* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Monday, October 5, 2009

လမ်းထဲက FRC တွေ

လမ်းထဲက အဒေါ်ကြီးတွေ အကြောင်းရေးခဲ့ပြီး အခု လမ်းထဲက FRCတွေ အကြောင်း ရေးချင်ပြန်ပါသည်။ FRC ဆိုသည်မှာ ကျမတို့ နိုင်ငံတွင် မြန်မာနိုင်ငံသားမဟုတ်သူများ ကိုင်ဆောင်ရန် ထုတ်ပေးသော လက်မှတ်ဖြစ်ပါသည်။ (ဤပို့စ်မှ FRC သည် တရုတ်လူမျိုးများကိုသာ ရည်ရွယ်ပါသည်။) ဘယ်ကနေ အတွေးစ ရလည်း ဆိုပါလျှင် အောက်တိုဘာလက စသည်ဟု ဆိုရပေမည်။ မသီတာအတွက် အောက်တိုဘာလသည် အမှတ်ရစရာ များသောလဖြစ်ပါသည်။ ဒီလမှာ မွေးသည်။ ဒီလမှာ မင်္ဂလာဆောင်သည်။ ဒီလမှာ စင်္ကာပူသို့ ထွက်ခဲ့သည်။

အောက်တိုဘာလ စ၀င်ကတည်းက လူက ခပ်ငိုင်ငိုင်လေးတွေးမိသည်။ “အင်း ငါဒီမှာ နိုင်ငံခြားသား FRC အဖြစ်နေလာလိုက်တာ ဆယ်စုနှစ်တခုတောင် တော်တော်ကျော်လာပါကောလား…”။ ထိုအတွေးစမှ တဆင့် FRC တယောက်အနေနှင့် ဘယ်လို နေသင့်၊ ထိုင်သင့်၊ စိတ်သဘောထားသင့်သလဲ ဆိုသည့် အတွေးဆက်ကာ ငယ်စဉ် လမ်းထဲက အမှတ်တရ အကြောင်းလေးတွေ တရေးရေးပေါ်လာခြင်း ဖြစ်ပါသည်။

အဖေ ဒီအိမ်ကြီးကို ကျမမွေးကာစမှာ ၀ယ်လိုက်တော့ နှစ်ဆောင်ပြိုင် နှစ်ထပ် သစ်သားအိမ်ကြီး ဖြစ်ပြီး အခန်းခန်း အဆောင်ဆောင် ထပ်ခိုးအဆင့်ဆင့်မှာ အိမ်ထောင်စုတွေ တပြုံကြီးနှင့် ဖြစ်သည်ဟု ကြားဖူးသည်။ ယခင်အိမ်ရှင်မှ အပိုင်းပိုင်းဖြင့် အိမ်ငှားချထားသူများကို အဖေက တရစ်ချင်း ရှင်းလာပြီး ကျမ သိတတ်သောအရွယ်ရောက်သောအခါ အိမ်ငှားဟူ၍ အပေါ်ထပ် ခြေရင်းခန်း၌ နေသော တရုတ်မိသားစု တစုသာ ကျန်တော့သည်။

ထိုမိသားစုမှာ မိဘများမရှိကြတော့ပါ။ လူပျိုကြီးလား၊ အိမ်ထောင်မရှိတာလား မသေချာသော သူတို့၏ ဦးလေးဟုသိရသော အန်းကျိတ်ဟု ခေါ်ကြသည့် အလွန်ပိန်သည့် ဦးလေးကြီးက သူတို့ မိသားစု၏ အာဏာမရှိသော အုပ်ထိန်းသူ လူကြီးဖြစ်ပါသည်။ အန်းကျိတ်သည် သော့ပြင်ဆရာ တဦးဖြစ်ပြီး သော့တံလေးတွေ ချိတ်ဆွဲထားသာ သံကွင်းကို လက်၌ဆွဲကာ မြို့ထဲမှာ တလမ်းဝင် တလမ်းထွက် “သော့ပြင်တယ်” ဟု အော်ရခြင်းသည် သူ၏ နေ့စဉ် အလုပ်ဖြစ်ပါသည်။ မိဘနှစ်ပါးစလုံး မရှိကြတော့သည်သာမက သူတို့၏ သမီးအကြီးဆုံးမှာလည်း တူတူး၊ ငန်ငန်းနှင့် မီမီး ဆိုသော ကလေးသုံးယောက်ကို လောကအလယ်၌ စောစီးစွာပင် ထားသွားခဲ့ပါသည်။ ဆုံးပါးသွားသူများ အားလုံး၏ တူညီမှုမှာ တီဘီရောဂါဖြင့် မရဏ သေမင်းခေါ်ဆောင်ရာကို လိုက်ပါသွားခဲ့ရခြင်းဖြစ်ပါသည်။ တူတူးတို့ အဖေကတော့ ဒီအိမ်မှာမနေပါ။ မြို့ထဲမှာနေသည်ဟု သိရပြီး တပတ်တခါလောက် သူ့သားသမီးတွေကို လာတွေ့တတ်သည်။

တူတူးမှာ ကျမနှင့် ရွယ်တူ သူငယ်ချင်း ဖြစ်၍ မူလတန်းကျောင်း တကျောင်းတည်းမှာလည်း တက်ကြပါသည်။ တရုတ်ကလေးမှာ စာတော်တတ်ကြသော်လည်း တူတူးမှာ စာမတော်ပါ။ တနှစ်တခါ စာမေးပွဲနီးလျှင် စာအုပ်ပျောက်တတ်သော ကျမအတွက် တူတူးဆီမှ မပြည့်မစုံ မလှမပရေးထားသော စာအုပ်များကို ကျမအမနှစ်ယောက်မှ ငှားယူပြီး ကိုယ့်အပိုင်းနှင့်ကိုယ် တာဝန်ခွဲဝေ၍ နှစ်ရက်လောက်နှင့် အပြီးကူးယူရသည်မှာလည်း စာမေးပွဲဖက်ရှင်တခု ဖြစ်ခဲ့ပါသည်။ တူတူးသည် သူ့ထက် စာတော်၍ သူတို့၏ အိမ်ရှင်ဖြစ်သော ကျမအပေါ် ကျိုးနွံပါသည်။ အငယ်နှစ်ယောက်ဖြစ်သော ငန်ငန်းနှင့် မီမီးက စွာချင်သည်။ ကျမတို့ ကစားရင်း ရန်ဖြစ်ကြလျှင် ကျမတို့ဖက်က “တရုတ် တရုတ် သောက်စားပုတ်” ဟု အော်လျှင် ငန်ငန်းက မခံပါ “မြန်မာ မြန်မာ လူလိမ္မာ” ဟု ပြန်အော်တတ်ပါသည်။

ကလေးများကသာ နိုင်စားသည်မဟုတ်။ လူကြီးများကဏ္ဍတွင်လည်း နေ့စဉ်လိုလို မောင်နှမတတွေ အော်ဟစ်ရန်ဖြစ်တတ်ကြသော ထိုအိမ်ငှားမိသားစုကို ကျမ အဖေနှင့် အကိုတွေက မျက်နှာသာမပေးကြပါ။ ခပ်တည်တည် ခပ်တန်းတန်းသာ နေကြပါသဖြင့် သူတို့ ပြောဆို ဆက်ဆံစရာရှိလျှင် ကျမ အမေနှင့်သာ အခေါ်အပြော လုပ်ဝံ့ကြပါသည်။ အန်းကျိတ်မှအစ သူ့ထက် အသက်ငယ်သော ကျမအမေကို အဒေါ်ကြီးဟု အမြဲတစေ တရိုတသေ ခေါ်ပြောပါသည်။ မှတ်မှတ်ယယ တနေ့သော နေ့လည်စာ စားချိန်လောက်တွင် အမေနှင့် ကျမတို့ မိသားစုတွေ ထမင်းစားနေကြသည်။ ကျမတို့ မစားမီ အဖေကို ဦးစွာ ထမင်းတ၀ိုင်း ပြင်ဆင်ပေးရလေ့ရှိ၍ မီးဖို ထမင်းစားခန်းထဲမှာ အဖေရှိမနေတော့ပါ။ ထိုအချိန် သံတံခါး ပိတ်ထားသော နောက်ဖေးပေါက် အပြင်ဘက်မှ အန်းကျိတ် က “အဒေါ်ကြီး တူရှိလား” ဟု ခပ်အုပ်အုပ် အသံဖြင့် လှမ်းမေးပါသည်။ အမေလည်း ထမင်းစားနေရာမှ ရုတ်တရက် မကြားသဖြင့် “ဘာလဲ” ဟု ထပ်မေးပါသည်။ “အဒေါ်ကြီး တူရှိလား…တူရှိရင် ငှားချင်လို့” ဟု အန်းကျိတ်က ထပ်ပြောရာ အမေ က “တူတော့ မရှိဘူး၊ ရဲဒင်းပဲရှိတယ်” ဟု အော်ပြောလိုက်ရာ အန်းကျိတ်လည်း တံခါးပေါက်မှ လှစ်ကနဲ နေအောင် ပျောက်ကွယ်သွားပါတော့သည်။ တအောင့်ကြာသော် ထမင်းဝိုင်းထဲမှ တယောက်က “အမေ အန်းကျိတ်က ထမင်းစားမလို့ တူ လာ ငှားတာထင်တယ်” ဟု ပြောလိုက်မှ အားလုံး တယောက်မျက်နှာ တယောက်ကြည့်ကာ ရယ်ကြရပါတော့သည်။

ကျမတို့ အိမ်တွင် ထိုစဉ်က အမှန်တကယ် တူ (ထမင်း ဟင်းစားသော တူ) မရှိပါ။ သံရိုက်သော တူလည်း ရှိဟန်မတူပါ။ ထင်းခုတ်သော ရဲဒင်းသာ ရှိပါသည်။ ရဲဒင်း၏ အသွားတဖက်မှာ ခုတ်ဖြတ်ရန် သုံး၍ရပြီး အခြားတဖက်မှာ တူကဲ့သို့ပင် ထုနှက်ရန် သုံး၍ရပါသည်။

ကျမတို့ ၃တန်းလား ၄တန်းလားရောက်သောနှစ်တွင် တူတူးတို့ အဖေ နောက်အိမ်ထောင်ပြုတော့မည်ဟု သိရပါသည်။ တူတူးတို့ အဖေမှာ ရုပ်ဖြောင့်သူတဦးဖြစ်ပါသည်။ ကွယ်လွန်သွားသော သူတို့ အမေမှာလည်း သူတို့ မောင်နှမများထဲတွင် အချောဆုံးနှင့် ကျန်သူများနှင့်မတူ ယဉ်ကျေးနှစ်လိုဖွယ်ရာကောင်းသည်ဟု မှီလိုက်သူများက ပြန်ပြောတတ်ကြပါသည်။ တခါတရံ တူတူးတို့ မိထွေးဖြစ်မည့်သူပင် သူ့အဖေနှင့်အတူ ပါလာတတ်ပါသည်။ သူတို့ လာလျှင် ကျမတို့ ကလေးတသိုက် ချောင်းကြည့်တတ်ကြသည်။ ကလေးအတွေးနှင့် မိထွေးဆိုသော အရာကို ဘယ်လိုမှာ လက်မခံနိုင်သေးသော အရွယ်ဖြစ်ပါ၍ ဘယ်လောက်ပင် ရန်တွေဖြစ်ခဲ့ဖြစ်ခဲ့ စွာတေလန် မီမီးကိုပင် သနားစိတ်ဝင်ခဲ့ပါသည်။ တနေ့မှာတော့ တူတူးတို့အဖေက အမေရိကန်ကို သွားတော့မည်ဟု သိရသော အခါ “နင်တို့ကိုရော ခေါ်သွားမှာလား” ဟု ကမန်းကတန်း မေးမိသည်။ “ငါတို့ ၃ယောက်စလုံးကို ခေါ်သွားမှာ… ငါတို့ ကြီးလာတော့ ရွှေတိဂုံဘုရားကို တိုးရစ်အဖြစ်လာမှာပေါ့ဟာ အဲ့ဒီအခါကျရင် နင်တို့နဲ့ ပြန်တွေ့…” ဟု တူတူးလား၊ ငန်ငန်းလား (မသေချာတော့) က ပြောခဲ့ပါသည်…ပြောခဲ့ပါသည်…။

*****
မျက်စောင်းထိုးအိမ်က FRC သူငယ်ချင်းမိသားစု အကြောင်း ဆက်ရန်



Read more...

ဘုန်းကြိးတွေသီလရှင်တွေက ကလေးမွေးတယ်


သြစတြေးလျားနိုင်ငံတွင် ဟောကြားခဲ့သော ဒဿနသမ္ပဒါ (၈) ချပ်ထဲတွင် ဤသို့ ဟောကြားထားပါသည်..........

“ဥိးကောသလ္လက ပိဋကတ်စာပေတွေကို မသင်ခင်မှာပဲ ဆရာတော်ကြီး
(ဆူးလေ ဥိးမြင့်သိန်း၏ တပည့်ကြိးဖြစ်သူ ဥိးဥက္ကသံဗုဒ္ဓိ) က“ဒီထေရ၀ါဒတရားတွေ၊
ဒီဝိပဿနာ တရားတွေ” ကို ၂ နှစ်လောက်အထိ သင်ပေးတာ။
ဒါကြောင့် ဥိးကောသလ္လ က ၀ိပဿနာတရားတည်သူ- ဖြစ်နေတော့
မန္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။
“ဆရာကြိးရဲ့ သင်တန်းမှာ “ဘုန်းကြိးတွေ သီလရှင်တွေက ညညဆိုရင် ကလေးမွေးတယ်လို့
မိန့်တယ်။ အဲဒါကို မသိဘူး။ ငယ်ငယ်တုန်းကပေါ့။ အဲဒီဟာကို ၀ိပဿနာ သင်တန်းလာတက်ကြတဲ့
ဘုန်းကြီးတွေကို မေးရတယ်။
နောက်တော့ ပိဋကတ်တော်တွေကို သိလာတော့ “ရာဂပုတ္တံ ၀ိဇာယတိ- စက္ခု နဲ့ ရူပါရုံ ဆုံမိတော့
စွဲလမ်းပြီး ရာဂဆိုတဲ့ သားကို မွေးတာပဲ” လို့ အဖြေရလာတယ်။


အထက်ပါ ဟောပြောချက်တွင် ဓမ္မစေတီ ဥိးကောသလ္လသည် ဥိးဥက္ကသံဗုဒ္ဓိ၏ တပည့်
ဥိးဥက္ကသံဗုဒ္ဓိ သည် ဆူးလေ ဥိးမြင့်သိန်း၏ တပည့်

ဆူးလေ ဥိမြင့်သိန်းသည် အဓမ္မ၀ါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သည် အဓမ္မ၀ါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သင်တန်းပေးရာ ထေရ၀ါဒ အမည်ခံ သင်တန်းစာများနှင့်
ဝိပဿနာတရား အမည်ခံ သင်ခန်းစာများသည် အဓမ္မ၀ါဒ၊
ထို့ကြောင့် ဥိးကောသလ္လသည် အဓမ္မ၀ါဒီ၊
ဥိးကောသလ္လ ဟောနေသော ထေရ၀ါဒ အမည်ခံတရားများနှင့် ၀ိပဿနာတရားများသည်
အဓမ္မ၀ါဒ၊ သို့ဖြစ်၍ ဥိးကောသလ္လသည် အစစ်အမှန်ဖြစ်သော ၀ိပဿနာတည်သူမဟုတ်။
အတုအယောင်ဖြစ်သော ၀ိပဿနာတည်သူ ဖြစ်၏။
ဥိးဥက္ကသံဗုဒ္ဓိ၊ ဥိးကောသလ္လ အစရှိကုန်သော ထေရ၀ါဒ အမည်ခံဘုန်းကြီးတို့သည်
ရာဂသားမွေးတတ်သူ တဏှာတမားများ ဖြစ်၏။
ဗုဒ္ဓသာဝက အစစ် ထေရ၀ါဒီအစစ်ဖြစ်ကုန်သော ဘုန်းကြိးများတွင်
ညညမှာ ရာဂသားမွေးတတ်သူများလည်း ရှိကြပေလိမ့်မည်။
ဘာဝနာ တရားပွားများသူလည်း ရှိကြပါလိမ့်မည်။

((((((မန္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။))))))
သုံးလနှင့် ပိဋပတ်တော်တွေ တတ်သွားတာတော့ တော်တော်
အံ့သြစရာကောင်းပါသည်။
တိပိဋကတ် စာမေးပွဲ ဘာကြောင့်ဝင်မဖြေသလဲ မသိဘူး။
စာရှူသူ့တို့ပဲ မေးကြည့်လိုက်ကြနော် .....

Read more...

Japan to provide full scholarships for Myanmar students

Japan to provide full scholarships for Myanmar students

Japanese government will offer full scholarships to Myanmar students in social and technological fields for the country's regional developments, the Yangon Times quoted Japanese Embassy as saying on Wednesday.
The scholarships under Asian Youth Fellowship program, cover those for pursuing master's degree and Ph.D in Humanities, Social Sciences, Engineering and Natural Science, the Yangon Times said.
The persons under 35 years of age, who got bachelor's degree ormaster's degree in the country, can apply for the scholarships for2010, it said, adding that the application for the scholarships will close on Oct. 16.
The winning students will first learn Japanese language for seven months in colleges in Osaka city.
So far, the Japanese government has provided scholarships to 23Myanmar students under the program since 1996.
Meanwhile, a Japanese language proficiency test for Myanmar citizens will be held at the Japanese Embassy on Dec. 6 this year to boost language communication between peoples of Myanmar and Japan.
 
Source:Xinhua

Sources <http://english.people.com.cn/90001/90777/90851/6740396.html



Read more...

အွန်လိုင်းပေါ်မှ အမေးအဖြေများ


အွန်လိုင်းပေါ်မှ အမေးအဖြေများ အမှတ်(၁)စာအုပ်၊ ထွက်တော့မည်။


Read more...

လူတိုင်းတောင့်တကြတဲ့စေတနာ... (ဖိုးပညော (သပိတ်ကျင်း))


ဖိုးပညော (သပိတ်ကျင်း)

လူတိုင်းတောင့်တကြတဲ့စေတနာ...

ဟရိတစ ရသေ့... (တည်တောဆရာတော် (မေး+ဖြေ))


တည်တောဆရာတော် (မေး+ဖြေ) ၄-မှ...

ဟရိတစ ရသေ့...






Read more...

ကောသလအိမ်မက် (၁၆) ချက် ရှစ်လုံးဖွဲ့ ကဗျာများ...


မှတ်ချက် -
အထက်စာကြောင်းကို အိမ်မက်စကား။
အောက်စာကြောင်းကို ဘုရားရှင်အဖြေဟု မှတ်ပါ။
၁။ နွားလေးကောင် အိပ်မက်
နွားနက်လေးခု ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်။
အရှေ့အနောက် တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စဉ်။
၂။ သစ်ပင်ငယ် အိပ်မက်
မြေကမကြွ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး ပွင့်သီးတွေ့မြင်။
အရွယ်မမျှ ပျိုမမယ်ခင်၊ သမီးသား လင်ထား အိမ်ထောင်ချင်။
၃။ နွားမကြီး အိပ်မက်
ယနေ့ဖွားစ နွားမနို့သာ၊ မိခင်နွားကြီး စို့ပြီးနေရှာ။
သမီးနှင့်သား စီးပွားပိုင်ရာ၊ မိနှင့်ဘ ကျွေးမှစားရမှာ။
၎။ နွားငယ် အိပ်မက်
နွားကြီးမကြိုက် ၀န်တိုက်နွားငယ်၊ မရုံးနိုင်ဘဲ ၀ပ်လဲနေတယ်။
ကြီးသူပယ်ရှား မြှောက်စားလူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
၅။ မြင်း အိပ်မက်
ခံတွင်းနှစ်ခွ မြင်းလှရာဇာ၊ ကျွေးကျွေးသမျှ မ၀နိုင်ပါ။
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား တရားစီရင်မှာ။
၆။ ရွှေခွက် အိပ်မက်
ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ ခွက်ထဲစွန့်ပြန်။
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊ အမျိုးယုတ် လင်လုပ်ပေါင်းဆက်ဆံ။
၇။ ခွေးသူခိုးမ အိပ်မက်
ရှေ့ကကျစ်ချ လွန်စကြိုးကို၊ ခွေးမ ခိုးစား ကိုက်ဝါးခါမျို။
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊ လင်မြှောင်အား မယားလောကွတ်ပို။
၈။ ရေပြည့်အိုး အိပ်မက်
အိုးငယ်ချည်းနည်း အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်။
ဆင်းရဲသူများ ၀တ်စားမကျန်၊ အခွန်တွက် နှိပ်စက်ငွေတောင်းခံ။
၉။ ရေကန်ကြီး အိပ်မက်
ကြာမျိုးငါးဝ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက် ကမ်းဘက်ကြည်ပြန်။
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။
၁၀။ ထမင်းအိုး အိပ်မက်
တစ်အိုးတည်းချက် အကျက်မညီ၊ ထမင်းမာဆတ် ပျော့နှပ်သုံးလီ။
မင်းနှင့်လူများ တရားမမှီ၊ မိုးသုံးစား ကွက်ကြားရွချမည်။
၁၁။ စန္ဒကူးနှစ် အိပ်မက်
မွှေးထုံနံ့ကြူး စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ သုံးစွဲစားပြန်။
အလဇ္ဇီများ တရားဖိုးတန်၊ ငွေနှင့်လဲ အမြဲဟောမည်မှန်။
၁၂။ ဗူးတောင်း အိပ်မက်
သံကြေးမပေါင်း ဗူးတောင်းဗူးအုံ၊ ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ။
ပညာရှိများ စကားဥဿုံ၊ ပြောသမျှ လောကမသုံးကုန်။
၁၃။ ကျောက်ခဲကြီး အိပ်မက်
အိမ်လုံးတောင်လုံး ကျောင်းတုံးကျောက်ဖျာ၊ ရေမှာဘွားဘွား ထင်ရှားပေါ်လာ။
ရဟန်းရှင်ဆိုး လူဆိုးများသာ၊ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်မှာ။
၁၄။ ဖားငယ်မ အိပ်မက်
အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊ ဖားငယ်မများ ကိုက်ဝါးကာမျို။
ကညာယူထား သက်ကြားဘိုးအို၊ မယားဆဲ အမြဲအော်ငေါက်ဆို။
၁၅။ ကျီးငှက် အိပ်မက်
အဆင်းမည်းနက် ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ ခ-စားနေပါ။
ပညာသီလ ပြည့်ဝသူဟာ၊ သူယုတ်အား ၀ပ်တွားနေရမှာ။
၁၆။ သစ်နှင့်ဆိတ် အိပ်မက်
ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား ခုန်လွှားပြေးပြန်။
သူယုတ်မာများ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။
(လယ်တီပဏ္ဍိတ ဦးမောင်ကြီး)


Read more...

*မြတ်ဗုဒ္ဓသို့ ဦးတိုက်ခြင်း*


*ဘုရားဂုဏ်တော် ကိုးပါး*

၁။
အရ,ဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား။
အရဟံ - လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာ အားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

၃။ ၀ိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ်ရော၊ အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)

၎။
သုဂတော - ကောင်းသောစကား၊ မှန်ကန်၍ အကျိုးရှိသော စကားကို ဆိုတော်မူသော မြတ်စွာဘုရား။
သုဂတော - ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။

၅။ လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။ (သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကဟု ဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)

၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တ၀ါတို့ကို အတုမရှိ ဆုံးမတော် မူတတ်သော မြတ်စွာဘုရား။

၇။ သတ္တာဒေ၀ မနုဿာနံ - နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (နတ်လူတို့အား ကောင်းရာ ကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)

၈။ ဗုဒ္ဓေါ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာဟု ဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ တစ်ပါးသူတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား။

၉။ ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

+++++++++++++++++++++++++++++++++++++++++++++++++++

*ဘုန်းတော် ခြောက်ပါး*

၁။ ဣဿရိယ ဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောက လုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။

၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃။ ယသ ဘုန်းတော် - များပြားသော အခြံအရံ၊ ပြန့်နှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၎။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒ တောင့်တမှု မှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။

၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံ့လ ၀ီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

++++++++++++++++++++++++++++++++++++++++++++++++++++

*ဒိဝါတပတိ သဗ္ဗမင်္ဂလာ ဂါထာတော်*

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြဟ္မဏော။
အထသဗ္ဗ မဟောရတိံ၊ ဗုဒ္ဓေါ တပတိ တေဇဿာ။

- နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။
- လမင်းသည် ညအခါ၌သာ တောက်ပ၏။
- ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။
- ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။
- မြတ်စွာ ဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏။

++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားရိုသေစွာဖြင့်
ဖိုးသား


Read more...

ယောကျာ်းးမြတ် လက္ခဏာ (၃၂)ပါး

လောက၌ သမ္မာသမ္ဓုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်သူ၏ ကိုယ်တော်၌ ယောကျာ်းးမြတ် လက္ခဏာ (၃၂)ပါး အထင်အရှား ပါရှိရမြဲ ဖြစ်၏ ။ ထို့ကြောင့် ပေါက္ခရသာတိ ပုဏ္ဏားကြီးက ထိုယောကျာ်းမြတ်လက္ခဏာအားဖြင့် ဘုရားဟုတ်၊ မဟုတ် စစ်တမ်းထုတ်ခြင်း ဖြစ်သည်။ ထိုလက္ခဏာတော်ကြီး (၃၂)ပါး ဖြစ်ပေါ်လာရပုံတို့ကို ဘုရားရှင် ဟောတော်မှုသည့်အတိုင်း တစ်ပါးစီသေးစိတ် ရှင်းပြပေထားပါသည်။

(၁) ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်သည် မြေ၌နင်းသောအခါ ရွှေခြေနင်းပမာ ညီညာစွာ ထိသော ဖ၀ါးအပြင်ရှိ၏ ။ ထိုလက္ခဏာတော်သည် မြတ်စွာ ဘုရားနှင့် စကြာမင်းတို့၏ သီးခြားလက္ခဏာ တစ်ပါးဖြစ်သည်။


ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပါရမီကောင်းမှု မှန်သမျှမတွန့်မ ဆုတ်မြဲမြံစွာအား ထုတ်တော် မှုခဲ့သော ကြောင့်ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။




1. The large spear
2. The royal mansion
3. The wax flower
4. The regular line across the neck
5. The ornament head band
6. The laid table
7. The royal cot
8. The javelin
9. The multi-tired roof
10. The archway
11. The white parasol
12. The royal scimitar
13. The fan made of toddy palm
14. The fan made of peacocks feathers
15. The whisk made of the tail of the paradise bird
16. The thing which is used by the monk named Thin Kyitt
17. The ruby
18. The alms bowl
19. The garland of jasmines
20. The blue lotus
21. The red lotus
22. Paduma lotus
23. The white water lily
24. The white lotus
25. The pot full of water
26. The cup full of water
27. The ocean
28. The mountain of universe
29. Mount Himalayan
30. Mount meru
31. The sun
32. The moon
33. The planets
34. The south island
35. The east island
36. The north island
37. The west island
38. Two thousand lesser islands
39. The universal monarch
40. The white conch shield
41. The pair of Golden fish
42. The wheel
43 – 49. The seven Rivers
50 – 56. The seven mountain ranges
57 – 63. The seven great lakes
64. The Garuda king
65. The crocodile king
66. Streamers
67. The golden palanquin
68. Mount Kalasa
69. The lion king
70. The tiger king
71. The novel steed born among clouds
72. The novel white elephant
73. The dragon king
74. The Golden king
75. The Nobel bull
76. The Erawon celestial elephant
77. The golden sickle
78. The royal barge with the four door ways
79. The cow and her offspring
80. The Kinnara mythical male bird
81. The Kinary mythical female bird
82. The Karawaik bird
83. The peacock
84. The crane
85. The ruby goose
86. The pheasant partridge
87 – 92. The Six abode of celestial beings
93 – 108. The sixteen Brahma realms


(၂) စက်ဝန်းလက္ခဏာတော် မြတ်စွာဘုရား၏ ခြေဖ၀ါးတော်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းတို့နှင့်တကွ အခြင်းအရာ အလုံးစုံ နှင့်ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏ ထင်ရှားစွာ ဖြစ် ပေါ် လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဒါန ပြုလုပ်သောအခါတိုင်း အခြံအရံ ပစ္စည်းများကိုပါ ပြည့်စုံစွာ ပြု လုပ်လှူဒါန်းခဲ့သော ကောင်းမှုကြောင့် ဤလက္ခတော်ကို ရရှိတော်မူသည်။


(၃) ဖနောင့်လက္ခတော်
မြတ်စွာဘုရား၌ ရှည်လျားသော ဖနောင့်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ကာလပတ်လုံး သူ့အသက်သတ်ခြင်းမှ ဝေးစွာရှောင်ကြဉ် စောင့်ထိန်းခဲ့သော ကောင်းမှုကြောင့်(၁)ရှည် လျားသော ဖနောင့် တော်၊ (၂) ရှည်သွယ်သောလက်ချောင်း၊ခြေချောင်းတော်၊ (၃) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ် တော်ဟူသော ယောက်ျားမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၄)လက်ချောင်း၊ ခြေချောင်းလက္ခဏာတော် မြတ်စွာဘုရား၌ ရှည်သွယ်သောလက်ချောင်းတော်၊ ခြေချောင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် သူတပါး အသက်သတ်မှုမှ အထူး ရှောင်ကြဉ်ခဲ့သော ကောင်းမှု ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၅) လက်ဖ၀ါး၊ ခြေဖ၀ါးလက္ခတော်

မြတ်စွာဘုရား၌ နူးညံ့နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါး တော်အပြင်ရှိ၏ ။ဘုရားအလောင်း တော်သည် ရှေးရှေးဘ၀ များစွာတို့၌ လူအများတို့အား သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်မြှောက်စား အားပေး ကူညီမှု ပြုခဲ့သော ကောင်းမှုတော်ကြောင့် (၁) နူးညံ့ နုနယ်ချောမွေ့သော လက်ဖ၀ါးတော်၊ ခြေဖ၀ါးတော်၊ (၂) ရွှေဇာကွန်ရက် ခက်သည့်ပမာ ညီညာသော လက်ချောင်း၊ ခြေချောင်းတော်ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကိုရရှိတော်မူသည်။

(၆) လက်ခြေလက္ခဏာတော်

မြတ်စွာဘုရား၏ လက်တော် ခြေတော်၌ လေသာနန်းတံခါးတွင် စိုက်စီ ၍ထားသော ရွှေပွတ်လုံးတိုင် ကဲ့သို့ အကြားအထင် ညီညာသော လက်ချောင်း တော်၊ ခြေချောင်းတော် ရှိတော်မှုသည်။ ဘုရား အလောင်း တော် သည် လူအများတို့အား သင်္ဂဟတရားလေးပါး ဖြင့်ချီးမြှင့်မြှောက်စား အားပေးကူညီခဲ့သော ကောင်းမှု ကြောင့် ပင် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၇) ခြေဖမျက်လက္ခဏာတော်

မြတ်စွာဘုရား၌ အနည်းငယ်မြင့်မောက်သော ခြေဖမျက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ တို့၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်တန်း ရောက်စေနိုင်သည့် တရားစကားများကိုသာ ကာလ ရှည်ကြာစွာ ပြောဆိုဖြည့်ကျင့်ခဲ့ရသော ကုသိုလ်တော်ကြောင့် (၁) မြုမှုန်များ မငြိမ တွယ်စဉ်းငယ်မြင့်သော ခြေဖမျက်တော်၊ (၂) မျက်နှာတော်ကို မော်၍ဖူးသည့် ပမာ အထက်သို့သာ အဖျားကော့သော မွေးညင်းတော် ဟူသော ယောက်ျား မြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၈) သလုံးမြင်းခေါင်းလက္ခဏာတော်

မြတ်စွာဘုရား၌ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့ အထက်ပိုင်းသို့ အစဉ်အတိုင်း မြင့်တက် လုံးဝန်း ပြေပြစ်သော သလုံးမြင်းခေါင်း တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိထံမှောက် နည်းခံ ရောက် လာကြ သောတပည့်တို့အား ၀ိဇ္ဇာပညာအမျိုးမျိုး၊ သိပ္ပံပညာအမျိုးမျိုး၊ အကျင့်စရဏ အမျိုးမျိုးကို သင်ကြား ပေးရာ၌ ဆရာစားမချန် အပြည့်အစုံ သင်ကြားပေးခဲ့သော ကောင်းမှုကုသိုလ်တော်ကြောင့် ဤလက္ခဏာ တော်ကို ရရှိတော်မူသည်။

(၉) အရပ်တော်နှင့် အချိုးကျသွယ်လျသော လက်တော်လက္ခဏာ

မြတ်စွာဘုရား၌ ကိုယ်တော်ကို မကိုင်းညွတ်ဘဲ မတ်မတ်ရပ်လျက်ပင် နှစ်ဘက်သော လက်ဖ၀ါးပြင်တို့ဖြင့် ပုဆစ်ဒူးဝန်းနှစ်ဘက်ကို သုံးသပ်ဆုပ်နယ် နိုင်အောင် အရပ်တော်နှင့် အချိုးတကျ သွယ်လျသော လက်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် မိမိ၏ အခြွေအရံများကို ချီးမြှင့်မြှောက် စားတော်မူသောအခါ သူ့အရည်အချင်းနှင့် သူကိုက်ညီအောင် အရည်အချင်း လိုက် ချီးမြှင့်မြှောက်စားတော် မူခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၀) ယောက်ျားနိမိတ်လက္ခဏာတော်

မြတ်စွာဘုရား၌ အအိမ်ဖြင့် ဖုံးအုပ်ထားသော ယောကျာ်းနိမိတ်ရှိ၏ ။ ဘုရားအလောင်းတော်သည် အချင်းချင်း စိတ်သဘောထား ကွဲပြားနေသော သူတို့ကို ညီညွတ်အောင် အချင်းချင်း၏ အပြစ်ကိုဖုံးအုပ်လျက် စေ့စပ် ပေးတော်မူခဲ့ခြင်း၊ ညီညွတ်နေသူတို့ကို မြင်လျှင်လည်း အလွန်ဝမ်းမြောက် တော်မူလျက် စည်းလုံးညီညွတ်မှု တည်မြဲအောင် အစဉ်ပြုလုပ်တော်မူခဲ့ခြင်းတို့ကြောင့် ဤ လက္ခဏာတော်ကို ရရှိတော်မူခဲ့သည်။

(၁၁) အသားတော်လက္ခဏာ

မြတ်စွာဘုရား၌ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသားအရေတော်ရှိ၏။ ဘုရားအလောင်းတော်သည် အမျက်ဒေါသ နည်းပါးတော်မူခဲ့၏ ။ ထွက်သော အမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်း ငြိမ်း အေးစေတော်မူခဲ့၏ ၊ ပြင်းပြင်းထန်ထန် စိတ်ပူပန်ခြင်း (ဥပါယာသတရား) နည်းပါးတော်မူခဲ့၏ ၊ နူးညံ့ ချောမွေ့ သော အခင်းအရုံ အ၀တ်အထည် တို့ကိုလည်း ပေးလှူတော်မူခဲ့၏ ။ ဤ စိတ်ထား ဤကောင်းမူ ကုသိုလ် များကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၂) အရေတော်လက္ခဏာ

မြတ်စွာဘုရား၌ မြုအညစ်အကြေးတို့ မလိမ်းမတင် နိုင်အောင်ပင်ချော မွေ့နူးညံ့သော အရေတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ပညာရှိ ရဟန်းပုဏ္ဏားတို့ထံ ကပ်ရောက်၍ မိမိစိတ်အစဉ်တွင် အကုသိုလ် အညစ်အကြေး မလိမ်းမတင်နိုင်အောင် အစဉ်သဖြင့် မေးမြန်းစုံစမ်းလေ့ရှိသော ကုသိုလ်တော်ကြောင့် ဤလက္ခဏာကို ရရှိတော်မူသည်။

(၁၃) မွေးညင်းတွင်း လက္ခဏာတော်

မြတ်စွာဘုရား၏ ကိုယ်တော်၌ မွေးညင်းတွင်း တစ်တွင်းတစ်တွင်းတွင် မွေးညင်းတော် တစ်ပင် တစ်ပင်စီသာ ပေါက်လေ့ရှိ၏ ။ ဘုရားအလောင်းတော်သည် မုသားမပါ တစ်မျိုးတည်းသော သစ္စာ စကားကိုသာ ကာလ ကြာရှည်စွာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတောမူခဲ့သည့် အပြင်၊ မျက်မှောင် တော်နှစ်ဘက် အလယ်ချက်၌ ဖြုစင် ၀င်းလက်သော ဥဏ္ဏလုံ မွေးရှင်တော် ပေါက်လျက်ရှိခြင်း ဟူသော ယော က်ျားမြတ်လက္ခဏာတော် တို့ကိုပါ ရရှိတော်မူသည်။

(၁၄) မွေးညင်းတော်လက္ခဏာ

မြတ်စွာဘုရား၌ မျက်နှာတော်ကို မော်၍ ဖူးသည့်ပမာအထက်သို့သာ အဖျားကော့သော မွေးညင်းတော်ရှိ၏ ။
ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သတ္တ၀ါတို့အား ကြီးပွားမြင့် မောက် အထက်သို့ရောက်စေနိုင်သော တရားစကားများကိုသာ ပြောဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၅) ဖြောင့်မတ်သော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ဖြောင့်မတ်သော ကိုယ်တော်ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ သူ့အ သက်သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၆) ပြည့်ဖြိုးသော အသားတော်လက္ခဏာ

မြတ်စွာဘုရားသည် ခြေဖမိုးတော်နှစ်ဘက်၊ လက်ဖမိုးတော်နှစ်ဘက် ၊ ပခုံးတော်နှစ်ဘက်နှင့် လည်ကုပ် တော်ဟူသောခုနစ်ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ၌ အရ သာနှင့် ပြည်စုံသော ကောင်းမွန်မြိန်မြတ်သော ဘောဇဉ် အမျိုးမျိုးတို့ကို အပြည့်အစုံ လှူခဲ့ဖူးသော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၁၇) ရှေ့ပိုင်းကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ ပြည့်ဖြိုးသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကို အလိုရှိ တော်မူခဲ့၏ ။ ‘‘ဤသူတို့အား သဒ္ဓါ ၊ သီလ ၊ သုတ ၊ ဓမ္မ ၊ စာဂ ၊ပညာ တရား များ၊ ဥစ္စာစပါး၊ လယ်ယာ ကျွဲနွား ၊ သားမယားနှင့် အလုပ်သမား ၊ကျေးကျွန် ၊ မိတ်ဆွေမွန် ၊ ဆွေမျိုးများ ကြီးပွား တိုးတက်အောင် အဘယ်သို့ ဆောင်ရွက် ပေးရပါမည်နည်း’’ ဟုလူအများ၏ ကြီးပွား တိုးတက်ရန်ကိုသာ ကြံစည် စဉ်းစား အားထုတ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် - (၁) ခြင်္သေ့မင်း၏ ရှေ့ပိုင်း ကိုယ်ကဲ့သို့ ပြည့်ဖြိုးသောကိုယ်တော် အပြင် (၂) ခါးတော်မှစ၍ အထက်လည် ကုပ်တော်တိုင်အောင် ရေစီးကြောင်း (ကျောရိုးကြောင်း) မထင် ပြည့်ဖြိုးညီညာ သော ကျောပြင်၊ (၃) ညီညာစွာ လုံးဝန်းသော လည်တိုင် တော်ဟူ သော ယောကျာ်းမြတ် လက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၈) ကျောက်ကုန်းတော်လက္ခဏာ

မြတ်စွာဘုရား၌ ခါးတော်မှစ၍ အထက်လည်ကုပ် တော်တိုင်အောင် ရေစီးကြောင်းမထင် ပြည့်ဖြိုး ညီညာသော ကျောပြင်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွား တိုးတက် တည်တံ့စေရန် ကြံစည် ပြု လုပ်သော ကောင်းမူတော်ကြောင့် ဤလက္ခဏာတော်တို့ကို ရရှိတော်မူသည်။

(၁၉) လုံးဝန်းသော ကိုယ်တော်လက္ခဏာ

မြတ်စွာဘုရား၌ အရပ်တော်နှင့် လက်အလံတော် အချိုးကျကျ အညီအမျှဖြစ်ရ၍ ပညောင်ပင် အ၀န်းကဲ့သို့ လုံးဝန်းသော ကိုယ်တော်ရှိ၏ ။ ဘုရားအလောင်းတော်သည် တပည့်များအား အရည်အချင်းနှင့် ကိုက်ညီအောင် ချီးမြှင့် မြှောက်စားတော်မူ ခဲ့သောကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၀) လည်တိုင်တော် လက္ခဏာ

မြတ်စွာဘုရား၌ ညီညာစွာ လုံးဝန်းသော လည်တိုင်တော်ရှိ၏ ။ဘုရားအလောင်းတော်သည် လူအများ၏ အကျိုးစီးပွားကိုသာ လိုလားခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၁) ရသာဆောင်ကြော လက္ခဏာ

မြတ်စွာဘုရား၌ အလွန်ကောင်းမြတ် ထက်မြက်သော ရသာဆောင် ကြောများရှိ၏ ။ မြတ်စွာဘုရား၌ အဖျား ချင်းအပ် လည်မှာစွပ်လျက် တည်ရှိ ကြသော အရသာကြောပေါင်း ခုနစ်ထောင်တို့သည် နှမ်းစေ့ခန့်မျှ သေးငယ် နူးညံ့ လှသည့် အရသာကိုပင် တစ်ကိုယ်လုံး ပျံ့နှံသွားအောင် စွမ်းဆောင်နိုင် ကြ၏ ။ ဘုရား အလောင်း တော်သည် ဘ၀ပေါင်း များစွာတို့၌ သတ္တ၀ါတို့ကို တုတ် ဓား လက်နက်ဖြင့် ညှင်းပန်းနှိပ်စက်မှု ပြုတော် မမူ ခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၂) မေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ခြင်္သေ့မင်း၏ မေးကဲ့သို့ ပြည့်ဖြိုးသော မေးတော်ရှိ၏ ။ လဆန်းပက္ခ တစ်ဆယ့် နှစ်ရက်မြောက်ည၌ ထွက်ပေါ်သောလနှင့် သဏ္ဌာန်တူ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်း များစွာ တို့၌ ပြိန်ဖျင်းသေးနုပ်၍ အကျိုးမရှိသော သမ္ဖပ္ပလာပစကား ပြောကြားမှုမှ ရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ် တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၃) သွားတော် (၄၀)လက္ခဏာတော်

မြတ်စွာဘုရား၌ အထက်သွားတော် နှစ်ဆယ်၊ အောက်သွားတော်နှစ် ဆယ်အားဖြင့် သွားတော် လေးဆယ် အစေ့အင ရှိတော်မူ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာ တို့၌ ကုန်းချော စကား ပြော ကြား ခြင်းမှ ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့၏ ၊ စိတ်ဝမ်းကွဲပြားနေကြ သော သူတို့ကိုတွေ့လျှင် အချင်းချင်း ညီညွတ် သင့်မြတ်အောင် စေ့စပ်ပေး တော်မူခဲ့၏ ။ ညီညွတ်သူတို့ကို တွေ့လျှင်လည်း ညီညွတ်မှု မပျက်ပြားဘဲ ဆက် လက်ခိုင်မာအောင် အားပေးတော်မူခဲ့၏ ၊ အချင်းချင်း ညီညွတ်ရေးစကားကို သာပြောကြား တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) သွားတော်လေးဆယ် အစေ့အင ရှိတော်မူသည့်အပြင် (၂) သွားတော်မကျဲမကွာ စေ့စပ်စွာ တည်ရှိခြင်း ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၄) ညီညာသော သွားတော်လက္ခဏာ

မြတ်စွာဘုရား၌ လွှဖြင့်ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့တစ်သားတည်း ညီညာသော သွားတော် အစဉ်ရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ ပေါင်းများစွာတို့၌ မှားယွင်းယုတ် မာသော အသက် မွေးမှု မျိုးကိုပယ်၍ မှန်ကန်ဖြူစင်သော အသက်မွေးမှုဖြင့် အ သက်မွေးမြူတော်မူခဲ့၏ ။ ချိန်စဉ်းလဲစသော စဉ်းလဲမှု အမျိုးမျိုးနှင့် ကောက်ကျစ်လှည့်ပတ်မှုအ မျိုးမျိုး ၊ သူတစ်ပါးကို သတ်ဖြတ်လုယက် မြို့ရွာဖျက်လျက် နိုင်ထက်က လူပြုမူခြင်း အမျိုးမျိုးတို့မှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့သော ကုသိုလ်တော်ကြောင့် (၁) လွှဖြင့် ဖြတ်အပ်သော ခရုသင်းချပ် အလွှာကဲ့သို့ တစ်သားတည်း ညီညာဖြူစင်သောသွားတော် (၂) သောက်ရှူးကြယ်ပမာ လွန်စွာ စင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော်လေးဆူ ဟူသော ယောကျာ်းမြတ်လက္ခဏာ တို့ကို ရရှိတော်မူသည်။

(၂၅) သွားမကျဲခြင်း လက္ခဏာတော်
မြတ်စွာဘုရား၌ ရွှေသားပျဉ်ချပ်မှာ ကောင်းစွာစိုက်စီ၍ ထားအပ်သော ၀ဇိရစိန်ရွဲ အစဉ်အတန်းကဲ့သို့ မကျဲမ ကွာ စေ့စပ်စွာတည်ရှိသော သွားတော်ရှိ ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ ကွဲပြားနေ သူတို့ ကိုညီညွတ်အောင် စေ့စပ်ပေးခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၆) စွယ်တော်လေးဆူ လက္ခဏာတော်

မြတ်စွာဘုရား၌ သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်း၍ အရောင်တလက်လက် ထွက်သော စွယ်တော် လေးဆူရှိ၏ ။ ဘုရားအလောင်းတော်သည် ဘ၀ပေါင်းများစွာ သန့်ရှင်း ဖြုစင်စွာ အသက်မွေးလာခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၇) လျှာတော်လက္ခဏ

မြတ်စွာဘုရား၌ နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့် သော လျှာတော်ရှိ၏ ။ ဘုရား အလောင်း တော်သည် ရှေးဘ၀ပေါင်းများစွာတို့၌ ရုန့်ရင်းကြမ်း တမ်းစွာ ဆဲရေး တိုင်းထွာသော စကားကို ပြောကြားခြင်မှ ဝေးစွာ ရှောင်ကြဉ် တော်မူကာ အပြစ်ကင်းစင် ချစ်ခင်ဖွယ်ရာ ချိုသာ ယဉ်ကျေးသော စကားကိုသာပြောဆို တော်မူခဲ့၏ ။ ထိုကုသိုလ်တော်ကြောင့် (၁) နီမြန်းသော အဆင်းရှိ၍ ရှည်လျား နူးညံ့ ကျယ်ပြန့်သော လျှာတော် အပြင် (၂) ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၂၈) အသံတော်လက္ခဏာ

မြတ်စွာဘုရား၏ အသံတော်သည် ဗြဟ္မာမင်း၏ အသံကဲ့သို့ သန့်ရှင်းခြင်း ၊ သိလွယ်ခြင်း ၊ သာယာခြင်း၊ နာချင်ဖွယ်ရာရှိခြင်း၊ အသံလုံလုံလဲလဲရှိ ခြင်း၊ တရားနာ ပရိသတ်၏ပြင်ဘက်သို့ မထွက်ခြင်း၊ အသံတော် မတိမ်ဘဲ နက်နဲခြင်း၊ ပဲ့တင်ထပ်ခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၏ ၊ ကရ၀ိတ်ငှက်မင်း၏ အသံကဲ့သို့ လွန်စွာသာယာ၏ ။ ဘုရားအလောင်းတော်သည် ဘ၀များစွာ ယဉ်ကျေးသော စကားတော်ကိုသာ ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ထိုလက္ခဏာတော်ကို ရရှိတော်မူသည်။

(၂၉) မျက်လုံးတော်လက္ခဏာ

မြတ်စွာဘုရား၌ ညိုသင့်ရာ အရပ်ဌာနမှာ အောင်မည်းညိုပွင့်ပမာ ညိုသောမျက်လုံးတော်ရှိ၏ ။ ဘုရား အလောင်းတော်သည် မျက်လုံးပြူး၍လည်း ကြည့်တော်မမူခဲ့ချေ၊ ရိုးဖြောင့်သော စိတ်ရှိလျက် ရိုးဖြောင့် တည်ငြိမ်စွာသာ ကြည့်တော်မူခဲ့၏။ ချစ်ကြည်သော မျက်လုံးဖြင့် လူအားလုံးးကို ကြည့်ရှူတော်မူခဲ့သော ကုသိုလ် တော်ကြောင့် (၁) ညိုသောမျက်လုံးတော်အပြင် (၂) အလွန်နူးညံ့သော မျက်တောင်မွေးတော် ဟူသော ယောကျာ်းမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

(၃၀) မျက်တောင်မွေးတော်လက္ခဏာ

မြတ်စွာဘုရား၌ ဖွားသစ်စ နွားငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့သော မျက်တောင်မွေးတော်တို့ အစီအရီ ပေါက်လျက်ရှိ၏ ။ ဘုရားအလောင်းတော်သည် လူသား အားလုံးတို့ကို ချစ်ကြည်သော မျက်လုံးဖြင့် ကြည့် ရှုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၁) ဥဏ္ဏလုံမွေးရှင်တော်လက္ခဏာ

မြတ်စွာဘုရား၏ မျက်မှောင် (မျက်ခုန်း) တော်နှစ်ဘက် အလယ်ချက် တည့်တည့်၌ ဖြူစင်ဝင်းလက်သော ဥဏ္ဏလုံမွေးရှင်တော် ပေါက်လျက်ရှိ၏ ။ မွေးရှင်တော်သည် သောက်ရှူးကြယ် ပမာ လွန်စွာဝင်းလက် တောက် ပသည်။ နူးညံ့သော လဲ ၀ါဂွမ်းပမာ လွန်စွာဖြူစင် နူးညံ့သည်၊ ဆွဲ၍ဆန့်လျှင် နှစ်တောင် ခန့် ရှည်လျားသည်။ လွှတ်လိုက်သောအခါ သူ့အလိုလိုသာ လကျာ်ရစ် ခွေ လည်၍ အထက်သို့ အဖျား ကော့လျက် တည်ရှိသည်။ ဘုရားအလောင်းတော်သည် ကာလရှည်လျားစွာ မုသားမနှာ တစ်မျိုးတည်းသော သစ္စာစကားကိုသာ ပြော ဆိုခဲ့သော ကုသိုလ်တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။

(၃၂) သင်းကျစ်တော်လက္ခဏာ

မြတ်စွာဘုရား၏ နဖူးတော်တွင် ပကတိပင်ကိုအားဖြင့်ပင် သင်းကျစ် ရွှေပြား တပ်စီ၍ ထားသကဲ့သို့ သင်းကျစ် တော် အသားလွှာပါရှိ၏ ။ ဘုရားအလောင်းတော်သည် ရှေးဘ၀ပေါင်း များစွာတို့၌ သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်မှု၊ ဒါနမှု ၊ သီလဆောင်တည်မှု ၊ ဥပုသ်စောင့်သုံးမှု ၊ အမိအဘ တို့ကို လုပ်ကျွေးမှု စသော ကောင်းမှု ပြုလုပ်ရာတွင် လူအများ၏ ရှေ့သွားဦးစီး အကြီးအမှူး ပြုလျက် စီမံဆောင်ရွက် တော်မူခဲ့သော ကောင်းမူ တော်ကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။
အကျယ်ကို ဒီလင့်ဖတ်ရှုနိုင်ပါသည်။
Read More!

Read more...

ရင်ဝယ်ပျိုး၍ ပွင့်သည့်ပန်း

ဓမ္မစာပေများ
ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

ပန်းစုပန်းပုံအတွင်းမှ များစွာသော ပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ အကြင်သူသည် ဥစ္စာသဒ္ဓါတည်း ဟူသော အစုအပုံအတွင်းမှ မြောက်များစွာသော ကုသိုလ်ကောင်းမှုကိုပြုရာ၏။

တို့များ အသက်တွေ တစ်နေ့ထက် တစ်နေ့ကြီးရင့်လာပြီ။ ဘ၀နေ၀င်ချိန်ဆိုတာ မနက်ဖြန်မရောက်ဘူး။ မနက်ဖြန်ကိုမစောင့်ဘူးဆိုတာ သဘောပေါက်ကြရင် သိပ်ကောင်းမှာပဲ။ ဘ၀တစ်ခုကိုရလာပြီဆိုမှဖြင့် ကုန်ဆုံးရမှာ ဓမ္မတာပဲ ဆိုပေမယ့် တို့ဘ၀တွေကို ဘယ်လိုမျိုးနဲ့ ကုန်ဆုံးကြမှာလဲ။ လူဆိုတာမွေးလာပြီးရင် သေရတာပါပဲ။ မြတ်စွာဘုရားလည်း ပရိတိဗ္ဗာန်ပြု ရတာပါပဲ။ အရပ်စကားနဲ့ပြောရင်သေတာပါပဲ။ အရက်သမားလည်း တစ်နေ့မှာ သေရတာပဲ။ သေတာများ အဆန်းလုပ်လို့ ဘာထူးမှာလဲ။ သေတာ အတူတူပါပဲ ဘာမထူးဘူး။ သေခြင်းတရားကို ကြောက်နေစရာမလိုပါဘူးလို့ အချို့လည်း လွယ်လွယ်ပြောတတ်ကြတာ ကြားဖူးကြမှာပါပဲ။
သေခြင်းတရားဟာ မဆန်းပေမယ့် အဆန်းတကြယ်ဖြစ်စေတာက အဲ့ဒီလူ(သို့) အဲ့ဒီသတ္တ၀ါဟာ ဆိုးပြီးသေတာလား၊ ကောင်းပြီးသေတာလား။ တနည်းအားဖြင့် လောကကြီးကို ဆိုးကျိုးတွေပေးပြီး သေတာလား၊ ကောင်းကျိုးတွေပေးပြီးသေ တာလား။ သူ့ဘ၀မှာ ဆိုးတဲ့တရားတွေနဲ့ သေရတာလား။ ကောင်းတဲ့တရားတွေနဲ့ သေရတာလား ဆိုတာက ရိုးရှင်းသလောက်ဆန်းကြယ်လှတယ်နော်။ လူအချို့ မေးမြန်းသံတွေ ခဏခဏကြားနေရပြန်တယ်။ သေရင် ဘယ်လိုသေတာ ကောင်းမလဲတဲ့။ တစ်ချို့က ၀ိပဿနာပွားရင်းနဲ့ သေတာကောင်းတယ်။ ဝေဒနာလေးရှုပြီးသေတာကောင်းတယ် …. အစုံပါပဲ။ ဘယ်လိုသေတာကောင်းတယ်။ ဘယ်လိုသေမယ်ဆိုပြီးပြောနေကြတာ သေမင်းနဲ့များ ရက်ချိန်းယူထားကြတဲ့ သူတွေလားလို့ ထင်ရလောက်အောင်ပါပဲ။
ဘာတွေဘယ်လိုပဲ ပြောနေပြောနေ သေပျော်ပျော်၊ နေပျော်ပျော်ဆိုတဲ့စကားလည်း ရှိနေတာပဲ။ ပျော်ပျော်သေဖို့အဖို့အတွက် ပျော်ပျော်နေဖို့ လိုအပ်ပါတယ်။ လူတွေမပျော်ကြဘူး။ ယနေ့ကမ္ဘာမှာ လူတွေကြုံတွေ့နေရတဲ့ အကြီးဆုံး ဒုက္ခတွေထဲမှာ မပျော်ကြတဲ့ဒုက္ခ၊ အထီးကျန်ဆန်ရတဲ့ ဒုက္ခက ပိုပြီးကြီးနေတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် ဖျော်ဖြည်ရေး ကိစ္စဟာ ယနေ့အခါမှာ ပိုပြီးတွင်ကျယ်လာတာနေမယ်။ တစ်နေ့ထက်တစ်နေ့ မရိုးရအောင်ကို ဖျော်ဖြည်ရေးအစီအစဉ်တွေ များလှသည်။ ရှေးတုန်းကတော့ ရေဒီယိုလောက်ပဲ။ နောက်တော့ အပေါ်စက် အောက်စက်၊ တီဗီ၊ ဗွီဒီယို … စသဖြင့် ဖျော် ဖြည်ရေး ကိရိယာတွေ တစ်စထက်တစ်စ တိုးတက်လာပါတယ်။ ပြန်ကြားရေတို့ ပညာပေးတို့ဆိုတာပါသော်လည်း ဖျော်ရည်ရေး အစီအစဉ်လောက်မများ။ ပါတယ်ဟုသာ ဆိုနိုင်သည်။ ဒါတွေကိုကြည့်လိုက်တိုင်း လူတွေမှာ ဖျော်ဖြည်ရေးက အရေးတကြီးလိုအပ်နေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

လူတွေဘာကြောင့်များ ဖျော်ဖြည်ရေးကို ဦးစားပေးနေရတာလဲဆိုတာ စဉ်းစားစရာပါပဲ။ ကိုယ့်တစ်ဦးတည်း နေ့စဉ်ဘ၀မှာလည်း ဖျော်ဖြည်ရေးဆိုတာနဲ့ အချိန်ဘယ်လောက်ကုန်လဲဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဖျော်ဖြည်ရေးဆိုတာ ဘာလဲ။ ကြည့်လေ …… မပျော်လို့ ဖျော်ရတယ်။ မပြေလို့ ဖြေရတာချည်းမဟုတ်လား။ သံပုရာရည် လေးတစ်ခွက်လောက် တို့ဖျော်ကြည့်ရအောင်။ ဖန်ခွက်ထဲကို ရေအေးအေးလေးထည့်လိုက်မယ်။ ပြီးတော့ သံပုရာသီးစိတ်လေးညစ်ထည့်၊ နောက် သကြားထည့်မယ်။ ဆားလေးနည်းနည်း ခပ်လိုက်ပါအုံး။ အားလုံးထည့်ပြီးပြီဆိုရင်တော့ ရေအောက်မှာ အနည်ထိုင်နေတဲ့ သကြားတွေကို ပျော်သွားအောင် ဇွန်းနဲ့ ခလောက်လိုက်ပါ။ ဟုတ်တယ်လေ။ ချဉ်နေရင် သောက်မကောင်းတော့ အချဉ်ပြေအောင် သကြားထည့်ပြီး ဖြေရသလို သကြားအရည်ပျော်ဖို့ ဇွန်းနဲ့ မွှေပြီး ဖျော်ရတယ်။ ပျော်အောင် ဖျော်ရသလို ပြေအောင် ဖြေရတာဟာ ပျော်ပြေဖို့ ဖျော်ဖြေရတာပါပဲ။
လူတွေ မပျော်ဘူးဆိုတာဟာ ပျင်းလို့မပျော်တာလည်းရှိမယ်၊ စိတ်ညစ်စရာတွေနဲ့ ကြံဆုံနေရလို့ မပျော်တာလည်းရှိမှာပဲ။ မပြေဘူးဆိုတာမှာတော့ အဆင်မပြေတာတွေပေါ့။ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသဖြင့် အရေးပေါင်းအကြောင်း ပေါင်းများစွာကြောင့် မပြေတာတွေလည်း ရှိပေါ့။ ပြေပြေပြစ်ပြစ်မရှိတဲ့ဘ၀မှာ အဖုအထစ်တွေ၊ အချိုးအကွေ့တွေ၊ အနိမ့်အမြင့်တွေများလှသည်။ မပျော်ရခြင်းရဲ့ အကြောင်းတွေထဲမှာ မပြေခြင်းဆိုတာတွေကလည်း အကြောင်းတစ်ရပ်အနေနဲ့ ပါဝင်နိုင်တာပဲ။
ငယ်ငယ်တုန်းကတော့ ပျော်စရာတွေက အပြည့်။ အိပ်လိုက်စားလိုက်၊ ဆော့လိုက်ကစားလိုက်၊ အဆင်ကိုပြေလို့။ မပျော်လို့ ဖျော်ရတဲ့၊ မပြေလို့ဖြေရတဲ့ ဖျော်ဖြေရေးတွေ မလိုဘူး။ အသက်ကလေးကလည်းရလာ၊ ပတ်ဝန်းအကြောင်းလည်း နဲနဲလေးသိစပြုလာ၊ အဲ့ဒီအချိန်မှာစတင်ပြီး အဆင်မပြေမှုတွေ မပျော်ရွင်မှုတွေ ဖြစ်တော့တာပဲ။ ငယ်ငယ်တုန်းက အင်္ကျီတစ်ထည်နဲ့လည်း နေလို့ဖြစ်တယ်။ နဲနဲကြီးလာတော့ နေလို့မဖြစ်တော့ဘူး။ လိုချင်လာပြီ။ လိုချင်ပြန်တော့ ကောင်းတာလေးမှ။ မရပြန်တော့ စိတ်ညစ်ရပြန်တယ်။ ဒါကြောင့်လည်း ရှင်တော်ဘုရားက အလိုမပြည့်ခြင်းဟာလည်း ဒုက္ခပဲ လို့မိန်တော်မူတာနေမယ်လို့ တွေးမိပြန်ပါတယ်။ ပျော်ရွှင်မှုတွေ နည်းလာတာနဲ့အမျှ ကိုယ်တိုင်ဖန်တီးပြီး ပျော်ရွှင်စရာတွေ ရှာဖွေလာရတော့တယ်။ ဒီလိုနဲ့ အပျော်လွန်ပြီး အပျက်ဘက်ကို ဦးတည်ကုန်ကြပြန်တယ်။ ဒါကြောင့် လူကြီးသူမတွေ မကြာမကြာပြောတတ်တဲ့စကားတွေထဲမှာ မင်းတို့တွေ အပျော်အပျက် အတော်များလွန်းတယ်ဆိုတာ ပါပါလာတာနေမယ်။
မိသားစုဘ၀၊ မိမိဘ၀ ပျော်ရွှင်ဖို့ အဆင်ပြေဖို့ မြတ်စွာဘုရားရှင်ကတော့ နည်းလမ်းပေးခဲ့ပါတယ်။ ဘာတွေလဲဆိုတော့ ကတပုညော- ကောင်းအောင်လုပ်ပါ။ ဣဓမောဒတိ- ဒီဘ၀မှာလည်း ပျော်ရွှင်ရလိမ့်မယ်၊ ပစ္စမောဒတိ- နောက်ဘ၀မှလည်း ပျော်ရွှင်ရလိမ့်မယ်၊ ဥဘယတ္ထမောဒတိ- ယခုဘ၀နောက်ဘ၀ နှစ်ခုစလုံး ပျော်ရွှင်ရလိမ့်မယ်။ ဒီတော့ ကောင်းအောင်လုပ်ဖို့ အတွက် စိတ်ကောင်းလေးရှိဖို့ လိုပါတယ်။ စေတနာကောင်းရှိဖို့ လိုပါတယ်။ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်နိုင်ဖို့အတွက် မိမိစိတ်ကို စိတ်ဆိုး၊ စေတနာဆိုးမဖြစ်အောင် စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ စိတ်မဆိုးပါနဲ့လို့ ဘာကြောင့်ပြောကြတာလဲ။ သူစိတ်ဆိုးတာ သူ့စိတ်က ဆိုးနေတာကို မစောင့်ရှောက်လို့ပါ။ ကိုယ့်စိတ်ဆိုးတာကလည်း ကိုယ့်စိတ်မဆိုးအောင် မစောင့်ရှောက်လို့ပါ။ စိတ်ဆိုးနေတဲ့အခါ လုပ်ကိုင်သမျှ၊ ဆုံးဖြတ်သမျှ မှားယွင်းကြလွန်းလို့ တစ်ဦးနဲ့ တစ်ဦးပြောတတ်ကြတာက စိတ်မဆိုးပါနဲ့ မဟုတ်လား။
တရားနဲ့ ဖြေပါလို့လည်း တစ်ချို့က ဆိုကြတယ်လေ။ ကိုယ့်ဘ၀မှာ မပြေသမျှ ဖြေရမှာက တရားနဲ့ပါ။ ကိုယ့်ဘ၀မှာ မပျော်သမျှ ဖျော်ရမှာက တရားနဲ့ပါ။ ဘ၀မှာ ကြုံတွေ့လာသမျှ လူမှုဒုက္ခအ၀၀၊ အဖုအထစ်၊ အနိမ့်အမြင့်မှန်သမျှကို ပြေလည်အောင် ဖြေရှင်းနိုင်တာ တရားပါပဲ။ တရားသာလျှင် ဖြေနိုင်ပါတယ်။ ရင်ထဲမှာမပျော်သမျှ အဆိုင်အခဲတွေကိုလည်း ပျော်သွားအောင် တရားနဲ့သာ ဖျော်ရပါတယ်။ တရားနဲ့ ဖျော်လို့ ပျော်သွားတဲ့ဘ၀မှာ နေရတာ အဘယ်မျှပျော်စရာကောင်း လိုက်မလဲ။ တရားနဲ့ မဖျော်သမျှ မပျော်ကြရတဲ့ လူဘ၀ဟာ အနေဆိုးပါတယ်။ အနေဆိုးသမျှ အသေဆိုးပါတယ်။ အနေကောင်းမှ အသေကောင်းပါတယ်။လူ့ဘ၀၊ လူ့အဖြစ်ကိုရခိုက် အနေပျော်ဖို့ ကောင်းမှုတရားများစွာ ရှိပါတယ်။ ဒါနနဲ့ ပျော်ဖို့လိုပါတယ်။ တနည်းအားဖြင့် စွန့်လွှတ်မှုနဲ့ ပျော်ဖို့လိုပါတယ်။ သီလနဲ့ပျော်ရပါတယ်။ တနည်းအားဖြင့် ကိုယ်ချင်းစာတရားနဲ့ ပျော်ရပါတယ်။ ဘာဝနာနဲ့ ပျော်ရပါတယ်။ တနည်းအားဖြင့် ကုသိုလ်တရားတိုးပွားစေကြောင်း အကျင့်ကောင်းတွေကို မဆုတ်မနစ် လုပ်ကိုင်ရင်း ပျော်ရပါတယ်။ မွေးလာပြီးရင် သေဆုံးရတာ မဆန်းပေမယ့် ကောင်းပြီးသေတာနဲ့ ဆိုပြီးသေတာ ဆန်းနေတာကြောင့် အသေ ကောင်းဖို့ အနေကောင်းအောင် နေကြဖို့လိုအပ်လှပါတယ်။
အရပ်ထဲမှာ လူတစ်ယောက်ဆုံးပါးတဲ့အခါ ထိုသူရဲ့ ရုပ်အလောင်းမျက်နှာပြင်ဟာ ကြည်ကြည်လင်လင်လန်းလန်း ဆန်းဆန်းနဲ့များ ဖြစ်နေရင် ပြောကြတယ် .. အဲ့ဒါ သေပန်းပွင့်တာတဲ့။ ကောင်းမှုတရားတွေနဲ့ ပြည့်စုံတဲ့သူတွေ သေဆုံးတဲ့အခါ ကိုယ့်ရဲ့လားရာဂတိတွေ ကောင်းတဲ့အတွက် ပြုံးပြီးသေဆုံးကြတာတွေကို မြင်တိုင်း သေပန်းပွင့်ဖို့အတွက် ငါ့ရင်မှာ ကောင်းမှုတရားဆိုတဲ့ ပန်းမျိုးစေ့တွေ ကြဲချသင့်ပြီးဟု အကြိမ်ကြိမ် တွေးနေမိပါတော့တယ်။

မှီငြမ်း။ ။ ဆရာတော် ဓမ္မပီယအရှင်သံဝရာလင်္ကာရ၏ ဆောင်းပါးများ


Read more...

အောက်တိုဘာ ၅ သံဃာ သီလရှင် ဆွမ်းကပ် LIVE


ဒီနေ့ ၅ နာရီ ၁၅ မိနစ် အရုဏ်ဆွမ်း စကပ်ပါတယ်။

အရုဏ်ဆွမ်း - ကြက်သားကြာဆံချက်
သံဃာ - (sweetpeony-စင်ကာပူ) http://sweetsweetpeony.blogspot.com/
သီလရှင် - အလှူရှင် ---------

နေ့ဆွမ်း-ဂေါ်ရခါးသီး+ကြက်ဥကြော်၊ ပုစွန်ခြောက်+ငရုတ်သီးငါးပိကြော်၊ သရက်ချဉ်(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူနှင့် အလှူရှင် မောင်နှမများအဖွဲ့၊ မနန်းသန္တာအောင်-စင်ကာပူ)

ပဲနှပ်-ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆွမ်းထမင်း-ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ)
ဆီ-ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး-မုံရွာမြို့)
ဆွမ်းချက်ရန် လေးပြည်အိုး -ကိုထက်
တစ်တင်းဝင်အိုး -မနှင်းပေါက်ပွင့် (ဒူဘိုင်းနိုင်ငံ)
ဗလာစာအုပ် (သံဃာ+သီလရှင်) -ပေါင်းဝှာရွှေဆိုင် ဇနီးမောင်နှံနှင့် ရင်သွေးငယ်
သီလရှင် အပါး ၃၀ - ခါးဝတ်၊ အပါး ၅၀- ဟင်းချိုမှုန့်+ငါးပိ+ကုလားပဲ+ဆား - အလှူရှင် ---------

ဝေယျာဝစ္စဒါန
ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)
ဦးမဏ္ဍိတ (စစ်ကိုင်း ကျစွာချောင်)
ဦးဥာဏဝရ (သာသနာ့ဝေပုလ္လကျောင်း)
ဆရာလေး မစရဏမဉ္စရီ
ဇော်ထွေးဦး (စစ်ကိုင်း)၊ ကိုဇော် (စစ်ကိုင်း၊ မျိုးမင်းနိုင် (တောင်တွင်းကြီး)၊ အောင်ကျော်စိုး (စစ်ကိုင်း) ၊ ကျော်စိုးအောင် (စစ်ကိုင်း) မဇင်မာထွေး၊


သံဃာတွေကို ကြက်သားကြာဆံချက် အရုဏ်ဆွမ်း မနက် ၅ နာရီ ၁၅ မိနစ်မှာ စကပ်ပါတယ်။ မနေ့က လပြည့်ကျော် ၁ ရက်နေ့ ဖြစ်တဲ့အတွက် အရုဏ်ဆွမ်း ကြာဆံချက်အတွက် ကြက်သားက ပံ့သကူသား ရပေမယ့် နေ့ဆွမ်းအတွက် အသား ပံ့သကူ ရဖို့ မလွယ်တော့လို့ ကြက်ဥနဲ့ ဂေါ်ရခါးသီးကြော် စီမံရတယ်။

လက်ရှိ ချက်ပြုတ်နေတဲ့ အိုးတွေ အားလုံးနဲ့ ဆွမ်းကပ်ဖို့ ပန်းကန်ခွက်ယောက်တွေက ဒကာကိုထက် လှူထားတာပါ။ မနေ့ကလဲ လေးပြည်အိုးတစ်လုံး ထပ်လာလှူတယ်။ ဒူဘိုင်းက ဒကာမ မနှင်းပေါက်ပွင့်ကလဲ တစ်တင်းအိုးတစ်လုံး ထပ်လှူတော့ ဆွမ်းချက်ရတာတော့ အဆင်ပြေသွားပါတယ်။

ဝါကျွတ်ပြီမို့ ဦးဇင်းနဲ့ ကိုရင်တွေ ရွာပြန်ကြွကြတဲ့အချိန်ဆိုတော့ ဒီနေ့ အရုဏ်ဆွမ်းမှာ ကိုယ်တော်တစ်ချို့ နည်းသွားတယ်။ ဒါပေမယ့် အပါး ၂၅၀ လောက် ဆက်ကပ်ရပါတယ်။ မိုးမရွာပေမယ့် အုံ့မှိုင်းနေတဲ့ မနက်အရုဏ်စောစောမှာ ကြာဆံချက် ပူပူစပ်စပ်ကို အဝ ဘုဉ်းပေးတော်မူကြပါတယ်။

မြင်းဝန်မင်းကြီးကျောင်းတိုက်က ဦးပညာဝံသက မန္တလေးက စစ်ကိုင်းကို ကြွလာပြီး ဆွမ်းချက်ရာမှာ ဆောင်ရွက်ပေးတာ တစ်ညလုံး မကျိန်းရသေးပါဘူး။ ဂစ်တာဒကာလို့ ခေါ်တဲ့ ဒကာ အောင်ကျော်စိုးနဲ့ ဒကာ ကိုကျော်စိုးအောင်လဲ မအိပ်ရသေးဘူး။ စစ်ကိုင်းမှာ ဂစ်တာတွေ ကိုယ်တိုင်လုပ် ရောင်းချတဲ့ ဂစ်တာသမား ကိုအောင်ကျော်စိုးက လာလုပ်အားကုသိုလ်ပြုနေတာ သုံးပတ်ဆက်တိုက် ရှိပြီ။ ကိုဇော်ထွေးဦးကတော့ အပတ်တိုင်း အမြဲ လာပြီး လုပ်အားကုသိုလ် လှူဒါန်းတယ်။

နေ့ဆွမ်းဟင်းက တစ်ပါးကို ကြက်ဥနဲ့ ဂေါ်ရခါးသီးကြော် ဝတ်ခွက်အပြည့် ဆက်ကပ်တယ်။ ပဲနှပ်လဲ ဝတ်ခွက်ပြည့်။ သရက်ချဉ်နဲ့ ငရုတ်သီးကြော်က ဝတ်ခွက် တစ်ဝက်စီ ကပ်တယ်။ တစ်ချို့ကျောင်းတိုက်တွေက ကိုရင်ငယ်၊ ဦးဇင်းငယ်များကို ဆွမ်းချိုင့်များနဲ့ စေလွှတ်ပြီး ကျောင်းရှိ သံဃာအများစာ ခံယူစေတယ်။ ဒါဆိုရင် ဆွမ်းချိုင့်ပြည့် ဆက်ကပ်ပေးတယ်။ သံဃာအပါး ၃၀၊ ၄၀ စသဖြင့် အပါးရေ များတဲ့ ဆွမ်းတန်းတွေကလဲ ဆွမ်းချိုင့်ထဲကိုပဲ အများစာ လောင်းလှူရပါတယ်။

ဇိနောဒယ စာသင်တိုက်က သံဃာအပါး ၃၀၀ ကျော် သုံးတန်းခွဲပြီး ဆွမ်းခံကြွတယ်။ ဒီသံဃာတန်းကိုလဲ ဗလာစာအုပ် အပါးစေ့လှူတယ်။ ငါးဆင့်ချိုင့် ခုနစ်ချိုင့်ကို ဆွမ်းဟင်း အပြည့် လောင်းလှူပါတယ်။ မြစကြာ စာသင်တိုက်က အပါး ၂၀၀ ကျော်အနက် ကျောင်းရှေ့ဆွမ်းခံလမ်းကြောင်းက ကြွတဲ့ အပါး ၇၀ ခန့် ဆွမ်းခံယူတော်မူကြပါတယ်။ ဒီကိုယ်တော်တွေအပြင် သပိတ်ထဲကို တစ်ပါးချင်း အပါးစေ့ ကပ်တာက သံဃာအပါး ၃၀၀ ဝန်းကျင် ရှိပါတယ်။

၆ နာရီကျော်မှာ သီလရှင် ဆရာလေးတွေ ကြွလာပါပြီ။ ဆွမ်းမစားခင် ''ဤသည့်ခဲဖွယ် အမယ်မယ်ကို.. '' အစချီပြီး ပစ္စဝေက္ခဏာ ဆင်ခြင်ရွတ်ဆိုတော်မူကြပါတယ်။ နောက် အာဟာရ အလှူရှင်များ ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာပို့သတော်မူတယ်။ မနက် ချမ်းချမ်းစီစီး မိုးအုံ့နေချိန်နဲ့ အတော်ပဲ ဖြစ်တဲ့ ကြာဆံချက်ကို နှစ်ပွဲစီလောက် ဘုဉ်းပေးသုံးဆောင်ကြတယ်။

''ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ''
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ''

ဆွမ်းစားပြီး လှူဖွယ်ဝတ္ထု ခံယူနေတဲ့ သီလရှင် ဆရာလေးတွေ မေတ္တာပို့နေတာပါ။ အပါး ၅၀ ကို ဟင်းချိုမှုန့် ၂၇ ကျပ်သား၊ ငါးပိ ၂၀ သား၊ ကုလားပဲ တစ်ဘူးခွဲ၊ ဆား ၂၀ သား အပါးစေ့ ဆက်ကပ်ပါတယ်။ အပါး ၃၀ ကို ခါးဝတ် တစ်ထည်စီ ဆက်ကပ်တယ်။ ပေါင်းဝှာရွှေဆိုင် မိသားစုက သံဃာကုန်နဲ့ သီလရှင် ဆရာလေး အပါး ၈၀ ကို ဗလာစာအုပ် အပါးစေ့ ကပ်ပါတယ်။

သီလရှင်ဆရာလေးများအတွက် ခါးဝတ်တွေ လှူဖို့ ဆရာလေး မစရဏမဉ္စရီက စီမံဆောင်ရွက်ပေးတယ်။ ဟင်းချိုမှုန့်၊ ကုလားပဲ၊ ငါးပိနဲ့ ဆားများကို တနင်္လာနေ့အမီ လှူနိုင်တာက ဒကာ ကိုထက်တို့ စေတနာထား ကူညီမှုပါ။ စနေနေ့မှ ကပ်ပြီး ဆက်သွယ် အကူအညီတောင်းခံတာကို ချက်ချင်း စီမံပြီး တနင်္ဂနွေမှာ စစ်ကိုင်းအရောက် သူတို့ကားနဲ့ လာပို့ပေးသွားပါတယ်။



Read more...

သီတဂူဆရာတော် (သို့မဟုတ်) စာဆိုတော်ဓမ္မကထိက

သီတဂူဆရာတော်၏ ရဟန်းပျိုဘ၀ ပုံရိပ်

From Sitagu Meeting

မိမိ၏ဇာတိရပ်ရွာ၌ ဆရာတော်၏ တရားကို အလွန် ကြိုက်သော ဦးရီးတစ်ယောက်ရှိ၏။ အာဘောင် အာရင်း သန်သန်နှင့် အပြောကောင်းလှ၏။ သူသည် ဆရာတော်၏ အကြောင်းကို မကြာမကြာ ပြော၏။ ထို့ကြောင့် မိမိသည် သီတဂူဆရာတော်ကို ကိုရင်ဘဝကပင် ကောင်းကောင်း သိနေလေတော့၏။

ဆရာတော်၏ တရားများကို နာရတာ အရသာ ရှိကြောင်း၊ ဆရာတော်သည် မိမိပြောလိုသည့် အကြောင်းအရာကို တစ်တစ်ခွခွ ပြောတတ်ကြောင်း၊ အသံသြဇာကလည်း ကောင်းကြောင်း၊ တချို့ဓမ္မကထိကများက ပြစ်ချွဲချွဲ အသံဖြင့်ဟောကြသော်လည်း ဆရာတော်က ရဲရင့် တည်ငြိမ်သောအသံဖြင့် ဟောကြောင်း စသဖြင့် ဆရာတော်၏ အကြောင်းကို ဤကဲ့သို့ ချီးမွမ်းခန်း ဖွင့်လေသည်။

''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်အတိုင်း မိမိသည် ကိုရင်အရွယ် ရှိသေးရကား သူ၏ ပြောစကားများ ကို စိတ်ဝင်တစား နားထောင်ခဲ့ရပေသည်။

သူသည် နိဂုံးချုပ်ပြီဆိုရင် ပြောနေကြအတိုင်း ''ကိုရင်တို့လည်း ဆရာတော်လို ဖြစ်အောင် ကြိုးစားကြ'' ဟု တိုက်တွန်းစကားဖြင့် အဆုံးသတ်လေ့ရှိ၏။

ဒကာမကြီးတစ်ယောက်၏ ပီတိမျက်ရည်

ဆရာတော်၏တရားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်ကြသူများကို ခဏခဏတွေ့ရပါသည်။ ထိုင်းနိုင်ငံ မှ ဒကာမ ကြီးတစ်ယောက်ဆိုလျှင် ဆရာတော်ကို တွေ့သော အခါ ဝမ်းသာပြီး ငိုပါတော့သည်။

ဆရာတော်သည် သာသနာကိစ္စတစ်ခုဖြင့် ထိုင်းနိုင်ငံ ဖယောင်းမြို့သို့ ကြွရောက်တော်မူ၏။ ပရိသတ်များ ဆရာတော်ကို လာရောက် နှုတ်ဆက်ကန်တော့ကြ၏။ ထိုအထဲတွင် ဒေါ်အေးစိန်ဆိုသည့် ဒကာမကြီးလည်း ပါလာ၏။

ထိုဒကာမကြီးသည် သီတဂူဆရာတော်ကို အလွန် ကြည်ညို၏။ ဆရာတော်၏ တရားများကို အလွန်နှစ် ခြိုက်၏။ သို့သော်ဆရာတော်ကို တစ်ခါမှ မဖူးတွေ့ဘူးပေ။ ယင်းသို့ဖြစ်ရကား ဆရာတော်ကိုဖူးတွေ့ နေပါသော်လည်း ''ငါ သီတဂူဆရာတော်ကို ဖူးနေတာပဲ''ဟု မသိရှိပေ။

ထို့ကြောင့် ဒကာမကြီးက ''တပည့်တော်ဟာ ခရီး သွား ခရီးလာများမှတဆင့် မှာယူ၍ မြန်မာပြည်မှ တရားတိတ်ခွေများ နာရပါတယ်၊ ယခုလို မြန်မာဘုန်းတော်ကြီးများ ရောက်ရှိလာတော့ ဖူးရတာအလွန်ပင် ဝမ်းသာ မိပါတယ်ဘုရား''ဟု ဆရာတော်ကို လျှောက်၏။

''ဟုတ်တာပေါ့၊ နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာ လူမျိုးတွေဟာ ဘုန်းကြီးသံဃာတော်များကို သိပ်ဖူးချင် ကြတယ်၊ အမျိုးဘာသာသာသနာကို ချစ်တဲ့စိတ်ရှိလို့ပါပဲ၊ ဒါကိုဝံသာနုစိတ်လို့ခေါ်ပါတယ်၊ ဘုန်းကြီးတို့ အားရကျေ နပ်မိပါတယ်''။

''မှန်ပါဘုရား၊ ဆရာတော်ကို တစ်ခုလောက် အကူ အညီ တောင်းချင်ပါတယ်''။

''ရပါတယ် ဒကာမကြီး၊ ဘုန်းကြီး ကူညီမှာပေါ့''။

''တပည့်တော်ဟာ ဘဝတန်ဖိုးနဲ့ နိယာမငါးပါး တရားကို ဟောကြားတဲ့ သီတဂူဆရာတော်ကို ထိုင်းနိုင်ငံသို့ ပင့်ချင်ပါတယ်၊ ဒါကြောင့် သီတဂူဆရာတော်ကို မရရ အောင်ပင့်ပေးပါဘုရား''။

''ဒကာမကြီး သီတဂူဆရာတော်ဆိုတာ အခြားမဟုတ်ဘူး၊ အခုဒကာမကြီးရှေ့က ဘုန်းကြီးပါပဲ''ဟု ဆရာ တော်ကအမိန့်ရှိလိုက်သောအခါ ဒကာမကြီး ဒေါ်အေးစိန်သည် သီတဂူဆရာတော်မှန်း သိသွားပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတော့သည်။

ဆရာတော်က ''ဒကာမကြီး ဘာကြောင့် ငိုနေ သလဲ၊ ဒါ ငိုစရာမဟုတ်ပါဘူး''ဟု ပြောလိုက်၏။

''ဆရာတော် တပည့်တော်ဟာ ထိုင်းနိုင်ငံရောက်တာ နှစ်ပေါင်း ၄ဝ-ကျော်ပြီ၊ မြန်မာနိုင်ငံကို တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးဘုရား၊ မြန်မာဆရာတော်များ၏ တရားတိတ်ခွေများ အမြဲနာကြားနေရာက ဘဝတန်ဖိုး တရားဟောကြားတဲ့ ဆရာတော်ကို ဖူးတွေ့လိုတဲ့ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်နေတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ဘူး၊ ဒါကြောင့် ဒီတစ်သက်တွင် ဖူးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတယ်၊ ယခုလို မမျှော်လင့်ပဲ ဖူးတွေ့ရလို့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာမိပါတယ်ဘုရား၊ ဝမ်းသာကြည်နူးလွန်းလို့ တပည့် တော် ငိုမိတာပါဘုရား''ဟု အားရပါးရ လျှောက်ထားလေ၏။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးသည့် ဒကာမကြီးဒေါ်အေးစိန်၏ စိတ်ဓာတ်မျိုးကား မြန်မာလူမျိုးတိုင်း ရှိသင့်သည့်စိတ်ဓာတ်ပင် ဖြစ်၏။ ထိုဒကာ မကြီးကဲ့သို့ သီတဂူဆရာတော်ကို အလွန်အမင်း ကြည်ညိုနေသည့်သူများကား အနယ်နယ်အရပ်ရပ်မှာ ပေါများလှပါသည်။

မိမိလည်း ရှင်သာမဏေ ကိုရင်ဘဝက ''သဲကုန်း ဆရာတော်၊ သီတဂူဆရာတော်'' ဟူသော နာမည်ကို ထပ် ချည်းတလဲလဲ ကြားနေရသော်လည်း ဆရာတော်ကိုကား တစ်ခါမှ မဖူးတွေ့ဘူးသေးပေ။

တိုက်တိုက်ဆိုင်ဆိုင် မန္တလေးသို့ သာမဏေကျော် စာမေးပွဲသွားရောက် ဖြေဆိုမှပင် ဆရာတော်၏ တရားကို ကိုယ်တိုင် ကိုယ်ကျ နာရလေသည်။ စည်ကားလှသော ပရိသတ်ကြီးနှင့် ဘေးပတ်ပတ်လည်၌ ဝန်းရံလျက်ရှိသော သံဃာတော်များကို အံ့မခန်း တွေ့ရလေ၏။ စိတ်ထဲမှာလည်း ''သြော် သီတဂူဆရာတော် ဆိုတာ ဒီဆရာတော်ပဲကိုး''ဟု အလိုလို ရေရွတ်မိလေသည်။

မှတ်မိနေသည့် သြဝါဒ

မိမိသည် ၁၃၆၃-ခုနှစ်, ဝါဆိုဦးတွင် သီတဂူဆရာတော်၏ ခြေတော်ရင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယတက္ကသိုလ်အသီးသီး၌ ပညာသင် ပို့လွှတ်ထားသော တပည့်များမှာ ၈-ပါးရှိပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော ဆရာတော်၏ အနီးနေတပည့်များမှာကား ၁ဝ-ပါးခန့်မျှသာ ရှိပါသည်။

ထိုနှစ် ဝါဆိုဦး၌ဆရာတော်က ''ငါ တပည့်တွေ အခုလိုရောက်လာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်၊ ငါ့တပည့်တွေကို လုပ်ဖေါ်ကိုင်ဖက်လို သဘောထားပါတယ်၊ သီတဂူပရဟိတအလုပ်တွေကို ငါတို့ စွမ်းနိုင်သမျှ လုပ်မယ်လို့စိတ်ထဲမှာ ခံယူချက်ရှိကြဖို့ကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်''ဟု မိန့်တော်မူ၏။

ယင်းသြဝါဒစကားကို အခုချိန်ထိ ကြားယောင်မိ၏။ဆရာတော်ကား တပည့်တွေကို ''လက်အောက် ငယ်သား''လို သဘောမထား၊ ''လုပ်ဖေါ်ကိုင်ဘက်''လို သဘောထား၏။ ဤကားဆရာတော်၏ သင်္ဂဟ (ချီးမြှောက်မှု)တရားပင်တည်း။ တန်းတူရည်တူ ဆက်ဆံခြင်းသည် သင်္ဂဟတရားပင် မဟုတ်လော။ အောင်မြင်လိုသော ဆရာများ အတုယူသင့်လှ၏။

ဆရာတော်သည် ယင်းကဲ့သို့ စည်းရုံးရေး (သင်္ဂဟ) ကောင်းသောကြောင့်ပင် သီတဂူရေအလှူ, ဆေးရုံအလှူ, တက္ကသိုလ်အလှူစသော ပရဟိတလုပ်ငန်း များ တဟုန်ထိုး အောင်မြင်ခြင်း ဖြစ်ပေသည်။

တချို့က အလုပ်လုပ်လျှင် မှန်မှန်ကန်ကန်လုပ်၏။ တိတိကျကျလုပ်၏။ သို့သော် အပြောအဆို မလိမ္မာသော ကြောင့် တပည့်, ဒကာ, ဒကာမတို့နှင့် အဆင်မပြေ ဖြစ်ပြီး အောင်မြင်မှု မရရှိကြပေ။ ယင်းသို့ ဖြစ်ရခြင်းမှာ ချီးမြှောက်မှု သင်္ဂဟတရားကို မေ့နေသောကြောင့်ပင်တည်း။


ဆရာတော်၏ ပညာဒါန

ဆရာတော်သည် သံဃာတော်များ၏ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စား၏။ ရဟန်းတော်များကို ခေတ်နှင့်အညီရင်ဘောင်တမ်းနိုင်အောင် ကြိုးစားစေချင်၏။ မိမိတို့၏ ဘာသာသာသနာကို တည်တန့်ခိုင်မြဲအောင် လုပ်နိုင်ဖို့အတွက် အစစအရာရာ တတ်စေချင်၏။ ဘာသာခြားများထက် ထူးချွန်စေချင်၏။ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် စေချင်သည့်ဆန္ဒမှာ သူမတူအောင် ကြီးမားလှပေသည်။

ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်ကြီးများ, ကောလိပ်များသို့ သွားရောက်၍ သူတို့၏ပညာရေး စနစ်ကိုလေ့လာ၏။ အကဲခတ်၏။ အားနည်းချက်, အားသာချက် တို့ကိုမြင်အောင်ကြည့်၏။ အထူးအားဖြင့် ဆိုင်ရာဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့၌ ပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများကို ပို၍လေ့လာ၏။

နောက်ပြီး ပညာရေးကြိုးစားသူကို ဆရာတော်သည် အားပေး၏။ ထောက်ပံ့၏။ ဆရာတော်သည် ပြည်တွင်း၌ ဆေးတက္ကသိုလ်ကျောင်းသား, ကျောင်းသူများကို စရိတ်ထောက်ပံ့၍ ပံ့ပိုးလျက်ရှိ၏။ အိန္ဒိယ, သိရီလင်္ကာစသော နိုင်ငံရပ်ခြား တိုင်းပြည်များ၌လည်း တပည့်ရဟန်းတော်များကို ပညာသင်ပို့လွှတ် ထားသည်မှာ လောလောဆယ်မှာ အပါး ၂၀-ကျော်ရှိပေသည်။

မိမိအိန္ဒိယသို့ ဝါဆိုသည့် ၁၃၆၉-နှစ်၌ ဆရာတော်သည် နောက်လိုက် ဒကာ, ဒကာမ ၇ဝ-လောက်နှင့်တကွ အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူလာ၏။ ဆရာတော်သည် ဒကာ,ဒကာမများနှင့်တကွ သာသနာထွန်းကာစဖြစ်နေသည့် အိန္ဒိယနိုင်ငံ တြိပူပြည်နယ်၌ ဘုရားတည်ရန်အတွက် အလှူတော် ငွေများကိုလည်း ပေး အပ်လှူဒါန်းခဲ့၏။

ထို့အပြင် ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီး၌ အိန္ဒိယနိုင်ငံ ရောက် မြန်မာကျောင်းသား ရဟန်းတော် ၂၃၁-ပါးကိုလည်း ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့၏။

ဆရာတော်က တပည့်ကျောင်းသားရဟန်းတော်များ ကို အမိန့်ရှိသေး၏။ ''တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူ ရတာကို ငါ စိတ်မကောင်းဘူးကွာ၊ ဘာ့ကြောင့်လဲဆိုရင် ဒီထက်ပိုပြီးမလှူနိုင်လို့ပဲ၊ ငါ့တပည့်တွေ ကြိုးစားကြ၊ 'ဒီက ပြန်ရင် နိုင်ငံနှင့်သာသနာကို ဘယ်လိုကျေးဇူးဆပ်မလဲ'လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ဒီမေးခွန်းကို မဖြေနိုင်သေးဘူး ဆိုရင်ဒီမှာလာရတာ အကျိုးမများလှဘူး၊ ဒေါ်လာရင်းပြီးတော့ လာကြတာဆိုတော့ ဒေါ်လာနှင့်ထိုက်တန်တဲ့ ပညာကို ရအောင်ယူကြ၊ သာသနာမှာ အလုပ်လုပ်တဲ့လူ နည်းသေးတယ်၊ ဒီကွက်လပ်ကို ငါ့ရှင်တို့က ဖြည့်ဆည်းပေးရမယ်၊ ငါ့တပည့်တွေ ဒီမှာ'ကျောင်းသားအဖွဲ့'ကိုဖွဲ့စည်းကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာကို ကြည့်ပြီး ငါ အတော်လေး အားရကျေနပ်မိတယ်၊ ညီညွတ်ခြင်းရဲ့ ပြယုဂ်ပဲ၊ ငါရှင်တို့လည်း ခြေလှမ်းကြဲကြဲလှမ်းကြ၊ ဒါမှသူများ နောက်မီမှာ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း စာသင်သား ရဟန်းတော်တွေ ဘယ်လောက်များများ ငါအနေနဲ့ ထောက်ပံ့သွားဦးမှာပါ''ဟု သြဝါဒစကားကို လည်း မိန့် တော်မူခဲ့ပါသည်။

ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် မြန်မာကျောင်းသား ရဟန်းတော်များကို နှစ်စဉ် တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့သည်မှာ ၇-နှစ်ရှိသွားပေပြီ။ ''အခြေခံပညာရေးအုတ်မြစ်''ကို တည်ဆောက် နေခြင်းပင်ဖြစ်ပေသည်။

ဆရာတော်၏ lecture

ဆရာတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်များကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။

သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ ၏။

ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရ သောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာ ဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။

အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ် နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြသတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက်တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။

ဆရာတော်သည် ပြည်ပရောက်သည့်အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။ အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။

ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပုနေးတက္ကသိုလ်မှ ပါမောက္ခကြီး ဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကိုပင့် ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်း များစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။

''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့် သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။

အရှင်ဒေ၀ိန္ဒာဘိဝံသ

(၄- ၁၀-၂ဝဝ၉)

ဆက်ဖတ်ရန်...



Read more...

Reincarnation - ကို နားလည်ခြင်း

သို့/
ကိုပြည့်ဖြိုး - ထံ

အရှင်ဘုရား။ ဒီနေ့ သီရိလင်္ကာက လူတစ်ယောက်က မေးတယ်။ reincarnation ကိုကော ယုံလားတဲ့။ ယုံရင်ဒီကမ္ဘာမှာ လူတွေဘာကြောင့် တိုးပွားနေရတာလဲတဲ့။ တပည့်တော်လည်း ဘယ်လိုပြန်ဖြေရမလဲ ချက်ချင်းစဉ်းစားလို့ မရတာနဲ့ သူ့နိုင်ငံက သံဃာတော်တွေကိုပဲ ပြန်မေးကြည့်လို့ ဖြေလိုက်တယ်။ အဲဒါ ဘယ်ကျမ်းစာကို ဖတ်ရမလဲဘုရား။

ကိုပြည့်ဖြိုး ပို့လိုက်တဲ့ Message - ကို လက်ခံရရှိပါတယ်။ ရုတ်တရက်ဆိုတော့ စာကြည့်ဖို့ရာ စာအုပ် က အခက်အခဲဖြစ်နေတာနဲ့ စာပြန်နောက်ကျသွားတာပါ။

ဟုတ်ပါတယ်….ဥုးဇင်း စာသင်သားဘ၀ မိခင်မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေစဉ်တုန်းက လူသေလူဖြစ် - စာအုပ်ဖတ်နေတာကို ဆရာဘုန်းကြီးကတွေ့သွားတော့ - “စာအုပ်မဖတ်ခင် သရဏဂုံသုံးပါးကိုတော့ နှလုံးသွင်း ထားပါ” လို့ သြ၀ါဒပေးခဲ့ဘူးပါတယ်။ တကယ်ဖတ် ကြည့်တော့ ဟုတ်လည်းဟုတ်ပါတယ်။ တော်ရုံသဒ္ဓါတရား ဓာတ်ခံ¬လောက်နဲ့သာဆိုရင် သူ့အပြောထဲမှာ မျှောသွားမှာပါ၊ သူပြောသလို သတ္တ၀ါတွေအားလုံးဟာ ဒီဘ၀ကနေ သေပြီးသွားရင် နောက်ဘ၀မှာ လူပြန်ဖြစ်ရမလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လောကယုတ္တိကျတဲ့ မကျည်းပင်ကနေ တမာပင် ဖြစ်ရိုးထုံးစံမရှိ၊ ရွှေပျက်လျှင် မြေထွက်နွယ်အ၀င်ပေမို့ တကယ်ပင် ရွှေပြန်ဖြစ်တယ် လောကစံထုံး - ဆိုတဲ့ ဥပမာတွေပေးပြီးတော့ ပြောထားတာကိုး။ မြတ်ဗုဒ္ဓရဲ့စာပေမှာ လူ့ဘ၀ကနေ သေသွား လို့ လူပြန်ဖြစ်ခွင့်ရှိတယ်၊ နောက်တမလွန်ဘ၀ရှိတယ်ဆိုပေမယ့် လူ့ဘ၀ တစ်မျိုးတည်းကိုပဲ ဖြစ်ခွင့်ရှိတာတော့ မဟုတ်ပါဘူး ကိုပြည့်ဖြိုး။

သိမ်မွေ့နူးညံ့တဲ့ စိတ်ထားရှိသူ၊ သနားကြင်နာတတ်သူတွေဟာ နတ်ဘုံနတ်ဘ၀တွေနှင့် ချမ်းသာပျော်ရွှင်မှု တွေကို ခံစားခွင့်ရှိတဲ့ လူ့ဘ၀မှာဖြစ်ဖို့ အလားအလာရှိပါတယ်။ စိုးရိမ်ကြောင့်ကြမှု ကြီးသူတွေ၊ စိတ်ထဲ မသက်မသာနှင့် ပူဆွေးဝမ်းနည်းပြီး မကျေမချမ်းနိုင်သူတွေ၊ ဒါမှမဟုတ် ရက်စက်လွန်းတဲ့ စိတ်ထားစရိုက်ရှိသူ တွေကတော့ ငရဲဘ၀နှင့် ဒုက္ခပင်လယ်ဝေရတဲ့ လူ့ဆင်းရဲဘ၀မျိုးကို ရတတ်ပါတယ်။ တစ်စုံတစ်ရာကို တမ်းတမ်းစွဲဖြစ်နေတဲ့ ကာမုပါဒါန်အားကြီးသူတွေ၊ ရက်စက်ယုတ်နိမ့်တဲ့ စိတ်ထားရှိသူ၊ ဘယ်တော့မှ ရောင့်ရဲ တင်းတိမ်မှုမရှိတဲ့ ဆန္ဒရာဂအားကြီးသူတွေကတော့ အချိန်နှင့်အမျှ ဆာလောင်မွတ်သိပ်နေတဲ့ ပြိတ္တာဘ၀မျိုး၊ လူဖြစ်ရင်တောင်မှပဲ တောင့်တရမှုတွေ လိုချင်တာမပြည့်စုံမှုတွေနှင့် လုံးလည်လိုက်နေရတဲ့ ဘ၀မျိုးကိုပဲ ရတတ် ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက်တွေဟာ ယခုလက်ရှိဘ၀မှာ စွမ်းအားကောင်းရင်ကောင်းသလောက် လာမည့်ဘ၀မှာလည်း (အကျိုးဆက်တစ်ရပ်အနေနှင့်) ဆက်လက်ဖြစ်ပေါ်နေဦးမှာပါပဲ။ ဒါပေမယ့် လူအများစု ကတော့ လူ့အဖြစ်ကို ပြန်လည်ရရှိကြတာပဲ များပါတယ်။ ဒီနေရာမှာ - ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ၀ိနယပိဋက၊ ပါရာဇိကဏ်ပါဠိတော်လာ ဒေသနာအချို့ကို ဖော်ပြလိုပါတယ်။

ဣမေ ဝါ ပန ဘောန္တော သတ္တာ ကာယသုစရိတေန သမန္နာဂတာ ဝစီသုစရိတေန သမန္နာဂတာ မနော သုစရိတေန သမန္နာဂတာ အရိယာနံ အနုပဝါဒကာ သမ္မာဒိဋ္ဌိကာ သမ္မာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောကောင်းသော အကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် ‘သုဂတိ’ ၌ဖြစ်ပေါ်ကုန်၏။ ဒါက သုဂတိဘ၀လို့ဆိုတဲ့ လူ့ပြည်၊ နတ်ပြည်ကို ရောက်နိုင်ခွင့်ရှိတဲ့ သူတွေကို ရည်ညွန်းပါတယ်။

နောက်တစ်ခါ…

ဣမေ ဝတ ဘောန္တော သတ္တာ ကာယဒုစ္စရိတေန သမန္နာဂတာ ဝစီဒုစ္စရိတေန သမန္နာဂတာ မနောဒုစ္စရိတေန သမန္နာဂတာ အရိယာနံ ဥပဝါဒကာ မိစ္ဆာဒိဋ္ဌိကာ မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ၊ တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ။

‘အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသော အကျင့် ‘မနောဒုစရိုက်’ နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ် ကုန်၏။ ဆိုပြီး လူ့ဘ၀ကနေ အခြားသော ငရဲဘ၀ မှာ ဖြစ်ရတာကို ရည်ညွှန်းတော်မူပါတယ်။

သံသရာလည်တယ်၊ နောက်ဘ၀ရှိတယ်-ဆိုတာကို လက်ခံပါလျှက်နဲ့ ကမ္ဘာမှာ လူဦးရေ ဘာဖြစ်လို့တိုးလာရတာ လဲလို့ မေးလာရင် … ဒီမေးခွန်းကို သေချာစွာနားလည်သဘောပေါက်တာနဲ့ “လူသေလူဖြစ်” ဆိုတဲ့ လွဲမှားတဲ့ အယူဝါဒကိုလည်း ပယ်စွန့်ပြီးသားဖြစ်သွားပါလိမ့်မယ် ကိုပြည့်ဖြိုး။ ဟုတ်ပါတယ်…ကမ္ဘာလောကမှာရှိနေကြတဲ့ အားလုံးသော သတ္တ၀ါတွေဟာ လူသေပြီး လူပြန်ဖြစ်နေကြတာ မဟုတ်လို့သာ ကမ္ဘာ့လူဦးရေ တိုးပွားလာနေ တာပါ။ အကယ်၍ လူသေပြီး လူ့ဘ၀တစ်ခုတည်းကိုသာ ပြန်ဖြစ်နေကြရင် ကမ္ဘာ့လူဦးရေ တိုးပွားလာစရာ အကြောင်းမရှိပါ။ ဒီတော့ အဖြေက … လူ့ဘ၀ကနေ သေပြီး လူ့ဘ၀တစ်ခုတည်းကိုပဲ ပြန်ဖြစ်နေကြတာ မဟုတ်တဲ့အတွက် အခြားသော ဘုံဘ၀၊ ဂတိ-အစရှိတဲ့ နေရာဌာနတွေကိုဆီကို ရောက်ရှိနေကြပါတယ်။ အလားတူပဲ အခြားသော ဘုံဘ၀၊ ဂတိ-အစရှိတဲ့ နေရာဌာနတွေဆီမှ သတ္တ၀ါတွေဟာလည်း သူတို့ရဲ့ ဖြည့်ဆည်းပူးထားခဲ့တဲ့ ကမ္မသတ္တိအစွမ်းတွေနဲ့ လူ့ဘုံဘ၀ကို ရောက်ရှိလာကြပါတယ်။ ဆိုလိုတာက - လူ့ဘ၀၊ နတ်ဘ၀ကနေ ငရဲ၊ တိရ စ္ဆာန်ဘ၀တွေဖြစ်နိုင်သလို၊ ငရဲ၊ တိရစ္ဆာန်ဘ၀တွေကနေလည်း လူ့ဘ၀၊ နတ်ဘ၀ တွေကို ရနိုင်၊ ဖြစ်နိုင်တယ်ဆိုတာပါ။ ဒီလိုလည်ပတ်မှု ဖြစ်စဉ်ကြီးအတွင်းမှာပဲ ကမ္ဘာမှာ လူဦးရေဟာ တိုးပွား လာနေပါတယ်။

သံသရာ - ဆိုတဲ့ အဓိပ္ပါယ်ကိုယ်က…

‘‘ခန္ဓာနဉ္စ ပဋိပါဋိ, ဓာတုအာယတနာန စ။
အဗ္ဗောစ္ဆိန္နံ ဝတ္တမာနာ, ‘သံသာရော’တိ ပဝုစ္စတီ’’တိ။

သံသရာဆိုတာ ခန္ဓာ၊ အာယတန - အစရှိတဲ့ စဉ်ဆက်မပြတ် တရစပ် ထပ်ကာတလဲလဲ လည်ပတ်နေတဲ့ ဖြစ်စဉ်ကြီးတစ်ခု-လို့ ဆိုပါတယ် ကိုပြည့်ဖြိုး။

ကိုပြည့်ဖြိုးကပဲ ဘယ်ကျမ်းစာတွေကို ဖတ်ရမလဲဆိုလို့ ကျေးဇူးတော်ရှင်၊ အမရပူရ၊ မဟာဂန္ဓာရုံဆရာတော် - ရဲ့ “သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ” များ စာအုပ်ကို ညွှန်ပြပေးလိုက်ပါတယ်။

ဒီနေရာကနေ Download ဆွဲပါ။

အဲဒီမှာ - ဒီဘ၀မှ နောက်ဘ၀ သို့ မည်သို့ ကူးပြောင်းကာ စုတေစိတ်ကျသောအခါ စိတ်နဲ့ရုပ်တို့ နောင်ဘ၀သို့ မည်သို့ ကူးပြောင်းပါသနည်း - ဆိုတဲ့ မေးခွန်းကို ဆရာတော်ဖြေကြားထားတာပါပါတယ်။ အခြားသော ဒီအကြောင်းအရာနဲ့ ဆက်စပ်မေးခွန်းတွေ မြောက်များစွာဖြေကြားထားတာတွေပါဝင်နေလို့ ဒီစာအုပ်ကို သီးသန့်တစ်ခုစီဖော်ပြမနေတော့ပဲ ပြီးပြည့်စုံအောင်သိစေလိုတာနဲ့ ယခုလိုစာအုပ်လိုက် လမ်းညွှန်ပေးလိုက် တာပါ။ အဲဒီအတွက် ဥုးဇင်းကို နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုယ်ကျမ်းမာ စိတ်ချမ်းသာစွာဖြင့် လောက + ဓမ္မအကျိုးကို
သယ်ပိုးဆောင်ရွက်အောင်မြင်ပါစေ-ဟု ဆုမွန်ဆန္ဒပြုလျက်…

သတိတရ - မေတ္တာဖြင့် …. ဥုးဇင်း (ခေတ္တ - အိန္ဒိယ)

ကျမ်းကိုး။ ။ ၀ိနယပိဋက၊ ပါရာဇိကပါဠိ၊ ဝဇိရဗုဒ္ဓိဋီကာ


Read more...

“အနန္တဂိုဏ်းဝင်ဆရာသခင်ကျေးဇူးရှင်”


2 အကြံပြုပါသည်။
ကျွန်တော် ဒီပို့စ်လေးကိုအောက်တိုဘာ(၅)ရက်နေ့ ဆရာများနေ့ အတွက်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန်များပြားလှပါတယ်။ဒါကြောင့် ဆရာသမားများကိုအနန္တော အနန္တငါးပါး ထဲမှာထည့်သွင်းထားရခြင်းဖြစ်ပါတယ်။ဆရာများတွင် သင်ဆရာ၊ကြားဆရာ၊မြင်ဆရာဟူ၍အမျိုးမျိုးရှိပြီး၊ကျွန်တော်တို့ရဲ့...


Read more...

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လပြည့်နေ့ မှာပိုစ့်မတင်ဖြစ်တော့ ပုံတော်လေးတစ်ပုံတင်ထားလိုက်ပါတယ်။





f_pntx8xrm_934b7c2.gif

Read more...

ဝေလေလေစိတ္တဗေဒ

သူငယ်ချင်း သာထွန်းစံ တစ်ယောက် "စိတ်ကျောင်း"တက်ဖို့ စာတွေ ပြင်ဆင်နေသည်ဟု ကြားရသည်။ သူ"စိတ်ကျောင်း"ကို အမှန်တကယ် တက်ခွင့်ရလျှင်တော့ ဘယ်လိုနေမည်မသိ။ လောလောဆယ် ကျောင်းမတက်ခင်ကတည်းက ထွားနေသော သူ၏လေလုံးများမှာ ဆစ်ဂမန်ဖရွိုက်ကိုပင် မ,ချီ ပင့်မြှောက်လို့ ရနေလေပြီ။ စင်စစ် သူကား စာဖတ်သလောက် လေကျယ်သူဖြစ်လေသည်။ ရိုးသားပြီး ဥာဏ်ကောင်းသည်ကား မှန်သည်။ သို့ရာတွင် ကျွန်တော့်လို ပညာရှိပီပီ လေပြည်ကလေးနှင့်ပြောပြီး နိုင်လောက်မှ အချွန်နှင့်မတတ်သော ပါးနပ်မှုမျိုးကား မရှိချေ။ ဤကား သင်း၏ အားနည်းချက်တည်း။


ထို့ကြောင့်သူ၏ ကြွားဝါချက်များကို မှတ်စုလိုက်ခွင့်ရပြီး ယခုကဲ့သို့ စာရှုသူများပါ ၀ိုင်းပြီး မေတ္တာပို့နိုင်စေရန် တင်ပြခွင့်ရလိုက်လေသည်။ သူ၏ကြွားဝါချက်များကို အနှစ်ချုပ်လိုက်သောအခါ အောက်ပါအတိုင်း သုံးချက်တွေ့ရသည်။

_______"(၁)ငါတို့စိတ်ရောဂါ ဋ္ဌာနဟာ အရူးတွေနဲ့ပဲ ဆိုင်တဲ့ဋ္ဌာန (စိတ်ရောဂါကုဋ္ဌာန) မဟုတ်တော့ဘဲ စိတ်ရှိတဲ့သူတွေ အားလုံးနဲ့ဆိုင်တဲ့ စိတ်ကျန်းမာရေး ဋ္ဌာနဖြစ်သွားပြီ။ (မှတ်ချက်။ ။သင်းအပြောအရ စာရှုသူများမှာလည်း စိတ်ရှိသဖြင့် စာရှုသူနှင့်ပါ ဆိုင်ရာရောက်လေ သည်။ )

(၂)စိတ်ကျန်းမာရေးဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ မိလ္လာအရေး၊ ဘလော့ဂါတွေအရေးကနေ ကမ္ဘာကြီးအရေး ကုန်ကုန်ပြောရရင် စကြာဝဠာကြီးအရေးနဲ့လည်း ဆိုင်တယ်။(မှတ်ချက်။ ။ မဆိုင်ဆိုင်အောင်ပြောမှာ ဖြစ်ပါသည်။)

(၃)လူတွေကို တလွဲအသုံးချတတ်တဲ့ လူဆိုးခေါင်းဆောင်တွေ ဒီကမ္ဘာလောကရဲ့ တစ်ထောင့်တစ်နေရာတွင် တကယ်ရှိခဲ့ပြီး အဲဒီခေါင်းဆောင်တွေ အကြောင်းကို လေ့လာသူတွေက အဲဒီခေါင်းဆောင်တွေ အသုံးချခဲ့တဲ့ "ဝေလေလေစိတ်ပညာ" ကို လူများများသိအောင် ထုတ်ဖော် မပြောပြဘဲ လျှိုထားကြတယ်။ အကြောင်းကတော့ အဲဒီနည်းတွေကို သူတို့ထပ်သုံးလို့ မရတော့မှာ စိုးလို့ပဲ။(မှတ်ချက်။ ။သင်းကား ဂျာနယ်တစ်စောင် နှစ်စောင်လောက်မှာ ဆယ်နှစ်တစ်ခါလောက် ဆောင်းပါးတစ်ပုဒ်ခန့် အမြီးဖြတ်ခေါင်းဖြတ်ပါသော အ၀ါးမ၀သေးသည့် စာရေးဆရာပီပီ သူ့ဆရာနှင့် သူ့ဘိုးအေများဖြစ်သော ကမ္ဘာကျယ် ပုဂ္ဂိုလ်ကြီးအတော်များများကို မသိမသာ စွပ်စွဲလိုက်လေသည်။ )_________"

လက်သည်းကွင်းထဲမှ စာသားများသည်ကား ကျွန်တော်၏ အတို့အထောင်လုပ်ချက်များ ဖြစ်ပါသည်။ ဤမျှဆိုလျှင် ကျွန်တော့်ကောင် သာထွန်းစံ မည်မျှ လေထွားကြောင်း သိလောက်ပြီ ထင်ပါသည်။ သို့ရာတွင် သူ၏ လေထွားချက်များကို စာရှုသူများပါ ပြစ်တင်ရှုံ့ချခြင်း ပြုနိုင်စေရန်အတွက် သူပြောသည့်စကားများမှ မကောင်းသည့် အပိုင်းများကိုချည်း ထုတ်နုတ်၍ "ဟားကွက်"များကို ပိုပိုသာသာလေးထည့်ကာ တင်ပြမည်ဖြစ်ပါသည်။

ဤနေရာတွင် စကားပလ္လင်တစ်ခုခံလိုသည်။ ကျွန်တော့်မှာ ကိုယ်ရေးသမျှ အားနာပါးနာဖတ်ပေးနေမည့် စာရှုသူများ အထင်ကြီးစေရန် အကြောက်အကန် စာတွေရေးနေသော်ငြား သူ့လောက်စာဖတ်သူ မဟုတ်သဖြင့် သူပြောသမျှကို တစ်ခုမကျန် နားလည်လိုက်သည် မဟုတ်ပါ။ သို့ရာတွင် နားလည်ခြင်း နားမလည်ခြင်းကား ကျွန်တော်၏ အလုပ်မဟုတ်ချေ။ သင်းကို အများဝိုင်း "တွယ်" ခွင့်ရအောင် "ထောင်ပေးဖို့" ကသာ အဓိကအချက်ကြီး ဖြစ်ပါသည်။

သို့ဖြစ်၍ သူရှင်းပြသမျှ ဝေလေလေစိတ်ပညာအချို့မှ ကျွန်တော့်ကို ဝေဖန် အန္တရာယ်ပေးနိုင်မည့် စကားလုံးများကို အထူးရှောင်ရှား၍ နိမိတ်ပုံများနှင့် ၀င်္က၀ုတ္တိအလင်္ကာကို များများကြီးသုံးကာ မဓုရတာဂုဏ်မြောက်အောင် အရှိကိုအရှိအတိုင်း ရေးဖွဲ့တင်ပြမည် ဖြစ်ပါသည်။

သင်းအဆိုပြုသော "ဝေလေလေစိတ်ပညာ"ဟူသည်ကား Crowd psychology ဟူသည့် ကျမ်းကြီးကျမ်းခိုင် အသွယ်သွယ်နှင့် ဘာသာရပ်တစ်ခုအဖြစ် လောက်လောက်လားလား ရှိသော လူစုလူဝေးစိတ္တဗေဒကို လှောင်ပြောင်သရော်၍ ခေါ်ဆိုခြင်းဖြစ်လေသည်။ လူစုလူဝေး စိတ္တဗေဒ(Crowd psychology) သည် လူမှုရေးစိတ်ပညာ (social psychology) ၏ လက်ခွဲတစ်ခု ဖြစ်ပါသည်။

သူ့အပြောအရ ရိုးရိုးသာမန်သူလိုကိုယ်လိုလူများသည် စုပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ထူးခြားသော အင်အားတစ်ခုကို ရရှိတတ်ပါသတဲ့။ သမိုင်းစဉ်လာအရ ကြီးမားသော လူစုလူဝေးကြီးများသည် အသားကျနေပြီဖြစ်သည့် လျော်ကန်ဖြစ်စဉ် (due process) များကို ခြေဖျက်ပြီး ပြဇာတ်ဆန်ဆန်လျင်မြန်တဲ့ ပြောင်းလဲခြင်းတွေကို တည်ထောင်ပေးနိုင်ပါသတဲ့။

သူက ဒီနေရာမှာ တည်ထောင်ပေးနိုင်ခြင်းကို ဆောင်ရွက်နိုင်သလို တည်ထောင်ပေးနိုင်ခြင်း၏ ပြောင်းပြန်အဖြစ်ကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု မျက်စိလည်ဖွယ်ရာ ဆိုပါသည်။ ကျွန်တော်က ကြားဝင်၍ စကားဖြည်ပေးရလျှင် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများကိုလည်း လုပ်ဆောင်နိုင်သည်ဟု သင်းကဆိုလိုကြောင်း ဖြည်ပေးလိုက်ပါသည်။ လူမှုရေးစိတ်ပညာရှင်များသည် လူစုလူဝေး စိတ္တဗေဒ ကို ရှင်းပြဖို့ ကွဲပြားသော သီဝရီအမြောက်အမြားကို တည်ဆောက်ခဲ့ကြသည်ဟု သူက ဆိုသည်။

ပညာရှင်များ၏ သီဝရီများက လူစုလူဝေးစိတ္တဗေဒ သည် ယင်းလူစုလူဝေးအတွင်းရှိ လူတစ်ဦးချင်းစီ၏ စိတ္တဗေဒနှင့် မတူညီဘဲ သိသာထင်ရှားစွာ ကွဲလွဲနေသည်ကို ပြဆို၏။ ကာလ်းဂျန်(Carl Jung) က စုစည်းမှုမှပေါက်ပွားလာသည့်မသိစိတ် (the Collective unconscious) ဟူသောအယူအဆကို တီထွင်သည်။ အခြားသော အဓိကကျသည့် တွေးခေါ်ရှင်များသည်ကား ဂက်စတပ်လီဘွန်(Gustave Le Bon)၊ ၀ီလ်ဖရက်ထရော့တာ (Wilfred Trotter)၊ ဂေဘရီယယ်လ် တာ့ဒီ(Gabriel Tarde)၊ ဆစ်ဂမန်ဖရွိုက်(Sigmund Freud ) နှင့် အဲလိယက်စ် ကန်နက်တီ (Elias Canetti.) တို့ ဖြစ်ကြလေသည်။

ဆစ်ဂမန်ဖရွိုက်၏ လူစုလူဝေးအပြုအမူသီဝရီ (crowd behaviour theory) မှ အဓိက အယူအဆမှာ လူစုလူဝေးအတွင်းရှိ လူများသည် တစ်ဦးချင်းတွေးခေါ်နေသော လူများနှင့် ကွဲပြားခြားနားစွာ ပြုမူဆောင်ရွက်လေ့ရှိသည် ဟူသော အယူအဆဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးချင်း၏ စိတ္တဗေဒသည် လူစုလူဝေးအတွင်းတွင် တနည်းတဖုံပြောင်းလဲ သွားနိုင်သည်ဟု ဖြစ်သည်။ လူအုပ်စု၏ စိတ်များသည် တွေးခေါ်ခြင်းစနစ်တစ်မျိုး ဖြစ်ပေါ်သည့် တိုင်အောင် စုစည်းမိကြသည်။ ရလာဒ်အားဖြင့် တစ်ဦးချင်း၏ စိတ်အားထက်သန်မှုက အဆမတန် တိုးမြင့်လာပြီး လူပုဂ္ဂိုလ်တစ်ဦးအနေနှင့် အခြားပုဂ္ဂိုလ်တစ်ဦး ပြုမူသော အပြုအမူ၏ တကယ့်အစစ်အမှန် သဘာဝကို သတိပြုမိခြင်း နည်းသွားသည်။ (ကိုယ်ဘာလုပ်လို့ လုပ်မိမှန်းမသိ သူများမှားလို့မှားနေမှန်းလည်း မသိတော့ ဟု ဆိုလိုသည်။)

လီဘွန် (Le Bon) ၏ အယူအဆမှာ လူစုလူဝေးများက အမည်မဖော်မှု (anonymity) ကို မွေးမြူပြီး စိတ်ခံစားမှုများက ဖြစ်သင့်သော သက်ရောက်မှုထက် လွန်ကျူးခံစားသော ကလီရှေ (Cliche') အမျိုးအစား တစ်မျိုးမျိုး ဖြစ်လာသည်။(သင်းကြီးကြီးကျယ်ကျယ် သုံးနှုန်းသော ကလီရှေ ဆိုတာက အလွန်အကျွံခံစားတာမျိုးကို ပြောတာဟု ကျွန်တော် ထင်ပါသည်။)

ကလာခ့်မက်ဖေး (Clark McPhail)ကဲ့သို့သော ဝေဖန်သူအချို့ကမူ လီဘွန်၏ အမည်မဖော်မှု အယူအဆကို ဆန့်ကျင်၍ ခုခံပြောဆိုကြသည်။ ကလာခ့်မက်ဖေးက အချို့သော လေ့လာချက်များအရ ရူးသွပ်နေသော လူစုလူဝေး (madding crowd) သည် ပါဝင်သော လူတစ်ဦးချင်း၏ အတွေးအခေါ် နှင့် ကြံရွယ်ချက်များမှ ကင်းကွာ၍ အထိန်းအကွပ်မဲ့ ပရမ်းပတာ ပြုမူခြင်းမျိုး မရှိခဲ့ပါဟု ထောက်ပြသည်။

သို့ရာတွင် သတိပြုရသည်မှာ လီဘွန်က ၁၉ ရာစုနှင့်အစောပိုင်းကာလများက ဖြစ်ပွားခဲ့သော ကြောင်းကျိုးကင်းလွတ်သွားသော လူစုလူဝေး ၏ လွန်ကျူးခံစားသော ကလီရှေ (cliche') အဖြစ်( အတိအကျဆိုရလျှင် ကြောင်းကျိုးကင်းလွတ်ပြီး ရာဇ၀တ်မှုများ ကျူးလွန်သော လူစုဟု ရည်ညွှန်းဖော်ပြရသည့် ရာဇ၀တ်မှုခင်းများ နယ်ပယ်) ကိုသာ ရည်စူးခဲ့သည် ဟူ၍ ဖြစ်သည်။ ထပ်ရှင်းရလျှင် လူစုလူဝေးများအတွင်း ဖြစ်ပွားသော ရာဇ၀တ်မှုများကို လေ့လာတင်ပြခြင်းသာ ဖြစ်လေသည်။ လီဘွန်က သူ့ကိုယ်သူ လူစုလူဝေးစိတ်ပညာကို စတင်တည်ထောင်သူ ဟု ယူဆခဲ့သည်။ သူက လူစုလူဝေးများသည် လုံးဝအကြောင်းအကျိုး ကင်းလွတ်သည်ဟု ယူဆခဲ့ခြင်းမဟုတ်ပါ။ ယင်းအစား လူတစ်ဦးချင်းစီ၏ စိတ္တဗေဒသည် လူစုလူဝေးများ၏ စိတ္တဗေဒနှင့် ဆီလျော်ကိုက်ညီမှုမရှိ ဟူ၍ ရိုးရိုးရှင်းရှင်းတွေးခေါ်ခဲ့ခြင်းသာလျှင် ဖြစ်လေသည်။

လီဘွန်သည် လူစူလူဝေးများကို ကိုင်တွင်ထိန်းကွပ်နိုင်မည့် သင့်လျော်သည့် ကြောင်းကျိုးဆီလျော်သော နည်းစနစ်များဆိုင်ရာ အတွေးအခေါ် (ဥပမာ ယုံကြည်မှုများကို အထပ်ထပ်မြှင့်တင်ခြင်း Communal reinforcement of beliefs)၏ ဖခင်ဖြစ်သည်။ ၁၈၉၅ တွင်ထုတ်ဝေသည့် လီဘွန်၏ လူစုလူဝေးစာအုပ် ( The Crowd: the study of the Popular Mind) က ဟစ်တလာ၏ မိုင်ကမ့်ပ် (Mein Kampf) စာအုပ်အပါအ၀င် ၂၀ ရာစုနှစ်၏အယူအဆ အများအပြား အပေါ်လွှမ်းမိုးမှု ရှိခဲ့သည်။ သာထွန်းစံ ကတော့ မိုင်ကမ့်ပ်ကို သူဖတ်ဖူးသည့်အလား ကောင်းကောင်းစွပ်စွဲသည်။ နောက်လာမည့် သီယိုဒို အေဒေါနို (Theodor Adorno) ၏ စကားတစ်လုံးနှစ်လုံးကို ကိုးကား၍ ဖက်ဆစ်စနစ်သည် လူစုလူဝေးစိတ်ပညာကို အသုံးပြုသွားသည်ဟု ပုံကြီးချဲ့လေသည်။ သီယိုဒို၏ စကားကို နောက်ဆုံးတွင် ဖော်ပြပါမည်။

အင်္ဂလိပ်လူမျိုးခွဲစိတ် ဆရာဝန် ၀ီလ်ဖရက် တရော့တာ (Wilfred Trotter) ကလည်း အလားတူအယူအဆဖြင့် စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် စစ်ပွဲအတွင်းရှိ အုပ်စုများအတွင်းရှိ မွေးရာပါဗီဇများ (Instincts of the Herd in Peace and War) ဟူသော စာအုပ်ဖြင့် အမည်ကျော်ကြားခဲ့သည်။ တရော့တာ (Trotter) ၏ လူများဖြစ်သော ဘိုင်ရွန်နှင့် အားနက်စ်ဂျုန်း တို့သည် ဗြိတိသျှ စိတ်ခွဲပညာ (psychoanalytic) ကို လွှမ်းမိုးခဲ့သည်။

ဆစ်ဂမန်ဖရွိုက်က လီဘွန်၏ "လူစုလူဝေးသည် ကိုယ်ပိုင်ဝိညာဉ်မရှိတော့" ဟူသော "စုစည်းမှုမပေါက်ပွားလာသောမသိစိတ်"(collective unconscious) အယူအဆ ကို ဝေဖန်သည်။ ဒဏ္ဍာရီဆန်ဆန်ရည်ရွယ်ချက်ကောင်းတွေ ပြည့်နှက်နေသည့် သိစိတ်များ ဆိုသည်ကိုလည်း လက်မခံခဲ့။ ယင်းအစား လူတစ်ဦးချင်းက သူတို့ကိုယ်သူတို့ စံပြုအတ္တ (ခေါင်းဆောင်ကို ကိုယ်စားပြုသော ရည်ရွယ်ချက်) အတွက် ဖော်ဆောင်ခဲ့သည် ဟုယူဆသည်။ စံပြုအတ္တက နောင်အခါ စူပါအီဂို (Super-ego) ဖြစ်လာသည်။

သီယိုဒို အေဒေါနိုက "လူစုလူဝေးများ၏ အလိုအလျောက်အပြုအမူ"ဟူသော အယူအဆ ကို ဝေဖန်သည်။ သူ့အဆိုအရ လူစုလူဝေးများသည် စီမံခန့်ခွဲထားသော ခေတ်သစ်ဘ၀မှ ပေါက်ဖွားလာခြင်းဖြစ်ပါသတဲ့။ ကျွန်တော်နားလည်သလောက် တည့်တည့်ပြောရလျှင် ဟစ်တလာကိုင်တွယ်သွားတာကို ပြောချင်တာနှင့် တူပါ၏။ သာထွန်းစံ ပြောသော နောက်စကားကို ကြည့်ပါ။ လူစုလူဝေး စိတ္တဗေဒမှာ စင်တင်ပြဇာတ်လို သရုပ်ဆောင်ပွဲတွေ ရှိပြီး ဖက်ဆစ်စနစ်တွင် ဖက်ဆစ်ခေါင်းဆောင်က လူထုကို စည်းဝေးပြီးဟောပြောပုံမျိုး ဖြစ်ပါသတဲ့။

နောက်ဆုံးအနေနှင့် လူစုလူဝေး စိတ္တဗေဒကို နည်းနည်းပါးပါး အကောင်းပြောသော စုဆုံပေါင်းစပ်မိခြင်းသီဝရီ (Convergent theory) နှင့် Emergent-norm theory တို့ကို သူက ပြောပြပါသည်။ ကျွန်တော်က အဲဒီသီဝရီနှစ်ခုကို ကိုင်ပြီး သူ့အရင်သီဝရီတွေကို ဝေဖန်ပါသည်။ လူစုလူဝေး စိတ္တဗေဒကို ဝေလေလေစိတ္တဗေဒဟု သူခေါ်တာကို ကျွန်တော်မကျေနပ်ပါ။ သို့ရာတွင်သူက "ရာဇ၀တ်မှုများနှင့် ချိန်ကိုက်ဗုံး စကားလုံးများသုံးခြင်း မရိုးသားမှုများ"ကို ထောက်ပြပါသည်။

ဟစ်တလာလူသတ်ပွဲများနှင့် လူစုလူဝေး ရာဇ၀တ်မှုများကို ဝေလေလေစိတ္တဗေဒဟု သူကဆိုလိုလျှင်တော့ ကျွန်တော်လည်း မိနစ်သုံးဆယ်မျှ ခံငြင်းခြင်းငှာ မတတ်နိုင်ပါ။ သီယိုဒို၏ စကားအချို့ကို ဘယ်ကရလာသည် မသိဘဲ သူကိုးကားပြောဆိုနေပြန်သည်။ သူ့သင်ခန်းစာတွင်ပါသော Freudian Theory and the Pattern of Fascist Propaganda စာအုပ်မှ ဖြစ်ချင်ဖြစ်ပါမည်။ အဲဒါကို ကျွန်တော်က ယခုလို ဖော်ပြလိုက်သည်။

_______"ခေါင်းဆောင်များက လူစုလူဝေး စိတ်ပညာကို သတိပြုမိပြီး ယင်းစိတ်ပညာကို ကောင်းကောင်း အသုံးချတတ်ပါ တယ်။ လူထုရဲ့ နှလုံးသားနက်နက်ရှိုင်းရှိုင်းထဲမှာ ဂျူးတွေဟာ မိစ္ဆာတွေပဲလို့ ယုံကြည်နေသမျှကာလပတ်လုံး အဲဒီလူထုဟာ သူတို့ရဲ့ ခေါင်းဆောင်ကို လုံးဝဥဿုံ ယုံကြည်နေကြတယ်။ သူတို့ခေါင်းဆောင်ရဲ့ ဆောင်ရွက်ချက်တွေမှာ စိတ်အားထက်သန်စွာ ပါဝင်ကြတယ်။ ယုံကြည်မှုကို ဘယ်တော့မှ မစိစစ်တော့ဘူး။ ဒါဟာ ဖက်ဆစ် လူအစုအဝေးကို ကို အကြင်နာကင်းမဲ့ပြီး သိမ်မွေ့စွာ ချဉ်းကပ်ခြင်း မပြုနိုင်အောင် လုပ်ဆောင်ပေးလိုက်တဲ့ အုပ်စုစိတ်ဓာတ် ဖြစ်ဟန်တူပါတယ်။ အကယ်၍ ဒီအုပ်စုကသာ အကြောင်းပြချက်တစ်ခုလောက် အတွက် တစ်စက္ကန့်လောက်ရပ်ပြီး စဉ်းစားခဲ့ရင် ဆောင်ရွက်ချက်ကြီး တစ်ခုလုံးဟာ အပိုင်းပိုင်းပြိုကွဲသွားမှာ ဖြစ်ပြီး ကြောက်ရွံ့မှုတွေအဖြစ် ပြောင်းလဲသွားမှာ ဖြစ်တယ်။"________

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်မှာ ငြင်းခုန်ရန်ဖြစ်နေကျ ဖြစ်ပါသည်။ ကိုယ့်ထမင်းကိုယ်စားပြီး ငြင်းခုန်ကြခြင်းဖြစ်သဖြင့် တစ်ယောက်ယောက်က အနိုင်ရမှသာ နားအေးပါသည်။ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်ဟု ချွေးသိပ်စရာမလိုအောင်လည်း ရင်းနှီးကြပါသည်။ ရှုံးလျှင်လည်း ပြန်ချော့စရာမလိုပါ။

ဝေလေလေစိတ္တဗေဒ အသုံးအနှုန်းနှင့် ပတ်သက်၍ သူအလဲထိုးသွားသည့် အဓိက ဥပမာမှာ သူခိုးဖမ်းပွဲ ဖြစ်ပါသည်။ သူခိုးတစ်ယောက်သည် ညာဘက်လမ်းကို အယောင်ပြ၍ ဘယ်ဘက်လမ်းကို သုံးကာ ထွက်ပြေးသွားသည်။ သူခိုးပြသော အရိပ်ကို လူတစ်ဦးစနှစ်ဦးစက မြင်လိုက်သည်။ ဤတွင် လူအုပ်စုကြီးတစ်ခုလုံးက ညာဘက်လမ်းကို လိုက်ရင်း မယ်တင့်ခြံဝင်းအတွင်းမှာ ရည်းစားနှင့်ချိန်းတွေ့နေသော ကောင်လေးတစ်ယောက်ကို မိသည်။ မိသည့်ကောင်လေးကို ဘာမှဖြေရှင်းခွင့်မပြုကြတော့ဘဲ အရင်ဆုံး တစ်ယောက်တစ်ချက်စီ ၀ိုင်းတွယ်လိုက်သည်။ ကောင်လေးက ရှင်းပြခွင့်တောင်းသောအခါ အသိဥာဏ်ရှိသော လူတစ်ချို့က ရှင်းပြခွင့်ပေးလိုသည်။ ဤအချိန်မှာ အခရာဖြစ်ပါသည်။ ဤအချိန်တွင် လူစုလူဝေးကြီးအနေနှင့် ဘောလုံးပွဲရှုံးနေသော အချိန်မဖြစ်ဖို့ လိုပါသည်။ ဘောလုံးပွဲရှုံးနေသော ဒေါသဖြင့် လူတစ်ဦးတစ်ယောက်က တစ်စုံတစ်ရာအော်လိုက်လျှင် ကျန်သည့်သူများက ထိုအတိုင်းလိုက်လံ ဟစ်အော်ကြမည်ဖြစ်ပြီး တစ်ဦးဦးက မတော်တဆ ခြေနှင့်စကန်လိုက်သည့်နှင့် ရည်းစားနှင့်ချိန်းတွေ့နေသော ကောင်လေးကို သူခိုးဟု ယုံကြည်လိုက်ကြမည်ဖြစ်ပြီး သူခိုးဖမ်းပွဲမှာ လူသတ်ပွဲအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ဤလူသတ်ပွဲတွင် ကာလသားများကအစ ကွမ်းတိုင်ကိုင်များအဆုံး အမယ်အိုကြီးများအထိ ပါဝင်ဆင်နွှဲနိုင်ပါသည်။ သို့ရာတွင် မည်သူ၏လက်ချက်ဟု မသိနိုင်သော အမည်ဖော်စရာမလိုခြင်း (anonymity) ကို ရရှိမည် ဖြစ်သည်။ ဤကား ဝေလေလေစိတ္တဗေဒပင် ဖြစ်ပါသတည်း။

သင်းနှင့်ကျွန်တော် တူညီသော အချက် နည်းနည်းပါးပါးရှိသည်။ အသံအောင်ခြင်း၊ လက်မြန်ခြင်း စသော တူညီသော အချက်များကို မပြောလိုတော့။ မတူညီသော အချက်မှာကား သင်းကရိုးသားပြီး သတ္တိရှိ၍ ကျွန်တော်က ယုံလွယ်တတ်ခြင်း ဖြစ်လေသည်။



Read more...

Purposely purpose

Why are you here today? asked Bhante Jinnadata. You must have a purpose to be here today for dana, said Bhante, But most of us feel funny about having a purpose to do good as it is culturally thought to be bad.


Read more...

လမုန့်ပွဲတော်အမှတ်တရ နှင့် လတ်တလောအခြေအနေ

သီတင်းကွတ်လပြည့်နေ့ညက ကျမတို့သူငယ်ချင်းတစ်စု ကျောင်း Library ကနေ အပြန် စိတ်ပြေလက်ပျောက် ခြေဦးတည့်ရာ ကိုသွားခဲ့ကြရင်း Bugis ဘက်ကို ရောက်ခဲ့ကြပါတယ်.....


ဘာရယ်လို့တော့မဟုတ်ပါဘူး လူပင်ပမ်းစိတ်ပင်ပမ်းဖြစ်နေကြတဲ့ မိမိစိတ်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ဦးတည်ချက်မရှိသွားခဲ့တာပါပဲ ....။ အဲဒီမှာ အမှတ်တရ လမုန့်ပွဲတော် ဆင်နွှဲနေကြတဲ့ မဏ္ဍပ်လေးတွေမှာ ဟိုငေး ဒီငေးနဲ့ ဈေးတန်းဘက်ကို တစ်ပတ်ပတ်ပြီး ပြန်လာခဲ့ကြတယ် .....။
လမ်းမှာ လမုန့်ကြီးတွေ သဘောကျတာနဲ့ နှင်း ရဲ့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူ သူငယ်ချင်း မောင်နှမတွေအားလုံးအတွက် နိုင်သလောက်လေး ၀ယ်လာခဲ့ပါသေးတယ် ......။
အားလုံးပဲ အားမနာတမ်းသုံးဆောင်သွားကြဦးနော် ......း)



အမှတ်တရ ဓါတ်ပုံလေးတွေရိုက်နေတုန်းမှာ မိုးကလည်း ဖွဲဖွဲလေးကျလာတာနဲ့ ကြာကြာမနေဖြစ်တော့ပဲ ကျမ ရဲ့ ဆရာသမားများနေထိုင်ရာ အိမ်လေး၌ နံနက်အာရုံဆွမ်းဆက်ကပ်ရန်သစ်သီးတန်းမှာ သစ်သီးများ
ဝယ်ယူပြီုးပြန်ခဲ့ပါတယ် .....။Eunos ဓါတ်တော်တိုက်မှ ဆရာတော်၊သံဃာတော်များကို အာရုံဆွမ်းကပ်ရန် သီတင်းကျွတ်လပြည့်ည တစ်ညလုံးချက်ကြ ၊ ပြုတ်ကြ ၊ စကားတွေပြောကြနဲ့ နံနက် ၄ နာရီ ရောက်သွားပါတယ် ......။ ညမအိပ်ရတော့ပဲ ဆွမ်းကပ်ရန် ပြင်ဆင်ခဲ့ကြပြီး နံနက် ဝေလီဝေလင်း အချိန်လေးမှာတော့ ဆရာတော်များကို အာရုံဆွမ်းနှင့် ကထိန်သင်္ကန်းများ နှင့် ဘုန်းကြီးကျောင်း တည်ဆောက်ရန် ၀တ္ထုငွေများကို ဆရာတော်ဘုရားထံ လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ် .....။ အဲဒါပြီးတဲ့နောက်မှာတော့ ကျောင်း Group နဲ့ အရေးကြီးကိစ္စလေးတစ်ခုအတွက် Meeting ရှိတယ်ဆိုတာနဲ့ အပြေးအလွှားပြေးခဲ့ရပြန်ပါတယ် ......။
အခုတစ်လော ကျမ အရမ်းအလုပ်တွေများပြီး ကျောင်းကိစ္စတွေနဲ့ လုံးချာလည်နေခဲ့ပါတယ် ....။

ည အတော်နောက်ကျမှ အိမ်ကို ပြန်ရောက်ပြီး နံနက်စောစော ရုံးနောက်မကျအောင် ကြိုးစားပြီးသွားနေရပါတယ် .... ။ဘလော့မောင်နှမတွေဆီကို သွားရောက်လည်ပတ်ဖို့ ပျက်ကွက်နေသလို ကျမ ရဲ့ အိမ်လေးမှာလည်း အသစ်တင်ဖို့ ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့ပါတယ် .....။သီတင်းကွတ်လပြည့်ကျော် (၁) ရက်နေ့ နေ့လည်ပိုင်းတွင် ကျမ ရဲ့ အစ်ကိုအရင်းတစ်ယောက်လို ခင်မင်ရင်းနှီးသော အစ်ကို ကျော်ဇင်ဝင်း နဲ့ မချိုသဲမွန် တို့ ရဲ့ မင်္ဂလာပွဲလေးကျင်းပရာ Peninsula Plaza ရှိ ရွှေအင်းလေးစားသောက်ဆိုင် ကို ဘယ်လိုမှ အချိန်မရတော့လို့ ကျမ မသွားရောက်နိုင်ခဲ့တဲ့အတွက် ဒီနေရာကနေပဲ အနူးအညွတ်တောင်းပန်အပ်ပါတယ် အစ်ကိုရေ..........။
လာရောက်ကြသော မောင်နှများအားလုံးကိုလည်း ဒီပို့စ်လေးနဲ့အတူ ကျမ ရဲ့ ပျက်ကွက်မှုအားလုံးအတွက်
အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင် .....။အရေးကြီးတဲ့ ကိစ္စရပ်လေးတွေအတွက် မဖြစ်မနေ အချိန်ပေးနေရတာကြောင့် ပျက်ကွက်မှု အားလုံး ...အားလုံးအတွက် နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ် .....။

အားလုံးကို ခင်မင်လေးစားလျှက် .....
နှင်းဟေမာ


Read more...

မိစ္ဆာဒိဋ္ဌိ

ကျွန်တော် မြင်နေရ ကြားနေရတဲ့ ဘာသာခြားကို မိစ္ဆာဒိဋ္ဌိ စွပ်စွဲမှုကို ရှင်းလင်းချင်တာရယ် ကိုယ့်ဗုဒ္ဓဘာသာထဲမှာပဲ ကိုယ်ကိုယ်တိုင် မိစ္ဆာဒိဋ္ဌိဖြစ်နေနိုင်ကြောင်းရယ်ကို တင်ပြချင်လို့ ဒီပိုစ့်ကို သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ တင်လိုက်တာပါ။

မိစ္ဆာဒိဋ္ဌိ ဆိုတာက

မိစ္ဆာ-မှားယွင်းသော + ဒိဋ္ဌိ-အမြင်,အယူအဆ၊
မိစ္ဆာ-ဖောက်ပြန် သော၊ ဒိဋ္ဌိ-အမြင်,အယူအဆ၊
မိစ္ဆာ-မမှန်သော၊ ဒိဋ္ဌိ-အမြင်,အယူအဆ ဖြစ်ပါတယ်။
ဘယ်လို မှားယွင်းတာလဲ ဘယ်လိုဖောက်ပြန်တာလဲ ဘယ်လို မမှန်ကန်တာလဲဆိုရင် ………

၁။ အကြောင်းကိုပယ်ပြီး အကျိုးကိုသာ အဓိကဆိုတဲ့ အကြိယဒိဋ္ဌိ
၂။ အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်တဲ့အဟေတုကဒိဋ္ဌိ
၃။ အကျိုးကို ပယ်တဲ့နတ္ထိကဒိဋ္ဌိ
ဆိုပြီး ဖော်ပြန်ကြ မှားယွင်းကြတာ ဖြစ်ပါတယ်။

နည်းနည်းလောက် ထပ်ချဲ့ကြည့်မယ်။

တစ်စုံတစ်ယောက်ဟာ အဖသတ်ပြီးတော့ မင်းလုပ်မယ်။ ခိုးဝှက်ပြီးတော့ လိမ်ညာပြီး တော့ စီးပွါးဥစ္စာ ရှာမယ်၊ သူတော်ကောင်းမဟုတ်ဘဲ သူတော်ကောင်းယောင် ဆောင်ပြီးလောက ကြီးကို လှည့်စားမယ်။ မိမိချမ်းသာဖို့အတွက် သူတပါးဆီက ငွေကြေးတွေ မိမိလက်ထဲရောက်လာအောင် လမ်းသစ်ထွင်မယ်၊ ဘနဖူးသိုက်တူးမယ်၊ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုလုပ်မယ်။ ဘ၀လေး ခဏရခိုက် နာမည်ကျော်ချင်။ လူတန်းစေ့နေချင် စည်းစိမ်ဥစ္စာများချင် အများအသိအမှတ်ပြုခံချင် အရိုသေပြုခံချင် စတဲ့အကျိုးသာအဓိက ထားမယ်။ အကြောင်းကအဓိကမဟုတ်ဘူး။ အကျိုးကောင်းရင် ငါချမှတ် ကျင့်သုံးနေတဲ့ လမ်းစဉ်ကောင်းလို့ပဲဟု မှားယွင်စွာ ယုံမှတ်သူနေသူ မျိုးကို အကြိယမိစ္ဆာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ပန်းတိုင်ကောင်းရင် လမ်းစဉ်းကောင်းလို့ပဲဟု တထစ်ချမှတ်ထင်သူဟာ မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ ဥပမာ ပြောရရင် စားမေးပွဲအောင်ဖို့ သာအဓိကဘယ်လိုအောင်အောင် ခိုးချလို့ပဲအောင် အောင် အကြံအဖန် လုပ်ပြီးအောင်အောင် အောင်ဖို့သာ အဓိက၊ ငါ့ကြောင့် သံဃာအများ ကွန်ပျူတာ တတ်တယ်၊ သံဃာတော်တွေ ကွန်ပျူတာ တတ်တာ အဓိက ငါကျင့်သုံးတဲ့ လမ်းစဉ်က အဓိက မဟုတ်ဘူးဆိုရင် မိစ္ဆ္တာဒိဋ္ဌိပဲ။ အကြောင်း ကောင်းကောင်း မကောင်းကောင်း အဓိက မဟုတ်ဘူးလို့ ယူဆသူဟာ မိစ္ဆာဒိဋ္ဌိပဲ။ ဒီလို မျိုးအယူအဆ ရှိသူတွေဟာ ကမ္ဘာဖျက်မီးနဲ့ တကယ်တူပါတယ်။

အကျိုးကိုပယ်တာလည်း အတူတူပါပဲ။ အကျိုးကို ပယ်ထားမှတော့ အဖေကိုသတ်တော့ကော ဘာဖြစ်သေးတုန်း အမေကိုသတ်တော့ကော ဘာဖြစ်မှာလဲ ဘာ အကျိုးမှပေးမှာမဟုတ်ဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒီအယူအဆမျိုးမှ ကြောက်စရာမကောင်းရင် ဘယ်လိုအယူအဆက ကြောက်စရာကောင်းတော့မှာလဲ။ ကာမေသု မိစ္ဆာစာရ ကျူးလွန်တော့ကော ဘာဖြစ်တုန်း ဘာမှမဖြစ်ဘူး ဒီလို စတဲ့အကျိုးမရှိဘူး အကျိုးမပေးဘူး လို့ယူဆတာ ဟာလည်း လောကအတွက် သိပ်ကြောက်စရာ ကောင်းတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ လှူလည်း အလကား ဘာအကျိုးမရှိဘူး တစ်ကယ်တော့ လှူတယ်ဆိုတာ လူမိုက်တွေအလုပ် လူမိုက်တွေ သတ်မှတ်ထားတဲ့လမ်း စသဖြင့် ယူဆတာဟာလည်း အကျိုးလမ်းစဉ်ကို ပယ်တာပါပဲ။ ဒါ အဟေတုက မိစ္ဆာဒိဋ္ဌိပဲ။

အကြောင်း အကျိုး နှစ်မျိုးလုံးကို ပယ်တာကိုတော့ အထူးပြောစရာ မလိုတော့ဘူးထင်ပါ တယ်။ တစ်ကယ်တော့ ကြောင်းကျိုးနိယာမ အရ အကြောင်းကိုပယ်ရင်လည်း အကျိုးပယ်ပြီးသာပါပဲ။ အကျိုးကိုပယ်တာလည်း အကြောင်းကိုပယ်ပြီးသားပါပဲ။ ကောင်းစရာမလိုဘဲ အချိန်တန်ရင် လောကကြီးရဲ့ အဆုံးနိဗ္ဗာန်ကိုရောက်ရမှာပဲ စတဲ့အယူအဆတွေဟာလည်း အကြောင်းအကျိုးနှစ်မျိုးလုံးကိုပယ်တာပါပဲ။ ဒါ နတ္ထိက မိစ္ဆာဒိဋ္ဌိပဲ။

ဒီလောက်ဆိုရင် မှားယွင်းစွာယူပုံ မိစ္ဆာဒိဋ္ဌိရဲ့သဘောကို နားလည်လောက်ပြီထင်ပါတယ်။ ဒီအယူအဆသုံးမျိုးဟာ ကံမြောက်တဲ့အတွက် သေလွန်သည်၏ အခြားမဲ့မှာ အဝီစိငရဲသို့သာ သွားရန် ရှိကြောင်း။ (အားလုံး ငြင်းခုံနေကြတဲ့ ဘာသာခြားဟာ မိစ္ဆာဒိဋ္ဌိ ဆိုတဲ့ အယူအဆကိုလည်း ဒီလောက်ဆိုရင် ဘယ်လိုဆိုတာကို သိရှိလောက်ပြီထင်ပါတယ်။)

ဒီလိုမျိုး မှားယွင်းတဲ့ အယူအဆတွေကို စွဲမြဲစွာ ယူဆသွားမယ်ဆိုရင် ဘုရားရှင်တို့သော်မှ ထိုပုဂ္ဂိုလ်မျိုးကို အမှန်တရားကို မြင်အောင် ဟောပြခြင်းငှါ မစွမ်းနိုင်ဘူး လို့ကျမ်းဂန် အစောင်စောင်မှာ မိန့်တော်မူထားပါတယ်။

မိစ္ဆာဒိဋ္ဌိ-နဲ့ပက်သက်လို့ ဘုရားရှင်ရဲ့ မိန့်တော်မူပုံတွေက

“ရဟန်းတို့.. ဥပမာသော်ကား စိုစွတ်သောမြေ၌ စိုက်ပျိုးအပ်သော တမာမျိုးစေ့သည်၎င်း ဗူးခါးစေ့သည်၎င်း သပွတ်ခါးစေ့သည်၎င်း အကြင်မြေဩဇာကိုလည်းယူ၏၊ အကြင်ရေဩဇာ ကိုလည်းယူ၏၊ ထိုအလုံးစုံသော မြေဩ ဇာရေဩဇာသည် ခါးသက်ခြင်းငှါဖြစ်၏၊ မချိုးခြင်းငှါဖြစ်၏၊”

ထိုသို့ဖြစ်ရခြင်းသည် အဘယ့်ကြောင့်နည်းဟူမူကား…
ရဟန်းတို့ ..မျိုးစေ့သည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့်ဖြစ်ပေသည်။ ရဟန်းတို့ .. ထို့အတူသာလျှင် မိစ္ဆာဒိဋ္ဌိ-အယူရှိသောပုဂ္ဂိုလ်အား အယူအားလျော်စွာ အပြည့်အစုံ ဆောက်တည်အပ်သော ကိုယ်ဖြင့်ပြုအပ် သောအကြင်ကာယကံသည်၎င်း၊ နှုတ်ဖြင့်ပြုအပ်သော အကြင်ဝစီကံသည်၎င်း၊ စိတ်ဖြင့်ကြံစည်အပ်သောအ ကြင်မနောကံသည်၎င်း၊ အကြင်စေ့ဆော်ခြင်း“စေတနာ” သည်၎င်း၊ အကြင်တောင့်တခြင်း“ ပတ္ထနာ ” သည်၎င်း၊ အကြင်စိတ်ကိုဆောက်တည်ခြင်း “ ပဏိဓိ ”သည်၎င်း၊ အကြင်ပြုပြင်ခြင်း “သင်္ခါရ”တို့သည်၎င်း ရှိကုန်၏။ အလုံးစုံသော ထိုတရားတို့သည် မလိုလားခြင်းငှါ မနှစ် သက်ခြင်းငှါ နှလုံးကိုမပွါးစေခြင်းငှါ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏။ ထိုသို့ဖြစ်ရခြင်းသည် အဘယ့် ကြောင့်နည်းဟူမူ … ရဟန်းတို့ .. ထိုသူ၏ မိစ္ဆာ အယူသည် ယုတ်ညံ့သည်သာ ဖြစ်သောကြောင့် ဖြစ်ပေ သည်။”

ရဟန်းတို့ .. ဤမှားသော မြင်းခြင်း“မိစ္ဆာဒိဋ္ဌိ”သည် ကြီးလေးသော အပြစ်ရှိသကဲ့သို့ ထို့အတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်စုံတစ်ခုသော တရားကိုမှလည်း ငါမမြင်။ ရဟန်းတို့ ကြီးလေးသော အကုသိုလ် ကံရှိသော အပြစ်တို့သည် မိစ္ဆာဒိဋ္ဌိ သာလျှင် လွန်ကဲ သော ဖြစ်ခြင်းရှိကုန်၏။”

ရဟန်းတို့ .. တစ်ယောက်သောပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် နတ်လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ အကျိုးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သောပုဂ္ဂိုလ်သည် အဘယ်သူနည်း? ဖောက်ပြန်သောအားဖြင့်မြင်တတ်သော မိစ္ဆာဒိဋ္ဌိ အယူရှိသော ပုဂ္ဂိုလ်တည်း။ ထိုပုဂ္ဂိုလ်သည် လူအများ ကို သူတော်ကောင်းတရားမှ ကင်းကွားစေ၍ မသူတော် တရား၌ တည်စေသောကြောင့်ဖြစ်ပေသည်။”

ဒါက ဘုရားရှင်ရဲ့ မိစ္ဆာဒိဋ္ဌိနဲ့ ပတ်သက်တဲ့ တရားတော်ပေါင်းများစွာထဲက အနည်းအကျဉ်းလေး ဖြစ်တဲ့ တရားတော်ဖြစ်ပါတယ်။

မသူတော် ဆိုတာလေးကို နည်းနည်းလေးလောက် ထပ်ပြောပါရစေ။
မသူတော်မှန်း မသိသာတဲ့ မသူတော်၊ သူတော်ကောင်း ယောင်ဆောင်ထားတဲ့ မသူတော်၊ ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ ထင်နေတဲ့ မသူတော်ဆိုပြီး ရှိပါတယ်။ သူတို့ကို တာဝန်ရှောင် ပညာရှင်လို့ ကျမ်းဆရာတစ်ဦးက ခေါ်ပါတယ်။ ဘယ်လိုလဲဆိုတော့ နည်းနည်းပြပြီး များများရဖို့ လုပ်တာမျိုးကို ပြောတာပါ။ ဒါမျိုးက ခုခေတ်မှာ ပိုများလာပါတယ်။ ဒါမျိုးကို ကြောက်စရာ အကောင်းဆုံး မိစ္ဆာဒိဋ္ဌိ (မှားယွင်းစွာ မြင်ခြင်း) လို့ ကျမ်းဆရာက ဆက်ဖွင့်သွားပါတယ်။

တစ်နေ့နေ့တော့ အားလုံးဟာ သမ္မာဒိဋ္ဌိဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သီလက္ခန်မှာပါတဲ့ မိစ္ဆာဒိဋ္ဌိ (၆၂) ပါးဟာလည်း အထက်ပါ သုံးပါးသော မိစ္ဆာဒိဋ္ဌိထဲသို့ အကျုံးဝင်ကြောင်း တစ်ခါတည်း ပြောခဲ့ပါရစေ။



Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP