ကရုဏာလက်များ ကမ်းလင့်ပေးပါ...

စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။

ပညာရေးအလှူတော် နှိုးဆော်ချက်
သီလရှင် ဆရာလေးများနှင့် ကလေးများ ဇွန်လအမီ ကျောင်းတက်နိုင်ရေးအတွက် ကာလဒါန ကုသိုလ်အဖြစ် သဒ္ဓါတတ်အား နည်းများမဆို လှူဒါန်းကူညီကြပါရန် နှိုးဆော်အပ်ပါသည်။
ဝိမုတ္တိရသ အဖွဲ့သားများ
------------------------
နောက်ဆက်တွဲသတင်း.....
ပညာရေးအလှူတော်လှူဒါန်းမည့်အစီအစဉ်
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးစီး၍ (၂၀၁၁) ခုနှစ်တွင် န၀မတန်းသို့ တက်ရောက်မည့် ကျောင်းသား (၂၅) ယောက်နှင့် ကျောင်းသူ (၂၅) ယောက်အား ပညာရေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ရန် စီစဉ်ထားပါသည်။
ပြုလုပ်မည့်အစီအစဉ်
ကျောင်းသားများအား ရွှေစေတီဘုန်းကြီးကျောင်း (ဆရာတော် ဦးတေဇန္ဒိ၊ ခ/(၃) ရက်ကွက်၊ ရွှေစေတီကျောင်း၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိမည်ဖြစ်ပြီး ကျောင်းသားများသည် မိမိတို့ ဆန္ဒအလျောက် ကိုရင်ဝတ်လိုကလည်း ၀တ်နိုင်ပါသည်။ ကျောင်းသူများအား အသောကာရာမ သီလရှင်စာသင်တိုက် (ဆရာလေးဒေါ်သုနန္ဒာ (ဖုန်း-၀၉-၈၆၂၈၈၁၁)၊ ၀ါယာလက်ဈေးမှတ်တိုင်၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်) တွင်ထားရှိပါမည်။ အသောကာရာမကျောင်းမှ သီလရှင်များသာလက်ခံသည်ဖြစ်၍ ကျောင်းသူများမှာ သီလရှင်ဝတ်ရပါမည်။ သီလရှင်များတက်ရောက်ရမည့် အ.ထ.က ကျောင်းမှာ အသောကာရာမ ကျောင်းမှလက်ရှိ သီလရှင်များ တက်ရောက်နေသော ကျောင်းဖြစ်၍ ပညာသင်ကြားမှုတွက် အခက်အခဲ မရှိနိုင်ပါ။ စာသင်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ဆန်အိတ်လှူခြင်း နှင့် အခြားလိုအပ်သည်များ လှူဒါန်းခြင်းတို့ဖြင့် လစဉ် ထောက်ပံ့သွားမည်ဖြစ်ပါသည်။ သီလရှင်နှင့် ကျောင်းသားများ အောင်မြင်စွာ ပညာသင်ကြားနိုင်ရေး အတွက် အနီးကပ်စာပြပေးမည့် ဆရာမ (၆) ဦးအား တစ်လလျှင် (၅) သောင်းကျပ်ဖြင့် ငှါးရမ်းပေးရန် စီစဉ်ထားပါသည်။ ပညာရေးအလှူအား စေတနာရှင်များမှလည်း ပါဝင် လှူဒါန်းနိုင်ပါသည်။ ကောက်ခံရရှိသော အလှူငွေများအား ဘဏ်စာအုပ်ထားရှိ၍ ငွေစာရင်းရှင်းတမ်းအား လစဉ်ဖော်ပြသွားမည် ဖြစ်ပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မှတ်တမ်းများအား အလှူရှင်များထံသို့လည်း ပေးပို့သွားပါမည်။ အသေးစိတ်ဆောင်ရွက်မည့် အချက်အလက်များအားလည်း ဆက်လက်ဖော်ပြသွားပါမည်။
လျောက်ထားမည့် သူများ ပြည့်စုံရမည့်အချက်များမှာ
(က) ကျောင်းသူများမှာ သီလရှင်ဝတ်နိုင်ရပါမည်။
(ခ ) မိဘများမှ နေထိုင်ရန်ခွင့် ပြုသူဖြစ်ရပါမည်။
(ဂ ) စာသင်သားများနေထိုင်မည့် ကျောင်းတွင်း စည်းကမ်းများကို တိကျစွာလိုက်နာရပါမည်။
(ဃ) ကျောင်းထားရန် အမှန်တကယ်အခက်အခဲ ရှိနေသူဖြစ်ရပါမည်။
အထက်ပါအချက်အလက်များနှင့် ပြည့်စုံသူများသည် ထေရ၀ါဒဗုဒ္ဓဘာသာလှူငယ်များ အသင်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ (http://mmtheravada.org)
ဆက်သွယ်ရန်လိပ်စာ
ကိုထွန်းထွန်းလှိုင်
ဖုန်း ၀၉-၇၃၀၆၂၈၁၁
htunhtunhlaing82@gmail.com

Tuesday, September 8, 2009
ကတ်ကြေး အို
ကျော့နေအောင် လျှောက်သွားမိတယ်။
အခုလို ဘောင်းဘီအိတ်ထဲက ပိုက်ဆံအကြွေလေးများပြောင်အောင် ဆံပင်ညှပ်ပြီး ပြန်လာပြီဆို အမေက မီးဖိုချောင်ထဲ ဗြက်တောက်ဗြက်တောက်နဲ့ စိတ်ဆိုးလို့ မပြီးနိုင်အောင် ပေါက်ပေါက်ဖောက်နေတော့မှာ မြင်ယောင်သေးရဲ့။
ဟိုးအရင်က ကျွန်တော်တို့နယ်က အိမ်လေးမှာဆိုရင် အဖေအပါအ၀င် ကျွန်တော်တို့ မိသားစုဝင်တွေအားလုံး အမေ့ကတ်ကြေးကြီးအောက်မှာ အမြဲခေါင်းငုံခံ ပေးကြရတယ်။ အမေက တစ်အိမ်လုံးကို ဘယ်ဆံပင်ညှပ်ဆိုင်မှာမှ သွားညှပ်တာမကြိုက်ဘူး။ သူညှပ်ပေးတဲ့ အောက်မှာပဲ မကောင်းလည်းခံ ကောင်းလည်းစံပဲ။ ကျွန်တော့်အစ်မကတော့ “သမီးက ဆံပင်အရှည်ထားမှာ” ဆိုပြီး ရှောင်ပြေးသွားတတ်တယ်။
ပြောသာပြောရတယ်။ အမေက သိပ်လက်ရာကောင်းတယ်ဗျ။ အမေညှပ်ပေးတဲ့ ဆံပင်ကေနဲ့ ကျောင်းမှာ လူတိုင်းက “ဘယ်ဆိုင်မှာညှပ်တာလဲ ပုံ သိပ်ကောင်းတယ်“လို့ ပြောကြတယ်။ ကျွန်တော်ကလည်း အားကျမခံ “အမေညှပ်ပေးတာဗျ” လို့ အသံအကျယ်ကြီးနဲ့ ကြွားတတ်တယ်။
ကျွန်တော်တို့ကို အမေက ဆံပင်ညှပ်ပေးပြီဆိုရင် ခွေးခြေတစ်လုံးပေါ် အဖေ့ကို ထိုင်ခိုင်းပြီး မလျှော်ဖွတ်ရသေးတဲ့ ပုဆိုးတစ်ထည်ကို ဆံပင်ညှပ်ဆိုင်တွေမှာ ကိုယ်လုံးကို ခြုံအုပ်သလိုမျိုး အုပ်ပြီး သူ့ကတ်ကြီးနဲ့ ဘီးနဲ့ တစ်ချပ်ချပ် ခေါက်လိုက် ညှပ်လိုက်နဲ့ ညှပ်ပေးတော့တယ်။
ကျွန်တော့်ငယ်ငယ်ကကျတော့ ကျွန်တော့်အရပ်ကပုနေသေးတော့ အမေက ခါးကုန်းပြီးညှပ်ပေးရတာ ညောင်းလို့ ခွေးခြေပေါ်မှာ ထမင်းစားစားပွဲက ဖင်ထိုင်ခုံအပုလေး တစ်ခုန်ဆင့်ထိုင်ခိုင်းပြီးမှ ကျွန်တော့်ခေါင်းကို သေချာ အားရပါးရ ညှပ်ပေးတယ်လေ။ အခုတော့ အဲဒီခုန်လေးက ကျွန်တော့်အတွက် မဟုတ်တော့ဘဲ ကျွန်တော့်အစ်မအကြီးဆုံးရဲ့ သားလေးအတွက် ဖြစ်နေပါပြီ။ အမေက သူ့မြေးကို ကျွန်တော့်တုန်းကလိုပဲ ခုန်လေးဆင့်လို့ ညှပ်ပေးပါတယ်။
အမေ့ကတ်ကြေးကြီးက ဆံပင်ညှပ်ဆိုင်တွေက ကပ်ကြေးလို စတီးကပ်ကြေး ထိပ်သေးသေးနဲ့ ကတ်ကြေးအချွန်လေးမဟုတ်ပါဘူး။ အထည်ညှပ်တဲ့ သံကတ်ကြေးကြီးပါ။ သံကတ်ကြေးပေမယ့် သိပ်ထက်တယ်။ အမေက ကတ်ကြေး အမြဲသွေးပါတယ်။ အမေကတ်ကြေးသွေးပုံက တစ်မျိုးပါ။ သူများတကာတွေ ဘယ်လို ကတ်ကြေးသွေးကြလည်းတော့ ကျွန်တော်မသိပါဘူး။ အမေကတော့ ကျွန်တော်တို့အိမ်က အုန်းဆီပုလင်း လည်ပင်းကို ကတ်ကြေးနဲ့ ညှပ်ပြီး လက်က စုလိုက်ချဲလိုက်နဲ့ ပုလင်းလည်ရစ်ပေါ်မှာ ကတ်ကြေးကို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး သွေးပါတယ်။ အုန်းဆီနဲနဲပါးပါး ပေတာလေးနဲ့ ကတ်ကြေးက အရမ်းထက်ပြီး အရမ်းပြတ်ပါတယ်။ အခုဆိုရင် ကျွန်တော်တောင် ကျွန်တော့်စားပွဲပေါ်က စာရွက်ညှပ်တဲ့ ကတ်ကြေးလေးကို တခါတလေ ဖန်ခွက်တို့ ဖန်ပုလင်းတို့နဲ့ သွေးနေမိပါတယ်။
အဲဒီကတ်ကြေးကြီးကို အမေက အထည်ညှပ်ရာမှာလည်း သုံးတယ်။ ဆံပင်ညှပ်ရာမှာလည်း သုံးတယ်။ မီးဖိုဆောင်မှာ အသားတွေ၊ အရွက်တွေ ညှပ်ရာမှာလည်း သုံးတယ်။ စက္ကူတွေ ကတ်ထူတွေ ညှပ်တဲ့အခါလည်း သုံးတယ်။ ကျွန်တော်တို့ အရင်အိမ်မှာ အဲဒီအမေ့ကတ်ကြေးကြီး တစ်လက်ပဲရှိပါတယ်။ ခြံထဲက ဆူးပုတ်ရွက်တွေ၊ ကင်မွန်းချဉ်ရွက်တွေကိုလည်း အဲဒီကတ်ကြေးနဲ့ပဲ၊ ဘုရားပန်းကပ်တဲ့အခါ နှင်းဆီတွေဖြတ်တဲ့အခါလည်း အဲဒီအမေ့ကတ်ကြေးကြီးနဲ့ပါပဲ။ အဖေ ဓါတ်ကြိုးလေးတွေ ဖြတ်တဲ့အခါလဲ အဲဒီသံကတ်ကြေးကြီးနဲ့ပါပဲ။ ယုတ်ဆွအဆုံး ကျွန်တော်တို့ တစ်အိမ်လုံးကို အမေက လက်သည်းညှပ်ပေးခဲ့တာလည်း အဲဒီ သံကတ်ကြေးကြီးနဲ့ပါပဲ။
ကျွန်တော်တို့တွေ ခေတ်နဲ့အညီ နေထိုင်သုံးစွဲလာတဲ့အခါကျတော့ ကျွန်တော့်အစ်မက အမေ့ကို “အမေတို့များ ခုထိ အဲဒီကတ်ကြေးကြီးကို သုံးနေတုန်း။ လက်သည်းညှပ်လည်း ဒါပဲ။ ဟင်းချက်တော့လည်း ဒါပဲ။ အဖေ့ကို ဆံပင်ညှပ်တော့လည်း ဒါပဲ။ သူများ ပြောစရာဖြစ်အောင် သိပ်လုပ်တာပဲ” လို့ ပြောပါတယ်။ အဲဒီအခါ အမေက “အောင်မလေး နင်တို့ ငယ်ငယ်ကတည်းက ငါ ဒါနဲ့ ညှပ်ကျွေးလာတာ” လို့ ပြောပါတော့ ကျွန်တော်က ပြုံးမိပါတယ်။
ဒါပေမယ့် အခုတော့ ကျွန်တော်တို့က အဲဒီကပ်ကြေးနဲ့ ဆံပင်ညှပ် မခံတော့ပါဘူး။ Air-con အခန်း နဲ့ Beauty Sloon ဆိုတာတွေမှာ သွားညှပ်ပါတယ်။ ကျွန်တော် သွားလေရာလည်း လက်သည်းညှပ် အသေးလေး အမြဲဆောင်သွား တတ်ပါတယ်။ ရံဖန်ရံခါ ကျွန်တော်က လည်ဆံခပ်ရှည်ရှည်နဲ့ Rock စတိုင်လ်ထားတဲ့အခါ အမေက “လာစမ်း၊ နင့်ခေါင်း” ဆိုပြီးဆွဲညှပ်တော့မှသာ ကန့်လန့်ကန့်လန့်နဲ့ ပါသွားပြီး ညှပ်ဖြစ်ပါတယ်။ အဖေကတော့ ခုထိ အမေ့ ကတ်ကြေးကြီးအောက်မှာ ခေါင်းငုံ့ခံ နေတုန်းပါပဲ။ တခါတလေတော့ ကျွန်တော့်လက်သေးသေးလေးတွေကို အမေ ကတ်ကြေးကြီးနဲ့ ညှပ်ပေးပုံတွေနဲ့ အမေ ကျွန်တော့်ခေါင်းကို ဘီးနဲ့ခေါက်ပြီး ဆံပင်ညှပ်ခဲ့တာတွေကို သတိရနေသေးတယ်။ အခုတော့ အပြင်ဆံပင်ညှပ်ဆိုင်တွေမှာ ညှပ်တာကြာလို့ ကျွန်တော် နေသားကြနေပါပြီ။
ဒါပေမယ့် ကတ်ကြေးကြီးက အရင်လို မဟုတ်တော့ပါဘူး။
အမေ မသွေးနိုင်တော့လို့ သံကြေးတွေ တက်ပြီး အိုနေပါပြီ။
အမေ့မျက်စိတွေကလည်း အတော်မှုန်နေပါပြီ။
အဖေကတော့ ကတ်ကြေးအိုကြီးအောက်မှာ ခုထိ ခေါင်းငုံ့ခံနေတုန်းပါပဲ။
Posted by မြန်မာ့အားမာ
Read more...
နိုင်ငံခြားသားယောဂီနှစ်ထပ်အဆောင်
ကျောင်းလှူရကျိုး......

http://www.venkawwida.net/2009/09/blog-post_05.html မှ ကူးယူဖေါ်ပြပါတယ်။
Posted by Ashin Kumara
Read more...
လက်တစ်ကမ်းမှ ကုသိုလ်များ

စိတ်ဓာတ်ကလေးသာ ပြုပြင်တတ်မယ်ဆိုလျှင် မေမေ့လပြည့်ဝန်းလေးတို့တစ်တွေရဲ့ လက်တစ်ကမ်းမှာ လူမပန်း, ငွေမကုန်ပဲ ယူနိုင်တဲ့ ကောင်းမှုကုသိုလ်တွေမြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် လူတော်တော် များများကတော့ လူသိရှင်ကြား ပြုလုပ်ရတဲ့ ကုသိုလ်မှ ကောင်းမှုကုသိုလ်လို့ထင်ကာ ဂုဏ်ယူနေကြတာ များပါတယ်။ ကိုယ့်လက်တစ်ကမ်းမှာ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုပဲ ရနိုင်တဲ့ ကုသိုလ်တွေထဲမှာ သူတစ်ပါးသိတဲ့ ကုသိုလ်ရှိသလို/ သူတစ်ပါးမသိနိုင်တဲ့ ကုသိုလ်တွေလည်း ရှိပါတယ်။
ဥပမာ- တံမြက်လှဲခြင်း, ရေချမ်းစဉ်မှာ ရေကုသိုလ်ပြုခြင်း စသည်ကတော့ သူတစ်မြင်နိုင်တဲ့ လူမပင်ပန်း, ငွေလည်း အထူးကုန်ကျစရာမလိုတဲ့ ကုသိုလ်မျိုးပါ။
ဘုရားဂုဏ်တော်ပွားများနေခြင်း၊ လမ်းလျောက်ရင်း၊ အိပ်ရင်း၊ ရိုးရိုးထိုင်ရင်း၊ ထမင်းစားရင်းစသည်မှာ သတိလေးထားပြီး တရားဘာဝနာပွားများနေခြင်း စသည်များကတော့ ဘယ်သူမှ ကိုယ်လုပ်နေတာကို မသိနိုင်တဲ့ ကုသိုလ်မျိုးပါ။ ဘုရားဂုဏ်တော်ပွားများတာ သူတစ်ပါးသိအောင်ဆိုပြီး စိပ်ပုတီးကြီး တကိုင်ကိုင်နဲ့ ဆိုရင်တော့ သူတစ်ပါးသိမှာပေါ့ဗျာ။ တကယ်တော့ စိပ်ပုတီးဆိုတာက အရေအတွက်အကြိမ်တွေကို သိချင်တဲ့လူတွေအတွက်တော့ ဘုရားဂုဏ်တော်စသည်ပွားရာမှာလိုတာပါ။ တကယ် သူတစ်ပါးမသိအောင် ကုသိုလ်လုပ်ချင်၊ မကြွားချင်တဲ့ သူတွေအတွက်တော့ စိပ်ပုတီးဟာ အပိုပါဘဲ။ စိတ်ထဲကနေ “အရဟံ=ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား”စသည်ဆိုပြီး ဘုရားဂုဏ်တော်တစ်ခုခုကို အာရုံပြုနေမယ်ဆိုရင် ဒါဟာ ဘုရားဂုဏ်တော်ကို ပွားများနေတာပါဘဲ (သို့) ဘာဝနာအလုပ် လုပ်နေတာပါ။ ဘုရားဟောပိဋကတ်တော်တွေထဲမှာ စိပ်ပုတီးနဲ့ပတ်သက်လို့ ဘယ်နေရာမှာမှ ပြဆိုမထားပါဘူး။ စိပ်ပုတီး စိပ်ခြင်းသည် ထေရ၀ါဒအလိုအရ မဟုတ်ဘူးလို့ဆိုလိုတာပါ။ ကုသိုလ်ရဖို့အရေး သူသည် အဓိကမကျဘူးပေါ့ဗျာ။
သူတစ်ပါးမမြင်နိုင်တဲ့ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုတဲ့ ကုသိုလ်ယူနည်းတွေထဲမှာ သင်ထမင်း စားပြီးတဲ့အခါမှာလည်း ယူနိုင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ သင်စားပြီးတဲ့ စားကြွင်း၊ စားကျန်များကို သတိလက်လွတ် ဒီအတိုင်း စွန့်ပစ်လိုက်မည့် အစား... “ဒီစားကြွင်း၊ စားကျန်းများကို” စားနိုင်တဲ့ ပိုးကောင်းလေးများ စိတ်ချမ်းမြေ့စွာ စားနိုင်ကြပါစေလို့ စိတ်ထားလိုက်ရင် စွန့်ပစ်ပစ္စည်းက ရွှေဖြစ်တာပေါ့။ ရွှေထက်တန်ဖိုးကြီးတဲ့ ဒါနကုသိုလ်၊ မေတ္တာကုသိုလ်စသည့် ကုသိုလ်တွေရတာပေါ့။
နောက် ကျွန်တော်တို့ လက်သည်း ခြေသည်းညှပ်တဲ့အခါမှာလည်း လူမပန်း, ငွေကျေးမကုန်တဲ့ ကုသိုလ်ယူနိုင်ပါတယ်။ ဘယ်လိုလည်းဆိုတော့ ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းများကို ပုရွက်ဆိတ် ကလေးများက စားသုန်းကျပါတယ်။ မေမေ့လပြည့်ဝန်းလေးဆို လက်သည်း ခြေသည်းများ ကိုက်တဲ့အခါတိုင်း သတိထားမိတယ် ပုရွက်ဆိတ်ကလေးတွေ ချီယူနေကြတာကို။ အဲဒီတော့ သတိလက်လွတ် ကိုက်ပစ် လိုက်မည့်အစား ပုရွတ်ဆိတ်ကလေးများ ခြေသည်း လက်သည်းများကို စိတ်ချမ်းမြေ့စွာ စားသောက် နိုင်ကြပါစေလို့ စိတ်ထဲကနေ ထားလိုက်ရင် သူတစ်ပါးမသိတဲ့, လူမပန်း, ငွေမကုန်တဲ့ ဒါနကုသိုလ်၊ မေတ္တာကုသိုလ်စသည့် ကုသိုလ်များရတာပဲ။ လက်သည်းခြေသည်းကိုက်ရင်း ဒီထက်မြင့်တဲ့ ကုသိုလ် ယူချင်ရင်တော့ အသုဘဘာဝနာဆင်ခြင်နိုင်တာပေါ့။ ဒီလက်သည်းများ အသုန်းမကျလို့ စွန့်ပစ်ရသလို တစ်နေ့ ကိုယ့်ခန္ဓာကိုယ်ပါ စွန့်ပစ်ရမှာပါလား စသည်ပေါ့။
ဒါက လူမပန်း, ငွေကျေးမကုန်ပဲ ကိုယ့်လက်တစ်ကမ်းမှာ ရယူနိုင်တဲ့ ကုသိုလ်တွေပါ။ ဒီကုသိုလ် -၂-ခုကိုတော့ မေမေ့လပြည့်ဝန်းလေး ထာဝရလုပ်ဖြစ်ပါတယ်။ မေမေ့လပြည့်ဝန်းလေး ကုသိုလ်ယူတဲ့ နည်းကို စာဖတ်သူများ ယူလိုက ယူနိုင်အောင် တင်ပြတာပါ။ ဒါဆို အလှူကြီးတွေကို ပေးစရာမလိုဘူးလားလို့တော့ မေးနဲ့နော်။ အခုတင်ပြတာက ကုသိုလ်ကို နေ့စဉ်အလုပ်ထဲကနေ မပင်မပန်း ယူနိုင်တဲ့ နည်းလေးတွေကို တင်ပြတာနော်။
နောက် ယနေ့ သိပ္ပံခေတ်မှာ လူမပန်း, ငွေကြေးအထူးကုန်ကျစရာမလိုပဲ ယူနိုင်တဲ့ ကုသိုလ်ထပ်တိုးလာတယ်။ ဘာလဲဆိုတော့ ကိုယ့်ရဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေကနေ အများအကျိုးရှိမည့် ဘာသာရေး၊ လူမှုရေးအသိပညာပေးစာတမ်းများ ရေးသားတာတွေ၊ တရားတော်များ ဖြန့်ဝေပေးတာ၊ တရားစာအုပ်များ ဖြန့်ဝေပေးတာလေးတွေစသည်စသည်ပါ။ သူတစ်ပါးကိုယ်ပြောသလို ကိုယ်ကိုယ်တိုင်လည်း ကျင့်သုန်းမယ်ဆိုတဲ့ စိတ်ထားနဲ့လုပ်မည် ဆိုလျှင် ကိုယ်ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကိုလည်း ခံစားရမယ်၊ သူတစ်ပါးလည်း ခံစားရမှာပါ။ သူတစ်ပါးသာ ရေးသားပြောပြပြီး ကိုယ်ကိုယ်တိုင်က မလိုက်နာဘူးဆိုလျှင်တော့ စာဖတ်သူကသာ ခံစားသွားရပြီး၊ စာရေးသူက “သူတစ်ပါးနွား အငှားကျောင်းတဲ့ နွားကျောင်းသား နွားနို့ မသောက်ရသလို” ဖြစ်သွားမှာနော်၊ သူများကို ကိုယ်ပြောပြတိုင်း သတိထား။ အဲဒီတော့ ကိုယ့်ကိုယ်ကို နွားကျောင်းသား အဖြစ်မခံချင်ရင် ကိုယ်ကိုယ်တိုင်က ပြောတဲ့ အရာကို ကိုယ်ကိုယ်တိုင်က “တစ်နံပါတ်”အနေနဲ့ ကျင့်ဖို့က အလွန်လိုအပ်တာပေါ့။ နောက် ကိုယ်မကျင့်ပဲ သူတစ်ပါးကို ချပြရတာကလည်း ကျေနပ်မှုရှိလှမှာ မဟုတ်ဘူးလို့ မေမေ့လပြည့်ဝန်းလေးခံစားမိပါတယ်။ မယုံရင် သေချာစဉ်းစားကြည့်လိုက်ပါ၊ “အော် ငါကိုယ်တိုင်မှ မလုပ်နိုင်တဲ့အရာ သူတစ်ပါးကို ပြောမိပြီ/ခိုင်းမိပြီ” ဆိုပြီး သင်ခံစားရမယ်လို့ တင်ပါတယ်။ အဓိက မေမေ့လပြည့်ဝန်းလေးတင်ပြချင်တာ ကျွန်တော်တို့လက်တစ်ကမ်းမှာ မပင်မပန်း၊ ငွေကြေးလည်း အထူးကုန်ကျစရာမလိုပဲ ရယူနိုင်တဲ့ ကုသိုလ်များကို တင်ပြချင်တဲ့ ဆန္ဒပါ။
Read more...
အဆိုအမိန့်များ
Read more...
မငိုခင် လက်တို့မိသော အနန္တစကြာဝဠာများ
Read more...
မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?
မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?
အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
အဘတောသားခေါ် ကျွန်တော် ဒီနှစ်ထဲမှာ မန္တလေးကို တစ်လ တစ်ခေါက်နှုန်းနဲ့ ရောက်ခဲ့ပါတယ်။ အား..ပါးပါး အရင်မန္တလေးနဲ့ ယခု မန္တလေး ဘာမှ မတူတော့ပါလားကွယ်။ မသွားတတ် မလာတတ်လို့ဘုန်းကြီးကျောင်းက တူမောင်တစ်ယောက်ကို လမ်းပြခေါ်ခဲ့ရ ပါတယ်..။ ကလေးနဲ့ ခွေးကအစ၊ လူငယ်၊လူလတ်၊ လူကြီးအဆုံးအားလုံးကို ပြောင်းလဲ သွားကြပါပြီ..။ စားပုံ၊ ၀တ်ပုံ၊ နေပုံ ၊ထိုင်ပုံ ၊ပြောပုံ၊ ဆိုပုံ၊ သွားပုံ၊ လာပုံကအစ အရာရာ ပြောင်းလဲ သွားကြပါပြီကော။
စူပါမားကတ်တွေထဲလည်းရောက်ပါတယ်။ အဘက အင်္ဂလိပ်စာမတတ်တော့ နာမည်တွေကို မပြောတတ်မရေးတတ်ပါဘူးဗျာ။ဟော်တယ်၊မိုဒယ်၊အင်း၊တည်းခိုခန်း၊ဧည့်ရိပ်သာ၊နာရီစင်၊ဈေးချိုကိုလည်း ရောက်ခဲ့ပါတယ်။ထမင်းဆိုင်ကြီး/ငယ် နဲ့လမ်းဘေးဆိုင်တွေကိုလည်း ရောက်ခဲ့ပါ တယ်။ အဲ လဘက်ရည်ဆိုင်ကြီးတွေကဆို အပြိုင်အဆိုင် ခုနှစ်ရက်၊ခုနှစ်လီ၊ အရုပ် အလတ် အမြတ်မရွေး အခမဲ့ စတုဒီသာကြွေးနေသလားတောင် ထင်မှတ်ရပါတယ်။
ယခင်က စက်ဘီးပေါတဲ့မြို့၊ ယခုတော့ တရုတ်ပြည်လုပ် မော်တော်ဆိုင်ကယ်တွေက တ၀ီဝီနဲ့ ဧရာဝတီမြစ်ထဲမှ လှိုင်းလုံးကြီးတွေထနေကြသလိုပါပဲ။ ဟ ဟ လမ်းဆုံလမ်းခွတွေကလည်း တရွီရွီနဲ့ ဘာဖြစ်ကြတာတုံးမေးရတယ်?။ အဘရေ ဦးထုပ်မပါတဲ့ ဆိုင်ကယ်တွေကို လိုက်တန်းပြေးတန်းကစားပြီး မရမက ယာဉ်ထိမ်းရဲတွေလိုက်ဖမ်းနေတာပါတဲ့။ အော် အများပြည်သူတွေကို အန္တရာယ်ကင်းရှင်းကြစေရအောင်လို့ပေါ့နော်..။ မဟုတ်ဘူးအဘရဲ့ သူတို့ကို တစ်လ တစ်လ သတ်မှတ်ပေးထားတဲ့ ရံပုံငွေကို မရ၊ ရအောင်ရှာကြရပါတယ် တဲ့။အော် တိုင်းပြည် မြို့ရွာသာယာအောင် အသက်ပေးလို့ ဆောင်ရွက်နေကြပါပြီလား…။
ဟေ့ ဟေ့ အိမ်တွေ တိုက်တွေ၊ဆိုင်တွေရဲ့ အိမ်ရှေ့ဥပစာမှာ အုတ်ဂူတွေ တစ်လုံးစီတည်ထားတာ ဘာတွေလည်းကွ။ ဟိုး ဟိုး အဘ အဘ အဲဒါ အုတ်ဂူမဟုတ်ဘူးဗျ..။ မီးစက်တွေ မီးစက်တွေပါ အဘရ။ ဟေ ဟေ ဒါဆိုရင်လည်း ပြီးရော့ ပြီးရော့ ..၊ စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်စရာမလိုတော့တာပေါ့လူကလေးရယ်..။
ဟဲ့ ဟဲ့ မင်းတို့ မန္တလေးမှာ မြင်ရ၊ တွေ့လိုက်ရတာ အဘ စိတ်မချမ်းမသာ ဖြစ်လိုက်တာကွယ်…။ကောင်မလေးတွေ အင်္ကျီတောင် မ၀တ်နိုင်ရှာကြဘူးနော်..။ ထမီရင်ရှားကြီးတွေနဲ့၊ကျောပြောင်ကြီးတွေနဲ့ အောက်ကလည်း ဘောင်းဘီတို ပေါင်လည်ဝတ်ကြလို့၊ တစ်ချို့က ဘောင်ဘီဖင်ကြပ်ဝတ်ကြလို့၊ စကတ်တွေကလည်း အပြဲကြီးတွေနဲ့နော်..။ ဆံပင်တွေကလည်း နီကြောင်ကြောင်နဲ့ မီးဟပ်ခံထားရတာနဲ့တူတယ်။ရတနာပုံဈေးကြီးမီးလောင်တာလဲ ကြာပါပြီကွယ်..။ အင်း…နန်းဆန်တဲ့၊ မန်းဆန်တဲ့ မန်းသူလေးတွေရဲ့ယဉ်ကျေးမှု အလှအပလေး တွေများ ရတနာပုံဈေးမီးလောင်တဲ့အထဲများ ပါသွားကြလေပြီလားကွယ်….။
ရူး ရူး တိုးတိုးပြောပါ အဘရဲ့။ ဟီးဟီး အဘက မမြင်တတ်၊ မကြည့်တတ်သေးလို့ပါ။ အဘတို့ခေတ်မန္တလေးမဟုတ်တော့ပါဘူး။ ယခုမန္တလေးက ကိုရီးယားမန္တလေး၊ တရုတ်သူဌေးတွေ အခြေချတဲ့မြို့ဗျ။
အေးပါကွာ ငါတို့ခေတ်မှာတောင် ဆရာဇော်ဂျီက (ယခင်ခါ) ဆိုပြီးကဗျာနဲ့ မန္တလေးကိုလွမ်းခဲ့သေးတာပဲ…။
ယခင်ခါ
တန်ဆောင်းတော်ပြအိုးနဲ့
မြို့ရိုးမြင့် နီကြန်ကြန်
ကျုံးပတ်လို့ရံ။
မင်းမင့်တို့စံ၊ မွန်ပေသည့်မြို့ကျေး။
ခေါင်းလောင်းသံသာသာနဲ့
စည်ကြီးသံဝါ၀ါနဲ့
ယမန်ခါ သည်လိုညှင်းတယ်
မင်းသံတဲ့လေး။
ရွှေထီးက တ၀ါဝါ
ဝဲလက်ယာ ရွှေကျိုင်းနှင့်
သိုင်းဝင့်လို့လာ။
ဝန်ရှင်တော် မဟာ
ပြည်ရွာလုံ ရေအေး
ရွှေဘောင်းတင် ဆင်ကာနဲ့
ရွှေဝေါ ညင်သာသာနဲ့
ယခင်ခါ သည်လိုခင်းတယ်
မင်းဟန်တဲ့လေး။ ။
ဇော်ဂျီ
ကဲ ငါ့တူ ဆရာဇော်ဂျီရဲ့ လွမ်းခဲ့တဲ့ မန္တလေးနဲ့ ယခုငါတို့မြင်နေရတဲ့ မန္တလေးက ဘယ်လောက်ထိ ခေတ်ကာလတွေ ပြောင်းခဲ့ပြီိလည်းဆိုရင် မန္တလေးတစ်မြို့လုံး ဘောင်းဘီဝတ်သူတွေ လူတစ်ရာမှာ ခုနှစ်ဆယ်လောက်ဝတ်နေကြပြီ..တူမောင်ရေ…။မင်းအမြင်ပဲ။ ငါလည်းအမြင်သား..။ ဒါ..ဒါ..ဆိုရင် မန္တလေးမြို့ကြီးကို ဘောင်ဘီဝတ်ပေးလိုက်သူတွေမည်သူတွေလဲ?...။
ပြသာဒ်ဦးထုပ်နဲ့
ရှိုးထုတ်တဲ့ ရွှေမန်းသား။
အကြောင်းညီလို့ကတော့
ဆောင်းအမီ - ဘောင်းဘီဝတ်ဖို့
အားထုတ်မယ်ဗျား။……….။
ဘောင်းဘီဝတ် - နာရီစင် ကဗျာကိုရေးသားလိုက်တဲ့ ကိုငြိမ်း(မန္တလေး) က စတင်တာလား?။ မည်သူ..မည်ဝါတွေက မန္တလေးမြို့ကြီးကို ဘောင်းဘီဝတ်ပေးလိုက်ကြတာလဲဗျာ…..၀ိုင်းဝန်းပြီး အဖြေရှာပေးတော်မူကြပါခင်ဗျာ………?။
(မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ကဗျာ) စာအုပ်အားဖတ်၍ ခံစားရေးသားမိပါသည်။
အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၇)ရက်၊ ည(၁၁း၂၂)နာရီတွင် ရေး၏။