* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ဘုရားရှင်တို့ ၏ မဂ်ဥာဏ် ဖိုလ်ဥာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့ မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့ အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့ ၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

ကရုဏာလက်များ ကမ်းလင့်ပေးပါ...

ကရုဏာလက်များ ကမ်းလင့်ပေးပါ...
စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်


ရန်ကုန်မြို့ အသောကာရာမ သီလရှင်စာသင်တိုက်မှ နဝမတန်း ဖြေဆိုမည့် သီလရှင် ဆရာလေးများအတွက် ဆရာ၊ ဆရာမများ လစဉ် ထားပေးနိုင်ရန် ပညာရေးအလှူရှင်များ လိုအပ်နေပါသည်။ ရွှေစေတီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ၉ တန်းနှင့် ၁၀ တန်း ကျောင်းသားများ ကျောင်းအိပ်ကျောင်းစား နေထိုင်ပညာဆည်းပူးနိုင်ရေးအတွက် ကူညီထောက်ပံ့မည့် ကုသိုလ်ရှင်များ လိုအပ်လျက် ရှိပါသည်။ စေတနာရှင် အလှူရှင်များ အနေဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်း http://www.mmtheravada.org ဖုန်း
09-73062811, 09-5505176 သို့ ဆက်သွယ်လှူဒါန်းကြစေလိုပါသည်။

သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဝိမုတ္တိရသ အဖွဲ့သားများ

------------------------
နောက်ဆက်တွဲသတင်း.....

ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်

ထေရ၀ါဒဗုဒဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။

ပြုလုပ်မည့်အစီအစဉ်

ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။

လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ

(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။

(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။

(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။

(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။

အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)

ဆက်သွယ်ရန်လိပ်စာ

ကိုထွန်းထွန်းလှိုင်

ဖုန်း ၀၉-၇၃၀၆၂၈၁၁

htunhtunhlaing82@gmail.com

winthu.tbyo@gmail.com

thantzin83@gmail.com

Friday, September 11, 2009

သြ၀ါဒ

၁။ ဒါန-ပေးကမ်း လှူဒါန်းခြင်း။
၂။ ပိယ၀ါစာ-ချစ်ဖွယ် ချိုသာသောစကားကို ဆိုခြင်း။
၃။ အတ္ထစရိယ-သူတပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပြုကျင့်ခြင်း။
၎။ သမာနတ္တတာ-မိမိနှင့် ချမ်းသာဆင်းရဲ အတူပြုခြင်း ဟူ၍ သင်္ဂဟတရားလေးပါးကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

ယင်းသင်္ဂဟတရားလေးပါးကို ကျင့်သုံးပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ကြပါစေ။ ဒါနရွှေအိုး၊ သီလရွှေအိုး၊ သမာဓိရွှေအိုး၊ ပညာရွှေအိုး ဟူသော ရွှေအိုးကြီးလေးလုံးကိုလည်း ကြိုးစား၍ မြှုပ်နှံနိုင်ကြပါစေ။

( ပဲခူး မြို့မဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ မဟာထေရ် )


Read more...

မူလဘူတ ပဓာနကျသော ပရိယတ္တိသာသနာတော်

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်တွင် ကမ္ဘာသူကမ္ဘာသားတို့၏ စီးပွားချမ်းသာအလို့ငှါ ကျင့်ဆောင်ရေးနည်းအမျိုးမျိုးကို မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါသည်။ ယင်းအဆုံးအမကို သဒ္ဓမ္မသုံးဖြာ သာသနာဟူ၍ အများပင် သိရှိကြ၏။ အမြွက်မျှ ဖော်ပြရသော်-

၁။ ပရိယတ္တိသာသနာ-စာပေကျမ်းဂန် အရပ်ရပ် ပိဋကတ်သင်ကြားမှု။
၂။ ပဋိပတ္တိသာသနာ-ဈာန်မဂ်ဖိုရကြောင်း အကျင့်ကောင်းဖြစ်သော သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ရှုမှတ်ပွားများ အားထုတ်မှု။
၃။ ပဋိဝေဓသာသနာ-မဂ်ဖိုလ်နိဗ္ဗာန်ဟူသော တရားမှန်ကို သိမှု။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမများကို ကျင့်သုံးရာ၌ သာသနာတော်သုံးရပ်တွင် ပရိယတ်သည် အရင်းမူလ ဖြစ်ပါသလော။ ပဋိပတ်သည် အရင်းမူလ ဖြစ်ပါသလော-ဟူသော ပြဿနာသည် အလွန်ရှေးကျသည့် ကာလကပင် ပေါက်ခဲ့သည်။ ထိုဘေးကြီး အေးငြိမ်းပြီးနောက် သံဃာ့အစည်းအဝေးကြီးတွင် အဆိုပါ ပြဿနာပေါ်ပေါက်လာခဲ့သည်။

ပရိယတ္တိသာသနာတော် မပျောက်ပျက်စေရန် ပင်ပန်းကြီးစွာ စောင့်ရှောက်ထိန်းသိမ်းခဲ့သော သံဃာများနှင့် ပံသုကူလိက (ပံ့သကူဆောင်) အရင်မြတ်တို့ တဖက်နှင့်တဖက် အပြန်အလှန် ငြင်းခုံတော်မူကြသည်ဟု ကျန်းဂန်မှတ်တမ်းများတွင် ဖော်ပြထားသည်။ နောက်ဆုံးတွင် ပရိယတ္တိဆောင် အရှင်မြတ်တို့က ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ၀ိနယော ယာဝ ဒိပ္ပတိ-အစချီသော ဘုရားရှင်ဟောတော်မူခဲ့သည့် သုံးဂါထာကို ကိုးကားရွတ်ဆိုပြရာ ပဋိပတ္တိ အရှင်သူမြတ်များက သဘောတူ လက်ခံကြရလေသည်။ အကျဉ်းချုပ်အဓိပ္ပါယ်မှာ-နေထွန်းတောက်သဖြင့် အလင်းရောင်ရကြသကဲ့သို့ တရားတော်များ တည်တံ့နေမှသာ သာသနာထွန်းလင်းသည်။ နေကွယ်လျှင် လောက၌ အမိုက်မှောင် ဖုံးလွှမ်းသကဲ့သို့ ပရိယတ္တိ ကွယ်ပျောက်အားနည်းလျှင် သာသနာကွယ်၍ အမိုက်မှောင်ကျမည်သာတည်း။ (အင်္ဂုတ္တ-အဋ္ဌကထာ)

သုတ်ပါထေယျအဋ္ဌကထာတွင်လည်း သာသနာဌိတာယ ပန ပရိယတ္တိ ပမာဏံ-သာသနာတည်တံ့ရေးသည် ပရိယတ္တိသာ ပဓာနဖြစ်သည်ဟု ဆိုထားပေသည်။ ထို့ကြောင့် ပရိယတ်ကို သင်ကြားရာ၌-
၁။ ၀ိနည်းပိဋကတ်သည် အပြစ်ရှိသူကို အပြစ်အားလျော်စွာ ဆုံးမချက်များဖြစ်ရာ ၀ိနည်းပိဋကတ်ကို သင်ကြားခြင်းသည် အဓိသီလ သိက္ခာအတွက် အခြေခံ ဖြစ်လေသည်။
၂။ သုတ္တန်ပိဋကတ်ကို သင်ကြားခြင်းသည် သတ္တ၀ါတို့၏ အလိုအဇ္ဈာသယအလျောက် ဟောကြားဆုံးမချက်များ ဖြစ်သဖြင့် အဓိစိတ္တသိက္ခာအတွက် အခြေခံ ဖြစ်လေသည်။
၃။ အဘိဓမ္မာပိဋကတ်ကို သင်ကြားခြင်းသည် ရုပ်နာမ်ဓမ္မသဘာဝတို့၏ ဖြစ်ပျက်ပုံ ဟောကြားချက်များကို သင်ကြားရခြင်းဖြစ်သဖြင့် အဓိပညာသိက္ခာအတွက် အခြေခံ ဖြစ်လေသည်။

မင်္ဂလာဗျူဟာအသင်းသည် ဤအခြေံများ တည်တံ့ခိုင်မြဲစေရန် နှစ်စဉ် သာမဏေ၊ သီလရှင်များကို စာမေးပွဲကျင်းပ၍ အားပေးချီးမြှောက်နေပါသည်။ ထို့ကြောင့် သာသနာတော်ကို အရှည်ခံ့၍ တည်တံ့ခိုင်မြဲစေရန် ထောက်ပံ့လှူဒါန်းမည့် ပုဂ္ဂိုလ်များကို ကြိုဆိုလျက် ရှိနေပါကြောင်း နှိုးဆော်လိုက်ရပါသည်။


Read more...

ဇောတိက လက်စွပ်ကို မချွတ်နိုင်သော အဇာတသတ်မင်း

တခုသောဘ၀တွင် ဇောတိကအလောင်းသည် ကြံခင်းပိုင်ရှင် ဖြစ်ခဲ့၏။ တနေ့သ၌ ကြံတချောင်းကို ယူလာရာ လမ်းတွင် ဆုံမိသော ရှင်ပစ္စေကဗုဒ္ဓါတပါးကို လှူလိုက်၏။ ထိုကောင်းမှုကြောင့် နတ်ပြည်၌ အကြိမ်ကြိမ် ခံစားပြီးနောက် ၀ိပဿီမြတ်စွာဘုရား ပွင့်တော်မူသောအခါ သူဌေးကြီးဖြစ်ပြီး ရတနာခုနစ်ပါးဖြင့်ပြီးသော ရတနာခုနစ်ပါး အပြည့်ခင်းထားသော ကျောင်းတော်ကြီး ဆောက်လှူ၏။ ကျောင်းသို့ ရောက်လာသူတိုင်းကို အလိုရှိသမျှ ယူသွားစေ၏။ ထိုအတွင်း ပုဏ္ဏားတယောက်သည် ဘုရားခြေတော်ရင်းက ပတ္တမြားကို ခိုးယူပြီး ၀ှက်ထားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ရ၏။ မြတ်စွာဘုရားထံ ချဉ်းကပ်၍ နောင်ဘ၀ အဆက်ဆက် ဘုရားတပည့်တော်၏ ပစ္စည်းမှန်လျှင် ချည်မျှင်တမျှင်မျှ မယူနိုင်ပါစေသတည်း-ဟု ဆုတောင်းသည်။
ထိုအခါ ဘုရားရှင်က ခွင့်ပြုတော်မူ၏။

ရှင်တော်ဂေါတမ လက်ထက်တွင် အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးဖြစ်လာပြန်၏။ မြတ်ဗုဒ္ဓ သီတင်းသုံးရန်အတွက် ကျောင်းဆောက်ရန် မြေရှာ၍ ပြုပြင်ရာ သိကြားမင်းသည် လက်သမားအသွင် ဖန်ဆင်း၍ သူဌေးထံ ချဉ်းကပ်လာ၏။ ဤတွင် မြေပြုပြင်ရေး၊ အစစ လိုလေသေးမရှိ စီမံရေး၊ ကျောင်းဆောက်ရေးတို့ကို စီစဉ်၍ ပြီးစေ၏။ ပြီးလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဘုံခုနစ်ဆင့် ပြသာဒ်နှင့်တကွ ရတနာအမျိုးမျိုးဖြင့် စီခြယ်ထားသော အမိုးအကာ၊ နံရံ တံခါး လှေကား စသည်တို့ကို လိုလေသေးမရှိ ထူးခြားအံ့သြဘွယ် ဖြစ်ပေါ်စေ၏။ တနေ့သ၌ ဇောတိက၏ကျောင်းကို ကြည့်ရန် ကျောင်းတော်သို့ ဗိမ္ဗိသာရမင်းကြီး ရောက်လာ၏။ သားတော် အဇာတသတ်မင်းသားငယ်ကိုလည်း လက်ဆွဲလျက် ခေါ်လာခဲ့၏။ သားတော်သည် ချက်ချင်းအကြံပေါ်လာ၏။ ငါ၏ခမည်းတော်သည် ညံ့လှချေတကား၊ သူဌေးဆိုသူက ရတနာပြာသာဒ်နှင့် နေနိုင်ပါလျက် တို့ကတော့ သစ်သားနန်းတော်ဖြင့်သာ နေနိုင်၏။ ငါသာ မင်းဖြစ်ခဲ့လျှင် ဤအဆောက်အအုံကို သိမ်းယူမည်-ဟု စိတ်ကူးမိသည်။

အဇာတသတ်မင်းသားသည် ဖခင်မင်းကြီးကို သတ်ပြီးသောအခါ စစ်သည်ဗိုလ်ပါ စုဆောင်း၍ ဇောတိက နေအိမ်ကို တိုက်ခိုက်ရန် ရောက်လာ၏။ ဤတွင် အရပ်လေးမျက်နှာ၌ နတ်ဘီလူးများ ကာကွယ်စောင့်ရှောက်နေသဖြင့် တံတိုင်းအနီးသို့ပင် ကပ်ရန် မတတ်နိုင်ပေ။ စိတ်ပျက်နေသော အဇာတသတ်သည် စစ်ရှုံး၍အပြန်တွင် ဝေဠုဝန်ကျောင်းတော်သို့ဝင်ရာ ဇောတိကသူဌေးကို တွေ့ရသဖြင့် အမျက်ဒေါသ ဖြစ်သွားသည်။ သင်သည် သူတော်ကောင်းယောင်ဆောင်၍ ဘုရားအနားကပ်နေ၏။ သင့်စစ်သည်များကို ငါ့စစ်သည်များနှင့် တိုက်ခိုက်ရန် စီမံထားခဲ့သည်မဟုတ်လော-ဟု စွပ်စွဲ၏။ ဇောတိကသည် သူမရှိမီ သူ့အိမ်ကို တိုက်ခိုက်ရန် အဇာတသတ်မင်း သွားသည်ကို ရိပ်မိလိုက်၏။ သူဌေးက အဇာတသတ်မင်းကို-

အရှင် ကျွန်တော်မျိုး သဘောမတူလျှင် ကျွန်တော်မျိုးပိုင်သောပစ္စည်း ချည်မျှင်တမျှင်မျှပင် ယူရန် မတတ်နိုင်ပါ။ ယခု ကျွန်တော်မျိုး ၀တ်ထားသော လက်ဝတ်ရတနာ စသည်တို့ကို အရှင်လိုချင်လျှင် ဖြုတ်ယူကြည့်ပါ-ဟုပြော၏။ အဇာတသတ်မင်းသည် အဖိုးမဖြတ်နိုင်သော လက်စွပ် ကျောက် စသည်တို့ကို အားရှိသမျှ အတင်းကြိုးစားဖြုတ်ယူရာ ချွေးဒီးဒီးပင် ကျလာသည်။ သို့သော်လည်း ဇောတိကလက်ပေါ်ရှိ ပစ္စည်းများကား ရွေ့လျား၍ပင် မလာပေ။ ထို့နောက် အဇာတသတ်မင်းကိုကြည့်၍ လက်စွပ်အားလုံး ယူလိုလျှင် လက်ဝါးဖြန့်တော်မူပါ-ဟု ပြောပြီး သူ၏ လက်ကိုလှုပ်ခါချလိုက်ရာ လက်စွပ်များ အလွယ်ကူ လျှောကျကုန်သည်။ ထိုအခါ ဇောတိကသူဌေးသည် လောကကြီး၌ နေထိုင်ရန်ငြီးငွေ့သဖြင့် မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရဟန်းပြုသည်။ ထို့နောက် တရားအားထုတ်ရာ မကြာမီ ရဟန္တာအဖြစ် ရောက်တော်မူလေသည်။ ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် သူဌေး၏ ကြီးကျယ်ဆန်းကြယ်သော ဗိမာန်ကြီးနှင့် ခြွေရံသင်းပင်း ဆင်မြင်း ကျွဲနွား ရထား ဥယျာဉ် စည်းစိမ်တို့သည် အားလုံးပျောက်ကွယ်ကြလေသည်။ သီတင်းသုံးဖော် ရဟန်းများက သင်၏ စည်းစိမ် ဥစ္စာ ရတနာအလုံးစုံကို သတိရပါသေးသလား-ဟု မေးသောအခါ ဘုရားရှင်က ငါ၏ သားတော် ဇောတိကသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်၍ တဏှာ လောဘ သံယောဇဉ် အားလုံး ကင်းရှင်းလေပြီ-ဟု ပြောကာ အောက်ပါဂါထာကို ဟောတော်မူလေ၏။

( ပါဠိဂါထာ )
ယောဓ တဏှံ ပဟန္တွာန ၊ အနာဂါရော ပရိဗ္ဗဇေ ။
တဏှာဘ၀ ပရိက္ခီဏံ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ ။ ( ၄၁၇ )

( မြန်မာပြန် )
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် လူ့ဘောင်ကို စွန်ခွါ၍ရဟန်း ပြုလာ၏။
တဏှာကုန်ခန်းလေပြီးဖြစ်သော ထိုသူကို ဗြာဟ္မဏ (သူတော်စင်) ဟူ၍ ငါဘုရား ဟောတော်မူ၏။

( လင်္ကာ )
လူများဖြစ်ပွား၊ နှောင်ဖွဲ့များကို၊ ပယ်ရှားစွန့်ခွါ၊
နတ်မှာဖြစ်ပွား၊ စည်းစိမ်များကို၊ ကျော်လွှား၍သာ၊ လွန်မြောက်လာလျက်၊
လေးဖြာယောဂ၊ ကင်းလွတ်ကမူ၊ ထိုသူကိုသာ၊ ငါက ဗြာဟ္မဏ၊ ခေါ်မြွက်ဟ၏။

( ဗြာဟ္မဏ၀ဂ် ဇောတိကတ္ထေရ၀တ္ထု )


Read more...

သား ၄-ယောက်တို့၏ ဖခင်

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် မဟာသာလအမည်ရှိသော ပုဏ္ဏားတယောက်သည် ဟောင်းနွမ်းစုတ်ပြတ်သည့် အ၀တ်များဖြင့် မြတ်စွာဘုရားကို ၀င်ရောက်ဖူးမြော်သည်။
ဗုဒ္ဓက အသင်ပုဏ္ဏား၊ ချမ်းသာစွာ နေရပါ၏လော-ဟု မေးရာ ပုဏ္ဏားလည်း မြတ်စွာဘုရား တပည့်တော်၏ သား ၄-ယောက်တို့သည် မိမိတို့၏ မယားများနှင့် တိုင်ပင်၍ ကျွန်ုပ်ကို သူတို့နေသောအိမ်မှ နှင်ထုတ်လိုက်ကြပါသည်ဘုရား-ဟု လျှောက်၏။

ထိုအခါ ဗုဒ္ဓသည် မဟာသာလပုဏ္ဏားအား သား ၄-ယောက်တို့ ၀င်ရောက်နေထိုင်သော မဏ္ဍပ်ထဲတွင် ရွတ်ဆိုရန် ဂါထာလေးပုဒ်ကို သင်ကြားပေးလိုက်၏။ ထိုဂါထာများ၏ အဓိပ္ပါယ်ကား-
အကြင်သားတို့ဖြင့် ငါသည် နှစ်သက်ဝမ်းမြောက်ခဲ့ရ၏။ အကြင်သားတို့၏ ကြီးပွားခြင်းကို ငါသည် အလိုရှိခဲ့၏။ ခွေးများသည် ၀က်ကို မောင်းနှင်ထုတ်သကဲ့သို့ ထိုသားတို့သည် မိမိတို့မယားများနှင့် တိုင်ပင်ကာ ငါ့ကို အိမ်မှ မောင်းထုတ်လိုက်ကြကုန်၏။

ယုတ်မာသော ရက္ခိုသ်တို့သည် သားအသွင် ဖန်ဆင်းကာ ငါ့ကို အဘ အဘ-ဟု ခေါ်ကြလေယောင်တကား။ ထိုသားတို့သည် အရွယ်လွန်သော ငါ့ကို စွန့်ပစ်ထားကြ၏။

အိုမင်း၍ အသုံးမပြုနိုင်သောမြင်းကို အစာမကျွေးဘဲ ထားသကဲ့သို့ သားမိုက်တို့၏ ပစ်ထားခြင်းခံရသော အဘအိုသည် သူတပါးအိမ်တို့၌ တောင်းစားရ၏။

ငါ၏ လက်စွဲတောင်ဝှေးကပင် မြတ်သေး၏။ ငါ့ကို ရိုသေကျိုးနွံခြင်း မရှိသော သားတို့သည် မမြတ်ကုန်။ တောင်ဝှေးသည် ကြမ်းကြုတ်သော နွားခွေးတို့ကို တားမြစ်နိုင်၏။ မှောင်ထဲ၌ ရှေ့သွားဖြစ်နိုင်၏။ ချော်လဲသည်ရှိသော် တောင်ဝှေး၏အစွမ်းအားဖြင့် ရပ်တည်နိုင်၏။

ဤသို့ ပုဏ္ဏားက ရွတ်ဆိုသောအခါ သားလေးယောက်တို့က အသီးသီးငိုကြွေးကြပြီး မိမိတို့ အမှားများကို တောင်းပန်ကြလေသည်။ သားလေးယောက်တို့သည် တလှည့်စီ ကျွေးမွေးပြုစု စောင့်ရှောက်ကြသဖြင့် မဟာသာလပုဏ္ဏားလည်း မြတ်စွာဘုရား အဆုံးအမနှင့်အညီ အသက်ထက်ဆုံး ချမ်းသာစွာ နေထိုင်သွားလေသည်။
ကျမ်းကိုး-သံယုတ္တနိကာယ်။

( အင်္ကုရ-ဘီအေ )

( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )


Read more...

ဇီဝိတဒါန အကျိုး

ကျွန်မတို့အိမ်တွင် အမေ၊ ကျွန်မနှင့် ညီမလေး၊ စုစုပေါင်း မိသားစုသုံးယောက်သာ နေပါသည်။ အဖေမှာ မုရစ်ကလေးရွာ ဂြင်အစ်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျက် ရှိသော ဦးပဉ္ဇင်းကြီး ဦးတိဿ ဖြစ်ပါသည်။ ရဟန်းဘ၀သို့ ရောက်ရှိနေသည်မှာ ၅-နှစ်ခန့် ရှိပါပြီ။

အဖေသည် ကျွန်မတို့ငယ်စဉ်ကတည်းက ၅-ပါးသီလကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုံခြုံစွာ စောင့်ထိန်းသင့်ကြောင်း အမြဲတမ်းသွန်သင်ဆုံးမခဲ့ပါသည်။ အဖေဆုံးမခဲ့သည့်အတိုင်း ကျွန်မတို့လည်း လိုက်နာကျင့်သုံးခဲ့ကြပါသည်။
အဖေသည် တိုင်းရင်းဆေးဆရာအလုပ်ဖြင့် မိသားစုကို လုပ်ကိုင်ကျွေးခဲ့ပါသည်။ အဖေသည် သတ္တ၀ါများကို ကြင်နာသနားသည်။ အမေ ဈေးက၀ယ်လာသော ငါးပုဇွန်များထဲတွင် အရှင်ပါလာပါက ရေရှိရာ မြောင်းထဲသို့ ပြန်၍ အလွတ်ခိုင်းသည်။ ကျွန်မတို့အိမ်တွင် ငါးပုဇွန်အသေများကိုသာ ၀ယ်စားလေ့ရှိသည်။

တနေ့ အမေဈေးက ငါးတကောင်နှင့် ပုဇွန်များ ၀ယ်လာပါသည်။ ငါးဝယ်စဉ်က ငါးသည် မိန်းမောနေမှန်း အမေ မသိခဲ့ပါ။ အသေထင်၍ ၀ယ်လာခဲ့ပါသည်။ အိမ်ရောက်သောအခါ ငါးကို မကိုင်သေးဘဲ ပုဇွန်ကိုသာ ကိုင်နေပါသည်။ ထိုအခိုက် မိန်းမောနေရာမှ ပြန်၍ သတိရလာသော ငါးသည် အမြီးတဖျပ်ဖျပ် လှုပ်လာပါသည်။ ငါးရှင်နေသည်ကို သိသောအမေသည် ချက်ချင်းပင် ရေမြောင်းထဲသို့ သွား၍ လွှတ်လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့မနက် ၅-နာရီခွဲ ဆွမ်းခံကြွချိန်တွင် ကျောင်းဝင်းအလွန်၌ အဖေဦးပဉ္ဇင်းကြီးကို မည်သည့်အကောင် ကိုက်သွားသည်ကို သဲသဲကွဲကွဲ မမြင်လိုက်ရပါ။ ခြေမျက်စိနား၌ အပေါက်ရာ သုံးနေရာကိုတော့ တွေ့လိုက်ရပါသည်။ ချက်ချင်း ခြေထောက်များ လေးလာသဖြင့် ကျောင်းရှိရာသို့ ပြန်တက်သွားပါသည်။ ကျောင်းရောက်လျှင်ရောက်ချင်း အဆိပ်နိုင်ဂမုန်းဥကို ဘုဉ်းပေးပြီး ဝေဒနာကို ကြိတ်မှိတ် ခံစားနေရပါသည်။

ကျောင်းတိုက်ရှိ ဦးပသ္ဇင်းလေး ၂-ပါးနှင့် ဒါယကာများ၏ အကူအညီဖြင့် ချောင်းဆုံမြို့နယ် ဂိလာနသံဃာ့ဆေးရုံသို့ ရောက်ရှိပါသည်။ ဆေးရုံ၌ ၂-ည ၃-ရက် ဆေးကုသမှုကို ခံယူခဲ့ပါသည်။ အဆိပ်မတက်တော့သော်လည်း ခြေထောက်များတင်း၍ လေးနေသောကြောင့် တပတ်ခန့် လမ်းလျှောက်၍ မရခဲ့ပါ။ ၁၅-ရက်ခန့်ကြာမှ ဆွမ်းခံပြန်ကြွနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ အသက်ချမ်းသာရာ ရခဲ့ပါသည်။

ထိုနေ့က အဖေဦးပဉ္ဇင်းကြီး အကောင်အကိုက်ခံရသောနေ့နှင့် ကျွန်မတို့ ငါးအရှင်တကောင်ကို လွှတ်လိုက်သောနေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပင် တနေ့တည်း ဖြစ်နေပါသည်။ ထိုအကောင်အကိုက်ခံရသော်လည်း အဖေဦးပဉ္ဇင်းကြီး အသက်ချမ်းသာရာရသည်မှာ ဇီဝိတဒါန ကိုသိုလ်အကျိုးပင် ဖြစ်သည်ဟု ကျွန်မ ယုံကြည်ယူဆမိပါသည်။

( မြဆန်း-အ-မ-က ၀ယ်လမ်း )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဧပြီလ )


Read more...

စိတ်ထားဖြူစင်၍ ကောင်းကျိုးခံစားရသူ

မောင်လှိုင်ဝင်းသည် ရှားတောမြို့နယ် အောင်ချမ်းသာရပ်ကွက်နေ ဦးဘအောင် ဒေါ်ဝင်းတို့၏ ဒုတိယမြောက်သား ဖြစ်သည်။
သူသည် ၁၉၉၈-ခုနှစ် အသက် ၁၇-နှစ်တွင် အခြေခံပညာ အထက်တန်း (ယခုတက္ကသိုလ်ဝင်တန်း) စာမေးပွဲကို အောင်မြင်ခဲ့ပြီး ဖြစ်သည်။ မိဘများသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဘာသာတရားလည်း အလွန်ကိုင်းရှိုင်းကြသည်။ ဥပုသ်သီတင်းနေ့ရက်များတွင် တအိမ်သားလုံး သက်သတ်လွတ်စားကာ ဥပုသ်သီလ ဆောက်တည်ကြသည်။

မောင်လှိုင်ဝင်းသည်ကား ဘာသာတရားကို ကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိသူဖြစ်သည်။ ထို့ကြောင့် မိဘဆွေမျိုးမျာကလည်း သားတဦးသာပါသော မောင်လှိုင်ဝင်းကို အလွန်ချစ်ခင်ကြသည်။
၁၃၆၁-ခုနှစ် ၀ါခေါင်လဆန်း ၈-ရက်နေ့က ဖြစ်သည်။ အချိန်ကား ည ၉-နာရီထိုးလုပါပြီ။ မောင်လှိုင်ဝင်းသည် တတိယမြောက်နေ့အဖြစ် အဓိဋ္ဌာန်ပုတီးစိပ်ရန် (*****) စေတီတော်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် ဘုရားပေါ်ရှိ ဂေါပကအဖွဲ့များ အိမ်ပြန်ရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
မောင်လှိုင်ဝင်းသည် မိနစ် ၅၀-ခန့်အကြာတွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး၍ အိမ်ပြန်ရန် ပြင်ဆင်သည်။ ထိုစဉ် အလှူခံသေတ္တာဆီသို့ အမှတ်မထင် လှမ်းကြည့်လိုက်သည်။ ဟာ-ဟင် ဟူသော အာမေဍိတ်အသံနှင့်အတူ မောင်လှိုင်ဝင်းတယောက် အလှူခံသေတ္တာပုံး ရှိရာသို့ မရဲတရဲလျှောက်လာမိသည်။ အကြောင်းမှာ အလှူခံသေတ္တာပုံးတွင် သော့တံနှင့်သော့အိမ် တွဲလျက်ကျန်ရစ်နေသည်ကို တွေ့ရှိရခြင်းကြောင့် ဖြစ်သည်။

ဂေါပကအဖွဲ့ဝင်တဦးဦးမေ့ပြီး ကျန်ရစ်ခဲ့ဟန်တူသည်။ သူသည် ဘုရားပေါ်နှင့် အနီးပတ်ဝန်းကျင်တို့ကို အကဲခတ် ကြည့်လိုက်မိသည်။ သို့သော် မည်သူတဦးတယောက်ကိုမျှ မတွေ့ရတော့ချေ။ သူတဦးသာလျှင် ဘုရားပေါ်တွင် ရှိနေပါသည်။
အလှူခံသေတ္တာထဲမှ ငွေများမှာ နှစ်သောင်းခန့်ရှိမည် ထင်ပါသည်။ မှန်ပေါင်ခြင့် ပြုလုပ်ထားသဖြင့် အတွင်းက ငွေများကို အတိုင်းသားမြင်နေရသည်။ ထိုငွေများ မသမာသူလက်ထဲ ရောက်သွားမည်ကိုလည်း စိုးရိမ်နေသည်။

နောက်ဆုံး မောင်လှိုင်ဝင်းသည် ခိုင်မာသောဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ အလှူခံသေတ္တာကို သေချာစွာပိတ်၍ သော့ပြန်ခတ်လိုက်သည်။ ထို့နောက် ထိုသော့တွဲကိုယူကာ ဂေါပကအဖွဲ့ဝင်ဖြစ်သော ဦးလှအောင် နေအိမ်သို့ ညတွင်းချင်း သွားရောက်အပ်နှံခဲ့သည်။ ဂေါပကအဖွဲ့ဝင် ဦးလှအောင်သည် ကျေးဇူးတင်လွန်းသဖြင့် သူပိုင်သော ငွေ-၅၀၀ ကျပ်ကိုပင် မောင်လှိုင်ဝင်းအား ဆုငွေအဖြစ် ပေးလိုက်သည်။

သို့သော် မောင်လှိုင်ဝင်းသည် တာဝန်သိသူတယောက်အနေဖြင့်လည်းကောင်း၊ သူ၏အကျင့်စာရိတ္တနှင့် ကိုယ်ကျင့်သိက္ခာကို ငွေနှင့်တန်ဖိုး မဖြတ်နိုင်သူဖြစ်သောကြောင့်လည်းကောင်း ဦးလှအောင်၏ ဆုငွေ ၅၀၀-ကို လက်မခံခဲ့ပေ။
ထိုအကြောင်းကို မိဘများအား ပြန်လည်ပြောပြသောအခါ သား၏လုပ်ရပ်ကို အံ့သြ၍မဆုံး ချီးကျူး၍မဆုံး ရှိကြပါသည်။။

ထိုသို့ရှိရာမှ တနေ့တွင် မောင်လှိုဝ်၀င်းတယောက် ထီပေါက်သည်ဟူသော သတင်းသည် တရပ်ကွက်လုံး ပျံ့နှံ့သွားသည်။ (၁၃ရ) ကြိမ်မြောက် ထီဖွင့်ပွဲ၌ မင်္ဂလာစုံတွဲတွင် ရှေ့ဂဏန်း ၃-လုံးတူရာ ဆုငွေ ငါးသောင်းကျပ် ရရှိခဲ့သည်။ သူ့စေတနာက သူ့ကို အကျိုးပေးသည်ဟု ကျွန်တော် ယုံကြည်ယူဆမိပါသည်။

( မောင်ချစ်ကြည် )

( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )


Read more...

စက္ကန့်တိုင်း ဖြည့်ကျင့်နေရမည့် ပါရမီ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပါရမီဆိုသည်မှာ အဘယ်နည်း။ ဆရာတော်အရှင်ဆန္ဒာဓိက တရားတော်မှ ဆရာတော် ဟောကြားသည့်အတိုင်း ပါရမီအဓိပ္ပါယ်ကို ဖွင့်ဆိုပြရပါလျှင်- `ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်၊ တစ်နည်း မြင့်မြတ်သူဖြစ်ကြောင်းအလုပ်၊ မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့အလုပ်၊ မြင့်မြတ် သူအဖြစ် ပို့ဆောင်ဖန်တီးနိုင်တဲ့အလုပ်၊ နောက်ထပ်တဖန် `ပါရ´ဆိုတာ သံသရာ တစ်ဖက် ကမ်း နိဗ္ဗာန်၊ `မီ´ ဆိုတာ ရောက်စေနိုင်တဲ့တရား၊ ထို့ကြောင့် `ပါရမီ´ဆိုတာ `သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်ကို ရောက်စေနိုင်တဲ့တရား´ဟူ၍ ဖြစ်ပါသည်။



မြင့်မြတ်သူတွေကတော့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝက၊ ရဟန္တာပုဂ္ဂိုလ်များ ဖြစ်ကြ၏။ လိုချင်တပ်မက်စွဲလန်းခြင်းဟူသော တဏှာမရှိတော့ခြင်း၊ သေခြင်းတည်းဟူသော အဆင်းရဲဆုံးဒုက္ခမှ ရုန်းထွက်နိုင်သည့် ၀ိဇ္ဇာဉာဏ်ကို ပိုင်ဆိုင်သွား ခြင်းကြောင့် မြင့်မြတ်သူစင်စစ် ဖြစ်သွားတော့၏။ ထိုသို့ မြင့်မြတ်သူတွေက သတ္တ၀ါတို့ ဆင်းရဲကြောင်းကို မတွေးတော မကြံစည်တော့ခြင်း၊ ချမ်းသာပွါးကြောင်းကိုသာ ရည်သန်သောစိတ်ဖြင့် ပြုမူပြောဆိုနေထိုင်သွားတော့၏။ လိုချင်တပ်မက်ခြင်း တဏှာမရှိတော့ သောကြောင့် မြင့်မြတ်သူတို့ပြုလုပ်သော ကောင်းမှုတရားတို့သည် မိမိအတွက် သံသရာ ကောင်းကျိုး ဖြစ်စေရန်မဟုတ်ဘဲ သတ္တ၀ါအများ ချမ်းသာပွါးကြောင်းအတွက်သာ ပြုမူနေထိုင် တော့သည်ဖြစ်၍ မြင့်မြတ်သောအလုပ်ဟူ၍ နားလည်မိပါသည်။


ဘုရားရှင်မှတစ်ပါး အခြားသော မြင့်မြတ်သူတို့အနေဖြင့် သတ္တ၀ါတို့ချမ်းသာပွါးကြောင်းကို ရည်သန်သောစိတ်ဖြင့် လုပ်သော်လည်း ဘုရားရှင်ကဲ့သို့ အကုန်အစင်သိမြင်တော်မူသည့် သဗ္ဗညုတဉာဏ် မရှိသဖြင့် သတ္တ၀ါတို့၏ ဣနြေ္ဒအနုအရင့်နှင့် အလေ့အကျက်များသော ပါရမီကို မသိနိုင်၍ ပါရမီရင့်ကျက်ပြီးသူကိုပင် စရိုက်နှင့် ကမ္မဋ္ဌာန်း ညီညွတ်အောင် မပေးနိုင်ခြင်း၊ ဈာန်ဝင်စားနေသည့်အခါ၌သာ တင့်တယ်တောက်ပခြင်း၊ ၀ါသနာနှင့် စရိုက်ကို ဘုရားရှင်ကဲ့သို့ အကြွင်းမကျန် ပယ်သတ်တော် မမူနိုင်ခြင်း အစရှိသည့် ဆိုင်ရာ ပုဂ္ဂိုလ်အလိုက် အားနည်းချက်များ ရှိကြပေသည်။ ဘုရားရှင်မဟုတ်သည် ဖြစ်ခြင်းကြောင့် အကုန်အစင် ဖြောင့်မတ်မှန်ကန်စွာ မသိနိုင်၊ မဆင်ခြင်နိုင်ခြင်းဖြစ်၏။


ရဟန္တာမှန်လျှင် သူတစ်ပါးစိတ်အကြံကို သိနိုင်ခြင်းမျိုး မဟုတ်ပါပေ။ သူတစ်ပါးစိတ်အကြံကို မသိနိုင်သော ရဟန္တာပုဂ္ဂိုလ်များလည်း ရှိကြ၏။ သူတစ်ပါးစိတ်အကြံကို သိခြင်း၊ အသွင် အမျိုးမျိုး ဖန်ဆင်းနိုင်ခြင်း၊ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်နှင့် မပြည့်စုံခြင်း စသဖြင့် အရည်အချင်းအမျိုးမျိုးတို့ ပုဂ္ဂိုလ်တစ်ဦး နှင့်တစ်ဦး မတူညီဘဲ ကွဲပြားနေကြခြင်းမှာ ဖြည့်ကျင့်ခဲ့ကြသည့် ပါရမီချင်း မတူညီ၍ဖြစ်၏။


အလောင်းတော်ကြီးများဖြစ်ကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကလောင်းများသည် ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြပြီးနောက် ပါရမီ ပြည့်သည့်အခါ ကိုယ်လုပ်ခဲ့သည့် အလုပ်တန်ဘိုး ပြန်၍ ကိုယ်အကျိုး ခံစားကြရခြင်းပင်ဖြစ်၏။ ဘုရားရှင်လက်ထက် တစ်နေ့သ၌ ဘုရားရှင်က အဂ္ဂသာဝက လက်ယာရံနှင့် လက်ဝဲရံအဖြစ် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်ကြီးတို့ကို ပေးအပ်လိုက်ရာ အခြားသောရဟန်းတော်များအနေဖြင့် ပဉ္စ၀ဂ္ဂီငါးဦးထဲမှ အရှင်မြတ်တွေကို ပေးသင့်ကြောင်း တွေးထင်ကြကုန်၏။ ထိုအခါ ဘုရားရှင်က ကိုယ်ဖြည့်ထားသည့် ပါရမီတွေအတိုင်း ကိုယ်ရရှိ ကြတာဖြစ်ကြောင်း ဟောကြားရပေသည်။ ပါရမီနောက်ကြောင်းတို့ကိုလည်း ပြန်လည် ဟောကြား၍ မိမိအလိုရှိရာဆုအတိုင်း ဖြည့်ကျင့်ခဲ့ကြပြီးနောက် ပြည့်သည့်အတိုင်း ဧတဒက်ဘွဲ့ များပေးအပ်သည်ကို ရှင်းပြတော်မူပေသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေမိုက်မဲ ခြင်းတည်းဟူသော အဂတိလေးပါး ကင်းစင်တော်မူသော ဘုရားရှင်အနေဖြင့် မည်သူမည်ဝါ ဟူ၍ ဘက်လိုက်ပေးခြင်းမျိုးမဟုတ်ပေ


ထို့ကြောင့် ပါရမီဆိုတာ ကိုယ်လုပ်သည့်လုပ်အားဖြစ်ပြီး လုပ်အားခကိုလည်း ကိုယ်သာလျှင် ပိုင်ဆိုင်ခွင့်ရှိသကဲ့သို့ မြင့်မြတ်သူဖြစ်ကြောင်းအလုပ်ကို နားလည်နိုင်ပါသည်။ မြင့်မြတ်သွား တာက လုပ်အားခ၊ မြင့်မြတ်အောင် ပြုမူကျင့်ကြံနေထိုင်ခဲ့တာက လုပ်အားပင်ဖြစ်သည်။ မိမိ အလိုရှိရာ ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်ကြရခြင်းဖြစ်၏။ လိုချင်ယုံ သက်သက်ဖြင့် ကား မရနိုင်ပေ။ လိုချင်သည့်အတိုင်းလည်း ကြိုးစားအားထုတ်ရမည့် ပါရမီ အလုပ်တို့ကို ဘ၀များစွာ ဉာဏ်၊ ၀ီရိယ အရင်းတည်၍ ကြိုးစားအားထုတ်ကြရပါမည်။


နိဗ္ဗာန်ရောက်ကြောင်း ဖြည့်ကျင့်ရမည့်ပါရမီအလုပ်တို့မှာ (၁၀)ပါးရှိကြ၏။
(၁) ဒါနပါရမီ = စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
(၂) သီလပါရမီ = ကိုယ်နှုတ်တို့၌ အပြစ်မဖြစ်ရအောင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(၃) နေက္ခမ္မပါရမီ = ကိလေသာတို့ဖြင့် မွေ့လျော်ခြင်းကို စွန့်ခွါပြီး ကိလေသာမဖြစ်အောင် ကျင့်ကြံအားထုတ်ခြင်း(ကိလေသာတောမှ ထွက်ခြင်း)။
(၄) ပညာပါရမီ = အပြစ်ကင်းသော အသိပညာ၊ အတတ်ပညာတို့ကို လေ့လာဆည်းပူးခြင်း၊ သင်ကြားပို့ချပေးခြင်း။
(၅) ၀ီရိယပါရမီ = အပြစ်ကင်းသောအလုပ်၊ အများချမ်းသာရေးအလုပ်တို့ကို မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
(၆) ခန္တီပါရမီ = အချမ်းအပူဒဏ်၊ ဆင်းရဲပင်ပန်းဒဏ်နှင့် သူတစ်ပါးတို့က ထိပါးနှိပ်စက်လာ သည်ကို သည်းခံခြင်း။
(၇) သစ္စာပါရမီ = မှန်ကန်ရိုးဖြောင့်စွာ နေထိုင်ကျင့်သုံးပြောဆိုခြင်း။
(၈) အဓိဋ္ဌာန်ပါရမီ = ကောင်းမြတ်သောအလုပ်တို့ကို မည်သည့်အနှောက်အယှက်တို့နှင့် တွေ့တွေ့ နောက်မဆုတ်ဘဲ စိတ်ဓာတ်ခိုင်မာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။
(၉) မေတ္တာပါရမီ = သတ္တ၀ါအားလုံးအပေါ်၌ အကျိုးလိုလားသောစိတ်ရှိခြင်း။
(၁၀) ဥပေက္ခာပါရမီ = အကောင်းအဆိုး လောကဓံအမျိုးမျိုးနှင့်တွေ့သော်လည်း တပ်မက် ခြင်း၊ စိတ်ဆိုးခြင်းမဖြစ်ဘဲ တည်ငြိမ်လေးနက်စွာ နှလုံးသွင်းဆင်ခြင်ခြင်း။ ဟူ၍ (၁၀)ပါးရှိလေ သည်။


ဗောဓိသတ္တ အလောင်းတော်ကြီးများသည် ထို(၁၀)ပါးတို့တွင် တစ်ပါးတစ်ပါး၌ ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီဟု သုံးမျိုးစီရှိရာ ပေါင်းလျှင် အပါးသုံးဆယ် ဖြည့်ကျင့်တော် မူလေသည်။ ဥပမာ- ဒါနပါရမီ၌
- ရွှေငွေစသော ပြင်ပ ဗဟိဒ္ဓပစ္စည်းများကို လှူဒါန်းလျှင် ဒါနပါရမီ။
- လက်၊ ခြေ၊ မျက်စိစသော အင်္ဂါအစိတ်အပိုင်းတို့ကို လှူဒါန်းလျှင် ဒါနဥပပါရမီ။
- အသက်ကို ပေးလှူလျှင် ဒါနပရမတ္ထပါရမီ။
ဟု သုံးမျိုးရှိသည်။ ဤသို့ဖြင့် ပါရမီ (၁၀)ပါး အပြားသုံးဆယ်အားဖြင့် ဖြည့်ကျင့်တော်မူကြခြင်း ဖြစ်ပါသည်။


သမ္မာသမ္ဗောဓိသတ္တ(ဘုရားအလောင်း)များသည် အချို့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (ပညာဓိက ဘုရားအလောင်း)၊ အချို့ ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သဒ္ဓါဓိက ဘုရား အလောင်း)၊ အချို့ ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း(၀ီရိယဓိက ဘုရားအလောင်း) တိုင်တိုင် ပါရမီဖြည့်ကြရသည်။ ပစ္စေကဗောဓိသတ္တ(ပစ္စေကဗုဒ္ဓအလောင်း) တို့သည် နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ ကဲ့သို့သော အဂ္ဂသာဝကအလောင်းတို့သည် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အရှင်မဟာကဿပ စသည်တို့ကဲ့သို့သော မဟာသာဝကအလောင်းတို့သည် ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ ဖြည့်ကျင့်ကြရပေသည်။


ပကတိသာဝကများမှာမူ အချိန်ကန့်သတ်ချက်မရှိကြပေ။ ကမ္ဘာပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ကြရပေသည်။ တစ်ဘ၀၊ နှစ်ဘ၀ ပါရမီဖြည့်ကျင့်ရုံဖြင့်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မရနိုင်သေးပေ။ တစ်ဘ၀၊ နှစ်ဘ၀မျှ ပါရမီဖြည့်ကျင့်ရုံဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဆိုသောစကားသည် ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး အဆို အတိုင်း ဖော်ပြရလျှင် `အဖိုးအဆုံးအစမရှိသော စကြာမင်း၏ ပတ္တမြားရတနာကို ဖွဲတစ်ဆုပ် ခန့်ဖြင့်သာ ၀ယ်ယူခြင်းနှင့် တူရာသည်။´ဟု ဆိုရပေမည်။


`နိဗ္ဗာန်ရောက်ဖို့ ပါရမီဆိုတာ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့် ရတာပါလား၊ ဒီတစ်ဘ၀ လောက် ဘုရားသာသနာနဲ့ ကြုံတွေ့ရုံမျှဖြင့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်တန်ရာ´ အစရှိသဖြင့် စိတ်ပျက်အားလျှော့သွားရန် မသင့်ပေ။ မိမိဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်ထူး များ မည်မျှဖြည့်ကျင့်ခဲ့ကြောင်းကို မသိနိုင်သဖြင့် ယခုလို သာသနာတော်ကြီး နှင့်တွေ့တုန်း နိဗ္ဗာန်ရောက်ရန် ပါရမီကုသိုလ်အလုပ်တို့ကို နေ့စဉ်ကြိုးကုတ် အားထုတ်သွားရ မည်ဖြစ်သည်။ ဥပမာဆိုရသော် မိမိက အရင်ဘ၀များစွာ၌ ပါရမီတရားတို့ကို ပြည့်လုနီးပါး ဆည်းပူးခဲ့ပါလျှင် ယခုဆက်လက်ဖြည့်နေပါက စရိုက်နှင့်ကမ္မဋ္ဌာန်း သင့်လျော်သွားချိန်တွင် ချက်ချင်းပြည့်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်၏။


`မိုးရွာတုန်းရေခံ´ဆိုသည့်အတိုင်း ယခုကဲ့သို့ ဘုရားရှင်၏သာသနာတော်ကြီးနှင့် တွေ့ကြုံနေ ခိုက်တွင် တရားမိုးများ ရွာသွန်းနေတုန်း၊ ရေခံဆိုသည့် နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်မှန်များ အားထုတ်ကြရန် အရေးကြီးပေသည်။ အားလုံး၌ မိုးဥတုကာလအတွင်း မိုးရေခံရန် အုတ်ကန်ကြီး တစ်ခုစီရှိကြ၏။ ထိုအုတ်ကန်ကြီးအတွင်း ရေများပြည့်ရန်အတွက် ကိုယ်တိုင် ဖြည့်ကြရမည်ဖြစ်သည်။ တစ်ခြားတစ်ယောက်က ဖြည့်ပေးလို့မရပါ။ သို့သော် တစ်ခြားသူများ က `ဟေ့…မိုးတွေရွာနေတယ်၊ မိုးရွာတုန်း ရေခံကြ´ အစရှိသည်ဖြင့် တိုက်တွန်းနှိုးဆော်မှုကို တော့ အချင်းချင်း ကူညီပေးနိုင်ကြပေသည်။


ရွာနေသည့်မိုးကလည်း အားလုံးအတွက် ညီမျှစွာပင်။ မည်သူကိုဖြင့်ပို၍၊ မည်သူ့ကိုဖြင့်လျော့၍ ဘက်မလိုက်။ ရေခံတဲ့သူရနိုင်ရန်အတွက် ရွာနေခြင်းဖြစ်သည်။ ကိုယ်စီရှိကြသော အုတ်ကန် ကြီးတွင် ပြည့်သူတွေလည်း ရှိကြသည်။ မပြည့်သေး၍ ဆက်လက်ခံနေသူများလည်း ရှိကြ သည်။ မခံဘဲ မှောက်ထားသူများလည်း ရှိ၏။ နောက်မိုးကျမှ ခံတော့မယ်ဆိုပြီး လက်ရှိမိုးရေ ကို မခံသေးဘဲ နေနေကြသူတွေများလည်း ရှိကြသည်။


မိုးဥတုသည်ကား သမ္မာသမ္ဗုဒ္ဓ ပွင့်ထွန်းပေါ်ပေါက်နေသည့် ဘုရားသာသနာတော်ကြီးနှင့် တူ၏။ အုတ်ကန်ကိုယ်စီရှိကြသူတွေကတော့ သံသရာခရီးသွား ဝေနေယျသတ္တ၀ါများဖြစ်ကြ ၏။ မိုးရေခံလို့ ပြည့်သွားကြသူတွေကတော့ အရဟတ္တ မဂ်ဖိုလ်သို့တိုင် ကျင့်ကြံအားထုတ်ပြီး သူများကို ဆိုလိုပါသည်။ မိုးရေ မပြည့်သေး၍ ဆက်လက်ခံနေသူများကတော့ သတိ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်တရားများ ဖြည့်ကျင့်နေကြဆဲ (ပါရမီဖြည့်ကျင့် နေကြဆဲ) ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။ မိုးရေမခံဘဲ နေနေကြသူတွေကတော့ သတိမေ့လျော့ ပေါ့ဆဆနှင့် အပျော်အပါးနောက် လိုက်နေကြသူတွေ၊ ဒုစရိုက်အမျိုးမျိုးကို ဂုဏ်ယူစွာ ပြုကျင့်နေကြသူတွေ၊ သေဘို့ရန် မေ့နေကြသူတွေ၊ အလောင်းကစား၊ အရက်သေစာ၊ မိန်းမ၊ မသမ္မာသောငွေရှာခြင်းတို့ဖြင့် အချိန်ဖြုန်းနေကြသူတွေ(ပါရမီဖြည့်ကျင့်ရန် မေ့လျော့နေကြသူ တွေ) ပင်ဖြစ်သည်။ ယခုရွာသည့်မိုးကို သေသေချာချာမခံသေးဘဲ နောက်ထပ်ရွာမည့် မိုးကျမှ အစွမ်းရှိသမျှ အားအင်အပြည့်နဲ့ မိုးရေခံတော့မည်ဟူ၍ စောင့်နေသူများကတော့ မသေချာ မရေရာသည့်အရေး မျှော်တွေးလို့ ငေးမောနေသူများနှင့် တူလှပေသည်။


ဘုရားသာသနာတော်ကြီးသည် သမုဒ္ဒရာရေတစ်ပွက်ခန့်အချိန်မျှသာ ကြာပါသည်။ သာသ နာပကာလများကတော့ ကမ္ဘာကဘေ နှစ်အသင်္ချေအနန္တ ကြားညောင်းလှ၏။ ဘုရားပွင့်ထွန်း ပေါ်ပေါက်သည့် ကမ္ဘာ၌ တစ်ဆူနှင့်တစ်ဆူအကြားကာလသည်ပင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာရှိ၏။ ဘုရားပွင့်သည့် ကမ္ဘာပေါ်ပြီးပြန်လျှင်လည်း ဘုရား မပွင့်သော သုညကမ္ဘာများက များစွာဆက်တိုက်ဖြစ်၏။ ထိုသုညကမ္ဘာအတွင်း၌ နိဗ္ဗာန်ရောက် ရန် အမြန်အားထုတ်နိုင်သည့် မဂ္ဂင်တရား ဟောကြားနိုင်သည့် ဘုရားရှင်မပွင့်ထွန်းသဖြင့် ကိုယ်တိုင် သစ္စာသိမြင်နိုင်သော ပစ္စေကဘုရားငယ်မှတစ်ပါး မည်သူမျှ မကျင့်ကြံ၊ မပွါးများ၊ အားမထုတ် နိုင်ကြပေ။


ဘုရားရှင်သာသနာတော်နှင့် တွေ့ကြုံခိုက် ပါရမီဖြည့်ကျင့်ခြင်းသည် နိဗ္ဗာန်ရောက်ရန် နီးသော အကြောင်းဖြင့် ကျင့်နိုင်၏။ အကြောင်းမူ မဂ္ဂင်ရှစ်ပါး မြတ်တရားကို သိရှိခွင့်ရသော ကြောင့်ဖြစ်၏။ ဒါနပြုကလည်း မဂ္ဂင်တရားနှင့်၊ သီလဆောက်တည်ကလည်း မဂ္ဂင်တရားနှင့် ပါရမီ(၁၀)ပါးလုံးကို မဂ္ဂင်တရားနှင့် တွဲပြီး ကျင့်ကြံနိုင်သောကြောင့် မိုးဥတုအတွင်း ရေဖြည့်ရာ ၌ လွယ်လင့်တကူ အမြန်ပြည့်နိုင်သကဲ့သို့ဖြစ်ပါသည်။ မိုးကုန်မှ ရေရှာရာ၌ လွန်စွာပင်ပန်းခံနိုင် သောအလောင်းတော်ကြီးများကဲ့သို့ ဇွဲလုံ့လ၀ီရိယတရား ပြင်းပြင်းထန်ထန် အားထုတ်နိုင် သူများသာလျှင် ပြင်းထန်သောသဒ္ဓါတရားရှိသောကြောင့် တစိုက်မတ်မတ်၊ စဉ်ဆက်မပြတ် အားထုတ်နိုင်ကြ၏။ သို့ကြောင့်လည်း ကာလသတ်မှတ်ချက်အတိအကျဖြင့် ပန်းတိုင်သို့ ရောက်နိုင်ကြခြင်းဖြစ်ပေမည်။


ပကတိသာဝကဖြည့်ကျင့်သူများကတော့ ပါရမီ ဖြည့်ကျင့်ရန် ကာလ အတိအကျ မရှိကြပေ။ အတိအကျရှိတာမဟုတ်ဟု သိသဖြင့် `ဖြည့်မနေဲ့၊ အချိန်တန်တော့ နိဗ္ဗာန်ရောက် လိမ့်´ဟူ၍ အယူမှားမသွားစေနှင့်။ စဉ်ဆက်မပြတ် အားထုတ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သတိတရားဖြစ်က ဖြည့်ကျင့်လိုက်၊ မေ့လျော့က မဖြည့်ကျင့်မိဘဲ လမ်းလွဲသွားလိုက်ဖြင့် ရှိနေတတ်သောကြောင့် အချိန်ကာလ အတိအကျမရှိခြင်း ဖြစ်နိုင်ပါသည်။ ဘုရားရှင်လက်ထက်က ပကတိသာဝကတို့ ကို ဖော်ပြရလျှင် အရှင်ဗေလဋ္ဌသီသမှာ ကမ္ဘာတစ်သိန်းတိုင်တိုင်လည်းကောင်း၊ ဓမ္မရုစိမထေရ် ဆိုလျှင် ကြားကာလ၌ ပဉ္စာနန္တရိယကံကျူးလွန်မိသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းတိုင်တိုင်လည်းကောင်း ပါရမီ ဖြည့်ကျင့်ခဲ့ကြရပေသည်။


ပါရမီဖြည့်ကျင့်ရန်အတွက် ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ်ရှိနေကြရန်လိုအပ်ပါသည်။ ဉာဏ်ဖြင့် မဆင်ခြင်ပဲ အမှားလမ်းလည်း မလိုက်မိစေနှင့်၊ ၀ီရိယမထုတ်ဘဲ အပျင်းထူ၍လည်း မနေသင့်။ ဖြည့်နေသူတို့အတွက် ပြည့်ဘို့ရန် ရောက်လာမှာက မလွဲဧကန်ပင်။ သတိဉာဏ်က ပျော့ ၀ီရိယတွေကလျော့နေရင်သာ ပါရမီပြည့်ရန်ဆဲ နိဗ္ဗာန်ဝင်ရန်လွဲနေမည်သာဖြစ်၏။


သင်ခန်းစာယူနိုင်ရန် သာဓကတို့ကို ထုတ်ပြလိုပါသည်။ ဘုရားရှင်လက်ထက်က ကုဋေ ရှစ်ဆယ်ကြွယ်ဝသော သူဌေးသားနှင့် ထိုမျှပင်ချမ်းသာသော သူဌေးသမီးတို့ကို မိဘများက ထိမ်းမြားလက်ဆက် ပေါင်းဖက်ပေးခဲ့ကြသည်။ ထိုသူနှစ်ဦးတို့သည် ရှေးဘ၀များစွာက ပါရမီ ကုသိုလ်တရားတို့ ဆည်းပူးခဲ့ကြသူများ ဖြစ်ကြပေသည်။ ထို့ကြောင့် ယခုတဖန်လည်း ဘုရားရှင်သာသနာနှင့် ကြုံတွေ့နေခိုက် ပထမအရွယ်မှာ ပါရမီကုသိုလ်အားထုတ်ကြပါလျှင် ယောက်ျားက ရဟန္တာ၊ မိန်းမက အနာဂါမ်ဖြစ်နိုင်မည့် ပါရမီတို့ ပါခဲ့ကြ၏။ ဒုတိယအရွယ်မှာ အားထုတ်ကြပါလျှင် ယောက်ျားက အနာဂါမ်၊ မိန်းမက သကဒါဂါမ်၊ တတိယအရွယ်မှာ အားထုတ်ကြပါက ယောက်ျားက သကဒါဂါမ်၊ မိန်းမက သောတာပန်တည်ကြမည်ဖြစ်သော် လည်း စတုတ္ထအရွယ်သို့တိုင် ရောက်ခဲ့ချိန်မှာတော့ တောင်မွေးတောင် အနိုင်နိုင်ဆွဲကာ ခွက်လက်ဆွဲ တောင်းစားရသည့် အခြေအနေသို့ ရောက်သွားသောကြောင့် ဉာဏ်ကလည်း မရှိတော့၊ ၀ီရိယကလည်း ခွန်အားတွေ မပြည့်ဝတော့သည့်အတွက် ပါရမီပြည့်အောင် မဖြည့်ဆည်းနိုင်ကြဘဲ မြင့်မြတ်သည့်အဖြစ်ကို လက်လွှတ်ဆုံးရှုံးရရှာလေသည်။


ဘုရားရှင်လက်ထက် ပုဏ္ဏားတစ်ဦးမှာလည်း အနည်းငယ်သောအချိန်ကာလမျှ ဉာဏ်၊ ၀ီရိယ စိုက်ထုတ်လိုက်ပါလျှင် သောတာပန်တည်နိုင်သည့် ပါရမီတွေ ရှိခဲ့ပါသော်လည်း မဖြည့်ဆည်း လိုက်မိသောကြောင့် ပါရမီပြည့်ဘို့ အလှမ်းဝေသွားရရှာခဲ့ပြန်သည်။ အကြောင်းမှာ- ထိုပုဏ္ဏား သည် ဘုရားရှင်ဟောကြားလိုသည့် တရားတော်ကို အကျယ်တ၀င့်နာကြားမှ သောတာပန် တည်နိုင်မည့် ပါရမီရှိသော်လည်း မကျဉ်းမကျယ်မျှသာ နာကြားပြီး အိမ်မှုကိစ္စနောက်ဆန် တင်းကာ ပြန်သွားသည့်အတွက်ကြောင့် မြင့်မြတ်သူဖြစ်ဖို့အရေး ဝေးသွားရရှာလေသည်။ ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဉာဏ်နှင့် ၀ီရိယတို့ စဉ်ဆက်မပြတ် ရှိနေရန် အရေးကြီး ကြောင်း နားလည်မိပါသည်။


နိဗ္ဗာန်ရောက်ရန် ပါရမီဖြည့်ကျင့်ရာ၌ စက္ကန့်ပိုင်းမျှ လိုနေသည် ဖြစ်လင့်ကစား ထိုကာလမျှ သောအချိန်သည် လွန်စွာအရေးကြီးလှ၏။ ထိုအချိန်၌ အားလျှော့မိပါလျှင် နိဗ္ဗာန်နှင့် ဝေးသွား နိုင်ပေသည်။ ပါရမီပြည့်ရန်လိုနေသည့် ကြားကာလအတွင်း၌ မအိပ်မစား မည်မျှပင် အားထုတ်သော်လည်း မရနိုင်ဘဲ ရှိနေတတ်သည်။ ပါရမီ၏သဘောမှာ မည်မျှနက်နဲ ကျယ်ဝန်း လိုက်ပါသနည်း။


ပုဂ္ဂိုလ်တစ်ဦး၏ ပါရမီရင့်ကျက်ချိန်တန်ပြီ၊ ပါရမီရက်ကျက်ချိန် မတန်သေးသည်ကို ဘုရားရှင် သာလျှင် သိတော်မူလေသည်။ ဘုရားရှင်လက်ထက်က ဒါရုစိပုရိဗိုက်ကြီးသည် ဘုရားရှင်အား တွေ့လိုဇောဖြင့် တစ်ညတာခရီးကို မနားတမ်းလာခဲ့ရာ နံနက်မိုးသောက် အလင်းရောက် ချိန်တွင် ဘုရားရှင်ရှိရာကျောင်းသို့ရောက်၏။ ထိုအချိန်တွင် ဘုရားရှင်က နောက်ပါရဟန်း တော်များနှင့်အတူ ဆွမ်းခံကြွနေသောကြောင့် ဒါရုစိပုရိဗိုက်ကြီးက ဘုရားရှင်ဆွမ်းခံသွားရာ နောက်သို့ လိုက်လေ၏။ ဘုရားရှင်ကို တွေ့သောအခါတွင်-
ပုရိဗိုက်။ ။`မြတ်စွာဘုရား၊ တပည့်တော်အား နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားတော်မူပါဘုရား။´
ဘုရားရှင်။ ။`ချစ်သား၊ တရားဟောချိန် မတန်သေးပေ၊ ဆိုင်းငံ့ဦး။´


ထိုသို့ သုံးကြိမ်တိုင်အောင် တရားတောင်းရာ ဘုရားရှင်ကလည်း သုံးကြိမ်တိုင်တိုင်ပင် ဆိုင်းငံ့ ခိုင်းလေသည်။ နောက်ဆုံး၌ ပုရိဗိုက်ကြီးက- `အရှင်ဘုရား၊ တပည့်တော်လည်း ဘယ်အချိန်သေရမည် မသိပါ၊ အရှင်ဘုရားကလည်း ဘယ်အချိန် ပရိနိဗ္ဗာန်စံဝင်မည် မသိနိုင် ပါ။ တပည့်တော်အား သနားငဲ့ညှာတော်မူပြီး တရားဟောကြားပေးတော်မူပါဘုရား´ ဟူ၍ လျှောက်သောအခါတွင် ဗုဒ္ဓမြတ်စွာသည် ပုရိဗိုက်ကြီး၏ ပါရမီရင့်ကျက်ချိန်တန်သည်ကို သိတော်မူသဖြင့် လေးပါဒမျှသာရှိသော တရားတော်ကို ဟောကြားလိုက်ရာ တရားအဆုံးမှာ ပင် ဒါရုစိပုရိဗိုက်ကြီး ရဟန္တာဖြစ်တော်မူလေသည်။


ထိုဝတ္ထု၌ သတ္တ၀ါအပေါင်းတို့ကို မဟာကရုဏာထားတော်မူသော မြတ်စွာဘုရားအနေဖြင့် တရားတောင်းနေသူကို ချက်ချင်းတရားမဟောဘဲ ဆိုင်းငံ့ခိုင်းနေခြင်းသည် တရားမဟောချင်၍ မဟုတ်ပေ။ ၎င်း၏ ပါရမီရင့်ကျက်ချိန်ကို စောင့်နေသည်ဖြစ်ခြင်းကြောင့် ဟောချိန်မတန်သေး ဟူ၍ ပါရမီမရင့်ကျက်သေးမှီ ကြားကာလအတွင်း တားနေခြင်းမျှသာဖြစ်ပေသည်။ ပါရမီ ရင့်ကျက်ချိန်လည်းရောက်ရော ၎င်း၏ ဖြည့်ကျင့်ခဲ့သည့် ပါရမီကုသိုလ်အလေ့နှင့် ကိုက်ညီ သောတရားကို အံဝင်ခွင်ကျဖြစ်အောင် ဟောကြားတော်မူလိုက်သဖြင့် ခဏအတွင်းပင် ဒါရုစိပုရိဗိုက်ကြီး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူရခြင်းဖြစ်ပေသည်။


မဟာသာဝကကြီးဖြစ်သည့် အရှင်အာနန္ဒာမထေရ်မြတ်သည်လည်း ဘုရားရှင်နှင့် အချိန်တိုင်း အနီးကပ်နေရ၊ ဘုရားရှင် ဟောထားသမျှသော တရားတော်တိုင်းကို ပြန်လည်နာကြားရ၊ နှုတ်၌ပင် တစ်လုံးမကျန် အာဂုံဆောင်နိုင်ရငြားသော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက် နိုင်ဘဲ သောတာပန်အဖြစ်နှင့်သာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးသည့်နောက် သုံးလတိုင်ပင် နေခဲ့ရလေသည်။ ဇွဲနပဲကြီးစွာ အားထုတ်သော်လည်း မရခဲ့။ ပထမအကြိမ် သံဃာယနာတင် မည့် တစ်ရက်အလိုကျမှသာ ရဟန္တာဖြစ်တော်မူလေသည်။


ထို့ကြောင့် ပါရမီဖြည့်ကျင့်ရာ၌ ဖြည့်ကျင့်နေရမည့်အလုပ်က ကိုယ့်အလုပ်၊ ပြည့်သွားမှာက ဓမ္မအလုပ်ဟူ၍ ခွဲခြားစွာသိထားသင့်ပေသည်။ သာဝကဉာဏ်အရာမှာ ပါရမီလိုသည်၊ သာဝက ဉာဏ်အရာမှာ ပါရမီမလိုဘူးဟူ၍ ငြင်းခုန်ပြီးလည်း မနေနှင့်။ သတ္တ၀ါတိုင်းအတွက် နိဗ္ဗာန် ရောက်ရန် ပါရမီကုသိုလ်အားမထုတ်ဘဲ ရောက်ရိုးထုံးစံမရှိဟူ၍သာ တစ်ထစ်ချမှတ်ယူ၊ ဖြည့်ကျင့်သူတို့သာလျှင် အလိုရှိရာရောက်နိုင်ပါမည်။ ဥပမာ- မသွားဘဲထိုင်နေလျှင် ခရီးမတွင် သကဲ့သို့ဖြစ်ချေသည်။ စက္ကန့်တိုင်းသွားနေက စက္ကန့်တိုင်း ခရီးတွင်နေမည်။ ယခုလို ဘုရားသာသနာအတွင်း ဖြည့်ကျင့်ခွင့်ရသည့် ပါရမီကုသိုလ်ထူးများမှာ အချိန်တိုင်း စိန်စီထား သောစက္ကန်းများဟူ၍ တန်ဘိုးထားရမည့် အချိန်တို့ပင် ဖြစ်ပေသည်။


သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။ စက္ကန့်တိုင်း ပါရမီကုသိုလ်တရားများ ဖြည့်ကျင့်ဆည်းပူး အားထုတ်နိုင်ကြပါစေ။


Read more...

သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်လိုသော်...


ကိံသီလသုတ် - (ဘယ်အကျင့်သီလရှိသနည်း) (ကိံ= အဘယ်နည်း)

အဘယ်သို့သော ဝါရိတ္တသီလရှိသူ အဘယ်သို့သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည် သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ 327-1

ပညာဂုဏ် ဇာတ်အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူ တို့ကို ဖူးမြော်ရန် အခါကိုလည်း သိရာ၏၊ တရားနာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ ဟောကြားအပ်သော သမထဝိပဿနာ စကားကို လည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော် စသော တရားတို့ကို လည်းကောင်း ရိုသေစွာ နာယူရာ၏။ 328-2

သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက် ကိုယ်နှင့် စိတ်ကိုနှိမ့်ချကာ ဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ ပါဠိ၏ အနက်သဘောကို လည်းကောင်း၊ ပါဠိကို လည်းကောင်း၊ သီလကို လည်းကောင်း၊ မြတ်သော အကျင့်ကို လည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်း ကျင့်ရာ၏။ 329-3

သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူ တရား အဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီးတတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သော မှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ 330-4

ရယ်မြူးခြင်းကို လည်းကောင်း၊ အကျိုးမဲ့ စကားပြောခြင်းကို လည်းကောင်း၊ ငိုကြွေးခြင်းကို လည်းကောင်း၊ အရာ မဟုတ်သည်၌ အမျက်ထွက်ခြင်းကို လည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ' ကို လည်းကောင်း၊ အံ့ဖွယ်ပြုခြင်းကို လည်းကောင်း၊ တပ်မက်ခြင်းကို လည်းကောင်း၊ မာနကို လည်းကောင်း၊ ခြုတ်ခြယ်ခြင်းကို လည်းကောင်း၊ ကြမ်းကြုတ်ခြင်းကို လည်းကောင်း၊ ရာဂဖန်ရည်ကို လည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကို လည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်း ကင်းကာ စိတ်တည်ကြည်သည် ဖြစ်၍ ကျင့်ရာ၏။ 5

ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာ ရရှိကုန်၏၊ အကြား အမြင် သုတသည်လည်း သိအပ်ပြီးသော တရားတို့၌ ကောင်းစွာထားမှု 'သမာဓိ' ဟူသော အနှစ်သာရရှိ၏၊ အကြင် သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည် လည်းကောင်း၊ အကြားအမြင်သည် လည်းကောင်း မတိုးပွါး။ 332-6

အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သော တရား၌ မွေ့လျော်ကုန်၏၊
ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့် လည်းကောင်း၊ စိတ်အားဖြင့် လည်းကောင်း၊ ကိုယ်အားဖြင့် လည်းကောင်း အတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု အရိယမဂ်နှင့်ယှဉ်သော သမာဓိ၌ တည်ကုန်လျက် အကြားအမြင်၏ လည်းကောင်း ပညာ၏ လည်းကောင်း အနှစ် အရဟတ္တဖိုလ်ကို ရကုန်၏။ 333-7

၉ - ကိံသီလသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Read more...

ဘုရားရှင်ပေးမှ တရားရနိုင်တယ်ဆိုတာ မှန်ပါသလား ဘုရား... (ဓမ္မဒူတ)

Thursday, September 10, 2009

ဓမ္မဒူတ အရှင်ပညာဇောတ (မေး-ဖြေ) ၁၀-မှ...

ဘုရားရှင်ပေးမှ တရားရနိုင်တယ်ဆိုတာ မှန်ပါသလား ဘုရား...










Read more...

အမြင့်မြတ်ဆုံး သီလ

အခါတစ်ပါးမှာမြတ်စွာဘုရားရှင်ကရဟန်းတော်တွေကိုမေးတော်မူပါတယ်။“ချစ်သားတို့လောကမှာ
အကြီးကျယ်ဆုံး၊အမြင့်မြတ်ဆုံးဖြစ်တဲ့လူ့စည်းစိမ်ဟာဘာလဲ”လို့မေးတော်မူပါတယ်။ရဟန်းတို့က
“မှန်လှပါမြတ်စွာဘုရား၊ လောကမှာလေးကျွန်းလုံးကိုအစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာလူ့
လောကထဲမှာအကြီးကျယ်ဆုံး၊အမြတ်ဆုံးပါဘဲဘုရား...”လို့ပြန်လျှောက်ကြတယ်။ဒီအခါမှာမြတ်စွာ
ဘုရားကခဲလုံးလေးတစ်လုံးကိုကောက်ယူတော်မူပြီး“ချစ်သားတို့လေးကျွန်းလုံးကိုအစိုးရတဲ့စကြာ
မင်းတို့ရဲ့စည်းစိမ်ဟာဟောဒီခဲလုံးလောက်သာရှိတယ်။ ငါးပါးသီလခေါ်တဲ့ကိုယ်ကျင့်သီလမဟာ
ဒါနပြုနေသူရဲ့ခံစားရမယ့်စည်းစိမ်ကတော့ဟိမ၀န္တာတောင်လုံးလောက်ကြီးတယ်”လို့ရှင်းပြတော်
မူပါတယ်။
“လူမိုက်တစ်သောင်း၊ကဲ့ရဲ့ရှောင်းလဲ၊လူကောင်းတစ်ယောက်၊ကဲ့ရဲ့ကြောက်လို့”ဆိုတဲ့အတိုင်းအ
ရိယာသူတော်ကောင်းတို့နှစ်သက်တဲ့၊သူတော်ကောင်းတွေအကဲ့ရဲ့ကိုမခံရအောင်ချီးမွမ်းမူကိုခံ
ရအောင်ငါးပါးသီလကိုစောင့်ထိန်းရမှာဖြစ်ပါတယ်။မိမိစောင့်ထိန်းတဲ့ငါးပါးသီလကိုအစွန်းအထေး
မရှိအောင်၊သီလရဲ့အရည်အသွေးတွေကိုနားလည်သဘောပေါက်အောင်အင်္ဂုတ္တိုရ်ပါဠိတော်မှာလာ
တဲ့အတိုင်း ငါးပါးသီလခွဲခြားထားတာကိုဖော်ပြလိုက်ပါတယ်။ ငါးပါးသီလကိုလွန်ကူးသူအတွက်အ
ချက်(၂၀)နှင့် စောင့်ရှောက်သူအတွက်အချက်(၂၀) စုစုပေါင်းအချက်(၄၀)ရှိပါတယ်။ အဲဒီအချက်
လေးဆယ်ကိုသိက္ခာပုဒ်တစ်ပုဒ်ချင်းစီလွန်ကူးသူနဲ့စောင့်ထိန်းသူအတွက်ကိုဖော်ပြလိုက်ပါတယ်။
(၁)ပါဏာတိပါတသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။ကိုယ်တိုင်သူ့အသက်ကိုသတ်သူ၊
၂။သူအသတ်ကိုသတ်ရန်စေခိုင်းသူ၊
၃။သူအသတ်ကိုသတ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆိုသူ၊
၎။သူ့အသက်သတ်မှုမှာနှစ်သက်သဘောတူသူ၊
စောင့်ထိန်းသူအတွက်-
၁။ကိုယ်တိုင်သူ့အသက်သတ်မှုမှရှောင်ကြဉ်သူ၊
၂။သူ့ကိုအသက်သတ်မှုမှရှောင်ကြဉ်စေသူ၊
၃။သူအသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။သူ့အသက်ကိုသတ်ခြင်းမှရှောင်ကြဉ်မှုကိုနှစ်သက်သဘောတူသူ၊
(၂)အဒိန္နာဒါနသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။ကိုယ်တိုင်သူ့ဥစ္စာကိုခိုးယူသူ၊
၂။သူ့ဥစ္စာကိုခိုးယူစေသူ၊
၃။ခိုးယူခြင်းရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆိုသူ၊
၎။ခိုးယူခြင်းကိုနှစ်သက်သဘောတူသူ၊
စောင့်ထိန်းသူအတွက်-
၁။သူ့ဥစ္စာကိုခိုးယူခြင်းမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။သူ့ကိုခိုးယူခြင်းမှရှောင်ကြဉ်စေသူ၊
၃။ခိုးယူခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။ခိုးယူခြင်းမှရှောင်ကြဉ်မှုမှာနှစ်သက်သဘောတူသူ၊
(၃)ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မိစ္ဆာစာရကိုကိုယ်တိုင်ကျင့်သူ၊
၂။မိစ္ဆာစာရကိုသူ့ကိုပြုကျင့်စေသူ၊
၃။မိစ္ဆာစာရကိုပြုကျင့်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မိစ္ဆာစာရကိုပြုကျင့်ရာမှစိတ်တူသဘောတူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မိစ္ဆာစာရမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။မိစ္ဆာစာရမှသူကိုရှောင်ကြဉ်စေသူ၊
၃။မိစ္ဆာစာရမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မိစ္ဆာစာရမှရှောင်ကြဉ်မှုမှနှစ်သက်သဘောတူသူ။
(၄)မုသာဝါဒသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မဟုတ်မမှန်ကိုယ်တိုင်ပြောသူ၊
၂။မဟုတ်မမှန်သူ့ကိုပြောဆိုစေသူ၊
၃။မဟုတ်မမှန်ပြောဆိုခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မဟုတ်မမှန်ပြောဆိုရာမှာစိတ်တူကိုယ်တူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်သူ၊
၂။မဟုတ်မမှန်ပြောဆိုခြင်းမှသူ့ကိုရှောင်ကြဉ်စေသူ၊
၃။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ရာမှာနှစ်သက်သဘောတူသူ၊
(၅)သုရာမေရယသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မူးယစ်စေတတ်သောအရာကိုကိုယ်တိုင်သုံးစွဲသူ၊
၂။မူးယစ်စေတတ်သောအရာကိုသူ့ကိုသုံးစွဲစေသူ၊
၃။မူးယစ်စေတတ်သောအရာကိုသုံးစွဲခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှာစိတ်တူသဘောတူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှသူ့ကိုရှောင်ကြဉ်စေသူ၊
၃။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှရှောင်ကြဉ်ရာမှာစိတ်တူသဘောတူပါဝင်သူ၊
လွန်ကူးသူအတွက်အချက်(၂၀)ကိုကူးလွန်ရင်တော့ငရဲကိုရောက်ကြရမှာဖြစ်ပြီး၊ စောင့်ထိန်းသူ
ဘက်ကတော့နတ်ပြည်နတ်ရွာကိုရောက်ကြရမှာဖြစ်ပါတယ်။ စောင့်ထိန်းသူအတွက်အချက်(၂၀)ကိုလိုက်နာကျင့်ကြံအားထုတ်မှသာလျှင်သူတော်ကောင်းတို့နှစ်သက်တဲ့အရည်အသွေးပြည့်ဝတဲ့
ငါးပါးသီလဖြစ်မှာဖြစ်ပါတယ်။ငါးပါးသီလနဲ့ပက်သက်ပြီးလူတန်းစားလေးဆယ်ကိုအုပ်စုလေးမျိုးထပ်
ခွဲရင်တော့-
၁။ယုတ်ညံ့သူ၊
၂။ယုတ်ညံ့သူထက်ပိုပြီးယုတ်ညံ့သူ၊
၃။သူတော်ကောင်း၊
၎။သူတော်ကောင်းထက်ပိုပြီးကောင်းသူ၊ ဟူ၍လေးမျိုးခွဲခြားနိုင်ပါတယ်။
ငါးပါးသီလကိုကိုယ်တိုင်လွန်ကူးသူဟာ“ယုတ်ညံ့သူ”လို့သတ်မှတ်ရပါတယ်။
ကိုယ်တိုင်လွန်ကူးတဲ့အပြင်သူတစ်ပါးကိုပါလွန်ကူးစေတဲ့သူတွေကျတော့“ယုတ်ညံ့သူထက်ပိုပြီး
ယုတ်ညံ့သူ”လို့သတ်မှတ်ပါတယ်။
ကိုယ်တိုင်ငါးပါးသီလကိုရှောင်ကြဉ်သူမျိုးကို“သူတော်ကောင်း”လို့သတ်မှတ်ပြီး၊ကိုယ်တိုင်ရှောင်ကြဉ်
ပြီးသူတစ်ပါးကိုပါရှောင်ကြဉ်ဖို့ပါဆောင်ရွက်သူမျိုးကိုတော့“သူတော်ကောင်းထက်ပိုပြီးကောင်းတဲ့
သူ”လို့သတ်မှတ်ပါတယ်။
လောကမှာသူတော်ကောင်းဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့ဆိုတာမလွယ်ပါဘူး။ ရွေ၊ ငွေ၊ စည်းစိမ်တွေပေးပြီး
ဝယ်လို့လည်းမရပါဘူး။ ခိုးယူလို့လည်းမရပါဘူး။ ဘယ်လိုနည်းနဲ့မှမရနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်မှရ
နိုင်တာပါ။
သတ္တ၀ါအားလုံး သူတော်ကောင်းဆိုတဲ့ဂုဏ်၊ သူတော်ကောင်းထက်ပိုပြီးကောင်းတဲ့ဂုဏ် ကိုရယူနိုင်
ကြပါစေ။
စာရေးသူ futurelife at 1:19 AM

Read more...

မုန်းနေသူကို ချစ်စေလိုလျှင်............


အရှင်ဘုရား

တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊ နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်က ပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘ၀က တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း- စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်က ဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေက ငြီးတွားခဲ့ကြတယ် ---

စာရေးသူက ဖြေလိုက်တယ် - အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊

လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲ ပြေလည်နိုင်မယ် လို့ ထင်တယ်၊ ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီး အားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊

အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့ လူတယောက်ဆိုတာ အရှင်ဘုရား ဒကာကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊


တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာ မှတ်သားပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ - -

၁၊ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့် အပြည့်နီးပါး ထည့်ပါ၊

၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကို ဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။

- -ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် - -

ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက် ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊

ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ ရေထဲမှာ စိမ်ထားလိုက်ပြီ၊ မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ေ၇ာ လူရော အေးချမ်းလာပြီး ငါ့အပေါ် မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊ လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ - စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊ -

ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီး တနေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊ အကြိမ်များစွာ ဆို၇င်တော့ အကောင်းဆုံးပေါ့၊

၎ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တ၀ါအားလုံးနဲ့ နတ်ဗြဟ္မာတွေကို တိုင်တည်ပြီး မေတ္တာပို့ အမျှဝေ ရပါမယ်၊

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရ ကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊

မှတ်ချက်၊ ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ

| |

Read more...

လမ်းခွဲကြပါစို့


တွဲလက်တွေ ခိုင်ခိုင်မြဲ၊ ဘယ်တော့မှ မခွဲကြေးနော်လို့ ပြောခဲ့ကြပေမယ့် ဒီနေ့တော့ တို့တွေ မျက်နှာလွှဲ လမ်းခွဲလိုက် ကြတာပဲ ကောင်းပါတယ်။

လူ့စိတ်ဆိုတာ ပြောရအင်မတန်ခက်ပါတယ်။ တစ်ခါတစ်ခါလည်း အရိုင်းအစိုင်းသဘောနဲ့ တိရိစ္ဆာန်စိတ်တွေနှောလို့ ..။ ရိုင်း တယ်၊ အတ္တဆန်တယ်၊ မာနကြီးတယ်၊ မာယာတွေများတယ်၊ မေတ္တာတုတွေနဲ့ ဟန်ဆောင်ကြတယ်။ သည်းမခံချင်ဘူး၊ ခွင့် မလွှတ်ချင်ဘူး။ စိတ်တွေမငြိမ်ဘူး၊ မငြိမ်းဘူး။ ဒါကြောင့် တစ်ခါတစ်လေ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတယ် ဆိုတာကို လက်ခံရမလိုပဲ။ တစ်ခါတစ်လေတော့လည်း အဲ့သည့်စိတ်က ယဉ်ယဉ်ကျေးကျေး၊ အတ္တတွေခ၀ါချလို့၊ မေတ္တာ အပြုံးတွေနဲ့ နွေးထွေးလို့၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ သနားကရူဏာထားမှု၊ မုဒိတာပွားမှု၊ ဥပေက္ခာထားမှုဆိုတဲ့ ဗြဟ္မစိုတရားတွေနဲ့ သိပ်ကိုလှပနေပြန်တာပါပဲ။ ဒီလိုဆိုပြန်တော့လည်း လူဆိုတာ သူတို့တွေ ပြောကြသလို ဗြဟ္မာကနေ ဆင်းသက်လာတယ်ဆိုတာကို ကျွန်တော် နှစ်သက်ပြန်ပါတယ်။

လူ့စိတ်မှာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ တရားတွေ အခွင့်သင့်ရင် သင့်သလို ဖြစ်နေပါတယ်။ အကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အခါ လူဟာ အရုပ်ဆိုး အကျည်းတန်၊ တကယ့်ကို လူမဆန်တဲ့အရာတွေကို ပြုမှုလို့၊ ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အခါမှာတော့ ရုပ်ရည်တွေကြည်လင်၊ စိတ်ဓာတ်တွေဖြူစင်လို့ …။ တိရိစ္ဆာန်တစ်ပိုင်း နတ်တစ်ပိုင်းဖြစ်နေတဲ့သူတွေလို စိတ်ကောင်းတွေဖြစ်လိုက် စိတ်ဆိုးတွေဖြစ်လိုက်နဲ့ပေါ့။ ဒီလိုဆိုတော့ စိတ်ထဲမှာ စေတီပုထိုးတွေမှာ တွေ့ရတတ်တဲ့ မနုဿသီဟလို နတ်ခေါင်းနဲ့ တိရိစ္ဆာန်ခန္ဓာဖြစ်နေတဲ့ အကောင်တွေကို ပြေးမြင်မိပြန်တယ်။ ဟုတ်တယ်။ လူဆိုတာ တစ်ခါတစ်လေ နတ်လိုပဲ။ တစ်ခါတစ်လေ တိရိစ္ဆာန်လိုပဲ။ နတ်တိုင်း စိတ်ကောင်းမရှိပါဘူးကွာ၊ တိရိစ္ဆာန်တိုင်း စိတ်ထားမရိုင်ါးဘူးကွာလို့ ပြောချင်တဲ့သူက ပြောကြပါလိမ့်မယ်။ ကျွန်တော်ကတော့ နတ်ဖြစ်တာဟာ ကုသိုလ်စိတ်ကောင်းလေးကြောင့်ဖြစ်ပြီး၊ တိရိစ္ဆာန်ဖြစ်တာဟာ အကုသိုလ်စိတ်ဆိုးစိတ်ယုတ်ကြောင့်ဖြစ်တာ လို့ ကျွန်တော်ယုံကြည်မိပါတယ်။

မင်္ဂလသုတ်တော်ကြီးမှာ မြတ်စွာဘုရားရှင်ကတော့ အ သေ၀နာ စ ဗာလာနံ …. လို့ နတ်သားကို ဟောတော်မူခဲ့ပါတယ်။ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ ..ဆိုတဲ့ ငယ်ငယ်တုန်းတည်းက ရွတ်ခဲ့ရတာလေး နှုတ်ထဲက ခုထိမထွက်ပါဘူး။ လူမိုက်ဆိုလျှင် ရှောင်ပါတဲ့။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ပါလို့ ဆိုတာပါ။ ဒီနေရာမှာတော့ မြန်မာစကားကိုပဲ နည်းနည်းရှင်းပြဖို့ လိုလာပြီထင်ပါတယ်။ ဘာလဲဆိုတော့ မှီဝဲတယ်ဆိုတဲ့ စကားပါပဲ။ ဥပမာ။ ။လူနာတစ်ယောက်အတွက် ဆေးမှီဝဲနေရတယ်ဆိုတာဟာ ဒီဆေးကို အမြဲတမ်းသုံးဆောင်နေရတယ်၊ စားသုံးနေရတယ်လို့ ဆိုလိုတာပါ။ ဆေးကိုမှီဝဲလိုက်တဲ့အတွက် ဆေးရဲ့အာနိသင်တွေဟာ တစ်ကိုယ်လုံးပျံ့နှံ့တည်ရှိပြီး လူကို သက်သာရာ ရစေပါတယ်။ အဆိပ်ကို မှီဝဲမိသူကတော့ တစ်ကိုယ်လုံး အဆိပ်အာနိသင်တွေ ပျံ့နှံ့ပြီး သေဆုံးခြင်းကို ရောက်ကြရပါတယ်။

ဒီလိုပါပဲ။ လူမိုက်ဆိုတာဟာလည်း လူက မိုက်တာမဟုတ်ပါဘဲ စိတ်ကမိုက်တာပါ။ အင်္ဂုလိမာလမထေရ်ဟာ လူ့ဘ၀ တုန်းကတော့ လူမိုက်ကြီးပေါ့။ လူတွေကိုသတ်၊ လက်ညှိးဖြတ်နေတဲ့သူ။ ဘာကြောင့်လဲဆိုတော့ စိတ်မိုက်နေလို့ပါ။ စိတ် မိုက်လို့ လူမိုက်နေရတာပါ။ ရဟန္တာဖြစ်သွားတဲ့အခါမှာတော့ စိတ်မမိုက်တော့ပါဘူး။ စိတ်ထားတွေ နုညံ့သိမ်မွေ့သွားပါပြီ။ ဒါကြောင့်လူလည်း မမိုက်တော့ပါဘူး။ စိတ်မိုက်တာဟာ အဓိကကျတဲ့အချက်ပါပဲ။ ဒါကြောင့်လဲ လူမိုက်ကိုရှောင်ဆိုတာဟာ ထိုသူ့မှာရှိတဲ့ စိတ်မိုက်ကိုရှောင်လို့ဆိုတာပါ။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ရမှာပါ။ စိတ် မိုက်တွေကို မှီဝဲလိုက်တာနဲ့တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မကောင်းတဲ့ အကုသိုလ်အာနိသင်တွေ ပျံ့နှံ့ပြီးတည်နေတာဖြစ်လို့ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှပါတယ်။

မိမိမနှစ်သက်တဲ့စကားတစ်ခွန်းကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ဒေါသထွက်မိတာဟာ ဒေါသကို မှီဝဲလိုက်တာပါပဲ။ ဒေါသနဲ့ ပေါင်းသင်းလိုက်တာပါပဲလို့ ကျွန်တော်မြင်မိပါတယ်။ တစ်ဦးအပေါ်တစ်ဦး အနိုင်လိုချင်တဲ့ ဒေါသတရားတွေ ကြီးစိုးလာတဲ့ အခါ၊ တစ်ဦးနဲ့ တစ်ဦး သူ့ထက်ငါ သာချင်တဲ့ အပြိုင်အဆိုင်မာနတရားတွေ အားကြီးလာတဲ့အခါ ပညာရှိတို့ရဲ့ ဆုံးမစကား သည်ပင် နောက်ဆုတ်ခဲ့ကြရပါတယ်။ အကုသိုလ်တရားတို့ရဲ့အစွမ်းကလည်း အံ့မခန်းပါပဲ။ တစ်ခါတုန်းက ကောသမ္ဗီပြည်က ၀ိနည်းဆောင်ရဟန်းနဲ့ သုတ္တန်ဆောင်ရဟန်းတို့ အချင်းများကြတဲ့အခါ မြတ်စွာဘုရားရှင်က ကြားဝင်ပြီး ဆုံးမစကား မြွတ်ကြားပါသော်လည်း နားမျှမ၀င် အရာမထင်ခဲ့တာကို ကြည့်ပြီး မကောင်းတဲ့ စိတ်ဓာတ်ဆိုးတွေဟာ တစ်ကယ်ကို ကြောက်စရာကောင်းလှပါလားလို့ မြင်မိလာပါတယ်။

ကောင်းမှုနှင့် မကောင်းမှု၊ ဓမ္မနှင့်အဓမ္မ၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာတွေမှာ ကောင်းတဲ့ကုသိုလ်တရား၊ ဓမ္မတို့ကသာလျှင် မကောင်းမှု အကုသိုလ်တရား၊ အဓမ္မတရားတို့ကို အနိုင်ရကြစမြဲသာဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်တရားတွေကိုနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ကောင်းမှုကုသိုလ်တရားတွေကို လုပ်ရဲတဲ့သတ္တိရှိဖို့ပဲ လိုတာပါ။ မကောင်းမှုတရားတွေ ကိုစွန့်ရဲတဲ့ သတ္တိပဲလိုတာပါ။ မကောင်းမှုကို စွန့်ရဲတဲ့သတ္တိလည်းမရှိ၊ ကောင်းမှုကို ပြုရဲတဲ့ သတ္တိလည်းမရှိတဲ့အခါ မကောင်း မှုအကုသိုလ်တရားတွေရဲ့ ထိုးနှက်ချက်ကို အလူးအလဲခံကြရပါတော့တယ်။ ကောင်းမှုတရားတစ်ခုကို ရရှိဖို့အတွက်၊ အမှန်တရားတစ်ခုကို ရရှိဖို့အတွက်ဆိုရင် စွန့်လဲစွန့်ရဲ တယ်၊ အစွန့်လည်းခံရဲရပါတယ်။ ထိုသူတွေထဲမှာတော့ မြတ်စွာ ဘုရားရှင်က အသာလွန်ဆုံးပါပဲ။

ပြောရရင် ဥရုဝေလမှာ ဘုရားဖြစ်ဖို့တရားကျင့်စဉ်ကာလတုန်းက တို့ဘုရားအလောင်းတော်ဟာ ခန္ဓာကိုယ်ကို အလွန်ပင်ပန်းဆင်းရဲခံပြီး ကျင့်တဲ့အခါမှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုနေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦးရှိကြပါတယ်။ ဒီအတိုင်းသာ ကျင့်ရင် တို့အရှင် ဘုရားဖြစ်ပြီဆိုတဲ့မျှော်လင့်ချက်နဲ့ စောင့်မျှော်ရင်း အလုပ်အကျွေးပြုနေကြတာပါ။ မြတ်စွာဘုရားအ လောင်းတော်က ဒီအတိုင်းအပင်ပန်းခံပြီး ကျင့်တာဟာ တရားရဖို့မဟုတ်ဘူး။ ဆင်းရဲကြောင်းသာဖြစ်တယ်ဆိုပြီ အလယ် အလတ်ကျင့်စဉ်ကို ကျင့်သုံးပါတော့တယ်။ ဒီအခါ ထိုအရှင် ၅ ဦးတို့က အလောင်းတော်ကို တရားရဖို့လမ်းမမြင်တော့ဘူး ဆိုပြီး ဘုရားအလောင်းတော်ကို စွန့်ခွာသွားကြပါတယ်။ မြတ်စွာဘုရားရှင်ကလည်း မိမိရဲ့ အခြွေအရံတွေ စွန့်ခွာသွားလို့ အမှန်တရားရှာတဲ့လမ်းကို မပြောင်းလဲခဲ့ပါဘူး။ အစွန့်ပစ်ပဲ ခံခဲ့ပါတယ်။ အမှန်တရားတစ်ခုအတွက် အစွန့်ပစ်ခံရဲတဲ့၊ တနည်းအားဖြင့် လမ်းခွဲရဲတဲ့ သတ္တိကို မကြည်ညိုပဲ မနေနိုင်ခဲ့ပါဘူး။

ကောသမ္ဗီပြည်မှာ သံဃာတွေသင်းကွဲတုန်းကလည်း သံဃာထုကိုစွန့်ခွာပြီး တစ်ပါးတည်း ဧကစာရီတောရဆောက်တည်ခဲ့ဖူးပါတယ်။ သစ္စာတရားတစ်ခုအတွက် အခြွေအရံ ပရိတ်သတ်ကို မငဲ့ကွက်ပဲ တစ်ပါးတည်း လမ်းခွဲခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ လောကသားအားလုံးရဲ့ အတုယူစရာ စံပြပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ဝန်းကျင်ကနေ ခွဲထွက်နိုင်ရဲတဲ့ မြတ်စွာ ဘုရားရှင်ရဲ့သတ္တိဟာ လူနတ်ဦးခိုက် ပူဇော်ထိုက်လှပါတယ်။ သတ္တိဆိုတာ သိတတ်တာပါပဲကွာလို့ ဆရာတော်ကြီးတစ်ပါး မိန့်ဖူးပါတယ်။ သတ္တိဆိုတာ သိတတ်တာတဲ့။ ဘာတွေကို သိတတ်ရမှာလဲ။ ကောင်းတာတွေကို ကောင်းတယ်လို့ သိတတ် ရမယ်။ မကောင်းတာကိုလည်း မကောင်းဘူးလို့ သိတတ်ရမယ်။ မကောင်းတာတွေကို စွန့်ခွာရဲတဲ့ သတ္တိရှိဖို့ လိုအပ်သလို ကောင်းတာတွေကို လုပ်ဆောင်ရဲတဲ့သတ္တိရှိဖို့ဟာလည်း အရေးကြီးပါတယ်။။ ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် တို့တွေလက် တွဲခဲ့တာဟာ၊ တို့တွေ မှီဝဲခဲ့တာတွေဟာ မကောင်းတာတွေပဲ များခဲ့တာပါ။ ပါပသမိံ ရမတိ မနော …. စိတ်ဆိုတာ မကောင်း မှုမှာပဲ မွေ့လျော်တတ်တယ်လို့ ဆိုတာကိုး။ ဒီတော့ မကောင်းမှုကနေ တို့တွေ လမ်းခွဲမှပဲ တော်လိမ့်မယ်ထင်တယ်။

သံသရာတစ်လျှောက်လုံး အတ္တဆန်မှုတွေ၊ ရန်လိုမှုတွေ၊ အနိုင်လိုမှုတွေ၊ လောဘဒေါသ မာန်မာနတရားတွေနဲ့ လက်တွဲ၊ တို့တွေ မှီဝဲလာလိုက်တာ ကြာခဲ့ပါပြီလေ။ ကြာပင်ကြာငြားသော်လည်း မဟောင်းနိုင်း မမေ့နိုင် ယနေ့တိုင် သူတို့နဲ့ လက် တွဲလာခဲ့ကြပေမယ့် ဒီနေတော့ အားလုံးကိုကျောခိုင်း ခပ်ရိုင်းရိုင်းလူသားဆိုတဲ့ မကောင်းမှုတရားတွေနဲ့ မဆုံဖို့ တို့တွေ လမ်းခွဲကြပါစို့။


သတိထား အသိပွားနိုင်ကြပါစေ။


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP