* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Tuesday, September 29, 2009

သောတာပန်ဖြစ်ကြောင်းအင်္ဂါ(၄)ပါး နှင့် သောတာပန် (၂၄)မျိုး


thotapan24 - 004


Read more...

လမ်း

လျှောက်ခဲ့တဲ့ လမ်းအတိုင်း
နောက်ပြန် လှည့်ကြည့်မိတော့
ခြေထောက်တွေ (ဂဲ)ခဲဆွဲသလို လေးလံလို့
(လူနဲ့အိမ် အတော်ဝေး ကျန်ခဲ့တဲ့နောက်)

အရိုးစွဲနေတဲ့ စိတ်နဲ့
ကိုယ်တိုင်ရေးဆွဲတဲ့ ဥပဒေအောက်မှာ
တအုံ့နွေးနွေး နှလုံးသားတွေ ငုံ့လျှိုးလို့
(နေ့ရက်တွေ ပုပ်သိုးခဲ့တဲ့နောက်)

ကျသလောက် မှာ
ကျသလောက် ရှင်း ဘ၀မှာ
အစာအိမ်အခန်းထဲ ကျွတ်ကျွတ်မြည်လို့
(ညစာတွေ လွတ်ခဲ့တဲ့နောက်)

ခေါင်းကျက် ခေါင်းစား
အမြီးကျက် အမြီးစားကမ္ဘာမှာ
ကိုယ့်အရိပ်ကိုယ် ပြန်ဖိုက်လို့
(ကိုယ့်အမြီးကိုယ် ပြန်ကိုက်မိတဲ့နောက်)

ခပ်နွမ်းနွမ်း ဘောင်းဘီတစ်ထည်ရဲ့
အပေါက်အပြဲ ရာဇ၀င်မှာ
စိတ်အနားစတွေ ဖွာလန်ကျဲလို့
(အဖာအထေးတွေ ချုပ်ရိုးပြန် ကွဲခဲ့တဲ့နောက်)

ရင့်ထော်နေတဲ့ အလွမ်းနာရဲ့
အရှင်လတ်လတ် ခွဲစိတ်ခန်းမှာ
အိပ်မက်တွေ သွေးစိမ်းရှင်ရှင် ထွက်လို့
(မျက်ရည်တွေ သွင်သွင်စီးဆင်းတဲ့နောက်)

အဖေရေ အမေရေ
ညီလေးရေ ညီမလေးရေ
အဝေးရောက်ခေါ်သံတွေ တုန်ယင်လို့
(ခေါ်သံတွေ ခေါ်ရာမ၀င်တော့တဲ့နောက်)

မျက်ရည်တွေ အငြိုးကြီးတဲ့ညမှာ
အမေ့အိမ် ခြံစည်းရိုးတွေ ယိုင်နဲ့
ညက အိပ်ပျက်လောက်အောင် ရွာခဲ့လို့
(ရင်ဘတ်ထဲ မိုးသံတွေ မစဲတဲ့နောက်)

ထူထူထထ ငါ့ဘ၀မှာ
ကိုယ်ထူကိုယ်ထ ကျမ်းတွေနဲ့
အလုပ်ဟူသမျှ ဖုန်ထလို့
(အရုပ်လိုပဲ ခုန်ပြခဲ့တဲ့နောက်)

ဒီမယ် ဒီမယ်
ခဏလေးပါဗျာ
လမ်းတွေပေါ် လှမ်းနေသေးတဲ့ ဖနောင့်ကို
ခဏလောက်တော့ သန်းဝေခွင့်ပြုပါ။
(လမ်းတွေကသာ ငါ့အပေါ် လှမ်း ချေသွားခဲ့တဲ့နောက်)

လေပြည် (၂၉-၉-၂၀၀၉၊ နံနက် ၄း၃၅)

Read more...

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၄)

ယိုးဒယားကနည်းနှင့် တူခြင်း

“အိပ်မက်လောက” ထဲမှ တတုံ တတုံထွက်၍ “ဒိဋ္ဌလောက” ထဲ၌ စိတ်ကိုထားခြင်းအားဖြင့် တစ်ချက်တစ်ချက်တွင် သိမြင်ရသော အခြင်းအရာများမှာ တန်ဖိုးရှိလှသည်။ အတော်ကြီးကျင့်သားရလာသောအခါ “အိပ်မက်လောက” မှထွက်၍ ဒိဋ္ဌလောကသို့  ၀င်လိုက်ဆိုလျင်ပင် ယခင်က ပူပန်သောကရောက်ခြင်းများ၊ အလိုမကျသဖြင့် ဒေါသဖြစ်ခြင်း စသော နှလုံးမသာယာမှုများသည် မီးကို ရေနှင့် ငြိမ်းသတ်လိုက်ဘိသကဲ့သို့  ရုတ်ချည်း ပျောက်ကွက်သွားတတ်ပေသည်။

သတိလွတ်နေခြင်းကြောင့် ပူပန်စရာထင်၍ ပူပန်မိရာမှ ရုတ်တရက် သတိရ၍ ပူပန်စရာမဟုတ်ကြောင်း သိရသည်နှင့် တပြိုင်နက် အပူကင်းကွာသွားပုံကို ဥဒါဟရုဏ်ဆောင်၍ ပြရဦးမည်။

မင်းသမီးနှင့်မင်းသား ယိုးဒယားကဟန်ဖြင့် ထွက်လာခြင်းကို ပွဲထဲ၌ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ ကထွက်လာ၍ မင်းသမီးက နောက်မှကပ်ပါလာ၏။ နှစ်ယောက်စလုံးသည် ဆိုင်းချက်နှင့် ကလျက်ရှိကြသည်။ ကိုယ့်ဟန်နှင့်ကိုယ် ကလျက်ရှိရာမှ တစ်ချက်တစ်ချက်တွင် မင်းသားက နောက်သို့ လှည့်ကြည့်လိုက်တိုင်း မင်းသမီးသည် လက်အုပ်ချီလျက် ရှိခိုးနေခြင်းကို တွေ့ မြင်ဖူးကြပေလိမ့်မည်။ မင်းသားသည် ရှေ့ သို့ လှည့်လျက် ကသည့်အခါတိုင်း မင်းသမီးသည် ကချင်သလို ကလျက်ရှိသော်လည်း မင်းသားက နောက်သို့ လှည့်ကြည့်လိုက်သော အခါများတွင် မင်းသမီးမှာ လက်အုပ်ချီလျက်သာ တွေ့ ရသည်။

“ဒိဋ္ဌေဒိဋ္ဌ မတ္တံ” အလုပ်၌ ၀ါရင့်သောယောဂီ၏ စိတ်မှာလည်း သတိလွတ်ခိုက်တွင် ရောက်ချင်ရာ ရောက်နေစေကာမူ၊ သတိရ၍ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် ယိုးဒယားကသော မင်းသမီး၏ လက်အုပ်ချီခြင်းကဲ့သို့  ပြားပြားဝပ်လျက် ရှိနေသည်ကို တွေ့ ရတတ်ပေသည်။ သို့ ဆိုလျင် အတော်ဟန်ပြီဟု ၀မ်းမြောက်ထိုက်ပေပြီ။ မဂ်ဆိုက်ခြင်းမျိုးကား မဟုတ်သေးပေ။

ဘာကြောင့် “ငါ” ထင်ရသနည်း

ပုဂ္ဂိုလ်အမျိုးမျိုး ရှိသည့်အနက် ရုပ် (ကိုယ်) ကောင်ကြီးကို “ငါ” ထင်သူများလည်း ရှိ၏။ ကြံစည်စိတ်ကူးတတ်သော စိတ်ကလေးကို “ငါ” ထင်တတ်သူများလည်း ရှိ၏။ ကိုယ်နှင့် စိတ်တို့ ကို ပိုင်ဆိုင်သော ဥစ္စာရှင် “ငါ” ကောင်ကလေး (soul or atman) တသီးတခြားရှိသေးသည်ဟု ယူဆသူများလည်း ရှိကြ၏။ အနောက်တိုင်းပြည်များ၌ “ငါ” ရှိသည်ဟူသော အထောက်အထားကို ဒဲ့စ်ကာတီ (Descartes) ဟူသော ဂရိတ်ပညာရှိကြီး တင်ပြခဲ့ဖူးသည့်အတိုင်း သူငါကစ ပြောတတ်ကြသည်။ ၄င်းဆရာကြီးက (I think, therefore I am) “ငါစဉ်းစားသည်။ ထို့ ကြောင့် ငါရှိသည်။” ဟု ပြောခဲ့သည်။ အဓိပ္ပါယ်မှာ စဉ်းစားစိတ်ကူးတတ်သော ငါကောင်ကလေးရှိနေခြင်းကို ထောက်ခြင်းအားဖြင့် ငါရှိကြောင်းထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှေးပညာရှိကြီး တစ်ဦးတစ်ယောက်က တင်ပြထားခဲ့သော အကိုးအကားဖြစ်သည်ဆို၍ အနောက်တိုင်းပြည်များတွင် အတော်အတန်လူများ မငြင်းဝံ့ဘဲ လက်ခံထားကြသည်။ စင်စစ်မှာလည်း စဉ်းစားစိတ်ကူးတတ်သော သဘာဝကဲ့သို့  “ငါ” နှင့်တူသော အခြင်းအရာသည် မရှိတော့ချေ။

ကျွန်ုပ်ကိုယ်တိုင် (တရားအားမထုတ်ရသေးမီက) ဤအတိုင်းပင် မျက်စိလည်ခဲ့ဖူးသည်။ ဤကိုယ်ကြီးသည် သေဆုံးသောအခါ၌ မြေကြီးထဲသို့ ရောက်ရမည်ဖြစ်သောကြောင့် “ငါ” မဟုတ်နိုင်။ သို့ သော် စဉ်းစားကြံစည်တတ်သော စိတ်ကလေးမူကား “ငါ” အဖြစ်နှင့် ဘ၀တပါးသို့  ကူးပြောင်းသွားမည် ဖြစ်သည်ဟု ယူဆခဲ့ဖူးလေသည်။ (စာထဲက ဘယ်လိုဆိုစေ၊ ကိုယ်တိုင်သဘောပေါက်မှ လက်ခံနိုင်သည်။) သို့ သော် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအတိုင်း လေ့ကျင့်၍ “အိပ်မက်လောက” ထဲမှထွက်ပြီး “ဒိဋ္ဌလောက” ထဲ၌ ခဏခဏ နေဖန်များလာသောအခါ စဉ်းစားကြံစည်တတ်သော သဘောတရားကလေးသည် “ငါလည်းမဟုတ်၊ ငါ့ပစ္စည်းလည်းမဟုတ်၊ ပိုင်ဆိုင်သော ဥစ္စာရှင်လည်း မရှိသည့်အဖြစ်ကို တစ်လထက် တစ်လ လက်တွေ့ သဘောကျလာပေတော့သည်။ “ငါ” သော်လည်းကောင်း၊ “ငါ့ပစ္စည်း” သော်လည်းကောင်း ဟုတ်ခဲ့ပါမူ၊ ငါထားသောနေရာ၌ နေမည်။ မကြံစည်ပါနှင့်ဟု အမိန့် ပေးလိုက်လျင် (ငါပိုင်ဆိုင်ရိုးမှန်ပါက) ငါ့စကားကို နားထောင်ရမည်။ သူသွားချင်ရာသွား၍ ကြံခဲ့ပြီး မောတော့မှ အိပ်သောဟာကလေးကို “ငါ” ဟူ၍ လည်းကောင်း၊ “ငါ့ပစ္စည်း” ဟူ၍ လည်းကောင်း ဘယ်နည်းနှင့် မှတ်ယူသင့်ပါသနည်းဟု သဘောကျမိသည်။

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


Read more...

ဆရာကောင်း၏ အင်္ဂါလက္ခဏာများ...

ဆည်းကပ်သင့်သော ဆရာကောင်း၏ အင်္ဂါလက္ခဏာများမှာ..
ရိုသေ ချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်
လွဲမိုက်ဆုံးမ၊ မေးသမျှခံ
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ
ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်
ပြည့်လျှမ်းညီညာ၊ ဤဆရာ
ဖွေရှာတပည့်ခံ။
(မန်လည်ဆရာတော်ဘုရား ဖွဲ့ဆိုခဲ့ခြင်းဖြစ်ပါသည်။)

၁) ရိုသေထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၂) ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၃) ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့်ပြည့်စုံခြင်း
၎) မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း
၅) မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း
၆) နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း
၇) အကျိုးနည်းသော အလုပ်များကို တားမြစ်၍ အကျိုးရှိသောအလုပ်များကို ညွှန်ပြနိုင်ခြင်း

ဂုဏ်လေးပါး -
၁) ဒါန - လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမည်။
၂) ပေယျဝိဇ္ဇ - ဒေါသမကြီးဘဲ မေတ္တာနှင့် ယှဉ်သည့် ချစ်ခင်ဖွယ်ရာစကားရှိရမည်။
၃) အတ္တစရိယာ - တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမည်။
၎) သမာ
နတ္တတာ - မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမည်။

(အရှင်ဇဝန - မေတ္တာရှင်၏ ဆရာကောင်းကို ရှာဖွေခြင်းစာအုပ်မှ ကောက်နှုတ်ချက်)

.


Read more...

မင်းထင်တိုက် စာသင်စာချ ကိုယ်တော်များအတွက် စာအုပ်အလှူ

ဆက်ကပ်လှူဒါန်းသည့် စာအုပ်များနှင့် စာသင်သား သံဃာများ


နိကယ်စာအုပ်တွေ

တပည့်စာသင်သားများအတွက် ဗလာစာအုပ်များနှင့် မင်းထင်တိုက် စာချဆရာတော်

















စက်တင်ဘာလ ၂၈ ရက် ညနေခင်းမှာ မန္တလေး မဟာမင်းထင် စာသင်တိုက်ကို အလှူရှင် မိသားစုတစ်စု ရောက်လာပါတယ်။ မင်းထင်တိုက်မှာ ပရိယတ္တိစာပေ သင်ယူနေတဲ့ စာသင်သား ကိုယ်တော်များအတွက် ဗလာစာအုပ်များနဲ့ စာချဆရာတော်အတွက် သင်ရိုး နိကာယ်စာအုပ်များ လိုအပ်နေတယ် သတင်းရလို့ လာရောက် လှူဒါန်းကြတာပါ။
ဦးသန်းဦးအား ရည်စူး၍ ဒေါ်တင်တင်ဝင်းနဲ့ သား ကိုပီကေ (ဘလော့ဂါ ကပ်ပါပေ့ ပီကေရယ်) မောင်နှမ ကောင်းမှု ဖြစ်ပါတယ်။
အနာကြီး ရောဂါသည် မိသားစုများ နေထိုင်ရာ မြရတနာ ကျေးရွာက မူလတန်းကျောင်းသား ကလေးငယ်များအတွက်လဲ မန္တလေးက အလှူရှင် တစ်ဦးက ဗလာစာအုပ် ၁၂၀ (၁၀ ဒါဇင်) လှူထားပါတယ်။
နောက်သတင်းကောင်းတစ်ခုက သံဃာများ သောက်ရေ သုံးရေအတွက် ရေကန် အလှူရှင် ပေါ်လာတဲ့ အကြောင်းပါ။ နေ့ဆွမ်းအလှူရှင် တစ်ဦးဖြစ်တဲ့ စင်ကာပူက ဒေါ်နန်းသန္တာအောင်က သာသနာ့ဝေပုလ္လကျောင်းတိုက်မှာ ရေကန် လှူဒါန်းမှာ ဖြစ်ပါတယ်။


Read more...

ပုထုဇဉ်တွေ ရောက်နိုင်သော ဘုံ

ပုထုဇဉ်တွေ ရောက်နိုင်တဲ့ဘုံ

၁) ဒေ၀ ဂတိ = နတ်ဘုံ ( ဗြဟ္မာ့ဘုံလည်း ပါတယ် )

၂) မနုဿ ဂတိ = လူ့ဘုံ

၃) နိရယ ဂတိ = ငရဲဘုံ

၎) တိရစ္ဆာန် ဂတိ = တိရစ္ဆာန်ဘုံ

၅) ပေတ ဂတိ = ပြိတ္တာဘုံ ( အသူရကာယ် ကိုတော့ ပြိတ္တာထဲမှာ ပေါင်းထည့်ထားပါတယ် )

ဒီဘ၀ကသေတာနဲ့ ရုပ်ဟောင်းနာမ်ဟောင်းချုပ်တာနဲ့ ဟိုဘက်ဘ၀မှာ ချက်ချင်း ပဋိသန္ဓေသွားနေပါတယ် ။ ရုပ်သစ် နာမ်သစ်ဖြစ်ပါတယ် ။

သေပြီး ဘယ်ဘုံမှ မသွားသေးဘဲ အိမ်ဝိုင်းထဲမှာ ခုနစ်ရက်နေတယ်ဆိုတာ မဟုတ်ပါဘူး ၊ အဲဒါ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး ၊ ဟိန္ဒူကနေ ဗုဒ္ဓအယူဝါဒကို ဆင်းသက်လာတာ ။ ဘာသာရေး ဗဟုသုတ မရှိသော ၊ ထေရ၀ါဒ အတွေးအခေါ်မရှိသော သူတွေက အငှားသုံးရင်း ကြာတော့ ဗုဒ္ဓ၀ါဒ လိုဖြစ်လာပါတယ် ။ အဲဒီ (၅) ဘုံထဲမှာ နတ်ဘုံ ၊ လူ့ဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ငရဲဘုံရောက်သွားရင် ဒီက အမျှပေးတာကို သာဓုမခေါ်နိုင်ဘူး ။ ပြုတဲ့လူတွေ ကုသိုလ်ရမယ် ၊ တခြား မကျွတ် မလွတ်တဲ့လူတွေ သာဓုခေါ်ရရင် ကျွတ်လွတ်သွားမယ် ၊ ဒါ့ကြောင့် ဆွမ်းသွတ်တဲ့ အလုပ်ကတော့ လုပ်သင့်ပါတယ် ။ အကျိုးမဲ့ မဖြစ်ပါ ။ သေသူဟာ ပြိတ္တာဘုံကို ရောက်သွားတယ်ဆိုရင်တော့ ဒီကပေးတဲ့ အမျှကို ကောင်းကောင်းကြီး သာဓုခေါ်ပြီး ကောင်းရာဘုံကို ရောက်သွားနိုင်ပါတယ်။

ပြိတ္တာဘုံရောက်ခဲ့ရင် ကျွတ်လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွမ်းသွတ်တာပါ ။ ၀ိဉာဉ်ရှိတယ် ဆိုတဲ့ အယူအဆဟာ ၀ိဉာဉ်ဆိုတဲ့ နာမ်တရားဟာ မြဲတယ် ၊ အတ္တကောင်လေး ရှိတယ်လို့ ယူဆတဲ့ သဿတဒိဋ္ဌိနဲ့ အတ္တဒိဋ္ဌိရဲ့ ချယ်လှယ်လွှမ်းမိုးမှုတွေဖြစ်ပါသည်။

ကျမ်းကိုး။ ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား ဖိုလ်တား အန္တရာယ်များ



Read more...

မဟာပုရိသလက္ခဏာတော် (၃၂) ပါး

နေသူရိန်မေးတဲ့ မေးခွန်းကို ဖြေပေးပါ့မယ်။ မဖြေခင် ကျွန်တော် အနည်းငယ် ပြောချင်တာက ကျွန်တော် ဆက်ရေးသွားမယ့် ဗုဒ္ဓဖြစ်စဉ်ထဲမှာ ပေါက္ခရသာတိပုဏ္ဏားနှင့် သူရဲ့တပည့်ကျော် အမ္ဗဋ္ဌရဲ့အကြောင်းက ပါလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မပြောမဖြစ်လောက်တဲ့ သူတို့အကြောင်းအနည်းငယ်နဲ့ အဲဒီမှာ မပြောဖြစ်မယ့် ဒေသစာရီကြွရခြင်း အကြောင်းကို ပြောပြီး ကျွန်တော့်ကို အပြင်မှာ ဥရုဝေဠကဿပရသေ့ညီနောင် ၁၀၀၀ ကို ဘာကြောင့် ဘုရားရှင်က လနဲ့ချီပြီး ခြွေချွတ်ခဲ့သလဲ လို့မေးထားတာကို နည်းနည်း ထည့်ပြောသွားပါမယ်။ ဘုရားရှင်က ကျွတ်ထိုက်မယ့်ပုဂ္ဂိုလ်ကို တစ်လလောက်ချွတ်မှ ကျွတ်မယ်ဆိုရင် တစ်လကြာအောင်ခြွေချွတ်ပါတယ်။ နှစ်လကြာလောက်အောင် ခြွေချွတ်ရမယ်ဆိုရင် နှစ်လကြာသည့်တိုက် ခြွေချွတ်ပါတယ်။ ကျွတ်ထိုက်မယ့် ပုဂ္ဂိုလ်ဟာ အခြားကမ္ဘာမှာဖြစ်ခဲ့ရင် ဘုရားရှင်က အခြားကမ္ဘာကို ကြွသွားမှာ ဖြစ်ပါတယ်။ ၀ါဆိုပြီးမှ ခြွေချွတ်ရမယ်ဆိုရင် ၀ါဆိုပြီးချွတ်တော်မူပါတယ်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီတော်အဟုန်ရဲ့ ကရုဏာတော်ကို ကျွန်တော်တို့ ဉာဏ်နုနုလေးနဲ့ တွေးလို့ မမီနိုင်ပါဘူး။ ဘယ်လိုမှ မမီနိုင်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင့် ဘုရားရှင်ရဲ့ အပြုအမူအချို့အပေါ် သံသယ၀င်တာဟာ ကိုယ်ညံ့လို့ပါ။ အဲလိုခြွေချွတ်ဖို့အတွက် ဘုရားရှင်ဟာ ဒေသစာရီလည်း ကြွချီရပါတယ်။ ဘုရားရှင် ဒေသစာရီကြွချီမှုတိုင်းမှာ လာဘ်လာဘအတွက် တစ်ကြိမ်တစ်ခါမှ မပါခဲ့ပါဘူး။ အခုပြောမယ့် အမ္ဗဋ္ဌနဲ့လည်း စပ်နေလို့ တစ်ခါတည်း ပြောခဲ့ပါတယ်။ ဘုရားရှင်နဲ့ တိုက်ရိုက်တွေ့တဲ့ အမ္ဗဋ္ဌဟာ ကျွတ်တမ်းမ၀င်ပါဘူး။ သူ့ကို ဘုရားရှင် အကြာကြီး စကားပြောခဲ့ရပါတယ်။ စကားကြမ်းတွေလည်း သုံးနှုန်းခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သက်တော်ထင်ရှားရှိစဉ် ကာလမှာ စကားကြမ်းနဲ့ ဆုံးမခံရသူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က မာဂဏ္ဍီပါ။ သူကတော့ ထင်ရှားလို့ လူသိများပေမယ့် အမ္ဗဋ္ဌကတော့ လူသိနည်းပါတယ်။ ဘုရားရှင် ချွတ်လို့မှ မကျွတ်တဲ့ လူစားမျိုးလည်း ရှိပါတယ်ဆိုတာကို သိစေနိုင်ဖို့ပါ။ အဲဒီတော့ ခုအချိန်မှ ဘုရားရှင်ကို အမျိုးမျိုးပုတ်ခတ်စွပ်စွဲ ပြောဆိုလာတဲ့သူတွေကို ကျွန်တော်တို့က မင်းမှားတယ်လို့ သွားပြောလဲ ဘုရားရှင်ချွတ်တာတောင် မကျွတ်တဲ့ မောဃပုရိသ (အလကားလူ) ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ကုသိုလ်ဖြစ်ချိန် ပြုန်းတီးပါတယ်။ ကဲ ဘုရားရှင် ဘာကြောင့် ဒေသစာရီကြွချီပါသလဲ ဆိုတာကိုပဲ ဆက်ကြပါစို့။ ဗုဒ္ဓဖြစ်စဉ်ရေးတဲ့အခါ ဒါကို ချန်ခဲ့မှာ မို့လို့ပါ။

အိုမင်းနေသူ၊ ဖျားနေနေသူနှင့် ဆင်းရဲလွန်းသူတို့က ဘုရားရှင်ကို ဖူးမျှော်ကြည်ညိုချင်ခဲ့ရင်

ပန်းတွေနဲ့ ပူဇော်ချင်လိုက်စမ်းပါဘိတော့ ၊ ဆွမ်းလေးတစ်စွန်းလောက် ဘုရားရှင်ကို လောင်းလှူလိုက်စမ်းချင်ပါဘိတော့လို့ တောင့်တနေသူရှိခဲ့ရင်

ဘုရားရှင်နဲ့တွေ့လို့ အယူမှားကို စွန့်မယ့်သူရှိခဲ့ရင်
ဒီလူတွေအတွက် သဒ္ဓါတရားဖြစ်ထွန်းဖို့ ဘယ်လောက်ဝေးဝေး ဘုရားရှင် ဒေသစာရီကြွချီပါတယ်။

ကိုယ်တော် ကျန်းခံ့ဖို့၊ အတ္ထုပ္ပတ်ရဖို့၊ သိက္ခာပုဒ်ပညတ်ဖို့အတွက်လည်း ဘုရားရှင် ဒေသစာရီ ကြွချီပါတယ်။

ဘယ်လောက်ဝေးဝေး ဘယ်လောက်ခေါင်ခေါင် ဘယ်လောက်အန္တရာယ်ပေါပေါ ကျွတ်ထိုက်သူ ရှိခဲ့ရင် ဘုရားရှင် ဒေသစာရီ ကြွချီပါတယ်။ (ဥပမာ အင်္ဂုလိမာလ)

သတ္တ၀ါတို့ သရဏဂုံတည်ဖို့၊ တစ်ပါးသီလဆောက်တည်ခြင်းမှစ ငါးပါးသီလဆောက်တည်ဖို့၊ ဈာန်အဆင့်ဆင့်ရဖို့ နှင့် သောတာပတ္တိမဂ်စသည် မျက်မှောက်ပြုမယ့်ပုဂ္ဂိုလ်ရှိခဲ့ရင် ဘုရားရှင်ဒေသစာရီ ကြွချီပါတယ်။

အဲဒီအကြောင်းတွေထဲက ပေါက္ခရသာတိပုဏ္ဏားကို သောတာပတ္တမဂ်မှာ တည်မယ်လို့ သဗ္ဗညုတဉာဏ်တော်မှာ ထင်ရှားလာတဲ့အတွက် ဘုရားရှင်ဟာ ပေါက္ခရသာတိနေတဲ့ မြို့အနီးကို ဒေသစာရီကြွချီ လာခဲ့ပါတယ်။ ပေါက္ခရသာတိက မြို့စားပါ။ သူလည်း ကိုပီကေပြောတဲ့ ကပ်ပါပေ့မြို့စားရယ်လို မြို့စားပါပဲ။ ဗေဒင်ကို တဖက်ကမ်းခတ်တတ်ကျွမ်းပြီး အလွန့်အလွန် ချောမောတဲ့သူပါ။ မြို့ခံအကြီးဆုံးဖြစ်တဲ့ ပေါက္ခရသာတိဟာ ဘုရားလို့ ကြေငြာနေကြသူတွေထဲက ဒီတစ်ခါကြွလာတဲ့ ဂေါတမဆိုသူကော ဘုရားတကယ် ဟုတ်, မဟုတ်ဆိုတာကို သိဖို့လိုလာပြီ။ သူကိုယ်တိုင် စုံစမ်းလို့လည်း မဖြစ်ဘူး။ လူကြီးဆိုတာ ရှေ့တိုးပြီးမှ နောက်ဆုတ်ရခက်တယ်လေ။ ဒါကြောင့် အကြီးဆုံးလည်းဖြစ် ဂါထာပေါင်းများစွာကို တစ်ခဏတည်း ကျက်မှတ်နိုင်လောက်အောင် ဉာဏ်ကောင်းသူလည်းဖြစ်တဲ့ အမ္ဗဋ္ဌကိုခေါင်းဆောင်စေပြီး သူ့တပည့်တွေကို စုံစမ်းဖို့ လွတ်လိုက်ပါတယ်။ (ဘုရားရှင်ကို “ကတုံးကြီး” လို့ခေါ်ခေါ်ပြီး စကားအရိုင်းအစိုင်းတွေနဲ့ ပြောဆိုတဲ့ လူမိုက်ကလေး လူရမ်းကားကလေး အမ္ဗဋ္ဌကို “မင်းကနွားလား၊ မင်းဆရာကနွားလား” လို့မေးပြီး စကားအကြမ်းနဲ့ ခြွေချွတ်ခဲ့ရတဲ့ ချွတ်တော်မူခန်းကို နောက်ဗုဒ္ဓဖြစ်စဉ်မှပဲ တင်ပါတော့မယ်) အမ္ဗဋ္ဌဟာ ဘုရားရှင်နဲ့ အခြေအတင် အတန်ကြာဖြစ်ပြီးမှ သင့်မြတ်ခဲ့ပါတယ်။ သင့်မြတ်ပြီးနောက် ဘုရားရှင်ရဲ့ လက္ခဏာတော်တွေကို စစ်ပါတယ်။ ဘုရားရှင်မှာ လက္ခဏာတော် ၃၂ ပါးရှိပါတယ်။ တချို့ကို ဘုရားရှင် စင်္ကြံကြွမှ မြင်ရမှာဖြစ်တာကြောင့် ဘုရားရှင်က စင်္ကြံကြွပါတယ်။ အမ္ဗဋ္ဌကြွခိုင်းလို့ မဟုတ်ပါဘူး။ အမ္ဗဋ္ဌက တပည့်တော် အရှင်ဘုရားရဲ့ လက္ခဏတော်တွေ မှန်မမှန်စစ်နေတာ လို့လည်း မလျှောက်ပါဘူး။ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ဆင်ခြင်ပြီး သိထားနှင့်မို့လို့ပါ။ အဲလို စင်္ကြံကြွလိုက်တော့ လက္ခဏာတော် တော်တော်စုံအောင် အမ္ဗဋ္ဌ မြင်လိုက်ရပါတယ်။ သို့သော် သူအပြည့်အစုံ မမြင်ရသေးပါဘူး။ ၃၂ ပါးရှိတာ။ ၃၀ ပဲ မြင်ရပါသေးတယ်။ ကျန်နှစ်မျိုးကို မြင်မှ ဘုရားရှင်လို့ သူလက်ခံနိုင်မယ်။ အဲဒီနှစ်မျိုးက ယောက်ျားမြတ်နိမိတ်နှင့် လျာ။ ဒါကိုလည်း ဘုရားရှင်က သိတော်မူတဲ့အတွက် အိမ်လေးနဲ့ ဖုံးထားတဲ့ယောကျာ်းမြတ်နိမိတ်ကို တန်ခိုးတော်နဲ့ ပြတော်မူခဲ့ပါတယ်။ အဲဒီနောက် အလွန်ပါးလျှတဲ့ လျာကို ပြတော်မူခဲ့ပါတယ်။ အလွန်ပါးလျှတဲ့ လျာဆိုတာကို ရှင်းရရင် လျာနဲ့ မျက်နှာပြင်ကို အုပ်လို့ရပါတယ်။ လျာနဲ့ နားပေါက်ထဲကို ထိုးသွင်းလို့ရပါတယ်။ လျာနဲ့ နှာခေါင်းပေါက် ဟိုဘက်ဒီဘက် ထိုးသွင်းပြနိုင်တာကို ခေါ်တာပါ။ အမ္ဗဋ္ဌလည်း သံသယရှင်းသွားပါတယ်။ စာတော်ပေမယ့် စာပေတွေ တတ်မြောက်ကျွမ်းကျင်ပေမယ့် ဆင်ကောင်ကြီးပြမှ အော် ဒါဆင်ကြီးပါလားသိမယ့် ဆင်ခြင်နိုင်စွမ်းဉာဏ်ရှိတဲ့ အမ္ဗဋ္ဌပေါ့ဗျာ။ ထိုတစ်ကြိမ်တွင်တော့ ဘုရားရှင်မှ (၁၀) ပါးမြောက်လက္ခဏာတော်နှင့် (၂၇) ပါးမြောက်လက္ခဏာတော်ကိုပြရင်း လက္ခဏာတော် ၃၂ ပါးအပြည့်အစုံကို ပြတော်မူခဲ့ပါတယ် နေသူရိန်ခင်ဗျာ။ ရှင်းရှင်းလင်းလင်းသိရအောင် တစ်ခါတည်းပဲ ဘုရားရှင်ရဲ့ လက္ခဏာတော် ၃၂ ပါးကို တင်ပြပေးလိုက်ပါတယ်။

မဟာပုရိသ လက္ခဏာတော်ကြီး (၃၂) ပါး
၁။ ရွှေခြေနင်းကဲ့သို့ တပြင်တည်း ညီညွတ်သော ခြေဖ၀ါးတော်။
၂။ တစ်ထောင်သော အကန့်အကွက်နှင့်တကွ လက္ခဏာတော်အပေါင်း အပြည့်ရှိသော ခြေဖ၀ါးတော်။
၃။ ခြေကို လေးပုံပုံ၍ တစ်ပုံမျှလောက် ရှည်သွယ်ပြည့်ဖြိုးသော ဖနောင့်တော်။
၎။ မျောက်မင်းခြေလေးချောင်းကဲ့သို့ အရင်းမှ အဖျားတိုင် သွယ်ပျောင်းရှည်သွယ်သော လက်ချောင်းတော်။
၅။ အကြိမ်တစ်ရာဖတ်အပ်သော ၀ါဂွမ်းစိုင်ကဲ့သို့ တစ်သားတည်းနူးညံ့တဲ့ ခြေဖ၀ါးတော်။
၆။ ခြေချောင်တော်နှင့် လက်မတော်မတစ်ပါး ခြေချောင်းလက်ချောင်းများ တစ်ညီတည်းရှိသော ခြေချောင်း၊ လက်ချောင်းတော်။
၇။ ဖမိုးတော်မှ အထက်သို့ လက်လေးသစ်ထက်မြင့်သော ဖမျက်တော်။
၈။ ဧဏီမည်သော သားကောင်၏ မြင်းခေါင်းကဲ့သို့ ချောပြည့်လုံးဝန်းသော သလုံးမြင်းခေါင်းတော်။
၉။ ကိုယ်တော် မကိုင်းညွတ်မူ၍ ပုဆစ်ဒူးနှစ်ဖက်သို့ရောက်သော လက်မောင်းတော်။
၁၀။ အအိမ်ဖြင့် ဖုံးလွမ်းသော ယောင်္ကျားမြတ်နိမိတ်တော်။
၁၁။ ရွှေစင်ကဲ့သို့ ၀င်းဝါသော အဆင်းတော်။
၁၂။ ၀က်ခြံ၊ မှဲ့၊ တင်းတိတ်စသည်ကင်းသော အသားအရေတော်။
၁၃။ မွေးညင်းတစ်တွင်း၌ တစ်ပင်သာပေါက်သော မွေးညင်းတော်။
၁၄။ သုံးကြိမ်လက်ယာရစ်၍ မျက်နှာတော်ကို ဖူးမြော်နေသကဲ့သို့ဖြစ်ကာ အထက်သို့တက်နေသော မွေးညင်းတော်။
၁၅။ ခါး၊ ပုဆစ်၊ ဒူးသုံးပါးတို့ မကိုင်းညွတ် ဖြောင့်မတ်သော ကိုယ်တော်။
၁၆။ လည်ကုတ်၊ လက်ဖမိုး၊ ပခုံးစွန်း၊ ခြေဖမိုးတို့ ပြည့်ဖြိုးသော အသားတော်။
၁၇။ ပြည့်ဖြိုးခန့်ညားသော ကိုယ်လုံးတော်။
၁၈။ လက်ပြန်ကြောတို့ ချိုင့်ဝင်ခြင်းမရှိ ညီညွတ်သော ကျောတော်။
၁၉။ ပညောင်ပင်ကဲ့သို့ လုံးဝန်းသော ကိုယ်တော်။
၂၀။ ရွှေမုရိုးစည်ကဲ့သို့ တပြေးညီသော လက်တော်။
၂၁။ အနည်းငယ်သော နှမ်းစေ့ကို ဘုဉ်းပေးကာမျှ တစ်ကိုယ်လုံးပြန့်နှံ့နိုင်သော အကြောတော်။
၂၂။ ခြင်္သေ့မင်းကဲ့သို့ ချွန်သော မေးတော်။
၂၃။ (၄၀) ချောင်းပြည့်သော သွားတော်။
၂၄။ တပြင်တည်း ညီညွတ်သော သွားတော်။
၂၅။ မကြဲမကွာ စေ့စေပ်သော သွားတော်။
၂၆။ ဖြူစင်၍ လေးခုပြည့်သော စွယ်တော်။
၂၇။ ရှည်လျားကျယ်ပြန့်သော လျာတော်။
၂၈။ ဗြဟ္မာမင်းအသံကဲ့သို့ ငြိမ့်ငြောင်းသော အသံတော်။
၂၉။ အလွန်ညိုဝင်းသော မျက်လုံးတော်။
၃၀။ မွေးကင်းစ နွားကလေး၏ မျက်တောင်ကဲ့သို့ နူးညံ့သော မျက်တော်တောင်။
၃၁။ ဥဏ္ဏလုံမွေးညင်းတော်။
၃၂။ နဖူးသင်းကျစ်တော်။
တို့ဖြစ်ပါတယ်။ ၃၁ ပါးမြောက် ဥဏ္ဏလုံမွေးညင်းတော် အကြောင်းကို (ကျွန်တော် မမှတ်မိတော့သော)ဘလော့ဂါတစ်ဦးမှ ရှင်းလင်းဖူးပါကြောင်း။



Read more...

လောကဇာတ်ခုံ

လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။ အမှန်ကတော့- မိမိကိုယ်တိုင်လျှင် မိမိရဲ့ ကိုးကွယ်အားထားရာ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အတိုင်း လူတစ်ကိုယ် ဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင် နေကြရတာပါ။ လူတိုင်းဟာ မွေးဖွားလာချိန်မှစလို့ သေတဲ့ အထိ ကိုယ့်ဇာတ်ထုပ်ကို နေရာပေါင်းစုံက သရုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အချို့က ကိုယ့်ဇာတ်ကို နိုင်အောင် သိမ်းကြနော်လို့ ပြောတာဖြစ် နိုင်ပါတယ်။ ဘ၀ဇာတ်ထုပ်ကို ကပြသရုပ်ဆောင်ရာမှာ တချို့က ကြီးကျယ်မှုကို ရည်မှန်းပြီး တချို့ကတော့ မြင့်မြတ်မှုကို ရည်မှန်း သရုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့ အတွေးလေးတွေဟာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

ဘုရားအလောင်း တောမထွက်ခင် ကာလမှာ ဖခင်သုဒ္ဓေါသနမင်းကြီး အပါအ၀င် ဆွေးတော် မျိုးတော်အားလုံးတို့က လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြ၀တေးမင်း ဖြစ်ဖို့ ၀ိုင်းပြီး တွန်းအားပေးနေချိန်မှာ သိဒ္ဓတ္ထ မင်းသားက- “သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်ဖို့အတွက် အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊ ငါက အမြင့်မြတ်ဆုံး ဖြစ်ဖို့အတွက် အကြီး ကျယ်ဆုံးတွေကို စွန့်လွှတ်ရမယ်၊ ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်၊ ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး၊ ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာမရှိတဲ့ တစ်ဘ ၀ တစ်နပ်စာသာဖြစ်တယ်၊ မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်” လို့ ဆင်ခြင်သုံးသပ်ပြီး သစ္စာတရားရှာဖို့ တောထွက်တော်မူခဲ့ပါတယ်။

တောထွက်ခါနီးမှာ အလောင်းတော်မင်းသားရဲ့ ယသော်ဓရာကို သတိပေး၊ ကတိပေး စကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ်လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်” ဆိုကာ မြင်းမြတ်မှုအတွက် ကြီးမြတ်မှုတွေကို ကျောခိုင်းခဲ့တာလည်း အတုယူစရာပါ။

လောကဇာတ်ခုံမှ ကြီးမြတ်မှုအတွက် သရုပ်ဆောင်သွားကြတဲ့ နပိုလီယံ၊ ဟစ်တလာ တို့ကိုကြည့်မယ်ဆိုရင် အမြင်မှာ ကြီးကျယ်သလောက် လုပ်ရက်တွေက အနိမ့်ကျဆုံးလို့ ဆိုရလောင်အောင် အသက်ပေါင်းများစွာကို မညှာမတာ သတ်ခဲ့တာ တွေ့ရပါတယ်။ မာသာထရီဇာ (Mother Theresa) ဆိုတဲ့ အမျိုးသမီးကတော့ သူပိုင်တဲ့ ကြီးကျယ်မှုတွေကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံမှာ အပယ်ခံ ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ အတွက် အမြင့်မြတ်ဆုံး ကရုဏာလုပ်ငန်းကို သရုပ် ဆောင်သွားတာဟာ ရင်သပ်ရှုမောပြီး သာဓု ခေါ်ကြရမှာပါ။ သူ့ဘ၀ဇာတ်လမ်းဟာ အမြင်မှာ ခမ်းနားထည်ဝါတယ်လို့ မထင်ရပေမယ့် တကယ့်ကို မြင့်မြတ်တဲ့ သရုပ်ဆောင်မှုတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့ တဘ၀တာ ဇာတ်သိမ်းခန်းကို အိန္ဒိယနိုင်ငံ သာမက တကမ္ဘာလုံး အမြင့်ဆုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လူသားစိတ်ရှိသူ အားလုံးက တလေးတစား ဂါရ၀ပြု ကောင်းချီး ပေးကြတာပေါ့။

ယနေ့အချိန်မှာလည်း သူဋ္ဌေးအတော်များများ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ပရဟိတ လုပ်ငန်းအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နေကြတဲ့ သတင်းကို မကြာခဏ ကြားသိရပါတယ်။ လောကကြီး ကျက်သရေရှိဖို့ အတွက် ဒီလို သရုပ်ဆောင် ကောင်းတွေ အများကြီးလိုပါတယ်။ (အခုစာဖတ်နေသူ ကိုယ်တိုင် ဖြစ်ခဲ့ရင် အတိုင်းထက် အလွန်ပေါ့)။ မြတ်ဗုဒ္ဓရဲ့ အလိုအရ ဘ၀ဇာတ်လမ်းတခုကို လုပ်ကိုင်ကြတာဟာ နှလုံးသားကို တည်မှီတဲ့ အတွေးအကြံ (မနောကံ)၊ နှုတ်က ပြောဆိုတဲ့ (၀စီကံ)၊ ကိုယ်နဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ (ကာယကံ) စသဖြင့် သုံးမျိုးပဲရှိပါတယ်။ ဒီသုံးမျိုးထဲမှာလည်း မနော ပုဗ္ဗင်္ဂမာ ဓမ္မာ= သက်ရှိတို့ရဲ့ လုပ်ဆောင်မှု(ဓမ္မ) အားလုံးကို မနောကံက ရှေ့သွားဦးဆောင် ပြုတယ် ဆိုတဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့ တရားတော်အရ ဘ၀ဇာတ်လမ်းမှာ နှလုံးသား (မနောကံ)က ဒါရိုက်တာဖြစ်ပြီး၊ အပြော(၀စီကံ)နဲ့ အပြုအမူ (ကာယကံ) တို့က သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုရမှာပေါ့။

မိမိတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သိသာမြင်စေတာက အပြောနဲ့ အပြုအမူဆိုတဲ့ သရုပ်ဆောင်ကံ နှစ်မျိုးပါပဲ။ ဒီကံ နှစ်ခုဟာ ကောင်းရင် ကောင်းသလောက် မိမိအတွက်ရော ပတ်ဝန်းကျင့်အတွက်ပါ ကောင်းကျိုးရစေတဲ့ ဘ၀ဇာတ်လမ်း ကောင်းဖြစ်ပြီး ဆိုးရင်တော့ ဇာတ်လမ်းဆိုးကြီး ဖြစ်သွားမှာပါ။ ဒီကံနှစ်မျိုး သရုပ်ဆောင်တာကို ညွှန်ကြားနေတာက မနောကံ (နှလုံးသား) ဖြစ်တာမို့ ဘုရားရှင်ကတော့ နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ရေးဟာ ဘ၀ဇာတ်လမ်း အတွက် အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးကောင်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအတိုင်း ကိုယ်နဲ့ နှုတ်က သရုပ်ဆောင် လိုက်ရင် အမြင့်မြတ်ဆုံး ဇာတ်လမ်းဖြစ်မှာ မလွဲပါပဲ။

နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ဖို့ အတွက် အရည်အချင်း လေးချက်လိုအပ်တယ်လို့ အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ အပဏ္ဏကသုတ် အရ သိရပါတယ်။ အဲဒီလေးချက်ကတော့-
၁။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ် (နေက္ခမ္မ၀ိတတ်)။
၂။ ရန်ငြိုးအာဃာတ လုံးဝကင်းရှင်းပြီး ခွင့်လွှတ်သည်းခံ တတ်တဲ့စိတ်ဓာတ် (အဗျာပါဒ၀ိတတ်)။
၃။ သူတစ်ပါးအပေါ် သတ်ဖြတ်ငြှင်းဆဲလိုမှု၊ မထီမဲ့မြင်ပြုမှု၊ နိုင်ထက်စီးနင်းပြုလိုမှု ကင်းရှင်းပြီး ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓာတ် (အ၀ိဟိံသ ၀ိတတ်)။
၎။ အကောင်းအဆိုး အကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အသိမှန် (သမ္မာဒိဋ္ဌိ) တို့ဖြစ်ပါတယ်။
ဘယ်သူမဆို ဒီစိတ်ဓာတ်ကောင်းလေးခုကို နှလုံးအိမ်မှာတည်ရှိပြီး နှလုံးကောင်းစိတ်မြတ်ရဲ့ ဦးဆောင်ညွှန်ပြတဲ့ အတိုင်း ကာယကံ၊ ၀စီကံ တို့နဲ့ သရုပ်ဆောင် ပြောဆို ပြုမူနေထိုင်မယ်ဆိုရင် သူတို့ရဲ့ ဇာတ်လမ်းဟာ လောကနဲ့လည်း အံဝင် သာသနာနဲ့လည်း မဆန့်ကျင်တဲ့ အတွက် လောကအနေနဲ့လည်း အမြတ်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်သလို သာသနာတော် (ဓမ္မ)အရ ကြည့်ရင်လည်း အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ထိ အမြင့်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်အောင် ကျင့်ဆောင် နေထိုင်သူလို့ ဆိုနိုင်ပါတယ်။

မိမိတို့တွေ မွေးဖွားခြင်းကနေ စခဲ့ရတဲ့ ဘ၀ဇာတ်လမ်းမှာ ဇာတ်ညွှန်းကောင်း သရုပ်ဆောင်ကောင်းစွာနဲ့ လောကဇာတ်ခုံမှာ ဇာတ်သိမ်းနိုင်သလို ဇာတိ အစ မရဏအဆုံးဆိုတဲ့ ဘ၀တိုတိုမှာ စိတ်ကောင်းနှလုံးမြတ် ရှိပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။


ကိုးကား။ ။ဓမ္မဘေရီ အရှင်ဝီရိယ ရေးသော လောကကျက်သရေ စာအုပ်။




Read more...

ထူးမြတ်ပေသည့် မြတ်ကထိန်

ကထိန်ဆိုသည်မှာ

ကထိန်ခင်းလှူသဖြင့် ရရှိသောအကျိုးတရားငါးပါးကို ပျက်စီးမသွားစေရန် ခိုင်ခန့်စေတတ်သောကြောင့် ကထိန် ဟုခေါ်သည်။

ဘုရားစသော သူတော်ကောင်းအပေါင်းတို့က လေးစားကြည်ဖြူ ချီးမွမ်းတော်မူကြသောကြောင့်လည်း ကထိန် ဟုခေါ်သည်။

အလှူမှာ ကထိန်၊ ဆွမ်းမှာပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ်ဟူ၍ ရှေးဆရာမြတ်တို့၏ တန်ဖိုးရှိလှသော စကားစဉ်ကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးနေကြဖြစ်သည်။

ထူးမြတ်ပါပေ့ ကထိန်အကျိုး

ကထိန်နှင့်ပတ်သတ်၍ ပကိဏ္ဏကကျမ်းမှာ- အဆင်တန်ဆာအပြည့်အစုံနှင့်ဆင်ယာဉ်ရာချီ၍လှူသည့်အလှူ၊ မြင်းယာဉ်ရာချီ၍လှူသည့်အလှူ၊ အဿတိုရ်အာဇာနည်မြင်းယာဉ် ရာချီ၍ပေးလှူသည့်အလှူ၊( ယခုခေတ်အရ အဆင့်အတန်းအမြင့်ဆုံး ကားယာဉ်စသည့်ယာဉ်မျိုးစုံရာချီ၍လှူသည့်အလှူ ) ၊ ဝတ်စားတန်ဆာရတနာအပြည့်အစုံ ဆင်မြန်းထားသည့်မိန်းမပျိုရာချီ၍ လှူသည့်အလှူများသည် ကထိန်ခင်းလှူ၍ရရှိသော ကုသိုလ်အကျိုးကို ၂၅၆ စိတ် စိပ်၍ တစ်စိတ်ကလေးကုသိုလ်ကိုမျှ မမှီနိုင်ဟုရေးသားထားသည်။

ရတနာခုနှစ်ပါးတို့နှင့် အပြည့်အစုံစီခြယ်ထားသောရတနာပလ္လင်တော်ပေါင်း ၈သောင်း ၄ ထောင်နှင့်အတူ စုလစ်မွန်းချွန်အထွဋ် တပ်လျှက်အဆင့်အတန်းအမြင့်ဆုံး ကျောင်းတော်များဆောက်လုပ်ကာ ဤ ပထဗျာမြေပြင်မှနေ၍ အမြင့်ဆုံးဘုံဖြစ်သည့် အကနိဋ္ဌဗြဟ္မာနိုင်ငံတော်အထိပြည့်နေအောင် ရှစ်သောင်းလေးထောင်မျှအရေအတွက်ရှိကျောင်းတော်ကြီးများဆောက်လုပ်လှူဒါန်းသည့်အလှူ၊ ထိုကျောင်းတော်ကြီးများထဲတွင် သင်္ကန်းသပိတ် ပရိက္ခရာ ၈ပါး အပြည့်အစုံထည့်လှူသည့်အလှူ၊ ရတနာ ၇ပါးကိုစုပုံပြီး ထိုအမြင့်ဆုံး နိုင်ငံတော်အထိမြင့်မားလောက်အောင် လှူသည့်အလှူများ သည် ကထိန်တစ်ကြိမ်ခင်းလှူသည့်အလှူကို၂၅၆စိတ် စိပ်၍ရရှိသည့်ကုသိုလ်တစိတ်ကလေးမျှကို မမှီနိုင်သေးကြောင်းဖော်ပြသည်။

အလှူမှာ ကထိန် … အလှူမှာ ကထိန်အလှူဟာ အမြတ်ဆုံးဟူ၍ သတ်မှတ်မိန့် ကြားတော်မူကြသည်မှာ အကြောင်းရှိသည်။ ဘာကြောင့်ကထိန်မြတ်သလဲ၊ ဒီမေးခွန်းနှင့်ပတ်သက်၍ စာရေးသူကိုယ်တိုင် မှတ်ရလွယ်အောင် ကဗျာတစ်ပုဒ် စီကုံးထားပါသည်။

သံဃိကမို့ လှူကျိုးမြတ်သည်၊

ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊

ကာလဒါန လှူရမြတ်သည်၊

မိုးပေါ်ကျ ဒါနထူးမြတ်သည်။

သံဃိကမို့ လှူကျိုးမြတ်သည်။

ကထိန်အလှူဒါနသည် သင်္ကန်းအလှူဖြစ်သည်၊ ဒါယိကာ ဒါယိကာမ များလှူဒါန်းကြသည့် သင်္ကန်းအများစုထဲမှ သင်္ကန်းတစ်ထည် ဖြင့်သာ ကထိန်ခင်းလှူရပါသည်။ သံဃာတစ်ပါးအတွက် ဘုရားရှင်မှ သင်္ကန်းသုံးထည် အမြဲဆောင်ထားရန်ခွင့်ပြုခဲ့ပါသည်။ ပခုံးပေါ်တင်ရန် သို့မဟုတ် ခြုံလွှမ်းဝတ်ဆင်ရန် (၁) ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်း (၂) ကိုယ်ပေါ်မှာ ဝတ်ရုံဆင်မြန်းရန် ဧကသီခေါ် သင်္ကန်း (၃) အောက်ပိုင်းကိုယ်ဝတ်ခါးမှာ ဆင်မြန်းဝတ်ရသည့် သင်းပိုင် အားဖြင့် သုံးထည်ဖြစ်သည်။

ထိုသုံးထည်တွင် တစ်ထည်တည်းဖြင့်သာ ကထိန်ခင်းရပါသည်။ ကထိန်လှူကြမည့် ဒါယိကာ ဒါယိကာမ များက ကထိန်အ တွက်ရည်မှန်းသော သင်္ကန်းလှူဖွယ်ကို လှူဆဲခဏမှာ ပုဂ္ဂိုလ်သို့ စိတ်မညွတ်စေဘဲ မိမိကထိန်ခင်းမည့် ကျောင်းတိုက်ရှိ သံဃာအား လုံးကို စိတ်ညွတ်စေကာ သံဃာပိုင်ဖြစ်သွားအောင် သံဃာကို ရည်မှန်း၍ ကထိန်ခင်းရန် သင်္ကန်းကိုလှူတန်းရပါမည်။

သံဃာဟူသည် ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတို့ကို ဆိုလိုပါသည်။ ပုဂ္ဂိုလ်တဦးဦး အနေဖြင့် မဟုတ်တော၊့ ခင်မင်စရာ စွဲလန်းစရာ မဖြစ်နိုင်တော့ပါ၊ (သို့မဟုတ် ဗုဒ္ဓ ဘုရားရှင်၏ သားအားလုံးသို့ရောက်အောင် စိတ်ညွတ်ပေးထားလိုက်ပါ)၊ ထိုကဲ့သို့ စိတ်ညွတ်လှူဒါန်းနိုင်လျှင် သံဃိက ဒါနအလှူဖြစ်ပြီး၊ ထိုအလှူသည် ဥပါဒါန် အစွဲကင်းသည့် အလှူဖြစ်၍ ထူးခြားသည့် အလှူဟု လည်းဆိုနိုင်ပါသည်။

ကထိန်အလှူရှင်များမှာ ကထိန်အလှူသင်္ကန်းကို သံဃိကဒါန ပေးလှူရသည်၊ ပြီးမှ သံဃိက၊ သံဃာပိုင် ရလိုက်ပြီးဖြစ်သော ထိုသင်္ကန်းကို ကျောင်းတိုက်တစ်ခုလုံးရှိ သံဃာတော်များက ဝိနည်းတော်နှင့်အညီ အဆင်းရဲဆုံး၊ အနွမ်းပါးဆုံး၊ အချို့တဲ့ဆုံး သံဃာကို ရွေးချယ်စိစစ် ၍ ထိုသင်္ကန်းကို သိမ်ထဲတွင် ကမ္မဝါစာနှင့်ရွတ်ဆို အတည်ပြုကာ သံဃာ့ဆန္ဒနှင့်အညီ ရွေးချယ်ထားသော ရဟန်းတော်အားကထိန် သင်္ကန်းကိုပေးအပ် ရမည်။ ထိုရဟန်းသည်လည်း ကထိန်အကြောင်းနှင့်ပတ်သက်၍ နားလည်/ကျွမ်းကျင်မှု ရှိရမည်။ ကထိန်ခံယူမည့် ရဟန်းတော်မှာ ဝါကျိုးပျက်ခြင်းမျိုးလည်းမရှိစေရ။ ထိုကထိန် သင်္ကန်းကို ရရှိပိုင်ဆိုင်သော ရဟန်းတော်က “အရှင်ဘုရားတို့ ဤအပေါ်ရုံ သင်္ကန်းဖြင့်တပည့်တော်မှ ကထိန်ခင်းပါ၏” ဟု နှုတ်မြွတ်ရွတ်ဆိုကာ ဝိနည်းတရားတော်နှင့်အညီ သံဃာတော်များအား ကထိန်ခင်းပြီးပါပြီ အရှင်ဘုရား၊ ထိုကထိန်အလှူအတွက် ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူကြပါ(သာဓုခေါ်တော်မူကြပါ) ဟူ၍လျှောက်ထားရမည်။ ကျန်သံဃာတော်များမှ ထိုအလှူကို ဝမ်းမြောက်ပါ၏ ဟူ၍သာဓုခေါ်သည်နှင့်တပြိုင်နက်၊ အနုမောဒနာ သာဓုခေါ်သော ရဟန်းတိုင်း နောက်ပိုင်းတွင်ဖေါ်ပြမည့် ဝိနည်းကံမှ(၅)လ လုံးလုံး ကင်းလွတ်ခွင့်ရရှိကြသည်။

ကထိန်အလှူမွန်မြတ်ရခြင်းသည် ထိုကဲ့သို့ထူးခြား၍ သံဃာတော်များအားလာဘ်လာဘ ဖြစ်ထွန်းကာ ချမ်းသာစေခြင်းကြောင့် မွန်မြတ်ရ ခြင်းဖြစ်ပါသည်။

ငါးပါးကျိုးတင့် တိုးဆင့်မြတ်သည်၊

သာသနာတော်တွင် မည်သည့်ဒါနမျိုးမှ ရှင်တော်ဗုဒ္ဓ ပညတ်ထားသော သိက္ခာပုဒ်တော်ကို လျော့ပါး၍မရစေနိုင်ပါ၊ဤ ‘ကထိန်’ အလှူတစ်ခုကသာလျှင် အောက်၌ဖေါ်ပြမည့် ဝိနည်းသိက္ခာပုဒ်(၅) မျိုးကို (၅)လအထိကျင့်သုံးစရာမလိုအပ်ပဲ ကင်းလွတ်ခွင့်ရ ရှိပေသည်။

(၁) ရဟန်းတစ်ပါးသည် နေ့လည်နေ့ခင်းမြို့ထဲရွာထဲ ကြွချင်လျှင် ကျောင်းတိုက်ရှိ ဆရာတော်(သို့မဟုတ်)ထင်ရှားရှိနေသည့်ရဟန်း တော်တစ်ပါးပါးကို လျှောက်ထားပြီးမှ ကြွ၍ရသည်၊ မပန်ကြားပဲကြွပါက အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။

(၂) ရဟန်းတော်များမှာ နှစ်ထပ်သင်္ကန်း(ဒုကုဋ်) ကိုသွားရာတိုင်း ယူဆောင်၍သွားရသည်၊ ယူဆောင်မသွားပါက ထိုသင်္ကန်းနှင့် နှစ်ရက် သုံးရက်လောက် ကင်းကွာနေသော အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။

(၃) ရဟန်းတော်တစ်ပါးကို ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ဆွမ်းစားမပင့်တတ်၍ တပည့်တော်တို့အိမ်ကို ထမင်းစားကြွပါဟု ပင့်သည်ကို ဘုဉ်းပေးမိလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။

(၄) ရဟန်းတစ်ပါးတွင်ရရှိလာသော မိမိပစ္စည်းကို (၁၀)ရက် အတွင်း သတ်သတ်မှတ်မှတ် ရွတ်ဆိုစီစဉ်ထားခြင်းကို အဓိဋ္ဌာန် ဝိကပ္ပနာပြုသည်ဟုခေါ်သည်။ ထိုကဲ့သို့ မစီစဉ်ထားပါက ၁၀ရက်ကျော်သည်နှင့် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။

(၅) ဒါယိကာ ဒါယိကာမ တစ်ဦးဦးက ကျောင်းတိုက်သို့ ပစ္စည်းတစ်ခုခုကို သံဃိက လာလှူခဲ့လျှင် ဧည့်သည် အာဂန္တုရောက်နေပါ ကဧည့်သည်အပါအဝင် ဝေစုကိုပေးရမည်၊ မပေးလျှင် အာပတ်အပြစ်သင့်ပါသည်။ ထိုအပြစ်မှ ကင်းလွတ်ခွင့်ရခြင်း။

ရဟန်းတော်များမှာ ဖေါ်ပြခဲ့သည့် အကျိုးတရားငါးမျိုးကို ကထိန်အာနိသင်ရရှိသော အချိန်မှတပေါင်းလပြည့်နေ့အထိ အပြစ် မသင့်ပဲ ခံစားခွင့်ရရှိသောကြောင့် ကထိန်အလှူသည် မွန်မြတ်လှပေသည်။

ရဟန်းတော်များမှာအကျိုးငါးပါးရရှိသကဲ့သို့ ကထိန်အလှူရှင်များမှာလည်းအကျိုးတရားငါးပါးကိုရရှိနိုင်ကြောင်း ဆရာ့ဆရာ မထေရ်ကြီးများမှ မိန့်ကြားတော်မူခဲ့ကြသည်။

ကထိန်လှူရမြတ်ဖလ မှတ်ကြပါလေ ငါးမျိုးပေ-

  • (က) မပန်မကြား၊မခစား လာသွားနိုင်ပေ၊ ရပ်ထွေထွေ။
  • (ခ) ကိုယ်ပိုင်ဥစ္စာ၊ ထားလိုရာ၊ ထားပါလျှက်ပေ၊ ရန်ကင်းချေ။
  • (ဂ) ဝတ်စားဖုံဖုံ၊လွန်ပြည့်စုံ၊ကုံလုံကျက်သရေ၊လက်လက်ဝေ။
  • (ဃ)မိစ္ဆာအပင်း၊ရန်မျိုးကင်း၊ရှင်းရှင်းလွတ်ပေ၊ရန်မျိုးတွေ။
  • (င) စည်းစိမ်ဖြိုင်ဖြိုင်၊လွန်ကြံ့ခိုင်၊စိုးပိုင်လှပေ၊တင့်ဖြိုးဝေ။ ( ဤကဗျာကို အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးရေးသည်ဟုမှတ်သားမိပါသည်။)

ကထိန်အလှူ ရှင်များသည်ဖြစ်လေရာဘဝတိုင်း၌…

(က)ဖြစ်လေရာပတ်ဝန်းကျင်တွင် ဇနီးသည်ကခင်ပွန်းသည်ကို၊ ခင်ပွန်းသည်ကဇနီးသည်ကို၊သားသမီးများကမိဘကို ကြောက်ရွံ့စရာမလိုပဲ မိမိတို့သွားလိုရာသို့ ချုပ်ချယ်ခြင်းကင်းစွာဖြင့် လွတ်လွတ်လပ်လပ်သွားလာခွင့်ရနိုင်ခြင်း။

(ခ) မိမိပိုင်ပစ္စည်းကို ရန်သူမျိုးငါးပါးက မဖျက်ဆီးနိုင်ခြင်း၊ မေ့ကျန်ခဲ့သောပစ္စည်းနှင့် ပျောက်ဆုံးသွားသည့် ပစ္စည်းများကိုလည်း အလွယ်တကူပြန်လည်ရရှိနိုင်ခြင်း။

(ဂ) အဝတ်အစားနှင့်ပတ်သက်၍ မမွေးခင်ကပင် လက်ဆောင်တပုံတပင်ကြိုတင်ရရှိနေခြင်း၊ခေတ်ပေါ်အကောင်းဆုံးအဝတ်အထည်များကိုလည်း လိုသည်ထက်ပိုလွန်အောင် ရရှိခြင်း။

(ဃ) မလိုလားသူများမှ ပြုစား၍မရနိုင်ခြင်း၊ အစားအစာအဆိပ်အတောက်မဖြစ်နိုင်ခြင်း။

(င) ဖြစ်လေရာဘဝတွင် ဓနငွေကြေး၊အသုံးအဆောင်ပစ္စည်းဥစ္စာ ပြည့်စုံ ပေါများကြွယ်ဝရခြင်း စသောကောင်းမြတ်သည့် ကောင်းကျိုးများကိုရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ကာလဒါန လှူရမြတ်သည်

ကထိန်အလှူသည် ကာလဒါနအလှူဖြစ်၍ မွန်မြတ်သည်။ ဘုရားရှင်က ကထိန်အလှူကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက် မှတန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လခွင့်ပြုသည်။ အချိန်အခါနှင့် ကန့်သတ်၍သာလှူခွင့်ရှိသောရှားရှားပါးပါး လှူရသော ဒါနမျိုးဖြစ်၍ ထူး မြတ်သည်။ ထိုခွင့်ပြုချက်တစ်လတွင် ကြိုက်ရာရက်တစ်ရက်၊ ထိုတစ်ရက်တွင်လည်း တစ်ကြိမ်သာ လှူရသောဒါနထူးဖြစ်သည်။လှူသည့်အခါတွင်လည်း ယနေ့လှူသောကထိန်သင်္ကန်းကို ကထိန်အလှူခံသံဃာတော်များအနေဖြင့်ယနေ့ပင်လျှင် ဝိနည်းကံနှင့်အညီ နေ့ချင်းပြီး ကထိန်ခင်းရသည်။ နောက်နေ့အရုဏ်ကူးသွားလျှင်ထိုသင်္ကန်းသည် ကထိန်ခင်းနိုင်ခြင်းမရှိတော့ပဲ ပုပ်သိုးသွားတော့သည်။ထို့ကြောင့် ကထိန်သင်္ကန်းကို မသိုးသင်္ကန်းဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။

မိုးပေါ်ကျ ဒါနထူးမြတ်သည်။

ကထိန်အလှူသည် အလွန်သန့်ရှင်းဖို့လိုအပ်ပါသည်။ ကျောင်းတိုက်ရှိ ရဟန်းတစ်ပါးပါးက ‘ဒကာမကြီးတို့ ဦးဇင်းတို့ကျောင်း မှာဒီနှစ် ကထိန်မရှိဘူး’ ဟု ကထိန်ရချင်၍ ကြိုတင်ကာ ရေလာမြောင်းပေးသဘောမျိုးနှင့် ပြော၍ခင်းပေးသော ကထိန်အလှူသည် ကထိန်မမြောက်တော့၊ ကထိန်မဟုတ်တော့ပေ။

ထိုကထိန်ကိုခံယူမည့်ကျောင်းမှ သံဃာတော်တစ်ပါးပါးက နှုတ်မြွတ်ပြောကြားခြင်းမပါရှိပဲ မိုးပေါ်ကျ မိုးရေပေါက် မိုးရေစက် ကဲ့သို့ အငြိအတွယ်ကင်းပြီး သဒ္ဓါ သန့်သန့်စင်စင်ဖြင့်လာလှူသော အလှူမျိုးဖြစ်ရမည်။ ထိုကဲ့သို့ စင်ကြယ်သော အလှူဖြစ်ခြင်းကြောင့် ကထိန်အလှူသည် မွန်မြတ်ပေသည်။

ကထိန်ဖြစ်ပေါ်လာရသောသမိုင်းကြောင်းနောက်ခံမှာဤသို့ဖြစ်သည်….။

စိုစွတ်သည့် မိုးရာသီသုံးလအတွင်း ခရီးသွားလာခြင်းရပ်ဆိုင်း၍ ကျောင်းတိုက်ထဲတွင် ဝါဆိုဝါကပ်ကာ ပရိယတ်၊ ပဋိပတ် သာသနာ့အလုပ် ကိုအားထုတ်တော်မူကြသည့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား ဝါကျွတ်ပြီးသည်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ နှလုံးသားဝယ်နိုးကြားလာ သည်ကား “ကထိန်လှူမည်” ဟူ၍ဖြစ်သည်။

ထိုကထိန်အလှူ လှူဖြစ်ရန် အကြောင်းက ရှေးခတ်တုန်းက သင်္ကန်းအလွန်ရှားပါးခဲ့ကြသော ကောသလ ဘုရင်မင်းနှင့် အဖေတူ အမေကွဲ ညီနောင်ရဟန်းသုံးဆယ် တို့ကို အကြောင်းပြု၍ ရှင်တော်ဘုရားက ထိုအလှူကို ခွင့်ပြုတော်မူခဲ့ပေသည်။

ဘုရားရှင်သည် သာသနာပြုခရီး တစ်ထောက်ကြွချီတော်မူရင်း ကပ္ပါသိကတောအုပ်အတွင်း ထိုညီနောင် သုံးဆယ် တို့ကို တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။

ထိုညီနောင် သုံးဆယ်တို့သည် ချစ်ဇနီးမယား ကိုယ်စီနှင့် တောအုပ်ထဲသို့ ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ သုံးဆယ်ထဲတွင် တစ်ဦးသော မင်းသားမှာ ကိုယ်ပိုင်ဇနီးမယားမရှိ၍ အပျော်မယ်တစ်ဦးကို ငှါးရမ်းခေါ်ဆောင်လာခဲ့ခြင်းက မင်းသားသုံးဆယ်တို့ကိုကျွတ် တမ်းခရီးဆီတို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။

မင်းသားသုံးဆယ်တို့သည် တောအုပ်အတွင်း ပျော်ပွဲကြီး ဆင်ယင်ကျင်းပရင်း မောပန်းကာ အိပ်မောကျ ကုန်ကြသည်။ အပျော်မယ်ကတော့ မအိပ်ပျော်နိုင်ပေ။ သူမမှာ မင်းသားတို့လောက် မပြည့်စုံသည့်အတွက် အကွက်ကောင်းကိုချောင်းကာသောက်စား ယစ်မူး၍ အိပ်ပျော်နေကြသော မင်းသားတို့၏ ကောင်းနိုးရာရာ ရတနာများကို ချွတ်ယူထွက်ပြေးလေသည်။ အိပ်ရေးဝ၍ နိုးထလာမှ အကြောင်းစုံသိရှိရပေသည်။ ထိုအမျိုးသမီးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ အသေသတ်ရန် ဓါးလှံတဝင့်ဝင့် ရှာပုံတော်ဖွင့်ကြတော့သည်။

သို့ရာတွင် ရှာသည်က အပျော်မယ်၊ တွေ့သည်က ရှင်တော်ဗုဒ္ဓ…။ ရှင်တော်ဗုဒ္ဓကို ဝိုင်း၍ မေးကြတော့သည်၊ အရှင်ဘုရား…… ဤနေရာမှ အမျိုးသမီးတစ် ဦး ရတနာထုပ်နှင့် ပြေးသွားသည်ကို မြင်လိုက်ပါသလား….တဲ့…။

သတ္တဝါတို့၏ ဣနြေ္ဒအနု အရင့်ကို ဖန်ခွက်ထဲတွင်ရေကို မြင်သကဲ့သို့ ကောင်းစွာမြင်နိုင်တော်မူသော ဗုဒ္ဓက၊ မင်းသားတို့ အား မိန်းမပျောက်ကိုရှာတာနှင့် မိမိကိုယ်ကို ရှာတာဘယ်ဟာကအကျိုးရှိသနည်းဟု မေးခွန်းစတင်လိုက်ရာ ပါရမီရှင် မင်းသားများအလိုအလျောက် ဒူးများ ကွေးညွတ်သွားရင်း မိမိကိုယ်တိုင်ပင် မိမိကိုယ်တွင်ရှာတာ ကောင်းကြောင်းပြိုင်တူလျှောက်ထားမိကြသည်။

ရှင်တော်ဗုဒ္ဓ မိန့်ခွန်းတော်မြတ်သည်၊ မင်းသားတို့အတွက် မဂ်ဖိုလ်လမ်းကို ဖြောင့်တန်းစေခဲ့သည်။ သူတို့သည် ယခင်ဘဝများစွာသံသရာ တစ်ကွေ့က ရှင်တော်ဗုဒ္ဓ ကိုယ်တိုင် တုဏ္ဍိလ ဝက်ဘဝဖြစ်ခဲ့ရသည့်တချိန် ပျော်ပွဲစားပြုလုပ်ရန် ဝက်သားလို အပ်၍ ဗုဒ္ဓအလောင်းတော်ဝက်နှင့် ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေးတို့အား ဝက်ပိုင်ရှင် အဖွါးအိုကို အရက်တိုက် ကာရောင်းစေခဲ့သည်။

ထိုအခါ ညီတော်အာနန္ဒာအလောင်းတော် ဝက်ကလေး သေဘေးကိုကြောက်လှ၍ နောင်တော်အနားတွင် ငိုယိုသည်ကိုတရား စကားပြောရင်း ထိုမင်းသားညီနောင်သုံးဆယ်တို့အားလည်း တရားသံဝေဂ ရစေခဲ့သည့်အပြင် တစ်သက်လုံး ဒါန၊ သီလ၊ ကုသိုလ် တိုး ပွားစေခဲ့သည်။ ထိုပါရမီမျိုးစေ့တို့သည် ယ္ခုဖူးပွင့်ခွင့် ကြုံရပေပြီ။

ဗုဒ္ဓစကားသည် ဟုတ်မှန်ပေသည်။ တစ်သံသရာလုံး ကိုယ့်ခန္ဓာကို ဥာဏ်နဲ့ရှာကြည့်ရန်ကို မရှာတတ်၊ ရှာရကောင်းမှန်းမသိ၍ သူ များကိုပဲ ရှာဖွေခဲ့ကြသည်။ သူများကိုရှာသဖြင့် မိမိတွင် ဒုက္ခရှည်ရန် ဖန်တီးစုဆောင်းကြသည်။ အကုသိုလ် အပြစ်ကြွယ်သထက် ကြွယ်အောင် နေ့ရောညပါ၊ နေ့မအားညမနား စုဆောင်းတတ်ခဲ့ကြသည်။ အကြောင်းပြည့်စုံသည်နှင့် ထိုအကြောင်းများက အကျိုးတရားတစ်ခုစီ ထုတ်လုပ်ပေးသည်ကို အပါယ်တွင် ခါးစည်း၍ခံစားခဲ့ရသည်။ အိုဘေးတွေ အထပ်ထပ်၊ နာဘေးတွေ အဖုံဖုံ၊ သေဘေးတွေ အလောင်းချင်းထပ် မြေကြီးထု ယူဇနာချီ တိုးတက်လာအောင် အကြောင်းတွေကို အကျိုးလုပ်ပြီး ပေးဆပ်ခဲ့ရသည်မှာ ဘယ်တုန်းကစခဲ့တယ် ဆိုတာ မသိတော့လောက်အောင်ဖြစ်ခဲ့ပြီ။

မိမိကိုယ်ထဲ ဥာဏ်နဲ့ရှာကြည်တော့မှ ငါမတွေ့ သူမတွေ့ပဲ ဖေါက်ပြန်ပြောင်းလွဲနေသည့် ရုပ်၊ လက်သင့်ခံစားနေရသည့်ဝေဒနာ၊ အမှတ်အသားပြုပေးနေရသည့် သညာ၊မှတ်နှိုင်ဖို့ ခံစားနှိုင်ဖို့ သိနှိုင်ဖို့ အမြဲတမ်းတွန်းအားပေးနေရသည့် သင်္ခါရ ၊မသိပဲနေ၍မရ သိပေးနေရသည့် စိတ် အပေါင်းအစုကိုသာ တွေ့ရှိနေရပေသည်။

တရားနှင့်ကြည့်ရင်းက သူတို့၏ခန္ဓာတွင်အရှုခံ တရားလေးတွေ၏မမြဲမှုကို ရှုဥာဏ်နှင့် ကောင်းကောင်းမြင်၊ မကြည့်ချင်တော့လောက်အောင် ဥာဏ်မုန်းမုန်းကာ၊ ဒုက္ခဆုံးသွားတော့မှ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို ဥာဏ်အမြင်နှင့် မြင်တွေ့ သွားကြပေလိမ့်မည်။ နိဗ္ဗာန်ကိုမြင်ရမှ ဒုက္ခဖြစ်ကြောရှည် အဖြစ်မှ လွတ်မြောက်ကြောင်းကိုသဘောပေါက်ကြလိမ့်မည်။

ပါရမီရှင် မင်းသားသုံးဆယ်တို့မှာ ရှင်တော်ဗုဒ္ဓ၏ သစ္စာစကားအဆုံးမှာ သောတာပန်အောက်မနည်း အနာဂါမ်ထက်မပို မင်းသားအားလုံး သည်ပင် အရိယာစင်စစ် ဧကန်ဖြစ်သွားကြတော့သည်။

ရဟန်းပြုပေးရန်တောင်းပန်မှုကြောင့် ‘ဧဟိဘိက္ခု’ ရဟန်းတော်များဖြစ်ခဲ့ကြရသည်။ ရဟန်းဖြစ်ဖို့ရန် ပင်ပန်းခြင်းမရှိသည်မှာ အတိတ်ဘဝ တစ်ချိန်ချိန်က သင်္ကန်းသပိတ်လှူခဲ့သော ပါရမီကုသိုလ်မျိုးစေ့ စိုက်ခဲ့မှုကြောင့်ဖြစ်၏။ ထိုကဲ့သို့ ကုသိုလ်မျိုးမရှိပါက သပိတ်သင်္ကန်း မပြည့်မချင်း လိုက်ရှာနေရပေအုံးမည်။ ယ္ခုတော့ ရှင်တော်ဗုဒ္ဓက လူဝတ်ကြောင်ဖြစ်သောထိုသူတို့ကို ‘ဧဟိဘိက္ခု’ ‘ချစ်သားရဟန်း လာခဲ့လော့’ ဟုခေါ်လိုက်သည်နှင့် လူ့အသွင်ပျောက်ကာ အားလုံးသပိတ်လွယ်ပြီးသား သင်္ကန်းဝတ် ရုံပြီးသားအဆင်သင့် ရဟန်းတော်များဖြစ်ခဲ့ကြသည်။ ထိုမင်းသားသုံးဆယ်တို့ အရိယာဖြစ်သွားပြီးနောက် သာသနာမှာခိုင်မာစွာရပ်တည် နေနိုင်ပြီဟုသိရှိတော်မူပြီးသော ရှင်တော်ဗုဒ္ဓသည် သာသနာပြုခရီး ဆက်လက်ကြွချီတော်မူခဲ့တော့သည်။

ထိုရဟန်းတော်မြတ် အသစ်စက်စက်သုံးဆယ်တို့သည် အရိယာအဖြစ်နှင့်တစ်ကြိမ်မျှသာ ဖူးခွင့်ရလိုက်သည့်ဗုဒ္ဓရုပ်ပုံတော်၊ တစ်ကြိမ်မျှသာနာကြားခွင့်ရလိုက်သော ချိုမြိန်ကောင်းမြတ်လှသည့်တရားတော်အသံတို့ကို ဆက်လက်ဖူးမြှော်လို၊ နာကြားလိုသောသဒ္ဓါဆန္ဒပြင်းပြစွာနှင့် ရှင်တော်ဗုဒ္ဓရှိရာဆီမှန်းပြီး ခရီးလှမ်းရင်း သာဝတ္တိမြို့မှဇေတဝန်ကျောင်းတော်မရောက်မှီသာကေတမြို့မှာဝါဆိုဝါကပ်တော်မူခဲ့ကြသည်။ သာဝတ္တိနှင့် သာကေတမြို့မှာ ၆- ယူဇနာ ဝေးကွာသည်။ နို့စို့ကလေးအမေနှင့်ခွဲနေရသကဲ့သို့ တရားနို့ ဆာလောင်စွာနှင့် ဝါဆိုဝါကပ်နေခဲ့ရပေသည်။ ဝါကျွတ်သည်နှင့် ခရီးဆက်ခဲ့ကြသည်။ မိုးကမပြတ်တတ်သေး၊ရွံ့နွံ့စေးပေါများ၊လျှိုမြောင်တောင်ကြား စမ်းအိုင်များကို ဖြတ်ကျော် လာခဲ့ကြရသော နုနယ်သော မင်းသားတဖြစ်လဲ ရဟန်းတော်များမှာ အလွန်ပင်ပန်းကာ သင်္ကန်းများလည်း မိုးရေစိုရွှဲ၍ လဲစရာနတ္တိ သနားစရာအတိနှင့် ရှင်တော်ဗုဒ္ဓရှေ့တော်မှာ ပြားပြားမှောက်ကာ ဝပ်ချဖူးမြှော်နေကြသည်ကို ဧည့်ဝတ်စကားမိန့်ချွေကြားရင်း အတိုင်းမသိ သနားခြင်းရှိသော ရှင်တော်ဗုဒ္ဓသည် ထိုမင်းသားသုံးဆယ်တို့ကိုအကြောင်းပြုကာ သာသနာတော်အတွက်အရှည်ကိုရည်မြှော်လျှက် ဤထူးခြားသည့်ကထိန်အလှူတော်ကို ခွင့်ပြုတော်မူခဲ့ပေ သည်။

ထို့ကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းသည် သာသနာတော်နှင့်ကြုံခိုက်အလှူမျိုးစုံ ကိုလှူဖူးစေရန်ကြိုးစားသင့်သည်ဖြစ်သလို၊ဤထူးခြား လှသည့် ကထိန် အလှူကိုလည်း ရှင်တော်ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့်သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ ခဝဲပန်းတို့လှိုင်လှိုင်ပွင့်သည့် တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ ဒုက္ခခပ်သိမ်းကင်းလွတ်ရာ မသေပန်းတို့လှိုင်လှိုင်ပွင့်နေသည့် သန္တိဓာတ်နိဗ္ဗာန်ကို ရည်မှန်းတောင့်တပြီး လှူဒါန်းနိုင်ကြပါစေ ဟု ဆန္ဒပြုရင်း ဤကထိန်အကျိုးဆောင်းပါးရေးသားပူဇော်လိုက်ရပေသည်။

  • အလှူမျိုးစုံ၊ ကောင်းမှုထုံ၊ အကုန်ရရှိကြပါစေ။
  • နိဗ္ဗာန်စခန်း၊ ရည်မျှော်မှန်း၊ လှူဒါန်းတတ်ပါစေ။
  • အသေလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း၊ ဥာဏ်လင်းပေါက်ပါစေ။

မေတ္တာဖြင့် …. သစ္စာပါရမီ အရှင်ဇယတိဿ (စင်္ကာပူ)

(http://www.thitsarparami.org)

ရက်စွဲ ။ ။ ၂၇ရက် စက်တင်ဘာလ ၂၀၀၉ ခုနှစ် ။



Read more...

အလှတရားရှာပုံတော် (၃)



ခုန်ပေါက်ဆင်းလာတဲ့ မိုးရေစက်ပေါက်လေးတွေက လောကကြီးအကြောင်း သိချင်လို့တဲ့လေ မိခင်ရင်ခွင်ကို စွန့်ခွာသွားခဲ့ကြပြီး ဘ၀အဖုံဖုံ ကျင်လည်လို့ အမောအပန်းတွေနဲ့ အမေ့ရင်ခွင်ဆီ တပတ်ပြန် ပြေးဝင်ခိုလှုံလာကြသလို…။ မြေကြီးမေမေ ဖြစ်စေ၊ ပင်လယ်မေမေ ဖြစ်စေ … အိမ်အပြန် သားကို နေ့ညမရွေး ရင်ခွင်ဖွင့်လို့ ကြိုဆိုစမြဲလေ…။

သားနဲ့အတူပါလာတဲ့ လက်ဆောင်… အက်ဆစ်တွေတဲ့… တတ်နိုင်သလောက် ရတတ်သမျှ အချိန်လေးမှာ အမေ ပြုပြင်ယူမှာ…။ အော်… သားရယ် မင်းလေး ပင်ပန်းလွန်းလှသကွယ်…။ မိုးသီး ဘ၀မှာ ကျစ်ကျစ်ပါအောင် ဆုပ်ခဲ့ရတဲ့ လက်သီးတွေကို ပြန်သတိနေလေသလား…။ လက်ချောင်းတွေကို ကွေးချည် ဆန့်ချည် လုပ်ကြည့်နေတာ အမေ မြင်သပေါ့။

မနေ့က ပြန်လာတဲ့ သမီးကတော့ အငွေ့ဘ၀တုန်းက သွက်သွက်ကြီး လွတ်လပ်ပျော်မြူးခဲ့သလောက်၊ ငွေ့ရည်ဖွဲ့ရတဲ့ဘ၀မှာတော့ ရင်တခုလုံးဗြောင်းဆန် မထွေးနိုင် မအန်နိုင်ဖြစ်ရပုံတွေကို ပြန်ပြောင်းတသ ပြောနေခဲ့သေး…။ အမေကတော့ သမီးပြောသမျှ အေးပေါ့ သမီးရယ်…။ ဒီလိုပေါ့ သမီးရယ်လို့ စကားထောက်ခံရင်း…။ နှင်းငွေ့ လက်ကျန်အဖြစ် ရင်ခုန်ခဲ့တာကိုတော့ သမီး ထည့်ပြောမသွားတာကို အမေ နားလည်စွာ ကျိတ်ပြုံးရင်း…။

မင်းလေးတို့ ကြာကြာမနေနိုင်တာ အမေ သိသပေါ့။ ရောက်သခိုက်အချိန်လေးမှာ အမေချက်ပြုတ်ကျွေးတဲ့ ကုန်းစာ၊ ရေစာတွေ လိုသလို စားသုံးလို့၊ အမေဆီက အားသစ်တွေ ထပ်လောင်းလို့ ဘ၀ခရီးကို ဆက်ကြဖို့ ပြင်ဆင်ကြပေဦးတော့။

အလှတရားရှာပုံတော် (၂)
အလှတရားရှာပုံတော် (၁)



Read more...

နာမရူပ ပရိစ္ဆေ္တဒဉာဏ်နှင့် ဒိဋ္ဌိဝိသုဒ္ဓိ အပိုင်း(၆)

နာမ်-ရုပ် မမြင်ရသေးတဲ့ အန္ဓ ပုထုဇဉ်တွေဟာ ဒါနတွေ ဘယ့်လောက် လက်ကိုင်ထားပြီး ပြုလုပ်နေသောလည်း နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သီလတွေ ဥပုပ်ရက်ရှည်တွေ ဘယ့်လောက်ဆောက်တည်နေသောလည်း နာမ်-ရုပ်မမြင်သေးရင်
နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ သမထကမ္မဋ္ဌာန်းဘက်က ဈာန်အဘိဉာဏ်တွေရ၍ မြေလျှိုးမိုးပျံနေကြတဲ့ ဗြဟ္မာကြီးတွေ ဖြစ်စေကာမူ နာမ်-ရုပ်မမြင်သေးရင် နိဗ္ဗာန်လမ်းစ မတွေ့ရဘူးတဲ့၊ နိဗ္ဗာန်ရည်မှန်းပြီး ဆုတောင်းနေသောလည်း မှောင်ထဲမှာ သွားနေတဲ့ လူလို လမ်းကိုမတွေ့ရသေးဘူးတဲ့၊ နာမ်နှင့်ရုပ်ကို မြင်မှသာ လမ်းကို တွေ့တော့မယ်ဆိုတာ ရှင်းရှင်းလေး မှတ်ပေးကြပါ ယောဂီတို့နော်။
(လင်္ကာ) “ဝိပဿနာ တရားပွါးများ အားထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မြင်၊ အငုပ်မှားလေးခုစင်၊ ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး နိဗ္ဗာန်ပေါက်လမ်းစပေး”။

ပြောင်းပြန်လှန်ပြီးပြောရင်တော့ “ဝိပဿနာ တရားပွါးများ အားမထုတ်ခဲ့ပါလျှင် နာမ်နှင့်ရုပ်ကို မမြင် အန္ဓပုထုဇဉ်တဲ့၊ ပုထုဇဉ်အကန်း ပုထုဇဉ်အမိုက် ပုထုဇဉ်အယုတ်လို့ဆိုလိုပါတယ်၊ ကန်းတယ်ဆိုတာ ဉာဏ်ကန်းတာကို ပြောတာနော်။ အန္ဓပုထုဇဉ် အပါယ်ခွင်မလွှတ်သေးတဲ့။ အန္ဓ ပုထုဇဉ်ဆိုတော့ ဒိဋ္ဌိမပြုတ်သေးဘူးတဲ့၊ ဒိဋ္ဌိမပြုတ်သေးရင် အကုသိုလ် ကံဟောင်းလည်းတင် ကံသစ်လည်း ဝင်၊ နောက်ဆုံးတော့ အပါယ်ကျ၊ အန္ဓပုထုဇဉ်သည် အပါယ်မလွှတ်သေးပါတဲ့။ ဒါန သီလ သမထ လက်ကိုင်ရှိသောလည်း အပါယ်ခွင် မလွှတ်သေးတဲ့၊ မလွှတ်သေးတဲ့နော်၊ ဒီစကားက အလွန်တာတယ်နော်။ ဒါန သီလ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် လူမင်း နတ်မင်းအထိဖြစ်လိမ့်မယ်၊ သမထ လက်ကိုင်ရှိလို့ အကျိုးပေးမယ်ဆိုရင် ဗြဟ္မာမင်းကြီးအထိဖြစ်လိမ့်မယ်၊ ဖြစ်စေလိုတဲ့ ပြုတဲ့သူရင်ထဲမှာ နာမ် အစဉ်မှာ ဒိဋ္ဌိကြီးပါမသွားဘူးလားနော်။ ဒိဋ္ဌိပါသွာတော့ ဒိဋ္ဌိက ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ အပါယ်လေးပါးက ဒိဋ္ဌိကြီးဖြစ်သောကြောင့် လူမင်းဖြစ်သော်လည်းကောင်း၊ နတ်မင်းဖြစ်သော လည်း ဘယ်ဘုံသားပါလဲ။
ဖြေ။ အပါယ်ဘုံသားပါဘုရား။

မေး။ ဒါဆို ဗြဟ္မာမင်းကြီးကော
ဖြေ။ အပါယ်ဘုံသားပါဘုရား။

ဒါကိုကြည့်တော့ လူ့ဘုံမှာ လူလာဖြစ်သောလည်း လူ့ဘုံသား၊ နတ်ဘုံမှာ နတ်လာဖြစ်တော့ နတ်သား၊ ဒီကနေ အပါယ်ဘုံသားကော မဖြစ်နိုင်ဘူးလား။
ဖြေ။ ဖြစ်နိုင်ပါတယ်ဘုရား။

မေး။ တိရစ္ဆာန်ကော ဖြစ်အုံးမလား။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

ဒိဋ္ဌိမပြုတ်သေးရင် ပြောတာနော်။ သတ္တဝါတိုင်းတော့ မဟုတ်ဘူးနော်။
မေး။ ပြိတ္တာကော
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ အသူရကာယ်နဲ့ ငရဲဘုံကော။
ဖြေ။ ဖြစ်နိုင်ပါသေးတယ်ဘုရား။

မေး။ ငရဲမကျအောင် ဘာလုပ်ကြမယ်။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါကြောင့် ဒိဋ္ဌိပြုတ်အောင် လုပ်ရမယ်နော်။ ဒါနသက်သက်နဲ့ ဒိဋ္ဌိပြုတ်အောင် လုပ်လို့မရဘူးနော်။ သီလ ဆောက်တည်နေရုံနဲ့လည်း မရဘူးနော်။ သဘောကျပြီလား။
ဒါဆို ဒိဋ္ဌိပြုတ်ချင်တယ်ဆိုရင် နာမ်-ရုပ်မြင်မှ ပြုတ်မှာနော်။ ဘုရားရှိခိုးနေရုံနဲ့မပြုတ်ဘူး။ ပုတီးစိပ်နေရုံနဲ့ မပြုတ်ဘူး။ တရားအားထုတ်မှ ပြုတ်မှာ၊ သူ့လမ်းနဲ့သူမှတ်ကြ။ ဒိဋ္ဌိရောဂါကြီး ပျောက်ချင်တယ်ဆိုရင် ဝိပဿနာဆေး နာနာသောက်နော်။ ဒါန သီလ သမထဆေး သောက်နေရုံနဲ့ကတော့ ဒိဋ္ဌိမပြုတ်နိုင်ဘူးနော်။ ဒိဋ္ဌိမပြုတ်သေးသမျှ အပါယ်လေးပါး ဘယ်တော့မှ မလွတ်သေးဘူးဆိုတာကို မှတ်ကြပေတော့။ ခွေးဖြစ်ရမှာလည်း ငါပဲ။ နွား ကျွဲဖြစ်ရမှာလည်း ငါပဲနော်။ ယောဂီတို့ရေ လင်းတဖြစ်တဲ့အခါ ခွေးသေကောင်ပုပ်ကို မြိန်မြိန်စားရမှာလည်း ငါပါပဲ မှတ်ထားကြပေတော့နော်။ မစားချင်ရင် ဘာလုပ်ရမလဲ။
ဖြေ။ ဝိပဿနာတရား အားထုတ်ရပါမယ်ဘုရား။

ဒါ့ကြောင့် မာန်လည်ဆရာတော်က “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင်” ဒိဋ္ဌိမကွာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘယ်သူ့ကို ပြောတာလဲ၊ ဆရာတော်က ကိုယ့်ကို ပြောတာလို့ နားလည်ထားနော်-ဟုတ်လား။ တရားနာတဲ့အခါမှာလည်း မိလက္ခကြီးလို နာရတယ်၊ မိလက္ခ ဒီနေ့ကစပြီး ဘုရားဟောထားသလို နေနော်။ အလုပ်တစ်ခုလုပ်မယ်ကြံရင် မစူးစမ်းမဆင်ခြင်ဘဲနဲ့ မောင်မင်းဘယ်တော့မှ မလုပ်နဲ့နော်၊ အမြဲတမ်းစဉ်းစားဆင်ခြင်ပြီးလုပ်ပါနော်။ တရားကိုလည်း မမေ့နဲ့နော်၊ ဒီလိုမျိုးနော်။ နောက်ပြီး တရားနာနေတဲ့အခါမှာလည်း ဆရာတော်က ငါ့ကိုရည်ရွယ်ပြီးဟောနေတာပါလား၊ ဒိဋ္ဌိမပြုတ်လို့ရှိရင် ငါ အပါယ်ကျတော့မယ်၊ ငါ အပါယ်ကျတော့မှာကို ဆရာတော်သည် စိုးရိမ်ပြီး မိဘသည် သားသမီးအပေါ် အင်မတန်ကောင်းစေချင်သည့်ဆန္ဒမျိုးလိုပါပဲနော်။ သြော်ငါ့ရင်တွင် နာမ်အစဉ်မှာရှိနေတဲ့ ဒိဋ္ဌိတစ်လုံးကို ပြုတ်စေချင်လွန်းလို့ ဆရာတော်ဟာ ငါ့ကိုရည်ရွယ်ပြောတာနော်၊ သူများကို ရည်ရွယ်ပြောတာမဟုတ်ဘူးလို့ စိတ်တွင်ထင်မှတ်၍ တရားနာကြနော်။ ဒီတော့ ဒိဋ္ဌိတစ်လုံးကို ရင်တွင် နာမ်အစဉ်မှာ လက်ခံထားလိုက်မယ်ဆိုရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတကားလို့နော်။
“သာဝဇ္ဇော ပုထုဇ္ဇနဘာဝေါ” - ပုထုဇ္ဇနဘာဝေါ ပုထုဇဉ်အဖြစ်နဲ့နေရခြင်းသည် ရင်တွင်နာမ်အစဉ်မှာ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်ရခြင်းသည် သာဝဇ္ဇော- အပြစ်တွေများလှပါတကား။
မြင်အောင်ကြည့်ကြပါ၊ အပြစ်များပုံကိုနော်။ ဒိဋ္ဌိတစ်လုံးကို လက်ခံထားလိုက်မိရင်တော့ မသိမှု အဝိဇ္ဇာကြောင့် အမိ အဖကို သတ်တဲ့ ကံတွေထိုက်တတ်တယ်၊ ဘေးကြီးတွေကို ကြုံရတတ်တယ်။ လွန်ကျူးမိတဲ့ အပြစ်တွေကလည်းလေ များများလာတာကိုလည်း မသိလိုက်ဘူးဖြစ်တတ်တယ်။ ဒါမျိုးတွေလည်း ဖြစ်တတ်သေးတယ်နော်။ ယခုချိန်ခါမှာ သမ္မာဒိဋ္ဌိအမျိုးကောင်းသားသမီးတွေဖြစ်ကြပေမယ့် တစ်နေ့ကျရင် ဒိဋ္ဌိ မပြုတ်သေးတော့ မိစ္ဆာဒိဋ္ဌိဖြစ်တတ်သေးတယ်နော်။
ယခုပင် သီလဝန္တဖြစ်နေသောလည်း တစ်ဘဝတွင် ဒုဿီလ၊ ယခုပင် ကရုဏာတရား မေတ္တာတရား ကိုယ်ချင်းစာတရား ရှိနေပါသောလည်း တစ်နေ့တွင် အင်မတန်ဆိုးဝါးယုတ်မာတဲ့ လူမျိုး ဖြစ်အုံးမယ်လို့ဆိုတာ မှတ်၊ ပုထုဇဉ်အဖြစ်နဲ့ ဒိဋ္ဌိတစ်လုံး လက်ခံထားခြင်းသည် အင်မတန်အပြစ်တွေများသတဲ့၊ ဒိဋ္ဌိတစ်လုံး လက်ခံထားမယ်ဆိုရင် ဘေးအမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ကပ်ဆိုးအမျိုးမျိုးကိုလည်း ရင်ဆိုင်တိုးတော့မယ်ဆိုတာ သေသေချာချာမှတ်ကြပါ။ ဒါ့ကြောင့် ရင်တွင်နာမ်အစဉ်မှာ ဝင်နေတဲ့ ဒိဋ္ဌိတစ်လုံးကို ဝိပဿနာနဲ့ နာနာဖြုတ်ကြပေတော့လို့ ဆိုလိုတယ်နော်။ “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင် လူတွင် စကြာ နတ်မှာ သိကြား (ဒါနသီလအရှိန်ခေါ်တယ်နော်) မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း (မိုးဖျား ဗြဟ္မာဆိုတာ ဘုံသုံးဆယ့်တစ် အထက်ဆုံး နေဝသညာနာသညာယတနဘုံမှာ ဖြစ်တဲ့ ဗြဟ္မာ၊ အဲဒါ ဈာန်ကုသိုလ်အရှိန်နော်) ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖေါက်လွှဲ ပါယ်ရွာ ရောက်မြဲခါတည်း”။ ဒီတော့ အပေါ်ရောက်အောင် ဒါန သီလ သမထက မြှောက်တင်လိုက်တယ် နောက် ဘယ်တွေရောက်သွားမလဲ။
ဖြေ။ အပါယ်ကျကုန်ပါပြီဘုရား။

မေး။ အောက်ပစ်ချလိုက်တာက ဘယ်သူ့လက်ချက်လဲ။
ဖြေ။ ဒိဋ္ဌိလက်ချက်ပါဘုရား။

မေး။ ကြောက်စရာကောင်းသလား။
ဖြေ။ ကောင်းပါတယ်ဘုရား။

ဥပမာ စွန်လေးနဲ့တူသတဲ့။ လေတိုက်တဲ့အခါမှာ စွန်လေးသည် ကောင်းကင်မှာ ဝဲဝဲ ဝဲဝဲနဲ့ တက်မနေဘူးလား။ တက်နေတယ်နော်၊ ဘယ်လောက်ပင် တက်နေသောလည်း အောက်ကကြိုးတန်းလန်းနဲ့ ဆွဲထားတာကြည့်၊ စွန်ကလေးရဲ့ လူမင်း နတ်မင်း ဗြဟ္မာမင်းတွေနဲ့ တူပါတယ်၊ လေလေးနဲ့ ဒါန သီလ သမထကုသိုလ်အရှိန်နဲ့ တူပါတယ်။ ကြိုးလေးနဲ့ ဒိဋ္ဌိနဲ့ တူပါတယ်၊ မြေကြီးနဲ့ အပါယ်လေးပါးနဲ့တူပါတယ်။ စွန်လေး ဘယ်လောက်ပင် ကောင်းကင်ပေါ် တက်နေသောလည်း မြေကြီးကနေပြီး ကြိုးက ဆွဲချ လိုက်ရင် အောက်ကိုကျလာသလို မြင့်မားတဲ့ ဘုံဘဝတွေ ရောက်နေသောလည်း ရင်ထဲမှာရှိတဲ့ ဒိဋ္ဌိက ဆွဲချလိုက်ရင် အပါယ်ထဲသို့ ဇောက်ထိုးကျ ကြရပေတယ်နော်။
ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ် (လယ်တီ)ဆရာတော်က မိန့်တော်မူပြန်တယ်နော်။ ဒိဋ္ဌိမကွာသမျှတော့ ယခုမရောက်သေးသော်လည်း တစ်နေ့ကျတော့လည်း အပါယ်လေးပါးတော့ ရောက်အုံးမယ်တဲ့နော်။ ဒိဋ္ဌိသက်က္ကာ မကွာသမျှ လေးဝအပါယ် ရောက်ဦးမယ်၊ နင်ဝယ်သတိထား သို့အလားကြောင့် မြတ်ဘုရားက ရင်ဝလှံစူး ထိပ်ဦးမီးလောင်သူကဲ့သို့ မရှောင်အဟုတ် နောက်မဆုတ်ပဲ ဝိပဿနာ အလုပ်အားထုတ်ရန် သဘောကို “သတ္တိယာ ဝိယ သြမဋ္ဌော” ဟု ဟောကြားခဲ့လေသတည်း။
သာဓု သာဓု သာဓုပါဘုရား။

ဝိပဿနာတရားအလုပ်ကို လုပ်မယ်ဆိုရင် တစ်ဖဝါးမှ နောက်မဆုတ်ပါဘဲ မြန်မြန်ကြီးသာ အားထုတ်ပါတဲ့။ အလွှန်အရေးကြီးတယ်၊ ရင်ဝမှာ လှံစူးသော ပုဂ္ဂိုလ်ထက်လည်း အရေးကြီးတယ်တဲ့နော်။

သတ္တိယာ ဝိယ သြမဋ္ဌော၊ ဒယှမာနောဝ မတ္တကေ။
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတော ဘိက္ခု ပရိဗ္ဗဇေ။
သတ္တိယာ- အသွားနှစ်ဖက် မြမြထက်သည့် လှံသွားကြီးဖြင့်၊ သြမဋ္ဌော-လည်မျိုရင်ဝ စူးရှ၍ နေသော လူတစ်ယောက်သည်၊ ပဟာနာယ လုလ္လထန်ပြင်း စူးသောလှံကို မြန်မြန်ကြီး ပယ်နှုတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-အရေးတကြီး မြန်မြန်ကြီးအားထုတ် ပြုကျင့်လိုက်ရဘိသကဲ့သို့၎င်း၊ မတ္တကေ-အမြတ်တင်ရွက် ဦးထိပ်ထက်၌၊ ဒယှမာနော-အလျှံတပြောင်ပြောင် မီးတောက်လောင်ခံနေရသော လူတစ်ယောက်သည်၊ ပဟာနာယ-ပြင်းစွာလောင်နေသောမီးကို မြန်မြန်ကြီးငြိမ်းသတ်ဖို့ရာ အလို့ငှါ၊ ပရိဗ္ဗဇဝိယ-နေ့ညမယုတ် အားထုတ်ဘိသကဲ့သို့ ၊ တထာ-ထို့အတူ၊ ဘိက္ခု-သံသရာဘေး လာမည့်အရေးတွေကို မြှော်တွေးကာ သင်သူတော်ကောင်းအပေါင်း တို့သည်၊ သက္ကာယဒိဋ္ဌိ ပဟာနာယ-အပါယ်နှင့် ဆက်နွယ်နေသည့် သက္ကာယဒိဋ္ဌိ နှစ်ဆယ်ကိလေသာ တရားဆိုးကို မြန်မြန်ကြီးပယ်ဖို့ သတ်ဖို့ အလို့ငှါ၊ သတော-ဣနြေ္ဒခြောက်ပါး တံခါးခြောက်ပေါက်၌ အကုသိုလ်တွေ မဝင်နိုင်အောင် အမြဲတမ်းစောင့်ရှောက်သည့် အလေ့ သတိ ဘယ်သောအခါမှ မမေ့ရသည် ဖြစ်၍၊ ပရိဗ္ဗဇေ-ဝိပဿနာအလုပ်နဲ့ တွေ့သည့်နေ့ပင် နောက်မဆုတ်ပါပဲ မြန်မြန်ကြီး နေ့ညမယုတ် အားထုတ် ပြုကျင့်ရတော့သည်သာလျှင်သတည်း။
သာဓု သာဓု သာဓုပါဘုရား။

တစ်သံသရာလုံးတွင် လုပ်ဆောင်ခဲ့ကြတဲ့ စီးပွါးရေးတွေ၊ လောကီကိစ္စ အဝဝ တွေကို တရားအားထုတ်ပြီးတဲ့ အခါမှသာလျှင် လုပ်သင့်လုပ်ထိုက်တော့သည်သာလျှင်တည်း။
သာဓု သာဓု သာဓုပါဘုရား။

0 comments:



Read more...

ကြောက်စရာကောင်းသော ဆေးပြားများ (Date rape drugs)

ရေးသားသူ ထူးပ Monday, September 28, 2009

Stanley ရေးသားသော Date Rape Drugs ကို ဖတ်ရတော့ အရမ်းကို အကျိုးများစေရာ ဗဟုသုတလေးတစ်ခုလို့ မှတ်ယူမိလိုက်ပါတယ်။ ဒါကြောင့်လည်း အများကို ထပ်ဆင့်ဖော်ပြပေးသင့်တယ်လို့ထင်၍ ဖော်ပြလိုက်ပါတယ်။ ယနေ့မြန်မာပြည်မှာ ဒီလိုဆေးမျိုးကို သိသူလည်း အတော်အတင့်ရှိနေပါတယ်။ မသိသေးတဲ့ မကြားဖူးသေးတဲ့ အပျိုဝင် မြန်မာအမျိုးသမီးများ သည်လည်း အထူးဂရုထားသင့်တာမို့ အကျိုးများစေဖို့ရာ ရည်ရွယ်တင်ပြထားတာပါ။

အကောင်းဖက်ကတွေးတော့ သိရင် အန္တရာယ်မှ ရှောင်ရှားစေဘို့ ဆိုပေမယ့် အဆိုးဖက်ကတွေးတော့ မသမာစိတ်ရှိသူများကို လက်တို့သလို ဖြစ်သွားမှာကိုလည်း စိုးရိမ်စိတ် ၀င်မိပါတယ်။ သို့ပေမယ့် အကျိုး နဲ့ ဆိုးကျိုးကို ချိန်ထိုးကြည့်ရင် အကျိုးရှိစေတာက ပိုမယ်လို့လည်း ယုံကြည့်ပါတယ်။ အမျိုးသမီးထုအနေနဲ့ မိမိရဲ့ အနီးပတ်ဝန်းကျင်က အမျိုးသမီးများကို လက်ဆင့်ကမ်း ပြန်လည် လက်တို့၍ ပြောပြစေချင်ပါတယ်။ ကိုကျော်သက်လတ် ဘလော့ဂ်မှာ English လိုတင်ထားတာကို တွေ့မိပါတယ်။ ဖတ်ချင်ရင် ဒီမှာ သွားဖတ်နိုင်ပါတယ်။ ဒီထက်ပို လေ့လာချင်ရင်တော့ Internet google search မှာ Date rape drugs လို့ရိုက်ထည့်ပြီး ရှာလိုက်ရင် သိကောင်းစရာအများကြီးကို ဖတ်ရှု့နိုင်ပါတယ်။

ဒီပို့စ်လေးကို ကိုကျော်သက်လတ်ရဲ့ဘလော့ဂ်မှာတွေ့တာ အတော်ကြာပါပြီ။ အဲဒီတုန်းက ပြန်တင်ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပေမယ့် မတင်ဖြစ်ခဲ့ပါဘူး။ အခုမှပဲ တင်ဖြစ်တော့တယ်။

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊ လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
  • GHB (Gamma Hydroxybutyric Acid)
  • Rohypnol (Flunitrazepam)
  • Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။
Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟု အသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault) ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင် ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်

GHBGHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့် ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။

RohypnolRohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။
KetamineKetamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။


ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ
ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင် ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည် ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့် အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမို ထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ
  • အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း
  • အိပ်ချင်မူးတူးဖြစ်ခြင်း
  • မူးဝေခြင်း
  • မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
  • အမြင်ေ၀၀ါးလာခြင်း
  • သတိလစ်ခြင်း
  • လေဖြတ်သကဲ့သို့ဖြစ်ခြင်း
  • ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း
  • အသက်ရှူရန် ခက်ခဲခြင်း
  • တုန်တုန်ယင်ယင်ဖြစ်ခြင်း
  • ချွေးထွက်ခြင်း
  • အော့အန်ခြင်း
  • နှလုံးခုန်နှုန်း နှေးကွေးခြင်း
  • အိပ်မက်ကဲ့သို့ ခံစားရခြင်း
  • သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)
  • သေဆုံးခြင်း
Rohypnol ၏ အာနိသင်များ
  • ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း
  • သွေးပေါင်ချိန်ကျခြင်း
  • အိပ်ချင်လာခြင်း
  • ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း
  • အရက်မူးသကဲ့သို့ဖြစ်ခြင်း
  • မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း
  • စကားမပြောနိုင်တော့ခြင်း
  • လှုပ်ရှားရန် ခက်ခဲလာခြင်း
  • အသိစိတ် ပျောက်ဆုံးခြင်း
  • ဇဝေဇ၀ါဖြစ်ခြင်း
  • အမြင်ေ၀၀ါးလာခြင်း
  • မူးဝေခြင်း
  • အစာအိမ် မအီမသာဖြစ်ခြင်း
Ketamine ၏ အာနိသင်များ
  • စိတ်အာရုံချောက်ခြားခြင်း
  • အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း
  • အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း
  • မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း
  • လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း
  • အသက်ရှူရန် ခက်ခဲလာခြင်း
  • အူတက်အောင်ရယ်ခြင်း
  • အော့အန်ခြင်း
  • ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း
  • မှတ်ဉာဏ်ထိခိုက်ခြင်း
  • အိပ်မက်ကဲ့သို့ ခံစားရခြင်း
  • ထုံထိုင်းခြင်း
  • လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း
  • အမူအရာ ကြမ်းတမ်းလာခြင်း
  • စကားသံ ဗလုံးဗထွေးဖြစ်ခြင်း
ဒီဆေးတွေ တရားဝင်သလား?
ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။
Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။ တိရစ္ဆာန်များတွင် အများဆုံး အသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရကြောင်း သိရသည်။
GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။


ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ?
  • ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေ စသည့်အရည်များအား မသောက်ပါနှင့်။
  • အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
  • ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍ အိမ်သာသွားလျှင်ပင် ယူသွားပါ။
  • အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့် ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။ (မိန်းကလေးတွေ သင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ ဆေးခတ်ထားနိုင်ပါတယ်။)
  • ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။
  • အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
  • ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည် အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင် နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာ ခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
  • တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။
  • အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏ အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။
  • အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်း မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီနိုင်ပါသည်။
  • သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။
  • သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှ လက်မခံပါနှင့်။
  • သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။
    အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။
  • ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။
  • အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည် နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟု ထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။
  • အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့် အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
  • တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီ ရယူပါ။ လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိရန် အရေးကြီးပါသည်။
  • သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်
အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။


Ref: http://kyawthetlatt.blogspot.com/, “Date rape drugs”
(အခုတော့ အဲဒီ Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထား စမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို www.collegesafe.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။)
|

Read more...

What is Buddhism? (အပိုင်း ၉)

What is Meditation?

Meditation refers to the mental activity of sustaining conscious awareness on one thing, perception, concept, process or sensation. This may be, for example, the process of breathing, an external object, the concept and emotion of loving-kindness, a meaningful word, a physical sensation or the perception of impermanence Meditation can be done in any posture, but the most common ones are sitting cross-legged and walking back and forth. As mindful attention becomes increasingly continuous, the dispersed and distracted energy of the mind becomes more focused and clear. The act of sustaining awareness calms and soothes both the body and mind, while the focusing of attention energizes and brightens the mind.

The deeper the meditation becomes, the more quiet, still and blissful one feels. This cleansed and purified awareness, developed through repeated training, yields extraordinary clarity of mind. One begins to see things as they truly are, beyound the limitations of conditioned perceptions and habitual thought patterns. As one sees clearly, wisdom is born, and thus serenity and insight form an inseparable pair that are gradually cultivated through meditation.

(to be continued.....)

What is Buddhism? (အပိုင်း ၁)

What is Buddhism? (အပိုင်း ၂)

What is Buddhism? (အပိုင်း ၃)

What is Buddhism? (အပိုင်း ၄)

What is Buddhism? (အပိုင်း ၅)

What is Buddhism? (အပိုင်း ၆)

What is Buddhism? (အပိုင်း ၇)

What is Buddhism? (အပိုင်း ၈)



Read more...

ဓါတ်ကြီး (၄)ပါးတရားတော်


069-DATKYEE4BAR.mp3 -


Read more...

သမီးလေးအတွက်မွေးနေ့လက်ဆောင်(တတ်သိလိမ္မာအရာရာ-ချမ်းသာအေးမြမှာ)

ချစ်လှစွာသော သမီးလေးရေ…

လွန်ခဲ့တဲ့ ၆ နှစ်လောက် က အဝေးကို ထွက်ခွာသွားမဲ့ မိခင်တစ်ဦးကို ရေနဲငါး-ဖြစ်ရပါတော့မယ် ဆိုတဲ့ အကြည့်များစွာ ကချောက်ခြားစေခဲ့တာ အမှန်ပါ။ ဒါတွေကို မေမေ ကကြိုးစား လွှဲဖယ်ရင်း ၊ အားတင်း ထွက်ခွာခဲ့ရတဲ့ မေမေ ဟာ နာကျင်မှုတွေ အပြည့်နဲ့ပါ သမီးရေ..။

၂၀၀၈ ခုနှစ်-မေမေ ဟာမြန်မာပြည်ပြန်လာတဲ့ အချိန်မှာ I love you Mummy လို့ ပါတဲ့စာတန်းကို အသေအချာ မြင်သာအောင် လှပစွာ ထုပ်ပိုးထားတဲ့ မျက်နှာသုတ်ပုဝါ ပန်းရောင်လေးကို ကိုင်ပြီး ကြိုဆိုခဲ့ တဲ့ သမီးလေးဟာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိလှစွာ ချမ်းမြေ့ ရွှင်လန်းနေပါရောလား။ တစ်ချို့ သစ်ပင်တွေ အတွက် အရိပ် ဆိုတာ ပျိုးခင်းသစ် ဖြစ်တည်ဘို့လိုအပ်ပေ မဲ့ ကြီးထွားရှင်သန်ချိန် ကျတော့ လောင်းရိပ် ဖြစ်တတ်ပေသည်ပဲ။


သမီးလေး စုမြတ်ရတနာ ဟာ မေမေ့အတွက် ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဘ်ရတနာ တစ်ပါးလို့လည်း မေမေ က တင်စား၊ထင်စားဝံ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေမေ ကများစွာ သင်ကြားစရာမလိုပါပဲ အလိုအလျောက် လိမ္မာပြီးသားဖြစ်နေတာကိုး။ မေတ္တာ ၊ကရုဏာ ၊ စေတနာ ၊ သဒ္ဓါ တရား ဆိုတာ သမီး ရဲ့ ပင်ကိုယ် ဥစ္စာ ရတနာ လို မွေးရာပါ ဖြစ်နေတာ မေမေ က ပြန် ပြီးလေးစားရပါသေးတယ် သမီးလေးရေ..။

(ကျွန်မ မောင့်ကို မရရတဲ့ နည်းနဲ့ သွေးဆောင် ဖျားယောင်းတော့မယ် မောင်)ဆိုတဲ့ စကားလုံးလေး၊နဲ့ လွတ်လပ် ပွင့်လင်းတဲ့ ၊ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စာရေးဆရာမ ရဲ့ ဝတ္ထုတွေ ဟာ မေမေ တို့ တက္ကသိုလ် တက်တုံးက ခေတ်စားခဲ့၊လွှမ်းမိုးခဲ့သပေါ့ ။ မေမေ ကဖတ်တော့ဖတ်ခဲ့ဘူးပါတယ်။ မေမေ ကသမီးလေးကိုရရှိ ပိုင်ဆိုင် ခဲ့တဲ့ အချိန်မှာတော့ အဲဒီ စကားလုံး ကြီး တွေကို တတ်နိုင်သလောက် အဝေးကို တွန်းဖယ် ပစ်ချင်နေခဲ့ မိတယ်။ သမီး လေး ကို အဲလို မရဲရင့်စေချင်ဘူး။ မပွင့်လင်းစေချင်ဘူး၊ မဖော်ထုတ်စေချင်တာ အမှန်ပါ။ မေမေတို့ ဗုဒ္ဓ ခေတ် က မိန်းမသားတွေ ထဲမှာ မိန်းမ က စခဲ့ပါတယ်ဆိုတဲ့ ဇာတ်လမ်းတွေရှိတာ… အထင် ကရဆိုရင် မေမေမှတ်မိနေခဲ့တာ..။
ယသော်ဓရာအလောင်း သုမိတ္တာ နဲ့ ဘဒ္ဒါ ကုဏ္ဍလ ကေသာ ပေါ့ ။ သုမိတ္တာ ကတော့ ဒီပင်္ကရာ ဘုရား ရှေ့မှောက်မှာ သိရှိကြားနာခဲ့ ရတဲ့ လေးသင်္ချေ ကမ္ဘာ တစ်သိန်း ကာလကြာအောင် လျှောက်လှမ်းရမဲ့ ပါရမီတော် ခရီး မှာ အဓိ ကကျတဲ့ ဇာတ်ဆောင် အဖြစ် ပါဝင်ကပြခွင့် ကို အနစ်နာ ခံ တဲ့ေ မတ္တာတရား နဲိ့တောင်းဆိုလိုက်တာပါ။ပါလာတဲ့ ကြာပန်းရှစ်ခိုင် ကို တကယ့်ဘုရားရှင်ကို ကိုယ်တိုင် ဆက်ကပ် လှူဒါန်းခွင့်ရနေတာတောင် သူ ကသုံးခိုင်သာယူခဲ့ လှူခဲ့တယ်။သုမေဓာ အရှင်ရသေ့ကို ကြာငါးခိုင်ပေးလှူ ပြီးပြတ်သားရဲရင့်ခဲ့တာပဲ။ တကယ် လည်း ထိုက်တန် ခဲ့ ။လှပခဲ့ အဓိကကျခဲ့ ပါတယ်။


မေမေ ကြောက်တာ ဘဒ္ဒါ ကုဏ္ဍလ ကေသာလိုလေ..သူကလည်း လွတ်လပ် ပွင့်လင်း တဲ့ ရဲရင်ပြတ်သား တဲ့ အချစ် ရှိလို့နေခဲ့တယ်။ သူကတော့ တဏှာ မြွေ ကိုက် ခဲ့တာ ကိုး။ ဘုံနန်းပြသာဒ် အပေါ်ထပ်ကနေ ခိုးသားကြီးကို စွဲလမ်းတော့တာ ပဲသမီးရေ..။ရူပတဏှာ နော် သမီး ဘယ်လောက်ဆိုးသလဲ။ ငါ့မှာဆင်းရဲမယ်၊ အရှက်ကွဲလိမ့်မယ်။ မတော်ဘူး တော်တယ် ဘာမှ မသိဘူး။ အဝိဇ္ဇာ အမှောင်က ဖုံးထားလို့ ၊ပိတ်ထားလို့ တဏှာ ကစွဲလမ်းတယ်။ မေမေတို့ အမရပူရ က ရေဥူး ကျောင်းဆရာတော် ဘဒ္ဒ န္တပဏီတ ဆရာတော် ဆုံးမ တာမှတ်ထားပါ သမီးလေးရေ..။
( မသိလေဆိုး၊ မိုက်အားကိုး၊
ဆင်းရဲမျိုး များစွာ- သိတတ်လိမ္မာ ၊
အရာရာ ၊ချမ်းသာအေးမြမှာ။
ကောင်းနိုးနိုး နှင့် ကျိုးကြောင်းမမြင် ၊
တဏှာ ပင်မ၊ ခက်လှသည်ပင်၊ ရစ်ဝဲ ရစ်ဝဲ ဆင်းရဲ ပယ်ခွင်
ထွက်ရာလမ်း၊မျှော်မှန်း ကြံဆင်ခြင်။)

မိဘတွေ က အသပြာ တစ်ထောင်ပေးလို့ ကြံဆောင်ပေးရရှာပါတယ်။ နဂို အဖေ၊ အမေ နဲ့နေတုံး ကတော့ ဝတ်ကြီးဝတ်ငယ် ပြုရမယ်မှန်းနားမလည်ဘူး။ သတ္တုက ခိုးသားကြီးကျတော့ ဝတ္တရားတွေ ကျေပွန်လိုက်တာ၊ တဏှာ အစွဲ အလမ်း ကြီးလေလေ ရှုံးလေလေပါပဲ။ အချစ်များလေ ဆင်းရဲလေလေပါ ။
သူက ကိုယ်ချစ်ကို ရှာ မိသကိုး။ ဇာတ်လမ်လေး က သမီးသိပြီးသားပါ။ လူမိုက် တို့ ထုံးစံ အတိုင်း မချစ်မနှစ်သက်တဲ့ သူနဲ့ အတူနေရတာ ကျဉ်းကြပ်လာတယ်။ လက်ဝတ်လက်စားတွေယူ အသေသတ်ဘို့ကြံစည်တော့တာပါပဲ။ ပရိယာယ် နဲ့ မြို့ပြင် ခေါ် သွား သတ်ဘို့ လုပ်ပါတော့တယ်။ တဏှာ ကို လက်ခံမိတာနဲ့ ဆင်းရဲဒုက္ခ မျိုးစုံတွေ့ရတာလေ..။ တကယ့် အသက်ဘေး ကြုံလာတော့ သူ့ကိုချစ်တဲ့တဏှာ ထက်ကိုယ့်ကိုကို ချစ်တဲ့ တဏှာ ကယိုင်လာ တော့တာပေါ့။ မိန်းမတို့မာယာ နဲ့ လှည့်ပတ်ပြောဆိုပြီး ချောက်ထဲ တွန်းချလိုက်တာ သမီးရေ..။ မယ်ဘဒ္ဒါ အမြင်မှန်လာတာ သူ့တဏှာ ပြုတ်သွားလို့ပါ။ မဟုတ်ရင်သူ ကသေရမှာ။ မိဘ အိမ် ပြန်ရမှာ ရှက်တဲ့ မယ်ဘဒ္ဒါလေး က ပရိဗိုဇ် ကျောင်းရောက်သွားတယ်။ အဲဒီ ကနေ ပုစ္ဆာ တစ်ထောင်တတ်လာတာပေါ့။ ပညာကလည်းတတ်လာတော့ မာန ကခပ်ကြီးကြီးပေါ့သမီးရယ်။ ပညာ ပြိုင်ရင်းစိန်ခေါ်ရင်းနောက်ဆုံး အရှင်သာရိပုတ္တရာမထေရ် မြတ်ကြီး နဲ့တွေ့ ရပါတော့တယ်။ အရှင်မြတ်ကြီးရဲ့မေးခွန်းကို မဖြေနိုင်တဲ့ ဘဒ္ဒါလေးဟာ နည်းပညာခံယူဘို့ နောက်ကို လိုက်ခဲ့ပါတယ်။ ဘိက္ခု နီ မများကျောင်းပို့။ ကမ္မဋ္ဌာန်းပေး အလုပ်လုပ်တဲ့ အခါကျတော့ ရဟန္တာမ ဖြစ်သွားရပါတော့တယ်။ ပညာ အရာ မှာ ထူးထူး ချွန် ချွန် နဲ့အဘိဉာဉ် များလည်းရသွားပါတော့တယ်။

( ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝိကာနံ ဘိက္ခူနီနံ ခိပ္ပါ ဘိညာနံ ယဒိဒံ ဘဒ္ဒါ ကုဏ္ဍလကေသာ ) လို့ဆိုပြီး ဘုရားရှင် က ဧတဒဂ် ဘွဲ့ထူးပေးတော် မူပါတယ် သမီးလေးရေ..။ ဘဝ အဆက် ဆက် ကဖြည့်ကျင့်ခဲ့တဲ့ ပါရမီ ပါသော်လည်း တဏှာ ပူးဝင်ပြီး အသက်ဘေးထိ ကျရောက် ခဲ့ရတာ။ တဏှာ ကြောင့်အလွန် ဆင်းရဲပုံ၊ တဏှာ ဖြတ်တော့ချမ်းသာပြီး ဈာန် အဘဉာဉ် တန်ခိုးကြီးကြီးကျယ် ကျယ် ရတဲ့ ဘိက္ခုနီမ ၊ အာသဝေါကင်းတဲ့ ရဟန္တာမ ဖြစ်သွားခဲ့ တာတွေ ကို သင်္ခန်းစာယူရင်း မေမေတို့ သူတော် ကောင်းတရားတွေ ကြိုးကြိုးးစားစားအားထုတ်ကြဘို့မေမေ က မွေးနေ့ မှာ စကားလက်ဆောင် ပေးချင်မိပါတယ် သမီးရေ..။ အရင် နှစ်တွေက လိုမွေးနေ့လက်ဆောင်ဟာ Pooh အရုပ် မဟုတ်တော့ တာ (၁၇) ဆိုတဲ့ ကိန်းဂဏန်းရောက်ရှိနေခဲ့ လို့ဆိုတာ-သမီးလေးရိပ်မိ မှာ ပေါ့နော်။


(နဟိ သဗ္ဗေသု ဌာနေသု-ပုရိသော ဟောတိ ပဏ္ဍိတော
ဣတ္ထီပိ ပဏ္ဍိတာဟောတိ- တတ္ထ တတ္ထ ဝိစက္ခဏာ)

မိန်းမ တွေ အ-တယ် လို့ဆိုပေမဲ့ တကယ် အချက်ကျတော့ ပန်းတိုင် ကျတော့သူက ပန်းခူးသွားတယ် ဆိုတဲ့ တောစောင့်နတ်က ဘဒ္ဒါ ကို ချီးကျူးတဲ့ ဂါထာလေးကို တော့ မေမေ က သတိတရ-ရွတ်ဆို ပြီး မွေးနေ့လက်ဆောင် ပေးလိုက်ပါတယ် သမီးရေ..။ အရာရာ ဉာဏ်နဲ့ ယှဉ် ဆုံးဖြတ်နိုင်ပါစေ။


(အမရပူရ-ရေဥူးကျောင်းဆရာတော်- ဘဒ္ဒန္တ ဣဿရာလင်္ကာရာဘိဝံသ ရေးသားသော ခိပဘိဉာဧတဒဂ်ရ ဘဒ္ဒါကုဏ္ဍလ ကေသာ ထေရီ ဝတ္ထု ကို မှီငြမ်းရေးသားပါသည်။)





Read more...

မျှတသော အသက်မွေးခြင်း...



ပဌမ သမဇီဝီသုတ် - (မျှတသော အသက်မွေးခြင်း)

တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန်...

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ်
သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်နှင့် နကုလမာတာသူကြွယ်မတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် နကုလပိတာ သူကြွယ်သည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာ သူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာ သူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါ ကုန်၏'' ဟု လျှောက်၏။

နကုလမာတာ သူကြွယ်မကလည်း မြတ်စွာဘုရားအား ''အသျှင်ဘုရား နကုလပိတာ သူကြွယ်သည် ငယ်ရွယ် စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာ သူကြွယ်ကို လွန်၍ ကျင့်မိသည် ဟု တပည့်တော်မ မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လို ပါကုန်၏'' ဟု လျှောက်၏။

ဒါယကာတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊ တူမျှသော ပညာ ရှိကုန်ရာ၏၊ ယင်းသို့ ဖြစ်သော် ထို လင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့ ဟု မိန့်တော်မူ၏။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ ကိုယ် နှုတ် နှလုံးကို စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။

တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလ ရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည် လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန် သတည်း။ 55

၅ - ပဌမ သမဇီဝီသုတ်၊ ပညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP