားမြောက်ဖို့... (အရှင်ပညောဘာသ)


အရှင်ပညောဘာသ ဖိုးပညော (သပိတ်ကျင်း)

သားသမီးတစ်ယောက် လူလားမြောက်ဖို့...






Read more...

မကွေးမြို့ဆရာတော်ကြီး၏ သြဝါဒ (၂၈-ဖေဖော်ဝါရီ-၀၉)


ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရ မကွေးဆရာတော်ဘုရားကြီး၏ သာရဏီယသြဝါဒကထာမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၃၇၀ ပြည့်နှစ် တပေါင်းလဆန်း ၅ ရက်၊ ၂၈-၂-၂၀၀၉ စနေနေ့

ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်နယ် တိုင်း အသီးသီးတို့မှ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ထက်သန်တက်ကြွသော သာသနာပြု စိတ်ဓာတ် အပြည့်အဝထားကာ ကြွရောက်တော်မူလာကြကုန်သော သာသနာ့ဦးသျှောင်ဖြစ်တော်မူကြသည့် နိုင်ငံတော်သြဝါဒါစရိယဆရာတော်ဘုရားကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။

ဆရာတော်အရှင်မြတ်တို့ သက်တော်ရာကျော်ရှည်တော်မူကြလျက် ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်လန်း ချမ်းမြေ့စွာဖြင့် သာသနာတော်သန့်ရှင်းတည်တံ့ ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေဟု ပတ္ထနာပြုလျက် နှုတ်ခွန်းဆက်သပါသည် ဘုရား။

ဆရာတော်ဘုရားများနှင့် ယခုလို တစ်နှစ်လျှင် တစ်ကြိမ်ကျ စုံညီ တွေ့ဆုံကြရ၍ သာသနာတော်အတွက် အရေးကြီးသော ကိစ္စများကို တိုင်ပင် ညှိနှိုင်း ဆွေးနွေးကြရ၊ အသိအမြင်ချင်း ဖလှယ်ကြရသောကြောင့် သာသနာတော်အတွက် အထူးပင် နှစ်သက် ဝမ်းမြောက်ရပါကြောင်း ထပ်လောင်း လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
ဗုဒ္ဓမြတ်စွာသည် “ပဉ္စိမာနိ ဘိက္ခဝေ အနာဂတဘယာနိ ဧတရဟိ အသမုပ္ပန္နာနိ အယတိံ သမုပ္ပဇ္ဇိဿန္တိ တာနိ ဝေါ ပဋိဗုဇ္ဈိတွာ စ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
(အံ-၂-၉၃၊ ၉၅)
“ရဟန်းတို့ ... ဤအနာဂတ်ဘေးငါးပါးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်။ ထိုအနာဂတ်ဘေးတို့ကို သင်တို့ ကြိုတင် သိထားကြရမည် (ကြိုတင်သိထားအောင် လေ့လာ စုံစမ်း ထောက်လှမ်းထားကြရမည်)။ ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင်ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်” စသည်ဖြင့် အနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည် ဘုရား။

ထိုအနာဂတ်ကာလ၌ ဖြစ်ပေါ်လာမည့် ဘေးငါးမျိုးတို့ကို အကျဉ်းချုပ်၍ လျှောက်ထားပါမည် ဘုရား။

(၁) ကာယာနုပဿနာကို ပွားများပြီး မဟုတ်ကြကုန်သော၊ သီလကို ပွားများပြီး မဟုတ်ကြကုန်သော၊ သမာဓိစိတ်ကို ပွားများပြီး မဟုတ်ကြကုန်သော၊ ပညာကို ပွားများပြီး မဟုတ်ကြကုန်သော ဥပဇ္ဈာယ်ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အခြားတပည့် လူသာမဏေတို့ကို ပဉ္စင်းခံပေးကြလိမ့်မည်။

(၂) ထိုကဲ့သို့သော ရဟန်းတို့က နိဿရည်းဆရာလုပ်၍ တပည့်မွေးကြကုန်လိမ့်မည်။ ထိုဥပဇ္ဈာယ်ဆရာ၊ နိဿရည်းဆရာတို့၏ တပည့်အဆက်ဆက်တို့သည်လည်း ကာယာနုပဿနာကို မပွားများကြကုန်၊ သီလကို မပွားများကြကုန်၊ သမာဓိစိတ်ကို မပွားများကြကုန်၊ ပညာကို မပွားများကြကုန်။ တပည့်အဆက်ဆက်တို့ကိုလည်း ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများအောင် ဆုံးမခြင်းငှာ စွမ်းနိုင်ကြလိမ့်မည် မဟုတ်ကုန်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၃) ရဟန်းတို့သည် ဆိုအပ်ပြီးသည့်နည်းတူ ကာယ၊ သီလ၊ စိတ္တ၊ ပညာကို ပွားများပြီး မဟုတ်ကြပါဘဲလျက် အဘိဓမ္မာနှင့်စပ်သော တရားစကား၊ ဉာဏ်ပညာနှင့်စပ်သော တရားစကားတို့ကို ဟောပြောကြရင်းပင် သူတပါးတို့၏ ပျော့ကွက်၊ ဟာကွက်၊ အပြစ်အနာအဆာ ကဲ့ရဲ့ဖွယ်ရာတို့ကို ရှာဖွေသောအားဖြင့် ဒေသနာလမ်းကြောင်း တစ်မျိုးပြောင်းကြကုန်သည်ဖြစ်၍ သန့်ရှင်းစင်ကြယ်သော တရားမှန်ကို မသိနိုင်ကြကုန်လတ္တံ့။ (ဒေါသစိတ်ဖြင့် သူတပါးကို ပုတ်ခတ်လျက်လည်းကောင်း၊ ထိုတရားဓမ္မကို မိမိကိုယ်တိုင်သိသော တရားအနေအားဖြင့် သတ်မှတ်လျက်လည်းကောင်း၊ လာဘ သက္ကာရကို မျှော်ကိုးလျက်လည်းကောင်း ဟောပြောသောအားဖြင့် မည်းညစ်နောက်ကျုသော အကုသိုလ်ဘက်သို့ သက်ရောက် ကူးပြောင်းသွားကြလိမ့်မည်။)
ဤနည်းအားဖြင့် ဓမ္မပျက်စီးကွယ်ပခြင်းကြောင့် ဝိနည်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီးကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၄) ထိုရဟန်းတို့သည် ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြခြင်းကြောင့် ခက်ခဲနက်နဲကုန်၊ ခက်ခဲနက်နဲသော အနက်အဓိပ္ပာယ်ရှိကြကုန်သော လောကုတ္တရာတရားကိုးပါးကို ဖော်ပြကုန်သော သတ္တဝါကောင်၊ အသက်ကောင်၊ အတ္တကောင်မှ ဆိတ်သုဉ်းသော ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် တရားသဘောသက်သက်နှင့်သာ သက်ဆိုင်ကုန်သော ဘုရားဟောတရားတော်တို့ကို ဟောပြအပ်ကုန်သည်ရှိသော် မနာယူချင်ကြ၊ နားမထောင်ချင်ကြ၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ် မရှိကြကုန်လတ္တံ့။
ထိုဘုရားဟောတရားတော်တို့ကို သင်ကြားလေ့လာဆည်းပူးထိုက်ကုန်၏ ဟူ၍ မမှတ်ထင်ကြကုန်။ သာသနာပြင်ပပုဂ္ဂိုလ်များ ရေးသားအပ်သော တရားသဘော အချက်အလက်များကိုသာ လိုလိုချင်ချင် နားထောင်ကြကုန်၊ စိတ်ပါလက်ပါ ရှင်းရှင်းလင်းလင်း သိလိုစိတ်ရှိကြကုန်၊ သင်ကြားဆည်းပူးထိုက်ကုန်၏ ဟူ၍ မှတ်ထင်ကြကုန်လတ္တံ့။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

(၅) ကာယ၊ သီလ၊ စိတ္တ၊ ပညာတို့ကို ပွားများပြီး မဟုတ်ကြကုန်သော ထေရ်ကြီးရဟန်းတို့သည် ပစ္စည်းလာဘ်လာဘ ပေါများအောင် အားထုတ်ကြကုန်၊ သိက္ခာသုံးဖြာ သာသနာတော်ကို ပေါ့ပေါ့လျော့လျော့ ကျင့်ကြကုန်၊ အောက်အပါယ်ဘုံသို့ ရောက်ကြောင်း မကောင်းသော အကျင့်များ၌ ရှေ့သွားပဓာနထားကြကုန်၊ မဂ်ဖိုလ်ရကြောင်း ကောင်းမြတ်သော ကျင့်စဉ်များ၌ တာဝန်မဲ့ အားထုတ်မှု လုံ့လ၊ ဝီရိယကို လျှော့ချထားကြကုန်လတ္တံ့။
ထိုရဟန်းတို့၏ နောင်လာနောက်သား တပည့်များလည်း ဒိဋ္ဌာနုဂတိလိုက်ကာ ဆရာ့အပြုအမူအတိုင်း ပြုကျင့်ကြလိမ့်မည်။
ဤနည်းအားဖြင့် ဓမ္မပျက်စီး ကွယ်ပခြင်းကြောင့် ဝိနညန်းပျက်စီး ကွယ်ပ၏။
ဝိနည်းပျက်စီး ကွယ်ပခြင်းကြောင့် ဓမ္မပျက်စီး ကွယ်ပ၏။

ထိုဘေးကြီးငါးမျိုးတို့ နောင်အခါ ဖြစ်ပေါ်လာကြလိမ့်မည်ကို သင်တို့ ကြိုတင် သိထားကြရမည်။ (ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရမည်။)
ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရမည်ဟု ဟောတော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ဘုရား။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ထိုဘေးကြီးငါးမျိုးတို့သည် ယခုအခါ မြန်မာနိုင်ငံတော်အတွင်း၌ အနည်းအများ ပမာဏကွာခြားသော်လည်း ငါးမျိုးစလုံး ဖြစ်ပေါ်နေပါသည် ဘုရား။

ထိုငါးမျိုးတို့အနက် လွန်စွာ တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသော ဘေးကြီးနှစ်မျိုးတို့ကို အနည်းငယ်မျှ ထုတ်ပြ လျှောက်ထားပါမည် ဘုရား။

ထိုနှစ်မျိုးတို့မှာ တတိယဘေးကြီးနှင့် စတုတ္ထဘေးကြီးများ ဖြစ်ပါသည် ဘုရား။
ထို တတိယဘေးကြီး၊ စတုတ္ထဘေးကြီးများနှင့် ဆက်နွယ်နေသော အဓမ္မဝါဒများ ရှေးအခါက ပေါ်ပေါက်ခဲ့ဖူးပါသည် ဘုရား။

ထိုပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများကို သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ငါးနှစ်သက်တမ်းမှာပင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့စည်း၍ သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပါသည် ဘုရား။

ထို့နောက် ဆက်လက် ပေါ်ပေါက်လာသော အဓမ္မဝါဒများကိုလည်း နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များဖြင့်ပင် သုတ်သင် ပယ်ရှား တားမြစ်ခဲ့ပြီး ဖြစ်ပါသည် ဘုရား။
သို့ရာတွင် ထိုသုတ်သင်ပယ်ရှား တားမြစ်ခဲ့ပြီးသော အဓမ္မဝါဒများ တစ်စတစ်စ ခေါင်းထောင် ထလာနေသည်ကိုလည်းကောင်း၊ ထိုအဓမ္မဝါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ အတိအလင်း ရောင်းချနေသည်ကိုလည်းကောင်း၊ ယခင်အစည်းအဝေးများ၌ ဘုရားတပည့်တော် လျှောက်ထားခဲ့ဖူးပါသည် ဘုရား။

ယခုအခါ ထိုအဓမ္မဝါဒများထက်ပင် သာလွန်၍ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော အဓမ္မဝါဒများကို ဟောပြောခြင်း၊ သင်တန်းပေးခြင်း၊ စာအုပ်စာတမ်း ထုတ်ဝေ ဖြန့်ချိခြင်း စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များ ထင်ထင်ရှားရှား မြောက်မြားစွာ ပေါ်ပေါက်နေသည်ကို ဆရာတော်ဘုရားများလည်း ကြားသိသင့်သမျှ ကြားသိနေကြပါလိမ့်မည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီးကို ဖြိုချဖျက်ဆီးပစ်မည့် ဘေးဆိုးကြီးဖြစ်ကြောင်းကို အရိပ်အမြွက်မျှ လျှောက်ထားပါမည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခုခေတ်သည် အသစ်အဆန်းကို အထင်ကြီးကာ မြတ်နိုးတတ်သော အချို့ရဟန်းရှင်လူများ များပြားနေသောခေတ် ဖြစ်ပါသည်။
ယင်းအချက်ကို အခွင့်ကောင်းယူကာ အဓမ္မဝါဒထူထောင်လိုသူ အဓမ္မဝါဒီများသည် မိမိတို့၏ သာသနာတော်၌ ပြုပြင်၍ မရနိုင်သော အပြစ်တစုံတရာ အကြောင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါက်ရှာသောအနေအားဖြင့် ဤအဓမ္မဝါဒကို ဟောပြောပြသ ဖြန့်ချိလိုက်ကြလေရာ ထိုအဓမ္မဝါဒီများ၏ ဆောင်ရွက်ချက်သည် တဟုန်ထိုး ကျယ်ပြန့် ပွားများလာခဲ့ပါသည် ဘုရား။

ထိုအဓမ္မဝါဒီများသည် မြတ်စွာဘုရား ဟောကြားခဲ့သည့် သံဂါယနာ (၆)ကြိမ်တင် ဗုဒ္ဓပါဝစန ပါဠိတော်ကြီးများကိုပင် ဘုရားဟောမဟုတ်လေဟန်၊ ဗြဟ္မဏဝါဒ (ဟိန္ဒူဝါဒ)ဖြစ်လေဟန်လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာ၌ ဘုရားဟောပါဠိတော်လောက်နီးနီး အားထားပို့ချ သင်ယူနေကြရသည့် အဋ္ဌကထာများ၏ လွဲမှားစွာဖြင့် ဖွင့်ပြမှုကြောင့် မြန်မာနိုင်ငံ၌ ဗုဒ္ဓဝါဒအစစ်အမှန်များ ကွယ်ပျောက်နေရသည်ဟုလည်းကောင်း ဤသို့ စသော အဓမ္မဝါဒများကို သင်ကြား၊ ပို့ချ၊ ရေးသား၊ ဖြန့်ချိနေကြပါသည် ဘုရား။

ထိုအဓမ္မဝါဒဘေးဆိုးကြီးသည် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော အဓမ္မဝါဒများထက်ပင် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ဘေးဆိုးကြီး ဖြစ်ပါသည်။

“တာနိဝေါ ပဋိဗုဇ္ဈိတဗ္ဗာနိ”
“ထိုဘေးဆိုးကြီးများကို သင်တို့ ကြိုတင် သိထားကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ထိုဘေးဆိုးကြီးများကို တပည့်တော်တို့ ဆရာတော်တို့ ကြိုတင် သိထားအောင် လေ့လာစုံစမ်း ထောက်လှမ်းထားကြရပါမည် ဘုရား။

“ပဋိဗုဇ္ဈိတွာစ တေသံ ပဟာနာယ ဝါယမိတဗ္ဗံ”
“ကြိုတင် သိထားပြီး၍လည်း ထိုဘေးတို့ကို သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစားအားထုတ်ကြရမည်” ဟူသော မြတ်ဗုဒ္ဓ၏ အမိန့်တော်အတိုင်း ယခုပေါ်ပေါက်နေသော သာသနာ့ဘေးဆိုးကြီးကို နိုင်ငံတော်သံဃမဟာနာယကအပါအဝင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြား ရဟန်းပညာရှင်၊ လူပညာရှင်များ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်၍ သုတ်သင် ပယ်ရှား တားမြစ်နိုင်အောင် ကြိုးစား အားထုတ်ကြရန် အချိန်ကျရောက်နေပါပြီ ဘုရား။

ထိုသို့ အားထုတ်ကြရာ၌ သူ့တာဝန် ငါ့တာဝန် မခွဲခြားဘဲ သာသနမာမက ရဟန်းရှင်လူအားလုံး ညီညာဖြဖြ ဆောင်ရွက်ကြရန် လျှောက်ထားပါသည် ဘုရား။

ယင်းသို့ ဆောင်ရွက်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်ပါသည် ဘုရား။
ကိဋာဂိရိအရပ်၌ အဿဇိပုနဗ္ဗသုက မည်သော အလဇ္ဇီရဟန်းဆိုးတို့ သာသနာတော်၌ မသင့်မတော် မလျော်မလျောက်သည့် အကျင့်ဆိုးတို့ကို ပြုကျင့်နေကြသည်ကို မြတ်စွာဘုရား ကြားသိတော်မူရ၍ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ခေါ်တော်မူပြီးလျှင် “သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့ … သင်တို့သည် ကိဋာဂိရိသို့ သွား၍ အဿဇိပုနဗ္ဗသုကတို့ကို ကိဋာဂိရိမှ နှင်ထုတ်ကြ။ ထိုရဟန်းများသည် သင်တို့၏ တပည့်များ ဖြစ်ကြသည်”ဟု စေခိုင်းတော်မူလေရာ၊
အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့က “ရှင်တော်မြတ်ဘုရား … အဿဇိပုနဗ္ဗသုက ရဟန်းများသည် ခက်ထန် ကြမ်းကြုတ်ကြပါသည်၊ ဘယ်ပုံဘယ်နည်း နှင်ထုတ်ကြရပါမည်နည်း”ဟု လျှောက်ထားသောအခါ ဘုရားရှင်က “ဒီလိုဆိုလျှင် များစွာသော ရဟန်းတို့ကို ခေါ်သွားကြ”ဟု မိန့်တော်မူခဲ့ပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ဤမြတ်စွာဘုရား မိန့်ကြားတော်မူသည့် နည်းအတိုင်း ယခုပေါ်ပေါက်သော သာသနာ့ဘေးဆိုးကြီးသည်လည်း သာသနာတော်နယ်ပယ်အတွင်း စိမ့်ဝင်ထိုးဖောက်၍ အတွင်းမှ လှိုက်စားလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှု၊ အပြင်မှ အထင်အရှား ရေးသားဟောပြောခြင်း၊ ဖြန့်ချိခြင်း၊ သင်တန်းပေးခြင်း၊ စည်းရုံးခြင်း စသည်ပြုလျက် သာသနာတော်ကို ဖြိုချဖျက်ဆီးမှုတို့ဖြင့် ဘက်စုံထောင့်စုံမှ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြစ်ပါ မကျန်အောင် တွန်းလှန်ဖြိုဖျက်နေသော လွန်စွာ အင်အားကြီးမားသည့် သာသနာ့ဘေးဆိုးကြီးဖြစ်ရကား ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သံဃာထုအင်အားကို များစွာ လိုအပ်လှပါသည် ဘုရား။

သို့ဖြစ်ပါ၍ ဆရာတော်ဘုရားများသည် မိမိတို့ နေရပ်ဒေသ၊ မိမိတို့ ရောက်ရာဒေသ ဟူသမျှတို့၌ ထေရဝါဒသာသနာဝင် ရဟန်းတော်အားလုံး ဤသာသနာ့ ဘေးဆိုးကြီး ပေါ်ပေါက်နေသည်ကို သဘောပေါက်လောက်အောင် ရှင်းလင်း ပြောပြ၍ ထိုသာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ သာသနာ့စိတ်ဓာတ် အပြည့်အဝဖြင့် တက်တက်ကြွကြွ ပါဝင်လာကြအောင် လှုံ့ဆော်စည်းရုံးတော်မူကြရန် တောင်းပန်လျှောက်ထားပါသည် ဘုရား။

ဆရာတော် အရှင်မြတ်တို့ ဘုရား။
ယခု ဖြစ်ပေါ်နေသည့် သာသနာ့ဘေးဆိုးကြီးကို သုတ်သင် ပယ်ရှား တားမြစ်ရာ၌ ဓမ္မစက်သက်သက်ဖြင့်သာ ဆောင်ရွက်၍ အောင်မြင်နိုင်မည် မဟုတ်ပါ။

“သာသနံနာမ ရာဇာနံ၊ နိဿာယ တိဋ္ဌတေဣဓ = ဤလောက၌ သာသနာတော်မည်သည် မင်းကို မှီ၍ တည်တံ့ရ၏” ဟူသော ကဝိထေရ်မွန်ပညာဝန်တို့၏ အဆိုအမိန့်အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အာဏာစက်နှင့် တွဲဖက်၍ ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည် ဘုရား။
မှန်ပါသည် ဘုရား။
သာသနာ့သမိုင်းကို လေ့လာပါလျှင် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ကျင်းပ၍ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းကာ သာသနာတော် တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၇၀ ပြည့်နှစ်အထိ သာသနာတော် ၂၅၅၂ နှစ်အတွင်း ဓမ္မစက်၊ အာဏာစက် တွဲဖက်၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်မှာ ခြောက်ကြိမ်မျှသာ ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ပထမအကြိမ်
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူသည်မှ လေးလမြောက်တွင် အရှင်မဟာကဿပထေရ်သည် အဇာတသတ်မင်း၏ အကူအညီဖြင့် သုဘဒ္ဒကဲ့သို့သော ရဟန်းဆိုးများ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၌ ဝါဆိုဝါကပ် မနေကြစေရန် ဉတ်ကမ္မဝါစာဖြင့် ပယ်ရှားတားမြစ်၍ မဂဓတိုင်း၊ ရာဇဂြိုဟ်မြို့တော် သတ္တပဏ္ဏိလိုဏ်ဂူအနီး မဏ္ဍပ်ကြီး၌ ရဟန္တာငါးရာတို့ဖြင့် ပထမသံဂါယနာတင်တော်မူကာ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ဒုတိယအကြိမ်
သာသနာတော်နှစ် ၁၀၀ အရောက်တွင် ဝဇ္ဇီတိုင်းသားရဟန်းများ၏ ပြောဆိုကြေညာသည့် အဓမ္မဝတ္ထု ၁၀ ပါးကို အကြောင်းပြု၍ အရှင်မဟာယသ အမှူးရှိသော ရဟန္တာ ခုနစ်ရာတို့သည် ကာလာသောကမင်း၏ အကူအညီဖြင့် ဝါဠိကာရုံကျောင်းတိုက်၌ ဒုတိယသံဂါယနာတင်တော်မူကြ၍ ဝဇ္ဇီတိုင်းသားရဟန်းများကို ဖယ်ရှားနှင်ထုတ်လျက် ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

တတိယအကြိမ်
သာသနာတော်နှစ် ၂၃၆ ခုနှစ်တွင် မဂဓတိုင်း၊ ပါဋလိပုတ်မြို့တော် အသောကာရုံကျောင်းတိုက်၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ် အမှူးပြုသော ရဟန္တာတစ်ထောင်တို့သည် သီရိဓမ္မာသောကမင်း၏ အကူအညီဖြင့် အန္ဓကဂိုဏ်းသား အစရှိသော ရဟန်းများ၏ အဓမ္မအယူဝါဒကို ဖယ်ရှား၍ တိတ္ထိတို့ကို သာသနာတော်မှ နှင်ထုတ်ပြီးလျှင် တတိယ သံဂါယနာတင်တော်မူကြ၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

စတုတ္ထအကြိမ်
သာသနာတော် ၁၀၆၁ ခုနှစ်၊ သက္ကရာဇ် ၄၁၉ ခုနှစ်တွင် စတင်ကြွရောက်တော်မူလာသော အရှင်အရဟံသည် အနော်ရထာမင်း၏ အာဏာစက် အကူအညီဖြင့် ပုဂံပြည်တွင် အဓမ္မဝါဒ ဟောကြား ပြုမူနေကြသော အရည်းကြီးတို့ကို လူဝတ်လဲစေပြီးလျှင် ထေရဝါဒ ဗုဒ္ဓသာသနာတော် တည်စေတော်မူခဲ့ပြီး သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ပါသည် ဘုရား။

ပဉ္စမအကြိမ်
သာသနာတော် ၁၇၀၇-၁၇၄၀ ခုနှစ်တွင် သီဟိုဠ်ကျွန်း၊ ပုလတ္ထိမြို့၌ နန်းတက်သော ပရက္ကမဗာဟုမင်းလက်ထက်၌ ဒိမ္ဗုလာဂလ အရှင်မဟာကဿပ အမှူးပြုသော သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတ္တရာ အပါအဝင် မဟာထေရ်အရှင်မြတ်တို့သည် ပရက္ကမဗာဟုမင်း၏ အကူအညီဖြင့် အချင်းချင်း ကွဲပြားနေသာ မဟာဝိဟာရဂိုဏ်းကြီး၊ အဘယဂိရိဂိုဏ်းကြီး၊ ဇေတဝနဂိုဏ်းကြီး သုံးဂိုဏ်းတို့ကို ညီညွတ်အောင် ပြု၍ အလဇ္ဇီရဟန်းများကို စစ်ဆေး၍ လူဝတ်လဲစေခြင်း၊ သာမဏေဝတ်ဖြင့် နေနိုင်လောက်သူကို သာမဏေဝတ်ဖြင့် နေစေခြင်းဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့ကြပါသည် ဘုရား။

ဆဋ္ဌအကြိမ်
သာသနာတော် ၂၅၂၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်မှ ၁၄ ရက်အထိ လေးရက်တိုင်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကို ကျင်းပ၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း စသည်တို့ကို ပြဋ္ဌာန်းကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့စသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်း၍ ဓမ္မစက်၊ အာဏာစက် တွဲဖက်လျက် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ပါသည် ဘုရား။

ဤသို့လျှင် မဇ္ဈိမဒေသ၌ သုံးကြိမ်၊ သီဟိုဠ်ကျွန်း၌ တစ်ကြိမ်၊ မြန်မာပြည်၌ နှစ်ကြိမ်အားဖြင့် (၆)ကြိမ်မျှသာ ဓမ္မစက်၊ အာဏာစက် တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ခဲ့သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရပါသည် ဘုရား။

ထိုဓမ္မစက်၊ အာဏာစက်တွဲဖက်ကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့ရသည့် (၆)ကြိမ်တို့တွင် တတိယအကြိမ် မဇ္ဈိမဒေသ၌ ပေါ်ပေါက်ခဲ့သော သာသနာ့ဘေးဆိုးကြီးသည် အကြီးမားဆုံး ဖြစ်သည်ဟု ထင်မြင်ပါသည် ဘုရား။

ယခု မြန်မာပြည်၌ ဖြစ်ပေါ်နေသာ သာသနာ့ဘေးဆိုးကြီးသည် ထိုမဇ္ဈိမဒေသ၌ ဖြစ်ပေါ်ခဲ့သော ဘေးဆိုးကြီးကဲ့သို့ပင် အလွန် ကြီးမားသော ဘေးဆိုးကြီး ဖြစ်ပါသည် ဘုရား။

ဤမျှလောက် ကြီးမားသော သာသနာ့ဘေးဆိုးကြီးကို သာသနမာမက အာဏာပိုင်အဖွဲ့အစည်းများနှင့် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်း၊ ရှင်၊ လူအပေါင်းတို့ ညီညာဖြဖြ လက်တွဲကြလျက် သုတ်သင် ပယ်ရှား တားမြစ်ကြပါစို့ဟု လေးလေးနက်နက် တိုက်တွန်း နှိုးဆော်လျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အရှင်မြတ်တို့ ဘုရား။ ။

ဘဒ္ဒန္တကုမာရ
ဥက္ကဋ္ဌ
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့



+++++
စာညွှန်း
မြန်မာ့အလင်းသတင်းစာ၊ ၁-မတ်-၂၀၀၉


Read more...

လောဘ၏ သဘော...


လောဘ ဟူသော စကားလုံးသည် လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျှက် ရှိပါသည်။ စာရေးသူ တို့သည်လည်း ငယ်စဉ်ကလေး ဘ၀လေးကပင် လောဘ၏ စကားလုံးကို ရင်းနှီးဖူးပြီးသား ဖြစ်ပေသည်။ ကလေးအရွယ် လောဘ ဆိုသော စကားလုံးကို မပြောတတ်ခင် ကတည်းကပင် လောဘက ရှိနေပြီး ဖြစ်သည်။
မုန့်စားချင်လျှင် အော်ငိုမည်။ မုန့် ရရှိလာလျှင်လည်း မိမိတစ်ဦးတည်းသာ အပိုင်လိုချင်သည်။ သူတစ်ပါးအား ပေးကျွေးဖို့ရန်မှာ ၀န်လေးနေတတ်သည်။ စကားမပြောတတ် အရွယ်ကတည်းကပင် လောဘ၏ အပြုအမူများကို လုပ်ဆောင်နေတတ်ပြီ။ ထိုနောက် စကားနားလည်လာသောအခါ လောဘ၏ အဓိပ္ပာယ်ကို သိလာရတော့သည်။
သို့သော် တစ်ခါတစ်ရံ စကားလုံးများကို ရင်းနှီးပြီး ဖြစ်သော်လည်း ယင်းစကားလုံးတို့၏ အဓိပ္ပာယ် အနှစ်သာရကိုကား တိကျစွာ ဖော်ထုတ်နိုင်စွမ်း မရှိခဲ့ကြချေ။
စကားလုံးတိုင်းတွင် အဓိပ္ပာယ်နှင့် အနှစ်သာရ ကိုယ်စီ ရှိနေကြသည်။ စာရေးသူ ဤဆောင်းပါးတွင် တင်ပြလိုသည်မှာ လောဘ၏ သဘော၊ လောဘ၏ သဘာဝ တို့ပင် ဖြစ်သည်။
လောဘ စကားလုံးကို ပါဠိစကားလုံးမှ တိုက်ရိုက်ယူထားခြင်း ဖြစ်သည်။ မြန်မာစကားဖြင့် အလျင်းသင့်သလို ဘာသာပြန်ရလျှင် လိုချင်မက်မောခြင်း၊ တပ်မက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် နှစ်သက်ခြင်း၊ ကြိုက်ခြင်း၊ ခင်တွယ်ခြင်း၊ တွယ်တာခြင်း၊ သာယာခြင်း၊ မစွန့်လွှတ်နိုင်ခြင်း စသည်တို့သည်လည်း လောဘ၏ စကားလုံးကို တစ်မျိုးတစ်ဖုံ လှည့်၍ ပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုစကားလုံးများကို ခြုံငုံ၍ ပြောရလျှင် အတိုချုပ်မှာ လိုချင်ခြင်း ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် လိုချင်သည့် အရာတိုင်းကို လောဘ ဟု ပြောနိုင်ပါမည်လော ဆိုသည့်မေးခွန်းကို ဖြေဆိုရန် အခက်အခဲ တွေ့ပါလိမ့်မည်။
မေးခွန်းအတွက် အဖြေရှိပါသည်။ လိုချင်သည့်အရာတိုင်းကို လောဘ ဟု ပြောဆို၍ မရနိုင်ပေ။
ဥပမာ အားဖြင့် ကုသိုလ်ကို လိုချင်ခြင်း၊ တရားကို လိုချင်ခြင်း၊ ဒါနကို ပြုလုပ်လိုခြင်း၊ ပညာကို လိုချင်ခြင်း၊ နိဗ္ဗာန်ကို လိုချင်ခြင်း စသည်တို့သည် လိုချင်ခြင်း ဖြစ်သည့်အတွက် လောဘစာရင်းအထဲကို ထည့်သွင်းနိုင်သည် ဟု စောဒက တက်ဖွယ်ရာ ဖြစ်လာပါသည်။
အမှန်တော့ ဤအရာများသည် လောဘ မဟုတ်။ ဖြစ်ချင်သော ဆန္ဒသာလျှင် ဖြစ်ပါသည်။ ဆန္ဒသည် အာရုံကို လိုလားတောင့်တခြင်း သဘော သာလျှင်ဖြစ်သည်။ တစ်နည်းထပ်မံ၍ ရှင်းရလျှင် လောဘတွင် တွယ်တာငြိကပ်တပ်မက်မှု ဟူသော အစေးဓာတ်ပါသည်။ ဆန္ဒ၌ အစေးဓာတ် မပါချေ။ ထိုကြောင့် လောဘနှင့် ဆန္ဒကို သိသာထင်ရှားစွာ ကွဲကွဲ ပြားပြား သိရှိနေဖို့ လိုအပ်ပါသည်။
လောဘ၏ စကားလုံးကို ရှုထောင့်အမျိုးမျိုးမှ မည်သို့ပင် အဓိပ္ပာယ် ဖွင့်ဆိုနေကြစေကာမူ ၄င်း၏ ဆိုလိုရင်းကို လေးနက်တိကျစွာ ဖော်ထုတ်ရလျှင် ငြိကပ်ခြင်း ဟု ပြောမှသာ ပိုမို၍ သဘောသက်ရောက် စေလိမ့်မည်ဟု ပြောဆိုရပေမည်။
ငြိကပ်ခြင်း ၏ အဓိပ္ပာယ်ကို ဆက်၍ လင်းဦးအံ့။
ပစ္စည်း တစ်ခုခုတွင် ငြိကပ်နေသည့် သဘောကို ဆိုလိုပါသည်။ မိမိတွင် ရှိသော စည်းစိမ်ဥစ္စာများကို ငြိကပ်နေခြင်း၊ မိမိတွင် ရှိသော ရာထူးဂုဏ်သိမ်တွေကို ငြိကပ်နေခြင်း စသည်တို့သည် လောဘ၏ သဘောများပင် ဖြစ်သည်။
လောဘသည် အခြေခံအားဖြင့် နှစ်မျိုး ရှိပါသည်။ သမလောဘနှင့် ၀ိသမလောဘ တို့ပင် ဖြစ်ပါသည်။ သမလောဘသည် ရှိသင့် ရှိထိုက်သည့် လောဘ ဖြစ်၏။ ၀ိသမလောဘသည် မရှိသင့် မရှိထိုက်သော လောဘပင် ဖြစ်၏။
သမလောဘသည် သမ္မာအာဇီဝနည်းဖြင့် တရားနည်းလမ်း မှန်စွာ ပစ္စည်းဥစ္စာ ရှာဖွေလုပ်ကိုင် စားသောက်ခြင်းဖြစ်သည်။ တစ်နည်း ပြောရလျှင် တရားသဖြင့် လိုချင်ခြင်းသည် သမလောဘ ဖြစ်သည်။ သမလောဘ မရှိလျှင် လူ့လောကတွင် နေထိုင်၍ မဖြစ်နိုင်ပါ။ မိမိ၏ ဇနီးမယား၊ သားသမီးများ အတွက် ၀မ်းစာရေးကို ဖြေရှင်းပေးရဦးမည် မဟုတ်ပါလား။၏
လောကီဘုံနယ် အထဲတွင် နေထိုင်နေသော လောကီလူသားများ အဖို့ သင့်တင့်လျှောက်ပတ်သော နေထိုင်ခြင်းမျိုးဖြင့် နေထိုင်နေလျှင် အဓိပ္ပာယ် ရှိနေပေလိမ့်မည်။ ထိုကြောင့် သင့်တင့်လျှောက်ပတ်သော လောဘကိုကား မထား၍ မရှိ၍ ဘယ်တော့မှ မဖြစ်။ ဤသည်ကို အပြစ်ဟု ပြောဆို၍ မရစကောင်းပေ။
ဝိသမလောဘသည် သူတစ်ပါးဆီမှ မတရား လိုချင်ခြင်းပင် ဖြစ်သည်။ သူတစ်ပါး ဒုက္ခရောက်မည်ကို မတွေးတတ်။ မိမိ ကောင်းစားရေးကိုသာ ရှေ့တန်းတင်တတ်သည်။ မိစ္ဆာအာဇီဝ နည်းလမ်းများဖြင့် စီးပွားရှာတတ်သည်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ ၀ိသမလောဘသားများသည် ရလေ လိုလေ အိုတစ္ဆေ အမျိုး အစားထဲတွင် ပါဝင်ကြပေသည်။ ထိုသူတို့သည် လောဘကား ပြီးဆုံးခြင်းလမ်းစကို အဘယ်မှာ ရှာတွေ့နိုင်အံ့နည်း။
စာရေးသူ မြို့တစ်မြို့တွင် တွေ့ခဲ့ဖူးသော သူဌေးနှစ်ဦး အကြောင်းကို ပြောချင်ပါသည်။ ပထမသူဌေးသည် သမလောဘသမား ဖြစ်သည်။ စီးပွားရှာရာတွင် သူ့ဘက်ကိုယ့်ဘက် ကြည့်ရှုတတ်ပြီး စိတ်သဘောထား နူးညံ့သူဖြစ်သည်။ လူတိုင်းတွင် ပူပင်စရာများ ရှိသော်ငြားလည်း ထိုသူဌေးတွင် အလွန်အမင်း စိတ်ပူပင် သောကရောက်နိုင်သော အပူအပင် သိပ်မရှိလှ။ အဘယ်ကြောင့်နည်း ဟု ဆိုရသော် ၄င်း ရှာဖွေထားသော ပစ္စည်းဥစ္စာများသည် သမလောဘနည်းဖြင့်သာ ရရှိထားကြသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ထိုသူဌေးသည် အဆိပ်မရှိသော ထမင်းကိုသာ စားနေရသည်။ စာရေးသူ သွားရောက် လည်ပတ်သော အခါတွင်လည်း စိတ်ချမ်းသာစွာနဲ့ သတင်းကောင်းတွေကိုသာ ကြားရသည်။ စိတ်ချမ်းသာစရာ အလွန်ပင် ကောင်းလှပါသည်။ အလှူအတန်း ပြုလုပ်ရာတွင်လည်း အလှူပစ္စည်းက မွန်မြတ်သန့်စင်လှသဖြင့် ကုသိုလ်များ ဆတိုး၍ ရရှိနိုင်ပါသည်။
ဒုတိယ သူဌေးမှာကား နေ့စဉ်နေ့တိုင်း ပြဿနာ များနှင့် ပြည့်နေတတ်သည်။ ၄င်း၏ ကုမ္ပဏီရုံးခန်းတွင် ပြဿနာ တစ်ခုခုကို မဖြေရှင်းရသော နေ့ ဟူ၍ မရှိသလောက်ပင်။ အချိန်တိုင်း ပါးစပ်က ဆဲဆိုသံများနှင့် ညံနေတတ်သည်။ အလုပ်သမားများကိုလည်း ယဉ်ယဉ်ကျေးကျေး မဆက်ဆံ။ တစ်ခါတရံ ခြေလက်ဖြင့်တောင် ကန်ကျောက်တတ်သေးသည်။
စာရေးသူ သွားရောက်လည်ပတ်သော အခါတွင်လည်း ဤအချင်းအရာများကို မြင်ရ ကြားရသော အခါ စာရေးသူ ကိုယ်တိုင်စိတ်ချမ်းသာမှု မရှိလှပေ။ ထိုကြောင့် ၄င်းသူဌေးဆီကို နောက်တစ်ခေါက် သွားရောက်လည်ပတ်ချင်ဖို့ နေနေသာသာ လှည့်ချင်သော ခြေဦးကိုတောင်မှ ဒေါသထွက်ချင်လာသည်။ ထိုသူဌေးသည် ညအိပ်ယာဝင်သော အခါတွင် အေးအေးချမ်းချမ်းမှ အိပ်စက်နိုင်ပါ့မလား ဟု စာရေးသူ တွေးမိသည်။
ဝိသမလောဘသမား၏ စိတ်ကား ပူလောင်လွန်းလှပါဘိ။ မိမိကိုယ်ကိုလည်း ပူလောင်သလို သူတစ်ပါးကိုလည်း ပူလောင်စေလေသည်။ ထိုသူ စားသောက်နေသော ထမင်းသည်လည်း မတရားသော နည်းလမ်းဖြင့် ရထားသောကြောင့် အဆိပ်အတောက်များကို စားနေရသကဲ့သို့ပင် ဖြစ်ချေ၏။
သမလောဘ သမားများသည် စိတ်ထားနူးညံ့သဖြင့် အလှူအတန်းတွင် ရက်ရောတတ်သည်။ ၀ိသမလောဘ သမားများကား မိမိတို့၏ ပစ္စည်းဥစ္စာများ ကုန်ခန်းသွားမည်ကို စိုးရိမ်သဖြင့် အလှူခံ မိမိအိမ်သို့ ရောက်လာမည်ကိုပင် စိုးရိမ်နေတတ်ကြသည်။ မိမိ၏ ပစ္စည်းဥစ္စာများ အပေါ်တွင် ငြိကပ်တွယ်တာနေသည့် အစေးဓာတ် အားကြီးလွန်းနေ၍ ဖြစ်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်များ တမလွန် ဘ၀သို့ ကူးပြောင်းသွားသည့်တိုင်အောင် မကျွတ်မလွတ်ကြပဲ အပါယ်ဘုံဘ၀များတွင် ဒုက္ခဖြစ်နေရတော့သည်။
လောဘသမားများ၏ အလိုများသည် ပြည့်စုံပြီဟု မည်သည့်အခါမျှ မရှိပေ။ အမြဲတမ်း လိုအပ်နေသည်ချည်း ဖြစ်နေသည်။ စာရေးသူ အင်္ဂလိပ်စကားပုံတစ်ခု ကြားဖူးသည်။
ဤကမ္ဘာကြီးသည် လူသားများအတွက် လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်သည်။ သို့သော် လောဘအတွက်ကိုမူကား ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်။
The earth can be people for need, but not for greed.
လောဘကို အဆင့်မြင့်မြင့် နောက်ထပ် နည်းတစ်နည်းဖြင့် ခေါ်ဆိုရလျှင် တဏှာ ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုတဏှာသည် (၆) မျိုး ရှိပေသည်။ ဖော်ပြဦးအံ့။
(၁) အဆင်း အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ရူပတဏှာ။
(၂) ကောင်းမွန်သော အသံ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု သဒ္ဒတဏှာ။
(၃) အနံ့ အမွှေးအကြိုင် အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ဂန္ဓတဏှာ။
(၄) အရသာ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ရသတဏှာ။
(၅) အတွေ့အထိ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ဖောဋ္ဌဗ္ဗတဏှာ။
(၆) သဘောတရားတွေကို တွယ်တာနှစ်သက်မှု ဓမ္မတဏှာ။
အထက်၌ ဖော်ပြထားသော တဏှာ (၆) မျိုးသည် လောဘ အမျိုးအစားများ ဖြစ်ကြသည်။ ဤသို့ ဆိုလျှင် အ၀တ်အစား ၀တ်ဆင်ခြင်း ဆိုသည်ကို လောဘဟု ခေါ်ဆိုနိုင်လော ဟု ဆိုလာလျှင် သင့်တင့် လျှောက်ပတ်သော အ၀တ်အစား ၀တ်ဆင်ခြင်းသည် သမလောဘ ဟုပင် ဖြေဆိုရပေလိမ့်မည်။ ၄င်းသည် ရှိသင့် ရှိထိုက်သည့် လောဘ ဖြစ်သည်။
ထိုတဏှာ (၆) မျိုးကို ရှိသင့်ရှိထိုက်သည်ထက် လွန်လွန်ကဲကဲ ကပ်ငြိလာလျှင် ၀ိသမလောဘ ဖြစ်သွားပေလိမ့်မည်။
မြတ်စွာဘုရားသည် အလယ်အလတ် လမ်းစဉ်ဖြစ်သည့် မဇ္ဈိမပဋိပဒါ လမ်းစဉ်ကိုသာ ကျင့်သုံးခိုင်းခဲ့သည်။ မြတ်စွာဘုရား လက်ထက်တော်က မြတ်စွာဘုရားနှင့် ခေတ်ပြိုင် ဂျိန်းဘာသာ လမ်းစဉ်တစ်ရပ် ပေါ်ထွန်းခဲ့သည်။ ဂျိန်းဘာသာ လမ်းစဉ်သည် ယခုခေတ်အထိ အိန္ဒိယနိုင်ငံတွင် ထွန်းကားနေဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာကဲ့သို့ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားခြင်းတော့ မဟုတ်ပေ။
ဂျိန်းဘာသာ လမ်းစဉ်သည် ထိုတဏှာ (၆) မျိုးကို အလယ်အလတ် လမ်းစဉ်ဖြင့် ပယ်သတ်ခြင်း မဟုတ်ဘဲ အစွန်းရောက် လမ်းစဉ်ဖြင့် ပတ်သတ်ခြင်း ဖြစ်သည်။ အ၀တ်အစားကို ၀တ်ဆင်လျှင် လောဘ ဖြစ်သည်။ ထို့ကြောင့် ဂျိန်းဘာသာ ရဟန်းများသည် အ၀တ်အစားကို လုံးဝ မ၀တ်ဆင်ရ ဟူသော စည်းကမ်းများဖြင့် တင်းကြပ်စွာ နေကြရသည်။ အစွန်းရောက်သွားသည်ကို ထိုသူတို့ မသိကြပေ။
မြတ်စွာဘုရားသည် ရဟန်းများကို သင်္ကန်း ၀တ်ရုံဖို့ ခွင့်ပြုရသည်မှာ ရာသီဥတုဒဏ် ခံနိုင်အောင်နှင့် မှတ်၊ ခြင်၊ ယင် စသော ပိုးမွှား အန္တရာယ်မှာ အကာအကွယ် ရစေရန်သာ ဖြစ်သည်။ လောဘ ဖြစ်အောင် ၀တ်ရုံခိုင်းခြင်း မဟုတ်ပေ။ ဤသည်ပင် မြတ်စွာဘုရား၏ အလယ်အလတ် လမ်းစဉ် ဖြစ်သည်။
အစာစားသည်လည်း ထို့နည်းတူစွာပင် ဖြစ်သည်။ လောဘအားကြီးစွာဖြင့် စားရေးကို ဖြေရှင်းနေလျှင် အကုသိုလ် ဖြစ်နေပေလိမ့်မည်။ ခန္ဓာကိုယ် တည်မြဲနေစေရန် အတွက် သင့်တင့် မျှတသော အစားအစာကို စားသုံးခြင်းသာလျှင် အန္တရာယ် ကင်းပေလိမ့်မည်။ ထိုကဲ့သို့ စားသုံးခြင်းသည် ရှိသင့် ရှိထိုက်သော လောဘဖြင့် စားသုံးခြင်း ဖြစ်သည်။
လောဘတိုင်းသည် အပါယ်ကျရောက်မည် မဟုတ်ပေ။ လောဘဖြင့် သေလျှင် ပြိတ္တာဘုံဘ၀ ရောက်ကြရခြင်းမှာ ၀ိသမလောဘ အားကြီးလွန်းသောကြောင့်သာ ဖြစ်သည်။ သတိဉာဏ်နှင့် ယှဉ်နေသော လောဘသည် အပါယ်ကို မကျနိုင်တော့ပေ။
အပါယ်လမ်းက လွတ်ပြီး အရိယာမဂ်လမ်းကို ရောက်နေပြီ ဖြစ်သော သောတာပန်၌ပင် လောဘ ရှိနေပါသည်။ ထို့အပြင် သကဒါဂါမ်၌လည်း လောဘ ရှိနေပါသည်။ အနာဂါမ်များတွင်လည်း လောဘ အနုသယ ကျန်နေပါသေးသည်။ ရဟန္တာအဆင့်ကို ရောက်မှသာလျှင် လောဘသည် အကြွင်းမဲ့ ကင်းစင်သွားတော့သည်။
သေတာပန်သည် ကိလေသာ (၁၀) ပါးထဲတွင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ နှစ်မျိုးကိုသာ ပယ်သတ် နိုင်သေးသည်။ ပထမဦးဆုံး လောဘကိုကား အနည်းငယ်သာ ပယ်သတ်နိုင်သည်။ ထိုကြောင့် သောတာပန်သည် အိမ်ထောင်ပြုနိုင်သည်။ သားသမီးများနှင့် ပျော်ရွင်စွာ နေထိုင်နိုင်သည်။ ၀ိသာခါ ကျောင်းအစ်မကြီးသည် သောတာပန်ဖြစ်သည်။ သားသမီး၊ မြေးမြစ်များစွာနှင့် ပျော်ရွင်စွာ နေထိုင်ပြီး သာသနာ့ အကျိုးကို ရာဇ၀င် တွင်ရစ်နိုင်လောက်အောင် များစွာ လုပ်ဆောင်ပေးခဲ့သော လေးစားဂုဏ်ယူလောက်သည့် မြင့်မြတ်သည့် သာသနာ့အာဇာနည် အမျိုးသမီးကောင်း ဖြစ်သည်။
သို့သော် သောတာပန်တွင် ရှိနေသော လောဘသည် ၀ိသမလောဘတော့ မဟုတ်ချေ။ ရှိသင့် ရှိထိုက်သော သမလောဘသာ ဖြစ်ပေသည်။
လောဘကို ရုတ်တရက် အပြီးသတ် ပယ်သတ်ဖို့ရာ ဖြစ်နိုင်ဖို့ ခဲယင်းပေသည်။ လူများ ပယ်သင့်သော လောဘ၊ ရဟန်းတော်များ ပယ်သင့်သော လောဘ၊ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များ ပယ်သင့်သော လောဘ ဟူ၍ အဆင့်ဆင့် ခွဲခြား ကြည့်နိုင်ပါသည်။
လောဘကို သတိဉာဏ်ဖြင့် ဖြည်းဖြည်းချင်း ပယ်သတ်သွားနိုင်သည်။ အရာရာတိုင်းသည် တည်မြဲခြင်းမရှိ။ အချိန်တိုင်း အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြသည်ကို ဉာဏ်မျက်စိဖြင့် မြင်အောင် ကြည့်နိုင်ဖို့ လိုအပ်သည်။ စကြာဝဠာ အတွင်းရှိ မည်သည့်အရာပင် ဖြစ်လင့်ကစား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျက်စီးရပေလိမ့်မည်။
ဤသည်ကား လောကနိယာမ တရားသဘောပင်ဖြစ်သည်။ တည်မြဲသော အတ္တသဘော တစ်ခုမျှ မရှိ။ အားလုံးသည် မမြဲသော အနိစ္စသဘောသာ ရှိသည်။ ဤကဲ့သို့ သံဝေဂ သဘောတရားများကို သိရှိလာပြီဆိုလျှင် တွယ်တာခြင်း၊ ကပ်ငြိခြင်း စသည့်လောဘ သဘောသည် နည်းပါးလာရပေသည်။
ယင်းကဲ့သို့ သံဝေဂ သဘောတရားများကို မသိရှိသေးသ၍ လောဘသည် အဆုံးသတ်နိုင်လိမ့်ဦးမည် မဟုတ်။ ထပ်တိုးဖို့သာ ရှိပေလိမ့်မည်။ မည်သည့် ခံစားမှု ဝေဒနာမှန်သမျှကို သတိဉာဏ်ဖြင့် စောင့်ကြည့်နိုင်မှသာလျှင် နောက်ထပ်တစ်ဆင့် ဖြစ်သော လောဘအဆင့်သို့ မရောက်နိုင်အောင် တားဆီးနိုင်လိမ့်မည်။
ဥပမာအားဖြင့် စားစရာတစ်ခုကို စားလျှင် ထိုအစားအစာသည် ကောင်းမှန်းသိသဖြင့် ထပ်မံ၍ စားချင်စိတ် ဖြစ်ပေါ်လာသည်။ အစားအစာ စားကောင်းနေခြင်းကို ခံစားခြင်းသည် ဝေဒနာကို ခံစားနေခြင်း ဖြစ်သည်။ နောက်ထပ် စားချင်စိတ် ဖြစ်ပေါ်ခြင်းသည် လောဘ ဖြစ်လာခြင်းဖြစ်သည်။ ဝေဒနာ အဆင့်မှာပင်လျှင် လောဘအဆင့်သို့ မရောက်မီ သတိဉာဏ်ဖြင့် တားဆီးနိုင်ရမည်။
မြတ်စွာဘုရား ဟောကြားထားသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် ဝေဒနာနှင့် တဏှာကြားကို ဉာဏ်ဖြင့်ဖြတ်ရမည် ဖြစ်သည်။ တဏှာသည် လောဘပင် ဖြစ်သောကြောင့် အများနားလည်အောင် ရှင်းပြရလျှင် ဝေဒနာနှင့် လောဘတို့ အကြား ဉာဏ်ဖြင့် ဖြတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤနည်းအတိုင်း ကျင့်ကြံပွားများ အားထုတ်သွားပါလျှင် လောဘကိလေသာသည် နည်းသည်ထက် နည်းလာပြီး တစ်ချိန်ချိန်တွင် အရိယာမဂ်လမ်းကို ရောက်ရှိရမည်မှာ မလွဲမသွေပင် ဖြစ်ပါတော့သည်…


Read more...

အထက်မဂ်ဖိုလ်တက်ရန် နည်းလမ်းမှန်



ahtet.magpho - 008


Read more...

ဝဋ်ကြွေးရှိလျှင် ကျေပါစေတော့

အရှင်မ - ရုပ်ကလေးကလဲ ချစ်စရာလေး- အရွယ်ကြည့်ပြန်တော့လဲ ကာမဂုဏ် အာရုံတွေကို ခံစားလို့ ကောင်းဆဲအရွယ်၊ အသားလေးကလဲ ၀င်းဝါလို့ အပြစ်ဆိုစရာ မရှိ၊ ဘာကြောင့်များသာသနာ့ဘောင်ကို ၀င်လာရတာလဲ ရှင်မရယ် -

-မိမိရဲ့ ရုပ်အဆင်းကို ကြည့်ပြီး အရှင်မ ဗောဓိ ထေရီက မနေနိုင်လို့ မေးနေတာကိုး၊ မိမိတို့ ရောက်နေတာက ပါဋလိပုတ်မြို့တော်ရဲ့ အစွန်နားက သဲသောင်ပြင် ချောင်းကမ်းစပ်မှာ - ဒီနေ့ ဆွမ်းကိစ္စပြီးလို့ အဖော် မထေရ်မ နှင့်အတူ သပိတ်ဆေးဖို့အတွက် ချောင်းစပ်ဆီကို ရောက်နေကြတာပေါ့ -
ချောင်းရေတွေ စီးဆင်းနေတာကို ကြည့်ပြီး ပုထုဇဉ်တွေအတွက်

အော် ချောင်းရေတွေ မပြတ်တမ်း စီးဆင်းနေလို့ ရှေ့က ရေတွေက စီးဆင်းသွားနှင့်ပြီ - နောက်က ရေတွေက အသစ်အဖန်ဖြစ်ပေါ်လာပြီး စီးဆင်းနေကြတယ် ဒီလိုပါပဲ ခန္ဓာကိုယ်ကြီးမှာလဲ ရုပ်တရားတွေရော နာမ်တရားတွေရော မပြတ်တမ်း စီးဆင်း ဖြစ် ပျက်နေကြတယ် လို့ ဒီလိုလေး

သတိ သံဝေဂ ယူစရာတွေ ရှိပေမယ့် မိမိ အဖို့တော့ ရရှိပြီးသား ဓမ္မတွေကို တဖန်ပြန်လည် ခံစားတာက လွဲလို့ ရှေ့ဆက် အားထုတ်စရာ ပန်းတိုင် မရှိတော့ ဘူးလေ - ချောင်းရေကို ကြည့်ပြီး တွေးမိနေတဲ့ မိမိ စိတ်တွေက အရှင်မ ဗောဓိ စကားကို ကြားရတော့မှ ဖြေဖို့ ကြိုးစားရတော့တယ် -

အရှင်မ ကမေးတော့လဲ ပြောပြရမှာပေါ့ ဘုရား - -တကယ်တော့ တပည့်တော်ရဲ့ ဘ၀ဟာ စိတ်ဒဏ်ရာတွေ သတိသံဝေဂ ယူစရာတွေနဲ့ ပြည့်နှက်ခဲ့တာပါ၊ သူတော်ကောင်းတွေရဲ့ အဆုံးအမကို ရပြီး ဘ၀ တလျောက်လုံး ငြိမ်းအေးပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပည့်တော်နာမည်ကို မိဘတွေက ဣသိဒါသီ လို့ ပေးကြတယ်၊

( ဣသိ -ရသေ့ ရဟန်း သူတော်ကောင်းတို့၏ - ဒါသီ - တပည့်မ ) သူတော်ကောင်းတွေရဲ့ တပည့်မ ပေါ့၊ မျိုးရိုးကလဲ သူဋ္ဌေးမျိုး ဖြစ်ပြီး ဥဇ္ဖေနီပြည်မှာ အချမ်းသာဆုံး စာရင်းဝင်ခဲ့တယ်၊ တဦးတည်းသော သမီးလေးမို့အားလုံးရဲ့အလိုလိုက် ချစ်ခြင်းကိုလည်းခံခဲ့ရတယ်။
လိုချင်တာမှန်သမျှဖြည့်ဆည်းပေးရလောက်အောင်ထိ ဘ၀အကျိုးပေးက ကောင်းခဲ့ပါတယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ သူဋ္ဌေးသားတွေအားလုံးရဲ့ ကမ်းလှမ်းမှု့ကို ခံခဲ့ရတယ်၊ နောက်မှာတော့ ကျောင်းအမကြီး ၀ိသာခါနဲ့ ရေစက်ရှိတယ် ပြော၇မယ်၊ သာကေတ မြို့က သူဋ္ဌေးသားတစ်ယောက်အိမ်မှာ လိုက်နေရတယ်၊

အိမ်ထောင်ကျစဉ် ဘ၀တလျောက်လုံးမှာ လင်ကိုရော ယောက္ခမကိုရော မိမိဆန္ဒကို ဘေးဖယ်ပြီး ပြုစုခဲ့ပါတယ်။ ပေါင်းသင်းလာတာ သိပ်မကြာလိုက်ဘူး၊ သူဋ္ဌေးသားက သူ့မိဘတွေကို ပြောတယ် - ဒီ ဇနီးနဲ့ အတူ မနေရပါစေနဲ့ မပေါင်းနိုင်တော့ပါဘူး တဲ့ ၊

ဒီတော့ ယောက္ခမတွေက ဒီလောက်ထက်မြက်လိမ္မာပြီး အလိုက်သိတတ်တဲ့ မိန်းကလေးမျိုးကို ဘာကြောင့် မပေါင်းနိုင်တာလဲ -ဆိုတော့ အကြောင်းပြစကား မရှိပါဘူး၊ တအိမ်ထဲ အတူနေပြီး မပေါင်းလိုတော့ဘူး၊ သူ့ဆန္ဒကိုသာ ဖြည့်ဆည်းပေးပါ -လို့တွင်တွင်ပြောနေတော့တယ်၊ လင်သားက လက်မခံရင် အဖေတို့လဲ ဘာမှ မတတ်နိုင်တော့ဘူး သမီး၇ယ် ဆိုပြီး အိမ်ပြန်ပို့ခံခဲ့ရတယ်ဘုရား -

မိဘအိမ်ပြန်ေ၇ာက်တော့ ဒုတိယအကြိမ် ဒုတိယတမ်းစား သူဋ္ဌေးသားတယောက်နဲ့ ပေးစားပြန်တယ်၊ တပည့်တော်မတို့ ဆီမှာက အားကိုးရာ မရှိရင် ဘ၀က ရပ်တည်လို့ မရလောက်အောင် သိမ်ငယ်တယ်လေ၊ ဒီလိုနဲ့ နှစ်ကြိမ်မြောက်မှာလဲ တလလောက်ပဲ ပေါင်းလိုက်ရတယ် အရင်လိုပဲ မပေါင်းနိုင်တော့ဘူး၊ ဆိုပြီး စွန့်ပြစ်ခံခဲ့ရပြန်တယ်၊ နှစ်လင်ကွာ ဘ၀နဲ့ နေနေရတဲ့ တပည့်တော်ဟာ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်မှာ ဒဏ်ရာတွေ အကြီးအကျယ်ခံစားနေရပြီလေ ဘ၀ဆိုတာကို သိပ်ပြီး မသာယာချင်တော့ဘူး။

နောက်တကြိမ်တော့ တဦးတည်းသော သမီးရဲ့ အဖြစ်ကိုမကြည့်ရက်လို့ ဖခင်ကြီးက သမီးတင့်တယ်ရင် ပြီးရော ဆိုတဲ့ သဘောနဲ့ အိမ်ရှေ့ကို တောင်းရမ်းဖို့ေ၇ာက်လာတဲ့ သူတောင်းစားတစ်ယောက်ကို မောင်ရင် အဲဒီ ခွက်နဲ့ တောင်ဝှေးကို ပြစ်ထားလိုက်ပါ၊ ဒီအိမ်မှာ နေပြီး ငါ့သမီးနဲ့ ပေါင်းသင်းနေထိုင်ပါ လို့ ပြောပြီးတာနဲ့ နောက်အိမ်ထောင်ကျပြန်ရော -

အံ့သြစရာကောင်းတာက အဲဒီ သူတောင်းစားလဲ ၁၅ ရက်သာ ပေါင်း၇သေးတယ်၊ တပည့်တော်မနဲ့ တအိမ်ထဲမှာ မနေနိုင်ပါဘူး ၊ သူ့ရဲ့ ခွက်နဲ့ တောင်ဝှေးကို သာ ပြန်ပေးပါ၊ အရင်လိုပဲ တောင်းရမ်း စားပါရစေ ဆိုပြီး တောင်းဆိုပြန်တယ်၊

ဒီတော့ ဖခင် သူဋ္ဌေးကြီးက မောင်ရင်ရယ် ငါ့ရဲ့ ဆွေမျိုးတွေ အပေါင်းအသင်း မိတ်ဆွေတွေ နောက်ဆုံး ဟောဒီ တမြို့လုံးကလဲ အသိအမှတ်ပြုပြီးသား ဖြစ်နေပြီမို့ သည်းခံအောင့်အီး နေပေးလို့ မရဘူးလား လို့ မေးရှာတော့ အရှင်သူဋ္ဌေးကြီး ကျနော်မျိုးကို သတ်လိုက သတ်လိုက်ပါ၊ ဒီအိမ်မှာ အတူပေါင်းသင်းမနေနိုင်ပါဘူး၊ ကျွန်တော်မျိုးကို ခွှင့်လွတ်ပါ၊ ဆိုပြီး အိမ်ပေါ်က ဆင်းသွားပြန်တယ် -အဲဒီမှာ ကိုယ့်ကိုယ်ကို စဉ်းစားမိတယ် -

အော် ဆိုးလိုက်တဲ့ အကုသိုလ်အကျိုးပေး၊ ဘယ်ဘ၀က ၀ဋ်ကြွေးတွေကြောင့်များ ဒီလို စိတ်ဆင်းရဲခြင်း လောကဓံမျိုးကို ခံစားရပါလိမ့်၊ တလောကလုံးက ကံဆိုးခြင်းတွေ မှန်သမျှ ငါတစ်ယောက်ဆီမှာပဲ စုပြုံနေရော့သလား - သူတောင်းစားကတောင် စွန့်ပစ်ခံရတာ သိပ်ပြီး ဆိုးရွားလှတယ် -လို့ တွေးမိပြီး ဘ၀ကို ရှက်လဲ ရှက် ဒေါသလဲ ထွက်ပြီးထွက်ပေါက်ရှာတဲ့ အနေနဲ့ ဘာလုပ်ရမယ် ဆိုတာ မစဉ်းစားနိုင်တော့ဘူး၊ အဲဒီလောက်ထိကို အရှက်တကွဲ အကျိုးနဲ ကျော်ဖြတ်ခဲ့ရတာပါ၊ - -

နောက်ပိုင်းမှာတော့ ဒါတွေဟာ ၀ဋ်ကြွေးရှိရင် ပြန်ပေးဆပ်၇မယ် ဆိုတာ နားလည်ခဲ့ပါတယ်၊ ရှောင်လွှဲလို့ မရနိုင်ဘူး၊ နိဗ္ဗာန် မရောက်မချင်း အကုသိုလ်ကို ပေးဆပ်ပြီးမှပဲ ကျေအေးနိုင်မယ် - လက်ဝဲတော်ရံ မထေရ်ကြီး အရှင် မဟာမောဂ္ဂလာန်တောင် ရဟန္တာဖြစ်တဲ့ အချိန်ထိ ပေးဆပ်သွားကြရတာပဲ - တပည့်တော်မလို လူတယောက်အတွက် ပေးဆပ်ရမှာ မဆန်းတော့ပါဘူး လို့ ဖြေတွေးတွေးပြီး ရှည်လျားလှတဲ့ သံသရာမှာ ဘယ်လို ဘ၀မျိုးမှာ ဘယ်လို အကုသိုလ်မကောင်းမှု့တွေများ လုပ်ခဲ့ပါလိမ့် လို့ ဆင်ခြင်လိုက်တဲ့ အခါမှာ - -

ဆက်ပါအုံးမည် -


Read more...

What is Buddhism? (အပိုင်း ၁၀)

The Buddhist Monastic Order

The Buddhist monastic community, the Sangha, was created by the Buddha for those people who wanted to fully dedicate their lives toward the realization of enlightenment. The monastic lifestyle enables one to leave behind the worries and entanglements of lay life and focus almost all one's time and energy on the goal of liberation. It also offers the opportunity to live in solitude, an important factor for the development of deep states of meditation and wisdom. The Buddha also instituted a detailed and refined code of conduct and discipline to aid monastics in their cultivation of virtue.

Between Buddhist monastics and Buddhist lay people, there is a relationship of inter-dependence. The Sangha relies on the lay Buddhists for their material needs, and in return the monks and nuns provide the lay community with spiritual guidance and moral support. As long as the Sangha continues to practise in accordance with the code of monastic discipline and strives for the attainment of enlightenment, Buddhism will be a strong and vibrant religion.

(to be continued.....)

What is Buddhism? (အပိုင်း ၁ မှ အပိုင်း ၉ ထိ)



Read more...

တရားဆေွးနွေးခြင်းဆိုသည်မှာ........


Posted on 5:50 AM by peacefulness


ဓမ္မ ကိုဆွေးနွေး တဲ့ အခါ မှာ တခါ တလေ ဓမ္မ ကနေ အဓမ္မတွေ ဖြစ်သွားတတ်ပါတယ် ဘယ်အရာရာကိုပဲ ဖြစ်ဖြစ် ဓမ္မနည်းကျဆွေးနွေး ရန်တွက် မြတ်ဗုဒ္ဓ က သေချာ စေ့စေ့စပ်စပ်ဟောပေးခဲ့ ပါတယ်.............

အများစုသော လူတွေ ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် အငြင်းသန်ပြီးရန်ပွဲတွေ ဖြစ်တာ ကြားဘူး သလို မုန်းသွားတတ်တာတွေလဲ ဖြစ်တတ်ပါတယ် ဒါကြောင့်
ဘုရားရှင်ဟောထားခဲ့ တာ ကို သိစေချင်ပါတယ်

အဂုင်္တ္ထုရ် တိကနိပါတ်ထဲ က ကထာဝတ္ထု သုတ် မှ သိခြင်းနှင့် ကြည်ညိုခြင်း ဟာ စင်စစ် သိခြင်းကြည်ညိုခြင်း အကျိုးငှာ လို့ ဆိုတဲ့ စကား ဟာ သိဖို့ အတွက် ၊ ကြည်ညိုခြင်း ဖြစ်ဖို့ အတွက်သာ ပညာရှိ သူတော်ကောင်းများဟာဆွေးနွေးသင့်တယ် လို့  ဆုံးမ တဲ့ စကားဖြစ်ပါတယ် ...........
ဘုရား စကားဟာ ဘယ်လောက်ကြည်ညို ဖို့ ကောင်းသလဲ ..... ဒီသုတ္တန် ဟာ ဘ၀ရှေ့ ဆောင် ဓာတ်မီးရောင် တခု ပါပဲ ..... ဒီသုတ်မှာ ဘုရားက တရားကို ဓမ္မနည်းကျဆွေးနွေး ပုံသဘောကို အတိကျ သတ်မှတ် ပြီး ဟောပါတယ် ဒီတရားကိုသာ တစ်ကမ္ဘာ လုံးက လူ တွေလိုက်နာ ကျင့်ကြံ မယ်ဆို ရင်တောင် ပြသာနာမှန်သမျှ ဖြေရှင်း နိုင်မယ်လို ထင်ပါတယ်....................

ဘုရားဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးမူရဲ့ အဓိက ကျတဲ့ အချက် တွေရှိပါသည်။

(၁) ပညာရှိ သည် မဆန့် ကျင် မထောင်လွှား ဘဲဆွေးနွေးသင့်တယ်၊
(၂) မပြန့် လွင့်တဲ့ စိတ်နဲ့  ဆွေးနွေးသင့်တယ်၊
(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်းမပြု ဘဲ ဆွေးနွေးသင့်တယ်၊
(၄) ကောင်းစွာ သိလို့ သာ ဆွေးနွေးသင့်တယ် ၊
(၅) သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်း ခြင်း ကိုမပြုသင့်
(၆)ချွတ်ချော်သောစကား ကိုလည်း အပြစ်လို့ မယူသင့် ၊
(၇) ပါဠိ ပါဠ်သား များကိုရွတ်ဆိုပြီးလည်းမလွမ်းမိုး သင့် ၊
(၈) အကြောင်းပြပြီး ဖိနှိပ် ခြင်းကို လည်း မပြု သင့် ၊

(၉) အမှန်အမှား ရောထွေးတဲ့ စကားကိုလည်း မပြောသင့် ဘူးလို့ လဲ ဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးခြင်း လမ်းညွန်းခြင်း ကို သဘောကျနှစ်သက်မိပါတယ် ..............

နောက် ပြီးတော့ ဘုရား က ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ် နဲ့ မဆွေး နွေးသင့်တဲ့ ပုဂ္ဂိုလ် ကိုခွဲခြား ပြီး စံထား အတိကျ ဟောထား တာလည်း ထူးခြား လို့ သဘောကျ ပါတယ် ဒါကြောင့် ဆက်လက် ရေးသားချင်ပါတယ်

(၁) ပြသာနာကို မေးလိုက်တဲ့ အခါ တိုက်ရိုက် ဖြေဆိုရမယ့် ပြသာနာမျိုး ဖြစ်ပါလျှက် တိုက်ရိုက်မဖြေချင်ဘူးတဲ့ 
(၂) ဝေဖန်ပြီး ဖြေဆိုရမယ့်ပြသာနာကိုလည်း ဝေဖန်ပြီးမဖြေ ဘူး တဲ့ 

(၃) တစ်ဖန်ပြန်မေးပြီး ပြန်ဖြေရမယ့် ပြသာနာ မျိုးကိုကျတော့ လည်းပြန်မေးပြီး မဖြေဘူး ၊
(၄)တချို့ ကျတော့ပြသာနာ ကို မေးလိုက်တဲ့ အခါ အကြောင်းဟုတ်သည် မဟုတ်သည်ကို လည်းမကြည့်  ၊
(၅) ကြံဆအပ်သောအရာကိုလည်းမကြံ ဆ၊
(၆) သိရမည့်ဝါဒ ကိုလည်းမပြနိုင်၊

(၇) ဖြေဆိုသူ တို့ ရဲ့ ကျင့်ဝတ်မှာလည်းမတည်ဘူးတဲ့ 
(၈) တချို့ ကျတော့ပြသာနာ ကိုမေးလိုက်အခါ စကားတခု ကိုတခြားစကားတစ်ခု (စကားကြောင်းလွဲ) ဖုံးကွယ် တတ်ကြပါတယ် တဲ့  ၊
(၉) မေးတဲ့ ပြသာနာနဲ့ မဆိုင်တဲ့ အပြင်စကားများကို ပြောပြီး ပြသာနာ ကို ပယ်တတ်ကြပါတယ် ၊ (၁၀) တချို့က လဲ စိတ်ဆိုး အမျက်ထွက် ပြီးမနှစ်သက်ဖွယ် အမူရာကိုလည်း ထင်စွာပြတတ်ကြပါတယ် တဲ့ ၊
(၁၁) တချို့ ကျတော့လည်းပြသာနာ ကို မေးလိုက်တဲ့ အခါ ပါဠိ ပါဠ် သားတွေကိုတသီကြီး ရွတ်ပြပြီး တစ်ဖက်သားကို လွှမ်းမိုး ဖို့ ကြိုစား တတ်တယ်တဲ့ 
(၁၂) တချို့က အကြောင်းမျိုးမျိုး ပြပြီးဖိနှိပ်တာ မျိုးလည်းခံရ တတ်ပါ တယ်တဲ့ 
(၁၃) တချို့ ကတော့ တတ်ယောင်ကား ပုံစံ မျိုးနဲ့မေးသူ ရဲ့ စိတ်မှာသံသယ ရှိလာအောင် ဟားတိုက်ရယ်မောတတ်ပါတယ်တဲ့  ၊
(၁၄) တချို့ က တော့အနည်း ငယ် မှားယွင်း ချွတ်ချော်တာတွေ့ ရင် အမှားဖမ်း တတ်ကြပါတယ် တဲ့။ အဲဒီသဘောရှိတဲ့ သူမျိုးနဲ့  မဆွေးနွေးသင့်  ဘူး လို့ ဘုရားဟောထားပါတယ်..................

ဘုရားဟောတဲ့ သဘောတရားကို နားလည်သဘောပေါက်ပြီး ဓမ္မဆွေးနွေး ရာမှာအဓမ္မ ဆွေးနွေးခြင်းများမှ ကင်းဝေးကြပါစေလို့ .......

Read more...

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၇ (ပိုင်းလော့ဆရာတော်)

ဓမ္မာရုံအကြောင်း


မနောတံခါးမှာ ဓမ္မာရုံဆိုတာကို သိဘို့ အရေးကြီး ပါသေးတယ်။ သူက အဓိကနော်။ ဓမ္မာရုံဆိုတာသည် ပါဠိစကား က
ဓမ္မ + အာရုံ (သဘောမျှ ဖြစ်တဲ့အာရုံ) ကိုင်လို့ မရဘူး။ နူးညံ့တဲ့အာရုံ ၊ နားလည်အောင်ပြောရရင် ဓမ္မာရုံ ထဲ မှာ စာပေ အရ ရုပ်၊နာမ် ပညတ် နိဗ္ဗာန် အထိ ပါတယ်။

စိတ်ရဲ့ကျက်စားရာ အာရုံ နိဗ္ဗာန်ပါ ထည့်ထားသေးတယ်။
(ဒါကြောင့်သိရမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုကြတဲ့အခါ ဘုန်းဘုန်းတို့ အိပ်ပျော်တာ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အိပ်ပျော်သကဲ့ သို့လည်းမဟုတ်ဘူး။ ဘာမှ မသိတာ လည်းမဟုတ်ဘူး။ သိနေရမယ်နော်။ စိတ်ရဲ့ကျက်စားရာအာရုံ ဖြစ်နေတာကိုး။)
ဓမ္မာရုံကို အရပ်စကား နဲ့ ဘုန်းဘုန်းတို့ နားလည်လွယ်အောင်ပြောမယ် ဆိုရင် (နိဗ္ဗာန် ကို ခဏဖယ်ထားဦး) မျက်စိနဲ့ မကြည့်ဘဲပေါ်နေတဲ့ ပုံသဏ္ဍန် မှန်သမျှ ဓမ္မာရုံထဲ ကို ထည့်လိုက်ပါ။
ဥပမာ===ခုထိုင်နေရင်းနဲ့လည်း ဘုန်းဘုန်းတို့ တွေးလို့ရတယ်။ ဘုန်းဘုန်းတို့ သည်ကို ဘာနဲ့လာလဲ။ ဘယ်ကားစီးပြီး ဘယ်လိုလာသလဲမေးလိုက် တယ်ဆိုပါတော့။ ဒီတော့မေးလိုက်ရင် ပုံပေါ်မလာဘူးလား၊ (ပေါ်လာပါတယ်ဘုရား။) ဒီ မနက်ဘာဟင်းနဲ့ စားခဲ့လဲဆိုရင်ရော ၊ (ပေါ်လာပါတယ် ဘုရား။) မျက်စိ နဲ့မြင်တာ ဟုတ်ရဲ့လား ။ (မဟုတ်ပါဘူး ဘုရား။) စိတ်ကညွတ် လိုက်တာ နားလည် ပြီလား။ စိတ်ရဲ့ ကျက်စားရာ အာရုံ ဓမ္မာရုံဆိုတာ အဲဒါပဲ။ သဘောပေါက်ပြီနော်။

ဘုရားဟောနဲ့ပြန်ကြည့်ရင်တော့ ဓမ္မပဒ မှာပါတာ၊
ဒူရင်္ဂမံ ဧကစာရံ စတဲ့ ပါဠိ ရှိတယ်။ အဓိပ္ပါယ် က အင်မတန်ဝေးတဲ့အရပ် က အာရုံကိုလည်းပဲ ဆွဲယူ ကျက်စားနိုင်တယ်တဲ့။ အာရုံဆိုတာ ဒီမှာ ကျတော့ အရိပ်ကလေးနော်။ပုံရိပ်လေး မဟုတ်လား။ ပြီးရင် စိတ်ဟာ အကောင်အထည် မရှိဘူးတဲ့။ စိတ်က တစ်ခါပေါ်ရင် တစ်စိတ်ပဲပေါ်တယ်တဲ့။ မှီတာသည် နှလုံးအိမ် ထဲမှာမှီထားတာတဲ့။ အဲဒီ စိတ်ကို ဆုံးမနိုင်ရင် သေခြင်းတရားကလွတ်တယ်။ ဇာတိမလာဘူးတဲ့။

ဒီတော့အဓိက အာရုံတွေ ဘယ်မှာ သွားစုလဲဆိုရင် မနောမှာ သွားစုတယ်ပေါ့။ မနော တံခါးမှာ သွားစုတာ မြင်ဘူးတာ၊ကြားဘူးတာ၊ စားဘူးတာ၊ နံဘူးတာ၊ ထိဘူးတာ အစုံပေါ့နော်။ ကျမ်းအရပြန်ကြည့်ရင်လဲ ရှေးက ငါးဒွါရတိုက်ပြီး လို့ရှိရင် အသိပေါ်ပြီး
ကာလမခြား မနောမှာ ပေါ် ပါတယ်တဲ့။ ကာလမခြားဆိုတာ တိုက်ရိုက်ပေါ်တာ ကိုပြောတာ။ ဘုန်းဘုန်းတို့ ရှေ့က ငါးခု ကို စာရင်းထဲ မထည့်တော့ဘူး။ မနော မှာ ပေါ်တာကိုပဲယူရလိမ့်မယ်။
***************************************************************************
အနန္တရ ပစ္စည်း ကာလမခြား

ကာလမခြားဆိုတဲ့စကားကိုလည်း နားလည်အောင် ယူပါအုံးနော်။ ဥပမာ နဲ့ဆို ပိုသဘောပေါက် ပါလိမ့်မယ်။ ဟုတ်မဟုတ်စဉ်းစား။ ဘုရားဟော အတိုင်း ပဋ္ဌာန်းကျမ်းအရ ကာလ မခြားဆိုတာ အနန္တရပစ္စည်းပြောတာနော်။ သတ္တဝါတွေကို အရင်ပြောမယ်။
ဥပမာ=== ခို-ဆိုပါတော့၊ကြားလိုက်တယ်နော်။ အသံကို ရှုမယ်သာ ကြံတယ်။ ခိုပုံက ပေါ်မနေဘူးလား။ (ပေါ်ပါတယ်ဘုရား..) ။ကာလမခြားသွားပေါ်တာ မဟုတ်လား။ (မှန်ပါတယ်ဘုရား…)။ အမေလို့ပြောလိုက်မယ်။ အမေဆိုတဲ့စကား မဆုံးသေးဘူး ၊ပုံပေါ်မနေဘူးလား၊ (ပေါ်နေပါတယ် ဘုရား…)။
ကာလမခြားဆိုတော့ အဲဒါကို ပြောတာနော်။ နားလည်တယ်နော်။ ဒီလိုပဲ အသက်ရှုလိုက်တယ်ဆိုရင်ပဲ ကိုယ် မှာ သိတာ သိတယ်။ ရှူ လိုက်တယ် ဆိုရင်ပဲ မျက်နှာ ကိုယ် အမူ အရာ ကပ်ပါမနေဘူးလား။(ပေါ်ပါတယ်ဘုရား..)။ တန်းပေါ်တာနော်။ အဲဒီပေါ်တဲ့ အာရုံသည် စိတ်ကျက်စားရာ အာရုံပဲ။ နားလည်ပြီလား။ (လည်ပါပြီဘုရား…)။

အဲဒီ အာရုံကို ကပ်ငြိနေတယ်ဆိုရင် တဏှာ၊ အဲဒီ အာရုံကို ဆက်ရင်လည်း တဏှာ သဘောပေါက်ပြီနော်။ ငါးဒွါရမှာ အာရုံသိပြီး ကာလမခြား မနောတံခါးမှာ အာရုံသိဖြစ်ပုံ ကို မြတ်စွာဘုရားပေးတဲ့ ဥပမာ က နေပူချိန်မှာ အရွက်ကျနေတဲ့ သစ်ပင် တစ်ပင်က သစ်ကိုင်းပေါ် ငှက်တစ်ကောင် နားလိုက်တယ် ဆိုပါစို့။ သစ်ကိုင်းလှုပ်သွားချိန် မြေပြင်မှာ အရိပ်က ထင်နေပြီတဲ့။ အဲဒီ ဥပမာ အတိုင်းမှတ်ပါ။

************************************************************************

တဏှာ လာပုံ

ပေါ်လာတဲ့ အာရုံကို ဆက်ရန် အတွက် ဒီ က တဏှာ လာဘို့ အရေး၊ထိုထို ပုံသဏ္ဍန် အရိပ်တွေကို ပထမ အတုံး အခဲ အထည်လို့ ထင်မှတ် ရသေးတယ်တဲ့။ အထင်မှားရသေးတယ်။ ဒီလို အထင်မှား တော့မှ ငါ-ငါ့ အိမ် ဒီလိုထင်တာ။ သဘောပေါက်ရဲ့ လား။
ပေါ်တဲ့ အာရုံ အရိပ်ကို အကောင်ထင်သေးတာ။ ဒီလို အကောင်ထင် တော့မှ ဒါဟာ ငါ့အိမ်၊ ငါ့ သားသမီး လို့ သတ်မှတ်တာ။သဘောပေါက်တယ်နော်။ အဲဒီ ၂-ခုကို ဘုရားရှင်က ဘယ်လို အမိန့် ရှိလဲဆိုရင် အစိုင်အခဲ၊ အတုံးအခဲ လို့ထင်မှတ်တယ် ဆိုရင် သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။

အာရုံသိသဘော လေးကို အကောင်အထည် လို့ထင်တာ နဲ့
သက္ကာယဒိဋ္ဌိ လို့ခေါ်တယ်။ သေသေချာချာ မှတ်ပါနော်။ အာရုံသိဆိုတာ ဘာကြောင့်လဲဆိုတော့ နောက်တော့ရှင်းပြပါမယ်။ တစ်ခါပေါ်တာကို အကောင်အထည်လို့ထင်တာနဲ့ တစ်ပြိုင်နက် နယ် နမိတ်ဆိုတာ ပေါ်လာတော့ ငါ၊ငါ့အိမ်လို့ ထင်မှတ်တာ ဒိဋ္ဌိ၊ နယ် နိမိတ်ခြားလိုက်တယ်ဆိုရင် ဒိဋ္ဌိပေါ်တာပဲ။

ဒီတော့မှ တဏှာ က ဒီအာရုံကို ကပ်ထားပြီး ဆက်မယ်တဲ့။ ငါ့အိမ်အတွက်၊ ငါပိုင်တဲ့အိမ်အတွက် ဘာလုပ်အုံးမယ်လို့ဆက်တာ။ ဒီလိုဆက်ပြီးတော့မှ ဆုံးဖြတ်ချက်ကို ချလိုက် တယ်။ ဥပါဒါန် ကို ကူးတော့တာနော်။
ဒါဟာ ငါ့အိမ်ကြီးပဲ ၊ငါ့အိမ်အတွက် ဥပါဒါန်ကို ကူးလိုက်ပြီ။ လက်ဆင့်ကမ်းပြီးတော့ ဘာလုပ်မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရင် နှလုံးအိမ်က အရှိန်ထွက်လာပြီ ၊နားလည်ပြီနော်။

အင်မတန် သိမ်မွေ့တယ်နော်။ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးက အင်မတန်မြင်နိုင်ခဲတဲ့ တရားကိုမြင်ခဲ့တယ်။ တဏှာ ဆိုတာ သည် အကောင်အထည် ရှာလို့မရဘူးနော်။
အမြင်မှား အထင်မှားနယ် ပယ် က ဒီတော့ပေါ်တဲ့
အာရုံကို အကောင်အထည် ထင်လိုက်ကာမှ တဏှာ ကဝင်လာတာ။ အာရုံကို ဆက်လို့ရတာ။ ပေါ်တဲ့ အာရုံကို အမှန်အတိုင်း သိလို့ရှိရင် တဏှာ ဟာ လာလို့မရဘူး ။နားလည်တယ်နော်။



Read more...

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉

နယ်စပ်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။

၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။

ဒီနေရာမှ ကူးယူဖေါ်ပြပါသည်.


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP