* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။
ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။
ပညာရေးအလှူတော် နှိုးဆော်ချက်
ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com
winthu.tbyo@gmail.com
thantzin83@gmail.com
Monday, September 14, 2009
တရားထိုင်မည့်သူ
ကျွန်တော် တရားထိုင်ခြင်းနဲ့ပတ်သက်ပြီး ရေးတဲ့အခါ သညာသိနဲ့ ရေးတာမို့လို့ အမှားပါခဲ့ရင် ထပ်မံပြင်ပေးကြပါဦးလို့ ကြိုပြီး ပြောလိုက်ပါရစေ။ ဒါပေမယ့် တကယ်ပဲ တရားမထိုင်ဖူးဘဲ သညာသိနဲ့သိတာမို့လို့ ကိလေသာ ၁၀ ပါးက ကျွန်တော့ကို တင်းပြည့်ကျမ်းပြည့် နှိပ်စက်နေပါတယ်။ အဲဒီအခါ ကျွန်တော် ပြန်ပြောတာ ဒေါသသံတွေ ပါနေပါလိမ့်မယ်။ အဲဒါကလည်း မာနဆိုတဲ့ ကိလေသာက ခေါင်းထထထောင်နေလို့ပါ။ မောဟရဲ့ နှိပ်ကွပ်မှုအောက်က မလွတ်မြောက်သေးတဲ့ သင်္ကေတတွေပေါ့။ အတ္တကို တဏှာ၊ မာနနဲ့ ဒိဋ္ဌိက တင်းတင်းကြပ်ကြပ်ဖက်ထားခြင်း ခံရတယ်လေ။
သီလ မစင်ကြယ် စိတ်မစင်ကြယ်ရင် တရားမထိုင်သင့်သလို ကျွန်တော် ရေးလိုက်တယ်။ ဒီနေရာမှာ ကျွန်တော်က ကျွန်တော့်အပိုင်းကို ထည့်ပြောလိုက်သလိုဖြစ်သွားပါတယ်။ တရားထိုင်တယ် ဆိုတာ ခုဘ၀မှာ မဂ်ဖိုလ် မပေါက်နိုင်လည်း အထုံရနိုင်သလို ခေတ္တငြိမ်းချမ်းခွင့်လည်းရပါတယ်။ ဓမ္မပဒမှာ စူဠပန္ထကဟာ သံသရာတစ်ကွေ့မှာ ရဟန်းတစ်ပါးကို ကဲ့ရဲ့ဖူးလို့ ဒီဘ၀မှာ စာလေးလေးကြောင်း ကျက်တာကို မရလောက်အောင် ဉာဏ်ထိုင်းပါတယ်။ ဒါပေမယ့် ဘုရင်ဖြစ်ဖူးတဲ့ ဘ၀တစ်ခုမှာ နဖူးပေါ်ကျလာတဲ့ ချွေးကို ပုဝါအဖြူနဲ့ သုတ်လိုက်တော့ ပုဝါမည်းညစ်သွားတာကို ကြည့်ရင်း အော် အရာအားလုံးဟာ မမြဲပါလားလို့ သံဝေဂ ပြင်းပြင်းထန်ထန်ရဖူးတဲ့ အထုံနဲ့ ဒီဘ၀မှာ ဘုရားရှင် ဖန်ဆင်းပေးထားတဲ့ လက်ကိုင်ပုဝါကို ပွတ်ချေရင်း မဂ်ဖိုလ်ရခဲ့သူဖြစ်ပါတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် တရားထိုင်သင့်ပါတယ်။ အထုံလေး ဖြစ်အောင်ပေါ့ဗျာ။ စိတ်ကလေး ခေတ္တငြိမ်းချမ်းအောင်ပေါ့။ ဒါပေမယ့် တရားမထိုင်ခင်လေး ဘာလို နေထိုင်သင့်သလဲ ဆိုတာလေး သိထားရင် ပိုကောင်းတာပေါ့။
ကဲ တရားထိုင်မည့်သူရဲ့ တရားမထိုင်ခင် ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်လဲ။ အခြေခံ ကောင်းအောင် ဘယ်လို လုပ်ရမလဲ။ အချက် ၁၄ ချက်နဲ့ ပြောရမယ်။ အချက် ၁၄ ချက်ဆိုတာနဲ့ကို စိတ်မ၀င်စားတော့ပါဘူး။ ကျွန်တော်ဆို အချက် အလက်တွေနဲ့ ဆိုရင် ခေါင်းကို ငြီးစီစီကို ဖြစ်ရော။ ဘာဖြစ်လို့လည်းဆိုတော့ အချက်အလက်တွေနဲ့ ပြောတာတို့က တကယ် မျက်စိရှုပ်စရာ သိပ်ကောင်းလို့ပါပဲ။ ဒါပေမယ့် နည်းနည်းတော့ စိတ်ဝင်စားမလား မသိဘူး။ ကျွန်တော်ပြောမယ့် ၁၄ ချက်က ဘုန်းကြီးတွေ ရွတ်ရွတ်နေတဲ့ မေတ္တသုတ်ဖြစ်လို့။ မေတ္တသုတ် စတင်ရာကိုတော့ အားလုံးသိပြီးသား ဖြစ်နေပါပြီ။ တောအုပ်တစ်ခုမှာ ရဟန်းငါးရာ တရားလာထိုင်တော့ နတ်တွေ နေစရာမရှိတာနဲ့ ခြောက်လွတ်တာလေ။ ခြောက်လွတ်လို့ တရားထိုင်လို့ မရတာနဲ့ ဇေတ၀န်ကျောင်းကို ပြန်ပြီး ဘုရားကို ပြန်လျှောက်ခဲ့ကြတယ်။ ဘုရားက ကျောင်းကနေ ထွက်ကတည်းက တောအုပ်ထဲရောက်တဲ့အထိ မေတ္တသုတ် ရွတ်ရင်း လမ်းလျှောက် သွားခိုင်းခဲ့တဲ့ အဖြစ်လေးပေါ့။ အဲဒီ မေတ္တသုတ်ထဲက အတိုင်း နေထိုင်မယ်ဆိုရင် တရားထိုင်တဲ့အခါ ပေါက်မြောက်လွယ်ပါတယ်။
၁။ စွမ်းနိုင်သူဖြစ်ရမယ်။ ဘယ်လို စွမ်းနိုင်ရမလဲ။ ယုံကြည်မှုမှာ ကြိုးပမ်းရာမှာ စွမ်းနိုင်ရပါမယ်။ ယုံကြည်မှုကတော့ နည်းနည်းအရေးပါတယ်။ ယုံကြည်မှုက ဘယ်လို ယုံကြည်မှုမျိုးလဲ ဆိုတာရှိသေးတယ်။ သံဝေဇနိယလေးဌာန ရောက်ရင် အပါယ်တံခါးပိတ်တယ်တို့ ပုဂံက စွယ်တော်လေးဆူရောက်ရင် ဆုတောင်းပြည့်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး လုံးဝ လုံးဝမဟုတ်ရပါဘူး။ ဘုရားရှင် ညွန်ပြတဲ့အတိုင်း လျှောက်ရင် နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို ပြောပါတယ်။ ကြိုးပမ်းမှုလည်း စွမ်းနိုင်ရမယ်ဗျ။ မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်ကြိုးပမ်းရမယ်။ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ထပ်မဖြစ်အောင် ကြိုးပမ်းရမယ်။ မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင် တားမြစ်ရမယ်။ ဖြစ်ပြီးတဲ့ ကုသိုလ်ကို ပွားအောင် ကြိုးပမ်းရမယ်ဗျ။
၂/၃။ ဖြောင့်မတ်ရမယ်။ အလွန့်အလွန် ဖြောင့်မတ်ရမယ်။ ဖြောင့်မတ်ရမှာက တစ်ခဏ ဖြောင့်မတ်ရမှာ မဟုတ်ဘဲ တစ်သက်လုံးဖြောင့်မတ်ရမယ်လို့ ဆိုလိုတာပါ။ မာယာ သာဌေယျလုံးဝ မရှိရဘူး။ လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မနေထိုင် မပြောဆို မတွေးခေါ်ရဘူး။ အဲဒီလို ဆိုလိုပါတယ်။ ခုခေတ်မှာတော့ အလွန့်အလွန် ကွေ့ကောက် တတ်ကြပါတယ်။ လက်ရှိ အခြေအနေ တစ်မျိုးကနေ အများအမြင်တစ်မျိုးဖြစ်အောင် တော်တော်များများလုပ်တတ်ကြပါတယ်။ ဒီ မာယာ သာဌေယျကလည်း တရားထိုင်ရင် အဆင့်မတက်နိုင်ပါဘူး။
၎/၅/၆။ ဆုံးမလွယ်ရမယ်။ နူးညံ့ပျော့ပျောင်းရမယ်။ မာန်မထောင်လွှားရဘူး – ဖြစ်ပါတယ်။ ရှင်ရာဟုလာကတော့ ဆုံးမလွယ်တဲ့အထဲမှာ စံပြပါပဲ။ ရှင်ရာဟုလာကို တစ်နေ့ ရဟန်းတွေ စမ်းတာခံရပါတယ်။ ရာဟုလာ လာနေချိန် လမ်းမှာ အမှိုက်တောင်းချထားပြီး “ဟေ့ ဘယ်သူ အမှိုက်တောင်းချထားတာလဲကွ” လို့ ရဟန်းတစ်ပါးက အသံခပ်မြင့်မြင့်လေး ပြောလိုက်တာကို ရဟန်းတစ်ပါးက “ရာဟုလာကို ဒီလမ်းမှာ မြင်တာပဲ” လို့ ပြန်လျှောက်တယ်။ ဒီအသံကို ရာဟုလာ ကြားတော့ “သည်းခံပါဘုရား၊ သည်းခံပါဘုရား” ဆိုပြီး အမှိုက်တောင်းကို နေရာတကျ သိမ်းလိုက်တယ်။ ဘယ်လောက် ဆုံးမလွယ်သလဲ။ ဘယ်လောက် နူးညံ့သလဲ။ ဘယ်လောက် မာန်မာနကင်းသလဲ။ အရှင်သာရိပုတ္တရာလည်း အတူတူပဲလေ။ ခုနှစ်နှစ်သား ကိုရင်လေးက အရှင်ဘုရား သင်္ကန်းဝတ်ထားတာ မညီဘူးလို့ ပြောတော့ ကွယ်ရာမှာ ပြန်ပြင်ဝတ်ပြီး ဒီလိုလေးဆိုညီပြီလား ဘုရားဆိုပြီး ကိုရင်လေးကို တကယ့်တကယ် ရိုကျိုးတဲ့ အနေအထားနဲ့ လက်အုပ်လေးချီပြီး ပြန်မေးခဲ့တာ။ ဆုံးမလွယ်လိုက်ပုံ။ နူးညံ့လိုက်ပုံ။ မာနကင်းလိုက်ပုံ။ ဒါမျိုးနေထိုင်မှ တရားထိုင်ရင် အဆင်ပိုပြေနိုင်မှာ။
၇/၈။ တင်းတိမ်ရောင့်ရဲလွယ်သူဖြစ်ရမယ်။ အသက်မွေးလွယ်သူ ဖြစ်ရမယ်။ ပျင်းတာနဲ့ တော့ မဆိုင်ဘူးနော်။ ရှာတတ်ရမယ်။ သို့သော် တင်းတိမ်ရမယ်။ မလိုအပ်တဲ့ အပိုလောဘတွေ မထားရဘူးလို့ ဆိုလိုတာ။ ကျောင်းမှာဆိုရင်လည်း ငါးဘာသာဂုဏ်ထူးမှန်းထားပေမယ့် သုံးဘာသာပဲရရင် မပူလောင်ရဘူး ရောင့်ရဲရမယ်။ ဘာလဲ။ ကိုယ့်ကံ ကိုယ့်ဉာဏ် ကိုယ့်ဝီရိယနဲ့ သင့်တော်တာပဲရတာလေ။ အသက်မွေးလွယ်တယ်ဆိုတာက မိသားစုမှာ “အော် ငါ့မိန်းမက သူတတ်သလို ချက်ပေးတာပဲ” ဆိုပြီး စားနိုင်ရမယ်။ မိန်းမဖြစ်သူက “အော် ငါ့ယောကျာ်း ၀င်ငွေ ဒီလောက်ရတော်ပေါ့။ သူစိတ်ချမ်းသာနေရင်ပြီးတာပဲ” လို့ တွေးပေးနိုင်ရမယ်။ သားသမီးတွေကလည်း “ခေတ်ကြီးက ရှာတာနဲ့ မလောက်ငဖြစ်နေတယ်။ ငါတို့ မိဘ ငါတို့ကို ဒီလောက်ဆင်ပေးနိုင်တာ ငါတို့ အတော်ကံကောင်းတာပဲ” လို့ ပြန်ထောက်ညှာပေးမယ်ဆိုရင် အသက်မွေးလို့ လွယ်ကူသူတွေ ဖြစ်ကြပြီပေါ့ဗျာ။
၉။ နည်းသော ကိစ္စရှိသူ ဖြစ်ရမယ်။ အဓိကကျတဲ့ လုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ရမယ်လို့ ဆိုလိုပါတယ်။ ဖန်ပေါင်းချောင်ထဲ ကျောက်တုံးတွေ ကျောက်စရစ် သဲတွေ ရေတွေ ထည့်တဲ့ ပုံဝတ္ထုလိုပေါ့။ ပဓာနကျတဲ့ အလုပ်ကိုပဲ လုပ်ရမယ်။
၁၀။ ပေါ့ပါးအဖြစ်ရှိသူ ဖြစ်ရမယ်။ ကျွန်တော့်ဝန်းကျင်က သူငယ်ချင်းတွေကတော့ အဲယားကွန်းရှိမှ နေတတ်တယ်။ ဘယ်လိုစားရမှ ကျေနပ်တယ်ဆိုတဲ့ လူတွေချည်း ပြည့်နေတယ်။ လက်ဘက်ရည်သောက်ရမှ ဆေးလိပ်သောက်ရမှဖြစ်မယ် စသဖြင့် တစ်ခုခုကို စွဲလန်းမနေရပါဘူး။ တစ်ခုခုကို တပ်မက်နေရင် မပေါ့ပါးတော့ ပါဘူး။
၁၁။ ငြိမ်သက်တဲ့ ဣနြေ္ဒရှိရမယ်။ ဘယ်လိုဣနြေ္ဒလဲ။ ဣနြေ္ဒခြောက်ပါးလုံးပဲ။ ထိန်းသိမ်းတတ်ရမယ်။ မျက်စိရော။ နားရော။ နှခေါင်းရော။ လျှာရော။ ကိုယ်ရော။ စိတ်ရောပဲ။ ဟိုအာရုံကြည့်ချင် ဒီအာရုံခံစားချင်ဆိုရင် ဣနြေ္ဒမဲ့တာပဲ။
၁၂။ ရင့်ကျက်သော ပညာရှိသူ ဖြစ်ရမယ်။ ဒါကတော့ နည်းနည်း အရေးကြီးတယ်။ ခုခေတ်မှာ ပိုဆိုးပါတယ်။ ၀ါဒတွေ တော်တော်လေး ထွန်းကား ပြန့်ပွားလာတယ်။ တရားတော်တွေဟာ အ၀ိတက္ကဖြစ်ပေမယ့် ၀ိတက်တွေနဲ့ ဘုရားက ဘယ်လို တရား မဟောဘူး ဘယ်လိုတရားဟောတယ်စသဖြင့် ၀ါဒတွေ ထွန်းကားလာတာ နှစ်အတော်ကြာလာပြီ။ ဒီလို ၀ါဒတွေအပေါ် ကျော်လွှားမြင်နိုင်ရမယ်။ သင့် မသင့် မှန် မမှန် စိစစ်ဝေဖန်နိုင်တဲ့ ပညာဉာဏ် ရှိသူဖြစ်ရပါမယ်။
၁၃။ ယဉ်ကျေးလိမ္မာရမယ်။ ကိုယ်အားဖြင့် ယဉ်ကျေးရမယ်။ စိတ်အားဖြင့် ယဉ်ကျေးရပါမယ်။ လူပုံအလယ်မှာမှ မဟုတ်ဘူး။ တစ်ယောက်တည်းနေလည်း ယဉ်ကျေးစွာ နေရမယ်။ တစ်ယောက်တည်းနေလည်း စိတ်ကို ယဉ်ကျေးအောင် ထားရပါမယ်။
၁၄။ ဘယ်သူ့အပေါ်မှာမှ မတွယ်တာရဘူး။ သံယောဇဉ်တွေ ဖြတ်နိုင်သလောက် ဖြတ်ရမယ်လို့ ဆိုလိုပါတယ်။ ဟိုလူတွယ်တာ ဒီလူတွယ်တာဆိုရင် တရားထိုင်တဲ့ အခါ ဘယ်လိုလုပ် စိတ်ဖြောင့်နိုင်မှာလဲ။ ဒီတော့ ဘယ်သူ့ကိုမှ မတွယ်တာရပါဘူး။ ဒီလို အုဋ္ဌ်ဖြစ်တွေ ခိုင်ခံ့နေမှ တရားထိုင်တဲ့အခါ အလွယ်တကူ တရားရနိုင်ပါတယ်။ ဉာဏ်စဉ် တက်နိုင်ပါတယ်။
ဒါက တရားထိုင်မည့်သူမှ မဟုတ်ပါဘူး။ တရားမထိုင်တဲ့သူလည်း လိုက်နာ နေထိုင်သင့်တဲ့ အရာတွေပဲ မဟုတ်ပါလား။ (နည်းနည်းရှည်သွားတယ်)
လက်ရှိ စစ်ကိုင်း မြစင်္ကြာကျောင်းထိုင်ဆရာတော် ဦးဣန္ဒက၏ ဘာဝနာအခြေခံအုဋ္ဌ်မြစ် တရားကို ကိုးကားရေးသားပါတယ်။
Read more...
သေမင်းနေတဲ့ ဘုံ
ရုပ်တရားဖြစ်ဖြစ် ၊ နာမ် တရားဖြစ်ဖြစ် အဟောင်းပျက်သွားတဲ့ အခါမှာ အသစ်အသစ်ထပ်ဖြစ်နေရတယ်။ ရုပ်တရားအသစ် ၊ နာမ်တရားအသစ် ထပ်မဖြစ်တော့တဲ့ အခါကို လူ့လောကက သေတယ်လို့ သတ်မှတ်တာပါ။
သေမင်းဘယ်ဘုံမှာ နေပါသလဲ
ဘယ်ဘုံမှာ မှ မနေပါဘူး။ ဘယ်ဘုံမှာမှလည်း သေမင်းဆိုတာ မရှိပါဘူး။ ဒီဘ၀အတွင်းမှာ စောစောကပြောခဲ့တဲ့ ရုပ်နဲ့ နာမ် အဟောင်းပျက်သွားပြီး အသစ်ပြန်မဖြစ်တော့တာကိုပဲ သေတယ်၊ သေမင်းခေါ်သွားတယ်ဆိုပြီး တင်စားပြောကြတာပါ။
သခြင်းဟာ သုံးမျိုးရှိပါတယ်။
  • ဦးဖြူသေပြီ ဒေါ်နီသေပြီဆိုတဲ့ လောကက သတ်မှတ်တဲ့ သေခြင်းကတော့ သမုတိမရဏ လို့ခေါ်ပါတယ်။
  • ပရမတ်ရုပ်နာမ်တွေ တရစပ်ပျက်နေတာကိုတော့ ခဏိကမရဏ လို့ခေါ်ပါတယ်။
  • ဘုရားရှင်တို့ ရဟန္တာတို့ရဲ့ ရုပ်နာမ်ချုပ်ငြိမ်းသွားခြင်းကိုတော့ သမုစ္ဆေဒမရဏ လို့ခေါ်ပါတယ်။ သေခြင်းတရားကို အပြီးအပိုင် ပယ်သတ်လိုက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ကျမ်းကိုး။ ။ မေတ္တာရှင် (ရွှေပြည်သာ) ၏ မဂ်တား၊ ဖိုလ်တား အန္တရာယ်များ
Read more...
နိဗ္ဗာန်သည် ဘုံဌာနတစ်ခုလား...
နိဗ္ဗာန်ဟာ ဘုံဌာနတစ်ခု မဟုတ်သလို ကောင်းကင်ဘုံလည်း မဟုတ်ပါ။ နိဗ္ဗာန်ဟာ နိဗ္ဗာနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာပါ။ နိဝါနဆိုတဲ့အဖွင့်အရ (၀ါန-တဏှာ၊ နိ-မရှိခြင်း၊ ကင်းခြင်း) ကိလေသာ၊ တဏှာ ကင်းရာကုန်ရာကို နိဗ္ဗာန်လို့ အလွယ်နားလည် သဘောပေါက်နိုင်ပါတယ်။ ပိုပြီး နားလည်သဘောပေါက်နိုင်ဖို့ ဗုဒ္ဓစာပေလာ နိဗ္ဗာန်နဲ့ ပတ်သက်လို့ ဟောကြားဖွင့်ပြထားချက်အချို့ကို အရင်ဖော်ပြလိုပါတယ်။
“- ငါ့ရှင် သာရိပုတ္တရာ…အဘယ်ကို နိဗ္ဗာန်ဟု ဆိုအပ်သနည်းဟူသော ဇမ္ဗုခါဒက ပရိဗိုဇ်၏အမေးကို အရှင်သာရိပုတ္တရာမထေရ်က “ရာဂ၊ ဒေါသ၊ မောဟတို့၏ကုန်ရာ သဘောတရားကို နိဗ္ဗာန်ဟု”ဆိုကြောင်း မိန့်တော်မူ၏။ (သံယုတ္တနိကာယ်၊ ဇမ္ဗုခါဒကသံယုတ်၊ နိဗ္ဗာနပဥှာသုတ်)
- အို…နတ်သား..လောကသည်လည်းကောင်း၊ လောက၏ဖြစ်ကြောင်းသည်လည်းကောင်း၊ လောက၏ချုပ်ရာ နိဗ္ဗာန်သည်လည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းစဉ်သည်လည်းကောင်း တစ်လံမျှလောက် ရှည်လျားသော ဤခန္ဓာကိုယ်အတွင်း၌သာ ရှိသည်ဟု ငါဘုရားဟောတော်မူ၏။ (သဂါထာဝဂ္ဂသံယုတ်၊ ရောဟိတဒေ၀ပုတ္တသုတ်)
- ရုပ်ဝေဒနာစသည်တို့၏ မမြဲသော၊ ဆင်းရဲသောသဘောကို ဟုတ်မှန်သည့်အတိုင်း ၀ိပဿနာပညာဖြင့် ရှုသော ပုဂ္ဂိုလ်အား စိုးရိမ်ပင်ပန်းခြင်းသည်မရှိ၊ ထိုသို့တောင့်တခြင်းမရှိ ချမ်းသာစွာနေရသော ပုဂ္ဂိုလ်ကို တဒင်္ဂနိဗ္ဗုတ ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်၏။ (ခန္ဓသံယုတ်၊ အတ္တဒီပသုတ်)
- အိုပုဏ္ဏား…ရာဂ၊ ဒေါသ၊ မောဟကို ပယ်သည်ရှိသော် မိမိဆင်းရဲခြင်း၊ သူတစ်ပါးဆင်းရဲခြင်းကို မကြံ။ စိတ်ကိုမှီ၍ဖြစ်သော ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်းသည် မဖြစ်။ ဤသို့လျှင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ကိုယ်တိုင်သိမြင်အပ်သည် ဖြစ်၏။ (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ သန္ဒိဋ္ဌိကနိဗ္ဗာနသုတ်)“
အထက်ပါဖွင့်ဆိုချက်များအရ နိဗ္ဗာန်ဆိုတာ ရာဂ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတို့ ကင်းရာကုန်ရာ သဘောတရားကိုဆိုတဲ့အတွက် ဘုံဌာနတစ်ခုမဟုတ်တာ ထင်ရှားပါတယ်။ ပြီးတော့ ဒီနိဗ္ဗာန်ဟာ တစ်ခြားမှာ ရှာစရာမလိုဘဲ ကိုယ့်ခန္ဓာထဲမှာပဲ ၀ိပဿနာဉာဏ်ဖြင့် ရှာဖွေရရှိနိုင်ပြီး နိဗ္ဗာန်ရဲ့ အရသာကို မျက်မှောက်ဘ၀ မှာပဲ ရရှိခံစားနိုင်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ တကယ်တော့ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်သွား တာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါ။ ကိလေသာကုန်သွားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ နိဗ္ဗာန်ရဲ့ အရသာကို ခံစားရတဲ့ပုဂ္ဂိုလ်တွေဖြစ်သလို မျက်မောက်ဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုသူတွေပါ။ သေပြီးနောက်မှ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ ရောက်တာမဟုတ်ပါဘူး။ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ နောက်ထပ် တစ်ဖန် ပြန်လည်မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ မရှိတော့ဘဲ ဒုက္ခအားလုံးချုပ်ငြိမ်းသွားတာကို ပြောတာပါ။
ဒီသဘောအရ နိဗ္ဗာန်ဆိုတာ ဘုံဌာနမဟုတ်သလို နိဗ္ဗာန်ရောက်တယ်ဆိုတာ တစ်ခြားဘုံဌာနတစ်ခုကို ရောက်သွားတာမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာ အားလုံးကုန်ခမ်းသွားတာကိုဆိုလိုပြီး ယခုမျက်မှောက်ဘ၀မှာပဲ နိဗ္ဗာန်ကို ရရှိရောက်ရှိနိုင်တယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။
Read more...
သာသနာ့ကျေးကျွန် ဖြစ်ရပါလို၏
ဘုန်းကြီးသည် စာသင်သား ဦးပဉ္စင်းလေးဘ၀က ပထမကြီးတန်းကို လေ့လာဆည်းပူး သင်ယူနေခိုက်မှာ ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ ပရမတ္ထစက္ခုကျမ်းကို ဖတ်ရှုခဲ့လေသည်။ အစပဏာမမှ အဆုံးနိဂုံးအထိ ဖတ်ကြည့်ရာ ထိုကျမ်း၏နိဂုံး၌ ဆရာတော်ကြီး၏ ဆုတောင်း ဂါထာများကို တွေ့မိဖတ်မိလေသည်။
ဆုတောင်းဂါထာ သုံးပုဒ်ရှိသည်။ အလွန်ကောင်းသော ဘ၀လမ်းညွှန်၊ မွန်မြတ်သည့် စိတ်ဓာတ်ကို မြှင့်တင်ပေးသည့် ဆုတောင်းဖြစ်သည်ဟု ခံယူသဘောပေါက်မိသည်။ မိမိသည် ထိုစဉ်ကပင် ထိုဆုတောင်းကို အရဆောင်၍ ဘုရားဝတ်တက်တိုင်း, ကောင်းမှုပြုတိုင်း ယင်းဆုတို့ကို တောင်းဆိုခဲ့လေသည်။
သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမတို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွားထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသောရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊
လူတို့သည်လည်း မိမိတို့စွမ်းနိုင်သလောက် သတ္တ၀ါတို့၏အကျိုးစီးပွားကို ဆောင်ရွက်ရမည်သာ ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ် ရောက်လာသောလူတို့သည် လူ့လောကကို ကျေးဇူးပြုမှ ဤကမ္ဘာမြေပေါ်ဝယ် နေရကျိုးနပ်မည်၊ လူတို့သည် အကြောင်းအကျိုးကို နားလည်သည်၊ အကောင်း အဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံတရားရှိသည်။
ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစားဆင်ခြင်ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေကို ယူသွားမလဲ”။ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။
သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေခမ်းခမ်း အားထုတ်တော်မူ၍ လောကကြီးအတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါအားလုံးစားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယအား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေသည်။
လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … “ရေကြည်ရာ မြက်နုရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤစကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန်ရှိသည်။
တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင်လုပ်ရမည်။ မနုသောမြက်တို့ကို နုအောင်စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှားပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက်ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူသည်။
ဤခံယူချက် ဤဆုတောင်းများကြောင့် ဘုန်းကြီးသည် ယနေ့ စစ်ကိုင်းတောင်တွင် ရေအလှူ၊ ဆေးအလှူ၊ ကျောင်းအလှူ၊ တက္ကသိုလ်အလှူတို့ကို အတော်အတန် လှူဖြစ်ခဲ့လေပြီ။ သို့သော် အားရကျေနပ်မှု မရှိသေးပါ။
ဆက်လက်၍ ဆုများကို တောင်းချင်သေးပါ၏။ - - -
“လောဘ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ ကျေးကျွန်သာ ဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခရောက် သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
ပရေသံ ဟိတမိစ္ဆေယျံ ၊ ဟိတံ မေ ဣစ္ဆတံ ပရော။
နာညဿ ဒုက္ခ မိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆတံ ပရော။
(ဒီပဲယင်းဆရာတော်)
------------------------
သီတဂူဆရာတော်
အရှင်ဉာဏိဿရ
စစ်ကိုင်းတောင်ရိုး
Read more...
14.9.2009 အလှူတော်
မခွန်သဒ္ဒါ (ဂျပန်) နိုင်ငံ မွေးနေ့အာရုဏ်မုန့်ဟင်းခါးဆွမ်းအလှူနှင့်
နေ့ဆွမ်းအတွက် ကိုရန်အောင်၊မ၀ါဝါခိုင်မင်း၊ရွာသားလေးတို့ဦးဆောင်သော အလှူရှင်များအဖွဲ့ နှင့် ဒေါ်နန်းသန္တာအောင် (စင်ကာပူ)နိုင်ငံ တို့ဖြစ်ကြပါတယ်။
IMG_0815.JPG
IMG_0816.JPG
SANY1506.JPG
IMG_0823.JPG
Read more...
ငြင်းခုံခြင်း၏ အကြောင်းရင်းကို မှတ်သားပါ...
ဝိဝါဒမူလသုတ် - (ဝိဝါဒ= ငြင်းခုံခြင်း၊ ဆန်ကျင်သောစကား။ မူလ= အကြောင်းရင်း၊ အမြစ်၊ အရင်း၊ ဆေးမြစ်)
ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
၁... အမျက် ထွက်တတ်၏၊
၂... ရန်ငြိုး ဖွဲ့တတ်၏၊
၃... အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည်
မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၎... တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၅... သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေ၏၊
၆... အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိ။
ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုမရှိ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှု မရှိသည် ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့ မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။
ရဟန်းတို့ ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လ ပြုကုန်လော့၊ ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း ၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကြကုန်လော့။
ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏။
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကျေးဇူးကို ချေဖျက်တတ်၏၊ အပြိုင် ပြုတတ်၏။ပ။ ငြူစူတတ်၏၊ ဝန်တိုတတ်၏၊ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏၊ မကောင်းသော အလိုရှိ၏၊ မှားသောအယူရှိ၏၊ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။
ရဟန်းတို့ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်သူ မိမိအယူကို မြဲစွာ ယူတတ်သူ စွန့်လွှတ်နိုင်ခဲသူ ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေ တုပ်ဝပ်မှု မရှိ၊ တရားတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ သံဃာတော်၌လည်း ရိုသေ တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။
ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိ သံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့ မရှိသည့် ရဟန်းသည် သံဃာ့ဘောင်၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။
ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လကို ပြုကုန်လော့။
ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါး သန္တာန်၌ ဖြစ်စေ၊ အကယ်၍ မတွေ့မြင် ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့၊ ဤသို့ ကျင့်ကုန်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည် ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည်မည်၏၊
ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်မျိုးတို့တည်း ဟု မိန့်တော်မူ၏။ 36
၆ - ဝိဝါဒမူလသုတ်၊ ဒေဝတာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Read more...
ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်
အမေး။ ။ အရှင်ဘုရား.....ဥပုသ်ယူပြီး online သုံးလို့ရ - မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။ ။
စုမြတ်စန္ဒီ
ဝါးခယ်မ
အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့သဘောက ကိုယ်နဲ့ နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှ မလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊မပြောမိဖို့ပါ။ သတိထားပြီး ပြောမယ် ပြုမယ်ဆိုရင် သီလမကျိုးနိုင်ပါဘူး။ဥပုသ်စောင့်နေတဲ့သူရဲ့ online သုံးတာနဲပတ်သက်ပြီး ပြောရရင် သူရဲ့ online သုံးတဲ့အပေါ်မှာ မူတည်ပါတယ်။ တရားနဲ့ပတ်သက်တဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်၊ ကုသိုလ်ရတဲ့ ၀ဘ်ဆိုက်တွေကို လေ့လာဖတ်ရှုနားထောင်မယ်ဆိုရင် ဥပုသ်သီလ မပျက်ပါဘူး။ ဒီလိုမှ မဟုတ်ဘဲ လမ်းကြောင်းပြောင်းနေမယ်ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။နောက်တစ်ခုမှာ လူနာကို မေးရုံလောက်ကတော့ မေးသင့်ပါတယ်။ လူနာမေးတယ်ဆိုပြီး လူနာအနီးသွားကာ အရပ်အကြောင်း ရွာအကြောင်းပြောနေမယ် ဆိုရင်တော့ သီလပျက်ဖို့များပါတယ်။
နောက်တစ်ခုက စိတ်မှာ မကောင်းတဲ့ စိတ်ဖြစ်ရုံနဲ့ သီလမပျက်သေးပါဘူး၊ ထိုမကောင်းတဲ့စိတ်ကြောင့် ကိုယ်နဲ့နှုတ်က လွန်ကျူးမိပြီဆိုမှ သီလပျက်ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
အပြည့်အစုံသို့ »
Read more...
မမေ့မလျော့ ပြုလုပ်ရမည့် တရားများ
ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။
တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။
နောင်တ ၁၀-မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။
အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။
( ဉာဏ်လင်းအောင် )
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )
လူဆိုး ဖိုးလူ
မကွေးတိုင်း မြို့သစ်မြို့အနီးရှိ ကျေးရွာကလေးတရွာတွင် ကိုဖိုးလူ ဆိုသူတယောက် ရှိလေသည်။ ကိုဖိုးလူသည် စာမတတ် ပေမတတ် လူရမ်းကားတယောက်ဖြစ်သည်။ သူသည် နွားသတ်ရဲသည်။ ၀က်ဆိုလည်း ထိုးရဲသည်။ အရက် ဖဲ ကြက် ဘာမျှမကျန်အောင် အစုံလုပ်တတ်သည်။ လစ်လျှင်လည်း ခိုးသည်။ မကောင်းမှုများ လုပ်ကိုင်သောကြောင့် သူ့ဆိုလျှင် လူတိုင်းက မယုံ။ မိုက်ကန်းသောကြောင့် မည်သူမျှ မပတ်သက်ချင်ကြပေ။ သူနှင့်ပတ်သက်ရမည်ဆိုလျှင် ကျားအမြီးဆွဲရမှာထက် ကြောက်ကြသည်။
သီတင်းကျွတ်လပြည့်နေ့ည၌ ရွာကလေးစည်ကားလျက်ရှိသည်။ တနှစ်လုံး တမိုးတွင်းလုံး လုပ်ကိုင်၍ရသော နှမ်းများမှ နှမ်းဦးပေါ် ကြိတ်ထားသော နှမ်းဆီများဖြင့် ရွာဦးဘုန်းတော်ကြီးကို ကန်တော့ကြမည်ဖြစ်သည်။ ထိုအတွက် ရွာက လူငယ်များနှင့် လူကြီးများ ကုမ္မာရီအမျိုးသမီးကလေးများမှာ စုရပ်ဖြစ်သော ရွာလယ်ဝိုင်းထဲသို့ တဖွဲဖွဲရောက်ရှိလာကြသည်။ လူငယ်များမှာလည်း ဒိုးပတ်ဝိုင်းဖြင့် သံချပ်များ ထိုးကြပြီး ဘုန်းတော်ကြီး
ကျောင်းသို့ သွားရန် ဟန်ပြင်နေကြ၏။
တအိမ်လျှင် ဆီ ၂၅-ကျပ်သား၊ ၅၀-ကျပ်သားစသည်ဖြင့် တတ်နိုင်သလောက် စုပေါင်းလှူဒါန်းကြရန် ဖြစ်သည်။ တရွာလုံးက စုပေါင်းလှူဒါန်းသော ဆီပိဿာချိန် စာရင်းချုပ်လိုက်သောအခါ ၂၆-ပိဿာခန့် ရရှိလေသည်။ ထို့အပြင် လင်ပန်းထဲတွင် ဆီမီးများထွန်းကာ ရွာဦးကျောင်းဘုရားသို့ ဆီမီးပူဇော်ကြမည့်ပွဲလည်း ရှိသည်။
ထိုကဲ့သို့ စည်စည်ကားကား ဖြစ်နေချိန်၌ ကိုဖိုးလူသည် ရုတ်တရက် ရောက်ရှိလာပြီး အော်ဟစ်ဆူပူကာ ပွဲဖျက်၏။ စောစောက မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေကြသော ဒိုးပတ်ဝိုင်းမှ အသံများ တိတ်သွား၏။ တယောက်တပေါက် ပြောဆိုသံများ၊ သဘောကျရယ်မောသံများသည်လည်း ငြိမ်သွား၏။ အရက်အလွန်အကျွံ သောက်ထားသော ကိုဖိုးလူသည် ထွန်းထားသော ဆီမီးခွက်များကို လက်ဖြင့်သိမ်း၍ ရိုက်၏။ စားပွဲပေါ်မှ ဆီမီးခွက်များမှာ တချို့ငြိမ်းကုန်၏။ တချို့ အောက်သို့ကျကုန်၏။ ထိုအချိန်တွင် လူငယ်တယောက်က သည်းမခံနိုင်သဖြင့် တုတ်ဖြင့်ရိုက်မည်ပြုရာ ကျန်လူများက ဆွဲ၍ထားရ၏။ ကိုဖိုးလူကိုလည်း သူ့အိမ်သို့အရောက် ချော့မော့၍ ပို့ရလေသည်။ ကလေးများနှင့် အမျိုးသမီးလေးများသည် ကြောက်ရွံ့၍ ပြန်ပြေးသွားကြရာမှ မကြာခင် အလျှိုလျှိုပြန်လာကြပြီး ဆီမီးခွက်များ ပြန်၍ ပြင်ဆင်ကြသည်။ ထို့နောက် မီးမထွန်းရဲဘဲ ဒိုးပတ်မတီးဘဲ ကျောင်းသို့ တိတ်ဆိတ်စွာ သွားကြလေသည်။ ခြောက်ကပ်ကပ် မီးထွန်းပွဲပေတည်း။
ကျောင်းသို့ရောက်သောအခါ မိန်းကလေးများသည် ဘုရားတွင် ဆီမီးများထွန်းညှိပူဇော်ကြလေသည်။ လူငယ်လူရွယ်များမှာလည်း ဒိုးပတ်တီး၍ ကခုန်ကြလေသည်။ ထို့နောက် စုပေါင်း၍ လှူဒါန်းသော ဆီများကို ရွာဦးကျောင်းဆရာတော်ထံ ကပ်လှူကြပြီး အနုမောဒနာတရား နာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ အလှူဒါနပြီးမြောက်သောအခါ ဆက်လက်၍ လူငယ်မောင်မယ်တို့သည် တယောက်တလှည့် သီချင်းများ သီဆိုကြ၏။ ပျော်ပျော်ရွှင်ရွှင်ဖြင့် သီဆိုတီးမှုတ်ကခုန်နေကြစဉ်တွင် ရွာ၏အနောက်ဘက်မှ မီးတောက်များ ဖြာထွက်လာရာ ရုတ်ရုတ်သဲသဲဖြစ်သွားကြလေသည်။ ထို့နောက် လူအားလုံး မီးလောင်ရာဆီသို့ ပြေးသွားကြပြီး ကိုဖိုးလူ မီးရှို့သဖြင့် မီးလောင်နေသော တဲကလေးတလုံးအား စုပေါင်းငြိမ်းသတ်လိုက်၍ မီးမှာ ငြိမ်း၍သွားလေသည်။
တခါတွင် ကိုဖိုးလူသည် နွားပေါက်လေးတကောင်အား လိုက်၍ ကိုက်နေသော ခွေးတကောင်ကို ဓားဖြင့်ရမ်းလိုက်ရာ ခွေး၏ဗိုက်သားကို ခုတ်မိသည်။ ခွေး၏ဗိုက်မှ အူများ မြင်မကောင်းအောင် ထွက်ကျလာလေသည်။ ထိုခွေးသည် ချက်ချင်းသေမသွားဘဲ တရက်ခန့်ကြာမှ သေသွားလေသည်။
ဤကဲ့သို့ ဆိုးဝါးလွန်းသော အပြုအမူများကြောင့် တနေ့၌ ကိုဖိုးလူ၏ ကံကြမ္မာသည် တပတ်လည်၍ လာခဲ့လေပြီ။ အရက်ကို အချိန်ရှိသရွေ့ သောက်လွန်းသော ကိုဖိုးလူသည် အိမ်သို့ မွန်းတည့်ချိန်လောက်တွင် ပြန်ရောက်လာပြီး ထမင်းစားရန်အတွက် မီးဖိုခန်းသို့ ၀င်သွားလေသည်။ ဟင်းမကောင်းသောကြောင့် ပန်းကန်များကို ရိုက်ခွဲသည်။ မိဘများကိုလည်း ဆဲရေး၏။ ထို့နောက် အောက်သို့ဆင်းကာ ကြက်တကောင်ကိုသတ်ရန် ကြိုးစား၏ လက်တွင်လည်း ဓားရှည်ကိုကိုင်ထား၏။ ဓားရှည်ဖြင့် ပစ်ခတ်ရာ မမှန်ပေ။ ကြက်များလည်း လန့်၍ ပြေးမိပြေးရာ ပြေးကြလေသည်။ ထိုအခါ ကိုဖိုးလူ ဒေါသထွက်လာ၏။ အိမ်ပေါ်ရှိ မိအိုဖအိုတို့အား ကြိမ်းမောင်း၏။ မိဘတို့မှာလည်း ကြောက်ရွံ့နေကြလေသည်။
ကိုဖိုးလူသည် ဘာစိတ်ကူးရသည်မသိ၊ အိမ်ပေါ်သို့ အပြေးတက်သွားလေသည်။ လှေကားဦးသို့ ရောက်သောအခါ ပျဉ်အစွန်းကို နင်းမိသည်။ ပျဉ်ချပ်ထောင်သွားသဖြင့် လှေကားတဖက်ရှိ ပိုင်းတန်းပေါ်သို့ ပက်လက်လှန်ကာ ကန့်လန့်ကျသွားလေသည်။ ကိုဖိုးလူ၏ခါးမှာ ကျိုးသွား၏။ ထိုအချိန်မှစ၍ လမ်းမသွားနိုင်သောကြောင့် ကိုဖိုးလူ၏ အဆိုးမှန်သမျှ နိဂုံးချုပ်သွားလေသည်။ ထို့နောက် ကိုဖိုးလူသသည် ပက်လက်ဖြင့်ပင် ၃-လခန့် အသက်ရှင်နေသေးသည်။ မည်သည့်ဘက်ကိုမှလည်း လှည့်မရ၊ ပက်လက်ဖြင့်ပင် နိဂုံးချုပ်ရလေသည်။
( မောင်ဝင်းညွန့်-ကံသာလေး )
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )
မိဘမေတ္တာ
ကျွန်မ၏ဖခင်ကြီးနှင့် မိခင်ကြီးတို့မှာ အသက် ၈၀-နားနီး အရွယ်များဖြစ်ကြသည်။ အသက်အရွယ်အရ တရားဘာဝနာနှင့်သာ ပျော်မွေ့နေထိုင်ကြသည်။ ဒါန သီလ ဘာဝနာတည်းဟူသော နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အချိန်ရှိခိုက် ပွားများအားထုတ်ကြသည်။ ကျွန်မမှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးလျက် မိဘအရိပ်တွင် လုံခြုံအေးချမ်းစွာ နေထိုင်ရသည်။
ထိုသို့နေထိုင်ရခြင်းမှာ ကျွန်မ၏ ကြိုးစားအားထုတ်မှု တခုတည်းကြောင့်တော့ မဟုတ်ပေ။ မိဘနှစ်ပါး၏ ကြီးမားလှသော မေတ္တာရိပ်ကြောင့်ဟု လက်ခံယုံကြည်မိပါသည်။ ကျွန်မတွင် ထူးခြားသောအကျင့်တခုရှိသည်။ မိဘနှစ်ပါးကို အလွန်အမင်း ယုံကြည်အားထားခြင်းပင်ဖြစ်သည်။ ခရီးသွားလာရာ၌ ဖြစ်စေ၊ အလုပ်ကိစ္စများ ဆောင်ရွက်ရာ၌ဖြစ်စေ၊ မိဘနှစ်ပါးကို ရှိခိုးဦးချ၍ ဆုတောင်းအဓိဋ္ဌာန်ပြုပြီးမှ လုပ်ကိုင်လေ့ရှိသည်။ မိဘနှစ်ပါးကိုလည်း အသိပေးတိုင်ပင်သည်။ ဆုတောင်းအဓိဋ္ဌာန်ပုံမှာ-
ဘုရားတပည့်တော်၏ မိခင်နှင့် ဖခင်ကြီးတို့မှာ ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်ကိုးကွယ်ပါသည်။ တရားဘာဝနာကိုလည်း ပွားများအားထုတ်ပါသည်။ ဘုရားတပည့်တော်သည်လည်း မိဘနှစ်ပါးကို မငြိုမငြင် လုပ်ကျွေးပြုစုပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ဆောင်ရွက်ရသော အလုပ်ကိစ္စဟူသမျှ ချောမောအောင်မြင်ရပါလို၏-ဟူ၍ ဖြစ်သည်။
မိဘနှစ်ပါးကလည်း ပြန်လည်ဆုပေးပါသည်။ ထိုနေ့မျိုးတွင် မိခင်ကြီးက မေတ္တာဘာဝနာကို ပို၍ပွားများသည်။ မကောင်းသောအကြောင်းအရာနှင့် ဆုံတွေ့ရမည်ဆိုပါကလည်း မိခင်ကြီးက ကြိုတင်သတိပေးတတ်သည်။ မိဘနှစ်ပါးက တားမြစ်သောလုပ်ကိစ္စမှန်သမျှကိုလည်း ကျွန်မအထူးရှောင်ကြဉ်ခဲ့သည်။
သို့ဖြစ်၍ ဆိုးရွားသော ဘေးဒုက္ခမျိုးနှင့် ကျွန်မ မဆုံးဆည်းခဲ့ရပေ။ အတိတ်ကံဝဋ်ကြွေးကြောင့် ဆုံဆည်းခဲ့ရပါကလည်း သူတပါး၏နှိပ်စက်ခြင်းကို မကြုံခဲ့ရပေ။ တခါက ကျွန်မ အလုပ်တာဝန်ကျသော ရွာကလေးတရွာတွင် ကျွန်မနေသောအိမ်ကို ဓားပြတိုက်ခံရပါသည်။ ကျွန်မမှာ ဓားပြများကို ကြောက်ရွံ့ခြင်းထက် မိဘနှစ်ပါးကိုသာ မြင်ယောင်တမ်းတ၍ ဂုဏ်တော်များကို ပွားများနေမိသည်။ သို့အတွက် ဓားပြများက ပစ္စည်းယူခြင်း၊ ရိုက်နှက်တောင်းခံခြင်းများကို မပြုလုပ်ခဲ့ပေ။ မိခင်ကြီးကလည်း ကြိုတင်ပြသော အတိတ်နိမိတ်များကြောင့် ကျွန်မထံသို့ မေတ္တာပို့လွှတ်နေ၍ဖြစ်သည်။
ထိုအဖြစ်မျိုးကို မိဘများရိပ်သာဝင်ရာ တရားစခန်းသို့ ကျွန်မတရားနာသွားစဉ်၌လည်း ကြုံဆုံခဲ့ရသည်။ ယောက်ျားတယောက်က ကျွန်မထံမှ ရွှေဆွဲကြိုးကို လုယူခြင်းဖြစ်သည်။ ထိုယောက်ျားက အားနှင့်ဆွဲဖြတ်သော်လည်း ဆွဲကြိုးမှာ ပြတ်ခြင်း၊ ပြုတ်ခြင်း မရှိပေ။ ဆွဲကြိုးလုသူ ထိုယောက်ျားသာ ခလုတ်တိုက် လဲ၍ လူအများ ၀ိုင်းဖမ်းခြင်းကို ခံလိုက်ရသည်။
ဤသည်မှာ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်းနှင့် မိဘနှစ်ပါး၏ ပို့သသောမေတ္တာအရှိန်အ၀ါတို့ကြောင့်ပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။
( သွဲ့ထားညို-သက္ကလ )
( မြတ်မင်္ဂလာ ၂၀၀၁-စက်တင်ဘာလ )
အကောင်းမြင်ဝါဒ ကျင့်သုံးကြစေလို
လောက၌ လူလေးမျိုးရှိကြောင်း မှတ်သားရဖူး၏။
၁။ လူတချို့ တရားသိ၏ တရားမရှိ။
၂။ လူတချို့ တရားရှိ၏ သို့သော် တကယ်တမ်းလည်း တရားမသိသေး။
၃။ လူတချို့ကား တရားလည်းရှိ၏ တရားကိုလည်း ဟုတ်မှန်သည့်အတိုင်း သိ၏။
၎။ လူတချို့ကား မရှိလည်း မရှိ မသိလည်း မသိပေ။
ထိုလူလေးမျိုးတို့တွင် သုံးနံပတ်ပုဂ္ဂိုလ်မှလွဲ၍ ကျန်ပုဂ္ဂိုလ်များအဖို့ မိမိမှတပါး အခြားသူများအတွက် စိတ်ကောင်း နှလုံးကောင်း ထားနိုင်လိမ့်မည် မဟုတ်သေး။ ထားနိုင်သည်ဆိုစေကာမူ အစစ်အမှန်တော့ မဟုတ်။ အတုအရံသာ ဖြစ်နေပေဦးမည်။ စိတ်ကောင်းနှလုံးကောင်း ထားနိုင်သော တနည်းဆိုရသော်-ပြု-ပြော-ကြံ အရာအားလုံး၌ အကောင်းမြင်ဝါဒ ကျင့်သုံးနိုင်သောပုဂ္ဂိုလ်ကား အခြားမဟုတ် အထက်ဖော်ပြပါ သုံးနံပါတ်ပုဂ္ဂိုလ်ပင် ဖြစ်ချေသည်။
တရားလည်းသိ တရားလည်းရှိသော ထိုပုဂ္ဂိုလ်သည်လည်း အခြားသောပုဂ္ဂိုလ်မျိုးမဟုတ်၊ ယောနိသော မနသိကာရပုဂ္ဂိုလ်-( သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းနားလည်ပေးနိုင်သော ပုဂ္ဂိုလ်) သာ ဖြစ်ပေသည်။
လွန်ခဲ့သော အတိတ်သာသနာ ၂၅၉၁-ခန့် ကာလက ပါရမီအဟုန်ကြောင့် မပျော်စိတ်စက် တောသို့ထွက်၍ အမှန်တရားကိုဖွေရှာရင်း သဗ္ဗညုအစစ် ဘုရားအဖြစ်သို့ ရောက်ခဲ့သော ဘုရားမြတ်စွာသည် သိထိုက်သောတရားအလုံးစုံကို သိတော်မူ၏။ အတူ ကင်းမဲ့သော တရားရှိပုဂ္ဂိုလ်လည်း ဖြစ်ခဲ့၏။ ဘုရားရှင်၏ စိတ်တော်သည် အားလုံးသောသတ္တ၀ါတို့အပေါ်၌ အကျိုးမဲ့စိတ်မျိုး လုံးဝ ကင်းမဲ့တော်မူ၏။ အယုတ် အလတ် အမြတ်မရွေး သတ္တ၀ါအားလုံးတို့အပေါ်၌ တန်းတူ မေတ္တာရှိတော်မူ၏။ မိမိ၏ ရင်သွေးအနှစ် သားတော်စစ်ဖြစ်သော ရှင်ရာဟုလာအပေါ်၌ ထားသောမေတ္တာသည်လည်း သတ္တ၀ါအားလုံးတို့အပေါ် ထားရှိအပ်သော မေတ္တာနှင့် အတူတူပင်တည်း။
ထို့အပြင် မိမိအားသတ်ရန် ပြေးလာသော နာဠာဂီရိဆင်၌သော်လည်း ရာဟုလာအတူ မေတ္တာထားခြင်းဖြင့် အကောင်းမြင်ဝါဒအောင်လံကို လွှင့်ပြနိုင်ခဲ့၏။ ယောနိသောမနသိကာရ အစစ်အမှန်ရှိကြောင်း မသိုမ၀ှက်ဘဲ မေတ္တာဖြင့်ချိန်စက်ပြတော်မူခဲ့၏။ ပုထုဇဉ်အမြင်ဖြင့် သုံးသပ်ကြည့်သော် ဘုရားရှင်အား နှောက်ယှက်ဖျက်ဆီးအကျိုးမဲ့ပြုကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်၌ ဘုရားရှင်သည်လည်း သာမန်အားဖြင့်ကြည်မူ ဒေါသအငွေ့အသက်တို့ ဖြစ်ပေါ်ရမည်သာ။ အာဃာတတရား ထားမိမည်သာ။ သို့သော် ဘုရားရှင်သည်ကား ဘုရားစင်စစ် အမှန်ဖြစ်သည်မှစ၍ လောဘ ဒေါသ စသည့် ဆယ်ဖြာသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်နိုင်ခဲ့ပြီတည်း။
ထို့ကြောင့် ချစ်သူ မုန်းသူ အားလုံးတို့အပေါ်၌ အာဃာတ-ရန်ငြှိုးဖွဲ့ခြင်းအစား အာဃာတပဋိဝိနယ-ရန်ငြှိုးပယ်ဖျောက်ခြင်းကို အစားထိုး ကျင့်သုံးနိုင်ခဲ့၏။ အာဃာတပဋိဝိနယ ခေါ် ရန်ငြှိုးပယ်ဖျောက်ခြင်းဟူသည်ကား အခြားမဟုတ် ယောနိသောမနသိကာရခေါ် အကောင်းမြင်ဝါဒ ကျင့်သုံးခြင်းပင်တည်း။
ဘုရားရှင်မို့လို့သာ ခုလိုသည်းခံခွင့်လွှတ်နိုင်တာပါဟူ၍ စောဒကကောင်တို့ အမြွက်ထောင်ဖို့ မလိုအောင်လည်း ဘုရားရှင်ကိုယ်တော်တိုင် နည်းနာနိဿယ ပေးထားခဲ့သည်သာ။ ဘုရားရှင်ကဲ့သို့ အပြည့်အ၀ အကောင်းမြင်ဝါဒမကျင့်သုံးနိုင်သေးသော်လည်း မကြာခဏ သိ၍ ထာဝရအကောင်းမြင်တတ်စေရန် ဘုရားရှင် နည်းပေးတော်မူခဲ့ပုံကား-
၁။ ပုဂ္ဂိုလ်တဦးတယောက်သည် ကိုယ်ဖြင့်ပြုလုပ်အပ်သော အလုပ်ကိစ္စတို့၌ မသန့်ရှင်း မသပ်ရပ် မကောင်းမွန် ကဲ့ရ့ထိုက်သောသဘောရှိ၏။ သို့သော် စကားအရာ လိမ္မာကျွမ်းကျင်၍ စကားကောင်းကို နားဝင်အောင်ပြောဆိုတတ်၏။ ပံသုကူဓုတင်ဆောင် ရဟန်းတပါးသည် လမ်း၌မြင်ရသော အ၀တ်စုတ်နွမ်းတထည်ကို ဘယ်ခြေဖြင့် နင်း၍ ညာခြေဖြင့် ဖြန့်ကြည့်ပြီးလျှင် အနှစ်အသား ကောင်သေးသော အသုံးပြု၍ရသေးသော နေရာလေးကို ဖြတ်ယူသွားသကဲ့သို့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်၌ မကောင်းသော ကာယကံကို လျစ်လျူရှုပြီးလျှင် ကောင်းသော ၀စီကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။
၂။ ပုဂ္ဂိုလ်တဦးတယောက်သည် အပြောအဆိုမတတ်၊ စကားပြောသော် ဆဲသကဲ့သို့ဖြစ်နေ၏။ အပြောမချိုသာ ၀စီကံမကောင်း၊ သို့သော် ကာယကံမြောက် လုပ်ဆောင်ရာတို့၌ ကျွမ်းကျင်လိမ္မာ၏။ သေသပ်လှပ ဘ၀င်ကျစရာများ ဖြစ်အောင် လုပ်ဆောင်နိုင်၏။ မှော် ရေညှိစသော မစင်ကြယ်သောအရာတို့ဖြင့် ရောပြွမ်းနေသော ရေကန်တခုသို့ ရောက်လာသော နေပူဒဏ်ကြောင့် ရေဆာနေသော ယောက်ျားတယောက်သည် ဘာကိုမျှ ဂရုမစိုက်အားဘဲ ရေကန်ထဲဆင်းကာ လက်နှစ်ဖက်ဖြင့် မသန့်ရှင်းသောအရာများကို ဖယ်ရှားလျက် သောက်၍ရလောက်ရုံမျှ အနည်းငယ်သောရေကောင်းကို လက်ခုပ်ဖြင့် ယူ၍သောက်ခါ သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်အပေါ်၌ မကောင်းသောဝစီကံကို လျစ်လျူရှုပြီးလျှင် ကောင်းသောကာယကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။
၃။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံလည်း မကောင်းမွန်၊ ၀စီကံအမှု၌လည်း ထို့အတူ မလိမ်မာ၊ သို့သော်-အခါအားလျော်စွာ (သူ့အချိန်အခါရောက်လျှင်) သမထ-စိတ်အပူအခိုးငွေ့ ကိလေသာတို့ကို စွန့်လွှတ်၍ စိတ်ကို ထိန်းသိမ်းခြင်း၊ ၀ိပဿနာ-လွဲမှားသော အထင်အမြင်တို့ကို စွန့်လွှတ်၍ အမြင်မှန်ကို ရအောင်ကြည့်ခြင်းဟူသော တရားနှစ်မျိုး ဖြစ်ခွင့်ရှိသေး၏။ အကြောင်းအားလျော်စွာ စိတ်ကြည်လင်ခွင့် ရနိုင်သေး၏။ ခရီးပင်ပန်းနွမ်းနယ်၍ ရေငတ်နေသော ယောက်ျားတယောက်သည် နွားခြေရာခွက်၌ရှိသော အနည်းငယ်သော ရေကိုမြင်လိုက်ရသော် အကယ်၍ ငါသည် ဤအနည်းငယ်သောရေကို လက်ခုပ်နှင့်ဖြစ်စေ ခွက်တခုခုနှင့်ဖြစ်စေ ခပ်ယူလိုက်ပါက နောက်သော်လည်း နောက်ရာ၏။ သို့မဟုတ် လုံးဝသောက်မရသည်မူလည်း ဖြစ်ရာ၏။ ဤကဲ့သို့ နှလုံးသွင်း၍ လေးဘက်ထောက်ပြီးလျှင် နွားသောက်ခြင်းဖြင့် သောက်၍ ခရီးဆက်သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ မကောင်းသောကာယကံ ၀စီကံတို့၏ အပြစ်ကို မသုံးသပ်တော့ဘဲ အကြောင်းအားလျော်စွာ ထိုပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေလာနိုင်သေးသော သမထ ၀ိပဿာတရားများ ဖြစ်စရာအခွင့်အလမ်းကိုသာ ကြည့်ရှုသုံးသပ်၍ အကောင်းမြင်ဝါဒကျင့်သုံးရမည်။
၎။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံ ၀စီကံ မကောင်း၊ အလုပ်အကိုင်လည်း မလုပ်တတ် မကိုင်တတ်၊ အပြောအဆိုလည်း မလိမ္မာ မကျွမ်းကျင်၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ကြည်လင်ငြိမ်းအေးမှုလည်း မရှိ၊ ပြင်းစွာဖျားနာနေသော ဒုက္ခိတလူနာ ရောဂါသည်တယောက်သည် နေမကောင်းပါဘဲလျက် ခရီးသွား၏။ ရှေ့သွားလိုသည့်ရွာကိုလည်း မရောက်သေး၊ ကျန်ရစ်သောရွာသို့လည်း ပြန်မရောက်နိုင်တော့။ သင့်တင့်မျှတအောင် ပြုစုလုပ်ကျွေး ဆေးပေးမီးယူ ကူဖော်လောင်ဖက်လည်း မပါ။ ထိုအခြေအနေတွင် အခြားခရီးသွားတယောက် တွေ့မြင်သော်-ဤဒုက္ခိတလူနာအား သင့်တင့်မျှတအောင် ပြုစုစောင့်ရှောက်၍ ရွာသို့ရောက်အောင် ပို့ဆောင်ပေးမည့်သူ ပေါ်ပေါက်လာသော် ကောင်းလေစွ-ဟုတွေး၍ သနားခြင်းကရုဏာ ဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် ထိုလူနာ လမ်းခရီးကြား၌ပင် အကျိုးမဲ့မပျက်စီးစေလိုသောကြောင့် ဖြစ်၏။ ဤအတူပင် အထက်ပါပုဂ္ဂိုလ်၌လည်း ဤပုဂ္ဂိုလ်သည် ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်၍ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်များကို ပြုကျင့်ပြောဆို ကြံစည်နေလျှင် ကောင်းလေစွဟု သနားခြင်းကရုဏာဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် အပါယ်ငရဲသို့ မကျရောက်စေလိုသောကြောင့် ဖြစ်၏။ ဤသို့ ထိုသူ့အပေါ်၌ မကောင်းသော အရာများကို လျစ်လျူရှု၍ သနားမှု ကရုဏာ တရား ပွားများခြင်းဖြင့် အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။
၅။ ပုဂ္ဂိုလ်တဦးတယောက်ကမူ ကာယကံမြောက်လုပ်ဆောင်သမျှ အားလုံးကျွမ်းကျင်၍ စိတ်တိုင်းကျလုပ်ဆောင်ပေးနိုင်၏။ စကားပြောလည်း ပြေပြစ်ချောမော၏။ စကားအရာ အပြစ်ပြောစရာမရှိ၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းလည်း ရှိနေသေး၏။ ထိုသို့ ဘက်ပေါင်းစုံတော်သော ပုဂ္ဂိုလ်အပေါ်၌လည်း အာဃာတတရားရှိနေသေးလျှင် ကြည်လင်အေးမြ သန့်ရှင်းချိုမြိန်၍ ပန်းမာလ်သစ်ပင် အထူးထူးတို့ဖြင့် တန်ဆာဆင်ထားသော ရေကန်သို့ရောက်လာသော ခရီးပင်ပန်းနွမ်းနယ်နေသူ ယောက်ျားတယောက်သည် ထိုရေကန်အရိပ်၌ပင် ထိုင်ခြင်း အိပ်ခြင်းတို့ကို ပြုသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ အလုံးစုံကောင်းမွန်သော ကာယကံ ၀စီကံနှင့် အခါအားလျော်စွာ သမထ ၀ိပဿနာတရား ပွားများနိုင်ခွင့်တို့ကို ကြည့်ရှုသုံးသပ်ဆင်ခြင်၍ အကောင်းမြင်ဝါဒကို ကျင့်သုံးရမည်ဟူ၍ ဖြစ်၏။
ဘုရား၏တရားတော်ကား ရိုးရှင်း၍ မြင်လွယ် ထင်လွယ်ရှိ၏။ ဘုရားရှင်သည် သက်ရှိအားလုံးတို့အတွက် အကောင်းမြင်ဝါဒကို ကျင့်သုံးတတ်စေရန် ဥပမာ ဥပမေယျတို့ဖြင့် တန်ဆာဆင်လျက် ကျင့်ကြံလွယ်အောင် လမ်းညွန်တော်မူခဲ့ပေပြီ။ ဘုရားရှင်ပေးသော လမ်းညွန်ချက်ကို မှီဝဲကျင့်သုံးခြင်းဖြင့် ပုထုဇဉ်တို့ပီပီ ပယ်ဖျောက်နိုင်ခဲသော အာဃာတတရားများကို ပယ်စွန့်လာနိုင်ပေလိမ့်မည်။ တဦးမေတ္တာ တဦးမှာ ဆိုသကဲ့သို့ တဦးဟာကွက်ကို တဦးဖာ၍ တဦးကောင်းကွက် တဦးချောင်းလျက် နှစ်သက်ပျော်ရွှင်နိုင်ကြလျှင်ဖြင့် အမုန်တရားတို့ ဆုံးပါး၍ အချစ်တရားတို့ အဖြစ်များလာပေလိမ့်မည်။
ထို့ကြောင့်-လူသာမန်တို့ဘာဝ ပယ်ဖျောက်နိုင်ခဲလှသော လောဘ စသော ကိလေသာတရားတို့၏ မှိုင်းတိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒ ဒေါသ မောဟ ဘယာ လေးဖြာသောအဂတိတရားတို့ဖြင့် ရောနှောကြေမွ အာဃာတတရားတို့ကို ဗုဒ္ဓဟောလှစ် ဒေသနာစနစ်သစ်ဖြင့် အစားထိုးလျက် အကောင်းမြင်ဝါဒကျင့်သုံးနိုင်ကြစေရန် သုတ္တန်ပိဋကတ်လာ ဒုတိယအာဃာတ ပဋိဝိနယသုတ် ဒေသနာ အမွန်ဖြင့် စေတနာသွန်၍ လမ်းညွန်လိုက်ရပါသည်။
( အရှင်ဝိမလာလင်္ကာရ-သဒ္ဓမ္မမဏ္ဍိုင် )
Saturday, September 12, 2009
အပူစာ အအေးစာ နှင့် တိုင်းရင်းဆေး အမြင်
လူတိုင်း နေ့စဉ် စားသုံးနေရသော အစာအာဟာရများအနက် အပူစာဆိုတာ ဘာကိုခေါ်သလဲ၊ အအေးစာဆိုတာ ဘာကိုခေါ်သလဲ၊ အပူစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ အအေးစာ စားလျှင် အကျိုးအပြစ် ဘယ်လိုရှိမလဲ။ ဘယ်ရာသီမှာ အပူစာ စားသင့်သည်။ ဘယ်ရာသီမှာ အအေးစာ စားသင့်သည် စသည်ဖြင့် လူအများပင် သိထား နားလည်လိုကြပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးသားတင်ပြပါသည်။
အပူစာ အာဟာရများ ( အသား နှင့် ဥများ )
၁။ ကြက်သာ-ကြက်ဥ
၂။ ဆိတ်သား
၃။ နွားသား
၎။ ချေသား
၅။ ယုန်သား
၆။ သမင်သား
၇။ ကြောင်သား
၈။ သိုးသား
၉။ စာကလေးသား-စာကလေးဥ
၁၀။ ဖွတ်သား
၁၁။ ပုတတ်သား
၁၂။ ချိုးသား-ချိုးဥ
၁၃။ ခါသား
၁၄။ ခိုသား-ခိုဥ
၁၅။ ငုံးသား-ငုံးဥ
အပူစာ အသီအရွက်များ
၁။ တမာရွက်
၂။ သင်္ဘောရွက်-ပွင့်၊
၃။ သင်္ဘောသီးအစိမ်း
၎။ကြောင်လျှာသီး-အရွက်
၅။ ပင်စိမ်းရွက်
၆။ ဇီရာရွက်
၇။ နံနံပင်ရွက်
၈။ စပါးလင်
၉။ မဆလာ
၁၀။ ချင်း
၁၁။ ငရုတ်သီးမျိုးစုံ
၁၂။ ငရုတ်ကောင်း
၁၃။ မိဿလင်
၁၄။ နနွင်းစိမ်း
၁၅။ မိုးနှံရွက်
၁၆။ ရဲယိုရွက်-သီး
၁၇။ အုန်းနှဲရွက်
၁၈။ ကြိတ်မှန်ရွက်
၁၉။ ပိုးစာရွက်
၂၀။ ထနှောင်းရွက်
၂၁။ ကြာဟင်းရွက်-ဆူး
၂၂။ ကြက်ဆူရိုးနီရွက်
၂၃။ ဂုံမင်း
၂၄။ သရက်ကင်းဥ
၂၅။ ပတဲကော
၂၆။ ပျဉ်းတော်သိမ်
၂၇။ မလွသီး
၂၈။ ကြက်သွန်ဖြူ
၂၉။ မာလာဖူး
၃၀။ ဒန့်သလွန်သီး-ရွက်
၃၁။ ဥသျှစ်သီး-ရွက်
၃၂။ ဥသျှစ်ကင်း
၃၃။ ပိတ်ချင်းသီး-ရွက်
၃၄။ မြန်မာကုက္ကိုရွက်
၃၅။ ရှောက်ရွက်
၃၆။ ပူစီနန်
၃၇။ မျှစ်
၃၈။ ယင်းပြားရွက်
၃၉။ မျှစ်ချဉ်
၄၀။ တောက်တာဥ
၄၁။ ဆိတ်ဖူး
၄၂။ သက်ရင်းကြီးရွက်
၄၃။ ကြောင်ပန်းရွက်
၄၄။ ဖျောက်ဆိပ်ရွက်
၄၅။ မယားကြီးရွက်
၄၆။ ဂုံခါးရွက်
၄၇။ ခွေးတောက်ရွက်
၄၈။ တောက်တာဖူး
၄၉။ ခံတက်ချဉ်
၅၀။ ဟင်းဂလာချဉ်
၅၁။ စောင်ချမ်း
၅၂။ ပဲကြီး
၅၃။ ကုလားပဲ
၅၄။ ပဲစဉ်းငုံ
၅၅။ ပဲနောက်
၅၆။ အရက်အမျိုးမျိုး
၅၇။ ချင်းသုပ်
၅၈။ ဒူးရင်းသီး-ယို
အသားနှင့်အသီးအရွက်တို့ကို ဖော်ပြပြီးနောက် ငါး ပုဇွန်တို့ကို အပူစာ၊ အအေးစာများအဖြစ် ခွဲခြားပြသရန် လိုပါသည်။ ငါး ပုဇွန်သည် ရေထဲ၌သာနေ၍ ကျက်စားသော သတ္တ၀ါများဖြစ်သဖြင့် အအေးအစာအာဟာရသာ ဖြစ်ပါသည်။ အပူအစာအာဟာရအဖြစ် တိုက်ရိုက်ယူ၍ မရပါ။ သို့ရာတွင် အကြေးရှိသော ငါးနှင့် အကြေးမရှိသော ငါး နှစ်မျိုးအနက် အကြေးရှိသော ငါးသည် အကြေးမရှိသော ငါးလောက် မအေးပါ။
ဥပမာ-အင်္ကျီဝတ်ထားသူနှင့် အင်္ကျီချွတ်ထားသူ နှစ်ဦးတွင် အင်္ကျီချွတ်ထားသူသည် အင်္ကျီဝတ်ထားသူထက် ပို၍အေးသကဲ့သို့ အကြေးရှိသော ငါးသည် အကြေးမရှိသောငါးထက် အအေးသက်သာပါသည်။ အကြေးရှိသော ငါး ပုဇွန်တို့ကို အပူစာ တိုက်ရိုက်မဟုတ်သော်လည်း အပူအစာအာဟာရအဖြစ် ငရုတ်သီး၊ မဆလာ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်း၊ ရဲယိုရွက်၊ ဒန့်သလွန်ရွက် စသည်တို့ဖြင့် ရောနှော၍ ချက်ပြုတ်စားသောက်နိုင်ပါက အပူစာအာဟာရကဲ့သို့ အကျိုးသက်ရောက်နိုင်ပါသည်။
အအေးအစာအာဟာရများ ( အသား နှင့် ဥများ )
၁။ ၀က်သား
၂။ ကျွဲသား
၃။ ဘဲငန်းသား
၎။ ရေကြက်
၅။ လိပ်သား
၆။ ဖားသား
၇။ ဗျိုင်း
၈။ စစ္စလီ
၉။ မန်ဒါလီ
၁၀။ ငါးအမျိုးမျိုး
၁၁။ ငါးရှဥ့်
၁၂။ ပုဇွန်အမျိုးမျိုး
၁၃။ ၀မ်းဘဲဥ
၁၄။ လိပ်ဥ
၁၅။ ငါးဥများ
၁၆။ ကိုင်းဥ
၁၇။ အင်ဥ
၁၈။ မြေဥ
၁၉။ ပိန်းဥ
၂၀။ ကန်စွန်းဥ
၂၁။ မှိုဥ
၂၂။ ပဲမြစ်
၂၃။ အာတာလွတ်ဥ
၂၄။ အာလူး
၂၅။ ထန်းမြစ်
၂၆။ မျောက်ဥ
၂၇။ ပြောင်းဖူး
၂၈။ နို့အမျိုးမျိုး
၂၉။ ထောပတ်
၃၀။ မြေပဲ
အအေးစာ အသီးအရွက်များ
၁။ ဘူသီး-ရွက်
၂။ ဖရဲသီး
၃။ ကျောက်ဖရုံသီး
၎။ ရွှေဖရုံသီး
၅။ သခွားသီး
၆။ ရုံးပတီသီး
၇။ ပုံလုံသီ-ရွက်
၈။ အုန်းသီး
၉။ ငှက်ပျော်သီး အမျိုးမျိုး
၁၀။ သရက်သီးမှည့်
၁၁။ မရန်းသီးမှည့်
၁၂။ မင်းကွတ်သီး
၁၃။ ပိန္နဲသီး-နု
၁၄။ ပန်းသီး
၁၅။ ကတွတ်သီး
၁၆။ သင်္ဘောသီးမှည့်
၁၇။ သပြေသီး
၁၈။ သစ်တော်သီး
၁၉။ နာနတ်သီးမှည့်
၂၀။ သီဟိုဠ်သီး
၂၁။ လိမ္မော်သီး
၂၂။ ရှောက်သီး
၂၃။ သံပရာသီး
၂၄။ ကျွဲကောသီး
၂၅။ ရှောက်ချိုသီး
၂၆။ မာလကာသီး
၂၇။ သြဇာသီး
၂၈။ သလဲသီး
၂၉။ ခရမ်းချဉ်သီး
၃၀။ ခရမ်းကဆော့သီး
၃၁။ စောင်းလျားသီး
၃၂။ ဆီးသီး
၃၃။ ဖန်ခါးသီး
၃၄။ ဂွေးသီးမှည့်
၃၅။ နှင်းသီး
၃၆။ သဖန်းသီး
၃၇။ ခ၀ဲသီး
၃၈။ မြို့ပျက်ခရမ်းသီး
၃၉။ ဆီးဖြူသီး
၄၀။ သခွားသီးမွှေး
၄၁။ ထောပတ်သီး
၄၂။ စတော်ဘယ်ရီသီး
၄၃။ ကြက်မောက်သီး
၄၄။ စပျစ်သီး
၄၅။ မက်မန်းသီး
၄၆။ သစ်ကြားသီး
၄၇။ မန်ကျည်းသီးမှည့်
၄၈။ ကနစိုးသီး
၄၉။ သီးသီး
၅၀။ သစ်ဆိမ့်သီး
၅၁။ ကြက်ဟင်းခါးသီး-ရွက်
၅၂။ ကင်းပုံသီး-ရွက်
၅၃။ သပွတ်ခါးသီး
၅၄။ ကြက်သွန်နီ
အအေးစာ အရွက်နှင့် အရည်များ
၁။ ကန်စွန်းရွက်
၂။ မန်ကျည်းရွက်
၃။ သနပ်ရွက်
၎။ သဖန်းရွက်
၅။ ညံရွက်
၆။ လယ်ပတူရွက်
၇။ ပီလောရွက်
၈။ ပြည်ပန်းညိုရွက်
၉။ ကြက်ဟင်းခါးရွက်
၁၀။ ကင်းပုံရွက်
၁၁။ ပုံလုံရွက်
၁၂။ လယ်ဟင်းခါး
၁၃။ ကုလားမျက်စိ
၁၄။ ကန့်ကလာ
၁၅။ ဂန့်ခါး
၁၆။ မုန်ညင်းရွက်
၁၇။ ဆူးလေရွက်
၁၈။ ချဉ်ပေါင်ရွက်
၁၉။ ကင်ပွန်းရွက်
၂၀။ ဘူးရွက်
၂၁။ ရွှေဖရုံရွက်
၂၂။ ကျောက်ဖရုံရွက်
၂၃။ ဆလတ်ရွက်
၂၄။ ဂေါ်ဖီထုပ်
၂၅။ မှိုနတိုချဉ်
၂၆။ ဟင်းနုနယ်ရွက်
၂၇။ ကညွတ်ရွက်
၂၈။ ဇရစ်ရွက်
၂၉။ စားတော်ပဲရွက်
၃၀။ ပဲကတ္တီပါ
၃၁။ ပဲလွန်းရွက်
၃၂။ မြေပဲရွက်
၃၃။ မြင်းခွါရွက်
၃၄။ လက်ဖက်
၃၅။ ကြံ
၃၆။ ကြံရည်
၃၇။ ရေခဲရေ
၃၈။ ပျားရည်
အကျိုးအပြစ်
အပူစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သော အကျိုးတရားများမှာ ၀မ်းမီးကို ကောင်းစေသည်။ အစာကို ကြေစေသည်။ နှုတ်ကို မြိန်စေသည်။ ချွေးကို ထွက်စေသည်။ ပိုးနာ ယားနာ တို့ကို ပျောက်ကင်းစေသည်။ အဆီကို ပြေစေသည်။ သွေးကြော လေကြောတို့ကို ပွင့်စေသည်။ သလိပ်ကို နိုင်စေသည်။
သို့သော် ၄င်းအပူအစာအာဟာရများကို အလွန်အကျွံ စားသောက်ပါက ရေငတ်ရောဂါ၊ အရေပြား၌ အနာအမျိုးမျိုးပေါက်သော ရောဂါ၊ ဆံပင်ကျွတ်ရောဂါ၊ ဆံပင်ဖြူရောဂါ၊ အရေတွန့်ရောဂါ၊ သုက်ခန်းရောဂါ၊ အဖျားရောဂါ၊ မူးဝေသောရောဂါ၊ ပိန်ကျုံသောရောဂါ၊ အသားအရေ ခြောက်ခန်းသောရောဂါ၊ လျှာ နှုတ်ခမ်းကွဲရောဂါ၊ ဆီးပူညောင်းကျသော ရောဂါ၊ မျက်စိဝေ မျက်စိမှုန်ရောဂါ၊ ခေါင်းကိုက်ရောဂါ၊ နားလေထွက်ရောဂါ၊ နှာခေါင်းသွေးလျှံရောဂါ၊ လည်ချောင်းကွဲ လည်ချောင်းနာရောဂါ၊ နှလုံးခုန် ရင်တုန်ရောဂါ၊ မောဟိုက်သောရောဂါ၊ အသည်းရောင်ရောဂါ၊ အသားဝါရောဂါ၊ အစာအိမ် အပူလောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ မီးယပ်သွေးလွန်ရောဂါ၊ စမြင်းထိုးရောဂါ၊ လိပ်ခေါင်းရောဂါ၊ သွေးဝမ်းရောဂါ စသည်တို့ကို ဖြစ်စေနိုင်ပါသည်။
အအေးအစာအာဟာရများကို စားသုံးခြင်းကြောင့် ရအပ်သောအကျိုးတရားများမှာ ခွန်အားကို တိုးပွားစေသည်။ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ သုက် စသည့် ဓာတ်ခုနစ်ပါးတို့ကို တိုးပွားကြီးထွားစေသည်။ နို့ရည်ကို တိုးပွားစေသည်။ ရေငတ်ရောဂါ၊ မူးဝေရောဂါတို့ကို ပျောက်ကင်းစေသည်။ အပူနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။ ချွေးလွန်သောရောဂါကို ပျောက်ကင်းစေသည်။ ဆီး ၀မ်း လေတို့ကို မှန်စေသည်။
သို့သော် ၄င်းအအေးစာ အာဟာရများကို အလွန်အကျွံ စားသောက်ပါက သလိပ်ပွားသောရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ချောင်းဆိုးရောဂါ၊ သွေးကြော၊ လေကြောတို့၌ အဆီပိတ်သောရောဂါ၊ အဆီတိုးပွားသောရောဂါ၊ အဆုတ်နာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာမကြေ ရင်ပြည့်ရင်ကယ်ရောဂါ၊ ၀မ်းဖော၊ ၀မ်းရောင်၊ ၀မ်းပျက်ရောဂါ၊ ထုံကျဉ်သော ရောဂါ၊ ကိုယ်လက်လေးလံသောရောဂါ၊ သွက်ချာပါဒခေါ်ကိုယ်တခြမ်းသေရောဂါ၊ မီးယပ်သွေးချုပ်ရောဂါ၊ သွေးကျန်ရောဂါ၊ အခိုးပိတ်ချွေးငုပ်ရောဂါ၊ ခေါင်းအုံဇက်လေးရောဂါ၊ ငိုက်မျဉ်းသောရောဂါ စသည်တို့ကို ဖြစ်နိုင်ပါသည်။
အရသာ ၆-ပါး
အပူစာ၊ အအေးစာတို့၏ အမည်သရုပ်နှင့် အကျိုးအပြစ်တို့ကို ဖော်ပြပြီးနောက် ထိုအပူစာ၊ အအေးစာတို့၌ ပါဝင်သော အရသာ ၆-ပါးကို ဆက်လက်ဖော်ပြပါမည်။ ၄င်းတို့မှာ-
၁။ အချို
၂။ အချဉ်
၃။ အငန်
၎။ အစပ်
၅။ အဖန်
၆။ အခါး အားဖြင့် ၆-ပါးဖြစ်ပါသည်။
ထို့အပြင် ရာသီအလိုက်စားရမည့် အစာအာဟာရများမျာ-
၁။ နွေရာသီ၌ အချိုအရသာ ဦးဆောင်သော ထန်းလျက်၊ ထန်းရည်ချို၊ နွားနို့၊ ထောပတ်၊ ပျားရည်၊ ကြက်သား၊ ဆိတ်သား၊ အကြေးရှိသော ငါး၊ ပုဇွန်၊ ကြက်ဥ၊ ငုံးဥ စသည့် အချိုအရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။
၂။ မိုးရာသီ၌ အခါးအရသာ ဦးဆောင်သော ခွေးတောက်ရွက်၊ ရဲယိုရွက်၊ တမာရွက်၊ ငါးရံ့ပတူရွက်၊ ကန့်ကလာ၊ ကြောင်လျှာသီး-ရွက်၊ ကြက်ဟင်းခါးသီး-ရွက်၊ စသည့် အခါးအရသာရှိသော အစာအာဟာရများကို ဦးစားပေး စားသောက်သင့်ပါသည်။
၃။ ဆောင်းရာသီ၌ အချဉ်အရသာ ဦးဆောင်သော ရှောက်သီး၊ သံပရာသီး၊ မတ်ကျည်းသီး၊ ဆီးသီး၊ ကင်ပွန်းချဉ်၊ ဆီးဖြူသီး၊ ခရမ်းချဉ်သီး၊ မရန်းသီး၊ ဖန်ခါးသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ လိမ္မော်သီး၊ စောင်းလျားသီး၊ သလဲသီး၊ မက်လင်ချဉ်သီး စသည့်အချဉ်အရသာရှိသော အစာအာဟာရများကို ဦးစားပေး၍ စားသောက်သင့်ပါသည်။
( ဦးမြတ်ထွန်း-တိုင်းရိုင်းဆေး )
ဆိုင်းဘုတ် သုံးခု
၁။
သင့်မေတ္တာဖြင့် သင့်ရွာ အကျိုးကို သယ်ပိုးပါ။
သင့်အကြင်နာဖြင့် သင့်ရွာ သာယာအောင် ပြုပါ။
သင့်ပညာဖြင့် သင့်ရွာ အမြင်ကျယ်အောင် လုပ်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။
၂။
သင့်ကြိုးစားမှုဖြင့် သင့်ရွာ ဖွံ့ဖြိုးရေးကို ကူညီပါ။
သင့်သည်းခံမှုဖြင့် သင့်ရွာ ညီညွတ်မှုကို အားပြုပါ။
သင့်သီလဖြင့် သင့်ရွာ လုံခြုံမှုကို စောင့်ရှောက်ပါ။
သင့်စေတနာ သင့်ထံ ပြန်လာမည်။
၃။
သင့်ကို သတ်ရင် သင် ကျေနပ်နိုင်မလား။
သင့်ဥစ္စာကို ခိုးရင် သင် ကြိုက်နိုင်မလား။
သင့်သမီးနဲ့ ဇနီးကို ဖျက်ဆီးရင် သင် သဘောတူနိုင်မလား။
သင့်ကို လိမ်ညာရင် သင် လက်ခံနိုင်မလား။
သေရည်အရက်ကို သောက်ပြီး သင့်ကို ရမ်းကားရင် သင် နှစ်ခြိုက်နိုင်မလား။
ဒါတွေကို စဉ်းစားကာ ကိုယ်ချင်းစာ၍ ရှောင်ကြဉ်ပါ။
ဆင်ခြင်၍ လုပ်၊ ပြော၊ ကြံ
ဗုဒ္ဓဘုရားရှင်သည် ပုဂ္ဂိုလ်အမျိုးမျိုးတို့အား တရားဟော၍ ဆိုဆုံးမတော်မူခဲ့၏။ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့သော ပုဂ္ဂိုလ်တို့တွင် သားတော်ရာဟုလာလည်း ပါဝင်သည်။ ဘုရားရှင်သည် သားတော်ရာဟုလာ ရှင်သာမဏေ ဖြစ်စဉ်တွင်လည်း ဆိုဆုံးတော်မူခဲ့သည်။ ရဟန်းဘ၀သို့ ရောက်ရှိစဉ်တွင်လည်း ဆိုဆုံးမတော်မူခဲ့သည်။ ယင်းသို့ ဆိုဆုံးမရာ၌ အောက်ပါအဆုံးအမလည်း ပါဝင်သည်။
ရာဟုလာ-ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့် အလုပ်ကို လုပ်ရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။
ရာဟုလာ သင်သည် ကိုယ်ဖြင့် အလုပ်တခုကို ပြုလုပ်မည်ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ ဖြစ်မည်လော။ သူတပါးဆင်းရဲခြင်းငှါ ဖြစ်မည်လော။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခကို ပွားစေတတ်သလော။ ဆင်းရဲခြင်းအကျိုး ရှိသလော ဟု ဆင်ခြင်ရမည်။
ယင်းသို့ဆင်ခြင်၍ ငါပြုလုပ်မည့်အလုပ်သည် မိမိဆင်းရဲခြင်းငှါ ဖြစ်၏။ သူတပ်း ဆင်းရဲခြင်းငှါဖြစ်၏။ မိမိသူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါဖြစ်၏။ ဤအမှုသည် အကုသိုလ်တည်း။ ဆင်းရဲဒုက္ခကို ပွားစေတတ်၏။ ဆင်းရဲခြင်းအကျိုးရှိ၏။ ဟုသိလျှင် ထိုအမှုကို စင်စစ်မပြုအပ်ချေ။
ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ မဖြစ်။ သူတပါး ဆင်းရဲခြင်းငှါ မဖြစ်။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါလည်း မဖြစ်။ ဤအမှုသည် ကုသိုလ်တည်း။ ချမ်းသာသုခကို ပွားစေတတ်၏။ ချမ်းသာခြင်းအကျိုးရှိ၏-ဟု သိလျှင် ထိုအမှုကို ပြုလုပ်အပ်၏။
ဤအဆုံးအမသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားသီတင်းသုံးတော်မူစဉ် သားတော်ရာဟုလာအား တရားဟောတော်မူရင်း ထည့်သွင်းဟောကြားသော အဆုံးအမဖြစ်သည်။ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ၂-ဘိက္ခုဝဂ်၊ ၃-အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၌ အထင်အရှား ပါရှိသည်။
ဤအဆုံးအမသည် ဗုဒ္ဓခေတ် တခေတ်တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။
ရာဟုလာတပါးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ခေတ်အဆက်ဆက် လူအမျိုးမျိုး၊ ဘာသာအဖုံဖုံ အားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။ ဤအဆုံးအမကို လိုက်နာ ကျင့်ကြံသူတိုင်း လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကို ဖြစ်စေသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးကို ရရှိလိမ့်မည်ဟု ယူဆမိပါသည်။
Read more...
9
စက်တင်ဘာ ၁၄ ဆွမ်းလောင်းကုသိုလ်
အရုဏ်ဆွမ်း-မုန့်ဟင်းခါး
မခွန်သဒ္ဒါ (ဂျပန်)
နေ့ဆွမ်း
ဝက်သား+ ရွှေဖရုံသီးဟင်း၊ သရက်ချဉ်၊ ငါးဖောင်ရိုးငရုတ်သီးကြော်
ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးဆောင်သော နေ့ဆွမ်း အလှူရှင်များ
ဒေါ်နန်းသန္တာအောင် (စင်ကာပူ)
ပဲနှပ် - ကိုဖြိုး+ ကိုထက်
ဆွမ်းထမင်း - ထွန်းဦးစာပေ
ဝေယျာဝစ္စ ကုသိုလ်ရှင်
ဦးပညာဝံသ၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်)၊ ဦးသုဇာတ၊ ဦးဥာဏဝရ
သီလရှင် ဆရာလေး ၈ ပါး
မောင်ဇော်ထွေးဦး
ဆရာလေး စရဏမဉ္စရီ၏ အစ်မ
မနက် ၅ နာရီ ၄ မိနစ်မှာ စလောင်းပါတယ်။ မနက် ၅ နာရီ ၄၀ မှာ အပါး ၁၀၀ ကျော် မုန့်ဟင်းခါး ဘုဉ်းပေးပြီးပါပြီ။ နောက်ရောက်လာတဲ့ ကိုယ်တော်တွေက နောက်မှာ စောင့်ပေးနေကြပါတယ်။
''ကိုရင်လေးတွေ မုန့်ဖတ်ထည့်ပါဦး''
''အရှင်ဘုရား။ မုန့်ဟင်းခါး ဘုဉ်းပေးပြီပြီလား။ မဘုဉ်းရသေးရင် ဒီဘက် ကြွပါ''
''ဒီဘက်ကကိုယ်တော် ဘာလိုသေးလဲ''
''ဆရာလေးတွေ ပဲတစ်ဇလုံ ပေးပါဦး''
အရှင်ဘုရားတို့၊ ဗုဒ္ဒဟူးနေ့လဲ ကြွပါနော်။
ဗုဒ္ဒဟူးနေ့ကျရင် အမေရိကန် ပြည်ထောင်စု အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်းဆရာတော် အရှင်လောကနာထက ကပ္ပိယ ကာရကမှတစ်ဆင့် အပ်စပ်အောင် စီမံမှုဖြင့် အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်း (ငါးဟင်း ခရမ်းချဉ်သီးချက်) ကပ်လျူပါမယ်။
Read more...
သားသမီးဟူသည်ဟူသည် အပိုင်း- ၂... (တည်တောဆရာတော်)
တည်တောဆရာတော်
သားသမီးဟူသည်ဟူသည် အပိုင်း- ၂...
အပိုင်း- ၁...
Read more...
ကွန်ပြူတာအသုံးပြုရာ၌ သိသင့်သည့် Shrotcut Key များ
လမင်းဆိုတဲ့ကောင်လေးတစ်ယောက် ပို့ပေးလိုက်သည့် အသိပညာလေးတစ်ခုပါ။ မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ်ဖေါ်ပြလိုက်ပါသည်။ ဖေါ်ထုတ်ရေးသားသည့် ပညာရှင်များကို ကျေးဇူးတင်ပါကြောင်း ...
Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ
ချပေး ပါလိမ့်မယ်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows
တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows
explorer ကို ဖွင့်ပေး ပါတယ်။
Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ
network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။
F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း
အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက်
သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို
အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C - မိတ္တူ ပွားပေး ပါမယ်။
Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက်
အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။
Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ
အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင်
ပြုလုပ် ပေးပါတယ်။
Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား
လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows
ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။
General Keyboard
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင်
လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး
တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု
အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း
လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။
Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား
ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို
လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ
ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD
တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box
တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ
အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command
တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen - Multiple Document Interface ကို ပြသ ပေးတယ်။
Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင်
options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ
တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို
နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့
လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။
Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို
မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား
ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင်
ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag
ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို
ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။
F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။
Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop
ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင်
ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten
folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard
နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse
properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility
options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး
ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel
လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို
ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ
ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock
Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊
အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက်
function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့်
လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့
ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက်
နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင်
ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို
တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။
Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။
အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို
ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။
တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။
Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့
အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။
ဆက်ဖတ်ရန်...
Read more...
၁။ ဝီထိ
ဝီထိ (၁)
သဟဇာတပစ္စည်း အကြောင်းမသွားခင် ဝီထိကို သင်္ဂြိုဟ်နည်းအားဖြင့် ပြန်လည်၍ နည်းနည်းတင်ပြချင်ပါတယ်။
'ဝီထိ' သဒ္ဒါသည် 'အစဉ်အတိုင်း' ကို ဟော၏ ။ လူတို့၏ သွားလာရာ ခရီးစဉ်သည် ရွာစဉ်ကို မကျော်ဘဲ တစ်ရွာပြီးတစ်ရွာ အစဉ်အတိုင်း ဖြစ်သန်းသွားသကဲ့သို့ ထို့အတူ စိတ္တနိယာမအရ စိတ်တို့၏ ဖြစ်စဉ်သည် ဖြစ်သင့်သော စိတ်အစဉ်တို့ကို မကျော်မူဘဲ စိတ်တစ်ခုပြီးတစ်ခု အစဉ်အတိုင်း ဖြစ်ပျက်ရ၏ ။
ဥပမာ - မျက်စိ အကြည်ဓာတ်၌ အဆင်းအာရုံ ထင်ပေါ်လာသောအခါ ပထမ ထိုအာရုံကို ဆင်ခြင်နှလုံးသွင်းသော ပဉ္စဒွါရာဝဇ္ဖန်းစိတ် ဖြစ်ရ၏ ။ ထို့နောက် ထင်လာသော ရူပါရုံကို မြင်သော စက္ခုဝိညာဏ်စိတ် ဖြစ်ရ၏ ။ မြင်ရုံသာ မြင်သေး၏ ။ မည်သည့်အဆင်းဟူ၍ မသိသေးချေ။ ထို့ကြောင့် စက္ခုဝိညာဏ် မြင်လိုက်သည့် ရူပါရုံကို လက်ခံယူသော သမ္ပဋိစ္ဆိုင်းစိတ် ဆက်လက်ဖြစ်ရ၏ ။ ထို့နောက် ထိုရူပါရုံကို စုံစမ်းသော သန္တီရဏစိတ် ဖြစ်၏ ။ ထို့နောက် 'ဤရူပါရုံသည် မည်သည့်အရာပဲ' ဟု အာရုံကို ဆုံးဖြတ်သော မနောဒွါရာဝဇ္ဇန်းစိတ် (ဝုဋ္ဌောစိတ်) ဖြစ်၏ ။ ထို့နောက် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် အာရုံ၏ အရသာကို ခံစားသော ဇောစိတ်တို့သည် အရှိန်အဟုန်နှင့် ဖြစ်၏ ။ ထို့နောက် ဇောစိတ်၏ အဟုန်ကြောင့် ဇောအစဉ်နောက်သို့ လိုက်သော တဒါရုံစိတ် ဖြစ်ပေါ်၏ ။ ထို့နောက် မြင်သိခြင်းကိစ္စ ပြီးဆုံးပြီဖြစ်၍ ဘဝင်စိတ်သည် ဖြစ်မြဲအတိုင်း ဆက်လက်ဖြစ်သွားရ၏ ။
ဤသို့ ဒွါရ ၆-ပါး၌ ထင်လာသော အာရုံတစ်ခုစီကို သိနိုင်ရန် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ်-စသည်ဖြင့် ဖြစ်ပေါ်ရသော စိတ်အစဉ်တစ်ခုစီကို 'ဝီထိ'-ဟု ခေါ်သည်။
ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်များ
တစ်ဘဝ၌ ပထမဆုံးဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ်ဟု ခေါ်ပါတယ်။ ထိုပဋိသန္ဓေစိတ်သည် ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးမျိုးတွင် တစ်မျိုးမျိုးကို အာရုံပြု၏ ။ ပဋိသန္ဓေစိတ် ချုပ်ပျောက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘဝကို ဆက်ပေးသော ဘဝင်စိတ် တို့သည် ပဋိသန္ဓေစိတ် ယူသောအာရုံကိုပင် ဆက်ယူလျက် ဆက်ကာဆက်ကာ ဖြစ်ပျက်သွားကြ၏ ။ တစ်ဘဝ၏ နောက်ဆုံးစိတ်ဖြစ်သော ဘဝင်စိတ်ကို စုတိစိတ်ဟု ခေါ်၏ ။ စုတိစိတ်သည်လည်း ပဋိသန္ဓေစိတ်နှင့် ဘဝင်စိတ်-တို့ ယူသော အာရုံကိုပင် ဆက်ယူ၏ ။
ထိုပဋိသန္ဓေစိတ်, ဘဝင်စိတ်နှင့် စုတိစိတ်-တို့၏ အာရုံသည် အလွန်သိမ်မွေ့သဖြင့် ကျွန်ုပ်တို့ မသိရှိကြချေ။ ဤစိတ်တို့သည် စိတ်တစ်မျိုးတည်း ဖြစ်သောကြောင့်လည်းကောင်း၊ ဒွါရ ၆-ပါးတို့၌ မဖြစ်သောကြောင့်လည်းကောင်း ဤစိတ်တို့ကို ဝီထိမုတ္တ = ဝီထိမှ အလွတ်ဖြစ်သောစိတ်များဟု မှတ်ယူရ၏ ။
ဘဝင်စိတ်အစဉ် ဖြစ်ပေါ်နေစဉ် ဒွါရ ၆-ပါးအနက် တစ်ပါးပါး၌ အဆင်း၊ အသံ၊ အနံ့ - စသည့် ပြင်ပအာရုံတစ်မျိုးမျိုး ထိတိုက်လာသည့်အခါ ထိုအာရုံကို သိနိုင်ရန် ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်- စသည်ဖြင့် စိတ်တစ်ခုပြီး တစ်ခု စီတန်းကာ ဖြစ်သောကြောင့်လည်းကောင်း၊ စက္ခုဒွါရ - စသည့် ခြောက်ဒွါရတို့၌ ထိုက်သည့်အားလျှော်စွာ ဖြစ်သောကြောင့်လည်းကောင်း၊ ဤစိတ်အစဉ်အတန်းကို 'ဝီထိ' ဟု ခေါ်ဆိုရ၏ ။
ဘဝင်စိတ်အစဉ်သည် တည်ငြိမ်နေသော ပင်လယ်ရေပြင်နှင့် တူ၏ ။ ဝီထိစိတ် အစဉ်တို့သည် လေမုန်တိုင်း၏ ပင့်ဆောင်မှုကြောင့် ကြွတက်မို့မောက်လာကြသည့် ပင်လယ်ဒီလှိုင်းများနှင့် တူကြ၏ ။
စိတ်၏ အသက်
စိတ်တစ်ခုစီ၏ ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏ ဟူသော ခဏငယ် ၃-ချက်ကို စိတ္တက္ခဏတစ်ခု-ဟု ခေါ်၏ ။ ထိုစိတ္တက္ခဏတစ်ချက် (ဝါ) ခဏငယ် ၃-ချက်သည် စိတ်တစ်ခု၏ အသက်တည်း။
ဥပါဒ် = ဥပ္ပါဒ = ဖြစ်ပေါ်လာမှု၊
ဌီ = ဌီတိ = ဖြစ်ပေါ်ပြီးနောက် တည်နေမှု၊
ဘင် = ဘင်္ဂ = တည်နေပြီးနောက် ပျက်စီးချုပ်ကွယ်မှု၊
ဖြစ်ပေါ်ရန်အကြောင်း ပြည့်စုံညီညွတ်၍ ပရမတ္ထတရားတို့၏ ရှေးဦးဖြစ်ပေါ်လာသော ခဏအခါသည် ဥပါဒ်ခဏ မည်၏ ။
ဖြစ်ပေါ်ပြီးနောက် ပရမတ္ထတရားတို့၏ မချုပ်သေးမီ တည်နေသော အခိုက်အတန့်သည် ဌီခဏ မည်၏ ။
ဖြစ်ပေါ်တည်ပြီးနောက် ပရမတ္ထတရားတို့၏ ကွယ်ပျောက်ချုပ်ဆုံးသော ခဏအခါသည် ဘင်ခဏ မည်၏ ။
ထိုဥပါဒ်-ဌီ-ဘင် ခဏငယ် ၃-ချက်နှင့် ညီမျှသော စိတ္တက္ခဏတစ်ချက်သည် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့်ကာလတွင် စိတ္တက္ခဏပေါင်း ကုဋေတစ်သိန်းကျော်ရှိသည်ဟု ကျမ်းဂန်၌ ဆိုထား၏ ။ ထို့ကြောင့် စိတ္တက္ခဏတစ်ခုသည် မျက်တောင်တစ်ခတ်မျှကာလ၏ ကုဋေတစ်သိန်းပုံ တစ်ပုံခန့်သာ ကြာရှည်၏ ။
ရုပ်၏ အသက်
စိတ္တက္ခဏပေါင်း ၁၇-ချက်သည် ရုပ်သက်တစ်ခုနှင့် ညီမျှ၏ ။ တစ်နည်းဆိုသော် ရုပ်၏ အသက်သည် စိတ်အသက်၏ ၁၇-ဆနှင့် ညီမျှ၏ ။ စိတ်တစ်ခု၏ အသက်သည် ခဏငယ် ၃-ခု ရှိသည့်အတွက် ရုပ်သက်တစ်ခုတွင် စိတ်ခဏငယ် ၁၇*၃ = ၅၁ ချက် ရှိ၏။
ထို ၅၁-ချက်တွင် အစဖြစ်သော ခဏငယ်တစ်ခုကား​ ရုပ်၏ ဥပါဒ်ခဏတည်း။ အဆုံးဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဘင်ခဏတည်း။ အလယ်ဖြစ်သော ခဏငယ်ပေါင်း ၄၉-ခုကား ရုပ်၏ ဌီခဏတည်း ။
သို့အတွက် ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏတို့သည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် အချိန်ကာလ အတူတူပင် ဖြစ်ကြ၏ ။ ရုပ်၏ ဌီခဏကမူ စိတ်၏ ဌီခဏထက် ၄၉-ဆ ကြာရှည်၏ ။ ဤအကြောင်းကြောင့် ရုပ်ကလာပ်များစွာ စုဝေးနိုင်ပြီး ထိုရုပ်အစုအဝေးကို ကျွန်ုပ်တို့ မြင်တွေ့နိုင်၏ ။ အလွန်လျင်မြန်စွာ တစ်ခုချင်းဖြစ်သောစိတ်ကိုမူ မည်သည့်အခါမျှ မမြင်တွေ့နိုင်ချေ။
မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် အချိန်ကာလတွင် ရုပ်သက်ပေါင်း ကုဋေ ၅၈၀၀-ကျော် ရှိသည်ကို တွက်ချက်ကြည့်နိုင်ပါသည်။
မျက်စိတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် စက္ခုဒွါရ၌ ထင်လာသော ရူပါရုံ (အဆင်း)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို စက္ခုဒွါရဝီထိ-ဟု ခေါ်၏ ။
နားတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် သောတဒွါရ၌ ထင်လာသော သဒ္ဒရုံ (အသံ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို သောတဒွါရဝီထိ-ဟု ခေါ်၏ ။
နှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဃာနဒွါရ၌ ထင်လာသော ဂန္ဓာရုံ (အနံ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဃာနဝီထိ-ဟု ခေါ်၏ ။
လျှာတံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ဇိဝှာဒွါရ၌ ထင်လာသော ရသာရုံ (အရသာ)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ဇိဝှာဒွါရဝီထိ-ဟု ခေါ်၏ ။
ကိုယ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် ကာယဒွါရ၌ ထင်လာသော ဖောဋ္ဌဗ္ဗာရုံ (အထိအတွေ့)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို ကာယဒွါရဝီထိ-ဟု ခေါ်၏ ။
စိတ်တံခါးပေါက်ဟု ခေါ်ဆိုအပ်သည့် မနောဒွါရ၌ ထင်လာသော ဓမ္မာရုံ (အကြံအတွေး စသည်)ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် စိတ်အစဉ်ကို မနောဒွါရဝီထိ-ဟု ခေါ်၏ ။
ဆောင်ပုဒ်။ ။ ခြောက်ဒွါရဝယ်၊ စိတ်အစဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။ (ဒွါရ ခြောက်ပါးကို အကြောင်းပြု၍ စိတ်အစဉ် ခြောက်မျိုး (ဝါ) ဝီထိ ခြောက်မျိုး ဖြစ်ပေါ်သည်။)
ဆသက္က ခြောက်မျိုး ခြောက်လီ
* ဝီထိပိုင်း၌ ခြောက်ခု အပေါင်းအစု-ဟူသော ဆက္ကတို့သည် အဘယ်မျှ ရှိသနည်း။
ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က၊ ဝိညာဏဆက္က၊ ဝိသယပ္ပဝတ္ထိဆက္က၊ ဝီထိဆက္က-ဟူ၍ ခြောက်ပါး ရှိသည်။
ဝတ္ထုဆက္က ။ ။ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှာဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု-ဟူသော ဝတ္ထုခြောက်ခု အစုကို ဝတ္ထုဆက္က-ဟု ခေါ်၏ ။ ပထမဝတ္ထု ငါးခုသည် စက္ခုပသာဒ - စသည့် ပသာဒရုပ် ၅-ပါး ဖြစ်၏ ။ ဆဋ္ဌမမြောက် ဟဒယဝတ္ထုသည် နှလုံးအတွင်းရှိ သွေး၌ တည်သော ဝတ္ထု ဖြစ်၏ ။
ဒွါရဆက္က ။ ။ စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှာဒွါရ၊ ကာယဒွါရ၊ မနောဒွါရ - ဟူသော ဒွါရ ခြောက်ခုအစုကို ဒွါရဆက္က-ဟု ခေါ်၏ ။ ပထမဒွါရ ငါးပါးသည် ပသာဒရုပ် ၅-ပါးပင် ဖြစ်၍၊ ရုပ်ဒွါရများ ဖြစ်ကြ၏ ။ မနောဒွါရမှာ ဘဝင်စိတ် ၁၉-ပါး ဖြစ်သဖြင့် နာမ်ဒွါရ ဖြစ်၏ ။
အာရမ္မဏဆက္က ။ ။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံ-တို့သည် အာရမ္မဏဆက္က ဖြစ်၏ ။
(ဝတ္ထုဆက္က၊ ဒွါရဆက္က၊ အာရမ္မဏဆက္က-တို့အား ပိုသဘောပေါက်ရန် ပကိဏ်းလည်း လေ့လာကြပါ။)
ဝိညာဏဆက္က ။ ။ စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာတဝိညာဏ်၊ ဇိဝှာဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဟူသော ဝိညာဏ် ခြောက်ပါးကို ဝိညာဏဆက္က-ဟု ခေါ်ပါသည်။
ဝိညာဏ = ဝိညာဏ်-ဟူသည်မှာ သိခြင်း (စိတ်)ပင် ဖြစ်၏ ။
ဝီထိဆက္က ။ ။ စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှာဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ-ဟူ၍ ဝီထိခြောက်ပါးကို ဝီထိဆက္က-ဟု ခေါ်၏ ။
စက္ခုဒွါရဝီထိကို စက္ခုဝိညာဏဝီထိ-ဟုလည်း ခေါ်၏ ။ စက္ခုဒွါရ၌ ထင်လာသော အာရုံကို စက္ခုဝိညာဏ်စိတ်က မြင်သည်နှင့်စပ်၍ အဆက်ဆက်ဖြစ်လာသော စိတ်အစဉ်ကို စက္ခုဝိညာဏဝီထိ-ဟု ခေါ်ဆိုနိုင်၏ ။ ဒွါရ၏ အစွမ်းဖြင့် စက္ခုဒွါရဝီထိ-ဟု ခေါ်၍ ဝိညာဏ်၏ အစွမ်းဖြင့် စက္ခုဝိညာဏဝီထိ-ဟု ခေါ်ခြင်း ဖြစ်၏ ။
ထိုနည်းတူ ကျန်သည့်ဝီထိငါးပါးကို သောတဝိညာဏဝီထိ၊ ဃာတဝိညာဏဝီထိ၊ ဇိဝှာဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနောဝိညာဏဝီထိ-ဟုလည်း ခေါ်ဆိုအပ်၏ ။
ဝိသယပ္ပဝတ္တိဆက္က ။ ။ ဝိသယ = အာရုံ + ပဝတ္တိ = ဖြစ်ခြင်း, ထင်ခြင်း။ ဒွါရတို့၌ အာရုံ၏ ဖြစ်ခြင်းကို ဝိသယပ္ပဝတ္တိ-ဟု ခေါ်၏ ။ တစ်နည်း... အာရုံတို့၌ စိတ်ဖြစ်ခြင်းသည် ဝိသယပ္ပဝိတ္တိ - မည်၏ ။
ပဉ္စဒွါရ၌ ဖြစ်သော အာရုံ ၄-ပါး
၁။ အတိမဟန္တရုံ = ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၂။ မဟန္တရုံ = သင့်တင့် ထင်ရှားအားကြီးသော အာရုံ ငါးပါး၊
၃။ ပရိတ္တာရုံ = မထင်ရှား မသိသာသည့် အားနည်းသော အာရုံ ငါးပါး၊
၎။ အတိပရိတ္တာရုံ = အလွန်တရာ မသိသာ မထင်ရှား၍ အားနည်းလှသော အာရုံ ငါးပါး။
မနောဒွါရ၌ ဖြစ်သော အာရုံ ၂-ပါး
၁။ ဝိဘူတာရုံ = ထင်ထင်ရှားရှားဖြစ်သော အာရုံ၊
၂။ အဝိဘူတာရုံ = မထင်မရှားဖြစ်သော အာရုံ ။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ဒွါရတို့၏ အာရုံ ထင်ပုံ (၆)မျိုးကို ဝိသယပ္ပဝတ္တိဆက္က - ဟု ခေါ်၏ ။
ဝိသယပ္ပဝတ္တိ ၉-မျိုး ။ ။ အထက်ပါ အာရုံထင်ပုံ ခြောက်မျိုးတို့သည် ဝီထိစိတ်တို့၏ ဝိသယပ္ပဝတ္တိ ခြောက်မျိုး ဖြစ်၏ ။ ဝီထိမုတ်-ခေါ်သော ပဋိသန္ဓေ, ဘဝင်, စုတိစိတ်-တို့၏ ဝိသယပ္ပဝတ္တိကား ကံ, ကမ္မနိမိတ်, ဂတိနိမိတ်-အားဖြင့် သုံးမျိုးရှိ၏ ။ သို့အတွက် စုစုပေါင်း ဝိသယပ္ပဝတ္တိ ၉-မျိုး ရှိ၏ ။
ဆက်ရန် .... ဝီထိ (၂) သို့
အပြည့်အစုံသို့...
Read more...
သူရိယ ၀စ္ဆသာ သို့
စိန်ချွှန်းတောင် ရန်ဟုန်ပ
ဆန်စုန်ကြွ အောင်မြင်။
မာန်ဟုန်ထ ပြောင်စင်ငယ်
ရှောင်မကြဉ် တွေ့တိုင်း
ငါ ဟဲ့လို့ မာန်ကွန့်ရှာသည် ၊
ပြန်ရွံ့ကာ ရွေးမျှ မဆိုင်း။
ကိုယ့်ဒဏ်ချက် ထိစရာကို
မသိရှာ ဝေမှိုင်း
သတိကွာ ပွေလှိုင်းလို့
မသွေနှိုင်း ပုံလို။
အာရုံတော် သစ်အဖူးရယ်ကြောင့်
အချစ်ရူး ရူးခဲ့ပြီ ကိုယ်
ကောင်းပဉ္စ စုံသူ့ကိုယ်ရယ်
ဂုဏ်နုပျို ပျိုလေးမို့
ကိုယ်အသွေး ဇောညွတ်ပွေအောင်
ချောမွတ် ရွှေပေါင်။
တင့်သနဲ့ မြင်လှဲ့ ဆောင်ဝယ် ။
ခင့်ရဲ့မောင် ပူခန်းကွဲ့လေး ။
ဒီတခါတော့ ပဉ္စသီခ အစား လွမ်းနိုင်အောင် အလွမ်းပြေ တေးထပ်လေး တင်ပေးလိုက်ပါတယ် ၊
Read more...
လာလည်ကြသူများ
ဤဘလော့ဂ်၏ ရည်ရွယ်ချက်
ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။
ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။
ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။
ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ
မြန်မာပြက္ခဒိန်
မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။
  © Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP