တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက် ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့ မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””
အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်းပြန်ပြောရှာပါတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးက စဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး ““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””
e-mail-မှ
ပေးပို့သူကို အရမ်းကျေးဇူးတင်ပါတယ်-နော် ။
( ဆရာကြီး၏ နောက်ဆုံးဆေးလုံး )
တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။
( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ် နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေလေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။
( သရဲ ထင်လို့ပါ )
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက်သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီးကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟု အော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့် ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“
အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
( သူရဲကောင်းရွေးခြယ်ပွဲ )
တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီးလည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။ ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။
( သေချာပြောပါ )
မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီး ထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေး ပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“
( ဖိုးသူတော် နှင့် ဂဏန်းများ )
တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအားလုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။
နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေးသေးလေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာ တစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။
ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်း တစ်ကောင်ပြီးတစ်ကောင် ရေနွေးအိုးထဲကျကုန်၏။ နောက်ဆုံးတွင် အကြီးဆုံးဂဏန်းကြီး အလှည့်တွင်မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေသတည်း။
( e-mail မှ )
e-mail ပေးပို့သူအား အထူးကျေးဇူး တင်ရှိပါကြောင်း။
( ယခင်လမှ အဆက်။)
မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှုစသည်တို့မှာ အများအားဖြင့် ဘုရားဟောဗုဒ္ဓစာပေတွင် အခြေခံနေပါသည်။ ယင်း ဗုဒ္ဓစာပေများအနက် မင်္ဂလသုတ် တရားတော်မှာ လူ နတ် ဗြဟ္မာ သတ္တ၀ါအများတို့သည် ၁၂-နှစ်ကာလပတ်လုံး ကြံဆပြောကြား အငြင်းပွားကြသည်။
ထို့နောက် ဘုရားရှင်ထံ မေးလျှောက်ရာမှ ဘုရားရှင်ဟောကြားခဲ့သော တရားတော်သည် အထက်တွင် ရေးသားခဲ့သလို လောကီရေးသာမက လောကုတ္တရာနိဗ္ဗာန်ချမ်းသာအစစ်သို့ ၀င်ရာ တံခါးပေါက်လည်း ဖြစ်သည်။ နိဗ္ဗာန်ချမ်းသာမြတ်သို့ တက်ရန် စောင်းတန်းနှင့်တူ၍ အဖိုးဖြတ်နိုင်စွမ်းမရှိပါ။ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်၏ ဂုဏ်ပုဒ်တို့ကို ထုတ်ဖော်ရေးသားခြင်းငှါ မစွမ်းသာအောင် များမြောင်လှပါသည်ဟုဆိုပါက လွန်အံ့မထင်ပါ။ ပုဂံခေတ် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ထိပ်တန်းနိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ရပါသည်။
ယခုလည်း အချိန်မနှောင်းသေးပါ။ မင်္ဂလသုတ်ကို လူတိုင်းက လေ့လာသင်ကြား၍ စနစ်တကျ လိုက်နာကျင့်သုံးကြပါလျှင် အရှေ့တောင်အာရှမှာသာမက ကမ္ဘာ့အလယ်မှာပင် ထိပ်တန်းနိုင်ငံတခု ဖြစ်လာနိုင်စရာ ရှိပါသည်။ မိမိလူမျိုးနှင့် နိုင်ငံတော်တိုးတက်ကြီးပွားရေးအတွက် လူတိုင်း လူတိုင်း မင်္ဂလာတရားကို သင်ကြားလေ့လာ၍ ရိုသေလေးစားစွာ လိုက်နာကျင့်သုံးနိုင်ကြပါစေ။
ပုဂံခေတ်မှစ၍ ယနေ့တိုင် မြန်မာနိုင်ငံတော်သည် မင်္ဂလာတရားတော်လာ ပတိရူပဒေသ ဖြစ်ပါသည်။
ပတိရူပဒေသ-ဟုတ် မဟုတ် သိနိုင်ရန် စံ-ဟုဆိုနိုင်သော အောက်ပါအချက် ၄-ချက်ဖြင့် ချိန်ထိုး တိုင်းတာကြည့်ပါမူ-
၁။ ဘာသာရေးနှင့်စပ်လျဉ်း၍ မှန်ကန်စွာ လမ်းညွှန်နိုင်သော ဆရာသမားကောင်းများ ရှိခြင်း။ (ရဟန်း ရှုင် လူ ပုဂ္ဂိုလ်များ)။
၂။ စာသင်ကျောင်းများ အပြည့်အစုံ ရှိခြင်း။ (ပရိယတ္တိစာသင်တိုက်ကြီးများ၊ ဘုန်းတော်ကြီးသင် နှင့် သီလရှင် စာသင်တိုက်ကျောင်းများ၊ မူ လယ် ထက် တက္ကသိုလ် ကောလိပ်များ)။
၃။ ရာဦဥတု မျှတသည့်အပြင် ဆေးဝါး ဓာတ်စာ လွယ်လွယ်ကူကူ ရနိုင်ပြီး တိုင်းရင်းဆေးဆရာနှင့် အနောက်တိုင်း ဆေးဆရာဝန်ကောင်းများ ရှိခြင်း။ (ပြည်နယ်၊ တိုင်းအလိုက်၊ ခရိုင်အလိုက် အထူးကု ဆေးရုံများ၊ တိုင်းရင်းဆေးရုံများ၊ တိုက်နယ်ဆေးရုံများအထိ ရှိခြင်း)။
၎။ ကုန်းလမ်း ရေလမ်း လေလမ်း အဆက်အသွယ် ကောင်းပြီး ပစ္စည်းရှာဖွေရေး လွယ်ကူခြင်း။ (ပြည်နယ် တိုင်းတို့တွင် လမ်းတံတားများ တိုးချဲ့နေခြင်း)။
စသော စံ-၄ ချက်ဖြင့် ကိုက်ညီစွာ တည်ရှိနေပါသည်။ ပုဂံခေတ် ရှုင်အရဟံက စတသ်ခဲ့သော ထေရ၀ါဒ စစ်စစ်၏ အကျိုးကျေးဇူးများ ခံစားနေရခြင်း ဖြစ်ပါသည်။
နယ်ချဲ့လက်အောက် ကျွန်ဘ၀တွင် နေရစဉ်ကပင် ဗုဒ္ဓဘာသာအပေါ် ဖိနှိပ်ခဲ့သူတွေအပေါ် မခံနိုင်သည့်အတွက် လွတ်လပ်ရေးလမ်းစ ဖော်ပေးခဲ့သော ဗုဒ္ဓဘာသာ ကလာဏယုဝ အသင်းကြီးသည် လူမျိုး- ဘာသာ-သာသနာ-ပညာ ဟူ၍ ကြွေးကြော်သံပေး၍ မိမိတို့၏ ဘာသာ သာသနာ ပညာ အဓွန့်ရှည်တည်တံ့ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ၁၉၄၈-ခု လွတ်လပ်ရေးနေ့ အခမ်းအနားကို ၃၈-ဖြာ မင်္ဂလာတရား ရွတ်ဆို၍ဖွင့်လှစ်ခဲ့သကဲ့သို့ မင်္ဂလာစာမေးပွဲနှင့် ဆုပေးပွဲပါ ကျင်းပပေးခဲ့ပါသည်။ ထို့အတူ ယနေ့တိုင်လည်း မင်္ဂလာစာမေးပွဲများ၊ ဆုပေးပွဲများ ကျင်းပပေးလျက် ရှိနေသည်ကို တွေ့ရပါသည်။
ထို့အပြင် မင်္ဂလာဗျူဟာအသင်းချုပ်၊ ဓမ္မဗျူဟာ၊ မြတ်ရတနာ၊ ဇမ္ဗူ့ရတနာ၊ လုမ္ဗိနီရင်ခွင်ပိုက် စသည့် ဘာသာရေးအသင်းအဖွဲ့များ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ သီလရှင်သင် ပညာရေးကျောင်းများက ဗုဒ္ဓယဉ်ကျေးမှုနှင့် မင်္ဂလသုတ် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည်ကို တွေ့နေရသည်။ ယင်းသို့ တွေ့နေရခြင်းသည် ပုဂံခေတ်က ချပေးခဲ့သော အုတ်မြစ် ခိုင်ခံ့လျက်ရှိနေသေးသည်ကို တွေပရသည့်အတွက် ၀မ်းမြောက်ဖွယ်ဖြစ်ပေသည်။ မူ-လယ်-ထက် ကျောင်းများတွင်ပါ လူတိုင်း သင်အပ် ကျင့်မြတ်မင်္ဂလာကို သင်ကြားပေးနိုင်ရေးကိုလည်း အစီအစဉ်ရှိကြောင်း သိရ၍ ၀မ်းသာအားတက်ခြင်း ဖြစ်မိပါသည်။
ဒီနေ့ခေတ်လူငယ်တွေဟာ ပြောဆိုရတာ ခက်လိုက်တာ၊ ယဉ်ကျေးမှုလဲ မရှိကြဘူး-ဟု ပြောဆိုနေသံတွေ ကြားရသောအခါ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ-ဆိုသည်ကို မေ့နေကြကြောင်း တွေ့ရသည်။ မိဘ၀တ္တရား ငါးပါးတွင် မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်-ပြုလုပ်မပေးကြတော့ သားသမီးကို ငယ်က မဆုံးမသော် မိဘတလည် ရန်သူမည်၏-ဟု ဆုံးစာအတိုင်း မဖြစ်ရန် မိဘများအနေဖြင့် ဤသို့ပြုလုပ်သင့်ပါသည်။
၁။ ငယ်ငယ်က-သား၊ ကြီးတော့-ကျား မဖြစ်စေလိုလျှင် မင်္ဂလာတရားကိုသင်။
၂။ ငယ်ငယ်က-သမီး၊ ကြီးတော့-မီး လိုမပူစေလိုလျှင် မင်္ဂလာတရားကိုသင်။
၃။ သားတယောက် ဓားထောက်ကာ ငွေနှင့်အမွေတောင်းမှာ ကြောက်လျှင် မင်္ဂလာတရားကိုသင်။
၎။ သမီးတယောက် အမြီးအမောက် တည့်စေလိုလျှင် မင်္ဂလာတရားကိုသင်။
၅။ ဗုဒ္ဓဘာသာဝင် မှန်သမျှ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုလျှင် မင်္ဂလာတရားကို သင်ကြရပါမည်။
အရောင်းအ၀ယ် အသွယ်သွယ်တွင် လိုဖွယ်ရရန် ဖိုးထိုက်တန်လျှင် မှန်သည်ကိုလိုက် လောဘတိုက်၍ လူမိုက်မဆိုရစေနှင့်-ဟု ရှင်မဟာရဋ္ဌသာရက ဆုံးမစာဖြင့် သတိပေးထားပါသည်။ ဗုဒ္ဓတရားအရကလည်း လောဘ ဒေါသ မောဟ တရား နည်းပါးရန်-ဟောကြားထားပါသည်။ ထိုထိုအဆုံးအမများကို နာယူကြသော ဗုဒ္ဓဘာသာဝင် ဆိုသူများသည် စီးပွားဥစ္စာချမ်းသာရေးနောက်သို့ လောဘတက်၍ လိုက်နေကြရာ သာသနာကို အသပြာနှင့်လဲနေသူ ဆရာယောင်၊ ဆရာတုတို့၏ တရားတုများလည်း ထိုးဖောက်နေရာယူ လှုပ်ရှားလာနေသည်ကို တွေ့မြင်ရပေသည်။ ဗုဒ္ဓဘာသာတရား နာကြားသင်ယူကြရာတွင် ကြားနှင့်ဆင် ကဲ့သို့ သဟဇာတ (မိတ်-ဖက်) ဖြစ်ရန်လိုပါသည်။
ကြား-ဆိုသည် တောထဲက ကျား-မဟုတ်။ ဗုဒ္ဓတရားများကို အဖန်ဖန်ထပ်ခါတလဲလဲ ကြား-နာနေရန် ဖြစ်ပါသည်။
ဆင်-ဆိုသည်မှာလည်း တောထဲက ဆင်-မဟုတ်ပါ၊ ဘုရားရှင်တော်၊ ဟောဖော်ကြားသည့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှကျေးဇူးတွေ-ဆိုသည့်အတိုင်း မိမိကြားနာရသောတရားသည် တရားစစ် တရားမှန် ဟုတ်-မဟုတ် ကုသိုလ် ရ-မရ ဆိုသည်ကို ဆင်-ခြင်သုံးသပ်နေရန် လိုပါသည်။
ဘုရားဟောသုတ်တော်ပေါင်း ထောင်သောင်းမက ရှိပါသော်လည်း ဆယ့်နှစ်နှစ်တိုင်တိုင် ကောလာဟလ ဖြစ်ပေါ်ပြီးမှ ၃၈-မျိုး၊ ၁၀-ဂါထာဖြင့် ဟောကြားထားသော မင်္ဂလသုတ်ကို သင်ယူစေလိုခြင်းသည်-
ပထမမြန်မာနိုင်ငံတော်ကို ရှင်အရဟံနှင့် အနော်ရထာ ဘုရင်တို့က ဘယ်လို အုတ်မြစ်ချခဲ့သနည်း။ ထေရ၀ါဒပိဋကတ်တော်များကို အခြေခံ၍ တပြည်ထောင်လုံး အားကိုးမမှားအောင် ၃၈-ဖြာ မင်္ဂလာကိုယ်ကျင့်တရားဖြင့် တည်ဆောက်ထားခဲ့သည်ကို သတိရ၍ ပြန်လည်တည်ဆောက်ကြပါစို့-ဟု သာသနာဝန်ဆောင်အဖွဲ့ကြီးက နှိုးဆော်ထားသည်။
ထိုနှိုးဆော်ထားသည့်အတိုင်း ဂုဏ်ထူးများနှင့် ပြည့်စုံသော မင်္ဂလသုတ်တရားတော်ကို သင်ကြားနာယူဆင်ခြင်သုံးသပ်၍ လူ့ဘ၀တလျှောက်လုံး နိုင်ငံတော်က အားထားရသည့် ပညာရည်၊ နှလုံးရည် လက်ရုံူးရည် တမျိုးမျိုး၌ ပြည့်ဝထူးချွန်သော စိတ်နေစိတ်ထား မွန်မြတ်သည့် ရင်နှစ်သည်းချာ နိုင်ငံ့ရတနာတယောက်အဖြစ် အမှန်မြင်ပြီး ကျင့်ကြံနေထိုင်ကာ မင်္ဂလာနိုင်ငံတော်ကြီး တည်ဆောက်သူများ ဖြစ်ကြစေလိုပါသည်။
ကိုယ်ကျင့်မင်္ဂလာတရားများဖြစ်သော-
အ-အသေ၀နာစ ဗာလာနံ၊
ပ-ပတိရူပဒေသ၀ါသောစ၊
ဗာ-ဗာဟုသစ္စဉ္စ သပ္ပဉ္စ၊
မာ-မာတာပိတု ဥပဋ္ဌာနံ၊
ဒါ-ဒါနဉ္စ ဓမ္မစရိယာ စ၊
အာ-အာရတီ ၀ိရတီ ပါပါ၊
ဂါ-ဂါရဝေါ စ နိဝါတော စ၊
ခန်-ခန္တီ စ သောဝစဿတာ၊
တ-တပေါ စ ဗြဟ္မစရိယဉ္စ၊
ဖုဋ္ဌ်-ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ-ဟူသော မင်္ဂလာတရား ဆယ်ဂါထာနှင့်အညီ တဦးနှင့်တဦး တွေ့ဆုံစဉ် ကျောင်း၌ ကျောင်းသား ကျောင်းသူများက ဆရာ ဆရာမအတန်းထဲ ၀င်လာစဉ် မင်္ဂလာပါ-ဟု နှုတ်ဆက်ရုံဖြင့် မပြီးဘဲ အလိမ္မာ စာမှာရှိ၊ ဆိုသည့်စကား၊ စာထဲက အလိမ္မာ၊ ကိုယ့်ဉာဏ်မှာ၊ ပညာမြောက်အောင်၊ ထွန်းတောက်စေသား-ဟု ဆိုစကားနဲ့အညီ နှလုံးသားဝယ် ဘုရားတည်ကြပါစေကြောင်း တိုက်တွန်းလိုက်ပါသည်။
မှီငြမ်းကိုးကားကျမ်းစာများ-
မဟာပရိတ်တော်ကြီး-အရှင်ဝေပုလ္လ (မြင်းခြံ)
ဗုဒ္ဓအလိုကျ ကိုယ်ကျင့်မင်္ဂလာ-ဘဒ္ဒန္တဦးကုမာရ
လောကသားတို့၏ အနှိုးမဲ့ကျေးဇူးရှင်-ဦးရွှေအောင်
ထေရ၀ါဒအုဌ်မြစ်-ဦးရွှေအောင်
အမြင်များပြေားလဲခြင်းနှင့် အတွေးအမြင်စာစုများ-ဦးရွှေအောင်
ကိုယ်ရေးမှတ်စုများ။
( ရဲဘော်မျိုးညွှန့်-သ-သ-န )
ပါရမီရှင် သူတော်စင်အပေါင်းတို့ခင်ဗျား-
"နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်ပေမဲ့ ဆီဖြစ်ဖို့ နှမ်းတစ်လုံး လိုအပ်တာပဲ မဟုတ်လား" ဆိုတဲ့ ဆိုရိုးလေးအတိုင်း မိမိတစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစုတည်း မပြုလုပ်နိုင်သော်လည်း မိမိတစ်ဦး မိမိတစ်မိသားစု မပါဝင်ဘဲ (ပညာပါရမီ ပညာရေးကူညီမှုအသင်း အခမဲ့ ပညာဒါန ) တခု ရေရှည်တည်တန့်နိုင်မှု ခက်ခဲနိုင်သည်ကို နှလုံးသွင်းပြီး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာရှိ ပုဗ္ဗာရုံကျောင်းတိုက်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော ပညာပါရမီ ပညာရေးကူညီမှု အသင်း အခမဲ့ ပညာဒါနကို မိမိတို့တတ်စွမ်းနိုင်သလောက် ပါဝင်လှူဒါန်းကာ ပါရမီရှင် အဖြစ် ခံယူနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
၀၄-၀၁-၀၉ မှစ၍ ယခုအချိန်အထိ ပညာပါရမီ ပညာရေးကူညီမှု အသင်းက အခမဲ့ပညာဒါနကို သင်ကြားပေးလျက်ရှိပြီး နောင်တချိန်တွင် ပြန်လည်သင်ကြားပို့ချနိုင်ရန်အတွက် ၁၀-တန်းအောင်ပြီး ကျောင်းသား/ကျောင်းသူ ၃-ယောက်တို့ကို ဆရာဖြစ် ကွန်ပျူတာသင်တန်း တက်ရောက်စေလျက် ပညာပါရမီ ပြုပေးလျက်ရှိပါကြောင်း။ (နောင်နှစ်နောင်နှစ်တွေမှာလည်း ၀ါသနာရှင် ကျောင်းသား/သူ များအား အသက်မွေးဝမ်းကျောင်းပညာများကို တက်ရောက် သင်ကြားစေမှာ ဖြစ်ပါကြောင်း သိရှိရပါသည်။ )
( မော်လူး )
ပညာပါရမီ ပညာရေး ကူညီမှုအသင်း( ၂၀၀၉-၂၀၁၀ ပညာသင်နှစ် )အခမဲ့ ပညာဒါန
အသင်း နာယက ဆရာတော်ကြီးများ
၁။ ဆရာတော် ဦးဝေပုလ္လာစာရ ( မင်္ဂလာရာမ ပရိယတ္တိ စာသင်တိုက်၊ ရေဦးမြို့ )
၂။ ဆရာတော် ဦးဝိလာသဂ္ဂ ( မြေထူးပရိယတ္တိ စာသင်တိုက်၊ ခင်ဦးမြို့ )
၃။ ဆရာတော် ဦးဓမ္မသာမိ ( မင်္ဂလာရာမကျောင်းတိုက်၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်နိုင်ငံ )
၎။ ဆရာတော် ဦးဓမ္မသီလိတာဘိဝံသ ( သ.စ.သ.အ. M.A - မစိုးရိမ်တိုက်သစ်၊ မန္တလေး )
၅။ ဆရာတော် ဦးသောဘနာစာရ ( University of Mumbai, India )
အသင်း နာယက လူကြီးများ
၆။ ဦးဘငွေ ( ကုန်သည်-ရွှေဘိုမြို့ )
၇။ ဦးသိန်းလှိုင် ( ကုန်သည်-ရွှေဘိုမြို့ )
၈။ ဦးဆန်ပေါ
၉။ ဦးဒေါင်းရွှေ
၁၀။ ဦးဖိုးတုတ်
အသင်း အဖွဲ့
၁။ ဦးဓမ္မဒိန္န ( ကျောင်းထိုင်ဆရာတော် ) ဥက္ကဋ္ဌ
၂။ ဦးတင်လင်း ဒု ဥက္ကဋ္ဌ
၃။ ဦးဝင်းညွန့် အတွင်းရေးမှူး
၎။ ဦးထွန်းလွင် တွဲဘက် အတွင်းရေးမှူး
၅။ ဦးထွန်းငြိမ်း ( ကြက်စာပွဲရုံ, ရွှေဘိုမြို့ ) ဘဏ္ဍာရေးမှူး
၆။ ဆရာကြီး ဦးအောင်လွင် ပညာရေး တာဝန်ခံ
၇။ မောင်မျိုးမင်း ( BA, Geog ) ပြန်ကြားရေး တာဝန်ခံ
၈။ အရှင်ဉာဏသီဟ ( မစိုးရိမ်တိုက်သစ် ) စာရင်းစစ်
၉။ မစုစုဝင်း ( မူလတန်းကျောင်းအုပ် BA,Geog ) စာရင်းစစ်
၁၀။ ဦးကျော်ဝင်း အဖွဲ့ဝင်
၁၁။ ဦးသိန်းထွန်း အဖွဲ့ဝင်
၁၂။ ဦးအောင်ဆင် အဖွဲ့ဝင်
၁၃။ ဦးထွန်းသိန်း အဖွဲ့ဝင်
၁၄။ ဦးတင်ငွေ အဖွဲ့ဝင်
၁၅။ ဦးတင်စိုး အဖွဲ့ဝင်
၁၆။ ဦးဋ္ဌေးမော် အဖွဲ့ဝင်
၁၇။ ဦးဝင်းဇော် အဖွဲ့ဝင်
( ပညာသင်ကြားရေး တာဝန်ခံ ဆရာ / ဆရာမများ )
၁။ အမည်=ဦးအောင်လွင် ( ကျောင်းအုပ် )
အဖအမည်=ဦးရွှေ။ ပညာအရည်အချင်း=B.sc (Physics)။ အလုပ်အကိုင်=အလယ်တန်းပြ အ.ထ.က။
နေရပ်=ခင်ဦး လက်ပန်လှရွာ၊ ခင်ဦးမြို့နယ်။
၂။ အမည်=မစုစုဝင်း
အဖအမည်=ဦးဖိုးကောင်း။ ပညာအရည်အချင်း=B.A (Geog)။ အလုပ်အကိုင်=မူလတန်း ကျောင်းအုပ်
နေရပ်=ခင်ဦး လက်ပန်လှရွာ၊ ခင်ဦးမြို့နယ်။
၃။ အမည်=မသူဇာ
အဖအမည်=ဦးဒေါင်းရွှေ။ ပညာအရည်အချင်း=B.A (Myan)။ နေရပ်=ခင်ဦး လက်ပန်လှရွာ၊ ခင်ဦးမြို့နယ်။
၎။ အမည်=မ၀ါဝါ၀င်း ။
အဖအမည်=ဦးသိန်းမောင်။ ပညာအရည်အချင်း=B.A(Law)။ နေရပ်=ခင်ဦး လက်ပန်လှရွာ၊ ခင်ဦးမြို့နယ်။
၅။ အမည်=မခိုင်ဇာမွန်။
အဖအမည်=ဦးသိန်းထွန်း။ ပညာအရည်အချင်း=B.sc (Maths)။ နေရပ်=ခင်ဦး လက်ပန်လှရွာ၊ ခင်ဦးမြို့နယ်။
( ပညာပါရမီ ပညာရေး ကူညီမှုအသင်း( ၂၀၀၉-၂၀၁၀ စာသင်နှစ် )
ကျောင်းသား / ကျောင်းသူ စာရင်း
၁။ ၅-တန်း။ ကျောင်းသား-၂၀။ ကျောင်းသူ-၁၄။ ပေါင်း-၃၄။
၂။ ၆-တန်း။ ကျောင်းသား-၁၁။ ကျောင်းသူ-၁၀။ ပေါင်း၂၁။
၃။ ၇-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၈။ ပေါင်း-၁၇။
၎။ ၈-တန်း။ ကျောင်းသား-၉။ ကျောင်းသူ-၁၁။ ပေါင်း-၂၀။
ကျောင်းသား-၄၉။ ကျောင်းသူ-၄၃။ စုစုပေါင်း-၉၂ ။
( ပညာပါရမီ ပညာရေး ကူညီမှုအသင်းတွင် ပြုလုပ်နိုင်သော ပါရမီများ )
၁။ ပညာပါရမီ ထာဝရပဒေသာပင် တစ်ပင်
မြန်မာကျပ် - ၁၀၀၀၀
US $ ဒေါ်လာ - 10.
အိန္ဒိယ ရူပီး - ၅၀၀
၂။ ပညာရေး သင်ထောက်ကူ ပစ္စည်းများ
ကွန်ပြူတာ စသည်၊ (သို့) တန်ဘိုးငွေ ၊
၃။ ကျောင်းသား/သူ များ၏ ပြဋ္ဌာန်းစာအုပ် တစ်စုံ
( ၅-တန်း ) ၂၀၀၀-ကျပ်။ US 2.00(ပျမ်းမျှနှုန်း)
( ၆-တန်း ) ။
( ၇-တန်း ) ။
( ၈-တန်း ) ။
၎။ ဗလာစာအုပ်, ဘောလ်ပင်, ခဲတံ, ပေတံ, ခဲဖျက် စသည် ပစ္စည်း ( သို့ ) ၀တ္ထုငွေ ၊
၅။ ဆရာ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့( ကျောင်းအုပ် )
( ၁-လ-၄၀၀၀၀-ကျပ်။ $ 40.
( ၁-ယောက်, ၁-လ, ၄၀၀၀၀-ကျပ်၊ $ 40. )( ၁၀-လ ၄-သိန်း။ $ 400. )
၆။ ဆရာမ တစ်ယောက် အတွက် ပညာပါရမီ ထောက်ပံ့
( ၁-လ-၃၀၀၀၀-ကျပ်။ $ 30.
( ၄-ယောက်, ၁-လ, ၁၂၀၀၀၀-ကျပ်၊ $ 120. )( ၁၀-လ ၁၂-သိန်း။ $ 1200.)
၇။ အထွေထွေ ပညာပါရမီ
၈။ ပညာရည်ချွန်ဆု ပညာပါရမီ
၅-၆-၇-၈-တစ်တန်းလျှင် ပ,ဒု,တ ၃-ယောက် ရွေးချယ်၍ အထူးဆု ချီးမြှင့်မည်ဖြစ်ပြီး ။
ကျန် ကျောင်းသား/သူ များအားလည်း ပစ္စည်း ၀တ္ထုငွေကြေး အခြေအနေအရ သင့်တော်သလို ဆုချီးမြှင့်သွားမည် ဖြစ်ပါသည်။
ပစ္စည်း ( သို့ ) ၀တ္ထုငွေ လှူဒါန်းနိုင်ပါသည်။
ပညာပါရမီ ပညာရေး ကူညီမှုအသင်း အတွက် ကူညီ ပါရမီပြုနိုင်သော နေရာများ
၁။ အရှင်ဓမ္မသာမိ။
Ashin Dhamma Sami
1708 Powder Mill Rd,
Silver Spring, MD 20903.
( U.S.A )
Phone: 240-277-6661.
Email: ashindhammasami@yahoo.com ashin.dhammasami@gmail.com
Check နှင့်ဆိုလျှင် Pay to the Order နေရာတွင် Ashin Dhamma Sami ဟု၎င်း၊
Note နေရာတွင် ပညာပါရမီ-ဟု၎င်း ရေး၍ ပါဝင်ကူညီ ပါရမီပြုနိုင်ပါသည်။
( မိမိ ပြုလိုသော ပညာပါရမီ အကြောင်းအရာကို တပါတည်း ရေးပေးရန် )
၂။ ဦးသောဘနာစာရ
U Sobhanacara,
Room No-71, K.B.P Boy's Hostel, kalina campus, Santacruz(E),
University of Mumbai, Mumbai-400098, India.
Phone: 0091-9930018411.
Email: usobhanacara@gmail.com
၃။ ဦးဓမ္မဒိန္န
ပုဗ္ဗာရုံကျောင်း၊ လက်ပံလှရွာ၊ ခင်ဦးမြို့နယ် ၊ စစ်ကိုင်းတိုင်း ။
၎။ ဦးထွန်းငြိမ်း+ဒေါ်တင်မေ
ရွှေကိန္နရီ သင်္ကန်းပရိက္ခရာဆိုင်- ဈေးထိပ်-အပြင်တိုက်တန်း
ရွှေဘိုမြို့။
ဖုန်း-၀၇၅-၂၁၇၅၂
၅။ ဦးသောင်းညွန့်+ဒေါ်သဉ္ဇာဌေး
အမှတ် ၇ ၊ မြဇေယျာလမ်း
လှည်းတန်း၊ ကမာရွတ် ရန်ကုန်။
ဖုန်း-၀၁-၅၂၅၂၉၄
လောကထဲ၌ ရှိနေကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့တွင် ရဟန္တာပု၈္ဂိုလ်မှတပါး အားလုံးသောပုဂ္ဂိုလ်သတ္တ၀ါတို့သည် ချစ်ခြင်း နှင့် မုန်းခြင်းဟူ၍ ဤ ၂-ပါး အနည်းနှင့်အများ ရှိနေကြပေသည်။ ရဟန္တာပုဂ္ဂိုလ်မှတပါး အခြားသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ချစ်ခြင်းကိုသာ အလိုရှိကြပေသည်။ မုန်းခြင်းကို အလိုမရှိကြပေ။ ထိုချစ်ခြင်းနှင့်မုန်းခြင်းကို နီတိဆရာများက ဆေးဖြင့် ဥပမာ တင်စား၍ ချစ်ဆေး နှင့် မုန်းဆေး စသည်ဖြင့် ဆေး ၄-မျိုး ဖွင့်ပြဖော်ပြပေသည်။
၁။ ဒါနံ သိနေဟ ဘေသဇ္ဇံ-ပေးကမ်းလှူဒါန်းခြင်းဒါနသည် ချစ်ဆေးဖြစ်၏။
၂။ မစ္ဆေရံ ဒေါသ နောသဓံ-၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်၏။
၃။ ဒါနံ ယသဿီ ဘေသဇ္ဇံ-ပေးကမ်းလှူဒါန်းခြင်းဒါနသည် အခြံအရံများစေသောဆေး ဖြစ်၏။
၎။ မစ္ဆေရံ ကပဏော သဓံ-၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံ ကင်းမဲ့၍ အထီးကျန်စေသောဆေး ဖြစ်၏ဟူ၍ ၄-မျိုး ဖွင့်ပြ၊ ဖော်ပြကြပေသည်။
၁။ ပေဒကမ်းလှူဒါန်းခြင်းဒါနသည် ချစ်ဆေးဖြစ်၏ ဟုဆိုရာ၌ ပေးကမ်းလှူဒါန်းခြင်းတို့သည် ၂-မျိုးရှိပေသည်။
မိမိထက် မြင့်မြတ်သူ၊ မိမိနှင့် တန်းတူဖြစ်သော ပုဂ္ဂိုလ်တို့အား ချီးမြှောက်လို၍ ပူဇော်လို၍ မေတ္တာဖြင့် ပေးကမ်းလှူဒါန်းခြင်းနှင့် မိမိအောက်နိမ့်ကျသည့် ဆင်းရဲနွမ်းပါးသူတို့အား သနား၍ ကရုဏာဖြင့် ပေးကမ်းလှူဒါန်းခြင်းဟူ၍ ၂-မျိုးရှိပေသည်။
ထို ၂-မျိုးတို့တွင် အကြင်သူသည် မည်သည့်ပေးကမ်းလှူဒါန်းခြင်းဖြင့်ဖြစ်စေ ပေးလှူ၏။ ထိုပေးကမ်းလှူဒါန်းသူကို ခံယူသူများက ချစ်ခင်ကြသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့် ပေးကမ်းလှူဒါန်းခြင်း ဒါနသည် ချစ်ဆေးဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
၂။ ၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်သည်-ဟုဆိုရာ၌ အကြင်သူသည် ပူဇော်ထိုက်သူကိုပင် ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသူကိုပင်ဖြစ်စေ ပေးသင့် ပေးထိုက် လှူသင့် လှူထိုက်သည့်အခွင့်များ ကြုံလာပါလျက် ပေးသင့်ပေးထိုက် လှူသင့်လှူထိုက်သည့် အချိန်သို့ ရောက်နေပါလျက် ၀န်တို၍ မပေးလှူဘဲ နေလေ၏။ ထိုသူကို မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် ၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်၏-ဟု ဆိုရခြင်း ဖြစ်ပေသည်။
မုန်းဆေးဖြစ်သည့် ၀န်တိုခြင်းမစ္ဆရိယတို့သည် ၅-မျိုး ရှိပေသည်။
၁။ အာဝါသမစ္ဆရိယ-မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုခြင်း။
၂။ ကုလမစ္ဆရိယ-မိမိတို့၏ မိသားစု အမျိုးအနွယ်တို့၌ ၀န်တိုခြင်း။
၃။ လာဘမစ္ဆရိယ-မိမိတို့ ရရှိလာသော လာဘ်လာပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်း။
၎။ ၀ဏ္ဏမစ္ဆရိယ-မိမိတို့၏ အဆင်း လှပတင့်တယ်ခြင်း၌ ၀န်တိုခြင်း။
၅။ ဓမ္မမစ္ဆရိယ-မိမိတို့ တတ်သိထားသည့် တရား၌ ၀န်တိုခြင်း။ ဟူ၍ ၅-မျိုး ရှိပေသည်။
ထို ၅-မျိုးတို့တွင် မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုင်းခြင်းဟုဆိုရာတွင်=အကြင်သူသည် အကြောင်းအားလျော်စွာ မိမိတို့အိမ်ရာ တိုက်တာ အရိပ်အာဝါသတို့၌ တည်းခိုနေထိုင်သည်ကိုပင် အလွန်တွန့်တိုကာ ၀န်တိုနေ၏။ ထိုသူအား သူတပါးတို့က ချစ်ခင်ကြမည်ဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင် ဖြစ်၏-ဟု ဆိုရခြင်းဖြစ်ပေသည်။
မိမိတို့၏ မိသားစုအမျိုးအနွယ်တို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် အကြောင်းအားလျော်စွာ သူတပါးတို့က မိမိတို့၏ မိသားစု အမျိုးအနွယ်နှင့် လာရောက်၍ ဆက်ဆံပြောဆိုနေထိုင်ကြသည်ကို အလွန်မကျေနပ်၍ ၀န်တိုနေတတ်၏။ ထိုသူအား သူတပါးတို့က ချစ်ကြမည်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့၏ မိသားစု အမျိုးအနွယ်တို့၌ ၀န်တိုခြင်းသည်လည်း မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
မိမိတို့ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိတို့ ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာများကို သူတပါးတို့က ခေတ္တခဏ ကိုယ်တွယ်အသုံးပြုတာကိုပင် အလွန်မကျေနပ်၍ ၀န်တိုနေတတ်၏။ ထိုသူအား သူတပါးတို့က ချစ်ခင်ကြမည် မဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
မိမိတို့၏ အဆင်းလှပတင့်တယ်ခြင်း၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိ၏ အဆင်းလှပတင့်တယ်ခြင်းကို သူတပါးတို့က လိုချင်တောင့်သောအားဖြင့် ကြည့်တာကိုပင် အလွန်မကျေနပ် ၀န်တိုနေတတ်၏။ ထိုသူကို သူတပါးတို့က ချစ်င်ကြမည်မဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ အဆင်း လှပတင့်တယ်ခြင်း၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင်ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
မိမိတို့ တတ်သိထားသည့် တရားတို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိတတ်မြောက် သိရှိထားသော တရားဓမ္မများကို သူတပါးတို့အား မတတ်မြောက်စေချင်၊ မသိရှိစေချင်၍ တရား၌၀န်တိုနေ၏။ ထိုသူကို သူတပါးတို့က ချစ်ခင်ကြမည် မဟုတ်ပ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ တတ်သိထားသည့် တရား၌ ၀န်တိုခြင်းသည်လည်း မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်းပင် ဖြစ်ပေသည်။
အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယသည်ကား အကုသိုလ်တရားဖြစ်၍ မချစ်အပ်သော မုန်းဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယကို ရှောင်ကြဉ်ကြရပေသည်။
အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနသည်ကား ကုသိုလ်တရားဖြစ်၍ ချစ်အပ်သော ဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်းဒါနကို ပြုကြရပေသည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။
၃။ ပေးကမ်းလှူဒါန်းခြင်း ဒါနသည် အခြံအရံများစေသော ဆေးဖြစ်၏ဟုဆိုရာ၌=အကြင်သူတို့သည်မိမိတို့ပြုလုပ်အပ်သည့် အလုပ်ကိစ္စများကို လာရောက်၍ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးသူတို့အား ပေးကမ်းလှူဒါန်းခြင်းများကို ပြုလေ့ရှိကြ၏။ ထိုသူတို့၌ ချစ်ခင်အပ်သော အခြံအရံပရိသတ်များ ပေါများနေတတ်၏။ ထို့ကြောင့် ပေးကမ်း လှူဒါန်းခြင်းဒါနသည် အခြံအရံများစေသော ဆေး ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
၎။ ၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံ ကင်းမဲ့၍ အထီးကျန်စေသော ဆေး ဖြစ်၏။ဟုဆိုရာ၌=အကြင်သူတို့သည် မိမိတို့ လုပ်ကိုင်အပ်သော အလုပ်ကိစ္စများကို လာရောက်၍ ကူညီဆောင်ရွက်ပေးသူတို့အား ပေးကမ်းလှူဒါန်း စွန့်ကြဲခြင်း မရှိမူ၍ ၀န်တိုခြင်း သဘောရှိ၏။ ထိုသူတို့၌ အကြောင်းကိစ္စရှိလာသောအခါ ကူညီဆောင်ရွက်ပေးမည့် အခြံအရံများ မရှိဘဲ အထီးကျန်သူများ ဖြစ်နေတတ်ကြ၏။ ထို့ကြောင့် ၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံကင်းမဲ့၍ အထီးကျန်စေသော ဆေးဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။
အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယသည်ကား အကုသိုလ်တရားတို့ဖြစ်၍ အခြံအရံ ကင်းမဲ့ကာ အထီးကျန်စေသောဆေး ဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယကို ရှောင်ကြဉ်ကြရပေသည်။ အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနသည်ကား ကုသိုလ်တရားဖြစ်ခြင်း၏ အခြံအရံများစေသော ဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနကို ပြုကြရပေသည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။
( သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် )
ယနေ့မြန်မာနိုင်ငံတော်ကြီးတွင် လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုများ မတိမ်ကော မပပျောက်ခြင်းသည် ပထမပြန်မြန်မာနိုင်ငံတော်ခေတ်ဟုဆိုအပ်သော ရှေးခေတ်ပုဂံပြည်၏ ဂုဏ်ကျေးဇူးပင်ဖြစ်ပါသည်။ ပုဂံခေတ်အကြောင်း ပြောရပြီဆိုလျှင် ရှုင်အရဟံနှင့်အနော်ရထာမင်းတို့၏ ဂုဏ်ကျေးဇူးကို ချန်လှပ်ထား၍ မရစကောင်းပါ။ ပုဂံခေတ်ဦးတွင် အနော်ရထာသည် အရည်းကြီးတို့ကိုသာ ကိုးကွယ်ခဲ့ရ၏။ ရှင်အရဟံနှင့် တွေ့မှသာ အပ္ပမာဒ-သုတ္တန်ဒေသနာတော်ကို ကြားနာရသည်။ ဤတွင် အရည်းကြီးကိုးကွယ်မှုကို နှိမ်နင်းဖယ်ရှားစေလျက် ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ-ဟူသောဂါထာဖြင့် မြန်မာ့လူ့ဘောင်ကို အကြောင်းအကျိုးနှင့် ဆက်စပ်တွေးခေါ်တတ်သောစိတ်ဓာတ်၊ အရာရာကို အမှန်သိမြင်နိုင်သော မျက်လုံးနှစ်ဖက်နှင့်တူသည့် ၀ိဇ္ဇာ-တည်းဟူသော ဉာဏ်ပညာ၊ ကောင်းသောနေရာသို့ ရောက်အောင် သွားနိုင်သော ခြေထောက်နှစ်ဖက်နှင့်တူသည့် စရဏ-တည်းဟူသော အကျင့်တို့ကို ရရှိခဲ့သည်။ ရှုင်အရဟံက သင်ပေးသောကြောင့် အနော်ရထာဘုရင်နှင့် ပြည်သူတို့သည် အမြင်ချင်း၊ အကျင့်ခြင်း တူအောင် စည်းရုံး၍ စည်းလုံးမှုရရှိပြီး အပ္ပမာဒ-တရားကို လက်က်ုင်ထား၍ ဆောင်ရွက်နိုင်သဖြင့် ပုဂံခေတ်သည် ယနေ့တိုင် ထင်ရှားလျက်ရှိနေခြင်း ဖြစ်ပါသည်။
အမြင်ချင်း အကျင့်ချင်းတူအောင် ဖြစ်စေသောကျင့်စဉ်သည်ကား အခြားမဟုတ်။ ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် ဤအမြင်နှင့် အကျင့်တို့ကို ပြယုဂ်အနေဖြင့် ဖော်ပြသောဝတ္ထုဇာတ်လမ်းများနှင့်လည်းကောင်း၊ ဇာတ်ကြီးဆယ်ဘွဲ့တွင်လည်း ဘုရားအလောင်းတော်ကိုယ်တိုင် ဤအမြင်၊ ဤအကျင့်တို့ဖြင့် လောကအကျိုးအပေါ် အခြေခံ၍ မင်္ဂလသုတ်တော်-အားဖြင့် အမြင်ကြည်လင်စေလျက် ကိုယ်ကျင့်သိက္ခာဖြင့်လည်းကောင်း အမြင်ချင်း၊ အကျင့်ချင်းတူအောင် ရှုင်အရဟံထံမှ ထေရ၀ါဒဗုဒ္ဓဘာသာတရားကို အနော်ရထာ သင်ယူရသဖြင့်သာ ဆရာကောင်းတပည့် ပန်းကောင်းပန်ရခြင်း ဖြစ်ပါသည်။
ထို့ကြေင့်လည်း ပုဂံပြည်သူပြည်သားများ၏ အမြင်သည် ကြည်လင်၍ ကိုယ်ကျင့်သည် ခိုင်မာခြင်းဖြစ်၏။ ထို့နောက် ပုဂံပြည်သူပြည်သားများအတွက် နိုင်ငံ၏ဖွဲ့စည်းပုံ-မူ-သဖွယ်ဖြစ်သော စာပေတရပ်လည်း ရှိသေး၏။ ယင်းစာပေကား မင်္ဂလသုတ်-ဖြစ်၏ မင်္ဂလသုတ်ကြောင့် ပုဂံပြည်သူပြည်သားများသည် မိမိတို့ မိသားစုကိုလည်း ချစ်တတ်၏။ လောကလူသားများကိုလည်း ချစ်တတ်၏။ ရတနာသုံးပါးအစစ်ကိုလည်း ကိုးကွယ်တတ်၏။ ယုံကြည်တတ်၏။ သာသနာတော်ကိုလည်း ချီးမြှောက်တတ်၏။
မင်္ဂလသုတ်-သည် လူ့လောကတွင် လူအဖြစ်နေထိုင်သူများအတွက် အယဉ်ကျေးဆုံးသော လူအဖြစ် နေထိုင်တတ်ရန် မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာဖြစ်၏။
မြန်မာ တရုတ် အိန္ဒိယ လူမျိုးမခွဲခြားဘဲ လူ-ကို လူ-အဖြစ် မြင်တတ်ရန်နှင့် လေးစားစွာ ဆက်ဆံတတ်ရန်၊ ထိုသို့ဆက်ဆံရာမှာလည်း အတိုင်းမသိ အာနုဘော်ကြီးမားသော ပါရမီကုသိုလ်ကို ရယူပြီး သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်သည်ကို လူချမ်းသာ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာကို လက်တွေ့ခံစားနိုင်ပါသည်။ မင်္ဂလာတရားတော်တို့သည် တပါးထက်တပါး နက်၍နက်၍လာကာ နောက်ဆုံးတွင် ရဟန္တာဖြစ်သည်အထိ ဖော်ပြထားသော တရားဖြစ်သည်။
ပုဂံခေတ်တွင် ရဟန်းသံဃာတော်များသည် ပညာသင်ကြားပေးရာ၌ ဦးဆောင်ခဲ့ကြသဖြင့် ရှုင်ဘုရင်အဆက်ဆက်၊ သားတော် သမီးတော်များ မှူးကြီးမတ်ရာများ စစ်သူကြီးများ ဗိသုကာပညာရှုင်များ လယ်သမားများ တိုင်းသူပြည်သားများ ဆင်းရဲချမ်းသာမရွေး ဘုန်းကြီးကျောင်းသားများ ကျောင်းသူများ ရဟန်းသံဃာတော်များထံ ပညသင်ခဲ့ကြသည်။ ထို့ကြောင့် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လွတ်လပ်လပ် ထည်ထည်ဝါ၀ါဖြင့် မြန်မာနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သလို နိုင်ငံသားတို့၏ ဘ၀သည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာ၏ သွန်သင်ချက်အတိုင်း မှန်မှန်ကန်ကန် သိခဲ့ကြရ၏။ အမြင်ချင်း၊ အကျင့်ချင်း၊ တူခဲ့ကြ၏။ အတ္တာဟိ အတ္တနော နာထော-ကိုးကွယ်ရာသည် မိမိပင်ဖြစ်၏။ မိမိမှတပါး ပြင်ပအားကိုးရာ မည်သည် မရှိ-ဟူသော အသိကိုလည်း ရှုင်သန်ခဲ့ရ၏။
( လူတိုင်းသင်အပ် ကျင့်မြတ်မင်္ဂလာ )
မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက် ကျွန်ဘ၀ရောက်သွားသောအခါ အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာဘုန်းတော်ကြီးတို့၏ အခြေအနေကို ကောင်းစွာအကဲဖြတ်တတ်၏။ အရှိန်အ၀ါကိုလည်း သိ၏။ သြဇာအာဏာကိုနားလည်ကြ၏။ ထို့ကြောင့် မြန်မာ့ပညာရေးကို ဘုန်းတော်ကြီးများ၏ လက်ထဲက ဆွဲယူပြီး လူပုဂ္ဂိုလ်များလက်ထဲသို့ ထည့်လိုက်ကြ၏။
ထိုအခါမှစ၍ မြန်မာနိုင်ငံ၏ပညာရေးသည် ၀ိဇ္ဇာ နှင့် စရဏ ကွဲ၍ သွားတော့၏။ အမှန်အားဖြင့် ၀ိဇ္ဇာနှင့်စရဏ ကွဲနေသမျှကာလပတ်လုံး ၀ိဇ္ဇာသည်လည်း အတုအယောင်ဝိဇ္ဇာ (ပညာ)၊ စရဏသည်လည်း အတုအယောင် စရဏ (အကျင့်) အဖြစ်သို့မရောက် ရောက်အောင် နယ်ချဲ့အင်္ဂလိပ်တို့၏ ဖန်တီးခြင်းကို ခံလိုက်ရ၏။
ပုဂံခေတ်ကပင် အမွေဆက်ခံ သင်ယူလာခဲ့ရသော မင်္ဂလသုတ်တရားတော်အရ ကိုယ်ကျင့်သိက္ခာမြင့်ခဲ့ရသော မြန်မာလူမျိုးတို့သည် ကျွန်ဘ၀ရောက်ချိန် ခေတ်ကာလအလျောက် ဘာသာမျိုးခြား၊ စာစကား၊ သင်ကြားသင့်သည်မှတ်-ဟူသော ဆုံးမစာအတိုင်း ယခင် သင်ကြားခဲ့ရသော ယံ မင်္ဂလံ ဒွါဒသဟိ-အစချီသော မင်္ဂလာတရားနေရာတွင် (CAT) တွေ သင်လာရတော့ စာတတ်ဖို့ထက် လူတွေဟာ သူတို့ရဲ့အမူအကျင့်တွေပါ လိုက်ပြီးယူတော့ (BAT MAN) တွေ ဖြစ်လာကြကာ နောက်ဆုံးကျ အတုခိုးမှားပြီး (DOG) တွေ ဖြစ်ကုန်ကြသည်ဟု စာရေးဆရာ၊ ဒါရိုက်တာအဘ ဦးသုခက သူ၏ မင်္ဂလသုတ် နိဒါန်းတွင် ရေးသား သတိပေးထားပါသည်။
တရားလက်ကွာ၊ တဖက်စာကြောင့်၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ ထိုအခါ တိုင်းဖွား၊ လူအများလည်း၊ ဆက်ကာခုထက်၊ တိုး၍ပျက်လိမ့်-ဆိုသော လင်္ကာနှင့်အညီ ထိုအခါက တိုင်းတပါးသား ကေနာဂုမီရာတန်း-ဆိုသော စာအုပ်ကုန်သည်က မြန်မာသင်ပုံးကြီးနှင့် မင်္ဂလသုတ်ကိုပါ တွဲရိုက်သောစာအုပ်ကို တအုပ် ၂-ပြားဖြင့်ရောင်း၍ ၂-ပြားတန်မင်္ဂလသုတ်ဖြစ်အောင် နယ်ချဲ့တို့က အကွက်ချ၍ ဗုဒ္ဓတရားအပေါ် ချိုးနှိမ်ပျက်ရယ်မှု အလုပ်ခံခဲ့ရသည်။
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရား အနှစ်ချုပ်အဖြစ် ထုတ်ကြည့်မည်ဆိုလျှင် မင်္ဂလာတရားအမှတ်စဉ် ၁-မှ ၂၁ အထိ တရားများသည် လောကီကြီးပွားရေးဖြစ်၏။ အမှတ်စဉ် ၂၂-မှ ၃၀ အထိ တရားသည် အထက်တန်း လောကီကြီးပွားရေးဖြစ်၏။ အမှတ်စဉ် ၃၁-မှ ၃၈ အထိ တရားသည် အမြတ်ဆုံးလောကုတ္တရာ ချမ်းသာရရှိရေးတရားများ ဖြစ်သည်။
မင်္ဂလသုတ်တရားတော်သည် အရွယ်သုံးပါး လိုက်နာကျင့်သုံးရမည့် တရားများဖြစ်သလို ဘာသာခြား လူမျိုးများလည်း လက်ခံသင်ယူ ကျင့်သုံးနိုင်သော တရားဖြစ်သည်ဟု ဆိုချင်ပါသည်။ မင်္ဂလာတရားအစ ဖြစ်သော ပေါင်းသင်းဆက်ဆံရေးမင်္ဂလာတရားကို ဦးစွာကြည့်ပါက-
လူမိုက်ကို မပေါင်းရေး၊ ပညာရှိ လူလိမ္မာကို ပေါင်းရေး၊ ပူဇော်ထိုက်သူကို ပူဇော်ရေး ဆိုသော တရားသည် ဘာသာတိုင်း လူမျိုးတိုင်းက လက်မခံနိုင်ပါဟု ဆိုဝံ့ကြမည် မဟုတ်ပါ။
အခြားဘာသာဝင် လူမျိုးများအနေဖြင့် ၄င်းတို့ဘာသာအရ လိုက်နာရမည်မဟုတ်၍ ခက်ခဲသဖြင့် ချွတ်ချက်ထား၍ မသင်ယူနိုင်သော တရားမှာ ၃-ပါးသာ ရှိပါမည်။ ၄င်းတို့ ၃-ပါးမှာ မင်္ဂလာတရား အမှတ်စဉ် ၂၉-သမဏာနဉ္စ ဒဿနံ=ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း။ အမှတ်စဉ် ၃၃-အရိယာသစ္စာန ဒဿနံ=သစ္စာလေးပါးကို သိမြင်ခြင်း နှင့် အမှတ်စဉ် ၃၄-နိဗ္ဗာန သစ္ဆိကိရိယာစ=နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတို့ဖြစ်သည်။
ကျန်ရှိသော မင်္ဂလာတရား ၃၅-ပါးမှာ လူတိုင်း အခြားဘာသာတိုင်းကပါ လက်ခံနိုင်သော မင်္ဂလာတရားများဖြစ်ကြောင်းနှင့် ၄င်းတို့ကိုယ်တိုင်လည်း ငယ်စဉ်က ကျောင်းများတွင် သင်ယူခဲ့ရဖူးကြောင်း အခြားဘာ၀၀င် လူကြီးများနှင့် ဆွေးနွေးခဲ့ရပါသည်။
( သုတ်မင်္ဂလာ ဆယ်ဂါထာ အ-ပ-ဗာ-မာ-ဒါ-အာ-ဂါ-ခန်-တ-ဖုဋ္ဌ် )
( ရှေ့လဆက်ရန် )
( ရဲဘော်မျိုးညွန့်-သ-သ-န )
Posted by: mingala
Read more...